အခန်း (၃၄၉-၃၅၀)
Vol. 22 Ch. 349-350
အခန်း ၃၄၉ ။ တစ်ပုံစံတည်း
ရှင့်ရှင်းစီအပြင်ဘက်
နင်ချန် အထဲမှ ထွက်လာသောအခါ မလှမ်းမကမ်းရှိ သစ်ပင်တစ်ပင်အောက်တွင် စောင့်နေသော ယဲ့ယွင်ကို တွေ့လိုက်ရသည်။ နွေရာသီ၏ ပူပြင်းမှုကြားတွင် စိမ်းစိုနေသောသစ်ပင်အိုကြီးမှာ အေးမြသော အရိပ်ကို ပေးစွမ်းနေပြီး သစ်ပင်အောက်မှမိန်းမပျိုလေးမှာ ပို့လိုပင်ကျက်သရေရှိနေသလိုပင်။
"သွားကြစို့၊ ကျန်း မင်းဆီတစ်ခါတည်းလိုက်ခဲ့မယ်။”
နင်ချန် အနားသို့ ရောက်လာပြီး ယဲ့ယွင်၏လက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။ နှစ်ဦးသား ယှဉ်တွဲလျှောက်လှမ်းလာကြပြီး ဟွေယွဲ့က ဘေးမှနေ၍ နေကာထီးကို မိုးပေးထားသည်။ နှစ်လှမ်းခန့် လျှောက်ပြီးနောက် နင်ချန်က ထီးကို လှမ်းယူလိုက်သည်။
"မင်းတို့ နောက်ကခပ်ခွါခွါလိုက်ခဲ့ကြ၊ ကျန်း မင်ရွှင်ရီနဲ့ စကားပြောချင်တာရှိလို့"
ဟွေယွဲ့သည် သူမ၏ သခင်မကို တစ်ချက်ကြည့်ကာ စိုးရိမ်သော်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရသည်။
"အရှင်မင်းကြီးက ခုနက စစ်ဆေးမေးမြန်းမှု ရလဒ်ကို မေးချင်တာ မဟုတ်လား။”
ယဲ့ယွင်က တိုးတိုးလေး စကားစလိုက်သည်။
နင်ချန်က အသာအယာ ခေါင်းညိတ်သည်။
"အင်း... အစေခံတွေ အခန်းထဲမှာ ရှိနေပေမဲ့ တချို့ စကားလုံးတွေကို သေချာ မကြားလိုက်ရဘူးလေ"
အကြောင်းအရင်းမှာ ယဲ့ယွင်သည်အချို့သော စကားများကို အသံနှိမ့်၍ လျှို့ဝှက်မေးမြန်းခဲ့သောကြောင့် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ယဲ့ယွင် အနည်းငယ် တွန့်ဆုတ်သွားမိသည်။ မိမိ၏ခန့်မှန်းချက်များကို ထုတ်ပြောသင့်၊ မပြောသင့် သူမ ဝေခွဲမရ ဖြစ်နေခြင်းပင်။ အထောက်အထား မရှိဘဲ ပြောလိုက်ခြင်းကြောင့် နင်ချန်က သံသယဝင်သွားလျှင် မိမိကိုယ်တိုင်ပင်ကျင်းထဲ ပြန်ကျသွားနိုင်သည်။
စဉ်းစားနေစဉ် ဘေးမှ အမျိုးသားကို မော့ကြည့်လိုက်ရာ၊ သူမအားယုံကြည်မှုများ ပြည့်နှက်နေသောအကြည့်ဖြင့် ကြည်ြနေသောသူ၏ မျက်ဝန်းများနှင့် ကွက်တိ ဆုံတွေ့သွားလေသည်။ ထိုမျက်ဝန်းကြောင့်ယဲ့ယွင်၏စိတ်ထဲတွင် အမည်မသိခံစားချက်
ဖြစ်ပေါ်လာကာ၊ ကိုယ့်ကိုကိုယ်သံသယဝင်လွန်းနေသလားဟုတွေးမိလိုက်သည်။ ထိုညက နင်ချန် သူမဘက်မှ မဆိုင်းမတွ ရပ်တည်ပေးခဲ့ပုံကို ပြန်စဉ်းစားကြည့်လျှင် သူမ တကယ်ပင် အစိုးရိမ် လွန်ခဲ့ပုံရသည်။
သူမ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် ဖွင့်ပြောလိုက်တော့သည်။
"အမှန်တော့ အဲ့နေ့ညကကိစ္စမှာ ဖန်းရှိုးယွမ် ပါဝင်ပတ်သက်နေတယ်လို့ ချန်းချဲ့ သံသယရှိပါတယ်။ အဲလိုစဉ်းစားမိလို့လည်းနန်းတွင်းသူကိုသွားစစ်ဆေးခဲ့တာပါ။ အဲဒီ နန်းတွင်းသူက ဘာမှ ထုတ်မပြောသွားပေမဲ့ သူမရဲ့ခန္ဓာကိုယ် တုံ့ပြန်မှုတွေအရ ဖန်းရှိုးယွမ်ကအခုကိစ္စနဲ့ လုံးဝ မကင်းဘူးလို့ ချန်းချဲ့ထင်မိတာပါ"
နင်ချန်က မျက်မှောင်ကြုတ်သွားသည်။
"မင်း ပြောချင်တာက ယောင်ရှီလား။”
နင်ချန် အံ့သြသွားသည်မှာ ထင်ရှားသည်။ ယဲ့ယွင်ကဲ့သို့ ယောင်ရှန်းကို အစဉ်တစိုက် သတိထားနေသူမှလွဲ၍ ကျန်သူများအဖို့ ယောင်ရှန်းမှာ ပြိုင်ဘက်ဟုပင် မထင်ရသောကြောင့် ဖြစ်သည်။ မျက်နှာသာ အပေးမခံရသလို၊ ကလေးမွေးပြီးကတည်းက ကျန်းမာရေး ချို့ယွင်းနေသော အမျိုးသမီး၊ မွေးထားသည်မှာလည်း မင်းသမီးလေးသာ ဖြစ်ရာ၊ မည်သို့ကြည့်ကြည့် အန္တရာယ် မရှိနိုင်ဟု ထင်ရပေသည်။
"အဲ့ဒါကချန်းချဲ့ရဲ့ခန့်မှန်းချက်သက်သက်ပါပဲ၊ ခိုင်လုံတဲ့ သက်သေတော့ မရှိသေးပါဘူး။ အရှင်မင်းကြီးအနေနဲ့ ချန်းချဲ့ကို အစွဲအလမ်း ကြီးတယ်လို့တော့ အပြစ်မတင်ပါနဲ့" ယဲ့ယွင်က ခေါင်းငုံ့လိုက်သည်။
ပြောပြီးမှ သူမ နောင်တရသွားမိ၏။ သို့သော် နင်ချန်က သူမ၏လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်ကာ တိုက်ရိုက်ပင် ပြောလိုက်သည်။
"သူမ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ... မင်း သံသယရှိတယ်ဆိုရင် အဲဒီမှာ မင်းရဲ့ အကြောင်းပြချက် ရှိမှာပဲ။ ကျန်း မင်းကို ယုံတယ်။ မင်းက တခြားသူတွေနဲ့ မတူဘူး၊ အကြောင်းမဲ့ ဘယ်သူ့ကိုမှ ဒုက္ခပေးမယ့်သူ မဟုတ်ဘူး"
ယဲ့ယွင် တစ်ခဏ ကြောင်သွားပြီးမှ သူမ၏ နှုတ်ခမ်းထောင့်တွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာသည်။
"ချန်းချဲ့လည်း အရှင်မင်းကြီးကို ယုံပါတယ်။ အရှင့်ကို စိတ်ပျက်အောင်လည်း မလုပ်ပါဘူး"
ဤအခိုက်အတန့်တွင် သူတို့နှစ်ဦး၏ စိတ်ချင်းမှာ နီးကပ်စွာ ဆုံစည်းသွားခဲ့ကြသည်။
…..
ကျောက်ထန်ဆောင်သို့ လမ်းလျှောက်ပြန်လာရင်း နင်ချန်က သူ၏ အစီအစဉ်ကို ပြောပြသည်။ သူသည် ချူးယွမ် သေဆုံးသွားသည့် သတင်းကို ပိတ်ထားရန် အမိန့်ပေးထားပြီး၊ အမှုအား ပြင်းထန်စွာ စစ်ဆေးနေကြောင်း သတင်းလွှင့်ထားသည်။ အကယ်၍ နောက်ကွယ်မှ လူသည် သစ္စာဖောက်ခံရမှာကို ကြောက်လျှင် ချူးယွမ်ကို သတ်ရန် ကြိုးစားလာပေလိမ့်မည်။ ထိုအချိန်တွင် လှုပ်ရှားသူမှာ တရားခံပင် ဖြစ်တော့သည်။
၎င်းမှာ ကောင်းမွန်သော ပရိယာယ်ဖြစ်သော်လည်း လောင်းကြေးတစ်ခု ဖြစ်နေသည်။ တစ်ဖက်လူက သည်းခံနိုင်စွမ်း ရှိပြီး ထောင်ချောက်ထဲ မဆင်းလာလျှင် အားလုံးက အလဟဿ ဖြစ်ပေလိမ့်မည်။ ထိုင်စောင့်နေရခြင်းထက် ယဲ့ယွင်က အစောတလျင် တိုက်စစ်ဆင်လိုသည်။ သို့သော် သူမ၏ အစီအစဉ်ကိုတော့ နင်ချန်အား ပြောပြ၍ မရပေ၊ အကြောင်းကတော့ ၎င်းမှာ နန်းပြင်ကိစ္စများနှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။
ယဲ့ယွင်၏အမြင်တွင် ယောင်ရှန်း၏တစ်ဦးတည်းသော အားကိုးရာမှာ သူမ၏မိသားစုဂုဏ် ဖြစ်သည်။ ထိုဂုဏ်သာမရှိလျှင် ယောင်ရှန်းမှာ ယခင်ကတည်းက အကြိမ်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ယောင်ရှန်းကို ဖြိုလဲလိုလျှင် သူမ၏ အဓိက အားကိုးရာကို အရင် ဖျက်ဆီးရပေမည်။
နန်းတွင်းကိစ္စများကို နင်ချန်ထံ လွှဲထားပြီး၊ ယဲ့ယွင်က နန်းပြင်ကိစ္စများကို စတင် ကိုင်တွယ်တော့သည်။ နောက်တစ်နေ့တွင် သူမ၏ မိခင်ထံ စာရေးလိုက်ကာ ယောင်မိသားစု၏ လျှို့ဝှက်ထားသော မကောင်းမှုများကို ရှာဖွေခိုင်းလိုက်သည်။ ၎င်းမှာ လွယ်ကူသော ကိစ္စမဟုတ်သော်လည်း၊ ချူရှီ (ယဲ့ယွင်၏မိခင်) သည် အခြားသော သတင်းထူးတစ်ခုကို သိရှိသွားသဖြင့် အမြန်ပင် ပြန်စာပို့လာခဲ့သည်။
"ရွှမ်းယွမ်နယ်စားရဲ့ ဒီလို စိတ်ကူးမျိုးကိုသာ သူ့ရဲ့ တရားဝင် ဒုတိယသား သိသွားရင်တော့ ဘယ်လိုဖြစ်ကုန်မလဲ မသိဘူး"
မိခင်၏ ပြန်စာကို ကြည့်ရင်း ယဲ့ယွင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သိရှိရသော လျှို့ဝှက်ချက်မှာ ယောင်ရှန်း၏ ဖခင် ရွှမ်းယွမ်နယ်စား ယောင်သခင်ကြီးသည် ဧကရာဇ်ထံ ခွင့်တောင်းပြီး၊ ကွယ်လွန်သွားသော တရားဝင် သားကြီး ယောင်ရွှီ၏ သားအရင်းကို နယ်စားရာထူး ဆက်ခံစေရန် ကြံစည်နေခြင်း ဖြစ်သည်။ ယောင်ရှန်းကိုယ်တိုင်လည်း ၎င်းကို သဘောတူထားပြီး ယခုနှစ်အတွင်း အပြီးသတ်ရန် ပြင်ဆင်နေကြခြင်းပင်။ သို့သော် လောလောဆယ် နန်းတွင်း၌ မိဖုရားခေါင်ကြီး အမှုကြောင့် ခန ဆိုင်းငံ့ထားရခြင်း ဖြစ်သည်။
"အမေ့ဆီကို စာပြန်လိုက်ပါ။ ယောင်မိသားစုရဲ့ မြို့စားကြီးနဲ့ ဖန်းရှိုးယွမ်တို့ရဲ့ စိတ်ကူးကို မိသားစုဝင်တွေ မသိဘဲ မနေသင့်ဘူးလို့ ပြောလိုက်ပါ" ယဲ့ယွင်က လေသံအေးအေးဖြင့် မှာကြားလိုက်သည်။
သူမ၏ လှပသော မျက်ဝန်းများမှာ မှေးစင်းနေပြီး တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးသား ဖြစ်နေသည်။ နန်ကျစ်က ခေါင်းညိတ်ရင်း တိုးတိုးလေး ဆိုသည် - "ယောင်မိသားစုရဲ့ ဒုတိယသား ယောင်ရှင်းရဲ့ စရိုက်နဲ့ဆိုရင် ယောင်အိမ်တော်တစ်ခုလုံးတော့ ပြောင်းပြန်လှန်တော့မှာပဲ"
"လှန်ချင်သလို လှန်ပါစေ။ ယောင်ရှန်းက ငါ့ကို အကြိမ်ကြိမ် သေကြောင်းကြံခဲ့မှတော့ ငါ့ဘက်ကလည်း အားနာနေစရာ မလိုတော့ဘူး။ သူမရဲ့ နည်းလမ်းတွေနဲ့ ယှဉ်ရင် ငါက ပိုပြီး ကြင်နာပါသေးတယ်။ သူမရဲ့ မိသားစုကို စည်ကားအောင် လုပ်ပေးရုံပဲလေ။”
ယဲ့ယွင်သည် ပြတင်းပေါက် အပြင်ဘက်မှ ပြင်းပြသော နေရှိန်ကို လှမ်းကြည့်လိုက်သည်။ ယခုနွေရာသီမှာ ပူပြင်းလွန်းသဖြင့် တစ်စုံတစ်ခုမှာ ဆီပူထဲ ရေလောင်းလိုက်သကဲ့သို့ ပေါက်ကွဲတော့မည်မှာ သေချာလှပေသည်။
…..
သတင်း ပေးပို့လိုက်ပြီးနောက် ချူရှီသည်လည်း လျင်မြန်စွာ လှုပ်ရှားခဲ့သည်။ တစ်ရက်၊ နှစ်ရက်အတွင်းမှာပင် ယောင်ရှန်းသည် ချူးယွမ်ကို သတ်ရန် နည်းလမ်း မရှာရသေးမီမှာပင် နန်းပြင် မိသားစုထံမှ သတင်းဆိုးကို အရင် ရရှိလိုက်တော့သည်။
သူမ၏ ဒုတိယအစ်ကို ယောင်ရှင်းသည် သားကြီး၏ ဇနီး (မရီးဖြစ်သူ) ကို ရိုက်နှက်ခဲ့သည့်အပြင်၊ ဖခင်ကိုလည်း ပြန်လည် အော်ဟစ်ဆဲဆိုခဲ့သည်။ ဖခင်နှင့် မရီးဖြစ်သူမှာ အစ်ကိုကြီး ကွယ်လွန်ပြီးနောက် ဖောက်ပြန်နေကြကြောင်း၊ အစ်ကိုကြီး ချန်ထားခဲ့သည်ဟုဆိုသော သားမှာလည်း အမှန်စင်စစ် ဖခင်နှင့် မရီးတို့ ခိုးစားရာမှ မွေးလာသော ကလေးသာဖြစ်ကြောင်း အကျယ်အကျယ် အော်ဟစ် ဆဲဆိုတော့သည်။ ထိုအကြောင်းကြောင့်သာ ဖခင်ဖြစ်သူက မိမိအားကျော်ပြီး မြေးဖြစ်သူကို ရာထူးပေးရန် ကြံစည်နေခြင်း ဖြစ်သည်ဟု သူက ယူဆနေခြင်းပင်။
အမှန်စင်စစ် အိမ်တွင်းရေး အရှုပ်အထွေးများကို အပြင်သို့ မပေါက်ကြားစေသင့်သော်လည်း၊ ယောင်ရှင်းမှာ အသုံးမကျသော လူလေလူလွင့် တစ်ဦး ဖြစ်သည်။ သူသည် ဖခင်နှင့် နှမဖြစ်သူတို့၏ အကြံကို ကြားရသောအခါ ဒေါသထွက်သော်လည်း ဖခင်ကို မဆန့်ကျင်ဝံ့သဖြင့် ညဘက်တွင် အပြင်ထွက်၍ အရက်သောက်ကာ သူငယ်ချင်းများနှင့်အတူ လျှောက်ပြောတော့သည်။ သူ အရက်မူးပြီး ပြန်လာသောအခါ ဖခင်ဖြစ်သူက သူ့အား အစ်ကိုဖြစ်သူ၏ ခြေဖျားပင် မမီကြောင်း ဆူပူကြိမ်းမောင်းလိုက်သဖြင့် ယောင်ရှင်းမှာ ဒေါသပေါက်ကွဲကာ ထိုကဲ့သို့သော ကိစ္စများ ဖြစ်ပွားခဲ့ခြင်းပင်။
ယခုအခါ မြို့တော်တစ်ခုလုံးတွင် ယောင်မိသားစု၏ အရှုပ်အထွေး သတင်းများမှာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ ယောင်မြို့စားကြီးမှာ ဒေါသကြောင့် သတိလစ် မူးလဲသွားခဲ့ရသည်။ ယောင်ရှန်း၏ မိခင် လျန်ရှီမှာ ပို၍ပင် ဒေါသထွက်ကာ ဒုတိယသားကို ဖမ်းဆီး၍ ဘိုးဘွားစင်မြင့်ရှေ့တွင် ဒူးထောက် အပြစ်ပေးခိုင်းထားရသည်။
သို့သော် သနားစရာ အကောင်းဆုံးမှာ ယောင်ရွှီ၏ ဇနီးပင် ဖြစ်သည်။ မတ်ဖြစ်သူ၏ ရိုက်နှက်မှုကို ခံရရုံတင်မကဘဲ ယောက္ခမဖြစ်သူနှင့် ပတ်သက်နေသည်ဟု မဟုတ်မမှန် စွပ်စွဲခံရကာ အပြင်သို့ သတင်း ပျံ့သွားသဖြင့် ရှက်လွန်း၍ ဖျားနာကာ အိပ်ရာထဲ လဲသွားတော့သည်။ သားဖြစ်သူမှာ ငယ်သေးသဖြင့်သာ မဟုတ်လျှင် သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေမိလောက်ပြီ ဖြစ်သည်။
နန်းတွင်းရှိ ယောင်ရှန်းမှာ မိမိ၏ အလုပ်ကိုပင် မလုပ်ရသေးမီ နန်းပြင်ကိစ္စများကြောင့် ခေါင်းကိုက်နေရတော့သည်။ သူမသည် ထိုအသုံးမကျသော ဒုတိယအစ်ကိုကို ဓားနှင့် ထသွားသတ်ချင်စိတ်ပင် ပေါက်နေမိသည်။ သို့သော် ယဲ့ယွင် တွေးထားသည့်အတိုင်းပင်၊ အိမ်တွင် ရုတ်တရက် ပြဿနာ တက်လာခြင်းမှာ ယောင်ရှန်းအား နန်းတွင်းမှ သဲလွန်စများကို အမြန်ဆုံး ရှင်းလင်းရန် ဖိအားပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
သို့သော် ဤအရာအားလုံးမှာ ယဲ့ယွင် မျှော်လင့်ထားသည်ထက် ပို၍ ‘စွမ်းဆောင်’ သွားခဲ့ခြင်းပင် ဖြစ်သည်။ ယောင်ရှင်းမှာ တကယ့်ကို အသုံးမကျသူ ဖြစ်မှန်း သိသာလှပေသည်။ ယဲ့ယွင် လုပ်ဆောင်ခဲ့သည်မှာ ယောင်နယ်စားကြီးနှင့် ယောင်ရှန်းတို့က သူ့အား ကျော်၍ မြေးဖြစ်သူကို ရာထူးပေးရန် ကြံနေကြောင်း သတင်းပေးလိုက်ရုံသာ ဖြစ်သော်လည်း၊ ယောင်ရှင်းကတော့ မျှော်လင့်ထားသည်ထက် ပို၍ ရက်စက်စွာ တုံ့ပြန်သွားခဲ့သည်။
တကယ်ပဲ ‘အမျိုးတူရင် စရိုက်တူတယ်’ ဆိုတဲ့စကားကမှန်တယ်ပြောရမလားပဲ။ ယောင်ရှင်းမှာ မိုက်မဲသော်လည်း သူ၏ ရက်စက်မှုမှာ ယောင်ရှန်းနှင့် တစ်ပုံစံတည်းပင် ဖြစ်တော့သည်။
"ခုန်းချင်း... မင်း လူအချို့ ခေါ်သွားပြီး၊ ဖန်းရှိုးယွမ်ဘေးက နျန်ဝမ်ကို ဖမ်းခေါ်လာခဲ့ပါ" ယဲ့ယွင်က မျက်ခုံးလေး ပင့်ကာ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ" ခုန်းချင်းက စကားမများဘဲ ချက်ချင်း ထွက်သွားသည်။
ဟွေယွဲ့က အံ့သြစွာ မေးသည်။
"ရွှင်ရီက ဖန်းရှိုးယွမ်ရဲ့ လူကို စစ်မေးချင်လို့လားဟင်။”
"မဟုတ်ဘူး၊ နျန်ဝမ်ကို ဒီမှာ လာထိုင်ကစားဖို့ ဖိတ်တာပါ" ယဲ့ယွင်က နှုတ်ခမ်းလေး တွန့်ကာ ပြုံးလိုက်သည်။
"အဲ့ဒိနျန်ဝမ်ဆိုတဲ့အစေခံကယောင်ရှီရဲ့ အိမ်က ပါလာတဲ့လူ မဟုတ်ဘူးလေ။ မင်း စဉ်းစားကြည့်စမ်း... သံသယကြီးတဲ့ ယောင်ရှီက နျန်ဝမ်ကို ဘယ်လောက်အထိ ယုံကြည်နိုင်ပါ့မလဲ"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-350
အခန်း ၃၅၀ ။ ရှည်လျားသော ငါးစာကြိုး
ဟွေယွဲ့၏ မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွားပြီး သူမသခင်မ၏ အကြံအစည်ကို ချက်ချင်း နားလည်သွားသည်။
ယဲ့ယွင်၏ အယူအဆမှာ "စစ်ရေးတွင် လှည့်ဖြားခြင်းကို မရွံရှာအပ်" ဟူသည်ပင်။ တစ်ခါတစ်ရံတွင် မိမိမြင်ဖူးသော နည်းလမ်းဟောင်းများကို အသုံးချကာ လူကို ခြောက်လှန့်ခြင်းသည် အလွန်ပင် ထိရောက်လှသည်။ အထူးသဖြင့် ယခုကဲ့သို့ အကျပ်အတည်း ကာလမျိုးတွင် ဖြစ်သည်။
ယောင်မိသားစုတွင် ထိုကဲ့သို့ အရှက်ရဖွယ် ကိစ္စများ ဖြစ်ပွားနေသဖြင့် ယောင်ရှန်းမှာ အလွန် ခေါင်းခဲနေရသည်။ နန်းတွင်းကိစ္စများမှာလည်း အချိန်မရွေး ပေါက်ကွဲနိုင်သည့် အခြေအနေ ဖြစ်ရာ၊ ဖိအားများလေလေ သူမ ပို၍ သတိကြီးလာလေ၊ သံသယများ ပိုများလာလေ ဖြစ်နေတော့သည်။
ယဲ့ယွင် လှုပ်ရှားနေစဉ်မှာပင် နင်ချန်သည်လည်း အပေးအယူ မျှတစွာဖြင့် တစ်စုံတစ်ခုကို လုပ်ဆောင်ခဲ့သည်။ ဥပမာအားဖြင့် တင်းလန်ဆောင်သို့ လူလွှတ်ကာ အစေခံအချို့ကို ခေါ်ယူ၍ စကားအနည်းငယ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် နျန်ဝမ်တစ်ယောက် လစဉ်သုံး ငွေကြေး သွားထုတ်သည့် အချိန်တွင် ခုန်းချင်းနှင့် အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ကျောက်ထန်ဆောင်သို့ ပါသွားခဲ့သည်။ နျန်ဝမ်မှာ အလွန်ပင် ကြောက်လန့်နေခဲ့၏။ ယဲ့ယွင်က သူမအား နှိပ်စက်မည်ဟု ထင်ထားသော်လည်း၊ ယဲ့ယွင်၏ မျက်နှာကိုပင် သူမ မမြင်ခဲ့ရပေ။
နာရီဝက်ခန့် ပိတ်လှောင်ခံထားရပြီးနောက်၊ သူမ ပြန်ခါနီးတွင် ခုန်းချင်းက ကျောက်စိမ်းလက်ကောက် တစ်ကွင်းကို သူမ၏လက်တွင် အတင်း စွပ်ပေးလိုက်သည်။
နျန်ဝမ်ကတော့ လုံးဝ လက်မခံလိုပေ။ သို့သော် ခုန်းချင်းက ငြင်းခွင့်မပေးဘဲ - "ကျောက်စိမ်းဆိုတာ အဖိုးတန် ပစ္စည်းပဲ၊ အသက်ကို ကာကွယ်ပေးပြီး ဘေးဥပဒ် ကင်းစင်စေတယ်။ တစ်သက်လုံး အေးချမ်းစေမှာပါ" ဟု ဆိုကာ၊ သူမအား တင်းလန်ဆောင်အထိ လိုက်ပို့ပေးခဲ့သည်။
တစ်လမ်းလုံးတွင် တင်းလန်ဆောင် အနီးရှိ အစေခံများမှာ ထိုမြင်ကွင်းကို အသေသေချာချာ မြင်လိုက်ကြရသည်။
"လစာငွေ သွားထုတ်တာ ဘာလို့ ဒီလောက် ကြာနေရတာလဲ။”
သူမ ပြန်ရောက်လာသည်နှင့် ကျီကျူးက စိတ်မရှည်စွာ အော်ဟစ်လိုက်ပြီးမှ သူမ လက်မှ လက်ကောက်ကို မြင်သွားသည်။ "ဒါ ဘယ်က ရတာလဲ"
"ဒါ... ဒါက မင်ရွှင်ရီဘက်က လူတွေ အတင်း ပေးလိုက်တာပါ။ အခုပဲ ပြန်ချွတ်လိုက်ပါ့မယ်" နျန်ဝမ်မှာ ထိတ်လန့်သွားကာ လက်ကောက်ကို အမြန် ချွတ်ရန် ကြိုးစားရင်း ရှင်းပြလိုက်သည်။
"ဒီနေ့ လစာသွားထုတ်တုန်း လမ်းမှာ မင်ရွှင်ရီဘေးက ခုန်းချင်းက ကျွန်မကို ခေါ်သွားတာပါ။ သူတို့ကလည်း ထူးဆန်းတယ်၊ ကျွန်မကို အခန်းအလွတ်ထဲမှာ နာရီဝက်လောက် ထိုင်ခိုင်းထားပြီး ဘာမှ မလုပ်ဘဲ ပြန်လွှတ်လိုက်
တာ"
ကျီကျူးက သူမကို တစ်ချက် ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူမ စကားကို ကြားဖြတ် ပြောလိုက်သည်။
"တော်ပြီ... ဒီကိစ္စကို ရှိုးယွမ်ဆီမှာပဲ ကိုယ်တိုင် သွားပြောတော့"
ထိုအမူအရာကြောင့် နျန်ဝမ်၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ ထိုအခိုက်အတန့်တွင် သူမ တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူမအနေဖြင့် တုန်တုန်ရင်ရင်ဖြင့်ပင် အကျိုးအကြောင်းကို သွားရောက် တင်ပြခဲ့ရသည်။
သို့သော် သူမ မမျှော်လင့်ထားသည့်အရာမှာ ယောင်ရှန်းသည် သူမအား လုံးဝ သံယောဇဉ် မပြတ်ဘဲ ပြုံးလျက် အေးဆေးစွာ ပြောလိုက်ခြင်းပင်။
"ယဲ့ရှီက ငါ့ကို လာပြီး စမ်းသပ်ကြည့်ရုံပါပဲ။ စိတ်မပူပါနဲ့၊ ငါ မင်းကို ယုံပါတယ်"
နျန်ဝမ်မှာ ကြောင်သွားပြီးမှ အမြန် ဦးချတော့သည်။
"ရှိုးယွမ်ကို ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးမ ရှိုးယွမ်အတွက် နှုတ်လုံပါ့မယ်၊ မပြောသင့်တဲ့ စကားတစ်ခွန်းမှ ထွက်မှာ မဟုတ်ပါဘူး!"
ယောင်ရှန်းက ပြုံးလျက် ထရပ်ကာ သူမအနားသို့ တိုးလာသည်။
"ဒါပေမဲ့ နျန်ဝမ်ရယ်... ဒီလောကမှာ သေပြီးသားလူပဲ နှုတ်အလုံဆုံး ဖြစ်နိုင်တာလေ။ ဒါပေမဲ့ မင်းက ငါ့အတွက် အများကြီး လုပ်ပေးခဲ့ဖူးတော့ မင်းကို သေခိုင်းဖို့ ငါ မရက်စက်ရက်ပါဘူး။ ဒီလို လုပ်ရအောင်... မင်း ဒီအအေးမိဆေး (အသံပျောက်ဆေး) ကို သောက်လိုက်ပါ။ ဒါဆိုရင် ငါ လုံးဝ စိတ်အေးသွားပြီ။ ငါ စိတ်အေးမှ မင်းရဲ့ အသက်ရော၊ မင်းရဲ့ မိသားစု အသက်တွေပါ ဘေးကင်းမှာလေ... သိတယ်မလား"
ရှေ့မှ အမျိုးသမီး၏ အကြည့်မှာ ငရဲမှ တက်လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ ရက်စက်လှသည်။ လှပသော မျက်နှာလေးမှာ ယခုအခါ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။ နျန်ဝမ်မှာ ရေခဲတွင်းထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရကာ အရိုးထဲအထိ အေးစိမ့်သွားရ၏။ သူမသည် ယောင်ရှန်းဘေးတွင် ကြာရှည် နေလာခဲ့သဖြင့် သခင်မ၏နည်းလမ်းများကို ကောင်းစွာ သိသည်။ ဤစကားမှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။
မိသားစုကို သတိရမိသဖြင့် နျန်ဝမ်မှာ နာကျင်စွာဖြင့်ပင် မျက်ရည်များကြားမှ ခေါင်းညိတ်လိုက်ရတော့သည်။
ယောင်ရှန်းသည် သူမ၏ သိတတ်မှုကို ကျေနပ်သွားကာ မျက်နှာတွင် အပြုံးအနည်းငယ် ပေါ်လာသည်။ ခဏအကြာတွင် ကျီကျူးက ဆေးပုလင်းကို ယူလာပြီး နျန်ဝမ်အား တိုက်လိုက်တော့သည်။
ချက်ချင်းပင် နျန်ဝမ်သည် လည်ပင်းကို ညှစ်ကာ နာကျင်လွန်းသဖြင့် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေတော့သည်။ ခနအကြာတွင် သူမ၏ပါးစပ်မှ သွေးစလေးများ ထွက်လာကာ၊ တစ်နာရီခန့် ကြာပြီးနောက်မှသာ ငြိမ်ကျသွားသည်။ သူမ၏အသံအိုးမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ နောက်ထပ် စကားပြောနိုင်တော့မည် မဟုတ်ပေ။
ယောင်ရှန်းမှာ ထိုအရာကို ကြည့်ရင်း မျက်တောင်တစ်ချက်ပင် မခတ်ဘဲ နျန်ဝမ်အား အပြင်သို့ ခေါ်ထုတ်သွားခိုင်းလိုက်သည်။ အပြင်လူများ မသိအောင်လည်း လျှို့ဝှက်ထားလိုက်၏။ အမှန်တကယ်တွင် ယောင်ရှန်းသည် နျန်ဝမ် သစ္စာမဖောက်မှန်း ယုံကြည်သော်လည်း၊ နျန်ဝမ်မှာ ကျီကျူးလောက် သံယောဇဉ်မကြီးသဖြင့် အားနည်းချက်ဖြစ်လာမှာ စိုးသောကြောင့် ကြိုတင် ကာကွယ်လိုက်ခြင်းပင် ဖြစ်သည်။
….
ညဥ့်နက်ချိန်။
နျန်ဝမ်သည် အိပ်ရာပေါ်တွင် လှဲရင်း စောင်ထဲ၌ မျက်နှာဝှက်ကာ ငိုရှာသည်။ နောက်နောင် စကားမပြောနိုင်တော့ခြင်းမှာ သူမအတွက် ကြီးမားသော ထိုးနှက်ချက်ပင်။ အထူးသဖြင့် သူမ၏ သစ္စာရှိမှုကို ဤကဲ့သို့ ပြန်လည်တုံ့ပြန်ခံရခြင်းမှာ ရင်နာစရာ ကောင်းလှသည်။
နေ့ခင်းက ကိစ္စများကို ပြန်လည်စဉ်းစားမိစဉ်၊ လက်မှ လက်ကောက်ကို မချွတ်ရသေးမှန်း သတိရသဖြင့် ချွတ်ရန် ပြင်လိုက်သည်။ သို့သော် လက်ကောက်ကို စမ်းကြည့်ရာ အက်ကြောင်းလေး တစ်ခုကို တွေ့လိုက်ရ၏။ သူမ အားစိုက်လိုက်သောအခါ လက်ကောက်မှာ နှစ်ပိုင်း ကျိုးသွားတော့သည်။ ၎င်းမှာ အခေါင်းပွ လက်ကောက်ဖြစ်ပြီး အတွင်း၌ စာတိုလေး တစ်စောင် ပါရှိသည်။
နျန်ဝမ်၏ရင်မှာ ထိတ်ခနဲ ဖြစ်သွားရသည်။ အသက်ပင် မရှူဝံ့ဘဲ စာရွက်ကို လက်ထဲတွင် ဆုပ်ကိုင်ထားကာ လက်ကောက်ကို ပြန်စပ်ထားလိုက်သည်။ သို့သော် နောက်တစ်နေ့ မနက်တွင် ကြည့်လိုက်သောအခါ ထိုစာရွက်တွင် ဘာမှရေးမထားသည်ကို တွေ့လိုက်ရသည်။
နျန်ဝမ်မှာ အဓိပ္ပာယ်ကို မသိသဖြင့် ခန လက်လျှော့လိုက်ရသည်။ သို့သော် ထိုနေ့မှာပင် အခြားသော သတင်းတစ်ခုကို သူမ ကြားလိုက်ရပြန်သည် - ရှင့်ရှင်းစီရှိ ‘ချူးယွမ်’ သေဆုံးသွားပြီဟူသော သတင်းပင်။
နျန်ဝမ်၏စိတ်ထဲတွင် ပို၍ ရှုပ်ထွေးသွားရသည်။ နောက်တစ်ယောက်မှာ သူမ ဖြစ်လာမလား။ မနေ့ညကလက်ကောက်၏လျှို့ဝှက်ချက်ကို ပြန်တွေးမိကာ သူမ၏အကြည့်များမှာ ယိမ်းယိုင်နေတော့သည်။
အခြားတစ်ဖက်တွင်လည်း နင်ချန်မှာ အလွန် ဒေါသထွက်နေရသည်။ နည်းမျိုးစုံဖြင့် ကာကွယ်ထားပါလျက် ဘာသဲလွန်စမှမရလိုက်ပေ။ ထောင်ထဲရှိ ချူးယွမ် (အတု) မှာ အမှန်စင်စစ် သေဒဏ်ကျ အကျဉ်းသားတစ်ဦးဖြစ်ပြီး၊ သူမမှာ ကြွက်ကိုက်ခံရ၍ သေဆုံးသွားခြင်း ဖြစ်သည်။ ထောင်ထဲတွင် ကြွက်၊ ပိုးမွှားများရှိနေခြင်းမှာ မဆန်းသဖြင့် အစောင့်များမှာလည်း သူမ ကြွက်ကိုက်ခံရသည်ကို သတိမထားမိခဲ့ကြပေ။
သို့သော် ထိုအမျိုးသမီးမှာ မနေ့ညက ဖျားနာကာ အကြောဆွဲပြီး သေဆုံးသွားခဲ့သည်။ သမားတော်များပင် မကယ်နိုင်လိုက်ပေ။ အစောင့်များမှာလည်း ယခုမှ ကိစ္စ၏ ပြင်းထန်မှုကို သတိထားမိကြတော့သည်။ သူတို့၏ပေါ့ဆမှုကြောင့် ဧကရာဇ်၏အစီအစဉ် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
စောင့်ကြည့်နေရမည့်အစား ကြွက်တစ်ကောင်က လူသတ်သွားလိမ့်မည်ဟု ဘယ်သူထင်ထားပါ့မလဲ။ ကိစ္စမှာ နှစ်ရက်ကျော်သွားပြီ ဖြစ်ရာ၊ ပြန်လည်စုံစမ်းရန်မှာ အလွန် ရှုပ်ထွေးလွန်းသဖြင့် ဘာမှ ရှာမတွေ့တော့ပေ။
နင်ချန်သည် ဒေါသတကြီးဖြင့် ကျောက်ထန်ဆောင်သို့ ရောက်လာကာ စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေသည်။ ယဲ့ယွင်မှာ ဖြစ်ပျက်သမျှကို သိရှိပြီးသားပင်။ သူမသည်လည်း ယောင်ရှန်း၏ နည်းလမ်းများ ဤမျှအထိ ပြောင်မြောက်နေသည်ကို အံ့သြနေမိသည်။
နန်းတွင်း၌ သူမတွင် မည်မျှသော အင်အားနှင့် လူယုံများ ရှိနေတာလဲ။ ရှင့်ရှင်းစီ၏ အနေအထားကိုပင် ဘယ်လောက်အထိတောင် သိထားတာလဲ။ ဤနေရာမှာ လင်ရှီးဥယျာဉ်ဖြစ်ပြီး နန်းတော် မဟုတ်သဖြင့်၊ ယောင်ရှန်းအနေနှင့် ဤမျှအထိ နှံ့စပ်နေရန် မလွယ်ကူပေ။
"လက်သည်က တကယ်ကို လည်လွန်းတယ်။ ကျန်းရဲ့ နန်းတွင်းထဲမှာ အဲ့လိုမြွေဆိုးတစ်ကောင် ရှိနေတာကို တွေးမိတိုင်း ကျန်းအိပ်လို့တောင် မပျော်နိုင်တော့ဘူး!"
နင်ချန်က စားပွဲကို ရိုက်ကာ ဟိန်းဟောက်လိုက်သည်။
ယဲ့ယွင်က သတိပြန်ဝင်လာကာ သူ့အား နူးညံ့စွာ ဖျောင်းဖျလိုက်သည်။
"အရှင်မင်းကြီး... အဲဒီလူက လည်လေလေ၊ ချန်းချဲ့တို့တွေက ဒီဘေးဥပဒ်ကို ပိုပြီး အမြစ်ဖြတ်ရလေပါပဲ။ အခုတစ်ခေါက်က ချန်းချဲ့တို့ ပေါ့ဆသွားလို့ပါ။ ဒါပေမဲ့ ချန်းချဲ့ဆီမှာ ငါးစာကြိုးရှည်ရှည်တစ်ချောင်း ကျန်ပါသေးတယ်။ အသုံးဝင်လာမှာပါ"
နင်ချန်က သူမကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။ အခုတော့ သဲလွန်စတွေ အကုန် ပြတ်တောက်သွားပြီ ဖြစ်ရာ၊ ယောင်ရှန်းကို ဖမ်းစစ်ဖို့ ဆိုတာလည်း အထောက်အထား မရှိဘဲ လုပ်လို့ မရပေ။
ယဲ့ယွင် ချန်ထားခဲ့သော ‘ငါးစာကြိုး’ က အလုပ်ဖြစ်လာမည်ကိုသာ မျှော်လင့်ရတော့မည်။ ယဲ့ယွင် မမျှော်လင့်ထားသည့်အရာမှာ ‘ချူးယွမ်’ သေဆုံးသွားခြင်းက နျန်ဝမ်၏ စိတ်ဓာတ်ကို ပိုမို ယိမ်းယိုင်သွားစေခဲ့ခြင်းပင် ဖြစ်သည်။ လူတိုင်း လက်လျှော့တော့မည့် အချိန်တွင် နျန်ဝမ် ရောက်လာခဲ့လေသည်။
***