← Chapters

အခန်း (၃၅၃-၃၅၄)

Vol. 23 Ch. 353-354

အခန်း (၃၅၃-၃၅၄)

Vol. 23 Ch. 353-354

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-353

အခန်း ၃၅၃ ။ ကြောက်မက်ဖွယ်ရာ အဆုံးသတ်

"မင်းကို တို့လုပ်ကြံဖို့ ထိုက်တန်တဲ့ ဘာအချက်တွေများရှိနေလို့လဲ။ မျက်နှာသာပေးခံရမှုလား၊ မိသားစုဂုဏ်လား၊ ဒါမှမဟုတ် သားသမီးလား"

ယဲ့ယွင်က အေးစက်စွာ ရယ်မောလိုက်ပြီး အားမနာတမ်း ပြန်လည်ချေပလိုက်သည်။

ထိုစကားကြောင့် ယောင်ရှန်းတစ်ယောက် စကားအနည်းငယ် ထစ်ငေါ့သွားရသည်။ အမှန်ပင် ယဲ့ယွင်သည် အဘက်ဘက်မှ သူမထက် မနိမ့်ကျသည့်အပြင် ပို၍ပင် အစွမ်းထက်နေသေးရာ၊ သူမအား လုပ်ကြံရန် အားစိုက်နေဖို့ မလိုပေ။

သို့သော် ယောင်ရှန်းသည် တစ်ခဏသာ တန့်သွားပြီးချက်ချင်းပင် အော်ပြောလိုက်သည် - "ဘာလို့လဲဆိုတော့ ရှင်က ဓားငှားပြီး လူသတ်တဲ့နည်းနဲ့ ဝမ်မိန်ရန်ကို လုပ်ကြံခဲ့တာ ကျွန်မသိသွားလို့ပေါ့!"

"အရှင်မင်းကြီး... ချန်းချဲ့က အရင်တစ်ခေါက် ဝမ်မိန်ရန်ရဲ့ကိစ္စမှာ သံသယတွေ ရှိနေလို့ လူလွှတ်ပြီး လျှို့ဝှက်စုံစမ်းခိုင်းခဲ့ပါတယ်။ အဆိပ်ခတ်တဲ့ နန်းတွင်းသူ ပြောခဲ့တဲ့ နံ့သာရည်ကမင်ရွှင်ရီရော၊ ရှဲ့ရှီ (မိဖုရားခေါင်ကြီး) မှာပါ ရှိတာပါ။ ရှဲ့ရှီကဝန်ခံသွားပေမဲ့ မင်ရွှင်ရီက ရှဲ့ရှီရဲ့အကြံကို ကြိုသိနေလို့အဲ့ဒါကိုအခွင့်ကောင်းယူပြီး ဝမ်မိန်ရန်ကို အသုံးမကျအောင် လုပ်ခဲ့တာ မဟုတ်ဘူးလို့ ဘယ်သူ အာမခံနိုင်လို့လဲ။”

ယောင်ရှန်းသည် အလျင်အမြန်ပင် အပြစ်ပုံချတော့သည်။ ဘေးမှ နျန်ဝမ်ကို မြင်

သောအခါ ထပ်မံ ဖြည့်စွက်ပြောဆိုသည်။

"နျန်ဝမ်က ချန်းချဲ့ဘေးက အဆင့်မြင့်နန်းတွင်းသူပါ။ သူမက ချန်းချဲ့ မသိအောင် ပစ္စည်းတွေ ဝှက်ထားဖို့ဆိုတာ မခက်ပါဘူး။ တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုနဲ့ ချန်းချဲ့ရဲ့ အဆောင်မှာ ဒါတွေကို လာဝှက်ထားတာ သေချာပါတယ်!"

ယခုအခါ ယောင်ရှန်းသည် နည်းမျိုးစုံဖြင့် အပြစ်မှ လွတ်ရန် ကြိုးစားနေတော့သည်။ ဤအမှုကိုသာ ဝန်ခံလိုက်ရပါကသူမအတွက် မြေမြှုပ်ရန် နေရာပင် ရှိတော့မည် မဟုတ်ပေ။

နင်ချန်သည် ရှေ့မှ အသည်းအသန် ဆင်ခြေပေးနေသောအမျိုးသမီးကို ကြည့်ရင်း စိတ်ထဲတွင် အေးစက်မှုများသာပြည့်နှက်နေသည်။ အရင်တစ်ခေါက်က သူမ မိမိအသက်ကိုကယ်ခဲ့ဖူးသည့် ကျေးဇူးကြောင့် စူးရှီကိုယ်ဝန်ပျက်ကျအောင် လုပ်ကြံခဲ့သည့် အမှုကို သူ အရေးမယူဘဲ ထားခဲ့သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ သူ ယောင်ရှန်းအပေါ် မည်သည့် ယုံကြည်မှုမှ မရှိတော့ပေ။

သူက ဘေးမှ ဟွိုက်အန်းကို မေးလိုက်သည်

"ဒီပစ္စည်းတွေကို ဘယ်မှာ ရှာတွေ့တာလဲ"

"အရှင်မင်းကြီးကို တင်ပြပါရစေ၊ တတိယမင်းသမီးလေးရဲ့ အိပ်ဆောင်မှာ ရှာတွေ့တာပါ" ဟွိုက်အန်းက လျှောက်တင်သည်။

နင်ချန်၏အကြည့်များ ပို၍ အေးစက်သွားသည် - "မင်းခုနက ကလေးကို မနှောင့်ယှက်ချင်ဘူးလို့ ပြောတယ်။ မင်ရွှင်ရီကလည်း ကလေးဆောင်ကို မရှာဖို့ ပြောတော့မှ မင်းကရှာဖွေတာကို သဘောတူခဲ့တာလေ။ အခုကျတော့ မင်ရွှင်ရီကမင်းရဲ့ နန်းဆောင်မှာ ဒါတွေကို လာဝှက်ခိုင်းတယ်လို့ ပြောပြန်ပြီ။ ဒါဆို သူမက ဘယ်နေရာမှာ ဝှက်ခိုင်းလဲဆိုတာတောင် မင်းမသိဘူးလား။”

ယောင်ရှန်း နှုတ်ခမ်းများ တုန်ယင်သွားကာ - "ဖြစ်နိုင်တာက... ဟွိုက်အန်း... သူက..."

"မင်း ပြောချင်တာက မင်ရွှင်ရီက ဟွိုက်

အန်းကိုလည်း လာဘ်ထိုးထားတယ်လို့လား။ မင်း မှတ်ထား... ကျန်းကိုယ်တိုင် မင်းတို့ရှေ့မှာကလေးကို မနှောင့်ယှက်ဖို့ အမိန့်ပေးခဲ့တာ။ ဟွိုက်အန်းကတတိယမင်းသမီးလေးရဲ့ အဆောင်ကို သွားရှာခဲ့တာက... ကျန်းကိုယ်တိုင် မင်းကို မယုံလို့ ခိုင်းလိုက်တာ!"

နင်ချန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သဖြင့် ယောင်ရှန်း၏စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ယောင်ရှန်းသည် အရိုးများ အထုတ်ခံလိုက်ရသကဲ့သို့ ပျော့ခွေကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက် လဲကျသွားတော့သည်။ သူမသည် ထူးဆန်းစွာပင် ရယ်မောလိုက်၏။

"ဟားဟားဟား... မယုံဘူး... အရှင်က ကျွန်မကို မယုံဘူးပဲ။ အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ ကျွန်မကို တစ်ခါမှ မယုံကြည်ခဲ့ဘူးပဲ"

ယောင်ရှန်း ခေါင်းမော့လိုက်ရာ မျက်ဝန်းထောင့်တွင် မျက်ရည်စများ ဝဲနေပြီး၊ အကြည့်များမှာ လှောင်ပြောင်မှုနှင့် ဝမ်းနည်းမှုတို့ ရောယှက်နေသည်။

"အရှင်မင်းကြီး... အဲ့ဒါကြောင့်လည်း အရှင်က ကျွန်မကို ဘယ်တော့မှ မျက်နှာသာ မပေးခဲ့တာလား။ ဘဝနှစ်ခုလုံး….. ကျွန်မ အရှင့်ဘေးမှာ ဘဝနှစ်ခုလုံး နေခဲ့တာပါ အရှင်မင်းကြီး!"

ဤကဲ့သို့သော ရူးသွပ်နေသည့် စကားများကို နင်ချန် နားမလည်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် ယဲ့ယွင်ကမူ နားလည်သွားခဲ့ပြီး ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားရသည်။

ယောင်ရှီသည် အမှန်တကယ်ပင် ဘဝတစ်ပါးမှ ပြန်လည်မွေးဖွားလာသူလား။ ဘဝနှစ်ခုစာ အတွေ့အကြုံ ရှိနေသဖြင့် ကိစ္စများ၏ အလားအလာနှင့် အကွက်ချပုံများကို သူမ ကောင်းစွာ သိရှိနေခြင်းမှာ အဓိပ္ပာယ်ရှိသွားခဲ့ပြီ။

ထိုစဉ်မှာပင် ယောင်ရှန်း၏ အကြည့်မှာ ယဲ့ယွင်ထံသို့ ရောက်ရှိသွားကာ၊ သူမ၏ မျက်ဝန်းများမှာ သွေးရောင်လွှမ်းလျက် မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်သွားတော့သည်။

"ယဲ့ရှီ... နင် ဘာလို့ အခုထိ မသေသေးတာလဲ။ နင် သေသွားသင့်တာ! နင် သေမှသာ အရာအားလုံးက မူလလမ်းကြောင်းအတိုင်း ပြန်ရောက်မှာ။ အားလုံးက နင့်ကြောင့်ပဲ... နင့်ကြောင့် ငါ့ရဲ့ အရာအားလုံး ပျက်စီးကုန်ပြီ။ နင် သေလိုက်စမ်း!"

ပြောပြောဆိုဆိုနှင့် ယောင်ရှန်းသည် ရုတ်တရက် ခုန်ထလိုက်ကာ၊ ခေါင်းမှ ဆံထိုးကို ဆွဲနုတ်၍ ယဲ့ယွင်၏ ရင်ဘတ်ကို အတင်း ထိုးစိုက်ရန် ကြိုးစားတော့သည်။

စိုးရိမ်စရာ အကောင်းဆုံး အခြေအနေတွင် နင်ချန်သည် လျင်မြန်စွာ လှုပ်ရှားကာ ယဲ့ယွင်ကို ဆွဲဖယ်လိုက်ပြီး၊ ယောင်ရှန်းအား ခြေထောက်ဖြင့် အားကုန် ကန်ထုတ်ပစ်လိုက်သည်။

ယောင်ရှန်း ကြမ်းပြင်ပေါ်သို့ လဲကျသွားသော်လည်း၊ သူမလက်ထဲမှ ဆံထိုးမှာ နင်ချန်၏ ဝတ်ရုံကို ဖောက်ထွက်ကာသူ၏ ခြေသလုံးကို စိုက်ဝင် ဒဏ်ရာရသွားစေခဲ့သည်။

"အရှင်မင်းကြီးကို ကာကွယ်ကြ! ဒီရူးနေတဲ့ မိန်းမကို အမြန် ဖမ်းချုပ်ကြစမ်း!"

ယွမ်ကျိုမှာ ထိတ်လန့်တကြား အော်ဟစ်ကာ ဧကရာဇ်ရှေ့သို့ ကာကွယ်ရန် ပြေးလာခဲ့သည်။

အခန်းထဲရှိ မိန်းမစိုးများမှာလည်း ဝိုင်းအုံလာကြကာ ယောင်ရှန်းအား အတင်း ဖမ်းချုပ်လိုက်ကြတော့သည်။ သို့သော် ယောင်ရှန်း၏ ပါးစပ်ကိုတော့ ပိတ်၍ မရသေးပေ။

"နင်ချန်... ရှင် ကျွန်မကို သစ္စာဖောက်ခဲ့တယ်။ ရှင် ကျွန်မကို သစ္စာဖောက်တာ! ဘဝနှစ်ခုလုံးမှာ ရှင်နဲ့ တွေ့ဖို့ ကျွန်မလာခဲ့တာကို၊ ရှင်က ဘာလို့ ကျွန်မကို ဒီလို ပြန်လုပ်ရတာလဲ။ ယဲ့ရှီ... ဒီမိန်းမယုတ်... နင် သေချင်းဆိုးနဲ့ သေပါစေဦး... ဟီးဟီး..."

"ပါးစပ်ပိတ်စမ်း! ယုတ်မာတဲ့ စကားတွေနဲ့ အရှင်မင်းကြီးနဲ့ ရွှင်ရီတို့ရဲ့ နားကို မညစ်ညမ်းစေနဲ့!"

ခုန်းချင်းသည် မဆိုင်းမတွဘဲ လက်ကိုင်ပဝါ တစ်ထည်ကို ယူကာ ယောင်ရှန်း၏ ပါးစပ်ထဲသို့ အတင်း ထိုးထည့်လိုက်တော့သည်။

"သူမကို ခေါ်သွားပြီး အကျဉ်းချထားစေ။ သူမဘေးက အစေခံအားလုံးကိုလည်း ထောင်သွင်း စစ်ဆေးစေ!" နင်ချန်က ဒေါသတကြီး အမိန့်ပေးလိုက်သည်။

အစေခံများက သူမအား ကြိုးတုပ်ကာ အပြင်သို့ ဆွဲထုတ်သွားကြတော့သည်။

ယဲ့ယွင်သည် အခန်းထဲတွင် လူရှိနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ၊ ချက်ချင်းပင် နင်ချန်ရှေ့၌ ဒူးထောက်ကာ သူ၏ ဖိနပ်ကို ချွတ်ပြီး ခြေသလုံးမှ ဒဏ်ရာကို စစ်ဆေးတော့သည်။ ဒဏ်ရာမှာ မသေးလှသလို၊ အတော့်ကို နက်သည်။ ယောင်ရှီသည် အားကုန် သုံးခဲ့ခြင်းမှာ သိသာလှပေသည်။

အကယ်၍ ထိုဆံထိုးသာ မိမိ၏ ရင်ဘတ်ကို တည့်တည့် စိုက်ဝင်သွားခဲ့လျှင် ဘာဖြစ်သွားမည်နည်းဟု သူမ မတွေးဝံ့ပေ။

"အရှင်မင်းကြီးက ဘာလို့ ဒီလောက်အထိ မိုက်ရတာလဲ။ ချန်းချဲ့ရှေ့က ဘာလို့ ဝင်ခံပေးရတာလဲ။ အရေးကြီးတဲ့ နေရာကိုထိသွားရင် ချန်းချဲ့ တစ်သက်လုံး အပြစ်မကင်း ဖြစ်ရချည်ရဲ့!"

ယဲ့ယွင်၏ နှုတ်မှ ဆူပူနေသော်လည်း၊ သူမ၏ မျက်ဝန်းထဲတွင်မူ စိုးရိမ်စိတ်များနှင့် ပြည့်နှက်နေသည်။ နင်ချန်က ပြုံးလျက် သူမ၏ လက်ကို ဆွဲထူလိုက်သည်။

"ကျန်းက မင်းကိုကာကွယ်ပေးမယ်လို့ ကတိပေးထားတာပဲ။ ပြီးတော့ကျန်းက ဧကရာဇ်ပဲလေ၊ ဘယ်လို ကတိဖျက်လို့ ရမလဲ။ ဒါက ဒဏ်ရာ အကြီးကြီးမဟုတ်ပါဘူး၊ သမားတော်ခေါ်ပြီး ဆေးထည့်လိုက်ရင် ကောင်းသွားမှာပါ။ စိတ်မပူပါနဲ့"

သူက ထိုသို့ ပြောသော်လည်း ယဲ့ယွင်က ရုတ်တရက် မျက်နှာလွှဲလိုက်သည်။

"ဘာဖြစ်လို့လဲ" နင်ချန်က စိုးရိမ်တကြီးဖြင့် သူမ၏ မျက်နှာကိုဆွဲလှည့်လိုက်ရာ၊ ယဲ့ယွင်၏ ပါးပြင်ပေါ်တွင် မျက်ရည်စနှစ်တန်း ကျဆင်းနေသည်ကို မြင်လိုက်ရသည်။

"ဘာလို့ ငိုနေတာလဲ။ ကျန်း ဘာမှမဖြစ်ပါဘူး၊ မငိုနဲ့တော့နော်။ ခုနက လန့်သွားလို့လား။ သမားတော် ဘယ်မှာလဲ... မြန်မြန် လာစမ်း၊ စိတ်ငြိမ်ဆေးတစ်ခွက် ဖော်ပေးလိုက်ဦး"

"အရှင်မင်းကြီးက ချန်းချဲ့အပေါ် အရမ်းကောင်းလွန်းလို့ပါ။ အရှင့်ရဲ့စေတနာနဲ့ ချန်းချဲ့ မထိုက်တန်မှာကို စိုးရိမ်မိလို့ပါ။”

ယဲ့ယွင်သည် ရုတ်တရက် နင်ချန်ကို ဖက်လိုက်ကာ သူ့နားနားတွင် တိုးတိုးလေး ဆိုလိုက်သည်။

အကြောင်းကတော့ ယဲ့ယွင်၏ စိတ်ထဲတွင် နင်ချန် သူမအပေါ် မည်မျှပင် ကောင်းစေကာမူ၊ နင်ချန်သည် သူမ တစ်ဦးတည်း ပိုင်ဆိုင်သော အမျိုးသား အမြဲတမ်း ဖြစ်လာမည် မဟုတ်သည်ကို သိနေသောကြောင့် ဖြစ်သည်။ သူမသည် နင်ချန်အပေါ် အချစ်ရှိကောင်း ရှိနိုင်သော်လည်း၊ ထိုအချစ်သည် မရှိသင့်သော နန်းတွင်းထဲတွင် ဖြစ်ပေါ်လာခြင်းဖြစ်ရာ၊ သူမအနေဖြင့် ချုပ်တည်းထားရုံမှလွဲ၍ တစ်ဘဝလုံး ထုတ်ပြနိုင်မည် မဟုတ်ပေ။

နင်ချန်နှင့် မတူသည်မှာ၊ နင်ချန်သည် သူမအပေါ် ဗြောင်ကျကျပင် ကာကွယ်ပေးခြင်း၊ မျက်နှာသာ ပေးခြင်းနှင့် ယုံကြည်ခြင်းတို့ကို ပြသခဲ့သည်။ ၎င်းမှာ ယဲ့ယွင် လက်ရှိအခြေအနေတွင် မလုပ်ဆောင်နိုင်သေးသော အရာဖြစ်သလို၊ နောင်တွင်လည်း လုပ်နိုင်မည် မဟုတ်ပေ။ အစကတည်းက သူတို့နှစ်ဦး၏ ပတ်သက်မှုကို 'အကျိုးစီးပွားချင်း ဖလှယ်ခြင်း' အဆင့်မှာသာသူမ သတ်မှတ်ထားခဲ့သောကြောင့် ဖြစ်သည်။

"ကဲပါ... လျှောက်မတွေးပါနဲ့တော့။ မင်းက ထိုက်တန်လို့ ကျန်း လုပ်ပေးတာပါကွာ အခု မိုးလင်းတော့မယ်၊ မင်းရဲ့ မျက်လုံးလေးတောင်ညိုနေပြီ။ မျက်နှာသစ်ပြီး ခဏလောက် ထပ်အိပ်လိုက်ဦး၊ ကျန်း အနားမှာ နေပေးမယ် ဟုတ်ပြီလား။”

နင်ချန်သည် ယဲ့ယွင်၏စိတ်ထဲမှ အတွေးများကို မသိဘဲ၊ သူမ ကြောက်လန့်နေသည်ဟုသာ ထင်ကာ နူးညံ့စွာ နှစ်သိမ့်ပေးရှာသည်။ ယဲ့ယွင်လည်း ထပ်မံ မရှင်းပြတော့ဘဲ လိမ္မာစွာပင် ခေါင်းညိတ် လိုက်တော့သည်။

သူမ ပြန်အိပ်ပျော်သွားသောအခါ၊ အကြောင်းရင်း မသိဘဲအိပ်မက်ရှည်ကြီးတစ်ခုကို မက်ခဲ့သည်။

အိပ်မက်ထဲတွင်လည်း ဤနန်းတွင်းကြီးပင် ဖြစ်သော်လည်း၊ လက်ရှိ အခြေအနေနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမသည် နန်းတော်ဝင်ပြီး နှစ်နှစ်မပြည့်မီမှာပင် ရောဂါဖြင့် သေဆုံးသွားခဲ့ရသည်။ အပြန်အလှန်အားဖြင့် ယောင်ရှန်းသည် အကွက်ချကြံစည်ကာ၊ စတုတ္ထမင်းသား နင်ယွီယန်ကို မွေးဖွားခဲ့ပြီး၊ မိဖုရားခေါင်ကြီး ရှဲ့ရှီကို ဖြုတ်ချကာနန်းတွင်း၏ အရှင်သခင်မ ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် သားဖြစ်သူကိုပင် ထီးနန်းပေါ် တင်ပေးနိုင်ခဲ့သည်။

အိပ်မက်ထဲမှ နန်းတွင်းတွင် ယခုဘဝ၌ မရှိသော လူအတော်များများ ရှိနေသလို၊ တချို့အရာများမှာ တူညီနေပြီး တချို့မှာတော့ ကွဲပြားနေသည်။

သူမ နိုးလာသောအခါ နောက်တစ်နေ့ နေ့လည်ခင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအိပ်စက်ခြင်းမှာ အလွန်ပင် ကြာမြင့်လှကာ၊ အခြားသော ဇာတ်လမ်းတစ်ပုဒ်ကို ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။

၎င်းမှာ ယောင်ရှန်း ပြောခဲ့သော ‘ယခင်ဘဝ’ လားဟု ယဲ့ယွင်ကဝေဝေဝါးဝါး စဉ်းစားမိလိုက်သည်။ သူမသည် ယောင်ရှန်းကိုသွားရောက် တွေ့ဆုံချင်စိတ် ပြင်းပြလာခဲ့သည်။

သို့သော် သူမ ထွက်ခွာရန် ပြင်စဉ်မှာပင် သတင်းတစ်ခုရောက်ရှိလာခဲ့သည် - ဖန်းရှိုးယွမ် မိမိကိုယ်ကို သတ်သေသွားပြီဟူသော သတင်းပင်။

သေဆုံးပုံမှာ အလွန်ပင် ရက်စက်လှသည်။ သူမသည် နန်းတော်သို့ စတင် ဝင်ရောက်စဉ်က ဧကရာဇ် ဆုချထားသော လင်လုံဆံထိုးကို မိမိ၏ရင်ဘတ်ထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်ကာ အသက်ကုန်စေခဲ့ခြင်း ဖြစ်တော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-354

အခန်း ၃၅၄ ။ ကလေးတွေပဲ သနားစရာ

"ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာလား" ယဲ့ယွင် အနည်းငယ် အံ့အားသင့်သွားသည်။

သူမအမြင်တွင် ယောင်ရှီသည် အလွန်

ခံနိုင်ရည်ရှိပြီး ဇွဲကောင်းသူတစ်ဦး ဖြစ်သည်။ အရင်ဘဝမှ ပြန်လည်မွေးဖွားလာပြီး ယခုအချိန်အထိ အကွက်ချကြံစည်လာခဲ့ပါလျက်၊ ဘာကြောင့် ရုတ်တရက်ကြီး သတ်သေသွားရတာလဲ။

ဟွေယွဲ့က သက်ပြင်းချလိုက်သည်။

"စိတ်ဓာတ်တွေ ပြိုလဲသွားလို့ ဖြစ်မှာပါ။ မနေ့ညက တစ်ညလုံး ငိုယိုပြီး ပါးစပ်ကလည်းအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်လို့ ကြားတယ်။ မိဖုရားခေါင်ကြီးတို့၊ အိမ်ရှေ့မင်းသားတို့ ဆိုတဲ့ စကားလုံးတွေပေါ့။ အော်... ပြီးတော့ တတိယမင်းသမီးရဲ့ နာမည်ကိုလည်း တတွတ်တွတ် ခေါ်နေသေးတယ်တဲ့။ ဒီနေ့မနက်ကျတော့မှ ရုတ်တရက် ငြိမ်သွားပြီး တစ်မနက်လုံးမှိုင်တွေထိုင်နေတာ၊ ပို့ပေးတဲ့ မနက်စာကိုလည်း မစားဘူး။ အစေခံတွေ နေ့လည်စာ သွားပို့တဲ့အချိန်ကျမှ သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာကို တွေ့လိုက်ရတာပါ"

အမှန်စင်စစ် ယောင်ရှန်း အသည်းအသန်ခေါ်နေခဲ့သည်မှာတတိယမင်းသမီး 'နင်ကျားယန်' ၏ ‘ယန်အာ’ မဟုတ်ဘဲ၊ သူမ၏ ယခင်ဘဝက သားဖြစ်သူ ‘နင်ယွီယန်’ ၏ ‘ယန်အာ’ ပင် ဖြစ်သည်။ အသံထွက်ချင်း ဆင်တူနေသဖြင့် လူတိုင်းကသူမ သမီးကို သတိရနေသည်ဟုသာ ထင်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ယဲ့ယွင်သည် မျက်လွှာချလိုက်ပြီး စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။ ပုံမှန်လူတစ်ယောက်အနေဖြင့် သူတစ်ပါး သေဆုံးသွားသည်ကို မြင်ရသည်မှာ ပျော်စရာမဟုတ်ပေ။ သို့သော် သူမသည် စိတ်နုနေခြင်းတော့ မဟုတ်ပါ၊ အကြောင်းကတော့ ယောင်ရှန်းသည်လည်း သူမအား အကြိမ်ကြိမ် သတ်ရန် ကြိုးစားခဲ့သောကြောင့်ပင်။

နန်းတော်တံတိုင်းကြီးများ၏ အောက်တွင် အသက်ပေါင်းများစွာ မည်မျှ မြေမြှုပ်ခဲ့ရပြီလဲဟုသာ သူမ တွေးမိတော့သည်။ စွန်းရွှင်ရီ၊ ဝမ်သယ့်ဖေး မှစ၍ ရန်ရှီ၊ လင်းရှီ၊ ကျောက်ရှီ၊ စူးဒီယာ၊ မိဖုရားခေါင်ကြီး နှင့် ယခု ယောင်ရှန်း အထိ။ သူမ မှတ်မိသမျှ ကိုယ်လုပ်တော်များပင် မနည်းတော့ပေ။

ယဲ့ယွင် တကယ်ကို နားမလည်နိုင်သည်မှာ၊ ကောင်းကင်ကယောင်ရှန်းကို နောက်တစ်ကြိမ် ပြန်စခွင့် ပေးခဲ့ပါလျက်၊ သူမသည် ဘာကြောင့်များဤနက်ရှိုင်းလှသော နန်းတွင်းထဲသို့ ထပ်မံ ခြေစုံပစ်ဝင်ကာ မိမိဘဝကို ဖျက်ဆီးခဲ့ရတာလဲ ဆိုသည်ပင်။ နင်ချန်အပေါ် သံယောဇဉ် ရှိနေလျှင်ပင်၊ အကယ်၍ သူမသာ နောက်တစ်ကြိမ် ပြန်စခွင့်ရလျှင် နန်းတော်ထဲသို့ လုံးဝ ဝင်လိမ့်မည် မဟုတ်ပေ။

"အရှင်မင်းကြီးက ဘာမိန့်လဲ၊ ကိုယ်လုပ်တော်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာက အပြစ်ကြီးတယ် မဟုတ်လား" ယဲ့ယွင်က မေးလိုက်သည်။

"ယောင်ရှီ မသေခင်မှာ သွေးနဲ့ ရေးထားတဲ့ စာတစ်စောင် ချန်ထားခဲ့ပါတယ်။ အားလုံးက သူမရဲ့ အပြစ်တွေ ဖြစ်တဲ့အတွက်၊ သူမ မိသားစုကိုတော့ တတိယမင်းသမီးနဲ့ သူမရဲ့ အသက်ကယ်ခဲ့ဖူးတဲ့ ကျေးဇူးကို ငဲ့ပြီး သေဒဏ်ကနေချမ်းသာပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုထားပါတယ်"

နန်ကျစ်က တိုးတိုးလေး ပြောပြသည်။

ယဲ့ယွင်၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်

"ယောင်ရှန်းကမကောင်းမှုတွေ အများကြီး လုပ်ခဲ့ပေမဲ့၊ သူမရဲ့အဖေရွှမ်းယွမ်နယ်စားကတော့ တကယ် အရည်အချင်းရှိတဲ့သူပါ။ တိုင်းပြည်အတွက်လည်း အများကြီး လုပ်ပေးခဲ့ဖူးတယ်။ ထိုက်ကွေ့ဖေးနဲ့ ဖိန်ဝမ်တို့ရဲ့ မျက်နှာလည်း ရှိနေတော့၊ သေဒဏ်ကနေ လွတ်ဖို့ကတော့ မခက်ပါဘူး။”

အကြောင်းကတော့ ယောင်မိသားစုတွင် တော်ဝင်မိသားစုအတွက် သားသမီး မွေးဖွားပေးခဲ့သော အမျိုးသမီး နှစ်ဦး ရှိနေသောကြောင့် ဖြစ်သည်။ ထိုက်ကွေ့ဖေးက ဖိန်ဝမ်ကို မွေးခဲ့သလို၊ ယောင်ရှန်းကလည်း တတိယမင်းသမီးကို မွေးခဲ့သည်။ ၎င်းတို့မှာ ကုသိုလ်များပင် ဖြစ်သည်။ သို့သော် သေဒဏ်မှလွတ်လျှင်ပင် အခြားပြစ်ဒဏ်များတော့ ခံရပေလိမ့်မည်။

ဝတ်စုံလဲ၍ ထမင်းစားပြီးနောက်၊ ပိုင်ရှုက စတုတ္ထမင်းသားလေးကို ပွေ့ချီလာသည်။

"စတုတ္ထမင်းသားလေးက မနက်ကတည်းက ရွှင်ရီကို တွေ့ချင်နေတာပါ။ အခု နေ့လည်ခင်း အိပ်ရာက နိုးနိုးချင်းပဲ ခေါ်လာခဲ့တာပါ"

ဒီရက်ပိုင်း အမှုစစ်နေရသဖြင့် ယဲ့ယွင်မှာ ကလေးကို အချိန်ပေးနိုင်မှု နည်းပါးခဲ့သည်မှာ အမှန်ပင်။ ထို့ကြောင့် စတုတ္ထမင်းသားလေးသည် သူမကို မြင်သည်နှင့် နှုတ်ခမ်းလေးစူကာဝမ်းနည်းနေရှာသည်။

"လာ... မေမေ ချီမယ်။ ကျင့်အာ ဒီနေ့ နေ့လည် ဘာတွေစားခဲ့လဲဟင်"

ယဲ့ယွင်က သားဖြစ်သူကို လွှဲပြောင်း ပွေ့ချီလိုက်ကာ နဖူးလေးကို ပြုံးလျက် နမ်းလိုက်သည်။ တစ်နှစ်ကျော်အရွယ် ကလေးပီပီ စိတ်ကောက်တာ မြန်သလို၊ ပြန်ချော့ရတာလည်းလွယ်လှသဖြင့် ချက်ချင်းပင် ရယ်မောလာတော့သည်။ သို့သော် လူကြီးစကားကို နားလည်ပြီး ပြန်ဖြေရန်တော့ မတတ်သေးဘဲ၊ ယဲ့ယွင်၏ လည်ပင်းကိုသာ အတင်း ဖက်ထားတော့သည်။

ပိုင်ရှုက ဘေးမှ ဝင်ဖြေပေးသည်။

"မင်းသားလေးက မနက်စာကို ဆန်ပြုတ် သောက်ပါတယ်၊ ပုစွန်ထုပ်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်နည်းနည်ဍ စားပါတယ်။ နေ့လည်စာကိုတော့ ကြက်ဥပေါင်းနဲ့ ဆန်ပြုတ်၊ ပြီးတော့ မုန့်တစ်ခုစားပါတယ်"

၎င်းတို့မှာ ယဲ့ယွင်၏ ညွှန်ကြားချက်အတိုင်း ပြင်ဆင်ထားခြင်းဖြစ်သည်။ ယခုအခါ စတုတ္ထမင်းသားလေးမှာ နို့ သိပ်မသောက်တော့ဘဲ၊ ညအိပ်ခါနီးမှသာ အနည်းငယ် ချော့တိုက်ရသည်။ ယဲ့ယွင်၏အစီအစဉ်အရ နောက်ထပ် လအနည်းငယ်ကြာလျှင် (တစ်နှစ်ခွဲအရွယ်တွင်) နို့ လုံးဝ ဖြတ်ခိုင်းတော့မည် ဖြစ်၏။

ကလေးအကြောင်း ပြောမိသောအခါ ယဲ့ယွင်သည် တတိယမင်းသမီးနှင့် မင်းသားကြီးတို့ကို ရုတ်တရက် သတိရသွားသည်။ တစ်ဦးက မိခင်ရင်း ဆုံးရှုံးသွားသလို၊ တစ်ဦးကလည်းပြုစုစောင့်ရှောက်မည့်သူ မရှိတော့ပေ။ လူကြီးတွေအချင်းချင်း အားပြိုင်ကြရာတွင် နောက်ဆုံး၌ ကလေးများသာနစ်နာရရှာသည်။

ယဲ့ယွင် စဉ်းစားနေသော ဤကိစ္စကိုပင် နင်ချန်သည်လည်းစဉ်းစားနေခြင်း ဖြစ်၏။ သို့သော် လောလောဆယ်တွင် ဆုံးဖြတ်ရမည့် အခြားကိစ္စတစ်ခု ရှိသေးသည်။

ဒီနေ့မနက်တင် ဖိန်ဝမ်သည် ဥယျာဉ်ထဲသို့ ရောက်လာကာဧကရာဇ်အား တွေ့ဆုံခွင့် တောင်းခဲ့သည်။ သူသည် တခြားသော အသနားခံစကားများ မပြောဘဲ၊ ယောင်မိသားစုအားသေဒဏ်မှ ချမ်းသာပေးရန်သာ တောင်းဆိုခဲ့သည်။ ရွှမ်းယွမ်နယ်စားမှာ ဖိန်ဝမ်၏ ဦးလေးအရင်း ဖြစ်နေသဖြင့် သွေးသားသံယောဇဉ်အရ သူ မနေနိုင်ခြင်းပင်။

နန်းတော်ထဲတွင်လည်း ထိုက်ကွေ့ဖေးသည် သတင်းကိုကြားသည်နှင့် စိတ်ထိခိုက်လွန်းသဖြင့် မူးလဲသွားခဲ့ရာ ယခုထက်ထိ သတိမရသေးပေ။ အခြေအနေမှာ ဤမျှအထိဖြစ်လာခဲ့ပြီဖြစ်သလို၊ ယောင်ရှန်းနှင့် အခြားသူများ ပတ်သက်နေသည့် ခိုင်လုံသော သက်သေလည်း မရှိသဖြင့်၊ အကယ်၍ လူအများကြီးကို ထပ်မံ အပြစ်ပေးနေလျှင် နင်ချန်မှာ ရက်စက်သူဟု အထင်ခံရပေလိမ့်မည်။

ထို့အပြင် လဝက်ပင် မပြည့်သေးမီကမှ မိဖုရားခေါင်ကြီးကို ဖြုတ်ချကာ ရှဲ့မိသားစုကို ပြည်နှင်ဒဏ် ပေးခဲ့ရသေးသည်။ ဆက်လက်ပြီး အကြီးအကျယ် အရေးယူနေလျှင် တိုင်းပြည်၏အခြေအနေမှာ လှုပ်ခတ်သွားနိုင်ပေသည်။

နောက်ဆုံးတွင် နင်ချန်သည် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တော့သည်။ ယောင်မိသားစုမှာ သမီးကို ဆုံးမမှု မတတ်သဖြင့် ရာထူးနှင့် ဘွဲ့ထူးများကို ရုပ်သိမ်းစေကာ၊ ရွှမ်းယွမ်နယ်စား ယောင်ပင်းရှို့အား သတ္တမအဆင့် (၇) ရာထူးသို့ လျှော့ချ၍ အနောက်မြောက်ဒေသသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေသည်။ ယောင်မိသားစု၏ အမျိုးသားများမှာနောက်ထပ် သုံးဆက်တိုင်တိုင် အရာရှိစာမေးပွဲ ဖြေဆိုခွင့် မရှိသလို၊ အမျိုးသမီးများမှာလည်း နန်းတွင်းသူ ရွေးချယ်ပွဲဝင်ခွင့် မရှိစေရဟု အမိန့်ထုတ်ပြန်လိုက်သည်။

ဆိုလိုသည်မှာ ယောင်ရှန်း၏ ဖခင် ရာထူးမှ အနားယူပြီးနောက် ယောင်မိသားစု၏ နောက်ထပ် မျိုးဆက် သုံးဆက်မှာသာမန် အရပ်သားများသာ ဖြစ်သွားတော့မည် ဖြစ်သည်။ သုံးဆက်ဆိုသည်မှာ နှစ်ပေါင်း တစ်ရာကျော် ကာလ ဖြစ်သဖြင့်၊ ထိုမျှ ကြာရှည်သော အချိန်သည် ဂုဏ်သရေရှိ မိသားစုတစ်ခုအား လုံးဝ ပျက်သုဉ်းသွားစေရန် လုံလောက်လှပေသည်။

သို့သော် ၎င်းမှာ တစ်မိသားစုလုံး အသတ်ခံရခြင်းထက်စာလျှင် ပို၍ ကောင်းမွန်လှပေသည်။ ဤသည်မှာထိုအမှုအား ဤနေရာတွင်ပင် အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း အဓိပ္ပာယ်ရပေတော့သည်။

….

ညဘက်တွင် နင်ချန်သည် ကျောက်ထန်ဆောင်သို့ ရောက်လာသည်။ သူ့မျက်နှာမှာ အတော်လေး လေးလံနေဆဲပင်။

"အရှင်မင်းကြီးမှာ စိတ်မအေးစရာတွေ ရှိနေသေးတာလား" ယဲ့ယွင်က သူဘေးတွင် ထိုင်လိုက်ရင်း ယပ်တောင်လေးဖြင့် ခပ်ဖွဖွ ခတ်ပေးလိုက်သည်။ သူမ ကိုယ်ပေါ်တွင် ဆွတ်ထားသော ပူဒီနာရည်ရနံ့လေးက နင်ချန်၏စိတ်ကို အနည်းငယ် ကြည်လင်သွားစေသည်။

"ကျန်း စဉ်းစားနေတာက... မင်းသားကြီးနဲ့ တတိယမင်းသမီးကို ဘယ်သူ့ဆီမှာ ထားပြီး ပြုစုခိုင်းရင် ကောင်းမလဲ ဆိုတာပဲ" နင်ချန်က သူ၏ နဖူးကို လက်ဖြင့် ပွတ်သပ်ရင်း သက်ပြင်းချသည်။

"အရင်က ဟွေ့ကျောင်းရုန်က မင်းသားကြီးကို ခဏ ပြုစုပေးဖူးတယ်ဆိုတော့၊ သူမဆီမှာပဲ ဆက်ထားလို့ ရပါတယ်။ ဒါပေမဲ့ တတိယမင်းသမီးကိုကျတော့ ဘယ်သူ့ပေးရမှန်း မသိဘူး ဖြစ်နေတယ်"

ယောင်ရှန်းဘေးမှ အစေခံများကို စစ်ဆေးရာတွင် ကျီကျူးကတော့ အသေသတ်ခံရသည့်တိုင် ဘာမှ မပြောခဲ့သော်လည်း၊ နျန်ဝမ်ကတော့ အချက်အလက် အတော်များများကို ဖွင့်ဟခဲ့သည်။ ထိုအချက်များအရ နန်းတွင်းရှိကိုယ်လုပ်တော် အားလုံးနီးပါးမှာ ယောင်ရှီ၏ရန်ငြိုးကို ခံခဲ့ရသူများ ဖြစ်နေကြသည်။ ရန်သူ၏သမီးကို ပြုစုရန်မှာ မည်သူမျှ လိုလားကြမည် မဟုတ်ပေ။

ယဲ့ယွင်က မျက်လွှာချကာ ခန စဉ်းစားပြီးမှ တိုးတိုးလေး ဆိုလိုက်သည်။

"ချန်းချဲ့ ထင်တာကတော့... အရှင်မင်းကြီးအနေနဲ့ ဝမ်မိန်ရန်ကို ကလေးတစ်ယောက်နဲ့ ပြန်လည် အစားထိုး ကုစားပေးသင့်ပါတယ်။ သူမမှာ ဒီလောက်ကြီးမားတဲ့ မတရားမှုကို ခံစားခဲ့ရတော့၊ နောင်တစ်ချိန်မှာ အားကိုးရာတစ်ခုတော့ ရှိသင့်တာပေါ့"

"ဒါပေမဲ့ ယောင်ရှီကြောင့် သူမ တစ်သက်လုံး ကလေးမရနိုင်တော့ဘူးလေ။ တတိယမင်းသမီးကို ပြုစုခိုင်းရင်..."

"မဟုတ်ပါဘူး၊ ချန်းချဲ့ ဆိုလိုတာက... ဝမ်မိန်ရန်ကိုမင်းသားကြီးကို ပြုစုခိုင်းပြီး၊ တတိယမင်းသမီးကိုတော့ ရှူးဖေးမယ်မယ်ဆီ လွှဲပေးလိုက်ရင် ဘယ်လိုလဲလို့ပါ"

ယဲ့ယွင်က အကြံပြုလိုက်သည်။

နင်ချန်က မျက်မှောင်ကြုတ်ကာ ခန တွန့်ဆုတ်နေသည်။

ယဲ့ယွင်က သူမ၏အတွေးကို ဆက်လက် ရှင်းပြသည်။

"ဝမ်မိသားစုက သမီးကို နန်းတော်ထဲ ပို့လိုက်တာက ပထမ အချက်က အရှင်မင်းကြီးကို ပြုစုဖို့ ဖြစ်သလို၊ ဒုတိယ အချက်ကတော့ ဝမ်မိသားစုအတွက် အားကိုးရာ ရှာဖို့လည်း ပါမှာပါ။ သမီးတော်ဆိုတာကလည်း ကောင်းပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ တခြားအိမ်ကို လက်ထပ်သွားရမှာဆိုတော့၊ မိခင်ဘက်က မိသားစုနဲ့ ဘယ်လောက်အထိ နီးစပ်နိုင်ပါ့မလဲ။ မင်းသားကြီးကတော့ ကြီးလာရင် မင်းသားဘွဲ့ (ဝမ်) ရမှာသေချာတယ်။ ဒါကမှ ဝမ်မိသားစုအတွက် တကယ့် အားကိုးရာ ဖြစ်မှာပါ"

မင်းသားကြီးသည် အိမ်ရှေ့မင်းသား ဖြစ်လာနိုင်မလားဆိုသည်မှာတော့ လူတိုင်း သိပြီးသားပင်။ မဖြစ်နိုင်ပေ။ သူ၏ စရိုက်ကို ထားလိုက်ပါဦး၊ သူ၏ ကျန်းမာရေး အခြေအနေအရတခြားသော ညီအစ်ကိုများ အားလုံး သေဆုံးသွားမှသာ သူထီးနန်းရရန် အခွင့်အရေး ရှိတော့မည် ဖြစ်သည်။

ထို့ကြောင့် ဝမ်မိသားစုအား မင်းသားကြီးကို ပြုစုခွင့်ပေးခြင်းမှာ သူတို့အတွက် 'တော်ဝင် အကာအကွယ်' တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်သည်။ ဘေးကင်းလုံခြုံမှုအတွက် လုံလောက်သော်လည်း၊ အာဏာနှင့် စည်းစိမ်အတွက်တော့ စိတ်ကူးယဉ်နေစရာ မလိုတော့ပေ။

ဤသို့သော ရှင်းပြချက်ကြောင့် နင်ချန် နောက်ဆုံးတွင် ခေါင်းညိတ် သဘောတူလိုက်တော့သည်။

မူလက နင်ချန်သည် နောင်တစ်ချိန်တွင် ရာထူးနိမ့်သောကိုယ်လုပ်တော်များထံမှ မွေးလာသော ကလေးကို ဝမ်မိန်ရန်အားပေးရန် စိတ်ကူးခဲ့သော်လည်း၊ ယခု ယဲ့ယွင်၏စကားကိုကြားရသောအခါ မင်းသားကြီးကို ပေးလိုက်ခြင်းက ပို၍ သင့်တော်မှန်း သိလိုက်ရသည်။ နောင်တွင် သူမ၌ ဤကလေး တစ်ဦးတည်းသာ ရှိတော့မည်ဖြစ်ရာ၊ ဝမ်မိန်ရန်သည် မင်းသားကြီးကို အစွမ်းကုန် ဂရုစိုက် ပြုစုပျိုးထောင်ပေးမည်မှာ သေချာလှပေသည်။ ၎င်းမှာ တစ်ချက်ခုတ် လေးငါးချက် ပြတ်သည့် နည်းလမ်းပင်။

တတိယမင်းသမီးကို ရှူးဖေးအား ပြုစုခိုင်းခြင်းမှာလည်း သင့်တော်လှသည်။ အကြောင်းကတော့ ရှူးဖေးသည် လက်ရှိကိုယ်လုပ်တော်များထဲတွင် ရာထူးအမြင့်ဆုံး ဖြစ်နေသဖြင့်၊ သူမအား ကလေးတစ်ဦး ထပ်ပေးခြင်းမှာလည်း ဂုဏ်သိက္ခာအရလိုက်ဖက်လှပေတော့သည်။

***

All Chapters