အခန်း (၃၅၅-၃၅၆)
Vol. 23 Ch. 355-356
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-355
အခန်း ၃၅၅ ။ နှိမ့်ချခြင်း
ကလေးများ၏ အုပ်ထိန်းခွင့်ကို အတည်ပြုပြီးနောက်၊ မကြာမီမှာပင် ဝမ်ရှီအား ရှို့ယီရာထူးသို့ တိုးမြှင့်ပေးလိုက်သည်။ အကြောင်းကတော့ ကျိုဖင်အဆင့်မြင့်ကိုယ်လုပ်တော် စာရင်းဝင်မှသာ ကလေးကို ကိုယ်တိုင် ပြုစုစောင့်ရှောက်ခွင့် ရှိသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် တတိယမင်းသမီးကို လက်ခံရရှိသော ရှူးဖေးသည် အလွန် ဝမ်းမြောက်နေခဲ့သည်။ သူမ၏ အမြင်တွင် ၎င်းမှာ အရှင်မင်းကြီးက သူမအပေါ် ယုံကြည်မှုရှိကြောင်းပြသခြင်းပင် ဖြစ်သည်။ သူမသည် လက်ရှိတွင် နန်းတွင်း၌ ရာထူးအမြင့်ဆုံးဖြစ်နေသဖြင့်၊ မိဖုရားခေါင်ကြီး မရှိသောယခုအချိန်တွင် မိမိအတွက် အခွင့်အရေး ရှိလာနိုင်မလားဟုပင် တိတ်တဆိတ် မျှော်လင့်နေမိသည်။
အရှင်မင်းကြီး ကိုယ်တိုင်မှာလည်း မယားငယ်မှ မွေးဖွားလာသူဖြစ်ရာ၊ တရားဝင် ဇနီးမှ မွေးသော သားကိုသာ နန်းတင်မည်ဟု အသေအချာ မပြောနိုင်ပေ။ အကယ်၍ သူမသာ မိဖုရားခေါင်ကြီး ဖြစ်လာခဲ့လျှင် နောင်တစ်ချိန်တွင် မည်သူနန်းတက်သည်ဖြစ်စေ သူမမှာ ‘မယ်တော်ကြီး’ ဖြစ်လာမည် မဟုတ်လား။ ရာထူးနိမ့်သော ကိုယ်လုပ်တော်တစ်ဦးအားမြှောက်စားကာ သားမွေးခိုင်းပြီး ထိုသားကို မိမိအသုံးချနိုင်လျှင် ပို၍ပင် ကောင်းပေဦးမည်။
မှန်ပါသည်၊ ဤကဲ့သို့သော စိတ်ကူးယဉ်မှုမျိုးမှာ ရှူးဖေး တစ်ဦးတည်းသာ ရှိနေခြင်းဖြစ်သည်။ အခြားသော ထက်မြက်သည့် ကိုယ်လုပ်တော်များမှာမူ အကယ်၍ အရှင်မင်းကြီးသည် ရှူးဖေးအား မိဖုရားခေါင်ကြီး မြှောက်ရန် စိတ်ကူးရှိခဲ့လျှင် ယခုအချိန်တွင် သူမအား ‘ကွေ့ဖေး’ ဘွဲ့ ပေးထားပြီး ဖြစ်လိမ့်မည်မှန်း သိကြသည်။ အနည်းဆုံးတော့ ‘ရှန်ဖေး’ ဘွဲ့ ပေးရမည် ဖြစ်သော်လည်း၊ သူမ၏ ရာထူးကို တစ်ချက်ကလေးမှ မလှုပ်ရှားခဲ့ပေ။ ထို့ကြောင့် အရှင်မင်းကြီးသည် သူမအားကလေးကို ပြုစုခိုင်းရုံ သက်သက်သာ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
……
၁၀လပိုင်းကုန်တွင် နန်းတော်သို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ယခုတစ်ခေါက် ပြန်လာသည်နောက်ကျခြင်းမှာ ဝမ်ရှို့ယီ၏ဆန္ဒကြောင့် ဖြစ်သည်။ သူမ၏ ကိုယ်ဝန်ပျက်ကျထားသဖြင့် ကျန်းမာရေးအတွက် ရက်တို အနားယူရန် လိုအပ်သောကြောင့်ပင်။
နန်းတော်သို့ ပြန်ရောက်သည်နှင့် နှစ်သစ်ကူးပွဲအတွက် အလျင်အမြန် ပြင်ဆင်ကြရသည်။ နင်ချန်သည် အမိန့်တစ်ခု ထုတ်ပြန်လိုက်ရာ - နောင်တွင် နန်းတွင်းရေးရာများကို ရှူးဖေး၊ ကျင်းသယ့်ဖေးနှင့် ဟွေ့ကျောင်းရုန်တို့ သုံးဦးအားပူးတွဲအုပ်ချုပ်စေသည်။
ရှူးဖေးသည် ကိုယ်လုပ်တော်များနှင့် မင်းသား၊ မင်းသမီးများ၏ လစဉ်သုံး ငွေကြေးများကို တာဝန်ယူရပြီး၊ သယ့်ဖေးသည် နန်းတွင်းအစေခံအားလုံး၏ ကိစ္စရပ်များကို တာဝန်ယူရကာ၊ ဟွေ့ကျောင်းရုန်မှာမူ အစားအသောက်နှင့် ဝယ်ယူရေးကိစ္စများကို တာဝန်ယူရသည်။ အစားအသောက် ဆိုသည်မှာအန္တရာယ် အရှိဆုံးအရာ ဖြစ်ရာ၊ ယခုအခါ ဟွေ့ကျောင်းရုန်က တာဝန်ယူလိုက်သဖြင့် ယဲ့ယွင်လည်း များစွာ စိတ်အေးသွားရသည်။
၎င်းမှာ နင်ချန်က သူမအား တမင်တကာ မျက်နှာသာပေးလိုက်ခြင်း ဖြစ်မလားဟုလည်း သူမ ဝေဝေဝါးဝါး ခန့်မှန်းမိသည်။ သို့သော် ယခုတစ်ခေါက်တွင် သူမအား အုပ်ချုပ်ရေးထဲ မဆွဲထည့်ခဲ့ပေ။ အကြောင်းကတော့ နန်းတွင်း အုပ်ချုပ်ရေးမှာရေရှည်အလုပ်ဖြစ်သောကြောင့် ဖြစ်သည်။ ယိရွှင်ရီမှာလည်းသူမနှင့် ရာထူးတန်းတူ ဖြစ်သလို၊ သားလည်း ရှိနေသဖြင့်၊ အကယ်၍ တစ်ဦးကို အာဏာပေးလျှင် ကျန်တစ်ဦးကိုလည်းပေးရပေလိမ့်မည်။ လူများလွန်းလျှင် ရှုပ်ထွေးသွားနိုင်သဖြင့် သူတို့ နှစ်ဦးလုံးကို ချန်ထားခဲ့ခြင်းက ပို၍ သင့်တော်လှပေသည်။
သို့သော် ယဲ့ယွင်မှာ တစ်ပန်းသာနေဆဲ ဖြစ်သည်။ အကြောင်းကတော့ ဟွေ့ကျောင်းရုန်မှာ သူမ၏ မဟာမိတ် ဖြစ်နေသောကြောင့်ပင်။ ယခုနှစ်တွင် နန်းတွင်း၌ အပြောင်းအလဲများရှိခဲ့သဖြင့် နှစ်သစ်ကူးပွဲကို အကျဉ်းရုံးသာ ကျင်းပခဲ့ပြီး ခဏအတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။
သို့သော် နှစ်ကုန်ပိုင်း ရာထူးတိုးမြှင့်မှုများကတော့ ထုံးစံအတိုင်း ရှိနေဆဲပင်။ ဟွေ့ကျောင်းရုန်မှာ ‘ကျောက်ယွမ်’ ၊ ယဲ့ယွင်မှာ ‘ကျောင်းရုန်’၊ ယိရွှင်ယွမ်မှာ ‘ရွှင်ရီ’၊ ချင်ဝမ်ရုန်မှာ‘မိန်ရန်’၊ ချီမိန်ရန်နှင့် ဟိုမိန်ရန်တို့မှာ ‘ကျယ်ယွီ’ ရာထူးများသို့ အသီးသီး တိုးမြှင့်ခြင်း ခံရသည်။
မယ်တော်ကြီး၏ အကာအကွယ်ကြောင့် နှစ်ပေါင်းများစွာရာထူးမတက်ခဲ့သော ချန်ကျယ်ယွီမှာမူ ယခုတစ်ကြိမ်တွင်လည်းရာထူးမတက်ခဲ့သော်လည်း၊ သူမအတွက် ဘွဲ့နာမည်တစ်ခု ရရှိခဲ့သည် - ‘ချန်း’။
‘ချန်း’ ဟူသော စကားလုံးမှာ လေးစားခြင်း၊ နှိမ့်ချခြင်းနှင့် သည်းခံခြင်းဟူသော အဓိပ္ပာယ်များ ရှိသည်။ အရှင်မင်းကြီး၏ဆိုလိုရင်းမှာ အလွန် ထင်ရှားလှပေသည်။ မယ်တော်ကြီးမှာ မကျေနပ်သော်လည်း ယခုအချိန်တွင် နင်ချန်၏အာဏာမှာ ခိုင်မြဲနေပြီ ဖြစ်သဖြင့် အောင့်သက်သက်နှင့်ပင် လက်ခံလိုက်ရတော့သည်။
ကျန်ရှိသော သူများမှာမူ ရာထူး အပြောင်းအလဲ မရှိပေ။ ၎င်းမှာအလွန် အရှက်ရဖွယ်ကောင်းသော ကိစ္စတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ချီရှီတို့နှင့်အတူ နန်းတော်ဝင်ခဲ့သော မြို့တော်ဝန်၏သမီး လီဝမ်ရုန်မှာ ယခုတစ်ခေါက် ရာထူးတိုးရာတွင် ချန်လှပ်ခံလိုက်ရခြင်းပင်။ ဒုတိယအသုတ် နန်းတော်ဝင်ခဲ့သူလေးဦးအနက် မိသားစုဂုဏ်ရှိသူများထဲတွင် သူမ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သဖြင့် သူမအတွက် များစွာ အရှက်ရစရာ ဖြစ်ခဲ့ရသည်။
နှစ်သစ်သို့ ရောက်ရှိလာသောအခါ နန်းတွင်းမှာ အလွန်ပင် ငြိမ်သက်နေခဲ့သည်။ မိဖုရားခေါင်ကြီးထံ ဂါရဝပြုရန် မလိုတော့သဖြင့် ကိုယ်လုပ်တော်များ အချင်းချင်း ဆုံတွေ့ကာရန်ဖြစ်ရမည့် အခွင့်အရေးများလည်း နည်းပါးသွားခဲ့သည်။
သို့သော် ရံဖန်ရံခါတွင် စိတ်ဝင်စားစရာ ကိစ္စအချို့တော့ ရှိနေဆဲပင်။ ဥပမာ - လွန်ခဲ့သော ရက်အနည်းငယ်က ရှူးဖေးသည် တော်ဝင်ဥယျာဉ်တွင် ကျန်းဝမ်ရုန်အား ဒူးထောက် အပြစ်ပေးခဲ့သလို၊ နောက်ရက်များတွင် ကျန်းဝမ်ရုန်၏ လစဉ်သုံးပစ္စည်းများမှာ အကြောင်းမဲ့ တစ်ဝက်ခန့် လျော့နည်းသွားခဲ့သည်။ လူတိုင်းမှာ ထိုအကြောင်းကို သိကြသော်လည်းကျန်းရှီအတွက် ဘယ်သူမှ ရှေ့ထွက် စကားမပြောပေးကြပေ။ သူမသည် ယခင်က ရှူးဖေးအား သစ္စာဖောက်ကာ မိဖုရားခေါင်ကြီးထံ ခိုလှုံခဲ့ဖူးသဖြင့် လူတိုင်း၏စက်ဆုပ်ခြင်းကိုခံထားရသူ ဖြစ်သည်။ ယခု မိဖုရားခေါင်ကြီး သေဆုံးသွားပြီဖြစ်ရာ ရှူးဖေးက သူမအား နှိပ်စက်မည်မှာ အံ့သြစရာ မဟုတ်ပေ။
မိဖုရားခေါင်ကြီး မရှိတော့သဖြင့် နင်ချန်သည် လပြည့်နေ့နှင့် လကွယ်နေ့များတွင် မိဖုရားခေါင်အဆောင်၌ သွားရောက် အိပ်စက်ရန် မလိုတော့ပေ။ ထို့ကြောင့် ယဲ့ယွင်သည် နန်းတွင်း၌ ဧကရာဇ်နှင့် အတူရှိချိန် အများဆုံးသူ အမှန်အကယ် ဖြစ်လာခဲ့သည်။ သူမ တစ်ဦးတည်းနှင့် အတူရှိသောရက်ပေါင်းမှာ ကျန်သော ကိုယ်လုပ်တော် အားလုံး ပေါင်းသည်ထက်ပင် ပိုများနေတော့သည်။
သို့သော် ဤမျှအထိ မျက်နှာသာ ပေးခံနေရသည့်ကြားမှ၊ တစ်လ၊ နှစ်လမှ တစ်ကြိမ်သာ ဧကရာဇ်နှင့် တွေ့ရသော ချင်ဝမ်ရုန်သည် ၇လပိုင်းကုန်တွင် သူမ၌ ကိုယ်ဝန် တစ်လခွဲ ရှိနေပြီဖြစ်ကြောင်း ကြေညာလိုက်တော့သည်။ တစ်ခဏချင်းမှာပင် အနောက်ဆောင်တစ်ခုလုံး၏အာရုံမှာ သူမထံသို့ ရောက်ရှိသွားတော့သည်။
ဝမ်ရှီ ကိုယ်ဝန်ရှိခဲ့ပြီးနောက် တစ်နှစ်ခန့်အကြာတွင်မှ နန်းတွင်း၌ ကိုယ်ဝန်သတင်း ပြန်လည် ထွက်ပေါ်လာခြင်းပင်ဖြစ်၏။ ချင်ဝမ်ရုန်သည် ကိုယ်ဝန်ရှိကြောင်းသိသည်နှင့် အရင်ဆုံး လုပ်ဆောင်သည့်အရာမှာ အရှင်မင်းကြီးထံ ခွင့်တောင်းကာ ကျင်းသယ့်ဖေး၏ ချုံချွေ့နန်းဆောင်သို့ ပြောင်းရွှေ့ နေထိုင်ခြင်းပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်က ဒုတိယမင်းသားအား ကယ်တင်ခဲ့ပြီးနောက် ချင်ရှီသည် သယ့်ဖေးနှင့် အမြဲ နီးစပ်ခဲ့မှန်း လူတိုင်း သိထားကြသည်။ နင်ချန်သည်လည်း သဘောတူလိုက်၏။ ကျင်းသယ့်ဖေးသည် နှစ်ပေါင်းများစွာအတွင်း အပြင်ပန်းတွင် မည်သည့် အမှားမှ မလုပ်ခဲ့ဘဲ လူကောင်းတစ်ဦးအဖြစ် နေထိုင်ခဲ့သဖြင့်၊ ချင်ဝမ်ရုန်၏ကိုယ်ဝန်အား သူမအား စောင့်ရှောက်ခိုင်းခြင်းကို သူစိတ်ချမိသည်။
….
ညနေပိုင်းတွင် နင်ချန်သည် ကျောက်ချွန်းဆောင်သို့ ရောက်လာခဲ့သည်။ လွန်ခဲ့သောနှစ်က ဥယျာဉ်ထဲတွင် ထိုကဲ့သို့သော ကိစ္စများ ဖြစ်ပွားခဲ့သဖြင့်၊ ယခုနှစ်တွင် အပန်းဖြေမသွားတော့ဘဲ နန်းတော်ထဲ၌သာ နေထိုင်ခြင်း ဖြစ်သည်။
သူ ရောက်လာချိန်တွင် ယဲ့ယွင်မှာ ဆံပင် သုတ်နေသည်ကိုတွေ့လိုက်ရ၏။ စတုတ္ထမင်းသားလေးသည် နှီးဖျာပေါ်တွင် ညန်ကောင်းနှင့်အတူ လူးလှိမ့် ဆော့ကစားနေပြီး၊ ဖခင်ဖြစ်သူကို မြင်သည်နှင့် ကြမ်းပြင်ပေါ် ဆင်းကာ ပြေးလာတော့သည်။
“အဖေ!”
ဤကလေးမှာ ‘ခမည်းတော်’ ဟု ဘယ်တော့မှ မခေါ်ပေ။ ယဲ့ယွင်ကလည်း မသင်ပေးထားပေ။ ကလေးဆိုတာ ကြီးလာရင် သဘာဝအတိုင်း တတ်သွားမှာပဲဟု သူမ ယူဆထားသည်။ သို့သော် ယဲ့ယွင်တွင် အခြားသော ရည်ရွယ်ချက်လည်း ရှိနေသည်။ ‘အဖေ’ ဟု ခေါ်ခြင်းက ပို၍ ရင်းနှီးမှု ရှိစေသလို၊ ကလေး၏စိတ်ကို ဖြူစင်စေသည်။ ငယ်ငယ်လေးနှင့် စည်းကမ်းတွေကြားမှာ ပိတ်လှောင်ထားလျှင် သားအဖသံယောဇဉ်မှာ စိမ်းသက်သွားနိုင်သည် မဟုတ်လား။
အမှန်တကယ်ပင် ယဲ့ယွင်၏အကွက်မှာ အလွန်အလုပ်ဖြစ်ခဲ့သည်။ နင်ချန်သည် သူ့သားငယ်လေး၏ တက်ကြွရင်းနှီးမှုကို များစွာ သဘောကျနေခဲ့သည်။ တခြားနေရာများသို့သွားလျှင် ကလေးများမှာ စည်းကမ်းနှင့်အညီ နေထိုင်ကြသဖြင့် ချစ်စရာကောင်းသော်လည်း၊ အနည်းငယ်တော့ စိမ်းသက်မှု ရှိနေတတ်သည်။ စတုတ္ထမင်းသားလေးကဲ့သို့ သဘာဝကျပြီး ရဲရင့်သော အပြုအမူမျိုး မရှိကြပေ။
နင်ချန်က သားဖြစ်သူကို ပွေ့ချီလိုက်ကာ ပြုံးလျက် မေးသည် - “ကျင့်အာ... ဘာတွေ လုပ်နေတာလဲ”
“ကစားစရာတွေနဲ့ ဆော့နေတာ” စတုတ္ထမင်းသားလေးက သွားလေးတွေ ပေါ်အောင် ရယ်ပြရင်း နှီးဖျာပေါ်မှ ပစ္စည်းများကိုလက်ညှိုးထိုးပြကာဖြေရှာသည်။
“ညန်ကောင်းနဲ့ အတူတူ ဆော့တာ”
ထိုအချိန်တွင် ညန်ကောင်းကလည်း သူ့အမည် ခေါ်သည်ကိုသိသဖြင့် ‘ဝေါင်ဝေါင်’ ဟု အသံပေးကာ ပြန်ထူးလေသည်။
“ကောင်းပြီ... သွားဆော့တော့နော်” နင်ချန်က သားဖြစ်သူ၏ ခေါင်းလေးကို ပွတ်သပ်ကာ နှီးဖျာပေါ်သို့ ပြန်တင်ပေးလိုက်သည်။ ထို့နောက် သူသည် ယဲ့ယွင်၏အနားသို့ သွားကာထိုင်လိုက်သည်။
“ဘာလို့ အခုမှ ခေါင်းလျှော်နေတာလဲ”
“ကျင့်အာနဲ့ ဆော့ပေးရင်း ချွေးတွေ ထွက်လာလို့ အခုမှ လျှော်လိုက်တာပါ” ယဲ့ယွင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး - “ကြည့်ရတာ ညန်ကောင်း တစ်ကောင်တည်းပဲ သူ့ရဲ့ အနိုင်ကျင့်တာကို ခံနိုင်ရည် ရှိတာထင်ပါရဲ့။”
နင်ချန်မှာ မတတ်သာသလို သက်ပြင်းချမိသည်။ နန်းတွင်းထဲတွင်ကလေးကို ခွေးနဲ့ အမြဲ ပေးဆော့နေသူမှာ သူမ တစ်ဦးတည်းသာ ရှိပေလိမ့်မည်။ ထိုစကားကို သူ ယခင်က ပြောဖူးသော်လည်း ယဲ့ယွင်၏ ရှင်းပြချက်ကို သူ နားယောင်သွားခဲ့ရာ၊ ယခုတော့ ထပ်မပြောတော့ဘဲ လွှတ်ထားလိုက်တော့သည်။
သူက တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ရေရွတ်လိုက်သည်။
“ဒီခွေးကို ယိရွှင်ရီ (ယခင် ယိရွှင်ယွမ်) တတိယမင်းသား ကိုယ်ဝန်ရှိတုန်းက ကျန်း မင်းကို လက်ဆောင်ပေးခဲ့တာ မဟုတ်လား။ တွက်ကြည့်ရင် ဒီခွေးလည်း အခု အသက် ၅ နှစ် ရှိပြီပေါ့”
“ဟုတ်ပါတယ်၊ ခွေးသက်တမ်းနဲ့ဆိုရင်တော့ သက်လတ်ပိုင်းရောက်နေပါပြီ” ယဲ့ယွင်က ညန်ကောင်း ကို လှမ်းကြည့်ကာ မေတ္တာအပြည့်ဖြင့်ပြောလိုက်သည်။
“သေသေချာချာ ကျွေးမွေးရင်တော့ နောက်ထပ် ဆယ်နှစ်ကျော်အထိ နေနိုင်မှာပါ။ ကြည့်ရတာ သူက ကျန်းမာနေဆဲပဲ၊ ကျင့်အာ ကြီးပြင်းတဲ့အထိ အတူရှိပေးနိုင်မှာပါ”
သို့သော် တစ်နေ့တွင်တော့ ခွဲခွာရမည်မှာ သေချာလှပေသည်။ ထိုအချိန်ကျလျှင် သူမရော ကျင့်အာပါ အတော်လေးစိတ်မကောင်း ဖြစ်ကြရပေလိမ့်မည်။ ၎င်းမှာ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၏ နာကျင်
စရာ အချက်ပင် ဖြစ်သည်။
သို့သော် နင်ချန် ဤနေရာသို့လာရခြင်းမှာ ခွေး၏သက်တမ်းအကြောင်း ပြောရန် မဟုတ်ပေ။ သူ၏ အကြည့်မှာ ယဲ့ယွင်၏ ဗိုက်ထံသို့ ရောက်ရှိသွားကာ ချောင်းတစ်ချက် ဟန့်လိုက်သည်။
“ကျင့်အာလည်း ကြီးလာပြီ၊ အခုဆို နှစ်နှစ်တောင် ရှိတော့မယ်။ ချင်းချင်းအနေနဲ့ ကျန်းအတွက် နောက်ထပ် ကလေးတစ်ယောက် ထပ်ယူပေးပါဦးလား။”
ယဲ့ယွင်၏ နှုတ်ခမ်းထောင့်များမှာ တစ်ခဏအတွင်း တောင့်တင်းသွားကာ၊ မျက်နှာတွင်လည်း ရှက်သွေးဖြာသွားတော့သည်။ သူမက အတင်း တည်ငြိမ်ဟန်ဆောင်ကာ ပြန်ဖြေလိုက်သည်။
“သားသမီးကိစ္စဆိုတာ ကောင်းကင်ဘုံရဲ့ အလိုအတိုင်းပါပဲရှင်။ ကံပါလာရင်တော့ သဘာဝအတိုင်း ရလာမှာပေါ့”
စိတ်ထဲတွင်မူ တိုင်းပြည်၏ဧကရာဇ်ဖြစ်သူမှာ... အရင်ကထက် ပိုပြီးအရှက်မရှိ ဖြစ်လာပြီး အစေခံတွေ ရှေ့မှာတောင် ထိုစကားများကို ပြောနေသည် ဟု ကျိန်ဆဲနေမိတော့သည်။ အခန်းထဲရှိအစေခံများမှာမူ မိမိတို့ သခင်မ အချစ်ခံရသည်ကို မြင်ရသဖြင့် သဘောကျကာ ခေါင်းငုံ့ပြီး ပြုံးနေကြတော့လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-356
အခန်း ၃၅၆ ။ ဖားယားခြင်း
“အရှင်က ချန်းချဲ့ကိုပဲ စိုက်ကြည့်နေတာဘာသဘောလဲ၊ အနောက်ဆောင်မှာမိန်းကလေးကချန်းချဲ့တစ်ယောက်တည်းရှိတာကျလို့။”ယဲ့ယွင်က တမင်စနောက်လိုက်သည်။
“နောက်ဆုံးတစ်ခေါက် နန်းတွင်းသူ ရွေးချယ်ပွဲလုပ်တာက ချန်းချဲ့ ကျင့်အာ (စတုတ္ထမင်းသား) ကို ကိုယ်ဝန်ရှိစနှစ်ကလေ။ အခု ကျင့်အာတောင် နှစ်နှစ်ရှိပြီဆိုတော့ သုံးနှစ်ပြည့်တဲ့ နောက်နှစ်မှာ နောက်တစ်ကြိမ် ရွေးချယ်ပွဲ ပြန်လုပ်ရတော့မှာပေါ့”
“ဒီစကားက ဘာလို့ အချဉ်နံ့ (သဝန်တို) ထွက်နေရတာလဲ” နင်ချန်က ရယ်မောရင်း ဘေးမှ အမျိုးသမီး၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ယဲ့ယွင်က သူ့ကို မျက်စောင်းထိုးကာ နှာခေါင်းရှုံ့လိုက်သည်။
“သဝန်တိုတော့ ဘာဖြစ်လဲ၊ သဝန်တိုခွင့် မရှိဘူးလား။ ချန်းချဲ့က အဲဒီလိုမျိုး သဘောထားကြီးဟန်ဆောင်တတ်တဲ့ လူစားမျိုး မဟုတ်ဘူးနော်”
ယခုအချိန်တွင် နင်ချန်မှာ အလွန်ပင် ငယ်ရွယ်နုပျိုဆဲဖြစ်ပြီး လူပျိုဖော်အင်အား အပြည့်ရှိသည့် အရွယ်ဖြစ်ရာ၊ ဤရွေးချယ်ပွဲမှာ သူကိုယ်တိုင် ရပ်တန့်ရန် မပြောသရွေ့ ဆက်လက်ကျင်းပနေဦးမည် ဖြစ်သည်။ ဧကရာဇ်ဟောင်းလက်ထက်က အသက် လေးဆယ်ကျော်မှသာ ရွေးချယ်ပွဲများ ရပ်နားခဲ့ခြင်း ဖြစ်၏။ နင်ချန်မှာ အသက် သုံးဆယ်ပင် မပြည့်သေးရာ အသက်လေးဆယ်အထိ ရွေးချယ်မည်ဆိုလျှင်ပင် နောက်ထပ် ဆယ်နှစ်ကျော်၊ လေးကြိမ်ခန့် ရွေးချယ်ရဦးမည်ဖြစ်သည်။
နန်းတော်ထဲသို့ လူသစ်များ ဝင်လာတော့မည်ကို တွေးမိသောအခါ ယဲ့ယွင် စိတ်ထဲတွင် သိပ်မသက်သာလှပေ။ အမှန်တကယ် သဝန်တိုခြင်း ဟုတ်မဟုတ်ထက်၊ လူသားတို့၏သဘာဝအရ မိမိ ပတ်ဝန်းကျင်ရှိ အရာများကို ရင်းနှီးကျွမ်းဝင်ပြီး ထိန်းချုပ်ထားလိုကြသည်။ လူသစ်များ ဝင်လာခြင်းမှာ မရေရာသော အခြေအနေများ များစွာဖြစ်ပေါ်လာနိုင်သည်ဟု အဓိပ္ပာယ်ရသည်။ နင်ချန်က ယခု သူမကို အလွန်အမင်း ချစ်မြတ်နိုးနေသော်လည်း နောင်ဆယ်စုနှစ်များစွာအထိ တစ်ဘဝလုံး မျက်နှာသာပေးခံရမည်ဟု သူမ မအာမခံဝံ့ပေ။
“တော်ဝင်ရွေးချယ်ပွဲဆိုတာ မျိုးဆက်သစ်တွေ ပြန့်ပွားဖို့နဲ့ ထီးနန်းကို ဆက်ခံမယ့်သူတွေ ရှိနေစေဖို့ လုပ်တာပါ။ အခု ကျန်းမှာ သားလေးယောက်၊ သမီးသုံးယောက် ရှိနေပြီဆိုတော့ လူအများကြီး ခေါ်ဖို့ မလိုတော့ဘူး။ တိုင်းပြည်တည်ငြိမ်ဖို့အတွက်ပဲ အရာရှိကြီးတွေရဲ့မိသားစုထဲက ကောင်းမွန်တဲ့သူ တစ်ဦး နှစ်ဦးလောက်ကိုပဲ တိုက်ရိုက်ရွေးလိုက်ရင် ရပါပြီ”
နင်ချန်က နူးညံ့စွာ ပြောလိုက်သည်။
သူကိုယ်တိုင်ကလည်း မိန်းမလိုက်စားသူ မဟုတ်သဖြင့် နန်းဆောင်တစ်ခုလုံးကို မိန်းမများနှင့် ပြည့်နှက်နေစေရန် မလိုအပ်ပေ။ ထို့အပြင် ရှေ့က ရှဲ့ရှီ (မိဖုရားခေါင်ကြီး) နှင့် ယောင်ရှီ (ယောင်ရှန်း) တို့၏ ဖြစ်ရပ်များကြောင့် နန်းတွင်းရှိ မနာလို အကွက်ချမှုများကို သူ အလွန်ပင် စက်ဆုပ်ရွံရှာနေမိသည်။ လူများလေလေ ညစ်ပတ်သော ကိစ္စများ ပိုများလေလေဖြစ်သောကြောင့် ကိုယ်လုပ်တော်များကိုလျော့ချရန်စဉ်းစားခဲ့သည်။
“ကျန်း အမတ်ကြီးတွေနဲ့ တိုင်ပင်ပြီးပါပြီ၊ နောက်နှစ်ရွေးချယ်ပွဲကိုအကြီးအကျယ် မလုပ်တော့ဘူး။ အမတ်တွေရဲ့ အိမ်ကနေ အကျင့်စာရိတ္တ ကောင်းတဲ့သူတွေကိုပဲ ရွေးလိုက်မယ်။ ရုပ်ရည်နဲ့ ပညာထက် စိတ်ထားကောင်းဖို့က ပိုအရေးကြီးတယ်”
ဤသည်မှာ အရေးကြီးသော အုပ်ချုပ်ရေးကိစ္စဖြစ်သဖြင့် ယဲ့ယွင်သည်လည်း ဆိုးနွဲ့နေခြင်းကို ရပ်တန့်ကာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ၊ ကိုယ်လုပ်တော်ရွေးချယ်ပွဲဆိုမှတာ အသုံးစရိတ် အရမ်းများတာပဲ။ မလုပ်ဖြစ်တော့ရင်လည်း ငွေကုန်ကြေးကျ သက်သာတာပေါ့”
နင်ချန်က သူမကို ပြုံး၍ ကြည့်လိုက်သည်။
“ချင်းချင်းက ဒီနှစ်ပိုင်းအတွင်းမှာ အိမ်ထောင်ဦးစီး ကောင်းတစ်ယောက်နဲ့ ပိုတူလာပြီပဲ၊ ကြီးပြင်းလာပြီပေါ့”
ဤကဲ့သို့ စနောက်မှုကြောင့် ယဲ့ယွင်က သူ့ကို မျက်စောင်းထိုးပြန်သည်။ သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် စတုတ္ထမင်းသားလေးမှာ မနေနိုင်တော့ဘဲ အဖေနှင့်အမေကို အတူတူ ဆော့ကစားရန် ဆွဲခေါ်တော့သည်။ ကလေးနှင့် တစ်ခါမှ မဆော့ဖူးသော နင်ချန်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း ယဲ့ယွင် သွားသည်ကို မြင်သောအခါ သူလည်း လိုက်သွားခဲ့သည်။ ကလေးတစ်ယောက်နှင့် အတူရှိခြင်းမှာ စကားပြောခြင်း၊ အရုပ်ဆက်ခြင်းတို့သာဖြစ်သော်လည်း ၎င်းမှာ အလွန်ပင် အေးချမ်းလှပေသည်။ မိသားစု သုံးဦးသား ဤသို့ဖြင့် တစ်မွန်းလွဲလုံးကို ကုန်ဆုံးစေခဲ့သည်။
အခြားတစ်ဖက်တွင် ချင်ဝမ်ရုန်သည် ညစာစားချိန်၌ ကျင်းသယ့်ဖေး၏ ချုံချွေ့နန်းဆောင်သို့ ပြောင်းရွှေ့ပြီးဖြစ်ရာ ကျင်းသယ့်ဖေးနှင့်အတူ ထမင်းစားနေသည်။
“မင်း ဘာကြိုက်တတ်မှန်း မသိလို့ ငါ့အကြိုက်အတိုင်းပဲ စားဖိုဆောင်ကို လုပ်ခိုင်းလိုက်တာ။ ဒါတွေက ကိုယ်ဝန်ဆောင်တွေ စားလို့ရတဲ့ အရာတွေချည်းပါပဲ” ကျင်းသယ့်ဖေးက ပြုံးလျက် ဆိုသည်။
ချင်ရှီက အသာအယာ ခေါင်းညိတ်သည်။
“ချန်းချဲ့က မယ်မယ့်ဆီကို လာခိုလှုံတာဆိုတော့ အစစအရာရာ မယ်မယ် စဉ်တဲ့အတိုင်းပါပဲ။ မယ်မယ့်ရဲ့ အကာအကွယ်ရှိမှသာ ချန်းချဲ့နဲ့ ဗိုက်ထဲကကလေး ဘေးကင်းနိုင်မှာပါ”
ဤကဲ့သို့ လိမ္မာယဉ်ကျေးသော အပြုအမူကို ကျင်းသယ့်ဖေးက ကျေနပ်ပုံရသည်။ သူမသည် ဟင်းတစ်လုပ်ကို ချင်
ရှီ၏ပန်းကန်ထဲသို့ ကိုယ်တိုင် ထည့ပေးလိုက်ကာ အသိအမှတ်ပြုသည့်အနေဖြင့်ပြောလိုက်သည်။
“မင်းက ထက်မြက်ပါတယ်။ ငါလည်း အများကြီး မှာစရာမရှိဘူး။ မင်းသာ အေးအေးဆေးဆေး နေမယ်ဆိုရင် ငါ မင်းကို အစွမ်းကုန် ကာကွယ်ပေးပါ့မယ်။ ဒါက ဒုတိယမင်းသားကို ရေထဲက ကယ်ပေးခဲ့တဲ့ မင်းရဲ့ကျေးဇူးကို ဆပ်တာလို့ပဲ သတ်မှတ်လိုက်ပါ”
“မယ်မယ့် စကားက အရမ်းလေးလံလွန်းပါတယ်။ ချန်းချဲ့ မခံယူဝံ့ပါဘူး” ချင်ရှီက ချက်ချင်း မျက်လွှာချလိုက်သည်။ ပြီးနောက် သူမသည် ထရပ်ကာ ဂါရဝပြုလိုက်သည်။
“ဒုတိယမင်းသားလေးက တော်ဝင်
သွေးသားဖြစ်လို့ မြင့်မြတ်ပါတယ်။ ချန်းချဲ့က လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာမို့ ကျေးဇူးတင်စကား ပြောစရာ မလိုပါဘူး။ တကယ်တမ်း ကျေးဇူးတင်ရမှာက ချန်းချဲ့နဲ့ ဗိုက်ထဲကကလေးကို နောင်မှာ စောင့်ရှောက်ပေးမယ့် မယ်မယ့်ကိုပါ”
ကျင်းသယ့်ဖေးက ပြုံးလျက် လက်ယမ်းပြသည်။
“ကောင်းပြီ၊ ထိုင်ပါ၊ အားနာမနေနဲ့။ စားသောက်ပြီးရင် အခန်းပြန်ပြီး ကောင်းကောင်း အနားယူလိုက်တော့”
….
ချင်ဝမ်ရုန် ခေါင်းညိတ်ပြကာ ထမင်းကို ဆက်စားလိုက်သည်။ နာရီဝက်ခန့်အကြာ မိမိအဆောင်သို့ ပြန်ရောက်သောအခါမှ သူမ အမှန်တကယ် စိတ်ပေါ့ပါးသွားတော့သည်။ အနီးကပ် နန်းတွင်းသူ ဖိန်ချူးက သူမအား ပြုစုပေးရင်း တိုးတိုးလေး ဆိုသည် ။
“ဝမ်ရုန်မှာ သယ့်ဖေးမယ်မယ်ရဲ့ အကာအကွယ် ရှိသွားပြီဆိုတော့ အခုမှပဲ စိတ်အေးရပါတော့တယ်”
ရာထူးနိမ့်သော ကိုယ်လုပ်တော်တစ်ဦးအဖို့ နန်းတွင်း၌ ကလေးတစ်ယောက်ကို ဘေးကင်းစွာ မွေးဖွားရန်မှာ မလွယ်ကူပေ။
“ဟုတ်တယ်၊ အနည်းဆုံးတော့ ငါ့ကိုကလေး ဘေးကင်းစွာမွေးနိုင်အောင် ကာကွယ်ပေးနိုင်မှာပါ” ချင်ရှီက မျက်လွှာချလိုက်သည်။
ကလေးမွေးပြီးလျှင် ဘယ်သူက ပြုစုစောင့်ရှောက်မလဲဆိုသည်မှာတော့ မရေရာသေးပေ။ ကျင်းသယ့်ဖေးမှာ ကြင်နာတတ်ပြီး နူးညံ့ဟန်ရှိသော်လည်း၊ သူမနှင့် အမြဲထိတွေ့နေရသော ချင်ရှီကတော့ ထိုအမျိုးသမီးမှာ အပေါ်ယံမြင်ရသလောက် မရိုးရှင်းဘဲ အလွန်ပင် နက်နဲသူဖြစ်ကြောင်း ခံစားမိသည်။ ယခုအချိန်တွင် သူမသည် နန်းတွင်း၌ ဖြူစင်ရိုးသားသူရှိသည်ဟု လုံးဝ မယုံကြည်တော့ပေ။ ကျင်းသယ့်ဖေးက သူမကို ကူညီသည်မှာလည်း သူမထံမှ တစ်စုံတစ်ခု အကျိုးအမြတ် ရနိုင်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။
…..
ချင်ဝမ်ရုန် ကိုယ်ဝန်ရှိခြင်းမှာ လူအများအပြားကို စိတ်လှုပ်ရှားစေခဲ့သည်။ ထိုအထဲတွင် ကိုယ်ဝန်မရသေးသော ကိုယ်လုပ်တော်များအပြင် စိတ်အနာကျင်ရဆုံးမှာ ဝမ်ရှို့ယီပင် ဖြစ်၏။ သူမသည် ကိုယ်ဝန်ရှိခဲ့ဖူးသော်လည်း လုပ်ကြံခံရသဖြင့် ပျက်ကျခဲ့ရုံတင်မကဘဲ နောင်တွင်လည်း ကလေးမရနိုင်တော့သူ ဖြစ်သည်။
ယနေ့ ချင်ဝမ်ရုန် ကိုယ်ဝန်ရှိသည့် သတင်းကို ကြားရသောအခါ သူမသည် ငြိမ်သက်စွာဖြင့် အကြာကြီး ထိုင်နေခဲ့မိသည်။ မမွေးဖွားနိုင်ခဲ့သော သူမ၏ကလေးကို သတိရကာ ရင်ထဲတွင် နာကျည်းမှုများ ပြည့်နှက်နေတော့သည်။ လွန်ခဲ့သော တစ်နှစ်အတွင်း မင်းသားကြီးမှာ သူမနှင့် ရင်းနှီးလာခဲ့သော်လည်း နောက်ဆုံးတွင်တော့ သွေးသားရင်း မဟုတ်ပေ။
တွေးလေ နာကျင်လေ ဖြစ်လာသဖြင့် သူမသည် နန်းပြင်ရှိ ဝမ်မိသားစုထံသို့ စကားပါးလိုက်သည်။ ထို့ကြောင့် မကြာမီမှာပင် လင်နန်ဒေသသို့ ပြည်နှင်ဒဏ်ပေးခံထားရသော ရှဲ့မိသားစုနှင့် အနောက်မြောက်ဒေသရှိ ယောင်မိသားစုတို့မှာ ဝမ်မိသားစု၏လက်ချက်ဖြင့် ထပ်မံ နှိပ်စက်ခြင်း ခံရတော့သည်။
အမှန်စင်စစ် ဤမိသားစု နှစ်ခုမှာ အလွန်ပင် ပျက်စီးနေပြီဖြစ်သည်။ ရှဲ့မိသားစုတွင် မိဖုရားခေါင်ကြီး၏ မောင်လေး နှစ်ယောက်သာ အသက်ရှင်ကျန်တော့ပြီး ကျန်သူများမှာ ရောဂါဖြင့် သေဆုံးကုန်ကြသည်။ ယောင်မိသားစုမှာမူ သတ္တမအဆင့် အရာရှိငယ်လေးအဖြစ်နှင့် အနည်းငယ် တောင့်ခံထားနိုင်သည်။ သို့သော် ထိုဒေသမှာ အလွန်ပင် ဆင်းရဲလှသဖြင့် ယောင်မိသားစုမှ အစေခံများပင် ယခင်ကထက် ပို၍ စားဝတ်နေရေး ခက်ခဲနေကြသည်။
ထို့ပြင် ယောင်ရှန်း၏ဖခင်သည် သူ၏ ဒုတိယသားမှာ မိသားစုအတွက် ဘေးဥပဒ် ဖြစ်ကြောင်း၊ တစ်နေ့တွင် ယောင်မိသားစုတစ်စုလုံးကို ဖျက်ဆီးလိမ့်မည် ဖြစ်ကြောင်း နောက်ဆုံး၌ သိမြင်သွားခဲ့သည်။ သူ အိုမင်းသွားပြီး မစီမံနိုင်တော့သည့် အချိန်တွင် မြေးဖြစ်သူမှာ ငယ်သေးသဖြင့် ဒုတိယသားသာ စိတ်ဓာတ်မမှန်လျှင် ယောင်မိသားစု ပြန်လည် ထူထောင်နိုင်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် အနောက်မြောက်သို့ ရောက်ပြီး မကြာမီမှာပင် သူသည် ဆေးတစ်ခွက်ဖြင့် သူ၏သား ယောင်ရှင်းကို ကိုယ်တိုင် အဆိပ်ခတ် သတ်လိုက်တော့သည်။
ယခုအခါ ယောင်မိသားစုသည် ယောင်ရွှီ၏ သားကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပြီး နောင်တစ်ချိန်တွင် ဂုဏ်တက်လာမည့်နေ့ကိုသာ မျှော်လင့်နေကြရသည်။ အရာရှိစာမေးပွဲစနစ် ရှိနေသရွေ့ ပညာတတ်များအတွက် လမ်းစမှာ လုံးဝ ပျောက်ကွယ်သွားမည် မဟုတ်ပေ။
…..
အချိန်များ ကုန်လွန်သွားရာ ၁၀လပိုင်းသို့ ရောက်ရှိလာခဲ့သည်။ ယဲ့ယွင်၏ မွေးနေ့ နီးကပ်လာပြီ ဖြစ်၏။ ယခုအခါ သူမသည် နန်းတွင်းတစ်ခုလုံးတွင် ဧကရာဇ်၏ အချစ်ဆုံးဟု ဆိုနိုင်ရာ၊ မွေးနေ့မရောက်သေးမီမှာပင် နေရာအနှံ့မှ လူများက နည်းမျိုးစုံဖြင့် ဖားယားရန် ကြိုးစားလာကြသည်။
နန်းတွင်းထဲတွင်သာမကဘဲ အံ့သြစရာ ကောင်းသည်မှာ အပြင်ဘက်မှ အစိုးရအရာရှိ အချို့ပင်လျှင် လမ်းကြောင်းမျိုးစုံ ရှာဖွေကာ နန်းတွင်းသို့ လက်ဆောင်များ ပေးပို့လာကြခြင်း ဖြစ်သည်။ ယဲ့ယွင်ကတော့ လုံးဝ လက်မခံဘဲ ထိုသူများထံသို့သာ လက်ဆောင်များကို မူလအတိုင်း ပြန်ပို့ခိုင်းလိုက်သည်။
ဤသည်မှာ အရေးကြီးသော ကိစ္စဖြစ်ကြောင်း သူမ သတိပြုမိသဖြင့် နန်းပြင်ရှိ မိသားစုထံသို့ စာရေးကာ မည်သည့် လက်ဆောင်ကိုမျှ မရယူရန် အထူး မှာကြားလိုက်သည်။ ယဲ့မိသားစုနှင့် ချူမိသားစုတို့ထံသို့လည်း လက်ဆောင်လာပေးသူများ ရှိနေခဲ့သည်။ စုန့်မိသားစုသို့ လက်ထပ်သွားသော ညီမဝမ်းကွဲ ယဲ့လျန်ထံသို့ပင် ယဲ့ယွင်နှင့် အဆက်အသွယ်ရရန် လူများက လာရောက် ချဉ်းကပ်ခဲ့ကြသည်။
သို့သော် ယဲ့ယွင် မှာကြားစရာမလိုဘဲ မိသားစုဝင်အားလုံးမှာ သတိကြီးစွာ ထားနေကြသည်။ နှစ်ရှည်လများ ခင်မင်လာသော မိတ်ဆွေရင်းများ၏ လက်ဆောင်မှလွဲ၍ ကျန်သော လက်ဆောင်အားလုံးကို လုံးဝ လက်မခံကြပေ။ ယခုအခါ ယဲ့မိသားစုနှင့် ချူမိသားစုတို့မှာ ယဲ့ယွင်၏ ရာထူးတိုးတက်လာမှုနှင့်အတူ လူအများ၏ အာရုံစိုက်မှုကို ပိုမိုခံလာရသဖြင့်၊ နန်းတွင်းရှိ ယဲ့ယွင်နှင့် စတုတ္ထမင်းသားလေးအား ထိခိုက်မှုမရှိစေရန် အမှားအယွင်း တစ်စုံတစ်ရာမရှိစေရန် အထူး သတိပြုနေကြတော့လေသည်။
***