အခန်း (၃၅၇-၃၅၈)
Vol. 23 Ch. 357-358
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-၃၅၇
အခန်း ၃၅၇ ။ မိုင်းနင်းမိခြင်း
၁၀လပိုင်း (၁၈) ရက်နေ့၊ ယဲ့ယွင်၏မွေးနေ့။
ယခုအခါ သူမသည် ကျောင်းရုန်ရာထူးတွင် ရှိနေပြီဖြစ်ရာ မွေးနေ့ပွဲ မကျင်းပဘဲ နေ၍မရသဖြင့် အကျဉ်းရုံး စီစဉ်လိုက်ရသည်။ ထိုနေ့တွင် စားပွဲအနည်းငယ် ခင်းကျင်းကာ နန်းတွင်းရှိ ကိုယ်လုပ်တော် အားလုံးကို ဖိတ်ကြား၍ စပျစ်ရည် တည်ခင်းဧည့်ခံခဲ့သည်။
နံနက်ပိုင်းတွင် ဟွေ့ကျောင်းယွမ်သည် ဒုတိယမင်းသမီးလေးကို ခေါ်ဆောင်ကာ အရင်ဆုံး ရောက်ရှိလာသည်။ ယခုအခါ စတုတ္ထမင်းသားလေးနှင့် ဒုတိယမင်းသမီးလေးမှာ အလွန်ရင်းနှီးကြပြီး အမြဲတမ်း အတူဆော့ကစားလေ့ရှိရာ၊ ယခုလည်း ရောက်သည်နှင့် နှစ်ဦးသား ပူးကပ်သွားကြတော့သည်။ ဒုတိယမင်းသမီးမှာ စတုတ္ထမင်းသားထက် သုံးနှစ်ခန့် ပိုကြီးသဖြင့် မမတစ်ယောက်ပီပီ ကလေးကို ချော့မြှူနေသည်မှာ ကြည့်ကောင်းလှပေသည်။
မကြာမီမှာပင် ကျိုးမိန်ရန်နှင့် ကျန့်ဝမ်ရုန်တို့လည်း ရောက်လာကြသည်။ ရင်းနှီးသူများ အတူထိုင်ကာ စကားပြောနေစဉ် ကျန်သောသူများလည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြ၏။
"မင်ကျောင်းရုန်ရဲ့ဆံထိုးက ရွှေနဲ့ကျောက်စိမ်းကို ပေါင်းစပ်ထားတာပဲ။ ရွှေကို နန်းဆွဲပြီး နွယ်ပင်ပုံစံ လုပ်ထားတာ တကယ်ကို လှပလွန်းတယ်" ယိရွှင်ရီက ပြုံးလျက် ဆိုသည်။
လီဝမ်ရုန်က သူမ၏ဘေးမှနေ၍ ဝင်
ပြောသည်။ "ဟုတ်ပါ့ရှင် ပုံစံလှတာတင်
မကဘဲ ရွှေနန်းဆွဲတဲ့ နည်းပညာက အရမ်းခက်ခဲတာလေ။ ဆံထိုးပေါ်က ကျောက်စိမ်းကလည်း အကောင်းဆုံး သိုးဆီကျောက်စိမ်းပဲ။ ဒီဆံထိုးတစ်ချောင်းတည်းတင် တန်ဖိုးက မနည်းလှဘူး"
ထိုသို့ ပြောလိုက်သဖြင့် လူတိုင်း၏အကြည့်မှာ ယဲ့ယွင်ထံသို့ စုပြုံရောက်ရှိသွားသည်။ ယိရွှင်ရီက လက်ဖက်ရည်တစ်ငုံသောက်ကာ သက်ပြင်းချလိုက်သည်။
"အို... တကယ် ငွေကြေးပြည့်ဝတဲ့မိသားစုနောက်ခံရှိတာကောင်းတာပဲ။ တို့တွေလို နန်းတွင်းက လစဉ်သုံးငွေလေးနဲ့ ရုန်းကန်နေရတဲ့သူတွေကတော့ ဒီလောက်အထိ လက်ဖက်ရည်မသောက်နိုင်ဘူး။ ဆံထိုးဆိုတာလည်း လိုချင်တိုင်း ရတာမှမဟုတ်ဘဲ။ ကျောက်ချွန်းဆောင်က အစေခံတွေတောင် ဆုငွေအများဆုံး ရကြတာဆိုတော့လေ"
"ဒါက မိသားစုကြောင့်တင် မဟုတ်နိုင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ နန်းပြင်က အမတ်ကြီးတွေက မင်ကျောင်းရုန်ရဲ့ မွေးနေ့အတွက် လက်ဆောင်တွေ လာပို့ကြတယ်လို့ ချန်းချဲ့ ကြားမိသား" လီဝမ်ရုန်က ပြုံးစိစိဖြင့် စကားနာထိုးလိုက်သည်။
ယဲ့ယွင်သည် သူတို့က ငြူစူစကား အနည်းငယ် ပြောမည်ဟု ထင်ထားသော်လည်း၊ ယခုမူ စကားကို လှည့်ပတ်ပြီး သူမအပေါ် အပြစ်ပုံချရန် ကြိုးစားနေမှန်း သိလိုက်ရသည်။ ကိုယ်လုပ်တော်များက နန်းပြင်အရာရှိများနှင့် ပူးပေါင်းကာ လက်ဆောင်ယူခြင်းမှာ နန်းတွင်း၏ ကြီးမားသော တားမြစ်ချက်ပင် ဖြစ်၏။
ဤကိစ္စကို လီရှီ သိနေခြင်းမှာ ကျောက်ချွန်းဆောင်မှ လူများ နှုတ်မလုံခြင်း သို့မဟုတ် နန်းပြင်မှ သတင်းပေါက်ကြားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ သို့သော် ကျောက်ချွန်းဆောင်မှ လူများမှာ စည်းကမ်းကြီးသဖြင့် နန်းပြင်မှ ပေါက်ကြားခြင်းဖြစ်မည်မှာ သေချာသလောက်ပင်။
"လီဝမ်ရုန်က ငါ့ရဲ့အကြောင်းကို တော်တော် စိတ်ဝင်စားတာပဲနော်။ အပြင်လူတွေရဲ့ လက်ဆောင်ကို ငါပြန်ပို့လိုက်တာကိုတောင် သိနေတာဆိုတော့၊ နန်းတွင်းကိုလည်း စောင့်ကြည့်ရ၊ နန်းပြင်ကိုလည်း မျှော်ကြည့်ရနဲ့ တကယ်ကို ပင်ပန်းနေမှာပဲ" ယဲ့ယွင်က အေးစက်စက် ပြောလိုက်သည်။
သူမသည် ထိုဘက်သို့ လှည့်ကြည့်ခြင်းပင် မပြုသော်လည်း သူမ၏လေသံထဲမှ အေးစိမ့်မှုက လူကို ဖိအားပေးနေတော့သည်။ နှစ်ပေါင်းများစွာအတွင်း သူမ၏ အရှိန်အဝါမှာ ပို၍ ခိုင်မာလာခဲ့ပြီ ဖြစ်သည်။
လီဝမ်ရုန်၏မျက်နှာ ပျက်သွားကာ အကြည့်များ ယိမ်းယိုင်သွားသည်။
"ကျောင်းရုန်ကလည်း စနောက်နေပြန်ပြီ။ ချန်းချဲ့က နန်းတွင်းက ကိုယ်လုပ်တော် တစ်ဦးပဲလေ၊ နန်းပြင်က အရာရှိတွေအကြောင်း ဘယ်လိုလုပ် သိမှာလဲ။ တိုက်တိုက်ဆိုင်ဆိုင် ကြားမိတာပါ"
ယဲ့ယွင်က နှုတ်ခမ်းကို အသာတွန့်ကာ - "ဟုတ်လား? ဒါဆိုရင် လီဝမ်ရုန်က ပုံမှန်ဆိုရင် အတော်လေး အားနေပုံရတယ်။ ဒီလို အားနေမယ့်အစား နန်းတွင်းစည်းကမ်းတွေကို များများ ကူးရေးထားတာ ပိုကောင်းမယ်။ တစ်နေ့မှာ စည်းကမ်းမှားမှန်းတောင် မသိဘဲ မဖြစ်ရလေအောင်ပေါ့"
"ဟုတ်ကဲ့ပါ" လီရှီက ခေါင်းငုံ့ကာ လက်ကိုင်ပဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အလွန်ပင် အရှက်ရသွားတော့သည်။ သူမကဲ့သို့ မျက်နှာသာ အပေးမခံရသော ရာထူးနိမ့်သူမှာ ယဲ့ယွင်နှင့် ထိပ်တိုက်တွေ့လျှင် ရှုံးနိမ့်မည်မှာ ဓမ္မတာပင်။
ယိရွှင်ရီက အခြေအနေကို ကြည့်ပြီးမှ ပြန်ပြောသည်။
"မင်ကျောင်းရုန်ကလည်း အတည်ပေါက်ကြီးနဲ့မစပါနဲ့ရှင်။ ကြည့်ပါဦး... လူတွေကို လန့်ကုန်ပြီ။ အချင်းချင်းစနောက်ကြတဲ့စကားတစ်ခွန်းပဲလေ။ အရှင်မင်းကြီးက အလိုလိုက်ထားတော့ ညီအစ်မတွေက မင်ကျောင်းရုန်ရဲ့ ကြွယ်ဝမှုကို အားကျနေကြလို့ပါ"
"အော်... အဲဒီလိုလား။ ငါကပဲ အထင်မှားသွားတာပေါ့" ယဲ့ယွင်က ချက်ချင်းပင် နားလည်သွားဟန် ဆောင်လိုက်ကာ သူမဘေးမှ ဟွေယွဲ့အား လက်ယမ်းပြလိုက်သည် - "ဟွေယွဲ့... ငွေစ နှစ်ရာ သွားယူခဲ့စမ်း။ ယိရွှင်ရီနဲ့ လီဝမ်ရုန်ကို ခွဲပေးလိုက်။ ဒီနေ့ ငါ့မွေးနေ့ဆိုတော့ ဒါက ဆုချတာလို့ပဲ သတ်မှတ်လိုက်ပါ၊ သူတို့အတွက် အပိုသုံးစရိတ်လေးပေါ့"
ဟွေယွဲ့က အလိုက်သိစွာပင် ထူးလိုက်ပြီး အတွင်းခန်းသို့ ဝင်သွားသည်။ ထိုသူနှစ်ဦး ကန့်ကွက်ရန်ပင် အချိန်မပေးလိုက်ပေ။ ခဏအကြာတွင် ဆုငွေအိတ် နှစ်အိတ်ကို ယူလာခဲ့သည်။
ယိရွှင်ရီမှာ မျက်နှာ တောင့်တင်းသွားကာ - "မင်ကျောင်းရုန်က ဆုချစရာ မလိုပါဘူး။ ချန်းချဲ့မှာ သုံးဖို့ ငွေရှိပါတယ်" အကယ်၍သူမသာထိုငွေကို ယူလိုက်လျှင် ယနေ့ သူမ၏သိက္ခာမှာ လုံးဝ ကုန်ဆုံးသွားပေတော့မည်။
သို့သော် ယဲ့ယွင်က သူမကို လွှတ်ပေးရန် စိတ်ကူးမရှိပေ။ သူမက ခပ်ဖွဖွ ပြုံးလိုက်ပြီး - "ယိရွှင်ရီက ငါနဲ့ ဘာလို့ အားနာနေရတာလဲ။ ပေးရင် ယူလိုက်ပေါ့၊ ရှက်မနေပါနဲ့။ ဒီနေ့ ငါ့မွေးနေ့ပဲ၊ ငါ့မျက်နှာကိုတော့ မပျက်စေနဲ့လေ။ ခဏနေရင် အရှင်မင်းကြီး ကြွလာမှာဆိုတော့ ကြည့်မကောင်း ဖြစ်နေပါဦးမယ်"
ပြောပြီးနောက် သူမက ဟွေယွဲ့ကို မျက်စိမှိတ်ပြလိုက်သည်။ ဟွေယွဲ့က နားလည်စွာဖြင့် ငွေအိတ်နှစ်အိတ်ကို ယိရွှင်ရီနှင့် လီဝမ်ရုန်တို့၏ အနီးကပ် နန်းတွင်းသူများ၏ လက်ထဲသို့ အတင်း ထည့်ပေးလိုက်တော့သည်။ ဤအခြေအနေတွင် သူတို့မှာ ငြင်းဆန်၍ မရတော့ပေ။ ယိရွှင်ရီသည် ‘ကျေးဇူးတင်ပါတယ်’ ဟုသာ အောင့်သက်သက်နှင့် ပြောလိုက်ရတော့သည်။
လွန်ခဲ့သော တစ်နှစ်အတွင်း နန်းတွင်းမှာ ငြိမ်သက်နေသဖြင့် ယဲ့ယွင်ကလည်း ဘာမှ မလှုပ်ရှားခဲ့ပေ။ ထို့ကြောင့် ဤလူအုပ်စုမှာ ‘ဒဏ်ရာပျောက်တော့ နာကျင်မှုကို မေ့’ နေကြခြင်းပင်။ ယနေ့ သူတို့က ကိုယ်တိုင်လာပြီး ပြဿနာရှာနေမှတော့ ဤအခွင့်အရေးကို သုံးကာ သူမ၏အာဏာကို ထပ်မံ ပြသလိုက်ခြင်းပင်ဖြစ်သည်။
အမှန်တကယ်တွင် သူမ၌ အင်အား အပြည့်ရှိနေသည်။ ယခုအချိန်တွင် ကျောက်ချွန်းဆောင်၌ ရှူးဖေး နှင့် ကျင်းသယ့်ဖေး ဟူသော ‘ဖေး’ ရာထူးရှင် နှစ်ဦး ရှိနေသော်လည်း တစ်ဦးမှ ဝင်မပြောကြပေ။ ရှူးဖေးမှာ မပြောရဲခြင်းဖြစ်ပြီး၊ သယ့်ဖေးမှာမူ ဘာကိုမှဂရုမစိုက်သည့်ပုံစံဖြင့် နေနေခြင်းဖြစ်သည်။ မည်သူကမှ ယဲ့ယွင်၏မွေးနေ့တွင် သူမကို စိတ်အနှောင့်အယှက် ပေးချင်ကြမည် မဟုတ်ပေ။ ယိရွှင်ရီ တစ်ဦးတည်းသာ မကျေနပ်သဖြင့် လာရောက်တိုက်ခိုက်ရင်း မိုင်းနင်းမိသွားခြင်းပင် ဖြစ်တော့သည်။
သို့သော် ထိုအခြေအနေမှာ ကြာရှည် မတည်မြဲလိုက်ပေ။ မကြာမီမှာပင် ရာထူးတိုးမြှင့်သည့် အမိန့်တော် ရောက်ရှိလာခဲ့သည်။ ယွမ်ကျိုကိုယ်တိုင် လာရောက် ဖတ်ကြားခြင်းဖြစ်၏။
“ကျောင်းရုန် ယဲ့ရှီသည် စိတ်နေသဘောထား ဖြောင့်မတ်ခြင်း၊ ရိုးသားကြိုးစားခြင်း၊ နန်းတွင်းစည်းကမ်းများကို လိုက်နာခြင်း၊ ထက်မြက်အမြော်အမြင် ရှိခြင်းတို့ကြောင့် ကျန်း၏ စိတ်ကို များစွာ ကျေနပ်စေသည်။ ထို့ကြောင့် သူမအား ကျောင်းယွမ် အဖြစ် တိုးမြှင့် ခန့်အပ်လိုက်သည်၊ လေးစားစွာ နာခံစေ!”
“ကျောင်းယွမ်မယ်မယ်... အမိန့်တော်ကို ခံယူပါ။ အရှင်မင်းကြီးက အခု အမတ်တွေနဲ့ စကားပြောနေလို့ နာရီဝက်လောက်နေရင် ကြွလာပါလိမ့်မယ်။ ကျွန်တော်မျိုး အမိန့်တော် ဖတ်ပြီးပြီဆိုတော့ အရင်သွားပြီး အပါးတော်မှာ ခစားလိုက်ပါဦးမယ်”
ယဲ့ယွင်က ခပ်ဖွဖွ ပြုံးလျက် အမိန့်တော်ကို လက်ခံလိုက်သည်။
“ကုန်းကုန်းကို အပင်ပန်းခံစေမိပါပြီ။ အရှင်မင်းကြီးကို ချန်းချဲ့ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါ။ ကျောက်ချွန်းဆောင်မှာ စားသောက်ပွဲ ပြင်ထားပြီးပြီမို့ အရှင်မင်းကြီးကို စောင့်ကြိုနေပါ့မယ်”
နန်ကျစ်က ချက်ချင်း ရှေ့တိုးကာ ယွမ်ကျို၏လက်ထဲသို့ ဆုငွေအိတ်လေးတစ်ခု ထည့်ပေးလိုက်သည်။
နောက်ဘက်တွင် ရပ်နေသော ယိရွှင်ရီ၏ရင်ထဲတွင် ဒေါသနှင့် နာကျည်းမှုများ ပြည့်နှက်နေတော့သည်။ နန်ကျစ်က ယွမ်ကျိုကို ပေးသော အိတ်မှာ ဟွေယွဲ့က သူမကို ပေးခဲ့သော အိတ်နှင့် ပုံစံတူ ဖြစ်နေရုံတင်မကဘဲ၊ ယခုအခါ ယဲ့ယွင်က ‘ကျောင်းယွမ်’ ဖြစ်သွားပြီး သူမကတော့ ‘ရွှင်ရီ’ အဆင့်မှာသာ ရှိနေသဖြင့် သူတို့နှစ်ဦးကြား ကွာဟချက်မှာ ပို၍ ကြီးမားသွားခဲ့ပြီ ဖြစ်သည်။
ယွမ်ကျိုကို ပြန်လည်ပို့ဆောင်ပြီးနောက် လူတိုင်းက ဝိုင်းဝန်းဂုဏ်ပြုကြသည်။ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ယဲ့ယွင်မှာ ရာထူးတက်သွားပြီ ဖြစ်ရာ၊ မနာလိုဖြစ်နေလည်း ဘာမှ လုပ်၍ မရတော့ပေ။
မကြာမီမှာပင် နင်ချန်သည် ယဲ့ယွင်အတွက် မွေးနေ့လက်ဆောင်နှင့်အတူ ရောက်ရှိလာရာ၊ ကိုယ်လုပ်တော် အားလုံးမှာ ထပ်မံ အားကျသွားကြပြန်သည်။ ၎င်းမှာ ကြက်သွေးရောင်ကျောက်ဖြင့် ထွင်းထုထားသော လူတစ်ဝက်ခန့်မြင့်သည့် သလဲသီး ပုံတူရုပ်ထုကြီးဖြစ်၏။ လက်ရာ ပြောင်မြောက်မှုနှင့် အရွယ်အစား ကြီးမားမှုကိုဘေးဖယ်ထားပါက နင်ချန်၏ယဲ့ယွင်
အပေါ်စေတနာသည် အထင်အရှားပေါ်ဘွှင်နေသောကြောင့် လူအများမနာလို ဖြစ်
ကုန်ကြတော့သည်။
သလဲသီးဆိုသည်မှာ ‘သားသမီးများပြားခြင်း’ ကို ဖော်ဆောင်သဖြင့် နန်းတွင်းရှိ ကိုယ်လုပ်တော်များ အလွန် နှစ်သက်သော အရာဖြစ်သည်။ အရှင်မင်းကြီးက ယဲ့ယွင်အား ဤကဲ့သို့သောပစ္စည်း ဆုချခြင်းမှာ သူမအပေါ်ထားရှိသည့် အချစ်ကို ပြသနေရုံတင်မကဘဲ၊ ယဲ့ယွင်အား သားသမီးများစွာ မွေးဖွားစေလိုကြောင်း အဓိပ္ပာယ်ရသည်။ ယခု ယဲ့ယွင်၌ သားတစ်ယောက်ရှိနေချိန်မှာပင် ဤမျှအထိ မျက်နှာသာပေးခံနေရရာ၊ နောင်တွင် ထပ်မံ မွေးဖွားလာလျှင် ကျန်သောသူများအတွက် လွတ်လမ်း ရှိပါဦးမလား။
လူအုပ်ကြားတွင် ယိရွှင်ရီက အံကို ကြိတ်ထားပြီး၊ ကျင်းသယ့်ဖေးကတော့ မျက်လွှာချကာ သူမ၏ မျက်ဝန်းထဲမှ တစ်စုံတစ်ခုကို ဖုံးကွယ်ထားလိုက်လေသည်။
“ကျန်း ကြည့်လိုက်တော့ လှတာနဲ့ မင်းအတွက် သယ်လာပေးတာ၊ ကြိုက်ရဲ့လား” နင်ချန်က ပြုံးလျက် မေးသည်။
ယဲ့ယွင်သည်လည်း နှုတ်ခမ်းလေး တွန့်ကာ ပြုံးလိုက်သည် - “အရှင်မင်းကြီးရဲ့ စေတနာကို ချန်းချဲ့က ရတနာတစ်ခုလို တန်ဖိုးထားပါတယ်ရှင်။ စားပွဲလည်း ပြင်ထားပြီးပြီမို့ အရှင်မင်းကြီး ကြွပါဦး”
“အင်း” နင်ချန်က ခေါင်းညိတ်သည်။
ထို့နောက် သူသည် လူအများရှေ့မှာပင် ယဲ့ယွင်၏လက်ကို တယုတယ ဆုပ်ကိုင်ကာ ခန်းမဆောင်အတွင်းသို့ ဝင်သွားတော့လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-358
အခန်း ၃၅၈ ။ ပရိယာယ်ကြွယ်သော စကားများ
ဧည့်သည်အားလုံး နေရာတကျ ထိုင်ပြီးသည့်နောက်မှသာ စားပွဲတော်ကို စတင်လိုက်သည်။ ထိုအချိန်တွင် ကလေးများအားလုံး ရောက်ရှိလာကြ၏။
ရောက်လာလျှင် နင်ချန်အား ဂါရဝပြုကြရသည်မှာ ထုံးစံပင်။ ထို့ကြောင့် မင်းသမီးကြီးက ဦးဆောင်ကာ ကလေးခုနစ်ယောက်လုံး အတူတူ ဂါရဝပြုကြသည်။ သို့သော် ထိုအထဲတွင် စတုတ္ထမင်းသားလေးမှာ ထူးခြားစွာ ပေါ်လွင်နေ၏။ အကြောင်းကတော့ သူသည် ‘ခမည်းတော်’ ဟု မခေါ်ဘဲ ‘အဖေ’ ဟုသာ ခေါ်လိုက်သောကြောင့်ဖြစ်သည်။
ဒုတိယမင်းသမီးလေးမှာ လန့်သွားကာ ချက်ချင်းပင် အမှားပြင်ပေးသည်။
"စတုတ္ထမောင်လေး... ခမည်းတော်လို့ ခေါ်ရမှာလေ"
စတုတ္ထမင်းသားလေးမှာ ဝေဝေဝါးဝါး ဖြစ်နေသော်လည်း ဇွဲကောင်းစွာဖြင့် ‘အဖေ’ ဟုပင် ထပ်မံ ခေါ်လိုက်ပြန်သည်။ ဒုတိယမင်းသမီးလေးမှာ အတော်လေး စိုးရိမ်သွားသည်ကို မြင်သောအခါ နင်ချန်က ရယ်မောလျက် ဝင်ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ စတုတ္ထမင်းသားက ငယ်သေးတာပဲ။ ဒီလို စည်းကမ်းတွေကြားမှာ ပိတ်လှောင်မထားပါနဲ့။ အားလုံး ထိုင်ကြပါ"
အသက်ကြီးသော ကလေးအချို့မှာ မိခင်များအနားတွင် သွားထိုင်ကြသည်။ စတုတ္ထမင်းသားလေးမှာမူ ကြောင်အမ်းအမ်း ဖြစ်နေသဖြင့် ပိုင်ရှုက သူ့ကို ပွေ့ချီကာ ဘေးသို့ ဆုတ်ပေးလိုက်ရသည်။
"ချန်းချဲ့ ကြည့်ရတာတော့ စတုတ္ထမင်းသားလေးက တကယ်ကို ချစ်ဖို့ကောင်းတာပဲ။ မင်ကျောင်းယွမ်က ကလေးပြုစုတာတကယ်တော်တာပဲ။ ဒုတိယမင်းသားကတော့ ငယ်ငယ်ကတည်းက စရိုက်က အေးလွန်းတော့ ဒီလောက်အထိ တက်ကြွတာမျိုး မရှိခဲ့ဘူး။ စာသင်ပြီးနောက်ပိုင်းဆိုရင် ပိုပြီးတော့တောင် စည်းကမ်းကြီးလာတာ၊ ချန်းချဲ့ရှေ့မှာတောင် အစစအရာရာ စာအုပ်ကြီးအတိုင်းပဲလုပ်နေတော့တာ"
ကျင်းသယ့်ဖေးက ပြုံးလျက် ပြောဆိုရာတွင် အားကျသည့် ရိပ်ယောင်များ ပြည့်နှက်နေသည်။ ဘေးမှ ရှူးဖေးက နှာခေါင်းရှုံ့လိုက်ကာ "ကလေးက တက်ကြွတာ ကောင်းတာမှန်ပေမဲ့၊ တော်ဝင်မိသားစုဆိုတာ စည်းကမ်းကို အလေးထားရတာလေ။ နောင်ကျရင် စရိုက်တွေ ပျက်မသွားအောင် ငယ်ငယ်ကတည်းက သေသေချာချာ ဆုံးမရမယ်။ သယ့်ဖေးအနေနဲ့ ဘာမဆို လိုက်မသင်ယူသင့်ဘူးနော်"
ဤစကားမှာ ‘ဆန်ခါနဲ့ တိုက်တာ’ (သွယ်ဝိုက်စောင်းမြောင်းပြောခြင်း) ပင် ဖြစ်သည်။ သို့သော် ကလေးကိစ္စကို အသုံးချကာ တိုက်ခိုက်ခြင်းကို မည်သည့်မိခင်မှ သည်းမခံနိုင်ပေ။ အထူးသဖြင့် ယဲ့ယွင်ကဲ့သို့ မိမိလူကို ကာကွယ်တတ်သူအတွက် ပိုဆိုးလှသည်။ ထို့ကြောင့် သူမ၏မျက်ဝန်းများ ချက်ချင်းပင် မှောင်ကျသွားတော့သည်။
သို့သော် အံ့သြစရာကောင်းသည်မှာ နင်ချန်က သူမထက် အရင် စကားစလိုက်ခြင်းပင်။
"ဒုတိယမင်းသားက စိတ်ထားဖြူစင်ပြီး နူးညံ့တယ်၊ သူလည်း ကလေးကောင်းတစ်ယောက်ပါပဲ။ ကျင့်အာကတော့ အသက်ငယ်သေးလို့ ဆော့တာပါ။ ကြီးလာရင်တော့ အလိုလို သိတတ်သွားမှာပေါ့။ တော်ဝင်မိသားစုမှာ မွေးလာတယ်ဆိုပေမဲ့ သူတို့အားလုံးက ကျန်းရဲ့ သွေးသားတွေချည်းပါပဲ။ ကလေးတွေက ကျန်းနဲ့ ရင်းရင်းနှီးနှီး ရှိနေတာကလည်း ကောင်းတဲ့အချက်ပဲလေ။ သီးသန့်အချိန်မှာ ‘အဖေနဲ့ အမေ’ လို့ ခေါ်တာ ဘာမှမမှားပါဘူး"
"ရှူးဖေး... မင်းသမီးကြီးကို မင်း တကယ်ကို ကောင်းကောင်း ပြုစုထားတာပဲ။ ပညာလည်း တတ်သလို အမူအရာလည်း သိက္ခာရှိတယ်။ ဒါပေမဲ့ သူမက အသက် ရှစ်နှစ်ပဲ ရှိသေးတာလေ၊ စရိုက်က အေးလွန်းနေတော့ ကလေးတစ်ယောက်ရဲ့ တက်ကြွမှုတွေ ပျောက်ဆုံးနေသလိုပဲ။ နောင်ကျရင် သူမကို အပြင်တွေ များများခေါ်ထွက်ပြီး ဆော့ခိုင်းဦး။ တတိယမင်းသမီးကိုတော့ ဒီလောက်အထိ အေးစက်စက်ဖြစ်အောင် မပျိုးထောင်မိဖို့ သတိထားပါ"
ထိုစကားကို ကြားသောအခါ ရှူးဖေးမှာ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းညိတ် လက်ခံလိုက်ရတော့သည်။ သို့သော် ၎င်းမှာ အလွန်ပင် နူးညံ့သော ဆုံးမနည်းဖြစ်သည်။ကလေးများအားလုံး ရှိနေသလို၊ ရှစ်နှစ်အရွယ် မင်းသမီးကြီးမှာလည်း အသိတရားရှိနေပြီ ဖြစ်ရာ၊ ကလေးများရှေ့တွင် ရှူးဖေးအား အရှက်မကွဲစေရန် နင်ချန်က ထိန်းပြောပေးခြင်းဖြစ်သည်။
….
ဤသို့ဖြင့် အခြားသူများလည်း ထပ်မံ ပြဿနာ မရှာဝံ့ကြတော့ဘဲ၊ မွေးနေ့ပွဲမှာ ချောမွေ့စွာပင် ပြီးဆုံးသွားခဲ့သည်။ ပွဲပြီးသောအခါ စတုတ္ထမင်းသားလေးမှာ အလွန်ပင် အိပ်ငိုက်နေပြီဖြစ်သောကြောင့်နို့ထိန်းက ပွေ့ချီ၍ နေ့လည်ခင်း အိပ်စက်ရန် ခေါ်သွားခဲ့သည်။ ထိုနည်းတူစွာ ယဲ့ယွင်သည်လည်း ပင်ပန်းနွမ်းလျနေသဖြင့် လှုပ်ပင် မလှုပ်ချင်တော့ပေ။
သူမသည် အတွင်းခန်းသို့ ဝင်ကာ ပြတင်းပေါက်ဘေးမှ ဝါးခုံပေါ်တွင် မှောက်ချလိုက်ပြီး ခေါင်းအုံးလေးတစ်ခုကို မှီကာ ငြိမ်နေတော့သည်။
"ဒီလောက်တောင် ပင်ပန်းသွားတာလား"
နင်ချန်က သူမကို ရယ်မောလျက်ကြည့်ကာ ဘေးတွင် ထိုင်လိုက်သည်။
"တစ်နာရီကျော်ကျော်ကြီး ပြုံးပြနေရတာ ပင်ပန်းတာပေါ့။ ကံကောင်းတာက ဒီတစ်ခေါက် ချန်းချဲ့ကိုယ်တိုင် ပွဲလုပ်တာဆိုတော့ ဗိုက်တော့ ဝအောင် စားလိုက်ရပါတယ်" ယဲ့ယွင်က အားမရှိသလို ပြန်ဖြေသည်။
စည်းကမ်းအရ မွေးနေ့ပွဲ လုပ်ရသော်လည်း၊ တစ်ဖက်ကလည်း ဟန်ဆောင်ပြုံးကာ အဆင်ပြေအောင် နေထိုင်ရသည်မှာ စိတ်ရောလူပါ ပင်ပန်းလှပေသည်။
နင်ချန်က သူမ၏လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာချော့မော့လိုက်သည်။
"နားချင်ရင်တောင် ဒီဝတ်စုံကြီးတော့ အရင်လဲလိုက်ပါဦး။ လိမ္မာတယ်နော်... ခဏနေမှ ပြန်လှဲပေါ့"
ဤပျင်းရိတတ်သော မြှူဆွယ်ရှင်လေးမှာ မလိုတလားနှင့် ထလာရပြီး၊ နင်ချန်၏ ထွေးပွေ့မှုဖြင့် အတွင်းခန်းထဲဝင်ကာ သာမန်ဝတ်စုံသို့ လဲလိုက်ရသည်။ နင်ချန်သည်လည်း ယဲ့ယွင်နှင့်အတူ လိုက်လဲလိုက်၏။ သူသည် ကျောက်ချွန်းဆောင်သို့ မကြာခဏ လာတတ်သဖြင့်၊ ဤနေရာတွင် သူ၏ ဝတ်စုံအချို့ကို အမြဲ အသင့်ပြင်ထားတတ်သည်။
ယဲ့ယွင်က အဝတ်အစား အရင်လဲပြီး ထွက်လာခဲ့သည်။ နင်ချန် ထွက်လာချိန်တွင်တော့ သူ၏ တစ်သက်တာ မမေ့နိုင်မည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
အမျိုးသမီးလေးသည် သူမ၏ လှပသော မျက်ဝန်းများကို တစ်ဝက်ခန့် မှေးစင်းလျက်၊ ကြောင်ကလေး တစ်ကောင်ကဲ့သို့ ပျင်းရိစွာဖြင့် ခေါင်းအုံးကို မှီနေသည်။ ခါးလေးမှာလည်း အသာအယာ နွဲ့လျက် လှဲနေကာ၊ သူမ၏လက်ဘေးတွင်တော့ အခုမှ ဖွင့်ဖတ်လက်စ စာအုပ်တစ်အုပ် ရှိနေသည်။
နေ့လည်ခင်း၏ နွေးထွေးသော နေရောင်ခြည်မှာ ပြတင်းပေါက်မှတစ်ဆင့် သူမအပေါ်သို့ ဖြာကျနေကာ၊ သူမ၏ နူးညံ့လှပသော ကိုယ်ဟန်ကို ဖျော့တော့သော အလင်းစက်များဖြင့် ဝန်းရံထားသကဲ့သို့ ရှိနေသည်။ ချစ်စဖွယ် ကောင်းမှုနှင့် မြှူဆွယ်နိုင်စွမ်းတို့မှာ ဤအမျိုးသမီးပေါ်တွင် အချိုးကျစွာ ပေါင်းစပ်နေတော့သည်။ ရိုးရှင်းလှသော အစိမ်းနုရောင် ဝတ်စုံကို ဝတ်ထားသော်လည်း ရင်ကို လှုပ်ခတ်စေဆဲပင်။
"အရှင်မင်းကြီး... ချန်းချဲ့နဲ့အတူ စာဖတ်ပေးပါဦး။ နေ့လည်ခင်း အိပ်စက်ဖို့ စိတ်မပါတော့လို့"
သူ ထွက်လာသည်ကို ကြားသောအခါ ယဲ့ယွင်က မျက်လွှာပင့်၍ ခပ်တိုးတိုး ဆိုလိုက်သည်။ နင်ချန် ဘာမှ မပြောသော်လည်း သူ့မျက်ဝန်းထဲမှ နူးညံ့မှုမှာ အထင်အရှားပင်။ သူသည် ဝါးခုံဘေးသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ၊ သူမကို ရင်ခွင်ထဲသို့ ထည့်လျက် အတူတူ မှီလိုက်တော့သည်။
"အရှင် ကြည့်ပါဦး... ဒီစာအုပ်ထဲမှာ တောင်ကျရေတံခွန်တွေ၊ ပြီးတော့ သဲကန္တာရထဲက နေဝင်ချိန်တွေအကြောင်း ရေးထားတာ။ ချန်းချဲ့ တစ်ခါမှ မမြင်ဖူးဘူး။ ကံကောင်းလို့ မြက်ခင်းပြင်ကြီးကိုတော့ အရှင်နဲ့အတူ မြင်ဖူးခဲ့တယ်" ယဲ့ယွင်က စကားစမြည် ပြောဆိုလိုက်သည်။
နင်ချန်က သူ့မေးစေ့ဖြင့် သူမ၏ခေါင်းလေးကို ပွတ်သပ်ကာ မျက်စိမှိတ်လျက် ဇိမ်ခံနေသည်။
"နောင်ကျရင် နန်းပြင်ကို လှည့်လည်စစ်ဆေးတဲ့ အချိန်တွေ ရှိဦးမှာပါ။ ကျန်း မင်းကို ခေါ်သွားပြမယ်"
"ဒါဆို အရှင် ကတိမဖျက်နဲ့နော်။ ချန်းချဲ့က မှတ်ဉာဏ်အရမ်းကောင်းတာ၊ တစ်သက်လုံး မှတ်ထားမှာ"
"အင်း... ကျန်း ကတိမဖျက်ပါဘူး"
လေသံတိုးတိုးဖြင့် စကားပြောနေရင်း အမျိုးသား၏အသံမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ယဲ့ယွင်မှာ သတိမထားမိဘဲ လက်ထဲမှ ခရီးသွားမှတ်တမ်းကိုသာ ဆက်လက် ဖတ်နေမိသည်။ ဟွေယွဲ့က စောင်တစ်ထည် ယူလာပေးကာ မျက်ရိပ်ပြမှသာ နင်ချန် အိပ်ပျော်သွားပြီမှန်း သူမ သိလိုက်ရသည်။
"ကျောင်းယွမ်... အထဲဝင်ပြီး အိပ်မလားဟင်" ဟု ဟွေယွဲ့က တိုးတိုးလေး မေးသည်။ ယဲ့ယွင်က ခေါင်းခါပြသည် - "မလုပ်ပါနဲ့၊ ဒီမှာပဲ ခဏလောက် ထပ်လှဲနေပါရစေ"
ဟွေယွဲ့က ခေါင်းညိတ်ကာ သူတို့ နှစ်ဦးအား စောင်ခြုံပေးပြီး၊ ပြတင်းပေါက်ကို ပိတ်၍ အပြင်သို့ ထွက်သွားခဲ့သည်။
ဤဘက်တွင် နှစ်ဦးသား အနားယူနေချိန်၊ ထိုအချိန်၌ ဝမ်ရှို့ယီသည် မင်းသားကြီးကို ခေါ်ဆောင်ကာ ချီနင်နန်းဆောင်သို့ ရောက်ရှိနေခဲ့သည်။
"မင်းသားကြီးက သူ့ရဲ့ဘွားတော်ကို သတိရတယ်လို့ ပြောနေလို့၊ ချန်းချဲ့က ဂါရဝပြုဖို့ ခေါ်လာတာပါ" ဝမ်ရှီက ပြုံးလျက် ဂါရဝပြုသည်။
ဘေးမှ ပါလာသော မင်းသားကြီးကလည်း စည်းကမ်းတကျ ဦးညွှတ်လိုက်သည်။
"မြေးတော်က ဘွားတော်ကို ဂါရဝပြုပါတယ်"
အသက် ခြောက်နှစ်အရွယ် ရှိပြီဖြစ်သော မင်းသားကြီးမှာ ယခုနှစ်အတွင်း များစွာ သိတတ်လာခဲ့သည်။ တစ်ချက်မှာ ဝမ်မိန်ရန်က သေသေချာချာ ပြုစုပျိုးထောင်ခြင်းကြောင့် ဖြစ်သလို၊ အခြားတစ်ချက်မှာ ငယ်ငယ်လေးနှင့် နေရာအနှံ့ရောက်ခဲ့ရသဖြင့် မည်မျှပင် ဆိုးသော ကလေးဖြစ်ပါစေ၊ သိတတ်သွားရခြင်းပင်။
မယ်တော်ကြီးက ပြုံးလျက် လက်ယမ်းသည်။
"လာ... အနားကို လာပါဦး။ ရုန်အာက ပိုပြီး အရပ်ရှည်လာသလိုပဲ။ ဝမ်ရှို့ယီ... မင်း တကယ်ကို အပင်ပန်းခံခဲ့တာပဲ"
"ချန်းချဲ့က မင်းသားကြီးရဲ့ မိခင်ပဲလေ၊ သေသေချာချာ ဂရုစိုက်ရမှာပေါ့။ နောက်ပြီး မင်းသားကြီးက အရင်ကတည်းက လိမ္မာပြီးသားပါ။ အရင်က မယ်တော်ကြီးဘက်မှာ ရှိတုန်းကလည်း အေးအေးဆေးဆေးပါပဲ။ အဲဒီ တခြားလူတွေကသာ မကောင်းလို့ မင်းသားကြီးရဲ့ နာမည်ကို ထိခိုက်အောင် လုပ်ခဲ့ကြတာ"
ဝမ်ရှို့ယီက နှုတ်ခမ်းလေး တွန့်ရုံ ပြုံးလိုက်သည်။ သူမ ဆိုလိုသော ‘တခြားလူတွေ’ မှာ မင်းသားကြီးကို ယခင်က ပြုစုခဲ့သော သူများကို ဆိုလိုခြင်းပင်။ ဤစကားမှာ မယ်တော်ကြီးအား အလွန်ပင် ကျေနပ်စေသဖြင့်၊ ဝမ်ရှီအား ကြည့်ရသည်မှာ ပို၍ပင် မျက်စိထဲ ကြည့်ကောင်းလာတော့သည်။
"မင်းက တကယ်ကို သိတတ်တဲ့သူပဲ။ ဖုကျိ... ဝမ်ရှို့ယီကို နေရာပေးလိုက်၊ ပြီးတော့ မှီဖို့အတွက် အခုအခံလေးပါ ယူလာပေးဦး။ ရာသီဥတုက အေးလာပြီဆိုတော့ နွေးနွေးထွေးထွေး နေရမယ်"
"မယ်တော်ကြီးကို ကျေးဇူးတင်ပါတယ်" ဝမ်ရှီက ဦးညွှတ်သည်။
ထိုင်ပြီးနောက် ဝမ်ရှို့ယီက စကားစမြည် ပြောလာသည်။
"ဒီနေ့ မင်ကျောင်းယွမ်ရဲ့မွေးနေ့ဆိုတော့ အရမ်းကို စည်ကားနေတာပဲ။ မင်းသားတွေ၊ မင်းသမီးတွေလည်း အကုန်ရောက်နေကြတယ်။ ကလေးတွေက တက်ကြွလှပါတယ်။ ကျွန်တော်မျိုးမ တွေးမိတာကတော့ မယ်တော်ကြီးကသာ အကံအကောင်းဆုံးပါပဲ၊ မြေးတွေ မြေးမတွေနဲ့ ဝိုင်းနေရတာ ဘယ်သူမှ မရနိုင်တဲ့ ကံကောင်းခြင်းမျိုးပဲ မဟုတ်လား"
"ကျောင်းယွမ်?" မယ်တော်ကြီးက မျက်မှောင်ကြုတ်ကာ မေးသည်။
"အရှင်မင်းကြီးက သူမကို ထပ်ပြီး ရာထူးတိုးပေးလိုက်တာလား"
ဝမ်မိန်ရန်က ခေါင်းညိတ်ပြသည်။
"ဟုတ်ပါတယ်၊ ဒီနေ့ ပွဲမစခင်လေးတင် အမိန့်တော် ထွက်လာတာပါ။ မင်ကျောင်းယွမ်ရဲ့ မိသားစုတွေက အခု အရှင်မင်းကြီးအတွက် အစွမ်းကုန် အလုပ်အကျွေး ပြုနေကြသလို၊ သူမကလည်း စတုတ္ထမင်းသားကို မွေးထားပေးတာဆိုတော့ အရှင်မင်းကြီးက သူမကို အမြဲ မျက်နှာသာ ပေးနေတာပေါ့"
"ဒီနေ့ ဘယ်လိုဖြစ်တယ် မသိပါဘူး၊ သူမက ယိရွှင်ရီနဲ့ စကားများကြသေးတယ်။ ရှူးဖေးမယ်မယ်နဲ့ သယ့်ဖေးမယ်မယ်တို့တောင် ကြားကနေ ဝင်မပြောရဲကြဘူး။ အခု နန်းတွင်းမှာ မိဖုရားခေါင်ကြီး မရှိတော့၊ ဘယ်သူကမှလည်း ဝင်ပြီး မဆုံးဖြတ်ပေးနိုင်ကြတော့ဘူးလေ"
ထိုစကားကို ကြားသောအခါ မယ်တော်ကြီး၏ မျက်နှာမှာ ချက်ချင်းပင် ညိုမှောင်သွားတော့လေသည်။
***