အခန်း (၃၆၁-၃၆၂)
Vol. 23 Ch. 361-362
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-361
အခန်း ၃၆၁ ။ ကြယ်တာရာနိမိတ်
ယခုနှစ်တွင် ရာသီဥတုမှာ အေးသည်မှာ နောက်ကျသော်လည်း၊ နိုဝင်ဘာလနှောင်းပိုင်းသို့ ရောက်သောအခါ ပြင်းထန်သော အအေးလှိုင်းတစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့ရာ၊ တစ်ခဏချင်းမှာပင် လူအများအပြား ဖျားနာကုန်ကြသည်။
ယဲ့ယွင်ကြည့်ရသလောက် ၎င်းမှာ တုပ်ကွေးရောဂါပင် ဖြစ်ပေလိမ့်မည်။ သူမသည် အလျင်အမြန်ပင် ရှန်ဖိန်ကျစ်ကို ခေါ်ယူကာ ကြိုတင်ကာကွယ်သည့် ဆေးနည်းတစ်ခု ဖော်စပ်ခိုင်းလိုက်သည်။ အသုံးအများဆုံးနှင့် အစွမ်းထက်သော ဆေးမြစ်အချို့ကို ရွေးချယ်ကာ နေ့စဉ် ဆေးအိုးကြီးဖြင့် ပြုတ်စေပြီး၊ ကျောက်ချွန်းဆောင်ရှိ အစေခံ အားလုံးကို တစ်နေ့တစ်ခွက် သောက်စေသည်။
ယခုကဲ့သို့ ဆေးပညာ မထွန်းကားသေးသော ခေတ်ကာလတွင် တုပ်ကွေးဆိုသည်မှာ အသေးအမွှားမှသည် အသက်အန္တရာယ်အထိ ဖြစ်စေနိုင်သဖြင့် ကြိုတင်ကာကွယ်ထားခြင်းက မမှားပေ။ အထူးသဖြင့် ယခုအခါ ကျောက်ချွန်းဆောင်တွင် အသက်ငယ်လွန်းသော စတုတ္ထမင်းသားလေး ရှိနေသဖြင့် ပို၍ သတိထားရမည် ဖြစ်သည်။
သူမက ဤမျှအထိ သတိကြီးစွာ ကာကွယ်ထားသော်လည်း၊ အခြားသော နေရာများတွင်မူ သိပ်ဂရုမစိုက်မိကြသဖြင့် ရောဂါကူးစက်သူများ ရှိလာခဲ့သည်။ မယ်တော်ကြီးမှာ အသက်ကြီး၍ ကျန်းမာရေးမကောင်းသဖြင့် အရင်ဆုံး လဲသွားခဲ့သလို၊ နောက်မှ ထိုက်ကွေ့ဖေးပါ လိုက်ပါ ဖျားနာတော့သည်။
ယောင်ထိုက်ကွေ့ဖေးသည် သူမ၏ မိသားစု ပြိုလဲသွားပြီးနောက်တွင် စိတ်ဓာတ်ကျနေခဲ့ရာ၊ ယခု ဖျားနာခြင်းမှာ မယ်တော်ကြီးထက်ပင် ပို၍ စိုးရိမ်ရသော အခြေအနေရှိနေသည်။ ဖိန်ဝမ်မှာ စိုးရိမ်သော်လည်း သူသည် အမျိုးသားဖြစ်သဖြင့် နန်းတွင်း၌ ကြာရှည် မနေနိုင်ရာ၊ နေ့ခင်းဘက်တွင် ခန လာကြည့်ရုံသာ တတ်နိုင်ပြီး၊ ကျန်အချိန်များတွင် သူ၏ ကြင်ယာတော် ဖန်းရှီနှင့် ကိုယ်လုပ်တော် ကျောက်ရှီတို့အား နန်းတော်ထဲ ဝင်၍ ပြုစုခိုင်းရတော့သည်။
ထိုက်ကွေ့ဖေးကို ပြုစုမည့်သူ ရှိနေသဖြင့် မယ်တော်ကြီးဘက်တွင်လည်း ပြုစုမည့်သူများကို အလှည့်ကျ စီစဉ်ရတော့သည်။ ထုံးစံအရ ရာထူးအမြင့်ဆုံးဖြစ်သော ရှူးဖေးက ဦးဆောင်ရမည် ဖြစ်သော်လည်း၊ သူမ၏စရိုက်ကို နင်ချန် စိတ်မချသဖြင့် သူကိုယ်တိုင် အမိန့်ထုတ်ပြန်လိုက်သည်။
ကျိုဖင်စာရင်းဝင်သူများနှင့် ချန်းကျယ်ယွီတို့သာ မယ်တော်ကြီးအား ပြုစုစေပြီး၊ ကျန်သူများမှာမူ မလိုအပ် ထိုသူများမှာ ရှူးဖေး၊ သယ့်ဖေး၊ ဟွေ့ကျောင်းယွမ်၊ ယဲ့ယွင် (ယဲ့ကျောင်းရုန်)၊ ယိရွှင်ရီ၊ ဝမ်ရှို့ယီ နှင့် ချန်းကျယ်ယွီ တို့ ခုနစ်ဦးဖြစ်ရာ လုံလောက်လှပေသည်။
သို့သော် စီစဉ်ပြီး နောက်တစ်နေ့မှာပင် တတိယမင်းသားလေး ဖျားနာသွားသလို၊ ယိရွှင်ရီသည်လည်း ကိုယ်လက် မအီမသာ ဖြစ်လာခဲ့သည်။ ရောဂါလက္ခဏာမှာ အတူတူပင်ဖြစ်ရာ၊ သူမ၏နေရာတွင် ချီကျယ်ယွီအား အစားထိုး ထည့်သွင်းလိုက်ရသည်။
မယ်တော်ကြီးမှာ ယခုတစ်ကြိမ်တွင် အမှန်တကယ် ဖျားနာနေခြင်းဖြစ်ရာ လူကို နှိပ်စက်ရန် အားအင် မရှိတော့ပေ။ ပြုစုရသည်မှာလည်း တစ်နေ့ သုံးကြိမ် ဆေးတိုက်၊ ထမင်းကျွေးရုံသာဖြစ်သဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာကထက် များစွာ သက်သာလှသည်။ နင်ချန်သည်လည်း နေ့စဉ် လာကြည့်ကာ ကိုယ်တိုင် ဆေးတိုက်ပေးခြင်းမျိုး ပြုလုပ်ပေးရှာသည်။
သို့သော် တိုင်းရင်းဆေးဆိုသည်မှာ အာနိသင်ပြရန် နှေးကွေးလှသလို၊ တုပ်ကွေးမှာလည်း ကူးစက်တတ်သဖြင့်၊ ရောဂါပျောက်သူထက် ဖျားသူက ပို၍ တိုးလာနေသည်။ နင်ချန်မှာ ကူးစက်ရောဂါများ ဖြစ်နေမလားဟု စိုးရိမ်ခဲ့သော်လည်း၊ သမားတော်များက စစ်ဆေးပြီး မဟုတ်ကြောင်း အတည်ပြုသဖြင့် စိတ်သက်သာရာ ရခဲ့သည်။
ထိုအချိန်တွင် ယဲ့ယွင်က ကျောက်ချွန်းဆောင်ရှိ အစေခံများကို လုပ်ဆောင်ပေးသကဲ့သို့ နန်းတွင်းတစ်ခုလုံးရှိ အစေခံများကိုလည်း ဆေးတိုက်ရန် အကြံပြုခဲ့သည်။ ဆေးမြစ် မလုံလောက်လျှင်ပင် တစ်ဦးလျှင် ဂျင်းပြုတ်ရည် တစ်နေ့ နှစ်ခွက် သောက်စေလျှင်ပင် အထောက်အကူ ဖြစ်စေသည်။ နှစ်ကုန်ပိုင်းသို့ ရောက်တော့မည် ဖြစ်ရာ၊ အရှင်သခင်များရော အစေခံများပါ ဖျားနာနေကြခြင်းမှာ နိမိတ်မကောင်းသကဲ့သို့ ခံစားရသောကြောင့် ဖြစ်သည်။
……
လန်ဟွာဆောင်။
ယိရွှင်ရီသည် ဖျားနာနေသော်လည်း သူမ၏ မျက်နှာမှာ ကြည့်ကောင်းနေဆဲပင်။ သူမသည် အပြင်ဘက် သတင်းများကို နားထောင်ပြီးနောက် ဘာမှမပြောဘဲ လီဝမ်ရုန်ထံသို့ ဆောင်းရာသီသုံး မီးသွေးနှင့် စောင်အထူများကိုသာ လူလွှတ်၍ ပို့ပေးခိုင်းလိုက်သည်။ သူမတို့ နှစ်ဦးမှာ အမြဲ ရင်းနှီးကြသဖြင့် မျက်နှာသာ အပေးမခံရသော လီရှီကို ကူညီပေးခြင်းမှာ မည်သူမျှ သတိမထားမိသော ကိစ္စပင်။
…..
သို့သော် သုံးရက်အကြာတွင်၊ နင်ချန်သည် စာကြည့်ဆောင်၌ စာလွှာများကို စစ်ဆေးနေစဉ် ‘ချင်းထျန်ကျန်း’ (နက္ခတ်ဗေဒင်ဌာန) မှ တာဝန်ခံက တွေ့ဆုံခွင့် တောင်းခံလာခဲ့သည်။
“ချင်းထျန်ကျန်းလား” နင်ချန် ထူးဆန်းသွားသည်။
နန်ချီပြည်တွင် ဤရာထူးကို သတ်မှတ်ထားသော်လည်း၊ ဧကရာဇ်ဟောင်းမှာ စစ်ရေးကိုသာ အလေးထားပြီး နတ်ဘုရား၊ နက္ခတ် အယူအဆများကို မယုံကြည်သဖြင့် နင်
ချန်သည်လည်းထိုဌာနမှ လူများကို သိပ်သတိမထားမိခဲ့ပေ။ နန်းတွင်း၌ နေ့ကောင်းရက်မြတ်များ ရွေးချယ်စရာရှိမှသာ ထုံးစံအရ ခေါ်ယူ မေးမြန်းလေ့ ရှိကြသည်။ ယနေ့မှ ရုတ်တရက် ကိုယ်တိုင် လာတွေ့ခြင်းမှာ ထူးဆန်းလှ၏။
သို့သော် သူ ခနစဉ်းစားပြီးနောက် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
“ကျွန်တော်မျိုး ချင်းထျန်ကျန်း တာဝန်ခံ လီကျင့်ပါ၊ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
လာသူမှာ အသက် ငါးဆယ်ခန့်၊ ကိုယ်လုံးပါးပါးနှင့် မုတ်ဆိတ် ရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် အထဲဝင်လာသည်နှင့် လျင်မြန်စွာ ဂါရဝပြုလိုက်၏။
နင်ချန်က လက်ယမ်းပြသည်။
“နေပါစေ... အမတ်လီ ဘာကိစ္စ ရှိလို့လဲ”
“အရှင်မင်းကြီးကို တင်ပြပါရစေ။ ဒီရက်ပိုင်းအတွင်း ကျွန်တော်မျိုး ညဘက်မှာ ကြယ်တာရာတွေကို အကဲခတ်ကြည့်တော့ ‘အရှေ့နဂါးပြာ’ နက္ခတ် ခုနစ်လုံးထဲက ဒုတိယမြောက် ကြယ်ကအမည်းရောင် မြူတိမ်တွေ ဖုံးအုပ်နေတာကို တွေ့ရပါတယ်။ ဒီကြယ်ဟာ ‘ခန့်ကျင်း’ ကြယ် ဖြစ်ပြီး လူ့လောကရဲ့ ကူးစက်ရောဂါနဲ့ ဆေးဝါးတွေကို အစိုးရတဲ့ ကြယ် ဖြစ်ပါတယ်။ အခုလို ကြယ်တာရာမှာ ထူးခြားမှု ဖြစ်နေတာဟာ နန်းတွင်းရဲ့ အရှေ့တောင်ဘက်က တိမ်တိုက်တွေနဲ့ သက်ဆိုင်နေပါတယ်” ဟု လီကျင့်က လက်အုပ်ချီကာ လျှောက်တင်သည်။
ဒီရက်ပိုင်း နန်းတွင်း၌ လူအတော်များများ ဖျားနာနေသည်မှာ အမှန်ဖြစ်ရာ၊ သူ့စကားမှာ အနည်းငယ် ကိုက်ညီနေသည်။ သို့သော် ဤကိစ္စများကို နန်းပြင်သို့ ဖုံးကွယ်မထားသဖြင့် သူ သိနေခြင်းမှာ မဆန်းရာ နင်ချန် သိပ်အလေးမထားပေ။
“မွေး၊ အို၊ နာ၊ သေ ဆိုတာ လူ့လောကရဲ့ ဓမ္မတာပါပဲ။ အမတ်လီအနေနဲ့ အများကြီး စိတ်ပူမနေပါနဲ့”
သို့သော် လီကျင့်က ထပ်မံ လက်အုပ်ချီကာလျှောက်တင်တော့သည်။
“အရှင်မင်းကြီး... နာကျင်ဖျားနာတာက ဓမ္မတာဆိုပေမဲ့၊ အကယ်၍ ဒီအတိုင်း လွှတ်ထားမယ်ဆိုရင် တော်ဝင်ရင်သွေးတွေကို ထိခိုက်လာနိုင်မှာကို စိုးရိမ်ရပါတယ်။ ကျွန်တော်မျိုး သိရသလောက်တော့ နန်းတွင်း အရှေ့တောင်ဘက်မှာရှိတဲ့ ချုံချွေ့နန်းဆောင်၊ ချီရှန်းနန်းဆောင်၊ ကျောက်ချွန်းဆောင်နဲ့ ဖူယွမ်နန်းဆောင်တို့မှာ တော်ဝင်ရင်သွေး သုံးပါး ရှိနေပါတယ်”
ဤစကားကြောင့်မှ နင်ချန် မျက်မှောင် အနည်းငယ် ကြုတ်သွားရသည်။ ကျင်းသယ့်ဖေး နေထိုင်သော ချုံချွေ့နန်းဆောင်တွင် ဒုတိယမင်းသား ရှိသလို၊ ယခု ကိုယ်ဝန်ဆောင် ချင်ဝမ်ရုန်လည်း ထိုနေရာမှာပင် ရှိသည်။ ချီရှန်းနန်းဆောင်တွင် ဝမ်ရှို့ယီနှင့် မင်းသားကြီး ရှိကာ၊ ကျောက်ချွန်းဆောင်တွင် ယဲ့ယွင်နှင့် စတုတ္ထမင်းသားလေး ရှိသည်။ သားသမီးကိစ္စနှင့် ပတ်သက်လာလျှင် သူ အလေးအနက် စဉ်းစားရပေတော့မည်။
“ဒါဆိုရင်... ဒီနိမိတ်ကို ဘယ်လိုပြုပြင်လို့ ရမလဲဆိုတာ ပြောစမ်း” နင်ချန်က လေသံကို နှိမ့်၍ မေးလိုက်သည်။
လီကျင့်က လျှောက်တင်သည်။
“အဲ့ကိစ္စအတွက်က ရိုးရှင်းပါတယ်။ ခန့်ကျင်းကြယ်ဟာ ‘ရွှေ’ ဓာတ် ရှိပါတယ်။ ‘မီး’ က ရွှေကို အောင်နိုင်ပါတယ် (မီးက ရွှေကို အရည်ပျော်စေသည်)။ အခုလို ကြယ်တာရာမှာ မကောင်းတဲ့ နိမိတ်တွေ ဖြစ်နေရတာဟာ၊ အရှေ့တောင်ဘက်မှာရှိတဲ့ ‘မီး’ ဓာတ်ရှိတဲ့သူရဲ့ ကံကြမ္မာဟာ ခနအတွင်းမှာ အလွန်အမင်း တောက်ပနေလို့ပါပဲ။ အဲဒီလူရဲ့ ကံကြမ္မာကို အနည်းငယ် နှိမ်ထားလိုက်ရုံနဲ့ နိမိတ်တွေ ပြန်ကောင်းသွားပြီး အန္တရာယ် ကင်းစင်သွားပါလိမ့်မယ်”
“နှိမ်ထားတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ” နင်ချန် မျက်မှောင်ကြုတ်သွားသည်။
“ဆိုလိုတာက... အဲဒီလူကို ခနအတွင်းမှာ အလွန်အကျွံ မျက်နှာသာပေးတာ၊ ရာထူးတိုးပေးတာ စတဲ့ မင်္ဂလာရှိတဲ့ ကိစ္စတွေကို မလုပ်ဘဲ အေးအေးဆေးဆေးပဲ ထားရပါမယ်။ အမှန်တော့ ‘မီး’ ဓာတ်က အရမ်း ပြင်းထန်လွန်းရင် ‘အစွန်းရောက်ရင် ဆန့်ကျင်ဘက်ဖြစ်တတ်’ တဲ့ သဘောအရ မိမိကိုယ်ကိုယ်ပါ ပြန်လည် ထိခိုက်စေနိုင်ပါတယ်။ အခု သူတစ်ပါးကို စတင် ထိခိုက်နေပြီဖြစ်လို့ အကယ်၍ မနှိမ်ထားဘူးဆိုရင် နောက်ဆုံးမှာ မိမိကိုယ်ကိုယ်ပါ ထိခိုက်လာပါလိမ့်မယ်”
နင်ချန်၏မျက်နှာ မှောင်ကျသွားကာ လက်ယမ်းပြလိုက်သည် - “တော်ပြီ... မင်း ပြန်တော့။ ကျန်း စဉ်းစားလိုက်မယ်”
လီကျင့် ထွက်သွားပြီးနောက်၊ သူသည် အရှေ့တောင်ဘက်တွင် နေထိုင်သော ကိုယ်လုပ်တော်များနှင့် မင်းသားများ၏ မွေးသက္ကရာဇ် (ဇာတာ) များကို စစ်ဆေးခိုင်းလိုက်သည်။ ခဏအကြာတွင် ယွမ်ကျိုက ပြန်လည် တင်ပြရာ - ဓာတ်ကြီးငါးပါးထဲတွင် ‘မီး’ ဓာတ် ရှိသူများမှာ ယဲ့ယွင်နှင့် ချင်ဝမ်ရုန် တို့ ဖြစ်နေတော့သည်။
၎င်းမှာ အမှန်တကယ်ပင် တိုက်ဆိုင်လွန်းလှသည်။ ယဲ့ယွင်၏ကံကြမ္မာမှာ ပြောစရာပင် မလိုဘဲ၊ သူမသည် တစ်နေ့ထက်တစ်နေ့ ပို၍ မျက်နှာသာပေးခံရကာ ရာထူးများ တက်နေသူ ဖြစ်သည်။ ချင်ဝမ်ရုန်မှာမူ ကိုယ်ဝန်ရှိလာခြင်းမှာ အကြီးမားဆုံးသော မင်္ဂလာကိစ္စပင်။ ဤ ‘မီး’ နှစ်ခု ပေါင်းဆုံကာ ‘ခန့်ကျင်း’ ကြယ်ကို တိုက်ခိုက်နေသည်ဟူသော အချက်မှာ အကျိုးအကြောင်း ညီညွတ်နေတော့သည်။
ဤမျှအထိ ကိုက်ညီနေသဖြင့် နင်ချန်သည် နတ်ဘုရား အယူအဆများကို မယုံကြည်သူ ဖြစ်သော်လည်း၊ စိတ်ထဲတွင် ယိမ်းယိုင်သွားရသည်။ ယဲ့ယွင်ဘက်တွင်တော့ ကိစ္စမရှိပေ၊ သူမကို မွေးနေ့မှာတင် ရာထူးတိုးပေးခဲ့ပြီးဖြစ်ရာ နှစ်ကုန်ပိုင်းတွင် ထပ်မံတိုးပေးရန် အစီအစဉ် မရှိသေးပေ။ သို့သော် နှစ်ကုန်ပိုင်း နှစ်သစ်ကူးပွဲတွင် ချင်ဝမ်ရုန်အား ရာထူးတိုးပေးရန် သူ အမှန်တကယ် စိတ်ကူးထားခဲ့သော်လည်း၊ ယခုမူ ခန ဆိုင်းငံ့ထားရပေတော့မည်။
“အရှင်မင်းကြီး... အရင်ရက်က မင်ကျောင်းယွမ်အတွက် လုပ်ခိုင်းထားတဲ့ လက်ဝတ်ရတနာတွေနဲ့ ဝတ်စုံတွေကို ပို့ပေးလိုက်ရမလား” ယွမ်ကျိုက မေးသည်။
နင်ချန်က ခေါင်းညိတ်သည်။
“ပို့လိုက်ပါ။ လုပ်ပြီးသားဟာတွေကို ဘာလို့ မပို့ရမှာလဲ။ ဒါပေမဲ့ နှစ်သစ်ကူး ဆုလာဘ်တွေကိုတော့ စည်းကမ်းအတိုင်းပဲ ပေးလိုက်ပါ။ ဘာမှ ပိုမလုပ်နဲ့”
အလွန်အကျွံ မျက်နှာမသာပေးရန် ပြောထားသဖြင့်၊ စည်းကမ်းအတိုင်း လုပ်ဆောင်ခြင်းမှာ ဘာမှ ထိခိုက်မည် မဟုတ်ပေ။ ထိုသို့ စဉ်းစားပြီးနောက် နင်ချန်သည် ကျောက်ချွန်းဆောင်သို့ သွားရန် ပြင်လိုက်သည်။ ထို ‘အလိုလိုက်ရခက်တဲ့ အလှလေး’ ကို သူ ကြိုပြောထားရမည်။ မဟုတ်လျှင် သူမ လျှောက်တွေးပြီး သူက မချစ်တော့ဘူးဟု ထင်နေမှ ခက်ရချည်အုံးမည်။
ထို့ကြောင့် ညစာစားချိန်တွင် ကျောက်ချွန်းဆောင်သို့ ဧကရာဇ် ကြွချီလာခဲ့သည်။ ယနေ့မှာ ယဲ့ယွင်၏ မယ်တော်ကြီး ပြုစုရမည့်အလှည့် မဟုတ်သဖြင့် သူမသည် အဆောင်၌ အနားယူနေခြင်းဖြစ်ရာ၊ သာမန်ဝတ်စုံကိုသာဝတ်လျက် ထွက်၍ ကြိုဆိုလိုက်တော့လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-362
အခန်း ၃၆၂ ။ နန်းပြင်ထွက်၍ ဆုတောင်းခြင်း
နှစ်ဦးသား အခန်းထဲ၌ ထိုင်လိုက်သည်နှင့် နင်ချန်က ကြယ်တာရာနိမိတ်အကြောင်းကို ဖွင့်ပြောပြလိုက်သည်။
"မင်း စိတ်မဆိုးပါနဲ့ဦး။ ကျန်းကတော့ ဒါတွေကို မယုံပါဘူး။ ဒါပေမဲ့ သူက တော်ဝင်ရင်သွေးတွေကို ထိခိုက်နိုင်တယ်၊ မင်းကိုလည်း ထိခိုက်နိုင်တယ်လို့ ပြောနေတော့ ကျန်း စိုးရိမ်လို့ပါ"
ပြောပြီးသည်နှင့် သူက ချက်ချင်းပင် ထပ်မံရှင်းပြလိုက်သည်။ ထိုဖီးနစ်မျက်ဝန်းများထဲမှ စိုးရိမ်တကြီး ဖြစ်နေပုံကို ကြည့်ကာ ယဲ့ယွင် မနေနိုင်ဘဲ ရယ်မောမိတော့သည်။
နင်ချန်က နားမလည်စွာဖြင့် - "ဘာလို့ ရယ်တာလဲ"
"ချန်းချဲ့ ပျော်လို့ပါ" ယဲ့ယွင်က မျက်ခုံးလေးပင့်ကာ ပြုံးလိုက်သည်။
"အရှင်မင်းကြီးက ချန်းချဲ့အတွက် တကယ်စဉ်းစားပေးတယ်၊ ဂရုစိုက်ပေးတယ်ဆိုတာ သိသာနေတာပဲ။ အရှင့်ရဲ့ ဒီစေတနာရှိနေရင် ကျန်တာတွေက အရေးမကြီးတော့ပါဘူး"
သူမ၏စကားကြောင့် နင်ချန်၏မျက်လုံးထဲတွင် သူမသည် ပို၍ပင် အလိုက်သိတတ်သူလေးအဖြစ် မြင်ကာ သနားဂရုဏာ သက်သွားရသည်။ သူက သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။
"ချင်းချင်းက တကယ်ကို ကောင်းလွန်းပါတယ်။ မင်းကို ပိုင်ဆိုင်ရတာ ကျန်းအတွက် ကံကောင်းခြင်းပါပဲ"
ယဲ့ယွင်သည်လည်း သူ၏ကျောပြင်ကို အသာအယာပုတ်ရင်း ပြန်လည် တုံ့ပြန်လိုက်သည်။ "အရှင်မင်းကြီးက ဒီအရေးမကြီးတဲ့ ကိစ္စတွေကို ပြောပြီးပြီဆိုတော့ ချန်းချဲ့နဲ့အတူ အရေးကြီးတဲ့ ကိစ္စကို လုပ်ရအောင်။ ချန်းချဲ့ ဗိုက်ဆာနေပြီ၊ အရှင် ညစာ ဘာစားချင်လဲဟင်။ အောက်ကလူတွေကို အခုပဲ ပြင်ခိုင်းလိုက်ပါ့မယ်"
သူမသည် ထိုခေါင်းစဉ်ကို ပါးနပ်စွာပင် လွှဲပြောင်းလိုက်တော့သည်။ ထိုညတွင် နင်ချန်သည် ကျောက်ချွန်းဆောင်၌ပင် ညစာစားကာ အိပ်စက်ခဲ့ပြီး၊ နောက်တစ်နေ့ နေ့လည်နီးပါးမှ ပြန်သွားခဲ့သည်။
…….
လန်ဟွာဆောင်။
"အရှင်မင်းကြီးက ချင်းထျန်ကျန်းရဲ့ စကားကို ကြားပြီးတာတောင် သူမဆီကို သွားသေးတာလား" ယိရွှင်ရီမျက်မှောင်ကြုတ်သွားသည်။
တတိယမင်းသားလေး ဖျားနေသဖြင့် သူမသည် မနေ့ညက အဝတ်မလဲဘဲ ပြုစုနေခဲ့ရရာ၊ အစေခံများက မနှောင့်ယှက်ဝံ့သဖြင့် ယနေ့မှသာ သတင်းပို့ကြခြင်းဖြစ်သည်။
ယွမ်ရှို့က ခေါင်းညိတ်ကာ မျက်နှာမကောင်းစွာဖြင့် - "ဟုတ်ပါတယ်၊ မနေ့က ညစာမစားခင်ကတည်းက သွားတာပါ။ ဒီနေ့ နေ့လည်နားနီးမှ ပြန်လာတာ။ နန်းပြင်က အမတ်တွေ တွေ့ဖို့ ရောက်လာလို့သာ ပြန်လာတာဖြစ်မှာပါ၊ မဟုတ်ရင် နေ့လည်စာပါ စားပြီးမှ ပြန်မယ့်ပုံပဲ"
ထိုစကားကြောင့် ယိရွှင်ရီ၏မျက်နှာ မှောင်ကျသွားတော့သည်။
"အရှင်မင်းကြီးက ယဲ့ရှီကို ဒီလောက်တောင် ယုံကြည်နေတာလား။ ချင်းထျန်ကျန်းဆိုတာ နှောင်းဧကရာဇ် လက်ထက်ကတည်းက အလေးမထားခံရတဲ့ နေရာဆိုတော့၊ အရှင်မင်းကြီးက သူတို့စကားကို နားမဝင်တာ ဖြစ်မလား။”
အကယ်၍ နင်ချန်က နားမထောင်ဘဲ ယဲ့ယွင်ကိုသာ မိဖုရားခေါင်ကြီးမြှောက်ရန် ဇွတ်လုပ်ခဲ့လျှင် သူမ၏ အားထုတ်မှုများမှာ အလဟဿ ဖြစ်ပေတော့မည်။ သို့သော် ထိုမျှ ကောင်းမွန်လှသော၊ သဲလွန်စ ရှာမရသော အခွင့်အရေးကို သူမ လက်လွှတ်မခံနိုင်ပေ။
"ကျွန်တော်မျိုးမ ထင်တာကတော့... အရှင်မင်းကြီး တစ်ယောက်တည်း သိနေရင်တော့ ဆုံးဖြတ်ချက်က အရှင့်အပေါ်မှာပဲ မူတည်နေမှာပါ။ ဒါပေမဲ့ သိတဲ့သူတွေ များလာရင်၊ အထူးသဖြင့် အမတ်ကြီးတွေကပါ ပြောလာရင်တော့ အရှင်မင်းကြီးလည်း အနည်းနဲ့အမကတော့ ထည့်စဉ်းစားရမှာပဲ မဟုတ်လား" ယွမ်ရှို့က အကြံပြုသည်။
ယိရွှင်ရီ ခနစဉ်းစားပြီးနောက် အကျိုးအကြောင်းရှိသည်ဟု ယူဆသဖြင့် လူလွှတ်၍ စတင် စီစဉ်တော့သည်။
……
အခြားတစ်ဖက်တွင်၊ ယဲ့ယွင်သည် နင်ချန် ပြန်သွားသည်နှင့် ဤကိစ္စ၏နောက်ကွယ်တွင် နန်းတွင်းမှ တစ်စုံတစ်ယောက် ပါဝင်ပတ်သက်နေခြင်း ရှိမရှိကို စုံစမ်းခိုင်းလိုက်သည်။
နင်ချန်မှာ အမျိုးသားဖြစ်သဖြင့် အမျိုးသမီးတို့၏ သိမ်မွေ့သော ပရိယာယ်များကို နားမလည်နိုင်သော်လည်း၊ ယဲ့ယွင်ကတော့ နားလည်သည်။ အနောက်ဆောင်မှအမျိုးသမီးများသည် မည်သည့်အရာကိုမဆို လက်နက်အဖြစ် အသုံးချနိုင်ကြသည်။ နင်ချန်အတွက်မူ တိုက်ဆိုင်မှုဟု ထင်ရသော်လည်း ယဲ့ယွင်ကတော့ နတ်ဘုရားနှင့် ကြယ်တာရာ အယူအဆများကို လုံးဝ မယုံကြည်သဖြင့် သေသေချာချာ စုံစမ်းရမည် ဖြစ်သည်။
သူမ စုံစမ်းနေသည့် နှစ်ရက်အတွင်းမှာပင်၊ နန်းပြင်၌လည်း ဤသတင်းမှာ ပျံ့နှံ့သွားခဲ့သည်။ ခဏချင်းမှာပင် အရာရှိ အတော်များများက - အရှင်မင်းကြီးသည် ယဲ့ယွင်အား အလွန်အမင်း မျက်နှာသာ ပေးနေသဖြင့် နန်းတွင်း၌ လူအများ ဖျားနာနေရခြင်း ဖြစ်သည်ဟု ပြောဆိုလာကြသည်။ ချင်ဝမ်ရုန်မှာ ကိုယ်ဝန်ရှိစဖြစ်သလို မျက်နှာသာ အပေးမခံရသူ ဖြစ်သဖြင့် သူမကို တိုက်ခိုက်ရန် မလွယ်ကူသော်လည်း၊ မျက်နှာသာ အပေးခံရဆုံး ဖြစ်သော ယဲ့ယွင်မှာမူ အဓိက ပစ်မှတ် ဖြစ်လာခဲ့သည်။
နန်းတွင်း၌ မိမိတို့၏ အမျိုးသမီးများ ရှိနေကြသော အရာရှိများမှာ ယဲ့ယွင်တစ်ဦးတည်း ထင်ပေါ်နေသည်ကို မည်သူကမှ ကြည့်မနေချင်ကြပေ။
"တကယ်ပဲ အဲဒီလို ပြောနေကြတာလား" ယဲ့ယွင်၏မျက်နှာ အေးစက်သွားသည်။
ခုန်းချင်းက စိုးရိမ်တကြီး ခေါင်းညိတ်
ပြသည်။
"ကျွန်တော်မျိုး ကျိုချန်နန်းဆောင်ဘက်မှာ စုံစမ်းကြည့်တော့၊ ဒီနေ့ ညီလာခံမှာ အမတ်မင်းစွန်းက... မင်ကျောင်းယွမ်အနေနဲ့ နန်းပြင်ထွက်ပြီး ဆုတောင်းပေးဖို့၊ နန်းတွင်းက လူတွေ အကုန်ကျန်းမာလာမှ ပြန်လာဖို့ အကြံပြုခဲ့တယ်လို့ သိရပါတယ်"
"ထောက်ခံတဲ့သူကော ရှိလား" ယဲ့ယွင် မျက်လွှာချလိုက်သည်။
"ရှိပါတယ်၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်ပါဘူး" ခုန်းချင်းက အမှန်အတိုင်း လျှောက်တင်သည်။
"ကောင်းပြီ... သိပြီ။ မင်း သွားတော့"
ယဲ့ယွင်က လက်ယမ်းပြလိုက်သော်လည်း စိတ်ထဲတွင်တော့ ဒေါသထွက်နေမိသည်။ ဟွေယွဲ့က စိုးရိမ်တကြီး လက်ဖက်ရည် ကမ်းပေးရင်း - "ကျောင်းယွမ်... ဒါ ဘယ်လိုလုပ်မလဲဟင်"
နန်းပြင်ထွက် ဆုတောင်းသည်မှာ ပြောရလျှင် လွယ်ကူသော်လည်း၊ ဘယ်ကိုသွားရမည်၊ မည်သည့်အချိန်တွင် ပြန်လာရမည်ဆိုသည်မှာ အသေအချာ မရှိပေ။ အကယ်၍သာ ထွက်သွားခဲ့လျှင် အရှင်မင်းကြီးနှင့် ကြာရှည် မတွေ့ရတော့ဘဲ၊ နန်းတွင်းရှိ အခြားသူများက အခွင့်အရေး ယူသွားနိုင်သဖြင့် ယဲ့ယွင်အတွက် အဘက်ဘက်မှ နစ်နာလှသည်။
ထို့ထက် ပို၍ စိုးရိမ်ရသည်မှာ စတုတ္ထမင်းသားလေးကို ခေါ်သွားနိုင်ပါ့မလား ဆိုသည်ပင်။ မင်းသားလေးမှာ ငယ်သေးသဖြင့် မိခင်နှင့် ဝေးကွာသွားပါက နန်းတွင်းရှိ ချောင်းမြောင်းနေသူများ၏ အန္တရာယ်မှာ မနည်းလှပေ။
ယဲ့ယွင်သည် ဤကိစ္စ၏နောက်ကွယ်တွင် တစ်စုံတစ်ယောက်က တွန်းပို့နေကြောင်း ပို၍ပင် သေချာသွားသည်။ သို့သော် ကိစ္စမှာ အလွန်ပင် လျင်မြန်စွာဖြစ်ပွားခဲ့သဖြင့် သဲလွန်စရှာရန် ခက်ခဲနေသည်။
သူမ ရရှိထားသော တစ်ခုတည်းသော သဲလွန်စမှာ - ချင်းထျန်ကျန်းမှ လီကျင့်နှင့် လီဝမ်ရုန်၏ ဖခင်ဖြစ်သူ မြို့တော်ဝန် လီတောက်ချင်းတို့မှာ ဆွေမျိုးဝေးတော်စပ်နေခြင်းပင်။ လီဝမ်ရုန်သည် လီကျင့်ကို ဦးလေးတော်စပ်သော်လည်း၊ သူတို့ မိသားစု နှစ်ခုမှာ လွန်ခဲ့သော မျိုးဆက်ကတည်းက အဆက်အသွယ်ပြတ်နေခဲ့ကြရာ အပြင်ပန်းတွင် ဘာမှ ရှာမတွေ့နိုင်ပေ။
ယဲ့ယွင်၏မျက်ဝန်းများ မှောင်ကျသွားသည်။ ဤအမှုကို အမြန်ဆုံး ဖော်ထုတ်ကာ မိမိ၏ အပြစ်ကင်းစင်မှုကို သက်သေပြရမည်၊ မဟုတ်လျှင် နန်းပြင်ထွက်ရပေတော့မည်။ မယ်တော်ကြီးနှင့် မင်းသားများပါ ဖျားနာနေသဖြင့်၊ အကယ်၍ တစ်စုံတစ်ယောက်ကထိုအခြေအနေကို အသုံးချကာ တစ်ခုခုလုပ်ကြံပြီး သူမအပေါ် အပြစ်ပုံချလိုက်လျှင် နစ်နာမှုမှာ ယခုထက် ပို၍ ကြီးမားသွားပေလိမ့်မည်။
…….
ယင်းကော်ကုန်းအိမ်တော်။
စာကြည့်ဆောင်အတွင်း ယင်းကော်ကုန်း နှင့် သူ၏သား ချန်ရှန်ယိတို့ စကားပြောနေကြသည်။
"ဒီကိစ္စကို မင်း ဘယ်လို မြင်လဲ" ယင်းကော်ကုန်းက မေးလိုက်သည်။
ချန်ရှန်ယိက မျက်လွှာချကာ - "ကျွန်တော့် အထင်တော့ ဒါက အခွင့်အရေးပါပဲ။ မင်ကျောင်းယွမ်က မျက်နှာသာ အပေးခံရတာ ကြာပြီဖြစ်သလို၊ အခုဆိုရင် နန်းတွင်းတစ်ခုလုံးကို လွှမ်းမိုးနေပါပြီ။ သူမ နန်းပြင်ထွက် ဆုတောင်းတာက ပြန်လာမယ့်အချိန် ရှိဦးမှာ မှန်ပေမဲ့၊ သူမ မရှိတဲ့ အတောအတွင်းမှာ ကျွန်တော်တို့တွေ အများကြီးလုပ်လို့ ရပါတယ်။ နောက်နှစ်မှာ လူသစ်တွေလည်း ဝင်လာဦးမှာ မဟုတ်လား"
သူ့အယူအဆမှာ ဖခင်ဖြစ်သူနှင့် ထပ်တူကျနေသဖြင့် ယင်းကော်ကုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "မင်းရဲ့ စိတ်ထဲမှာ အစီအစဉ်ရှိရင် သွားလုပ်လိုက်တော့။ မမေ့နဲ့ဦး... မယ်တော်ကြီး ဖျားနေတာဆိုတော့ ဂါရဝသွားပြုဖို့လည်း စီစဉ်ဦး"
"ဟုတ်ကဲ့... နားလည်ပါပြီ"
ထိုညမှာပင် မယ်တော်ကြီး၏ရောဂါမှာ ပိုမို ပြင်းထန်လာခဲ့သည်။ သူမသည် အိပ်မက်ဆိုးများ မက်ကာ အဓိပ္ပာယ်မရှိသော စကားများပင် အော်ဟစ်နေတော့သည်။ သမားတော်များ လာရောက် စစ်ဆေးပြီး အပ်စိုက်ကုသကာ ဆေးအသစ်များ ဖော်ပေးခဲ့သော်လည်း၊ မယ်တော်ကြီးမှာ အသက်ကြီး၍ အားနည်းနေသဖြင့် ရောဂါမှာ ပို၍ ဆိုးရွားလာခြင်း ဖြစ်သည်ဟုသာ ရှင်းပြကြသည်။
တစ်ချိန်တည်းမှာပင်၊ ယခင်က မဖျားခဲ့သော ကျင်းသယ့်ဖေးသည်လည်း ထိုညမှာပင် လဲကျသွားခဲ့သည်။ သူမတွင်လည်း တူညီသော တုပ်ကွေးရောဂါ လက္ခဏာများ ပြနေတော့သည်။
နောက်တစ်နေ့ ညီလာခံတွင် မင်ကျောင်းယွမ်အား နန်းပြင်ထွက် ဆုတောင်းခိုင်းရန် တောင်းဆိုသံများ ပို၍ ကျယ်လောင်လာခဲ့သည်။ အချို့သော အမတ်များမှာ - အရှင်မင်းကြီးသည် ကိုယ်လုပ်တော်ကို မည်မျှပင် ချစ်စေကာမူ၊ မိဘအပေါ် ဝတ်ကျေရမည့် ‘သိက္ခာ’ ကို မမေ့သင့်ဘဲ မယ်တော်ကြီးနှင့် တော်ဝင်ရင်သွေးများကို ငဲ့ညှာသင့်ကြောင်း ရဲဝံ့စွာပင် ပြောဆိုလာကြသည်။
ဤအချိန်သို့ ရောက်မှသာ ယဲ့ယွင်သည် သူမ၏ အားနည်းချက်ကို သိလိုက်ရသည်။ သူမတွင် မြို့တော်၌ အင်အား မရှိခြင်းပင်။
သူမ၏အစ်ကို ယဲ့ကျယ်မှာ နယ်စပ်တွင် ရှိနေသလို၊ ဝမ်းကွဲအစ်ကိုများ ဖြစ်သော ချူယွင်ဟွိုက်မှာ လန်ကျိုးတွင်၊ ချူယွင်ဟုန်မှာ ပျန့်ကျိုးတွင် အသီးသီး တာဝန်ကျနေကြသည်။ မြို့တော်ရှိ စစ်ဘက်ဌာနတွင် တာဝန်ကျနေသော သူမ၏ မောင်ဝမ်းကွဲ ယဲ့ဟွိုက်တစ်ဦးတည်းသာ ရှိသော်လည်း၊ သူမှာ ရာထူးအလွန်နိမ့်နေသဖြင့် စကားပြောရန် အခွင့်အရေး မရှိပေ။
ယဲ့ယွင်၏မိသားစုမှာ အင်အား မနည်းသော်လည်း၊ ညီလာခံတွင် အရေးတကြီး အခြေအနေတွင် သူမဘက်မှ ရှေ့ထွက် စကားပြောပေးနိုင်မည့်သူမှာ အမှန်
တကယ်ပင် ရှားပါးနေတော့သည်။ ထိုအခြေအနေကြောင့်နင်ချန် (ဧကရာဇ်) ကိုပါ အတော်လေး ခေါင်းခဲသွားစေခဲ့တော့လေသည်။
***