← Chapters

အခန်း (၃၆၃-၃၆၄)

Vol. 23 Ch. 363-364

အခန်း (၃၆၃-၃၆၄)

Vol. 23 Ch. 363-364

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-363

အခန်း ၃၆၃ ။ အတူတူ

တစ်ဖက်တွင် မိမိချစ်မြတ်နိုးသော အမျိုးသမီး၊ အခြားတစ်ဖက်တွင် အမတ်များ၏ ဝိုင်းဝန်းဖိအားပေးမှုတို့ကြောင့် နင်ချန် အလွန်စိတ်ရှုပ်ထွေးနေရသည်။ ထိုအခိုက်အတန့်တွင် ယဲ့ယွင်သည် မိမိသဘောဆန္ဒအလျောက် ကျိုချန်နန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။

“အရှင်မင်းကြီး... အရှင်နဲ့ နန်းတွင်းအေးချမ်းဖို့အတွက် ချန်းချဲ့ နန်းပြင်ထွက်ပြီး ဆုတောင်းပေးဖို့ အဆင်သင့်ပါပဲ”

“ဘာတွေ လျှောက်ပြောနေတာလဲ။ ဒီကိစ္စတွေကို ကျန်းကိုယ်တိုင် စဉ်းစားဆုံးဖြတ်ပါ့မယ်။ နှစ်ကုန်ခါနီးပြီမို့ အဆောင်ပြန်ပြီး စိတ်အေးအေးနဲ့ စောင့်နေဟုတ်ပြီလား။”

နင်ချန်က သူမအား ထူပေးရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ယဲ့ယွင်အား နန်းပြင်သို့ အထီးကျန်စွာ ထွက်မသွားစေလိုသည်မှာ သေချာလှသည်။

“အရှင်မင်းကြီးကို အခက်တွေ့စေမှာ ချန်းချဲ့ ပိုပြီး မလိုလားလို့ပါ” ယဲ့ယွင်က မော့ကြည့်လိုက်သည်။

အမျိုးသမီးလေး၏ မျက်ဝန်းထဲတွင် စိုးရိမ်စိတ်နှင့် မိမိကိုယ်ကိုယ် အပြစ်တင်စိတ်များသာ ပြည့်နှက်နေပြီး၊ မတရားခံရသည့် အရိပ်အယောင် မြူတစ်မှုံစာမျှပင် မရှိပေ။ ထိုကဲ့သို့သော အကြည့်ကို မြင်ရသောအခါ နင်ချန်မှာ ပို၍ပင် သနားဂရုဏာ သက်သွားရသည်။

သူက သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

“ဒါ မင်းရဲ့အပြစ် မဟုတ်ပါဘူး။ သူတို့က ကျန်း မင်းအပေါ် မျက်နှာသာ ပေးလွန်းတာကို မကြည့်ရက်ကြလို့ ဒီအခွင့်အရေးကိုသုံးပြီး ဖိအားပေးနေကြတာပါ။ မင်း မကြောက်ပါနဲ့၊ ကျန်း မင်းကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း အမြဲ ဖြစ်စေရမယ်။ မင်း အဆောင်ပြန်ပြီး အေးအေးဆေးဆေး စောင့်နေပါ၊ ကျန်း နည်းလမ်းကောင်းတစ်ခု စဉ်းစားလိုက်ပါ့မယ်”

“ကောင်းပါပြီ... ဘယ်လိုပဲဖြစ်ဖြစ် ချန်းချဲ့ အရှင်မင်းကြီးကို ယုံပါတယ်” ယဲ့ယွင်က နှုတ်ခမ်းလေး တွန့်ရုံ ပြုံးလိုက်သည်။

……

ကျိုချန်နန်းဆောင်မှ ထွက်လာသောအခါ၊ ဆောင်းလေအေးကြောင့်လော သို့မဟုတ် အခြားအကြောင်းကြောင့်လော မသိ၊ ယဲ့ယွင်၏ မျက်ဝန်းများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေတော့သည်။

မယ်တော်ကြီး၏ရောဂါမှာ ဤအချိန်ကျမှ ပိုမိုဆိုးရွားလာခြင်းမှာ တစ်စုံတစ်ယောက်က တမင်တကာ ကြံစည်နေခြင်းဖြစ်ကြောင်း သိသာလှပေသည်။ ထို့ပြင် ကျင်းသယ့်ဖေး ဖျားနာခြင်းမှာလည်း အချိန်ကိုက်လွန်းလှ၏။ ကလေးများ၏ရောဂါမှာ ဟန်ဆောင်၍ မရသော်လည်း (ဥပမာ တတိယမင်းသား)၊ ယိရွှင်ရီမှာမူ ထူးဆန်းနေသည်။

လီဝမ်ရုန်သည် ယိရွှင်ရီ၏ လူဖြစ်သလို၊ ချင်းထျန်ကျန်း (နက္ခတ်ဗေဒင်ဌာန) မှ တာဝန်ခံမှာလည်း လီမိသားစုနှင့် ဆွေမျိုးတော်စပ်နေခြင်းပင်။ ခိုင်လုံသော သက်သေ မရှိသေးသော်လည်း ယဲ့ယွင်သည် ယိရွှင်ရီအပေါ် သံသယ ကြီးစွာ ဝင်နေမိသည်။

“ရှန်ဖိန်ကျစ်ကို ယိရွှင်ရီရဲ့ ဆေးမှတ်တမ်းတွေနဲ့ ဆေးနည်းတွေကို စုံစမ်းခိုင်းလိုက်ပါ။ သူမ တကယ် ဖျားနေတာလားဆိုတာ သိချင်တယ်”

နန်ကျစ်က ခေါင်းညိတ်ကာ သမားတော်ဆောင်သို့ ချက်ချင်း ထွက်ခွာသွားသည်။ ယိရွှင်ရီ ရောဂါဟန်ဆောင်ခြင်းမှာ ကိစ္စအကြီးကြီး မဟုတ်သော်လည်း၊ ယခုကဲ့သို့ ကြယ်တာရာနိမိတ် သတင်းများ ထွက်ပေါ်နေချိန်တွင် ရောဂါဟန်ဆောင်နေခြင်းမှာ ၎င်းကိစ္စနှင့် ကင်းလွတ်လိမ့်မည် မဟုတ်ပေ။

သို့သော် ယဲ့ယွင် မမျှော်လင့်ထားသည့်အရာမှာ ယိရွှင်ရီ၏ ရောဂါအဖြေ မထွက်လာမီမှာပင် ကျိုချန်နန်းဆောင်မှ အရေးကြီးသော သတင်းတစ်ခု ထွက်ပေါ်လာခြင်းပင်။

နင်ချန်သည် သူမနှင့်အတူ နန်းပြင်ထွက်၍ ဆုတောင်းပေးရန် ဆုံးဖြတ်လိုက်သောသတင်းဖြစ်သည်။

ထိုသတင်းကြောင့် နန်းတွင်းသာမက နန်းပြင်၌ပါ အကြီးအကျယ် လှုပ်ခတ်သွားတော့သည်။ တိုင်းပြည်အရှင်သခင် တစ်ဦးအနေဖြင့်ဆန္ဒရှိတိုင်း နန်းပြင်သို့ ထွက်ခွာရန် မသင့်တော်ဟု အမတ်များစွာက ကန့်ကွက်ကြသည်။

သို့သော် နင်ချန်တွင် ကြိုတင်ပြင်ဆင်ထားသော ဆင်ခြေရှိသည်။ သူသည် ဧကရာဇ်တစ်ဦးဖြစ်သလို မယ်တော်ကြီး၏ သားအရင်းလည်း ဖြစ်သည်။ မိခင်ဖြစ်သူ ဖျားနာနေပါလျက် မိမိ၏ ကိုယ်လုပ်တော်ကိုသာ နန်းပြင်လွှတ်၍ ဆုတောင်းခိုင်းခြင်းမှာ သားတစ်ဦး၏ ဝတ်တရား မကျေပွန်ရာ ရောက်သည်ဟု သူက ဆိုသည်။ မယ်တော်ကြီးရော၊ တော်ဝင်ရင်သွေးများပါ သူနှင့် သွေးသားတော်စပ်သူများဖြစ်ရာ မင်ကျောင်းယွမ်တစ်ဦးတည်း သွားခြင်းမှာ နတ်ဘုရားများကို အားနာစရာ ဖြစ်စေနိုင်သည်ဟု အကြောင်းပြခဲ့သည်။

ထို့ပြင် ယဲ့ယွင်အပေါ် မျက်နှာသာ ပေးခဲ့ခြင်းမှာ သူ့လုပ်ရပ်သာ ဖြစ်သဖြင့်၊ ယဲ့ယွင်၏ ကံကြမ္မာ အလွန်အမင်း တောက်ပနေခြင်းမှာ သူနှင့်လည်း သက်ဆိုင်နေသည်။ အမျိုးသမီး တစ်ဦးတည်းအပေါ် အပြစ်ပုံချခြင်းမှာ ‘မင်းကောင်းမင်းမြတ်’ တို့၏ အပြုအမူ မဟုတ်ကြောင်း သူက ပြတ်သားစွာ ပြောဆိုခဲ့သည်။ အထူးသဖြင့် ဧကရာဇ်ဟောင်းကိုယ်တိုင် လက်ထပ်ပေးခဲ့သော ယဲ့ယွင်အား အထီးကျန်စွာ နန်းပြင်လွှတ်ခြင်းမှာ ကွယ်လွန်သူ အရှင်မင်းကြီးနှင့် တိုင်းပြည်အတွက် ကုသိုလ်ပြုခဲ့သော ယဲ့မျိုးရိုးဖခင်ကြီးတို့၏ ဝိညာဉ်ကို စော်ကားရာ ရောက်လိမ့်မည်ဟုပင် ထည့်သွင်း ပြောကြားခဲ့သည်။

၎င်းမှာ ‘သူ့နည်းသူ့ဟန်ဖြင့် ပြန်လည် တုံ့ပြန်ခြင်း’ (အမတ်များ သုံးခဲ့သော ‘မိဘအပေါ် ဝတ်ကျေမှု’ အယူအဆကို ပြန်လည် အသုံးချခြင်း) ပင် ဖြစ်သည်။ အကယ်၍ အမတ်များက ဆက်လက် ကန့်ကွက်နေပါက သူတို့ကိုယ်တိုင် ပြောခဲ့သော စကားများကို ပြန်လည် ရိုက်ပုတ်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဤကိစ္စမှာ အတည်ဖြစ်သွားခဲ့သည်။ နက်ဖြန်တွင် ဧကရာဇ်နှင့် မင်ကျောင်းယွမ်တို့သည် နန်းပြင်ရှိ တော်ဝင်ဘုရားကျောင်းသို့ သွားရောက် ဆုတောင်းကြမည်ဖြစ်ပြီး၊ မယ်တော်ကြီးနှင့် ကလေးများ ရောဂါပျောက်ကင်းမှသာ ပြန်လာကြမည်ဖြစ်သည်။

ယဲ့ယွင်လည်းထိုသတင်းကြားရသောအခါ အလွန် အံ့သြသွားသည်။ နင်ချန်သည် သူမအပေါ် ဤမျှအထိ နက်ရှိုင်းစွာ ချစ်မြတ်နိုးသဖြင့် နန်းပြင်အထိ အတူလိုက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ တိုင်းပြည်၏ဘုရင် တစ်ဦးအနေနှင့် ဤမျှအထိ လုပ်ဆောင်ခြင်းမှာ သာမန် ချစ်သူတို့၏ သံယောဇဉ်ထက် များစွာ သာလွန်လှသည်။

သို့သော်ထိုကိစ္စ၏နောက်ကွယ်တွင် အခြားသော လျှို့ဝှက်ချက်ရှိနေနိုင်သည်ဟုလည်း သူမ တွေးမိသည်။ မည်သို့ပင် ဖြစ်စေ၊ လက်ရှိတွင် နန်းတွင်းရှိ ကိုယ်လုပ်တော်များမှာ ယဲ့ယွင်အား နန်းပြင် မောင်းထုတ်ရန် ကြံစည်ခဲ့သော်လည်း၊ ယခုမူ ဧကရာဇ်နှင့် သူမအား သီးသန့်အတူရှိရန် အခွင့်အရေး ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ဒေါသကြောင့် အသည်းခိုက်နေကြတော့သည်။

ယိရွှင်ရီမှာ အနာကျင်ရဆုံးပင်။ သူမ အားစိုက်ခဲ့သမျှမှာ ရေထဲ အစုံမျှောလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။ သူမသည် ဒေါသတကြီးဖြင့် လီဝမ်ရုန်ကို လန်ဟွာဆောင်သို့ခေါ်ယူကာ ဆဲဆိုကြိမ်းမောင်းတော့သည်။ လီရှီမှာလည်း ဝမ်းနည်းနေမိသည်။ အစက ယိရွှင်ရီကိုယ်တိုင်လည်း ဤအကြံကို သဘောကျခဲ့သည် မဟုတ်လား။ လီဝမ်ရုန်၏ အမြင်တွင်မူ ယိရွှင်ရီသည် အမတ်များကို အလွန်အမင်း ဖိအားပေးခိုင်းလိုက်သဖြင့် ဧကရာဇ်မှာ စိတ်တိုကာ ဤသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ယူဆနေမိသည်။ သို့သော် သူမလည်း အပြင်ပန်းတွင်တော့ ဘာမှမပြောရဲရှာပေ။

နန်းပြင်ထွက်ခွာရန်အတွက် အလျင်အမြန် စီစဉ်ကြရသည်။ ယဲ့ယွင် အစိုးရိမ်ဆုံးမှာ စတုတ္ထမင်းသားလေးဖြစ်၏။ အကြောင်းကတော့ ကလေးအား နန်းပြင်သို့ ခေါ်သွားခွင့် မရှိသောကြောင့်ပင်။ နောက်ဆုံးတွင် နင်ချန်ထံ ခွင့်တောင်းကာ မင်းသားလေးအား ဟွေ့ကျောင်းယွမ်ထံတွင် ခနအပ်နှံခဲ့ပြီး၊ ဟွေယွဲ့ကိုပါ စောင့်ရှောက်ရန် ချန်ထားခဲ့သည်။ ပိုင်ရှုမှာလည်း မင်းသားလေးဘေးတွင်ရှိနေသဖြင့် သူမ အနည်းငယ် စိတ်အေးရသည်။ ယခု နန်းတွင်းတွင် ယဲ့ယွင် ယုံကြည်ရသူမှာ အလွန်ပင် ရှားပါးလှသည် မဟုတ်လား။

နောက်တစ်နေ့ မိုးမလင်းမီမှာပင် မြင်းရထားသည် ကျောက်ချွန်းဆောင်မှ ယဲ့ယွင်အား တင်ဆောင်ကာ ကျိုချန်နန်းဆောင်သို့ သွားရောက်၍ နင်ချန်နှင့်အတူ ထွက်ခွာခဲ့ကြသည်။ ဘုရားကျောင်းမှာ မြို့ဆင်ခြေဖုံးတွင် ရှိပြီး ‘ယန်ချင်းဘုရားကျောင်း’ ဟု ခေါ်ကာ နန်ချီပြည်၏ တော်ဝင်ဘုရားကျောင်း ဖြစ်သည်။ ဧကရာဇ် ကြွလာမည်ဖြစ်သဖြင့် ဘုရားကျောင်းကို ပိတ်ထားကာ တော်ဝင်စစ်တပ်ဖြင့် အစောင့်အကြပ် ထူထပ်စွာ ထားရှိထားသည်။

တစ်လမ်းလုံးတွင် သူတို့နှစ်ဦးမှာ ရထားသီးခြားစီ စီးခဲ့ကြသလို၊ ဘုရားကျောင်းသို့ ရောက်သောအခါတွင်လည်း အခန်းခွဲ၍ နေထိုင်ကြရသည်။ နတ်ဘုရားများ၏ ရှေ့မှောက်တွင် ဆုတောင်းရန်လာခြင်းဖြစ်သဖြင့် စည်းကမ်းကို ထိန်းသိမ်းရမည် မဟုတ်လား။ သို့သော် နေ့လည်စာကိုတော့ အတူစားခွင့်ရှိသည်။

“ဒီမှာက သတ်သတ်လွတ် အစားအစာတွေပဲ ရှိတာ၊ ဒါပေမဲ့ အရသာကတော့ တကယ် ကောင်းတယ်” နင်ချန်က ဆိုပြီးနောက် အစေခံများကို လက်ယမ်းပြလိုက်သည်။ “မင်းတို့ အကုန် ထွက်သွားကြတော့။ မင်ကျောင်းယွမ် တစ်ယောက်တည်း ပြုစုရင် ရပြီ”

ဤသည်မှာ သီးသန့် စကားပြောလိုသည်ဟု အဓိပ္ပာယ်ရသည်။ ယွမ်ကျိုက နားလည်စွာဖြင့် အစေခံ အားလုံးကို ခေါ်ထုတ်သွားခဲ့သည်။ ယဲ့ယွင်က ပြုံးလိုက်မိသည်။ သူမ၏ခန့်မှန်းချက်မှာ မှန်ကန်သွားခဲ့ပြီ။ သူမသည် စကားကို အရင်မစဘဲ နင်ချန်အတွက် ဟင်းများ ထည့်ပေးရင်း သူ အရင်ပြောလာမည့် အချိန်ကို စောင့်နေလိုက်သည်။

နင်ချန်က သူမ၏အပြုံးကို ကြည့်ကာ မိမိရှေ့မှအမျိုးသမီးသည်တစ်ခုခုကို ရိပ်မိနေပြီမှန်း သိလိုက်ရသည်။

“ကြည့်ရတာ မင်း သိနေပြီ ထင်တယ်”

“ချန်းချဲ့ ဘာမှ မသိပါဘူး။ အရှင်မင်းကြီးက ချန်းချဲ့နဲ့အတူ ဆုတောင်းဖို့ လာတာပဲလေ။ ဒါထက် ပိုတာ ဘာမှ မရှိပါဘူး” ယဲ့ယွင်က ဆိုသည်။

နင်ချန်က ရယ်မောလိုက်သည်။

“မင်းက ထက်မြက်ပါတယ်။ ကျန်း ဖုံးကွယ်မထားတော့ပါဘူး။ အမှန်တော့ မယ်တော်ကြီးရဲ့ရောဂါက ဟန်ဆောင်နေတာ။ ယင်းကော်ကုန်းရဲ့ နည်းလမ်းတွေက တကယ် မသေးဘူးပဲ။ အခုထိ အမတ်တွေကို စုစည်းပြီး ကျန်းကို ဖိအားပေးနိုင်သေးသလို၊ နန်းတွင်းထဲကိုပါ လက်တံတွေ ဆန့်တန်းနိုင်သေးတယ်”

ထို့ပြင် မယ်တော်ကြီးထံသို့ ဘယ်သူမှမသိအောင် သတင်းများ ပေးပို့နိုင်ခြင်းမှာလည်း အံ့သြစရာပင်။ အကယ်၍ မယ်တော်ကြီးအား ကုသပေးနေသော သမားတော်ကို လျှို့ဝှက်စွာ ဖမ်းဆီး စစ်ဆေးမေးမြန်းခြင်း မပြုခဲ့လျှင် သူလည်း အမှောင်ထဲတွင် ရှိနေဦးမည်သာ။

“ဒါဆို အရှင်မင်းကြီး နန်းပြင်ထွက်လာတာက ယင်းကော်ကုန်း အိမ်တော်ကို ပိုပြီး ကောင်းကောင်း စုံစမ်းဖို့အတွက်ပေါ့” ယဲ့ယွင်က မျက်ခုံးလေးပင့်ကာ မေးလိုက်သည်။

နင်ချန်က ခေါင်းညိတ်သည် - “နန်းပြင်မှာက ပိုပြီး လုပ်ရကိုင်ရ လွယ်ကူတယ်လေ”

သူသည် မိခင်ရင်းအပေါ် လက်ပါ၍ မရသဖြင့်၊ မယ်တော်ကြီးအား မြှူဆွယ်နေသော ယင်းကော်ကုန်း၏ အင်အားစုကိုသာ အမြစ်ဖြတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် မယ်တော်ကြီးသည် သူမ၏ မိသားစု စကားကို နားထောင်ကာ နန်းတွင်းကို အမြဲ ဆူပူအောင် လုပ်နေဦးမည်။

“ချန်းချဲ့ကတော့ ဒီမှာပဲ ဆုတောင်းနေပါ့မယ်။ အရှင်မင်းကြီးကတော့ အရှင်လုပ်ချင်တာကိုသာ လုပ်ပါ” ယဲ့ယွင်က နူးညံ့စွာ ဆိုလိုက်သည်။

နင်ချန်သည် သူမ၏ ထက်မြက်မှုကို များစွာ ကျေနပ်နေမိသည်။ “နောက်နှစ်ကျရင် ကျန်း မင်းရဲ့ ဝမ်းကွဲအစ်ကိုကို လန်ကျိုးကနေ ပြန်ခေါ်ပေးမယ်။ မင်းရဲ့ မောင်ဝမ်းကွဲလည်း စစ်ဘက်ဌာနမှာ တကယ်ကို တော်ပါတယ်။ သူက ပျိုးထောင်ပေးရမယ့် လူတော် တစ်ယောက်ပဲ”

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-364

အခန်း ၃၆၄ ။ ကံလာဘ်

“အရှင်မင်းကြီးရဲ့ အစီအစဉ်အတိုင်းပါပဲရှင်” ယဲ့ယွင်က ပြုံးလျက် နင်ချန်အတွက် ဟင်းများ ထည့်ပေးလိုက်သည်။

“တစ်လမ်းလုံး ခရီးပန်းလာတာဆိုတော့၊ အရှင်မင်းကြီး အမြန်သုံးဆောင်ပြီး အနားယူလိုက်ပါဦး”

နင်ချန်က ခေါင်းညိတ်သော်လည်း ထပ်မံ ဖြည့်စွက်ပြောဆိုသည်။

“မင်းလည်း ကျန်းနဲ့အတူ နေခဲ့ဦး”

“ဒါက... သိပ်မကောင်းဘူး ထင်တယ်”

ယဲ့ယွင် တစ်ခဏမျှ အံ့အားသင့်သွားကာ တွန့်ဆုတ်နေမိသည်။ ဘုရားကျောင်းထဲတွင် ဖြစ်သဖြင့် စည်းကမ်းကို ရှောင်လွှဲသင့်သည် မဟုတ်လား။

သူမ စိုးရိမ်နေသည်ကို မြင်သောအခါ နင်ချန်က နှုတ်ခမ်းလေး တွန့်ရုံ ပြုံးလိုက်သည်။

“စိတ်ချပါ၊ ကျန်း အတိုင်းအတာ သိပါတယ်။ ကျန်းနဲ့အတူ ခဏလောက် လှဲနေပေးရုံပါပဲ၊ ညနေကျမှ မင်းကို ပြန်လွှတ်ပေးမယ်”

တကယ်တော့ ဘာမှမဟုတ်သော်လည်း၊ သူက ထိုသို့ ပြောလိုက်သောအခါ ယဲ့ယွင် တစ်မျိုးတွေးနေသကဲ့သို့ ဖြစ်သွားသဖြင့်၊ သူမက သူ့ကို မျက်စောင်း ခပ်ပြင်းပြင်း တစ်ချက် ထိုးလိုက်တော့သည်။

နေ့လည်စာ စားပြီးနောက် နှစ်ဦးသား အတွင်းခန်း၌ လှဲလျောင်းလိုက်ကြသည်။ နင်ချန်ကတော့ တကယ်ကို ပင်ပန်းနေရှာသည်။ မနေ့က နန်းပြင်ထွက်ရန် ဆုံးဖြတ်ပြီးကတည်းက တစ်ညလုံး အစီအစဉ်များ ချမှတ်နေခဲ့ရသဖြင့် အိပ်ချိန်ပင် မရှိခဲ့ပေ။ မူလက တန်းအိပ်ရန် စိတ်ကူးသော်လည်း ယဲ့ယွင် နေ့လည်စာ မစားရသေးသည်ကို တွေးကာ အတူ စားပေးခဲ့ခြင်း ဖြစ်သည်။

ယခု ယဲ့ယွင်ကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်နှင့် ခဏအတွင်းမှာပင် သူ အိပ်ပျော်သွားတော့သည်။ ယဲ့ယွင် အနည်းငယ် အံ့သြသွားကာ၊ ကိုယ်ကို အနည်းငယ် စောင်း၍ အနားသို့ တိုးကြည့်လိုက်ရာ သူ့မျက်လုံးအောက်မှ ဖျော့တော့သော အညိုရောင် အကွင်းများကို မြင်လိုက်ရသည်။

ငယ်ငယ်ရွယ်ရွယ်နှင့် နန်းတက်ခဲ့ပြီး၊ အင်အားကြီးသော မိသားစုကြီးများနှင့် အမတ်ကြီးများ၏ လက်ထဲမှ အာဏာကို အနိုင်ယူ ဆုပ်ကိုင်နိုင်ခဲ့သော နင်ချန်သည် ဧကရာဇ်ကောင်း တစ်ဦး ဖြစ်သည်မှာ သေချာသော်လည်း၊ တစ်ဖက်ကလည်း အလွန်ပင် ပင်ပန်းလှသည်မှာ ငြင်းမရပေ။

ဤမျှ နီးကပ်သော အကွာအဝေးမှ ချောမောသော မျက်နှာကို ကြည့်နေရင်း၊ ထိုမျက်နှာသည် တဖြည်းဖြည်းနှင့် အခြားသော နုနယ်သည့် မျက်နှာလေးတစ်ခုနှင့် ထပ်တူ ကျလာခဲ့သည်။ တူလိုက်တာ... တကယ်ကို တူလွန်းလှသည်။ စတုတ္ထမင်းသားလေးသည် နင်ချန်၏ ပုံစံငယ်လေးအတိုင်းပင်။

တစ်ခဏချင်းမှာပင် ယဲ့ယွင်၏ရင်ထဲ၌ အနည်းငယ် တုန်လှုပ်သွားရသည်။ သူမသည် မျက်ဝန်းများကို လှုပ်ခတ်လိုက်ပြီး အကြည့်ကို ရုပ်သိမ်းလိုက်၏။ နင်ချန်မှာ ငယ်သေးသည်။ သူမအနေနှင့် အသက်ရှင်သန်ရန်၊ သားဖြစ်သူနှင့် မိသားစုကို ကာကွယ်ရန်အတွက် နင်ချန်၏ မျက်နှာသာပေးမှုကို အစွမ်းကုန် ရယူရပေမည်။ သူမ မျက်နှာသာ ရလေလေ၊ ယဲ့မိသားစုနှင့် ချူမိသားစုတို့မှာ နင်ချန်၏ လက်ထက်တွင် ပိုမို ဖွံ့ဖြိုးတိုးတက်လာလေဖြစ်မည်။

ချူမိသားစုမှာ ကိစ္စမရှိသော်လည်း၊ ယဲ့ကျယ်မှာ စစ်အာဏာကို ဆုပ်ကိုင်ထားသူ ဖြစ်သည်။ အကယ်၍ နောင်တစ်ချိန်တွင် စတုတ္ထမင်းသား နန်းမတက်ခဲ့လျှင်၊ ဘယ်ဧကရာဇ်သစ်ကများ ယဲ့မိသားစုကို ကြည့်နေမှာလဲ။ ထို့ထက် ပို၍ ဆိုရလျှင်၊ ဧကရာဇ်သစ်သည် ဤကဲ့သို့သော အင်အားကြီး မိခင်ဘက်မှ မိသားစုရှိသည့် စတုတ္ထမင်းသားကို ချန်ထားပါဦးမှာလား။ သူမသာ အုပ်ချုပ်သူနေရာတွင် ရှိနေလျှင်လည်း လုံးဝ သည်းခံမည် မဟုတ်ပေ။

၎င်းမှာ ယဲ့ယွင်က ပြိုင်ဆိုင်ချင်ခြင်း၊ မချင်ခြင်းထက် - အသက်ရှင်ရန်အတွက် မဖြစ်မနေ ပြိုင်ဆိုင်ရမည့် ကိစ္စပင် ဖြစ်တော့သည်။ ယခု သူမ နင်ချန်အတွက် အလုပ်လုပ်ပေးခြင်းမှာလည်း စတုတ္ထမင်းသား၏ အနာဂတ်အတွက် လမ်းခင်းပေးနေခြင်းသာ ဖြစ်၏။ နင်ချန်က သူမကို မဖုံးကွယ်ဘဲ ပြောပြလာမှတော့၊ သူမဘက်ကလည်း တစ်ခုခု ပြန်လည် လုပ်ဆောင်ပေးရပေမည်။

ထိုသို့ စဉ်းစားပြီးနောက်မှ ယဲ့ယွင်သည် ဖြည်းဖြည်းချင်း မျက်စိမှိတ်လိုက်တော့သည်။ အရင် အနားယူလိုက်ပြီး၊ ညနေကျမှ သေသေချာချာ ထပ်မံ စီစဉ်ရပေဦးမည်။

တစ်နာရီခန့်အကြာတွင် ယွမ်ကျိုက တံခါးအပြင်ဘက်မှ တိုးတိုးလေး နှစ်ချက် ခေါ်လိုက်သည်။ နင်ချန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်သော်လည်း ယဲ့ယွင်က အရင် နိုးလာခဲ့သည်။ ဆောင်းရာသီတွင် တစ်စုံတစ်ယောက်၏ ထွေးပွေ့မှုဖြင့် အိပ်ရသည်မှာ အလွန် နွေးထွေးသဖြင့် သူမ မထချင်သေးပေ။ သို့သော် ဆုတောင်းရန် လာခြင်းဖြစ်သဖြင့် သတိထားရပေမည်။

“အရှင်မင်းကြီး... ထရမယ့်အချိန် ရောက်ပါပြီ” ယဲ့ယွင်က အသာအယာ ခေါ်လိုက်သည်။

အမျိုးသားမှာ မလှုပ်ရှားသည်ကို မြင်သောအခါ၊ သူမက စနောက်ချင်သဖြင့် သူ၏ နှာခေါင်းကို လက်ဖြင့် ညှစ်ရန် ပြင်လိုက်၏။ သို့သော် လက်ကလေး လှမ်းလိုက်ရုံ ရှိသေး၊ ခါးလေးမှာ တင်းခနဲ ဖြစ်သွားကာ ကိုယ်ကို လှန်ချခြင်း ခံလိုက်ရပြီး၊ နင်ချန်၏ရင်ဘတ်ပေါ်သို့ မှောက်လျက် ရောက်သွားတော့သည်။

“မလိမ္မာဘူးနော်”

နင်ချန်က သူ၏ဖီးနစ်မျက်ဝန်းများကို တစ်ဝက်ခန့် ဖွင့်ကာ၊ မကောင်းတာလုပ်ရန်ကြံနေသော လက်ကလေးကို ဖမ်းဆုပ်၍ ခပ်ဖွဖွလေး ကိုက်လိုက်သည်။

“အရှင်မင်းကြီးကသာ မလိမ္မာတာပါ။ နိုးနေပါလျက်နဲ့ တမင် အိပ်ချင်ဟန် ဆောင်နေတာကို” ယဲ့ယွင်က ညည်းတွဲလိုက်ရင်း လက်ကို ပြန်ရုပ်လိုက်သည်။ သူမက မကျေနပ်သေးသဖြင့် သူ၏ မေးစေ့ကို ပြန်ကိုက်လိုက်၏။

နင်ချန်က ရယ်မောလျက် သူမကို ပြန်ချပေးကာ ထိုင်လိုက်သည်။

“ကဲပါ... ထကြစို့။ ညနေကျရင် ယန်ချင်းဘုရားကျောင်းက ရို့ခုံဆရာတော်ကြီးနဲ့ သွားတွေ့ရဦးမယ်”

ယဲ့ယွင်က ခေါင်းညိတ်ပြကာ အစေခံများကို အထဲဝင်ခိုင်းလိုက်သည်။ အဝတ်အစားလဲ၍ အပြင်ခန်းသို့ ထွက်လာသောအခါ အပြင်၌ နှင်းမှုန်လေးများ ကျနေသည်ကို တွေ့ရ၏။ ယခုအခါ ဒီဇင်ဘာလ အစောပိုင်း ဖြစ်သဖြင့် နှင်းကျခြင်းမှာ သဘာဝပင်။ ယန်ချင်းဘုရားကျောင်းမှာ တောင်ခါးပန်းတွင် ရှိသဖြင့် တောင်ပေါ်မှာ ပိုအေးရာ၊ သူမသည် ဝတ်ရုံထူတစ်ထည်ကို ထပ်မံ ဝတ်ဆင်လိုက်ရသည်။ သူတို့ နေထိုင်သည့် နေရာမှာ ဘုရားကျောင်းထက် အနည်းငယ် ပိုမြင့်သော နောက်တောင်ကုန်းပေါ်တွင် ဖြစ်ရာ၊ ဆရာတော်ကြီးနှင့် တွေ့ရန်အတွက် တောင်အောက်သို့ ဆင်းရမည် ဖြစ်သည်။

“နှင်းကျထားတော့ လမ်းချော်နိုင်တယ်။ လမ်းလျှောက်သွားကြစို့၊ ဝေါယာဉ်စီးရင် အန္တရာယ် ရှိနိုင်တယ်” ဟု နင်ချန်က ဆိုသည်။

ယဲ့ယွင်သည်လည်း သဘောတူသဖြင့် ခေါင်းညိတ်လိုက်သည်။ ကံကောင်းသည်မှာ ဆင်းရသည့် လမ်းမှာ ကျောက်ပြားများ ခင်းထားသဖြင့် ပြန့်ပြူးနေသလို၊ အစေခံများကလည်း အရှေ့မှ ကြိုတင် ရှင်းလင်းထားသဖြင့် နာရီဝက်ခန့် လျှောက်လိုက်ရုံနှင့် ရောက်သွားခဲ့သည်။

“အရှင်မင်းကြီးနဲ့ သခင်မ... ဆရာတော်ကြီးက အထဲမှာ စောင့်နေပါတယ်။ တပည့်တော်နောက်က လိုက်ခဲ့ပါ”

ကျောင်းဆောင် တံခါးဝတွင် အသက် ဆယ်နှစ်ကျော်အရွယ် ကိုရင်လေးတစ်ပါးက ရိုသေစွာ ဂါရဝပြုရင်း သစ်သားတံခါးကို ဖွင့်ပေးသည်။ အထဲသို့ ဝင်လိုက်သောအခါ၊ မျက်ခုံးနှင့် မုတ်ဆိတ်များ ဖြူဖွေးနေပြီး မီးခိုးရောင် သင်္ကန်း ဝတ်ဆင်ထားသော ဆရာတော်ကြီးတစ်ပါးအား လက်ထဲတွင် စိပ်ပုတီးကို ကိုင်လျက်၊ မျက်စိမှိတ်ကာ စြင်္ကံလမ်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ခြေသံကြားမှ သူသည် မျက်လုံး ဖွင့်လာခဲ့၏။ ကြင်နာတတ်သော မျက်နှာဖြင့် ပြုံးလျက် ဂါရဝပြုသည်။

“ဆရာတော်ကြီး... တပည့်တော်နဲ့ မင်ကျောင်းယွမ်တို့ ဆုတောင်းဖို့ ရောက်လာခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း ဆရာတော်ကြီးကို အနှောင့်အယှက် ပေးရပါဦးမယ်” နင်ချန်က အလွန် ယဉ်ကျေးစွာ ဆိုလိုက်သည်။

အကြောင်းကတော့ ရှေ့မှ ရို့ခုံဆရာတော်ကြီးမှာ အသက် တစ်ရာခန့် ရှိနေပြီဖြစ်ကာ၊ နင်ချန်၏ အဘိုးလက်ထက်ကတည်းက ယန်ချင်းဘုရားကျောင်း၏ ကျောင်းထိုင်ဖြစ်ခဲ့သဖြင့် အလွန်ပင် ကြည်ညို လေးစားခြင်း ခံရသူ ဖြစ်သောကြောင့်ပင်။

ရို့ခုံဆရာတော်ကြီးက လက်အုပ်ချီကာ ရိုသေစွာ ပြန်လည် ဂါရဝပြုသည်။

“အရှင်မင်းကြီးရဲ့ မိဘအပေါ် ဝတ်ကျေမှုနဲ့ ကြင်နာတတ်တဲ့ စိတ်ထားဟာ နန်ချီပြည်သူတွေအတွက် ကံကောင်းခြင်းပါပဲ။ အရှင်မင်းကြီးအတွက် ဆုတောင်းပေးခွင့် ရတာဟာလည်း ဘုန်းကြီးအတွက် ကုသိုလ်ပါပဲ”

“ဒါဆိုရင် ဆရာတော်ကြီး... တပည့်တော်နဲ့ မင်ကျောင်းယွမ်ကို ဘုရားဆောင်ဆီ ခေါ်သွားပေးပါဦး” ဟု နင်ချန်က ဆိုသည်။

သို့သော် ရို့ခုံဆရာတော်ကြီးမှာ ပြုံးလျက်နှင့် မလှုပ်ရှားပေ။

“သာမန် ဖျားနာမှု၊ ဘေးဥပဒ်တွေဆိုရင်တော့ အချိန်တန်ရင် ကုန်ဆုံးသွားမှာပါ။ ဒါပေမဲ့ သာမန်လူတွေက ဧကရာဇ်ကိုယ်တိုင်ရဲ့ ဆုတောင်းပေးမှုကိုတော့ ခံနိုင်ရည်ရှိပါ့မလား စိုးရိမ်မိတယ်”

ဤစကား ထွက်လာသည်နှင့် နင်ချန်၏မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။ သူသည် စူးစမ်းသော အကြည့်ဖြင့် ရှေ့မှ ဆရာတော်အိုကြီးအား အကဲခတ်လိုက်၏။ ရို့ခုံဆရာတော်ကြီးမှာလည်းငယ်ရွယ်သော ဧကရာဇ်၏အကြည့်ကို တည်ငြိမ်စွာပင် ရင်ဆိုင်နေခဲ့သည်။

အချိန်အတော်ကြာမှ နင်ချန်က အကြည့်ကို ရုပ်သိမ်းလိုက်ပြီး နှုတ်ခမ်းထောင့်တွင် ဝေဝေဝါးဝါး အပြုံးတစ်ခု ပေါ်လာသည် ။

“ဒါပေမဲ့ တပည့်တော် ရောက်လာမှတော့၊ ဘာမှ မလုပ်ဘဲ နေလို့လည်း မဖြစ်ဘူး မဟုတ်လား”

“ဘုန်းကြီးဆီမှာ လက်ဖက်ရည် ကောင်းကောင်း ရှိပါတယ်။ အရှင်မင်းကြီးနဲ့ သခင်မတို့ မြည်းစမ်းကြည့်ကြပါဦးလား” ဟု ဆိုကာ ဆရာတော်ကြီးက လမ်းဖယ်ပေးလိုက်သည်။

နင်ချန်နှင့် ယဲ့ယွင်တို့သည် တစ်ဦးကိုတစ်ဦး တိုက်တိုက်ဆိုင်ဆိုင် ကြည့်လိုက်မိကြသည်။ နှစ်ဦးလုံး၏ မျက်ဝန်းထဲတွင် သိလိုစိတ်များ ပြည့်နှက်နေသဖြင့် အထဲဝင်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။ ဤဆရာတော်ကြီး နောက်ထပ် ဘာတွေ သိထားဦးမလဲ ဆိုသည်ကို သူတို့ သိချင်နေကြခြင်း ဖြစ်သည်။

ခုနက ပြောသွားသော စကားမှာ ဝေဝေဝါးဝါး ရှိလှသည်။ ၎င်းမှာ ချင်းထျန်ကျန်း (နက္ခတ်ဗေဒင်ဌာန) က အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ဆိုလိုခြင်းလား၊ သို့မဟုတ် မယ်တော်ကြီးမှာ ရောဂါဟန်ဆောင်နေသဖြင့် ဆုတောင်းပေးရန် မလိုအပ်ဟု ဆိုလိုခြင်းလား။

သူတို့ သုံးဦးသား လက်ဖက်ရည် စားပွဲတွင် ထိုင်လိုက်ကြသည်။ အလယ်တွင် နှစ်ပေါင်းများစွာ သုံးစွဲထားသော ကျောက်နီမြေအိုးလက်ဖက်ရည် အစုံရှိနေ၏။ ရို့ခုံဆရာတော်ကြီးသည် ကျွမ်းကျင်စွာဖြင့် လက်ဖက်ရည် သုံးခွက် ငှဲ့ပေးလိုက်သည်။

သို့သော် ခွက်သုံးခွက်ထဲမှ လက်ဖက်ရည် ပမာဏမှာ မတူညီကြပေ။ ယဲ့ယွင်၏ခွက်ထဲတွင် တစ်ဝက်သာ ပါရှိပြီး၊ နင်ချန်နှင့် ဆရာတော်ကြီး၏ ခွက်များမှာမူ အပြည့် ပါရှိနေသည်။

“ဆရာတော်ကြီး... ဒါက ဘာကို ဆိုလိုတာလဲလို့ မေးပါရစေ” ယဲ့ယွင် မနေနိုင်တော့ဘဲ မေးလိုက်သည်။ ပထမဆုံး မြင်လိုက်ရကတည်းက ဤဆရာတော်အိုကြီးမှာ သာမန်လူ မဟုတ်ဘဲ နက်နဲသူဖြစ်ကြောင်း သူမ ခံစားရသဖြင့်၊ ယခု ပို၍ပင် သိချင်လာခဲ့သည်။

ရို့ခုံဆရာတော်ကြီးက သူမကို ကြည့်လိုက်ရာ၊ ထိုတရားဓမ္မ ရိပ်ယောင်များ ပြည့်နှက်နေသော မျက်ဝန်းများမှာ တစ်ခဏအတွင်း လက်ခနဲ ဖြစ်သွားသကဲ့သို့ပင်။

“လူ့ဘဝဆိုတာ လက်ဖက်ရည် တစ်ခွက်လိုပါပဲ။ သခင်မအနေနဲ့ အလိုလို နားလည်ပါလိမ့်မယ်”

“ဒါဆိုရင်... ဒီလစ်ဟာနေတဲ့ တစ်ဝက်က၊ ကျွန်မရဲ့ လက်ဖက်ရည် မဟုတ်ဘူးလို့ ဆိုလိုတာလား” ယဲ့ယွင်က မျက်ခုံးလေး ပင့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဤဆရာတော်အိုကြီးမှာ သူမ၏ ထူးခြားမှုကို မြင်သွားခဲ့ပြီလားဟု သူမ တွေးမိလိုက်သည်။ အမှန်စင်စစ် သူမ၏ဝိညာဉ်သည် ဤခန္ဓာကိုယ်ကို ဝင်စားထားခြင်း ဖြစ်၏။ သာမန်လူကဲ့သို့ပင် ကလေးဘဝမှ ကြီးပြင်းလာခဲ့ရသော်လည်း၊ အတွင်းစိတ်မှာ မတူညီကြောင်း သူမကိုယ်တိုင် အသိဆုံး ဖြစ်သည်။

“သခင်မက ထက်မြက်ပါတယ်၊ ဘုန်းကြီးက အများကြီး ပြောနေစရာ မလိုတော့ပါဘူး” ဆရာတော်ကြီးက ပြုံးလျက် ဆိုသည်။

ယဲ့ယွင်သည် မျက်လွှာချလိုက်ပြီး ထပ်မံ မမေးတော့ပေ။ သို့သော် နင်ချန်ကတော့ အထင်မှားသွားခဲ့သည်။ ဤစကားဝိုင်းကို နားထောင်ပြီးနောက် သူ၏ မျက်မှောင်များ ကြုတ်သွားကာ - “ဆရာတော်ကြီး... မင်ကျောင်းယွမ်ရဲ့သက်တမ်းမှာ တစ်ခုခု အပြောင်းအလဲ ရှိနေလို့လား”

လက်ဖက်ရည် တစ်ဝက်တည်း ဆိုသည်မှာ ဘဝတစ်ဝက်ပဲ နေရမည်ဟု ဆိုလိုခြင်းလား။

“မဟုတ်ပါဘူး... မဟုတ်ပါဘူး။ အရှင်မင်းကြီး အထင်မှားသွားပါပြီ။ ကျောင်းယွမ် သခင်မဟာ အလွန် ကံကောင်းတဲ့ ဇာတာရှင် ဖြစ်ပါတယ်” ဟု ရို့ခုံဆရာတော်ကြီးက ချက်ချင်း ခေါင်းခါပြသည်။

“ဒါဆိုရင် ဒီလက်ဖက်ရည်က?” နင်ချန်က ဆက်မေးသည်။

သို့သော် ဆရာတော်ကြီးက ထပ်မပြောတော့ဘဲ လက်အုပ်ချီလိုက်ကာ

“အရှင်မင်းကြီး... လူတစ်ဦးစီမှာ ကံကြမ္မာ ကိုယ်စီ ရှိကြပါတယ်။ ကံကြမ္မာတွေကတော့ မတူညီကြပါဘူး။ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကိုတော့ ထုတ်ပြောလို့ မရပါဘူး။ အရှင်မင်းကြီးအနေနဲ့ စိတ်ချပါ၊ သခင်မရဲ့ ဇာတာဟာ အလွန်ပဲ ကံလာဘ် ကြီးမားလှပါတယ်”

***

All Chapters