အခန်း (၃၆၅-၃၆၆)
Vol. 23 Ch. 365-366
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-365
အခန်း ၃၆၅ ။ စာရင်းမှတ်တမ်းစာအုပ်
ဆရာတော်ကြီးက ထုတ်မပြောသဖြင့် အတင်းအကျပ်မေးမြန်းရန် အကြောင်းမရှိရာ၊ ၎င်းကိစ္စကို ထပ်မံ မပြောဖြစ်ကြတော့ပေ။ အမှန်တကယ် ဆုတောင်းရန် မလိုအပ်သော်လည်း၊ ဤကဲ့သို့သော ဗုဒ္ဓဘာသာ နယ်မြေသို့ ရောက်ရှိလာမှတော့ တရားစာများ ကူးရေးပြီး စိတ်ကို ငြိမ်သက်အောင် ထားခြင်းကလည်း ကောင်းမွန်လှပေသည်။
ကိုရင်လေးက စက္ကူနှင့် စုတ်တံများ ယူလာပေးရာ၊ နင်ချန် နှင့် ယဲ့ယွင် တို့သည် တစ်ဖက်စီ ထိုင်ကာ တရားစာများကို စတင် ကူးရေးကြတော့သည်။ ရို့ခုံဆရာတော်ကြီးကတော့ သူတို့၏ ဘေးတွင် တရားထိုင်နေလေသည်။ အပြင်တွင် ယခုနှစ်၏ ပထမဆုံးသော နှင်းမှုန်လေးများ ကျဆင်းနေခြင်းမှာ အလွန်ပင် ကဗျာဆန်လှ၏။
နာရီဝက်ခန့် ကြာသောအခါ ယွမ်ကျိုသည် အသာအယာ ဝင်လာပြီး နင်ချန်၏နားနားတွင် တိုးတိုးလေး လျှောက်တင်သည်။ တစ်ခဏချင်းမှာပင် နင်ချန်၏မျက်မှောင်များ အနည်းငယ် ကြုတ်သွားရ၏။
“မင်း ဒီမှာပဲ တရားစာ ဆက်ရေးနေမလား၊ ဒါမှမဟုတ် အဆောင်ပြန်နားမလား ကြိုက်သလိုလုပ်ပါ။ ကျန်း လုပ်စရာကိစ္စလေးရှိလာလို့ အဖော်မလုပ်ပေးနိုင်တော့ဘူး” နင်ချန်က စုတ်တံကို ချကာ နူးညံ့စွာ ပြောလိုက်သည်။
ယဲ့ယွင်က ခေါင်းညိတ်သည်။
“အရှင်မင်းကြီး သွားပါ၊ ချန်းချဲ့ တစ်ယောက်တည်းလည်း ကိစ္စမရှိပါဘူး”
နင်ချန် ထွက်သွားပြီးနောက် ယဲ့ယွင်သည် ကျန်ရှိနေသော တရားစာ သုံးပုံတစ်ပုံကို ဆက်လက် ကူးရေးနေခဲ့သည်။ သူမသည် အလုပ်တစ်ခုကို တစ်ဝက်တစ်ပျက်နှင့် မထားခဲ့ချင်ပေ။ ထို့ပြင် ဤကျောင်းဆောင်အတွင်း၌ စိတ်နှလုံးမှာ အလွန်ပင် အေးချမ်းနေမိသည်။
သူမ စာရေးပြီးစီး၍ စုတ်တံကို ချလိုက်ချိန်တွင် ရို့ခုံဆရာတော်ကြီးလည်း မျက်လုံး ပွင့်လာခဲ့သည်။
“သခင်မအနေနဲ့ ယုံကြည်မယ်ဆိုရင်၊ ဒီတရားစာတွေကို ဘုန်းကြီးဆီမှာ အပ်ခဲ့ပါ။ ဘုရားရှေ့မှာ ရွတ်ဖတ်ပူဇော်ပေးပါ့မယ်”
ယဲ့ယွင်က အသာအယာ ဂါရဝပြုလိုက်
သည်။
“ဒါဆိုရင်တော့ တပည့်တော်မအတွက် ကုသိုလ်ပါပဲ။ ဆရာတော်ကြီးကို အပင်ပန်းခံစေမိပါပြီ”
ရို့ခုံဆရာတော်ကြီးက လက်အုပ်ချီကာ ပြန်လည် ဂါရဝပြုသည်။ ယဲ့ယွင် ထွက်သွားပြီးနောက် ကိုရင်လေးသည် စားပွဲပေါ်မှ စာရေးကိရိယာများကို သိမ်းဆည်းရန် အခန်းထဲ ဝင်လာခဲ့သည်။
သူက မနေနိုင်ဘဲ မေးလိုက်မိသည်။
“ဆရာ... ဘာလို့ သူမအတွက် တရားရွတ်ပေးဖို့ အရင်ဆုံး ကမ်းလှမ်းရတာလဲ။ ပုံမှန်ဆိုရင် လူဘယ်နှစ်ယောက် တောင်းဆိုတောင်းဆို ဆရာက လက်မခံဘူး မဟုတ်လား”
“မင်း သူမရဲ့ ကိုယ်ရောင်ကိုယ်ဝါမှာ ဘာမြင်လဲ”
ကိုရင်လေးက ခေါင်းကုတ်ကာ - “တပည့်တော် မိုက်မဲလို့ ဘာမှ မမြင်ပါဘူး။ သူမရဲ့အရှိန်အဝါက တကယ့်ကို ထူးခြားပြီး မြင့်မြတ်တယ်လို့ပဲ ခံစားရပါတယ်။ ချမ်းသာတဲ့ မိသားစုကမို့လို့ ဖြစ်မှာပါ”
ရို့ခုံဆရာတော်ကြီးက ပြုံးလျက် ခေါင်းခါလိုက်သည်။
“ဒီဒကာမလေးရဲ့ကိုယ်ပေါ်မှာ ရွှေဖီးနစ်ရဲ့ အရှိန်အဝါ ရှိတယ်။ ပြီးတော့ အဲဒီအရှိန်အဝါကို သူမက အရမ်းကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်တယ်”
“ဒါဆို... သူမက မိဖုရားခေါင်ကြီး ဖြစ်လာနိုင်တာပေါ့?” ကိုရင်လေး မျက်လုံးများ ဝိုင်းသွားတော့သည်။
“လူဟာ ကံဇာတာအတိုင်းသာ လိုက်ပါမယ်ဆိုရင်တော့ သေချာပေါက် ဖြစ်လာမှာပါ။ ဒါပေမဲ့ အခုတော့ ကံဇာတာက လူရဲ့ဆုံးဖြတ်ချက်နောက်ကို လိုက်နေရပြီ။ အရာအားလုံးက သူမရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်တော့တယ်” ဆရာတော်ကြီးက မျက်လွှာချလိုက်သည် - “ထပ်မမေးနဲ့တော့၊ မြန်မြန် သိမ်းဆည်းပြီး ငါနဲ့အတူ တရားထိုင်ရအောင်”
ကိုရင်လေးက ခေါင်းညိတ်ကာ ထပ်မမေးတော့ပေ။ ကံဇာတာ ဆိုသည်မှာ - ဥပမာအားဖြင့် မိဖုရားခေါင်ကြီးဟောင်း ရှဲ့ရှီတွင်လည်း ဖီးနစ်ဇာတာ ရှိခဲ့သော်လည်း၊ သူမ မထိန်းချုပ်နိုင်ခဲ့သဖြင့် ကောင်းမွန်သော အဆုံးသတ် မရရှိခဲ့ပေ။ ယဲ့ယွင်ကမူ ထိုဇာတာကို ထိန်းချုပ်နိုင်စွမ်းရှိသူ ဖြစ်ရာ၊ ထိုဇာတာကို ထုတ်ပြမှာလား၊ သို့မဟုတ် ဝှက်ထားမှာလား ဆိုသည်မှာ သူမ၏ရွေးချယ်မှုသာ ဖြစ်တော့သည်။
…….
နာရီဝက်ခန့်အကြာတွင် ယဲ့ယွင်သည် မိမိအဆောင်သို့ ပြန်ရောက်ခဲ့သည်။ ခုန်းချင်းက တံခါးဝတွင် စောင့်နေပြီး သူမကို မြင်သည်နှင့် အနားသို့ တိုးလာခဲ့သည်။
“ကျောင်းယွမ်... အခုလေးတင် ရာထူးဝန်ဌာနက အမတ်မင်းရွှီ ဘုရားကျောင်းထဲ ဝင်လာပါတယ်။ ပြီးတော့ ယိရွှင်ရီရဲ့ အစ်ကို၊ တရားရုံးချုပ်က အရာရှိဝူလည်း ပါလာပါတယ်”
“သိပြီ... မင်း အမှောင်ထဲကနေ သေသေချာချာ စောင့်ကြည့်ထားပါ။ တခြားထူးခြားတာရှိရင် ချက်ချင်း လာသတင်းပို့” ယဲ့ယွင်က အေးစက်စွာ မှာကြားလိုက်သည်။
အထဲဝင်၍ ဝတ်ရုံချွတ်ကာ လက်ဖက်ရည်ပူပူ တစ်ခွက်သောက်ပြီးမှ မီးဖိုဘေးတွင် ထိုင်လိုက်သည်။ မိမိလူများကို ဤမျှ အမြန် တွေ့ဆုံနေမှတော့ နင်ချန် စတင်လှုပ်ရှားနေပြီမှာ သေချာသည်။ သို့သော် သူက ဘယ်ဘက်ကနေ စုံစမ်းနေတာလဲ။
ယင်းကော်ကုန်းအိမ်တော်ဆိုသည်မှာ ကိစ္စများစွာနှင့် ပတ်သက်နေပြီး၊ အမြစ်များမှာ နက်ရှိုင်းလှသည်။ အကယ်၍ မြွေမလန့် စုမနိုး ဖြစ်သွားပါက ယင်းကော်ကုန်းက သတိထားသွားလျှင် လုပ်ရကိုင်ရ ခက်ခဲသွားပေလိမ့်မည်။ ယဲ့ယွင်သည် စိတ်ကို တည်ငြိမ်အောင်ထားပြီး အတွေးများကို အစမှအဆုံး သေသေချာချာ ပြန်စီစစ်ကြည့်လိုက်ရာ၊ နောက်ဆုံးတွင် စကားလုံး နှစ်လုံးကို မျက်စိကျသွားခဲ့သည်။
အဂတိ။
၎င်းမှာ စုံစမ်းရန် လွယ်ကူသော လမ်းကြောင်း မဟုတ်သော်လည်း၊ သက်သေသာ မိခဲ့လျှင် ယင်းကော်ကုန်း အိမ်တော်မှာ လွတ်လမ်း မရှိတော့ရုံတင်မကဘဲ၊ ချန်မိသားစုနှင့် ပတ်သက်နေသူ အားလုံးကိုပါ အမြစ်ပြတ် သုတ်သင်နိုင်မည် ဖြစ်သည်။ သူမ၏အတွေးမှာ နင်ချန်နှင့် တူ၊ မတူ မသေချာသော်လည်း၊ ဤလမ်းကြောင်းအတိုင်း စုံစမ်းခြင်းက တစ်ခုခုတော့ ရရှိလာမည်မှာ သေချာသည်။ ထိုမျှကြီးမားသော အိမ်တော်ကြီးတွင် ယင်းကော်ကုန်း၏ လက်များမှာ လုံးဝ စင်ကြယ်နေလိမ့်မည်ဟု သူမ မယုံကြည်ပေ။
သူမသည် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက်၊ နန်းပြင်ရှိ မိသားစုထံသို့ လျှို့ဝှက်စာတစ်စောင် ပေးပို့လိုက်သည်။ ထိုစာတွင် အသေးစိတ် မပြောသော်လည်း၊ လတ်တလော ယင်းကော်ကုန်း အိမ်တော်နှင့် ပတ်သက်သမျှ ကိစ္စအားလုံးကို စုံစမ်းပေးရန် ချူရှီ (မိခင်) အား မှာကြားလိုက်ခြင်း ဖြစ်သည်။
……
အခြားတစ်ဖက်တွင်၊ နင်ချန်သည် ယဲ့ယွင်ထက် အရင်စတင်ခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ် သူသည် စစ်ပွဲကာလကတည်းက ယင်းကော်ကုန်း အိမ်တော်၏ ပြစ်မှုများကို အမှောင်ထဲမှ စုဆောင်းနေခဲ့ခြင်း ဖြစ်၏။ ယင်းကော်ကုန်းသည် စစ်ပွဲကာလအတွင်း တစ်ခုခု မှားယွင်းလုပ်ဆောင်မိမည်ဟု သူ မျှော်လင့်ခဲ့သော်လည်း၊ ယင်းကော်ကုန်းမှာ အလွန်ပင် ဝါရင့် မြေခွေးအိုကြီး ဖြစ်သဖြင့် မည်သည့် အားနည်းချက်မှ မပြခဲ့ပေ။ အထူးသဖြင့် သူ၏ သားကြီး ချန်ရှန်ဝမ် အဂတိမှုဖြင့် ရာထူးပြုတ်ပြီးကတည်းက သူသည် ပို၍ သတိကြီးလာခဲ့သည်။
သို့သော် ကြာရှည်လာသည်နှင့်အမျှ သဲလွန်စမှာ ပေါ်လာစမြဲပင်။ လတ်တလောတွင် နင်ချန် ရရှိထားသော သတင်းတစ်ခုမှာဟ ယင်းကော်ကုန်း အိမ်တော်တွင် စာရင်းမှတ်တမ်းစာအုပ်တစ်အုပ် ရှိကြောင်း၊ ထိုစာအုပ်ထဲတွင် ချန်မိသားစု၏ အကာအကွယ်ကို ရယူထားသော လူများက နှစ်စဉ် ပေးပို့သည့် ‘လာဘ်ငွေ’ များကို အသေးစိတ် မှတ်တမ်းတင်ထားကြောင်း သိရသည်။
ဤသတင်းမှာ အရက်မူးနေသော ချန်ရှန်ဝမ်၏ပါးစပ်မှ မတော်တဆ ပေါက်ကြားလာခြင်း ဖြစ်သော်လည်း၊ သူကိုယ်တိုင်ပင် အများကြီး မသိသဖြင့် အသေးစိတ် သတင်းအချက်အလက်ကိုတော့ မရရှိခဲ့ပေ။ ယခု အရေးကြီးဆုံးမှာ ထိုစာရင်းစာအုပ်ကို ရရှိရန် ဖြစ်သည်။
နင်ချန်သည် ယင်းကော်ကုန်း အိမ်တော်အတွင်းသို့ လူယုံများထည့်ရန် ကြိုးစားခဲ့သော်လည်း၊ ယင်းကော်ကုန်းမှာ အလွန် သတိကြီးလွန်းလှသည်။ သူ ထည့်ထားသော လူများမှာ အထဲမဝင်နိုင်ကြခြင်း သို့မဟုတ် အောက်ခြေအလုပ်ကြမ်းသမား အဆင့်မှာသာရှိနေသဖြင့် သခင်များနှင့် မနီးစပ်ကြပေ။ ယခုအခါ နင်ချန်သည် အန္တရာယ်များသော နည်းလမ်းကို သုံးကာ၊ လူလွှတ်၍ အိမ်တော်အတွင်း ခိုးဝင် ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ သူ နန်းပြင်သို့ ထွက်လာရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်၏။ နန်းပြင်တွင် ရှိနေခြင်းက အခြေအနေကို ပို၍ လွတ်လပ်စွာ စီမံနိုင်သောကြောင့်ပင်။
သို့သော် ယနေ့ အမတ်မင်း ရွှီ နှင့် အရာရှိဝူတို့ ယူဆောင်လာသော သတင်းမှာ သိပ်မကောင်းလှပေ။ ယင်းကော်ကုန်း အိမ်တော်တွင် ကိုယ်ခံပညာ မြင့်မားသော အစောင့်အကြပ်များစွာ ရှိနေပြီး၊ မနေ့ညက ခိုးဝင်သူမှာလည်း အဖမ်းခံရလုနီးပါး ဖြစ်ခဲ့ရသည်။ စာအုပ်ဝှက်ထားသည့် နေရာအတိအကျကို မသိရသရွေ့ အောင်မြင်ရန် ခက်ခဲလှပေသည်။
“ကျန်း တစ်ရက်လောက်ယင်းကော်ကုန်း အိမ်တော်ကို သွားဖို့ဆုံးဖြတ်ထားတယ်။”
နင်ချန်က မျက်လွှာချလိုက်သည် - “နန်းပြင်ထွက်လာတုန်း ဦးလေးဖြစ်သူရဲ့အိမ်ကို သွားကြည့်တာက ထုံးစံပဲလေ”
ဧကရာဇ်တစ်ဦး ခရီးထွက်လျှင် အခြွေအရံများစွာ ပါဝင်ရစမြဲ ဖြစ်ရာ၊ ၎င်းမှာ မိမိ၏လူယုံများကို အိမ်တော်အတွင်းသို့ ထည့်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။ သူ တစ်ယောက်တည်း သွားခြင်းကလည်း မသင့်တော်သဖြင့် ယဲ့ယွင်ကိုပါ အတူခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
…..
နောက်တစ်နေ့တွင် ‘ရုတ်တရက် တိုက်ခိုက်ခြင်း’ အနေဖြင့်၊ ဧကရာဇ်၏ ယာဉ်တန်းသည် ယင်းကော်ကုန်း အိမ်တော် တံခါးဝသို့ ရောက်ရှိသွားတော့သည်။ ယင်းကော်ကုန်းသည် အလွန် အံ့အားသင့်သွားသော်လည်း ဝါရင့်သူပီပီ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ သူသည် အိမ်တော်အတွင်းရှိ လူများအားလုံးကို အသိပေးခိုင်းလိုက်ပြီး၊ မိမိကိုယ်တိုင် တံခါးဝသို့ အပြေးအလွှား သွားရောက် ကြိုဆိုခဲ့သည်။
“အမိန့်ထုတ်လိုက်... အစောင့်အကြပ်တွေကို အထူး သတိထားခိုင်းပါ။ သံသယရှိတဲ့လူမြင်ရင် ချက်ချင်း ဖမ်းစမ်း။ ရုန်းကန်
ရင်တော့ ချက်ချင်း သတ်ပစ်လိုက်!”
ယင်းကော်ကုန်းက လေသံအေးအေးဖြင့် အိမ်တော်ထိန်းအား မှာကြားလိုက်သည်။ သူ၏မျက်ဝန်းအိုကြီးများထဲတွင် အေးစက်သော အလင်းတန်းများ လက်ခနဲ ဖြစ်သွားခဲ့သည်။
ဧကရာဇ်သည် လွန်ခဲ့သော နှစ်များစွာအတွင်း မိမိအား စုံစမ်းနေမှန်း သူ ကောင်းစွာ သိထားသည်။ ထို့ကြောင့် သတိမထားဘဲ မနေနိုင်ပေ။ အိမ်တော်အတွင်းရှိ လူပေါင်း ရာချီသော အသက်များမှာ သူ၏ လက်ထဲတွင် ရှိနေသည် မဟုတ်လား။ ‘ဧကရာဇ်အား ကာကွယ်ခြင်း’ ဟူသော အကြောင်းပြချက်ဖြင့် သံသယရှိသူ မည်သူ့ကိုမဆို သတ်ပစ်နိုင်သည်။ ဧကရာဇ်၏ ဘေးကင်းရေးမှာ အရေးကြီးဆုံး ဖြစ်သဖြင့်၊ အကယ်၍ မှားယွင်း သတ်မိလျှင်ပင် ‘သခင်ကို ချစ်လွန်း၍’ ဟု ဆင်ခြေပေး၍ ရပေသည်။
ခနအကြာတွင် အိမ်တော်အတွင်းရှိ လူအားလုံး စုဝေးလာကြပြီး၊ ခန်းမဆောင်တွင် နင်ချန်နှင့် ယဲ့ယွင်ကို တွေ့ဆုံကြရသည်။
“ကျွန်တော်မျိုး ယင်းကော်ကုန်း... မိသားစု တစ်စုလုံးနဲ့အတူ အရှင်မင်းကြီးနဲ့ သခင်မကို ဂါရဝပြုပါတယ်”
“နေပါစေ... ဦးလေးနဲ့ ဒေါ်လေးတို့ ထကြပါ။ ကျန်းက ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် လာကြည့်တာပါ။ နှစ်ကုန်ခါနီးပြီဆိုတော့၊ တူတစ်ယောက်အနေနဲ့ ဦးလေးတို့ကို ကြိုတင်ပြီး နှစ်သစ်နှုတ်ဆက်တာလို့ပဲ သတ်မှတ်လိုက်ပါ” နင်ချန်က ပြုံးလျက် လက်ယမ်းပြလိုက်သည်။
သူ့ပုံစံမှာ တကယ့်ကို ရိုသေသော တူငယ်လေး တစ်ဦးကဲ့သို့ပင်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-366
အခန်း ၃၆၆ ။ နှမြောစရာပဲ
"အရှင်မင်းကြီးက တကယ်ကို အားနာတတ်တာပဲ၊ ကျွန်တော်မျိုးက ဘယ်လိုလုပ် အခွင့်ထူးခံဝံ့ပါ့မလဲ။ အရှင်မင်းကြီး ကြွလာတာက ကျွန်တော်မျိုးအတွက် ကံကောင်းခြင်းပါပဲ"
ယင်းကော်ကုန်းသည် မိမိကိုယ်ကို အလွန်နှိမ့်ချထားပြီး ခါးကိုကိုင်းကာ လက်အုပ်ချီလျက် အလွန်ပင် ယဉ်ကျေးပျူငှာစွာ ဆိုသည်။ ယင်းကော်ကုန်းသည် မယ်တော်ကြီးထက် ပို၍ ထက်မြက်သည်ဟု ဆိုရမည်။ အနည်းဆုံးတော့ အပြင်ပန်းတွင် သူ၏ ရည်မှန်းချက်ကို လူမမြင်အောင် အကွက်စေ့စေ့ ဖုံးကွယ်ထားနိုင်သောကြောင့် ဖြစ်သည်။
နင်ချန်က မျက်လွှာချကာ စိတ်ကို ထိန်းချုပ်လိုက်ပြီး ယင်းကော်ကုန်းအား ကိုယ်တိုင် လက်ဖြင့် ထူပေးလိုက်သည်။ စိတ်ထဲတွင်မပါသော်လည်း လက်ရှိမိမိတို့နှစ်ဦးမှာ ဦးလေးနှင့်တူဖြစ်နေသဖြင့် အပြုအမူများကိုထိန်းထိန်းသိမ်းသိမ်းလုပ်ရန်လိုအပ်ပေသည်။
"ဦးလေးကလည်း အားနာနေပြန်ပြီ။ ကျန်း မှတ်မိသလောက် ငယ်ငယ်က ဦးလေဍအိမ်ကို ခဏခဏ လာဆော့ဖူးတာပဲ၊ဒေါ်လေး လုပ်ပေးတဲ့ ‘အသားလုံးကြော်’ ရဲ့အရသာက်ိုအခုထိမှတ်မိနေတုန်းပဲ၊ အဲဒီတုန်းက အသားလုံးကြော်က အရမ်းအရသာရှိလ်ို့ပန်းကန်တစ်ဝက်လောက် စားတာတောင် မဝနိုင်သေးဘူး။”
ထိုစကားကို ကြားသောအခါ ဘေးမှ ကော်ကုန်းကတော် ဝမ်ရှီက ပြုံးလျက် ဂါရဝပြုလိုက်သည်။
"အရှင်မင်းကြီးက ဒီဟင်းကို ကြိုက်တယ်ဆိုရင် ကျွန်တော်မျိုးမ အခုပဲ သွားလုပ်ပေးပါ့မယ်။ အချိန် သိပ်မကြာပါဘူး"
ယင်းကော်ကုန်းကလည်း သဘောတူလျက်ခေါင်းညိတ်သည်။
"အရှင်မင်းကြီးက ဒီအမတ်ရဲ့အိမ်ကိုခဲခဲယဉ်းယဉ်း ကြွလာတာဆိုတော့ နေ့လည်စာ စားပြီးမှ ပြန်တာပိုမကောင်းဘူးလား။ ဒီအမတ်ကြီးကိုယ်တိုင် လူလွှတ်ပြီး စားပွဲပြင်ခိုင်းလိုက်ပါ့မယ်။”
နင်ချန်က သဘောတူလိုက်သည်။ အမှန်တကယ်တွင် သူသည် ယင်းကော်ကုန်း အိမ်တော်၌ ကြာကြာနေကာ သဲလွန်စတစ်စုံတစ်ရာကို ရှာဖွေလိုသောကြောင့် ဖြစ်သည်။
ဝမ်ရှီသည် မီးဖိုချောင်သို့ သွားပြီးနောက်၊ အမျိုးသမီး ဧည့်သည်ဖြစ်သော ယဲ့ယွင်ကို ဧည့်ခံရန်အတွက် ချန်မိသားစု၏ ချွေးမကြီး ‘မေရှီ’ က အဖော်ပြုပေးရသည်။ ချန်မိသားစု၏ သားကြီး ‘ချန်ရှန်ဝမ်’ မှာ အသုံးမကျသော်လည်း၊ သူ၏ ဇနီးဖြစ်သူ မေရှီမှာမူ အလွန် ထက်မြက်သူ ဖြစ်သည်။ ချန်ရှန်ဝမ်မှာ ရာထူးဆက်ခံခွင့် ဆုံးရှုံးသွားပြီ ဖြစ်သော်လည်း၊ မေရှီမှာမူ အိမ်တော်အတွင်း သြဇာရှိနေဆဲဖြစ်ကာ ယနေ့တိုင် ယောက္ခမ ဝမ်ရှီကို ကူညီ၍ အိမ်တွင်းရေးရာများကို စီမံပေးနေဆဲ ဖြစ်သည်။ သူမ၏ မိသားစုနောက်ခံကောင်းမွန်ခြင်းကြောင့်လည်း ပါသော်လည်း၊ သူမကိုယ်တိုင် မထက်မြက်လျှင် အိမ်တော်သခင်မနေရာကို ထိန်းထားနိုင်မည် မဟုတ်ပေ။
ထူးခြားသည်မှာ ယနေ့တွင် လက်ထပ်ပြီးသားဖြစ်သော ချန်မိသားစု၏ ဒုတိယသမီးတော် ‘ချန်စုကျစ်’ လည်း အိမ်ပြန်ရောက်နေသဖြင့် ဧည့်သည်ကို အတူတူ အဖော်ပြုပေးရသည်။ ချန်စုကျစ်မှာ လွန်ခဲ့သော နှစ်အနည်းငယ်က ယင်းကော်ကုန်းမှ နန်းတော်သို့ သွတ်သွင်းကာ နင်ချန်အား ဆက်သရန် စီစဉ်ခဲ့သူ ဖြစ်သော်လည်း မအောင်မြင်ခဲ့ဘဲ၊ နောက်ဆုံးတွင် ရုန်ချင်းနယ်စား၏ ဒုတိယသား ‘လျန်ချန်စစ်’ နှင့် လက်ထပ်ပေးခြင်း ခံခဲ့ရသူ ဖြစ်သည်။
သို့သော် ယနေ့ သူမကို ကြည့်ရသည်မှာ မျက်နှာ အနည်းငယ် ညိုးနွမ်းနေကာ ဘဝကို ပျော်ရွှင်ပုံ မရပေ။
"သခင်မ ဘယ်လို လက်ဖက်ရည်မျိုး ကြိုက်တတ်လဲဆိုတာ ကျွန်တော်မျိုးမ မသိလို့ပါ။ အခု မုန့်လေးတွေကတော့ အတော်လေး ကောင်းပါတယ်။ ကြည့်ပါဦးရှင်။”
မေရှီက ဥယျာဉ်ထဲရှိ ပန်းဆောင်၌ ပြုံးလျက် ဧည့်ခံသည်။
ယဲ့ယွင်က ထိုင်လိုက်ကာ ယဉ်ကျေးစွာ လက်ယမ်းပြသည်။
"အစ်မကလည်း အားနာနေပါပြီ။ ချန်းချဲ့ကတော့ အထူးတလည် ကြိုက်တာ မရှိပါဘူး။ ကျွင်းဆန်းငွေအပ် ဒါမှမဟုတ် လုံကျင်းလက်ဖက်ရည်ဆို ရပါပြီ"
"ဒါဆို တိုက်ဆိုင်သွားပြီ။ ကျွန်တော်မျိုးမ အိမ်ကနေ ကျွင်းဆန်းငွေအပ် တစ်ဗူး ရထားတာ ရှိတယ်။ အခုပဲ လူလွှတ်ပြီး ယူခိုင်းလိုက်ပါ့မယ်"
မေရှီကဆိုကာ အစေခံကို ချက်ချင်း စေလွှတ်လိုက်သည်။
မေရှီ၏ ရဲတင်းတည်ငြိမ်မှုနှင့် ယှဉ်လျှင် ချန်စုကျစ်မှာ အနည်းငယ် စိတ်မလုံမလဲ ဖြစ်နေပုံရကာ စကားလည်း သိပ်မပြောပေ။ ယဲ့ယွင်က မျက်လွှာချလိုက်ပြီး စတင် စကားစလိုက်သည်။
"ဒုတိယသခင်မလေးနဲ့မတွေ့တာတောင်ကြာပြီနော်၊ ဒုတိယသခင်မလေးလည်း အခုဆို အိမ်ထောင်ရှင်မ ဖြစ်နေပြီပဲ။ ဝတ်ထားတဲ့ ဝတ်စုံလေးက တကယ်လှတာပဲ။ ကြည့်ရတာ ခင်ပွန်းသည်ကအလ်ိုလိုက်ပုံရတယ်။”
ထိုစကားမှာမှာ အလိမ်အညာ မဟုတ်ပေ။ ချန်စုကျစ် ဝတ်ထားသော ဝတ်စုံမှာ အလွန်ကောင်းမွန်သော ပိုးထည်ဖြစ်သလို၊ လည်ပတ်မှာလည်း ယုန်မွေး ဖြစ်သည်။ ယုန်မွေးမှာ မြေခွေးမွေးလောက် တန်ဖိုးမကြီးသော်လည်း၊ ထိုအမွေးမှာ ဖြူစင်လွန်းလှပြီး အမည်းစက် မြူတစ်မှုံစာမျှပင် မပါပေ။
နာမည်တပ်အခေါ်ခံရသော ချန်စုကျစ်သည် တစ်ကိုယ်လုံး တောင့်တင်းသွားပြီးမှ ခေါင်းမော့ကာ မသဘာဝကျသော အပြုံးဖြင့် ပြန်ဖြေသည်။
"သခင်မက ကျွန်တော်မျိုးမကို မှတ်မိနေသေးတာပဲ။ အရှင်မင်းကြီးကိုယ်တိုင် လက်ထပ်ပေးတာဆိုတော့ ခင်ပွန်းသည်ကလည်း ကျွန်တော်မျိုးမအပေါ် မကောင်းဘဲမနေရဲပါဘူး။”
ထိုစကား၏နောက်ကွယ်တွင် အဓိပ္ပာယ်များစွာ ပါဝင်နေမှန်းသ်ိသော်လည်း ယဲ့ယွင်ကပြုံးရုံတင်ပြုံးကာ မသိချင်ယောင်သာဆောင်လိုက်သည်။
'မကောင်းဘဲမနေရဲဘူး' ဆိုသည်မှာ စိတ်ပါလက်ပါ ကောင်းခြင်း မဟုတ်ဘဲ အမိန့်ကြောင့် မကောင်းဘဲမနေရဲခြင်းကို ဆိုလိုခြင်းလားဆိုသည်မှာ ကာကယံရှင်တာအသေအချာသိလိမ့်မည်။
မေရှီက အခြေအနေကို ရိပ်မိသဖြင့် ချက်ချင်း ဝင်ထိန်းပေးသည်။
"သခင်မကို အားနာလိုက်တာ။ ဒုတိယညီမလေးက ဒီရက်ပိုင်း သူ့ခင်ပွန်းနဲ့ စိတ်ကောက်နေလို့ပါ။ ဇနီးမောင်နှံကြားမှာ စကားများတာ ရှိတတ်တာပဲလေ။ သူ့ခင်ပွန်းက မချစ်ဘူးဆိုတာကိုတော့ ကျွန်တော်မျိုးမ လုံးဝ မယုံပါဘူး။ ကြည့်ပါဦး... သူမ ဝတ်ထားတဲ့ အဝတ်အစား၊ လက်ဝတ်ရတနာတွေတင်မကဘဲ ဖိနပ်ကအစ အကောင်းစားတွေချည်းပါပဲ"
ဧကရာဇ်ကိုယ်တိုင် လက်ထပ်ပေးထားခြင်း ဖြစ်ရာ ဘဝမှာ အဆင်မပြေလျှင်ပင် အဆင်မပြေကြောင်း ထုတ်ပြော၍ မရပေ။ မဟုတ်လျှင် ဧကရာဇ်၏ မျက်နှာကို ရိုက်ပုတ်ရာ ရောက်ပေလိမ့်မည်။ အထူးသဖြင့် မင်ကျောင်းယွမ်သည် ဧကရာဇ်၏ အချစ်ဆုံး ဖြစ်နေသဖြင့်၊ သူမ နားထဲသို့ တစ်စုံတစ်ခု ရောက်သွားပါက ယင်းကော်ကုန်းအိမ်တော်အတွက် ဘေးဥပဒ် ဖြစ်လာနိုင်ပေသည်။
မရီးဖြစ်သူ၏ သတိပေးချက်ကြောင့် ချန်စုကျစ်လည်း အခြေအနေကို အမြန် ပြုပြင်လိုက်သည်။ သူမသည် ထရပ်ကာ အသာအယာ ဂါရဝပြုသည် ။
"ကျွန်တော်မျိုးမ မှားသွားပါတယ်။ ဒီရက်ပိုင်း စိတ်မကြည်တာနဲ့ စကားပြောတာ စည်းကမ်းမရှိ ဖြစ်သွားမိတယ်။ သခင်မအနေနဲ့ အပြစ်မယူပါနဲ့"
ယဲ့ယွင်က ပြုံးလျက် လက်ယမ်းပြသည်။
"ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး၊ ထိုင်ပါဦး။ ဇနီးမောင်နှံ ရန်ဖြစ်တာက ညအိပ်လိုက်ရင် ပြီးသွားတာချည်းပါပဲ၊ မကြာခင် ပြန်ကောင်းသွားမှာပါ"
"ဟုတ်ကဲ့... သခင်မရဲ့ ဆုံးမမှုကို ကျေးဇူးတင်ပါတယ်"
ချန်စုကျစ်က အလွန်ရို့ကျိုးစွာပြန်ဖြေပြီးခေါင်းညိတ်သည်။
ထိုအချိန်တွင် ယဲ့ယွင်သည် သူမ၏ လည်ပင်းဘေးဘက်၌ ထူးဆန်းသော အနီစင်း နှစ်ခုနှင့် အနည်းငယ် ညိုမဲနေသော အရာကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။ ၎င်းမှာ တစ်စုံတစ်ယောက်က လက်ဖြင့် ညှစ်ထားသည့် ပုံစံမျိုးနှင့် တူလှသည်။ သို့သော် ခဏတာမျှသာ မြင်လိုက်ရသဖြင့် အတည်ပြုရန်တော့ ခက်ခဲသေးသည်။
ယဲ့ယွင်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။ အကယ်၍ ချန်စုကျစ်သည် ခင်ပွန်းသည်အိမ်တွင် နှိပ်စက်ခံနေရပါက၊ ၎င်းမှာ ယင်းကော်ကုန်းအိမ်တော်၏ လျှို့ဝှက်ချက်များကို သိရှိရန်အတွက် ‘လမ်းစ’ တစ်ခု ဖြစ်လာနိုင်သည်။ သူမသည် သွယ်ဝိုက်၍ ထပ်မံ စုံစမ်းရန် ကြံစည်သော်လည်း၊ မေရှီမှာ အလွန် ပါးနပ်သော အမျိုးသမီးဖြစ်မှန်း သိသဖြင့် မြွေမလန့်စေရန် ဆက်မမေးတော့ပေ။
ထို့နောက်တွင်တော့ အေးဆေးသော စကားများကိုသာ ပြောဖြစ်ကြသည်။ ဝမ်ရှီသည် အသားလုံးကြော်များ လုပ်ပြီးသောအခါ အတူတူ စကားဝိုင်းထဲ ဝင်လာခဲ့သည်။ မကြာမီမှာပင် နေ့လည်စာ စားချိန် ရောက်ရှိလာသဖြင့် အားလုံး ရှေ့ခန်းမဆောင်တွင် ထိုင်လိုက်ကြသည်။
နင်ချန်သည် တစ်မွန်းလွဲလုံး ယင်းကော်ကုန်း၏ စာကြည့်ဆောင်တွင် ယင်းကော်ကုန်း သားအဖများနှင့် စကားပြောနေခဲ့ခြင်း ဖြစ်သည်။ သူ ပြန်ထွက်လာချိန်တွင်၊ ယခုတစ်ခေါက် အတူပါလာသော တော်ဝင်စစ်တပ်၏ ခေါင်းဆောင် ‘လုချင်းယွင်’နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
တစ်ခဏချင်းမှာပင် နင်ချန်၏ စိတ်ထဲတွင် အဖြေပေါ်သွားခဲ့သည်။ သဲလွန်စကို ရှာတွေ့ခဲ့သော်လည်း စာရင်းမှတ်တမ်းစာအုပ်၏ နေရာအတိအကျကိုတော့ အတည်မပြုနိုင်သေးပေ။ သို့သော်တိုးတက်မှု အနည်းငယ် ရှိနေခြင်းကပင် ကောင်းမွန်လှပေသည်။
စားပွဲပေါ်တွင် နေ့လည်စာ စားရင်း လူတိုင်းသည် ကိုယ်စီ အကြံအစည်များ ရှိနေကြသည်။ ယဲ့ယွင်ကတော့ ချန်စုကျစ်၏ အမူအရာ တိုင်းကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ ချန်စုကျစ်၏ ပုခုံးမှာလည်း ဒဏ်ရာရထားဟန် ရှိပြီး လှုပ်ရှားမှုမှာ သဘာဝမကျပေ။ ထို့ကြောင့် သူမ ခင်ပွန်းသည်အိမ်တွင် နှိပ်စက်ခံနေရသည်ဟူသော အချက်ကို ယဲ့ယွင်အတွက် ပို၍ သေချာသွားစေခဲ့သည်။
…..
ယင်းကော်ကုန်း အိမ်တော်မှ ပြန်လာသည့် မြင်းရထားပေါ်တွင် ယဲ့ယွင်က သူမ မြင်တွေ့ခဲ့သည်များကို နင်ချန်အား ပြောပြလိုက်သည်။
"ပြောချင်တာက... ချန်မိသားစုရဲ့ ဒုတိယသခင်မလေးက ခင်ပွန်းသည်ရဲ့ နှိပ်စက်တာကို ခံနေရတာ ဖြစ်နိုင်တယ်ပေါ့"
" ချန်းချဲ့ ကြည့်ရတာတော့ အဲဒါက အရိုက်ခံထားရတဲ့ ဒဏ်ရာတွေပဲ။ ချော်လဲတာမျိုးနဲ့တော့ မတူဘူး"
ယဲ့ယွင်က ဆိုရင်း လက်ထဲမှ လက်နွေးအိုးကို စမ်းကြည့်လိုက်ရာ အေးစက်နေပြီဖြစ်သဖြင့် ဘေးသို့ ချလိုက်သည်။
နင်ချန်သည် သူမ၏ လက်ကလေးကို လှမ်းဆွဲကာ သူ၏ လက်ကြီးများဖြင့် အုပ်မိုးထားလိုက်သည်။
"ဒါပေမဲ့ ကျန်း သိသလောက်တော့ ‘လျန်ချန်စစ်’ က အကျင့်စာရိတ္တ ကောင်းတဲ့သူပါ။ အဲဒီတုန်းက မယ်တော်ကြီးရဲ့ မျက်နှာကို ထောက်ထားပြီး အိမ်ကောင်းတစ်အိမ်ကို ရွေးပေးခဲ့တာပါ"
ရုန်ချင်းနယ်စား၏ ဒုတိယသားမှာ ပညာရော၊ စရိုက်ပါ ကောင်းမွန်သူဖြစ်ရာ ယင်းကော်ကုန်း၏ မယားငယ်မှ မွေးသော သမီးနှင့် ဆိုလျှင် အလွန်ပင် သင့်တော်လှပေသည်။
"ဘယ်သူ သိမှာလဲ။ ချန်းချဲ့ ထင်တာကတော့ ဒီကိစ္စကို လူလွှတ်ပြီး စုံစမ်းကြည့်သင့်ပါတယ်။ ချန်စုကျစ်နဲ့ ချန်ရှန်ယိတို့က အမေတူမောင်နှမအရင်းတွေ မဟုတ်လား။ အရှင် မြင်တဲ့အတိုင်း ချန်မိသားစုရဲ့ တရားဝင်သားက အသုံးမကျပေမဲ့၊ အခု ယင်းကော်ကုန်းက ချန်ရှန်ယိကို အားကိုးနေရတာလေ။ ဒီလမ်းကြောင်းကနေ သတင်းအချို့ ရနိုင်မလားလို့ပါ"
ယဲ့ယွင်က ပြောရင်း နင်ချန်၏ ပုခုံးပေါ်သို့ မှီလိုက်ကာ တိုးတိုးလေး ညည်းတွဲသည်။
"ယင်းကော်ကုန်းရဲ့ ချွေးမကြီးကတော့ တကယ့်ကို ပါးနပ်လွန်းတယ်၊ သူမနဲ့ စကားပြောရတုန်းကဆို ချန်းချဲ့တစ်ခွန်းချင်းကို သတိထားနေရတယ်။ သူမလို ထက်မြက်တဲ့ အမျိုးသမီးက အဲ့လိုအသုံးမကျတဲ့ ယောကျာ်းနဲ့ ညားရတာ တကယ်ကို နှမြောစရာပဲ"
"မင်းကတော့ လျှောက်ပြောပြန်ပြီ... အဲဒါ ကျန်းရဲ့ဝမ်းကွဲအစ်ကိုအရင်းနော်"
နင်ချန်က မတတ်သာသလို ယဲ့ယွင်၏ ပါးလေးကို ခပ်ဖွဖွ ဆွဲလိုက်သည်။
ထိုသို့ ဆိုသော်လည်း သူသည် သူမအား ပွေ့ချီကာ သူ၏ ပေါင်ပေါ်တွင် တင်လျက် ရင်ခွင်ထဲ ထည့်ထားလိုက်သည်။ ယဲ့ယွင်က နှာခေါင်းရှုံ့ကာ နင်ချန်၏ လည်ပင်းကို ခေါင်းဖြင့် ပွတ်သပ်ရင်း ငြိမ်နေတော့သည်။
ပြန်ရောက်သောအခါ ယဲ့ယွင်အား သူမ၏ အဆောင်သို့ အရင် ပို့ဆောင်ပေးပြီးမှ၊ နင်ချန်သည် သူ၏ နန်းဆောင်သို့ ပြန်ကာ ရုန်ချင်းနယ်စား အိမ်တော်မှ လျန်ချန်စစ်၏ အကြောင်းကို စုံစမ်းရန် လူလွှတ်လိုက်တော့လေသည်။
***