← Chapters

အခန်း (၃၆၇-၃၆၈)

Vol. 23 Ch. 367-368

အခန်း (၃၆၇-၃၆၈)

Vol. 23 Ch. 367-368

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-367

အခန်း ၃၆၇ ။ အသက်ငင်နေစဉ် ခနပြန်လည်လန်းဆန်းလာခြင်း

နန်းပြင်တွင် အစစအရာရာ ဖြည်းဖြည်းချင်း တိုးတက်နေစဉ်၊ နန်းတွင်း၌မူ ထိုက်ကွေ့ဖေး၏ ရောဂါမှာ ရုတ်တရက် အခြေအနေ ကောင်းမွန်လာခဲ့သည်။ သူမ၏ အသက်အရွယ်အရ ကြာရှည်စွာ ဖျားနာနေပြီးမှ ရုတ်တရက် နာလန်ထလာခြင်းမှာ (သေခါနီးတွင် လူက ခနပြန်လည် လန်းဆန်းလာခြင်း) ဟု ဆိုနိုင်ပေသည်။

သို့သော် သမားတော်များမှာ ထိုသို့ မပြောဝံ့ဘဲ နေ့စဉ် အားဖြည့်ဆေးများကိုသာ ပုံမှန် ပြုတ်တိုက်နေကြရသည်။ ဖိန်ဝမ်နှင့် သူ၏ ကြင်ယာတော်တို့မှာမူ သမားတော်များ၏ အရိပ်အကဲအရယခုနှစ်ဆောင်းရာသီကို ကျော်ဖြတ်နိုင်လျှင်ပင်ကံကောင်းမည်၊ မကျော်ဖြတ်နိုင်ပါက အခြေအနေ မဟန်တော့ကြောင်း သိထားကြသည်။

ထိုက်ကွေ့ဖေးသည် နန်းတွင်း၌ တစ်ဘဝလုံး ရုန်းကန်ခဲ့သည်။ သားတစ်ဦး မွေးဖွားပြီး ကွေ့ဖေးဘွဲ့ ရရှိခဲ့သော်လည်း သားဖြစ်သူမှာ အရည်အချင်း သာမန်သာ ရှိသဖြင့် သူမအား မယ်တော်ကြီး ဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ နောက်ပိုင်းတွင် တူမဖြစ်သူ ယောင်ရှန်း နန်းတော်ထဲ ရောက်လာသောအခါ သူမသည် ထက်မြက်ပြီး ရည်မှန်းချက် ကြီးမားလှသဖြင့် ထိုက်ကွေ့ဖေးအတွက် မျှော်လင့်ချက်အသစ် ဖြစ်ခဲ့ရသည်။

သို့သော် ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပေ။ ယောင်ရှန်း ရှုံးနိမ့်သွားသလို ယောင်မိသားစု တစ်ခုလုံးလည်း ပျက်သုဉ်းသွားခဲ့ရသည်။ သူမ ကွေ့ဖေးဘွဲ့ ရခဲ့စဉ်ကမှ သူမ၏ အစ်ကိုဖြစ်သူကို မြို့စားဘွဲ့ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ယခုမူ သူမတစ်ဘဝလုံးရုန်းကန်ခဲ့သမျှအားလုံး ဆုံးရှုံးသွားခဲ့ရသည်၊ ၎င်းမှာ သူမ အမြတ်တနိုး တန်ဖိုးထားခဲ့သော မိသားစုဂုဏ်သိက္ခာကို အကုန်အစင် ဖျက်ဆီးလိုက်ခြင်းဖြစ်သလို အနာဂတ် မျှော်လင့်ချက်များကိုလည်း ရိုက်ချိုးလိုက်ခြင်းပင်။ လူတစ်ယောက်သည် ယုံကြည်ချက် ပျောက်ဆုံးသွားပါက စိတ်ဓာတ် ခွန်အားလည်း မရှိတော့ရာ၊ ရောဂါကြီးအောက်တွင် အသက်ဆက်ရန် ခက်ခဲလှပေသည်။

ချီအန်းနန်းဆောင်၊ အတွင်းခန်း။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဆေးနံ့များ ထောင်းခနဲ ရနေသည်။

"ဝမ်ရယ် ပြန်သွားပြီလား" ထိုက်ကွေ့ဖေးက တဟွတ်ဟွတ် ချောင်းဆိုးရင်း မေးသည်။

အနီးကပ် ပြုစုနေသော လီမားမားက စောင်ကို သေသေချာချာ ပြင်ပေးရင်းလျှောက်တင်ခဲ့သည်။

"အခုပဲ ပြန်သွားပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ရယ်က အမျိုးသားဆိုတော့ အနောက်ဆောင်ထဲမှာ ကြာကြာနေဖို့ မသင့်တော်ဘူးလေ"

"မှန်တာပေါ့... အခု ဒီနန်းတော်ကြီးက တတိယမင်းသားနဲ့ ချန်ရှီ (မယ်တော်ကြီး) တို့ရဲ့ ပိုင်နက် ဖြစ်နေပြီပဲ။ ဟောက်အာက ဘယ်မှာ နေလို့ ရပါ့မလဲ"

ထိုက်ကွေ့ဖေးသည် မျက်လုံးမှိတ်ထားရင်း အားအင်မရှိသော လေသံဖြင့် ဆိုသည်။ လီမားမားက တိုးတိုးလေး အမှားပြင်ပေးလိုက်သည်။

"ကွေ့ဖေး... အခု ချန်ရှီက မယ်တော်ကြီး ဖြစ်နေပြီ၊ တတိယမင်းသားက လက်ရှိမှာဧကရာဇ် ဖြစ်နေပါပြီ။ စကားမမှားအောင် သတိထားပါဦး"

"ထားပါတော့လေ မနက်ဖြန်ကျရင် ကြင်ယာတော် ဝမ်ဖေးကို နန်းတော်ထဲ ခေါ်ခဲ့ဖို့ စကားပါးလိုက်ပါ။ ကလေးတွေကိုလည်း အကုန် ခေါ်လာခိုင်း၊ ကျန်းရဲ့မြေးတွေကို တွေ့ချင်တယ်" ထိုက်ကွေ့ဖေးက သက်ပြင်းရှည်ကြီး ချလိုက်သည်။

"လောကကြီးက သူတို့ သားအမိ လက်ထဲ ရောက်နေပြီဆိုမှတော့၊ အိုက်ကျားရဲ့ သွေးသားရင်းတွေကိုတော့ တစ်ခေါက်လောက် စုံစုံလင်လင် တွေ့ခွင့်ရသင့်တာပေါ့"

လီမားမား ခေါင်းညိတ်ကာ ထိုက်ကွေ့ဖေးအား အိပ်စက်စေပြီးနောက် အပြင်သို့ ထွက်၍ စီစဉ်တော့သည်။

ဖိန်ဝမ်သည် သတင်းကြားရသောအခါ အံ့သြသွားသည်။ ဘာကြောင့် မိခင်ဖြစ်သူက မြေးများကို ရုတ်တရက်ကြီးတွေ့ချင်ရတာလဲ။ သို့သော် သူမ၏ အသက်မှာ မသေချာတော့သဖြင့် နောက်ဆုံးဆန္ဒကို မဖြည့်ဆည်းပေးဘဲ မနေနိုင်ရာ သဘောတူလိုက်လေသည်။

ထိုညတွင် ယောင်ထိုက်ကွေ့ဖေးသည် အိပ်မက်များစွာ မက်ခဲ့သည်။ သူမ နန်းတော်သို့ စတင် ရွေးချယ်ခံရစဉ်မှ စ၍ ဘုရင့်အပါးတွင် ခစားခဲ့ပုံ၊ သားတစ်ဦး မွေးဖွားကာ တစ်လှမ်းချင်း ကွေ့ဖေးဘွဲ့ ရောက်အောင် ကြိုးစားခဲ့ပုံ၊ နောက်ဆုံးတွင် ဧကရာဇ်ဟောင်း၏ တတိယမင်းသား နင်ချန်အား အိမ်ရှေ့မင်းသားအဖြစ် တင်မြှောက်လိုက်သည့် အမိန့်တော်ကြောင့် သူမ၏အစီအစဉ်များ အကုန် ပျက်စီးသွားခဲ့ပုံတို့ကို အစီအရီ မြင်ယောင်နေမိသည်။

ထိုအခိုက်အတန့်တွင်မှ သူမ သိလိုက်ရသည်မှာဧကရာဇ်ဟောင်းသည် နန်းတွင်းရှိ မည်သည့် အမျိုးသမီးကိုမျှ အမှန်တကယ် မချစ်ခဲ့ခြင်းပင်။ သူမအပေါ် မျက်နှာသာ ပေးခဲ့ခြင်းမှာ ထိုစဉ်က အာဏာကြီးလွန်းသော ကျန်းမိဖုရားခေါင်ကြီးကို ထိန်းညှိရန်အတွက် ‘လက်နက်’ အဖြစ် အသုံးချခဲ့ခြင်းသာ ဖြစ်လိမ့်မည်။

ဖိန်ဝမ်၏ အရည်အချင်းမှာ သာမန်သာ ရှိပြီး၊ သူမနှင့်လည်းမတူ၊ ဧကရာဇ်ဟောင်းနှင့်လည်း မတူပေ။ သူသည် ကြင်နာလွန်းသဖြင့်ထီးနန်းကို ထိန်းနိုင်မည် မဟုတ်ပေ။ စတုတ္ထမင်းသား နင်ရွေ့မှာလည်း အချိန်မရွေး အသက်ထွက်သွားနိုင်သည့် အခြေအနေဖြစ်နေရာ၊ ချန်မိသားစု သားအဖမှာ အလကားနေရင်း အမြတ်ထွက်သွားခဲ့ကြခြင်းပင်။

သို့သော် သူမ မထင်ထားခဲ့သည်မှာ ချန်ရှီသည် မထက်မြက်သော်လည်း၊ သူမ၏ သားဖြစ်သူ နင်ချန်မှာမူ အလွန် ပါးနပ်လှခြင်းပင်။ ဤရှစ်နှစ်၊ ကိုးနှစ်အတွင်း နင်ချန်သည် ဧကရာဇ်ပလ္လင်ပေါ်တွင် ခိုင်ခိုင်မာမာ ထိုင်နိုင်ခဲ့သည်။

သို့သော် ယခုအချိန်အထိ သူမ မကျေနပ်နိုင်သေးပေ။ ထိုမိုက်မဲသော ချန်ရှီ၏ အောက်တွင် ရှိနေရသည်ကို မကျေနပ်သလို၊ သူမ ကြံစည်ခဲ့သမျှ ထိုသားအဖလက်ထဲတွင် ပျက်စီးသွားသည်ကိုလည်း အသည်းနာလှသည်။ ချန်ရှီသည် ဉာဏ်နည်းပြီး နှစ်ပေါင်းများစွာ ဧကရာဇ်နှင့် အဆင်မပြေဖြစ်နေသည့်မိန်းမပင်။ ထိုသို့ဖြစ်လျှင် သူမသည်သားအဖနှစ်ဦးအား ဤဘဝတွင် တစ်ဦးကိုတစ်ဦး ရန်သူဖြစ်အောင် လုပ်ပေးခဲ့သင့်သည်။

ယောင်မိသားစုမှာ ယခုထက် ပို၍ အခြေအနေမဆိုးနိုင်တော့ပေ။ ဧကရာဇ်သည် သွေးသားသံယောဇဉ်ကို အလေးထားသူ ဖြစ်ရာ၊ သူမ အမှားလုပ်လျှင်ပင် ဖိန်ဝမ်အိမ်တော်ကို ထိခိုက်မည် မဟုတ်ပေ။ သူမ၏ အသက်မှာလည်း ကုန်ဆုံးတော့မည် ဖြစ်သောကြောင့်တစ်ခုခုတော့ ထပ်လုပ်သွားရမည်။ ယခင်ဘဝ နန်းတွင်းတိုက်ပွဲများမှာ မည်မျှ ရက်စက်ခဲ့သနည်း၊ နောက်ထပ် သွေးစွန်းရုံလောက်နှင့်တော့ သူမ မကြောက်ပေ။

နောက်တစ်နေ့တွင် ထိုက်ကွေ့ဖေးသည် ရောဂါပျောက်ကင်းသွားပြီဟု ကြေညာလိုက်သည်။ သူမသည် နေရောင်ကောင်းချိန်တွင် အပြင်ထွက်ကာ နန်းတော်သို့ လာကြသော မြေးများနှင့်အတူ တော်ဝင်ဥယျာဉ်ထဲ၌ တစ်မွန်းလွဲလုံး ဆော့ကစားခဲ့သည်။

မယ်တော်ကြီးမှာမူ ရောဂါဟန်ဆောင်နေခြင်း ဖြစ်ရာ၊ ဒီရက်ပိုင်းအတွင်း အနားယူရင်း တကယ်ပင် နေပြန်ကောင်းလာခဲ့ပြီ ဖြစ်သည်။ ထိုက်ကွေ့ဖေး မြေးများနှင့် ပျော်ရွှင်နေသည်ကို ကြားသောအခါ သူမလည်း စိတ်မအေးဖြစ်လာသည်။ ထို့ကြောင့် ဝမ်ရှိုးရီအား မင်းသားကြီးကို ခေါ်ဆောင်ကာ ချီနင်နန်းဆောင်သို့ လာခဲ့ရန် ဖိတ်ကြားလိုက်တော့သည်။

သို့သော် နောက်တစ်နေ့ ဝမ်ရှိုးရီ ရောက်လာသောအခါ မယ်တော်ကြီးနှင့် စကားစမြည် ပြောဖြစ်ကြသည်။

"မင်းသားကြီးက အခုဆို ကြီးလာပြီမို့ စာဖတ်ရတော့မယ်၊ မယ်တော်ကြီး အပါးမှာ နေဖို့ အချိန် သိပ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စတုတ္ထမင်းသားလေးကတော့ ငယ်သေးတယ်လေ၊ တက်လည်း တက်ကြွ၊ ထက်လည်း ထက်မြက်တယ်ဆိုတော့၊ မယ်တော်ကြီး အနားမှာ နေရင်တော့ အကောင်းဆုံးပဲပေါ့"

"မင်ကျောင်းယွမ်က စတုတ္ထမင်းသားကို အိုက်ကျားဆီ ဘယ်ပေးပါ့မလဲ"

မယ်တော်ကြီးက လက်ယမ်းကာ စိတ်မရှည်စွာ ဆိုသည်။

ဝမ်ရှီက ပြုံးလိုက်ရင်းပြန်ဖြေလိုက်သည်။

"အခု ဆုတောင်းဖို့ သွားတဲ့ကိစ္စကြောင့်မယ်တော်ကြီးရဲ့ ရောဂါ မပျောက်မချင်း မင်ကျောင်းယွမ်ပြန်လာလို့ မဖြစ်ဘူးလေ။ နှစ်သစ်ကူး ညစာစားပွဲမှာ အရှင်မင်းကြီးကတော့ မရှိလို့ မဖြစ်ပေမဲ့၊ ကိုယ်လုပ်တော် တစ်ယောက် မရှိတာကတော့ ဘာမှ မဖြစ်ပါဘူး။ သူမ ပြန်မလာနိုင်တဲ့ အတောအတွင်း မယ်တော်ကြီးက စတုတ္ထမင်းသားကို ကူညီပြီး ပြုစုပေးမယ်ဆိုရင်၊ မင်ကျောင်းယွမ်က ကျေးဇူးတင်လွန်းလို့တောင် ဆုံးမှာ မဟုတ်ဘူး"

ထိုစကားမှာ မယ်တော်ကြီးအား သတိပေးလိုက်ခြင်းပင်။ သူတို့ အတူတူ ထွက်သွားကြသော်လည်း၊ ပြန်လာချိန်တွင် အတူတူ ပြန်လာနိုင်မှာလား ဆိုသည်မှာ မရေရာပေ။ အရှင်မင်းကြီးသည် နှစ်သစ်ကူးအတွက် နန်းတော်သို့ မဖြစ်မနေ ပြန်လာရမည် ဖြစ်သော်လည်း၊ ယဲ့ယွင် ပြန်မလာရလျှင် ကိစ္စမရှိပေ။ သူမသာ ပြန်မလာနိုင်တော့လျှင် စတုတ္ထမင်းသား၏ ကံကြမ္မာကကောဘယ်လိုဖြစ်သွားမလဲ။

အကယ်၍ သူမ (မယ်တော်ကြီး) သာ မျက်နှာပြောင်တိုက်ပြီး တောင်းဆိုလျှင်၊ ဧကရာဇ်သည် ချန်မိသားစုအတွက် ကလေးတစ်ယောက်တော့ ပေးလိမ့်မည်မှာ သေချာသည်။ ချန်ကျယ်ယွီမှာ ကိုယ်တိုင် မမွေးနိုင်သော်လည်း သူတစ်ပါးကလေးကို ပြုစုနိုင်သေးသည်။ ၎င်းမှာ ဧကရာဇ် အချစ်ဆုံး အမျိုးသမီး၏ ကလေးဖြစ်သလို၊ သားငယ်လည်း ဖြစ်သဖြင့် ပို၍ပင် တန်ဖိုးထားရပေလိမ့်မည်။

"အို... ချန်းချဲ့ရဲ့ ပါးစပ်ကလည်းမယ်တော်ကြီးရဲ့ ကျန်းမာရေးက နတ်ဘုရားတွေ စောင့်ရှောက်နေတာဆိုတော့ မကြာခင် ပျောက်ကင်းမှာပါ။ အဲဒီအချိန်ကျရင် အရှင်မင်းကြီးနဲ့ မင်ကျောင်းယွမ်တို့လည်း အတူတူ ပြန်လာပြီး နှစ်သစ်ကူးနိုင်တာပေါ့"

ဝမ်ရှိုးရီက ပြုံးလျက် ထိုခေါင်းစဉ်ကို ပိတ်လိုက်သော်လည်း၊ သူမ၏ သွယ်ဝိုက်သော မြှူဆွယ်မှုမှာ မယ်တော်ကြီး၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

သို့သော် ဝမ်ရှီသည် မယ်တော်ကြီးအတွက် စေတနာနှင့် ကြံစည်ပေးနေခြင်း မဟုတ်ပေ။ သူမသည် ရည်မှန်းချက် ကြီးမားသူဖြစ်ရာ၊ မျှော်လင့်ချက် မရှိသော မင်းသားကြီးကိုသာ ပြုစုနေရသည်ကို မကျေနပ်ခြင်း ဖြစ်သည်။

ချီရှန်းနန်းဆောင်သို့ ပြန်ရောက်သောအခါ ဝမ်ရှိုးရီသည် မင်းသားကြီးအား စာဖတ်ရန် လွှတ်လိုက်သည်။ နန်းတွင်းသူ စုချင်က လက်ဖက်ရည်ပူပူ တစ်ခွက် လာချပေးရင်း စိတ်ပူစွာလျှောက်တင်လိုက်သည်။

"ရှိုးရီ... မယ်တော်ကြီးက တကယ်ပဲ မင်ကျောင်းယွမ်ကို လက်ပါလိမ့်မယ် ထင်လို့လား။”

"ဒါဆိုရင် မင်း ပြောစမ်းပါဦး... မယ်တော်ကြီးက ချန်မိသားစုကို နန်ချီပြည်ရဲ့ နောက်ထပ် ဧကရာဇ်ကို ဆုပ်ကိုင်ခွင့် ပေးချင်၊ မပေးချင် ဆိုတာကို" ဝမ်ရှီက နှုတ်ခမ်းလေး တွန့်ကာ ပြုံးလိုက်သည်။

စုချင်က ခနစဉ်းစားပြီး ခေါင်းညိတ်သည်။

ဝမ်ရှိုးရီက လက်ဖက်ရည်ကို တစ်ငုံသောက်ကာပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"အဲဒါပဲပေါ့။ ငါကတော့ စကားတစ်ခွန်းပဲ ပြောလိုက်တာ။ ဘာလုပ်မလဲ ဆိုတာကတော့ မယ်တော်ကြီးရဲ့ ဆုံးဖြတ်ချက်ပဲ။ မယ်တော်ကြီးရဲ့ လက်နဲ့ ယဲ့ရှီကို နန်းတော် ပြန်မလာနိုင်အောင် လုပ်နိုင်ရင် ငါကတော့ အမြတ်ပေါ့။ မလုပ်နိုင်ရင်လည်း ငါ့အတွက် ဘာမှ မနစ်နာဘူး။”

"ဒါပေမဲ့ မိဖုရားခေါင်ကြီးမှာ မင်းသားကြီး ရှိနေပြီပဲ၊ အရှင်မင်းကြီးက မင်းသား နှစ်ပါးကို ပေးပါ့မလားဟင်"

စုဟွာက မနေနိုင်ဘဲ မေးမိသည်။

ဝမ်ရှိုးရီက ဂရုမစိုက်သလို ရယ်မောလိုက်

သည်။

"အကယ်၍ ငါက သားတစ်ယောက်ကို ထပ်ပြီး ဆုံးရှုံးလိုက်ရမယ်ဆိုရင်၊ အရှင်မင်းကြီးက ရှန်းကျိုးဝမ်မိသားစုကို ချော့မြှူဖို့အတွက် ငါ့ကို နောက်ထပ် ကလေးတစ်ယောက် ထပ်ပေးမှာ သေချာတယ်။”

အမှန်တကယ်ပင် သူမသည် မင်းသားကြီးကို တစ်နှစ်ခန့် ပြုစုခဲ့သဖြင့် သံယောဇဉ် အနည်းငယ် ရှိနေသော်လည်း၊ မိသားစု၏ ဂုဏ်သိက္ခာနှင့် အာဏာအတွက်ဆိုလျှင် ထိုသံယောဇဉ်မှာ အလွန်ပင် သေးငယ်လှပေသည်။ သူတစ်ပါးတွေက သူမ၏ကလေးကို အသုံးချခဲ့လျှင်၊ သူမကလည်း ဘာကြောင့် သူတစ်ပါး ကလေးကို မစတေးနိုင်ရမှာလဲ။

ယဲ့ရှီ၏ ကလေးကိုသာရလိုက်ပါကဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ကလေး၏ ဦးလေးအရင်းမှာ စစ်အာဏာကို ဆုပ်ကိုင်ထားသူ ဖြစ်ပြီး ဝမ်မိသားစုမှာ စာပေပညာရှင် မိသားစု ဖြစ်နေသဖြင့် ထိုစစ်အင်အားက လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိမ့်မည်။ ထိုအခါ ဝမ်မိသားစုနှင့် ယဲ့မိသားစုတို့၏ အင်အား၊ အရှင်မင်းကြီး၏ အချစ်တို့ ပေါင်းစပ်လိုက်လျှင်၊ ဤကလေးအတွက် ထီးနန်းဆက်ခံရေးမှာ များစွာ လွယ်ကူသွားပေလိမ့်မည်။

သားအရင် မရှိလျှင်ပင် သူမသည် မယ်တော်ကြီး ဖြစ်လာနိုင်သည်။ သူမအား ကလေးမမွေးနိုင်အောင် လုပ်ခဲ့သူ အားလုံးကို သူမ၏ ခြေဖဝါးအောက်တွင် နင်းခြေပြနိုင်ရမည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-368

အခန်း ၃၆၈ ။ ခွေးခေါင်းတိုင်ပင်ခံ

ထိုအချိန်တွင် နန်းပြင်၌။

ချန်စုကျစ်၏လမ်းကြောင်းအတိုင်း စုံစမ်းစစ်ဆေးရာ သတင်းအချို့ အမှန်တကယ်ပင် ထွက်ပေါ်လာခဲ့သည်။ သို့သော် သတင်းအချက်အလက်များက လူကို ဆွံ့အသွားစေသည်။

မူလက ချန်စုကျစ်သည် ထိုအိမ်ထောင်ရေးကို မလိုလားခဲ့ပေ။ ရုန်ချင်းနယ်စားအိမ်တော်သို့ ရောက်ရှိပြီးနောက် မိမိ၏မိခင်ဘက်မှ မိသားစုမှာ ‘မြို့စားအိမ်တော်’ (ကော်ကုန်းအိမ်တော်) ဖြစ်သည်ကို အားကိုးကာ အလွန်ပင် မောက်မာရိုင်းစိုင်းခဲ့သည်။ လျန်မိသားစုဝင်များမှာ စိတ်ထားကောင်းသူများ ဖြစ်ကြပြီး ဧကရာဇ်ကိုယ်တိုင် လက်ထပ်ပေးထားခြင်းဖြစ်၍ သူမကို သည်းခံပေးခဲ့ကြသည်။

သို့သော် နောက်ပိုင်းတွင် သူမ၏အစ်ကို ချန်ရှန်ယိ အာဏာရှိလာသောအခါ ချန်စုကျစ်မှာ ပို၍ပင် ဆိုးသွမ်းလာတော့သည်။ သူမ ကိုယ်ဝန်ရှိစဉ် မတော်တဆ ချော်လဲကာ ကိုယ်ဝန်ပျက်ကျသွားသည်ကို တစ်စုံတစ်ယောက်က လုပ်ကြံခြင်းဖြစ်သည်ဟု ဇွတ်စွပ်စွဲကာ လျန်အိမ်တော်၏ အိမ်ထောင်ဦးစီးကြီး၏ ဇနီး (မရီးဖြစ်သူ) ကို သွားရောက်ရိုက်နှက်ခဲ့သည်။ သူမထက် အရင် လျန်မိသားစု၏ မြေးဦးကို မွေးဖွားမည်ကို မနာလို၍ တမင်လုပ်ကြံခြင်းဖြစ်သည်ဟုဆိုကာ သွားရှုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ အိမ်တွင်းရေးအရှက်ရဖွယ်ကိစ္စဖြစ်သဖြင့် အပြင်သို့ သတင်းမပေါက်ကြားခဲ့သော်လည်း ထိုအချိန်မှစ၍ ခင်ပွန်းဖြစ်သူ လျန်ချန်စစ်မှာ သူမအပေါ် လုံးဝ စိတ်ကုန်သွားခဲ့တော့သည်။ သူသည် သူမ၏ အိပ်ဆောင်သို့ ဘယ်တော့မှ မလာတော့ဘဲ သူ့မိခင်က ကောင်းမွန်သော မိသားစုမှ မိန်းကလေးတစ်ဦးကို ကိုယ်လုပ်တော်အဖြစ် တရားဝင်တင်မြှောက်ပေးခဲ့သည်။

ချန်စုကျစ်နှင့် နှိုင်းယှဉ်လျှင် လျန်ချန်စစ်က ထိုကိုယ်လုပ်တော်ကို ပို၍ချစ်ခင်မြတ်နိုးသည်မှာ ဓမ္မတာပင်။ ယခုနှစ်တွင် ထိုကိုယ်လုပ်တော်၌ ကိုယ်ဝန်ရှိလာခဲ့သည်။ ချန်စုကျစ် ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် ကိုယ်ဝန်ရင့်မာမှသာ သူမကို အသိပေးခဲ့ကြသည်။ သို့သော် ချန်စုကျစ် သိသွားသောအခါ အလွန်ဒေါသထွက်ကာ လျန်ချန်စစ်ကို အရှက်မရှိသူဟု ဆဲဆိုတော့သည်။ တရားဝင်ဇနီးမှာ ကလေးမရသေးမီ မယားငယ်က အရင်ရခြင်းမှာ မိမိကို စော်ကားခြင်းဖြစ်သည်ဟု ဆိုကာ သောင်းကျန်းလေတော့သည်။

လျန်ချန်စစ်မှာလည်း စိတ်တိုကာ သူမကို အဆောင်ပိတ် အပြစ်ပေးခဲ့သည်။ သို့သော် ချန်စုကျစ်မှာ လုံးဝမကြောက်ဘဲ လျန်ချန်စစ် ညီလာခံတက်နေစဉ် ကိုယ်လုပ်တော်၏ အဆောင်သို့ အတင်းဝင်ကာ ကိုယ်ဝန်ဖျက်ဆေး တစ်အိုးဝက်ခန့်ကို အတင်းအကျပ် တိုက်လိုက်တော့သည်။ ကလေးမှာ မမြဲတော့ရုံတင်မကဘဲ ထိုကိုယ်လုပ်တော်၏ ကျန်းမာရေးပါ များစွာ ထိခိုက်သွားခဲ့ရသည်။ လျန်အိမ်တော်မှ သခင်မကြီး ရောက်လာချိန်တွင် နောက်ကျသွားခဲ့ပြီဖြစ်ရာ သူမမှာ ဒေါသကြောင့် သတိလစ် မူးလဲသွားခဲ့ရသည်။

လျန်ချန်စစ် အိမ်ပြန်ရောက်သောအခါ မနေနိုင်တော့ဘဲ ချန်စုကျစ်ကို လက်ပါလိုက်တော့သည်။ ထိုသို့ အရိုက်ခံရသဖြင့် ချန်စုကျစ်မှာ ရုန်ချင်းနယ်စားအိမ်တော်မှ ထွက်ပြေးကာ မိခင်ဘက်သို့ ပြန်လာခဲ့သည်မှာ ယနေ့ဆိုလျှင် သုံးလေးရက် ရှိပြီ ဖြစ်သည်။

“တကယ့်ကို ဘေးဥပဒ်မလေးပဲကိုး”

နင်ချန်၏ စကားကို ကြားပြီးနောက် ယဲ့ယွင် မျက်မှောင်ကြုတ်ကာ နင်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ ဤလက်ထပ်ပွဲမှာ ရုန်ချင်းနယ်စားအိမ်တော်ကို နင်ချန်က

တကယ်ပင် ဒုက္ခအိုးထည့်ပေးလိုက်ခြင်းပင်။

နင်ချန်က လက်ဖက်ရည်သောက်နေသဖြင့် သူမ၏အကြည့်ကို သတိမထားမိပေ။ မဟုတ်လျှင် သူလည်း စိတ်ကသိကအောက် ဖြစ်ရပေလိမ့်မည်။ ချန်စုကျစ်ကထိုမျှအထိ ဆိုးသွမ်းလိမ့်မည်ဟု ဘယ်သူကထင်ပါ့မလဲ။ အမေတူ အဖေတူ မောင်နှမအရင်းဖြစ်သော ချန်ရှန်ယိမှာမူ အလွန်ပင် တည်ငြိမ်ထက်မြက်လှပေသည်။

“နှမြောစရာပဲ... ကျွတ်ကျွတ်ကျွတ် အဲ့လိုအမျိုးသမီးနဲ့ တွေ့ရတော့ ဇနီးကိုလည်း မစွန့်ပစ်ရဲ၊ ကွာရှင်းခွင့်လည်း မရှိနဲ့...” ယဲ့ယွင်က တိုးတိုးလေး ညည်းတွဲနေရင်းမှ ရုတ်တရက် မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။

“အရှင်မင်းကြီး... လျန်ချန်စစ်နဲ့ ရုန်ချင်းနယ်စားအိမ်တော်က ကွာရှင်းချင်နေကြမယ် ထင်လားဟင်”

ဧကရာဇ်ကိုယ်တိုင် လက်ထပ်ပေးထားခြင်း ဖြစ်ရာ၊ နင်ချန် ခွင့်ပြုမှသာ သူတို့ ကွာရှင်းခွင့် ရကြမည် ဖြစ်သည်။

“ချင်းချင်းက တကယ်ကို ကျန်းရဲ့ အတိုင်ပင်ခံပဲ” နင်ချန်၏ ဖီးနစ်မျက်ဝန်းများ မှေးစင်းသွားသည်။ သူ ဘာလုပ်ရမည်ကို အကြံရသွားပုံ ပေါ်သည်။

ယဲ့ယွင်က မျက်ခုံးလေးပင့်ကာ စနောက်လိုက်သည်။

“ခွေးခေါင်းတိုင်ပင်ခံလားဟင်”

ထိုစကားလုံးကြောင့် နင်ချန် ကြောင်သွားရသည်။ ‘ခွေးခေါင်း’ နှင့် ‘တိုင်ပင်ခံ’ က ဘာပတ်သက်နေလို့လဲ။ သူ ခနမျှ စဉ်းစားပြီးမှ တစ်ခွန်း ပြန်ပြောလိုက်သည်။

“နှစ်သစ်ကူးည နန်းတော်ပြန်ရောက်ရင် ညန်ကောင်းနဲ့ ကျင့်အာကို တွေ့ရတော့မှာပါ”

ယဲ့ယွင်မှာ ထိုစကားကြောင့် တဟားဟား ရယ်မောတော့သည်။ နင်ချန်မှာတော့ အရှက်သည်းစွာ ချောင်းနှစ်ချက် ဟန့်လိုက်ရ၏။ သူ နားမလည်နိုင်သေးပေ။ ခွေးနာမည်က ညန်ကောင်း မဟုတ်လား၊ သူ ဘာမှားပြောလို့လဲ။

ယဲ့ယွင် အကြာကြီး ရယ်မောပြီးမှ ရပ်

လိုက်သည်။

“အရှင် ထမင်းစားပြီးမှ သွားမှာလား။ အခု နန်းပြင်မှာ နေတာတောင် အတူရှိတဲ့အချိန်က ပိုနည်းနေသလိုပဲ”

……

နန်းပြင်ထွက်ရန် အချိန်မှာ တစ်လသာ ရှိသဖြင့် နင်ချန်သည် အချိန်အများစုကို ယင်းကော်ကုန်းအိမ်တော်အား စုံစမ်းရန်အတွက်သာ အသုံးချနေရသည်။ ယနေ့လည်း အချစ်တော်က ဖိတ်ခေါ်သော်လည်း လုပ်စရာများ ရှိနေသဖြင့် လက်ဖက်ရည် တစ်ခွက်သောက်ပြီးနောက် ပြန်သွားခဲ့ရသည်။

ထိုအခါမှ နန်ကျစ်က အနားသို့ တိုးလာကာ

လျှောက်တင်သည်။

“ကျောင်းယွမ်... သခင်မကြီး (ယဲ့ယွင်၏မိခင်) ဆီက သတင်း ရောက်လာပါတယ်”

“ပြော”

“သခင်မကြီးက ပြောပါတယ်။ ယင်းကော်ကုန်း အိမ်တော်က အရမ်းကို စည်းစနစ်ကျလွန်းလို့ အမှားရှာရ ခက်ပါတယ်။ အားနည်းချက် ရှိမယ်ဆိုရင်တော့ ယင်းကော်ကုန်းရဲ့ သားကြီး ‘ချန်ရှန်ဝမ်’ ဆီမှာပဲ ရှိပါလိမ့်မယ်။ သူက အပျော်အပါးမက်တဲ့ လူလေလူလွင့်ပါ။ ဒါပေမဲ့ ဇနီးကိုတော့ကြောက်တတ်တယ်လို့ကြားပါတယ်၊ သူ့မှာ သားတစ်ယောက်ပဲ ရှိပြီး၊ ကိုယ်လုပ်တော်တွေ အများကြီး ရှိပေမဲ့ အားလုံးက သူ့ဇနီး မေရှီ စီစဉ်ပေးထားတဲ့သူတွေချည်းပဲ။ မယားငယ်က မွေးတဲ့ ကလေး တစ်ယောက်မှ မရှိဘူးတဲ့”

နန်ကျစ်က သတင်းအတိုင်းအမှန်အတိုင်း လျှောက်တင်လိုက်သည်။

ယဲ့ယွင် မျက်မှောင်ကြုတ်ကာ - “တခြား ဘာမှ မရှိတော့ဘူးလား”

နန်ကျစ်က ခေါင်းခါသည် - “မရှိတော့ပါဘူး။ ချန်ရှန်ဝမ်က အပြင်မှာ မယားငယ် ထားတာမျိုးတောင် မရှိဘူး၊ အပျော်အပါးပဲ မက်တာပါ”

ကြည့်ရတာ ထိုမေရှီ၏ နည်းလမ်းများမှာ အမှန်တကယ်ပင် မရိုးရှင်းပေ။ သို့သော်လည်း အသုံးမကျသော အမျိုးသားနှင့် ညားရသည်မှာ နှမြောစရာပင်။ မေရှီသည် အလွန်တော်သဖြင့် သူမ၏သား (ယင်းကော်ကုန်း၏ မြေးဦး) ကို သူမဘေးမှာ ထား၍ သင်ကြားပေးနေလျှင်၊ ထိုကလေးမှတစ်ဆင့် တစ်ခုခု လုပ်ဆောင်နိုင်ပေလိမ့်မည်။

ယဲ့ယွင်၏ အမြင်တွင် ချန်ရှန်ဝမ်က အပြင်မှာ မိန်းမမရှုပ်ခြင်းမှာ ‘မရှုပ်ချင်လို့’ မဟုတ်ဘဲ ‘မရှုပ်ရဲလို့’ သာ ဖြစ်မည်။ အကယ်၍သာ တကယ် အကြိုက်တွေ့မည့်သူနှင့် ဆုံလျှင် စိတ်မယိမ်းဘဲ မနေနိုင်ပေ။ ထိုသို့ စဉ်းစားမိသည်နှင့် သူမသည် နန်ကျစ်အား ယဲ့မိသားစုထံ ပြန်စာတစ်စောင် ထပ်မံ ပေးပို့ခိုင်းလိုက်တော့သည်။

အခြားတစ်ဖက်တွင်၊ နင်ချန်သည်လည်း စတင် လှုပ်ရှားနေပြီ ဖြစ်သည်။ နှစ်ရက်အတွင်းမှာပင် လျန်ချန်စစ်နှင့် ရုန်ချင်းနယ်စားတို့သည် ယင်းကော်ကုန်း အိမ်တော်သို့ ကိုယ်တိုင် သွားရောက်ခဲ့ကြသည်။ ချန်စုကျစ်ကို လာခေါ်ခြင်း မဟုတ်ဘဲ ‘ကွာရှင်းရန်’ တောင်းဆိုရန် သွားကြခြင်း ဖြစ်သည်။

ယခုတစ်ခေါက်တွင် ရုန်ချင်းနယ်စားသည် မျက်ရည်၊ နှပ်ချေးများနှင့်အတူ ချန်စုကျစ်၏ လုပ်ရပ်မှန်သမျှကို ယင်းကော်ကုန်းရှေ့တွင် အကုန်အစင် ဖော်ဖွင့်ပြောချင်တော့သည်။ သူ၏ ရင်ထဲတွင် အလွန်ပင် နာကျင်နေရသဖြင့် ချန်စုကျစ်ကို နောက်ထပ် အိမ်ထဲသို့ လုံးဝ အဝင်မခံနိုင်တော့ကြောင်း ပြတ်သားစွာ ပြသလိုက်သည်။

ယင်းကော်ကုန်းမှာမူ လုံးဝ သဘောမတူပေ။ ရုန်ချင်းနယ်စားအိမ်တော်မှာလည်း ဂုဏ်သရေရှိ မိသားစု ဖြစ်သလို လျန်ညီအစ်ကို နှစ်ဦးစလုံးမှာလည်း လူတော်များ ဖြစ်ကြသည်။ ထို့ထက် ပို၍ အရေးကြီးသည်မှာ လတ်တလောတွင် နင်ချန်က မိမိအိမ်တော်ကို စောင့်ကြည့်နေခြင်းပင်။ အကယ်၍ ရုန်ချင်းနယ်စား အိမ်တော်ကသာ အဆုံးအထိ တိုက်ပွဲဝင်ပြီး ဤကိစ္စကို ချဲ့ကားလိုက်လျှင်၊ ချန်စုကျစ် လုပ်ခဲ့သော မိုက်မဲမှုများမှာ သက်သေ အထိုင်သား ရှိနေသဖြင့် ချန်မိသားစုအတွက် အခြေအနေ မဟန်တော့ပေ။

တစ်ခဏချင်းမှာပင် ယင်းကော်ကုန်းသည် မိမိ အလိုလိုက်ခဲ့မိသောထိုသမီးကို အသေသတ်ချင်စိတ်ပင် ပေါက်သွားတော့သည်။ ရုန်ချင်းနယ်စား အိမ်တော်အား ချော့မြှူရန်အတွက် ယင်းကော်ကုန်းသည် အောက်ကျနောက်ကျ စကားများစွာ ပြောခဲ့ရသည့်အပြင်၊ သားမက်ဖြစ်သူ လျန်ချန်စစ်အား သူ၏ အရှိန်အဝါဖြင့် ရာထူးတက်အောင် ကူညီပေးမည်ဟု ကတိပေးလိုက်ရမှသာ လျန်မိသားစုက ကျေနပ်သွားကာ ချန်စုကျစ်ကို ပြန်ခေါ်သွားခဲ့ကြသည်။

ယင်းကော်ကုန်းက လျန်ချန်စစ်အား မြှောက်စားမည်ဆိုလျှင်၊ သူ့အား အိမ်တော်သို့ မကြာခဏ ခေါ်ယူရန် လိုအပ်လာမည်မှာ သေချာလှပေသည်။ ၎င်းမှာ စာရင်းမှတ်တမ်းစာအုပ်ကို ရှာဖွေရန် အခွင့်အရေး ပိုများလာစေခဲ့သည်။

အချိန်များ ကုန်လွန်သွားရာ နန်းပြင်ထွက်လာသည်မှာ ဆယ်ရက် ရှိသွားခဲ့ပြီ။ တိုးတက်မှု သိပ်မရှိသဖြင့် နင်ချန်လည်း အနည်းငယ် စိတ်ပူလာသည်။ ယင်းကော်ကုန်းမှာ သတိကြီးလွန်းသဖြင့် စောင့်ဆိုင်းခြင်းနှင့် နည်းနည်းချင်း တိုးကပ်ခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပေ။ တွက်ကြည့်လျှင် တစ်လဆိုသော အချိန်မှာ မလုံလောက်နိုင်တော့ပေ။

……

သို့သော် သူတို့ထက် အချိန်ပို၍ မရှိတော့သူမှာ ထိုက်ကွေ့ဖေးပင် ဖြစ်သည်။ သူမသည် ကျန်းမာရေး ပြန်ကောင်းလာသလို ထင်ရသော်လည်း၊ သူမကိုယ်တိုင် ခံစားရသည်မှာ တစ်ကိုယ်လုံးမှာ ပေါ့ပါးနေပြီး ပုံမှန်မဟုတ်တော့ပေ။ ဤသို့သော အခြေအနေမျိုးတွင် သူမ၏ အစီအစဉ်ကို အောင်မြင်ရန်အတွက် ပိုမို ရိုးရှင်းပြီး တိုက်ရိုက်ကျသော နည်းလမ်းကိုသာ ရွေးချယ်လိုက်တော့သည်။

ဒုတိယအကြိမ်အဖြစ် ဖိန်ဝမ်ဖေးက ကလေးများကို ခေါ်ဆောင်ကာ နန်းတွင်းသို့ လာသောအခါ၊ ထိုက်ကွေ့ဖေးသည် မြေး လေးယောက်လုံးကို ခေါ်ဆောင်၍ မယ်တော်ကြီးနန်းဆောင်သို့ ဂါရဝပြုရန် ထွက်လာခဲ့သည်။

“ကျွန်တော်မျိုးမ မယ်တော်ကြီးကို ဂါရဝပြုပါတယ်” ထိုက်ကွေ့ဖေးက ရိုသေစွာ ဦးညွှတ်သည်။

မယ်တော်ကြီးသည် ဖီးနစ်ပလ္လင်ပေါ်တွင် ထိုင်လျက် ကျေနပ်အားရစွာ လက်ယမ်းပြသည်။

“ထပါ... မင်း ဘာလို့ ရောက်လာတာလဲ”

“ကျွန်တော်မျိုးမရဲ့အဆောင်မှာ မုန့်အသစ်လေးတွေ လုပ်ထားလို့ မယ်တော်ကြီး မြည်းစမ်းကြည့်ရအောင် လာပို့တာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ ကလေးတွေလည်း နန်းတော်ထဲ ရောက်နေလို့ မယ်တော်ကြီးကို အတူတူ ဂါရဝပြုဖို့ ခေါ်လာခဲ့တာပါ” ထိုက်ကွေ့ဖေးက ပြုံးလျက် ဆိုသည်။

“ပြောရရင်... ဒီရက်ပိုင်း မင်းသား၊ မင်းသမီးတွေလည်း မယ်တော်ကြီးဆီ ဂါရဝလာပြုတာ မတွေ့မိဘူး။ မြေးတွေ အကုန်ရှိနေတုန်းမှာ အတူတူ ဆော့ခိုင်းရင် မကောင်းဘူးလား”

ထိုစကားမှာ သာမန်အတိုင်း ဆိုလိုက်ခြင်း ဖြစ်သော်လည်း၊ မယ်တော်ကြီး၏ နားထဲတွင်မူ စိန်ခေါ်သံကဲ့သို့ ကြားနေရသည်။ ထိုက်ကွေ့ဖေးတွင် မြေးတွေက ဝိုင်းနေပြီး၊ သူမမှာတော့ မရှိသကဲ့သို့ ခံစားလိုက်ရခြင်းပင်။

ထို့ကြောင့် သူမကအမိန့်ပေးလိုက်တော့သည်။

“အိုက်ကျားကဖျားနေတော့ ကလေးတွေကို ရောဂါကူးမှာ စိုးလို့ပါ။ အခု ဖိန်ဝမ်ရဲ့ ကလေးတွေလည်း ရှိနေမှတော့၊ တခြား မင်းသား၊ မင်းသမီးတွေကိုလည်း အကုန် ခေါ်လိုက်ကြ”

ဖုမာမားသည် အမိန့်ကို လက်ခံရရှိပြီးနောက် မည်သည်ကိုမှသံသယမဝင်ပဲ လူလွှတ်၍ သွားရောက် ဖိတ်ကြားလိုက်လေတော့သည်။

***

All Chapters