အခန်း (၃၆၉-၃၇၀)
Vol. 24 Ch. 369-370
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-369
အခန်း ၃၆၉ ။ အဆိပ်ရှိတယ်
မကြာမီမှာပင် မင်းသားနှင့် မင်းသမီးလေးများသည် မိခင်များ၏ လိုက်ပါမှုဖြင့် ချီနင်နန်းဆောင်သို့ ရောက်ရှိလာကြသည်။
ဟွေ့ကျောင်းယွမ်ကတော့ ကလေးနှစ်ယောက်ကို ခေါ်လာခဲ့သည်။ သူမကိုယ်တိုင် မွေးထားသည့် ဒုတိယမင်းသမီးလေးနှင့် ယဲ့ယွင်က သူမထံ အပ်နှံထားခဲ့သော စတုတ္ထမင်းသားလေးတို့ ဖြစ်သည်။ ကလေးများကကို ထိုကဲ့သို့ စုံစုံလင်လင် ဆုံတွေ့ရခဲလှသည်။ အထူးသဖြင့် စတုတ္ထမင်းသားလေးမှာ သူ၏ အစ်ကိုသုံးယောက်၊ မင်းသမီးကြီးနှင့် တတိယမင်းသမီးတို့နှင့် သိပ်မရင်းနှီးလှပေ။
ပထမ၊ ဒုတိယနှင့် တတိယမင်းသားတို့မှာ အတူတူ စာသင်နေကြသူများ ဖြစ်သဖြင့် ရင်းနှီးကြပြီး၊ မင်းသမီးကြီးနှင့် တတိယမင်းသမီးတို့မှာလည်း ရှူးဖေး၏ အုပ်ထိန်းမှုအောက်တွင် ရှိနေသဖြင့် ပို၍ နီးစပ်ကြသည်။ စတုတ္ထမင်းသားလေးမှာမူ သူ၏ ဒုတိယမမ လက်ကိုသာ မြဲမြဲဆုပ်ကိုင်ထားတော့သည်။
နောက်ဆုံးတွင် မင်းသမီးကြီးက အစ်မကြီးပီပီ တည်ငြိမ်စွာဖြင့် မောင်လေး၊ ညီမလေးများကို ဦးဆောင်ကာ မယ်တော်ကြီးအား ဂါရဝပြုကြပြီးနောက် ကိုယ်စီ နေရာယူလိုက်ကြသည်။
ထိုက်ကွေ့ဖေးက မုန့်သေတ္တာကို ယူလာခိုင်းလိုက်သော်လည်း ဖွင့်ကြည့်လိုက်သောအခါ မုန့်များမှာ အနည်းငယ် အေးစက်နေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူမကအကြုံပြုလိုက်သည်။
"မယ်တော်ကြီး... ဒီမုန့်တွေက နည်းနည်း အေးနေပြီ။ ဒီအတိုင်းစားရင် ကလေးတွေ ဗိုက်နာမှာ စိုးရိမ်ရတယ်။ မယ်တော်ကြီးရဲ့ မီးဖိုချောင်မှာ ခန နွှေပေးပြီးမှ မင်းသား၊ မင်းသမီးတွေကို ဝေပေးရင် ကောင်းမယ် ထင်တယ်"
"အင်း... ဒါဆိုလူလွှတ်ပြီး သွားနွှေခိုင်းလိုက်ပါ" မယ်တော်ကြီးက သဘောတူသဖြင့် နန်းတွင်းသူ တစ်ဦးက မုန့်များကို ယူသွားတော့သည်။
ထို့နောက် မယ်တော်ကြီးက ကလေးများကို စတင် စကားပြောသည်။ သူမက အရင်ဆုံး စတုတ္ထမင်းသားလေးကို လက်ယမ်းခေါ်
လိုက်သည်။
"ကျင့်အာ ... ဘွားတော်ဆီ လာပါဦး။ အရပ်ရှည်လာလား ကြည့်ရအောင်"
စတုတ္ထမင်းသားလေးမှာ မယ်တော်ကြီးနှင့် စိမ်းနေသဖြင့် ချက်ချင်း မသွားရဲပေ။ ဟွေ့ကျောင်းယွမ်က ကိုယ်ကိုကိုင်းကာ နူးညံ့စွာ ဖျောင်းဖျလိုက်သည်။
"သွားလေ မင်းသားလေး၊ အဲဒါ မင်းသားလေးရဲ့ ဘွားတော်လေ"
အားပေးမှု ရရှိမှသာ စတုတ္ထမင်းသားလေးသည် ပိုင်ရှု၏ လက်ကိုတွဲကာ မယ်တော်ကြီးအနားသို့ တိုးသွားသည်။
"ရော့... ပဲနီလေးမုန့် စားကြည့်ပါဦး" မယ်တော်ကြီးက ပန်းကန်ကို နူးညံ့စွာကမ်းပေးသည်။
ကလေးပီပီ စားစရာ မြင်လျှင် ပျော်သွားကာ မုန့်တစ်ဖတ်ကို ယူ၍ ပြုံးလိုက်သည်။
"ဘွားတော်ကို ကျေးဇူးတင်ပါတယ်"
သို့သော် ထိုစကားပြောပြီးနောက် မယ်တော်ကြီး ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ စတုတ္ထမင်းသားလေးမှာ ရုတ်တရက် လှည့်ပြေးသွားတော့သည်။ သူသည် အားစိုက်ကာ ပဲနီလေးမုန့်ကို နှစ်ခြမ်း ခွဲလိုက်ပြီး - "မမ စား!" ဟု ဆိုကာ ဒုတိယမင်းသမီးလေးအား ပေးလိုက်သည်။
ဒုတိယမင်းသမီးလေးက မျက်ဝန်းလေးများ ဝိုင်းသွားသည်အထိ ပြုံးပျော်သွားကာ ပဲနီလေးမုန့် တစ်ဝက်ကို လှမ်းယူလိုက်သည်။
"ကျေးဇူးပဲ စတုတ္ထမောင်တော်"
ဤမြင်ကွင်းကို ကြည့်ရင်း လူတိုင်းက ချီးမွမ်းကြပြန်သည်။ ထိုအချိန်မှာပင် နွှေးထားသော မုန့်များ ပြန်ရောက်လာခဲ့သောကြောင့်ထိုက်ကွေ့ဖေးက ကလေးများကို ဝေပေးရန် အမိန့်ပေးလိုက်သည်။
သို့သော် စတုတ္ထမင်းသားလေးမှာ ပဲနီလေးမုန့် စားပြီးစ ဖြစ်သဖြင့် အချိုထပ်မစားချင်တော့ပေ။ ဒုတိယမင်းသမီးလေး လက်ထဲတွင် မုန့်တစ်ဖတ် ရှိနေသည်ကို မြင်သောအခါ၊ သူသည် မိမိရရှိသော မုန့်ကို ဟွေ့ကျောင်းယွမ်၏ လက်ထဲသို့ အတင်း ထည့်ပေးလိုက်သည်။
"ဟွေ့မေမေ စားပါ၊ ကျင့်အာ မဆာတော့ဘူး"
"စတုတ္ထမင်းသားက တကယ့်ကို စိတ်ထားကောင်းတာပဲ။ မောင်နှမချင်းလည်း ချစ်ခင်သလို လူကြီးတွေကိုလည်း ရိုသေတတ်တယ်။ အရင်ဆုံး ဟွေ့ကျောင်းယွမ်ကို စားဖို့ သတိရနေတာပဲ"
ထိုက်ကွေ့ဖေးက ပြုံးလျက် ဆိုသည်။
ထိုစကား ထွက်လာသည်နှင့် ဟွေ့ကျောင်းယွမ်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။ ပထမအချက်မှာ သူမသည် စတုတ္ထမင်းသား၏ မိခင်ရင်း မဟုတ်ပေ။ ဒုတိယအချက်မှာ တကယ့် အကြီးအကဲဖြစ်သော မယ်တော်ကြီးမှာ မ်ိမိတို့အရှေ့တွင် ထိုင်နေခြင်း ဖြစ်သည်။ ထိုက်ကွေ့ဖေး၏ စကားမှာ သူမအား ပြဿနာဖြစ်အောင် တွန်းပို့နေသကဲ့သို့ပင်။
ထို့ကြောင့် သူမက - "ထိုက်ကွေ့ဖေး စနောက်နေပြန်ပြီ။ ကလေးက လူစိမ်းကြောက်လို့ ချန်းချဲ့က အနားမှာ ရှိနေတော့ ချန်းချဲ့ကို ပေးမိတာပါ။ လူကြီးတွေကို ရိုသေဖို့ဆိုရင် စတုတ္ထမင်းသားရဲ့ စိတ်ထဲမှာ မယ်တော်ကြီးပဲ ရှိတာပါ" ဟု ဆိုကာ ကလေး၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
"စတုတ္ထမင်းသားပဲ စားပါ၊ ဟွေ့မေမေ မစားတော့ပါဘူး"
သို့သော် စတုတ္ထမင်းသားလေးမှာ မုန့်ကို ကိုင်ထားရင်း အခက်တွေ့နေပုံ ရကာ ဘာလုပ်ရမှန်း မသိ ဖြစ်နေရှာသည်။ သူ တကယ်ကို မစားချင်တော့ခြင်း ဖြစ်၏။
မယ်တော်ကြီးက ထိုအခြေအနေကို ကြည့်ကာ ကလေးနှင့် ရင်းနှီးမှု ရယူရန် စကားစလိုက်သည်။
"ဟွေ့ကျောင်းယွမ်... ကလေးက မင်းကို သနားလို့ ပေးနေတာပဲ၊ မင်းပဲ သူနဲ့အတူ ခွဲစားလိုက်ပါတော့။ ကျင့်အာရဲ့ စေတနာကို အသိအမှတ်ပြုပေးလိုက်တာပေါ့"
မယ်တော်ကြီးကိုယ်တိုင် မိန့်ကြားလာသဖြင့် ဟွေ့ကျောင်းယွမ်လည်း ငြင်းဆန်ရန် ခက်ခဲသွားကာ သဘောတူလိုက်ရသည်။ သူမသည် စတုတ္ထမင်းသားလေး၏ လက်ထဲမှ မုန့်ကို နှစ်ခြမ်း ခွဲလိုက်သည်။ ထိုစဉ်တွင် သူမ သတိမထားမိလိုက်သည်မှာမျက်နှာချင်းဆိုင်ရှိ ထိုက်ကွေ့ဖေး၏ မျက်ဝန်းအိမ် ကျဉ်းမြောင်းသွားခြင်းပင်။
စတုတ္ထမင်းသားလေးက မုန့်ကို ကိုင်ထားရုံသာ ရှိသေးသော်လည်း၊ ဟွေ့ကျောင်းယွမ်မှာမူ နှစ်လုပ်တည်းနှင့် ကုန်အောင် စားလိုက်သည်။ သူမသည် လက်ကိုင်ပဝါဖြင့် နှုတ်ခမ်းကို သုတ်ရန် ပြင်စဉ်မှာပင် ရုတ်တရက် မျက်နှာ ပျက်သွားကာ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရဟန်ဖြင့် ဗိုက်ကို ဖိလျက် လဲကျသွားတော့သည်။
"အဆိပ်... စတုတ္ထမင်းသား မစားနဲ့! မုန့်ထဲမှာ အဆိပ်ပါတယ်!"
ဟွေ့ကျောင်းယွမ်သည် နာကျင်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပြီး၊ စတုတ္ထမင်းသားလေး လက်ထဲမှ မုန့်တစ်ဝက်ကို မြေပေါ်ကျအောင် အသည်းအသန် ပုတ်ချရန် ကြိုးစားတော့သည်။ သို့သော် သူမတွင် အားအင် မရှိတော့ပေ။ ကံကောင်းသည်မှာ ပိုင်ရှုက လျင်မြန်စွာ တုံ့ပြန်ကာ ကလေးလက်ထဲမှ မုန့်ကို လုယူပြီး ဘေးသို့ ပစ်ချလိုက်ခြင်းပင်။
ဒုတိယမင်းသမီးလေးမှာ မိခင်ဖြစ်သူ၏ အခြေအနေကို ကြည့်ကာ ထိတ်လန့်တကြား ငိုယိုတော့သည်။ စတုတ္ထမင်းသားလေးမှာလည်း ကြောက်လန့်တကြား လိုက်ငိုတော့၏။ အနီးဆုံးတွင် ရှိနေသော ယိရွှင်ရီသည် ချက်ချင်းပင် ထ၍ သွားကြည့်ရာ၊ ဟွေ့ကျောင်းယွမ်၏ လက်ကိုင်ပဝါပေါ်တွင် သွေးစလေးများကို မြင်လိုက်ရသဖြင့် သူမလည်း ထိတ်လန့်သွားတော့သည်။
"မြန်မြန်... သမားတော် သွားခေါ်စမ်း! ချီနင်နန်းဆောင်ထဲမှာ ဘယ်သူက ဒီလောက်အထိ ရဲတင်းပြီး အဆိပ်ခတ်ရဲတာလဲ အိုက်ကျားကြည့်ရသေးတာပေါ့!"
မယ်တော်ကြီးသည်လည်း ထိတ်လန့်တကြား ထရပ်ကာ အော်ဟစ် အမိန့်ပေးလိုက်သည်။
တံခါးဝရှိ မိန်းမစိုးလေးမှာ အပြေးအလွှား ထွက်သွားသည်။ ကံကောင်းထောက်မစွာပင် မယ်တော်ကြီးအား ပြန်လည် စစ်ဆေးရန် လာနေသော သမားတော်ကျန်း နှင့် လမ်းမှာ ဆုံသဖြင့်၊ သူ့အား အပြေးအလွှား ခေါ်ဆောင်လာခဲ့ကြသည်။
သမားတော်ကျန်းသည် ရောက်လာသည်နှင့် ဟွေ့ကျောင်းယွမ်အား စစ်ဆေးသည်။ သူသည် အတွေ့အကြုံရင့်သူပီပီ ဟွေ့ကျောင်းယွမ်အား တွဲထူခိုင်းကာ၊ ငွေအပ်ကို ထုတ်ယူ၍ အချက်အချာကျသော နေရာတွင် ထိုးစိုက်လိုက်သည်။ တစ်ခဏချင်းမှာပင် ဟွေ့ကျောင်းယွမ်မှာ ‘ဝေါ့’ ကနဲ အန်ချလိုက်တော့သည်။ သူမ၏ အစာအိမ်ထဲမှ အရာအားလုံး ကုန်စင်သွားသည်အထိ အန်ထုတ်လိုက်ရ၏။
"ကျောင်းယွမ်ကို ရေနွေးနွေးလေး တိုက်လိုက်ပါ။ အဆိပ်ကိုတော့ အန်ထုတ်နိုင်ခဲ့ပေမဲ့ အစာအိမ်တော့ အနည်းနဲ့အများ ထိခိုက်သွားပါပြီ။ ကံကောင်းတာက စားမိတာ နည်းလို့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး"
သမားတော် ကျန်းသည် နဖူးမှ ချွေးများကို သုတ်ရင်း သက်ပြင်းချလိုက်သည်။ သို့သော် သူ မနားဝံ့ဘဲ ဆေးနည်းတစ်ခုကို အမြန် ရေးပေးကာ အစေခံများကို ပြုတ်တိုက်ရန် မှာကြားလိုက်သည်။
"ကောင်းကင်ဘုံက စောင့်ရှောက်လို့ပါပဲ... ဘာလို့ အဆိပ်မိရတာလဲ" ရှူးဖေးမှာ ဟွေ့ကျောင်းယွမ်အား အစေခံများ တွဲခေါ်သွားသည်ကို ကြည့်ရင်း ရင်တုန်ပန်းတုန် ဖြစ်နေရှာသည်။
ဖုမာမားမှာ မျက်မှောင်ကြုတ်လျက် ဆိုသည်။
"ဟွေ့ကျောင်းယွမ်က စတုတ္ထမင်းသား လက်ထဲက မုန့်ကို စားလိုက်တာလေ။ သမားတော်... အဲဒီမုန့်မှာ ဘာထူးခြားလဲ ကြည့်ပေးပါဦး"
သမားတော် ကျန်းက ခေါင်းညိတ်ကာ၊ မြေပေါ်တွင် ကျန်နေသော မုန့်တစ်ဝက်ကို စစ်ဆေးလိုက်သည်။ အမှန်ပင် တစ်ခုခုကို တွေ့ရှိသွားခဲ့ပြီ။
"မယ်တော်ကြီးကို တင်ပြပါရစေ။ ဒီမုန့်ရဲ့ အပြင်ဘက် အခွံပေါ်မှာ အဆိပ်မှုန့်တွေ ဖြူးထားပါတယ်၊ အတွင်းသားမှာတော့ ဘာမှ မရှိပါဘူး"
"ကောင်းပြီလေ... ယောင်ရှီ (ထိုက်ကွေ့ဖေး)၊ မင်းက တော်ဝင်ရင်သွေးကိုတောင် လုပ်ကြံရဲတယ်ပေါ့။ လူတွေ... သူမကို ဖမ်းစမ်း!" မယ်တော်ကြီးက ဒေါသတကြီး စားပွဲကို ရိုက်ကာ အော်ဟစ်လိုက်တော့သည်။
ဖိန်ဝမ်ဖေးသည် ယောက္ခမဖြစ်သူ အဖမ်းခံရတော့မည်ကို မြင်သောအခါ၊ ချက်ချင်းပင် ထ၍ ရှေ့မှ ကာကွယ်လိုက်သည်။
"မယ်တော်ကြီး... ဒါ တစ်ခုခု မှားယွင်းနေတာ ဖြစ်မှာပါ။ မယ်တော် (ထိုက်ကွေ့ဖေး) က တော်ဝင်ရင်သွေးကို လုပ်ကြံမှာ မဟုတ်ပါဘူး။ ဒီမုန့်က မယ်တော် ယူလာတာလေ၊ စတုတ္ထမင်းသား စားပြီး အဆိပ်မိသွားရင် မယ်တော်ပဲ တရားခံ ဖြစ်သွားမှာကို သူမ မသိဘဲ နေမလား။ မယ်တော်ကြီး စဉ်းစားကြည့်ပါဦး... မယ်တော့်မှာ ဝမ်ရယ်ဆိုတဲ့ သားတစ်ယောက် ရှိနေပါသေးတယ်။ တစ်အိမ်တော်လုံးကို ထိခိုက်စေမယ့် ဒီလို ကိစ္စမျိုးကို ဘာလို့ လုပ်မှာလဲ!"
ဤစကားမှာ အကျိုးအကြောင်း ဆီလျော်သဖြင့် အစေခံများမှာလည်း ချက်ချင်း ရှေ့မတိုးဝံ့ဘဲ တန့်သွားကြသည်။ မယ်တော်ကြီးသည် မျက်ဝန်းများကို မှေးစင်းလျက် ကိုယ်လုပ်တော်များကို တစ်ဦးချင်း စိုက်ကြည့်လိုက်သည်။
သူမ တွန့်ဆုတ်နေသည်ကို မြင်သောအခါ ဖိန်ဝမ်ဖေးက ထပ်မံ ဆိုသည်။
"မယ်တော်ကြီးက နန်းတွင်းရဲ့ အရှုပ်အထွေးတွေကြားမှာ ကျင်လည်ခဲ့သူပဲ မဟုတ်လား။ ကျွန်တော်မျိုးမကတော့ ရဲရဲဝံ့ဝံ့ပဲ ပြောပါရစေ... ဒါကတခြား ကိုယ်လုပ်တော် တစ်ယောက်ယောက်က၊ မကောင်းတဲ့ အကြံနဲ့ လုပ်ကြံတာလည်း ဖြစ်
နိုင်ပါတယ်။”
ဖုမာမားသည်လည်း မယ်တော်ကြီး၏ နားနားသို့ တိုးကာ အကြံပြုသည်။
"မယ်တော်ကြီး... သေသေချာချာ စုံစမ်းတာက ပိုကောင်းပါလိမ့်မယ်။ အရှင်မင်းကြီး ပြန်လာရင်တော့ တစ်ခုခု ထွက်ဆိုပြရမှာပဲလေ။ ဖိန်ဝမ်ရဲ့ မျက်နှာလည်း ရှိနေတော့၊ ခိုင်လုံတဲ့ သက်သေ မရှိဘဲ ထိုက်ကွေ့ဖေးကို အပြစ်ပေးလိုက်ရင် မသင့်တော်ဘူး ထင်ပါတယ်"
ထိုသို့ ဖျောင်းဖျမှသာ မယ်တော်ကြီးသည် ချက်ချင်း ဖမ်းခိုင်းခြင်းကို ရပ်တန့်လိုက်တော့သည်။ ထိုက်ကွေ့ဖေးမှာမူ အသက်ကို ခဲရာခဲဆစ် ရှူနေရကာ မျက်နှာမှာလည်း ပြာနှမ်းနေတော့သည်။ သူမသည် မကျန်းမမာ ဖြစ်နေသည်မှာ သိသာလှပေသည်။
သို့သော် သူမက ဇွဲဖြင့် စကားပြန်ပြောသည် "မယ်တော်ကြီး... ကျွန်တော်မျိုးမ ယူလာတဲ့ မုန့်တွေကို ကျွန်တော်မျိုးမဘက်က လူတွေပဲ ကိုင်ခဲ့တာ မဟုတ်ပါဘူး။ မယ်တော်ကြီးဘက်က လူတွေလည်း ကိုင်ခဲ့တာပါပဲ။ သေသေချာချာ စုံစမ်းချင်တယ် ဆိုရင်တော့၊ ဘယ်သူ့ကိုမှ ချန်မထားဘဲ အကုန် စစ်ဆေးသင့်ပါတယ်"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-370
အခန်း ၃၇၀ ။ သက်သေနှင့်အတူ ဖမ်းမိခြင်း
"မင်းက အိုက်ကျားရဲ့ အနီးကပ်လူကိုတောင် သံသယဝင်ရဲတယ်ပေါ့?!"
မယ်တော်ကြီးသည် ဒေါသတစ်ကျော့ပြန် ထွက်လာကာ ထိုက်ကွေ့ဖေးအား မျက်စောင်းခပ်ပြင်းပြင်း ထိုးလိုက်သည်။
ဖိန်ဝမ်ဖေးက ချက်ချင်းပင် ကြားဝင်ဖျောင်းဖျရပြန်သည် - "မယ်တော်ကြီး စိတ်လျှော့ပါ။ မယ်တော် (ထိုက်ကွေ့ဖေး) က အဲဒီလိုဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ မယ်တော်ကြီး စဉ်းစားကြည့်ပါဦး... တစ်စုံတစ်ယောက်က မယ်တော်ကြီးရဲ့ လူယုံအပေါ်ထားတဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူပြီး လက်ပါလိုက်တာဆိုရင်ကော။ ဒီလိုလူမျိုးကို ရှာမထုတ်နိုင်ဘဲ မယ်တော်ကြီးအနားမှာ ဆက်ထားတာက တကယ်ကို အန္တရာယ်များလွန်းပါတယ်။”
ကိစ္စကို မယ်တော်ကြီး၏ ဘေးကင်းရေးနှင့် ဆက်စပ်ပြောဆိုလိုက်မှသာ မယ်တော်ကြီး၏ ဒေါသများ ပြေလျော့သွားပြီး၊ မုန့်များကို ကိုင်တွယ်ခဲ့သူအားလုံးကို ခေါ်ယူရန် အမိန့်ပေးလိုက်တော့သည်။
ပထမဆုံး တစ်ဦးချင်း စစ်ဆေးမေးမြန်းသော်လည်း မည်သူမှ ဝန်မခံကြပေ။ ထို့နောက် ခန္ဓာကိုယ်ကို ရှာဖွေပြန်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။ နောက်ပိုင်းတွင် ထိုက်ကွေ့ဖေးက အကြံပြုသည်မှာ - အဆိပ်မှုန့်မှာ မုန့်၏မျက်နှာပြင်ပေါ်တွင် ဖြူးထားခြင်းဖြစ်ကြောင်း၊ ‘ယွီချန်မုန့်’ လုပ်ရာတွင် အပြင်ဘက်မှ ပြောင်းဖူးမှုန့် အနည်းငယ် ဖြူးရသည့် အဆင့်ရှိသဖြင့် ထိုအချိန်တွင် ရောနှောထည့်သွင်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
ထို့ကြောင့် မုန့်ကို ကိုင်တွယ်ခဲ့သူအားလုံးအား သူတို့၏လက်များကို ထုတ်ပြခိုင်းကာ သမားတော်အား အနံ့ခံ စစ်ဆေးခိုင်းလိုက်သည်။ လူတိုင်းကတော့ မျှော်လင့်ချက် သိပ်မထားကြပေ။ အကြောင်းကတော့ စားဖိုဆောင်တွင် အလုပ်လုပ်သူများသည် သန့်ရှင်းမှုကို အလေးထားရသဖြင့် လက်ကို ခဏခဏ ဆေးကြောလေ့ရှိသောကြောင့် ဖြစ်၏။
သို့သော် ထိုနည်းလမ်းအတိုင်း စမ်းသပ်ကြည့်ရာတွင် အမှန်တကယ်ပင် ထူးခြားချက်ကို တွေ့ရှိသွားခဲ့သည်။ နန်းတွင်းသူ လျန်ရှင်း၏ အင်္ကျီလက်ဝနှင့် လက်ကောက်ဝတ် အတွင်းဘက်တွင် မုန့်ပေါ်ရှိ အဆိပ်မှုန့်နှင့် တစ်ပုံစံတည်းတူသော အမှုန့်များကို တွေ့လိုက်ရခြင်းပင်။
"မဟုတ်ဘူး... မဟုတ်ဘူး... ကျွန်တော်မျိုးမ မဟုတ်ပါဘူး! ကျွန်တော်မျိုးမ အဆိပ်မခတ်ပါဘူး! ဖုမာမား... ကျွန်တော်မျိုးမကို ကယ်ပါဦး။ ကျွန်မ တကယ် မလုပ်ပါဘူး။ မားမား... မေမေ... မေမေကြီး... ရှင်းအာကို ကယ်ပါဦး။ ကျွန်မ အဆိပ်မခတ်ပါဘူး!"
လျန်ရှင်း ဟုခေါ်သော ထိုနန်းတွင်းသူလေးမှာ ထိတ်လန့်တကြားဖြစ်ကာ ဦးခေါင်းနှင့် ကြမ်းပြင် တိုက်မိမတတ် ဦးချတော့သည်။ သူမတွင် အခြားသော အဆင့်အတန်းတစ်ခုလည်း ရှိနေသေးသည်။ သူမမှာ ဖုမာမား၏ မွေးစားသမီးဖြစ်နေခြင်းပင်။
ဖုမာမားသည် တစ်သက်လုံး အိမ်ထောင်မပြုဘဲ မယ်တော်ကြီးအနားတွင် ခစားလာခဲ့သူ ဖြစ်ရာ၊ အသက်ကြီးချိန်တွင် မွေးစားသမီးတစ်ဦး ရှိနေခြင်းမှာ ကိစ္စအကြီးကြီးမဟုတ်သော်လည်း၊ ယခု သူမ၏မွေးစားသမီးကိုယ်ပေါ်တွင် အဆိပ်မှုန့်တွေ့ရခြင်းမှာ စဉ်းစားစရာ ဖြစ်လာခဲ့သည်။
မယ်တော်ကြီးသည် ဒေါသတကြီးဖြင့် လက်ဘေးရှိ လက်ဖက်ရည်ခွက်ကို လွှင့်ပစ်လိုက်သည်။
"ဖုကျိ... ဒါက ဘယ်လိုဖြစ်ရတာလဲ။ ငါ့ကို သေသေချာချာ ရှင်းပြစမ်း!"
"မယ်တော်ကြီး... ကျွန်တော်မျိုးမလည်း မသိပါဘူး။ ဒါ တစ်ခုခု မှားယွင်းနေတာ သေချာပါတယ်။"
ဖုမာမား ချက်ချင်း ဒူးထောက်လိုက်ပြီး စိတ်ထဲတွင်လည်း မငြိမ်မသက် ဖြစ်လာသည်။
"ကျွန်တော်မျိုးမ တစ်သက်လုံး မယ်တော်ကြီးအပေါ် သစ္စာမပျက်ခဲ့ပါဘူး။ လျန်ရှင်းလေးက အသက် ၁၃ နှစ်ကတည်းက နန်းတော်ထဲဝင်ပြီး ကျွန်တော်မျိုးမကိုယ်တိုင် ဆုံးမလာခဲ့တာပါ။ နှစ်ပေါင်းများစွာအတွင်း သူမက အရမ်းတော်တာမျိုး မဟုတ်ပေမဲ့ စိတ်ထားကတော့ အင်မတန် ကောင်းပါတယ်။ တော်ဝင်ရင်သွေးကို လုပ်ကြံမယ့် လုပ်ရပ်မျိုးကို ဘယ်တော့မှ မလုပ်ပါဘူး”
မိမိကိုယ်တိုင် လက်ဆွဲသင်ကြားခဲ့သော မွေးစားသမီးဖြစ်နေသဖြင့် ဖုမာမားကတော့ အသနားခံပေးရှာသည်။ သူမသည် လျန်ရှင်းကို ယုံကြည်နေဆဲပင်။
ထိုက်ကွေ့ဖေးက ကိုယ်လက်မအီမသာနှင့် တဟွတ်ဟွတ် ချောင်းဆိုးရင်း ဝင်
ပြောသည်။
"မယ်တော်ကြီး... ဖုမာမားက မယ်တော်ကြီးရဲ့ အနီးကပ်လူယုံပါ။ သူမမှာ တခြားစိတ်ရှိမယ်ဆိုရင် မယ်တော်ကြီး ဒီနေ့အထိ ဘေးကင်းပါ့မလား။ ဒါပေမဲ့ ဒီကလေးမကတော့ ပြောရခက်တယ်လေ။ သူမသာ မဟုတ်ဘူးဆိုရင် ဘာလို့ သူမကိုယ်ပေါ်မှာမှ အဆိပ်မှုန့်တွေ တွေ့ရတာလဲ"
ဤစကားမှာ မယ်တော်ကြီးဘက်မှ ကာကွယ်ပေးသလိုလိုနှင့် လျန်ရှင်းအပေါ် အပြစ်ပုံချနေသော်လည်း၊ ဖုမာမား၏ သစ္စာရှိမှုကို ထည့်ပြောလိုက်ခြင်းဖြင့် လူကို တွေးတောစရာ ဖြစ်စေသည်။ လျန်ရှင်း အဆိပ်ခတ်ခြင်းမှာ မယ်တော်ကြီးက ဖုမာမားမှတစ်ဆင့် ခိုင်းစေခြင်း ဖြစ်နိုင်မလားဟု သွယ်ဝိုက်ညွှန်းဆိုနေခြင်းပင်။
သို့သော် ဤကဲ့သို့သော ကိစ္စမျိုးမှာ ‘ကာယကံရှင်က တွေဝေပြီး ဘေးလူက မြင်သာသည်’ ဟူသော စကားအတိုင်းပင်။ မယ်တော်ကြီးနှင့် ဖုမာမားတို့မှာ ကိစ္စထဲတွင် နစ်ဝင်နေသဖြင့် မိမိတို့အတွက် အကျိုးရှိမည့် စကားကိုသာ ကြားနေကြပြီး အခြားသော အဓိပ္ပာယ်ကို မရိပ်မိကြသော်လည်း၊ ဘေးမှ ကိုယ်လုပ်တော်များကတော့ အကုန် ရိပ်မိလိုက်ကြသည်။
အကယ်၍ မယ်တော်ကြီး လုပ်ဆောင်သည်ဟု ဆိုလျှင်လည်း အကျိုးအကြောင်း ဆီလျော်နေသည်။ မယ်တော်ကြီးသည် မင်ကျောင်းယွမ် (ယဲ့ယွင်) ကို မုန်းတီးပြီး မင်းသားကြီးကို ချစ်မြတ်နိုးသည်။
မင်းသားကြီးအတွက်မူ အခြားသော မင်းသားများ မရှိမှသာ ထီးနန်းရရန် အခွင့်အရေး ရှိမည်။ ယခု မင်ကျောင်းယွမ် နန်းတွင်း၌ မရှိခိုက် စတုတ္ထမင်းသားကို ဖယ်ရှားပစ်ရန်မှာ အကောင်းဆုံး အခွင့်အရေးပင်။
အထူးသဖြင့် ယနေ့ မုန့်များကို ထိုက်ကွေ့ဖေးက ယူလာခဲ့ခြင်း ဖြစ်ရာ၊ အပြစ်ပုံချရန် အလွန်ပင် လွယ်ကူလှသည် မဟုတ်လား။ လက်ရှိ မြင်တွေ့နေရသည်မှာ အစီအစဉ် မစေ့စပ်မှုကြောင့် ပေါ်ပေါက်လာသော အမှားတစ်ခုဟုသာ ယူဆစရာ ရှိနေသည်။
"မယ်တော်ကြီး... ဒီနန်းတွင်းသူကို ခေါ်သွားပြီး သေသေချာချာ စစ်ဆေးမေးမြန်းတာ ပိုကောင်းမယ် ထင်ပါတယ်။ အခု ကလေးတွေလည်း လန့်ကုန်ကြပြီ၊ ဟွေ့ကျောင်းယွမ်လည်း အန္တရာယ်ကနေ ခုမှ လွတ်တာပါ။ မယ်တော်ကြီးရဲ့ ကျန်းမာရေးကလည်း မကောင်းသေးဘူး မဟုတ်လား"
ဖိန်ဝမ်ဖေးက ထပ်မံ ဖျောင်းဖျလိုက်သည်။
မယ်တော်ကြီးသည် မျက်မှောင်ကြုတ်ထားသော်လည်း လျန်ရှင်းကို အရင် ခေါ်ထုတ်သွားရန် အမိန့်ပေးလိုက်သည်။ ထိုအချိန်မှာပင် ထိုက်ကွေ့ဖေးသည် ရုတ်တရက် မူးလဲသွားတော့သည်။ တစ်ခဏချင်းမှာပင် ဆူညံပွက်လောရိုက်သွားကာ ထိုက်ကွေ့ဖေးအား သူမ၏ နန်းဆောင်သို့ အမြန် ပြန်လည် ပို့ဆောင်ပေးခဲ့ရသည်။
ဤကဲ့သို့သော ကိစ္စကြီးကို ဧကရာဇ်အား ဖုံးကွယ်ထား၍ မရပေ။ မယ်တော်ကြီးက မပြောလိုသော်လည်း တော်ဝင်ရင်သွေးနှင့် ပတ်သက်နေသဖြင့်၊ နောက်ဆုံးတွင် မြို့ပြင်ရှိ ‘ယန်ချင်းဘုရားကျောင်း’ သို့ သတင်းပို့ရန် လူလွှတ်လိုက်ရတော့သည်။ သို့သော် အချိန်အနည်းငယ် နှောင့်နှေးသွားခဲ့သလို၊ ဆောင်းရာသီတွင် နေဝင်စောသဖြင့် သတင်းပို့သူ ဘုရားကျောင်းသို့ ရောက်ရှိချိန်တွင် မိုးမှာ လုံးဝ မှောင်နေပြီ ဖြစ်သည်။
…..
နင်ချန်သည် ယနေ့ ယဲ့ယွင်နှင့်အတူ ညစာစားနေစဉ်၊ စတုတ္ထမင်းသား၏ မုန့်ထဲတွင် အဆိပ်ခတ်ခံရကြောင်း ကြားလိုက်ရသည်နှင့် ဒေါသတကြီးဖြင့် လက်ထဲမှ တူကို လွှင့်ပစ်လိုက်တော့သည်။ သို့သော် ယဲ့ယွင်က သူ့ထက် ပို၍ပင် လျင်မြန်လှသည်။ သူမသည် သတင်းလာပို့သော မိန်းမစိုးရှေ့သို့ ချက်ချင်း ပြေးသွားကာ -
"စတုတ္ထမင်းသား ဘယ်လိုနေသေးလဲ။ သူ ဘာဖြစ်သွားလဲ၊ မြန်မြန်ပြောစမ်း!"
"မယ်မယ်... မင်းသားလေး ဘာမှမဖြစ်ပါဘူး။ အဲဒီမုန့်ကို မင်းသားလေး မစားဘဲ ဟွေ့ကျောင်းယွမ်က စားမိသွားတာပါ" မိန်းမစိုးလေးမှာ ယဲ့ယွင်၏ အေးစက်စူးရှသော အကြည့်ကြောင့် အသံများပင် တုန်ယင်နေရှာသည်။
ယဲ့ယွင် သက်ပြင်းတစ်ချက် ချနိုင်သွားသော်လည်း ချက်ချင်းပင် ထပ်မံ မေးမြန်းသည်ရ။
"ဒါဆို ဟွေ့ကျောင်းယွမ်ကကော ဘယ်လိုနေလဲ။ ဒုတိယမင်းသမီးလေးကော ဘေးကင်းရဲ့လား။”
"မယ်မယ် စိတ်ချပါ။ အားလုံး အဆင်ပြေပါတယ်။ ဟွေ့ကျောင်းယွမ်ကိုလည်း အချိန်မီ ကယ်နိုင်ခဲ့သလို၊ ဒုတိယမင်းသမီးလေးကတော့ လန့်သွားရုံကလွဲလို့ ဘာမှမဖြစ်ပါဘူး"
ထိုစကားကြားမှ ယဲ့ယွင်၏ စိတ်ထဲတွင် လုံးဝ အေးသွားရကာ၊ ကိုယ်မှာ အနည်းငယ် ယိမ်းထိုးသွားခဲ့သည်။ နင်ချန်က သူမအား အမြန် ဖမ်းထိန်းလိုက်ရင်း - "မကြောက်နဲ့တော့၊ ကလေး ဘာမှမဖြစ်ရင် ပြီးတာပဲ။ မင်း ဘုရားကျောင်းမှာပဲ စိတ်အေးအေးနဲ့ နေခဲ့ပါ။ ကျန်း အခုချက်ချင်း နန်းတော်ပြန်ပြီး ကျင့်အာကို သွားကြည့်လိုက်မယ်"
"မရဘူး... ချန်းချဲ့လည်း အရှင်မင်းကြီးနဲ့အတူ လိုက်ခဲ့မယ်။ ချန်းချဲ့ စိတ်မအေးနိုင်ဘူး၊ ကျင့်အာ အဆင်ပြေတာကို ချန်းချဲ့ မျက်စိနဲ့ အသေအချာ မြင်မှ ဖြစ်မယ်"
ယဲ့ယွင်က ပြတ်သားသော အကြည့်ဖြင့် ခေါင်းခါလိုက်သည်။
နင်ချန်သည် သူမ၏ ဇွဲကို သိသဖြင့် ယွမ်ကျိုအား မြင်းရထား ပြင်ခိုင်းလိုက်သည်။ သို့သော် ယဲ့ယွင်က ထပ်မံ ငြင်းဆန်သည်။
"ဆောင်းတွင်း လမ်းချော်တော့ မြင်းရထားက မြန်မှာမဟုတ်ဘူး။ ချန်းချဲ့ မြင်းစီးပြီး ပြန်မယ်"
"ဒါပေမဲ့ မယ်မယ်... အပြင်မှာ မှောင်နေတဲ့အပြင် အခုချိန်ကအရမ်းလည်း အေးနေတာ မယ်မယ် မြင်းမစီးတာ ကြာပြီဆိုတော့ ချော်လဲသွားရင် ဘယ်လိုလုပ်မလဲ!"
နန်ကျစ်က စိုးရိမ်တကြီး တားဆီးရှာသည်။
"ဒါတွေက အသေးအမွှားတွေပါ။ ငါ ကျင့်အာအတွက် စိုးရိမ်တယ်။ မြန်မြန်ပြေးနိုင်တဲ့ မြင်းတစ်ကောင်ပဲ ပြင်
ပေးလိုက်။”
ယဲ့ယွင်က မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။
"သူ့အတွက် မြင်းပြင်ပေးစရာ မလိုဘူး" နင်ချန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
ယဲ့ယွင်က နားမလည်သလို ကြည့်လိုက်ရာ နင်ချန်က ဆက်ပြောသည်။
"ကျန်းနဲ့ မြင်းတစ်ကောင်တည်း အတူစီးပြီး ပြန်မယ်။ မင်း မြင်းစီးတာ လက်ရည်ပျက်နေပြီပဲ၊ ချော်လဲရင် ကျန်း ဘယ်လိုလုပ်ရမလဲ။ ကျန်း မင်းကို ခေါ်သွားပေးမယ်"
ပြောပြီးသည်နှင့် သူသည် ယဲ့ယွင်၏ လက်ကို မြဲမြဲဆုပ်ကိုင်ကာ အားပေးသည့်အနေဖြင့် ဖျစ်ညှစ်လိုက်သည်။ ထိုတည်ငြိမ်သော မျက်ဝန်းများကို ကြည့်ကာ ယဲ့ယွင်လည်း စိတ်အနည်းငယ် ငြိမ်သက်သွားပြီး ခေါင်းညိတ်လိုက်တော့သည်။
နန်ကျစ်က မြေခွေးသားမွေး ဝတ်ရုံနှစ်ထည်ကို အမြန်ယူလာပေးကာ ဝတ်ဆင်ပေးလိုက်သည်။ နင်ချန်သည် ယဲ့ယွင်ကို မြင်းပေါ်သို့ မချီ တင်ပေးလိုက်ပြီးနောက်၊ တော်ဝင်စစ်တပ်၏ ခြံရံမှုဖြင့် မှောင်မည်းနေသော တောင်လမ်းအတိုင်း နန်းတော်သို့ အရှိန်ဖြင့် ပြေးထွက်သွားကြတော့သည်။
….
သူတို့ ပြန်လာနေသည့် အတောအတွင်း၊ နန်းတွင်း၌ ဖုမာမားသည် လျန်ရှင်းမှာ နှိပ်စက်ခံရလျှင်ပင် ဝန်မခံကြောင်း ကြားသိရသဖြင့် ရှင့်ရှင်းစီ(ပြစ်ဒဏ်စီရင်ရေးဌာန)သို့ ကိုယ်တိုင် သွားရောက်ခဲ့သည်။ သို့သော် သူမ ရောက်သွားပြီး မကြာမီမှာပင် လျန်ရှင်းသည် ရူးသွပ်သကဲ့သို့ သူမ၏ကိုယ်ပိုင် လည်ပင်းကို အတင်း ပြန်ညှစ်တော့သည်။ ဖုမာမားက သူမ၏လက်ကို ဖြည်ရန် ကြိုးစားသော်လည်း၊ လျန်ရှင်းက အတင်းတွန်းထုတ်ကာ ဖုမာမား၏လက်ကိုပါ ကုတ်ခြစ် ဒဏ်ရာရစေခဲ့သည်။
ဖုမာမား သတိပြန်ဝင်လာပြီး အနားသို့ တိုးကြည့်လိုက်ချိန်တွင်၊ လျန်ရှင်းမှာ မိမိကိုယ်ကိုယ် သတ်သေကာ အသက်ထွက်သွားခဲ့ပြီ ဖြစ်သည်။ အစောင့်များ အထဲဝင်လာချိန်တွင်၊ ဖုမာမားမှာ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့်၊ လက်တွင်လည်း ဒဏ်ရာများနှင့်အတူ လျန်ရှင်း၏ အလောင်းဘေးတွင် လဲကျနေသည်ကိုသာ တွေ့လိုက်ရတော့လေသည်။
***