← Chapters

အခန်း (၃၇၁-၃၇၂)

Vol. 24 Ch. 371-372

အခန်း (၃၇၁-၃၇၂)

Vol. 24 Ch. 371-372

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-371

အခန်း ၃၇၁ ။ ဆေးကြော၍မရနိုင်သော အပြစ်

"လူတွေ လာကြပါဦးဟေ့၊ မကောင်းတော့ဘူး! တစ်ယောက်ယောက်က တရားခံကို သတ်လိုက်ပြီ!"

နောက်ဆုံးတွင် ရပ်နေသော မိန်းမစိုးလေးက ရုတ်တရက် အော်ဟစ်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။ သူသည် အလွန်အမင်း ထိတ်လန့်သွားသည့် ပုံစံမျိုးပင်။

ဖုမာမားမှာ ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်ရာ ထိုအော်သံကြားမှ သတိပြန်ဝင်လာသည်။ သူမသည် ယိမ်းထိုးလျက် ထရပ်ကာ

"မြန်မြန်... သူ့ကို တားကြစမ်း။ လျှောက်မပြောမိစေနဲ့၊ အမြန်သွား!"

တာဝန်ခံ မိန်းမစိုးကြီးသည် မြေပြင်ပေါ်တွင် အသက်မရှိတော့သော လျန်ရှင်းကို ကြည့်ရင်း၊ အရှင်မင်းကြီး သတင်းရသည်နှင့် နန်းတော်သို့ မလွဲမသွေ ပြန်လာတော့မည်ကို တွေးမိကာ ဖုမာမား၏ အမိန့်ကို မနာခံဝံ့တော့ပေ။ အကယ်၍သာ ဖုမာမားက အဆိပ်ခတ်သူကို အမှန်တကယ် သတ်ပစ်လိုက်ခြင်း ဖြစ်ပါက၊ ယင်း၏ နောက်ကွယ်တွင် အခြားသော လျှို့ဝှက်ချက်များ ရှိနေပေလိမ့်မည်။ အရှင်မင်းကြီး စစ်ဆေးမေးမြန်းလာပါက မည်သူမျှ တာဝန်ယူနိုင်မည် မဟုတ်ပေ။

"မားမား... ကျွန်တော်မျိုးတို့ တောင်းပန်ပါတယ်။" တာဝန်ခံ မိန်းမစိုးက သူ၏သားမြီးယပ်ကို ဝှေ့ယမ်းလိုက်ကာ အမိန့်ပေးလိုက်သည်။

"ဖုမာမားကို ဘေးခန်းမှာ သွားပြီး သေသေချာချာ စောင့်ကြပ်ထားလိုက်ကြစမ်း။ ဘာမှ မဖြစ်စေနဲ့"

"မင်း ရဲတင်းလှချည်လား!" ဖုမာမားက နောက်သို့ ဆုတ်ကာ - "ငါက ချီနင်နန်းဆောင်ရဲ့ တာဝန်ခံ၊ မယ်တော်ကြီးရဲ့ အနီးကပ်အစေခံပဲ ဘယ်သူ ငါ့ကို ထိရဲလဲ!"

"မားမားက မယ်တော်ကြီးနဲ့ သံယောဇဉ် ထူးခြားနေလို့သာ၊ ကျွန်တော်မျိုးတို့က ပိုပြီး သတိထားရမှာပေါ့။ တော်ဝင်ရင်သွေးနဲ့ ပတ်သက်နေတာမို့၊ မားမားအနေနဲ့ စိတ်လိုက်မာန်ပါ လုပ်မိပြီးမယ်တော်ကြီးကိုပါ အရှက်မကွဲစေပါနဲ့!"

တာဝန်ခံက ပြတ်သားစွာ ဆိုလိုက်သည်။

မိန်းမစိုးလေး အချို့မှာ ဝိုင်းအုံလာကာ ဖုမာမား၏ လက်များကို တုပ်နှောင်၍ အပြင်သို့ ခေါ်ဆောင်သွားကြတော့သည်။

ထိုအချိန်တွင် အပြင်သို့ အော်ဟစ်ပြေးထွက်သွားသော မိန်းမစိုးလေးမှာ အဖမ်းခံရပြီး ပါးရိုက်ခံရသော်လည်း၊ သူ၏ အော်သံကြောင့် သတင်းမှာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ နန်းတွင်းရှိ မျက်လုံးအားလုံးမှာ ရှင့်ရှင်းစီဆီသို့ ရောက်နေကြရာ၊ ခဏအတွင်းမှာပင် ‘ဖုမာမားက အဆိပ်ခတ်သူကို သတ်လိုက်ပြီ’ ဟူသော သတင်းကို လူတိုင်း သိသွားကြတော့သည်။ မည်သို့ကြည့်ကြည့် ၎င်းမှာ သက်သေ ဖျောက်ဖျက်ခြင်းနှင့် တူလှပေသည်။

မယ်တော်ကြီး သတင်းကြားရသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ သူမ အရင်ဆုံး တွေးမိသည်မှာလည်း ‘ဖုမာမားက သက်သေဖျောက်လိုက်တာလား’ ဆိုသည်ပင်။ သို့သော် လျန်ရှင်းကို ဘာလို့ သတ်ရမှာလဲ။ သူမက အဓိက သက်သေ မဟုတ်လား။ လျန်ရှင်း သေသွားလျှင် သူမ (မယ်တော်ကြီး) မှာ ပို၍ အပြစ်မကင်း ဖြစ်သွားပေလိမ့်မည်။ အကြောင်းကတော့ ဖုမာမားမှာ သူမ၏ လူယုံဖြစ်သဖြင့်၊ ဖုမာမား၏ လုပ်ရပ်မှန်သမျှကို မယ်တော်ကြီး၏ အမိန့်ဟုသာ အပြင်လူက ယူဆကြပေလိမ့်မည်။

"မယ်တော်ကြီး... ဒါ ဘယ်လိုလုပ်ရမလဲ။ အရှင်မင်းကြီးက အခုချက်ချင်း ပြန်လာတော့မှာ။ ဖုမာမားရဲ့ လုပ်ရပ်က ကျွန်တော်မျိုးတို့ ချီနင်နန်းဆောင်ကို မီးပုံထဲ တွန်းပို့လိုက်တာပဲ။ အရှင်မင်းကြီးက အထင်လွဲသွားရင်တော့ ခက်ပြီ!"

တာဝန်ခံ မိန်းမစိုး ကျီအန်း၏ မျက်နှာမှာ ညိုးနွမ်းနေတော့သည်။ သူ စိုးရိမ်သကဲ့သို့ပင် မယ်တော်ကြီးလည်း စိုးရိမ်နေခဲ့သည်။

နန်းပြင်ရှိ ယင်းကော်ကုန်းမှာလည်း ‘အရှင်မင်းကြီး စောင့်ကြည့်နေသဖြင့် သတိထားရန်’ သတင်း ရောက်ထားရာ၊ ယခုကဲ့သို့ အရေးကြီးချိန်တွင် ပြဿနာတက်ခြင်းမှာ ပို၍ ဆိုးလှပေသည်။

"ငါ့ကို ရှင့်ရှင်းစီဆီ တွဲခေါ်သွားစမ်း။" မယ်တော်ကြီးသည် မျက်မှောင်ကြုတ်ကာ ထရပ်လိုက်သည်။

ကျီအန်းက အသည်းအသန် တားသည်။

"မဖြစ်ပါဘူး မယ်တော်ကြီး။ အဲဒီလို ညစ်ပတ်တဲ့နေရာမျိုးက မယ်တော်ကြီးရဲ့ ခြေလှမ်းတွေကို ညစ်နွမ်းစေပါလိမ့်မယ်။ ကျွန်တော်မျိုးပဲ မယ်တော်ကြီးကိုယ်စား သွားပါ့မယ်"

"မရဘူး... ငါကိုယ်တိုင် သွားရမယ်။ ဖုကျိ ဘာတွေ ဖြစ်နေတာလဲဆိုတာ ငါ ကိုယ်တိုင် မေးရမယ်။" မယ်တော်ကြီးက ဇွတ် အတင်းပင်။

နန်းတွင်းသို့ ရောက်သောအခါ၊ မယ်တော်ကြီးသည် မမျှော်လင့်ဘဲ အစေခံများ၏ တီးတိုး စကားသံများကို ကြားလိုက်ရသည်။ ၎င်းမှာ - ‘ဖုမာမားသည် မယ်တော်ကြီး၏ အမိန့်ဖြင့် လျန်ရှင်းကို သတ်ကာ စတုတ္ထမင်းသားကို လုပ်ကြံလိုသည့် အကြံကို ဖုံးကွယ်လိုက်ခြင်းဖြစ်သည်’ ဟူသော ခန့်မှန်းချက်များပင်။

ထိုစကားများက မယ်တော်ကြီးအား ဒေါသထွက်စေသဖြင့်၊ သူမသည် ထိုနန်းတွင်းသူများကို ချက်ချင်းပင် ရိုက်နှက် အပြစ်ပေးခိုင်းလိုက်တော့သည်။

ရှင့်ရှင်းစီသို့ ရောက်သောအခါ မယ်တော်ကြီးသည် ဖုမာမားကို အောင်မြင်စွာ တွေ့ခွင့်ရခဲ့သည်။ မည်သူမျှ မတားဝံ့ကြပေ။

"ဒါ ဘယ်လိုဖြစ်ရတာလဲ။ အကောင်းကြီးက ဘာလို့ သေသွားရတာလဲ!" မယ်တော်ကြီး၏ လေသံမှာ ဒေါသများ ပြည့်နှက်နေသည်။

ဖုမာမားသည် အမြန်ပင် ဒူးထောက်ကာအမှန်တိုင်းဝန်ခံတော့သည်။

"မယ်တော်ကြီး... ကျွန်တော်မျိုးမလည်း မသိပါဘူး။ လျန်ရှင်းက ကျွန်တော်မျိုးမနဲ့ စကားပြောနေရင်း ရုတ်တရက် ရူးသလို ဖြစ်လာပြီး၊ သူမဘာသာ သူမ လည်ပင်းကို အတင်း ညှစ်ထားတာ မလွှတ်တော့ဘဲ သေသွားတာပါ"

"အဓိပ္ပာယ်မရှိလိုက်တာ!" မယ်တော်ကြီးက စားပွဲကို ရိုက်ကာ - "ကိုယ့်လည်ပင်းကိုယ် ညှစ်သတ်နိုင်တဲ့လူ ဘယ်မှာ ရှိလို့လဲ။ မင်း အခုထိ အမှန်အတိုင်း မပြောသေးဘူးလား!"

"မယ်တော်ကြီး... ဒါ အမှန်တရားပါ။ ကျွန်တော်မျိုးမ မယ်တော်ကြီးအပါးမှာ ဆယ်နှစ်ကျော်ကတည်းက ခစားလာခဲ့တာပါ။ ဒီတစ်သက်လုံး သံယောဇဉ်ကို ငဲ့ပြီး၊ မယ်တော်ကြီးက ကျွန်တော်မျိုးမကို မယုံဘူးလား”

ဖုမာမားသည် မယ်တော်ကြီးကို ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး၊ ရင်ထဲတွင်လည်း အေးစက်မှုကို ခံစားလိုက်ရသည်။ ထိုအကြည့်ကို မြင်သောအခါ မယ်တော်ကြီးလည်း စိတ်အနည်းငယ် ပျော့သွားကာ လေသံကို နှိမ့်လိုက်သည်။

"ငါက မင်းကို သံသယရှိလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိစ္စက ရုတ်တရက် ဖြစ်သွားတော့ ငါလည်း စိတ်ပူသွားတာ။ လျန်ရှင်း သေသွားတော့ သဲလွန်စ ပြတ်သွားပြီ။ အခု နန်းတွင်းတစ်ခုလုံးက ငါ အပြစ်ရှိလို့ မင်းကို သတ်ခိုင်းတယ်လို့ ပြောနေကြပြီ။ အရှင်မင်းကြီးကလည်း နန်းတော်ကို ချက်ချင်း ပြန်လာတော့မှာ။ ငါ ဘယ်လို ရှင်းပြရတော့မလဲ!"

အမှန်တကယ်တွင် ချီနင်နန်းဆောင်၏ မီးဖိုချောင်တွင် လူအနည်းငယ်သာ ရှိသလို၊ မုန့်နွှေသည့် ကိစ္စမှာ သာမန် ဖြစ်သဖြင့် လျန်ရှင်း တစ်ဦးတည်းကိုသာ ခိုင်းခဲ့ခြင်း ဖြစ်သည်။ ယခု သူမ သေသွားပြီ ဖြစ်ရာ အမှန်တရားကို ရှာရန် မလွယ်တော့ပေ။

ဖုမာမားသည် တစ်ကိုယ်လုံး ပျော့ခွေသွားကာစိတ်ပိုင်းဖြတ်လိုက်ပြီးပြောလိုက်သည်။

"မယ်တော်ကြီး... ဒီလူက တကယ့်ကို အကွက်စေ့လွန်းပါတယ်။ အခု မယ်တော်ကြီးကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိပါတော့တယ်"

"ဘာနည်းလမ်းလဲ" မယ်တော်ကြီး မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်တော်မျိုးမ တစ်ယောက်တည်းပဲ အပြစ်အားလုံးကို ယူပါ့မယ်။ မယ်တော်ကြီးက ကျွန်တော်မျိုးမကိုပဲ အပြစ်ပုံချလိုက်ပါတော့။" ဖုမာမား၏ နှုတ်ခမ်းများ ဖြူလျော်နေတော့သည်။ သူမသည် သေရန် ဆုံးဖြတ်ပြီးသား ဖြစ်ပုံရသည်။

သို့သော် မယ်တော်ကြီးက သဘောမတူပေ - "ဒါဆိုရင် ဧကရာဇ်က ယုံမှာ မဟုတ်ဘူး။ မင်းကို အလကားနေရင်း အသက်စတေးခိုင်းသလို ဖြစ်သွားမှာပေါ့။ ငါ သဘောမတူဘူး"

"ဒါပေမဲ့ မယ်တော်ကြီး... အခု တခြားနည်းလမ်း မရှိတော့ဘူးလေ။ လျန်ရှင်း သေတဲ့အချိန်မှာ ကျွန်တော်မျိုးမ တစ်ယောက်တည်း ရှိနေတာကို ဘယ်သူက ကိုယ့်ကိုယ်ကိုယ် ညှစ်သတ်တယ်လို့ ယုံမှာလဲ။ ကျွန်တော်မျိုးမက အပြစ်ကို မယူဘဲ ဒီအတိုင်း ထားရင်၊ နောက်ကွယ်က လူက ရပ်မှာ မဟုတ်ဘူး။ မယ်တော်ကြီးကိုပါ ထိခိုက်လာပြီး အရှင်မင်းကြီးနဲ့ မယ်တော်ကြီးရဲ့ သားအမိ သံယောဇဉ်ပါ ပျက်စီးကုန်လိမ့်မယ်။ အဲဒီအချိန်ကျရင် မင်ကျောင်းယွမ် နဲ့ ယဲ့မိသားစုကပါ အရေးဆိုလာရင် ဘယ်လိုလုပ်မလဲ”

မယ်တော်ကြီး တွန့်ဆုတ်နေစဉ်မှာပင်၊ အရှင်မင်းကြီးနှင့် မင်ကျောင်းယွမ်တို့ မြင်းစီး၍ ပြန်လာကြပြီး နန်းတော်တံခါးဝသို့ ရောက်နေပြီဖြစ်ကြောင်း သတင်းဝင်လာခဲ့သည်။ ဖုမာမားသည် အသက်ကို ပြင်းပြင်းရှူကာ အပြင်ဘက်သို့ အော်ဟစ်လိုက်တော့သည်။

"ကျွန်တော်မျိုးမကပဲ မယ်တော်ကြီးရဲ့ စိတ်ညစ်မှုကို ဖြေဖျောက်ပေးချင်လို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်မိတာပါ။ အခုတော့ မယ်တော်ကြီးကို စိတ်ထိခိုက်အောင် လုပ်မိပါပြီ။ ကျွန်တော်မျိုးမက အပြစ်ကြီးလွန်းလို့ ဒီလောကမှာ ဆက်နေဖို့ မျက်နှာမရှိတော့ပါဘူး!”

ပြောပြီးသည်နှင့် သူမသည် ရုတ်တရက် ထလိုက်ကာ စားပွဲထောင့်သို့ ဦးခေါင်းဖြင့် အားကုန် ဆောင့်လိုက်တော့သည်။ ‘ဒုန်း’ ကနဲ အသံနှင့်အတူ သူမ၏ ဦးခေါင်းမှ သွေးများ ပန်းထွက်လာကာ လဲကျသွားခဲ့သည်။ မယ်တော်ကြီးမှာ ကြောင်အမ်းအမ်းနှင့် ရပ်နေမိပြီး ဘာလုပ်ရမှန်း မသိတော့ပေ။

ထိုအခါမှ ကျီအန်းက သတိဝင်လာကာ အပြင်သို့ အော်ဟစ်လိုက်သည်။

"ဒီမိန်းမယုတ်! မင်း ဒီလို သေသွားတာက သက်သာလွန်းသေးတယ်။ မယ်တော်ကြီးက မင်းကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့တာကို၊ မင်းက ဒီလို ယုတ်မာတဲ့ စိတ်ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မယ်တော်ကြီးကို တကယ် စိတ်မကောင်း ဖြစ်အောင် လုပ်သွားတာပဲ!"

ဤသို့ဖြင့် အပြင်လူများမှာ သတင်းအသစ် တစ်ခုကို ရရှိလိုက်ကြပြန်သည်။ ၎င်းမှာ - ‘ဖုမာမားသည် မယ်တော်ကြီးအား မပြောဘဲ စတုတ္ထမင်းသားအား အဆိပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး၊ မယ်တော်ကြီးမှာ တရားမျှတသူပီပီ ဖုမာမားအား သေဒဏ်ဖြင့် အပြစ်ပေးလိုက်ခြင်း ဖြစ်သည်’ ဟူသော ဗားရှင်းပင် ဖြစ်တော့သည်။

…..

နင်ချန်နှင့် ယဲ့ယွင် ရောက်လာချိန်တွင် ကြားလိုက်ရသည်မှာလည်း ထိုသတင်းပင်။ သို့သော် သူတို့နှစ်ဦးမှာ အခြားအရာများကို ဂရုမစိုက်နိုင်သေးဘဲ ကလေးအား အရင်ဆုံး သွားကြည့်ကြသည်။

ညဥ့်နက်ချိန်တွင် စတုတ္ထမင်းသားလေးမှာ အိပ်ပျော်နေပြီ ဖြစ်သော်လည်း၊ အိပ်မက်ထဲတွင် မျက်မှောင်ကြုတ်နေသဖြင့် အိပ်မက်ဆိုး မက်နေဟန် တူလှပေသည်။

"ကျောင်းယွမ် စိတ်ချပါ။ မင်းသားလေးက အိပ်ခါနီးမှာ သမားတော်ရှန်ရဲ့ စိတ်ငြိမ်ဆေးကို သောက်ထားလို့ အိပ်မက်ဆိုး မက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နေ့ခင်းက လန့်ထားတာဆိုတော့ ခဏတော့ စောင့်ကြည့်ရဦးမှာပါ" ဟွေယွဲ့က ဆိုသည်။

ယဲ့ယွင်က ခေါင်းညိတ်ကာ ကလေး၏ နဖူးကို အသာအယာ နမ်းလိုက်သည်။ ကလေး၏ ကိုယ်ငွေ့ကို ခံစားလိုက်ရမှသာ သူမ၏ ရင်ထဲတွင် အမှန်တကယ် စိတ်အေးသွားရတော့သည်။ စတုတ္ထမင်းသားလေးမှာ ဟွေ့ကျောင်းယွမ်၏ နန်းဆောင်တွင် အိပ်ပျော်နေသဖြင့် ညဘက်တွင် ပြန်မရွှေ့တော့ဘဲ၊ ယဲ့ယွင်နှင့် နင်ချန်တို့သည် ထိုနေရာမှ ထွက်လာခဲ့ကြသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင်၊ ထိုအချိန်တွင် မယ်တော်ကြီး၏ လူများက သူတို့အား လာရောက် ခေါ်ဆောင်သွားကြလေတော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-372

အခန်း ၃၇၂ ။ အကျယ်ချုပ်

မယ်တော်ကြီးသည် ယခုအချိန်အထိ မအိပ်သေးဘဲ သူတို့နှစ်ဦးကို စောင့်နေခြင်းဖြစ်ကြောင်း သိသာလှပေသည်။

ယဲ့ယွင်သည် ရင်ထဲ၌ ဒေါသများကို အတင်းဖိသိပ်ထားရသဖြင့် မျက်နှာထားမှာ အလွန်ပင် ညိုမှောင်နေတော့သည်။ သို့သော် မယ်တော်ကြီးမှာ အကြီးအကဲတစ်ဦး ဖြစ်နေသဖြင့် စိတ်လိုက်မာန်ပါ မလုပ်ဝံ့ဘဲ နင်ချန်နှင့်အတူ လိုက်ပါသွားခဲ့ရသည်။

ဖုမာမား သေဆုံးသွားခြင်းက မယ်တော်ကြီးအား အတော်လေး တုန်လှုပ်သွားစေဟန် တူသည်။ သူမ၏ မျက်နှာတွင် ပင်ပန်းနွမ်းလျမှုများ ပြည့်နှက်နေကာ၊ သူတို့ ရောက်လာသောအခါ ဂါရဝပြုရန်ပင် မစောင့်တော့ဘဲ ထိုင်ခိုင်းလိုက်တော့သည်။

"ဒီတစ်ခေါက် ကိစ္စမှာ ဖုကျိက အကုန်ဝန်ခံသွားပါပြီ။ အိုက်ကျား ဆုံးမမှုမတတ်လို့ သူမက ဒီလို အမှားမျိုး လုပ်ခဲ့တာပါ။ ကံကောင်းလို့ စတုတ္ထမင်းသားကို တကယ် မထိခိုက်ခဲ့တာ။ ဖုကျိလည်း သူမရဲ့ အပြစ်အတွက် သေဒဏ်နဲ့ အစားထိုးသွားပါပြီ"

လက်ရှိ သက်သေအထောက်အထား အားလုံးမှာ မယ်တော်ကြီးကိုသာ ညွှန်ပြနေခြင်း ဖြစ်သည်။ အကယ်၍ သူမကသာ ယခုအချိန်တွင် ငြင်းဆန်ကာ အသနားခံနေပါက နင်ချန်အား ပို၍ ဒေါသထွက်စေမည့်အပြင်၊ ဖုမာမားကိုလည်း အလကား သေစေရာ ရောက်ပေလိမ့်မည်။ ထို့အပြင် ဖုမာမား ပြောခဲ့သကဲ့သို့ နောက်ကွယ်မှ လူသည် အခြားသော အကွက်များ ရှိနေနိုင်သေးသည်။ ဤနေရာတွင်သာ အဆုံးမသတ်ဘဲ ဆက်လက် စုံစမ်းနေပါက၊ ခိုင်လုံသော သက်သေများ ထွက်ပေါ်လာလျှင် မယ်တော်ကြီးမှာ လုံးဝ ပြိုလဲသွားပေလိမ့်မည်။

ယခုမူ ဧကရာဇ်က သံသယရှိလျှင်ပင် ‘မိဘအပေါ် သားသမီးဝတ်ကျေပွန်မှု’ ဟူသော ဂုဏ်ပုဒ်အောက်တွင် မိခင်ရင်းအား အဆုံးထိ စုံစမ်းရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် မယ်တော်ကြီးက ၎င်းမှာ ဖုမာမား၏ အပြစ်သာ ဖြစ်သည်ဟု အပြင်ပန်းတွင် အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။

နင်ချန်၏ မျက်ဝန်းများ မှောင်ကျသွားကာ၊ ကျောနောက်တွင် ထားသော လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးမှ ပြန်လွှတ်လိုက်သည်။

"မယ်တော်ကြီး ဒီရက်ပိုင်း ဖျားနေတော့ ပေါ့ဆမှုတွေ ရှိနိုင်ပါတယ်။ ဖုမာမားက ချီနင်နန်းဆောင်ရဲ့ အမှုကိစ္စတွေကို နှစ်ပေါင်းများစွာ စီမံလာခဲ့သူဆိုတော့၊ အစေခံက သခင်ကို ကျော်ပြီး လုပ်တာမျိုးလည်း ရှိတတ်တာပါပဲ"

ကိစ္စက ထိုမျှအထိ ဖြစ်လာခဲ့ပြီဖြစ်ရာ ဖုမာမားကလည်း အပြစ်ဝန်ခံကာ သေဆုံးသွားပြီဖြစ်သောကြောင့်နင်ချန်အနေနှင့် မယ်တော်ကြီးကို ဖမ်းဆီး စစ်ဆေးရန် မဖြစ်နိုင်ပေ။

"ချန်းချဲ့ကတော့ နန်းတွင်း အေးချမ်းဖို့အတွက် နန်းပြင်ထွက်ပြီး ဆုတောင်းပေးခဲ့တာပါ။ ဒါပေမဲ့ ကိုယ့်သားတော်လေးကတော့ နန်းတော်ထဲမှာတင် လုပ်ကြံခံရတော့မလို့ ဖြစ်ခဲ့ရတယ်။ ကံကောင်းလို့ မယ်တော်ကြီးက ထက်မြက်လွန်းလို့ တရားခံကို အချိန်မီ ဖော်ထုတ်နိုင်ခဲ့တာပေါ့” ယဲ့ယွင်က အေးစက်စွာ ဆိုလိုက်သည်။

သူမ တကယ်ပင် ဒေါသထွက်နေမိသည်။ မိမိ၏ကလေး အသက်အန္တရာယ် ကြုံခဲ့ရသည်ကို မည်သည့်မိခင်က တည်ငြိမ်နိုင်ပါမည်နည်း။ မယ်တော်ကြီးမှာ ယခင်ကတည်းက မိုက်မဲသော ကိစ္စများစွာ လုပ်ခဲ့သလို၊ ယဲ့ယွင်နှင့် စတုတ္ထမင်းသားအပေါ် မလိုလားမှုကိုလည်း ဗြောင်ကျကျ ပြသခဲ့သူ ဖြစ်ရာ၊ ယခု သူမ၏ စကားများမှာ ယဲ့ယွင်နှင့် နင်ချန်တို့အတွက် လုံးဝ ယုံကြည်စရာ မရှိပေ။

မယ်တော်ကြီးသည် တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း၊ နင်ချန်၏ စိမ်းသက်လှသော အကြည့်နှင့် ဆုံလိုက်ရသဖြင့် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူမ ဘာမှ မပြောဖြစ်တော့ပေ။

နင်ချန်သည် ထိုနေရာတွင် ဆက်မနေလိုတော့သဖြင့် မယ်တော်ကြီးအား စောစောနားရန် မှာကြားပြီးနောက်၊ ယဲ့ယွင်ကို ခေါ်ကာ ချီနင်နန်းဆောင်မှ ထွက်လာခဲ့သည်။

……..

၁၂လပိုင်း၏ ညဥ့်လေမှာ အလွန်ပင် အေးစက်လှသော်လည်း၊ ရင်ထဲမှ အေးစက်မှုကိုတော့ မမီနိုင်ပေ။ နင်ချန်သည် မယ်တော်ကြီးက ချန်မိသားစု အာဏာအတွက် မိမိ၏ မြေးအရင်းကိုပင် လက်ပါလိမ့်မည်ဟု မယုံကြည်ချင်သော်လည်း၊ လက်ရှိ သက်သေအားလုံးက သူမကိုသာ ညွှန်ပြနေတော့သည်။

နှစ်ဦးသား စကားတစ်ခွန်းမှ မဆိုဘဲ အနီးရှိ ကျောက်ချွန်းဆောင်သို့ သွားရောက် အနားယူခဲ့ကြသည်။

တစ်လမ်းလုံးတွင် ယဲ့ယွင်၏ စိတ်ထဲ၌ သံသယများ ရှိနေဆဲပင်။ ခုနက မယ်တော်ကြီးအား ထိုသို့ ပြောခဲ့ခြင်းမှာ ခဏတာ ဒေါသကြောင့်လည်း ပါဝင်သည်။ သူမ သံယယရှိသည်မှာ မယ်တော်ကြီးက မြေးအရင်းကို မသတ်ဝံ့ဘူးဟု ထင်နေခြင်းကြောင့် မဟုတ်ဘဲ၊ တစ်စုံတစ်ယောက်က မယ်တော်ကြီးအား နောက်ကွယ်မှ မြှူဆွယ်သွေးထိုးနေခြင်း ရှိမရှိကို စိုးရိမ်နေခြင်း ဖြစ်သည်။

အကယ်၍သာ ထိုသို့ရှိခဲ့လျှင် ထိုနောက်ကွယ်မှ လူမှာ ပို၍ပင် အန္တရာယ်ကြီးလှပေသည်။ ထို့ကြောင့် ယဲ့ယွင်သည် နောက်တစ်နေ့တွင် လျှို့ဝှက် စုံစမ်းရန် ဆုံးဖြတ်လိုက်တော့သည်။

သို့သော် စုံစမ်းရန်မှာ မလွယ်ကူပေ။ အကြောင်းကတော့ ယဲ့ယွင်သည် နန်းပြင်သို့ ရက်ပေါင်းများစွာ ထွက်နေခဲ့သဖြင့်၊ ချန်ထားခဲ့သော လူများမှာလည်း စတုတ္ထမင်းသား ဘေးကင်းရေးကိုသာ အာရုံစိုက်နေကြရပြီး အခြားကိစ္စများကို မသိရှိကြသောကြောင့် ဖြစ်သည်။ အရာအားလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေတော့သည်။

သို့သော် ဤကိစ္စကို ဆက်လက် စုံစမ်းနေသူမှာ သူမ တစ်ဦးတည်း မဟုတ်ပေ။ နင်ချန်သည်လည်း လူလွှတ်၍ စုံစမ်းနေခဲ့သည်။ သူ၏ မိခင်က မိမိ၏ သွေးသားကို လုပ်ကြံလိမ့်မည် မဟုတ်ဟု နောက်ဆုံး မျှော်လင့်ချက်လေး ထားချင်နေသေးသောကြောင့် ဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင် ယဲ့ယွင်သည် စတုတ္ထမင်းသားအား ပြန်လည် ခေါ်ဆောင်လာခဲ့ပြီး၊ ဟွေ့ကျောင်းယွမ်ထံသို့ အားဖြည့်ဆေးများစွာ လက်ဆောင် ပေးပို့လိုက်သည်။ ယခုတစ်ကြိမ်တွင် ဟွေ့ကျောင်းယွမ်သည် စတုတ္ထမင်းသား၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်ရာ၊ ဤကျေးဇူးကို ယဲ့ယွင် တစ်သက်လုံး မှတ်ထားမည် ဖြစ်သည်။

နန်းတွင်း၌ အဆိပ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ယဲ့ယွင်နှင့် နင်ချန်တို့ နန်းတော်သို့ ပြန်ရောက်လာကြပြီဖြစ်ရာ၊ ဆုတောင်းသည့် ကိစ္စမှာလည်း အလိုလိုပင် ပျက်ပြယ်သွားခဲ့တော့သည်။ အဓိကအားဖြင့် မယ်တော်ကြီးသည် ယခုအချိန်တွင် ထပ်မံ ပြဿနာ မရှာဝံ့တော့သလို၊ စတုတ္ထမင်းသားမှာလည်း ငယ်သေးသဖြင့် မိခင်၏ ပြုစုမှုကို လိုအပ်နေပြန်ရာ၊ အမတ်များမှာလည်း ဆက်လက် ဖိအားပေးရန် အကြောင်းပြချက် မရှိတော့ပေ။

….

ညနေပိုင်းတွင် ရှန်ဖိန်ကျစ် ကျောက်ချွန်းဆောင်သို့ ရောက်လာခဲ့သည်။ အပြင်ပန်းတွင်တော့ သူသည် လန့်သွားသော စတုတ္ထမင်းသားအား စစ်ဆေးရန် လာခြင်း ဖြစ်သော်လည်း၊ ယဲ့ယွင်အတွက် အရေးကြီးသော သတင်းတစ်ခုကို ယူဆောင်လာခဲ့သည်။

ယိရွှင်ရီသည် ရောဂါဟန်ဆောင်နေခြင်း ဖြစ်သည်။

ထိုကိစ္စကို ယဲ့ယွင် နန်းပြင်မထွက်မီကပင် စုံစမ်းခိုင်းခဲ့ခြင်း ဖြစ်သော်လည်း၊ ထိုစဉ်က အလျင်စလို ထွက်သွားခဲ့ရသဖြင့် အဖြေကို ယခုမှ သိရခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ယခုတစ်ခေါက် သူမအား နန်းပြင်ထွက်ရန် ဖိအားပေးခဲ့သူမှာ ယိရွှင်ရီနှင့် လီဝမ်ရုန်တို့ပင် ဖြစ်ပေလိမ့်မည်။ ရန်ငြိုးသစ်တစ်ခု ထပ်မံ တိုးလာခဲ့ပြန်ပြီ။

သို့သော် ယဲ့ယွင်၏အာရုံမှာ စတုတ္ထမင်းသားအား အဆိပ်ခတ်သည့် ကိစ္စပေါ်တွင်သာ ရှိနေသဖြင့်၊ ထိုကိစ္စကို ခန ဘေးဖယ်ထားလိုက်သည်။

သို့သော် နင်ချန်ကတော့ သူမထက် ပို၍ လျင်မြန်ခဲ့သည်။ မယ်တော်ကြီးသည် စတုတ္ထမင်းသားအား အဆိပ်ခတ်ခြင်း ရှိမရှိကို အတည်မပြုနိုင်သေးသော်လည်း၊ မယ်တော်ကြီးသည် ယဲ့ယွင်အား ဖယ်ရှားရန်အတွက် လူအင်အား စီစဉ်နေကြောင်းကိုတော့ သူ စုံစမ်းသိရှိသွားခဲ့ပြီ ဖြစ်သည်။

ဤသတင်းအား ချီနင်နန်းဆောင်၏ တာဝန်ခံ မိန်းမစိုးကျီအန်းထံမှ သိရခြင်း ဖြစ်၏။ မယ်တော်ကြီးသည် မိန်းမစိုးများကို မယုံကြည်ဘဲ နန်းတွင်းသူများကိုသာ အနီးကပ် ထားတတ်သဖြင့်၊ ကျီအန်းမှာ တာဝန်ခံ ဖြစ်သော်လည်း အများကြီးတော့ မသိရှိပေ။ မယ်တော်ကြီး သံသယ မဝင်စေရန် နင်ချန်သည် ကျီအန်းအား စစ်ဆေးပြီးနောက် မူလအတိုင်း ပြန်လွှတ်ပေးခဲ့သည်။

သို့သော် ပိုမို သိရှိလာရသည်နှင့်အမျှ နင်ချန်သည် မယ်တော်ကြီးအပေါ် လုံးဝ စိတ်ကုန်သွားခဲ့ရသည်။ သူ၏ မိခင်ရင်းသည် သူ မြတ်နိုးသော အမျိုးသမီးနှင့် သူ၏ သားငယ်လေးအား သတ်ရန် ကြံစည်နေခဲ့သည် မဟုတ်လား။ ဤအရာအားလုံးမှာ ချန်မိသားစု၏ အကျိုးစီးပွား အတွက်သာ ဖြစ်ပေလိမ့်မည်။ သူတစ်ပါးအတွက်နှင့် မိခင်ရင်းက မိမိအား နာကျင်အောင် လုပ်ဆောင်ခြင်းကို မည်သူက စိတ်မပျက်ဘဲ နေနိုင်ပါမည်နည်း။

"ချီနင်နန်းဆောင်ကို သွားပြီး ကျန်းရဲ့ အမိန့်ကို ကြေညာလိုက်၊ မယ်တော်ကြီးရဲ့ ကျန်းမာရေး မကောင်းလို့ ဒီနေ့ကစပြီး တံခါးပိတ် အနားယူခိုင်းပြီး တစ်ယောက်မှမယ်တော်ကြီးကိုအနှောက်အယှက်မပေးဖို့အမိန့်ပေးလိုက် ပြီးတော့မယ်တော်ကြီးဘေးကအစေခံတွေကလည်း သခင်ကိုကောင်းကောင်း ဂရုမစိုက်နိုင်တဲ့အပြစ်နဲ့အားလုံးကို ဖယ်ရှားပြီး အစေခံအသစ်တွေနဲ့လဲဖို့လုပ်လိုက်။”

ယွမ်ကျို ကြောင်သွားရသည်။ ဤသည်မှာ ‘အကျယ်ချုပ်’ ချလိုက်ခြင်းပင်။ သူသည် ဧကရာဇ်၏ အေးစက်လှသော မျက်နှာကို ကြည့်ကာ သက်ပြင်းချမိသည်။ ကောင်းမွန်လှသော သားအမိ သံယောဇဉ်မှာ မယ်တော်ကြီး၏ လက်ချက်ဖြင့် နောက်ဆုံးတော့ ပျက်စီးသွားခဲ့ရပြီ။

…..

အမိန့်တော် ရောက်ရှိလာသောအခါ မယ်တော်ကြီးမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်တော့သည်။

"ကျန်းမာရေး အနားယူမယ် ဆိုဦးတော့၊ ဘာလို့ ငါ့လူတွေကို အကုန်လဲရမှာလဲ။ ရင်းနှီးတဲ့လူ မရှိဘဲနဲ့ ငါ့ရောဂါ ဘယ်ပျောက်ပါ့မလဲ!"

"မယ်တော်ကြီး... အရှင်မင်းကြီးကလည်း စေတနာနဲ့ပါ။ အရင်လူတွေက ပြုစုတာ မကောင်းလို့သာ အရှင်မင်းကြီးက လဲပေးတာပေါ့။ လူသစ်တွေက အရှင်မင်းကြီးကိုယ်တိုင် ရွေးထားတာမို့ အရင်လူတွေထက် ပိုကောင်းမှာ သေချာပါတယ်။ မယ်တော်ကြီးအနေနဲ့ ကျန်းမာရေးကိုပဲ အလေးထားပါ။ အကယ်၍ တစ်ခုခု ထပ်ဖြစ်ဦးမယ်ဆိုရင် အရှင်မင်းကြီး စိတ်ပူရုံတင်မကဘဲ၊ နန်းပြင်က ယင်းကော်ကုန်းအိမ်တော်ပါ စိတ်မအေး ဖြစ်ရပါလိမ့်မယ်"

ယွမ်ကျိုသည် အပြင်ပန်းတွင် ယဉ်ကျေးသော်လည်း၊ စကားလုံးများထဲတွင်မူ ခြိမ်းခြောက်မှုများ ပါဝင်နေသည်။ အကယ်၍ မယ်တော်ကြီး ထပ်မံ ပြဿနာရှာပါက ချန်မိသားစုကိုပါ ထိခိုက်မည်ဟု သတိပေးလိုက်ခြင်းပင်။ မယ်တော်ကြီးမှာ မျက်နှာ တောင့်တင်းသွားကာ၊ နောက်ဆုံးတွင်တော့ နှုတ်ပိတ်လျက် မိမိဘေးရှိ လူများ အကုန်လဲလှယ်ခံရသည်ကို ကြည့်နေရတော့သည်။

သတင်း ပျံ့နှံ့သွားသောအခါ ယဲ့ယွင်လည်း များစွာ အံ့သြသွားသည်။ အကောင်းအတိုင်း ရှိနေပါလျက်၊ ဘာကြောင့် မယ်တော်ကြီးအား အကျယ်ချုပ် ချလိုက်ရတာလဲ။

ခုန်းချင်းက တင်ပြသည် - "ဒါတင် မကပါဘူး။ ချီနင်နန်းဆောင်က အစေခံ အားလုံးကိုပါ လဲပစ်လိုက်တာပါ။ အရင်လူတွေကိုတော့ နန်းတွင်းရဲ့ တခြားနေရာတွေဆီ ခွဲထုတ်လိုက်ပါပြီ"

"ဒါဆိုရင်တော့ ပိုပြီး စုံစမ်းရ ခက်သွားပြီပေါ့" ယဲ့ယွင်က မျက်မှောင်ကြုတ်ကာ ခန စဉ်းစားပြီးမှ သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါတော့... ဆက်မစုံစမ်းနဲ့တော့။ အချိန်ကြာလာရင် မြေခွေးမြီးကတော့ ထွက်လာမှာပါပဲ"

ယခုအခါ နန်းတွင်းရော နန်းပြင်ပါ ရှုပ်ထွေးနေသော်လည်း၊ ယင်းကော်ကုန်း အိမ်တော်၏ စာရင်းစာအုပ်ကို ရှာမတွေ့သေးခြင်းကသာ နင်ချန်၏ စိတ်ထဲတွင် အကြီးမားဆုံး ကိစ္စ ဖြစ်နေသည်။ နန်းတွင်း၌ သဲလွန်စ မရှိလျှင် ခန ရပ်ထားလိုက်ရုံသာ ရှိသည်။ ယင်းကော်ကုန်း အိမ်တော်နှင့် မယ်တော်ကြီးမှာ များစွာ ပတ်သက်နေသဖြင့်၊ ယင်းကော်ကုန်း အိမ်တော်သာ ပြိုလဲသွားပါက နန်းတွင်းရှိ လျှို့ဝှက်ချက်များမှာလည်း အလိုလို ပေါ်ပေါက်လာပေလိမ့်မည်။

***

All Chapters