အခန်း (၃၇၃-၃၇၄)
Vol. 24 Ch. 373-374
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-373
အခန်း ၃၇၃ ။ လာတော့မယ်
ချီရှန်းနန်းဆောင်။
ဝမ်ရှိုးရီသည် နဖူးကိုလက်ဖြင့်ဖိကာ ဝါးခုံပေါ်တွင် မှီလျက် မျက်စိမှိတ်ကာ အနားယူနေသည်။ သို့သော် သူမ၏ တွန့်ချိုးနေသော မျက်ခုံးတန်းလေးများက သူမ စိတ်မအေးဖြစ်နေကြောင်း ဖော်ပြနေခဲ့သည်။
ယဲ့ယွင် ရုတ်တရက် နန်းတော်ပြန်ရောက်လာခြင်းက သူမ၏ အစီအစဉ်အားလုံးကို ဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်သွားရာ၊ ယခုအခါ စတုတ္ထမင်းသားကို အဆိပ်ခတ်ခဲ့သည့် ထိုလူအား အသေသတ်ချင်စိတ်ပင် ပေါက်နေမိသည်။
သူမသည် အရင်ဆုံး ‘ဧကရာဇ်က ယဲ့ယွင်ကို မိဖုရားခေါင်ကြီး မြှောက်တော့မည်’ ဟူသော ကောလာဟလကို လွှင့်ကာ နန်းတွင်းရှိလူများကို သတိထားမိစေခဲ့သည်။ ထို့နောက် ကြယ်တာရာနိမိတ် အယူအဆကို လီဝမ်ရုန်အား သင်ပေးကာ၊ ယိရွှင်ရီလက်ပါလာအောင် ဖန်တီးပြီး ယဲ့ယွင်ကို နန်းပြင်ထွက် ဆုတောင်းခိုင်းရန် ဖိအားပေးခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် နန်းတွင်း၌ တုပ်ကွေးရောဂါ ကူးစက်နေခြင်းက သူမအတွက် ကောင်းကင်ဘုံက ကူညီလိုက်ခြင်းပင်။
အရှင်မင်းကြီးက ယဲ့ယွင်နှင့်အတူ လိုက်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့သော်လည်း၊ သူမ အလိုရှိသည်မှာ ယဲ့ယွင်နှင့် စတုတ္ထမင်းသားကို ခွဲခွာစေရန်သာ ဖြစ်သည်။ မယ်တော်ကြီး၏ လက်ကိုသုံးကာ ယဲ့ယွင်ကို အစဖျောက်နိုင်လျှင်၊ မိခင်မရှိတော့သော စတုတ္ထမင်းသားလေးကို သူမ အလွယ်တကူ ကိုင်တွယ်နိုင်မည်ဟု တွက်ချက်ထားခြင်း ဖြစ်သည်။
သို့သော်မယ်တော်ကြီးကိုယ်တိုင် အဆိပ်မခတ်ခဲ့သည့်အချက်ကိုသူမ အသိဆုံးပင်။
အကြောင်းအရင်းမှာမယ်တော်ကြီးသည် စတုတ္ထမင်းသားကို ချန်ကျယ်ယွီအား ပေး၍ ပြုစုခိုင်းရန် ကြံစည်နေမှန်း သူမ သိထားသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ နောက်ကွယ်မှ တစ်စုံတစ်ယောက်က ဝင်နှောက်လိုက်သဖြင့် အစီအစဉ် ပျက်စီးခဲ့ရုံတင်မကဘဲ၊ ဧကရာဇ်နှင့် ယဲ့ယွင်တို့ပါ ချောချောမောမော နန်းတော်ပြန်ရောက်လာကြသဖြင့် သူမ၏ အားထုတ်မှုများ အလဟဿ ဖြစ်သွားခဲ့ရသည်။
ခြေသံကြားမှ ဝမ်ရှီသည် အတွေးများကို ရုပ်သိမ်းကာ ကိုယ်ကို မတ်လိုက်သည်။
"ဘယ်လိုလဲ၊ စုံစမ်းလို့ ရခဲ့လား"
"ကျွန်တော်မျိုးမ အသုံးမကျလို့ ဘာမှ ရှာမတွေ့ပါဘူး"
စုဟွာက မျက်နှာပျက်ပျက်နှင့် တင်ပြသည်
"အရှင်မင်းကြီးက ချီနင်နန်းဆောင်အနားကို ဘယ်သူမှ မကပ်ခိုင်းသလို၊ အရင်က ပြုစုခဲ့တဲ့ အစေခံတွေကိုလည်း လျှို့ဝှက်ပြီး နေရာအနှံ့ ခွဲထုတ်ပစ်လိုက်တာမို့ ဘာသဲလွန်စမှ မရှိတော့ပါဘူး"
ဝမ်ရှိုးရီ မျက်ဝန်းများကို မှေးစင်းလိုက်ရာ၊ အကြည့်ထဲတွင် မကျေနပ်မှုနှင့် စိတ်ပျက်မှုများ ဖြတ်ပြေးသွားသည်။
"မယ်တော်ကြီးကတော့ ဒီတစ်ခါ အရှင်မင်းကြီးကို တကယ် စိတ်ပျက်အောင် လုပ်မိသွားပြီပဲ။ ထားလိုက်ပါတော့... ဒီရေနောက်ထဲမှာ ငါ ဝင်မကူးတော့ဘူး၊ အရှင်မင်းကြီး ငါ့ကိုပါ စက်ဆုပ်သွားမှာ စိုးရတယ်"
စုဟွာက ခေါင်းညိတ်ကာ ထပ်မပြောတော့ပေ။ ဝမ်ရှိုးရီက ရုတ်တရက် မေးလိုက်
ပြန်သည်။
"ချင်ဝမ်ရုန်ရဲ့ ကိုယ်ဝန်က ဘယ်လောက်ရှိပြီလဲ၊ ဘယ်တော့ မွေးမှာလဲ"
"တွက်ကြည့်ရင်တော့ လာမယ့် ၃လပိုင်းလောက်မှာ မွေးမှာပါ"
စုဟွာက ဖြေရင်း ခန တန့်သွားကာ မယ်
မယ်ကို တစ်ချက် ကြည့်လိုက်သည်။
"ချင်ဝမ်ရုန်က သယ့်ဖေးမယ်မယ်ကို အားကိုးနေတာလေ။ သူမရဲ့ကလေးကို ရဖို့ဆိုတာ မလွယ်ဘူး ထင်တယ်"
"သယ့်ဖေးမှာ ဒုတိယမင်းသား ရှိနေပြီပဲ။ အရှင်မင်းကြီးက သူမကို မင်းသား နှစ်ပါး ပေးပါ့မလား" ဝမ်ရှိုးရီက ဂရုမစိုက်သလို ဆိုသည်။
ထိုစဉ် စုချင်က လိုက်ကာကို လှပ်၍ ဝင်လာခဲ့သည် - "ရှိုးရီ... မင်းသားကြီးက ရှိုးရီအတွက် စွပ်ပြုတ် လာပို့ပေးပါတယ်"
"ဟုတ်လား... ဝင်လာခိုင်းလိုက်ပါ" ဝမ်ရှီ၏ မျက်နှာထက်မှ အေးစက်မှုများ ချက်ချင်း ပျောက်ကွယ်သွားကာ နူးညံ့သော အပြုံးတစ်ခုဖြင့် အစားထိုးလိုက်သည်။
အသက် ခြောက်နှစ်အရွယ် မင်းသားကြီးသည် အထဲဝင်လာကာ စနစ်တကျ ဂါရဝပြုသည်။
"သားတော် မယ်တော့်ကို ဂါရဝပြုပါတယ်။ သမားတော်က ဆောင်းတွင်းမှာ အအေးမိတတ်လို့ အားဖြည့်ရမယ် ပြောလို့၊ သားတော် ခိုသားစွပ်ပြုတ် လုပ်ခိုင်းထားပါတယ်။ မယ်တော် မြည်းကြည့်ပါဦး"
ခြောက်နှစ်အရွယ် မင်းသားကြီးသည် ယခုအခါ တော်ဝင်အရှိန်အဝါ အတန်အသင့် ရှိနေပြီ ဖြစ်သည်။ ဝမ်ရှီသည် သူ့အပေါ် စိတ်မပါသော်လည်း၊ ဆုံးမသင်ကြားမှုတွင်တော့ အမှန်တကယ်ပင် အလေးထားခဲ့သည်။
"ရုန်အာက တကယ် သိတတ်တဲ့ ကလေးပဲ။ မယ်တော် မြည်းကြည့်မယ်နော်" ဝမ်ရှိုးရီက မင်းသားကြီးကို ကိုယ်တိုင် ထူပေးလိုက်ပြီးနောက်အမိန့်ပေးလိုက်သည်။
"စုဟွာ... ပန်းကန်ငယ် တစ်လုံး ထပ်ယူခဲ့ဦး၊ ငါ မင်းသားကြီးနဲ့အတူ သောက်မယ်။ ပြီးတော့ မင်းသားကြီး ကြိုက်တဲ့ လမုန့်လေးတွေပါ ယူခဲ့"
"ကျေးဇူးတင်ပါတယ် မယ်တော်!" မင်းသားကြီးက ဝမ်းသာအားရ ပြုံးလိုက်ရှာသည်။
ဤမြင်ကွင်းကို ကြည့်ရင်း စုဟွာ၏ ရင်ထဲတွင် မသက်မသာ ဖြစ်သွားရသည်။ မင်းသားကြီးမှာ မယ်မယ်အပေါ် အမှန်တကယ် စိတ်ရင်းနှင့် ကောင်းသော်လည်း၊ မယ်မယ်ကတော့ သူ့ကို စွန့်ပစ်ရန် ကြံစည်နေသည် မဟုတ်လား။ သို့သော် အစေခံ တစ်ဦးအနေနှင့် သူမ ဘာမှ ဝင်မပြောနိုင်ပေ။ မယ်မယ်က သူမအပေါ် ကောင်းမွန်လှသဖြင့်၊ သူမသည် မယ်မယ်၏ အမိန့်အတိုင်းသာ လုပ်ဆောင်ရပေတော့မည်။
……..
ကျိုချန်နန်းဆောင်။
လျန်ချန်စစ် ပေးပို့လိုက်သော စာလွှာထဲမှ လျှို့ဝှက် စာတိုလေးကို ဖတ်ပြီးနောက် နင်ချန်၏ မျက်ခုံးများမှာ တွန့်ချိုးနေတော့သည်။ အဓိပ္ပာယ်မှာ - လတ်တလောတွင် ယင်းကော်ကုန်းမှာ အလွန် သတိကြီးနေကြောင်း၊ မိမိအား အိမ်သို့ ခေါ်ယူ ဆွေးနွေးသော်လည်း အရေးကြီးသော အချက်အလက်များကိုတော့ လုံးဝ ထုတ်မပြောကြောင်းပင်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး ထင်တာကတော့၊ ဒီရက်ပိုင်း ကျွန်တော်မျိုးတို့တွေ ယင်းကော်ကုန်း အိမ်တော်ကို စောင့်ကြည့်တာ အရမ်း ပြင်းထန်သွားလို့ ဖြစ်ပါလိမ့်မယ်။ မယ်တော်ကြီး ကိစ္စကြောင့်လည်း ယင်းကော်ကုန်း ပိုပြီး သတိထားသွားတာ မဆန်းပါဘူး" အမတ်ကြီး ရွှီကျန်းပိုင်က လျှောက်တင်သည်။
နင်ချန်က သူ၏ နဖူးကို ပွတ်သပ်ရင်း - "ကျန်းလည်း သိပါတယ်။ ဒါပေမဲ့ နန်းပြင်ထွက်ခွင့် ရခဲတာမို့၊ အခွင့်အရေး ရတုန်း ပိုပြီး အနားကပ်ချင်မိတာပါ။ အခု နန်းတော်ပြန်ရောက်ပြီဆိုတော့ အရှိန်ကို ခန လျှော့ထားရတော့မှာပေါ့"
"အရှိန်လျှော့တာက မကောင်းဘူးလို့တော့ မဆိုနိုင်ပါဘူး။ ကျွန်တော်မျိုးတို့တွေ စာရင်းမှတ်တမ်းစာအုပ် ရှိမှန်း သိသွားပြီပဲ၊ တစ်နေ့တော့ ရှာတွေ့မှာပါ။ ငါးစာကြိုးကို ရှည်ရှည်ပစ်ထားမှ ငါးကြီးမိမှာပေါ့"
ရွှီကျန်းပိုင်က ဆိုသည်။
နင်ချန် ခေါင်းညိတ်သည်၊ ယခုအချိန်တွင် အလျင်စလို လုပ်၍ မရမှန်း သူ သိသည်။ ဖြည်းဖြည်းချင်း စုံစမ်းရပေမည်။ အနည်းဆုံးတော့ ရုန်ချင်းနယ်စား အိမ်တော်ကို သူတို့ဘက် ရအောင် ဆွဲဆောင်နိုင်ခဲ့ပြီ မဟုတ်လား။ လျန်ချန်စစ်သည် ချန်မိသားစုနှင့် ပတ်သက်နေရသည်ကို မခံနိုင်တော့ဘဲ၊ ချန်မိသားစု ပြိုလဲကာ ချန်စုကျစ်ဟူသော အမျိုးသမီးလက်မှ လွတ်မြောက်မည့်နေ့ကို နင်ချန်ထက်ပင် ပို၍ မျှော်လင့်နေသူ ဖြစ်သည်။
အမတ်များ ပြန်သွားချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ ယွမ်ကျိုက လက်ဖက်ရည် လာချပေးရင်းမေးလိုက်သည်။
"အရှင်မင်းကြီး... ဒီနေ့ ကျိုချန်နန်းဆောင်မှာပဲ ညစာသုံးဆောင်မလား၊ ဒါမှမဟုတ် ကိုယ်လုပ်တော် တစ်ပါးပါးဆီ ကြွမလား"
နင်ချန် မျက်လွှာချ၍ ခန စဉ်းစားလိုက်
သည်။
"ချန်းကျယ်ယွီဆီ သွားမယ်။ ဒီရက်ပိုင်း သူမက မယ်တော်ကြီးကို အစွမ်းကုန် ပြုစုပေးခဲ့တာပဲ။ ကျန်း သူမဆီ မရောက်တာလည်း ကြာပြီ"
"ဟုတ်ကဲ့ပါ" ယွမ်ကျိုက ဦးညွှတ်လိုက်ပြီးနောက် အပြင်သို့ အသံမြှင့်၍ ကြေညာလိုက်သည် - "ယောင်ကွမ်းဆောင်သို့ ကြွချီမယ်!"
ဧကရာဇ် ရောက်လာမည်ဟူသော သတင်းကို ကြားသောအခါ ချန်းကျယ်ယွီမှာ အလွန် အံ့သြသွားခဲ့သည်။ အရှင်မင်းကြီးသည် ချန်မိသားစုကို သိပ်မကြည်ဖြူသလို၊ လတ်တလောတွင် မယ်တော်ကြီးပင် အကျယ်ချုပ် ခံထားရသည် မဟုတ်လား။ ချန်မိသားစုမှ သမီးဖြစ်သော သူမသည်လည်း နှစ်ပေါင်းများစွာ မျက်နှာသာ အပေးမခံရသူ ဖြစ်ရာ၊ ဘာကြောင့် ယခုမှ ရုတ်တရက် ရောက်လာရတာလဲ။
အံ့သြသော်လည်း ရွှေဝါရောင် ဝတ်ရုံတော် တံခါးဝသို့ ရောက်လာချိန်တွင် သူမအနေနှင့် အမြန်ပင် ကြိုဆိုရတော့သည်။ သူမထက် ပို၍ အံ့သြနေကြသူများမှာမူ နန်းတွင်းရှိ အခြားသော သူများပင် ဖြစ်သည်။
………
ကျောက်ချွန်းဆောင်။
ယဲ့ယွင်သည် စတုတ္ထမင်းသားကို ထမင်းကျွေးနေစဉ် ပိုင်ရှုက ထိုသတင်းကို လာပြောပြသည်။ ခုန်းချင်းနှင့် နန်ကျစ်တို့မှာ နန်းပြင်မှ ပြန်ရောက်ကာစ ဖြစ်သဖြင့် ယနေ့ တာဝန် မကျသေးရာ၊ ပိုင်ရှုကပင် နန်းတွင်း သတင်းများကို စုဆောင်းပေးနေခြင်း ဖြစ်သည်။
"ချန်းကျယ်ယွီ ဆီ သွားတာလား" ယဲ့ယွင်၏လက်မှာ ခန တန့်သွားသည်။
"ဟုတ်ပါတယ်၊ အခုဆို ရောက်လောက်ပါပြီ။ ကျွန်တော်မျိုး ကျိုချန်နန်းဆောင် အနားမှာ စုံစမ်းကြည့်တော့၊ တခြား ထူးထူးခြားခြား ကိစ္စမရှိပါဘူး။ အရှင်မင်းကြီး တစ်နေ့လုံး အမတ်တွေနဲ့ စကားပြောနေတာပဲတဲ့"
ပိုင်ရှုကလျှောက်တင်သည်။ သူသည် ခုန်းချင်းထက်ပင် ပို၍ စေ့စပ်သေချာစွာ သတင်းယူနိုင်သူ ဖြစ်သည်။
ယဲ့ယွင် မျက်လွှာချလိုက်ပြီး သားဖြစ်သူကို ထမင်း ဆက်ကျွေးရင်း ထိုထူးခြားမှုကို စဉ်းစားနေမိသည်။ ရုတ်တရက် သူမ၏ ဦးနှောက်ထဲတွင် တစ်စုံတစ်ခု လက်ခနဲ ဖြစ်သွားကာ ချက်ချင်းပင် နားလည်သွားခဲ့သည်။
"သိပြီ... ချန်းကျယ်ယွီရဲ့ ဂုဏ်တက်မယ့် ရက်တွေ ရောက်လာတော့မှာပဲ။ မင်းတို့ ဒီရက်ပိုင်းအတွင်း သူမနဲ့ ပတ်သက်ရင် ရှောင်ကြဉ်ပြီး သတိထားနေကြပါ"
အခန်းထဲရှိ အစေခံများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဘာကြောင့်လဲ ဆိုသည်ကိုတော့ နားမလည်ကြပေ။ သို့သော် မယ်မယ် မှာကြားမှတော့ လိမ္မာစွာပင် ခေါင်းညိတ်လိုက်ကြသည်။
"မေမေ... ကျင့်အာ ဗိုက်ဝပြီ" စတုတ္ထမင်းသားလေးက ချစ်စဖွယ် အသံလေးဖြင့် ဆိုသည်။
ယဲ့ယွင်က အတွေးများကို ရုပ်သိမ်းကာ ပြုံးလျက် ပန်းကန်ကို ချလိုက်သည်။
"ကျင့်အာ တော်လိုက်တာ။ ကဲ... နို့ထိန်းနဲ့အတူ သွားပြီး မျက်နှာသစ်လိုက်ဦး။ ဒီနေ့ မေမေနဲ့ အတူတူ အိပ်မလားဟင်"
"အိပ်မယ်!" မင်းသားလေးမှာ အလွန် ပျော်သွားရှာသည်။
ပုံမှန်ဆိုလျှင် သူသည် တစ်ဦးတည်း သီးသန့် အိပ်ရခြင်း ဖြစ်သည်။ ကလေးပီပီ မိခင်နှင့် ကပ်အိပ်ချင်သည်မှာ ဓမ္မတာပင်။ ယဲ့ယွင်သည်လည်း ဆယ်ရက်ကျော် ဝေးကွာခဲ့ရသလို၊ အဆိပ်ခတ်သည့် ကိစ္စပါ ဖြစ်ပွားခဲ့သဖြင့် သားဖြစ်သူကို အလွန်ပင် သတိရနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကလေးငယ်စဉ်မှာပင် အတူတူ အိပ်စက်ကာ သံယောဇဉ်ကို ခိုင်မြဲစေလိုခြင်းပင် ဖြစ်တော့လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-374
အခန်း ၃၇၄ ။ မတည်ငြိမ်ခြင်း
မျှော်လင့်ထားသည့်အတိုင်းပင်၊ ထိုနေ့မှစ၍ နှစ်သစ်ကူးအထိ ဆယ်ရက်တာကာလအတွင်း နင်ချန်သည် ကျောက်ချွန်းဆောင်သို့ တစ်ကြိမ်သာ လာရောက်ခဲ့သော်လည်း၊ ချန်းကျယ်ယွီထံသို့မူ ငါးကြိမ်တိုင်တိုင် သွားရောက်ခဲ့သည်။
၎င်းမှာ အတူတူ ထမင်းစားခြင်း သို့မဟုတ် ခနထိုင်၍ စကားပြောခြင်းမျိုး ဖြစ်သော်လည်း အကြိမ်ရေ အလွန်များပြားလှသည်။ ထို့ကြောင့် နန်းတွင်း၌ ကောလာဟလများ ထွက်ပေါ်လာတော့သည်။
‘မယ်တော်ကြီး ပြိုလဲသွားသဖြင့် အရှင်မင်းကြီးသည် ချန်မိသားစု၏ မျက်နှာကို ထောက်ထားသောအားဖြင့် မျက်နှာသာပေးမှုများကို ချန်းကျယ်ယွီထံသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်နိုင်သည်’ ဟူ၍ပင်။ ၎င်းမှာ လူတိုင်းမြင်နိုင်သော အကျိုးအကြောင်း အသင့်လျော်ဆုံး ရှင်းပြချက် ဖြစ်နေပေသည်။
အကြောင်းရင်းမှာ မိသားစုဂုဏ်ကြောင့်ဖြစ်စေ၊ မိမိ၏အရည်အချင်းကြောင့်ဖြစ်စေ၊ မျက်နှာသာပေးခံရပြီဆိုလျှင် လူအများ၏ အားကျမှုကို ခံရသလို ဖားယားလိုသူများလည်း ပေါ်လာစမြဲပင်။ ယခင်က မယ်တော်ကြီးကြောင့် နန်းတွင်းရေးရာဌာနသည် ချန်းကျယ်ယွီ၏ လစဉ်သုံးပစ္စည်းများကို မဖြတ်တောက်ဝံ့ကြသော်လည်း၊ ပိုလျှံစွာ ပေးခြင်းမျိုးတော့ လုံးဝမရှိခဲ့ပေ။ သို့သော် နင်ချန် အကြိမ်အနည်းငယ် ရောက်လာပြီးနောက်တွင် အခြေအနေမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။
မုန့်များနှင့် အစားအသောက်များမှာ ပိုမို ကောင်းမွန်လာရုံတင်မကဘဲ၊ သူမနေထိုင်သည့် ယောင်ကွမ်းဆောင်၏ အရှေ့ဘက်အဆောင်မှ အမိုးနှင့် ပြတင်းပေါက်များကိုပါ သေသေချာချာ ပြုပြင်ပေးကြသည်။ နန်းတော်ဝင်ခဲ့သည်မှာ ခြောက်နှစ်ရှိပြီဖြစ်ရာ အဆောင်မှာ ဟောင်းနွမ်းနေသော်လည်း ယခင်က မည်သူမှ ဂရုမစိုက်ခဲ့ကြပေ။ ယခုမူ အပြေးအလွှား လာရောက် ပြုပြင်ပေးကြတော့သည်။
အစေခံများမှာ ဝမ်းသာနေကြသော်လည်း စားပွဲပေါ်မှ အသစ်စက်စက် ဆုချထားသော လက်ဝတ်ရတနာသေတ္တာများကို ကြည့်ကာ ချန်းကျယ်ယွီ၏ ရင်ထဲတွင်မူ စိုးရိမ်ထိတ်လန့်မှုများ ရှိနေခဲ့သည်။ ဒီရက်ပိုင်း ထိတွေ့မှုများအရ သူမ၏ ဧကရာဇ်ဝမ်းကွဲအစ်ကိုမှာ အပြင်ပန်းတွင် မြင်ရသလောက် ကြင်နာတတ်သူ မဟုတ်မှန်း သူမ သိသိသာသာ ခံစားနေရသည်။ တစ်စုံတစ်ခုသော ရည်ရွယ်ချက်ဖြင့် မိမိအား ချဉ်းကပ်နေသကဲ့သို့ပင်။
သို့သော် ဧကရာဇ်၏ အချစ်ရော အမျက်ပါ ‘တော်ဝင်ကျေးဇူး’ သာ ဖြစ်ရာ သူမအနေနှင့် ငြင်းဆန်ခွင့်မရှိဘဲ လက်ခံရုံသာ ရှိတော့သည်။ သူမ လုပ်နိုင်သည်မှာ သူမဘေးမှ အစေခံများကို အကြိမ်ကြိမ် သတိပေးကာ - အစစအရာရာ သတိထား၍ အေးအေးဆေးဆေးနေရန်နှင့် ပြဿနာမရှာမိစေရန် ဆုံးမနေရခြင်းသာ ဖြစ်သည်။
…..
၁၂လပိုင်းကုန်တွင် နှစ်သစ်ကူး ညစာစားပွဲ ကျင်းပခဲ့သည်။ ရောဂါအနားယူနေသော မယ်တော်ကြီး တက်ရောက်မည်မဟုတ်ဟု ထင်ထားကြသော်လည်း နင်ချန်က သူမအား ဖိတ်ကြားခဲ့သည်။ သို့သော် မျက်နှာပြရုံသက်သက်သာ ဖြစ်ပြီး၊ တစ်နာရီ (တစ်ပတ်ခန့်) ပင် မပြည့်မီမှာပင် ပြန်သွားခဲ့သည်။ မယ်တော်ကြီးမှာ မျက်နှာ မကောင်းလှဘဲ အမှန်တကယ်ပင် အနားယူရန် လိုအပ်ပုံရသည်။ အမှန်ပင်၊ အကျယ်ချုပ်ခံထားရသော အဘွားအိုတစ်ဦးအဖို့ အစားအသောက် ကောင်းမွန်စေကာမူ စိတ်မချမ်းသာပါက ကျန်းမာရေးမှာလည်း ကောင်းနိုင်မည် မဟုတ်ပေ။
နင်ချန်၏အပြုအမူမှာ တစ်စုံတစ်ခုကို သက်သေပြလိုခြင်းမဟုတ်ဘဲ မယ်တော်ကြီး၏ နောက်ဆုံး သိက္ခာကို ထိန်းသိမ်းပေးခြင်းသာ ဖြစ်၏။ ထိုကဲ့သို့သော ပွဲကြီးပွဲကောင်းများတွင်ပင် မပါဝင်နိုင်ပါက မယ်တော်ကြီးဟူသော အမည်မှာ အနှစ်သာရ မရှိတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် မိခင်အရင်း ဖြစ်နေသဖြင့် နင်ချန်သည် ထိုမျှအထိ ရက်စက်ရန် မရည်ရွယ်ပေ။
သို့သော် ပွဲသို့ အမှန်တကယ် မလာနိုင်သူလည်း ရှိနေသေးသည်။ ယောင်ထိုက်ကွေ့ဖေးမှာ ထပ်မံ လဲကျသွားပြန်သည်။ သမားတော်များ၏ အဆိုအရ ချီနင်နန်းဆောင်တွင် လန့်သွားခြင်းကြောင့် ဆိုသော်လည်း ထိုစကားမှာ နားထောင်ရ မကောင်းသဖြင့် အပြင်သို့ ထုတ်မပြောကြဘဲ ထိုက်ကွေ့ဖေးတွင် ရောဂါဟောင်း ပြန်ထလာခြင်းကြောင့်ဟုသာ သတင်းလွှင့်လိုက်ကြသည်။ ယခုကြည့်ရသကဲ့သို့ဆိုလျှင် ဧကရာဇ်ဟောင်း၏ ကိုယ်လုပ်တော်များထဲတွင် မင်းသမီး နှစ်ပါး မွေးထားသော သယ်ထိုက်ဖေးမှာ အေးချမ်းဘေးကင်းဆုံး ဖြစ်နေတော့သည်။
အမှန်တကယ်တွင် လူတိုင်း၏ အာရုံမှာ ဧကရာဇ်ဟောင်း၏ ကိုယ်လုပ်တော်များအပေါ်တွင် မရှိဘဲ လက်ရှိ ဧကရာဇ်၏ ကိုယ်လုပ်တော်များအပေါ်တွင်သာ ရှိနေကြသည်။ တစ်နှစ်လျှင် တစ်ကြိမ် နှစ်သစ်ကူးည၌ ရာထူးတိုးမြှင့်ပေးခြင်းမှာ နိယာမတစ်ခုလို ဖြစ်နေခဲ့ပြီ။
ယဲ့ယွင်သည် ရာထူးတက်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ မျက်နှာသာပေးခံရမှုကို ထားလိုက်ဦး၊ သူမသည် နန်းပြင်ထွက် ဆုတောင်းပေးခဲ့သလို စတုတ္ထမင်းသားမှာလည်း နန်းတွင်း၌ လုပ်ကြံခံရလုနီးပါး ဖြစ်ခဲ့သဖြင့်၊ နင်ချန်အနေနှင့် ချော့မြှူသည့်အနေဖြင့်ပင် ရာထူးတိုးပေးရမည် ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူမသည် ‘ကျောင်းရီ’ ဖြစ်လာခဲ့ပြီ။ နောက်တစ်ကြိမ် ရာထူးတက်လျှင် ဒုတိယအဆင့် ‘ဖေး’ ရာထူးသို့ ရောက်ရှိပေတော့မည်။
သူမနှင့်အတူ ဟွေ့ကျောင်းယွမ်သည်လည်း ရာထူးတက်ခဲ့သည်။ သူမအတွက်မှာမူ စတုတ္ထမင်းသားကို ကယ်တင်ခဲ့သည့်အတွက် ဂုဏ်ပြုဆုလာဘ်အဖြစ် ပေးအပ်ခြင်းဖြစ်သည်။ ယိရွှင်ရီမှာမူ ‘ကျောင်းရုန်’ ဖြစ်လာခဲ့ရာ ကျိုဖင်အဆင့်မြင့်ကိုယ်လုပ်တော်စာရင်း၏ ထိပ်တန်း သုံးနေရာထဲသို့ တိုးဝင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဝမ်ရှိုးရီမှာလည်း ‘ရှိုးယွမ်’ ဖြစ်လာခဲ့ရာ ၎င်းမှာလည်း အစားထိုး ချော့မြှူခြင်းပင် ဖြစ်သည်။
ဤမျှနှင့် ပြီးဆုံးပြီဟု ထင်ထားကြသော်လည်း နင်ချန်က ခနရပ်ကာ ဆက်လက် မိန့်ကြားလိုက်သည်။
"ချန်းကျယ်ယွီကို ‘ရှိုးရီ’ အဖြစ် တိုးမြှင့်ဖို့အမိန့်ချမယ်။ ချန်းရှိုးရီက နန်းတော်ဝင်ခဲ့တာလည်း ကြာပြီဖြစ်သလို၊ မယ်တော်ကြီးအပေါ်တွင်လည်း ရိုသေကိုင်းရှိုင်းတဲ့အပြင် ယင်းကော်ကုန်းကလည်း ကျန်းအတွက် နှစ်ပေါင်းများစွာ အပင်ပန်းခံခဲ့ပေးခဲ့တဲ့အတွက် ဒါကမပြောပလောက်ပါဘူး။”
ချန်းကျယ်ယွီ ကြောင်သွားကာ အမြန်ပင် ထရပ်လိုက်သည်။
"အရှင်မင်းကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ချန်းချဲ့မှာ ဘာကုသိုလ်မှလည်း မရှိသလို သားသမီးလည်း မရှိတာမို့၊ ဒီရာထူးကို မခံယူဝံ့ပါဘူး”
"မင်းက ကျန်းရဲ့ ဝမ်းကွဲညီမအရင်းပဲလေ။ ကျန်း ငယ်စဉ်က စိတ်တိုတတ်လို့ မင်းကို နှစ်ပေါင်းများစွာ ပစ်ထားမိခဲ့တယ်။ အခုတော့ ကျန်းကို အမှားပြင်ခွင့် ပေးပါဦး။ ကျန်းက ထိုက်တန်တယ်လို့ ပြောရင် ထိုက်တန်တာပါပဲ"
နင်ချန်က လက်ယမ်းပြလိုက်သည်။
စကားမှာထိုအခြေအနေအထိရောက်လာသည့်အတွက်ငြင်းဆန်ရန် မဖြစ်နိုင်တော့သဖြင့် ချန်းရှိုးရီမှာ ရာထူးကို လက်ခံလိုက်ရတော့သည်။ နင်ချန်က ထပ်မံ ပြုံးလျက် - "နှိမ့်ချပြီး နူးညံ့သိမ်မွေ့တယ်။ ကျန်းပေးထားတဲ့ ‘ချန်း’ (နှိမ့်ချခြင်း) ဆိုတဲ့ ဘွဲ့နာမည်က တကယ်ကို မှန်တာပဲ"
သူသည် ဆက်တိုက်ဆိုသလို ချီးမွမ်းနေရုံတင်မကဘဲ မျက်နှာထားမှာလည်း အလွန် တည်ကြည်နေသဖြင့်၊ ၎င်းမှာ သူ၏ စိတ်ရင်း ဟုတ်၊ မဟုတ်ကို ခွဲခြားရန် ခက်ခဲလှပေသည်။ မည်သို့ပင်ဖြစ်စေ ချန်းရှိုးရီ ရာထူးတက်ခြင်းမှာ ချန်မိသားစုအတွက် သတင်းကောင်းပင်။ ထိုညတွင်ပင် နင်ချန်သည် ချန်းရှိုးရီ၏ အဆောင်တွင် သွားရောက် အိပ်စက်ခဲ့သည်။ မိဖုရားခေါင်ကြီးမှလွဲ၍ မည်သူမျှ မရရှိဖူးသော ထိုဂုဏ်ထူးဆောင်မှုကြောင့် နန်းတွင်းတစ်ခုလုံးမှာ တစ်ခဏအတွင်း အံ့အားသင့်သွားကြတော့သည်။
……
နောက်တစ်နေ့ ၁လပိုင်း (၁) ရက်နေ့။ နံနက်စောစောတွင် ဘိုးဘွားစင်မြင့်သို့ သွားရောက် ဂါရဝပြုကြရမည် ဖြစ်သည်။ အပြင်ဘက်တွင် လက်ညှိုးကိုပင် မမြင်ရလောက်အောင် မှောင်မည်းနေစဉ်မှာပင်၊ အိပ်ဆောင်တံခါး ပွင့်သွားသည့် အသံကို ကြားလိုက်ရသည်။
ယဲ့ယွင်သည် ဝေဝေဝါးဝါး မျက်လုံးပွင့်လာကာ ထရမည့်အချိန် ရောက်ပြီလားဟု ခန့်မှန်းသော်လည်း၊ အလွန်အေးသဖြင့် မလှုပ်ချင်သေးပေ။ သူမသည် အပြင်ဘက်သို့ ကျောခိုင်းလိုက်ကာ စောင်ထဲသို့ ပို၍ တိုးဝင်လိုက်သည်။ မနေ့ည သန်းခေါင်ယံတွင် ရုတ်တရက် နှင်းကျလာသဖြင့် မီးသွေးအိုးများကိုပင် ပို၍ ထည့်ထားရသည် မဟုတ်လား။
"အချိန် ရောက်ပြီလားဟင်"
"မရောက်သေးပါဘူး၊ နောက်ထပ် နာရီဝက်လောက် ထပ်အိပ်လို့ ရပါသေးတယ်"
၎င်းမှာ ဟွေယွဲ့၏ အသံ မဟုတ်ပေ။ ယဲ့ယွင် လန့်နိုးသွားကာ အမြန်ပင် လှည့်ကြည့်လိုက်ရာ၊ ရင်းနှီးလှသော ထွားကျိုင်းသည့် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။
"အရှင်မင်းကြီး ဘာလို့ ရောက်လာတာလဲ။ မိုးတောင် မလင်းသေးဘူးကို" ယဲ့ယွင် လုံးဝ နားမလည်နိုင်တော့ပေ။ မနေ့ညက ‘ယောင်ကွမ်းဆောင်’ မှာ အိပ်စက်ခဲ့တာ မဟုတ်လား၊ အခု မနက်စောစောကြီး မိမိဆီ ပြေးလာတာက ဘာသဘောလဲ။
နင်ချန်ကတော့ ဘာမှမပြောဘဲ သူ၏ ဝတ်ရုံရှည်နှင့် ဖိနပ်များကို ချွတ်ကာ၊ ကုလားကာကို လှပ်၍ အိပ်ရာပေါ်သို့ တက်လာခဲ့သည်။
"ကျန်း အိပ်လို့ မကောင်းလို့၊ မင်းဆီမှာ ခဏလောက် လာမှေးတာပါ"
ပြောပြောဆိုဆိုနှင့် သူသည် စောင်ထဲသို့ တိုးဝင်လာကာ ယဲ့ယွင်ကို သိမ်းကျုံး ဖက်ထားလိုက်တော့သည်။ သူ၏ ကိုယ်ပေါ်တွင် အပြင်ဘက်မှ အအေးဓာတ်များ ပါလာသဖြင့် ယဲ့ယွင်မှာ တစ်ချက် တုန်သွားသော်လည်း၊ ခဏအတွင်းမှာပင် နွေးထွေးသွားခဲ့သည်။ ဆောင်းရာသီတွင် တစ်စုံတစ်ယောက်၏ ထွေးပွေ့မှုဖြင့် အိပ်ရသည်မှာ သက်သောင့်သက်သာ ရှိလှသဖြင့်၊ သူမလည်း ထပ်မမေးတော့ဘဲ ပြန်လည် အိပ်ပျော်သွားတော့သည်။
သို့သော် သူမ မသိရှိသည်မှာ - နင်ချန်သည် ချန်းရှိုးရီ၏ အဆောင်တွင် အလွန် စိတ်မချမ်းမြေ့စရာ ကောင်းသော အိပ်မက်တစ်ခုကို မက်ခဲ့သဖြင့် မနက်စောစော ပြေးလာခဲ့ခြင်း ဖြစ်ကြောင်းပင်။
အိပ်မက်ထဲတွင် ယဲ့ယွင်သည် နင်ချန်က ချန်းရှိုးရီအား အလွန်အမင်း မျက်နှာသာ ပေးနေသဖြင့် ဒေါသထွက်ကာ၊ တံခါးပိတ်၍ သူ့အား လုံးဝ အတွေ့မခံတော့ပေ။ သူသည် လူလွှတ်၍ ကျောက်ချွန်းဆောင်၏ တံခါးကို အတင်း ဖွင့်ခိုင်းလိုက်သော်လည်း၊ အထဲတွင် ဖုန်မှုန့်များနှင့် ပင့်ကူအိမ်များသာ ပြည့်နှက်နေပြီး လူနေသည့် ပုံစံမျိုး မဟုတ်တော့ပေ။ ထိုနေရာတွင် အိုမင်းလှသော နန်းတွင်းသူ တစ်ဦးတည်းသာ တုန်တုန်ရီရီဖြင့် သူ့အား ဂါရဝပြုနေသည်။
သူက ယဲ့ယွင်အကြောင်း မေးသောအခါ၊ ထိုနန်းတွင်းသူအိုကြီးက နားမလည်သလို ကြည့်ကာ - ‘မင်ကျောင်းယွမ် ကွယ်လွန်သွားတာ ကြာပါပြီ’ ဟု ပြန်ဖြေသည်။ စတုတ္ထမင်းသား ဘယ်မှာလဲဟု ထပ်မေးပြန်သောအခါ - ‘ငယ်စဉ်ကပင် မိခင် ဆုံးရှုံးခဲ့ရပြီး နန်းတွင်း တိုက်ပွဲများကြားတွင် သေဆုံးသွားခဲ့ပါပြီ’ ဟု ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။
နင်ချန်သည် ထိုအိပ်မက်ကြောင့် ချွေးစေးများ ထွက်ကာ လန့်နိုးလာခဲ့ပြီး၊ ဆက်၍ လှဲမနေနိုင်တော့ဘဲ ကျောက်ချွန်းဆောင်သို့ မဆိုင်းမတွ ပြေးလာခဲ့ခြင်း ဖြစ်သည်။
အိပ်မက်တစ်ခုသာ ဖြစ်သော်လည်း သူ တကယ်ကို ကြောက်လန့်နေခဲ့မိသည်။ ဤအမျိုးသမီး၏ မည်သည့် အချက်ကို သူ ချစ်နေမိသနည်း သူကိုယ်တိုင်ပင် မသိပေ။ သူမ၏ ထက်မြက်မှုလား၊ သို့မဟုတ် သူမသည် သာမန် အမျိုးသမီးများကဲ့သို့ ရှေးရိုးမစွဲဘဲ ပွင့်လင်းလွန်း၍လား။ မည်သို့ပင်ဖြစ်စေ သူမ မိမိဘေးမှ ထွက်ခွာသွားမည်ကို သူ လုံးဝ မခံစားနိုင်ပေ။
ထို့ကြောင့် ထူးဆန်းလှသော အိပ်မက်တစ်ခု၏ လွှမ်းမိုးမှုအောက်တွင်၊ ပုံမှန်အားဖြင့် တည်ငြိမ်လှသော ငယ်ရွယ်သည့် ဧကရာဇ်သည် လုံးဝ မတည်ငြိမ်သော ကိစ္စတစ်ခုကို လုပ်ဆောင်ခဲ့လေသည်။ မိုးမလင်းမီ၊ နှင်းများကြားတွင် အခြားသော ကိုယ်လုပ်တော်ကို ပစ်ထားခဲ့ကာ၊ ကျောက်ချွန်းဆောင်သို့ ပြေးလာပြီး ‘မင်နတ်သမီးလေး’ ဘေးတွင် နာရီဝက်ခန့် လှဲနေရန်သာ သူ အလိုရှိခဲ့ခြင်း ဖြစ်တော့သည်။
မှန်ပါသည်... ဘေးလူများ အနေနှင့်မူ ၎င်းမှာ မနာလိုစရာ သို့မဟုတ် ကြည်နူးစရာ အပြုအမူဟု ထင်ကောင်းထင်နိုင်သော်လည်း၊ အကယ်၍ ယဲ့ယွင်သာ ‘ဤခွေးယောကျာ်းသည် နှစ်သစ်ကူးနေ့မှာတင် မိမိနှင့် သားဖြစ်သူ သေဆုံးသွားကြောင်း အိပ်မက်မက်နေသည်’ ဟု သိသွားခဲ့လျှင်တော့၊ ဒေါသဖြေရန် သူ့အား သေသေချာချာ ရိုက်နှက်ပေလိမ့်မည်။ ထို့ကြောင့်လည်း နင်ချန်သည် ဘာကြောင့် ထိုနေ့က ထိုသို့ လုပ်ခဲ့ရတာလဲ ဆိုသည်ကို ယဲ့ယွင်အား တစ်ဘဝလုံး ထုတ်မပြောခဲ့ခြင်း ဖြစ်တော့သည်။
***