အခန်း (၃၇၇-၃၇၈)
Vol. 24 Ch. 377-378
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-377
အခန်း ၃၇၇ ။ ဆိုင်းငံ့ခြင်း
ထိုက်ကွေ့ဖေးသည် ဖိန်ဝမ်ကို မွေးဖွားခဲ့သူဖြစ်သောကြောင့်အမှန်တကယ်ပင် ရိုသေထိုက်သော အကြီးအကဲ တစ်ဦး ဖြစ်ပေသည်။
“လူလွှတ်ပြီး ဒုတိယအစ်ကို (ဖိန်ဝမ်) ကို အကြောင်းကြားလိုက်ပါ”
နင်ချန်သည် အဝတ်အစားလဲရန် ထရပ်ရင်း အမိန့်ပေးလိုက်သည်။ ယွမ်ကျိုက ထူးလိုက်ပြီး ဟွိုက်အန်းကို သွားရောက် စီစဉ်ခိုင်းလိုက်တော့သည်။
ယဲ့ယွင်သည်လည်း မဖြစ်မနေ ထရပ်ကာ ချီအန်းနန်းဆောင်သို့ အတူလိုက်ပါသွားရသည်။ နတ်ရွာစံသူမှာ မိမိထက် အဆင့်မြင့်သော အကြီးအကဲဖြစ်သဖြင့် ဒူးထောက်ရန် မလိုသော်လည်း ဝမ်းနည်းကြောင်း ဂါရဝပြုရန်တော့ လိုအပ်ပေသည်။
ယောင်မိသားစုဝင်များနှင့် ပတ်သက်လျှင် ယဲ့ယွင်ကတော့ ရင်းနှီးလိုစိတ် မရှိပေ။ ယခင်က ယောင်ရှန်း နှင့် ယောင်မိသားစု လုပ်ဆောင်ခဲ့သမျှ ကိစ္စများတွင် ထိုက်ကွေ့ဖေး ပါဝင်ပတ်သက်ခြင်း မရှိဟု သူမ မယုံကြည်ပေ။ သို့သော် ယခု လူမှာ ကွယ်လွန်သွားပြီဖြစ်ရာ ဆက်လက် အပြစ်ရှာရန်တော့ စိတ်ကူးမရှိတော့ပေ။ နက်နဲလှသော နန်းတွင်းထဲ၌ ပိတ်လှောင်ခံထားရသည့် သနားစရာ လူသားများသာ ဖြစ်ကြပေသည်။
တစ်နာရီပင် မပြည့်မီမှာပင် ချီအန်းနန်းဆောင် တစ်ခုလုံး မီးများ လင်းထိန်သွားတော့သည်။ ထိုက်ကွေ့ဖေး၏ နာရေးကိစ္စအတွက် နန်းတွင်းရေးရာဌာနမှ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ရာ၊ ယခုအခါ စနစ်တကျ စီစဉ်နေကြခဲ့သည်။
ဖိန်ဝမ်နှင့် သူ၏ ကြင်ယာတော် ဝမ်ဖေးတို့ ရောက်ရှိလာကြပြီး၊ ထိုက်ကွေ့ဖေး၏ အိပ်ရာဘေးတွင် ဒူးထောက်နေကြသည်။ တစ်ဦးမှာ မျက်နှာ ဖြူလျော်ကာ မျက်ဝန်းများ နီမြန်းနေပြီး၊ အခြားတစ်ဦးမှာမူ လက်ကိုင်ပဝါဖြင့် မျက်ရည်သုတ်နေကာ နှစ်ဦးသား အလွန်ပင် ဝမ်းနည်းပူဆွေးနေကြသည်။
“ဒုတိယအစ်ကို... စိတ်ဖြေပါဦး။ အနီးကပ် ပြုစုတဲ့ လီမားမားက ပြောတယ်။ ထိုက်ကွေ့ဖေးဟာ အေးအေးချမ်းချမ်းပဲ ထွက်ခွာသွားတာပါတဲ့” နင်ချန်က ဖိန်ဝမ်၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်သည်။ ဖိန်ဝမ်က အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
“အရှင်မင်းကြီးရဲ့ နှစ်သိမ့်မှုကို ကျေးဇူးတင်ပါတယ်။ မယ်တော်က ရောဂါဝေဒနာ ခံစားနေရတာ ကြာပါပြီ၊ အခုလို ထွက်ခွာသွားတာကလည်း သူမအတွက် လွတ်မြောက်ခြင်း တစ်မျိုးပါပဲ”
ထိုအချိန်တွင် ခန်းဝမ်လည်း ရောက်ရှိလာခဲ့သည်။ သူသည်လည်း ဘာမှမပြောဘဲ ဖိန်ဝမ်၏ ပုခုံးကို ပုတ်၍ အားပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ အမေမတူညီအစ်ကို သုံးဦးမှာ အမြဲတမ်း သင့်မြတ်ကြသည်မှာ ချီးကျူးစရာပင်။ ၎င်းမှာ ယခင်က ဧကရာဇ်ဟောင်း၏ ကျန်းမိဖုရားခေါင်ကြီးမှာ အလွန် အာဏာပြင်းထန်လွန်းပြီး၊ သူမ၏ သားကြီးကလည်း အခြားသော ကိုယ်လုပ်တော်များနှင့် မင်းသားများကို ဖိနှိပ်ထားခဲ့သဖြင့် အောက်ခြေမှ မင်းသားငယ်များမှာ ပို၍ ရင်းနှီးသွားခဲ့ကြခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ဧကရာဇ်ဟောင်းမှာ ရုတ်တရက် ကွယ်လွန်ခဲ့ပြီး၊ အမိန့်တော် တစ်စောင်တည်းဖြင့် နင်ချန်အား ဆက်ခံသူအဖြစ် သတ်မှတ်ခဲ့သဖြင့် သူတို့ သုံးဦးကြားတွင် ထီးနန်းလုရန် အကြောင်းမရှိခဲ့ပေ။ နင်ချန်သည်လည်း သူ၏ ညီအစ်ကိုများအပေါ် ကြင်နာတတ်သူဖြစ်ရာ ယနေ့တိုင် ချစ်ခင်နေကြခြင်း ဖြစ်သည်။
ထိုက်ကွေ့ဖေးသည် ဧကရာဇ်ဟောင်း၏ မယားငယ်ဖြစ်သဖြင့် နင်ချန်နှင့် သူ၏ ကိုယ်လုပ်တော်များက ဒူးထောက် ဂါရဝပြုရန် မသင့်တော်ပေ။ ထို့ကြောင့် ကိုယ်လုပ်တော်များ ဝမ်းနည်းကြောင်း ပြသပြီးနောက်တွင်၊ ဖိန်ဝမ်နှင့် သူ၏ ကြင်ယာတော်တို့သာ နေ့စဉ် နန်းတော်သို့ လာရောက်ကာ အလောင်းဘေးတွင် ဒူးထောက် ဂါရဝပြုကြရသည်။ အလောင်းထားရှိရာ နေရာမှာ ယင်းဟွာခန်းမဖြစ်၏။ နန်းတွင်းစည်းကမ်းအရ ထိုက်ကွေ့ဖေး၏ အလောင်းကို ခုနစ်ရက် ထားရှိပြီးမှသာ ဧကရာဇ်ဟောင်း၏ ကိုယ်လုပ်တော် ဂူသင်္ချိုင်းသို့ ပို့ဆောင်ရမည် ဖြစ်သည်။ ထိုခုနစ်ရက်အတွင်း နင်ချန်သည် နန်းတော်တစ်ခုလုံးအား ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်လတိုင်တိုင် အဝတ်ဖြူများ ဆင်ယင်ရန် အမိန့်ထုတ်ပြန်လိုက်သည်။
…….
ချီနင်နန်းဆောင်။
မယ်တော်ကြီးအား ပြုစုရန် အသစ်ရောက်လာသော နန်းတွင်းသူလေး၏ အမည်မှာ တိုက်မောက်ဖြစ်ပြီး အသက် သုံးဆယ်ကျော် ရှိပြီ ဖြစ်သည်။ သူမသည် အလွန် ပါးနပ်ထက်မြက်သူဖြစ်သည်။ ယခု ရောက်လာသော လူသစ်များထဲတွင် မယ်တော်ကြီးမှာ သူမ တစ်ဦးတည်းအပေါ်တွင်သာ နူးညံ့စွာ ဆက်ဆံသည်။
“ယောင်ချန်ဟွာ (ထိုက်ကွေ့ဖေး) သေပြီလား”
နောက်တစ်နေ့ နံနက်တွင် အစေခံများက ထိုသတင်းကို ပြောပြခဲ့သည်။ အရှင်မင်းကြီးက မယ်တော်ကြီးအား အပြင်ကိစ္စများဖြင့် စိတ်မညစ်စေရန် မှာကြားထားသော်လည်း၊ ဤကဲ့သို့သော သတင်းကိုတော့ အသိပေးရမည် မဟုတ်လား။ တိုက်မောက်က မယ်တော်ကြီးအား ဆံပင်ဖြီးပေးရင်း ခပ်တိုးတိုး ပြန်ဖြေခဲ့သည်။
“ဟုတ်ပါတယ်၊ မနေ့ညက ကွယ်လွန်သွားတာပါ။ အခုတော့ အလောင်းကို ယင်းဟွာခန်းမကို ပို့ထားပါပြီ။ နန်းတော်တစ်ခုလုံးလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်ဖြူတွေ ဆင်ထားပါတယ်”
မယ်တော်ကြီးမှာ ခနမျှ မှိုင်တွေသွားရသည်။ နန်းတွင်း၌ လူသေသည်မှာ မဆန်းသော်လည်း၊ သူမနှင့် သက်တူရွယ်တူ ထဲတွင်တော့ ယောင်ထိုက်ကွေ့ဖေးမှာ ပထမဆုံးပင်။ နန်းတက်စတွင် ကလေးမရခဲ့သော အခြားသော ကိုယ်လုပ်တော်များကို ဧကရာဇ်ဟောင်း၏ ဂူသင်္ချိုင်းအနီးရှိ နန်းဆောင်များသို့ ပို့ဆောင်လိုက်သဖြင့် မယ်တော်ကြီးမှာ သူတို့အကြောင်းကို မသိရှိတော့ပေ။ ယခု ယောင်ထိုက်ကွေ့ဖေး၏ သေဆုံးမှုက သူမအား များစွာ လှုပ်ခတ်သွားစေခဲ့သည်။
“ယောင်ရှီက အရင်က ဘယ်လောက်တောင် တော်ခဲ့သလဲဆိုတာ မင်းသိလား။ ကျန်းမိဖုရားခေါင်ကြီး ရက်စက် အာဏာပြင်းတုန်းက သူမ တစ်ယောက်တည်းပဲ ရင်ဆိုင်ရဲတာ။ အခုတော့... ငါ့ထပ်အရင် သေသွားရှာပြီ”
မယ်တော်ကြီးသည် မှန်ထဲမှ သူမ၏ တွန့်လိပ်နေသော မျက်နှာကို ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်နေမိသည်။ အရှင်မင်းကြီး နန်းတက်စတွင် သူမမှာ အလှမပျက်သေးသော်လည်း၊ ရှစ်နှစ်၊ ကိုးနှစ်အတွင်းမှာပင် အိုမင်းရင့်ရော်မှုများမှာ သိသာလှပေသည်။
“အရှင်မင်းကြီးက သိတတ်ပါတယ်။ ကောင်းမွန်တဲ့ အစားအသောက်၊ အဝတ်အထည် မှန်သမျှကို ချီနင်နန်းဆောင်ကို အကုန် ပို့ပေးထားတာပဲ။ မယ်တော်ကြီး သေသေချာချာ ဂရုစိုက်ပြီး နေမယ်ဆိုရင် အသက်ရာကျော် ရှည်မှာပါ”
တိုက်မောက်က ပြုံးလျက် နောက်ဆုံးသော ဖီးနစ်ဆံထိုးကို ထိုးပေးလိုက်သည်။
“ကြည့်ပါဦး... မယ်တော်ကြီးက အခုထိ လှနေတုန်းပါပဲ။ တည်ငြိမ်ပြီး အရှိန်အဝါ ရှိလှပါတယ်”
မယ်တော်ကြီးမှာ သူမ၏ စကားကြောင့် မှန်ထဲသို့ ထပ်မံ ကြည့်လိုက်မိသည်။ ဤနန်းတွင်းသူလေးမှာ အပြင်အဆင် အင်မတန် တတ်ကျွမ်းမှန်း သူမ ဝန်ခံရပေမည်။ အစပိုင်းတွင် သူမမှာ အလှမပြင်ချင်ဘဲ အခန်းထဲမှာပဲ အောင်းနေချင်ခဲ့သော်လည်း၊ တိုက်မောက်၏ ဖျောင်းဖျမှုကြောင့် အဝတ်အစားလဲခြင်း၊ ပန်းရေလောင်းခြင်း၊ အလှကြည့်ခြင်းတို့ ပြုလုပ်လာခဲ့ရာ စိတ်မှာလည်း ယခင်ကထက် ပို၍ ငြိမ်သက်လာခဲ့သည်။ ထို့ကြောင့်ပင် သူမသည် တိုက်မောက်အား လက်ခံလာခြင်း ဖြစ်၏။
“ပါးစပ်ကလည်း ချိုလိုက်တာ။ ကဲ... အိုက်ကျားနဲ့အတူ ထမင်းစားရအောင်။ ပြီးရင် ယင်းဟွာခန်းမကို လူလွှတ်ပြီး အိုက်ကျားကိုယ်စား ယောင်ရှီကို နောက်ဆုံး နှုတ်ဆက်ခိုင်းလိုက်ပါ”
မယ်တော်ကြီးက အေးဆေးစွာ ဆိုလိုက်သည်။
…..
နင်ချန်သည် မယ်တော်ကြီးက ထိုက်ကွေ့ဖေး၏ နာရေးသို့ လူလွှတ်ခဲ့ကြောင်း ကြားသောအခါ သူ့မျက်နှာတွင် ခံစားချက် အနည်းငယ် ပေါ်လာသည်။ နောက်ဆုံးတွင် သူ ဘာမှမပြောသော်လည်း၊ မယ်တော်ကြီးအား အမြဲ စစ်ဆေးပေးနေသော သမားတော်ကို ကျိုချန်နန်းဆောင်သို့ ခေါ်ယူကာ မေးမြန်းမှုအချို့ ပြုလုပ်ခဲ့သည်။ ဧကရာဇ်၏ လှုပ်ရှားမှု မှန်သမျှကို နန်းတွင်းရှိလူများက စောင့်ကြည့်နေကြရာ၊ မကြာမီမှာပင် ယဲ့ယွင်လည်း ထိုသတင်းကို သိရှိသွားခဲ့သည်။
“အရှင်မင်းကြီးက မယ်တော်ကြီးအပေါ် သံယောဇဉ် ရှိနေတုန်းပါပဲ” ယဲ့ယွင်က တိုးတိုးလေး ဆိုသည်။ သွေးသားရင်း ဖြစ်နေမှတော့ လုံးဝ ဖြတ်တောက်ရန် ခက်ခဲပေလိမ့်မည်။ ထိုက်ကွေ့ဖေး ကွယ်လွန်ခြင်းက မယ်တော်ကြီး၏ ကျန်းမာရေးကိုပါ ထိခိုက်မည်ကို နင်ချန် စိုးရိမ်နေခြင်း ဖြစ်ပေလိမ့်မည်။
ဟွေယွဲ့က နားမလည်စွာဖြင့် - “ဒါပေမဲ့ အရှင်မင်းကြီးက ချန်မိသားစုကို အမြဲ သတိထားနေတာ မဟုတ်လားဟင်”
“အရှင်မင်းကြီးအတွက်တော့ ချန်မိသားစုက ချန်မိသားစုပဲ၊ မယ်တော်ကြီးက မယ်တော်ကြီးပဲ။ နှစ်ခုကို ရောထွေးလို့ မရဘူး” ယဲ့ယွင်က မျက်လွှာချလိုက်သည်။
“ပြီးတော့ အရှင်မင်းကြီးကလူတိုင်းကို
ပြဿနာရှာပြီး ရှင်းပစ်ရတာကို ဝါသနာပါတဲ့သူ မဟုတ်ပါဘူး။ ယင်းကော်ကုန်းကသာ မလိူအပ်ပဲရည်မှန်းချက် အရမ်းကြီးနေလို့။”
နင်ချန် နန်းတက်စတွင် ချန်မိသားစုကို အားကိုးခဲ့ရသည်မှာ အမှန်ပင်။ သို့သော် ယင်းကော်ကုန်းမှာ ‘အချိန်တန်လျှင် ဆုတ်ခွာရမည်’ ဆိုသည်ကို နားမလည်ခဲ့ပေ။ သူသည် အမတ် ထက်ဝက်ကျော်ကို စည်းရုံးကာ ဧကရာဇ်၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးရန် အမြဲ ကြိုးစားခဲ့သည်။ နင်ချန်မှာ မိုက်မဲသော ဘုရင်မဟုတ်သဖြင့် ၎င်းကို ခွင့်မပြုနိုင်ပေ။
သို့သော် နင်ချန် အမုန်းဆုံးအချက်မှာ ယင်းကော်ကုန်းက မယ်တော်ကြီးကို မြှူဆွယ်ကာ မိမိ၏ အကျိုးစီးပွားအတွက် အသုံးချခိုင်းခြင်းပင် ဖြစ်သည်။ နင်ချန်၏ သိတတ်မှုကို အသုံးချကာ နိုင်ငံ့အာဏာကို ခြယ်လှယ်ရန် ကြိုးစားခြင်းမှာ မည်သည့် ဘုရင်မှ ခွင့်မပြုနိုင်သော ကိစ္စပင်။ လောဘကြီးသူများမှာ လက်ကို ရုပ်သိမ်းရန် မသိသဖြင့်၊ သူတို့၏ လက်များကို ဖြတ်တောက်ရန်သာ ရှိတော့သည်။
ယဲ့ယွင်သည် နိုင်ငံရေးကိစ္စများကို ဆက်မပြောတော့ဘဲ အခြားတစ်စုံတစ်ခုကို သတိရသွားသည်။
“ထိုက်ကွေ့ဖေး ကွယ်လွန်သွားပြီဆိုတော့၊ နန်းတွင်းမှာ ခဏတော့ မင်္ဂလာပွဲတွေ ရှိမှာမဟုတ်ဘူး ထင်တယ်”
“ဟုတ်လောက်ပါတယ်၊ အရှင်မင်းကြီးက တစ်လတိုင်တိုင် ဝမ်းနည်းခြင်း အထိမ်းအမှတ် လုပ်ခိုင်းထားတာဆိုတော့၊ အနည်းဆုံး သုံးလလောက်တော့ တားမြစ်ထားမှာပါ” ဟွေယွဲ့က ဖြေသည်။
ဘေးမှ နန်ကျစ်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
“ဒါဆိုရင် လူသစ်တွေ ဝင်လာမယ့်ကိစ္စက နောက်ဆုတ်သွားမှာပေါ့နော်”
“သေချာတာပေါ့” ယဲ့ယွင်က ပြုံးလိုက်သည်
“အစင ၃လပိုင်းလောက်မှာ ဝင်လာမယ်လို့ ထင်ထားတာ၊ ချင်ဝမ်ရုန် ကလေးမွေးမယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေတော့ မင်္ဂလာနှစ်ထပ်ပေါ့။ အခုတော့ ၇လပိုင်း၊ ၈လပိုင်းလလောက်မှပဲ ဝင်လာရတော့မှာပေါ့”
“မဝင်လာရင် ပိုကောင်းတာပေါ့” နန်ကျစ်က နှုတ်ခမ်းဆူကာ ညည်းတွဲလိုက်သည်။
ယဲ့ယွင်ကတော့ ဂရုမစိုက်သလို လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။
“အရှင်မင်းကြီးက ငယ်ပါသေးတယ်။ ဒီနှစ်မှာ ရွေးချယ်ပွဲ မလုပ်တာတင် အတော်လေး ထိန်းထားတယ်ဆိုရအယ်။ အကယ်၍ လူအနည်းငယ်ကိုမှ မရွေးခဲ့ရင်၊ အမတ်တွေရဲ့ အတင်းပြောသံတွေက အရှင်မင်းကြီးကို မြုပ်သွားစေနိုင်တယ်”
သားသမီး များပြားခြင်းကို ဂုဏ်ယူသော ဤခေတ်ကာလတွင် တော်ဝင်မိသားစု၌ ကလေးများလေ ပိုကောင်းလေဟု ယူဆကြသည်။ ယခုတစ်ကြိမ်တွင် နန်းတွင်းသို့ ဝင်လာရန် သတ်မှတ်ထားသော နှစ်ဦးမှာ မိသားစုဂုဏ် အတော်အတန် မြင့်မားကြသူများ ဖြစ်သည်။ တစ်ဦးမှာ တောင်ဘက်မှ စာပေပညာရှင် မိသားစုကျန်းစွန်း၏ တရားဝင် သမီးပျိုဖြစ်ပြီး၊ အခြားတစ်ဦးမှာ ကျန်းနင်မြို့မှ ရွှီမိသားစု၏ သမီးပျို ဖြစ်သည်။ ပထမတစ်ဦး၏ အဘိုးမှာ ဧကရာဇ်ဟောင်း၏ မင်းဆရာဖြစ်ခဲ့ဖူးသလို၊ ဒုတိယတစ်ဦး၏ ဝမ်းကွဲအစ်မမှာ ခန်းဝမ်ကြင်ယာတော် ဖြစ်နေသည်။
နှစ်ဦးစလုံးမှာ လွယ်ကူသော သူများ မဟုတ်ကြပေ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
အခန်း ၃၇၈ ။ လှိုင်းထန်ခြင်း
“အို... နန်းတော်ထဲမှာ လူအသစ်တွေပဲ တစ်သုတ်ပြီးတစ်သုတ် ဝင်နေတာ၊ ကျွန်တော်မျိုးမတော့ စိတ်မအေးနိုင်ဘူး။ မယ်မယ်လည်း နောက်ထပ် တော်ဝင်ရင်သွေးတစ်ပါး ထပ်ရမှ ဖြစ်မယ်” ဟု နန်ကျစ်က သက်ပြင်းချလိုက်သည်။
ယခုအခါ ယဲ့ယွင်မှာ ‘ကျောင်းရီ’ ဖြစ်လာပြီဖြစ်ရာ အစေခံများက ‘မယ်မယ်’ ဟု ပြောင်းလဲခေါ်ဝေါ်နေကြပြီဖြစ်သည်။
“ငါက တမင်တကာ ရှောင်နေတာမှ မဟုတ်တာ။ ကိုယ်ဝန်မရှိသေးတာကို ဘယ်တတ်နိုင်ပါ့မလဲ၊ သဘာဝအတိုင်းပဲ ဖြစ်ပါစေ” ယဲ့ယွင်က ပြုံးလျက် ဆိုသည်။
ထို့အပြင် စတုတ္ထမင်းသားလေးက ငယ်သေးသဖြင့် သူမ အာရုံနောက်ပြီး နောက်ထပ် ကိုယ်ဝန်တစ်ခု မယူချင်သေးပေ။ လောလောဆယ်တွင် အရေးကြီးဆုံးမှာ ဤသားဦးလေးကို ဘေးကင်းလုံခြုံစွာ ကြီးပြင်းအောင် ပြုစုပျိုးထောင်ရန်သာ ဖြစ်သည်။ နင်ချန်က ငယ်ရွယ်သေးသဖြင့် နောင်တွင် သားသမီးများစွာ ရှိလာဦးမည်မှာ သေချာသည်။ မင်းသားများ များလာလေလေ၊ ပြိုင်ဆိုင်မှုများ ပိုပြင်းထန်လာလေ ဖြစ်ပေလိမ့်မည်။
“ကဲပါ... အချိန်တန်ရင် ရှိလာမှာပါ။” ယဲ့ယွင်က အင်္ကျီလက်ကို မလျက် ထရပ်လိုက်သည် - “စတုတ္ထမင်းသားကို သွားခေါ်လိုက်တော့၊ တစ်မနက်လုံး လျှောက်ဆော့နေတာ။ ရေလေးဘာလေး တိုက်ပြီး နေ့လည်စာ စားရအောင်”
မကြာမီမှာပင် စတုတ္ထမင်းသားလေးနှင့် ညန်ကောင်းတို့ တစ်ဦးနောက်တစ်ဦး ပြေးလွှားဝင်လာကြသည်။ ထိုက်ကွေ့ဖေး၏ ဝမ်းနည်းခြင်းကာလ ဖြစ်သဖြင့် သူတို့ကို အဝေးကြီး မသွားခိုင်းဘဲ အနီးအနားတွင်သာ ဆော့ကစားစေခဲ့ခြင်း ဖြစ်၏။
ပိုင်ရှုက မင်းသားလေးကို ရေတိုက်သလို၊ ညန်ကောင်းကိုလည်း ရေတိုက်သည်။ သေးငယ်သော သက်ရှိနှစ်ဦးစလုံး ရေဝအောင် သောက်ကြ၏။ ရေသောက်ပြီးနောက် စတုတ္ထမင်းသားလေးသည် မိခင်ဖြစ်သူ၏လက်ကို မဆိုင်းမတွပင် လှမ်းဆွဲလိုက်သည်။
“မေမေ... ကျင့်အာ စာသင်ချင်တယ်!”
ယဲ့ယွင် ထူးဆန်းသွားသည်။ ပုံမှန်အားဖြင့် သူမကိုယ်တိုင် ပုံပြင်စာအုပ်လေးများဖြင့် စာလုံးသင်ပေးနေပါလျက်၊ ဘာကြောင့် ယနေ့မှ ရုတ်တရက် ဤသို့ ပြောရတာလဲ။
ပိုင်ရှုက အလျင်အမြန် ရှင်းပြသည် - “ခုနက မင်းသားလေး အပြင်မှာ ဆော့နေတုန်း တတိယမင်းသား ကျောင်းဆင်းတာနဲ့ ဆုံတာပါ။ သခင်လေးနှစ်ပါး စကားအနည်းငယ် ပြောဖြစ်ကြတော့ မင်းသားလေးက အဲဒါကို မှတ်သွားပုံရပါတယ်”
ထိုအခါမှ ယဲ့ယွင် နားလည်သွားသည်။ သားဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ရင်း ရယ်မောလိုက်၏ - “တွက်ကြည့်ရင် မင်းက ဒီနှစ် ၅လပိုင်းမှာ သုံးနှစ်ပြည့်တော့မှာဆိုတော့၊ တကယ်တမ်း ဆရာနဲ့ စာစသင်ရမယ့် အရွယ်ရောက်နေပြီပဲ။ ဒါပေမဲ့ မင်းက သနားစရာလေးပါပဲ၊ မင်းနဲ့အတူ စာသင်ဖော် မရှိဘူးလေ”
ရှေ့က မင်းသား သုံးပါးမှာ အသက်အရွယ် နီးစပ်သဖြင့် စုပေါင်း စာသင်နေကြသော်လည်း၊ စတုတ္ထမင်းသားလေးမှာမူ သူတို့ထက် အသက်အများကြီး ငယ်နေသဖြင့် တစ်ဦးတည်း ဖြစ်နေတော့သည်။ စတုတ္ထမင်းသားလေးကတော့ ထိုအကြောင်းများကို နားမလည်ဘဲ စားပွဲပေါ်မှ မုန့်ကို မြင်သည်နှင့် ပြေးသွားတော့ရာ၊ မိခင်ဖြစ်သူ ယဲ့ယွင်မှာသာ သားဖြစ်သူအတွက် မည်သည့်ဆရာကို ရှာပေးရမလဲဟု စဉ်းစားနေရတော့သည်။
ဤကိစ္စကို နင်ချန်နှင့်လည်း တိုင်ပင်ရပေမည်။ အမှန်တကယ်တွင် နင်ချန်သည် သူမထက်ပင် ကလေး၏ ပညာရေးကို ပို၍ ဂရုစိုက်နေပြီး လူရွေးချယ်နေခဲ့ပြီ ဖြစ်သည်။ ထိုဆရာမှာ ရှေ့က မင်းသား သုံးပါး၏ ဆရာများနှင့် အဆင့်အတန်း တူညီရန် လိုအပ်သည်။ မဟုတ်လျှင် ငယ်စဉ်ကတည်းက ခွဲခြားဆက်ဆံသည်ဟု အမတ်များကြားတွင် ဝေဖန်သံများ ထွက်ပေါ်လာနိုင်သောကြောင့် ဖြစ်၏။
သို့သော် ဤကိစ္စ မဆုံးဖြတ်ရသေးမီမှာပင် နန်းတော်၌ ပဉ္စမမြောက် မင်းသားလေးကို ကြိုဆိုလိုက်ရသည်။ ၃လပိုင်း (၁၂) ရက်နေ့တွင် ချင်ဝမ်ရုန်သည် ပဉ္စမမင်းသားလေးကို ဘေးကင်းစွာ ဖွားမြင်ခဲ့သည်။
သားဖွားခြင်း ကုသိုလ်ကြောင့် ချင်ရှီမှာ ‘မိန်ရန်’ အဖြစ် ရာထူးတက်ခဲ့သည်။ သို့သော် ဖင်အဆင့်အောက် ရောက်သူများသည် တော်ဝင်ရင်သွေးကို ကိုယ်တိုင်ပြုစုခွင့် မရှိသဖြင့်၊ ပဉ္စမမင်းသားအား မည်သူက ပြုစုမလဲဟူသော ကိစ္စက နန်းတွင်း၌ ထပ်မံ လှိုင်းထန်လာခဲ့သည်။ နင်ချန်ကိုယ်တိုင်လည်း ဆုံးဖြတ်ရခက်နေသဖြင့် လောလောဆယ်တွင် ချင်မိန်ရန်ကိုသာ အတူတူ စောင့်ရှောက်ခိုင်းထားပြီး၊ ချုံချွေ့နန်းဆောင်၌ ကျင်းသယ့်ဖေးအား အနည်းငယ် ဝိုင်းဝန်းကြည့်ရှုရန် မှာကြားထားခဲ့သည်။
…….
ကျိုချန်နန်းဆောင်။
ယဲ့ယွင်အား စာရေးကိရိယာများ ပြင်ဆင်ပေးရန်နှင့် အဖော်လုပ်ပေးရန် ခေါ်ထားခြင်းဖြစ်ရာ၊ တစ်နာရီကျော်ခန့် စာလွှာများကို အတူတူ စစ်ဆေးပြီးနောက် နှစ်ဦးသား လက်ဖက်ရည်သောက်ကာ အနားယူနေကြသည်။ ရုတ်တရက် ယွမ်ကျိုသည် အလောတကြီး ဝင်လာခဲ့သည်။
“အရှင်မင်းကြီး... ဝမ်ရှိုးယွမ်ဆီက သတင်းပို့လာပါတယ်။ မင်းသားကြီး ရုတ်တရက် လဲကျသွားလို့ပါတဲ့”
“အကောင်းအတိုင်း ရှိနေတာကို ဘာလို့ ဖျားတာလဲ” နင်ချန် မျက်မှောင်ကြုတ်သွားသည်။ ပဉ္စမမင်းသား မွေးဖွားလို့ တစ်ပတ်ပင် မပြည့်သေးမီ သားကြီးမှာ ဖျားနာသွားရခြင်း ဖြစ်၏။
ယွမ်ကျိုက ပြန်ဖြေသည် - “လွန်ခဲ့တဲ့ နှစ်ရက်က အအေးမိပြီး ချောင်းနည်းနည်း ဆိုးနေတာပါတဲ့။ ဒီနေ့ မနက်မှာတော့ ရုတ်တရက် ကိုယ်ပူတက်လာလို့ ဆေးတိုက်ပြီး အိပ်ခိုင်းထားတာပါ။ ခုနလေးတင် ဝမ်ရှိုးယွမ်က မင်းသားကြီးကို ဆန်ပြုတ်တိုက်ဖို့ သွားနှိုးတာ၊ လုံးဝ နှိုးလို့မရဘူးလို့ ဆိုပါတယ်”
“ကိုယ်ပူလွန်ပြီး သတိလစ်သွားတာလား မသိဘူး။ အရှင် မြန်မြန်သွားကြည့်ပါဦး” ယဲ့ယွင်က ဝင်ပြောလိုက်သည်။ သူမသည် ကိုယ်ပူကြီးခြင်း၏ အန္တရာယ်ကို ကောင်းကောင်း သိထားသူ ဖြစ်သည်။ ဆေးပညာ မထွန်းကားသော ဤခေတ်တွင် အဖျားတောက်လျှောက်တက်ခြင်းမှာ ဦးနှောက်ရောင်ခြင်း စသည်ဖြင့် အသက်အန္တရာယ် ရှိနိုင်သည် မဟုတ်လား။ မိခင်တစ်ဦး ဖြစ်လာသောကြောင့် ကလေးများ ဖျားနာခြင်းကို သူမ မကြားချင်တော့ပေ။
နင်ချန် ခေါင်းညိတ်ကာ ဟွိုက်အန်းကို သမားတော်ချုပ်ကျန်းကို သွားခေါ်ခိုင်းလိုက်ပြီး ယဲ့ယွင်ကို ခေါ်ကာ ချီရှန်းနန်းဆောင်သို့ ထွက်လာခဲ့သည်။ ရောက်သောအခါ ဝမ်ရှိုးယွမ်မှာ ရေအေးဝတ်ဖြင့် မင်းသားကြီး၏ ကိုယ်ပူကို အသည်းအသန် လျှော့ချပေးနေကာ အလွန်ပင် စိုးရိမ်ပူပန်နေပုံရသည်။
နင်ချန်က ကလေး၏နဖူးကို စမ်းကြည့်ရာ အလွန် ပူလောင်နေသည်ကို တွေ့ရ၏။ “ဘယ်ကတည်းက ပူလာတာလဲ”
“မနက်ပိုင်းကပါ၊ မနက်စာစားချိန်မှာ မင်းသားကြီးက နည်းနည်း နွမ်းနေသလိုပဲ။ ချန်းချဲ့ နဖူးစမ်းကြည့်တော့ ပူနေတာနဲ့ သမားတော်ခေါ်ပြပါတယ်။ သမားတော်ကတော့ အအေးမိတာမို့ ဆေးသောက်ပြီး အိပ်လိုက်ရင် ပျောက်မယ် ပြောပေမဲ့... အခု နေ့လည်တောင် မရောက်သေးဘူး ဒီလို ဖြစ်သွားရတာပါ” ဟု ဝမ်ရှိုးယွမ်က ငိုသံပါပါဖြင့် တင်ပြသည်။
မကြာမီ သမားတော်ချုပ် ကျန်း ရောက်လာသည်။ ရှန်ဖိန်ကျစ်မှာလည်း ဆေးသေတ္တာကို သယ်ကာ ဆရာဖြစ်သူနောက်မှ လိုက်ပါလာခဲ့သည်။ ကျန်းသမားတော်ကြီးက မင်းသားကြီးကို စမ်းသပ်ပြီးနောက် အအေးမိခြင်းကြောင့်ဖြစ်ကြောင်း အတည်ပြုသည်။
“မင်းသားကြီးရဲ့ ခန္ဓာကိုယ်က မူလကတည်းက အားနည်းပါတယ်။ အခု ၃လပိုင်းဆိုပေမဲ့ နွေဦးရဲ့ အအေးဓာတ်က ရှိနေတုန်းပဲ။ မနေ့ကလည်း မိုးတစ်နေကုန် ရွာထားတာဆိုတော့၊ မင်းသားကြီး မနက်စောစော စာသွားသင်ချိန်မှာ အအေးမိသွားတာ ဖြစ်နိုင်ပါတယ်။ မနက်က ပေးထားတဲ့ ဆေးနည်းကတော့ မှန်ကန်ပါတယ်၊ ဒါပေမဲ့ အဖျားကြီးနေတော့ နောက်ထပ် ဆေးနှစ်မျိုး ထပ်တိုးရပါမယ်။ ကျွန်တော်မျိုး အရင်ဆုံး ကိုယ်ပူကျအောင် လုပ်ပေးပြီးမှ ပြုစုစောင့်ရှောက်မယ့် ဆေးနည်းကို စီစဉ်ပါ့မယ်”
တော်ဝင်စည်းကမ်းအရ မင်းသားများသည် အသက် ခြောက်နှစ်ပြည့်လျှင် စာသင်ဆောင်သို့ သွားရောက် စာသင်ကြရသည်။ မင်းသားကြီးမှာ ယမန်နှစ်ကုန်က ခြောက်နှစ်ပြည့်ခဲ့သဖြင့် ယခုနှစ်တွင် စတင် စာသင်နေရပြီ ဖြစ်၏။ နေ့စဉ် နင်ချန် ညီလာခံတက်သည့် အချိန်ထက် နာရီဝက်ခန့်သာ နောက်ကျပြီး အလွန်စောစွာ ထရသဖြင့် ချမ်းအေးလှပေသည်။
“ဒါဆိုရင် စာသင်တာကို ခနရပ်ထားလိုက်ပါ။ မင်းသားကြီး နေပြန်ကောင်းမှ ဆက်သင်ကြတာပေါ့” နင်ချန်က ဆိုပြီးနောက် ကလေး အဖျားကျသည့်အထိ စောင့်ကြည့်ရန် ထိုင်လိုက်သည်။ ယဲ့ယွင်ကိုလည်း ပြန်မလွှတ်သဖြင့် သူမပါ အတူတူ ရှိနေခဲ့သည်။
သို့သော် ခဏအကြာတွင် ယဲ့ယွင်သည် အခန်းထဲ၌ တစ်ချက်တစ်ချက် အေးစိမ့်မှုကို ခံစားလိုက်ရသည်။ သူမ လိုက်ကြည့်လိုက်ရာ အတွင်းခန်းရှိ ပြတင်းပေါက်မှာ ဟနေပြီး လေများ တိုက်ဝင်နေသည်ကို တွေ့လိုက်ရ၏။
“နန်ကျစ်... သွားပြီး အဲဒီပြတင်းပေါက်ကို အသေပိတ်လိုက်စမ်း။ မင်းသားကြီးက အအေးမိနေတာကို ဒီလို လေဝင်နေရင် ဘယ်ဖြစ်ပါ့မလဲ။ ငါတောင် အဝတ်တွေ ထူထူဝတ်ထားတာတောင် အေးတယ်လို့ ခံစားနေရတာကို”
နန်ကျစ်က ချက်ချင်းပင် သွားပိတ်လိုက်သည်။ ဝမ်ရှိုးယွမ်မှာ မျက်နှာ ပျက်သွားကာ ထိတ်လန့်တကြား ထရပ်လိုက်သည် - “ချန်းချဲ့ ပေါ့ဆသွားလို့ပါ။ ခုနက အခန်းထဲမှာ မီးသွေးနံ့နဲ့ ဆေးနံ့တွေ မွှန်နေလို့ လေဝင်အောင် ဖွင့်ခိုင်းလိုက်တာ၊ ပြန်ပိတ်ဖို့ မေ့သွားခဲ့တာပါ”
နင်ချန်က လက်ယမ်းပြကာ - “နေပါစေ၊ မီးသွေးနံ့တွေကလည်း လူကို ဒုက္ခပေးနိုင်တာပဲ။ ဒါပေမဲ့ နောင်ကျရင် မင်းသားကြီးကို ပြုစုတဲ့ အစေခံတွေ ပိုပြီး သတိထားကြဖို့ ပြောထားလိုက်ပါ။ ဒီနေ့ မင်ကျောင်းရီ သတိထားမိလို့သာပေါ့၊ မဟုတ်ရင် မင်းသားကြီး ထပ်ပြီး အအေးပတ်သွားဦးမယ်”
ကျန်းသမားတော်ကြီး၏ ဆေးရည် ရောက်လာပြီး မင်းသားကြီး သောက်လိုက်မှသာ ကိုယ်ပူ သိသိသာသာ ကျသွားတော့သည်။ ကလေး နိုးလာပြီး ဆန်ပြုတ်တစ်ဝက်ခန့် သောက်ကာ ပြန်အိပ်ပျော်သွားသည်ကို မြင်မှသာ နင်ချန်နှင့် ယဲ့ယွင်တို့ ထွက်လာခဲ့ကြသည်။
နင်ချန်မှာ ညနေပိုင်းတွင် စာလွှာများ ဆက်ကြည့်ရဦးမည်ဖြစ်သလို၊ ယဲ့ယွင် တစ်မနက်လုံး ပင်ပန်းနေသည်ကို တွေးကာ သူမအား အဆောင်ပြန်၍ အနားယူစေခဲ့သည်။
သို့သော် ယဲ့ယွင် ကျောက်ချွန်းဆောင်သို့ ပြန်ရောက်သည်နှင့် နန်ကျစ်က ခုနက ချီရှန်းနန်းဆောင်တွင် သူမ တွေ့ရှိခဲ့သော ထူးဆန်းသည့် ကိစ္စတစ်ခုကို တိုးတိုးလေး လာပြောပြလေတော့သည်။
***