အခန်း (၃၈၁-၃၈၂)
Vol. 24 Ch. 381-382
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
အခန်း ၃၈၁ ။ သွေးပါသောသလိပ်ဟက်ခြင်း
အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားရာ ၄လပိုင်းသို့ ရောက်ရှိလာခဲ့သည်။
ချင်းမင်ပွဲတော်ပြီးနောက်၊ နန်းတွင်းသို့ မိန်းကလေးအသစ်များ ဝင်လာမည့်ကိစ္စနှင့် ပတ်သက်၍ နင်ချန်က နောက်ဆုံးတွင် အမိန့်ထုတ်ပြန်လိုက်သည်။ ၇လပိုင်းကုန်တွင် နန်းတော်သို့ ဝင်ရန် သတ်မှတ်လိုက်ပြီး ရာထူးဘွဲ့အမည်များကိုပါ တစ်ခါတည်း သတ်မှတ်ပေးလိုက်၏။
စူးကျိုးမြို့မှ ကျန်းစွန်းမိသားစုဝင်အား ‘ယင်းချိုက်ရန်’ အဖြစ် ဘွဲ့နှင်းအပ်နှံပြီး၊ ကျန်းနင်မြို့မှ ရွှီမိသားစုဝင်အား ‘ချိုက်ရန်’ အဖြစ်သာ ခန့်အပ်သော်လည်း ဘွဲ့နာမည် မပေးခဲ့ပေ။ ဤသည်မှာ အဆင့်အတန်း ကွာခြားမှုကို ပြသလိုက်ခြင်းဖြစ်ပြီး၊ အရှင်မင်းကြီးသည် ကျန်းစွန်းမိသားစုကို ပို၍ အလေးထားကြောင်း သိသာလှပေသည်။
လူသစ်နှစ်ဦး မကြာမီ ဝင်လာတော့မည်ကို တွေးမိကာ လူအများမှာ စိတ်မသက်မသာ ဖြစ်နေကြသော်လည်း၊ ထိုကိစ္စကို ကြာရှည် စိတ်မညစ်လိုက်ရပေ။ ချီရှန်းနန်းဆောင်တွင် ထပ်မံ ပြဿနာတက်လာပြန်သည်။
ချင်းမင်ပွဲတော်၏ မိုးဖွဲလေးများ ရွာသွန်းပြီးနောက် မင်းသားကြီး၏ ရောဂါမှာ ပိုမို ဆိုးရွားလာခဲ့သည်။ ယခုတစ်ကြိမ်တွင် ပို၍ပင် စိုးရိမ်ရပြီး၊ သူသည် အဆက်မပြတ် ချောင်းဆိုးနေရုံတင်မကဘဲ၊ မနက်ပိုင်း ဆေးသောက်ပြီး နာရီဝက်ခန့်အကြာတွင် သွေးပါသော သလိပ်များကိုပင် ဟက်ထုတ်လာခဲ့သည်။
နင်ချန်၏ မျက်နှာမှာ ဒေါသကြောင့် မှောင်ကျသွားကာ၊ မင်းသားကြီးအား ကုသပေးနေသော သမားတော်ချုပ် ကျန်း နှင့် ရှန်ဖိန်ကျစ်တို့ကို ချက်ချင်း ခေါ်ယူ စစ်ဆေးတော့သည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ။ အရင်ရက်က အခြေအနေ တည်ငြိမ်နေပြီ မဟုတ်လား။ ဘာလို့ အခုမှ ရုတ်တရက်ကြီး ဒီလောက်အထိ ဆိုးရွားသွားရတာလဲ!”
သမားတော်ချုပ် ကျန်းမှာလည်း နားမလည်နိုင်ဘဲ မျက်မှောင်ကြုတ်လျက် - “အကျိုးအကြောင်းအရဆိုရင် ဒါမျိုး မဖြစ်သင့်ပါဘူး။ ကျွန်တော်မျိုးရဲ့ ဆေးနည်းကတော့ လုံးဝ မမှားနိုင်ပါဘူး” ဟု လျှောက်တင်သည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုး နေ့တိုင်း မင်းသားကြီးအတွက် ဆေးလာပို့ရင် သေသေချာချာ စစ်ဆေးသလို၊ နေ့တိုင်းလည်း သွေးခုန်နှုန်း စမ်းသပ်ပါတယ်။ ရောဂါက တကယ်ပဲ ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ ရှိနေခဲ့တာပါ။ သမားတော်ချုပ်ကလည်း နှစ်ရက်တစ်ခါ လာကြည့်တော့ အဖြေက အတူတူပါပဲ။ အခုလို ရုတ်တရက် ဖောက်ပြန်လာတာကတော့... ဘာကြောင့်လဲဆိုတာ ကျွန်တော်မျိုး တကယ်ပဲ စဉ်းစားမရတော့ပါဘူး” ဟု ရှန်ဖိန်ကျစ်က ရှေ့တိုး၍ လျှောက်တင်သည်။
နင်ချန်က သူ့မျက်ဝန်းများကို မှေးစင်းကာ ရှန်ဖိန်ကျစ်ကို တစ်ချက် ကြည့်လိုက်သည်။
“မင်းရဲ့ ဆိုလိုရင်းက... သမားတော်ဆောင်က ထွက်လာတဲ့ ဆေးရည်မှာ ပြဿနာ မရှိဘူး၊ မင်းသားကြီးရဲ့ ရောဂါ ဖောက်ပြန်တာက တခြား တစ်နေရာရာမှာ ပြဿနာ ရှိနေတယ်လို့ ပြောချင်တာလား”
“ကျွန်တော်မျိုး မပြောဝံ့ပါဘူး။ ဒါပေမဲ့ မင်းသားကြီးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်နေတော့၊ အဘက်ဘက်ကနေ တွေးကြည့်မိရုံပါ” ဟု ရှန်ဖိန်ကျစ်က ခပ်တိုးတိုး ဆိုသည်။
နန်းတွင်းရှိ မနာလို လုပ်ကြံမှုများမှာ မနည်းလှပေ။ ထိုသို့ အပြောခံရမှတော့ နင်ချန်လည်း အခြားသော အတွေးများ ဝင်လာရတော့သည်။ ထိုအချိန်တွင် အတွင်းခန်း၌ မင်းသားကြီးအား ချော့သိပ်ပြီးနောက်၊ အပြင်ဘက်မှ အသံများ ကြားသဖြင့် ဝမ်ရှိုးယွမ်သည် မျက်ရည်များကို သုတ်ရင်း ထွက်လာခဲ့သည်။
သူမသည် ရှိုက်ကြီးတငင် ငိုကြွေးလျက် နင်ချန်၏ရှေ့တွင် ဒူးထောက်လိုက်တော့သည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုးမက ကိုယ်ဝန်ပျက်ကျပြီးကတည်းက နောက်ထပ် ကလေး မရနိုင်တော့ပါဘူး။ မင်းသားကြီးကို ပြုစုခွင့်ရတာဟာ ဘဝပေါင်းများစွာက ကုသိုလ်ကြောင့် ရလာတဲ့ သားအဖ သံယောဇဉ်ပါ။ အရှင်မင်းကြီး... မင်းသားကြီးကို ကယ်ပေးပါဦး။ ကျွန်တော်မျိုးမမှာ ကလေးတစ်ယောက် ဆုံးရှုံးခဲ့ရပြီးပြီ၊ နောက်တစ်ယောက်ကိုတော့ ထပ်ပြီး မဆုံးရှုံးနိုင်တော့ပါဘူး!”
မင်းသားကြီးနှင့် ဝမ်ရှိုးယွမ်တို့မှာ သွေးသား မတော်စပ်သော်လည်း၊ သူမ ဤမျှအထိ သည်းထန်စွာ ငိုကြွေးနေသည်ကို မြင်ရသောအခါ၊ ဖခင်ဖြစ်သူ နင်ချန်၏ရင်ထဲတွင် ပို၍ပင် နာကျင်သွားရသည်။ သူက ယွမ်ကျိုအား မျက်ရိပ်ပြ၍ သူမအား ထူပေးခိုင်းလိုက်သည်။
“မစိုးရိမ်ပါနဲ့ဦး။ ဒီမှာ ကျန်း ရှိသလို သမားတော်တွေလည်း ရှိနေတာပဲ။ ရုန်အာကို ဘာမှ အဖြစ်မခံပါဘူး”
ပြောပြီးသည်နှင့် သူသည် မင်းသားကြီးကို ပြုစုနေသော နို့ထိန်းနှင့် အစေခံ အားလုံးကို ခေါ်ယူခိုင်းလိုက်သည်။ မင်းသားကြီး ဒီရက်ပိုင်းအတွင်း ဘာတွေစားခဲ့သလဲ၊ ဘာတွေ ကိုင်တွယ်ခဲ့သလဲ ဆိုသည်ကို သမားတော်များအား သေသေချာချာ မေးမြန်းခိုင်းလိုက်၏။ ဝမ်ရှိုးယွမ်မှာ ဘေးတွင် ထိုင်ကာ မျက်ရည်သုတ်နေရင်း၊ လက်ကိုင်ပဝါဖြင့် သူမ၏မျက်ဝန်းထဲမှ ထူးဆန်းသော အလင်းတန်းကို ဖုံးကွယ်ထားလိုက်သည်။
သမားတော်ချုပ် ကျန်းက အခြေအနေများကို တစ်ခုချင်း မေးမြန်းနေသလို၊ ရှန်ဖိန်ကျစ်မှာလည်း ဘေးမှနေ၍ အာရုံစိုက် နားထောင်နေသည်။ မင်းသားကြီး၏ နေထိုင်မှုနှင့် အစားအသောက်မှာ ပုံမှန်ပင်။ သို့သော် ရောဂါ ဆိုးရွားလာခြင်းမှာ အကြောင်းရင်း တစ်ခုခုရှိရမည်။ အကယ်၍ ချီရှန်းနန်းဆောင်ထဲက ပစ္စည်းတွေ မဟုတ်ဘူးဆိုရင်၊ ဒါဆိုရင်...
ရုတ်တရက် ရှန်ဖိန်ကျစ်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားကာ၊ သူ့ဦးနှောက်ထဲတွင် ရဲတင်းသော ခန့်မှန်းချက်တစ်ခု ဝင်လာခဲ့သည်။ သို့သော် သူသည် ယခုအချိန်တွင် ထွက်သွား၍ မရသဖြင့်၊ တံခါးအပြင်ဘက်တွင် စောင့်နေသော နန်းတွင်းသူလေးအား မျက်ရိပ်ပြလိုက်ရတော့သည်။
ထိုမိန်းကလေးမှာ နန်းတော်သို့ ဝင်လာသည်မှာ မကြာသေးပေ။ ယမန်နှစ်က အပြင်းအထန် ဖျားနာရာမှ ရှန်ဖိန်ကျစ်က ကယ်တင်ခဲ့ဖူးသဖြင့် သူမအား သူ့ဘေးတွင် အစေခံအဖြစ် ထားရှိခဲ့ကာ ‘ချန်ရှန်း’ ဟု အမည်ပေးထားခြင်းဖြစ်သည်။
ချန်ရှန်းသည် သမားတော်ရှန်၏အကြည့်ကို မြင်သောအခါ အစကတော့ ကြောင်သွားသော်လည်း၊ ချက်ချင်းပင် ရိပ်မိသွားကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။ ခနအကြာတွင် သူမသည် ကျောက်ချွန်းဆောင်သို့ ရောက်ရှိသွားခဲ့သည်။
…..
“မယ်မယ်... သမားတော်ရှန်က ကျွန်တော်မျိုးမကို လွှတ်လိုက်တာပါ။ ပြဿနာ တက်တော့မယ် ထင်တယ်!”
ယဲ့ယွင်သည် ဤမိန်းကလေးကို မြင်ဖူးသည်မှာ အကြိမ်ပေါင်း မနည်းလှသဖြင့်၊ သူမအား ထူပေးကာ အသေးစိတ် မေးမြန်းလိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ၊ ဖြည်းဖြည်းချင်း ပြောစမ်း။ စိတ်မပူနဲ့”
“ကျွန်တော်မျိုးမက တံခါးအပြင်မှာ ရပ်နေရတာဆိုတော့ အထဲက အကြောင်းစုံတော့ မသိပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးက အစေခံတွေကို ခေါ်ပြီး ဒီရက်ပိုင်း ဘာတွေစားခဲ့သလဲ ဆိုတာကို မေးနေပါတယ်။ အဲဒီနောက်မှာ သမားတော်ရှန်က ကျွန်တော်မျိုးမကို မျက်ရိပ်ပြလိုက်တာနဲ့၊ မယ်မယ့်ဆီကို ပြေးလာခဲ့တာပါ”
ချန်ရှန်းမှာ အလွန် စိုးရိမ်နေသဖြင့် အသံများပင် တုန်ယင်နေရှာသည်။ သူမသည် အသက် ၁၃ နှစ်သာ ရှိသေးသဖြင့် ကြောက်လန့်နေသည်မှာ သဘာဝပင်။ သို့သော် သမားတော်ရှန် မှာထားခဲ့သည့် ‘အကယ်၍ ဖြေရှင်းလို့မရတဲ့ ကိစ္စဖြစ်လာရင် မင်ကျောင်းရီ (ယဲ့ယွင်) ဆီ အမြန်သွားပါ’ ဟူသော စကားကိုတော့ သူမ မြဲမြဲ မှတ်ထားခဲ့သည်။
ယဲ့ယွင်သည် ထိုစကားများကို နားထောင်ပြီးနောက် သတင်းအချက်အလက် နည်းပါးနေသဖြင့် ခနမျှ စဉ်းစားနေမိသည်။ ရှန်ဖိန်ကျစ်နှင့် သမားတော်ချုပ် ကျန်းတို့၏ ပညာကို သူမ ယုံကြည်သည်။ ထို့ကြောင့် မင်းသားကြီး၏ ရောဂါဖောက်ခြင်းမှာ တစ်ခုခု မှားယွင်းနေသည်မှာ သေချာသည်။ အရှင်မင်းကြီးက အစားအသောက်ကို စစ်နေပြီဆိုမှတော့ အခြားနေရာမှာ ပြဿနာရှိနေသလားဟု သံသယ ဝင်နေခြင်း ဖြစ်ရမည်။ သို့သော် ရှန်ဖိန်ကျစ်က ဘာကြောင့် သူမဆီကို လူလွှတ်ရတာလဲ။
“နန်ကျစ်... ဒီရက်ပိုင်း ငါတို့ဆီကနေ ချီရှန်းနန်းဆောင်ကို ပစ္စည်းတစ်ခုခု ပို့တာ ရှိလား” ယဲ့ယွင်က လှည့်မေးလိုက်သည်။
“မရှိပါဘူး မယ်မယ်။ မယ်မယ်က အမြဲ သတိပေးထားလို့ ကျွန်တော်မျိုးမတို့ မျက်စိဒေါက်ထောက် ကြည့်နေတာပါ။ ဘာမှ အမှားအယွင်း မရှိပါဘူး” ဟု နန်ကျစ်က ပြတ်သားစွာ ဖြေသည်။
သူမတို့ဘက်က ပစ္စည်း မဟုတ်လျှင်၊ ရှန်ဖိန်ကျစ် စိုးရိမ်နေသည့် နေရာက ဘယ်မှာဖြစ်နိုင်သလဲ။
သမားတော်ဆောင်!
ဦးနှောက်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြတ်ပြေးသွားသည်နှင့် ယဲ့ယွင် ချက်ချင်းပင် အပြင်သို့ ပြေးထွက်လိုက်သည်။
“သွားကြစို့... သမားတော်ဆောင်ကို သွားမယ်။ မင်းသားကြီးအတွက် သုံးခဲ့တဲ့ ဆေးအကြွင်းအကျန် (ဆေးဖတ်) တွေကို သွားရှာရမယ်!”
ခုန်းချင်းက ခြေမြန်သူပီပီ အရှေ့မှ ပြေးထွက်သွားသည်။ ချန်ရှန်းသည်လည်း လိုက်ပါသွားခဲ့သည်။ သူမသည် ရှန်ဖိန်ကျစ်ဘေးတွင် အမြဲ ကူညီနေရသူဖြစ်သဖြင့် ဆေးကျိုခြင်းနှင့် ဆေးဖတ်များ သွန့်ပစ်သည့် နေရာကို ကောင်းကောင်း သိထားသောကြောင့် ဖြစ်၏။
…..
ထိုအချိန်တွင် ချီရှန်းနန်းဆောင် အတွင်း၌။
သမားတော် ကျန်းနှင့် ရှန်ဖိန်ကျစ်တို့သည် မင်းသားကြီး ကိုင်တွယ်နိုင်သမျှ ပစ္စည်း အားလုံးကို စစ်ဆေးသော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။ အခြေအနေမှာ ပိတ်မိနေတော့သည်။
ထိုအခါမှ ဝမ်ရှိုးယွမ်က တိုးတိုးလေး စကားစလာသည် - “အရှင်မင်းကြီး... စစ်ဆေးဖို့ ကျန်နေသေးတဲ့ အရာတစ်ခု ရှိပါသေးတယ်”
“ဘာလဲ” နင်ချန်က လှည့်ကြည့်သည်။
“မင်းသားကြီး သောက်ခဲ့တဲ့ ဆေးရည်ပါပဲ” ဝမ်ရှိုးယွမ်က ခပ်တိုးတိုး ဆိုပြီးမှ၊ ထရပ်ကာ ထပ်မံ ဒူးထောက်လိုက်သည် - “အရှင်မင်းကြီး... ကျွန်တော်မျိုးမအနေနဲ့ သမားတော်တွေရဲ့ ပညာကို သံသယရှိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆေးတွေကို ရက်ပေါင်းများစွာ သောက်နေတာတောင် မသက်သာတဲ့အပြင်၊ အခုဆို ပိုပြီးတော့တောင် ဆိုးလာတာဆိုတော့... အရှင်မင်းကြီးအနေနဲ့ သေသေချာချာ စစ်ဆေးပေးဖို့ တောင်းဆိုချင်ပါတယ်”
ဤစကားကြောင့် သမားတော် ကျန်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားရသည်။ သမားတော် တစ်ဦးအဖို့ မိမိ၏ပညာကို သံသယ အမေးခံရခြင်းမှာ အရှက်ရဆုံး ကိစ္စပင်။ အထူးသဖြင့် ဧကရာဇ်၏ ရှေ့မှောက်တွင်ဖြစ်သဖြင့် ပို၍ ဆိုးလှသည်။
သို့သော် မင်းသားကြီး၏ အသက်နှင့် ပတ်သက်နေသဖြင့် သမားတော်ချုပ် ကျန်းမှာ မကျေနပ်လျှင်ပင် အောင့်အီးထားရတော့သည်။ နင်ချန်သည်လည်း သားဖြစ်သူအတွက် စိုးရိမ်သဖြင့် လူလွှတ်ကာ သမားတော်ဆောင်မှ ဆေးဖတ်များကို ယူဆောင်လာခိုင်းလိုက်တော့သည်။
သမားတော် ကျန်းသည် ဆေးဖတ်များကို အနံ့ခံ စစ်ဆေးကြည့်လိုက်ရာ၊ တစ်ခဏချင်းမှာပင် မျက်နှာ ပျက်သွားခဲ့သည်။
“ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ။ အရှင်မင်းကြီး... ဒီဆေးဖတ်တွေထဲမှာ ‘ကျီစစ်’ တစ်မျိုး ပိုနေပါတယ်။ ဒီဆေးဟာ ခန္ဓာကိုယ်ထဲက ‘အသက်ဓာတ်’ ကို ဖျက်ဆီးတဲ့ ဆေးမျိုးပါ။ မင်းသားကြီးက မူလကတည်းက အားနည်းနေတာကို၊ ဒီဆေးကို သောက်မိရင် အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်!”
တစ်ခဏချင်းမှာပင် ဝမ်ရှိုးယွမ်၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားကာ၊ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာသည်။ ရုတ်တရက် သူမသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် နင်ချန်၏ ဝတ်ရုံတော်ကို လှမ်းဆွဲလိုက်တော့သည်။
“အရှင်မင်းကြီး... တစ်စုံတစ်ယောက်က မင်းသားကြီးကို တကယ် လုပ်ကြံနေတာပဲ! ဒီဆေးကို သမားတော်ရှန်ကိုယ်တိုင် ကျိုချက်ပြီး၊ ကိုယ်တိုင် လာပို့ပေးတာ မဟုတ်လား။ သမားတော်ရှန်... မင်းမှာ ဘယ်လို စိတ်ဓာတ် ရှိနေလို့လဲ။ ဘာလို့ မင်းသားကြီးကို လုပ်ကြံရတာလဲ။ မင်းကို ဘယ်သူက ခိုင်းစေတာလဲ!”
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
အခန်း ၃၈၂ ။ ဆုငွေအိတ်
နင်ချန် စကားမပြောရသေးမီမှာပင်၊ တံခါးအပြင်မှ ရင်းနှီးသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဝမ်ရှိုးယွမ်အနေနဲ့ စိုးရိမ်မနေပါနဲ့ဦး။ ကျွန်တော်မျိုးမမှာ ထူးခြားတဲ့ တွေ့ရှိချက်တစ်ခု ရှိပါတယ်။ အဲဒါက ရှိုးယွမ်ရဲ့ သံသယတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ် ထင်တယ်”
လူတိုင်း လှည့်ကြည့်လိုက်ကြရာ၊ ယဲ့ယွင်သည် အေးစက်သော မျက်နှာထားဖြင့် တံခါးဝမှ ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူမ၏နောက်တွင် ခုန်းချင်းက မိန်းမစိုးလေး တစ်ဦးအား ဖမ်းဆုပ်ခေါ်ဆောင်လာပြီး၊ အထဲရောက်သည်နှင့် ကြမ်းပြင်ပေါ်သို့ အတင်းဖိ၍ ဒူးထောက်ခိုင်းလိုက်တော့သည်။
"ကျောင်းရီမယ်မယ်... ဒါက ဘာသဘောလဲဟင်။ ဒီလူကကော ဘယ်သူလဲ" ဝမ်ရှိုးယွမ်၏ မျက်ဝန်းများ တုန်လှုပ်သွားသည်။
ယဲ့ယွင် ရုတ်တရက် ရောက်လာခြင်းက သူမအား အခြေအနေကို လက်ဦးမှု ရယူနိုင်စွမ်း မရှိအောင် လုပ်လိုက်သကဲ့သို့ပင်။
"ဒီလူက ဘယ်သူလဲဆိုတာ ခဏနေရင် သိရမှာပါ။ ချန်းချဲ့ အခုလို အပြေးအလွှား လာရတာက အရှင်မင်းကြီးကို တင်ပြစရာ ကိစ္စတစ်ခု ရှိလို့ပါ" ယဲ့ယွင်၏ အကြည့်မှာ အေးစက်နေပြီး လေသံမှာလည်း တည်ငြိမ်လှသည် - "ဝမ်ရှိုးယွမ်က မင်းသားကြီးအပေါ် ဒီလောက်အထိ ဂရုစိုက်နေတာဆိုတော့၊ ကျွန်တော်မျိုးမ တွေ့ခဲ့တဲ့အရာကို ရှိုးယွမ် တကယ် စိတ်ဝင်စားမှာ သေချာပါတယ်"
သူမ၏အရှိန်အဝါက အလွန်ပင် ဖိအားပေးနေသဖြင့် ဝမ်ရှိုးယွမ်သည် သတိမထားမိဘဲ အကြည့်ကို အသာအယာ လွှဲဖယ်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် ဝမ်ရှီ၏ ဦးနှောက်ထဲ၌ အစီအစဉ်များ စတင် ရှုပ်ထွေးလာခဲ့သည်။ ယဲ့ယွင်သည် ဤမျှအထိ ပြတ်သားစွာ ရောက်လာခြင်းက၊ အစီအစဉ်၏ အရေးကြီးဆုံး အပိုင်းသို့ ရောက်ခါစဖြစ်သော သူမအား စိုးရိမ်စိတ်များ ဝင်လာစေသည်။
သို့သော် ယဲ့ယွင်က သူမအား စကားပြောခွင့်မပေးဘဲ နင်ချန်အား တိုက်ရိုက် လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး... ချန်းချဲ့ ဒီနေ့ မနက်စာ စားပြီးနောက်ပိုင်း ဗိုက်ထဲက သိပ်မကောင်းတာနဲ့ သမားတော်ရှန်ကို ခေါ်ခိုင်းဖို့ လုပ်တာပါ။ ဒါပေမဲ့ သမားတော် ရှန်က ချီရှန်းနန်းဆောင်ကို ရောက်နေတယ် ဆိုတာနဲ့၊ ရာသီဥတုကလည်း သာယာနေတာမို့ လမ်းလျှောက်ရင်း သမားတော်ဆောင်ကို ကိုယ်တိုင် ဆေးသွားယူဖို့ ထွက်လာခဲ့တာပါ။ အဲဒီမှာ ဒီလူက စက္ကူထုပ်တစ်ခုကို ပိုက်ပြီး သမားတော်ဆောင်ကနေ ခိုးကြောင်ခိုးဝှက် ထွက်လာတာကို တွေ့လိုက်ရတယ်။ မေးမြန်းကြည့်တော့လည်း စကားတွေ ထစ်နေတာနဲ့ သံသယရှိလို့ ဖမ်းခိုင်းလိုက်ရာကနေ ဒါကို တွေ့ခဲ့တာပါ"
ပြောပြီးသည်နှင့် ဟွေယွဲ့က ရှေ့တိုးလာကာ စက္ကူထုပ်တစ်ခုကို ကမ်းပေးသည်။ ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် အနွေးဓာတ် ရှိနေသေးသော ‘ဆေးဖတ်’ (ဆေးအကြွင်းအကျန်) များ ရှိနေသည်ကို တွေ့ရ၏။
"သမားတော်ကျန်း... ဒါ ဘာတွေလဲဆိုတာ ကြည့်ပေးပါဦး" နင်ချန်က မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။
သမားတော်ချုပ် ကျန်းသည် အနားသို့ တိုး၍ အနံ့ခံ စစ်ဆေးကြည့်ရာ၊ ရုတ်တရက် နားမလည်နိုင်သလို မျက်မှောင်ကြုတ်သွားသည်။
"အရှင်မင်းကြီး... ဒီဆေးဖတ်တွေထဲက ဆေးမြစ်တွေဟာ ကျွန်တော်မျိုး မင်းသားကြီးအတွက် ဖော်ပေးထားတဲ့ ဆေးနည်းအတိုင်း တစ်ထပ်တည်း ကျနေပါတယ်"
ယဲ့ယွင်က ကြမ်းပြင်ပေါ်မှ လူကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး - "သမားတော် ကျန်းကို မေးပါရစေ။ အခု နန်းတွင်းမှာ မင်းသားကြီးနဲ့ တူညီတဲ့ ဆေးကို သောက်နေသူ ရှိပါသလား"
"မရှိပါဘူး" သမားတော် ကျန်းက ခေါင်းခါသည် - "မင်းသားကြီးက ခန္ဓာကိုယ် အားနည်းနေတာမို့ ကျွန်တော်မျိုးက အစွမ်းမပြင်းတဲ့ ဆေးမြစ်တွေကိုပဲ သုံးထားတာပါ။ သာမန်လူတွေအတွက်ဆိုရင် ဒီဆေးက အာနိသင်ပြဖို့ အရမ်း နှေးကွေးလွန်းလို့ မသင့်တော်ပါဘူး"
ခိုင်လုံသော အဖြေကို ရရှိပြီးနောက်မှ ယဲ့ယွင်က နင်ချန်အား ထပ်မံ လျှောက်တင်သည်။
"အရှင်မင်းကြီး... ဒီလူက မင်းသားကြီးရဲ့ ဆေးဖတ်တွေကို ဘာရည်ရွယ်ချက်နဲ့ ခိုးယူသွားတာလဲဆိုတာ တကယ်ကို သံသယဖြစ်စရာ ကောင်းလှပါတယ်။ ထပ်ပြီး ပြောရရင်... ဒီလူဟာ ချီရှန်းနန်းဆောင်က အလုပ်ကြမ်းလုပ်တဲ့ မိန်းမစိုးလေး ဖြစ်နေတာပါပဲ"
ယဲ့ယွင်မှာ နောက်ကျမှ ရောက်လာခြင်း ဖြစ်သဖြင့်၊ ခုနက ဝမ်ရှိုးယွမ်က ‘သမားတော် ရှန်က မင်းသားကြီးကို ဘာလို့ လုပ်ကြံတာလဲ’ ဟု အော်ဟစ်နေသည်ကိုသာ ကြားခဲ့ရပြီး၊ အစောပိုင်းက ကိစ္စများကို မသိသေးပေ။ သို့သော် သူမ ယူဆောင်လာသော ‘မှန်ကန်သည့် ဆေးဖတ်များ’ ကြောင့် နင်ချန်မှာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
၎င်းမှာ တစ်စုံတစ်ယောက်က ဆေးဖတ်များကို တမင်လဲလှယ်လိုက်ခြင်းဖြင့် သမားတော် ရှန်ဖိန်ကျစ်အား ထောင်ချောက်ဆင်ရန် ကြံစည်နေခြင်းပင်။
"ဝမ်ရှိုးယွမ်... ဒီကိစ္စကို မင်း ဘယ်လို ရှင်းပြချင်လဲ။ မင်းရဲ့လူက ဘာလို့ မင်းသားကြီးရဲ့ ဆေးဖတ်တွေကို ခိုးရတာလဲ" နင်ချန်၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မှောင်ကျသွားသည်။
အခန်းတွင်းရှိ လေထုမှာလည်း တစ်ခဏချင်း အေးခဲသွားသကဲ့သို့ပင်။ ဝမ်ရှိုးယွမ်၏ကိုယ်မှာ အနည်းငယ် တုန်ယင်လာခဲ့ပြီး၊ ဦးနှောက်ထဲတွင်လည်း အဖြေတစ်ခုကို အသည်းအသန် ရှာနေတော့သည်။ ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်သွားရတာလဲ။ သူမ၏ အစီအစဉ်အရ သမားတော် ရှန်ကို ဖယ်ထုတ်ထားချိန်တွင် သူမ၏လူက အထဲသို့ ခိုးဝင်၍ ဆေးဖတ်များကို လဲလှယ်ခဲ့ပြီးသားဖြစ်သည်။ လဲပြီးမှ အပြင်ထွက်ချိန်တွင် ဘာကြောင့် အဖမ်းခံရရတာလဲ။
တွေးနေရန် အချိန်မရှိတော့သဖြင့် သူမ လုပ်နိုင်သည်မှာ မိမိကိုယ်ကို အမြန်ဆုံး အပြစ်ကင်းအောင် ရှင်းထုတ်ရန်သာ ရှိတော့သည်။
"ချန်းချဲ့လည်း မသိပါဘူး အရှင်မင်းကြီး။ သေချာပေါက် တစ်ယောက်ယောက်က မင်းသားကြီးကို လုပ်ကြံချင်ပြီး၊ သမားတော် ရှန်အပေါ် အပြစ်ပုံချဖို့ လုပ်နေတာပါ။ ဒီလူဟာ ချန်းချဲ့ရဲ့ အဆောင်မှာ ခိုအောင်းနေပြီး၊ တစ်ကြိမ် မအောင်မြင်ရင် နောက်တစ်ကြိမ် ထပ်လုပ်ဖို့ ကြံစည်နေတာ ဖြစ်ရမယ်!"
ပြောပြီးသည်နှင့် သူမသည် ထိုမိန်းမစိုးလေးဘက်သို့ လှည့်ကာ ဒေါသတကြီး ကြိမ်းမောင်းတော့သည် - "မင်းကို ဘယ်သူက ခိုင်းတာလဲ! တော်ဝင်ရင်သွေးကို လုပ်ကြံတာဟာ သေဒဏ်ပဲ။ မင်းမှာ ခေါင်းဘယ်နှစ်လုံး ရှိလို့လဲ။ အကယ်၍ နောက်ကွယ်ကလူကို မပြောဘူးဆိုရင်၊ မင်းရဲ့ မိသားစု တစ်စုလုံးပါ အသတ်ခံရမယ်ဆိုတာ သေသေချာချာ မှတ်ထားစမ်း!"
ထိုအတောအတွင်းမှာပင် ယဲ့ယွင်သည် အခြေအနေအားလုံးကို သိရှိသွားခဲ့သည်။ သူမ မရောက်မီက ပထမတစ်ခေါက် စစ်ဆေးခဲ့သော ဆေးဖတ်များထဲတွင် ‘ကျီစစ်’ ဟူသော ဆေးမြစ်ကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ ရောက်လာသည့် အချိန်မှာ အမှန်တကယ်ပင် အချိန်ကိုက်လွန်းလှပေသည်။
ယခုအခါ ထိုမိန်းမစိုးလေးမှာ ထိတ်လန့်နေသလို၊ ဝမ်ရှိုးယွမ်၏ ခြိမ်းခြောက်မှုကြောင့်လည်း နောက်ကွယ်မှလူကို မပြောဝံ့တော့ပေ။ သူသည် ထိုနေရာတွင် ဝမ်ရှီမှလွဲ၍ ယဲ့ယွင် တစ်ဦးတည်းသာ ရှိနေသည်ကို ကြည့်ကာ၊ ဘာမဆို ဖြစ်စေတော့ဟူသော သဘောဖြင့် ယဲ့ယွင်ကိုသာ ဆွဲထည့်လိုက်တော့သည်။
"ကျွန်တော်မျိုး ဝန်ခံပါတယ်... အားလုံးက မင်ကျောင်းရီ ခိုင်းတာပါ။ ကိစ္စတွေ ပေါ်သွားတော့မှ သမားတော် ရှန်ကို ကာကွယ်ဖို့အတွက် ကျွန်တော်မျိုးကို အတင်းထွက်ပြီး အပြစ်ခံခိုင်းတာပါ။ အရှင်မင်းကြီး... ကျွန်တော်မျိုး ပြောတာတွေ အကုန်အမှန်တွေပါ၊ ကျွန်တော်မျိုးရဲ့ မိသားစုကိုတော့ ချမ်းသာပေးပါ!"
"အဓိပ္ပာယ်မရှိလိုက်တာ!" နင်ချန်သည် ဒေါသတကြီးဖြင့် လက်ဘေးရှိ လက်ဖက်ရည်ခွက်ကို ကောက်ပေါက်လိုက်ရာ၊ ထိုမိန်းမစိုး၏ နဖူးကို တည့်တည့်မှန်ကာ သွေးများ ပန်းထွက်လာခဲ့သည်။ "လာကြစမ်း.. ဒီခွေးအစေခံကို ရှင့်ရှင်းစီကို ခေါ်သွားပြီး သေသေချာချာ စစ်ဆေးမေးမြန်းစမ်း။ ဘယ်သူက မင်းသားကြီးကို လုပ်ကြံရဲရုံတင်မကဘဲ မင်ကျောင်းရီကိုပါ ဆွဲထည့်ရဲသလဲဆိုတာ ကျန်း ကြည့်ရသေးတာပေါ့!"
ယွမ်ကျိုက အမိန့်ကို ခံယူကာ အစေခံအချို့ကို မျက်ရိပ်ပြလိုက်ရာ၊ ထိုမိန်းမစိုးကို အတင်းဆွဲ၍ အပြင်သို့ ခေါ်ဆောင်သွားကြတော့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင်၊ တံခါးဝသို့ ရောက်ချိန်တွင် လက်ဆောင်သေတ္တာကို ကိုင်ဆောင်လာသော ကျင်းသယ့်ဖေးနှင့် တိုးတော့သည်။ အခန်းထဲမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ကျင်းသယ့်ဖေးမှာ အံ့သြတုန်လှုပ်သွားကာ စိုးရိမ်တကြီး မေးလိုက်သည် -
"ဒါ... ဒါ ဘာတွေဖြစ်နေတာလဲဟင်။ အရှင်မင်းကြီး... မင်းသားကြီး သွေးပါတဲ့ သလိပ်တွေ ဟက်တယ်ဆိုတာ ကြားလို့၊ ကျွန်တော်မျိုးမက အဆုတ်အားကောင်းစေမယ့် အားဖြည့်ဆေးတွေ လာပို့တာပါ..."
သယ့်ဖေး၏အသံမှာ တဖြည်းဖြည်း တိုးဝင်သွားကာ၊ အခန်းထဲမှ လူများကို ကြည့်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံရသည်။ နင်ချန်၏ မျက်နှာမှာ မှောင်ကျနေပြီး၊ ထိုမိန်းမစိုးကို သတ်ဖြတ်လိုသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည် -
"ဒီအစေခံက မင်းသားကြီးကို လုပ်ကြံရုံတင်မကဘဲ၊ တခြားသူကိုပါ အပြစ်ပုံချဖို့ ကြံစည်နေတာ။ အခုပဲ ရှင့်ရှင်းစီကို ပို့ပြီး စစ်ဆေးခိုင်းလိုက်ပြီ"
ကျင်းသယ့်ဖေးသည် အတင်းဆွဲခေါ်သွားခြင်း ခံရသော၊ မျက်နှာတစ်ခုလုံး သွေးများဖြင့် ပြည့်နေသည့် မိန်းမစိုးကို လှမ်းကြည့်လိုက်သည်။ သူမသည် ကြောက်လန့်သွားဟန်ဖြင့် လက်ကိုင်ပဝါဖြင့် နှုတ်ခမ်းကို အုပ်ကာ နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။
သို့သော် သူမက ချက်ချင်းပင် နူးညံ့စွာ ဆိုသည် - "သေချာပေါက် တစ်စုံတစ်ယောက်က ခိုင်းစေတာ ဖြစ်မှာပါ။ မဟုတ်ရင် သူက အစေခံတစ်ဦးတည်းနဲ့ ဘယ်လိုလုပ် ဒါမျိုး လုပ်ရဲမှာလဲ။ ဒီလိုလူမျိုးကို ခိုင်းစေဖို့ဆိုရင် ‘ငွေကြေး’ ကလွဲလို့ တခြား မရှိနိုင်ပါဘူး။ အရှင်မင်းကြီးအနေနဲ့ သူ့ရဲ့ အိပ်ဆောင်ကို လူလွှတ်ပြီး ရှာဖွေခိုင်းကြည့်ပါဦး။ သဲလွန်စတစ်ခုခု တွေ့ရင် တွေ့နိုင်မှာပါ၊ ဒါဆိုရင် စစ်ဆေးရတာလည်း ပိုလွယ်သွားတာပေါ့"
ဤစကားမှာ အကျိုးအကြောင်း ရှိလှပေသည်။ နင်ချန်သည် ထိုအစေခံကို ခေါ်သွားစေပြီးနောက်၊ ယွမ်ကျိုအား ထိုမိန်းမစိုး၏ အိပ်ဆောင်ကို သွားရောက် ရှာဖွေခိုင်းလိုက်တော့သည်။
မမျှော်လင့်ဘဲ၊ အမှန်တကယ်ပင် လျှို့ဝှက်သော ထောင့်တစ်ခု၌ ဝှက်ထားသည့် ‘ဆုငွေအိတ်’ တစ်ခုကို တွေ့ရှိသွားခဲ့သည်။ ထိုအိတ်ကို ယူဆောင်လာချိန်တွင် ယဲ့ယွင်၏ မျက်နှာမှာ ပြောင်းလဲသွားခဲ့ရသည်။
အခြားကြောင့် မဟုတ်ပေ။ ထိုအိတ်ပေါ်တွင် ထိုးထားသော ဟိုင်ထန်ပန်းပုံစံမှာ၊ သူမ၏ ကျောက်ချွန်းဆောင်တွင် အမြဲ သုံးစွဲနေကျ ပုံစံ ဖြစ်နေသောကြောင့်ပင်။
နန်းတွင်းရှိ ကိုယ်လုပ်တော်များသည် အမြဲ သတိရှိကြသည်။ ဆုငွေအိတ်များကို မိမိကိုယ်တိုင် ချုပ်လုပ်လေ့ မရှိဘဲ၊ အပ်ချုပ်ဌာနရှိ ကျွမ်းကျင်သူများအား ချုပ်ခိုင်းကြခြင်း ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ခွဲခြားနိုင်ရန်အတွက် အိတ်ပေါ်ရှိ ပန်းပုံစံများကို မတူညီအောင် သတ်မှတ်ထားကြရသည်။ ဥပမာအားဖြင့် ရှူးဖေး၏ အဆောင်မှာ ကျွင်းကျီလန်ပန်း၊ ကျင်းသယ့်ဖေး၏ အဆောင်မှာ ပုလဲမက်မွန်ပန်း စသည်ဖြင့် ကိုယ်စီ ရှိကြသည်။
ဤရုတ်တရက် အပြောင်းအလဲကို ယဲ့ယွင် လုံးဝ မထင်ထားခဲ့သဖြင့်၊ သူမ၏မျက်နှာမှာ တစ်ခဏချင်းမှာပင် ပို၍ အေးစက်သွားတော့သည်။
ဝမ်ရှိုးယွမ်သည် ယခုအခါ ရေနစ်သူက မြက်ပင်ကို ဆွဲကိုင်လိုက်သကဲ့သို့ပင်၊ အိတ်ပေါ်မှ ပန်းပုံစံကို မြင်သည်နှင့် ချက်ချင်းပင် အော်ဟစ်တော့သည်။
"ဒါ ဟိုင်ထန်ပန်းပဲ! ဒါ မင်ကျောင်းရီ (ယဲ့ယွင်) ရဲ့ အဆောင်က အိတ်ပဲ! မင်ကျောင်းရီ... ကျွန်မနဲ့ ရှင့်ကြားမှာ ဘာရန်ငြိုးမှလည်း မရှိဘဲနဲ့၊ ရှင် ဘာလို့ မင်းသားကြီးကို ဒီလောက်အထိ ရက်ရက်စက်စက် လုပ်ကြံရတာလဲ! ဘာကြောင့်လဲ!"
သူမသည် နင်ချန်ဘက်သို့ လှည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးပြန်သည် - "အရှင်မင်းကြီး... ချန်းချဲ့ ကြားဖူးပါတယ်။ မင်းသားကြီးရဲ့ မိခင်ရင်း ‘အန်းရှီ’ နဲ့ မင်ကျောင်းရီတို့ကြားမှာ အရင်က ရန်ငြိုးတွေ ရှိခဲ့တယ်ဆိုတာကိုပါ။ ဒါကြောင့်ပဲ မင်ကျောင်းရီက မင်းသားကြီးကို ခုလို လုပ်တာ ဖြစ်မှာပါ။ အရှင်မင်းကြီး... မင်းသားကြီးအတွက် တရားမျှတအောင် လုပ်ပေးပါဦး!”
***