← Chapters

အခန်း (၇၉၅-၇၉၆)

Vol. 80 Ch. 795-796

အခန်း (၇၉၅-၇၉၆)

Vol. 80 Ch. 795-796

အခန်း (၇၉၅) ရွေးချယ်မှု

လုံချန်းသည် မိမိကိုယ်မိမိ သွေးမျိုးဆက်ကျောင်းတော် အတွင်း၌ ပြန်လည်ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

​“ငါ ပြန်ရောက်လာပြီပဲ။ ဒါပေမဲ့ ငါ့ရဲ့ ဟိုဘက်ခန္ဓာကိုယ်နဲ့ ဘာအဆက်အသွယ်မှ မရတော့ပါလား။ ငါ့ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုက ငါနဲ့ ဆက်နွှယ်နေရမှာ မဟုတ်လား။ အခုတော့ ငါနဲ့ လုံးဝကွဲပြားခြားနားတဲ့ အခြားသက်ရှိတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်နေပြီလား” လုံချန်းက မျက်မှောင်ကြုတ်လျက် ရွှင်းကို မေးလိုက်၏။

​“လုံးဝမဟုတ်ပါဘူး။ ဒါဟာ နင်တို့နှစ်ယောက်ကြားမှာ ကမ္ဘာခြားနေလို့ပဲ။ နင်တို့နှစ်ယောက် တစ်ကမ္ဘာတည်းမှာ ရှိနေတဲ့အခါကျမှသာ အဲဒီခန္ဓာကိုယ်ကို နင် ခံစားနိုင်လိမ့်မယ်။ အခြားသက်ရှိတစ်ခု ဖြစ်သွားမှာကိုလည်း မစိုးရိမ်ပါနဲ့။ အဲဒီဝိညာဉ်ကလည်း နင့်ရဲ့ဝိညာဉ်ပဲ၊ အဲဒီခန္ဓာကိုယ်ကလည်း နင့်ရဲ့ကိုယ်ပဲ။ မှတ်ဉာဏ်တူ၊ အတွေးအခေါ်တူတဲ့ နောက်ထပ် လွတ်လပ်တဲ့ နင်တစ်ယောက်လို့ပဲ သဘောထားလိုက်ပါ” ရွှင်းက လုံချန်း၏ စိုးရိမ်စိတ်ကို လျော့ပါးအောင် ရှင်းပြ၏။

​“ထူးခြားသွားမှာကတော့ နင်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာတဲ့နေရာမှာ မတူညီတဲ့ ဘဝတွေကို ရှင်သန်ကြရမှာ ဖြစ်တဲ့အတွက် အခုအချိန်ကစပြီး ရရှိမယ့် မှတ်ဉာဏ်သစ်တွေကတော့ ကွဲပြားသွားလိမ့်မယ်။ နောက်တစ်ချိန် နင်တို့နှစ်ယောက် တစ်ကမ္ဘာတည်းမှာ ပြန်ဆုံတဲ့အခါကျမှသာ အဲဒီမှတ်ဉာဏ်သစ်တွေကို အပြန်အလှန် မျှဝေခံစားလို့ ရမှာပါ” သူမက ဆက်လက်ဆို၏။

​“ဩော်... အဲဒီလိုကိုး။ ဒါဆိုရင်တော့ ပိုကောင်းတာပေါ့” လုံချန်းက ပြုံးလျက် ပြန်ဖြေ၏။ ရွှင်း ပြောလိုသည့် အဓိပ္ပာယ်ကို သူ ကောင်းစွာ နားလည်သွားပြီ ဖြစ်သည်။

​“ကဲ... ဒါဆိုရင် တတိယမြောက် စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့အတွက် ငါရမယ့် ဆုလာဘ်တွေက ဘာတွေလဲ” လုံချန်းသည် လောဘဇောတက်နေသော ကုန်သည်တစ်ဦးကဲ့သို့ လက်ဝါးချင်း ပွတ်တိုက်ရင်း စိတ်လှုပ်ရှားစွာ မေးလိုက်၏။

​“ဟားဟား... ဆုလာဘ်တွေနဲ့ ပတ်သက်လာရင်တော့ နင်က ကလေးတစ်ယောက်လိုပဲ။ ဘာပဲဖြစ်ဖြစ် နင့်အတွက် ဆုလာဘ်တွေကို ပြင်ဆင်ပြီးသားပါ။ နင့် ရှေ့မှာရှိတဲ့ တံခါးနှစ်ချပ်ကို မြင်လား” ရွှင်းက ရှေ့မှ တံခါးနှစ်ချပ်ကို ညွှန်ပြလိုက်၏။

​လုံချန်းသည် ထိုတံခါးနှစ်ချပ်ကို မြင်လိုက်ရသောအခါ မိမိနဖူးကို မိမိ ပြန်ရိုက်လိုက်မိတော့သည်။

​“ငါ့ရဲ့ ဆုလာဘ်တွေအတွက် ထပ်ပြီး ကံစမ်းမဲနှိုက်ရဦးမှာလား။ အရာရာကို ရှုပ်ထွေးအောင် မလုပ်ဘဲနဲ့ ဒီအတိုင်းပေးလို့ မရဘူးလား” သူက ညည်းညူလိုက်ရာ ရွှင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

​“စိတ်မပူပါနဲ့... အဲဒီလို မဟုတ်ပါဘူး။ နင့်အတွက် ဆုလာဘ်အားလုံးက ပထမတံခါးရဲ့ နောက်ကွယ်မှာ ရှိနေတယ်လို့ ငါ အပ်ကြောင်းထပ်အောင် ပြောပြနိုင်ပါတယ်” ရွှင်းက ခေါင်းခါရင်း ဆို၏။

​“ဒါဆို ဒုတိယတံခါးက ဘာအတွက်လဲ” လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်၏။ ဆုလာဘ်အားလုံးက ပထမတံခါးတွင် ရှိနေလျှင် ဒုတိယတံခါးက မည်သည့်အတွက် ရှိနေရသနည်း။ သူသည် ရွှင်းကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။

​“ငါလည်း မသိဘူး။ ငါသိတာကတော့ နင့်မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်ဆိုတာပဲ။ ပထမတံခါးကို ဖွင့်ပြီး စမ်းသပ်မှုအတွက် ဆုလာဘ်အားလုံးကို ယူမလား၊ ဒါမှမဟုတ် ဒုတိယတံခါးရဲ့ နောက်ကွယ်မှာ ဘာရှိမလဲဆိုတာကို ကိုယ်တိုင်ပဲ ဖွင့်ကြည့်မလား” ရွှင်းက ပြန်ပြော၏။ သူမသည် တကယ်ပင် မသိသကဲ့သို့ ဟန်ဆောင်နေသော်လည်း လုံချန်းကမူ လုံးဝ မယုံကြည်ချေ။ သူမအနေဖြင့် ထိုတံခါးနောက်တွင် မည်သည်များ ရှိသည်ကို မသိဘဲ နေမည်မဟုတ်ဟု သူ ယူဆထားသည်။

​“နင့်အနေနဲ့ တံခါးနှစ်ချပ်ထဲက တစ်ချပ်ကိုပဲ ဖွင့်ခွင့်ရှိမယ်။ နင် တစ်ချပ်ကို ဖွင့်လိုက်တာနဲ့ ကျန်တဲ့တစ်ချပ်က ပျောက်ကွယ်သွားလိမ့်မယ်။ ဆုံးဖြတ်ချက်က နင့်အပေါ်မှာပဲ မူတည်တယ်” သူမက ဆက်ပြော၏။

​“လုပ်ပါ... ဒုတိယတံခါးနောက်မှာ ဘာရှိလဲဆိုတာ ပြောပြစမ်းပါ။ နင် သေချာပေါက် သိမှာပါ” လုံချန်းက ဇွတ်အတင်း မေးသော်လည်း ရွှင်းက ငြင်းဆန်မြဲ ငြင်းဆန်နေ၏။

​“တကယ် မသိတာပါ။ ငါက သွေးမျိုးဆက်ကျောင်းတော်ရဲ့ အရှင်သခင်မှ မဟုတ်တာ။ ကျောင်းတော်က ငါ့ကို ပြောပြသလောက်ပဲ ငါ သိတာလေ။ ပထမတံခါးမှာ ဆုလာဘ်တွေ အကုန် ရှိတယ်ဆိုတာပဲ သိတယ်။ ဒုတိယတံခါးကတော့ ငါ့အတွက်လည်း ပဟေဠိပါပဲ” ရွှင်းက လက်နှစ်ဖက်ကို မည်သည်မျှမသိကြောင်း ပြသရင်း ပြန်ဖြေ၏။

​‘သွေးမျိုးဆက်ကျောင်းတော်က ငါ့ကို လှည့်စားနေတာပဲ။ ပထမတံခါးမှာ ဆုလာဘ်တွေ ရှိတယ်ဆိုတာ အမှန်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဒုတိယတံခါးနောက်မှာ ဘာရှိနေလို့လဲ’ လုံချန်းသည် တံခါးနှစ်ချပ်အနီးသို့ တိုးကပ်သွားရင်း တွေးတောနေမိ၏။

​‘ကျောင်းတော်က ငါ့ကို ပထမတံခါးမှာ ဆုလာဘ်တွေ အကုန်ရှိတယ်လို့ ပြောတယ်ဆိုကတည်းက ဒါက ဆုလာဘ်ကို ခွဲဝေထားတဲ့ ကံစမ်းမဲ မဟုတ်ဘူး။ တကယ်လို့ ဆုလာဘ်တွေက ပထမတံခါးမှာ အကုန်ရှိနေရင် ဒုတိယတံခါးက အလွတ်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဒါက ပြောင်းပြန် စိတ်ပညာလည်း ဖြစ်နိုင်တာပဲ။ သာမန် အသိဉာဏ်ရှိသူဆိုရင်တော့ ဆုလာဘ်ရှိတဲ့ တံခါးကိုပဲ ရွေးမှာပေါ့။ ငါလည်း အဲဒီလို ရွေးလိမ့်မယ်လို့ ကျောင်းတော်က တွက်ထားမှာပဲ’ သူသည် မျက်မှောင်ကြုတ်လျက် ရေရွတ်နေမိ၏။

​‘ဒါဆိုရင် ငါ့ကို ဒုတိယတံခါး မဖွင့်ဖြစ်အောင် တမင် လုပ်နေတာပဲ။ ဆိုလိုတာက ဒုတိယတံခါးနောက်မှာ တတိယစမ်းသပ်မှုရဲ့ ဆုလာဘ် မဟုတ်တဲ့ တစ်ခြား အဖိုးတန်အရာတစ်ခုခု ရှိနေလို့ ဖြစ်ရမယ်’ သူသည် မည်သည့်တံခါးအား ရွေးရမည်ကို ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း စဉ်းစားခန်း ဝင်နေတော့သည်။

​“သိပ်ပြီး အများကြီး မစဉ်းစားပါနဲ့။ ပထမတံခါးမှာ ဆုလာဘ်တွေ ရှိနေမှတော့ အဲဒီကိုပဲ ရွေးလိုက်ပါ။ မလိုအပ်ဘဲ စွန့်စားမှု မလုပ်ပါနဲ့” ရွှင်းက လုံချန်းကို သတိပေး၏။

​“မဟုတ်ဘူး... အဲဒီလောက် မရိုးရှင်းနိုင်ဘူး။ ငါ့စိတ်ထဲမှာ ဒုတိယတံခါးက အလွတ်ကြီး မဖြစ်နိုင်ဘူးလို့ ခံစားနေရတယ်။ အဲဒီနောက်ကွယ်မှာ ဆုလာဘ်တွေနဲ့ တန်းတူညီမျှတဲ့ အရာတစ်ခုခု သေချာပေါက် ရှိနေလိမ့်မယ်” လုံချန်းသည် ဒုတိယတံခါးဆီသို့ လျှောက်သွားရင်း ပြတ်သားစွာ ပြောလိုက်၏။

​သူသည် တံခါးပေါ်သို့ လက်တင်လိုက်သော်လည်း ချက်ချင်း မဖွင့်သေးချေ။ သူ့စိတ်ထဲတွင် ဝေခွဲမရဖြစ်နေဆဲပင်။

​“သေချာ စဉ်းစားပါဦး။ ဒါတွေက အဆင့်မြင့် ဆုလာဘ်တွေနော်။ လက်လွတ်မခံပါနဲ့ဦး” ရွှင်းက သက်ပြင်းချရင်း ဆို၏။

​“ဒါကြောင့်လည်း ငါ အချိန်ယူနေတာပေါ့။ စမ်းသပ်မှုရဲ့ ဆုလာဘ်တွေကိုလည်း မဆုံးရှုံးချင်ဘူး၊ ဒါပေမဲ့ ဒီအခွင့်အရေးကိုလည်း လက်မလွှတ်နိုင်ဘူး။ ဒုတိယတံခါးက ငါ့အတွက် ဘယ်တော့မှ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခု ဖြစ်မယ်လို့ ငါ့ရဲ့ အသိစိတ်က တဖွဖွ ပြောနေတယ်။ ငါ နောက်မဆုတ်နိုင်ဘူး” လုံချန်းသည် သူ၏ ဘယ်ဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ညာဘက်လက်ဖြင့် ဒုတိယတံခါးကို တွန်းဖွင့်လိုက်လေတော့သတည်း။

​ဝိညာဉ်ကမ္ဘာ အတွင်း၌မူ... လုံချန်း မပျောက်ကွယ်သွားမီကပင် သူ၏ ခန္ဓာကိုယ်သစ်သည် မျက်လုံးများ ပွင့်လာခဲ့၏။

​ဤဒုတိယမြောက် လုံချန်းသည် မိမိကိုယ်ကို ဖူချန်းအဖြစ် ဟန်ဆောင်ရန်အတွက် လှည့်စားခြင်း မျက်နှာဖုံးကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။

​“ဟင်း... အခုတော့ ငါက အရံ တစ်ယောက် ဖြစ်သွားပြီပေါ့။ ငါတို့နှစ်ယောက်စလုံးက တစ်ယောက်တည်းပါပဲ၊ ဒါပေမဲ့ ငါ့ရဲ့ မူလခန္ဓာကိုယ် မရှိတော့ဘူးဆိုတာကတော့ တစ်မျိုးကြီးပဲ။ ဘာပဲဖြစ်ဖြစ်... အခုဆိုရင် သွေးမျိုးဆက် စမ်းသပ်မှုတွေ၊ မရပ်မနား ပေါ်ပေါက်နေမယ့် ရန်သူတွေအကြောင်း ပူနေစရာ မလိုတော့ဘူး။ ငါ ဒီမှာပဲ အေးအေးချမ်းချမ်း နေထိုင်ပြီး ကျင့်ကြံအားထုတ်သွားလို့ ရပြီ”

​လုံချန်း၏ ဒုတိယကိုယ်ပွားသည် ခုတင်ပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်။ သူ၏ ဝိညာဉ်အစစ်မှာ အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သွေးမျိုးဆက်ကျောင်းတော်အတွင်း မည်သည်များ ဖြစ်ပျက်နေသည်ကို သူ မသိနိုင်တော့ချေ။

​“ငါရမယ့် ဆုလာဘ်တွေကို မြင်ချင်မိသား။ ငါ့ရဲ့ မူလခန္ဓာကိုယ်က အကုန်လုံး ရသွားမှာပေါ့။ ဆုလာဘ်တွေက မဆိုးဖို့ပဲ မျှော်လင့်ရတာပဲ” သူ ရေရွတ်ရင်း ခုတင်ပေါ်မှ ဆင်းလိုက်၏။

​အရာရာမှ လွတ်မြောက်သွားပြီ ဖြစ်သဖြင့် သူသည် အခန်းပြင်သို့ ထွက်ရန် တံခါးဆီသို့ လျှောက်သွား၏။ အခုအချိန်၌ သူ့တွင် ပိုလျှံနေသည်က အချိန်များသာ ဖြစ်သည်။ သူသည် ဤကမ္ဘာတွင် နှစ်ပေါင်းရာချီ ရှင်သန်နိုင်ပြီး ပိုမိုအစွမ်းထက်ကာ သက်တမ်းရှည်ရန်အတွက် ကျင့်ကြံအားထုတ်နိုင်ပေသည်။ သူသည် နိုင်ငံတော်အတွင်း လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်၏။

​သူ တံခါးနားသို့ ရောက်ချိန်တွင် တံခါးမှာ ရုတ်တရက် ပွင့်လာပြီး သူ့ကို လာမှန်လေတော့သည်။ တံခါးမှာ လုံချန်း၏ မျက်နှာကို တိုက်ရိုက်ထိမှန်သွားသဖြင့် သူ နာကျင်သွား၏။ နန်းတွင်းမိန်းမစိုးတစ်ဦး အခန်းထဲသို့ ဝင်လာခြင်းပင်။

​“အ... အရှင်မင်းကြီး... ကျွန်တော် တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ အရှင်။ အရှင် ဒီနားမှာ ရှိနေလိမ့်မယ်လို့ မထင်ထားမိလို့ပါ”

​မိမိကြောင့် ဘုရင်ကြီး ထိခိုက်သွားသည်ကို မြင်သောအခါ ထိုမိန်းမစိုးမှာ တုန်တုန်ရင်ရင်ဖြင့် ထပ်ခါတလဲလဲ တောင်းပန်တော့၏။

​လုံချန်းသည် အိုမင်းနေသော မိန်းမစိုးကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ နီရဲလာတော့သည်။ သူသည် လက်ကို မြှောက်လိုက်ပြီး မိန်းမစိုးအား ပါးရိုက်လိုက်၏။ သူသည် မိမိ၏ အစွမ်းကို အနည်းငယ်မျှ မထိန်းချုပ်ဘဲ ရိုက်လိုက်ခြင်း ဖြစ်ရာ မိန်းမစိုးမှာ လွင့်ထွက်သွားပြီး နံရံနှင့် ဆောင့်မိကာ ဦးခေါင်းကွဲအက်သွားတော့သည်။ သူသည် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွား၏။

​“ဒီလောကက အမှိုက်သရိုက်တွေ၊ မင်းတို့လို ပုရွက်ဆိတ်တွေက တံခါးခေါက်ရမှန်း မသိကြဘူးလား” လုံချန်းသည် ဒေါသတကြီး ကြုံးဝါးလိုက်၏။

​ရုတ်တရက် သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ မိမိ မည်သို့လုပ်လိုက်သည်ကို သူ သတိထားမိသွားခြင်း ဖြစ်သည်။

​‘ဒါ... ဒါ ဘာဖြစ်တာလဲ။ ငါ့ရဲ့ ဒေါသတွေ၊ ငါ့ရဲ့ မောက်မာမှုတွေ၊ ဒီလောက်လေး ဖြစ်တာကို ငါ သူ့ကို သတ်ပစ်လိုက်တယ်လား။ ဒါ... ဟိုနှလုံးသားမိစ္ဆာရဲ့ လက်ချက်လား’ လုံချန်းသည် မျက်မှောင်ကြုတ်လျက် ရေရွတ်မိ၏။

​သေဆုံးနေသော မိန်းမစိုးကို ကြည့်ကာ သူ သက်ပြင်းချလိုက်၏။ “ကြည့်ရတာ... ဒီဘဝက ငါထင်သလောက် အေးချမ်းမှာ မဟုတ်တော့ဘူးထင်တယ်”

​“အစောင့်တွေ၊ ဒီအလောင်းကို ယူသွားကြစမ်း” သူသည် အစောင့်များကို လှမ်းခေါ်လိုက်၏။ အစောင့်များမှာလည်း မည်သည့် မေးခွန်းမှ မမေးရဲဘဲ အလောင်းကို သယ်ဆောင်သွားကြသည်။

​သူသည် အပြင်ထွက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး အနားယူရန် ဆုံးဖြတ်လိုက်၏။ ခုတင်ပေါ်သို့ ပြန်သွားကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။

​မိနစ်အနည်းငယ် အကြာတွင် အခန်းတံခါး ထပ်မံ ပွင့်လာပြန်၏။ မိလျာယီ အခန်းထဲသို့ ဝင်လာခြင်းပင်။

​“ချန်းအာ... သား မိန်းမစိုးကို သတ်လိုက်တယ်လို့ ကြားတယ်... ဟုတ်လား” သူမက လုံချန်းကို မေးလိုက်၏။

​“အဲဒါ အမေနဲ့ ဘာဆိုင်လဲ။ ထွက်သွားစမ်း... ကျုပ် အနားယူချင်တယ်” လုံချန်းက ခပ်ကြမ်းကြမ်း ပြောလိုက်၏။ မိမိ၏ စကားလုံးများမှာ မည်မျှ ရိုင်းပျနေသည်ကို သူ ကိုယ်တိုင်ပင် သတိမပြုမိတော့ချေ။

​အခန်း (၇၉၆) လွန်ကဲလှသော ဆုလာဘ်

လုံချန်း ကိုယ်တိုင်ပင် မသိလိုက်ရသည်မှာ သူ၏ ဝိညာဉ်ကူးပြောင်းခြင်း ပြုလုပ်စဉ်အတွင်း နှလုံးသားမိစ္ဆာ၏ ဒေါသကို အဆမတန် မြှင့်တင်ပေးသော အစွမ်းသည် သူ၏ ဝိညာဉ်အစိတ်အပိုင်းနှင့်အတူ တစ်ပါတည်း ရောယှက်ပါသွားခဲ့ခြင်းပင်။ ယခုမူ ထိုဒေါသသည် လိုအပ်မှ ပေါ်ပေါက်လာခြင်းမျိုး မဟုတ်ဘဲ သူ၏ စိတ်အစဉ်၌ အမြဲတမ်း ကိန်းအောင်းနေသည့် အခြေခံ စရိုက်လက္ခဏာတစ်ခု ဖြစ်သွားလေပြီ။

​ပို၍ တိတိကျကျ ဆိုရလျှင် ထိုခန္ဓာကိုယ်အတွင်းရှိ လုံချန်း၏ ဒုတိယဝိညာဉ်အတွက် ဒေါသသည် ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခု ဖြစ်သွားခြင်းပင်။

​သို့သော် သူ၏ ဝိညာဉ်အစစ်မှာမူ ထိုဒေါသ၏ လွှမ်းမိုးမှုမှ လွတ်ကင်းနေဆဲ ဖြစ်၏။ အမှန်စင်စစ် လုံချန်းသည် မိမိ၏ ဒေါသစိတ် အဝဝကို ထိုခန္ဓာကိုယ်သစ်အတွင်းသို့ မရည်ရွယ်ဘဲ စွန့်ပစ်ခဲ့ခြင်းသာ ဖြစ်တော့သည်။

​အခြားသော မိမိကိုယ်ပွား၌ မည်သည်များ ဖြစ်ပျက်နေသည်ကို မသိရှာသော လုံချန်း၏ ဝိညာဉ်အစစ်မှာမူ သွေးမျိုးဆက်ကျောင်းတော်အတွင်း ကျန်ရှိနေဆဲ ဖြစ်၏။

​လုံချန်းသည် ဒုတိယတံခါးကို ဖွင့်ရန် ဆုံးဖြတ်ပြီး စွန့်စားခဲ့လေပြီ။ ဤစွန့်စားမှုသည် အမှန်တကယ် ထိုက်တန်မှု ရှိ၊ မရှိ သူ မသိသော်လည်း နောင်တစ်ချိန်တွင် "ငါ ဘာလို့ မစွန့်စားခဲ့မိပါလိမ့်" ဟူသော နောင်တမျိုးကိုမူ အဖြစ်မခံလိုချေ။

​လုံချန်းက ဒုတိယတံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပထမတံခါးမှာ ပျောက်ကွယ်သွားပြီး ၎င်း၏နေရာတွင် နံရံတစ်ချပ်သာ အစားထိုး ပေါ်လာတော့၏။ လုံချန်းသည် သက်ပြင်းရှည်ကြီးကို ချလျက် ဒုတိယတံခါး၏ နောက်ကွယ်ရှိ အခန်းငယ်လေးထဲသို့ လှမ်းဝင်လိုက်လေသည်။

​အခန်းထဲသို့ ရောက်သောအခါ ထိုနေရာ၌ မည်သည့်အရာမျှ မရှိဘဲ စားပွဲတစ်လုံးသာ ရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုစားပွဲပေါ်တွင်တော့ အရာဝတ္ထုတစ်ခု တင်ထားပေသည်။

​“ဒါ... ဒါက ငါထင်နေတဲ့အရာပဲလား” လုံချန်းက အံ့အားသင့်နေသော မျက်နှာဖြင့် ရွှင်းကို မေးလိုက်၏။

​“ဩော်... ငါ သဘောပေါက်သွားပြီ” ရွှင်းက ပြုံးလျက် ရေရွတ်လိုက်၏။

​“ပထမတံခါးမှာ တတိယစမ်းသပ်မှုအတွက် သတ်မှတ်ထားတဲ့ ဆုလာဘ်အားလုံး ရှိနေတာ အမှန်ပဲ။ ဒါပေမဲ့ နင်က စမ်းသပ်မှုကို သတ်မှတ်ချိန်ထက် အများကြီး စောပြီး အောင်မြင်ခဲ့တဲ့အတွက် သွေးမျိုးဆက်ကျောင်းတော်က ဆုလာဘ်အဖြစ် မသတ်မှတ်ထားတဲ့ တစ်ခြားလက်ဆောင်တစ်ခုကို ရွေးချယ်ပြီး ဒီဒုတိယတံခါးမှာ ထားခဲ့တာပဲ။ ပြောရဦးမယ်... ဒီတစ်ခါတော့ ကျောင်းတော်က ငါ့ကိုတောင် အံ့ဩသွားအောင် လုပ်နိုင်တယ်” သူမက ဆက်ပြော၏။

​လုံချန်းသည် စားပွဲပေါ်ရှိ အရာဝတ္ထုဆီသို့ လျှောက်သွားလိုက်၏။

​“ဒီရတနာလုံးလေး... ဒါက နိယာမ ရတနာလုံး တစ်လုံး မဟုတ်လား” သူက စားပွဲပေါ်ရှိ လုံးဝန်းသော ရတနာလုံးလေးကို ကြည့်ကာ မေးလိုက်၏။

​ထိုရတနာလုံးလေးမှာ ခရမ်းရောင်မှသည် အနီရောင်အထိ အရောင်အသွေးမျိုးစုံ ရောယှက်လျက် တောက်ပနေ၏။ သူ ယခင်က တွေ့ဖူးခဲ့သော နိယာမရတနာလုံးများနှင့် တစ်ပုံစံတည်းပင်။

​“မှန်တာပေါ့... ဒါဟာ နိယာမ ရတနာလုံး တစ်လုံးပဲ။ ဒါတင်မကသေးဘူး... ဒါဟာ ဝိညာဉ်ကမ္ဘာထဲမှာ ရှိနေတဲ့ နိယာမ ရတနာလုံးပဲ။ နင့်ကို ဆုချဖို့အတွက် ကျောင်းတော်က အဲဒီကမ္ဘာထဲကနေ ဒီရတနာလုံးကို ဆွဲထုတ်လာခဲ့တာ။ တကယ်လို့ နင်သာ ဒီတံခါးကို မရွေးခဲ့ဘူးဆိုရင် ဒါဟာ ဟိုကမ္ဘာထဲကိုပဲ ပြန်ရောက်သွားမှာ” ရွှင်းက ပြန်ဖြေ၏။

​“အရောင်တွေကတော့ တကယ့်ကို စုံနေတာပဲ။ ဒါက ဘယ်လိုဓာတ်သဘာဝ မျိုးလဲ။ ပြီးတော့ ဒါက ဘယ်လိုအဆင့်အတန်းမျိုးလဲ” လုံချန်းက ရွှင်းကို ကြည့်ကာ စူးစမ်းလိုက်၏။

​“ဒါဟာ အထွတ်အထိပ် အဆင့် နိယာမ ရတနာလုံးပဲ။ နင့်မှာ ရှိထားတဲ့ ဟင်းလင်းပြင် နိယာမနဲ့ အမှောင် နိယာမတို့နဲ့ အဆင့်တူပဲ” ရွှင်းက ပြုံးလျက် ရှင်းပြ၏။

​“အထွတ်အထိပ် အဆင့် ဟုတ်လား။ ဟင်းလင်းပြင်နဲ့ အမှောင်လောက် အစွမ်းထက်တယ်ဆိုတော့... ဒါက အချိန်နိယာမလား” လုံချန်းက စိတ်လှုပ်ရှားစွာ မေးလိုက်ပြန်သည်။

​“မဟုတ်ဘူး... ဒါ အချိန်နိယာမ မဟုတ်ဘူး။ ဒါက ကံကြမ္မာကို ပိုင်စိုးတဲ့ နိယာမပဲ။ အထွတ်အထိပ် ဖြစ်တဲ့ ကံကြမ္မာ နိယာမပေါ့" ရွှင်းက ရယ်မောရင်း ပြောလိုက်၏။

​“ကံကြမ္မာနိယာမ ဟုတ်လား။ ဒါဆို ဒါကို နားလည်သွားရင် ငါက ကံကြမ္မာကို ထိန်းချုပ်နိုင်မှာလား”

​“ချက်ချင်းကြီးတော့ မဟုတ်သေးဘူးပေါ့။ နင် အခုထိ ဟင်းလင်းပြင်ကို ပြီးပြည့်စုံအောင် မထိန်းချုပ်နိုင်သေးသလိုပေါ့။ နင် သိတဲ့အတိုင်းပဲ... နိယာမတစ်ခုရဲ့ အရှင်သခင် အစစ်အမှန် ဖြစ်လာဖို့ဆိုရင် မင်းရဲ့ နိယာမမျိုးစေ့ကို ဘိုးဘေးသစ်ပင် အဖြစ် ကြီးထွားအောင် လုပ်ရဦးမယ်။ အဲဒီလိုပဲ... နင် ကံကြမ္မာနိယာမကို နားလည်သဘောပေါက်ပြီး ကံကြမ္မာရဲ့ ဘိုးဘေးသစ်ပင်ကို တည်ဆောက်နိုင်ပြီဆိုရင်တော့... နင်ဟာ တကယ့်ဘုရင်တစ်ပါးလို ကံကြမ္မာကို အုပ်စိုးနိုင်လိမ့်မယ်။ နောက်ဆုံးမှာတော့ ကံကြမ္မာဆိုတာ နင့်ရဲ့ လက်ခုပ်ထဲက ရေ ဖြစ်လာလိမ့်မယ်” ရွှင်းက လုံချန်းကို အသိပေးလိုက်၏။

​“အံ့ဩစရာပဲ။ တကယ့်ကို အံ့ဩစရာပဲ။ ဒါဆိုရင် ဒါဟာ အစွမ်းအထက်ဆုံး နိယာမ မဟုတ်ဘူးလား။ အမှောင်တို့၊ ဟင်းလင်းပြင်တို့နဲ့ အဆင့်တူတယ်ဆိုတာ သူ့အတွက် စော်ကားရာတောင် ရောက်နေသလားပဲ။ ကံကြမ္မာကို ထိန်းချုပ်နိုင်တဲ့ အစွမ်း... ဒါဟာ နတ်ဘုရားတစ်ပါးရဲ့ အစွမ်းပဲ မဟုတ်လား” လုံချန်းသည် အားရပါးရ ရယ်မောရင်း ရေရွတ်လိုက်၏။

​“နင်က အမှောင်နဲ့ ဟင်းလင်းပြင်ကို အထင်သေးနေတုန်းပဲကိုး။ အဲဒီနိယာမနှစ်ခုက ကံကြမ္မာနဲ့ ဘာလို့ အဆင့်တူနေသလဲဆိုတာ အကြောင်းရှိတယ်လေ။ အဲဒီနိယာမတွေရဲ့ အစွမ်းက ဘယ်လောက်အထိ နက်ရှိုင်းသလဲဆိုတာ အခုထိ ဘယ်သူမှ ကုန်စင်အောင် မသိနိုင်သေးဘူး။ ကံကြမ္မာက အစွမ်းထက်တယ်လို့ ထင်ရပေမဲ့ အမှောင်နဲ့ ဟင်းလင်းပြင်ကလည်း အဲဒီအတိုင်းပဲ။ နင်က သူတို့ရဲ့ ထိပ်ဆုံးအဆင့်ကို မရောက်သေးလို့ပါ” ရွှင်းက ပြန်ချေပ၏။

​“ဘာကို ဆိုလိုတာလဲ” လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်၏။

​“အမှောင်ထုကို ကြည့်ဦး။ အမှောင်ထုမှာ ကံကြမ္မာဆိုတာ မရှိဘူး။ နင့်ရဲ့ ကံကြမ္မာအပေါ် ထိန်းချုပ်မှုက အမှောင်ထုကို မထိခိုက်နိုင်ဘူး။ တစ်ဖက်မှာတော့ ကံကြမ္မာရှိတဲ့ သက်ရှိမှန်သမျှကို အမှောင်ထုက လွှမ်းမိုးနိုင်တယ်။ ဒါကြောင့် အမှောင်ထုက ပိုပြီး သြဇာကြီးတာပေါ့။ အမှောင်ထုက ကံကြမ္မာကိုတောင် ပျက်စီးအောင် လုပ်နိုင်တယ်ဆိုရင်... ဒါဟာ ကံကြမ္မာထက် ပိုမြင့်တဲ့ အဆင့်မှာ ရှိနေတာ မဟုတ်ဘူးလား” ရွှင်းက ထောက်ပြလိုက်၏။

​“အဲဒီလိုပဲ... ဟင်းလင်းပြင်ဆိုတာ ထာဝရပဲ။ ဒါဟာ အဆုံးမဲ့လည်း ဖြစ်နိုင်သလို ဘာမှမရှိတဲ့ သုညလည်း ဖြစ်နိုင်တယ်။ ဟင်းလင်းပြင်က ဘယ်အရာကိုမဆို ချုပ်နှောင်ထားနိုင်တယ်။ ဒါဆို ကံကြမ္မာကိုကော သူက မချုပ်နှောင်နိုင်ဘူးလား။ သေချာ စဉ်းစားကြည့်ပါဦး” သူမက ခပ်ပြုံးပြုံးဖြင့် ဆို၏။

​“ဟင်း... ဒီနိယာမတွေနောက်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပဲ။ ငါ တကယ်ပဲ သူတို့ကို အထင်သေးခဲ့မိတယ်” လုံချန်းက သက်ပြင်းချရင်း ပြန်ပြောလိုက်၏။

​“ဒါပေမဲ့လည်း ဒီဆုလာဘ်က တကယ့်ကို ထိုက်တန်ပါတယ်။ တခြားတံခါးတွေမှာ ဘာဆုလာဘ်တွေ ရှိမလဲဆိုတာတောင် ငါ မသိချင်တော့ဘူး။ ကံကြမ္မာနိယာမ တစ်ခုတည်းနဲ့တင် လုံလောက်နေပါပြီ။ ကံကြမ္မာဆိုတာ ငါ့ရဲ့ ရန်သူ ဖြစ်ခဲ့တာ ကြာပြီ။ ငါသာ ကံကြမ္မာကို ထိန်းချုပ်နိုင်ပြီဆိုရင် ငါ့လမ်းကို ဘယ်အရာကမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး” လုံချန်းသည် ရေရွတ်ရင်း ထိုရတနာလုံးလေးကို လှမ်းကိုင်ရန် လက်ကို ဆန့်လိုက်၏။

​“နေဦး၊ နင့်ရဲ့ ခန္ဓာကိုယ်အစစ်ထဲ ပြန်ရောက်မှ ဒါကို လုပ်ရမယ်။ အခု ဝိညာဉ်အဆင့်မှာတင် ကံကြမ္မာကို နားလည်ဖို့ မကြိုးစားနဲ့ဦး” ရွှင်းက လုံချန်း၏ လက်ကို ဆွဲတားလိုက်၏။

​“ဘာဖြစ်လို့လဲ”

​“ဘာလို့လဲဆိုတော့ သွေးမျိုးဆက်ကျောင်းတော်က နိယာမရတနာလုံးရဲ့ စမ်းသပ်မှု မှန်သမျှကို ပိတ်ပင်ထားလို့ပဲ။ နင့်ကို နိယာမစမ်းသပ်မှုဆီ ဝိညာဉ်ခေါ်သွားခွင့် ပေးမှာ မဟုတ်ဘူး။ အဲဒီလိုသာ နင် လုပ်လိုက်ရင် နင့်ရဲ့ ဝိညာဉ်ဟာ နာကျင်စရာကောင်းတဲ့ လွန်ဆွဲပွဲကြီးကြားမှာ ပိတ်မိနေလိမ့်မယ်” ရွှင်းက သတိပေးလိုက်ရာ လုံချန်းမှာ ကြောက်စိတ်ပင် ဝင်သွားတော့သည်။

​လုံချန်းသည် နိယာမ ရတနာလုံးကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် လက်ကို ပြန်ရုပ်လိုက်၏။

​“ငါ့ကို ကယ်လိုက်တဲ့အတွက် ကျေးဇူးပါပဲ” သူက ရွှင်းကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

​“ဒါနဲ့... ငါ့မှာ မေးစရာတစ်ခု ရှိသေးတယ်။ ဒီနိယာမ ရတနာလုံးကို အပြင်ကို ဘယ်လို ယူသွားရမှာလဲ”

​“လွယ်လွယ်လေးပါ။ ဒီနေရာကနေ ထွက်သွားလိုက်ရုံပဲ။ ဒါဟာ နင့်ရဲ့ ဆုလာဘ် ဖြစ်သွားပြီဆိုတော့ ဒါဟာ ရှေးဟောင်းလက်စွပ်ထဲမှာ အလိုအလျောက် ပေါ်လာလိမ့်မယ်” ရွှင်းက ရှင်းပြ၏။

​“အင်း... အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ အခု ငါ ဘယ်လို ထွက်ရမလဲ။ ဒီမှာ လုပ်စရာတွေ ပြီးသွားပြီ”

​“မျက်လုံးမှိတ်ပြီး နင်ရဲ့ ခန္ဓာကိုယ်အစစ်အကြောင်းကိုပဲ စဉ်းစားလိုက်ပါ။ နင် နိုးလာလိမ့်မယ်”

​လုံချန်းသည် သူမ၏ အကြံပြုချက်ကို လက်ခံလျက် ခေါင်းညိတ်လိုက်၏။ ထို့နောက် မျက်လုံးများကို မှိတ်ကာ သူ၏ ခန္ဓာကိုယ်အကြောင်းအား စတင် အာရုံပြုလိုက်တော့သည်။

​လုံချန်း၏ မူလခန္ဓာကိုယ်မှာ တတိယစမ်းသပ်မှုဆီသို့ ခေါ်ဆောင်ခြင်း ခံရစဉ်က ရှိနေခဲ့သော ရေကန်အနီးရှိ ထောင်ခန်းငယ်အတွင်း၌ လဲလျောင်းနေဆဲ ဖြစ်၏။

​သူ ဝိညာဉ်ကမ္ဘာအတွင်း အချိန်ကုန်လွန်နေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်သည် ဤနေရာ၌ ရှိနေခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သွေးမျိုးဆက်ကျောင်းတော်က လုံချန်း၏ ခန္ဓာကိုယ် မသေဆုံးစေရန် လိုအပ်သော အာဟာရများကို ထောက်ပံ့ပေးထားခဲ့၏။ ကျောင်းတော်အတွင်း သူ ကုန်ဆုံးခဲ့သော အချိန်များကြောင့် သူ၏ ဆံပင်များမှာလည်း အတော်အတန် ရှည်လျားနေပြီ ဖြစ်သည်။

​လုံချန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ထထိုင်လိုက်၏။ သူသည် ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။

​“ဩော်... ဟုတ်သားပဲ။ ငါ ဒီထောင်ခန်းထဲမှာ ပိတ်မိနေတုန်းပဲကိုး” သူသည် ရေရွတ်ရင်း မတ်တပ်ရပ်လိုက်၏။

​သူ ပထမဆုံး လုပ်လိုက်သည့်အရာမှာ ရှေးဟောင်းလက်စွပ်ကို စစ်ဆေးလိုက်ခြင်းပင်။

​“ကောင်းပြီ... နိယာမ ရတနာလုံးက ဒီမှာ ရှိနေပြီပဲ” လုံချန်းသည် သက်ပြင်းချရင်း ရေရွတ်လိုက်၏။

​သူသည် မျက်နှာသစ်ရန် ရေကန်နားသို့ လျှောက်သွားလိုက်၏။ ရေမျက်နှာပြင်ပေါ်ရှိ သူ၏ ပုံရိပ်ကို ကြည့်လိုက်သောအခါ မိမိကိုယ်မိမိ ပို၍ အိုမင်းသွားသည်ကို တွေ့လိုက်ရ၏။ ဆံပင်များလည်း ပိုရှည်လာပေသည်။

​“ရွှင်း... ဒီမှာ အချိန်ဘယ်လောက်တောင် ကုန်သွားပြီလဲ” လုံချန်းက သံသယဖြင့် မေးလိုက်၏။

​“နင် တတိယစမ်းသပ်မှုကို ထွက်သွားကတည်းကဆိုရင် ခုနစ်လ တိတိ ကုန်ဆုံးသွားခဲ့ပြီ” ရွှင်းက ပြန်ဖြေ၏။

​“ခုနစ်လ... ငါကတော့ တစ်နှစ်လောက်တောင် ရှိသွားပြီ ထင်နေတာ။ ငါ့ကြည့်ရတာ နည်းနည်း အိုသွားသလိုပဲ။ ငါ့အထင်မှားတာလည်း ဖြစ်နိုင်ပါတယ်လေ” လုံချန်းက ပြုံးလျက် ခေါင်းခါရင်း တွေးလိုက်လေတော့သည်။

All Chapters