အခန်း (၇၉၇-၇၉၈)
Vol. 80 Ch. 797-798
အခန်း (၇၉၇) ပြန်လည်ဆုံစည်းခြင်း
“ငါ့မိသားစုဝင်တွေ ငါ့အတွက် အတော်လေး စိုးရိမ်နေကြတော့မှာပဲ။ တတိယစမ်းသပ်မှုဆီကို ရုတ်တရက်ကြီး ခေါ်ထုတ်ခံလိုက်ရတာဆိုတော့ သူတို့ကို ကြိုပြီး အသိပေးဖို့တောင် အချိန်မရလိုက်ဘူး” လုံချန်းသည် မိမိ၏ မိသားစုကို သတိရကာ ရေရွတ်လိုက်၏။
သူသည် အချိန်ဆွဲမနေတော့ဘဲ မိမိ၏ အသိစိတ်ကိုကမ္ဘာတုထဲသို့ စေလွှတ်လိုက်သည်။ မိမိ ဘေးကင်းကြောင်း ပြောပြရန် မိသားစုဝင်များကို ခေါ်ထုတ်ရန် ပြင်လိုက်ခြင်းပင်။
“ဟင်... အိမ်မှာ ဘယ်သူမှ မရှိပါလား။ တစ်အိမ်လုံး အာဟာရမရှိတဲ့ နယ်မြေလို ဟာလာဟင်းလင်း ဖြစ်နေတယ်။ ဝိညာဉ် နတ်မိနယ်လေးတွေတောင် မရှိကြဘူး။ ဘာတွေ ဖြစ်ကုန်တာလဲ” လုံချန်းသည် မိသားစုဝင်များကို မတွေ့သဖြင့် ဇဝေဇဝါ ဖြစ်သွား၏။
သူသည် ကမ္ဘာတု တစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာဖွေတော့သည်။
“ဩော်... ရွှယ်နဲ့ မေတို့က ဟိုမှာပဲ။ ဘာလို့ အိမ်နဲ့ ဒီလောက်ဝေးတဲ့နေရာ ရောက်နေကြတာလဲ။ မင်ယုကလည်း လုံးဝ ဆန့်ကျင်ဘက် အရပ်မှာပါလား။ အဖေနဲ့အမေကော... အဘိုးကော ရှိနေကြတယ်။ လူတိုင်းက အရပ်မျက်နှာအသီးသီးကို လူခွဲပြီး အိမ်နဲ့ဝေးရာကို အလျင်အမြန် သွားနေကြတာပဲ။ တစ်ခုခုကို ရှာနေကြတာလား” လုံချန်းက မျက်မှောင်ကြုတ်လျက် တွေးနေမိ၏။
“သူတို့ကိုပဲ တိုက်ရိုက် မေးလိုက်တာ ပိုကောင်းမယ်” သူက ဆိုရင်း လူတိုင်းကို ကမ္ဘာတုထဲမှ ခေါ်ထုတ်လိုက်တော့သည်။
လူတိုင်းသည် လုံချန်း၏ ဘေးနားတွင် ရုတ်တရက် ပေါ်လာကြသဖြင့် အေးစက်တိတ်ဆိတ်နေသော ထောင်ခန်းလေးမှာ ချက်ချင်းပင် လူစည်ကားသွားတော့၏။ သူတို့အားလုံးသည် မိမိတို့ မည်သည့်နေရာသို့ ရောက်နေသည်ကို မသိဘဲ ကြောင်တောင်တောင် ဖြစ်နေကြရာမှ လုံချန်းအား မြင်လိုက်ရသောအခါမှ...
“ငါ့သားလေး” စီမာကျီယီက တုန်လှုပ်ချောက်ချားစွာ အာမေဍိတ်သံပြုလျက် လုံချန်းကို ပြေးဖက်လိုက်၏။ “သားလေး... သား ဘာမှမဖြစ်ဘူးနော်”
“ဘာဖြစ်ရမှာလဲ အမေရယ်။ ကျွန်တော် ဘာမှမဖြစ်ပါဘူး” လုံချန်းက ပြုံးလျက် ပြန်ဖြေလိုက်၏။
“ဟော... ဘာလို့ အားလုံးက မျက်ရည်ဝဲနေကြတာလဲ” သူ၏ အမျိုးသမီးလေးများမှာ စိတ်လှုပ်ရှားကာ မျက်ရည်ဝဲနေသည်ကို မြင်ရသဖြင့် သူက စိုးရိမ်တကြီး မေးလိုက်မိသည်။
“လူယုတ်မာကြီး၊ နင် ငါတို့ကို ဘာသတင်းမှ မပေးဘဲ ခုနစ်လတောင် ပျောက်နေတာလေ။ ငါတို့က ဘာတွေးရမှာလဲ။ နင် မရှိတဲ့အချိန်မှာ ငါတို့ ဘယ်လောက်တောင် စိုးရိမ်နေခဲ့ရလဲဆိုတာ နင် သိရဲ့လား” မင်ယုက လုံချန်းကို မျက်စောင်းထိုးလျက် ရန်တွေ့တော့၏။
“ငါ... ငါ တောင်းပန်ပါတယ်။ ဆင်ခြေပေးဖို့တောင် အင်အားမရှိပါဘူး။ ငါက အရေးကြီးတဲ့ ကိစ္စတစ်ခုထဲ ရောက်နေလို့ နင်တို့ကို ဆက်သွယ်ဖို့ အချိန်မရလိုက်တာပါ။ အခုမှပဲ အားလုံးပြီးသွားလို့ ခေါ်ထုတ်လိုက်နိုင်တာ” လုံချန်းက အားနာတကြီး ပြန်ဖြေ၏။
“ဘာတွေ ဖြစ်ခဲ့လို့လဲ သား။ ရွှယ်ပြောတာတော့ သားက သူ့ကို ကမ္ဘာတုထဲ ပြန်ပို့လိုက်တဲ့အချိန်မှာ ရန်သူတွေ ဝိုင်းနေတယ်ဆို။ အဲဒီနောက်ပိုင်း ဘာဆက်ဖြစ်ခဲ့လဲ” လုံချန်း၏ ဖခင် လုံကျွင်းက မေးလိုက်၏။
“အဲဒီနောက်ပိုင်းလား... ဘာမှမဖြစ်ပါဘူး အဖေ။ ကျွန်တော်က သူတို့ကို ကျွန်တော့်ရဲ့ အစွမ်းကို ပြလိုက်တော့ သူတို့လည်း တောင်းပန်ကြပါတယ်။ ပြီးတော့ ကျွန်တော့်ကို ရိုရိုသေသေပဲ လွှတ်ပေးလိုက်ကြတယ်။ အဲဒီကနေ ကျွန်တော် နောက်ထပ် မြို့တစ်မြို့ကို ရောက်တော့ အဲဒီက လူတွေက အကူအညီတောင်းကြလို့ သူတို့ကို ကူညီပေးနေတာနဲ့ပဲ ခုနစ်လ ကြာသွားတာ။ အဲဒီအချိန်အတွင်းမှာ ကျွန်တော်လည်း အပြင်ကို သတင်းမပေးနိုင်ခဲ့ဘူး” သူက အမှန်အတိုင်း ရှင်းပြရမည့်အစား အရိုးရှင်းဆုံးဖြစ်မည့် မုသားစကားတစ်ခုကိုသာ ပြောလိုက်၏။
“ဟင်း... ကောင်းပါပြီလေ။ သားပြောမှတော့ အဖေ ယုံရမှာပေါ့။ သား အဆင်သင့်ဖြစ်တဲ့အခါမှပဲ အမှန်တရားကို အဖေတို့ သိပါရစေ” လုံကျွင်းက ခပ်ယဲ့ယဲ့ ပြုံးလျက် ဆို၏။
“ဒါနဲ့... ဒီနေရာက ဘယ်နေရာလဲ” လုံကျွင်းက ပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်သည်။ ဤနေရာသည် ထောင်ခန်းတစ်ခန်းအတွင်းရှိ ခန်းမကြီးတစ်ခန်းနှင့် တူသော်လည်း အပြင်ထွက်ပေါက်ဟူ၍ လုံးဝမတွေ့ရချေ။
အရာအားလုံးမှာ ပိတ်ဆို့နေပြီး အလယ်တွင်တော့ ရေကန်ငယ်လေး တစ်ကန်သာ ရှိနေ၏။
“ဒီနေရာက ဂူဗိမာန်ဟောင်းတစ်လုံးပါ အဖေ။ ကျွန်တော်က နေရာပြောင်း ဝင်္ကပါတစ်ခုကို မတော်တဆ နင်းမိရာကနေ ဒီဂူထဲ ရောက်လာတာ။ ဂူလမ်းလျှောက်လမ်းအတိုင်း သွားနေတုန်း မြေပြင်က ရုတ်တရက် ပျောက်သွားပြီး ဒီထဲကို ပြုတ်ကျလာတာပဲ” လုံချန်းက ယခုတစ်ကြိမ်တွင်တော့ အမှန်အတိုင်း ပြောပြလိုက်၏။
“သားက ဒီထဲကို ပြုတ်ကျလာတာလား။ ဘယ်နေရာကနေ ကျလာတာလဲ။ အဲဒီနေရာကပဲ ဒီထဲက ထွက်ရမယ့် လမ်းဖြစ်ရမယ်” လုံကျွင်းက ခေတ္တမျှ စဉ်းစားပြီး ပြန်ပြော၏။
“ကျွန်တော်က ဟောဒီအပေါ်ကနေ ကျလာတာ။ ဒါပေမဲ့ ကျလာပြီးတာနဲ့ အဲဒီအပေါက်က ပြန်ပိတ်သွားတယ်။ ဒီမှာ ထွက်ပေါက်ရှိပုံ မရဘူး။ ထွက်လမ်းမရှိတဲ့ ထောင်တစ်ခုနဲ့ တူနေတယ်” လုံချန်းက သက်ပြင်းချရင်း ဆို၏။
“အခုပဲ ကျွန်တော်က ဒီနံရံတွေကို တိုက်ခိုက်ပြီး ဖြိုဖျက်ကြည့်မလို့ ပြင်နေတာ” သူက ဆက်ပြော၏။
“သား တိုက်ခိုက်တော့မယ်ဆိုရင် သား ပြုတ်ကျလာတဲ့ နေရာကိုပဲ ဦးတည်ပြီး တိုက်ခိုက်သင့်တယ်။ တကယ်လို့ အဲဒီမှာ အရင်က အပေါက်ရှိခဲ့ပြီး ကျောက်တုံးတွေနဲ့ ပိတ်သွားတာဆိုရင် အဲဒီနေရာက အားအနည်းဆုံး အချက်အချာပဲ ဖြစ်ရမယ်” လုံကျွင်းက ပတ်ဝန်းကျင်ကို အကဲခတ်ပြီး အကြံပြု၏။
“ဟုတ်သားပဲ... အဲဒါ ကျိုးကြောင်းဆီလျော်တယ်” လုံချန်းက အမိုးပေါ်ကို မော့ကြည့်ရင်း ရေရွတ်လိုက်၏။
“အားလုံး နောက်ကို ဆုတ်လိုက်ကြပါ။ ကျွန်တော် တိုက်ခိုက်လိုက်ရင် ကျောက်တုံးကြီးတွေ ပြုတ်ကျလာနိုင်တယ်။ ခပ်ဝေးဝေးမှာပဲ နေကြပါ” လုံချန်းက တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။
သို့သော် ရုတ်တရက် သူ မျက်မှောင်ကြုတ်ကာ တန့်သွားပြီး မိသားစုဝင်အားလုံးကို ပြန်လှည့်ကြည့်လိုက်၏။
“နေဦး... နေဦး။ လူခွဲနေကြတဲ့ အားလုံးကို တစ်နေရာတည်းမှာ ပြန်စုမိအောင် ကျွန်တော် ခေါ်ထုတ်လိုက်တာ။ ဒါနဲ့... ကျွန်တော်ရဲ့ အဓိက မေးခွန်းကို မေးဖို့ မေ့နေတယ်။ ခင်ဗျားတို့အားလုံး ဘာဖြစ်လို့ ဟိုဟိုဒီဒီ လူခွဲပြီး သွားနေကြတာလဲ”
“အဖေတို့ ထွက်ပေါက်ကို ရှာနေကြတာပါ” လုံကျွင်းက သက်ပြင်းချလျက် ပြောလိုက်၏။
“ထွက်ပေါက် ဟုတ်လား။ အဲဒါက ဘာလဲ” လုံချန်းက နားမလည်စွာ မေးလိုက်၏။
“သက်ရှိတွေ နေထိုင်နိုင်တဲ့ သိုလှောင် ကမ္ဘာတိုင်းမှာ အရေးပေါ်အခြေအနေ ဖြစ်လာရင် အပြင်ကို ထွက်လို့ရမယ့် ဟင်းလင်းပြင် ဝင်ပေါက်ဆိုတာ ရှိစမြဲပဲ။ အဖေတို့က အဲဒီဝင်ပေါက်ကို ရှာပြီး အပြင်ကို ထွက်ဖို့ ကြိုးစားနေတာ။ သား အခက်အခဲနဲ့ ကြုံနေရပြီလို့ ထင်ပြီး အဖေတို့ သားကို ကူညီချင်လို့ပေါ့” လုံကျွင်းက ရှင်းပြ၏။
“ဩော်... ဒီကမ္ဘာတုထဲမှာ အဲဒီလိုအရာမျိုး ရှိမယ်လို့ ကျွန်တော် မထင်ထားမိဘူး။ တကယ်ပဲ ရှိလို့လား” လုံချန်းက ရေရွတ်ရင်း အတည်ပြုချက်ရရန် ရွှင်းကို လှမ်းကြည့်လိုက်၏။
“ဒီကမ္ဘာတုမှာ ထွက်ပေါက် ရှိပါတယ်။ ဒါပေမဲ့ သူတို့ ဘယ်လောက်ရှာရှာ ရှာမတွေ့နိုင်တဲ့အတွက် မရှိတာနဲ့ အတူတူပါပဲ” ရွှင်းက ခေါင်းခါရင်း ပြန်ဖြေ၏။
‘ဟင်... ဘယ်မှာလဲ။ ရှိတယ်ဆိုရင် ဘာလို့ ရှာမတွေ့ရတာလဲ။ ကောင်းကင်ပေါ်မှာများ ရှိနေတာလား’ လုံချန်းက စိတ်ထဲကနေ ရွှင်းကို မေးလိုက်၏။
“ကောင်းကင်ပေါ်မှာ မဟုတ်ဘူး... ပင်လယ်အောက်ခြေမှာ။ အဲဒီ ဟင်းလင်းပြင်ဝင်ပေါက်က ပင်လယ်ရေအောက် မီတာ သုံးထောင် အနက်မှာ ရှိနေတာ” ရွှင်းက ပြန်ပြောရာ လုံချန်းပင် မှင်သက်သွားတော့သည်။
“မဟုတ်ဘူး... အဲဒီလိုနေရာမျိုး သေချာပေါက် ရှိရမယ်။ အဖေ ဖတ်ဖူးသလောက်တော့ ဒီလို ကမ္ဘာမျိုးတိုင်းမှာ အဲဒါ ပါရမယ်” လုံကျွင်းက လုံချန်းကို ဆက်လက် ရှင်းပြနေ၏။
“အဖေ ပြောတာ မှန်ပါတယ်။ ကျွန်တော် မေ့သွားလို့ပါ။ ဒီကမ္ဘာမှာလည်း အဲဒီထွက်ပေါက် ရှိပါတယ်။ ဒါပေမဲ့ အဲဒါက ပင်လယ်အောက်ခြေထဲမှာဆိုတော့ ရှာတွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” လုံချန်းက သက်ပြင်းချရင်း ပြန်ဖြေ၏။
“ပင်လယ်ထဲမှာ ဟုတ်လား... ဒါဆိုရင်တော့ ငါတို့ တစ်ကမ္ဘာလုံးကို ပတ်ရှာရင်တောင် တွေ့မှာ မဟုတ်တော့ဘူး” လုံချန်း၏ အဘိုးဖြစ်သူက လုံကျွင်းကို ကြည့်ကာ ဝင်ပြောလိုက်၏။
“အဖေတို့ အဲဒီထဲမှာပဲ ဆက်မနေချင်တော့ဘူး သား။ သားမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ အဖေတို့ ဘယ်လိုမှ မသိနိုင်ဘူး။ သား အကူအညီ လိုနေရင်တောင် အဖေတို့က ထွက်မလာနိုင်ဘူး။ တကယ်လို့ သားသာ အသက်မရှင်တော့ဘူးဆိုရင် အဖေတို့ ရှင်သန်နေရတာက ဘာထူးမှာလဲ” လုံကျွင်းက လုံချန်းကို စိုက်ကြည့်ရင်း အားမလိုအားမရ မေးခွန်းထုတ်တော့သည်။
“မဟုတ်ပါဘူး အဖေရယ်။ ကျွန်တော် တကယ် ဘာပြဿနာမှ မရှိပါဘူး။ တကယ်လို့ ကျွန်တော်သာ အဖေတို့ရဲ့ အကူအညီ လိုအပ်မယ့် အခြေအနေမျိုးဆိုရင် ကျွန်တော် သေချာပေါက် ခေါ်ထုတ်မှာပေါ့” လုံချန်းက အားတုံ့အားနာ ပြုံးရင်း ပြန်ဖြေ၏။
“တကယ်တော့ အဖေတို့ အဲဒီထဲမှာပဲ ရှိနေတာက ပိုပြီး အထောက်အကူ ဖြစ်ပါတယ်။ ကျွန်တော် လိုအပ်တဲ့အခါမှ ခေါ်ထုတ်လိုက်ရင် ရန်သူကို အငိုက်မိသွားစေမှာပေါ့။ အဖေတို့က ကျွန်တော်နဲ့ အမြဲတမ်း အတူတူရှိနေရင် ရန်သူကို အံ့ဩအောင် လုပ်ဖို့ ခက်သွားလိမ့်မယ်။ နောက်ပြီးတော့ လူအင်အား များတာက အင်အားဖြစ်စေသလို တစ်ခါတလေမှာ အားနည်းချက်လည်း ဖြစ်သွားတတ်တယ်လေ” သူက ဆက်လက် ရှင်းပြလိုက်တော့သည်။
အခန်း (၇၉၈) ထွက်ပေါက်
လုံချန်းက ဖြူစင်ရိုးသားစွာ ပြုံးလျက် ပြန်လည်ဖြေကြားသည်။ “ကျွန်တော် မလိမ်ပါဘူး အဖေ။ ကျွန်တော့်မှာ အခက်အခဲရှိလို့ အဖေတို့ရဲ့ အကူအညီ လိုအပ်လာပြီဆိုရင်တော့ ကျွန်တော် တွန့်ဆုတ်မနေဘဲ အဖေတို့ကို သေချာပေါက် ခေါ်ထုတ်မှာပါ။ ဒါကိုတော့ ယုံကြည်ပေးပါ။ အနည်းဆုံးတော့ အဖေတို့ မသိဘဲနဲ့ ကျွန်တော် အသက်မဆုံးစေရပါဘူး။ တကယ်လို့ ကျွန်တော့်ဘဝရဲ့ နောက်ဆုံးနေ့ ရောက်လာခဲ့မယ်ဆိုရင်တောင် အဲဒီနေ့မှာ အဖေတို့နဲ့ အတူတူ ရှိနေမှာပါ”
“ကောင်းပြီလေ... ဒါဆိုရင်လည်း အဖေတို့ အဲဒီမှာပဲ ဆက်နေပါ့မယ်” လုံကျွင်းက သက်ပြင်းချလျက် ဆို၏။ “ဒါပေမဲ့ သား ဒီနေရာကနေ ထွက်ပေါက်ရှာမတွေ့မချင်းတော့ အဖေ ဒီကနေ မခွာဘူး”
လုံချန်းက ခေါင်းညိတ်လျက် ဆိုသည်။ “ကျွန်တော် တိုက်ခိုက်လိုက်တဲ့အခါ အမိုးပေါ်ကနေ ကျောက်တုံးကြီးတွေ ပြုတ်ကျလာနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ လူနည်းလေ ပိုကောင်းလေပါပဲ။ အဖေ တစ်ယောက်ပဲ နေခဲ့ပါ။ ကျန်တဲ့သူတွေကိုတော့ လောလောဆယ် ပြန်လွှတ်လိုက်ရအောင်”
“ဒါပေမဲ့...”
“ဒါပေမဲ့တွေ မလုပ်ပါနဲ့တော့ အဘိုးရယ်။ ဒါဟာ အားလုံးရဲ့ ဘေးကင်းရေးအတွက်ပါ။ အဖေက ကျွန်တော်နဲ့အတူ ရှိနေမှာပဲ။ ကျွန်တော့်ကို အဖေ စောင့်ရှောက်ပါလိမ့်မယ်။ အဘိုးတို့လည်း ထွက်ပေါက်ရှာရတာနဲ့ ပင်ပန်းနေကြပြီ။ အိမ်ပြန်ပြီး အနားယူကြပါဦး”
လုံရန်က တစ်စုံတစ်ရာ ပြောကြားရန် အားထုတ်သေးသော်လည်း လုံချန်းက စကားဖြတ်ပြောလိုက်သဖြင့် အထမမြောက်ခဲ့ချေ။
“ကောင်းပြီလေ။ ကျွင်းအာ... ငါ့မြေးကို သေချာ ဂရုစိုက်ပါဦး” လုံရန်က ပြန်ရန် သဘောတူလိုက်သော်လည်း လုံကျွင်းကိုမူ သတိထားရန် မှာကြားဖို့ မမေ့ခဲ့ပေ။
“သူဟာ အဖေ့မြေး ဖြစ်သလို ကျွန်တော့်ရဲ့ သားလည်း ဖြစ်ပါတယ် အဖေ။ ဘာမှ မစိုးရိမ်ဘဲ ပြန်သွားပါ” လုံကျွင်းက ဖခင်ဖြစ်သူအား စိတ်အေးစေရန် ပြန်လည်ပြောကြားလိုက်၏။
လုံချန်းသည် လူတိုင်းအား တစ်ယောက်ချင်းစီ ထိတွေ့ကာ ကမ္ဘာတုသို့ ပြန်လည်စေလွှတ်လိုက်ရာ နောက်ဆုံး၌ သူ၏ မိခင်နှင့် အမျိုးသမီးငယ်လေးများသာ ကျန်ရှိတော့၏။
“ရွှယ်က နင်နဲ့အတူ ရှိနေရမယ့် တစ်ပတ်တာ အချိန်က မကုန်သေးဘူးနော်။ သူ့ကို နင်နဲ့အတူ ခေါ်ထားလိုက်ပါဦး။ အဲဒီမှ သူ့ရဲ့ အလှည့် ပြီးဆုံးသွားပြီး ငါတို့အလှည့် ရောက်မှာပေါ့” ကျီချင်းက လုံချန်းကို မေးငေါ့လျက် ချွဲနွဲ့စွာ ဆို၏။
“ငါ မှတ်မိပါတယ်ဟ။ အပြင်ရောက်တာနဲ့ အဲဒါကို ဆက်ကြတာပေါ့” လုံချန်းက ပြန်လည်ပြောကြားရင်း ကျီချင်း၏ ပါးပြင်ကို အသာအယာ ထိတွေ့ကာ သူမအား စေလွှတ်လိုက်လေသည်။
သူသည် ကျန်ရှိနေသူများထံသို့ လျှောက်သွားကာ တစ်ဦးချင်းစီအား စေလွှတ်လိုက်ရာ နောက်ဆုံးတွင် ရွှယ်နှင့် သူ၏ မိခင်သာ ကျန်ရစ်တော့၏။
“ဒီနေရာကနေ ထွက်တာနဲ့ ငါ ချက်ချင်း ပြန်ခေါ်မယ်နော်” လုံချန်းက ဆိုလျက် ရွှယ်၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပြီး သူမအား စေလွှတ်လိုက်ပြန်သည်။
“အမေ စိုးရိမ်ရအောင် လုပ်မိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ နောက်ဆိုရင် အခုလို အကြာကြီး ပျောက်ကွယ်မသွားတော့ပါဘူး” စီမာကျီယီအား တောင်းပန်စကား ဆိုပြီးနောက် သူမကိုလည်း စေလွှတ်လိုက်လေသည်။
“ကဲ... အဖေ။ အဖေ ခပ်လှမ်းလှမ်းမှာ သွားနေပါ။ အဖေ ခန့်မှန်းထားတဲ့အတိုင်း ဟုတ်၊ မဟုတ် စမ်းသပ်ကြည့်ရအောင်” ဖခင်မှအပ ကျန်ရှိသူများအားလုံးကို စေလွှတ်ပြီးနောက် လုံချန်းက ရေရွတ်လိုက်၏။
လုံကျွင်းသည် နောက်သို့ ခပ်လှမ်းလှမ်း ဆုတ်ပေးလိုက်၏။
လုံချန်းသည် သူ၏ ချီစွမ်းအားကို အသုံးပြုကာ လေးတစ်လက်အား ဖန်တီးလိုက်၏။ ထို့နောက် ညာဘက်လက်ဖြင့် မြားတစ်စင်းကိုလည်း ဖန်တီးလိုက်ပြီး သူ ပြုတ်ကျလာခဲ့သော အမိုးပေါ်ရှိ နေရာအား ချိန်ရွယ်လိုက်လေသည်။
သူသည် မြားကို လွှတ်ထုတ်လိုက်၏။ ချီစွမ်းအားဖြင့် ဖန်တီးထားသော ထိုမြားသည် မြေကမ္ဘာအဆင့် လက်နက်တစ်လက်ကဲ့သို့ အစွမ်းထက်လှပေသည်။ မြားသည် လျှပ်စီးလက်သကဲ့သို့ အဟုန်ဖြင့် ပြေးထွက်သွားကာ အမိုးကို သွားရောက် ထိမှန်တော့၏။
ကျောက်တုံးကြီးများ ပြုတ်ကျလာမည် သို့မဟုတ် အနည်းဆုံးတော့ အမိုး၌ အပေါက်ကြီး တစ်ပေါက် ဖြစ်သွားမည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။ သစ်သားမြားတစ်စင်းက သံတံခါးကို သွားရောက်ထိမှန်သကဲ့သို့ အစင်းရာလေးတစ်ခုမျှပင် ကျန်မနေခဲ့ပါချေ။
“ဘာမှ မဖြစ်ပါလား။ ဒါက အားနည်းတဲ့ နေရာ မဟုတ်ဘူး ထင်တယ်။ ဒီနေရာကတောင် အားနည်းတဲ့ နေရာဆိုရင် အားကောင်းတဲ့ နေရာတွေကိုတော့ စဉ်းစားတောင် မကြည့်ချင်တော့ဘူး” လုံချန်းက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏။
“ဒီကျောက်တုံးတွေက တကယ့်ကို ခိုင်မာတာပဲ။ သားရဲ့ တိုက်ခိုက်မှုက သာမန်ကျောက်တုံးဆိုရင် ကြေမွသွားရမှာ။ အခုတော့ အစင်းရာလေးတောင် မထင်ဘူး။ ဒါဟာ သာမန်နေရာတော့ မဟုတ်ဘူး” လုံကျွင်းက အမိုးကို ကြည့်လျက် ဆို၏။
“ထွက်ပေါက်တော့ သေချာပေါက် ရှိရမှာပါ။ ဒီအတိုင်းတော့ မဖြစ်နိုင်ဘူး” သူက ရေရွတ်ရင်း နံရံများဆီသို့ လျှောက်သွားကာ အထောက်အထား တစ်စုံတစ်ရာ တွေ့ရှိမလားဟု အသေအချာ လိုက်လံ ကြည့်ရှုတော့၏။
“နင့်ရဲ့ အဖေက ဒီလိုကိစ္စမျိုးတွေမှာ အတွေ့အကြုံရှိပုံ ရတယ်။ နင်ကော သူ့ကို မကူညီချင်ဘူးလား” ရွှင်းက ရေကန်အနားတွင် ထိုင်နေသော လုံချန်းအား လှမ်းမေး၏။
“သူ့ဘာသာ ကြည့်ပါစေဦး။ တစ်ခုခု ရှိနေရင် သူ ရှာတွေ့မှာပါ။ ငါကတော့ ဒီရေကန်ကို ပိုပြီး စိတ်ဝင်စားတယ်” လုံချန်းက ရေမျက်နှာပြင်ကို စိုက်ကြည့်ရင်း ပြော၏။
“ဘာဖြစ်လို့လဲ”
“ငါလည်း မသိဘူး။ ခံစားချက်တစ်ခု ရနေလို့ပါ။ နံရံတွေနဲ့ ကျန်တဲ့အရာတွေ အားလုံးက ငါတို့ မျက်စိရှေ့မှာတင် ရှိနေတာဆိုတော့ ဒီနေရာကို လူတွေ ထွက်မသွားနိုင်အောင် လုပ်ထားတာဆိုရင် အဲဒီနေရာတွေကို အခိုင်ခန့်ဆုံး လုပ်ထားမှာပဲ။ ငါတို့ မမြင်နိုင်တဲ့ တစ်ခုတည်းသော နေရာက ဒီရေကန်ရဲ့ အောက်ခြေပဲ ရှိတယ်” လုံချန်းက မတ်တပ်ရပ်လျက် ဆို၏။
“ရေက ကြည်လင်နေတာပဲ။ ဒါပေမဲ့ ရေကန်အောက်ခြေကိုတော့ လှမ်းမမြင်ရဘူး။ ငါ ဆင်းကြည့်မှ ဖြစ်မယ်” သူသည် လုံကျွင်းအား လှမ်းပြောလိုက်၏။ “အဖေ... ကျွန်တော် ရေကန်အောက်ခြေကို ဆင်းကြည့်လိုက်ဦးမယ်”
လုံချန်းသည် ရေထဲသို့ ငုပ်ဆင်းသွားလေသည်။ သူသည် ရေကန်အောက်ခြေသို့ ရောက်သောအခါ သူ့အား ပြုံးပျော်သွားစေမည့် အရာတစ်ခုကို တွေ့ရှိလိုက်ရ၏။ သူသည် ရေပေါ်သို့ ပြန်လည် တက်လာခဲ့သည်။
“အဖေ၊ ကျွန်တော် ထွက်ပေါက်ကို တွေ့ပြီ။ ရေကန်အောက်ခြေမှာ လမ်းရှိတယ်” လုံချန်းက လုံကျွင်းအား လှမ်းအော်ပြောလိုက်၏။
နံရံများအား လိုက်လံခေါက်ကြည့်နေသော လုံကျွင်းသည် လုံချန်း၏ စကားကို ကြားသောအခါ...
“သား ဘာတွေ့လို့လဲ”
“ရေကန်အောက်ခြေ နံရံမှာ အပေါက်တစ်ပေါက် ရှိတယ်။ အဲဒီအပေါက်က ဒီနေရာကနေ ထွက်သွားလို့ရမယ့် လမ်းပဲ။ အဲဒါက နောက်ထပ် အခန်းတစ်ခန်းနဲ့ ဆက်နေတာ ဖြစ်ရမယ်” လုံချန်းက သူ ရေအောက်၌ မြင်တွေ့ခဲ့သည်များကို ရှင်းပြလိုက်၏။
“ဩော်... ဒါဆိုရင်တော့ အဲဒါ လမ်းဖြစ်မှာပေါ့။ ကဲ... သွားကြစို့” လုံကျွင်းက ပြောပြောဆိုဆို ရေကန်နားသို့ လျှောက်လာကာ ရေထဲသို့ ခုန်ချလိုက်လေသည်။
သားအဖနှစ်ဦးလုံး ရေအောက်သို့ ငုပ်ဆင်းသွားပြီး လူနှစ်ဦး တစ်ပြိုင်တည်း ဝင်ရောက်နိုင်သော နံရံမှ အပေါက်အတွင်းသို့ ဝင်လိုက်ကြ၏။ ထိုအပေါက်မှတစ်ဆင့် တစ်ဖက်သို့ ရောက်သောအခါ ရေပေါ်သို့ ပြန်လည် တက်လိုက်ကြလေသည်။
ဟူး...
သူတို့သည် ရေပေါ်သို့ ခေါင်းဖော်လိုက်သောအခါ အသက်ကို ဝဝရှူလိုက်ကြရ၏။ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက် ရေထဲမှ တက်ကာ ကြမ်းပြင်ပေါ်၌ ထိုင်လိုက်ကြသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဤအခန်းသည် ယခင်အခန်းနှင့် တစ်ပုံစံတည်း ဖြစ်နေသည်အား တွေ့ရ၏။ သို့သော် တစ်ခုတည်းသော ထူးခြားချက်မှာ...
ယခင်အခန်းနှင့် မတူဘဲ ဤနေရာ၌မူ အပြင်သို့ ထွက်ခွာသွားနိုင်သော လူသွားလမ်းရှည်ကြီး တစ်လမ်း ရှိနေခြင်းပင် ဖြစ်လေသည်။
“ဟင်း... ကျွန်တော်တို့ လမ်းရှာတွေ့သွားပြီ ထင်တယ်။ ဒီလမ်းမှာ ထောင်ချောက်တွေသာ မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ အပြင်ထွက်နိုင်မယ့် လမ်းကို ရှာတွေ့မှာပါ။ အဖေလည်း အခု ပြန်သွားပြီး အနားယူလို့ ရပါပြီ။ ကျန်တဲ့လမ်းကိုတော့ ကျွန်တော်တစ်ယောက်တည်း ဆက်သွားလိုက်ပါ့မယ်” လုံချန်းက လုံကျွင်းကို ကြည့်လျက် ပြောလိုက်၏။
ဤလမ်းတွင် ထောင်ချောက်များ ရှိနေနိုင်သည်ဟု သူက ယူဆထား၏။ လုံကျွင်းမှာ ရွှေအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သဖြင့် သူ့အား အန္တရာယ် မဖြစ်စေလိုချေ။ ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ တစ်ဦးတည်း သွားခြင်းက ပိုမိုဘေးကင်းလိမ့်မည်ဟု လုံချန်းက ယုံကြည်နေခြင်း ဖြစ်သည်။
“သား အပြင်မရောက်မချင်း အဖေ ဒီမှာ ရှိနေမယ်လို့ ပြောထားတယ်လေ။ သားအဖနှစ်ယောက် အတူတူ သွားကြတာပေါ့” လုံကျွင်းက မတ်တပ်ရပ်လျက် ပြန်လည်ဖြေကြား၏။
“ကဲ... သွားကြစို့” လုံကျွင်းက လုံချန်းအား ဆွဲထူရန်အတွက် လက်ကမ်းပေးလိုက်တော့သည်။