အခန်း (၇၉၉-၈၀၀)
Vol. 80 Ch. 799-800
အခန်း (၇၉၉) ကျန်ရစ်ခဲ့သော ဓား
လုံချန်းသည် ဖခင်၏လက်ကို ဆွဲကိုင်ကာ မတ်တပ်ရပ်လိုက်၏။
“ကျွန်တော့်နောက်ကပဲ လိုက်ခဲ့ပါ အဖေ။ ဒီလူသွားလမ်းတစ်လျှောက်မှာ ထောင်ချောက်တွေ ရှိနေနိုင်တယ်၊ သတိထားပါ” လုံချန်းက ဖခင်အား သတိပေးစကားဆိုရင်း ထိုနေရာမှ အပြင်သို့ ဦးတည်ရာ လမ်းကျဉ်းရှည်ကြီးအတိုင်း စတင်လျှောက်လှမ်းလေသည်။
လုံကျွင်းသည်လည်း လုံချန်း၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ ယခုတစ်ကြိမ်တွင်မူ လုံချန်းသည် တစ်လှမ်းချင်းစီကို အထူးဂရုပြုလျက် လျှောက်လှမ်းနေမိသည်။ နောက်ထပ်တစ်ကြိမ် ထောင်ချောက်အတွင်းသို့ သက်ဆင်းမသွားမိစေရန် သူ၏ အာရုံတို့ကို စုစည်းထား၏။
ဤနေရာ၏ ပတ်ဝန်းကျင်မြင်ကွင်းမှာ သာမန်အတိုင်းပင် ဖြစ်နေသော်လည်း လုံချန်းကမူ သတိလက်လွတ် မနေချေ။ ကံကောင်းထောက်မစွာပင် လမ်းဆုံးသို့ ရောက်သည့်တိုင်အောင် ထူးခြားသော ဘေးအန္တရာယ် တစ်စုံတစ်ရာနှင့် မတွေ့ကြုံခဲ့ရချေ။
သူတို့ သားအဖနှစ်ဦးသည် နောက်ထပ် အခန်းငယ်တစ်ခန်းအတွင်းသို့ ရောက်ရှိသွားကြ၏။ သို့သော် ထိုနေရာသည် လမ်းစတို့၏ အဆုံးအဖြတ်ပင် ဖြစ်လေတော့သည်။ အခန်းအတွင်း၌ မည်သည့် ထွက်ပေါက်မျှ မရှိတော့ဘဲ ရောက်ရှိလာရာ လမ်းဟောင်းအတိုင်း နောက်ကြောင်းပြန်လှည့်ရန်သာ ရှိတော့၏။
ထိုအခန်း၏ အလယ်ဗဟိုတည့်တည့် ကြမ်းပြင်ပေါ်တွင်မူ တြိဂံပုံသဏ္ဌာန် ရှိသော သလင်းကျောက် ငယ်တစ်ခဲ လဲလျောင်းနေသည်ကို တွေ့ရ၏။
လုံချန်းသည် ထိုသလင်းကျောက်အနီးသို့ လျှောက်သွားကာ အသေအချာ ကြည့်ရှုပြီးနောက် ဖခင်ဖြစ်သူအား လှည့်၍ ဆိုသည်။“ဒီမှာတော့ ထွက်ပေါက် မရှိတော့ဘူး အဖေ။ ရေကန်ရှိတဲ့ဘက်ကို ပြန်သွားလို့ရပေမဲ့ အဲဒီကနေလည်း အပြင်ထွက်ဖို့ လမ်းမရှိဘူး။ ဒီအခန်းထဲမှာလည်း ဒီသလင်းကျောက်ကလွဲရင် ဘာမှမရှိတော့ဘူး”
“အဖေကော ဘယ်လိုထင်လဲ” လုံချန်းက ဖခင်၏ အယူအဆကို မေးမြန်းလိုက်၏။
လုံကျွင်းသည် အခန်းအလယ်ဗဟိုသို့ တိုးကပ်သွားကာ ထိုသလင်းကျောက်ကို လေးနက်သော မျက်နှာဖြင့် စိုက်ကြည့်နေမိသည်။ “ဒီသလင်းကျောက်ကသာ အဖေတို့အတွက် တစ်ခုတည်းသော ထွက်ပေါက်ပဲ ဖြစ်ရမယ်။ ဒီလို သလင်းကျောက်မျိုးတွေအကြောင်း ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာ အဖေ ဖတ်ဖူးခဲ့တယ်။ အဖေ့အထင် မမှားဘူးဆိုရင် ဒါဟာ အဲဒီအရာတွေထဲက တစ်ခုပဲ ဖြစ်ရမယ်”
“ဩော်... ဟုတ်သားပဲ။ အဖေက ကျွန်တော့်ထက် စာဖတ်ဝါသနာပါတာကို ကျွန်တော် မေ့နေတာ” လုံချန်းက ပြုံးလျက် ရေရွတ်လိုက်၏။ “ဒါဆို အဖေ ဖတ်ဖူးတဲ့အတိုင်းဆိုရင် ဒါက ဘာအရာမျိုးလဲ”
လုံကျွင်းသည် လုံချန်းအား ကြည့်ကာ ရှင်းပြလေတော့သည်။ “ရှေးခေတ်လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီလို ဂူဗိမာန်တွေကို တည်ဆောက်ခဲ့ကြတယ်။ အချို့က သူတို့ ကွယ်လွန်ပြီးနောက် ရုပ်အလောင်းကို ထားရှိဖို့၊ အချို့ကတော့ ရတနာတွေကို ဝှက်သိမ်းဖို့ တည်ဆောက်ကြတယ်။ အချို့ကတော့ ထောင်ချောက်တစ်ခုအနေနဲ့ ဒါမှမဟုတ် အပျော်သဘောသက်သက် တည်ဆောက်ခဲ့ကြတာမျိုးလည်း ရှိတယ်။ ဒါပေမဲ့ သူတို့အားလုံးရဲ့ တူညီတဲ့အချက်ကတော့ ဂူဗိမာန်အတွင်းမှာ အပြင်ထွက်နိုင်မယ့် လမ်းစတစ်ခုကို အမြဲတမ်း ချန်ထားလေ့ရှိတာပဲ”
“ဂူဗိမာန်ကနေ အပြင်ထွက်ဖို့ အသုံးအများဆုံးနည်းလမ်းကတော့ ဒီလို ထွက်ပေါက်သလင်းကျောက်တွေကို အသုံးပြုတာပဲ။ ဒီအရာတွေက အဝေးတစ်နေရာကို ချက်ချင်းရောက်သွားစေနိုင်တဲ့ နေရာပြောင်း သလင်းကျောက်တွေနဲ့ ဆင်တူတယ်။ အချို့ သလင်းကျောက်တွေဆိုရင် တန်ခိုးစွမ်းအား ကြီးမားလွန်းလို့ ဂူဗိမာန်နဲ့ လုံးဝ မသက်ဆိုင်ဘဲ ကမ္ဘာတစ်ဖက်ခြမ်းလောက် ဝေးကွာတဲ့နေရာကိုတောင် ပို့ဆောင်ပစ်နိုင်စွမ်း ရှိကြတယ်” သူက ပြန်လည်ဖြေကြား၏။
“ဟင်း... ဘယ်နေရာကိုပဲ ပို့ပို့ပါ အဖေရယ်။ ဒီနေရာကနေ လွတ်မြောက်သွားဖို့ကသာ အဓိကပါပဲ” လုံချန်းက ပြုံးလျက် ရေရွတ်လိုက်၏။
“အခုတော့ အပြင်ထွက်ဖို့ လမ်းစ ရပြီဆိုတော့ အဖေ ပြန်သွားလို့ ရပါပြီ။ ကျွန်တော့်နောက်ကနေ ဒီသလင်းကျောက်ကို ထပ်ကိုင်မိလို့ အဖေက ကျွန်တော်နဲ့ မတူတဲ့ တခြားကမ္ဘာတစ်ဖက်ခြမ်းကို ရောက်သွားမှာမျိုး ကျွန်တော် အဖြစ်မခံနိုင်ဘူး” ထိုသို့ ဆိုကာ သူ၏လက်ကို ဖခင်ဖြစ်သူထံသို့ ကမ်းပေးလိုက်လေသည်။
“အင်း... သားပြောသလိုလည်း ဖြစ်နိုင်တာပဲ” လုံကျွင်းက ရေရွတ်ရင်း သားဖြစ်သူ၏လက်ကို ဆုပ်ကိုင်လိုက်၏။ “သား အပြင်ကို ဘေးကင်းကင်း ရောက်သွားတဲ့အခါမှ အဖေ့ကို ပြန်ခေါ်ပါဦး။ ဒါမှ အဖေ စိတ်အေးရမှာ”
လုံချန်းသည် ဖခင်ဖြစ်သူအား ကမ္ဘာတုအတွင်းရှိ သူတို့၏ နေအိမ်သို့ ပြန်လည်စေလွှတ်လိုက်၏။ “အပြင်ရောက်တာနဲ့ ကျွန်တော် ချက်ချင်း ပြန်ခေါ်ပါ့မယ်”
ဖခင်ဖြစ်သူအား စေလွှတ်ပြီးနောက် လုံချန်းက ရွှင်းအား မေးမြန်းလိုက်သည်။ “ရွှင်း... အဖေပြောတာ မှန်ရဲ့လား”
“မှန်တာပေါ့။ ဒါဟာ ဒီနေရာကနေ ထွက်ခွာဖို့ လမ်းစပဲ။ နင့်ရဲ့အဖေက ဒီလို နိမ့်ကျလှတဲ့ ကမ္ဘာမှာ ရှင်သန်နေပေမဲ့ အတော်လေး ဗဟုသုတ ကြွယ်ဝတာပဲ” ရွှင်းက ပြုံးလျက် ပြန်လည်ဖြေကြားလေသည်။
“ငါ အခုပဲ ထွက်သွားရမလား၊ ဒါမှမဟုတ် ဒီနေရာက ဘေးကင်းတုန်းမှာ ကံကြမ္မာနိယာမ ရတနာလုံးကို အရင် ကျင့်ကြံအားထုတ်ရမလားလို့ စဉ်းစားနေတာ” လုံချန်းက မျက်မှောင်ကြုတ်လျက် ရေရွတ်မိ၏။
“ထားလိုက်ပါတော့လေ။ အပြင်ရောက်မှပဲ လုပ်တော့မယ်။ ဒီအကျဉ်းထောင်ထဲမှာ တစ်စက္ကန့်လေးတောင် ထပ်မနေချင်တော့ဘူး” ထိုသို့ ဆိုကာ သူ ထိုသလင်းကျောက်အား ထိတွေ့လိုက်လေတော့သည်။
တြိဂံသလင်းကျောက်လေးမှာ တောက်ပလှသော အလင်းတန်းများ စတင်ဖြာထွက်လာပြီး လုံချန်းအား ဝန်းရံသွားတော့၏။ ခေတ္တမျှအတွင်း အရာအားလုံးမှာ ဖြူဖွေးသောအလင်းတန်းများအောက်၌ ပျောက်ကွယ်သွားတော့သည်။ အလင်းတန်းများ လျော့ပါးသွားသောအခါ လုံချန်းသည် လူသူကင်းမဲ့သော လွင်ပြင်ကျယ်ကြီး တစ်ကွင်းအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
ပြင်းပြလှသော နေရောင်ခြည်သည် ကောင်းကင်ယံမှ ဖြာကျနေပြီး လွင်ပြင်ရှိ သဲသောင်ပြင်ကို ပိုမိုပူပြင်းစေလေသည်။
“ငါ ဘယ်နေရာကို ရောက်နေတာလဲ” လုံချန်းက မျက်စိတစ်ဆုံး ကျယ်ပြောလှသော ကန္တာရဆန်ဆန် လွင်ပြင်ကျယ်ကြီးကို ကြည့်ကာ ရေရွတ်လိုက်၏။
“ဒီကမ္ဘာရဲ့ တစ်နေရာရာမှာပေါ့” ရွှင်းက လုံချန်း၏ ဘေးတွင် ကိုယ်ထင်ရှားပြလျက် ပြန်လည်ဖြေကြား၏။
လုံချန်းက ရွှင်းကို လှည့်ကြည့်ကာ ခနဲ့တဲ့တဲ့ အပြုံးဖြင့် ဆိုသည်။ “ဩော်... ဟုတ်ပါပေတယ်၊ ဒီကမ္ဘာရဲ့ တစ်နေရာရာမှာပေါ့။ ငါက ငရဲပြည်ကို ရောက်သွားပြီလို့ ထင်နေတာ။ ငါ ဘယ်နေရာ ရောက်နေသလဲဆိုတာ တိတိကျကျ ပြောပြတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ”
“စိတ်မရှိစမ်းပါနဲ့။ အနည်းဆုံးတော့ နင် အဲဒီဂူဗိမာန်ထဲက လွတ်လာပြီပဲ။ နင် ဘယ်နေရာ ရောက်နေသလဲဆိုတာ သိရဖို့အတွက် ရွာတစ်ရွာရွာကို အရင်ရှာကြည့်ပါဦး” ရွှင်းက လုံချန်း၏ စောင်းမြောင်းသော စကားကို ဂရုမထားဘဲ ပြန်လည်ဆို၏။
“ရွာကို ဘယ်မှာ သွားရှာရမလဲ။ ဘယ်ဘက်ကို ကြည့်ကြည့် အကုန်လုံးက ခြောက်ကပ်နေတာပဲကို” လုံချန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လျက် ဆို၏။
ရုတ်တရက် သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး ညှိုးငယ်နေသော မျက်နှာမှာ ပြန်လည်ဝင်းပလာတော့သည်။ “ဩော်... ဟုတ်သားပဲ၊ ငါ မေ့နေတာ။ ငါ့မှာ ကျိရှန် ရှိရာကို ပို့ဆောင်ပေးနိုင်တဲ့ မန္တန်အဆောင် ရှိနေတာပဲ။ သူ့ဆီကိုပဲ ငါ သွားရမယ်။ လမ်းတစ်လျှောက်မှာ ရွာတစ်ရွာရွာနဲ့ သေချာပေါက် ဆုံနိုင်တာပဲ”
သူသည် ရှေးဟောင်းလက်စွပ်အတွင်းမှ မန္တန်အဆောင်ကို ထုတ်ယူရန် ပြင်လိုက်စဉ် သူ၏လက်စွပ်ကို ကြည့်ကာ သဘောကျနေမိပြန်သည်။
“ငါ့ရဲ့ ရှေးဟောင်းလက်စွပ်ကို ပြန်ရတာ တကယ့်ကို ကောင်းတာပဲ။ ဟိုကမ္ဘာမှာတုန်းက ဒါမရှိဘဲ နေရတာ တကယ့်ကို စိတ်ပျက်ဖို့ကောင်းတယ်။ ဓားတွေကို ကျောပိုးပြီး သွားနေရတာကို ငါ အမုန်းဆုံးပဲ” လုံချန်းက ပြုံးလျက် ရေရွတ်၏။
“ဓားတွေ... နေဦး... သွားပြီ။ ငါ့ရဲ့ဓားတွေက ဟိုဘက်က ခန္ဓာကိုယ်နဲ့ ကျန်ခဲ့ပြီ။ အချိန်ဓား ရောပဲ။ ငါ ဝိညာဉ်ကူးပြောင်းခြင်း မလုပ်ခင်တုန်းက အဲဒီဓားက ငါ့ရှေ့မှာတင် ရှိနေခဲ့တာ” သူသည် သူ၏ မီးလျှံရေခဲဓားနှင့် အချိန်ဓားတို့ကို ရုတ်တရက် သတိရသွားသဖြင့် အကျယ်တဝံ့ ကျိန်ဆဲမိတော့သည်။
သူသည် စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်သို့ ပုံကျသွားတော့၏။
ရွှင်းသည် လုံချန်း၏ ပုံစံကို ကြည့်ကာ အားရပါးရ ရယ်မောလေတော့သည်။ “နင် ငါ့ကို ဆူပူပြီးတဲ့နောက်မှာ အခုလို ဖြစ်နေတာကို မြင်ရတာ တကယ့်ကို ပျော်စရာပဲ။ ဒါပေမဲ့ ငါတို့ လုပ်စရာတွေ အများကြီး ရှိသေးတယ်နော်။ ဒီမှာ ထိုင်ပြီး ငိုနေလို့ မဖြစ်ဘူး။ စိတ်မပူပါနဲ့... အချိန်ဓားက ဟိုမှာ ကျန်မနေခဲ့ပါဘူး။ မီးလျှံရေခဲဓား တစ်လက်တည်းပဲ နင့်ရဲ့ နောက်ထပ်ကိုယ်ပွားအတွက် ကျန်ရစ်ခဲ့တာ။ နင့်ရဲ့ ဝိညာဉ် သွေးမျိုးဆက်ကျောင်းတော်ကို ပြန်လာတဲ့အချိန်မှာ အချိန်ဓားကို ငါနဲ့အတူ ယူလာခဲ့ပြီးပြီ။ အဲဒါ နင့်ရဲ့ လက်စွပ်ထဲမှာ ရှိတယ်”
“တကယ်လား”
လုံချန်းသည် အံ့အားသင့်လျက် မတ်တပ်ထရပ်လိုက်၏။ သူသည် ဝိညာဉ်ကမ္ဘာမှ ပြန်လည်ရောက်ရှိလာပြီးနောက် သူ၏ ရှေးဟောင်းလက်စွပ်အတွင်းကို အသေအချာ မစစ်ဆေးရသေးချေ။ နိယာမ ရတနာလုံးကို ရှာဖွေရန်အတွက်သာ တစ်ချက်ကြည့်ခဲ့ပြီးနောက် မည်သည်ကိုမျှ ထပ်မံ မကြည့်ရှုခဲ့မိသဖြင့် အချိန်ဓား ရှိနေသည်အား သတိမပြုမိခဲ့ခြင်း ဖြစ်သည်။
“ဟုတ်တာပေါ့။ အထဲမှာ ရှိနေတာပဲ” လုံချန်းသည် ဝမ်းသာအားရ အော်ဟစ်လိုက်ရင်း ရှေးဟောင်းလက်စွပ်အတွင်းမှ အချိန်ဓားကို ထုတ်ယူလိုက်လေတော့သည်။
အခန်း (၈၀၀) ရှုံးမဲ
လုံချန်းသည် မိမိ၏လက်အတွင်းရှိ အချိန်ဓားကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ကျေနပ်နေမိ၏။
“တကယ်ပဲ အရင်အတိုင်းပါပဲလား။ ရွှင်း... နင် တကယ်ပဲ တော်ပါပေတယ်။ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အလဟဿ မဖြစ်အောင် နင်က ကယ်တင်ပေးလိုက်တာပဲ” လုံချန်းက ဆိုလျက် ရွှင်း၏ ဦးခေါင်းကို အသာအယာ ပုတ်ကာ ချီးကျူးလိုက်၏။ “နင်ဟာ တကယ့်ကို အကောင်းဆုံးပါပဲ”
“ဒါပေါ့... ငါက အမြဲတမ်း အကောင်းဆုံးပဲလေ” ရွှင်းကလည်း ယုံကြည်ချက်အပြည့်ဖြင့် ပြန်လည်ဆို၏။
“ဟားဟား... ချစ်ဖို့လည်း ကောင်းပါသေးတယ်။ ကဲ... ငါတို့ သွားကြစို့။ လုပ်စရာတွေ အများကြီး ရှိသေးတယ်” လုံချန်းက ရွှင်း၏ ပါးပြင်ကို အသာအယာ ဆိတ်ကာ ကျီစယ်လိုက်ပြီးနောက် သူ၏ အိတ်ကပ်အတွင်းမှ မန္တန်အဆောင်ကို ထုတ်ယူလိုက်၏။ ထိုအဆောင်သည် သူ ကျိရှန်ထံ ပေးအပ်ခဲ့သော အဆောင်၏ အခြားတစ်ဝက်ရှိရာ အရပ်မျက်နှာကို ညွှန်ပြနေပေသည်။
“ဩော်... သူက ဟိုဘက်အရပ်မှာ ရှိနေတာကိုး” လုံချန်းက ရေရွတ်လျက် ဘယ်ဘက်အရပ်သို့ ဦးတည်ကာ စတင်လျှောက်လှမ်းလေတော့သည်။
ရုတ်တရက် သူသည် မိမိ၏ နဖူးကို မိမိ ပြန်လည်ရိုက်ခတ်ရင်း သတိရသွားသည်။ “ဟုတ်သားပဲ... ဒီနေ့ ငါ ဘာဖြစ်နေတာလဲ မသိဘူး၊ မေ့လျော့နေတာတွေ များလှချေလား။ အဖေ့ကိုလည်း ငါ ပြောပြရဦးမယ်”
“ဒါကတော့ နားလည်ပေးလို့ ရပါတယ်လေ။ နင့်ရဲ့ မူလခန္ဓာကိုယ်ထဲကို ပြန်ရောက်တဲ့ ပထမဆုံးနေ့ဆိုတော့ စိတ်လှုပ်ရှားနေတာလည်း ပါမှာပေါ့။ နင့်ရဲ့ တည်ငြိမ်တဲ့ စရိုက်ဟောင်း ပြန်ရဖို့ အချိန်နည်းနည်းတော့ လိုဦးမှာပဲ” ရွှင်းက ပြန်လည်ဆို၏။ ပုံမှန်အားဖြင့် လုံချန်းသည် ဤမျှအထိ စိတ်လှုပ်ရှားတတ်သူ မဟုတ်သည်ကို သူမက သိရှိနေခြင်း ဖြစ်လေသည်။
လုံချန်းသည် သူ၏ ဖခင်ဖြစ်သူအား ကမ္ဘာတုအတွင်းမှ ပြန်လည်ခေါ်ထုတ်ကာ မိမိအနေဖြင့် ဂူဗိမာန်အတွင်းမှ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးလိုက်၏။
“သား အခု ဘယ်ကို ရောက်နေတာလဲ” လုံကျွင်းက မေးမြန်း၏။
“ကျွန်တော်လည်း အတိအကျတော့ မသိသေးဘူး အဖေ။ ဒါပေမဲ့ ကျွန်တော် သွားရမယ့်နေရာကို ညွှန်ပြပေးနိုင်တဲ့ ဒီအဆောင် ရှိနေတာပဲ” လုံချန်းက ပြုံးလျက် ပြန်လည်ဖြေကြား၏။
လုံကျွင်းက ခေါင်းညိတ်လျက် ဆိုသည်။“ကောင်းပြီလေ။ လမ်းမပျောက်ဘူးဆိုရင်ပဲ တော်ပါသေးတယ်”
“ကဲ... အဖေလည်း အိမ်မှာပဲ စိတ်အေးလက်အေး ကျင့်ကြံအားထုတ်နေပါဦး။ ကျွန်တော် အပြင်ကို ဘေးကင်းကင်း ရောက်နေပြီဆိုတာကိုလည်း အားလုံးကို ပြောပြပေးပါ။ ရွှယ်ကိုတော့ တစ်ပတ်လောက် ကျွန်တော်နဲ့အတူ နေဖို့ ခေါ်ထားလိုက်ဦးမယ်” ထိုသို့ ဆိုကာ ဖခင်ဖြစ်သူအား ကမ္ဘာတုထဲသို့ ပြန်လည်စေလွှတ်လိုက်လေသည်။
ထို့နောက်တွင်မူ သူသည် ရွှယ်ကို အပြင်သို့ ခေါ်ထုတ်လိုက်၏။
“အရင်တစ်ခါက ငါတို့ရဲ့ အပြင်ထွက်မှုကို ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ် ရွှယ်။ ဒီတစ်ခါတော့ ငါတို့ကို ဘယ်သူမှ လာပြီး နှောင့်ယှက်နိုင်တော့မှာ မဟုတ်ဘူး” လုံချန်းက ဆိုလျက် ရွှယ်၏ လက်ကို နူးညံ့စွာ ဆုပ်ကိုင်လိုက်လေသည်။
လုံချန်းသည် မိမိ ပြန်လည်ရောက်ရှိလာသည်အား အသိပေးရန်အတွက် သူ၏ သားရဲများအားလုံးကိုလည်း ခေါ်ထုတ်လိုက်၏။ လွန်ခဲ့သော ခုနစ်လတာ ကာလအတွင်း သူသည် မိမိ၏ သားရဲများနှင့် ကင်းကွာနေခဲ့ရသဖြင့် သူတို့ကို တကယ် လွမ်းဆွတ်နေမိသည်မှာ အမှန်ပင်။
သူသည် သားရဲနယ်မြေအတွင်းမှ သူ၏ သားရဲများအားလုံးကို ထွက်လာစေလိုက်၏။ သားရဲများ အပြင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် နှင်းခဲလေးသည် လုံချန်း၏ ရင်ခွင်အတွင်းသို့ အပြေးအလွှား ခုန်ဝင်လာတော့သည်။
“ဟေ့... ကောင်မလေး။ နေကောင်းရဲ့လား၊ ငါ့ကိုကော လွမ်းနေလား” လုံချန်းက ဆိုလျက် မိမိ၏ ရင်ခွင်အတွင်း တိုးဝှေ့နေသော နှင်းခဲလေး၏ ဦးခေါင်းကို ချစ်စနိုးဖြင့် ပွတ်သပ်ပေးနေမိ၏။
နှင်းခဲလေးသည် တိုးညှင်းသော အသံလေး ပြုလျက် လုံချန်းအား ပြန်လည်တုံ့ပြန်ရှာ၏။
“ဟားဟား... ငါလည်း မင်းကို လွမ်းနေတာပေါ့ ကလေးမလေးရဲ့” လုံချန်းက ရယ်မောရင်း ဆို၏။
ထို့နောက် သူသည် မိမိ၏ ရှေ့မှောက်၌ ပျံသန်းနေသော နှလုံးစား ပိုးကောင်ဆီသို့ အကြည့်ကို ပြောင်းလိုက်၏။ ပိုးကောင်လေးမှာ အလွန်တရာ သေးငယ်လှသဖြင့် လက်ညှိုးတစ်ချောင်းဖြင့်သာ ၎င်း၏ ဦးခေါင်းကို အသာအယာ ထိတွေ့လိုက်ပြီး ဆိုသည်။ “ဟေ့... ပိုးဖလံ။ မင်း အရင်ကထက် ပိုကြီးလာသလိုပဲနော်။ အတောင်ပံတွေလည်း ပိုစုံလာတယ်။ အခုဆိုရင် မင်း ပိုပြီး အစွမ်းထက်လာပုံရတယ်”
လုံချန်းက ၎င်း၏ဦးခေါင်းကို ပွတ်သပ်ပေးလိုက်သောအခါ ပိုးကောင်လေးမှာ ဝမ်းသာအားရ ဖြစ်သွားပုံရပြီး ပျော်ရွှင်သောအသံလေးများ ပြုလုပ်နေတော့၏။
"ငါ့ကောင်ကြီး... မင်းကတော့ ငါ့ကို အမြဲတမ်း ကျောပိုးပြီး လိုက်ပို့ပေးခဲ့တာနော်။ ငါ မရှိတဲ့ အချိန်တောအတွင်းမှာ မင်းကော ကောင်းကောင်း အနားယူခဲ့ရဲ့လား” လုံချန်းက မိမိရှေ့တွင် မတ်တပ်ရပ်နေသော နေဝါးမျိုလင်းယုန်ကို ကြည့်ကာ ဆို၏။ “ငါ မင်းကို တကယ်လွမ်းနေတာ”
ထို့နောက် သူသည် အနီးအနားတွင် ရှိနေသော ဦးချိုနက် သံချပ်ကာ ကြံ့ဘက်သို့ လှည့်ကြည့်လိုက်ပြန်သည်။
“ငါ့ကောင်ကြီး... မတွေ့ရတာ ကြာပြီနော်။ အဲဒီ မြွေကြီးက မင်းကို အနိုင်ကျင့်နေသေးလား” လုံချန်းက ရယ်မောလျက် ကြံ့ကြီး၏ ဦးခေါင်းကို ပုတ်ကာ မေးမြန်းလိုက်၏။
“ဟမ်... မင်းလို တွန့်တိုတဲ့ လူသားက ခုနစ်လကြာမှပဲ မင်းရဲ့ အရှင်သခင်ကို သတိရတော့တာလား” မြွေဘုရင်က လုံချန်းအား ပြစ်တင်စကား ဆိုလိုက်၏။ “ငါက ဘာလို့ ငါ့ရဲ့ လက်အောက်ငယ်သားကို အနိုင်ကျင့်ရမှာလဲ။ ဒီကောင်လေးကို ငါနဲ့ ရန်တိုက်ပေးဖို့ မကြိုးစားနဲ့စမ်းပါနဲ့”
“မြွေလေး... မင်းရဲ့ စူးရှတဲ့ လျှာဖျားစကားတွေကို ငါ တကယ်လွမ်းနေတာ။ မင်းရဲ့ အသံကို ကြားလိုက်ရတော့မှပဲ အိမ်ပြန်ရောက်သလို ခံစားရတော့တယ်” လုံချန်းက မြွေဘုရင်ကို ကြည့်ကာ ရယ်မောလျက် ဆို၏။
“ဘာ... မြွေလေး ဟုတ်လား။ မင်းရဲ့ အဖေကမှ မြွေလေး၊ မင်းရဲ့ မိသားစု တစ်စုလုံးကမှ မြွေလေးတွေ။ ဒီအရှင်သခင်ကို အခုလို လာပြီး မစော်ကားနဲ့စမ်းပါနဲ့ မင်းလို သေမျိုးကောင်ရဲ့” မြွေဘုရင်က ဒေါသတကြီးဖြင့် ပြန်လည် ရန်တွေ့လေတော့သည်။
“မင်းကတော့ ဘယ်တော့မှ မပြောင်းလဲပါလား။ အဲဒီလို ပုံစံမျိုးကိုပဲ ငါ သဘောကျတာ။ ငါ တကယ်ပဲ မင်းကို လွမ်းနေတာပါ” လုံချန်းက တဟားဟား ရယ်မောရင်း ဆို၏။
“ငါလည်း မင်းကို လွမ်းနေတာပါပဲ... လူသားလေး” မြွေဘုရင်ကလည်း ပြန်လည်ဖြေကြားလေသည်။
“မုဆိုးကြယ်ကော... ဘယ်ရောက်နေတာလဲ” လုံချန်းက ဇဝေဇဝါဖြင့် ရေရွတ်လိုက်၏။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သောအခါမှ မိမိ၏ နောက်ကွယ်တွင် ပုန်းကွယ်နေသော မုဆိုးကြယ်ကို တွေ့လိုက်ရ၏။
“ဟေ့... မုဆိုးကြယ်။ မင်းက ဘာဖြစ်လို့ နောက်မှာ ပုန်းနေရတာလဲ” လုံချန်းက ဆိုလျက် ၎င်း၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်၏။ မုဆိုးကြယ်သည် အသံတိုးတိုးလေး ပြုလျက် ဦးခေါင်းကို ငုံ့ထားရှာ၏။
“တိတ်စမ်း၊ မင်း ရှက်နေစရာ ဘာမှမရှိဘူး။ အဲဒီတိုက်ပွဲမှာ မင်းက အနိုင်ရခဲ့တာမှ မဟုတ်တာ။ ဒိုင်လူကြီးတွေက ဘက်လိုက်ခဲ့ကြတာလေ။ ဒါဟာ လိမ်ညာမှုပဲ။ ငါ နောက်တစ်ကြိမ် ထပ်ပြီး ပြိုင်ချင်သေးတယ်” မြွေဘုရင်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။
မုဆိုးကြယ်ကလည်း မြွေဘုရင်ကို ကြည့်ကာ ဟိန်းဟောက်လျက် ပြန်လည် တုံ့ပြန်လေသည်။
“မင်းတို့ရဲ့ ဒိုင်လူကြီးတွေဆိုတာ သွားလိုက်စမ်းပါဦး။ မင်းတို့ အားလုံးက လိမ်ခဲ့ကြတာ။ အဲဒီတိုက်ပွဲက အလွန်ဆုံးရှိရင် သရေပဲ ဖြစ်ရမယ်။ မင်း နိုင်ခဲ့တာ မဟုတ်ဘူး။ ဒါဟာ ငါ့ကို ဆန့်ကျင်ဖို့အတွက် မင်းတို့ အားလုံး ကြံစည်ခဲ့ကြတဲ့ အကြံအစည်ကြီးပဲ။ ဟုတ်တယ်... ဒါဟာ ငါ့ကို ဒုက္ခပေးဖို့ လုပ်ခဲ့ကြတဲ့ လုပ်ဇာတ်ကြီးပဲ။ မင်းတို့ရဲ့ ဘုရင်ကို ဘယ်လိုတောင် ကြံစည်ဝံ့ကြတာလဲ။ မင်းတို့ကို ပုန်ကန်မှုနဲ့ ထောင်ချပစ်မယ်” မြွေဘုရင်က ဒေါသတကြီး အော်ဟစ်နေတော့၏။
“စိတ်အေးအေးထားပါဦး မြွေလေးရဲ့။ ဘာတွေ ဖြစ်ခဲ့လို့လဲဆိုတာ ငါ့ကို ရှင်းပြပါဦး။ ဘယ်လို တိုက်ပွဲလဲ၊ ဘယ်လို ဒိုင်လူကြီးတွေလဲ” လုံချန်းက နားမလည်နိုင်စွာ မေးမြန်းလိုက်၏။
“ငါ့ကို မြွေလေးလို့ ထပ်မခေါ်နဲ့။ ထားပါတော့... မင်းက ငါတို့ကို အကြာကြီး ခေါ်မထုတ်တော့ ငါတို့အားလုံးက ပျင်းနေကြတာပေါ့။ အဲဒီတော့ အပျင်းပြေအောင်လို့ ငါတို့ထဲမှာ ဘယ်သားရဲက အစွမ်းအထက်ဆုံးလဲဆိုတာ သိရအောင် ပြိုင်ပွဲတစ်ပွဲ လုပ်ခဲ့ကြတာပေါ့။ အဲဒီကောင်မလေး ကလွဲရင် ကျန်တဲ့သူတွေ အားလုံး ပါဝင်ယှဉ်ပြိုင်ကြတာပေါ့။ ဒါကြောင့် သူ့ကိုပဲ ဒိုင်လူကြီးအဖြစ် ထားခဲ့ကြတယ်”
“ဗိုလ်လုပွဲ မရောက်ခင်အထိတော့ အားလုံးက အဆင်ပြေနေတာပါပဲ။ သူကလည်း တကယ့်ကို တရားမျှတတဲ့ ဒိုင်လူကြီးတစ်ယောက်ပေါ့။ ဒါပေမဲ့ ဗိုလ်လုပွဲမှာ မုဆိုးကြယ်နဲ့ ငါနဲ့ ဆုံတဲ့အခါကျတော့ သူက မတရား လုပ်တော့တာပဲ။ မုဆိုးကြယ်က နိုင်သွားပြီတဲ့။ သူက ဘယ်လိုလုပ် နိုင်မှာလဲ။ မြေပြင်ပေါ်မှာ လဲကျသွားတဲ့ သားရဲက ရှုံးရမယ်ဆိုတဲ့ စည်းကမ်း ရှိတယ်လေ။ ငါက မြေပြင်ပေါ်မှာ ၂.၉ စက္ကန့်ပဲ ရှိသေးတာ၊ ၃ စက္ကန့်တောင် မပြည့်သေးဘူး။ သူက လိမ်ညာပြီးတော့ အဲဒီခွေးပေါက်လေးကို အနိုင်ပေးလိုက်တာလေ”
“တကယ်တမ်းဆိုရင် တိုက်ပွဲက မပြီးသေးတဲ့အတွက် သရေပဲ သတ်မှတ်ရမှာ” မြွေဘုရင်က လုံချန်းအား ရလဒ်နှင့် ပတ်သက်၍ တရစပ် တိုင်တန်းနေတော့၏။
“ဩော်... ဒါဆိုရင် မုဆိုးကြယ်က ငါ့ရဲ့ အစွမ်းအထက်ဆုံး သားရဲပေါ့လေ။ သူက မင်းကိုတောင် အနိုင်ယူနိုင်ခဲ့တာလား။ ဟားဟား... ဒါ တကယ့်ကို စိတ်ဝင်စားစရာပဲ။ ကြီးမြတ်လှတဲ့ မြွေဘုရင်ကြီး ရှုံးသွားတယ်ဆိုပါတော့” လုံချန်းက ရယ်မောလျက် ဆို၏။
သူသည် မုဆိုးကြယ်ဆီသို့ လျှောက်သွားကာ ၎င်း၏ ဦးခေါင်းကို ပုတ်လျက် ချီးကျူးစကား ဆိုလိုက်သည်။ “တော်တယ် မုဆိုးကြယ်။ မင်းရဲ့ အောင်ပွဲအတွက် ဂုဏ်ယူပါတယ်”
“သူတို့က လိမ်ခဲ့တာပါဆိုမှ။ ဘာဖြစ်လို့ နားမလည်နိုင်ရတာလဲ။ ငါ မြေပြင်ပေါ်မှာ ၃ စက္ကန့် မရှိခဲ့ပါဘူးဆို။ သူတို့ အားလုံးက လိမ်နေကြတာ။ ဒိုင်လူကြီးက မတရားဘူး။ ငါ ကန့်ကွက်တယ်။ အစားအစာ ငတ်မွတ်ခံပြီး ဆန္ဒပြမယ်။ ဒိုင်လူကြီးက မတရားဘူး။ ငါ နောက်တစ်ကြိမ် ထပ်ပြိုင်ချင်တယ်” မြွေဘုရင်က လက်မလျှော့ဘဲ အော်ဟစ်နေတော့၏။
“ငါ့ကောင်ကြီးရာ... ဒုတိယရတာလည်း မဆိုးပါဘူး။ မတရားတဲ့ ဒိုင်လူကြီးနဲ့ ပတ်သက်လို့ကတော့ မင်းတို့နှစ်ယောက်လုံးက နှင်းခဲလေးရဲ့ အစ်ကိုတွေပဲ မဟုတ်လား” လုံချန်းက သက်ပြင်းချလျက် မြွေဘုရင်အား နှစ်သိမ့်စကား ဆိုလိုက်လေတော့သည်။