အခန်း (၈၀၁-၈၀၂)
Vol. 80 Ch. 801-802
အခန်း (၈၀၁) မည်သည့်အရပ်
“နှင်းခဲလေးက မင်းတို့အပေါ်မှာ ဘက်လိုက်မှု ရှိလိမ့်မယ်လို့ ငါမထင်ပါဘူး။ တစ်ခါတလေမှာ ရှုံးနိမ့်မှုကို လက်ခံဖို့ဆိုတာ ခက်ခဲတတ်တာ ငါနားလည်ပါတယ်။ ဒါပေမဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးသတ်ပဲလေ။ မင်းအနေနဲ့ ဒါကို ပြောင်းလဲလို့ မရနိုင်ဘူး။ နောက်တစ်ကြိမ် ဒီလိုပြိုင်ပွဲမျိုး လုပ်တဲ့အခါ အနိုင်ရအောင် အားစိုက်ထုတ်ပြီး ပိုပြီးတော့သာ အစွမ်းထက်အောင် ကြိုးစားပါတော့ မြွေလေးရာ” လုံချန်းက ပြုံးလျက် ချော့မော့ပြောဆိုလိုက်၏။
“ဟွန်း... ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဒိုင်လူကြီးကတော့ နောက်တစ်ခါလည်း လိမ်ဦးမှာပါပဲ။ ထားပါတော့လေ... ငါကတော့ ထပ်ပြီး မညည်းညူတော့ပါဘူး။ ငါဟာ ပညာရှိတဲ့ ဘုရင်တစ်ပါးပဲလေ။ ငါ့ရဲ့ လက်အောက်ငယ်သားတွေရဲ့ အမှားကို ငါကပဲ ခွင့်လွှတ်ပေးလိုက်ပါ့မယ်” မြွေဘုရင်က နှာခေါင်းရှုံ့လျက် ပြန်လည်ပြောကြားလေသည်။
“ပညာရှိစကား ဆိုနိုင်တာပဲ... ကောင်းပါတယ်” လုံချန်းက ပြုံးလျက်ပင် မှတ်ချက်ပြုလိုက်၏။
“ကဲ... အားလုံးပဲ။ မင်းတို့နဲ့ အခုလို ပြန်တွေ့ရတာ ငါတကယ်ပဲ ဝမ်းသာပါတယ်။ တစ်နေရာမှာ ပိတ်မိနေခဲ့လို့ ငါ့အနေနဲ့ ဘယ်သူ့ကိုမှ အပြင်ကို ခေါ်မထုတ်နိုင်ခဲ့တာပါ။ အခုတော့ ငါတို့အားလုံး ပြန်ဆုံကြပြီဆိုတော့ မကြာခဏ တွေ့ဖြစ်ကြတာပေါ့” သူက ဝမ်းသာအားရ ဆိုရင်း သားရဲများအားလုံးကို ကြည့်လိုက်၏။
မြွေဘုရင်မှအပ ကျန်ရှိသော သားရဲများအားလုံးသည် ဝမ်းမြောက်ဝမ်းသာ ဟိန်းဟောက် အော်ဟစ်ကာ ထောက်ခံကြလေသည်။
“ဟွန်း... ဒီဘုရင်ကြီးကလည်း ငါ့ရဲ့ လက်အောက်ငယ်သားလေး ပြန်ရောက်လာတာကို တကယ်ပဲ ဝမ်းသာနေမိတာပါ။ နောက်တစ်ခါတော့ အခုလိုမျိုး ပျောက်မသွားနဲ့ဦး” မြွေဘုရင်က စိတ်ကောက်သလို ပုံစံဖြင့် ဆို၏။
“နောက်ဆိုရင်တော့ မဖြစ်အောင် ကြိုးစားပါ့မယ်” လုံချန်းက မိမိကိုယ်ကိုယ်ပင် သေချာရေရာခြင်း မရှိဘဲ ရေရွတ်လိုက်မိသည်။
“ဒါနဲ့ ငါတို့ ဘယ်ကို သွားကြမှာလဲ။ ငါ့ကိုတော့ နောက်တစ်ခါ ထပ်ပြီး ကျောပိုးခိုင်းဖို့ မစဉ်းစားနဲ့ဦး” မြွေဘုရင်က ပတ်ဝန်းကျင် လွင်ပြင်ကျယ်ကြီးကို ကြည့်ကာ ဆို၏။
“ငါ အခု ဘယ်အရပ်ကို ရောက်နေသလဲဆိုတာ ကိုယ့်ဘာကိုယ်တောင် မသိသေးဘူး။ ဒါပေမဲ့ မင်းကိုတော့ ကျောပိုးခိုင်းမှာ မဟုတ်ပါဘူး။ ငါ့ရဲ့ မုဆိုးကြယ်နဲ့ မဆုံရတာ ကြာပြီဆိုတော့ ဒီခရီးမှာ သူ့ကိုပဲ အဖော်ပြုပြီး သွားဖို့ စဉ်းစားထားတယ်” လုံချန်းက ခေါင်းခါလျက် ပြန်လည်ဖြေကြားလိုက်၏။
“ဩော်... ဟုတ်သားပဲ။ မင်းတို့ သူနဲ့ မတွေ့ရသေးဘူး မဟုတ်လား။ သူ့ နာမည်က ရွှယ်တဲ့။ သူဟာ ငါ့ရဲ့ ဇနီးသည်ပေါ့” လုံချန်းက သူ၏ သားရဲများကို ရွှယ်နှင့် မိတ်ဆက်ပေးလိုက်၏။
လုံချန်းက သူမအား ဇနီးသည်အဖြစ် မိတ်ဆက်ပေးလိုက်သည်ကို ကြားသောအခါ ရွှယ်၏ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီမြန်းသွားတော့၏။ သူမသည် ခေါင်းလေးကို ငုံ့ထားမိရှာသည်။
သူမသည် လုံချန်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို လုံချန်းက ခံစားလိုက်ရ၏။ "ရွယ်... ဒါတွေကတော့ ငါ့ရဲ့ သားရဲတွေပေါ့" သူက သူမကို လှမ်းကြည့်ကာ တစ်ကောင်ချင်းစီကို မိတ်ဆက်ပေးလေတော့သည်။
“သူတို့အားလုံးက တကယ်ပဲ ချစ်ဖို့ကောင်းတာပဲ။ အထူးသဖြင့် ဒီကလေးမလေးပေါ့” ရွှယ်က ဆိုလျက် လုံချန်း၏ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော နှင်းခဲလေး၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်၏။
“ဟုတ်တယ်... သူတို့အားလုံးက ချစ်ဖို့ကောင်းကြပါတယ်” လုံချန်းက ပြန်လည်ပြောကြားရင်း မြွေဘုရင်ဘက်သို့ အကြည့်ကို ပို့လိုက်ပြီးနောက် ခနဲ့လိုက်ပြန်သည်။ “တစ်ကောင်ကလွဲရင်ပေါ့”
မြွေဘုရင်သည် လုံချန်း၏ စောင်းမြောင်းပြောဆိုမှုကို သတိပြုမိသွား၏။ သူက ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ဆိုလေသည်။ “မင်း ဘာကို ဆိုလိုတာလဲ။ ငါ့ကို ကြည့်ပြီး ဘာလို့ အဲဒီလို ပြောရတာလဲ။ ငါကကော ချစ်ဖို့မကောင်းဘူးလား။ မင်း ဘာမှမသိပါဘူး။ မိန်းမပျိုလေးတွေဆိုတာ ငါနဲ့ အတူရှိရဖို့အတွက် အသက်တောင် ပေးဝံ့ကြတာ။ အဖွားကြီးတွေဆိုရင်လည်း ငါ့နားမှာ နေရဖို့ တောင်းပန်နေကြတာလေ။ ကောင်းကင်ဘုံက မင်းသမီးလေးတောင်မှ ဒီခန့်ညားတဲ့ အရှင်သခင်ရဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားခဲ့ရတာ မင်းသိရဲ့လား”
“ငါက မင်းအကြောင်း ဘာမှမပြောပါဘူး မြွေလေးရာ။ ထားပါတော့... မင်းတို့အားလုံးနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ မင်းတို့အားလုံး ပိုပြီး အစွမ်းထက်လာကြတာကို မြင်ရလို့လည်း ငါ ကျေနပ်မိတယ်။ သားရဲနယ်မြေထဲက ရှားပါးဆေးသစ်ပင်တွေက မင်းတို့အတွက် တကယ်ပဲ အစွမ်းထက်ခဲ့တာပဲ။ တော်ကြပါတယ်” လုံချန်းက သူ၏ သားရဲများကို အကဲခတ်လျက် ချီးကျူးစကား ဆိုလိုက်၏။ သူ၏ သားရဲများအားလုံးသည် သူ နောက်ဆုံးတွေ့ခဲ့ရချိန်ထက် ပိုမိုအစွမ်းထက်လာကြသည်ကို သူ တွေ့မြင်နေရခြင်း ဖြစ်သည်။
“ကဲ... မင်းတို့အားလုံး ပြန်ပြီး အနားယူကြပါဦး။ ဒီခရီးမှာ မုဆိုးကြယ်ကပဲ ငါတို့နဲ့အတူ လိုက်ခဲ့လိမ့်မယ်” ထိုသို့ ဆိုကာ မုဆိုးကြယ်နှင့် နှင်းခဲလေးမှအပ ကျန်ရှိသော သားရဲများကို ပြန်လည်စေလွှတ်လိုက်လေသည်။
“ကလေးမလေး... မင်းလည်း အိပ်ချင်နေပြီပဲ။ အိမ်မှာပဲ သွားပြီး အိပ်တော့နော်” သူက ရေရွတ်လျက် ငိုက်မြည်းနေသော နှင်းခဲလေး၏ ဦးခေါင်းအား အသာအယာ ပွတ်သပ်ပေးပြီးနောက် သူမကိုလည်း ပြန်လည်စေလွှတ်လိုက်၏။
ထို့နောက် သူသည် မုဆိုးကြယ်ကို ကြည့်လျက် ဆိုလိုက်သည်။ “ငါ့ကောင်ကြီး... အရင်တုန်းကလိုပဲ ငါတို့ ခရီးဆက်ကြရအောင်။ မင်း ဘယ်လောက်တောင် အရှိန်အဟုန် ကောင်းလာခဲ့သလဲဆိုတာ ငါ့ကို ပြစမ်းပါဦး”
“သူက အရင်ကထက် အများကြီး ပိုပြီး အရပ်ရှည်လာတာပဲ။ ရွှယ်... ငါ နင့်ကို ကူညီပေးမယ်” လုံချန်းက ဆို၏။ မုဆိုးကြယ်သည် အလွန်အမင်း အရပ်ရှည်လာသဖြင့် ရွှယ်အနေဖြင့် တစ်ယောက်တည်း တက်ရန် ခက်ခဲမည်ကို သူက သိရှိနေခြင်း ဖြစ်သည်။
သူသည် ရွှယ်၏ နောက်သို့ လျှောက်သွားကာ သူမ၏ သေးသွယ်လှသော ခါးလေးကို ဆုပ်ကိုင်လျက် အရုပ်မလေးတစ်ရုပ်အား မလိုက်သကဲ့သို့ သူမအား ပေါ့ပါးစွာ မ,လိုက်လေသည်။ လုံချန်းသည် ရွှဝ်ကို မုဆိုးကြယ်၏ ကျောပေါ်သို့ တင်ပေးလိုက်ပြီးနောက် သူကိုယ်တိုင်လည်း သူမ၏ နောက်တွင် ခွ၍ ထိုင်လိုက်လေသည်။
“မုဆိုးကြယ်ရဲ့ အရှိန်က လေနဲ့အတူ စကားပြောနေသလိုမျိုး အရှိန်ပြင်းလိမ့်မယ်။ အဲဒီတော့ နင် မပြုတ်ကျသွားအောင် ငါ နောက်ကနေ ထိန်းပေးထားတာ ပိုကောင်းလိမ့်မယ်။ ခရီးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ပါဦး” လုံချန်းက ဆိုလျက် သူ၏ ဘယ်ဘက်လက်မောင်းဖြင့် ရှူးအာ၏ ဝမ်းဗိုက်ကို သိုင်းဖက်ထားပြီး ညာဘက်လက်ဖြင့် မုဆိုးကြယ်အား ကိုင်ထားလိုက်၏။
“ကဲ... သွားကြစို့ ငါ့ကောင်ကြီး” သူက အမိန့်ပေးလိုက်လေသည်။
လုံချန်း၏ အမိန့်ကို ရသည်နှင့် တစ်ပြိုင်နက် မုဆိုးကြယ်သည် လျှပ်စီးလက်သကဲ့သို့ အဟုန်ဖြင့် စတင်ပြေးလွှားတော့၏။
မုဆိုးကြယ်၏ ရုတ်တရက် အဟုန်ကြောင့် ရွှယ်မှာ လေတိုးသဖြင့် နောက်သို့ ယိုင်ကျသွားသော်လည်း သူမ၏ နောက်၌ ကျောက်ဆောင်တစ်ဆောင်ကဲ့သို့ တည်ငြိမ်စွာ ထိုင်နေသော လုံချန်းကြောင့် ပြုတ်မကျခဲ့ချေ။ ပြင်းထန်လှသော လေတိုးသံများကြား၌ လုံချန်း၏ ရင်ခွင်နှင့် ရွှယ်၏ ကျောပြင်မှာ ပိုမိုနီးကပ်သွားတော့၏။ လုံချန်း၏ နွေးထွေးလှသော အသက်ရှူသံများမှာ ရွှယ်၏ လည်ပင်းသားလေးကို လာရောက်ထိတွေ့နေပြီး ၎င်းမှာ ကန္တာရ၏ ပူပြင်းလှသော လေထုထက်ပင် ပိုမို၍ နွေးထွေးနေသကဲ့သို့ ခံစားနေရလေတော့သည်။
မုဆိုးကြယ်သည် လုံချန်းနှင့် ရွှယ်ကို တင်ဆောင်ကာ ကန္တာရအတွင်း ပြေးလွှားနေစဉ် လှပတင့်တယ်လှသော နန်းတော်တစ်ဆောင်အတွင်း၌ မုတ်ဆိတ်ဗွေနှင့် လူတစ်ဦးသည် လျှောက်လှမ်းနေ၏။
ထိုလူသည် ခန်းမကြီးတစ်ခန်း၏ ကြီးမားလှသော တံခါးကြီးများရှေ့တွင် ရပ်တန့်လိုက်၏။
သူသည် အသက်ကို ဝဝရှူလိုက်သော်လည်း သူ၏ မျက်နှာတွင်မူ ကြောက်ရွံ့တုန်လှုပ်နေသော အရိပ်အယောင်များကို မြင်တွေ့နေရကာ သူသည် ဝင်ရန် တွန့်ဆုတ်နေပုံရ၏။
သူသည် နောက်ထပ်တစ်ကြိမ် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ထို့နောက် ရှေ့သို့ တစ်လှမ်းတိုးကာ တံခါးကြီးကို တွန်းဖွင့်လျက် လှပလှသော ခန်းမကြီးအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
သူ၏ ရှေ့တည့်တည့်တွင် ကြီးမားလှသော ရာဇပလ္လင်ကြီးတစ်ခု ရှိနေ၏။ ထိုပလ္လင်ထက်၌ ကြွက်သားအမြှောင်းမြှောင်းနှင့် ခန့်ညားလှသော အမျိုးသားတစ်ဦး ထိုင်နေသည်ကို တွေ့ရသည်။ သူ၏ ဦးခေါင်းထက်၌ လှပလှသော အပြာရောင် ဆံနွယ်များ ရှိနေ၏။
သူသည် အရိုးများဖြင့် တည်ဆောက်ထားသော ပလ္လင်ထက်၌ ခန့်ထည်စွာ ထိုင်နေခြင်း ဖြစ်သည်။
ထိုအမျိုးသားသည် တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေပုံရ၏။
“အရှင်မင်းကြီး...” အိုမင်းလှသော ထိုလူက ဦးညွှတ်လျက် ဆို၏။
အပြာရောင်ဆံနွယ်နှင့် အမျိုးသားသည် သူ၏ မျက်လုံးများကို မြှင့်ကာ အိုမင်းသော ထိုလူကို ကြည့်လိုက်၏။ “နတ်ဘုရားသားရဲသစ်ရဲ့ စွမ်းအင်လှိုင်းကို ငါ ခံစားလိုက်ရတယ်။ ငါတို့က အဲဒီသားရဲကို ရှာဖွေနိုင်ဖို့အတွက် ဂြိုဟ်တိုင်းမှာ အဲဒီပစ္စည်းတွေကို အထူးတလည် ထားရှိခဲ့တာလေ။ အခုတော့ အဲဒါ အောင်မြင်သွားပြီလို့ ငါ့ကို ပြောစမ်းပါ။ ငါ့ရဲ့ နဂါးစစ်သူကြီးတွေကို စေလွှတ်ပြီး အဲဒီသားရဲကို ဒီကို ခေါ်ဆောင်လာခိုင်းဖို့အတွက် အဲဒီသားရဲ ရှိနေတဲ့ နေရာကို ငါ့ကို အခုချက်ချင်း ပြောစမ်း”
“အရှင်မင်းကြီး... က... ကျွန်တော်တို့...”
“ဘာ ကျွန်တော်တို့လဲ။ မင်းတို့ ရှုံးနိမ့်ခဲ့တယ်လို့တော့ ငါ့ကို လာမပြောနဲ့ဦး။ လူတွေက ငါ့ကို ဘယ်လိုမြင်ကြမလဲဆိုတာ မင်း သိရဲ့လား။ နဂါးဘုရင်၊ နတ်ဘုရားသားရဲတွေထဲမှာ အစွမ်းအထက်ဆုံး ဖြစ်တဲ့ ငါက ဂြိုဟ်အားလုံးကို လူလွှတ်ပြီး ရှာခိုင်းခဲ့တာတောင်မှ ငါ အလိုရှိတဲ့အရာကို မတွေ့ခဲ့ဘူးဆိုတာမျိုး အဖြစ်မခံနိုင်ဘူး။ မတွေ့ခဲ့ဘူးလို့တော့ မင်း လာမပြောနဲ့” နဂါးဘုရင်သည် အိုမင်းသော ထိုလူအား စကားဆုံးအောင်ပင် မပြောခိုင်းဘဲ ဟိန်းဟောက်လိုက်လေတော့သည်။
“အ... အရှင်မင်းကြီး။ က... ကျွန်တော်လည်း ဘယ်လိုဖြစ်တယ်ဆိုတာ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ထားရှိခဲ့တဲ့ ရတနာလုံးတွေထဲက တစ်လုံးမှ အဲဒီသားရဲရဲ့ အချက်ပြမှုကို ပြန်မရခဲ့ပါဘူး။ ဒီနတ်ဘုရားသားရဲသစ်ဟာ ကျွန်တော်တို့ ပစ္စည်းတွေ ထားရှိခဲ့တဲ့ ဘယ်ဂြိုဟ်ပေါ်မှာမှ ရှိမနေပါဘူး” ထိုလူသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခေါင်းကို ပြန်လည်ငုံ့လျက် သူ၏ စကားကို အဆုံးသတ်လိုက်လေတော့သည်။
အခန်း (၈၀၂) လုံချန်းနှင့် ရှုလျန်
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ဟာ ဒီကမ္ဘာပေါ်မှာရှိတဲ့ နယ်ပယ်အားလုံး၊ ဂြိုဟ်အားလုံးဆီကို လူလွှတ်ပြီး အဲဒီရတနာလုံးတွေကို ထားရှိခိုင်းခဲ့တာပဲ။ အဲဒီ သားရဲက အဲဒီနေရာတွေမှာ ပေါ်မလာဘူးဆိုရင် ဘယ်မှာ ပေါ်လာမှာလဲ။ ဘယ်သူမှ မနေထိုင်တဲ့ ဟင်းလင်းပြင်ထဲမှာ ပေါ်နေတာလား။ ဒါ ဘယ်လိုမှ မဖြစ်နိုင်တာ။ အဲဒီ သတ္တဝါဟာ ဘယ်အရပ်မှာ ပုန်းအောင်းနေတာလဲ” နဂါးဘုရင်သည် အံ့အားသင့်တုန်လှုပ်စွာဖြင့် ဟိန်းဟောက်လိုက်၏။
“အဲဒီလိုပဲ ဖြစ်ဟန်တူပါတယ် အရှင်မင်းကြီး။ သူဟာ သက်ရှိတွေနဲ့ ဝေးကွာလှတဲ့ ဟင်းလင်းပြင်ထဲမှာပဲ လွင့်မျောနေတာ ဖြစ်ရပါမယ်” အိုမင်းသော ထိုလူက ပြန်လည်ဖြေကြား၏။
“ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရပ်စမ်း။ သူ ကောင်းကင်ပေါ်မှာပဲရှိရှိ၊ မြေကြီးထဲမှာပဲ ပုန်းနေနေ ငါ ဂရုမစိုက်ဘူး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ကို ရှာတွေ့အောင် ရှာရမယ်။ တကယ်လို့ သူ့ကို မကြာခင်မှာ ရှာမတွေ့ဘူးဆိုရင် မင်းတို့အားလုံးရဲ့ ခေါင်းတွေကို လှံစွပ်ပြီး နန်းတော်ရှေ့မှာ စိုက်ထားခိုင်းမယ်” နဂါးဘုရင်က ထစ်ချုန်းသံကဲ့သို့ ဟိန်းဟောက်လိုက်ပြန်သည်။
သူ၏ အသံအရှိန်အဟုန်မှာ ပြင်းထန်လွန်းလှသဖြင့် အိုမင်းသော ထိုလူမှာ နောက်သို့ လွင့်ထွက်သွားတော့၏။ သူသည် အားကိုးရာမဲ့သော အရုပ်မလေးတစ်ရုပ်ကဲ့သို့ လွင့်ထွက်သွားကာ နံရံနှင့် ဆောင့်မိလေသည်။
"ကျွန်တော်... ကျွန်တော် တွေ့အောင် ရှာပါ့မယ်။ ကတိပေးပါတယ်" ထိုလူသည် အားယူကာ မတ်တပ်ရပ်ရင်း ဆိုကာ နဖူးပေါ်မှ ချွေးများကိုပင် သုတ်ရန် မဝံ့ဘဲ ခန်းမအတွင်းမှ အမြန်ဆုံး ထွက်ခွာသွားတော့၏။
“မင်း... မင်း ဘယ်မှာလဲ။ ဘာဖြစ်လို့ ပုန်းနေရတာလဲ” နဂါးဘုရင်က ရာဇပလ္လင်ထက်၌ ပြန်လည်ထိုင်ရင်း ရေရွတ်နေမိသည်။
စင်စစ်မှာမူ သူတို့၏ ထင်မြင်ချက်မှာ လွဲမှားနေသည်ကို သူ မသိရှိခဲ့ချေ။
သူတို့သည် ထိုရတနာလုံးများကို ဂြိုဟ်အားလုံးပေါ်တွင် ထားရှိခဲ့သည်ဟု ယူဆထားသော်လည်း ထိုပစ္စည်းမရှိသော ဂြိုဟ်တစ်လုံး ရှိနေသည်ကိုမူ မသိခဲ့ကြပေ။ နဂါးစစ်သည်တော်သည် ထိုရတနာလုံးကို လုံချန်းရှိရာ ဂြိုဟ်ပေါ်တွင် ထားရှိခဲ့သော်လည်း လိပ်နက်နတ်ဘုရား သားရဲမျိုးနွယ်စုဝင် တစ်ဦးက သိလိုစိတ်ဖြင့် ထိုရတနာလုံးကို ယူဆောင်သွားခဲ့သဖြင့် ထိုဂြိုဟ်ပေါ်တွင် အချက်ပြ ရတနာလုံး မရှိတော့ခြင်း ဖြစ်သည်။ ထို့ကြောင့် နှင်းခဲလေးသည် အပြင်သို့ ရောက်ရှိလာသော်လည်း နဂါးဘုရင်ထံသို့ တိကျသော သတင်းအချက်အလက်များ ရောက်ရှိမသွားခဲ့ခြင်း ဖြစ်လေသည်။
ဤအချက်သည် လုံချန်းအား နဂါးဘုရင်၏ သံသယမှ ကင်းဝေးစေရုံသာမက နောင်တစ်ချိန်တွင် နဂါးမျိုးနွယ်စု၏ ရှာဖွေမှုများမှလည်း ကာကွယ်ပေးထားသကဲ့သို့ ဖြစ်သွားလေတော့သည်။
ရွာငယ်လေးတစ်ရွာတွင် ရှုလျန်အမည်ရှိသော လူငယ်လေးတစ်ဦးသည် ဝေးကွာလှသော ရေကန်မှ ရေပုံးကို သယ်ဆောင်လာ၏။ ထိုလူငယ်လေးမှာ အသက် ဆယ်နှစ်ခန့်သာ ရှိပုံရသော်လည်း လှပသော အပြာရောင်မျက်ဝန်းများနှင့် ပခုံးအထိ ကျနေသော ကောက်နွယ်သည့် ဆံပင်အနက်ရောင်များ ရှိနေ၏။
ဤလူငယ်လေးမှာ တစ္ဆေကျောင်းတော်၏ လျှို့ဝှက်ဂူဗိမာန်အတွင်း၌ တွေ့ရှိခဲ့သော ကောင်လေးပင် ဖြစ်သည်။ သူသည် သက်တံဖီးနစ် ရုပ်ထုကို ထိတွေ့မိပြီးနောက် ထိုနေရာမှတစ်ဆင့် နေရာပြောင်းခြင်းဖြင့် ပို့ဆောင်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
သူ ထိတွေ့လိုက်သည်နှင့် ရုပ်ထုမှာ ကျိုးပဲ့သွားပြီး သူ့အား ကန္တာရလွင်ပြင်ကျယ်ကြီးအတွင်းသို့ ပို့ဆောင်လိုက်၏။ ထိုနေရာတွင် သူသည် လိပ်နက် မျိုးနွယ်စု၏ မင်းသားငယ်နှင့် ဆုံတွေ့ခဲ့သေးသည်။ သို့သော် မင်းသားငယ်သည် သူ၏ အမျိုးအနွယ်များ ရှာဖွေတွေ့ရှိသွားသဖြင့် သူ့အား တစ်ယောက်တည်း ထားရစ်ခဲ့လေသည်။
ထိုလူငယ်လေးသည် အိုမင်းသော အဘွားအိုတစ်ဦး၏ တွေ့ရှိခြင်းကို ခံရကာ ရွာငယ်လေးရှိ သူမ၏ နေအိမ်သို့ ရောက်ရှိလာခဲ့၏။ အဘွားအိုသည် သူ့အား စကားပြောဆိုပုံနှင့် စာရေးသားပုံများကို သင်ကြားပေးခဲ့သည်။
အဘွားအိုသည် ထိုလူငယ်လေး၌ မိသားစု မရှိဟု ယုံကြည်ထားသဖြင့် မိမိ၏ သားအရင်းကဲ့သို့ ပြုစုစောင့်ရှောက်ခဲ့ပြီး ရှုလျန်ဟု အမည်မှည့်ခေါ်ခဲ့၏။ လူငယ်လေးမှာမူ သာမန်လူသားများထက် ပိုမိုမြန်ဆန်သော ကြီးထွားနှုန်းဖြင့် ကြီးပြင်းလာခဲ့ရာ လပိုင်းအတွင်းမှာပင် အသက်ငါးနှစ်ခန့် ပိုကြီးသော ပုံစံသို့ ရောက်ရှိသွားတော့သည်။
ရွာသားများက ဤအခြင်းအရာကို ထူးဆန်းသည်ဟု ယူဆကြသော်လည်း ထိုအရပ်ဒေသတွင် ထိုသို့သော သူများနှင့် ပတ်သက်သည့် ဒဏ္ဍာရီတစ်ခု ရှိနေခဲ့ဖူး၏။ ထိုဒဏ္ဍာရီအရ အချို့သော လူသားများသည် ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ ကြီးထွားလာတတ်ပြီး ထိုနည်းတူစွာပင် သေဆုံးချိန်မှာလည်း မြန်ဆန်တတ်သည်ဟု ဆိုကြသည်။ ၎င်းကို ဖျားနာမှု တစ်မျိုးဟုပင် သတ်မှတ်ခဲ့ကြ၏။
ထိုဒဏ္ဍာရီကို ယုံကြည်ကြသဖြင့် ရွာသားများသည် ရှုလျန်၏ ကြီးထွားမှုကို ထူးထူးခြားခြား သံသယ မဝင်ခဲ့ကြချေ။
ယခုအခါ ရှုလျန်သည် အသက် ဆယ်နှစ်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ထိုရွာကလေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့ပြီ။ ရှုလျန်သည် ရေပုံးကို သယ်ဆောင်ကာ ရွာသို့ ပြန်လည်ရောက်ရှိလာချိန်တွင်မူ သူ၏ မျက်နှာမှာ ဖြူလျော့သွားတော့၏။
ရွာအတွင်း၌ လူသေအလောင်းများကို နေရာအနှံ့ တွေ့မြင်နေရပြီး လမ်းမများပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေလေသည်။ အဝတ်အနက်ရောင် ဝတ်ဆင်ထားသော လူတစ်စုသည် မြင်းများစီးလျက် လူမြင်သမျှကို လိုက်လံသတ်ဖြတ်နေကြ၏။
“အဘွား” ရှုလျန်သည် မိမိအား ပြုစုစောင့်ရှောက်ခဲ့သော အဘွားအိုအား စိုးရိမ်စိတ်ဖြင့် သူတို့၏ တဲကလေးဆီသို့ အပြေးအလွှား သွားတော့၏။ အဘွားအို၏ တဲမှာ ရွာ၏ အခြားတစ်ဖက်အစွန်၌ ရှိနေခြင်း ဖြစ်သည်။
သူသည် လမ်းမများအတိုင်း ပြေးလွှားသွားစဉ် အိမ်နီးနားချင်းများအတွင်းမှ အမျိုးသမီးများ၏ အကူအညီတောင်းခံသံများကို ကြားနေရသော်လည်း မရပ်တန့်ဘဲ အဘွားအိုရှိရာသို့သာ ဦးတည်ကာ ပြေးနေမိတော့သည်။
“ရွာတစ်ရွာပဲ။ အခု ငါတို့ ဘယ်အရပ် ရောက်နေလဲဆိုတာ သိရတော့မှာပဲ။ ငါတို့ သွားရမယ့်နေရာနဲ့ သိပ်မဝေးဖို့ပဲ မျှော်လင့်ရတာပဲ” လုံချန်းက လှမ်းမြင်နေရသော ရွာကလေးကို ကြည့်ကာ ရေရွတ်လိုက်၏။
နာရီပေါင်းများစွာ ခရီးနှင်ပြီးနောက်တွင်မှ ပထမဆုံးအကြိမ် ရွာကလေးတစ်ရွာကို တွေ့ရှိရခြင်း ဖြစ်သည်။ သူ၏ လက်မောင်းမှာ ရွှယ်၏ ခါးမှတစ်ဆင့် အပေါ်သို့ အနည်းငယ် တိုးကပ်သွားသော်လည်း ရွှယ်မှာမူ ရှက်သွေးဖြာနေရုံမှအပ ငြင်းဆန်ခြင်း မရှိချေ။ သူမသည် လုံချန်း၏ ထိတွေ့မှုကို သဘောကျနေဟန် တူ၏။
ရွာအနီးသို့ ရောက်ရှိမှသာ လုံချန်းသည် သူ၏လက်ကို သူမ၏ ရင်ခွင်မှ ဖယ်ရှားလိုက်လေသည်။ မုဆိုးကြယ်သည်လည်း ရွာဦးသို့ ရောက်သောအခါ အရှိန်ကို လျှော့ချလိုက်၏။
“ငါ သွေးနံ့ ရနေတယ်။ တစ်ခုခုတော့ မှားနေပြီ” လုံချန်းက ဆို၏။ သူတို့ ရွာအတွင်းသို့ ဝင်လိုက်သည်နှင့် လူသေအလောင်းများစွာနှင့် အမျိုးသမီးများ၏ ငိုကြွေးအော်ဟစ်သံများကို ကြားလိုက်ရတော့သည်။
“ဓားပြတွေ ရွာကို တိုက်ခိုက်နေတာ ဖြစ်ရမယ်။ ကောင်းတာပေါ့... ငါ သိချင်တာတွေကို မေးရင်းနဲ့ တစ်ခါတည်း သတ်ဖြတ်ခြင်း အရှိန်အဝါတွေကိုပါ စုဆောင်းလို့ ရတာပေါ့။ မြားတစ်စင်းနဲ့ ငှက်နှစ်ကောင် ပစ်တာပေါ့လေ” လုံချန်းက ရယ်မောလျက် ဆို၏။
“မုဆိုးကြယ်... ငါ့ဇနီးကို သေချာ စောင့်ရှောက်ထားနော်။ ငါ ရှေ့က သွားနှင့်မယ်” ထိုသို့ ဆိုကာ မုဆိုးကြယ်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်လေသည်။
သူသည် ရှေးဟောင်းလက်စွပ်အတွင်းမှ ဘုရင်ဓားကို ထုတ်ယူလိုက်၏။ သူသည် မိမိ၏ ဓားကို ကြည့်ကာ ရင်းနှီးလှသော လက်ကိုင်အား ခံစားရင်း ရေရွတ်လိုက်သည်မှာ။ “မင်းကို ပြန်ကိုင်ရတာ တကယ် ကောင်းတာပဲ မိတ်ဆွေဟောင်းကြီးရာ”
သူသည် လက်အတွင်းရှိ ဓားကို ဆုပ်ကိုင်လျက် ရွာအတွင်းပိုင်းသို့ လှမ်းဝင်သွားလေတော့သည်။ ရွာ၏ အခြားတစ်ဖက်တွင်မူ ရှုလျန်သည် ဓားပြများကို ရှောင်ကွင်းကာ သူ၏ အိမ်ရှိရာသို့ တိတ်တဆိတ် ပြေးလွှားနေတော့သည်။