အခန်း (၂၆၁-၂၆၂)
Vol. 27 Ch. 261-262
🌹Chapter 261
လှေနှင့်သစ်ပင် ဝင်တိုက်လုနီးပါးဖြစ်သွားခြင်းကြောင့် လောလော အလွန်ထိတ်လန့်သွားခဲ့ပြီး သတိပြန်ဝင်လာခါစ ရှိသေးသည်။ သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရင်း ဘေးပတ်လည်ကို အကဲခတ်ကာ ဟမ်ယဲ့အား မေးလိုက်သည်။
“ဒါဘယ်နေရာကြီးလဲ”
ဟမ်ယဲ့က လှေကိုလှော်ခတ်ရင်း ပြန်ဖြေလိုက်ပါသည်။
“ဒါ မုန့်ရှီးမြို့အစစ်အမှန်ပဲ၊ ဟယ့်ပျယ်ချင်း ဒီမှာနေနေတာကြာပြီ”
လောလော အမှန်တရားကို နားလည်သွားခဲ့သည်။ ထို့ကြောင့်လည်း ယန်ရုန်ရုန့်ကို မြို့ထဲတွင် သူတို့ ရှာမရခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
မုန့်ရှီးမြို့အစစ်အမှန်ကို ပုံရိပ်ယောင်များဖြင့် ဖုံးကွယ်ထားခဲ့ခြင်းကြောင့်သာ…
လောလော ချက်ချင်း ပြောလိုက်သည်။
“ယန်ရုန်ရုန် ဒီမှာရှိနေလောက်တယ်၊ သွားရှာကြစို့!”
လျို့လန်ကလည်း ထပ်တူပင် စိတ်ဖိစီးနေပါသည်။
“မေမေ့ကို မြန်မြန်ရှာမယ်!”
သူတို့စကားဆုံးသည်နှင့် ခပ်လှမ်းလှမ်းမှ ငှက်အော်သံတစ်သံကို ကြားလိုက်ရသည်။
ယန်ရုန်ရုန်နှင့် အမြဲတမ်းလိုလို အတူတူရှိနေတတ်သည့် ငှက်ပေါက်လေး၏ အော်သံပင်။
လှေပေါ်က လေးယောက်စလုံး ချက်ချင်း မျက်နှာပျက်သွားကြပြီး လှေကို စွန့်ခွာကာ အတောင်များဖြန့်လျက် အသံလာရာဘက်သို့ တဟုန်ထိုး ပျံသန်းလာခဲ့တော့သည်။
အဖြူရောင်မြူခိုးများစွာကို ဖြတ်သန်းပြီးနောက် စမ်းချောင်းတစ်လျှောက် မျောပါနေသည့် လှေငယ်လေးတစ်စင်းကို သူတို့မြင်လိုက်ရသည်။ ယန်ရုန်ရုန်က ထိုလှေငယ်လေးပေါ်မှာ လှဲလျောင်းနေပြီး သတိလစ်နေပုံရပါသည်။
ရွှမ်နျောင်ငှက်ပေါက်လေးကလည်း အတောင်များကိုဖြန့်ပြီး ဟယ့်ပျယ်ချင်း စာမရေးနိုင်အောင် နှုတ်သီးဖြင့်ဆိတ်ကာ တိုက်ခိုက်နေလေသည်။
ထိုငှက်ပေါက် ရုတ်တရက် ပေါ်လာခြင်းကြောင့် ဟယ့်ပျယ်ချင်း ခေတ္တ မှင်သက်သွားခဲ့ရပါသည်။ ယန်ရုန်ရုန်နှင့်အတူ ဝိညာဉ်သားရဲတစ်ကောင် ပါလာလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
သို့သော် ငှက်ပေါက်တစ်ကောင်သာဖြစ်သဖြင့် သူ့အတွက် အန္တရာယ်မရှိနိုင်ပါ။
ထိုငှက်ပေါက်၏ လည်ပင်းကို ဟယ့်ပျယ်ချင်း ဆုပ်ကိုင်လိုက်ပြီး လိမ်ချိုးဖို့ ပြင်လိုက်သည်။
ထိုစဉ် ဟယ့်ပျယ်ချင်း၏ လက်ကောက်ဝတ်ကို အလွန်အားကောင်းသည့် မိစ္ဆာစွမ်းအင်တစ်ချက်က လာရောက် ရိုက်ခတ်ခဲ့သည်။ သူအလွန်နာကျင်သွားခဲ့ပြီး လက်ချောင်းများမှာလည်း အလိုလို လျော့ကျသွားခဲ့ပါသည်။
ငှက်ပေါက်လေးက အခွင့်အရေးကို အရယူပြီး ဟယ့်ပျယ်ချင်းလက်မှ ထွက်ပြေးလာခဲ့ကာ ယန်ရုန်ရုန့်ဘေးသို့ ပြန်လာပြီး သူမအမည်ကို အော်ခေါ်နေလေသည်။
ဟယ့်ပျယ်ချင်း နောက်သို့လှည့်ကြည့်လိုက်ရာ သူ့ထံ တန်းတန်းမတ်မတ် ပျံသန်းလာသည့် ဟမ်ယဲ့ကို မြင်လိုက်ရပါသည်။ ဟမ်ယဲ့၏ ကိုယ်ပေါ်မှ ဖြာထွက်နေသည့် မွန်းကျပ်စရာ မိစ္ဆာရောင်ဝါများက သူ့အပေါ်သို့ ဖိအားတစ်ခုလို ကျရောက်လာခဲ့သည်။
ဟယ့်ပျယ်ချင်း၏ ရင်ထဲ အလွန်လေးလံသွားခဲ့ပါသည်။
အမှန်တကယ်တော့ သူ့ကို မျှားခေါ်ဖို့အတွက် ယန်ရုန်ရုန်က ဟမ်ယဲ့နှင့် ရည်ရွယ်ချက်ရှိရှိ လမ်းခွဲလိုက်ခြင်း ဖြစ်မည်ဟု ဟယ့်ပျယ်ချင်း သံသယရှိခဲ့ပါသည်။ သို့သော် ယန်ရုန်ရုန်ချထားသည့် ငါးစာကို သူလိုလိုလားလား ဟပ်ခဲ့သည်။
သူ့ကို ဟမ်ယဲ့ သံသယဝင်နေလောက်ပြီဖြစ်မှန်းသိသဖြင့် ဒီတိုင်း ငြိမ်နေလို့ မဖြစ်တော့ပါ။ အချိန်တွေ ကုန်လွန်နေပြီဖြစ်၍ ထောင်ချောက်မှန်း သိနေလျှင်တောင် ပြေးဝင်သွားရပါမည်။
ယခုအချိန်က သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးပင်။ မအောင်မြင်လျှင် သေဆုံးရမည်။
ဟယ့်ပျယ်ချင်း အံကြိတ်လိုက်ပြီး မိစ္ဆာဘုရင်၏ ဖိအားကို တောင့်ခံလျက် ဗျိုင်းဖြူငှက်မွေး ကလောင်တံကို ဆုပ်ကိုင်လိုက်ပြီး လေထဲတွင် အလွန်လျှင်မြန်စွာ ရေးသားလိုက်ပါသည်။
“ယန်ရုန်ရုန် သတိလစ်သွားပြီးတဲ့နောက် သူ့ဝိညာဉ်က ဘဝသုံးပါးရဲ့ နောက်ဆုံးပုံပြင်ထဲကို ရောက်ရှိသွားခဲ့တယ်၊ ပုံပြင်ထဲမှာ သူက ကျင့်ကြံခြင်းလည်းမရှိ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းအားလည်း မရှိတဲ့ သာမန်လူသားတစ်ယောက်ပဲ၊ ငယ်စဉ်ကတည်းက ဒုက္ခမျိုးစုံ ခံစားခဲ့ရပြီး အခုလည်း မိစ္ဆာတစ်ကောင်အတွက် ယဇ်ပူဇော်ခံခဲ့ရလို့ သူ့အစာ ဖြစ်လာတော့မယ်”
ဟယ့်ပျယ်ချင်း၏ နောက်ကျောသို့ အလွန်ပြင်းထန် အားကောင်းသည့် မိစ္ဆာစွမ်းအင်တစ်ချက်က လာရောက် ရိုက်ခတ်လေသည်။
သူ့ပါးစပ်မှ သွေးများပန်းထွက်ပြီး ခြေထောက်များ ယိမ်းယိုင်ကာ လှေပေါ်လဲကျသွားခဲ့သည်။ သို့သော် လက်ထဲက ကလောင်တံကိုတော့ လွှတ်မချခဲ့ပါ။
နာကျင်မှုကို တောင့်ခံရင်း သူဆက်ရေးလိုက်သည်။
“သူ့ဝိညာဉ်ကို စားသုံးလိုက်တာနဲ့ သူ့ရဲ့ ရုပ်ခန္ဓာလည်း သေဆုံးရတော့မယ်…”
‘သေဆုံးရတော့မယ်’ဟူသည့် နောက်ဆုံးစကားလုံးများကို ရေးသားပြီးသည်နှင့် သူ့ညာဘက်လက်ပေါ်သို့ ခြေထောက်တစ်ချောင်းက အရှိန်ဖြင့် နင်းချပစ်လိုက်သည်။
ဟယ့်ပျယ်ချင်း၏လက်ဆစ်များ ဂျွတ်ခနဲမြည်အောင် ကျိုးပဲ့ကြေမွသွားခဲ့တော့သည်။ တစ်ချိန်တည်းမှာပင် ကြီးမားလှသော ဖိအားကြီးတစ်ခုက သူ့တစ်ကိုယ်လုံးပေါ်သို့ ကျရောက်လာခဲ့ရာ ခုခံဖို့ ခွန်အားမရှိခဲ့တော့ပါ။
သူ့ပုံစံက ကုန်းပေါ်ရောက်နေသည့် ငါးတစ်ကောင်ပမာ အသက်ကို မနည်းလုရှူနေရပြီး အချိန်မရွေး သေဆုံးသွားတော့မည့်ပုံစံ ပေါက်နေပါသည်။
သူ့လက်ထဲမှ ဗျိုင်းဖြူငှက်မွေးကလောင်တံလည်း လွတ်ကျသွားပြီး ဟမ်ယဲ့၏ ခြေဖျားထံသို့ လိမ့်လာခဲ့သည်။
ထိုကလောင်တံကို ဟမ်ယဲ့ ကုန်းကောက်လိုက်ပြီး သတိလစ်နေသည့် ယန်ရုန်ရုန်နှင့် လေထဲက စာသားများကို တစ်လှည့်စီ ကြည့်လိုက်ပါသည်။
ငှက်ပေါက်လေးက ဟမ်ယဲ့ကို စိတ်ဖိစီးစွာ အော်ပြောလိုက်သည်။
“မြန်မြန်လုပ်! အဲ့ဒီစာလုံးတွေကို ဖျက်ပစ်လိုက်!”
သို့သော် အခြားသူတွေအတွက်တော့ ငှက်ပေါက်လေး၏ အော်သံများက ငှက်အော်သံသာ ဖြစ်သည်။ ဟမ်ယဲ့ နားမလည်နိုင်ပါ။
သို့သော်ငြား အခြေအနေကို အကဲခတ်ကြည့်ခြင်းအားဖြင့် ပြဿနာကို ဟမ်ယဲ့ ခန့်မှန်းနိုင်ပါသည်။ ထို့ကြောင့် လေပေါ်က စာလုံးတွေကို ဖျက်ပစ်ဖို့ လက်လှမ်းလိုက်သည်။
သို့သော် သူ့လက်ချောင်းများက စာလုံးများကို ဖောက်ထွင်းဖြတ်ကျော်သွားခဲ့သည်။ ထိုစာလုံးများကို ဖျက်ပစ်ဖို့နေနေသာသာ သူ့လက်ဖြင့်ပင် ထိတွေ့၍ မရခဲ့ပေ။
-
ယန်ရုန်ရုန် မျက်လုံးများ ပြန်ပွင့်လာသောအခါ လက်များကို ကျောဘက်တွင် ကြိုးတုပ်ခံထားရပါသည်။
ကျင့်ကြံခြင်းစွမ်းအားများကို အသုံးချပြီး ကြိုးကိုဖြတ်ပစ်ဖို့ ကြိုးစားသော်လည်း သူမခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင် တစ်စက်ပင် ရှိမနေသည်ကို သိလိုက်ရသည်။
သူမ ချက်ချင်း နားလည်သွားခဲ့ပါသည်။ ဒီကမ္ဘာက ထိုလူယုတ်မာ ဟယ့်ပျယ်ချင်း ရေးသားထားသည့် ပုံပြင်နောက်တစ်ပုဒ်သာ ဖြစ်လိမ့်မည်။
သူမ၏ သံသယများကို အတည်ပြုပေးလိုက်သည့်အလား လေထဲတွင် စာသားများ ပေါ်လာခဲ့သည်။
“မင်းနာမည်က စုဝမ်၊ ရှန်းရှန့်ရွာကလာတဲ့ ကျင့်ကြံခြင်းမရှိတဲ့ သာမန်လူသားတစ်ယောက်ပဲ၊ မင်းငယ်ငယ်လေးကတည်းက မိဘတွေ ဆုံးပါးသွားတယ်၊ မင်းကို မင်းရဲ့ အဘိုးအဘွားတွေက ပျိုးထောင်ပေးခဲ့တာ၊ မင်းအသက် ကိုးနှစ်အရွယ်ရောက်တော့ မင်းအဘိုးအဘွားတွေလည်း မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ကြတယ်၊ မင်းက ဂြိုဟ်ဆိုးတစ်ယောက်လို့ ကောလဟာလတွေထွက်လာလို့ မင်းနားကို ဘယ်သူမှ မကပ်ရဲကြတော့ဘူး၊ ရွာကနေ မောင်းထုတ်ခံရလို့ တောတောင်တွေထဲမှာ ပုန်းခိုနေခဲ့ရတယ်၊ တောထဲက အသီးအနှံတွေကို စားသုံးရင်းနဲ့ အသက်ဆက်ခဲ့ရတယ်”
ပိန်လှီပြီး အရိုးများ ငေါထွက်နေသော သူမ၏ ခန္ဓာကိုယ်နှင့် စုတ်ပြတ်သပ်နေသော အဝတ်အစားများကို ယန်ရုန်ရုန် ငုံ့ကြည့်လိုက်သည်။ လူ့လောက၏ လောကဓံကို အတော်လေး ခံစားခဲ့ရမှန်း သိသာပါသည်။
ဘေးပတ်လည်ကို အကဲခတ်ကြည့်သောအခါ သူမ တောင်စောင့်နတ်ကျောင်းတစ်ခုထဲ ရောက်ရှိနေသည်ကို သတိထားမိသည်။ သို့သော် ဒီကျောင်းတော်ထဲတွင် ရှိနေသည့် ရုပ်တုက နတ်ကောင်းနတ်မြတ်ဖြစ်မည့်ပုံစံမပေါ်ဘဲ ယုတ်ညံ့သည့် နတ်ဘုရားတစ်ပါး၏ အသွင်နှင့်ပိုတူနေပါသည်။
ထိုကျောင်းတော်၏ အပြင်ဘက်တွင် ရွာသားများက မြေပေါ် ဒူးထောက်ထားကြပြီး မြေကြီးနှင့် နဖူးတို့ကို ထိကပ်ကာ တစ်စုံတစ်ခုကို အစွန်းရောက်အောင် ရှိခိုးပူဇော်နေကြသည်။
ဆံပင်ထဲ ရောင်စုံငှက်မွေးများထိုးထားသည့် အဘွားအိုတစ်ဦးက ခေါင်းလောင်းတစ်လုံးကို ကိုင်ထားပြီး ယန်ရုန်ရုန့် ဘေးနားတွင် ကခုန်ကာ နှုတ်မှလည်း မန္တန်များကို ရွတ်ဆိုနေခဲ့သည်။
ထိုစဉ် လေထဲ၌ စာသားအသစ်များ ပေါ်လာခဲ့ပါသည်။
“ရှန်းရှန့်ရွာက တောင်စောင့်နတ်ဘုရားကို မျိုးရိုးစဉ်ဆက် ကိုးကွယ်လာခဲ့ကြတာ၊ မကြာသေးခင်က တောင်ပေါ်မှာ အမဲလိုက်ထွက်တဲ့ မုဆိုးတွေ ခဏခဏ ပျောက်ဆုံးလာလို့ ရွာသားတွေအားလုံး ထိတ်လန့်တုန်လှုပ်ခဲ့ကြရတယ်၊ တောင်စောင့်နတ်ဘုရားက အမျက်ထွက်နေလို့ ယဇ်ပူဇော်ဖို့ လိုအပ်တယ်လို့ နတ်ဆရာမက ရွာသားတွေကို ကြေညာခဲ့တယ်”
“သာမန် တိရိစ္ဆာန်တွေနဲ့ ပူဇော်လို့မရဘဲ သက်ရှိလူသားတစ်ယောက်ကို လိုအပ်တယ်၊ အသက် ၁၆ နှစ်မပြည့်သေးတဲ့ အပျိုစင်စစ်စစ်ပေါ့၊ ဒါပေမယ့် ဘယ်ရွာသားကမှ ကိုယ့်သမီးကိုယ် ယဇ်မပူဇော်ချင်ကြလို့ ခိုကိုးရာမဲ့နေတဲ့ စုဝမ်ကိုပဲ ရွေးချယ်ခဲ့ကြတယ်၊ သူ့ကို ဖမ်းဆီးချုပ်နှောင်ပြီး တောင်စောင့်နတ်ကျောင်းဆီကို ပို့ဆောင်ခဲ့တယ်”
“ရွာသားတွေ ပြန်သွားကြတဲ့အခါ စုဝမ်တစ်ယောက်တည်း ကျန်ခဲ့ရတယ်၊ သူဘယ်လောက်ပဲ တောင်းပန်ပါစေ ဘယ်သူမှ နားမထောင်ခဲ့ဘူး၊ သိပ်မကြာလိုက်ဘဲ ‘တောင်စောင့်နတ်ဘုရား’ ရောက်ရှိလာခဲ့တယ်၊ ဒါပေမယ့် နတ်ဘုရားတစ်ပါးမဟုတ်ဘဲ ရက်စက် ကြမ်းကြုတ်ပြီး သွေးဆာလောင်နေတဲ့ မိစ္ဆာကြီးတစ်ကောင် ဖြစ်နေခဲ့တယ်၊ အဲ့ဒီမိစ္ဆာကြီးက စုဝမ်ကို တစ်ချက်တည်းနဲ့ ဝါးမျိုပစ်လိုက်တော့တယ်”
ထိုစာသားအားလုံးကို ဖတ်ရှုပြီးနောက် ယန်ရုန်ရုန် ကိုယ့်အခြေအနေကိုယ် နားလည်သွားခဲ့ပါသည်။ သူမ အသည်းအ သန်ရုန်းကန်ခဲ့သော်လည်း ခြေတွေလက်တွေကို တင်းကျပ်စွာ တုပ်နှောင်ခံထားရသည်။
သူမ၏ လက်ရှိ ခန္ဓာကိုယ်နှင့်သာဆို ဘယ်လိုရုန်းရုန်း လွတ်မြောက်နိုင်မှာ မဟုတ်ပါ။
နတ်ဆရာမက မန္တန်များ ရွတ်ဖတ်ပြီးနောက် တောင်စောင့်နတ်ဘုရား ရုပ်တုကြီးကို ဦးချလိုက်ပါသည်။ ထို့နောက် သူမ၏ အခန်းကဏ္ဍ ပြီးဆုံးသွားပြီဖြစ်၍ ကျောင်းတော်ထဲမှ ထွက်သွားဖို့ ပြင်လိုက်သည်။
ယန်ရုန်ရုန်က သူမကို လှမ်းအော်ပြောလိုက်လေသည်။
“ရှင်တို့ ကိုးကွယ်နေတာက နတ်ဘုရားမဟုတ်ဘူး! လူသားစား မကောင်းဆိုးဝါးတစ်ကောင်ပဲ! ကျွန်မကို ယဇ်ပူဇော်လိုက်ရင်တောင် အဲ့ဒီမကောင်းဆိုးဝါးက ရှင်တို့ကိုလည်း အလွတ်ပေးမှာမဟုတ်ဘူး၊ ကျွန်မကိုသာ လွှတ်ပေးစမ်းပါ၊ အဲ့ဒီမကောင်းဆိုးဝါးကို ဘယ်လိုရှင်းရမလဲ ကျွန်မသိတယ်!”
နတ်ဆရာမ ခြေလှမ်းများရပ်တန့်သွားပြီး သူမကို မျက်မှောင် ကြုတ်လျက် လှည့်ကြည့်လိုက်သည်။ သူမ မျက်နှာက အထင်အမြင်သေး စက်ဆုပ်ရွံရှာသည့် မျက်နှာမျိုးပင်။
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့”
ထို့နောက် လက်ကိုင်ပဝါတစ်ထည်ကိုထုတ်ကာ လုံးခြေလိုက်ပြီး ယန်ရုန်ရုန့်ပါးစပ်ထဲ ထိုးထည့်ထားလိုက်ပါသည်။
ယခုတော့ သူမ အသံပင် မထွက်နိုင်တော့ပေ။
နတ်ဆရာမ ကျောင်းတော်အပြင်သို့ ထွက်သွားပြီး ရွာသားများကို အချက်ပြလိုက်သည်။
“ပြန်ကြစိုံ”
ရွာသားများလည်း နတ်ဆရာမနှင့်အတူ တောင်အောက်သို့ ပြန်ဆင်းသွားကြတော့သည်။
ကောင်းကင်ပေါ်တွင် ထွန်းလင်းနေခဲ့သည့် နေမင်းကြီး ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားခဲ့ပြီး နက်မှောင်သည့် တိမ်စိုင်များက လွှမ်းမိုးလာခဲ့ပါသည်။
အေးစက်သော လေပြင်းတစ်ချက်က ကျောင်းတော်ထဲသို့ တိုးဝင်လာသဖြင့် ရုပ်တုကြီးရှေ့ရှိ ဆီမီးများအာားလုံး မီးငြိမ်းသွားခဲ့သည်။
ယန်ရုန်ရုန့်ရင်ထဲ အလွန်တင်းကျပ်သွားခဲ့တော့သည်။
‘အဲ့တာကြီး လာနေပြီ!’
🌹Chapter 262
တောင်စောင့်နတ်ကျောင်းထဲ အနက်ရောင် ဒြပ်ဝတ္ထုကြီးတစ်ခု ပေါ်လာခဲ့သည်။
ကျောင်းတော်အတွင်း အလွန်မှောင်မိုက်နေသဖြင့် ထိုအရာကို ယန်ရုန်ရုန် သေချာမမြင်နိုင်ခဲ့ပါ။ သူမ၏ ရှေ့တည့်တည့်သို့ ရောက်လာခါမှ အလွန်ကြီးမားသည့် အနက်ရောင် ဆံပင်အုံကြီးတစ်ခု ဖြစ်နေမှန်း သိလိုက်ရသည်။
ထိုဆံပင်များက အလွန်ထူထပ်လှပြီး မျက်စိရှေ့မှာပင် မြင်သာသောနှုန်းဖြင့် တရိပ်ရိပ် ရှည်ထွက်လာခဲ့ပါသည်။ သိပ်မကြာလိုက်ဘဲ ကျောင်းတော်၏ အတွင်းဘက်တစ်ခုလုံး အနက်ရောင်ဆံနွယ်များဖြင့် ပြည့်နှက်သွားတော့သည်။
ဆံချည်မျှင်များစွာက ယန်ရုန်ရုန့်ခန္ဓာကိုယ်ကို ရစ်ပတ်လာပြီး သူမ၏ မျက်လုံး၊ နှာခေါင်း၊ နားရွက်၊ ပါးစပ်တို့ထဲ တိုးဝင်ဖို့ ကြိုးစားနေကြသည်။
ယန်ရုန်ရုန် အသည်းအသန် ရုန်းကန်ခဲ့သော်လည်း ဘာမှ အသုံးမဝင်ခဲ့ပါ။ ကျင့်ကြံခြင်းမရှိလျှင် သူမက စဉ့်တီတုံးပေါ် ရောက်နေသည့် ငါးတစ်ကောင်ပမာ အလွန်စွမ်းအားမဲ့လှပါသည်။
သူမ သေရမှာမကြောက်ပေ။ စနစ်က အချိန်ကို နောက်ဆုတ်ပြန်ဆုတ်ပြီး သူမကို ကယ်တင်ပေးနိုင်မှန်း ယန်ရုန်ရုန် သိပါသည်။ သို့သော် ဒီလို သေပုံသေနည်းက ရွံစရာကောင်းလွန်းပါသည်။
ယန်ရုန်ရုန် မျက်လုံးများကို မှိတ်လိုက်ပြီး အဆုံးသတ်သွားမည့်အချိန်ကိုသာ စောင့်မျှော်နေခဲ့သည်။ စိတ်ထဲမှလည်း ဟယ့်ပျယ်ချင်း၏ အမည်ကို Black List ထဲ သေသေချာချာ ထည့်နေခဲ့ပါသည်။
‘အားလုံး ဒင်းရဲ့ကျေးဇူးကြောင့်ပဲ၊ ငါပြန်ရောက်သွားတာနဲ့ သူ့ခန္ဓာကိုယ်ထဲ အမွေးအမျှင်တွေ ဝင်လာပြီး မသေမရှင်ဖြစ်နေရတဲ့ ခံစားချက်ကို ခံစားသွားရအောင် လုပ်ပစ်မယ်!’
ဆံချည်မျှင် ပင်လယ်ကြီးထဲ ယန်ရုန်ရုန် နစ်မြုပ်သွားသည့်အခါ အသက်ရှူရပ်သွားပြီး အသိစိတ်များ ဝေဝါးသွားခဲ့တော့သည်။
-
အချိန်အတန်ကြာသောအခါ ယန်ရုန်ရုန် သတိပြန်လည်လာခဲ့ပါသည်။ သူမ မှောင်မိုက်နေသော ဟင်းလင်းပြင်တစ်ခုထဲ ရောက်ရှိနေခဲ့သည်။
ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သောအခါ မြင်ဖူးနေသည့် အမျိုးသမီးတစ်ယောက် ရှေ့တွင် လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးက တောက်ပသည့် ရောင်စုံဝတ်ရုံကို ခြုံထားသည်။ သူမ၏ နက်မှောင်သော ဆံနွယ်များက ပင်လယ်ရေမှော်များပမာ လှပစွာ ဖြာထွက်နေခဲ့ပါသည်။ သူမ ဝတ်ရုံအောက်ခြေကလည်း ဒေါင်းမြီးဖြန့်ထားသကဲ့သို့ မှင်သက်စရာ ကောင်းလွန်းနေပါသည်။
သူမ၏ လက်များကို ဝမ်းဗိုက်ပေါ်တွင် တင်ထားပြီး မျက်လုံးများကို မှိတ်ထားက မျက်နှာက အတော်လေးတည်ငြိမ်အေးချမ်းနေသည်။
သူမ အိပ်စက်နေသည့်ပုံပင်။
သူမ မျက်နှာနှင့် တစ်ထေရာတည်း တူညီနေသည့် ထိုအမျိုး သမီး၏မျက်နှာကို ယန်ရုန်ရုန် ငေးကြည့်ရင်း အိပ်မက်ကမ္ဘာထဲ ပြန်လည်ရောက်ရှိလာပြီဖြစ်မှန်း နားလည်လိုက်ရသည်။
ထိုအမျိုးသမီးနားကို ချဉ်းကပ်သင့် မချဉ်းကပ်သင့် ယန်ရုန်ရုန် ဝေခွဲမရဖြစ်နေစဉ် ရောင်စုံဝတ်ရုံနှင့်အမျိုးသမီးက မျက်လုံးများ ပွင့်လာပြီး ဖြည်းညှင်းစွာ ပြောလိုက်ပါသည်။
“ဒီကို ဘာလို့ထပ်ရောက်လာတာလဲ”
ယန်ရုန်ရုန် ထိတ်လန့်သွားပြီး သူမကို ထိုအမျိုးသမီး စကားပြောနေသည်ဟု ထင်သွားသည်။
‘ငါ့ကို သတိထားမိသွားပြီလား!’
သို့သော် သိပ်မကြာလိုက်ဘဲ ထိုအမျိုးသမီး၏ဘေး၌ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအလင်း တန်းက အလွန်လျှင်မြန်စွာ ကျယ်ပြန့်သွားခဲ့ပြီး ဆီးနှင်းရောင်ဝတ်ရုံကို ခြုံထားသည့် ငွေဖြူရောင် ဆံနွယ်နှင့် အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပါသည်။
သူ့မျက်နှာကို ယန်ရုန်ရုန် အလွန်ရင်းနှီးနေသည်။ ရှန်းဝမ်ချင်း၊ ဟမ်ယဲ့၊ လင်းယွမ်နှင့် ရှုယင်တို့ လေးဦးကို ပေါင်းစပ်ထားသကဲ့သို့ပင်။
သူ့ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။ သူ့ဝတ်ရုံစွန်းများတွင် ချုံးမင်ငှက်၏ ရွှေရောင်အမှတ်အသားများ အထင်းသားပေါ်နေသည်။ သူ့ငွေဖြူရောင်ဆံနွယ်များကို ကျောက်စိမ်းဆံထိုးဖြင့် အသာအယာ ထုံးထားပါသည်။
ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးက ဆက်လက်လှဲလျောင်းနေဆဲဖြစ်ကာ ဖိတ်ခေါ်မထားသည့် ဧည့်သည်ကို ဖြည်းညှင်းစွာ လှည့်ကြည့်လာခဲ့သည်။
ထိုအမျိုးသမီးက သူမကို စကားပြောနေခြင်းမဟုတ်ဘဲ ထိုအမျိုးသားကို စကားပြောနေခြင်းသာဖြစ်ကြောင်း ယန်ရုန်ရုန် နားလည်လိုက်ပါသည်။ သူမ အတွေးလွန်ခဲ့မိခြင်းသာ။
သူမ၏ အေးတိအေးစက် မေးခွန်းကို ငွေရောင်ဆံနွယ်နှင့်အမျိုးသားက ဂရုစိုက်ပုံမပေါ်ဘဲ သူမဘေးတွင် ရင်းနှီးကျွမ်းဝင်စွာ ဝင်ထိုင်လိုက်သည်။
ထို့နောက် အပြုံးဖြင့် ဆိုလိုက်ပါသည်။
“အရင်တစ်ခေါက်က ငါ့ကို အသက်ချမ်းသာပေးပြီး ထွက်သွားခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အဲ့တာကြောင့် ကျေးဇူးတင်လက်ဆောင်လေး ယူလာခဲ့တယ်”
သူ့ညာဘက်လက်ကို ဖြန့်လိုက်ရာ လက်ဖဝါးပေါ်တွင် အလွန်လက်ရာမြောက်သော သေရည်အိုးလေးတစ်အိုး ပေါ်လာခဲ့ပါသည်။ ထို့နောက် သေရည်ခွက်နှစ်လုံးကိုလည်း ဖန်တီးလိုက်သည်။
“ဒါ ငါခက်ခက်ခဲခဲ ရှာဖွေထားတဲ့ အကောင်းဆုံး သေရည်တစ်မျိုးပဲ၊ ကျော့ဟွားသေရည်လို့ခေါ်တယ်၊ ဒီသေရည်က ဝိညာဉ်စွမ်းအင် အရမ်းပြည့်ဝတာ၊ ယုတ်ညံ့တဲ့နှလုံးသားရှိတဲ့လူတစ်ယောက် သောက်လိုက်မယ်ဆိုရင် ကိုယ်တွင်းအင်္ဂါတွေ မီးလောင်မြိုက်ခံရတဲ့ နာကျင်မှုမျိုးကို ခံစားရလိမ့်မယ်၊ ဒါပေမယ့် ဖြူစင်တဲ့ နှလုံးသားပိုင်ရှင်က သောက်လိုက်မယ် ဆိုရင်တော့ စိတ်ရောကိုယ်ပါ လန်းဆန်းသွားပြီး လပေါင်းများစွာ အိပ်မက်လှလှ မက်လိမ့်မယ်”
ထို့နောက် သေရည်ခွက်များထဲ သေရည်ငှဲ့ကာ ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးအား တစ်ခွက်ကမ်းပေးလိုက်ပါသည်။ သူမကို ထိုအမျိုးသား စမ်းသပ်ချင်နေမှန်း အလွန်သိသာသည်။
‘မင်းက လူကောင်းလား လူဆိုးလားဆိုတာ ငါစမ်းသပ်ချင်တယ်’ဟု မပြောရုံတမယ်သာ ရှိသည်။
ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးက ကျော့ဟွားသေရည်ခွက်ကို စိုက်ကြည့်လိုက်သည်။ ငွေဖြူရောင်ဆံနွယ်နှင့် အမျိုးသားက အလွန်တည်ငြိမ်လွန်းလှသည့် သူ့လက်နှင့် သေရည်ခွက်ကို ကမ်းပေးထားဆဲပင်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ရောင်စုံဝတ်ရုံနှင့် အမျိုးသမီး ငုတ်တုပ်ထထိုင်ကာ သေရည်ခွက်ကို ယူလိုက်သည်။
အမျိုးသားက သေရည်ကို အရင်သောက်လိုက်ပါသည်။ သူ့မျက်နှာပေါ်တွင် အလွန်သာယာသောာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် အမျိုးသမီးကို သူမျှော်လင့်တကြီး ငေးကြည့်လိုက်သည်။
အမျိုးသမီးကလည်း သေရည်ခွက်ကို နှုတ်ခမ်းနားထိတေ့ကာ အနည်းငယ် မြည်းစမ်းကြည့်လိုက်သည်။ ထို့နောက်တွင်တော့ တစ်ခွက်လုံးကုန်အောင် သောက်ပစ်လိုက်ပါသည်။
အမျိုးသားက ရောင်စုံဝတ်ရုံနှင့်အမျိုးသမီး၏ မျက်နှာကို စေ့စေ့ စိုက်ကြည့်နေခဲ့သည်။
သေရည်သောက်သုံးပြီးနောက် သူမ မျက်နှာက ခံစားချက်မဲ့နေဆဲဖြစ်သော်လည်း နာကျင်နေသည့် လက္ခဏာတော့ မပြသပါ။
သူမ သေရည်ကို ကြိုက်နှစ်သက်သလား၊ မုန်းတီးသလား၊ သို့မဟုတ် သူမအပေါ် ကျော့ဟွားသေရည်က အာနိသင် မရှိခြင်းပဲလား ထိုအမျိုးသား ဝေခွဲရခက်သွားခဲ့သည်။
သူအတွေးများနေစဉ် အမျိုးသမီး၏ အကြည့်က သူ့လက်ထဲရှိ သေရည်အိုးထံ ရောက်ရှိလာသည်။ သူ့လက်ထဲမှ သေရည်အိုး ရုတ်တရက်ပျောက်ကွယ်သွားပြီး သူမလက်ထဲ အလိုလို ရောက်ရှိသွားခဲ့ပါသည်။
ငွေဖြူရောင်ဆံနွယ်နှင့် အမျိုးသား အသိစိတ်ပြန်ကပ်သွားချိန်တွင် သူမက သေရည်ခွက်ထဲ သေရည်ထပ်ငှဲ့ပြီး သေရည်အိုးကို ပြန်ပို့ပေးလိုက်လေပြီ။
ထို့နောက် သူမ မျက်ဝန်းများ မှေးစင်းသွားပြီး သေရည်ကို အရသာခံကာ ထပ်သောက်လိုက်သည်။
ဒါကိုမြင်ပြီး ငွေဖြူရောင်ဆံနွယ်နှင့် အမျိုးသားလည်း နားလည်သွားခဲ့ပါသည်။ ဒီသေရည်အရသာကို သူမ သဘောကျမှန်း သိသာသည်။
ကျော့ဟွားသေရည်က မလိမ်ညာတတ်ပါ။ ထို့ကြောင့် သူမနှလုံးသားက ယုတ်ညံ့ခြင်း ကင်းမဲ့ပြီး အတိုင်းထက်အလွန် ဖြူစင်နေသည်ဟု သက်သေပြလိုက်သလိုပင်။
‘ဒီလို နှလုံးသားဖြူစင်တဲ့ မိန်းကလေးတစ်ယောက်က ကောင်းကင်ဘုံကပ်ဘေးကို ဘယ်လိုဆောင်ကျဉ်းလာမှာလဲ’
ထိုအမျိုးသား နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် သူမက ယုတ်ညံ့သူမဟုတ်မှန်း သိလိုက်ရပြီဖြစ်၍ သူမအပေါ် သတ်ဖြတ်လိုစိတ် မထားနိုင်တော့ပါ။
ပိုင်ကျဲနတ်သားရဲကို နောက်တစ်ကြိမ် ထပ်သွားတွေ့ပြီး ကျိန်းသေပေါက် အဖြေရှာရပါမည်။
ကျော့ဟွားသေရည်အိုးက သေးငယ်မည်ဟု ထင်ရသော်လည်း အတွင်းဘက်တွင် အဆုံးမရှိအောင် ကျယ်ပြောလှသည်။ ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးက တစ်ခွက်ပြီးတစ်ခွက် သောက်နေသော်လည်း သေရည်အိုးက ကုန်ခမ်းမသွားသေးပါ။
နောက်ဆုံးတော့ ငွေရောင်ဆံနွယ်နှင့် အမျိုးသား ကြည့်မနေနိုင်တော့ဘဲ သေရည်အိုးကို အဖုံးလှမ်းပိတ်ဖို့ ပြင်လိုက်သည်။
“ကျော့ဟွားသေရည်က အရသာကောင်းတာမှန်ပေမယ့် အများကြီးသောက်လိုက်ရင် ဘယ်တော့မှ နိုးထမလာတော့ဘဲ အကြာကြီး အိပ်စက်သွားရလိမ့်မယ်”
အမျိုးသမီးက ဆိုသည်။
“အကြာကြိး အိပ်စက်သွားရလည်း အဆင်ပြေတာပဲ”
“ဘာလို့လဲ”။ သူနားမလည်နိုင်စွာ မေးလိုက်သည်။
“ကျွန်မ အိပ်ပျော်နေရင် အချိန်တွေကုန်တာ မြန်တယ်လေ”
သူမ အဖြေက ထူးဆန်းလှသဖြင့် သူမကို ပဟေဠိ ပိုဆန်သွားစေခဲ့သည်။ ထိုအမျိုးသားက သူမမျက်နှာကို မျက်တောင်မခတ် ငေးကြည့်လိုက်ပါသည်။
သူမ၏ ရုပ်ရည်မှာ အပြစ်ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံလှသည်။ ရောင်ဝါကလည်း ထူးခြားပြီး အရာရာကို အေးစက်ကာ ဂရုမစိုက်သလို ထင်ရသော်လည်း တကယ်တမ်းတွင်တော့ စိတ်ထားက ရေလိုပင် ဖြူစင်လှပါသည်။
သူ့နှလုံးသားထဲ လှိုင်းအနည်းငယ်ထသွားခဲ့ကာ နှုတ်မှ အလိုလို မေးလိုက်မိသည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
ယန်ရုန်ရုန် အသိချင်ဆုံးကလည်း ထိုမေးခွန်းပင်ဖြစ်သည်။ ထိုအမျိုးသမီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း သူမ အသည်းအသန် သိဖို့လိုအပ်နေပါသည်။
သူမ၏ အဖြေကို ရှင်းရှင်းလင်းလင်း ပိုကြားနိုင်ဖို့ ယန်ရုန်ရုန် ရှေ့သို့ နှစ်လှမ်းတိုးလိုက်သည်။
ထိုအချိန်တွင် ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးက ဆတ်ခနဲ လှည့်ကြည့်လာပြီး ယန်ရုန်ရုန်နှင့် မျက်လုံးချင်း ဆုံသွားခဲ့ပါသည်။
မျက်လုံးချင်းဆုံသွားသောအခါ ယန်ရုန်ရုန် ရင်တုန်သွားခဲ့ရသည်။
အိပ်မက် ပျယ်ပြယ်သွားခဲ့လေပြီ။
ထိုအမျိုသားနှင့် အမျိုးသမီးတို့နှစ်ယောက်စလုံး၏ ပုံရိပ်များ ပျောက်ကွယ်သွားပြီး အမှောင်ထုကလည်း အဝေးသို့ ဆုတ်ခွာသွားခဲ့သည်။
ချက်ချင်းပင် ယန်ရုန်ရုန် ရင်းနှီးနေသည့် စနစ်၏ အသံကို ကြားလိုက်ရပါသည်။
“ဒင်! စနစ်ပိုင်ရှင်ရဲ့ အသက်စွမ်းအားတွေ ပျောက်ကွယ်သွားပါပြီ၊ စနစ်မှ အရေးပေါ် ပရိုတိုကောကို စတင်ပါတော့မယ်!”
“စနစ်မှ အချိန်ကို ပြန်လည်သတ်မှတ်နေပါပြီ၊ ကျေးဇူးပြုပြီး အသင့်ပြင်ဆင်ထားပေးပါ စနစ်ပိုင်ရှင်”
“အန္တရာယ်နှင့် မတွေ့ကြုံခင် အချိန်ကာလကို စနစ်ပိုင်ရှင် ပြန်လည်ရောက်ရှိပါတော့မယ်”
အလွန်အားကောင်းသည့် လေပွေ ဝဲဂယက်ကြီးတစ်ခုအတွင်းသို့ အရှိန်အဟုန်ဖြင့် ယန်ရုန်ရုန် ဝင်ရောက်သွားခဲ့သည်။ ကမ္ဘာကြီးပတ်ချာလည်သွားပြီး ခေါင်းတွေပါ မူးနောက်သွားပြီးနောက် ယန်ရုန်ရုန် မုန့်ရှီးမြို့သို့ ပြန်လည် ရောက်ရှိသွားပါသည်။
လှေပေါ်တွင် ဟယ့်ပျယ်ချင်း မလှုပ်မယှက် လှဲလျောင်းနေပြီး သွေးချောင်းများဆိုးလျက် မျက်နှာတစ်ခုလုံး ဖြူဖပ်နေလေသည်။
ယန်ရုန်ရုန်၏ အသက်မဲ့နေသော ခန္ဓာကိုယ်ကို ဟမ်ယဲ့က တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။ သူ့နဖူးကို သူမ၏ နဖူးဖြင့် ထိတွေ့ထားပြီး သူ့ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာစွမ်းအင်များကို သူမခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးနေပါသည်။
သူ့စွမ်းအင်များ ယုတ်လျော့လာသည်နှင့်အမျှ ဟမ်ယဲ့မျက်နှာလည်း ဖြူရော်လာခဲ့သည်။ သို့သော် ယန်ရုန်ရုန်ကတော့ နိုးထလာမည့် လက္ခဏာ မပြသေးပေ။
ဟမ်ယဲ့မျက်ဝန်းမှ မျက်ရည်စက်များ စီးကျလာပြီး သူမ၏ အမည်ကို ဝမ်းနည်းညှိုးငယ်စွာ ခေါ်နေလေတော့သည်။
“ရုန်ရုန်…”