အခန်း (၂၆၃-၂၆၄)
Vol. 27 Ch. 263-264
🌹Chapter 263
ယန်ရုန်ရုန့် နှလုံးသားကို ကျောက်သားဖြင့် ထုဆစ်ထားခြင်း မဟုတ်သဖြင့် ထိုကဲ့သို့ မြင်ကွင်းမျိုးကို မြင်လိုက်ရသည့်အခါ သူမရင်ထဲ အနည်းငယ် ဝမ်းနည်းသွားမိပါသည်။
စနစ်က အချိန်ကို ပြန်လည်သတ်မှတ်နေပြီဖြစ်ကြောင်း ထပ်မံ အသိပေးလာခဲ့သည်။
ရုပ်ရှင်တစ်ကားကို နောက်ပြန်ရစ်လိုက်သကဲ့သို့ အရာအားလုံး အလွန်မြန်ဆန်သော အလျှင်ဖြင့် နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။
ဟမ်ယဲ့၏ မျက်ဝန်းတွေထဲ မျက်ရည်စက်များ ပြန်စီးဝင်သွားသည်။ ယန်ရုန်ရုန့်ကို လွှတ်ချကာ လျို့လန်၊ လောလော၊ မုထုန်တို့နှင့်အတူ နောက်ပြန်ဆုတ်သွားခဲ့သည်။
ဗျိုင်းဖြူငှက်မွေးကလောင်တံကလည်း ဟယ့်ပျယ်ချင်းလက်ထဲ ပြန်ရောက်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာဒဏ်ချက်များ ပျောက်ကွယ်သွားခဲ့သည်။
လေထဲတွင် ရှိနေသော စာသားများက တစ်လုံးပြီးတစ်လုံး ပျောက်ကွယ်ကာ ယန်ရုန်ရုန့်ဝိညာဉ်လည်း ခန္ဓာကိုယ်အတွင်း ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
သူမ နားထဲတွင် စနစ်၏ အသိပေးချက်က ပဲ့တင်သံထပ်သွားသည်။
“အချိန်ကို ပြန်လည်သတ်မှတ်ပြီးပါပြီ၊ ကံကောင်းပါစေ စနစ်ပိုင်ရှင်”
ယန်ရုန်ရုန် မျက်လုံးများကို ဆတ်ခနဲဖွင့်ကြည့်လိုက်ရာ လှေငယ်လေးပေါ် ထိုင်လျက်သား ပြန်လည်ရောက်ရှိနေပါပြီ။ လက်ထဲမှာလည်း ဖူရှန်းကြေးမုံကို ကိုင်ထားသည်။
သူမရှေ့တွင် အခါးရည်၊ သစ်သီးတို့ တည်ခင်းထားသည့် စားပွဲပုလေးအကောင်းအတိုင်း ရှိနေဆဲဖြစ်ကာ ဟယ့်ပျယ်ချင်းက သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပါသည်။
ယခု သူ့ဝါးခမောက်ကို ဖယ်ရှားလိုက်ပြီဖြစ်ရာ ငယ်ရွယ်သည့် ပညာရှိတစ်ဦးအသွင် ပြောင်းလဲသွားခဲ့လေပြီ။ သူ့ညာဘက်လက်ကို ဖြန့်လိုက်ရာ လက်ဖဝါးပေါ်တွင် ဗျိုင်းဖြူငှက်မွေးကလောင်တံတစ်ချောင်း ပေါ်လာခဲ့သည်။ ထိုကလောင်တံ၏ ထိပ်ဖျားတွင် မင်များ စွန်းထင်းနေပါသည်။
ထိုငှက်မွေးထံမှ အားကောင်းပြင်းထန်သည့် မိစ္ဆာစွမ်းအင်များ ဖြာထွက်နေသည်ကို ယန်ုရုန်ရုန် ခံစားမိသည်။
ဒီတစ်ခါတော့ ယန်ရုန်ရုန် စကားအပိုမပြောတော့ပါ။ ဝူဝမ့်ဓားကို ဆွဲထုတ်လိုက်ပြီး ဝိညာဉ်စွမ်းအင်များ စီးဆင်းနေသည့် ဓားသွားဖြင့် ဟယ့်ပျယ်ချင်းရှိရာထံသို့ ခုတ်ပစ်လိုက်ကာ နှုတ်မှလည်း တစ်ပြိုင်တည်း အော်လိုက်သည်။
“စနစ်!”
သူမ ဒီလောက်မြန်မြန် တုံ့ပြန်လာလိမ့်မည်ဟု ဟယ့်ပျယ်ချင်း ထင်မထားခဲ့ပေ။ သူ့လက်တစ်ဖက်ဖြင့် စားပွဲခုံပေါ် အားပြုကာ ထောက်လိုက်ပြီး အပေါ်ဘက်သို့ ခုန်တက်ရင်း ဝူဝမ့်ဓားချက်ကို သီသီလေး ရှောင်ရှားနိုင်လိုက်ပါသည်။
တစ်ချိန်တည်းမှာပင် ယန်ရုန်ရုန့်ဝတ်ရုံထဲမှ ငှက်ပေါက်လေး ထွက်လာပြီး ဟယ့်ပျယ်ချင်း၏ မျက်နှာတည့်တည့်သို့ အရှိန်ဖြင့် ပျံသသန်းကာ သူ့ညာဘက်လက်ဖမိုးပေါ်တွင် နက်ရှိုင်း သော လက်သည်းရာကြီးတစ်ချက် ထင်ကျန်သွားအောင် ကုတ်ဆွဲပစ်လိုက်ပါသည်။
ဟယ့်ပျယ်ချင်း နာကျင်မှုကြောင့် အော်ညည်းလိုက်မိပြီး ဒဏ်ရာမှလည်း သွေးများ စီးကျလာသည်။ သို့သော် ဗျိုင်းဖြူငှက်မွေးကလောင်တံကို ဆုပ်ကိုင်ထားသည့် အားကတော့ နည်းနည်းလေးမှ လျော့ကျမသွားခဲ့ပေ။
ငှက်ပေါက်လေးကို အားဖြင့် ရိုက်ထုတ်ဖို့ သူကြိုးစားသည်။ ဟယ့်ပျယ်ချင်း အကာအကွယ်မဲ့သွားသည့် အခိုက်အတန့်ကို ယန်ရုန်ရုန် အခွင့်ကောင်းယူကာ အကြောသေအဆောင်စက္ကူများ ပစ်လွှတ်လိုက်ပါသည်။
ဟယ့်ပျယ်ချင်းကလည်း သူ့အဖြူရောင် အတောင်ပံများကို ဖြန့်ကာ လေပြင်းတစ်ချက် ခတ်ထုတ်လိုက်ရာ ထိုအဆောင်စက္ကူများ လွင့်ထွက်သွားတော့သည်။ ထို့နောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ကလောင်တံကို မြဲမြဲဆုပ်ကိုင်လျက် စာတစ်ကြောင်း အသည်းအသန်ရေးဖို့ ကြိုးစားသည်။
“ယန်ရုန်ရုန်…”
စာလုံးသုံးလုံးသာ ရေးရသေးချိန်တွင် စမ်းချောင်းထဲမှ ရေနဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်လေတော့သည်။ ရေနဂါးအဆောင်စက္ကူကို ယန်ရုန်ရုန် အသုံးပြုလိုက်ခြင်းပင်။
ဟယ့်ပျယ်ချင်း စာရေးနေသည်ကို ရပ်တန့်လိုက်ရပြီး အတောင်ပံများကို အသုံးပြုကာ ရန်လိုနေသော နဂါးကြီး၏ တိုက်ခိုက်မှုများကို ခုခံခဲ့ရသည်။
သို့သော် သိပ်မကြာလိုက်ဘဲ စမ်းချောင်းထဲမှ ရေနဂါး ဆယ်ဂဏန်းလောက် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။ ယန်ရုန်ရုန် ရေနဂါးအဆောင်စက္ကူများစွာကို တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ခြင်းပင်။
ထိုမြင်ကွင်းကြောင့် ဟယ့်ပျယ်ချင်း မျက်ခုံးလှုပ်သွားခဲ့ရသည်။ အဆောင်စက္ကူများကို ဒီလောက်ထိ ပေါပေါပဲပဲ သုံးတတ်သူအား သူတစ်ခါမှ မမြင်ဖူးပါ။
ထိုစဉ် မုန့်ရှီးမြို့ပိုင်နက်အတွင်းသို့ တစ်စုံတစ်ယောက် ဖောက်ဝင်လာသည်ကို ဟယ့်ပျယ်ချင်း အာရုံခံမိသွားသည်။ အခြားသူမဟုတ်ဘဲ မိစ္ဆာဘုရင် ဟမ်ယဲ့ပင်။
ဟမ်ယဲ့သာ သူတို့ထံ ရောက်ရှိလာလျှင် လုပ်ကြံသတ်ဖြတ်မှု အောင်မြင်တော့မှာ မဟုတ်ပေ။
ထို့ကြောင့် ဟယ့်ပျယ်ချင်း လက်သင်္ကေတတစ်ခု ဖော်ဆောင်လိုက်ရာ သူ့မိစ္ဆာစွမ်းအင်များက ဗျိုင်းငှက်မွေးများအသွင်ပြောင်းလဲသွားပြီး သူ့ဘေးနားတစ်ဝိုက်တွင် အကာအရံတစ်ခုပမာ လည်ပတ်နေတော့သည်။
ရေနဂါးများ တစ်ပြိုင်တည်း တိုက်ခိုက်လျှင်ပင် ထိုအကာအရံကို ချိုးဖျက်နိုင်မှာ မဟုတ်ပါ။ ထို့ကြောင့် ဟယ့်ပျယ်ချင်း ကလောင်တံကို ကိုင်ရင်း စာဆက်ရေးလေတော့သည်။
“ကောင်းကင်ဘုံကနေ မိုးတွေရုတ်တရက် ရွာသွန်းလာတယ်၊ မိုးတွေ ထစ်ချုန်းလာပြီး ယန်ရုန်ရုန့်အပေါ်ကို ကောင်းကင်ဘုံမိုးကြိုး…”
ကလောင်တံက ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ဆက်ရေး၍ မရတော့ပေ။ ငှက်မွေးအကာအရံများကို ယန်ရုန်ရုန် ဓားချက်တစ်ချက်တည်းဖြင့် ဖောက်ထွင်းပစ်ခဲ့ပါသည်။
ဟယ့်ပျယ်ချင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
“မင်း…!”
သူ့စကားမဆုံးခင် ယန်ရုန်ရုန်က သူ့ရှေ့ကို ရောက်ရှိနေပါပြီ။
ဟယ့်ပျယ်ချင်း မန္တန်တစ်ခုကို ရွတ်ဖတ်ရင်း ယန်ရုန်ရုန့်အနားမှ ဆုတ်ခွာလိုက်သည်။ သူ့ဘေးနားတွင် ဝန်းရံနေသော အဖြူရောင်ငှက်မွေးများအားလုံး ချွန်ထက်လှသော မြားများအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ထို့နောက် ယန်ရုန်ရုန့်ကို ပစ်မှတ်ထားကာ မိုးသီးမိုးပေါက်ပမာ ဆင်းသက်လာခဲ့တော့သည်။
ယန်ရုန်ရုန် ဓားပျံစီးရင် လေထဲတွင် ဘယ်ညာယိမ်းထိုးလျက် မြားချက်များကို ရှောင်ရှားလိုက်သည်။ သို့သော် ထိုငှက်မွေးမြားများက မျက်စိပါသကဲ့သို့ ယန်ရုန်ရုန့်ကိုသာ ပစ်မှတ်ထားခဲ့သည်။ သူမ ဘယ်ဘက်ကိုပဲပြေးပြေး အနောက်မှ လိုက်လာကာ သူမနှလုံးသားကို တိတိကျကျ ချိန်ရွယ်ထားခဲ့ပါသည်။
ယန်ရုန်ရုန် စိတ်ရှုပ်လာပြီး မီးအလင်းတောက်အဆောင်စက္ကူလက်တစ်ဆုပ်စာကို ပစ်လွှတ်လိုက်သည်။ ထိုအဆောင်များနှင့် မြားများထိတွေ့သွားသောအခါ မီးတောက်မီးလျှံများ ဖြာထွက်ပြီး ငှက်မွေးအားလုံးကို ဝါးမျိုသွားတော့သည်။
မီးလောင်ကျွမ်းနေသည့် မြားများ မြေပြင်ပေါ်သို့ မီးမိုးရွာသကဲ့သို့ ကျဆင်းလာခဲ့ပါသည်။
ယန်ရုန်ရုန် မြားများနှင့် စာရင်းရှင်းနေစဉ် ဟယ့်ပျယ်ချင်းက နောက်ထပ်စာသားတစ်ကြောင်းကို ရေးသားနေပါပြီ။
“ယန်ရုန်ရုန် သတိလစ်မေ့မျောသွားခဲ့တယ်၊ သူ့ဝိညာဉ်က ဘဝသုံးပါးပုံပြင်ထဲကို ရောက်ရှိသွားပြီး စုဝမ်ရဲ့ တတိယဘဝ…”
ဟယ့်ပျယ်ချင်း ထပ်မံ နှောင့်ယှက်ခံလိုက်ရသည်။ ဒီတစ်ခါတော့ ဟမ်ယဲ့ ရောက်ရှိလာခြင်းကြောင့်ပင်။
ဟမ်ယဲ့က အလွန်မြန်ဆန်သော အဟုန်ဖြင့် ပျံသန်းလာပြီး သူ့ထံမှ ပြင်းထန်အားကောင်းသော မိစ္ဆာရောင်ဝါများ ဖြာထွက်နေခဲ့သည်။ မိစ္ဆာဘုရင်ထံမှ ထွက်လာသော ဖိအားများက ဟယ့်ပျယ်ချင်းအပေါ် တောင်တစ်လုံးပမာ ပိကျလာပြီး ခေါင်းတွေ မူးဝေသွားစေခဲ့ကာ ကောင်းကင်ပေါ်မှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။
ဟယ့်ပျယ်ချင်း အံကြိတ်ကာ ကြောက်စိတ်ကို အံတုရင်း သူ့ဆံပင်ပေါ်မှ ဆံထိုးကို ဆွဲထုတ်လိုက်သည်။ ထိုဆံထိုးက နတ်ဘုရားအဆင့်ရှိ နတ်ရတနာတစ်ခုဖြစ်ပြီး အလွန်အသက်ဝင်သော လွမ်ငှက်နှင့် ဇာမဏီငှက်နှစ်ကောင်သဏ္ဌာန်ကို ထိပ်ဖျားတွင် ထွင်းထားပါသည်။
ထိုဆံထိုးထဲသို့ ဟယ့်ပျင်ချင်း မိစ္ဆာစွမ်းအင်များ ထည့်သွင်းလိုက်ပြီး အဝေးသို့ ပစ်လွှတ်လိုက်သည်။
လေထဲတွင် ဆံထိုးက ဒဏ္ဍာရီလာ ငှက်ကြီးနှစ်ကောင်အဖြစ် အသွင်ပြောင်းသွားခဲ့ပါသည်။ လွမ်ငှက်က ယန်ရုန်ရုန့်ထံ ပျံသန်းသွားပြီး ဇာမဏီငှက်ကတော့ ဟမ်ယဲ့ထံကို ပျံသန်းလာခဲ့သည်။
ယန်ရုန်ရုန် ချက်ချင်းပဲ ရွှေချပ်ဝတ်အဆောင်စက္ကူတစ်ရွက်ကို ထုတ်ကာ သူမကိုယ်ပေါ်တွင် ကပ်လိုက်သည်။ ထိုအခါ သူမကိုယ်ပေါ်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာတစ်ခု ပေါ်လာပြီး လွမ်ငှက်၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ပါသည်။
ဟမ်ယဲ့ကလည်း ဇာမဏီငှက်၏ လည်ပင်းကို သူ့လက်ဖြင့် ဖမ်းဆုပ်နိုင်ခဲ့သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ထိုငှက်နှစ်ကောင်က ရွှေရောင်အလင်းတန်းများအဖြစ် အသွင်ပြောင်းသွားပြီး ယန်ရုန်ရုန်နှင့် ဟမ်ယဲ့တို့၏ ခန္ဓာကိုယ်များအတွင်းသို့ အသီးသီး စီးဝင်သွားခဲ့တော့သည်။
ထို့နောက် အလွန်ကြီးမားသည့် အားတစ်ခုက သူတို့နှစ်ယောက်ကို ဆွဲကပ်ပစ်လိုက်ပါသည်။ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များ တင်းတင်းကျပ်ကျပ် ပူးကပ်သွားကြပြီး ဘယ်လိုနည်းလမ်းမျိုးကိုပဲ ထုတ်သုံးပါစေ မခွာနိုင်တော့ပါ။
ထို့ကြောင့် နှစ်ယောက်သား လှုပ်ရှား၍လည်း မရတော့ပေ။ ဟယ့်ပျယ်ချင်း လိုချင်သည်ကလည်း ဒီလိုအခြေအနေမျိုးပင်။
အခွင့်အရေးကို အမိအရ အသုံးချလိုက်ပြီး ကလောင်တံကို ဆုပ်ကိုင်လျက် သူဆက်ရေးလိုက်ပါသည်။
“တတိယဘဝမှာ စုဝမ်က ကျင့်ကြံခြင်းလည်းမရှိ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းအားလည်း မရှိတဲ့ သာမန်လူသား တစ်ယောက်ပဲ၊ ငယ်စဉ်ကတည်းက ဒုက္ခမျိုးစုံံခံစားခဲ့ရပြီး အခုလည်း မိစ္ဆာကြီးတစ်ကောင်အတွက်…”
ကလောင်တံ၏ ထိပ်ဖျား ထပ်မံရပ်တန့်သွားရသည်။ သူဆက်မရေးချင်၍ မဟုတ်သော်လည်း ဆက်ရေး၍ မရခြင်းကြောင့်ပင်။
ဟယ့်ပျယ်ချင်း၏ ခန္ဓာကိုယ် ရုတ်တရက် ရပ်တန့်သွားပြီး ကြွက်သားတစ်မျှင်ပင် လှုပ်ရှား၍ မရတော့ပါ။
ထိုစဉ် သူ့နောက်မှ ငှက်ပေါက်လေး ပျံသန်းလာပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“စနစ်ပိုင်ရှင် ခိုင်းတဲ့အတိုင်း ကျွန်ုပ်လုပ်လိုက်ပြီ!”
ယန်ရုန်ရုန်ကလည်း ငှက်ပေါက်လေးကို လှမ်းကြည့်ရင်း မဆိုင်းမတွ ချီးကျူးလိုက်ပါသည်။
“သိပ်တော်တယ်!”
ယခုတော့ ဟယ့်ပျယ်ချင်းတစ်ယောက် ပါးစပ်နှင့် မျက်လုံးများကိုသာ လှုပ်ရှားနိုင်တော့သည်။ ယန်ရုန်ရုန့်ကို ကြည့်ရင်း သူထိတ်လန့်တုန်လှုပ်စွာ မေးလိုက်သည်။
“မင်းငါ့ကို ဘာလုပ်လိုက်တာလဲ”
ဟမ်ယဲ့၏ ခန္ဓာကိုယ်မှ ထွက်နေသော အပူငွေ့များကို လျစ်လျူရှုဖို့ ယန်ရုန်ရုန် အစွမ်းကုန် ကြိုးစားထားရပါသည်။
ဟယ့်ပျယ်ချင်းကို သူမ ရန်စသည့်အပြုံးမျိုး ပြုံးပြကာ ပြောလိုက်သည်။
“ခန့်မှန်းကြည့်လိုက်လေ”
ဟယ့်ပျယ်ချင်းကတော့ သူမ၏အပြောင်အပျက်များကို ဂရုမစိုက်နိုင်ပေ။ တစ်ဝက်တစ်ပျက်ဖြစ်နေသည့် စာသားများကို ကြည့်ရင်း နောင်တကြီးစွာ ရနေခဲ့သည်။
‘နည်းနည်းလေးပဲ… အချိန်နည်းနည်းလောက် ပိုရခဲ့ရင် သူ့ကို သတ်နိုင်တော့မှာ!’
ထိုစဉ် လောလော၊ လျို့လန်နှင့် မုထုန်တို့လည်း ရောက်ရှိလာကြပါပြီ။
လျို့လန်က ကျန်တာဘာမှ ဂရုမစိုက်ဘဲ ယန်ရုန်ရုန့်ခြေထောက်ကိုသာ ပြေးဖက်ပြီး အော်ခေါ်လိုက်ပါသည်။
“မေမေ!”
တင်းတင်းကျပ်ကျပ် ပူးကပ်နေသည့် ယန်ရုန်ရုန်နှင့် ဟမ်ယဲ့တို့၏ ခန္ဓာကိုယ်များကို လောလော လှည်ပတ်ကြည့်ရှုလိုက်ပြီး ပိုပိုကဲကဲ မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဟူး… နေ့ခင်းကြောင်တောင်ကြီး ဒီလောက်ထိ ပူးကပ်ပွေ့ဖက်နေကြတာ ကလေးတွေမြင်သွားမှာ မကြောက်ဘူးလား”
ထို့နောက် မမြင်သင့်သည်ကို မမြင်ရလေအောင် လျို့လန်နှင့် မုထုန်တို့၏ မျက်လုံးများကို သူအုပ်ပေးလိုက်တော့သည်။
🌹Chapter 264
လောလောကို ယန်ရုန်ရုန် မကျေမနပ် လှမ်းကြည့်ကာ ငေါက်လိုက်သည်။
“ကပ်ချင်လွန်းလို့ ကပ်နေတယ်များ ထင်နေလား၊ ကူညီပေးဖို့ မစဉ်းစားတဲ့အပြင် ဘေးကနေပြီး လှောင်သလိုပြောင်သလိုလာလုပ်နေတယ်၊ တော်တော် တရားလွန်တာပဲ!”
ပြောပြောဆိုဆိုနှင့် ဟမ်ယဲ့၏ မျက်နှာကို အခြားတစ်ဖက်သို့ ယန်ရုန်ရုန် တွန်းထုတ်ပစ်လိုက်ပါသည်။ သူ့နှာခေါင်းမှ ထွက်လာသည့် ပူပူနွေးနွေး လေငွေ့များက သူမပါးကို လာရောက်ထိမှန်နေသဖြင့် အတော်လေး နေရထိုင်ရခက်စေသည်။
ဟမ်ယဲ့ကလည်း မခုခံခဲ့ပါ။ သူ့မျက်နှာကို လိမ်လိမ်မာမာနှင့် တစ်ဖက်သို့ လွှဲလိုက်သည်။ သို့သော် သူ့နှလုံးသားထဲတွင်တော့ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။
ယန်ရုန်ရုန်နှင့် သူဒီလောက်ထိ နီးနီးကပ်ကပ် တစ်ခါမှ မနေခဲ့ဖူးပါ။
အဝတ်အစားများ ခြားနေသော်လည်း သူမ၏ ကိုယ်ငွေ့နှင့် ရင်ခုန်သံတစ်ချက်ချင်းစီတိုင်းကိုပါ သိသိသာသာ ခံစားနေရပါသည်။
ထိုရင်ခုန်သံတိုင်းက သူ့အသွေးထဲ အသားထဲထိ ခုန်ဝင်နေသလို ခံစားရသဖြင့် သူ့ခန္ဓာကိုယ် အလိုလို တောင့်တင်းသွားပြီး အမွေးပွနားရွက်များသည်လည်း ထိန်းချုပ်မရဘဲ ဆတ်ခနဲ ထောင်လာခဲ့ပါသည်။
လောလောကတော့ ဘေးမှာ ဝါးလုံးကွဲ ရယ်မောနေလေပြီ။
သူတို့နှစ်ယောက် ကိုယ့်အခြေအနေကိုယ် မထိန်းချုပ်နိုင်ကြမှန်း သူမြင်နိုင်သော်လည်း အန္တရာယ်ရှိနေသည့် အခြေအနေ မဟုတ်သဖြင့် အေးအေးဆေးဆေး ကျီစယ်နေခြင်းဖြစ်သည်။
ယန်ရုန်ရုန်က ဟယ့်ပျယ်ချင်းရှိရာထံသို့ မေးထိုးပြလျက် လောလောကို အမိန့်ပေးလိုက်သည်။
“သူ့လက်ထဲက ဗျိုင်းဖြူငှက်မွေးကလောင်တံကို သွားယူလိုက်”
လောလောက ပြဿနာမရှိ ဟူသည့် အမူအရာမျိုးလုပ်ပြလိုက်သည်။ ထို့နောက် ဟယ့်ပျယ်ချင်းဘေးသို့ ပျံသန်းသွားလိုက်ပါသည်။
ဟယ့်ပျယ်ချင်း၏ ကျောနောက်တွင် အကပ်ခံထားရသည့် အဆောင်စက္ကူကိုမြင်သောအခါ လောလော မျက်ခုံးပင့်ကာ သွားဖြီးလိုက်သည်။
“ဪ အကြောသေအဆောင်ကိုး!”
ဟယ့်ပျယ်ချင်း မယုံကြည်နိုင်ဖြစ်သွားလေသည်။
“မဖြစ်နိုင်တာ! သာမန်အကြောသေအဆောင်တစ်ခုက ငါ့ကို ဒီလောက်ကြာကြာ ထိန်းထားနိုင်မှာတဲ့လား”
ယန်ရုန်ရုန်က ဝံ့ကြွားစွာ ဝင်ရှင်းပြလိုက်သည်။
“ဿာမန် အကြောသေအဆောင်ဆိုရင်တော့ ဘယ်ထိန်းထားနိုင်ပါ့မလဲ၊ ဒါပေမယ့် အဲ့ဒီအဆောင်က ရှင့်ကိုယ်ထဲက ထွက်လာတဲ့ သွေးကို သုံးပြီး အဆင့်မြှင့်တင်ထားတဲ့ အကြောသေအဆောင်အသစ်လေ၊ အဲ့တာကြောင့် အာနိသင်က ပိုကောင်းတာပေါ့”
ဟယ့်ပျယ်ချင်း၏ လက်ကို ငှက်ပေါက်လေး ကုတ်ခြစ်ခဲ့စဉ်က လှေပေါ်သို့ သွေးအနည်းငယ် ပက်စင်သွားခဲ့သည်။ ယန်ရုန်ရုန်က ထိုသွေးကို သိမ်းဆည်းပြီး ရွှမ်ကျီးကလောင်တံကို အသုံးပြုကာ အကြောသေအဆောင်စက္ကူ ဗားရှင်း အသစ်ကို ရေးဆွဲ ဖန်တီးခဲ့ပါသည်။
ယန်ရုန်ရုန်နှင့် ဟမ်ယဲ့တို့ကို တိုက်ခိုက်ရင်း ဟယ့်ပျယ်ချင်း အလုပ်များနေစဉ် ငှက်ပေါက်လေးက သူ့ကျောပေါ်သို့ ထိုအဆောင်စက္ကူ အလစ်ဝင်ကပ်ခဲ့သည်။ အာနိသင်က ချက်ချင်းပြခဲ့ပါသည်။
ဟယ့်ပျယ်ချင်းလို ကျင့်ကြံခြင်းအဆင့်မျိုးကို သာမန်အကြောသေအဆောင်များနှင့်သာဆို ခေတ္တသာ ရပ်တန့်သွားစေလိမ့်မည်။ သို့သော် ဒီအဆောင်က သူ့သွေးနှင့် ရွှမ်ကျီးကလောင်တံတို့ကို အသုံးပြုပြီး ရေးဆွဲထားခြင်းဖြစ်၍ အနည်းဆုံး ၁၅ မိနစ်ခန့် ထိန်းချုပ်ထားနိုင်ပါလိမ့်မည်။
၁၅ မိနစ်ဟူသည်မှာ မများပြားသော်လည်း ယန်ရုန်ရုန် အားသာချက်ပြန်ရဖို့အတွက်တော့ လုံလောက်ခဲ့ပါသည်။
ဟယ့်ပျယ်ချင်း၏ မျက်နှာက အလွန်အကျည်းတန်နေခဲ့သည်။ သွေးအနည်းငယ် ဆုံးရှုံးလိုက်ရမှုကြောင့် ယန်ရုန်ရုန့်ကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့မိပါ။
ယန်ရုန်ရုန့်ကို သူအထင်သေးလိုက်မိပါပြီ။ ထိုမိန်းမ၏ အဆောင်စက္ကူပါရမီက ထူးချွန်လွန်းလှသည်။
အစကသာ ပြန်စခွင့်ရမည်ဆိုလျှင် ယန်ရုန်ရုန့်ကို သူအလွန့်အလွန် သတိထားမိပါ့လိမ့်မည်။ သို့သော် အချိန်ဟူသည် နောက်ပြန်ဆုတ်၍ မရပေ။ ထို့ကြောင့် သူ့အမှားကို ပြင်ဆင်ခွင့် မရှိတော့ပါ။
သူ့လက်ထဲမှ ဗျိုင်းဖြူငှက်မွေးကလောင်တံကို လောလော လာလုယူသွားသည်။ ယန်ရုန်ရုန်က ချက်ချင်း အမိန့်ပေး လိုက်ပါသည်။
“အဲ့ဒီ စာလုံးတွေကို အမြန်ခြစ်ချပစ်လိုက်!”
လေထဲတွင် ဝဲပျံနေသည့် စာသားများကို လောလော သတိထားမိခဲ့သည်။ ထိုစာသားများက ဘယ်လိုအစွမ်းရှိမှန်း သူနားမလည်သော်လည်း ယန်ရုန်ရုန့်မျက်နှာကို ကြည့်ခြင်းအားဖြင့် အလွန်အရေးကြီးမှန်း သိနိုင်ပါသည်။
ထို့ကြောင့် ဘာမှစဉ်းစားမနေတော့ဘဲ စာလုံးများကို ကလောင်တံဖြင့် ခြစ်ချပစ်လိုက်တော့သည်။
သို့သော် အသုံးမဝင်ခဲ့ပါ။ သူဘယ်နှစ်ကြိမ်ပဲ ခြစ်ချပါစေ စာသားများက မပျက်မယွင်းဘဲ ရှိနေခဲ့သည်။
လောလော ထိုကလောင်ကို သုံးပြီး ကျပန်းစာလုံးများ ရေးသားဖို့ ကြိုးစားကြည့်သည်။ သို့သော် ကလောင်တံမှ စုတ်ချက်တစ်ချက်ပင် ထွက်မလာခဲ့ပေ။
ဒါကိုမြင်ပြီး ဟယ့်ပျယ်ချင်း အေးစက်စွာ ပြောလိုက်သည်။
“အပင်ပန်းခံမနေစမ်းပါနဲ့၊ အဲ့ဒီကလောင်တံက ငါ့ဝိညာဉ်နဲ့ စည်းနှောင်ထားတဲ့ နတ်ရတနာပဲ၊ ငါကလွဲပြီး ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး”
လောလောသူ့ကို လှည့်ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးပြလိုက်ပါသည်။
“လွယ်ပါတယ်၊ ငါတို့မင်းကို သတ်ပစ်လိုက်ရင် ဒီကလောင်တံမှာ သခင်မရှိတော့ဘူးလေ၊ အဲ့တာဆို လူတိုင်း ထိန်းချုပ်နိုင်မှာပဲမလား”
ဟယ့်ပျယ်ချင်း ရင်ထဲ တင်းကျပ်သွားခဲ့သည်။ သို့သော် စိတ်ကိုတည်ငြိမ်အောင်ထားဖို့ ကြိုးစားပြီး ပြန်ပြောလိုက်ပါသည်။
“မင်းငါ့ကို သတ်လိုက်ရင် ဟမ်ယဲ့နဲ့ ယန်ရုန်ရုန်တို့နှစ်ယောက် တစ်သက်လုံး အဲ့လိုပူးကပ်ရင်း နေသွားရလိမ့်မယ်၊ ဘယ်တော့မှ ပြန်ခွာလို့ရမှာ မဟုတ်ဘူး”
သူတို့နှစ်ဦး တစ်သက်လုံး ပူးကပ်သွားရခြင်းက သိပ်လည်း မဆိုးလောက်ဟု လောလော စိတ်ထဲမှ တွေးလိုက်မိပါသည်။ သို့သော် သူ့ဖာသာသူ ဆုံးဖြတ်ချက် မချရဲဘဲ ယန်ရုန်ရုန့်ကို လှည့်မေးလိုက်ရသည်။
“ဘယ်လိုသဘောရလဲ”
ယန်ရုန်ရုန်က မဆိုင်းမတွ တစ်ခွန်းတည်းပြောလိုက်သည်။
“သူ့ကိုသတ်ပြီး ဝိညာဉ်ကို ထုတ်ယူလိုက်”
ဟယ့်ပျယ်ချင်းမျက်နှာ ချက်ချင်း ဖြူရော်သွားခဲ့သည်။ သူ့ကိုယ်သူ စတေးဖို့ အစကတည်းက ပြင်ဆင်ထားပြီးသား ဖြစ်သော်လည်း ‘ဝိညာဉ်ထုတ်ယူခြင်း’ဟူသည့် စကားလုံးကို ကြားလိုက်ရသည်နှင့် သူ့နှလုံးသားထဲ အလွန်ချောက်ချားသွားခဲ့ရသည်။
ဟယ့်ပျယ်ချင်း အံကြိတ်ရင်း လှောင်ပြောင်လိုက်ပါသည်။
“ရှမ့်ယွင်ဂိုဏ်းလို ဂိုဏ်းမျိုးကလာပြီး ဒီလောက် ယုတ်ညံ့တဲ့ပညာတွေကို တတ်ထားတာပေါ့ ဟုတ်လား”
ယန်ရုန်ရုန် ရယ်မောလိုက်ပါသည်။
“ကျွန်မ ရှမ့်ယွင်ဂိုဏ်းကနေ ထွက်လာခဲ့တာကြာလှပြီ။ အခု ကျွန်မက ဟွေ့လုံဂိုဏ်းက ကျင့်ကြံသူတစ်ယောက်ပဲ၊ ကျွန်မတို့ရဲ့ အယူဝါဒက အကြွေးရှိရင် ပြန်ဆပ်ရတယ်တဲ့၊ ကျွန်မကို တစ်ယောက်ယောက်က သတ်ဖို့ ကြိုးစားရင် ကျွန်မဘက်ကလည်း ပြန်သတ်ပေးရတာပေါ့”
စနစ်၏ ‘လှည့်ကွက်’ကြောင့် အချိန်ကို နောက်ပြန်ဆုတ်ခွင့်ရခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ယခုလောက်ဆို သူမ အလောင်းကောင် ဖြစ်နေလောက်ပါပြီ။
ထို့ကြောင့် သူမကို ဟယ့်ပျယ်ချင်း တစ်ကြိမ်တစ်ခါ သတ်ပြီးခဲ့လေပြီ။ သူမဘက်ကလည်း သက်ညှာပေးစရာအကြောင်း လုံးဝ မရှိပေ။
သူမကို လုပ်ခဲ့သလို သူ့ကိုလည်း နာနာကျင်ကျင်နှင့် သေသွားရအောင် ပြန်လုပ်ပေးပါမည်။
ဟယ့်ပျယ်ချင်းက ဟမ်ယဲ့ဘက်သို့ မြားဦးလှည့်ကာ တောင်းဆိုလိုက်သည်။
“မင်းကိုငါ နှစ်ပေါင်းများစွာကြာအောင် သစ္စာရှိရှိ အမှုထမ်းခဲ့တာ၊ ဂုဏ်သိက္ခာမရှိရင်တောင် ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုသင့်တယ်၊ အနည်းဆုံးတော့ ငါ့ကို ဂုဏ်သိ က္ခာရှိရှိ သေဆုံးခွင့်ပေးပါ”
ဟမ်ယဲ့က အေးစက်စွာ ပြန်ပြောလိုက်သည်။
“မင်းတကယ်သစ္စာစောင့်သိတာက ဘယ်သူ ဘယ်ဝါလဲဆိုတာ မင်းကိုယ်တိုင်ပဲ သိမှာပေါ့”
ဟယ့်ပျယ်ချင်း တိတ်ဆိတ်သွားခဲ့သည်။
သူ့အပေါ် ဟယ့်ပျယ်ချင်း အမှန်တကယ်သစ္စာစောင့်သိခဲ့မှန်း ဟမ်ယဲ့ ယုံကြည်ပါသည်။ သို့သော် ယန်ရုန်ရုန့်ကို သတ်ဖို့ သူတစ်ခါမှ အမိန့်မပေးခဲ့ဖူးပေ။
သူမအပေါ် သူဘယ်လောက်ထိ ချစ်မြတ်နိုးသလဲ သိသိလျက်နှင့် ဟယ့်ပျယ်ချင်းက လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့သည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူ့ဘုရင်၏ ခံစားချက်များကို လုံးဝ ထည့်မတွက်ကြောင်း သိနိုင်ပါသည်။ ‘သစ္စာစောင့်သိမှု’ဟူသည်မှာလည်း မျက်နှာဖုံးတစ်ခုသာ ဖြစ်လိမ့်မည်။
ဟယ့်ပျယ်ချင်းကို အကဲခတ်လျက် လောလော စိတ်ဝင်တစား မေးလိုက်သည်။
“ယန်ရုန်ရုန်နဲ့ မင်းနဲ့ ဘာရန်ငြှိုးရန်စမှလည်း မရှိပါဘူး၊ ဘာလို့ သူ့ကို သတ်ချင်ရတာလဲ၊ ဟူချင်းပိုင်ကို ကြိုးကိုင်ခဲ့တာ မင်းလား၊ မင်းမှာကော မဟာမိတ်တွေ ရှိနေသေးလား”
ဟဲ့ပျယ်ချင်း နှုတ်ခမ်းများကို စည်းတင်းထားပြီး တစ်လုံးမှ ပြန်မဖြေခဲ့ပေ။
ထိုစဉ် သူ့နဖူးပေါ်သို့ မိုးရေစက်တစ်စက် ကျလာခဲ့သည်။ ဟယ့်ပျယ်ချင်း မျက်လုံးများ ပြောင်းလဲသွားပြီး ရင်ထဲတွင်လည်း ရုတ်တရက် တည်ငြိမ်သွားခဲ့ပါသည်။
သူသေဆုံးရတော့မည့် ဆိုလျှင်တောင် ဗျိုင်းဖြူငှက်မွေးကလောင်တံဖြင့် ရေးသားထားသည့် ဇာတ်လမ်းကို ပြောင်းလဲနိုင်မှာ မဟုတ်ပေ။
ယန်ရုန်ရုန် သေဆုံးရလိမ့်မည်။ သူမ သေဆုံးသွားလျှင် သူ့တာဝန်ပြီးမြောက်သွားပါလိမ့်မည်။ ထိုအခါ သူနောင်တရစရာမရှိဘဲ သေဆုံးနိုင်လိမ့်မည်။
မိုးများစတင်ရွာသွန်းလာပြီး ကောင်းကင်ပေါ်တွင် တိမ်နက်များ စုဝေးလာသည်။ တိမ်နက်များအကြား လျှပ်စီးများလည်း လက်နေသည်။
လေပေါ်တွင် ဝဲပျံနေသည့် စာသားများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကိုမြင်ပြီး လောလော ရင်ထဲ လေးလံလာခဲ့သည်။
‘အဲ့ဒီစာသားတွေထဲကအတိုင်း တကယ်ဖြစ်လာတော့မှာလား…’
ဒီလိုသာဆို သူအချိန်မဆွဲရဲတော့ပါ။ သူ့ညာဘက်လက်ကို သားရဲလက်သည်းအသွင် ပြောင်းလိုက်ပြီး ဟယ့်ပျယ်ချင်း၏ ရင်ဘတ်ထဲ ထိုးစိုက်ပစ်လိုက်ကာ မိစ္ဆာအမြုတေကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
ဟယ့်ပျယ်ချင်းမျက်နှာ စက္ကူတမျှ ဖြူဖွေးသွားပြီး ပါးစပ်ထဲမှလည်း သွေးတွေအများကြီး အန်ထွက်လာခဲ့သည်။ နာကျင်မှုကြောင့် သူ့မျက်နှာ ရှုံ့တွသွားသော်လည်း နှုတ်ခမ်းပေါ်တွင်တော့ စိတ်ကျေနပ်နေသော အပြုံးတစ်ခု ရှိနေဆဲပင်။
ဂျိမ်း!
အလွန်ကျယ်လောင်သည့် မိုးချုန်းသံကြီး ထွက်ပေါ်လာပြီး မိုးကြိုးတစ်စင်းက ယန်ရုန်ရုန့်ကို တည့်တည့်မတ်မတ် ပစ်ချလိုက်တော့သည်။ ဟမ်ယဲ့နှင့် ခန္ဓာကိုယ်ချင်း ပူးကပ်နေသဖြင့် ယန်ရုန်ရုန် အချိန်မီ မရှောင်ရှားနိုင်ခဲ့ပါ။
အပြာရောင် မိုးကြိုးလျှပ်စီးများက သူတို့နှစ်ယောက်စလုံးကို ဝါးမျိုသွားခဲ့သည်။ သူမဦးနှောက်ထဲ အလွန်ရင်းနှီးနေသည့် မူးဝေမှုတစ်ခုကို ခံစားလိုက်ရပြီး တစ်ခဏအတွင်းမှာပင် အမြင်အာရုံများ မှောင်အတိကျကာ သတိလစ် မေ့မျောသွားလေတော့သည်။