အခန်း (၂၆၅-၂၆၆)
Vol. 27 Ch. 265-266
🌹Chapter 265
မုန့်ရှီးမြို့၏ အပြင်ဘက်၊ ကြည်လင်နေသော ကောင်းကင်ယံပေါ်တွင် အနက်ရောင် အက်ကြောင်းကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ထိုအက်ကြောင်းကြီးက ကောင်းကင်ကို အတင်းအကျပ် ဆွဲဖွင့်ခံနေရသကဲ့သို့ ကြီးသထက် ကြီးမားလာခဲ့သည်။ ထိုအက်ကွဲကြောင်းထဲမှ အလင်းပေါက် မီးခိုးရောင် တစ္ဆေစွမ်းအင်များ စိမ့်ထွက်လာခဲ့လေသည်။
ထိုစွမ်းအင်များ မြေပြင်နှင့် ထိတွေ့သောအခါ အနက်ရောင်ဝတ်ရုံခြုံထားသည့် ဝိညာဉ်ကျင့်ကြံသူတစ်ဦးအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။
သူ့ခေါင်းကို အနည်းငယ် တိမ်းစောင်းလိုက်ရာ ခေါင်းပေါ်မှ ဝတ်ရုံခေါင်းစောင်း လျှောကျသွားပြီး ငယ်ရွယ်ချောမောသည့် မျက်နှာတစ်ခု ပေါ်လာခဲ့သည်။
နေရောင်နှင့် မထိတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည့်အလား သူ့အသားအရေက အလွန်ဖြူဆုပ်နေပါသည်။ သူ့မျက်ဝန်းများမှာ မင်ရည်ကဲ့သို့ မည်းမှောင်နက်ရှိုင်းနေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးထဲထိ အေးစိမ့်သွားနိုင်သော အရှိန်အဝါမျိုး ဖြာထွက်နေပါသည်။
ယန်ရုန်ရုန်သာ ထိုနေရာမှာရှိနေလျှင် ထိုလူ့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် မှတ်မိသွားလိမ့်မည်။
ဝိညာဉ်ဧကရာဇ် ရှုယင်ပင်။
မုန့်ရှီးမြို့မှ ထွက်လာကြသော မိစ္ဆာကျင့်ကြံသူအချို့မှာ ဝိညာဉ်ကျင့်ကြံသူတစ်ဦးကို ရုတ်တရက် မြင်လိုက်ရသဖြင့် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။
ပုံမှန်အားဖြင့် ဝိညာဉ်နယ်မြေနှင့် မိစ္ဆာနယ်မြေတို့က ပတ်သတ်မှု မရှိကြသဖြင့် မိစ္ဆာနယ်မြေအတွင်းသို့ ဝိညာဉ်ကျင့်ကြံသူတစ်ဦး ကျူးကျော်ဝင်ရောက်လာသည်မှာ ရှားပါးဖြစ်စဉ်ဟု ဆိုနိုင်သည်။
ထိုမိစ္ဆာကျင့်ကြံသူများ၏ အကြည့်ကို ရှုယင် လျစ်လျူရှုလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်ပါသည်။ သူ့ခန္ဓာကိုယ်က ဝိညာဉ်မြူခိုးများအဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီး မျက်စိတစ်မှိတ်အချိန်အတွင်း မုန့်ရှီးမြို့အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
မြို့ထဲရုတ်တရက် ဝင်ရောက်လာသည့် ကျူးကျော်သူကို မိစ္ဆာကျင့်ကြံသူများအားလုံး စိတ်ဝင်စားမှု၊ ကြောက်ရွံ့မှုတို့ ရောယှက်နေသော အကြည့်များဖြင့် ဝိုင်းကြည့်နေကြသည်။ သို့သော် ဘယ်သူမှ သူ့ကို မောင်းမထုတ်ရဲကြပါ။
ထိုဝိညာဉ်ကျင့်ကြံသူတွင် ကြောက်စရာကောင်းသည့် စွမ်းအားများ ရှိနေမှန်း မျက်လုံးပါသည့် မိစ္ဆာကျင့်ကြံသူတိုင်း မြင်နိုင်ပါသည်။
ဆိပ်ကမ်းလေးဘေးတွင် ပေါက်နေသည့် မက်မွန်ပင်ကြီးထံသို့ ရှုယင် ခပ်မြန်မြန်ပဲ အာရုံရောက်သွားခဲ့သည်။ ထို့နောက် တစ္ဆေအရိပ်တစ်ခုကို ရှုယင် ဆင့်ခေါ်လိုက်ပါသည်။
ထိုတစ္ဆေအရိပ်က မက်မွန်ပင်ကြီးထဲ စိမ့်ဝင်သွားပြီး အတွင်းဘက်တွင် ရှိနေသည့် လျှို့ဝှက်ကမ္ဘာကို ရှာတွေ့သွားခဲ့သည်။
ရှုယင် ရှေ့သို့ ဆက်လျှောက်လှမ်းလာပြီး သူ့ခန္ဓာကိုယ်က ဝိညာဉ်မြူခိုးများအဖြစ် ပြောင်းလဲကာ မက်မွန်ပင်အတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။
‘ယောင်ယောင်’၏ ရောင်ဝါကို သူအာရုံခံမိခဲ့သည်။ သူမကို မကြာမီ ရှာတွေ့ပါလိမ့်မည်။
-
ယန်ရုန်ရုန် မျက်လုံးများ ပွင့်လာချိန်တွင် တောင်စောင့်နတ်ကျောင်းသို့ ပြန်လည်ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ အပြင်ဘက်တွင် ရွာသားများက မြေပေါ်ဒူးထောက်နေကြပြီး နတ်ဆရာမကလည်း ရုပ်တုရှေ့တွင် အသည်းအသန် ကခုန်နေခဲ့ပါသည်။
သူမ ခြေလက်များ တင်းတင်းကျပ်ကျပ် တုပ်နှောင်ခံထားရသည်။ ခန္ဓာကိုယ်ထဲတွင်လည်း ဝိညာဉ်စွမ်းအင် တစ်စက်မှ မရှိဘဲ သာမန်လူသားတစ်ယောက် ဖြစ်နေခဲ့လေသည်။
သူမရှေ့တွင် မြင်ဖူးနေသည့် စာသားများ ပေါ်လာခဲ့ပြန်သည်။
“မင်းနာမည်က စုဝမ်၊ ရှန်းရှန့်ရွာကလာတဲ့ ကျင့်ကြံခြင်းမရှိတဲ့ သာမန်လူသားတစ်ယောက်ပဲ၊ မင်းငယ်ငယ်လေးကတည်းက မိဘတွေ ဆုံးပါးသွားတယ်၊ မင်းကို မင်းရဲ့ အဘိုးအဘွားတွေက ပျိုးထောင်ပေးခဲ့တာ၊ မင်းအသက် ကိုးနှစ်အရွယ်ရောက်တော့ မင်းအဘိုးအဘွားတွေလည်း မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ကြတယ်၊ မင်းက ဂြိုဟ်ဆိုးတစ်ယောက်လို့ ကောလဟာလတွေထွက်လာလို့ မင်းနားကို ဘယ်သူမှ မကပ်ရဲကြတော့ဘူး၊ ရွာကနေ မောင်းထုတ်ခံရလို့ တောတောင်တွေထဲမှာ ပုန်းခိုနေခဲ့ရတယ်၊ တောထဲက အသီးအနှံတွေကို စားသုံးရင်းနဲ့ အသက်ဆက်ခဲ့ရတယ်…”
နောက်ပိုင်းအကြောင်းအရာများကလည်း ယခင်တစ်ခေါက်က သူမ မြင်ခဲ့ရသည်များနှင့် တစ်ထေရာတည်း တူညီနေပါသည်။ ဘဝသုံးပါး ပုံပြင်ထဲ သူမ ထပ်မံ ဝင်ရောက်လာပြီဖြစ်မှန်း နားလည်ကာ သက်ပြင်းချမိသွားသည်။
သူမ နောက်တစ်ဖန် ထပ်သေရဦးမည့်ပုံစံပင်။
ဟယ့်ပျယ်ချင်းကို သတ်ပစ်လိုက်လျှင် သူရေးသားထားသည့် ဇာတ်လမ်းကို ရှောင်လွှဲနိုင်လိမ့်မည်ဟု ယန်ရုန်ရုန် ထင်ထားခဲ့သည်။ သို့သော် သူမ အတွက်အချက် မှားသွားခဲ့ပါသည်။
ဟယ့်ပျယ်ချင်း သေဆုံးသွားသော်လည်း သူရေးသားထားပြီးသား ဇာတ်လမ်းက အာနိသင်ရှိနေဆဲပင်။ နောက်တစ်ခါဆို သူတစ်လုံးမှ မရေးနိုင်ခင် အရင်သတ်ပစ်ရမည်ဟု ယန်ရုန်ရုန် မှတ်သားထားလိုက်ပါသည်။
ယဇ်ပူဇော်ပွဲ ပြီးဆုံးသွားသည့်အခါ နတ်ဆရာမက ရွာသားများနှင့်အတူ ပြန်လည်ထွက်ခွာသွားပါသည်။ ဒီတစ်ခါတော့ သူတို့ကို စကားပြောကြည့်ဖို့ပင် ယန်ရုန်ရုန် မကြိုးစားတော့ပေ။ ထိုအသိဉာဏ်နည်းပါးသော လူများက သူမပြောသမျှကို ယုံကြည်ကြမည် မဟုတ်မှန်း သိနေပါသည်။
ထိုရွာသားများ အဝေးသို့ ထွက်ခွာပျောက်ကွယ်သွားသည်ကိုသာ ယန်ရုန်ရုန် ငေးကြည့်နေခဲ့ရသည်။
ရုတ်ခြည်းဆိုသလို ကောင်းကင်ပေါ် တိမ်နက်များ စုဝေးလာပြီး လေပြင်းတစ်ချက်တိုးဝှေ့လာသည်။ ထို့နောက် ကျောင်းတော်ထဲသို့ အနက်ရောင်ဆံနွယ်ရှည်ကြီးများဖြင့် ဖုံးလွှမ်းနေသည့် မကောင်းဆိုးဝါးတစ်ကောင် ဝင်လာခဲ့ပါသည်။ ထိုအနက်ရောင် ဆံချည်မျှင်များက ယန်ရုန်ရုန့်ကို ပိုးအိမ်တစ်ခုပမာ ရစ်ပတ်လာခဲ့သည်။
သေဆုံးမည့်အချိန်ကို စောင့်ဆိုင်းဖို့ ယန်ရုန်ရုန် မျက်လုံးများ မှိတ်လိုက်ပါသည်။
သို့သော် ထင်မှတ်မထားသည့်အရာတစ်ခု ဖြစ်လာခဲ့သည်။
တစ်နေရာရာမှ အလွန်အားကောင်းသည့် မိစ္ဆာစွမ်းအင်များ ရုတ်တရက် ဖြာထွက်လာပြီး ဆံရှည်မကောင်းဆိုးဝါးကြီးကို ရိုက်ခတ်ပစ်လိုက်သည်။ ထိုမကောင်းဆိုးဝါးမှာ စူးစူးဝါးဝါးအော်ဟစ်ရင်း အနောက်သို့ လွင့်ထွက်သွားခဲ့ပါသည်။
ယန်ရုန်ရုန့်ကို ရစ်ပတ်နေသည့် ဆံချည်မျှင်များလည်း လျော့ကျသွားခဲ့သည်။
လွတ်လပ်မှုကို ပြန်လည်ရရှိပြီးနောက် ယန်ရုန်ရုန် အနောက်သို့ အမြန်လှည့်ကြည့်လိုက်ပါသည်။ ထိုအခါ နတ်ဘုရား ရုပ်တုကြီး၏ ပခုံးပေါ်မှ ဆင်းသက်လာသော ငွေရောင်သားမွေးနှင့် မိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသည်။
ထိုမိစ္ဆာက အမြင့်အားဖြင့် ၅ ပေခန့်သာ ရှိပြီး နားရွက်ချွန်ချွန်၊ မျက်နှာဝိုင်းဝိုင်းနှင့် သန်မာအားကောင်းသော ခြေလက်များ ရှိသည်။ သူ့နောက်တွင်လည်း အမွေးပွပွ အမြီးတစ်ချောင်းက ခါယမ်းနေခဲ့ပါသည်။ ကျောပေါ်တွင် အတောင်ပံနှစ်ဖက်ပင် ရှိသေးသည်။
၎င်း၏ ချွန်ထက်နေသော အစွယ်များ၊ လက်သည်းများကို လျစ်လျူရှုလိုက်လျှင် အနည်းငယ်ပင် ချစ်ဖို့ကောင်းနေပါသည်။
ယန်ရုန်ရုန် ခေတ္တကြက်သေသေသွားခဲ့သည်။ ထိုမိစ္ဆာကို သူမ ကောင်းကောင်းကြီး သိသဖြင့် လွှတ်ခနဲ အော်ခေါ်လိုက်လေသည်။
“ဟမ်ယဲ့လား!”
သူ့အမည်ခေါ်သံကို ကြားသောအခါ ယန်ရုန်ရုန့်ထံသို့ ထိုမိစ္ဆာ ခပ်သုတ်သုတ်ပြေးလာပြီး သူမကိုတုပ်နှောင်ထားသည့် ကြိုးများအား သူ့လက်သည်းများဖြင့် ပိုင်းဖြတ်ပစ်လိုက်ပါသည်။
ယန်ရုန်ရုန် သူ့ကို အကဲခတ်လိုက်သည်။
“ရှင်ဘာလို့ အဲ့လောက် သေးသွားတာလဲ”
အရွယ်အစားသေးလျှင် ချစ်စရာပိုကောင်းသွားပြီး ယန်ရုန်ရုန့်မေတ္တာကို ပိုရနိုင်သည်ဟု ဟမ်ယဲ့ တွေးမိခြင်းကြောင့်ပင်။ သို့သော် သူ့အတွေးကို ထုတ်ပြောလို့မရသဖြင့် ကျပန်းအကြောင်းပြချက်တစ်ခုသာ ပေးလိုက်သည်။
“အရွယ်အစားသေးတော့ လှုပ်ရှားရတာ ပိုလွယ်တာပေါ့”
ယန်ရုန်ရုန် တရှပ်ရှပ်အသံတစ်ခုကို ကြားလိုက်ရသည်။ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ အနက်ရောင် ဆံပင်အုံကြီးတစ်ခုက ကြမ်းပြင်ပေါ်တွင် တွားသွားရင်း တံခါးထံ ဦးတည်နေသည်ကို မြင်လိုက်ရသည်။ ထိုမကောင်းဆိုးဝါး ထွက်ပြေးဖို့ ကြိုးစားနေသည့်ပုံပင်။
ယန်ရုန်ရုန်က ချက်ချင်း အော်ပြောလိုက်သည်။
“အဲ့ကောင်ကို ဖမ်းထား!”
သူမ စကားမဆုံးခင်မှာပင် ဟမ်ယဲ့က အလင်းလို အမြန်နှုန်းဖြင့် လှစ်ခနဲ ပြေးထွက်သွားပါပြီ။ လေထဲသို့ ခုန်လိုက်ပြီး ထိုဆံရှည်မကောင်းဆိုးဝါးပေါ်သို့ တက်ဖိလိုက်ရာ မကောင်း ဆိုးဝါးမှာ နာကျင်စွာဖြင့် အော်ဟစ်လေတော့သည်။
မြေပေါ်ကျနေသည့် သစ်ကိုင်းတစ်ခုကို ယန်ရုန်ရုန် ကောက်လိုက်ပြီး ထိုမကောင်းဆိုးဝါးထံ လျှောက်သွားခဲ့သည်။
ထို့နောက် သစ်ကိုင်းကို အသုံးပြုကာ မကောင်းဆိုးဝါး၏ ဆံပင်များကို မ,ကြည့်လိုက်ပါသည်။ ထိုအခါ တစ်ကိုယ်လုံး အစိမ်းရောင်သန်းနေပြီး အစွယ်ချွန်ချွန်များရှိသည့် အကျည်းတန်မျက်နှာတစ်ခုကို မြင်လိုက်ရလေသည်။
ယန်ရုန်ရုန်က ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။
“အဲ့တာကြောင့် နင့်မျက်နှာကို ဆံပင်တွေနဲ့ ဖုံးထားတာကိုး၊ ဒီလောက်အကျည်းတန်နေမှတော့ ဘယ်သူ့ကိုမှ မမြင်စေချင်တာ မဆန်းပါဘူး”
မကောင်းဆိုးဝါးက ဒေါသထွက်သွားခဲ့သည်။ သူ့ကို သာမန်လူသားတစ်ယောက်က အကျည်းတန်သည်ဟု လှောင်ပြောင်နေလေသည်။
သူ့အစွယ်များကို ဖြဲပြလိုက်ပြီး လည်ချောင်းထဲမှ မာန်ဖီသည့် အသံများ ထုတ်ပြလိုက်ပါသည်။
သို့သော် သူ့မျက်နှာကို ဟမ်ယဲ့က ကြမ်းပြင်ပေါ်ဖိချလိုက်သည်။ ဟမ်ယဲ့လုံးဝ မသက်ညှာခဲ့ဘဲ မကောင်းဆိုးဝါး၏ ခေါင်းကို အားပါပါ တက်နင်းပစ်လိုက်ရာ မကောင်းဆိုး ဝါး၏ ဦးခေါင်းတစ်ခုလုံး ကွဲကြေသွားပြီး ကြမ်းပြင်ပေါ် သွေးများ ပက်စင်သွားခဲ့တော့သည်။
တောင်စောင့်နတ်ဘုရား၏ ရုပ်တုကို ယန်ရုန်ရုန်လှည့်ကြည့်လိုက်သည်။ ရုပ်တုက ထိုမကောင်းဆိုးဝါးနှင့် တစ်စက်က လေးပင် မတူပါ။ ထို့ကြောင့် ဒီသတ္တဝါက နတ်ဘုရားမဟုတ်မှန်း သိသာသည်။ သူမကို တစ်ကြိမ် သတ်ခဲ့ဖူးသဖြင့် သူမဘက်ကလည်း သူ့အတွက် ကရုဏာသက်နေစရာမလိုပေ။
ဟမ်ယဲ့က ထိုမကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာအမြုတေကို ထုတ်ယူလိုက်ပြီး အလောင်းကို အပြင်သို့ လွှင့်ပစ်လိုက်ပါသည်။
ထို့နောက် အမြုတေကို ယန်ရုန်ရုန့်အား ပေးလိုက်သည်။
သာမန်လူသားတစ်ယောက်ဖြစ်နေသဖြင့် ထိုအမြုတေကို ယန်ရုန်ရုန် မသုံးနိုင်သေးပါ။ ထို့ကြောင့် သူမ ပြောလိုက်သည်။
“ရှင်ပဲ သိမ်းထားလိုက်ပါ၊ ကျွန်မတို့ နောက်ပိုင်း လိုအပ်လာနိုင်တယ်”
ဟမ်ယဲ့ အမြုတေကို သိမ်းဆည်းထားလိုက်ပြီး သူမရှေ့တွင်ထိုင်ကာ အမိန့်ကိုစောင့်မျှော်နေသည့် ခွေးတစ်ကောင်ပမာ မျှော်လင့်တကြီး စိုက်ကြည့်နေလေသည်။
ယန်ရုန်ရုန့်ရှေ့တွင် စာသားများ ပေါ်လာပြန်ပါသည်။
“မင်းကို ရွာသားတွေက တောင်စောင့်နတ်ဘုရားဆီမှာ ယဇ်ပူဇော်ခဲ့ကြတယ်၊ ဒါပေမယ့် သူတို့ ကိုးကွယ်နေတဲ့ နတ်ဘုရားက ပျောက်ကွယ်သွားခဲ့တာ ကြာပြီဖြစ်မှန်း ရွာသားတွေ မသိခဲ့ကြဘူး၊ အခု သူတို့ ကိုးကွယ်နေကြတာက လူသားစားတဲ့ မိစ္ဆာတစ်ကောင်ပဲ၊ မင်းရဲ့ နူးညံ့တဲ့ အသားတွေကို မြင်ပြီး အဲ့ဒီမိစ္ဆာဆာလောင်လာခဲ့တယ်၊ မင်းကို တစ်လုပ်တည်းနဲ့ ဝါးမျိုပစ်ဖို့ ခုန်အုပ်…”
ထိုနေရာတွင် စာသားရုတ်တရက် ရပ်တန့်သွားပြီး စာလုံးများ စတင်လှုပ်ခါလာခဲ့သည်။
ဒီလိုဖြစ်လာလိမ့်မည်ဟု ယန်ရုန်ရုန် မျှော်လင့်ထားပြီးသားပင်။ လက်တွေ့ကမ္ဘာတွင် သူမနှင့် ဟမ်ယဲ့တို့၏ ခန္ဓာကိုယ်က ပူးကပ်နေသဖြင့် ဟမ်ယဲ့၏ ဝိညာဉ်ကပါ ဘဝသုံးပါးပုံပြင်ထဲ လိုက်ပါလာခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
သို့သော် ဟယ့်ပျယ်ချင်းက ဟမ်ယဲ့ကို ဇာတ်ညွှန်းထဲတွင် ထည့်သွင်းထားခြင်း မရှိသဖြင့် ဟမ်ယဲ့က ‘လူပို’တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပဲ သူ့စကားလုံးများနှင့် လုပ်ရပ်များက ဇာတ်လမ်းအပေါ် သက်ရောက်မှု မရှိခဲ့ပေ။
ဇာတ်လမ်း၏ အချက်အချာကျသော NPC တစ်ကောင်ကို ဟမ်ယဲ့ သတ်ပစ်ခဲ့သော်လည်း သူအပြစ်ပေးခံရမှာ မဟုတ်ပါ။ သူ့လုပ်ရပ်ကြောင့် သေဆုံးရမည်ဖြစ်သည့် ယန်ရုန်ရုန်လည်း မသေဆုံးတော့ဘဲ ဆံရှည်မကောင်းဆိုးဝါးကသာ ခေါင်းကို ဖိခြေခံရပြီး သေဆုံးသွားခဲ့သည်။
ဟယ့်ပျယ်ချင်း၏ ဇာတ်လမ်း လုံးဝ လမ်းလွဲသွားခဲ့ပါပြီ။
🌹Chapter 266
ယန်ရုန်ရုန် လက်ပိုက်လျက် လေပေါ်တွင် အလိုလို ရေးဆွဲနေသည့် ဇာတ်လမ်းကို အေးစက်စွာ စောင့်ကြည့်နေခဲ့ပါသည်။
ခဏအကြာတွင် လေထဲက စာသားများကို မမြင်နိုင်သည့် လက်ကြီးတစ်ဖက်က ဆွဲဖျက်ပစ်လိုက်ပြီး အကြောင်းအရာ အသစ်များ အစားထိုး ဝင်ရောက်လာခဲ့လေသည်။
“မိစ္ဆာကြီးရဲ့ ဝါးမျိုမှုကို ခံရတော့မယ့်ဆဲဆဲမှာ မင်းကို တောင်စောင့်နတ်ဘုရားက ကယ်တင်ပေးသွားခဲ့တယ်၊ အဲ့ဒီအချိန်ကစပြီး မင်းက တောင်စောင့်နတ်ဘုရားရဲ့ ကျေးကျွန်ဖြစ်လာခဲ့တယ်၊ မင်းအသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရတော့ နတ်ဆရာမက မင်းကို တောင်စောင့်နတ်ကျောင်းထဲမှာပဲ နေထိုင်ပြီး တောင်စောင့်နတ်ဘုရားကို အလုပ်အကျွေးပြုဖို့ အမိန့်ပေးခဲ့တယ်၊ အဲ့တာကြောင့် တောင်စောင့်နတ်ကျောင်းထဲကနေ အပြင်ကို တစ်လှမ်းမှ ထွက်လို့မရတော့ဘူး”
ဟမ်ယဲ့လည်း ထိုစာသားများကို မြင်နိုင်ပါသည်။ သူ့အမြီးကို ခါယမ်းရင်း ဖြည်းညှင်းစွာ မေးလိုက်သည်။
“သူပြောတဲ့ ‘တောင်စောင့်နတ်ဘုရား’ဆိုတာ… ငါ့ကိုပြောတာတော့ မဟုတ်လောက်ပါဘူးနော်”
ယန်ရုန်ရုန် အံကြိတ်လိုက်သည်။
“ဇာတ်လမ်းထဲမှာ ရှင့်ရဲ့ တည်ရှိမှုကို အကြောင်းပြချက်ပေးဖို့အတွက် ရှင့်ကို တောင်စောင့်နတ်ရာထူး ပေးလိုက်တာနေမှာပေါ့”
သူ့ကို တောင်စောင့်နတ်ဘုရားအဖြစ် ပြောင်းလဲလိုက်ခြင်းက ကိစ္စမရှိသော်လည်း သူမကိုပါ သူ့ကျေးကျွန်အဖြစ် ပြောင်းလဲလိုက်ခြင်းကတော့ ပြဿနာရှိပါသည်။ ထို့အပြင် ဒီတောင်စောင့်နတ်ကျောင်းထဲမှာပဲ တစ်သက်လုံး ပိတ်မိသွားရတော့မည်။
ဒီအမှိုက်သရိုက်ဇာတ်လမ်းက သူမကို စက်ဆုပ်သဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေမှန်း သိသာသည်။
ယန်ရုန်ရုန် စိတ်ရွှင်မနေမှန်း ဟမ်ယဲ့ အာရုံခံမိသဖြင့် နားရွက်များကုပ်ပြီး ပါးစပ်ပိတ်ကာ ငြိမ်နေလိုက်တော့သည်။
ယန်ရုန်ရုန်ကတော့ ဒီတောင်စောင့်နတ်ကျောင်းထဲမှာ တစ်သက်လုံး နေထိုင်ဖို့ အစီအစဉ်မရှိပါ။ စာရေးသူ၏ ထိန်းချုပ်မှုကို ချိုးဖျက်ပြီး ဒီပုံပြင်ကမ္ဘာထဲမှ ရအောင် ထွက်ရပါမည်။ သူမ၏ အတွေ့အကြုံအရ လွတ်လမ်းက တစ်လမ်းသာ ရှိသည်။
ဇာတ်သိမ်းကို ရောက်ရှိဖို့ပင်…
ဟယ့်ပျယ်ချင်းက သူမ၏ ဇာတ်သိမ်းကို ‘မကောင်းဆိုးဝါးအစားခံရသည့်’ ဇာတ်သိမ်းအဖြစ် ရေးသားထားခဲ့သည်။ သူမ ဒါကို လက်မခံနိုင်ပါ။
ထို့ကြောင့် မတူညီသည့်ဇာတ်သိမ်းတစ်ခုကို သူမဖာသာ ရေးသားရမည်။ သူမတွင် ရွှမ်ကျီးကလောင်တံရှိနေပါသည်။
ထိုကလောင်တံနှင့်သာဆို ဇာတ်ညွှန်းစာသားများ၏ အစိတ်အပိုင်းအချို့ကို ပြောင်းလဲနိုင်ပြီး သူမလိုချင်သည့် ဇာတ်သိမ်းမျိုးရအောင် စွမ်းဆောင်နိုင်လိမ့်မည်။
သို့သော် ဒီပုံပြင်ထဲတွင် သူမက သာမန်လူသားတစ်ယောက်ဖြစ်သည်။ ဝိညာဉ်စွမ်းအင်မရှိဘဲ ရွှမ်ကျီးကလောင်တံကို ဆင့်ခေါ်၍ မရပါ။
သူမ၏ ဝိညာဉ်နှင့် စည်းနှောင်ထားသော ရတနာဖြစ်၍ သူမတစ်ယောက်တည်းသာ ကလောင်တံကို ထိန်းချုပ်နိုင်သည်။ ဟမ်ယဲ့ကဲ့သို့ မိစ္ဆာဘုရင်တစ်ပါးပင် ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ရွေးချယ်စရာလမ်းတစ်ခုသာ ရှိတော့သည်။
“ကျွန်မရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ အမြန်ဆုံးပြန်ရအောင် လုပ်ရမယ်!”
သူမ စွမ်းအားများကို ပြန်လည်ရရှိသည်နှင့် ရွှမ်ကျီးကလောင်တံကို ဆင့်ခေါ်ပြီး ဇာတ်သိမ်းကို ပြောင်းလဲပစ်နိုင်ပါလိမ့်မည်။
ဟမ်ယဲ့ မျက်တောင်ဖြည်းညှင်းစွာ ခတ်လိုက်ပြီး အမှန်တရားတစ်ခုကို ထောက်ပြလိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ်က… ကျင့်ကြံဖို့အတွက် ပါရမီတောင် မရှိဘူးလေ”
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူမ၏ အရိုးတည်ဆောက်ပုံမှာ အလွန်ညံ့ဖျင်းလှဿည်။ သူမတွင် ပါရမီတစ်ခုမှ မရှိဘဲ ‘အမှိုက်သရိုက်’အဆင့် ဇာတ်ကောင်ဖြစ်နေပါသည်။
ယန်ရုန်ရုန် ဦးနှောက်ခြောက်အောင် စဉ်းစားလိုက်သည်။
“ဒါမိစ္ဆာနယ်မြေပဲ… အရိုးကိုသန့်စင်ပေးပြီး အမြုတေကို တည်ဆောက်ပေးနိုင်တဲ့ နတ်ရတနာတစ်ခုခု ရှိမနေနိုင်ဘူးလား”
ဟမ်ယဲ့ ခေါင်းစောင်းကာ ပြောလိုက်သည်။
“အဲ့ဒီရတနာတွေ ငါရှာပေးလို့ရတယ်၊ ဒါပေမယ့် မင်းအခုချက်ချင်း ကျင့်ကြံမယ်ဆိုရင်တောင် ဝိညာဉ်အသွင်ပြောင်း လဲခြင်းအဆင့်ကို ပြန်ရောက်ဖို့ ရာစုနှစ်ပေါင်းများစွာ ကြာလိမ့်မယ်”
ယန်ရုန်ရုန် ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။
“ရာစုနှစ်ဆိုတာ ကြာလွန်းတယ်၊ ကျွန်မ ဒီကမ္ဘာထဲမှာ နှစ်ရာနဲ့ချီပြီး နေလို့မဖြစ်ဘူး”
ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ နှစ်ရာဂဏန်းလောက်နှင့် ရောက်ရှိနိုင်ခြင်းက အမှန်တော့ ပါရမီထူးသည်ဟုပင် ဆိုနိုင်သည်ဟု ဟမ်ယဲ့ တွေးလိုက်ပါသည်။
အချို့ကျင့်ကြံသူများဆို တစ်သက်လုံး ကျင့်ကြံခဲ့ကြသော်လည်း ထိုအဆင့်နားကိုပင် မကပ်နိုင်ခဲ့ကြပါ။
ဟမ်ယဲ့ကို ယန်ရုန်ရုန် အားကိုးတကြီး ကြည့်လိုက်သည်။
“မိစ္ဆာနယ်မြေအကြောင်းကို ကျွန်မထက် ရှင်က ပိုသိမှာပေါ့၊ ကျင့်ကြံသူတစ်ယောက်ကို အချိန်တိုအတွင်း ကျင့်ကြံခြင်းစွမ်းအားတွေ တိုးမြင့်သွားစေနိုင်တဲ့ နည်းလမ်းတွေ ဘာတွေ မရှိဘူးလား”
ဟမ်ယဲ့က အဖြေတစ်ခု အမြန်ပေးလိုက်ပါသည်။
“နည်းလမ်း နှစ်ခုတော့ ရှိတယ်”
ယန်ရုန်ရုန် ခေါင်းထောင်သွားသည်။
“ပြောကြည့်လေ”
“ပထမနည်းလမ်းက ပူးတွဲကျင့်ကြံဖို့ပဲ”
ယန်ရုန်ရုန် ကြက်သေသေသွားသည်။
ဟမ်ယဲ့မျက်နှာ အနည်းငယ် ပူနွေးနေပါသည်။ သူသာ လူသားအသွင် ပြန်ပြောင်းလိုက်လျှင် ပါးတွေ နီမြန်းနေမှာ သေချာသည်။
ကံကောင်းစွာဖြင့် သားရဲအသွင်ပြောင်းထားသဖြင့် သားမွေးများက သူ့မျက်နှာကို ဖုံးကွယ်ပေးထားပါသည်။
“ငါနဲ့ ပူးတွဲကျင့်ကြံမယ်ဆိုရင် ငါ့ရဲ့ မိစ္ဆာစွမ်းအင်က မင်းခန္ဓာကိုယ်ထဲ အသက်ဓာတ်ကနေတဆင့် ဝင်ရောက်ပြီး မင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို အမြန်ဆုံး တိုးမြင့်သွားစေလိမ့်မယ်၊ အဲ့ဒီနည်းလမ်းက နာကျင်မှုလည်းမရှိသလို ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး”
သူ့ပုံစံက တည်တည်ငြိမ်ငြိမ်နှင့် ရှင်းပြနေသည့် ပုံစံပေါက်သော်လည်း တကယ်တမ်းတော့ သူအလွန် စိတ်လှုပ်ရှားနေပါသည်။
ရင်ခုန်သံတွေ အလွန်မြန်ဆန်နေပြီး လက်ဖဝါးများ ချွေးပြန်ကာ သူ့ခြေသည်းများဖြင့် သစ်သားကြမ်းပြင်ကို အလိုလို ကုတ်ခြစ်မိနေသည်။
ယန်ရုန်ရုန် နေရခက်သွားသည်။ ပူးတွဲကျင့်ကြံခြင်းနည်းလမ်းက အသုံးဝင်သော်လည်း သူမ ရွေးချယ်ချင်သည့် နည်းလမ်းတော့ မဟုတ်ပေ။
ထို့ကြောင့် လည်ချောင်းရှင်းလျက် ထပ်မေးလိုက်သည်။
“နောက်တစ်နည်းကကော ဘာလဲ”
ဟမ်ယဲ့လည်း လည်ချောင်းရှင်းလိုက်ပြီး ဆက်ရှင်းပြလိုက်သည်။
“နောက်နည်းလမ်းတစ်ခုကတော့ မိစ္ဆာအမြုတေတွေကို စားသုံးဖို့ပဲ၊ မိစ္ဆာအမြုတေတိုင်းမှာ မိစ္ဆာတစ်ကောင်ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ အပြည့်အဝ ပါတယ်၊ စွမ်းအားမြင့်တဲ့ အမြုတေတွေ အများကြီးကို စားသုံးလိုက်မယ်ဆိုရင် မင်းရဲ့စွမ်းအားတွေက အချိန်တိုအတွင်း မြင့်တက်လာလိမ့်မယ်”
“ဒါပေမယ့် အရမ်းအန္တရာယ်များတယ်၊ တစ်ခုခုမှားယွင်းသွားတာနဲ့ ချီလမ်းကြောင်း သွေဖည်ခြင်းကို ခံစားရလိမ့်မယ်၊ တစ်ခါတလေ သေတောင်သေသွားနိုင်တယ်”
ယန်ရုန်ရုန် တိတ်ဆိတ်သွားခဲ့သည်။ ကျင့်ကြံခြင်းလောကတွင် ဖြတ်လမ်းအစစ်အမှန်ဟူသည် မရှိမှန်း သူမ နားလည်ပါသည်။
‘အလွယ်လမ်း’ကို လိုက်ဖို့ ကြိုးစားသူတိုင်းက နောက်ဆက် တွဲ ဆိုးကျိုးများကြောင့် ပျက်သုဉ်းသွားရလေ့ရှိသည်။
ယန်ရုန်ရုန့်ကို ဟမ်ယဲ့ မဝံ့မရဲခိုးကြည့်လိုက်သည်။ ခေတ္တတွန့်ဆုတ်သွားပြီးနောက် သူရှင်းပြလိုက်ပါသည်။
“တကယ်တော့ တွဲဖက်ကျင့်ကြံခြင်းဆိုတာ မင်းထင်သလောက် မညစ်ညမ်းပါဘူး၊ ငါတို့ရဲ့ ဝိညာဉ်တွေကနေတဆင့် ချိတ်ဆက်လို့ရတယ်၊ ရုပ်ခန္ဓာတွေက အဲ့လောက် ထိတွေ့စရာမလိုဘူး၊ ပြီးတော့ ဒါက ပုံပြင်ကမ္ဘာတစ်ခုလေ၊ အားလုံးက အတုအယောင်တွေချည့်ပဲ၊ ငါတို့ အပြင်ရောက်သွားတာနဲ့ တွဲဖက်ကျင့်ကြံခြင်း မှတ်ဉာဏ်တွေလည်း ပျောက်ဆုံးသွားလိမ့်မယ်၊ ငါတို့ ပြန်မပြောရင် ဘယ်သူမှ မသိပါဘူး”
ယန်ရုန်ရုန် နားထင်များကို ပွတ်လိုက်သည်။
“ကျွန်မ သေချာစဉ်းစားဖို့ လိုသေးတယ်”
သူမ ချက်ချင်း မငြင်းဆန်သည်ကို မြင်ပြီး ဟမ်ယဲ့ ရင်ထဲ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။
“အချိန်ယူပြီး စဉ်းစားပါ၊ ဆုဲံးဖြတ်ပြီးပြီဆိုရင် ငါ့ကိုပြော၊ ငါ… ငါက ဘယ်အချိန်ဖြစ်ဖြစ် အဆင်သင့်ပဲ”
သူမ ကျဉ်းထဲကျပ်ထဲ ရောက်နေချိန် အခွင့်အရေးယူသည့်ပုံစံပေါက်နေသဖြင့် သူ့ပုံစံက အရှက်မဲ့သလိုဖြစ်နေမှာ ဟမ်ယဲ့ နားလည်ပါသည်။ သို့သော် သူ့စိတ်လှုပ်ရှားမှုကိုထိန်း ချုပ်၍ မရပေ။
အမွေးပွပွ သူ့နားရွက်များ တွန့်ခါသွားပြီး ရွှေရောင်သားရဲမျက်ဝန်းများကလည်း အလွန်တောက်ပလျက် ရှိနေပါသည်။
-
ဒီနေ့ည သူတို့နှစ်ယောက် တောင်စောင့်နတ်ကျောင်းထဲမှာသာ အိပ်စက်ရမည်။ သို့သော် ကျောင်းတော်ထဲတွင် ရုပ်တုကြီး တစ်ခုနှင့် အမွေးတိုင်၊ ဆီမီးတိုင်များ တင်ထွန်းထားသော စားပွဲရှည်ကြီးတစ်လုံးသာ ရှိပါသည်။ အိပ်ရာဟူ၍ မရှိပေ။
ကျောင်းတော် အနီးနားတွင်ရှိနေသော ထင်းမီးအချို့ကို ရှာဖွေပြီး ကျောင်းတော်ထဲတွင် မီးမွှေးနိုင်အောင် ကြိုးစားခဲ့ရသည်။
မီးပုံဘေးတွင် ယန်ရုန်ရုန် ဒူးကို လက်ဖြင့်ပိုက်ကာ ထိုင်ရင်း ညတာကို ဖြတ်ကျော်ရန် ပြင်ဆင်နေခဲ့ပါသည်။
တစ်မှေးခန့် အိပ်ပျော်သွားစဉ် သူမဘေးတွင် နူးညံ့သည့်အရာတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ မျက်လုံးများ ဖွင့်ကြည့်လိုက်သောအခါ ဘယ်အအချိန်တည်းကမှန်းမသိ ရောက်နေသည့် ဟမ်ယဲ့ သူမဘေးတွင် ဝပ်နေသည်ကို မြင်လိုက်ရသည်။
ယန်ရုန်ရုန် နိုးလာသည်ကို မြင်ပြီး ဟမ်ယဲ့ကလည်း အနားပိုတိုးလာသည်။ သူ၏ ထူထူပွပွ နူးနူးညံ့ညံ့ သားမွေးများက အတော်လေး ထိတွေ့လို့ကောင်းပါသည်။ သူ့ကို မှီထားရသည်မှာ ဧရာမ အမွေးပွရုပ်ကြီးတစ်ရုပ်ကို မှီထားရသကဲ့သို့ပင်။
ယန်ရုန်ရုန် အနည်းငယ် သက်တောင့်သက်သာဖြစ်သွားပြီး သူမခန္ဓာကိုယ်တစ်ဝက်ကို သူ့အပေါ် မှီချလိုက်ပါသည်။
ဟမ်ယဲ့ အပျော်လွန်သွားသော်လည်း သူမထိတ်လန့်သွားမည်စိုးသဖြင့် သိပ်မလှုပ်ရဲခဲ့ပါ။ ဟမ်ယဲ့၏ ခန္ဓာကိုယ်က နူးညံ့ပျော့ပြောင်းရုံသာမကဘဲ နွေးလည်းနွေးထွေးပါသည်။
မကြာမီမှာပင် ယန်ရုန်ရုန် ပြန်အိပ်ပျော်သွားတော့သည်။
အိပ်စက်နေသည့် သူမကို ဟမ်ယဲ့ ငေးကြည့်နေခဲ့သည်။ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသောအခါ အမွေးပွပွ သူ့အမြီးကြီးဖြင့် သူမ၏ ခန္ဓာကိုယ်ကို အသာအယာ ရစ်ပတ်လိုက်ပါသည်။ သူ့မျက်လုံးများ စိတ်ကျေနပ်မှုဖြင့် မှေးစင်းသွားပြီး နှုတ်ခမ်းထောင့်များလည်း ကွေးတက်သွားခဲ့တော့သည်။
နောက်တစ်နေ့မနက် မိုးသောက်ယံအချိန်တွင် ခြေသံအချို့ကို ဟမ်ယဲ့ ကြားလိုက်ရသည်။ တစ်စုံတစ်ယောက် လာနေသည်ကို သတိပြုမိ၍ ယန်ရုန်ရုန့်ကို ညင်ညင်သာသာာ လှုပ်နှိုးလိုက်ပါသည်။
ယန်ရုန်ရုန်ကလည်း ချက်ချင်း နိုးလာခဲ့သည်။
တစ်စုံတစ်ယောက် လာနေကြောင်း ယန်ရုန်ရုန့်ကို ဟမ်ယဲ့ သတိပေးလိုက်သည်။ ယန်ရုန်ရုန်က မျက်လုံးများကို ပွတ်သပ်လိုက်ပြီး မတ်တပ်ထရပ်ကာ စားပွဲပေါ်ရှိ လိမ္မော်သီးတစ်လုံးကို ယူလျက် ဆာဆာလောင်လောင်ဖြင့် အခွံခွာစားနေတော့သည်။
ဟမ်ယဲ့က ကျင့်ကြံခြင်းအဆင့် မြင့်မားသော မိစ္ဆာဘုရင်ဖြစ်၍ စားသောက်ဖို့ မလိုအပ်သော်လည်း ယန်ရုန်ရုန်က သာမန်လူသားဖြစ်နေသဖြင့် အသက်ရှင်သန်ရေးအတွက် ဗိုက်ဖြည့်ဖို့ လိုအပ်ပါသည်။
သူမ ဒုတိယလိမ္မော်သီးကို စားပြီးချိန်တွင် ရွာသူကြီးနှင့် နတ်ဆရာမတို့ တောင်စောင့်နတ်ကျောင်းဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။ နောက်တွင် ငယ်ငယ်ရွယ်ရွယ် ရွာသားအချို့လည်း ပါလာကြပါသည်။