← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

🌹Chapter 267

စုဝမ်ကို တောင်စောင့်နတ်ဘုရားက ခေါ်ဆောင်သွားပြီဟု နတ်ဆရာမနှင့် ရွာသူကြီးတို့ ယူဆခဲ့ကြသည်။

ထို့ကြောင့် ဒီနေ့မနက် ပူဇော်သက္ကာပစ္စည်းများကို အသစ်လဲလှယ်ရန်နှင့် ယဇ်ကောင်ကို စိတ်တိုင်းကျမှု ရှိမရှိ တောင်စောင့်နတ်ဘုရားအား မေးမြန်းဖို့ တောင်စောင့်နတ်ကျောင်းသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။

သို့သော် ကျောင်းတော်ထဲ ဝင်လိုက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြပါသည်။

ထိုမိန်းကလေးငယ်မှာ ဘာဒဏ်ရာဒဏ်ချက်မှ မရရှိဘဲ အသက်ရှင်လျက် ရှိနေသေးသည်ကို အားလုံး မြင်လိုက်ကြရခြင်းကြောင့်ပင်။

ယခု ယန်ရုန်ရုန့်ဘေးတွင် ဟမ်ယဲ့လည်း ရှိနေပါသည်။ သို့သော် မိစ္ဆာဘုရင်တစ်ပါးဖြစ်၍ သူ့ကို မြင်စေချင်သည့်သူအား ရွေးချယ်ခွင့် ရှိသည်။

ယန်ရုန်ရုန်မှအပ အခြားဘယ်သူ့ကိုမှ ဟမ်ယဲ့ ကိုယ်ထင်မပြချင်သဖြင့် နတ်ဆရာမနှင့် ရွာသားများအားလုံး သူ့ကို မမြင်နိုင်ခဲ့ကြပါ။

နတ်ဆရာမ၏ မျက်လုံးများ အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားခဲ့သည်။

“မင်းဘာလို့ ဒီမှာရှိနေသေးတာလဲ”

ယန်ရုန်ရုန်က မေးခွန်းတစ်ခုဖြင့် တုံ့ပြန်ခဲ့သည်။

“ဒီမှာ မရှိလို့ ဘယ်မှာရှိနေရမှာလဲ”

နတ်ဆရာမက ယန်ရုန်ရုန့်ကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်သည်။ ဆံချည်မျှင်တစ်မျှင်ပင် လျော့မသွားဘဲ လုံးဝဘေးကင်းနေသည်ကို မြင်သောအခါ နတ်ဆရာမ ပိုမို တုန်လှုပ်သွားခဲ့ရပါသည်။

“တောင်စောင့်နတ်ဘုရားက မင်းကို ဘာလို့ ခေါ်ဆောင်မသွားတာလဲ”

ထိုစဉ် ရွာသူကြီးက ယုတ်ညံ့သော အတွေးတစ်ခုကို တွေးလိုက်မိပြီး မျက်နှာဖြူရော်သွားခဲ့သည်။

“ဧကန္တ တောင်စောင့်နတ်ဘုရားက မင်းကို မနှစ်သက်လို့လား၊ ဒါမှမဟုတ် မင်းက နတ်မင်းကို စော်ကားမိတဲ့ အပြုအမူတစ်ခုခု လုပ်လိုက်လို့လား”

ယန်ရုန်ရုန် အေးစက်စွာ ရယ်မောလိုက်သည်။

“ကျွန်မရဲ့ အပြစ်လို့ ဘာလို့ ချက်ချင်း ယူဆလိုက်ကြတာလဲ၊ ရှင်တို့ရဲ့အပြစ်ကော ဖြစ်မနေနိုင်ဘူးလား”

သူမ၏ အချိုးမပြေမှုကို သဘောမကျသဖြင့် ရွာသူကြီးက စူးစူးဝါးဝါး စိုက်ကြည့်ကာ မေးလိုက်သည်။

“အဲ့တာ ဘာစကားလဲ”

“တောင်စောင့်နတ်ဘုရားက ကျွန်မကို ခေါ်ဆောင်မသွားဘူး၊ ဒုက္ခလည်း ပေးမသွားဘူး၊ ဆိုလိုတာက ကျွန်မအပေါ် သူထိခိုက်စေလိုစိတ်မရှိဘူး၊ အဲ့တာကြောင့် ကျွန်မဘာမှ မဖြစ်ခဲ့တာ၊ ဒါပေမယ့် ရှင်တို့မှာတော့ ပြဿနာကြီးကြီးမားမား ရှိတယ်၊ ရှင်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ ကောင်းမှုကုသိုလ် မလုပ်ခဲ့ကြလို့ တောင်စောင့်နတ်ဘုရားက အမျက်ဒေါသ ထွက်နေတယ်၊ ရှင်တို့အားလုံးကို သူစက်ဆုပ်ရွံရှာတယ်၊ အဲ့တာကြောင့် ရှင်တို့ဆက်သတဲ့ ‘ယဇ်ကောင်’ကို သူလက်မခံခဲ့တာ”

ရွာသူကြီး ဒေါသအလွန်ပေါက်ကွဲသွားပြီး ယန်ရုန်ရုန့်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောလိုက်သည်။

“မင်းအဓိပ္ပာယ်မရှိတာတွေ ပြောနေတာ!”

ယန်ရုန်ရုန်က လက်ပိုက်လျက် တည်ကြည်ဖြောင့်မတ်သော အမူအရာဖြင့် ဆိုလိုက်သည်။

“ကျွန်မက တောင်စောင့်နတ်ဘုရားကို ကိုယ်တိုင် မြင်ခဲ့ရတဲ့လူနော်၊ သူ့အကြောင်း ကျွန်မထက် ရှင်ကပိုသိမယ်ထင်လို့လား”

သူမ၏ ပုံစံက ခေါင်းမော့ရင်ကော့လျက် အလွန်စိတ်ကြီးဝင်နေပုံပေါက်သည်။

တစ်သက်လုံး မိန်းကလေးတစ်ဦး၏ ရိုင်းရိုင်းပျပျ ပြောဆိုခြင်းကို မခံဖူးသဖြင့် ရွာသူကြီး အလွန်ဒေါသထွက်သွားပြီး အင်္ကျီလက်များကို မ,တင်ကာ သူမကို ပညာပေးဖို့ ကြံလိုက်ပါသည်။

သို့သော် ယန်ရုန်ရုန့်နား မကပ်နိုင်မှာပင် မိစ္ဆာစွမ်းအင်တစ်ခုက သူ့ဒူးခေါင်းကို ရိုက်ခတ်လာခဲ့သည်။

ထိုစွမ်းအင်က ဟမ်ယဲ့ထံမှ ထွက်လာခြင်းဖြစ်သည်။ သို့သော် ရွာသားများ၏ အမြင်တွင်တော့ ရွာသူကြီးက ဘာမှမရှိသည့် အရာတစ်ခုကို ခလုတ်တိုက်မိပြီး အရှိန်ပြင်းပြင်းနှင့် ဒူးထောက်လျက်သား ကျသွားသည့် ပုံစံမျိုး ပေါက်နေပါသည်။

သူ့ဒူးခေါင်းနှင့် ကြမ်းပြင် အရှိန်ပြင်းပြင်း ရိုက်မိသဖြင့် အသံကျယ်ကြီး ထွက်ပေါ်လာပြီး နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံးလည်း ရှုံ့မဲ့သွားခဲ့သည်။

ယန်ရုန်ရုန်က နောက်သို့ တစ်လှမ်းဆုတ်ကာ လှောင်ပြောင်သရော်လိုက်ပါသည်။

“အောင်မယ်လေး‌! နှစ်သစ်ကူးတောင် မရောက်သေးဘူးလေ၊ ဘာလို့ ဒူးထောက်ဂါဝရပြုနေတာလဲ၊ ရှင်းရှင်းပြော ထားမယ်နော်၊ ကျွန်မမှာ ရှင့်ကို အန်ပေါင်းပေးစရာ မရှိဘူး”

ဒေါသကြောင့် ရွာသူကြီး တစ်ကိုယ်လုံး တုန်ယင်နေပါပြီ။

“အဲ့တာ မင်းလက်ချက်မလား!”

ယန်ရုန်ရုန်က လက်နှစ်ဖက်ကို ဆန့်တန်းပြလိုက်ပါသည်။

“မျက်မြင်သက်သေတွေ အများကြီးရှိတယ်၊ ကျွန်မဖာသာ ဒီမှာရပ်နေတာလေ၊ ရှင့်ကို ထိတောင်မထိဘူး၊ ကျွန်မက ဘာလုပ်လို့ရမှာလဲ”

ရွာသူကြီးက ဖြစ်နိုင်ခြင်း မဖြစ်နိုင်ခြင်းကို စိတ်မဝင်စားဘဲ သူမ၏ လက်ချက်ဖြစ်ကြောင်း ယုံကြည်နေသဖြင့် ဒေါသတကြီး အံကြိတ်လိုက်ပါသည်။

ရွာသားနှစ်ယောက်က ရွာသူကြီးကို လာထူပေးလိုက်ရသည်။ စုဝမ်ကို ဆုံးမဖို့အတွက် ရွာသားများအား ရွာသူကြီး အမိန့်ပေးချင်ခဲ့သည်။ သို့သော် နတ်ဆရာမက ချက်ချင်း တားမြစ်လိုက်ပါသည်။

ရွာသူကြီး ဒေါသအလွန်ထွက်နေသော်လည်း နတ်ဆရာမ၏ ဂုဏ်သိက္ခာကို ထောက်ထားပြီး အောင့်သက်သက်ဖြင့် နှုတ်ပိတ်နေလိုက်ရသည်။ စိတ်ထဲမှာတော့ ထိုကလေးမကို နောက်မှ ကောင်းကောင်းဆုံးမပစ်မည်ဟု ကြုံးဝါး ထားခဲ့သည်။

တောင်စောင့်နတ်ကျောင်းထဲသို့ စတင် ဝင်ရောက်လာကတည်းက ယန်ရုန်ရုန့်ထံမှ နတ်ဆရာမ အကြည့်မခွာခဲ့ပါ။ ရွာသူကြီးကို ချော်လဲသွားအောင် သူမ လုပ်လိုက်ခြင်း မဟုတ်မှန်း သေချာပါသည်။

ယန်ရုန်ရုန့်ကို စိုက်ကြည့်ရင်း နတ်ဆရာမ လေးလံစွာ မေးမြန်းလိုက်သည်။

“တောင်စောင့်နတ်ဘုရားနဲ့ မင်းတကယ် တွေ့ခဲ့တာလား”

ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်”

“တောင်စောင့်နတ်ဘုရားက မင်းကို ဘာပြောခဲ့သေးလဲ”

ယန်ရုန်ရုန် မေးပွတ်လျက် မျက်နှာတည်ဖြင့် လုပ်ကြံဇာတ်လမ်း စထွင်တော့သည်။

“ရှင်တို့ရွာသားတွေ ယုတ်ညံ့တဲ့လုပ်ရပ်တွေ အများကြီး လုပ်ထားတယ်လို့ တောင်စောင့်နတ်ဘုရားက ပြောတယ်၊ အဲ့တာကြောင့် ရှင်တို့ကို မမြင်ချင်တော့ဘူးတဲ့၊ သူ့ဆီကို ဘာယဇ်ကောင်မှ ယူလာစရာမလိုတော့ဘူးလို့လည်း ပြောလိုက်တယ်၊ သူ အလိုမရှိဘူးတဲ့”

အနာဂတ်တွင် ရွာထဲမှ အခြားမိန်းကလေးများ ထပ်ပြီး ယဇ်ပူဇော်မခံရအောင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

နတ်ဆရာမက ဆက်မေးသည်။

“မင်းပြောတာကို ငါဘာလို့ ယုံရမှာလဲ”

ယန်ရုန်ရုန် ခါးထောက်လျက် ပြောလိုက်ပါသည်။

“ရိုးရိုးသားသား ပြောရရင် မနေ့ညက ကျွန်မကို တောင်စောင့်နတ်ဘုရား ကရုဏာသက်သွားခဲ့တာ၊ ရှင်တို့လို နှလုံးသားမဲ့တဲ့လူတွေက ကျွန်မကို ယဇ်ကောင်အဖြစ် ကြိုးတုပ်သွားတာကိုမြင်တော့ သူက ကြိုးတွေဖြတ်ပေးရုံတင် မကဘူး ကျွန်မကိုလည်း သူ့ရဲ့ တမန်တော်အဖြစ် ခန့်အပ်လိုက်တယ်၊ အခုချိန်ကစပြီး သူ့ရဲ့ ဆန္ဒတွေကို ကျွန်မကပဲ ကြားခံပြောကြားပေးရမှာ၊ ကျွန်မပြောတာ မယုံရင် စမ်းသပ်ကြည့်လို့ရတယ်”

ယန်ရုန်ရုန်က ‘ကျေးကျွန်’ဟူသော စကားလုံးကို သဘောမကျသဖြင့် ‘တမန်တော်’ဟု ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ အလုပ်တာဝန်က အတူတူပဲဖြစ်သော်လည်း သူမအတွက် နားဝင်ပိုချိုပါသည်။

“ငါတို့က ဘယ်လိုစမ်းသပ်ကြည့်ရမှာလဲ”

နတ်ဆရာမက မေးသည်။

“ကျွန်မကို တောင်စောင့်နတ်ဘုရားက ကာကွယ်ပေးထားတာ၊ ကျွန်မကို အန္တရာယ်ပြုဖို့ ကြိုးစားတဲ့လူတိုင်း တန်ပြန်ခံစားရမယ်၊ သူ့လိုပေါ့”

ရွာသူကြီးကို ယန်ရုန်ရုန် မေးငေါ့ပြလိုက်သည်။

ရွာသူကြီးက မယုံကြည်နိုင်ဘဲ ပြန်ငေါက်လိုက်သည်။

“အလိမ်အညာတွေ! လုံးဝ မဖြစ်နိုင်ဘူး! တောင်စောင့်နတ်ဘုရားက မင်းကို အဆင့်မရှိတဲ့ ကလေးမတစ်ယောက်ကို ဘယ်တော့မှ ရွေးချယ်မှာ မဟုတ်ဘူး”

ယန်ရုန်ရုန် မျက်လုံးများ မှေးစင်းသွားသည်။

“အဲ့တာကို ကျွန်မကို ထပ်တိုက်ခိုက်ကြည့်လိုက်လေ၊ တောင်စောင့်နတ်ဘုရားက ရှင့်ကို ဘယ်လိုအပြစ်ပေးမလဲ စောင့်ကြည့်ကြတာပေါ့”

နဂိုကတည်းက စုဝမ်ကို မုန်းတီးနေသည့် ရွာသူကြီးက သူမကို ရိုက်နှက်နိုင်မည့်အခွင့်အရေးအား လက်လွှတ်ခံမှာ မဟုတ်ပါ။

“မင်းစကားနဲ့ မင်းနော်! ပြီးမှ နောင်တမရနဲ့!”

ရွာသားများကို ဘေးသို့ တွန်းထုတ်ပြီး ယန်ရုန်ရုန့်ထံသို့ ရွာသူကြီး ထော့နဲ့ထော့နဲ့နှင့် လျှောက်လာခဲ့သည်။ ထို့နောက့် သူ့ညာဘက်လက်ကို မြှောက်ကာ ပါးရိုက်ဖို့ ပြင်လိုက်ပါသည်။

ယန်ရုန်ရုန်ကတော့ တုပ်တုပ်မျှ မလှုပ်ဘဲ နေရာမှာပင် ဆက်ရပ်နေခဲ့သည်။ မျက်နှာကလည်း တည်ငြိမ်ကာ အကြောက်တရား ကင်းမဲ့နေပါသည်။

ဘေးတွင်ရှိနေသည့် ဟမ်ယဲ့က အမြီးတစ်ချက် ဝှေ့ယမ်းလိုက်ရာ မိစ္ဆာစွမ်းအင်များ ဖြာထွက်လာပြီး ရွာသူကြီးကို အနောက်သို့ ပြန်လွင့်ထွက်သွားစေခဲ့သည်။ ကြမ်းပြင်ပေါ် အရှိန်ဖြင့် ပြုတ်ကျသဖြင့် အချိန်အတော်ကြာသည်အထိ ပြန်ထမလာခဲ့ပေ။

ကျောင်းတော်ထဲ အားလုံး စိတ်ချောက်ချားကာ တိတ်ဆိတ်သွားကြသည်။ ရွာသူကြီးကိုပင် သွားထူမပေးကြတော့ချေ။

ယန်ရုန်ရုန် လက်ပိုက်လျက် ကြုံးဝါးလိုက်သည်။

“ကျွန်မပြောတာ အခုယုံကြပြီလား”

သူမ ပျော်ရွှင်နေသည်ကိုမြင်ပြီး ဟမ်ယဲ့လည်း ပျော်ရွှင်သွားပါသည်။

ရွာသားများက ယန်ရုန်ရုန့်ကို အံ့အားသင့်မှု၊ ကြောက်ရွံ့မှုတို့ဖြင့် ဝိုင်းကြည့်နေကြသည်။ အချိန်အတော်ကြာပြီးနောက် နတ်ဆရားမက ပြောလိုက်ပါသည်။

“တောင်စောင့်နတ်ဘုရားရဲ့ ရွေးချယ်မှုကို ခံခဲ့ရတာ ဂုဏ်ယူစရာပါပဲ”

ထိုစကားလုံးများနှင့်အတူ ယန်ရုန်ရုန့်၏ တမန်တော်ဟူသည့် ရာထူးမှာ တရားဝင်ဖြစ်သွားခဲ့သည်။

ယန်ရုန်ရုန် ခပ်ပါးပါး ပြုံးကာ ချေပလိုက်သည်။

“ကျွန်မက ရှင်တို့လိုမှမဟုတ်တာ၊ ကျွန်မမှာ စင်ကြယ်တဲ့စိတ်ထားရှိလို့ တောင်စောင့်နတ်ဘုရားက ရွေးချယ်သွားခဲ့တာ”

နတ်ဆရာမက သူမ၏ အရွဲ့တိုက်စကားများကို လျစ်လျူရှုလိုက်ပြီး ဆက်ပြောသည်။

“တောင်စောင့်နတ်ဘုရားက မင်းကိုရွေးချယ်ခဲ့တာဆိုတော့ သူ့ကို အလုပ်အကျွေးပြုဖို့ ဒီကျောင်းတော်ထဲမှာပဲ မင်းဆက်နေရမယ်၊ သူ့ကို စိတ်ကျေနပ်အောင် အလုပ်အကျွေးပြုနိုင်ရင် မင်းကိုလည်း ဆုလာဘ်တွေ ချီးမြှင့်မှာပါ”

ယန်ရုန်ရုန်က ဒီလိုသေးငယ်သည့် တောင်စောင့်နတ်ကျောင်းတစ်ခုတွင် တစ်သက်လုံး ပိတ်လှောင်ခံရဖို့ အစီအစဉ်မရှိပါ။

“ဒီမှာစားစရာလည်းမရှိ ရေလည်းမရှိဘူး၊ အိပ်ရာလေးတစ်ခုတောင် မရှိဘူး၊ ကျွန်မက ဘယ်လိုဆက်နေရမှာလဲ၊ ကျွန်မအိမ်မှာပဲ ကျွန်မ ပြန်နေမယ်၊ ဒီကို မနက်တိုင်းလာပြီး အမွှေးတိုင်ထွန်းမယ်၊ ပြီးရင် တောင်စောင့်နတ်ဘုရားရဲ့ အဆုံးအမတွေကို နားထောင်မယ်၊ သူ စေခိုင်းတာရှိရင် ရှင်တို့ဆီ ချက်ချင်းလာပြောပေးမယ်”

🌹Chapter 268

ယခုဆို ရွာသူကြီးလည်း အခြားရွာသားများ၏ ဆွဲထူပေးမှုဖြင့် မတ်တပ် ပြန်ရပ်နိုင်ခဲ့ပါပြီ။

သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေပြီး မျက်နှာကလည်း အလွန်ဖြူရော်နေသည်။ သူ့နှလုံးသားထဲမှာလည်း ကြောက်ရွံ့မှုနှင့် အငြှိုးတရားတို့ ရောယှက်နေခဲပါ့သည်။

ယန်ရုန်ရုန့်၏ တောင်းဆိုချက်များကို ကြားပြီး ရွာသူကြီး မနေနိုင်ဘဲ ထပ်ငေါက်လိုက်မိသည်။

“ဒီမှာ မနေနိုင်ဘူးဆိုတာ ဘာစကားလဲကွ၊ မနေ့ညကပဲ မင်းဒီမှာ နေခဲ့တာ မဟုတ်ဘူးလား”

ယန်ရုန်ရုန်ကတော့ ရွာသူကြီးကို လုံးဝ လျစ်လျူရှုထားပြီး နတ်ဆရာမကိုသာ စိုက်ကြည့်ကာ သူမအဖြေကို စောင့်မျှော်နေပါသည်။

မနေ့ညက နတ်ဆရာမနှင့် ရွာသားတို့ ပြန်လည်ထွက်ခွာသွားစဉ်က စုဝမ်ကို တစ်နာရီပင် အသက်ဆက်ရှင်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ကြပါ။

ထို့ကြောင့် ရေလည်းတစ်စက်မှ မထားခဲ့ဘဲ အစာလည်းထားမပေးခဲ့ပေ။ သို့သော် ယခု သူမပုံစံက ကျန်းကျန်းမာမာ ရှိနေသေးရုံသာမက စကားကိုလည်း ပုရစ်တစ်ကောင်လို ပွစိပွစိ ပြောနေနိုင်ပြီး ငတ်ပြတ်နေသည့် လက္ခဏာလည်း တစ်စက်မှ မပြပေ။

ကျောင်းတော်ထဲကို နတ်ဆရာမ ‌ဝေ့ဝဲကြည့်လိုက်ရာ ကြမ်းပြင်ပေါ်ကျနေသည့် လိမ္မော်သီးခွံများနှင့် ငြှိမ်းသတ်ထားသည့် မီးပုံအကြွင်းအကျန်များကို ခပ်မြန်မြန်ပဲ သတိထားမိသွားသည်။

ထို့နောက် တောင်စောင့်နတ်ဘုရားကို ပူဇော်သည့် စားပွဲထံသို့ သူမ အကြည့်ရောက်သွားခဲ့ရာ ပူဇော်ထားသည့် သစ်သီးတစ်ဝက်ကျော်ကျော်လောက် ပျောက်ဆုံးနေသည်ကို မြင်လိုက်ရသည်။

နတ်ဆရာမ မျက်ခုံးတွန့်သွားခဲ့ပါသည်။

“ပူဇော်သက္ကာတွေကို မင်းခိုးစားလိုက်တာလား”

ယန်ရုန်ရုန်က ချက်ချင်း ပြန်ချေပသည်။

“အဲ့တာ ဘာစကားလဲ၊ ကျွန်မက ရှင်တို့လို နှလုံးသားမဲ့မယ် ထင်လို့လား၊ ကျွန်မ သူများပစ္စည်းမခိုးတတ်ဘူး၊ အဲ့ဒီ အစားအသောက်တွေကို တောင်စောင့်နတ်ဘုရားကို ဆက်သထားတာ မဟုတ်ဘူးလား၊ တောင်စောင့်နတ်ဘုရားက ကြင်နာပြီး သဘောကောင်းလို့ သူ့အစားအသောက်တွေကို ကျွန်မနဲ့ မျှဝေခဲ့တာ၊ အဲ့တာကြောင့် ကျွန်မ ရိုးရိုးသားသား စားသောက်ခဲ့တာ၊ ရှင်မကျေနပ်ဘူးဆိုရင် တောင်စောင့်နတ်ဘုရားကို သွားတိုင်လိုက်လေ!”

နတ်ဆရာမက ကျောက်သားရုပ်တုကြီးကို ကြည့်ရင်း လက်အုပ်ချီကာ ဦးညွှတ်လိုက်ပါသည်။

သာမန်အခြေအနေဆိုလျှင်တော့ ပူဇော်သက္ကာများကို ထိတွေ့ရဲသည့်လူတိုင်းကို သူမ အပြစ်ပေးမိပါလိမ့်မည်။ သို့သော် ယန်ရုန်ရုန်က ‘တမန်တော်’ဟူသည့် သရဖူကို ဆောင်းထားပြီဖြစ်၍ အစားအသောက်အနည်းငယ်အတွက်နှင့် သူမကို နှိပ်စက်ညှင်းပန်း၍ မရတော့ချေ။

ထိုအကြောင်းအရာကို မေ့လိုက်ပြီး နတ်ဆရာမက ဆက်ပြောသည်။

“ကျောင်းတော်ဆီကို ပရိဘောဂတွေ ပို့ဆောင်ခိုင်းလိုက်မယ်၊ အခုချိန်ကစပြီး နေ့တိုင်း မင်းဆီကို အစားအသောက်နဲ့ ရေတွေ လာပို့ပေးမယ်၊ တခြားလိုအပ်တာရှိရင် ငါ့ကိုပြောလိုက်၊ ငါ့ဘက်က တတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်၊ မင်းက ဒီကျောင်းတော်မှာပဲနေပြီး တောင်စောင့်နတ်ဘုရားကို ကောင်းကောင်း အလုပ်အကျွေးပြုပါ”

ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်။

“ရှင်ကျွန်မကို အကျယ်ချုပ် ချထားမလို့လား”

နတ်ဆရာမက ခပ်ပါးပါး ပြုံးလိုက်ပါသည်။

“အပြင်လောကကြီးက အန္တရာယ်များလွန်းပါတယ်၊ နေရာတိုင်းမှာ မကောင်းဆိုးဝါးတွေက လူသားတွေကို သတ်ဖြတ် စားသောက်နေကြတာ၊ မင်းလို ကလေးမလေးတစ်ယောက် လျှောက်သွားနေရင် မကောင်းဆိုးဝါးရဲ့ အစာဖြစ်သွားမှာ သေချာတယ်၊ မင်းကို ဒီမှာ ထိန်းသိမ်းထားရတာက မင်းရဲ့ ဘေးကင်းလုံခြုံမှုအတွက်ပါ”

နတ်ဆရာမ၏ ခေါင်းမာနေပုံကို မြင်ပြီး ဆက်ငြင်းခုံနေလျှင်လည်း လေကုန်ရုံသာ ရှိမည်ဖြစ်မှန်း ယန်ရုန်ရုန် နားလည်သွားပါသည်။

ထို့ကြောင့် လေအပို အကုန်မခံနိုင်တော့ဘဲ သူမ လိုအပ်သမျှကို စတင် စာရင်းပြုစုပြလိုက်ပါသည်။

“ကျွန်မ နှင်းဆီသားနဲ့လုပ်ထားတဲ့ ကုတင်အကြီးကြီးတစ်လုံး လိုချင်တယ်၊ အိပ်ရာခင်းနှင့် ခေါင်းအုံးတွေက ပိုးသား ဖြစ်ရမယ်နော်၊ ပြီးတော့ စားပွဲတစ်လုံးရယ်၊ ထိုင်ခုံတွေရယ်၊ ဗီရိုတစ်လုံးရယ်၊ ကန့်လန့်ကာတစ်ခုရယ်၊ အိမ်သာအိုးတစ်လုံးရယ်၊ မှန်တင်ခုံတစ်လုံးရယ် လိုချင်တယ်၊ တစ်ခုမှ လစ်ဟာလို့ မရဘူးနော်”

“ပြီးတော့အပျင်းဖြေ အချိန်ဖြုန်းရအောင်လို့ ဝတ္ထုစာအုပ်လေးဘာလေး ပို့ပေးရမယ်၊ အဝတ်အစားကတော့ လော လောဆယ် ၁၀ စုံလောက်ဆို ရပါတယ်၊ ဒါပေမယ့် အစုံတိုင်းက ပုံစံချင်းမတူရဘူး၊ ကျွန်မရဲ့ ကိုယ်အတိုင်းနဲ့ ကွက်တိကိုက်ညီရမယ်၊ ကြည့်လို့မလှရင် အစကနေ ပြန်ချုပ်ရမယ်”

“အရေးအကြီးဆုံးက အစားအသောက်ပဲ၊ တစ်နေ့ကို သုံးနပ် ပို့ဆောင်ပေးရမယ့်အပြင်၊ မုန့်ပဲသရေစာရယ်၊ သစ်သီးတွေရယ် အချိုမုန့်တွေလည်း လိုချင်တယ်၊ ကျွန်မအကြိုက်ဆုံး ဟင်းလျာတွေကို ခဏနေရင် စာရင်းပြုစုပေးမယ်၊ အဲ့ဒီစာရင်းအတိုင်း ချက်ပြုတ်ပေးလိုက်ပေါ့”

ရှည်လျားလှသည့် တောင်းဆိုချက်များ အဆုံးတွင် နတ်ဆရာမ၏အပြုံးမှာ သိသိသာသာ တွန့်တိုနေပါပြီ။

ရွာသူကြီးကလည်း သူမကို ‘သောက်ကြီးသောက်ကျယ် ကလေးမ’ဟု အော်ငေါက်ချင်သော်လည်း သူ့ဒူးပေါ်က နာကျင်မှုပင် မပျောက်သေးသဖြင့် ပါးစပ်ကို ပိတ်ထားရသည်။ သူမကို အံကြိတ်ရင်းသာ မကျေမနပ် စိုက်ကြည့်နေနိုင်ခဲ့ပါသည်။

အတွေ့အကြုံ ရင့်ကျက်သည့် နတ်ဆရာမက ခပ်မြန်မြန်ပဲ စိတ်ကို ထိန်းကာ ပြန်မေးလိုက်သည်။

“အဲ့တာပဲလား”

“အင်း လောလောဆယ်တော့ အဲ့တာပဲ၊ လိုအပ်တာရှိရင် ရှင့်ကို အသိပေးလိုက်မယ်”

ယန်ရုန်ရုန် တောက်တောက်ပပ ပြုံးလိုက်သည်။

“ကျွန်မကို စိတ်ကျေနပ်အောင်ထားဖို့က လွယ်ပါတယ် ဟုတ်တယ်မလား”

နတ်ဆရာမက တောင့်တောင့်တင်းတင်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ၊ အဲ့တာဆို ငါတို့ပြန်တော့မယ်၊ မင်းတောင်းဆိုထားတဲ့အရာတွေ မကြာခင် ပို့ပေးလိုက်မယ်”

ထို့နောက် သူမ လှည့်ထွက်သွားတော့သည်။ ရွာသူကြီးလည်း ရွာသားနှစ်ယောက်၏ အကူအညီဖြင့် နတ်ဆရာမနောက်သလို့ ထော့နဲ့ထော့နဲ့နှင့် လိုက်သွားရသည်။

ကျောင်းတော်အပြင်ဘက်သို့ ရောက်သောအခါ နတ်ဆရာမက ရွာသားတစ်ဦးကို ခေါ်ပြီး တီးတိုး ညွှန်ကြားခဲ့သည်။

“စုဝမ်ကို အနီးကပ်စောင့်ကြည့်ထား၊ နင့်ကို မြင်မသွားစေနဲ့၊ ပြီးတော့ သူ့ကို အပြင်လည်း မထွက်စေနဲ့၊ မွန်းတည့်ချိန် ရောက်ရင် နင့်နေရာမှာ တခြားတစ်ယောက် အစားထိုးဖို့ လွှတ်လိုက်မယ်”

“နားလည်ပါပြီ”

ရွာသားက ခေါင်းညိတ်သည်။

တောင်စောင့်နတ်ကျောင်းနှင့် ခပ်လှမ်းလှမ်းကို ရောက်သောအခါ ရွာသူကြီး မထိန်းနိုင်တော့ဘဲ ပွစိပွစိ အထွန့်တက်လိုက်လေသည်။

“အဲ့ဒီသောက်ကလေးမလေး တောင်းဆိုထားတာတွေက တောင်လိုပုံနေတာ! ကျုပ်တို့အဲ့တာတွေအကုန် ဘယ်မှာ သွားရှာရမှာလဲ”

နတ်ဆရာမက ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“ရွာထဲမှာ လူတွေအများကြီးရှိတယ်၊ အားလုံး ပူးပေါင်းလိုက်ရင် ဖြစ်လာမှာပါ”

“ကျန်တာ အဲ့လောက် မခက်ပေမယ့် နှင်းဆီသားကုတင်တဲ့လား၊ အဲ့တာကြီးကို ညတွင်းချင်းလုပ်လို့ရမှာတဲ့လား!”

နတ်ဆရာမက ရွာသူကြီးကို လှည့်ကြည့်လိုက်သည်။

“နင့်အိမ်မှာ အဲ့လိုကုတင်တစ်လုံး ရှိတယ် မဟုတ်ဘူးလား၊ နောက်ဆုံး ရွေးချယ်စရာမရှိရင် နင့်ကုတင် သူ့ကို ခဏပေးထားလိုက်ပေါ့”

ရွာသူကြီး သိသိသာသာ ကန့်ကွက်ချင်နေပါသည်။

“အဲ့ဒီသောက်ကလေးမလေးက ဂြိုဟ်ဆိုးနော်! သူနဲ့ ထိုက်တောင် ထိုက်တန်ရဲ့လား”

“အရင်တုန်းက စုဝမ်ဆိုရင်တော့ ဘယ်ထိုက်တန်မလဲ၊ ဒါပေမယ့် အခုသူက တောင်စောင့်နတ်ဘုရားရဲ့ တမန်တော် ဖြစ်နေပြီ၊ သူလိုချင်တာတစ်ခုခုရှိရင် ငါတို့ဘက်က ပေးရမယ်၊ နင်အဲ့လောက် မကျေမနပ်ဖြစ်နေရင်‌ တောင်စောင့်နတ်ဘုရားကို နင်ကိုယ်တိုင် သွားတောင်းဆိုလိုက်လေ၊ သူနင့်ကို သဘောကျပြီး တမန်တော်အဖြစ် ရွေးချယ်လိုက်ရင် စုဝမ်အတွက်လုပ်ပေးသလို နင့်အတွက်လည်း အရာရာလုပ်ပေးမယ်၊ ဘယ်လိုသဘောရလဲ”

ရွာသူကြီး၏ မျက်နှာ ပြာနှမ်းသွားသည်။ တောင်စောင့်နတ်ဘုရား၏ မျက်နှာသာပေးမှုကိုသာ ရရှိမည်ဆိုလျှင် သူယခုလို အထွန့်တက်နေစရာအကြောင်း မရှိပါ။

ရွာသူကြီး စိတ်လေးလံစွာ တီးတိုးမေးလိုက်သည်။

“အဲ့ဒီကလေးမကို ခင်ဗျားတကယ် ယုံတာလား၊ သူကျုပ်တို့ကို လိမ်နေတာဆို ဘယ်လိုလုပ်မလဲ”

နတ်ဆရာမကလည်း ထို့အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပင်။

သူမ တည်ငြိမ်စွာ ပြောလိုက်သည်။

“သူ့ကိုယ်သူ တောင်စောင့်နတ်ဘုရားရဲ့ တမန်တော်လို့ ပြောနေမှတော့ ငါတို့ဘက်က စောင့်ကြည့်ကြတာပေါ့၊ လာမယ့်ရက်တွေမှာ ငါတို့ရွာထဲ ဘာဒုက္ခမှ ကျရောက်မလာခဲ့ရင် သူအမှန်အတိုင်း ပြောနေတဲ့သဘောပဲ၊ ငါတို့ ကျွေးမွေးထားရတာ တန်ပါတယ်၊ ဒါပေမယ့် ဒုက္ခတွေ ထပ်ပြီး ကျရောက်နေဦးမယ်ဆိုရင်တော့… သူညာနေမှန်း ငါတို့ သိရလိမ့်မယ်၊ အဲ့ဒီအခါကျရင် နင့်ဖာသာနင် သူ့ကို ကြိုက်သလို ရှင်းလိုက်လို့ရတယ်”

သူမ၏ အစီအစဉ်ကို သဘောကျသွားဟန်ဖြင့် ရွာသူကြီး အေးစက်စွာ ပြုံးလိုက်သည်။

“ဒင်း မလိမ်ရင် ပိုကောင်းတာပေါ့၊ မဟုတ်ရင်တော့ သေချင်စိတ်ပေါက်သွားအောင် ကျိန်းသေပေါက် လုပ်ပစ်မယ်!”

နတ်ဆရာမက သူ့ကို လှည့်ကြည့်လိုက်သည်။

“နင့်ဒဏ်ရာတွေ အခြေအနေဘယ်လိုရှိလဲ၊ ငါစစ်ကြည့်ပေးရမလား”

ဘာသာရေးကိစ္စများကို ဦးဆောင်သူဖြစ်သည့်အပြင် နတ်ဆရာမက ရွာ၏ သမားတော်လည်းဖြစ်သည်။ ထို့ကြောင့် ရွာသူကြီးကပင် သူမကို တလေးတစား ဆက်ဆံရပါသည်။

ရွာသူကြီး ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်ပါသည်။

“ဟုတ်ကဲ့၊ ကျေးဇူးပြုပြီး စစ်ပေးပါဦး!”

အိမ်ပြန်ရောက်၍ ရွာသူကြီး အင်္ကျီချွတ်လိုက်သည့်အခါ သူ့ကိုယ်ပေါ်တွင် ဧရာမ အညိုအမည်းကွက်ကြီးများ ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရသည်။

ရင်ဘတ်ပေါ်တွင်သာမကဘဲ ကျောဘက်နှင့် လက်မောင်းများပါ်တွင်ပါ ခရမ်းရောင်သန်းနေလေသည်။ ဘောင်းဘီကို လိပ်တင်လိုက်သောအခါ ခြေထောက်နှစ်ဖက်စလုံး ပွန်းပဲ့နေပြီး ဒူးခေါင်းကလည်း သွေးထွက်နေကာ အရိုးပင် အက်သွားပုံရသည်။

အတွေ့အကြုံရင့်ကျက်နေသော နတ်ဆရာမပင် မှင်သက်သွားခဲ့ရသည်။ ထိုဒဏ်ရာများက သူမ ခန့်မှန်းထားသည်ထက် အဆပေါင်းများစွာ ပိုဆိုးရွားနေပါသည်။

‘စုဝမ်’ကို သူမ အတိုက်အခံမလုပ်ခဲ့မိသည်မှာ ကံကောင်း သည်ဟုပင် စိတ်ထဲက တွေးမိတော့သည်။

လက်ရှိ စုဝမ်က ကိုင်တွယ်ရခက်မှန်း နတ်ဆရာမ နားလည်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရွာသားများ ပြဿနာ ထပ်မတက်စေရန် သူမတောင်းဆိုထားသည့် ပစ္စည်းများကို မွန်းတည့်ချိန်အမီ တောင်ပေါ်သို့ ပို့ဆောင်ပေးခိုင်းခဲ့ပါသည်။

သူမတောင်းဆိုသမျှကို သယ်ဆောင်လာဖို့အတွက် ကြံ့ခိုင်သည့် ယောက်ျားသားပေါင်းများစွာ အပင်ပန်းခံခဲ့ရသည်။ သူတို့အားလုံး နတ်ဆရာမ မှာကြားထားသည့်အတိုင်း စုဝမ်ခိုင်းသမျှကို အတိအကျ လုပ်ပေးကြရပါသည်။

ယန်ရုန်ရုန်၏ ညွှန်ကြားချက်အောက်တွင် ပရိဘောဂတစ်ခုချင်းစီတိုင်းကို သူတို့ နေရာချပေးခဲ့ရသည်။ ယန်ရုန်ရုန်ကတော့ ထိုင်ခုံအသစ်မှာ သက်တောင့်သက်သာ ထိုင်ရင်း ခြေချိတ်လျက် နေ့လယ်စာစားကာ အလုပ်များနေသည့် ရွာသားများကို စောင့်ကြည့်နေပါသည်။

ယန်ရုန်ရုန် စိတ်ရွှင်နေသဖြင့် ကြက်ပေါင်တစ်ချောင်းကို လှမ်းယူကာ သူမဘေးနားက ဟမ်ယဲ့ရပ်နေသည့် နေရာလွတ်သို့ ကမ်းပေးလိုက်လေသည်။

All Chapters