အခန်း (၂၆၉-၂၇၀)
Vol. 27 Ch. 269-270
🌹Chapter 269
ဟမ်ယဲ့က ကျင့်ကြံခြင်းအဆင့် မြင့်မားသူဖြစ်၍ စားသောက်ဖို့ မလိုအပ်သော်လည်း ချစ်ရသူကိုယ်တိုင် ခွံ့ကျွေးလာသည့် အခါမှာတော့ မငြင်းဆန်နိုင်ခဲ့ပါ။
ပါးစပ်ကို ပျော်ပျော်ကြီးဟလိုက်ပြီး ကြက်ပေါင် တစ်ချောင်းလုံးကို အရိုးပါမကျန် ဝါးစားပစ်လိုက်ပါသည်။
ထိုမြင်ကွင်းကို မြင်ပြီး ရွာသားများအားလုံး လန့်ဖျပ်သွားခဲ့ကြလေသည်။ ဟမ်ယဲ့ကို သူတို့ မမြင်နိုင်သဖြင့် ယန်ရုန်ရုန့် လက်ထဲက ကြက်ပေါင် လေထဲတွင် အလိုလို ပျောက်ကွယ်သွားသည်ကိုသာ မြင်ခဲ့ကြရပါသည်။
ထိုမြင်ကွင်းမှာ ကြက်သီးထစရာ ကောင်းလွန်းသည်။
ပထမတော့ ရွာသားအချို့က ယန်ရုန်ရုန်၏ တမန်တော်ဟူသော အလိမ်အညာကို သံသယဝင်ခဲ့ကြပြီး နတ်ဆရာမ အရူးလုပ်ခံခဲ့ရသည်ဟု ထင်ခဲ့ကြသေးသည်။
ယခုတော့ ထိုသံသယများအားလုံး အငွေ့ပျံသွားခဲ့ပါပြီ။ ရွာသားများ အလုပ်ကို နှစ်ဆအားထုတ်ကာ လုပ်ခဲ့ကြပြီး ပရိဘောဂအားလုံးကို အမြန်အဆန် နေရာချပေးခဲ့ကြသည်။
ယန်ရုန်ရုန် ခိုင်းစရာမရှိတော့မှန်း သေချာမှ အသေအချာဦးညွှတ်ဂါဝရပြုကာ ခပ်သုတ်သုတ် ထွက်လာခဲ့ကြတော့သည်။
သူစိမ်းများ မရှိတော့သည့်အခါ ကျောင်းတော်ထဲတွင် ယန်ရုန်ရုန်နှင့် ဟမ်ယဲ့တို့သာ ကျန်ခဲ့ပါသည်။ ယန်ရုန်ရုန် မတ်တပ်ထရပ်လိုက်ပြီး ကျောင်းတော်ဝင်ပေါက်သို့ လျှောက်သွားခဲ့သည်။
သို့သော် အပြင်ထွက်ဖို့ ကြိုးစားကြည့်သည့်အခါ မမြင်နိုင်သည့် အကာအရံတစ်ခုက သူမကို တားဆီးထားပါသည်။ သူမ ဘယ်လောက်ပဲ အားစိုက်ထုတ်ပါစေ ကျောင်းတော်အပြင်ဘက်ကို ခြေမချနိုင်ခဲ့ပေ။
ဒီလိုဖြစ်လာလိမ့်မည်ဟု သူမ မျှော်လင့်ထားပြီးသားပင်။ တောင်စောင့်နတ်ကျောင်းအတွင်းမှ သူမ အပြင်ထွက်နိုင်မည် မဟုတ်ကြောင်း ဇာတ်ညွှန်းထဲတွင် ဖော်ပြထားသည်။ ထို့ကြောင့် သူမ ဘယ်လိုနည်းလမ်းကိုပဲသုံးသုံး အပြင်ထွက်ဖို့ မဖြစ်နိုင်ပါ။
ဒီလိုနေရာမှာ သေသည်အထိ ပိတ်မိသွားမှာကို ယန်ရုန်ရုန် လက်မခံနိုင်ပေ။ ထို့ကြောင့် လက်ကို နောက်ပစ်ရင်း ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လျက် ဘာဆက်လုပ်သင့်ကြောင်း သေချာစဉ်းစားခဲ့သည်။
ယခု သူမတွင် ရွေးချယ်စရာသုံးခုရှိနေပါသည်။
၁။ ပုံမှန်အတိုင်း ဖြည်းဖြည်းနှင့် မှန်မှန်ကျင့်ကြံရန်
၂။ မိစ္ဆာအမြုတေများကို စားသုံးပြီး ကျင့်ကြံခြင်းစွမ်းအားများကို အမြန်မြှင့်တင်ရန်နှင့်…
၃။ တွဲဖက်ကျင့်ကြံခြင်းတို့ ဖြစ်ကြသည်။
ပထမဆုံး နည်းလမ်းက ဘေးအကင်းဆုံးဖြစ်သော်လည်း အနှေးကွေးဆုံးပင်။ နှစ်ပေါင်းရာချီပြီး ကြာမြင့်သွားနိုင်သည်။ ဒုတိယနည်းလမ်းက အမြန်ဆုန်ဆုံးဖြစ်သော်လည်း အလွန်အန္တရာယ်များသည်။ အမှားအယွင်းတစ်ခုလောက် လုပ်မိသည်နှင့် ချီလမ်းကြောင်း သွေဖည်ခြင်းကို ခံစားရလိမ့်မည်။
တတိနည်းလမ်းက အမြန်ဆုံးနှင့် ဘေးအကင်းဆုံးဖြစ်သော်လည်း… အတော်လေး မသင့်တော်သလို ခံစားနေရပါသည်။ ဒီကမ္ဘာကြီးက အစစ်အမှန်မဟုတ်သည့် ပုံပြင်ကမ္ဘာ ဖြစ်နေလျှင်ပင် ဟမ်ယဲ့နှင့် ထိုစည်းကို ကျော်လိုက်ပါက နောက်ပြန်ဆုတ်နိုင်တော့မှာ မဟုတ်မှန်း သူမ သိနေပါသည်။
ယန်ရုန်ရုန် အလွန်ပဋိပက္ခဖြစ်နေခဲ့သည်။ ရွေးချယ်မှုတိုင်းတွင် ကောင်းကွက်ဆိုးကွက်များ ဒွန်တွဲနေပါသည်။ ထို့ကြောင့် ဆုံးဖြတ်ရအလွန်ခက်ခဲကာ တစ်ချိန်လုံး မျက်မှောင်ကြုတ်နေမိသည်။
ဟမ်ယဲ့ကတော့ ကြမ်းပြင်ပေါ်တွင် တိတ်တဆိတ် ထိုင်နေပြီး ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည့် ယန်ရုန်ရုန့်ကို စောင့်ကြည့်နေလေသည်။
သူမ၏ လှုပ်ရှားမှုတိုင်းကို သူ့ရွှေရောင်သားရဲမျက်ဝန်းများက အသေအချာ ကြည့်နေခဲ့ပါသည်။ သူမ အခက်တွေ့နေမှန်း ရိပ်မိကာ ဘာတွေစိုးရိမ်နေကြောင်းကိုလည်း ခန့်မှန်းနိုင်ခဲ့သည်။
သို့သော် သူမကိုယ်စား ဝင်ဆုံးဖြတ်ပေး၍ မရသဖြင့် သူမဆုံးဖြတ်ချက် ချမည့်အချိန်ကိုသာ တိတ်တဆိတ် စောင့်မျှော်နေရပါသည်။
ထိုစဉ် ယန်ရုန်ရုန် ခြေလှမ်းများ ရုတ်တရပ် ရပ်တန့်သွားခဲ့သည်။ ဆုံးဖြတ်ချက်တစ်ခုခု ချလိုက်သည့်အလား ဟမ်ယဲ့ထံသို့ သူမ တစ်လှမ်းချင်း လျှောက်လာခဲ့ပါသည်။
ဟမ်ယဲ့ နှလုံးရပ်မတန့် တုန်လှုပ်သွားသည်။ ထို့နောက် ရင်ဘတ်ထဲမှ နှလုံးသား ဖောက်ထွက်လာတော့မည့်အလား ရင်ခုန်သံများ မြန်ဆန်လာခဲ့ပါသည်။
သူ့ခါးအလိုလို မတ်သွားခဲ့ပြီး ကြွက်သားများ တင်းမာသွားခဲ့သည်။ သူ့အမွေးပွနားရွက်များလည်း ဆတ်ခနဲ ထောင်သွားပြီး မျက်ဝန်းတွေထဲ အလွန်နက်ရှိုင်းသော မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ပေါ်လာခဲ့ပါသည်။ျ
‘သူ ငါ့ကို ရွေးချယ်လိုက်ပြီလား’
ယန်ရုန်ရုန် သူ့ရှေ့တွင်ရပ်လိုက်ပြီး ကိုယ်ကို အနည်းငယ်ကိုင်းကာ လေးလေးနက်နက် ပြောလိုက်ပါသည်။
“ကျွန်မ သာမန်အတိုင်းလည်း ကျင့်ကြံမယ်၊ မိစ္ဆာအမြုတေတွေကိုလည်း စားသုံးမယ်၊ နည်းလမ်း နှစ်ခုစလုံးကို အသုံးချပြီး ဟန်ချက်ညီအောင် ကြိုးစားမယ်၊ အဲ့တာဆို အန္တရာယ်သိပ်မများသလို အချိန်လည်း သိပ်မကြာနိုင်ဘူး၊ ရှင်ဘယ်လိုသဘောရလဲ”
ဟမ်ယဲ့ နှလုံးခုန်သံများ ချက်ချင်းပင် ထိုးကျသွားတော့ သည်။ မျှော်လင့်ချက်များလည်း လေပူပေါင်းတစ်လုံးပမာ ပေါက်ထွက်သွားသည်။ စိတ်ပျက်အားလျော့မှုဟူသည့် နွံထဲ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။
သူနှင့် ပူးတွဲကျင့်ကြံပြီး ဘေးအကင်းဆုံးနှင့် အမြန်ဆန်ဆုံး နည်းလမ်းကို ရွေးချယ်မည့်အစား သူမက အချိန်လည်းကုန်၊ စွန့်လည်း စွန့်စားရမည့် နည်းလမ်းကိုသာ ရွေးချယ်သွားသည်။
ယခုချိန်မှာ သူ့ရင်ထဲ မေးခွန်းတစ်ခု မေးချင်စိတ်များ တဖွားဖွား ပေါ်လာခဲ့ပါသည်။
‘မင်း ရင်ထဲမှာ ငါက အဲ့လောက် ဆွဲဆောင်မှုမရှိဘူးလား’
ဟမ်ယဲ့ နားရွက်များထိုးကျသွားပြီး မျက်ဝန်းများလည်း မှေးမှိန်သွားသည်။ ထို့နောက် အသက်မဲ့စွာ ပြောလိုက်ပါသည်။
“မင်းရဲ့ ဘဝပဲလေ၊ ကောင်းမယ်ထင်တာသာ လုပ်ပါ”
ယန်ရုန်ရုန် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး အားနာပါးနာ ပြောလိုက်သည်။
“အခု ကျွန်မက ကျောင်းတော်အပြင်ကို ထွက်လို့မရဘူးလေ၊ အဲ့တာကြောင့် အရိုးကို သန့်စင်ပြီး အမြုတေတည် ဆောက်ပေးနိုင်တဲ့ နတ်ရတနာတွေ ရှာဖွေဖို့ ရှင့်ကိုပဲ အားကိုးရမယ်ထင်တယ်”
သူမ တောင်းဆိုချက်ကို ဟမ်ယဲ့ မဆိုင်းမတွ သဘောတူလိုက်ပါသည်။
“ကောင်းပြီ”
ယန်ရုန်ရုန် ပျော်ရွှင်သွားပြီး သူမ၏ နှုတ်ခမ်းဘေးတွင် ပါးချိုင့်လေးနှစ်ဖက် ပေါ်လာခဲ့သည်။
“အားကိုးပါတယ်!”
သူမ၏ အပြုံးကြောင့် ဟမ်ယဲ့ မှင်သက်သွားခဲ့ရသည်။
အချစ်ကို ပထမဆုံး ခံစားဖူးသည့် ကောင်လေးတစ်ယောက်ပမာ သူမကို ဟမ်ယဲ့ ပြန်ပြုံးပြလိုက်မိပါသည်။ ထိုအပြုံးနှင့်အတူ သူ၏ စိတ်ပျက်အားငယ်မှုများလည်း ပျောက်ကွယ်သွားတော့သည်။
သူမဘာကိုပဲ ရွေးချယ်ပါစေ သူမပျော်ရွှင်နေလျှင် သူ့အတွက် လုံလောက်ပါပြီ။
“အခုပဲ သွားရှာလိုက်မယ်၊ ဒီမှာစောင့်နေနော်”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။
“အင်း”
တောင်စောင့်နတ်ကျောင်းအပြင်ဘက်သို့ စုဝမ် မထွက်နိုင်ဟု ဇာတ်ညွှန်းက ဖော်ပြထားသော်လည်း တောင်စောင့်နတ်ဘုရား ဖြစ်သွားသည့် ဟမ်ယဲ့ကိုတော့ ထိုကဲ့သို့ သတ်မှတ်ထားခြင်း မရှိပါ။
ထို့ကြောင့် တောင်စောင့်နတ်ကျောင်းအပြင်ဘက်သို့ အတားအဆီးမရှိ ချောချောမွေ့မွေ့ ထွက်လာနိုင်ခဲ့သည်။ ဟမ်ယဲ့ အဝေးသို့ ထွက်မသွားခင် အခြားမိစ္ဆာ သို့မဟုတ် မကောင်းဆိုးဝါးများ ကျူးကျော်မလာနိုင်အောင် ကျောင်းတော်၏ အနီးတဝိုက်တွင် အကာအရံများ ချထားခဲ့ပါသည်။
-
တစ်ယောက်တည်း ကျန်ခဲ့သည့်အတွက် ယန်ရုန်ရုန် တဖြည်း ဖြည်း ပျင်းရိလာသည်။ ထို့ကြောင့် ရွာသားများ ပို့ထားပေးသည့် ဝတ္ထုစာအုပ်များကို ယူဆောင်ရင်း ကုတင်ပေါ်တွင် လှဲကာ ဖတ်ရှုနေလိုက်သည်။
ဟမ်ယဲ့ ထွက်သွားသည်မှာ သုံးရက်ခန့် ရှိပြီဖြစ်သည်။ ထိုကာလအတွင်း ရွာမှ မုဆိုးတစ်ယောက်က တောထဲ အမဲလိုက်ထွက်ခဲ့ရာ သားကောင်နှင့်အတူ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ခဲ့ပါသည်။
ထို့ကြောင့် ရွာသားများ အလွန်ပျော်ရွှင်သွားခဲ့ရသည်။ ယခင်က အမဲလိုက်ထွက်သွားသည့် မုဆိုးများ ပြန်ရောက်မလာဘဲ ပျောက်ကွယ်သွားတတ်သည်။ တောင်စောင့်နတ်ဘုရား၏ အကာအကွယ်ကို ဆုံးရှုံးလိုက်ရသဖြင့် ရွာသားများ ဘေးအန္တရာယ် ကြုံတွေ့နေရခြင်း ဖြစ်မည်ဟု နတ်ဆရာမက ကောက်ချက်ချခဲ့ပါသည်။
ယခု တောထဲတွင် ဘေးကင်းလုံခြုံစွာ အမဲလိုက်ထွက်နိုင်ပြီဖြစ်၍ တောင်စောင့်နတ်ဘုရား၏ အကာအကွယ် ပြန်လည် ရောက်ရှိလာပြီဟူသည့်သဘောပင်။
တစ်ရွာလုံး ပျော်ရွှင်နေကြသော်လည်း ရွာသူကြီးကတော့ မပျော်ရွှင်နိုင်ပါ။ ယခု စုဝမ်က တမန်တော်အစစ်အမှန်ဖြစ်ကြောင်း သူလက်ခံရတော့မည်။ သူမကို မဆုံးမနိုင်တော့သည့်အပြင် အလုပ်အကျွေးပါ ပြုရတော့မည်။
ထိုအကြောင်းကို တွေးမိလေလေ ရွာသူကြီး ဒေါသပိုထွက်လာလေလေပင်။ တစ်ညလုံး အိပ်ရာထဲ လူးလှိမ့်ပြီး အိပ်မပျော်နိုင်ခဲ့ပါ။
နောက်ဆုံးတော့ သူ့မာနကို မချိုးနှိမ်နိုင်တော့ဘဲ မနက်မိုးလင်းသည်နှင့် ရွာထဲမှ တိတ်တဆိတ် ထွက်သွားခဲ့သည်။ ထို့နောက် အနီးနားရှိ တာအိုကျောင်းတော်တစ်ခုတွင် အကူအညီသွားတောင်းဖို့ ကြံခဲ့ပါသည်။
တိုက်ဆိုင်စွာဖြင့် လမ်းတစ်ဝက်မှာပင် ခရီးသွား တာအိုဆရာတစ်ဦးနှင့် သူဆုံခဲ့ရသည်။ ရွာသူကြီးတွင် မိစ္ဆာစွမ်းအင်များ စွန်းထင်းနေသည်ဟု ထိုတာအိုဆရာက ချက်ချင်း ပြောခဲ့ပါသည်။
ကယ်တင်ရှင်တစ်ယောက်ကို တွေ့လိုက်ရသည့်ပမာ ရွာသူကြီး၏ မျက်လုံးများ အရောင်လက်သွားခဲ့ပြီး သူ့ဒဏ်ရာများကို ထုတ်ပြခဲ့ပါသည်။
တာအိုဆရာက ချက်ချင်း သတိပြုမိသွားသည်။
“အဲ့ဒီဒဏ်ရာတွေက မိစ္ဆာတစ်ကောင်ရဲ့ လက်ချက်ဆိုတာ သေချာတယ်”
ရွာသူကြီး ချက်ချင်း ပျော်ရွှင်သွားသည်။ စုဝမ်သွေးရိုးသား ရိုးမဟုတ်မှန်း သူနဂိုကတည်းက သံသယရှိခဲ့ပါသည်။ ယခုတော့ သူ့သံသယများ မှန်ကန်သည့်ပုံပင်။
ထိုကလေးမက မိစ္ဆာတစ်ကောင်နှင့် ပူးပေါင်းထားပြီး ထိုမိစ္ဆာ၏ စွမ်းအားများကို အသုံးချကာ တောင်စောင့်နတ်ဘုရား၏ တမန်တော်ဖြစ်သည်ဟု လိမ်ညာလျက် အားလုံးကို လှည့်စားထားခြင်း ဖြစ်ပါလိမ့်မည်။
ရွာသူကြီးမှာ မစောင့်နိုင်တော့ဘဲ တာအိုဆရာကို ခေါ်ဆောင်ပြီး ထိုမိစ္ဆာကို အမဲလိုက်ဖို့အတွက် တောင်စောင့်နတ်ကျောင်းသို့ ချက်ချင်း ရောက်လာခဲ့တော့သည်။
ထိုအချိန်တွင် ယန်ရုန်ရုန်ကတော့ အိပ်ငိုက်နေခဲ့ပါသည်။ အပြင်ဘက်မှ စကားပြောသံများကို ကြားသောအခါ ချက်ချင်း နိုးကြားသွားခဲ့သည်။
သူမဝတ်ရုံကိုခြုံလျက် ဝင်ပေါက်နားသို့ လျှောက်လာခဲ့ရာ ကျောင်းတော်အပြင်ဘက်တွင် မတ်တပ်ရပ်နေသည့် လူနှစ်ယောက်ကို မြင်လိုက်ရပါသည်။ တစ်ယောက်က ရွာသူကြီးဖြစ်ပြီး နောက်တစ်ယောက်ကတော့ သတ်လတ်ပိုင်း တာအိုဆရာတစ်ဦးဖြစ်သည်။
တာအိုဆရာက တောင်စောင့်နတ်ကျောင်းကို မျက်မှောင် ကြုတ်ကာ ကြည့်ရင်း ဆိုလိုက်သည်။
“ဒီမှာ မိစ္ဆာစွမ်းအင်တွေ အရမ်းထူထပ်နေတယ်… အထဲမှာ မိစ္ဆာတစ်ကောင် ကျိန်းသေပေါက် ရှိလိမ့်မယ်!”
ယန်ရုန်ရုန့် ရင်ထဲ လေးလံသွားခဲ့သည်။ ‘အခြေအနေ မကောင်းတော့ဘူး…’
သူမ မျက်မှောင်ကြုတ်လျက် ရွာသူကြီးကို မေးလိုက်သည်။
“ရှင်ဒီကို ဘာလာလုပ်ပြန်ပြီလဲ၊ အရင်တစ်ခေါက်က သင်ခန်းစာ ပေးထားတာ မလုံလောက်သေးဘူးလား”
မိစ္ဆာတစ်ကောင်အမှန်တကယ် ရှိနေမှန်း တာအိုဆရာက အတည်ပြုပေးထားသဖြင့် ရွာသူကြီး ယုံကြည်မှုများ ပြည့်ဝနေပါသည်။
ထို့ကြောင့် ယန်ရုန်ရုန့်ကို သူမကြောက်တော့ဘဲ ချက်ချင်း ပြန်ပြောလိုက်သည်။
“မင်းတစ်ခုခု မူမမှန်တာ ငါသိနေတယ်! လက်စသပ်တော့ မိစ္ဆာတစ်ကောင်နဲ့ လျှို့ဝှက် ပူးပေါင်းထားတာကိုး! မင်းက ဂြိုဟ်ဆိုးမပဲ! ကိုယ့်မိဘတွေ၊ အဘိုးအဘွားတွေကို သတ်ရုံနဲ့ မလုံလောက်သေးလို့ အခု တစ်ရွာလုံးကိုပါ ဖျက်ဆီးပစ်ဖို့ ကြံနေတာ! ဒီနေ့ မင်နဲ့ မင်းရဲ့မိစ္ဆာကို သတ်ပစ်ဖို့ ပညာရှင်တစ်ယောက်ကို ငါခေါ်လာခဲ့တယ်”
ထို့နောက် တာအိုဆရာကို ဦးညွှတ်ကာ သူပြောလိုက်သည်။
“အားကိုးပါတယ် တာအိုဆရာကြီး၊ အဲ့ဒီ ပမွှားနှစ်ကောင်ကို သုတ်သင်ပြီးတာနဲ့ တာအိုဆရာကြီးကို ဆုလာဘ်တွေ ရက်ရက်ရောရော ချီးမြှင့်ပါ့မယ်!”
တာအိုဆရာက သူ့လက်ထဲမှ မြင်းမြီးကိုခါယမ်းလျက် မသေမျိုးပညာရှိကြီးတစ်ဦးပမာ တည်တည်ငြိမ်ငြိမ် ဆိုလိုက်သည်။
“မိစ္ဆာတွေကို နှိမ်နင်းဖို့ဆိုတာ ငါ့ရဲ့ တာဝန်ပဲ၊ ဘာဆုလာဘ်မှ ပေးစရာမလိုဘူး”
🌹Chapter 270
သက်လတ်ပိုင်း တာအိုဆရာက ယန်ရုန်ရုန့်ကို ကြည့်ကာ ခေါင်းအစခြေအဆုံး အကဲခတ်လိုက်သည်။ သူမက သာမန်လူသားတစ်ယောက် ဖြစ်မှန်း မြင်သောအခါ သူ့လေသံအနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။
“မင်း မိစ္ဆာတစ်ကောင်ရဲ့ လှည့်စားမှုကို ခံထားရတာ ငါသိပါတယ်၊ ငါမင်းကို အပြစ်မတင်ပါဘူး၊ အဲ့ဒီ မိစ္ဆာကိုသာ ခေါ်ထုတ်လာခဲ့ပေး၊ ငါချက်ချင်း သုတ်သင်ပေးမယ်”
ယန်ရုန်ရုန် ခက်ထန်စွာ ပြန်ပြောလိုက်သည်။
“ဒီမှာ ဘာမိစ္ဆာမှ မရှိဘူး၊ အခုချက်ချင်း ပြန်ကြတော့!”
ရွာသူကြီးက သူမကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်သည်။
“ကျေးဇူးကန်းတဲ့ သောက်ကလေးမ! နင့်ကို အခွင့်အရေး ပေးနေတာကိုတောင် လက်မခံချင်ဘူး၊ သာမန်လူသားတစ်ယောက်လို မနေထိုင်နိုင်ဘဲ မိစ္ဆာတစ်ကောင်နဲ့ ပတ်သတ်ချင်နေတယ်ပေါ့!”
ထို့နောက် တာအိုဆရာဘက်သို့လှည့်ကာ သူပြောလိုက်သည်။
“တာအိုဆရာကြီး၊ ဒီမိန်းကလေးကို ကယ်တင်လို့ မရတော့ဘူး၊ အဲ့တာကြောင့် လေကုန်ခံနေစရာမလိုဘူး အဲ့ဒီမိစ္ဆာနဲ့အတူ သူ့ကိုပါ သတ်ပစ်လိုက်ပါ!”
သို့သော် တာအိုဆရာကတော့ အနည်းငယ် အခက်တွေ့နေပုံရသည်။
ရွာသူကြီးကို ဘေးသို့ ခေါ်ထုတ်သွားခဲ့ပြီး ယန်ရုန်ရုန် မကြားနိုင်သည့်နေရာကို ရောက်သောအခါ တီးတိုး ပြောလိုက်ပါသည်။
“အဲ့ဒီ တောင်စောင့်နတ်ကျောင်းထဲမှာ မိစ္ဆာစွမ်းအင်တွေ အရမ်းထူလွန်းတယ်၊ ငါဝင်လို့မရဘူး၊ မိစ္ဆာကို အပြင်ရောက်လာအောင် မျှားခေါ်နိုင်မှ ငါသုတ်သင်နိုင်လိမ့်မယ်”
ဒီလိုဖြစ်လာမည်ဟု မျှော်လင့်မထားသည့် ရွာသူကြီး အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့သည်။
“အဲ့တာဆို ကျုပ်တို့ ဘာလုပ်ကြမလဲ၊ အဲ့ဒီမိစ္ဆာသောင်းကျန်းနေတာကို ဒီတိုင်း ရပ်ကြည့်နေရမှာလား”
တာအိုဆရာက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း စူးရှသော မျက်လုံးများဖြင့် ပြောလိုက်သည်။
“ငါ့မှာ နည်းလမ်းတစ်ခုတော့ရှိတယ်၊ ဒါပေမယ့် အန္တရာယ်အရမ်းများတယ်၊ မင်းလက်ခံနိုင်ပါ့မလား မသိဘူး”
ရွာသူကြီးက အတိအကျ မေးမြန်းကြည့်လိုက်သည်။ တာအိုဆရာက သူ့နားကပ်လာပြီး စကားအချို့ တီးတိုးပြောလိုက်ပါသည်။
ရွာသူကြီး၏ မျက်နှာမှာ မျက်မှောင်ကြုတ်သထက် ကြုတ်လာခဲ့သည်။
“အဲ့ဒီနည်းလမ်းပဲ ရှိတော့တာလား၊ အဲ့တာ တောင်စောင့်နတ်ကျောင်းနော်၊ တောင်စောင့်နတ်ဘုရား အမျက်ထွက်သွားရင် ဘယ်လိုလုပ်မလဲ”
တာအိုဆရာက သက်ပြင်းချလိုက်ပါသည်။
“အန္တရာယ်များတာ ငါသိတယ်၊ ဒါပေမယ့် လက်ရှိအခြေအနေမှာ တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူး၊ ငါက အကြံပဲပေးတာပါ၊ တကယ်လုပ်နိုင်မလုပ်နိုင်ကို မင်းဖာသာမင်းပဲ ဆုံးဖြတ်ရမှာ”
ရွာသူကြီးက နာကျင်နေဆဲဖြစ်သည့် သူ့ရင်ဘတ်ကိုသူ ထိကြည့်လိုက်သည်။ ထို့နောက် ယန်ရုန်ရုန်ကြောင့် သူခံစားခဲ့ရသည့် အရှက်ရမှုများအကြောင်း ပြန်တွေးကြည့်လိုက်ပါသည်။ သူ့ဒေါသများကို ချုပ်တည်းဖို့ ခက်ခဲလှသည်။
နောက်ဆုံးတော့ ရွာသူကြီး အံကြိတ်ရင်း ထိုအကြံကို သဘောတူ လက်ခံလိုက်တော့သည်။
“လုပ်ကြတာပေါ့! ရွာသားတွေမေးရင် ရာသီဥတုပူလို့ တောမီးလောင်သွားတာလို့ပဲ ပြောလိုက်မယ်၊ နောက်မှ ပိုကောင်းတဲ့ တောင်စောင့်နတ်ကျောင်းတစ်ခုကို ပြန်ဆောက်ပေးလိုက်မယ်၊ မိစ္ဆာတစ်ကောင်ကို သုတ်သင်ဖို့ ဒီလိုလုပ်ရတာဆိုတော့ တောင်စောင့်နတ်ဘုရားကလည်း နားလည်ပေးမှာပါ”
တာအိုဆရာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ အခုပဲ လှုပ်ရှားကြစို့”
-
သူတို့နှစ်ယောက် တီးတိုးပြောနေသည်ကို ယန်ရုန်ရုန် မြင်နေရသည်။ မကောင်းတာတစ်ခုခု ကြံစည်နေကြပြီဖြစ်မှန်း သူမ ခန့်မှန်းမိသဖြင့် သူတို့စကားကိုကြားနိုင်ဖို့ အနားတိုးကြည့်ရန် ကြိုးစားပါသည်။
သို့သော် ယန်ရုန်ရုန် ကျောင်းတော်ပြင်ပသို့ မထွက်နိုင်သဖြင့် ဘာမှ မကြားနိုင်ခဲ့ပေ။
ထို့နောက် ရွာသူကြီးနှင့် ထိုတာအိုဆရာတို့ လှည့်ထွက်သွားကြသည်ကို သူမ မြင်လိုက်ရသည်။ သူတို့ ဘာတွေ ကြံနေကြမှန်း သူမ မသိပါ။
ထို့ကြောင့် ကျောင်းတော်ထဲပတ်ကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လက်နက်တစ်ခုခု ရှာဖွေလိုက်ပါသည်။ သို့သော် ဖယောင်းတိုင်ခုံတစ်ခုကိုသာ ရရှိလိုက်သည်။
အပြင်ဘက်မှ တရှပ်ရှပ်အသံများ ကြားရသဖြင့် ယန်ရုန်ရုန် တံခါးဆီပြေးသွားပြီး ချောင်းကြည့်လိုက်သည်။
ရွာသူကြီးနှင့် တာအိုဆရာတို့နှစ်ယောက် ဆီပုံးများသယ်ကာ ပြန်ရောက်လာသည်ကို သူမ တွေ့လိုက်ရလေသည်။ ထို့နောက် လက်တံရှည်ခွက်များကို အသုံးပြုလျက် ရေပုံးထဲမှ ဆီများကို ခပ်ထုတ်ကာ ကျောင်းတော်၏ နံရံများအား ဖြန်းပက်နေကြတော့သည်။
ယန်ရုန်ရုန် အံ့အားလည်းသင့် ဒေါသလည်း ထွက်သွားခဲ့သည်။
“ရှင်တို့ ဘာလုပ်နေကြတာလဲ! ရပ်လိုက်ကြစမ်း!”
ရွာသူကြီးက သူမကို အေးစက်စွာ လှောင်ပြုံးပြုံးပြလိုက်သည်။ ထို့နောက် မရပ်တန့်သည့်အပြင် ပို၍ပင် မြန်မြန်ဆန်ဆန် ပက်ခဲ့လေသည်။
တာအိုဆရာကတော့ မတတ်သာသည့်အမူအရာဖြင့် အကြံပြုလိုက်သည်။
“ငါတို့မှာလည်း ရွေးချယ်စရာမရှိဘူးလေ၊ မိစ္ဆာကို နှိမ်နင်းဖို့က ဒီနည်းလမ်းတစ်ခုပဲရှိတာ၊ မင်းလည်း အဲ့ဒီမိစ္ဆာနဲ့ အတူ မသေချင်ရင် ကျောင်းတော်ထဲက မြန်မြန်ထွက်လာခဲ့”
ယန်ရုန်ရုန် ထွက်လာချင်သော်လည်း ထွက်လာ၍ မရပေ။
ရွာသူကြီးက တာအိုဆရာကို လှည့်ပြောလိုက်သည်။
“သူ့ကို လေကုန်ခံပြီး ပြောမနေစမ်းပါနဲ့၊ ကျုပ်တို့ မြန်မြန် လှုပ်ရှားရမယ်၊ ရွာသားတွေ မြင်သွားလို့ မဖြစ်ဘူး”
တောင်စောင့်နတ်ကျောင်းကို သူမီးရှို့လိုက်ကြောင်း ရွာသားများသာ သိသွားကြလျှင် တစ်ရွာလုံး သူ့ကို တိုက်ခိုက်ကြလိမ့်မည်။ ရွာသူကြီးဟူသည့် ရာထူးကိုပါ ဆုံးရှုံးကာ မိသားစုတစ်စုလုံး ရွာမှ မောင်းထုတ်ခံရပါလိမ့်မည်။
ယန်ရုန်ရုန် ကျောင်းတော်အပြင်သို့ မထွက်နိုင်သဖြင့် သူတို့နှစ်ယောက်ကို တားဆီးဖို့ နည်းလမ်းမရှိခဲ့ပါ။
သူမရေချိုးဖို့ အသုံးပြုသည့် ကျောင်းတော်ထဲက ရေစည်ကို သတိရကာ သစ်သားခွက်တစ်ခွက်ဖြင့် ရေအမြန်သွားခပ်ပြီး နံရံများအား ဖြန်းပက်လိုက်ပါသည်။ သို့သော် တံခါးအပြင်ကို ခြေချ၍ မရသဖြင့် သူမ ပက်နိုင်သည့် နေရာများက အတော်လေး အကန့်အသတ်ရှိပါသည်။
ရွာသူကြီးနှင့် တာအိုဆရာတို့နှစ်ယောက် အပြင်ဘက်နံရံအားလုံးကို ဆီဖြင့် ဖြန်းပက်ပြီးသွားလေပြီ။ ဖြူရော်နေသော ယန်ရုန်ရုန့်မျက်နှာကို ကြည့်ရင်း ရွာသူကြီးက အောင်ပွဲခံအပြုံးပြုံးလိုက်ပါသည်။
“မင်းငါ့ကို ထပ်ပြီး ပုန်ကန်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့!”
ထို့နောက် မီးခြစ်ဆံတစ်ခုကို မီးညှိလျက် ကျောင်းတော်ထံသို့ ပစ်လွှတ်လိုက်တော့သည်။
ထိုမီးခြစ်ဆံနှင့် ဆီများထိတွေ့သောအခါ နံရံတစ်ခုလုံး ချက်ချင်း မီးဟုန်းဟုန်းတောက်လောင်သွားပါသည်။ ဆီများကြောင့် မီးမှာ အလွန်လျှင်မြန်စွာ ကူးစက်သွားပြီး ယန်ရုန်ရုန် ရေပက်ထားသည့် နေရာတစ်ကွက်သာ ကျန်နေခဲ့ပါသည်။
သို့သော် ထိုနေရာကွက်ကလည်း သိပ်ကြာကြာ မခံလိုက်ဘဲ တောင်စောင့်နတ်ကျောင်းတစ်ခုလုံးကို မီးတောက်မီးလျှံများ ဝန်းရံသွားခဲ့တော့သည်။
ကျောင်းတော်အတွင်းပိုင်းရှိ အပူချိန်မှာ ရုတ်တရက် ထိုးတက်သွားပြီး မီးခိုးလုံးကြီးများကြောင့် ယန်ရုန်ရုန် တဟွတ်ဟွတ် ချောင်းဆိုးနေရသည်။
မီးဒဏ်မှ လွတ်မြောက်ဖို့အတွက် စောင်တစ်ထည်ကို ရေစွတ်လိုက်ပြီး သူမခန္ဓာကိုယ်တွင် ပတ်ကာ ဘောလုံးတစ်လုံးလို ကွေးနေလိုက်တော့သည်။
သူမ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားပြီးပါပြီ။
‘ငါထပ်သေရင် အချိန်ကို နောက်ပြန်ဆုတ်ပြီး အဲ့ဒီရွာသူကြီးကို သေချာပေါက် သတ်ပစ်မယ်!’
-
ကျောင်းတော်အပြင်ဘက်တွင်တော့ ရွာသူကြီးက ယန်ရုန်ရုန့်အတွေးများကို မကြားနိုင်ဘဲ မီးတောက်မီးလျှံများကို ကြည့်ရင်း စိတ်ကျေနပ်နေပါသည်။
သို့သော် တာအိုဆရာ၏ မျက်နှာ သုန်မှုန်နေသည်ကို ရွာသူကြီး သတိပြုမိသွားသည်။
“မိစ္ဆာကောင် မီးလောင်ပြီး သေရတော့မှာ မဟုတ်ဘူးလား၊ တာအိုဆရာကြီးက ဘာတွေစိတ်ပူနေသေးတာလဲ”
“မီးက ဒီလောက်တောင်ကြီးနေပြီ၊ ယုတ္တိရှိရှိ တွေးကြည့်ရင် လူကော မိစ္ဆာပါ ကျောင်းထဲကနေ ထွက်ပြေးသင့်နေပြီလေ၊ အခု အဲ့ဒီမိန်းကလေး ထွက်မလာရုံတင်မကဘူး မိစ္ဆာကိုပါ မမြင်ရသေးဘူး”
ထိုစကားကြားခါမှ ရွာသူကြီးလည်း တစ်ခုခုမူမမှန်သည်ကို ရိပ်စားမိသွားကာ အမြန်မေးလိုက်ပါသည်။
“ကျုပ်တို့ သတိမထားမိတဲ့အချိန် အဲ့ဒီမိစ္ဆာထွက်ပြေးသွားတာများလား”
တာအိုဆရာက ခေါင်းခါသည်။
“မဖြစ်နိုင်ဘူး၊ ငါသေချာ စောင့်ကြည့်နေခဲ့တာ၊ မိစ္ဆာရဲ့အရိပ်အယောင်ကိုတောင် မမြင်ရဘူး၊ ကျောင်းတော်ထဲကနေ အဲ့ဒီမိစ္ဆာထွက်မလာသေးဘူး၊ ဒါပေမယ့် မိစ္ဆာတစ်ကောင်ရဲ့ ရှင်သန်လိုစိတ်က လူသား တစ်ယောက်နဲ့ အတူတူပဲ၊ အရှင်လတ်လတ် မီးလောင်ပြီး သေရမှာကို ဒီတိုင်း ထိုင်စောင့်နေမှာမဟုတ်ဘူး၊ ဧကန္တ အဲ့ဒီမိစ္ဆာက အစကတည်းက ကျောင်းတော်ထဲမှာ ရှိမနေခဲ့တာ ဖြစ်နိုင်တယ်”
ထိုစကားလုံးများ အဆုံးသတ်သွားသည်နှင့်တစ်ပြိုင်တည်း အလွန်အားကောင်းသည့် မိစ္ဆာရောင်ဝါတစ်ခု ဆင်းသက်လာခဲ့သည်။
တာအိုဆရာ မတုံ့ပြန်နိုင်ခင်မှာပင် ပြင်းထန်သည့် ဖိအားတစ်ခုကြောင့် မြေပေါ် ဘုန်းခနဲ လဲကျသွားခဲ့သည်။ သူ့ခေါင်းတွေ ကိုက်ခဲသွားပြီး ရင်ဘတ်ထဲ တင်းကျပ်ကာ ပါးစပ်ထဲမှ သွေးတွေ ပန်းထွက်သွားခဲ့သည်။
ရွာသူကြီးလည်း သူ့နည်းတူ မြေပေါ် မှောက်သွားပြီး မျက်နှာက စက္ကူပမာ ဖြူရော်ကာ သေသလား ရှင်သလားပင် ဝေခွဲမရတော့ချေ။
တာအိုဆရာ အလွန်ချောက်ချားသွားခဲ့သည်။ လက်နှစ်ဖက်ကို မြေပေါ်ထောက်ကာ အားပြုလျက် အပေါ်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်မှ မိစ္ဆာတစ်ကောင် ဆင်းသက်လာသည်ကို မြင်လိုက်ရပါသည်။
အခြားသူမဟုတ်ဘဲ ဟမ်ယဲ့ပင်။
ဟမ်ယဲ့က တောင်စောင့်နတ်ကျောင်းထံသို့ မိစ္ဆာငွေ့များ မှုတ်ထုတ်ပစ်လိုက်သည်။ အားကောင်းလှသည့် မိစ္ဆာ အရှိန်အဝါက တောင်စောင့်နတ်ကျောင်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး မီးတောက်မီးလျှံများလည်း ချက်ချင်းဆိုသလို ငြိမ်းသတ်သွားခဲ့တော့သည်။
တောင်စောင့်နတ်ကျောင်း၏ အပြင်ဘက်က မီးကျွမ်းထားသဖြင့် မည်းနက်နေပြီး သစ်သားမီးကျွမ်းသည့် ရနံ့များ ရနေပါသည်။
ကံကောင်းစွာဖြင့် အတွင်းဘက်မှာတော့ ဘာာမှ မဖြစ်ခဲ့ပေ။ အပြင်ဘက်မှ ဆူညံသံများကို ကြားသောအခါ ယန်ရုန်ရုန် ရေစိုနေသော စောင်ကို ဘေးချလိုက်ပြီး တံခါးထံ ပြေးသွားခဲ့သည်။
ဟမ်ယဲ့ကို မြင်သောအခါ သူမ အလွန်ပျော်ရွှင်သွားခဲ့ပါသည်။
ယန်ရုန်ရုန် ချွေးများစိုရွှဲနေပြီး မီးခိုးများကြောင့် မျက်လုံးများ နီရဲကာ တစ်ကိုယ်လုံး ညစ်ပတ်နေသည်ကို ဟမ်ယဲ့ မြင်လိုက်ရသည်။ ကံကောင်းစွာဖြင့် သူမ ထိခိုက်ဒဏ်ရာမရခဲ့ပေ။
သူမကို နှစ်သိမ့်ပေးဖို့ ဟမ်ယဲ့ ပြင်လိုက်စဉ် ယန်ရုန်ရုန်က လှမ်းအော်ပြောလိုက်သည်။
“သူတို့ကို မလွတ်စေနဲ့ ဟမ်ယဲ့! အဲ့ဒီအယုတ်တမာ တာအိုဆရာကို မိအောင်ဖမ်း!”
ဟမ်ယဲ့ ခြေလှမ်းရပ်တန့်သွားပြီး နောက်သို့လှည့်ကြည့်လိုက်ရာ တောင်အောက်သို့ ဆင်းပြေးဖို့ ကြံနေသည့် တာအိုဆရာကို မြင်လိုက်ရလေသည်။