← Chapters

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

🌹Chapter 271

တောင်စောင့်နတ်ကျောင်းသို့ တာအိုဆရာ စတင်ရောက်ရှိလာစဉ်ကတည်းက လေထုထဲတွင် မိစ္ဆာရောင်ဝါများ အလွန်ထူထပ်နေသည်ကို အာရုံခံနိုင်ခဲ့သည်။ ထို့ကြောင့် စွမ်းအားကြီးမိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်နေရခြင်းဖြစ်မှန်း သူသိခဲ့ပါသည်။

သို့သော်လည်း ဟမ်ယဲ့ကို မြင်လိုက်ရသည်နှင့် ရန်သူကို အထင်သေးလိုက်မိပြီဖြစ်မှန်း သူနားလည်သွားခဲ့ရသည်။ ထိုသတ္တဝါက သာမန်မိစ္ဆာမဟုတ်ပါ။ သူ့ကျင့်ကြံခြင်းစွမ်းအာားများက မြင့်မားလွန်းသည်။

အမှန်တကယ် ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဆိုလျှင် တာအိုဆရာ တစ်စက္ကန့်ပင်ခံမည်မဟုတ်ချေ။

‘အသက်ရှင်နေသေးသရွေ့ မျှော်လင့်ချက်ရှိသေးသည်’ဟူသော ဆိုရိုးစကားအတိုင်း တာအိုဆရာ ထွက်ပြေးဖို့ မဆိုင်းမတွ ဆုံးဖြတ်ခဲ့တော့သည်။

သို့သော် သူခပ်လှမ်းလှမ်းပင် မရောက်လိုက်ဘဲ အနောက်မှ မိစ္ဆာစွမ်းအင်တစ်ချက်က ရိုက်ခတ်လာခဲ့သည်။ တာအိုဆရာ လေထဲ လွင့်ထွက်သွားပြီး မြေပေါ် အရှိန်ဖြင့် ပြန်ပြုတ်ကျလာပါသည်။

ပြုတ်ကျသည့်အရှိန်ကြောင့် သူ့ကိုယ်တွင်းအင်္ဂါအားလုံး ပျက်စီးသွားသလို ခံစားလိုက်ရသည်။

တာအိုဆရာ မြေကြီးပေါ် ပက်လက်လဲသွားပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်နေသည်။ ထို့နောက် လေးဘက်ထောက်ကာ ထပ်ပြီးထွက်ပြေးဖို့ အသည်းအသန် ကြိုးစားလိုက်သည်။

သို့သော် ခေါင်းမော့ကြည့်လိုက်သည့်အခါ ဟမ်ယဲ့က သူ့ရှေ့ပင် ရောက်ရှိနေလေပြီ။

တာအိုဆရာ ကြောက်ရွံ့မှုကြောင့် ခိုက်ခိုက်တုန်သွားပြီး အော်ဟစ်လိုက်သည်။

“ငါ့ကိုမသတ်ပါနဲ့! ငါက သာမန်တာအိုဆရာတစ်ယောက်ပါ! ငါ့ကို ဟိုရွာသူကြီးက လှည့်စားခဲ့တာ၊ ဒီမှာ လူတွေကို ဒုက္ခပေးနေတဲ့ မိစ္ဆာတစ်ကောင်ရှိတယ်ပြောလို့ ငါလာနှိမ်နင်းတာပါ၊ တောင်စောင့်နတ်ကျောင်းကို မီးရှို့တာလည်း သူ့အကြံပဲ! မင်းသတ်ချင်ရင် သူ့ကိုပဲသတ်ပါ! ငါ့ကိုတော့ ကျေးဇူးပြုပြီး သက်ညှာပေးပါနော်!”

ဟမ်ယဲ့ရှေ့တွင် တာအိုဆရာ ဘုန်းခနဲမြည်အောင် ဒူးထောက်ချလိုက်ပြီး မျက်ရည်၊ နှပ်ချေးများအပြည့်ဖြင့် ငိုယိုနေပါသည်။ မကြာသေးခင်က သူ့တွင်ရှိနေခဲ့သည့် ပညာရှိအရှိန်အဝါများ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုအချိန်တွင် ရွာသူကြီးလည်း သတိပြန်လည်လာပါသည်။

တာအိုဆရာ၏ စကားများကို ကြားသွားပြီး ဒေါသထောင်းခနဲထွက်ကာ ခက်ခက်ခဲခဲ မတ်တပ်ပြန်ရပ်ကာ ကျိန်ဆဲပစ်လိုက်သည်။

“သောက်ကျင့်မကောင်းတဲ့ ဆရာလိမ်! ကျောင်းတော်ကို မီးရှို့ဖို့ အကြံပေးတာ မင်းလေ! ကျောင်းတော်ထဲက မိစ္ဆာကို အပြင်ခေါ်ထုတ်နိုင်ဖို့ အဲ့ဒီတစ်နည်းပဲ ရှိတာဆို၊ အခုမှ ဘာလို့မဟုတ်တာတွေ လျှောက်ပြောနေတာလဲ၊ မိုးကြိုး ပစ်ခံရမှာ မကြောက်ဘူးလား!”

ရွာသူကြီး၏ စကားကို ကြားသော်လည်း တာအိုဆရာက ဝန်မခံသေးဘဲ နှစ်ဆတိုးကာ ငြင်းဆန်လိုက်သည်။

“ငါမဟုတ်ပါဘူး! တကယ် ငါမဟုတ်ရပါဘူး၊ ကျေးဇူးပြုပြီး ငါ့ကိုချမ်းသာပေးပါ! ငါ့ကိုမသတ်ဘူးဆိုရင် ဘာမဆို လုပ်ပေးပါ့မယ်!”

တာအိုဆရာနှင့် ရွာသူကြီးတို့ကို ဟမ်ယဲ့ တစ်လှည့်စီကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။ “ငါတို့ကို ရှင်းထုတ်ဖို့ ဒီတာအိုဆရာကို မင်းခေါ်လာတာပေါ့ ဟုတ်လား”

ရွာသူကြီး လိပ်ပြာမလုံမှုကြောင့် ဂုတ်တိုသွားပြီး အမြန်ငြင်းဆန်လိုက်သည်။

“မဟုတ်ဘူး၊ ငါခေါ်လာတာ မဟုတ်ဘူး!”

တာအိုဆရာက အော်ပြောလိုက်သည်။

“ဟုတ်တယ်၊ သူခေါ်လာတာပဲ! ငါ့ကို ဒီအထိရောက်လာအောင် သူဆွဲခေါ်လာတာ!”

ရွာသူကြီးက ချက်ချင်း ပြန်ငေါက်သည်။

“ငါ့ဖာသာငါ တာအိုကျောင်းတော်ကို သွားနေရင်း မင်းနဲ့လမ်းမှာ ဆုံခဲ့တာလေ! အစကတော့ မင်းကိုငါဂရုမစိုက်ဘဲ ကိုယ့်လမ်းကိုယ် ဆက်သွားမလို့ ဒါပေမယ့် မင်းဘက်က ငါ့ကို အရင်ချဉ်းကပ်လာတာ မဟုတ်ဘူးလား၊ ဒီမှာ မိစ္ဆာလာဖမ်းပေးမယ်လို့လည်း မင်းကိုယ်တိုင် ပြောခဲ့တာ မဟုတ်ဘူးလာား”

ထိုစကားများကိုကြားပြီး တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ဟမ်ယဲ့မျက်နှာ ရွှင်မြူးသွားသည်။

ထို့နောက် သက်လတ်ပိုင်း တာအိုဆရာထံသို့ ပြန်လှည့်ကာ ဟမ်ယဲ့ ပြောလိုက်သည်။

“မင်း ရုပ်ဖျက်ထားတာ တော်ပါတယ်၊ ကံမကောင်းစွာနဲ့ အဲ့ဒီအပေါ်ယံ အရေခွံက ငါ့ကို လှည့်စားနိုင်မှာ မဟုတ်ဘူး၊ ငါ့မျက်လုံးတွေကို လှည့်စားနိုင်တဲ့ မိစ္ဆာဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိဘူး”

တာအိုဆရာ၏ မျက်နှာ ဖြူဖပ်သွားခဲ့ပြီး ပါးစပ်ဟကာ တစ်ခုခုပြောဖို့ ကြံလိုက်သော်လည်း စကားလုံးတစ်လုံးမှ ထွက်မလာနိုင်ခင် သူ့ရင်ဘတ်ထဲ လက်သည်းကြီးတစ်ခု စိုက်ဝင်သွားခဲ့သည်။

တာအိုဆရာ မြေကြီးပေါ်တွင် အဖိခံလိုက်ရပြီး လှုပ်ရှား၍ မရတော့ပေ။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ် စတင်အသွင်ပြောင်းလဲလာခဲ့သည်။

မျက်နှာမှာ ရှည်ရှည်ချွန်ချွန် မျောက်မျက်နှာမျိုးဖြစ်သွားပြီး သူ့အသားပေါ်မှ အညိုရောင် သားမွေးများ ပေါက်လာသည်။ ခြေလက်များကလည်း ရှည်လျား ပိန်လှီသွားကာ သူ့ခြေ ဖဝါး၊ လက်ဖဝါးတို့ ကွေးသွားပြီး ခြေသည်းလက်သည်းချွန်ချွန်များ ပေါက်လာခဲ့သည်။

မျက်စိတစ်မှိတ်အချိန်အတွင်း ဂုဏ်သိက္ခာရှိသည့် တာအိုဆရာတစ်ဦးအဖြစ်မှ မိစ္ဆာတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲသွားတော့သည်။

ယန်ရုန်ရုန်ကော၊ ရွာသူကြီးပါ မှင်သက်သွားခဲ့ရသည်။ ထိုတာအိုဆရာက ရုပ်ဖျက်ထားသော မိစ္ဆာတစ်ကောင် ဖြစ်နေလိမ့်မည်ဟု ယန်ရုန်ရုန် ထင်မထားမိခဲ့ပါ။

ရွာသူကြီး မျက်လုံးပြူးကာ ထစ်ငေါ့စွာဖြင့် မေးလိုက်သည်။

“ဘာ… ဘာလို့လဲ… မင်းက ဘာလို့ မိစ္ဆာတစ်ကောင် ဖြစ်နေတာလဲ!”

ရုန်းကန်နေသည့် မိစ္ဆာကို ဟမ်ယဲ့ကြည့်လိုက်ပြီး အေးအေး လူလူ မိတ်ဆက်ပေးလိုက်ပါသည်။

“အဲ့ဒီမိစ္ဆာကို ရှန့်ရှောင်းလို့ခေါ်တယ်၊ ပုံမှန်အားဖြင့် တောနက်တွေထဲမှာ နေထိုင်ပြီး လူသားတွေရဲ့ နှလုံးသားကို စားသုံးရတာ သဘောကျတယ်၊ ဒီမှာမိစ္ဆာတစ်ကောင်ရှိနေတာကို အာရုံခံမိလို့ တာအိုဆရာအယောင်ဆောင်ပြီး အမဲလာလိုက်တာ နေမှာပေါ့၊ ကျောင်းတော်ကို သူမီးရှို့တယ်ဆိုတာကလည်း ကျောင်းတော်ရဲ့ အနီးတဝိုက်မှာ ငါအကာအရံတွေချထားခဲ့လို့၊ သာမန်မိစ္ဆာတွေက အဲ့ဒီအကာအရံတွေကို မကျော်နိုင်ဘူးလေ၊ ကျောင်းတော်ထဲ သူ မဝင်နိုင်တော့ ကျောင်းတော်ထဲက မိစ္ဆာကို အပြင်ထွက်လာအောင်လုပ်ဖို့ မီးရှို့လိုက်တာပဲ”

ယန်ရုန်ရုန် နားလည်သွားခဲ့သည်။ ထို့နောက် သူမ စိတ်ဝင်တစား မေးလိုက်ပါသည်။

“သူကိုယ်တိုင်က မိစ္ဆာတစ်ကောင် ဖြစ်နေရင် တခြားမိစ္ဆာတွေကို ဘာလို့အမဲလိုက်နေရတာလဲ”

“မိစ္ဆာတွေကို နှိမ်နင်းတယ်ဆိုတာ အပေါ်ယံအကြောင်းပြချက်ပေးတာ၊ သူ့ရည်ရွယ်ချက်အစစ်အမှန်က မိစ္ဆာအမြုတေကို လိုချင်လို့ပဲ၊ တခြားမိစ္ဆာတွေကို သတ်ပြီး သူတို့ဆီက အမြုတေကို ထုတ်ယူလိုက်ရင် သူ့ကျင့်ကြံခြင်းစွမ်းအားတွေ အဆမတန် မြင့်တက်သွားမှာလေ”

မိစ္ဆာနယ်မြေထဲတွင် ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို မကြာခဏ မြင်တွေ့ရလေ့ရှိသဖြင့် ဟမ်ယဲ့က အသားကျနေပါပြီ။

သူ့သရုပ်မှန်နှင့် ရည်ရွယ်ချက်များ ဘူးပေါ်သလို ပေါ်ကုန်ပြီဖြစ်၍ ရှန့်ရှောင်းမိစ္ဆာ အလွန်ကြောက်လန့်ကာ နောင်တ ရနေမိပါပြီ။ မိစ္ဆာအမြုတေကို လိုချင်၍ ဒီကို ရောက်လာခဲ့သော် လည်း သူ့ထက် အဆပေါင်းများစွာ စွမ်းအားကြီးမားသည့် မိစ္ဆာတစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည်။

ပြောင်းလဲသွားသည့် အခြေအနေများကြောင့် ရွာသူကြီးလည်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ သူတကူးတက ပင့်လာခဲ့ရသည့် တာအိုဆရာက မိစ္ဆာတစ်ကောင်ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပါ။

ရှန့်ရှောင်းမိစ္ဆာက အသက်ကို ချမ်းသာပေးဖို့ တောင်းပန်နေသော်လည်း ဟမ်ယဲ့က အချိန်မဖြုန်းချင်တော့သဖြင့် ၎င်း၏ ဇက်ကို လိမ်ချိုးကာ မိစ္ဆာအမြုတေကို ထုတ်ယူလိုက်တော့ သည်။

ထို့နောက်တွင်မှ ရွာသူကြီးထံ ဟမ်ယဲ့ အကြည့်ရောက်လာခဲ့သည်။ ရွာသူကြီး ဒူးများချောင်ကျသွားပြီး မြေကြီးပေါ် ဖင်ထိုင်လျက်သား ပြုတ်ကျကာ လေပြင်းဒဏ်ခံနေရသည့် သစ်ရွက်ပမာ ခိုက်ခိုက် တုန်နေပါသည်။

“ငါ… ငါ့ကိုလည်း ရှန့်ရှောင်းမိစ္ဆာက လှည့်စားခဲ့တာပါ…”။ သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားသည်။

သို့သော် ဟမ်ယဲ့က မကြားချင်ပေ။ သူ့ပါးစပ်ထဲမှ မီးလုံးတစ်လုံး မှုတ်ထုတ်ပစ်လိုက်သည်။

ထိုမီးလုံးက ရွာသူကြီးထံ ပျံသန်းသွားပြီး သူ့အဝတ်အစားများကို ဆွဲငြိသွားခဲ့ပါသည်။ မီးတောက်များက ချက်ချင်း ကူးစက်ကာ သူ့တစ်ကိုယ်လုံးကို ဝါးမျိုသွားခဲ့သည်။

ရွာသူကြီးတစ်ယောက် မြေကြီးပေါ်တွင် လူးလှိမ့်ကာ နာနာကျင်ကျင် အော်ဟစ်နေရတော့သည်။

ထိုမြင်ကွင်းကို မြင်နေရသော်လည်း ယန်ရုန်ရုန် စိတ်မကောင်းမဖြစ်မိပါ။ ဒီလူက သူမကို အရှင်လတ်လတ် မီးရှို့သတ်ဖို့ ကြိုးစားခဲ့သူဖြစ်သည်။ ယခု သူကိုယ်တိုင် အရှင် လတ်လတ် မီးလောင်သေရတော့မည်ဖြစ်၍ဝဋ်လည်ခြင်းဟုပင် ဆိုနိုင်ပါသည်။

ဗီလိန်နှစ်ကောင်ကို ရှင်းထုတ်ပြီးနောက် ယန်ရုန်ရုန့်ဘေးသို့ ဟမ်ယဲ့ ပြန်လျှောက်လာခဲ့သည်။ သူမ ထိခိုက်ဒဏ်ရာ ရထားခြင်းရှိမရှိ ထပ်ခါတလဲလဲ စစ်ဆေးပြီးမှ ဟမ်ယဲ့ သက်ပြင်းချနိုင်ပါသည်။

နဖူးပေါ်ရှိချွေးများကို ပိုးသားလက်ကိုင်ပဝါတစ်ထည်နှင့် သုတ်ရင်း ယန်ရုန်ရုန် ပြောလိုက်သည်။

“ရှင်အချိန်ကိုက် ပြန်ရောက်လာတာပဲ”

ဟမ်ယဲ့ကြောင့်သာ မဟုတ်လျှင် သူမ မီးလောင်ပြီး သေသွားလောက်ပါပြီ။ စနစ်က အချိန်ကို နောက်ပြန်ဆုတ်ပေးနိုင်သော်လည်း အရှင်လတ်လတ် မီးလောင်သေရသည့် ခံစားချက်ကြီးကိုတော့ သူမ မခံစားချင်ပေ။

ထိုနာကျင်မှုမျိုး မခံစားရအောင် သူမကို ကယ်တင်ပေးခဲ့သည့်အတွက် ဟမ်ယဲ့ကို အမှန်တကယ် ကျေးဇူးတင်မိပါသည်။

ဟမ်ယဲ့က ရှင်းပြသည်။

“ငါဒီမှာ စည်းတစ်ခုချထားခဲ့တယ်၊ မိစ္ဆာတစ်ကောင် ချဉ်းကပ်လာတာကို အာရုံခံမိလို့ မင်းအန္တရာယ်ရှိနေမှာစိုးလို့ အမြန်ဆုံး ပြန်လာခဲ့တာ”

“ဪ”

ဟမ်ယဲ့ ညာဘက်လက်ကို မြှောက်လိုက်ရာ သူ့လက်ဖဝါးပေါ်တွင် ကျောက်စိမ်းသေတ္တာငယ်လေးတစ်ခု ပေါ်လာသည်။

“မင်းအတွက် အရိုးသန့်စင်ဆေးလုံးလေ”

ယန်ရုန်ရုန် သေတ္တာကိုဖွင့်ကြည့်လိုက်ရာ ကျောက်စိမ်းလို သန့်ရှင်းဖြူစင်သည့် ဆေးလုံးတစ်လုံးကို မြင်လိုက်ရကာ အလွန်ပျော်ရွှင်သွားခဲ့ပါသည်။

“ရှင်တကယ် ရှာတွေ့ခဲ့တာလား!”

ထို့နောက် ဟမ်ယဲ့ကို တောက်ပနေသော မျက်လုံးများဖြင့် မော့ကြည့်ကာ ချီးကျူးလိုက်ပါသည်။

“ရှင်အရမ်း တော်တာပဲ”

ဟမ်ယဲ့ တိမ်တွေပေါ် ရောက်နေသလို ခံစားလိုက်ရပြီး အမြီးကလည်း ထိန်းမနိုင်သိမ်းမရ လှုပ်ယမ်းလာခဲ့သည်။ ခေါင်းမော့ရင်ကော့လျက် ဘာမှမဟုတ်သလို အမူအရာဖြင့် သူပြန်ပြောလိုက်ပါသည်။

“ဘာမှအပန်းမကြီးပါဘူး၊ အရိုးသန့်စင်ဆေးလုံးတစ်လုံးပဲဥစ္စာ”

ထိုဆေးလုံးက ဘယ်လောက်အဖိုးတန်မှန်း ယန်ရုန်ရုန် ကောင်းကောင်း နားလည်ပါသည်။ လူတစ်ယောက်၏ အရိုးများနှင့် သွေးကြောများကို ပြန်လည် ပုံဖော်ပေးနိုင်စွမ်းရှိသည်။

ပါရမီညံ့ဖျင်းသူတစ်ယောက်ပင် ထိုဆေးလုံးကို သောက်သုံးလိုက်လျှင် ကျင့်ကြံဖို့ ပါရမီထူးတစ်ခုကို ပိုင်ဆိုင်သွားပါလိမ့်မည်။ ထို့ကြောင့်လည်း လူတိုင်းမက်မောရသော ရတနာတစ်ခု ဖြစ်နေပြီး ထိပ်တန်း နတ်ရတနာတစ်ပါးနှင့်ပင် တန်ဖိုးချင်း တူညီပါသည်။

ဟမ်ယဲ့ကဲ့သို့ မိစ္ဆာဘုရင်တစ်ပါးဖြစ်နေလျှင်တောင် ဒီလိုဆေးလုံးမျိုးကို အချိန်တိုအတွင်း ရှာဖွေဖို့ ဟူသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပေ။

🌹Chapter 272

ယန်ရုန်ရုန့်ရင်ထဲ စိတ်ခံစားချက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ ဟမ်ယဲ့၏ မျက်နှာကို သူမ မျက်တောင်မခတ် ငေးကြည့်ရင်း လေးနက်စွာ ပြောလိုက်ပါသည်။

“ကျွန်မအတွက် လုပ်ပေးခဲ့တာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ ဒီကမ္ဘာထဲကနေ ထွက်နိုင်တာနဲ့ ကျွန်မတို့ကြားက အကြွေး‌တွေ ကျေသွားပြီ၊ ကျွန်မဆီမှာ ရှင်ဘာအကြွေးမှ မကျန်တော့ဘူနော်”

သူမ၏ အကြည့်ကြောင့် ဟမ်ယဲ့ အလွန်နွေးထွေးခဲ့ရပြီး ရင်ထဲမှာလည်း ကြည်နူးနေခဲ့ပါသည်။

သို့သော် သူမနှုတ်မှ ထွက်လာသည့် စကားလုံးများကို ကြားလိုက်ရသည်နှင့် သူ့ခေါင်းပေါ် ရေခဲရေနှင့် လောင်းချခံလိုက်ရသကဲ့သို့ အရိုးထဲထိ အေးစိမ့်သွားခဲ့သည်။

ဟမ်ယဲ့ အချိန်အတော်ကြာသည်အထိ ကြက်သေသေကာ ကြောင်ရပ်နေခဲ့ပြီးမှ နောက်ဆုံးတော့ စကားလုံးတစ်လုံးကို ခက်ခက်ခဲခဲ ထုတ်ပြောနိုင်ခဲ့လေသည်။

“ဪ…”

ယန်ရုန်ရုန့်နားမှာ နေခွင့်ရဖို့၊ သူမကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးဖို့၊ သူမ၏ နှလုံးသားကို ဖြည်းဖြည်းချင်း နူးညံ့လာအောင် ဖန်တီးနိုင်ဖို့အတွက် ‘ကျေးဇူးကြွေးပြန်ဆပ်ရမည်’ဟူသည့် အကြောင်းပြချက်ကို သူကိုယ်တိုင်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အကြွေးများ ကျေသွားပြီဖြစ်ကြောင်း သူမဘက်မှ ကြေညာလိုက်သည့်အခါ ဟမ်ယဲ့ ပြန်ချေပဖို့ စကားလုံးတစ်လုံးပင် ရှာမရတော့ပါ။

‘ကျေးဇူးကြွေးဆပ်ဖို့’ဟူသည့် အကြောင်းပြချက်သာ မရှိတော့လျှင် နောက်ပိုင်းတွင် သူမဘေးနား နေထိုင်ခွင့်ပင် ရှိနိုင်ပါဦးမည်လား။။

ထိုအတွေးကြောင့် ဟမ်ယဲ့၏ နားရွက်များ တွဲကျသွားပြီး ရွှေရောင်သားရဲမျက်ဝန်းများမှာလည်း အလင်းရောင်များ မှေးမှိန်သွားခဲ့တော့သည်။

-

ယန်ရုန်ရုန် အချိန်မဖြုန်းချင်ခဲ့ပါ။ ထိုနေ့မှာပဲ အရိုးသန့်စင်ဆေးလုံးကို သူမ သောက်သုံးခဲ့ပါသည်။

လူတစ်ဦး၏ အရိုးကို သန့်စင်ခြင်းက ရိုးရှင်းသည့် ဖြစ်စဉ်မဟုတ်ပေ။ ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံးကို ‌ကျိုးကြေစေကာ အစမှ အသစ်တဖန် ပြန်လည်တည်ဆောက်ရပါသည်။

လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် အလွန်နာကျင်ရသည်။ ပထမတော့ ယန်ရုန်ရုန် အံကြိတ်ကာ သည်းခံထားနိုင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ နာကျင်မှုက သည်းမခံနိုင်အောင် ကြီးမားလာသည်။ ထို့ကြောင့် ကုတင်ပေါ်တွင် လူးလှိမ့်ရင်း နာနာကျင်ကျင် အော်ဟစ်နေရတော့သည်။

ထိုမြင်ကွင်းကို ဟမ်ယဲ့ ရင်နာနာနှင့် ကြည့်နေရသော်လည်း ကူညီမပေးနိုင်ခဲ့ပါ။ ဒါသူမကိုယ်တိုင် ကျော်ဖြတ်ရမည့် အခက်အခဲဖြစ်သည်။

သေသွားလျှင်ပင် ပိုကောင်းမည်ဟု ယန်ရုန်ရုန် တွေးမိလာသည်။ နာကျင်မှုထံမှ လွတ်မြောက်ဖို့ သတိလစ်သွားချင်မိသော်လည်း သူမ အာရုံက ရက်စက်စွာဖြင့် အပြည့်အဝ နိုးကြားနေခဲ့ပါသည်။

နာကျင်လွန်းသဖြင့် သည်းမခံနိုင်တော့ဘဲ သူမခေါင်းနှင့် ကုတင်ရင်းကို ဆောင့်ရင်း သတိလစ်သွားအောင် ကြိုးစားမိသည်။

ဟမ်ယဲ့လည်း လူသားအသွင် ပြန်ပြောင်းလိုက်ပြီး သူမကို ရင်ခွင်ထဲထည့်ကာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးနိုင်အောင် ထိန်းချုပ်ထားလိုက်သည်။

သူ့ရင်ခွင်ထဲက မိန်းကလေး ပြင်းထန်စွာ တုန်ယင်နေသည်ကို ဟမ်ယဲ့ ခံစားမိပါသည်။ သူ့ပခုံးကို ယန်ရုန်ရုန် အားပါပါ ကိုက်ချပစ်လိုက်သော်လည်း ဟမ်ယဲ့ မရုန်းခဲ့ဘဲ ကိုက်ခွင့်ပြုလိုက်သည်။

သွေးအရသာကို ရသွားသည့် ယန်ရုန်ရုန်လည်း အသိစိတ်စိုးစင်းလေး ပြန်ကပ်လာပြီး ဆက်မကိုက်တော့ဘဲ ဟမ်ယဲ့၏ လည်ပင်းကြားတွင် မျက်နှာအပ်ထားလိုက်တော့သည်။

သူမ အံတွေကြိတ်ထားပြီး လည်ချောင်းထဲမှ တအီအီ ငိုညည်းသံများ ထွက်ပေါ်နေပါသည်။

ငိုသံကပင် အလွန်အားနည်းနေသဖြင့် ဟမ်ယဲ့ ပိုမိုတင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူမအမည်ကို အကြိမ်ကြိမ်အခါခါ ခေါ်နေလေတော့သည်။

“ရုန်ရုန်၊ ရုန်ရုန်..”

အချိန်များက အလွန်နှေးကွေးနေသလိုပင်။ စက္ကန့်တိုင်းတွင် နာကျင်မှုကို ခံစားနေရသည်။ သူမ ဘယ်လို တောင့်ခံနိုင်ခဲ့သလဲ မသိသော်လည်း နောက်ဆုံးမှာတော့ နာကျင်မှုများ ပျောက်ကွယ်သွားခဲ့ပါသည်။

ယန်ရုန်ရုန် အားအင်များ ကုန်ခမ်းသွားခဲ့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တော့သည်။

-

သုံးရက်ခန့်ကြာမှ ယန်ရုန်ရုန် ပြန်နိုးလာခဲ့သည်။ အိပ်ရာပေါ်က ထလိုက်သည့်အခါ သူမခန္ဓာကိုယ်မှာ သန့်ရှင်းနေပြီး အဝတ်အစားများကလည်း သစ်လွင်နေသည်ကို မြင်လိုက်ရပါသည်။

ထိုစဉ် ဟမ်ယဲ့က အစားအသောက်များကို သယ်ဆောင်ပြီး ဝင်လာခဲ့သည်။ ယန်ရုန်ရုန် နိုးလာသည်ကို မြင်ပြီး ကူညီပေးဖို့ လက်ကမ်းလိုက်ပါသည်။

ယန်ရုန်ရုန် ‌ခေတ္တတွန့်ဆုတ်သွားသော်လည်း သူ့အကူအညီကို မငြင်းဆန်ခဲ့ဘဲ သူ့လက်ကို ဆုပ်ကိုင်ကာ ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။

သူမခန္ဓာကိုယ်တစ်ခုလုံး သစ်လွင်သွားသလို ခံစားလိုက်ရပါသည်။ ယခု သူမတွင် ကျင့်ကြံနိုင်သည့် ဝိညာဉ်ရင်းမြစ်တစ်ခု ရှိနေလေပြီ။

အသားအရေကလည်း ယခင်ကထက် ဖြူဖွေးနူးညံ့လာခဲ့သည်။ တစ်ချိန်က ဝါညစ်ညစ်ဖြစ်နေသော သူမ၏ ဆံနွယ်များ ယခုတော့ နက်မှောင်တောက်ပနေပါပြီ။

အားလုံးက အရိုးသန့်စင်ဆေးလုံး၏ အာနိသင်များဖြစ်ကြသည်။

သို့သော် သူမ အားနည်းနေဆဲပင်။ အသုံးပြုထားသည့် စွမ်းအင်များက ပြန်လည် ပြည့်ဝမလာသေးပါ။ ခြေလှမ်း အနည်းငယ်လှမ်းလိုက်ရုံနှင့် ခြေထောက်များ တုန်ယင်လာသည်။

ဟမ်ယဲ့က သူမကို စားပွဲထိရောက်အောင် တွဲပို့ပေးခဲ့ပြီး သူမကို ခွံ့ကျွေးဖို့ ပန်းကန်လုံးနှင့် တူတို့ကို ကိုင်လိုက်သည်။

သို့သော် ယန်ရုန်ရုန်က အမြန်ငြင်းဆန်လိုက်ပြီး ပန်းကန်လုံးကို ကိုင်ကာ သူမကိုယ်တိုင် စားနိုင်ကြောင်း ပြသလိုက်ပါသည်။

သူမ စားသောက်နေသည်ကို ဟမ်ယဲ့မေးထောက်လျက် ငေးကြည့်နေခဲ့သည်။ စိတ်ထဲမှလည်း တွေးမိပါသေးသည်။

‘ရုန်ရုန်က ချစ်ဖို့ကောင်းလိုက်တာ၊ အစားအသောက်စားနေတဲ့အချိန်မှာတောင် ချစ်ဖို့ကောင်းတယ်’

သူ့အကြည့်ကြောင့် ယန်ရုန်ရုန် နေရခက်လာသဖြင့် အမြန်စားသောက်လိုက်ပြီး တူနှင့် ပန်းကန်တို့ကို ပြန်ချကာ မေးလိုက်သည်။

“ကျွန်မ အဝတ်အစားတွေကို ရှင်လဲပေးထားတာလား”

ထိုစကားကြားသောအခါ ဟမ်ယဲ့အနည်းငယ် ရှက်ကိုးရှက် ကန်းဖြစ်သွားသည်။ နားရွက်ကိုကုတ်လျက် မျက်လုံးများ ဂနာမငြိမ်ဖြစ်ပြီး ရှင်းပြလိုက်ပါသည်။

“အရိုးတွေကို သန့်စင်ပြီးသွားတော့ မင်းချွေးတွေအများကြီး ထွက်လာတယ်လေ၊ ပြီးတော့ ခန္ဓာကိုယ်ထဲက မသန့်စင်တာတွေလည်း အပြင်ဘက်ကို ထွက်လာတယ်၊ အဲ့တာကြောင့် အဝတ်အစားတွေက ပေကျံပြီး မည်းညစ်သွားတာ၊ မင်းက သတိလစ်နေတော့ ကိုယ်တိုင် ရေမချိုးနိုင်ဘူးလေ၊ အဲ့တာကြောင့် ငါသန့်စင်ခြင်းမန္တန်တစ်ခုကို သုံးပြီး အဝတ်အစားလဲပေးခဲ့တာပါ”

ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်ကိုမြင်ပြီး ဟမ်ယဲ့ အသည်းအသန် ထပ်ရှင်းပြလိုက်သည်။

“ငါ့မျက်လုံးတွေကို တစ်ချိန်လုံး မှိတ်ထားခဲ့တာနော်! ဘာမှ မမြင်ခဲ့ဘူး!”

ထိုအချိန်တုန်းက ယန်ရုန်ရုန် သတိလစ်နေခဲ့ပြီး ကျောင်းတော်ထဲမှာလည်း အခြားဘယ်သူမှ မရှိပေ။ ထို့ကြောင့် ဟမ်ယဲ့ အမှန်တကယ် မျက်လုံးမှိတ်ထားသလားဟူသည်ကို အတည်ပြုဖို့ နည်းလမ်းမရှိပါ။

ဖြစ်ပြီးသားကိစ္စဖြစ်၍ ဆက်မေးမြန်းနေလျှင် နှစ်ယောက်စလုံး အရှက်ကွဲရုံသာ ရှိလိမ့်မည်။ ထို့ကြောင့် ယန်ရုန်ရုန် မျက်ကွယ်ပြုပေးလိုက်ပြီး သူ့စကားကိုသာ ယုံကြည်ပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

ယန်ရုန်ရုန် စကားလမ်းကြောင်းလွှဲလိုက်ပြီး ကျင့်ကြံခြင်းနှင့် ပတ်သတ်သည့်အကြောင်းကို ပြောလိုက်သည်။

“အခု ကျွန်မမှာ ဝိညာဉ်ရင်းမြစ်တစ်ခု ရှိလာပြီမို့လို့ စပြီးကျင့်ကြံလို့ရပြီ၊ ကျွန်မကို မိစ္ဆာအမြုတေတွေပေးပါ”

ဟမ်ယဲ့တွင် မိစ္ဆာအမြုတေ နှစ်လုံးရှိပါသည်။ သို့သော် သူမလက်ထဲ ချက်ချင်းထည့်မပေးသေးဘဲ စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

“မင်းခန္ဓာကိုယ်က အားနည်းနေတုန်းပဲလေ၊ ခဏလောက် အနားယူလိုက်ပါဦး၊ နည်းနည်းသက်သာမှ လုပ်လည်း နောက်မကျပါဘူး”

ယန်ရုန်ရုန်က လက်မခံပေ။

“အချိန်က ဘယ်သူ့ကိုမှ စောင့်နေမှာမဟုတ်ဘူး၊ အဲ့တာကြောင့် အချိန်ဆွဲနေလို့ မဖြစ်ဘူး”

“ဒါပေမယ့်-…”

“ပေးပါဆိုနေမှ!”

ပြိုင်ငြင်းခုံ၍ မနိုင်တော့သဖြင့် ဟမ်ယဲ့ အမြုတေနှစ်လုံးကို ဖြည်းညှင်းစွာ ထုတ်ပေးလိုက်သည်။

ယန်ရုန်ရုန် အမြုတေများကို စစ်ဆေးလိုက်ပြီး ပိုသေးငယ်သည့် အမြုတေကို ရွေးချယ်လိုက်သည်။ ထိုအမြုတေထဲ စွမ်းအင် ပိုနည်းပါး၍ အန္တရာယ်လည်း သိပ်မရှိနိုင်သဖြင့် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

အမြုတေကို သူမပါးစပ်ထဲ ထည့်ဖို့ ပြင်လိုက်စဉ် ဟမ်ယဲ့က ရုတ်တရက် ပြောလိုက်သည်။

“မင်းက လူသားတစ်ယောက်နော်၊ မိစ္ဆာအမြုတေတစ်လုံးကို တိုက်ရိုက်မျိုချလိုက်ရင် မင်းခန္ဓာကိုယ်က အဲ့ဒီစွမ်းအင်အကြမ်းထည်တွေကို လက်ခံနိုင်မှာမဟုတ်ဘူး၊ မင်းသတိမထားရင် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားလိမ့်မယ်”

ကျင့်ကြံဖို့အတွက် အမြုတေများကို ယန်ရုန်ရုန် တစ်ခါမှ အသုံးမပြုဖူးသဖြင့် ဟမ်ယဲ့ကိုကြည့်ကာ အကြံဉာဏ် တောင်းလိုက်ပါသည်။

“အဲ့တာဆို ကျွန်မ ဘာလုပ်သင့်လဲ”

ဟမ်ယဲ့က အမြုတေကို ပြန်ယူလိုက်ပြီး သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်ပါသည်။ ဒါကိုမြင်ပြီး ယန်ရုန်ရုန် ဇဝေဇဝါဖြစ်သွားလေသည်။

ထို့နောက် သူ့လက်တစ်ဖက်ကို စားပွဲပေါ်တွင် ထောက်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ယန်ရုန်ရုန့်ခေါင်းနောက်ကို ကိုင်ကာ အနားသို့ တိုးလာခဲ့လေသည်။

ယန်ရုန်ရုန် ခေတ္တကြက်သေသေသွားပြီး သူ့နှုတ်ခမ်းကို သူမလက်ဖဝါးဖြင့် ဖိအုပ်လိုက်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ရှင် ဘာလုပ်နေတာလဲ”

ဟမ်ယဲ့ တိုးညှင်းစွာ ရှင်းပြလိုက်သည်။

“ငါ အမြုတေကို အရင်ခြေဖျက်လိုက်မယ်၊ ပြီးမှ မင်းဆီကို စွမ်းအင်တွေ နည်းနည်းချင်းစီ ကူးပြောင်းပေးမယ်၊ အဲ့တာဆို မင်းခန္ဓာကိုယ် ပေါက်ကွဲသွားမယ့် အန္တရာယ် မရှိတော့ဘူး”

ယန်ရုန်ရုန် နှုတ်ခမ်းများ စည်းတင်းသွားခဲ့သည်။ သူမအသက်အန္တရာယ်နှင့် သက်ဆိုင်နေသည့် ကိစ္စဖြစ်၍ မငြင်းနိုင်ခဲ့ပါ။ နောက်ဆုံးတွင်တော့ သူမလက်ကို ဖယ်ပေးလိုက်ပြီး ဟမ်ယဲ့ကို အနားတိုးခွင့် ပေးခဲ့တော့သည်။

ထို့နောက် သူမကို ဟမ်ယဲ့ နမ်းရှိုက်လိုက်သည်။

နွေးထွေးသည့် လေငွေ့များက သူမကို လွှမ်းခြုံသွားခဲ့သည်။ ယန်ရုန်ရုန့်တစ်ကိုယ်လုံးတင်းမာသွားပြီး ဝတ်ရုံကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်ထားမိပါသည်။

သူမ မျက်လုံးများ ပြူးကျယ်ကာ လက်မခန့်သာ ကွာဝေးသည့် ဟမ်ယဲ့ကို စိုက်ကြည့်နေသည်။

ဟမ်ယဲ့ကလည်း သူမကို စိုက်ကြည့်နေသည်။ သူမ၏ ပုံရိပ်က သူ့ရွှေရောင်သားရဲမျက်ဝန်းတွေထဲ ထင်ဟပ်နေပါသည်။ ယခုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး ငြိမ်သက်သွားသလို ခံစားလိုက်ရသည်။

ဟမ်ယဲ့က သူ့လျှာကို အသုံးပြုကာ ယန်ရုန်ရုန့် နှုတ်ခမ်းကို ခွဲလိုက်ပြီး စွမ်းအင်သစ်များကို ပါးစပ်ထဲသို့ စီးဆင်းစေခဲ့သည်။ ထိုစွမ်းအင်များက သူမသွေးကြောများမှတဆင့် ဒန်တျန်အတွင်းသို့ ရောက်ရှိသွားခဲ့ပါသည်။

သူမ ခန္ဓာကိုယ်အတွင်းသို့ မုန်တိုင်းပမာ ပြင်းထန်စွာ ဝင်ရောက်လာသည့် စွမ်းအင်များကို ယန်ရုန်ရုန် သိသိသာသာ ခံစားနေရသည်။

All Chapters