← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

🌹Chapter 273

လူသားကျင့်ကြံသူတစ်ဦးဖြစ်၍ ယန်ရုန်ရုန့် ဒန်တျန်က ဝိညာဉ်စွမ်းအင်များကိုသာ လက်ခံနိုင်ပါသည်။ ထို့ကြောင့် မိစ္ဆာစွမ်းအင်များ ရုတ်တရက် ဝင်ရောက်လာသောအခါ သူမခန္ဓာကိုယ်က သဘာဝအလျောက် ခုခံ တွန်းလှန်ခဲ့သည်။

ထို့ကြောင့် သွားစရာနေရာမရှိတော့သည့် မိစ္ဆာစွမ်းအင်များက သူမဒန်တျန်အတွင်း သားရဲတစ်ကောင်လို သောင်းကျန်းလာခဲ့သည်။

ယန်ရုန်ရုန့်မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့နေပြီး မျက်မှောင်များကိုလည်း တင်းကျပ်စွာ ကြုတ်ထားသည်။ သူမ အလွန်နာကျင်နေမှန်း ဟမ်ယဲ့ မြင်သဖြင့် လွှတ်ပေးလိုက်ချင်သော်လည်း သူမက သူ့ဝတ်ရုံကို ဆုပ်ကိုင်ထားပြီး နောက်မဆုတ်ရန် တားဆီးထားသည်။

သူမ မျက်လုံးများဖြင့် ရှေ့ဆက်တိုးဖို့ အချက်ပြနေပါသည်။

ယခုမှ အစ ပထမသာ ရှိသေးသည်။ သူမ အရှုံးပေးလိုက်လျှင် ရှေ့ဆက်လျှောက်ရမည့် လမ်းက ပိုမို ခက်ခဲလာရုံသာ ရှိလိမ့်မည်။ ထို့ကြောင့် သူမ အရှုံးမပေးနိုင်ပါ။

သူမ မျက်ဝန်းတွေထဲက ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်ပြီး ဟမ်ယဲ့လည်း နားလည်သွားခဲ့သည်။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ မိစ္ဆာစွမ်းအင်များကို သူမကိုယ်ထဲ ဆက်လက် ထည့်သွင်းပေးခဲ့ရပါသည်။

ယန်ရုန်ရုန် နာကျင်မှုကို အံကြိတ်သည်းခံရင်း ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့် မိစ္ဆာစွမ်းအင်များကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့သည်။ သူမ ပါးပြင်ပေါ် ချွေးစက်များ စီးကျလာပြီး ဆံနွယ်များနှင့် မျက်နှာတို့ကို စေးကပ်သွားစေခဲ့သည်။

လည်ချောင်းထဲမှ နာကျင်နေသည့် ညည်းတွားသံများ ထွက်ပေါ်နေခဲ့သည်။ သူမ၏ ပြောင်းလဲမှုတိုင်းကို ဟမ်ယဲ့ သေသေချာချာ စောင့်ကြည့်နေခဲ့ပါသည်။ သူမ၏ ခံနိုင်ရည်အတိုင်းအတာကို ကျော်လွန်သွားပြီဟု ဟမ်ယဲ့ အာရုံခံလိုက်မိသည်နှင့် မဆိုင်းမတွ လွှတ်ပေးခဲ့သည်။

ယန်ရုန်ရုန့် အမြင်အာရုံများ မှောင်မိုက်သွားပြီး တစ်ကိုယ်လုံး ပျော့ခွေသွားခဲ့ကာ အချိန်မရွေး သတိလစ်သွာားတော့မည့်ပုံစံ ပေါက်နေပါသည်။

ဟမ်ယဲ့က သူမကို အမြန်ပွေ့ချီပြီး ကုတင်ပေါ်တင်ပေးလိုက်ကာ စောင်ခြုံပေးဖို့ ပြင်လိုက်သည်။ သို့သော် ယန်ရုန်ရုန်က သူ့လက်ကို တွန်းထုတ်လိုက်ပြီး ကုတင်ပေါ် ထထိုင်ဖို့ ကြိုးစားလိုက်ပါသည်။

ဟမ်ယဲ့ စိုးရိမ်စွာ ပြောလိုက်သည်။

“ခဏလောက် နားလိုက်ပါဦး”

သို့သော် ယန်ရုန်ရုန်က နားမထောင်ဘဲ ကုတင်ပေါ် တင်ပလ္လင်ခွေကာ ထိုင်လိုက်ပါသည်။

“နားချိန်မရှိဘူး၊ မိစ္ဆာစွမ်းအင်တွေကို အမြန်ဆုံး ထိန်းချုပ်နိုင်အောင် ကြုးစားရမယ်”

ထို့နောက် သူမ မျက်လုံးများကို မှိတ်လိုက်ပြီး ကျင့်စဉ်များ စတင်အသုံးပြုခဲ့သည်။ ထို့နောက် သူမ ဒန်တျန်အတွင်းရှိ မိစ္ဆာစွမ်းအင်များကို ဝိညာဉ်စွမ်းအင်အဖြစ်သို့ ဖြည်းညှင်းစွာ ပြောင်းလဲခဲ့ပါသည်။

မိစ္ဆာစွမ်းအင်များက အပြောင်းလဲမခံနိုင်သဖြင့် ပြင်းထန်စွာ ခုခံခဲ့သည်။ လုပ်ငန်းစဉ်တစ်ခုလုံးက အလွန်ကြမ်းတမ်းကာ နှေးကွေးလှပါသည်။

သူမ ပါးပြင်ပေါ် ချွေးများစီးကျနေသည်ကိုမြင်သောအခါ ဟမ်ယဲ့က သန့်စင်ခြင်းမန္တန်ကို ရွတ်လျက်် သူမကို သန့်ရှင်းရေး လုပ်ပေးဖို့ ကြံမိပါသေးသည်။ သို့သော် နောက်ဆုံးတော့ ထိုအကြံကို မေ့ပစ်လိုက်သည်။

ထို့အစား ပိုးသားလက်ကိုင်ပဝါတစ်ထည်ကို ထုတ်လိုက်ပြီး သူမနားကပ်ကာ မျက်နှာပေါ်မှ ချွေးစက်များကို သူကိုယ်တိုင် သုတ်ပေးနေတော့သည်။

ဟမ်ယဲ့ကို ယန်ရုန်ရုန် လုံးဝ အာရုံမစိုက်နိုင်တော့ပေ။ သူမ စိတ်က နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေအနေသို့ ရောက်ရှိနေပြီး ကျောက်ရုပ်ပမာ ငြိမ်သက်နေခဲ့ပါသည်။

ဖြူဖျော့နေသည့် သူမ မျက်နှာလေးကို ငေးကြည့်ရင်း စောနက နမ်းရှိုက်စဉ် ဖြစ်ပျက်သွားသည့် သူမ၏ အမူအရာလေးကို ပြန်မြင်ယောင်ကာ ဟမ်ယဲ့ ပြုံးမိသွားသည်။

ယခု ယန်ရုန်ရုန် ဘာကိုမှမခံစားနိုင်မှန်း သိသဖြင့် ဟမ်ယဲ့ စိတ်ဆန္ဒများကို မထိန်းချုပ်နိုင်တော့ဘဲ သူမ နှုတ်ခမ်းလေးကို နောက်တစ်ချက် ခိုးနမ်းလိုက်ပါသည်။

“ရုန်ရုန်… အရင်က ငါပြောခဲ့တာတွေအားလုံး အလိမ်အညာတွေချည့်ပဲ၊ ငါမင်းနဲ့ ဘာအကြွေးမှ မကျေချင်ဘူး၊ မင်းနားမှာ နေချင်လို့ အကြောင်းပြချက် ပေးခဲ့တာပါ၊ အခြေအနေတွေ ဒီတိုင်းလေးပဲရှိနေတာ ပိုကောင်းတယ်၊ ဒီမှာ မင်းနဲ့ ငါနှစ်ယောက်တည်းပဲရှိတယ်၊ အနှောင့်အယှက်ပေးမယ့်လူ ဘယ်သူမှ မရှိဘူး၊ မင်းဘယ်ကိုမှ မသွားနိုင်လို့ ငါ့ကိုလည်း ထားသွားလို့ရမှာ မဟုတ်ဘူး၊ မင်းအားကိုးနိုင်တဲ့လူဆိုလို့ ငါတစ်ယောက်တည်းပဲ ရှိတော့မှာ၊ ငါတို့နှစ်ယောက် တစ်သက်လုံး ဒီလိုနေသွားရရင် ဘယ်လောက်ကောင်းလိုက်မလဲ”

ယန်ရုန်ရုန့်ဘေးတွင် ဟမ်ယဲ့ထိုင်ရင်း သူမလက်ကလေးကို ဆုပ်ကိုင်လျက် ရင်ထဲက အတွေးများကို တီးတိုး ရေရွတ်နေခဲ့ပါသည်။

ထို့နောက် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ကာ ရယ်မောလိုက်မိသည်။

“ငါ တွေးနေတာတွေကိုသာ မင်းသိသွားရင် ငါ့ကို အရမ်း တစ်ကိုယ်ကောင်းဆန်တဲ့လူလို့ ထင်သွားမှာပဲနော်၊ မင်းက လွတ်လပ်မှုကို လိုလားတယ်၊ ဒီနေရာကြီးကနေ ထွက်သွားချင်တယ်၊ ငါကတော့ မင်းကို ဒီနေရာမှာပဲ တစ်သက်လုံး ခေါ်ထားချင်တာ၊ အတုအယောင် ဖြစ်နေရင်တောင် ငါဂရုမစိုက်ဘူး၊ လွတ်လပ်မှုကိုလည်း ငါစိတ်မဝင်စားဘူး၊ ငါမင်းနဲ့ပဲ အတူတူ ရှိနေချင်တာပါ၊ ငါတို့မှာ ငါတို့ပဲ ရှိခဲ့တဲ့ အချိန်တွေတုန်းကလိုမျိုးပေါ့…”

ယန်ရုန်ရုန် ဘာမှမကြားနိုင်သည်ကို အခွင့်အရေးယူကာ ဟမ်ယဲ့ အကြာကြီး မျိုသိပ်ထားခဲ့ရသည့် စကားလုံးများကို ဖွင့်ဟ ဝန်ခံခဲ့လေတော့သည်။

-

ယန်ရုန်ရုန်၏ ကျင့်ကြံခြင်းက လေးရက်တိုင်တိုင် ကြာမြင့်ခဲ့ပါသည်။

သူမ မျက်လုံးများ ပွင့်လာသည့်တိုင်အောင် အနားမယူသေးဘဲ မိစ္ဆာစွမ်းအင် တစ်စက်မကျန်ကို ဝိညာဉ်စွမ်းအင်အဖြစ် ဆက်လက်ပြောင်းလဲပစ်ခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်ကလည်း ဆက်တိုက်ဆိုသလို ထိုးတက်သွားခဲ့သည်။

ချီစုပ်ယူခြင်းအဆင့်၊ အခြေခံအုတ်မြစ်ချခြင်းအဆင့်နှင့် နောက်ဆုံးတွင်တော့ အခြေခံအုတ်မြစ်ချခြင်း နှောင်းပိုင်းအဆင့်တွင် ရပ်တန့်သွားခဲ့သည်။ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ဖို့ ခြေတစ်လှမ်းသာ လိုပါတော့သည်။

ဒီအမြန်နှုန်းကို ယန်ရုန်ရုန် အတော်လေး ကျေနပ်ပါသည်။ ယခုအဆင့်လောက်နှင့် ဒန်တျန်အတွင်းမှ ရွှမ်ကျီး ကလောင်တံကို ဆင့်ခေါ်နိုင်ပြီဖြစ်သော်လည်း ကျင့်ကြံခြင်းစွမ်းအားများက နည်းပါးနေဆဲဖြစ်၍ အပြည့်အဝ ထိန်းချုပ်နိုင်ဦးမှာ မဟုတ်ပါ။

ထို့ကြောင့် အဆင့်ဆက်တက်ဖို့ လိုအပ်ပါသည်။

ထိုစဉ် တောင်စောင့်နတ်ကျောင်းအပြင်ဘက်သို့ ရွာသားတစ်စု ရုတ်တရက် ရောက်ရှိလာကြသည်။ သူတို့ကို ဦးဆောင်လာသူက ယန်ရုန်ရုန် မတွေ့ရသည်မှာကြာပြီဖြစ်သည့် နတ်ဆရာမပင်။

ရွာသူကြီး ရက်အတော်ကြာအောင် ပျောက်ဆုံးနေပြီး ရှာ၍လည်း မတွေ့သဖြင့် ရွာသားများက တောင်စောင့်နတ်ကျောင်းသို့ လာရောက်ပြီး ဆုတောင်းဖို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ကျောင်းတော်၏ မည်းနက်နေသော နံရံများနှင့် ဘေးပတ်လည်ရှိ ပြာများ၊ မီးသွေးများကို မြင်ပြီး အားလုံး ထိတ်လန့်သွားခဲ့ကြသည်။ ဒီနေရာမှာ မီးလောင်ထားမှန်း အလွန်သိသာပါသည်။

ပိုပြီးထိတ်လန့်ဖို့ကောင်းသည်က ကျောင်းတော်အပြင်ဘက်တွင် လှဲလျောင်းနေသည့် အလောင်းနှစ်ခုပင်။ တစ်လောင်းက ရှန့်ရှောင်းမိစ္ဆာ၏ အလောင်းဖြစ်ပြီး နောက်တစ်လောင်းကတော့ ရွာသူကြီး၏အလောင်း ဖြစ်နေပါသည်။

ရွာသားများ သွေးပျက်သွားကြပြီး သံသယတွေလည်း ဝင်လာခဲ့သည်။ နောက်ဆုံးတွင်တော့ နတ်ဆရာမက ကျောင်းတော်ထဲ ဝင်သွားပြီး ရွာသူကြီး၏ သေဆုံးခြင်းနှင့်ပတ်သတ်၍ ယန်ရုန်ရုန့်အား မေးမြန်းခဲ့ပါသည်။

ယန်ရုန်ရုန်က ဖြစ်စဉ်အစအဆုံးကို ပြန်ပြောပြခဲ့သည်။

ရွာသူကြီးက တာအိုဆရာတစ်ယောက်ကို ခေါ်ဆောင်လာပြီး ကျောင်းတော်ကို မီးရှို့ဖို့ ကြိုးစားခဲ့ကြောင်း၊ ထိုတာအိုဆရာက အမှန်တကယ်တော့ မိစ္ဆာတစ်ကောင်ဖြစ်နေကြောင်း ဖြစ်ကြောင်းကုန်စင် သိလိုက်ရသောအခါ အတွေ့အကြုံ ရင့်ကျက်သည့် နတ်ဆရာမပင် အံ့အားသင့် တုန်လှုပ်သွားခဲ့ရပါသည်။

“ရွာသူကြီးက အဲ့လောက် တုံးအရသလား!”

ယန်ရုန်ရုန် အေးစက်စွာ ပြောလိုက်သည်။

“ကျွန်မ အမြင်မှာတော့ သူက တုံးအတာ မဟုတ်ဘူး၊ ကောက်ကျစ်တာ၊ ကျွန်မလက်ထဲမှာ နာကျင်ခဲ့ရလို့ သူအငြှိုးထားပြီး ကလဲ့စားချေဖို့ ကြိုးစားခဲ့တာ၊ အဲ့ဒီစိတ်ကြောင့်ပဲ ရှန့်ရှောင်းမိစ္ဆာရဲ့ လှည့်ဖျားမှုကို ခံခဲ့ရတာပေါ့”

“သူ့မှာသာ ယုတ်ညံ့တဲ့စိတ်ထားမရှိရင် ရှန့်ရှောင်းမိစ္ဆာက သူ့ကို လှည့်စားနိုင်ခဲ့မှာ မဟုတ်ဘူး၊ အခုလိုလည်း ဇာတ်သိမ်းသွားစရာအကြောင်းမရှိဘူး၊ တောင်စောင့်နတ်ဘုရားက သတိပေးတဲ့အနေနဲ့ ဒီလို ဆုံးမလိုက်တာပဲ၊ ဝဋ်ဆိုတာလည်တတ်တယ်၊ မကောင်းမှုပြုရင် မကောင်းမှုကိုပြန်ခံရမှာ ကောင်းကင်ဘုံရဲ့ နိယာမပဲ”

နတ်ဆရာမ ဆွံ့အသွားသည်။ ရွာသူကြီး၏ စရိုက်ကို သူမ ကောင်းကောင်း သိပါသည်။ ရွာသူကြီးက သဘောထား သေးသိမ်ပြီး သူ့ကို ထိခိုက်အောင်လုပ်သည့်လူတိုင်းကို ကလဲ့စားပြန်ချေတတ်သည်။

ပုံမှန်အခြေအနေမှာဆို ထိုစရိုက်ကို သည်းခံပေးလို့ရသော်လည်း တောင်စောင့်နတ်ဘုရားကို စော်ကားခြင်းကတော့ ရူးမိုက်မှုသက်သက်သာ ဖြစ်သည်။ သူသေဆုံးသွား၍ ကံကောင်းသည်ဟုပင် ဆိုရမည်။ မဟုတ်ပါက သူ့ကို ဘယ်လို ကိုင်တွယ်ရမှန်း သူမ သိမှာမဟုတ်ပါ။

နတ်ဆရာမက မေးသည်။

“တောင်စောင့်နတ်ဘုရားကော ဘေးကင်းရဲ့လား၊ သူထိတ်လန့်သွားသေးလား”

ယန်ရုန်ရုန် လက်ပိုက်ကာ လှောင်ပြုံးပြုံးလိုက်သည်။

“တောင်စောင့်နတ်ဘုရားရဲ့ စွမ်းအားက ကြီးမားလွန်းတယ်၊ ဒီလိုအသေးအဖွဲကိစ္စလေးကြောင့် လန့်သွားစရာအကြောင်း မရှိဘူး၊ ဒါပေမယ့် သူစိတ်တော့ပျက်သွားတယ်၊ အခုချိန်ကစပြီး ရှင်တို့ရွာရဲ့ အရေးကိစ္စတွေမှာ တောင်စောင့်နတ်ဘုရားက ဝင်ပါတော့မှာမဟုတ်ဘူး၊ ရှင်တို့ထိုက်နဲ့ ရှင်တို့ကံ ဖြစ်သွားပြီ”

ထို့နောက် ယန်ရုန်ရုန် လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော် နတ်ဆရာမက သူမလက်ကို လှမ်းဆွဲပြီး တောင်းတောင်းပန်ပန်ပြောလိုက်ပါသည်။

“အဲ့တာ ရွာသူကြီးတစ်ယောက်တည်း လုပ်ခဲ့တဲ့ ပြစ်မှုလေ၊ ကျန်တဲ့ ရွာသူရွာသားတွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး! ငါတို့ ဘာမှ မသိခဲ့ရဘူး! ကျေးဇူးပြုပြီး တောင်စောင့်နတ်ဘုရားကို ငါတို့ကိုယ်စား တောင်းပန်ပေးပါ၊ လူတစ်ယောက်ရဲ့ အပြစ်ဒဏ်အတွက် တောင်စောင့်နတ်ဘုရားက တစ်ရွာလုံးကို ပြစ်ဒဏ်မခတ်သင့်ပါဘူး၊ တောင်စောင့်နတ်ဘုရား စိတ်ကျေနပ်အောင် ငါတို့ ဘာမဆို လုပ်ပေးပါ့မယ်!”

ယန်ရုန်ရုန် မျက်ခုံးတစ်ဖက်ပင့်ကာ အဓိပ္ပာယ်ပါပါ မေးလိုက်သည်။

“တကယ်လား၊ ဘာမဆိုလုပ်ပေးမှာလား”

နတ်ဆရာမက အသည်းအသန် ခေါင်းညိတ်သည်။

“ဟုတ်ပါတယ်! လိုအပ်တာသာ တောင်းဆိုလိုက်၊ ငါတို့ဘာမဆို လုပ်ပေးပါ့မယ်!”

ယခင်တစ်ခေါက်ကလိုပဲ ယန်ရုန်ရုန် အခွင့်အရေးယူပြီး အကျိုးခံစားခွင့်တွေအများကြီး တောင်းဆိုလိမ့်မည်ဟု နတ်ဆရာမ ထင်ထားခဲ့သည်။ သို့သော် ယန်ရုန်ရုန် အမှန်တကယ်ပြောလိုက်သည့် စကားလုံးများကတော့ အံ့အားသင့်ဖို့ အလွန်ကောင်းပါသည်။

“ရှင်တို့ရွာမှာ စာသင်ကျောင်းတစ်ကျောင်း တည်ဆောက်ရမယ်၊ အသက် ၅ နှစ်ကနေ ၁၂ နှစ်အတွင်းရှိတဲ့ ကလေးတိုင်းကို အဲ့ဒီမှာ အခမဲ့ပညာသင်ကြားပေးရမယ်၊ ပြီးတော့ အဘိုးအဘွားတွေ၊ ခွန်အားနည်းပါးသူတွေ၊ နာမကျန်းသူတွေနဲ့ မသန်စွမ်းတွေကို ပြုစုစောင့်ရှောက်ပေးဖို့ ‘ဂေဟာ’တစ်ခုကိုလည်း တည်ဆောက် ပေးရမယ်”

“အရေးအကြီးဆုံးက ဒီရွာက ရွာသူရွာသားတွေ မကောင်းမှုကို မကျူးလွန်ရဘူး၊ မကောင်းမှုကျူးလွန်သူတွေက တောင်စောင့်နတ်ဘုရားရဲ့ အကာအကွယ်နဲ့ မထိုက်တန်ဘူး၊ ယုတ်ညံ့သူတွေ ဘယ်လိုလမ်းကို သွားရသလဲဆိုတာ ရွာသူကြီးက သက်သေပဲ”

ယန်ရုန်ရုန်၏ နောက်ဆုံးစကားလုံးများမှာ အေးစက်လွန်းလှသဖြင့် နတ်ဆရာမပင် ကြက်သီးထကာ တုန်ယင်သွားမိပါသည်။

🌹Chapter 274

ထိုမိန်းကလေးမှာ အတွေ့အကြုံမရှိသည့် အားနည်းပျော့ညံ့ သော ကလေးမလေးတစ်ယောက်သာ ဖြစ်သော်လည်း ယနေ့ဘာကြောင့် ကြောက်စရာအလွန်ကောင်းနေမှန်း နတ်ဆရာမ နားမလည်နိုင်ပါ။

သူမထံတွင် လူတွေကို ထိတ်လန့်သွားအောင် လုပ်နိုင်သည့် အရှိန်အဝါတစ်ခုရှိနေသည်။

“နားလည်ပါပြီ၊ တောင်စောင့်နတ်ဘုရားရဲ့ တမန်တော် ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ဖို့ ရွာသားတွေကို အမိန့်ပေးလိုက်ပါ့မယ်”

ယန်ရုန်ရုန် မျက်လုံးမှေးကာ သတိပေးလိုက်သည်။

“ကျွန်မက ကျောင်းတော်ထဲကနေ ထွက်မလာနိုင်ဘူးဆိုပေမယ့် တောင်စောင့်နတ်ဘုရားက ရှင်တို့ရဲ့ လုပ်ရပ်တိုင်းကို စောင့်ကြည့်နေမှာနော်၊ ရှင်တို့ မကောင်းမှုတစ်ခုခု လုပ်တာနဲ့ သူတန်းသိလိမ့်မယ်၊ မကောင်းမှုတွေရဲ့ အကျိုးဆက်ကဘာလဲဆိုတာ… ရှင်တို့လည်းကောင်းကောင်း သိလောက်ပြီပေါ့”

နတ်ဆရာမ၏ ရင်ထဲ ထိတ်လန့်ချောက်ချားသွားခဲ့ပြီး ရုပ်တုကြီး၏ ရှေ့တွင် ဦးသုံးကြိမ် အမြန်ချလိုက်ပါသည်။

ယန်ရုန်ရုန်က လေးလေးနက်နက် ထပ်သတိပေးလိုက်သည်။

“မမေ့နဲ့နော်၊ ရှင်တို့ကို ဘဝသစ်တစ်ခု ပြန်စတင်ဖို့ နောက်ဆုံးအခွင့်အရေး ပေးထားတာ၊ မဖြုန်းတီးလိုက်နဲ့”

ထိုအခါ ရွာသားများက ၎င်းတို့၏ စိတ်နှလုံးများကို ဖြူစင်အောင်ထားပြီး ဖြောင့်မတ်မှန်ကန်သည့်လမ်းကိုသာ လျှောက်လမ်းကြမည်ဖြစ်ကြောင်း၊ ရွာသူကြီးကဲ့သို့ ယုတ်ညံ့သည့် လုပ်ရပ်များကို ထပ်မံ ပြုလုပ်မည် မဟုတ်တော့ကြောင်း ကောင်ကင်ဘုံကို တိုင်တည်ပြီး နတ်ဆရာမ သစ္စာဆိုခဲ့ပါသည်။

ယန်ရုန်ရုန် ခေတ္တစဉ်းစားလိုက်ပြီး ထပ်ပြောလိုက်သည်။

“အခုချိန်ကစပြီး တောင်ပေါ်ကို စားစရာတွေ ယူလာပေဖို့ မလိုတော့ဘူး”

ယခုအချိန်မှာ ကျင့်ကြံခြင်းကိုသာ သူမ အာရုံစိုက်ထားရတော့မည်။ စားဖို့သောက်ဖို့အတွက် အချိန်မဖြုန်းချင်တော့ပါ။ ထို့ကြောင့် ယခုချိန်ကစ၍ ကျင့်ကြံခြင်းဆေးလုံးများကို မှီဝဲတော့မည်ဟု ယန်ရုန်ရုန် ဆုံးဖြတ်လိုက်သည်။

နတ်ဆရာမက နားမလည်နိုင်စွာ မေးသည်။

“အဲ့တာဆို တစ်ရက်ကို သုံးနပ်က ဘာတွေစားမှာလဲ”

ယန်ရုန်ရုန် အေးအေးလူလူ ပြန်ပြောလိုက်သည်။

“တောင်စောင့်နတ်ဘုရားက ကျွန်မအတွက် နည်းလမ်းရှာပေးလိမ့်မယ်၊ ရှင်တို့ စိတ်ပူစရာမလိုဘူး”

နတ်ဆရာမ တစ်ခွန်းမှ ထပ်မပြောရဲတော့ပေ။ ဒီကိုရောက်လာသည့် တစ်ခဏအတွင်း နတ်ဆရာမ ဆယ်စုနှစ်တစ်စုစာလောက် အသက်ပိုအိုသွားသလို ခံစားလိုက်ရပြီး ကျောင်းတော်ထဲမှ ကုန်းကုန်းကွကွဖြင့် ပြန်ထွက်ခွာသွားတော့သည်။

‘အဲ့ဒီကလေးမ စုဝမ်… တောင်စောင့်နတ်ဘုရားရဲ့ကောင်း ချီးပေးမှုကို ခံရလောက်အောင် ဘယ်လိုတောင် ကံကောင်းနေတာလဲ၊ အခု သူ့နောက်မှာ တောင်စောင့်နတ်ဘုရား ရှိနေပြီဆိုတော့ အရင်ကထက် ကိုင်တွယ်ရ ပိုခက်သွားပြီပေါ့…’

ယန်ရုန်ရုန်စေခိုင်းထားသည့်အတိုင်း နတ်ဆရာမက ရွာသာအားလုံးကို ပြန်ပြောပြပြီး ရိုးရိုးသားသား နေထိုင်ကြရန်နှင့် လမ်းမှားမရောက်ကြစေဖို့ မှာကြားခဲ့ပါသည်။

တောင်စောင့်နတ်ဘုရား၏ စွန့်ပစ်ခြင်းကို ခံရမည်စိုးသဖြင့် ရွာသားများမှာ တောင်စောင့်နတ်ကျောင်းရှိရာထံသို့ မျက်နှာမူပြီး အမိန့်ကိုနာခံမည်ဖြစ်ကြောင်း ထပ်ခါတလဲလဲ ကတိပေးရင်း ဦးချခဲ့ကြပါသည်။

ထို့နောက် ရွာသူကြီး၏အလောင်းကို သယ်ဆောင်လျက် တောင်အောက်သို့ ပြန်ဆင်းသွားခဲ့ကြတော့သည်။

-

ထို့နောက်ပိုင်း ယန်ရုန်ရုန်နှင့် ဟမ်ယဲ့တို့ကို အနှောင့်အယှက်ပေးမည့်လူများ တောင်ပေါ်သို့ ထပ်မလာကြတော့ပါ။

နတ်ဆရာမကို ယန်ရုန်ရုန်ပြောခဲ့သည့် စကားများအား ဟမ်ယဲ့လည်း ကြားခဲ့ပါသည်။

ယန်ရုန်ရုန့်ကို သူနားမလည်နိုင်စွာကြည့်ရင်း ပြောလိုက်သည်။

“အဲ့ဒီရွာကလူတွေအားလုံး မင်းကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ထိခိုက်အောင် လုပ်ခဲ့ကြတာ၊ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ကို မင်းကလဲ့စားပြန်ချေမယ်လို့ ငါထင်ထားတာလေ”

ယန်ရုန်ရုန် ပြုံးလိုက်ပြီး အေးအေးလူလူ ပြောလိုက်သည်။

“ကျွန်မ အခုအလုပ်အရမ်းများနေတယ်၊ သူတို့နဲ့ ရန်ဖြစ်ဖို့ အချိန်မရှိဘူး”

ထို့နောက် ဟမ်ယဲ့ကို သူမ ဆွဲခေါ်လိုက်သည်။ သူ့ကိုယ်ထဲက မိစ္ဆာစွမ်းအင်များကို သူမကိုယ်ထဲ ထပ်မံထည့်သွင်းခိုင်းနေပါသည်။

ယခင်တစ်ခေါက်တုန်းက ထိုစွမ်းအင်များ၏ ကြမ်းကြုတ်မှုကို သူမကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပြီဖြစ်သည်။ မိစ္ဆာအမြုတေ တစ်လုံးကို ဒီအတိုင်းသာ မျိုချလိုက်ပါက သူမခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ပါ။

ဟမ်ယဲ့ ဝေခွဲမရဖြစ်သွားခဲ့သည်။ တစ်ဖက်မှာတော့ သူမနှင့် နီးနီးကပ်ကပ်ရှိနေရသည်ကို သူသဘောကျပါသည်။ သူမကို နေ့တိုင်း နမ်းရှိုက်နိုင်လျှင် ပိုကောင်းမည်ဟုပင် တွေးမိသေးသည်။

တစ်ဖက်မှာလည်း သူမ၏ ကျင့်ကြံခြင်းစွမ်းအားများကို အလျှင်အမြန် တိုးတက်မသွားစေချင်ပါ။ သူမ၏ စွမ်းအားများ ပိုမိုမြင့်တက်လာလေလေ ဒီကမ္ဘာကြီးမှ ထွက်ခွာရမည့်အချိန်က ပိုမို နီးကပ်လာလေလေ ဖြစ်သောကြောင့်ပင်။

တိတ်ဆိတ်နေသည့် ဟမ်ယဲ့ကိုကြည့်ရင်း ယန်ရုန်ရုန် ဇဝေဇဝါဖြစ်သွားသည်။

“ရှင်ကူညီမပေးချင်လား ကူညီမပေးချင်လည်း ထားလိုက်ပါတော့၊ ကျွန်မဖာသာ…”

ဟမ်ယဲ့ စကားကို အမြန်ဖြတ်ပြောလိုက်သည်။

“ကူညီပေးချင်ပါတယ်”

ယန်ရုန်ရုန် ရယ်မောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ်”

ထို့နောက် ယန်ရုန်ရုန် ရှေ့သို့တိုးလာပြီး ခေါင်းမော့ပေးလိုက်သည်။ သူမ မျက်ဝန်းများက မျှော်လင့်ချက်များဖြင့် ပြည့်ဝနေပါသည်။

အနမ်းခံရဖို့စောင့်မျှော်နေသည့် သူမ မျက်နှာလေးက ချစ်စရာကောင်းလွန်းသဖြင့် ဟမ်ယဲ့ စိတ်မထိန်းနိုင်တော့ပါ။ သူ့ခေါင်းကို ငုံ့လိုက်ပြီး သူမ၏ နှုတ်ခမ်းဖူးလေးများကို နူးနူးညံ့ညံ့ နမ်းရှိုက်လိုက်တော့သည်။

ဒီတစ်ခါတော့ ဟမ်ယဲ့ ဦးဆောင်ပေးဖို့ပင် မလိုအပ်ဘဲ ယန်ရုန်ရုန်က နှုတ်ခမ်းကိုဟကာ မိစ္ဆာစွမ်းအင်များကို စီးဝင်စေခဲ့သည်။ ဟမ်ယဲ့က သူမကိုယ်ထဲ စီးဝင်နေသည့် မိစ္ဆာစွမ်းအင်ပမာဏကို ထိန်းချုပ်ဖို့ အစွမ်းကုန် ကြိုးစားနေပါသည်။

ယခင်က အတွေ့အကြုံတစ်ခေါက် ရှိဖူးပြီးသားဖြစ်သဖြင့် ဒီတစ်ခါတော့ ယန်ရုန်ရုန် ပိုတည်ငြိမ်နေသည်။ သူမ မျက်လုံးများကို တစ်ဝက်ခန့်ပင် မှိတ်ထားပြီး ဒန်တျန်အတွင်းသို့ စီးဝင်လာသည့် မိစ္ဆာစွမ်းအင်များကို အာရုံခံကာ ဝိညာဉ်စွမ်းအင်အဖြစ် အလျှင်အမြန် ပြောင်းလဲနိုင်မည့် နည်းလမ်းအား ရှာဖွေနေခဲ့သည်။

ဟမ်ယဲ့အမြင်မှာတော့ သူမက အကာအကွယ်မဲ့နေသည့် ကြောင်မကလေးတစ်ကောင်လိုပင်။

သူ့နှလုံးသား ပျော့ပြောင်းသွားခဲ့ရပြီး သူမကျောပြင်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်ပါသည်။ ယန်ရုန်ရုန်က စွမ်းအင်စုပ်ယူဖို့ကိုသာ အာရုံများနေသဖြင့် ထိုအပြုအမူကို သတိမထားမိခဲ့ပေ။

သူမ ဒန်တျန်ထဲ စွမ်းအင်များ ပြည့်နှက်သွားသည်နှင့် သူတို့ ခွဲခွာလိုက်ကြသည်။ ယန်ရုန်ရုန် ချွေးများ စိုရွှဲနေပြီး ခြေထောက်တွေလည်း အားနည်းနေဆဲဖြစ်သည်။

ဟမ်ယဲ့က သူမကို အိပ်ရာပေါ်သို့ တွဲပို့ပေးလိုက်ပါသည်။ ထို့နောက် ယန်ရုန်ရုန် တင်ပလ္လင်ခွေထိုင်ကာ စတင်ကျင့်ကြံခဲ့လေတော့သည်။

-

မုန့်ရှီးမြို့တွင်…

လောလောတစ်ယောက် ဗျိုင်းဖြူငှက်မွေးကလောင်တံကို ကိုင်ရင်း ယန်ရုန်ရုန်နှင့် ဟမ်ယဲ့တို့ သတိပြန်လည်လာစေဖို့အတွက် စာအသည်းအသန်ရေးဖို့ ကြိုးစားနေပါသည်။ သို့သော် သူဘယ်လောက်ပဲ ကြိုးစားပါစေ စာလုံးတစ်လုံးပင် မရေးနိုင်ခဲ့ပေ။

ထိုကလောင်တံက ဟယ့်ပျယ်ချင်း တစ်ယောက်တည်းအတွက်သာ အမှန်ကတယ် အလုပ်လုပ်ပုံရသည်။

ကလောင်တံကို ငေးကြည့်ရင်း လောလောအာရုံထဲ သံသယများဖြစ်တည်လာပါသည်။

ဒီကလောင်တံဖြင့် ရေးသားလိုက်သည့် စာသားများက အရှိတရားအဖြစ် ပြောင်းလဲသွားနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် လောကနိယာမကို ထိန်းချုပ်နိုင်သည့်စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည့်သဘောပင်။

လောကြီးတွင်ရှိသော အရာအားလုံးနှင့်၊ သေဆုံးခြင်းရှင်သန်ခြင်း သံသရာအားလုံးမှာ လောကနိယာမမှ ကင်းလွတ်နိုင်ခြင်း မရှိပါ။ ၎င်းမှာ ကောင်းကင်ဘုံတာအိုမှ သက်ရှိသတ္တဝါများအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်ဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် လောကနိယာမကို ပြောင်းလဲနိုင်သူဟူ၍ ကောင်းကင်ဘုံတာအိုသာ ရှိပါလိမ့်မည်။

တစ်နည်းအားဖြင့် ကောင်းကင်ဘုံတာအိုကသာ ခွင့်ပြုပေးမထားပါက ဗျိုင်းဖြူငှက်မွေးကလောင်တံတွင် ထိုကဲ့သို့ စွမ်းအားမျိုး ရှိနေမည် မဟုတ်ပေ။

လောလော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

‘ဧကန္တ ကောင်းကင်းဘုံတာအိုက ယန်ရုန်ရုန့်ကို သေစေချင်နေတာလား’

ထိုအတွေးကြောင့် လောလော တုန်ယင်သွားခဲ့ရသည်။

‘မဖြစ်နိုင်လောက်ပါဘူး၊ ကောင်းကင်ဘုံတာအိုဆိုတာ စိတ်ခံစားချက်မရှိဘူး၊ လိုအင်ဆန္ဒမရှိဘူး၊ လူသားအားလုံးကို ကြည့်ရှုတာပဲ၊ ဘာလို့ သာမန်မိန်းကလေးကျင့်ကြံသူတစ်ယောက်ကို ပစ်မှတ်ထားရမှာလဲ’

ထိုအတွေးများကို လောလော အမြန်ဆုံး ဖျောက်ဖျက်ပစ်လိုက်ပါသည်။

လျို့လန်နှင့် မုထုန်တို့က သတိလစ်နေသည့် ယန်ရုန်ရုန်နှင့် ဟမ်ယဲ့တို့ဘေးတွင် စောင့်ကြပ်နေကြသည်။ ထို့စဉ် မုန့်ရှီးမြို့တွင်းသို့ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာသည်ကို သူတို့ အာရုံခံမိခဲ့ကြပါသည်။

သူတို့အားလုံး ပြိုင်တူခေါင်းမော့ကြည့်လိုက်ရာ အနက်ရောင်ဝတ်ရုံကိုလွှမ်းခြုံထားသည့် ချောချောမောမော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

ထိုလူငယ်တွင် နက်မှောင်သည့် ဆံနွယ်များနှင့် မှောင်မိုက်သည့် မျက်ဝန်းများရှိသည်။ အသားအရေက ဖြူဖျော့ပြီး သူ့ဘေးနားတွင် ကြောက်စရာတစ္ဆေရောင်ဝါများ ဝန်းရံနေပါသည်။

အားလုံးထဲတွင် ငှက်ပေါက်လေးသာ ထိုလူ့ကို သိပြီး အတောင်ကို အသည်းအသန်ခတ်ရင်း စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

“စနစ်ပိုင်ရှင်! စနစ်ပိုင်ရှင်! ဒုက္ခတော့များပြီ! အဲ့ဒီကောင်စုတ် ရှုယင် ကျွန်ုပ်တို့ကို ရှာတွေ့သွားပြီ! မြန်မြန် နိုးလာပါတော့!”

ငှက်ပေါက်လေး၏ စကားကို ဘယ်သူမှ နားမလည်နိုင်ကြဘဲ တကျိကျိအော်သံများကိုသာ ကြားနိုင်ကြသည်။ သူ့စကားကို နားလည်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည့် ယန်ရုန်ရုန်ကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး တုံ့ပြန်မှု မရှိပေ။

လှေငယ်လေးတစ်စင်းပေါ် မျက်လုံးမှိတ်လျက် မလှုပ်မယှက် လှဲလျောင်းနေသော ယောင်ယောင်ကို ရှုယင် မြင်သွားခဲံသည်။ သူချက်ချင်း အနားကပ်လာဖို့ ကြိုးစားသော်လည်း လောလောနှင့် လျို့လန်တို့က ရှေ့မှ ပိတ်ရပ်ထားလိုက်ကြပါသည်။

လောလောက သတိကြိးစွာ မေးလိုက်သည်။

“မင်းဘယ်သူလဲ”

“ဝိညာဉ်ကျင့်ကြံသူ ရှုယင်”

ဝိညာဉ်ဧကရာဇ်အကြောင်း လောလောကြားဖူးသော်လည်း သူ့အမည်အရင်းက ရှုယင်ဟူသည်ကို မသိပါ။ ထို့ကြောင့် ဒီလူက သာမန်စွမ်းအားမြင့် ဝိညာဉ်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

ရှုယင်ကို သူသေချာ အကဲခတ်လိုက်ပြီး ထပ်မေးလိုက်ပါသည်။

“ငါတို့သခင်မနဲ့ သိလို့လား”

ယောင်ယောင်ကို ‘သခင်မ’ဟု ခေါ်ဆိုနေသဖြင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ကောင်းမွန်လောက်သည်ဟု ရှုယင် ရိပ်မိကာ စိတ်ရှည်လက်ရှည် ပြန်ဖြေပေးလိုက်ပါသည်။

“ယောင်ယောင်က ငါ့သတို့သမီးလောင်းပဲ၊ သူ့ကို အိမ်ပြန်ခေါ်သွားဖို့ လာခဲ့တာ”

လောလော အံ့အားသင့်သွားပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“မင်းလူမှားနေပြီထင်တယ်၊ ငါတို့သခင်မနာမည်က ယောင်ယောင် မဟုတ်ဘူး”

ရှုယင်က ပြန်မေးသည်။

“အဲ့တာဆို သူ့နာမည်က ဘာလဲ”

“ယန်ရုန်ရုန်တဲ့”

ထိုအမည်ကို ရှုယင် အာရုံထဲတွင် အကြိမ်ကြိမ် ရေရွတ်လိုက်သည်။ ‘ဒါဆို အဲ့တာ သူ့နာမည်အရင်းပေါ့…’

လောလော သံသယ ပိုကြီးသွားသည်။

“မင်းဒီကို ဘာလာလုပ်တာလဲ”

ရှုယင်က တည်တည်ငြိမ်ငြိမ် ထပ်ပြောလိုက်သည်။

“ငါ့သတို့သမီးလောင်းကို ပြန်လာခေါ်တာ”

လောလော ရယ်ချင်သွားသည်။

“ငါတို့သခင်မရဲ့ နာမည်အရင်းကိုတောင် မှန်အောင်မပြောနိုင်ဘဲနဲ့ မင်းသတို့သမီး ဖြစ်နိုင်ပါ့မလား”

“နာမည်ဆိုတာ အခေါ်အဝေါ်တစ်ခုပဲ၊ ဘာအရေးကြီးလို့လဲ”

လောလောက ပြန်ချေပသည်။

“အရေးမကြီးဘူးလား”

“ငါ့အတွက်တော့ အရေးမကြီးဘူး၊ အရေးကြီးတာက သူဖြစ်နေဖို့ပဲ”

All Chapters