← Chapters

အခန်း (၂၇၅-၂၇၆)

Vol. 28 Ch. 275-276

အခန်း (၂၇၅-၂၇၆)

Vol. 28 Ch. 275-276

🌹Chapter 275

ရှုယင်မှာ နဂိုကတည်းက တစ်ကိုယ်တည်းနေတတ်သူဖြစ်ရာ လူသူအများနှင့် စကားပြောဆိုဆက်ဆံရသည်ကို သဘောမကျပေ။ တစ်ခါတစ်ရံ တစ်နှစ်လုံးနီးပါး ဘယ်သူ့ကိုမှ စကားမပြောဘဲ နေတတ်သည်။

စောနက လောလော၏ မေးခွန်းများကို သည်းခံပြီး ပြန်ဖြေပေးခဲ့ရခြင်းက လောလောနှင့် ယန်ရုန်ရုန်တို့၏ ခင်မင်မှုမျက်နှာကို ထောက်ထားခဲ့ခြင်းကြောင့်ပင်။ ယခု ပြောစရာရှိသည်ကို ပြောခဲ့ပြီးပြီဟု ခံစားမိ၍ လောလောကို လျစ်လျူရှုလိုက်ပြီး ယန်ရုန်ရုန့်ကိုသာ ရှုယင် အာရုံစိုက်လိုက်သည်။

ယန်ရုန်ရုန့်ဝိညာဉ်က သူမခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီဖြစ်မှန်း ရှုယင် သိလိုက်ရသည်။ ထို့ကြောင့် ဝိညာဉ်ဆင့်ခေါ်တံခွန်တိုင်ကို ထုတ်သုံးလိုက်ပြီး ယန်ရုန်ရုန့်ဝိညာဉ်ကို ပြန်လည် ခေါ်ဆောင်ဖို့ ကြိုးစားပါသည်။

သို့သော် ပုံမှန်ဆို အမှားကင်းသည့် သူ့ဝိညာဉ်ဆင့်ခေါ်ခြင်းနည်းလမ်းမှာ ဒီတစ်ခါတော့ ကျရှုံးခဲ့ရသည်။

တံခွန်တိုင်မှတဆင့် ယန်ရုန်ရုန့်ဝိညာဉ်ကို သူအာရုံခံမိပြီး သူမဝိညာဉ်က ပျောက်ဆုံးသွားခြင်းမဟုတ်ဘဲ ကြီးမားသည့် စွမ်းအားတစ်ခု၏ ချုပ်နှောင်မှုကို ခံထားရခြင်းသာ ဖြစ်မှန်း သိလိုက်ရသည်။

ဝိညာဉ်ကျင့်ကြံသူများအကြား အသန်မာဆုံးဖြစ်သည့် ရှုယင်ပင် ထိုအကာအရံကို အပြင်ဘက်မှ ချိုးဖျက်၍ မရနိုင်ပါ။ အတွင်းဘက်မှ အချုပ်အနှောင်များကို ယန်ရုန်ရုန်ကိုယ်တိုင် ချိုးဖျက်ပြီး သူမခန္ဓာကိုယ်ဆီ ပြန်လာမှ ဖြစ်ပါလိမ့်မည်။

ထို့နောက် ယန်ရုန်ရုန့်ခန္ဓာကိုယ်နှင့် ဟမ်ယဲ့၏ ခန္ဓာကိုယ်တို့ အလွန်ပူးကပ်နေသည်ကို ရှုယင်သတိထားမိသွားခဲ့သည်။ သူတို့ကြားထဲ အပ်ဖျားတစ်စစာပင် လစ်ဟနေခြင်း မရှိပေ။

ထိုမြင်ကွင်းကို မြင်ပြီး ရှုယင်၏ မျက်မှောင်များ တင်းကျပ်စွာ ကြုတ်သွားခဲ့သည်။ သူ့ဘေးနားရှိ တစ္ဆေရောင်ဝါများလည်း ပိုမိုကြမ်းကြုတ်လာခဲ့သည်။

ထိုနှစ်ယောက်ကို ခွဲထုတ်ဖို့ ရှုယင် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။ နှစ်ယောက်စလုံး တစ်သားတည်း ဖြစ်နေသကဲ့သို့ ပူးကပ်နေကြပါသည်။

လောလောက ဝင်ရှင်းပြလိုက်သည်။

“အပင်ပန်းခံမနေနဲ့၊ သူတို့နှစ်ယောက်ကို လွမ်ဇာမဏီဆံထိုးက ချုပ်နှောင်ထားတာ၊ အဲ့ဒီဆံထိုးက ဟယ့်ပျယ်ချင်းရဲ့ နတ်ရတနာမို့လို့ ဘယ်လိုပြန်ဖျက်သိမ်းရမလဲ သူပဲသိမှာ၊ ဒါပေမယ့် သူက သေသွားပြီလေ”

အနီးနားရှိ ရေပေါ်တွင် မျောနေသော ဟယ့်ပျယ်ချင်း၏ အလောင်းကို စိုက်ကြည့်ကာ ရှုယင် အေးစက်စွာ ပြောလိုက်သည်။

“ဒါဆို သူ့ဝိညာဉ်ကို ရှာကြတာပေါ့”

လောလော သက်ပြင်းချလိုက်သည်။

“ငါကြိုးစားကြည့်ပြီးပြီ၊ မအောင်မြင်ဘူးး”

ဝိညာဉ်ရှာဖွေသည့်ပညာတစ်ခုကို အသုံးပြုကာ ဟယ့်ပျယ်ချင်း၏ မှတ်ဉာဏ်များကို ဖတ်ရှုကြည့်ဖို့ လောလော ကြိုးစားခဲ့ပါသည်။ သို့သော် သူ့မှတ်ဉာဏ်များက အလွန်ရှုပ်ထွေးနေပြီး ကျိုးပဲ့နေသည့် အပိုင်းအစများစွာကို အတင်းဖိသိပ်ထားသကဲ့သို့ ဖြစ်နေသည်။

ထိုအပိုင်းအစတိုင်းကို လောလော ရှာဖွေခဲ့သော်လည်း ဗျိုင်းဖြူငှက်မွေးကလောင်တံ သို့မဟုတ် လွမ်ဇာမဏီဆံထိုးတို့နှင့် ဆက်နွယ်သည့် အချက်အလက်များကို ရှာမတွေ့ခဲ့ပါ။

ထိုရတနာနှစ်ခုစလုံးကို ဟယ့်ပျယ်ချင်း ပိုင်ဆိုင်ပြီး မကြာသေးခင်ကမှ အသုံးပြုထားခြင်းဖြစ်သဖြင့် ထိုရတနာများနှင့် ပတ်သတ်သည့် မှတ်ဉာဏ်များ သူ့တွင်ရှိမနေသည်မှာ အဓိပ္ပာယ်မရှိလှပေ။

သူ့မှတ်ဉာဏ်များကို တစ်စုံတစ်ဦးက ဖျက်ဆီးထားခြင်းကြောင့်သာ ဖြစ်နိုင်သည်။

လောလောက သူတွေးမိသည့်အရာများကို ရှုယင်အား ပြောပြလိုက်ပြီး မေးမြန်းလိုက်သည်။

“မင်းက ဝိညာဉ်ကျင့်ကြံသူမလား၊ အဲ့တာဆို ဝိညာဉ်တွေအကြောင်းကို ငါ့ထက် ပိုသိမှာပေါ့၊ အဲ့ဒီကိစ္စ ဖြေရှင်းဖို့ မင်းမှာ နည်းလမ်းရှိလား”

ရှုယင်ကလည်း စိတ်မပျက်စေခဲ့ဘဲ ချက်ချင်း အဖြေတစ်ခုပေးလိုက်သည်။

“သူ့ကို ငါ့ဆီပေး… သူ့ဝိညာဉ်ကို သန့်စင်ပေးမယ်”

ဝိညာဉ်ကျင့်ကြံသူများက ဝိညာဉ်သန့်စင်သည့် ပညာတွင် အလွန်ထူးချွန်ကြသည်။ ဝိညာဉ်ဧကရာဇ် ဖြစ်သည့်အလျောက် အားလုံးထဲတွင် ရှုယင်က အထူးချွန်ဆုံး ဖြစ်ပါသည်။

ဟယ့်ပျယ်ချင်း၏ ဝိညာဉ်ကို အောင်အောင်မြင်မြင် သန့်စင်လိုက်သည်နှင့် ရှုယင်၏ လက်အောက်သို့ လုံးဝ ကျရောက်သွားလိမ့်မည်။ ဟယ့်ပျယ်ချင်းကို ရှုယင် အကြွင်းမဲ့ ထိမ်းချုပ်သွားနိုင်ပါလိမ့်မည်။

ထိုအခါ ဟယ့်ပျယ်ချင်းက ရှုယင်ခိုင်းသမျှကို နာခံပြီး သူ့မှတ်ဉာဏ်များကိုပင် ရှုယင်အား ဖွင့်ချပြသရလိမ့်မည်။

လောလော ဘာမှဆက်မပြောတော့ဘဲ ဟယ့်ပျယ်ချင်း၏ အလောင်းကို ရှုယင်လက်ထဲ ထည့်ပေးလိုက်ပါသည်။

ရှုယင်က ညာဘက်လက်ကို လှန်လိုက်ရာ ဝိညာဉ်ဆင့်ခေါ်တံခွန်တိုင် ပျောက်ကွယ်သွားပြီး ဝီညာဉ်သန့်စင်တံခွန်တိုင်က အစားထိုး ဝင်ရောက်လာခဲ့သည်။

ထို့နောက် ဟယ့်ပျယ်ချင်း၏ ဝီညာဉ်ကို ထိုတံခွန်တိုင်ထဲ ဆွဲသွင်းလိုက်ပြီး ကြေးခေါင်းလောင်းတစ်လုံးကို တီးခတ်ကာ ကျင့်စဉ်ကို စတင်လိုက်သည်။

တံခွန်တိုင်၏ သွေးကဲ့သို့ နီမြန်းနေသော မျက်နှာပြင်မှာ သွေးပင်လယ်တစ်စင်းပမာ လှုပ်ခတ်သွားခဲ့သည်။ ထိုပင်လယ်ထဲတွင် ဝိညာဉ်တစ်ခု နာကျင်စွာဖြင့် လူးလှိမ့် ရုန်းကန်နေရသည်ကို မြင်နိုင်ပါလိမ့်မည်။

ကြေးခေါင်းလောင်သံက ပိုမိုစူးရှစွာ ထွက်ပေါ်လာပြီး တစ္ဆေရောင်ဝါများကလည်း ပိုမိုထူထပ်လာခဲ့သည်။

တစ်ချက်လောက်ကြည့်လိုက်ရုံနှင့် ဟယ့်ပျယ်ချင်းဝိညာဉ်၏ နာကျင်မှု၊ ဒုက္ခဝေဒနာများကို လောလော ခံစားနိုင်ပါသည်။ စိတ်ထဲမှလည်း သူရေရွတ်လိုက်မိသည်။

‘အဲ့တာကြောင့်လည်း ဝိညာဉ်ကျင့်ကြံသူတွေဆိုရင် ကျင့်ကြံသူတော်တော်များများက ရှောင်ကြတာကိုး… သူတို့ရဲ့ ဝိညာဉ်သန့်စင်ခြင်းပညာက တကယ်ယုတ်ညံ့ပြီး ကြောက်စရာကောင်းလွန်းတယ်’

-

ပုံပြင်ကမ္ဘာထဲတွင်…

ယန်ရုန်ရုန် ဒီကမ္ဘာကြီးထဲမှ အမြန်ဆုံးထွက်သွားချင်နေပါပြီ။ သူမဒန်တျန်အတွင်းရှိ မိစ္ဆာစွမ်းအင်များကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပြီးတိုင်း နောက်ထပ် မိစ္ဆာစွမ်းအင်များ ရရှိဖို့အတွက် ဟမ်ယဲ့ကို ချက်ချင်း အကူအညီတောင်းခဲ့သည်။

ဟမ်ယဲ့ကလည်း ‘ကျင့်ကြံခြင်းထောက်ကူပြုပစ္စည်း’အဖြစ် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပြီး သူမ၏ ကျင့်ကြံခြင်းစွမ်းအားများ ပိုမိုတိုးမြင့်လာစေဖို့အတွက် မဆုတ်မနစ် ကူညီပေးခဲ့ပါသည်။ ထို့အတွက် သူ့ကို ယန်ရုန်ရုန် အလွန်ကျေးဇူးတင်မိသည်။

သူမ၏ ကျင့်ကြံခြင်းအဆင့် အလွန်လျှင်မြန်စွာ မြင့်တက်လာပြီး မကြာမီ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ပြန်လည်ရောက်ရှိတော့မည်ဖြစ်၍ ယန်ရုန်ရုန် အလွန်တက်ကြွနေခဲ့သည်။

“ရှင့်ကျေးဇူးကြောင့် ကျွန်မဒီလိုချောချောမွေ့မွေ့ ကျင့်ကြံနိုင်ခဲ့တာပါ”

ဟမ်ယဲ့ကို သူမ ပြောလိုက်သည်။

“ကျွန်မအခု နတ်ဝိညာဉ်သန္ဓေနှောင်းပိုင်းအဆင့်ကို ရောက်နေပြီ၊ မိစ္ဆာစွမ်းအင်တွေ နောက်ဆုံးတစ်ကြိမ်လောက် စုပ်ယူလိုက်တာနဲ့ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကို တက်နိုင်ပြီး ရှင်နဲ့အတူတူ ဒီကမ္ဘာထဲကနေ လွက်မြောက်နိုင်တော့မယ်”

ယန်ရုန်ရုန့်ကို ဟမ်ယဲ့ နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် ငေးကြည့်လိုက်သည်။ သို့သော် သူ့ရင်ထဲမှာတော့ တစ်ခုခုကို ဆုံးရှုံးရတော့မလို ဟာတာတာခံစားချက်ကြီး ခံစားနေရပါသည်။

အချိန်တွေက မြန်ဆန်လွန်းသည်။ ဒီတစ်ကြိမ်က သူမကို ဟမ်ယဲ့ ပွင့်ပွင့်လင်းလင်း နမ်းရှိုက်နိုင်မည့် နောက်ဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။

ဟမ်ယဲ့၏ လည်စေ့ လှုပ်ရှားသွားခဲ့ပြီး သူမ၏အမည်ကို ခေါ်ဆိုလိုက်ပါသည်။

“ရုန်ရုန်…”

သူ့အသံက တိုးညှင်းပြီး အက်ကွဲနေသည်။ မျက်ဝန်းတွေကလည်း စိတ်ခံစားချက်များစွာကို ဖိသိပ်ထားရသည့်အလား တုန်ယင်နေခဲ့ပါသည်။

ဟမ်ယဲ့၏ ထူးဆန်းနေသည့် အမူအရာကို ယန်ရုန်ရုန်လည်း သတိပြုမိသွားသည်။

“ဘာဖြစ်လို့လဲ”

သူ့ရင်ထဲက ဆန္ဒအမှန်များကို ဟမ်ယဲ့ ထုတ်ပြောချင်မိသည်။ ဒီကမ္ဘာမှ သူထွက်မသွားချင်ကြောင်း၊ ဒီကမ္ဘာက ပြီးပြည့်စုံသဖြင့် သူမနှင့်တစ်သက်လုံး အတူတူနေထိုင်သွားချင်ကြောင်း ပြောပြချင်ခဲ့သည်။

သို့သော် ထိုစကားလုံးများကို ထုတ်ပြောလိုက်ပါက ယန်ရုန်ရုန် မပျော်မရွှင်ဖြစ်သွားမှာကို သူ့စိတ်က အလိုလိုသိနေပါသည်။ ယန်ရုန်ရုန့်ကို သူစိတ်မညစ်စေချင်ပေ။

အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ဟမ်ယဲ့ သိမ်မွေ့စွာ ပြောလိုက်သည်။

“အရမ်းကြီး အလျှင်မလိုပါနဲ့၊ တစ်ခါတလေ ဖြည်းဖြည်းချင်းသွားလည်း အဆင်ပြေပါတယ်”

ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။

“ရှင်ဘာကိုဆိုလိုချင်တာလဲ ကျွန်မနားလည်ပါတယ်၊ ကျွန်မသုံးနေတဲ့ နည်းလမ်းက အရမ်း ကြမ်းတမ်းလွန်းတယ်၊ ဝိညာဉ်စွမ်းအင်ကို အသုံးချပြီး ကျွန်မရဲ့ ဒန်တျန်နဲ့ သွေးကြောတွေရဲ့အရွယ်အစားကို အတင်းအကျပ် တိုးချဲ့ခဲ့တာ၊ နတ်ဝိညာဉ်သန္ဓေနှောင်းပိုင်းအဆင့်ကို ရောက်နေပြီဆိုပေမယ့် အခြေခံအုတ်မြစ်တောင် မတည်ငြိမ်သေးဘူး”

“ကျွန်မခန္ဓာကိုယ်ကလည်း ထိခိုက်လွယ်တယ်၊ ဒီတိုင်း ဆက်သွားမယ်ဆိုရင် ချီလမ်းကြောင်း သွေဖည်မှုနဲ့ ကြုံလာရနိုင်တယ်၊ ဒါပေမယ့် ကျွန်မ ဒီအထိတောင် ရောက်လာခဲ့ပြီလေ၊ အခုမှ နောက်ပြန်ဆုတ်လို့မရတော့ဘူး၊ စွန့်စားလိုက်တာ ပိုကောင်းပါတယ်”

သူ့စကားကို ယန်ရုန်ရုန် နားလည်မှုလွဲနေမှန်း ဟမ်ယဲ့ သိပါသည်။ သို့သော် သူရှင်းမပြတော့ဘဲ နှစ်သိမ့်ပေးလိုက်သည်။

“ငါရှိပါတယ်၊ မင်းကိုဘာမှဖြစ်ခွင့်မပေးဘူး”

ယန်ရုန်ရုန် ကျေးဇူးတင်စွာ ခေါင်းညိတ်လိုက်သည်။ သူမ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားပြီးပါပြီ။ ချီလမ်း ကြောင်း သွေဖည်ခြင်းနှင့် ရင်ဆိုင်ရလျှင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး အချိန်ကို နောက်ပြန်ဆုတ်လိုက်မည်။

နောက်တစ်ခါဆို ဟယ့်ပျယ်ချင်းတစ်လုံးမှ မရေးသားနိုင်ခင် သူ့ကလောင်တံကို အရင်ဆုံး လုယူလိုက်ပါမည်။

ယန်ရုန်ရုန်က ဟမ်ယဲ့၏ ခါးကို ဆွဲကာ အနားသို့ကပ်လာပြီး သူမနှုတ်ခမ်းနှင့် သူ့နှုတ်ခမ်းကို ထိတွေ့လိုက်ပါသည်။

ဒါက နောက်ဆုံးအကြိမ်ဖြစ်မှန်း သိနေသဖြင့် ဟမ်ယဲ့၏ စိတ်အခြေအနေမှာ ယခင်ကနှင့်လုံးဝ ခြားနားနေခဲ့သည်။

သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး မိစ္ဆာစွမ်းအင်များအား သူမခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စီးဆင်းစေခဲ့သည်။ သူ့ရွှေရောင်သားရဲမျက်ဝန်းများဖြင့် အနီးဆုံးတွင် ရှိနေသည့် သူမကို ငေးကြည့်နေခဲ့သည်။

ဒန်တျန်အတွင်း မိစ္ဆာစွမ်းအင်များ သောင်းကျန်းနေမှုကြောင့် ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားပြီး မျက်နှာလည်း ဖြူရော်နေသည်။

ဒန်တျန်ထဲ မိစ္ဆာစွမ်းအင်များ ပြည့်သွားသည့်အခါ သူတို့နှစ်ယောက် ခွဲသင့်ပြီဖြစ်သော်လည်း ဟမ်ယဲ့က သူမကို လွှတ်မပေးသေးပါ။

လက်တစ်ဖက်ကို သူမခါးနောက်တွင်ဖက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူမလည်ပင်းလေးကို ကိုင်ကာ ဆက်လက် နမ်းရှိုက်နေခဲ့သည်။

နဂိုကတည်းကမှ ကိုယ်ထဲက မိစ္ဆာစွမ်းအားများကြောင့် ယန်ရုန်ရုန် မသက်မသာဖြစ်နေရသည့်ကြားထဲ သူ၏ ကြမ်းတမ်းလှသော အနမ်းကြောင့် အသက်ရှူရ ပိုခက်လာကာ မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားခဲ့သည်။

သူမ၏ လက်နှစ်ဖက်ဖြင့် ဟမ်ယဲ့၏ ရင်ဘတ်ကို တွန်းထုတ်ဖို့ ကြိုးစားနေပြီး လည်ချောင်းအတွင်းမှလည်း တအီအီ ညည်းသံများ ထွက်ပေါ်နေလေသည်။

ဟမ်ယဲ့၏ နှလုံးသားတစ်ခုလုံးတွင် ခွဲခွာရတော့မည်ဟူသော အတွေးများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ မကျေနပ်မှုနှင့် တွယ်တာမှုများက သူ့ရင်ထဲအပြည့် နေရာယူထားသဖြင့် စက္ကန့်နှင့်အမျှ အလွန်နာကျင်နေရပါသည်။

‘နောက်ဆုံးအကြိမ်… ဒါနောက်ဆုံးအကြိမ်ပဲ’

သူတို့ ဒီကမ္ဘာကြီးမှ ထွက်သွားရသည်နှင့် အကြွေးတွေအားလုံး ကျေသွားပြီဟု ယန်ရုန်ရုန်က သတ်မှတ်ချင်နေသည်။

‘ဘယ်သူက သူနဲ့အကြွေးကျေချင်လို့လဲ… အဲ့တာ သူ့ရဲ့ တစ်ဖက်သတ်ဆန္ဒတွေပဲ!’

ဟမ်ယဲ့ လုံးဝ လက်မခံနိုင်ပေ။

🌹Chapter 276

ယန်ရုန်ရုန် အလွန်နာကျင်နေသည်။ သည်းမခံနိုင်သည့်အဆုံး ဟမ်ယဲ့၏ လျှာထိပ်ကို အားပါပါ ကိုက်ချပစ်လိုက်ရာ နှစ်ယောက်စလုံး၏ ပါးစပ်ထဲ သွေးအရသာများဖုံးလွှမ်းသွားခဲ့ပါသည်။

ဟမ်ယဲ့က လှုပ်ပင်မလှုပ်ပေ။ သူမကို လွှတ်ပေးဖို့လည်း အစီအစဉ်ရှိပုံမပေါ်ပါ။

ထိုအနမ်းမှာ အချိန်အတော်ကြာမြင့်ခဲ့သည်။ ယန်ရုန်ရုန်၏ ရုန်းကန်မှုများ အားနည်းလာပြီး အချိန်မရွေး သတိလစ်သွားတော့မည့် အခြေအနေကို ရောက်ခါမှ ဟမ်ယဲ့ အနည်ငယ် ဆုတ်ခွာပေးလိုက်ပါသည်။

နှစ်ယောက်စလုံး၏ နှုတ်ခမ်းများတွင် သွေးများစွန်းထင်းနေပြီး ကြက်သွေးရောင် နှုတ်ခမ်းနီများ ဆိုးထားသကဲ့သို့ဖြစ်နေသည်။

ဟမ်ယဲ့ အသက်ရှူသံများ ပြင်းထန်နေပြီး ယန်ရုန်ရုန့်ကို သားရဲတစ်ကောင်လို အကြည့်မျိုးဖြင့် ကြည့်နေသည်။ ဆာလောင်နေသည်မှာကြာပြီဖြစ်၍ သူမကို အကောင်လိုက် ဝါးမျိုတော့မည့် သားရဲတစ်ကောင်၏ အကြည့်မျိုးပင်။

ယန်ရုန်ရုန်လည်း အသက်လုရှူပြီးနောက် ဟမ်ယဲ့ကို ပါးဖြတ်ရိုက်ပစ်လိုက်သည်။ သို့သော် ယခု သူမ အားအင်တွေကုန်ခမ်းနေသဖြင့် ထိုရိုက်ချက်က ဟမ်ယဲ့အတွက် အယားပြေရုံသာ ရှိပါသည်။

သို့သော် ဟမ်ယဲ့မျက်ဝန်းများ ချက်ချင်း နီမြန်းသွားပြီး မျက်နှာပေါ်တွင်လည်း အလွန်အမင်း ဝမ်းနည်းကြေကွဲနေသော အရိပ်အယောင်များ ထင်ဟပ်လာခဲ့ပါသည်။

ယန်ရုန်ရုန် နောက်သို့ နှစ်လှမ်းဆုတ်ကာ စားပွဲအနီးတွင် မှီလိုက်ပြီး အားမရှိသော လေသံဖြင့် သူ့ကို ငေါက်လိုက်သည်။

“ရှင်ကပဲ ကျွန်မကို အခွင့်အရေးယူသေးတယ်၊ အခု ရှင်ကပဲ ပြန်ဝမ်းနည်းပြနေသေးတယ်ပေါ့!”

ဟမ်ယဲ့ ရင်ဘတ်များ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် လှုပ်ရှားလာသည်။ ရက်ပေါင်းများစွာ သူချုပ်တည်းခဲ့ရသည့် ခံစားချက်များ နောက်ဆုံးတော့ ပွင့်ထွက်လာခဲ့ပါသည်။

“ငါမင်းကို လိမ်ခဲ့တာ”

ယန်ရုန်ရုန် ကြက်သေသေသွားသည်။

“ဘာကိုလိမ်တာလဲ”

“ကျေးဇူးကြွေးတွေဆပ်ဖို့ဆိုတာ မင်းဘေးမှာနေချင်လို့ တမင်ပေးခဲ့တဲ့ အကြောင်းပြချက်သက်သက်ပဲ၊ အဲ့ဒီအကြွေးတွေ ကျေအောင်ဆပ်ပြီး မင်းနဲ့ သံယောဇဉ်ဖြတ်တောက်ဖို့ ဘယ်တုန်းကမှ တကယ်အစီအစဉ်မရှိခဲ့ဘူး”

ယန်ရုန်ရုန် သူ့ကို ဖော်ပြရခက်သော မျက်နှာထားဖြင့် ကြည့်လိုက်ပြီး ဘာပြန်ပြောရမှန်း မသိတော့ပါ။

ဟမ်ယဲ့လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး သူ့မျက်ဝန်းတွေထဲမှာလည်း ဆုံးဖြတ်ချက် ပြတ်သားသွားခဲ့သည်။ သူ့ခံစားချက်များကို ဖွင့်ဟဝန်ခံဖို့ ဒါနောက်ဆုံးအခွင့်အရေးဖြစ်မှန်း သူနားလည်ပါသည်။

ဒီကမ္ဘာကြီးထဲမှ လွတ်မြောက်သွားသည်နှင့် သူ့ကို ယန်ရုန်ရုန် တွန့်ဆုတ်မှုမရှိဘဲ ထပ်ပြီးထားခဲ့မှာ သေချာသည်။ ထိုအခါ သူပြောချင်သည့်စကားများကို ဖွင့်ပြောဖို့ အခွင့်အရေးရမှာ မဟုတ်တော့ပါ။

“ဒီကမ္ဘာကြီးထဲကို မင်းနဲ့အတူ ရောက်လာခဲ့ရတာ ငါဝမ်းသာတယ်၊ ဒီနေရာကို ငါသဘောကျတယ်၊ ဒီတောင်စောင့်နတ်ကျောင်းထဲမှာ မင်းနဲ့ငါ နှစ်ယောက်တည်းပဲရှိတာ၊ ငါက မင်းယုံကြည်အားကိုးလို့ရတဲ့ တစ်ဦးတည်းသောသူပဲ၊ ငါတို့ကို ဘယ်သူမှလည်း အနှောင့်အယှက်ပေးလို့မရဘူး၊ ငါတို့… ငါတို့နှစ်ယောက် ဒီလိုပဲ တစ်သက်လုံးနေသွားလို့ရရင် သိပ်ကောင်းမှာပဲလို့ ဆုတောင်းမိတယ်…”

သူ့အတွေးများကြောင့် ယန်ရုန်ရုန် သိသိသာသာ မှင်သက်သွားခဲ့သည်။ ဟမ်ယဲ့လည်း သူမလိုပဲ ဒီလို လွတ်လပ်ခြင်း ကင်းမဲ့သည့် အတုအယောင်ကမ္ဘာထဲမှ အမြန်ဆုံးလွတ် မြောက်ချင်နေသည်ဟု ယန်ရုန်ရုန် ထင်ခဲ့မိပါသည်။

ဟမ်ယဲ့ ကိုယ်ကိုယ်ကိုယ် လှောင်ပြောင်ကာ ရယ်မောလိုက်သည်။

“ငါ သိပါတယ်၊ မင်းငါ့ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်နေလောက်ပြီ၊ ဒါပေမယ့် ငါက တကယ်လည်း တစ် ကိုယ်ကောင်းဆန်တဲ့သူပါ၊ ငါ့ကိုတော်တော်စိတ်ပျက်သွားလောက်ပြီမလား”

ယန်ရုန်ရုန် တီးတိုးရေရွတ်လိုက်သည်။

“ဒါပေမယ့် ဒီကမ္ဘာကြီးက အတုအယောင်လေ… ဘယ် လောက်ပဲ ရင်ဆိုင်ဖို့ ခက်ခဲနေပါစေ လူဆိုတာ လက်တွေ့ဘဝမှာပဲ နေထိုင်သင့်တာမဟုတ်ဘူးလား”

“ဒီကမ္ဘာကြီးက အတုအယောင်ဖြစ်နေရင်တောင် မင်းက အစစ်အမှန်ပဲလေ”

ယန်ရုန်ရုန်ဆွံ့အသွားသည်။ ဟမ်ယဲ့က ရှေ့သို့ နှစ်လှမ်းတိုးလာပြီး သူမရှေ့တွင် ဖြည်းညှင်းစွာ ဒူးထောက်ချလိုက်သည်။

ထို့နောက် သူမလက်တစ်ဖက်ကို ဆွဲယူပြီး တောင်းပန်နေသော မျက်ဝန်းများဖြင့် ဆိုလိုက်သည်။

“ရုန်ရုန်… ကျေးဇူးပြုပြီး ငါတို့ ဒီမှာပဲနေလို့မရဘူးလားဟင်”

ယန်ရုန်ရုန်က သူမလက်ကို မဆိုင်းမတွ ပြန်ဆွဲယူလိုက်ပြီး တဲ့တိုးပြောလိုက်သည်။

“မရဘူး၊ ကျွန်မ ပြန်ရမှဖြစ်မယ်”

သူမအတွက်ကတော့ အတုအယောင်က အတုအယောင်ပင်။ အတုအယောင်ကို အစစ်အမှန်ဟု ဘယ်သောအခါမှ ခံစားနိုင်မှာ မဟုတ်ပါ။

ထိုအဖြေကို ဟမ်ယဲ့ မျှော်လင့်ထားပြီးသားဖြစ်သည်။ မျက် ရည်များကျမလာအောင် နီမြန်းနေသည့် သူ့မျက်လုံးများကို ဖုံးအုပ်လိုက်ပြီး ခပ်သဲ့သဲ့ရယ်မောလိုက်ပါသည်။ ထို့နောက် အက်ကွဲနေသောလေသံဖြင့် ဆိုလိုက်သည်။

“ဒီလိုဖြစ်လာမှာ ငါ သိနေတယ်…”

စိတ်ကူးယဉ်ဆန်သည်ပဲ ဆိုပါစေ ထိုမျှော်လင့်ချက်မီးတောက်လေးကို သူ့ရင်ထဲမှာ သိမ်းဆည်းထားခဲ့မိသည်။ ယခုတော့ ထိုနောက်ဆုံး မျှော်လင့်ချက်မီးတောက်လေးပါ ငြိမ်းသတ်သွားခဲ့ရပါပြီ။

သူ့မျက်ဝန်းများကို ကြမ်းတမ်းစွာ ပွတ်သပ်လိုက်ရင်း အသက်ဝဝရှူကာ တည်ငြိမ်ချင်ယောင် ဆောင်လိုက်ပါသည်။ ထို့နောက် ဟန်ဆောင်အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ငါမင်းကို အလကားနောက်နေတာပါ၊ တကယ်မထင်လိုက်နဲ့နော်၊ မင်းလုပ်စရာရှိတာဆက်လုပ်၊ အကူအညီလိုအပ်တာရှိရင် ငါ့ကိုပြော၊ ငါကူညီဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်”

ထိုသို့ပြောပြီးနောက် သူမတ်တပ်ထရပ်ကာ တောင်စောင့်နတ်ကျောင်းထဲမှ အလွန်စိတ်ဓာတ်ကျနေဟန်ဖြင့် ထွက်သွားခဲ့တော့သည်။

ထွက်ခွာသွားသော သူ့ကျောပြင်ကို ယန်ရုန်ရုန် ငေးကြည့်နေခဲ့သော်လည်း တားဆီးဖို့ဘာမှမပြောခဲ့ပါ။ သူမ နှုတ်ခမ်းပေါ်မှ သွေးများကိုသာ တိတ်တဆိတ် သုတ်ပစ်လိုက်သည်။

သူမက သွေးအေးသတ္တဝါမဟုတ်သလို နှလုံးသားလည်း မမဲ့ပါ။ ဒီရက်ပိုင်းအတွင်း သူမကို ကူညီပေးဖို့အတွက် ဟမ်ယဲ့ အစွမ်းကုန် ကြိုးစားပေးခဲ့သည်။ သူမ လိုချင်သမျှကိုလည်း ကောင်းကင်နှင့်ကမ္ဘာမြေကို ဖြတ်သန်းကာ သူရှာဖွေပေးခဲ့သည်။

ဟမ်ယဲ့အပေါ် သူမထားရှိခဲ့သည့် အငြှိုးအတေးများမှာလည်း သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့ပါပြီ။

သို့သော် သူမ ဒီမှာဆက်နေလို့မရပါ။ သူမတွင် လုပ်စရာအလုပ်တွေ အများကြီး ကျန်ရှိနေသေးသည်။

သူမကို သတ်ဖို့ ကြိုးစားနေသူက ဘယ်သူဘယ်ဝါဖြစ် ကြောင်း သိရအောင်စုံစမ်းရမည်။ ဒီကျင့်ကြံခြင်းကမ္ဘာထဲ ဘာကြောင့် ကူးပြောင်းလာရကြောင်းကို နားလည်အောင် လုပ်ရမည်။ သူမအိပ်မက်ထဲ အကြိမ်ကြိမ်ရောက်လာတတ်သည့် ဆန်းကြယ်သည့် အမျိုးသားနှင့် အမျိုးသမီးတို့အကြောင်းကိုလည်း သိအောင် လုပ်ရပါဦးမည်။

သူမ ဖြေရှင်းရမည့် ပဟေဠိများစွာ ရှိနေသေးသည်။ ရှာဖွေရမည့် အမှန်တရားများစွာ ရှိနေသေးည်။ ပုံပြင်တစ်ခုမှ ဖြစ်တည်လာသော အတုအယောင်ကမ္ဘာတစ်ခုတွင် ရပ်တန့်နေ၍ မရပေ။

ပါးစပ်ထဲမှ သွေးအရသာများ ပျောက်သွားအောင် ယန်ရုန်ရုန် ရေတစ်ခွက်ငှဲ့လိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားလျက် ကျင့်ကြံခြင်းထံသို့ အာရုံပြန်စိုက်လိုက်တော့သည်။

-

သူမ ဒန်တျန်းအတွင်းမှ မိစ္ဆာစွမ်းအင်များကို ဝိညာဉ်စွမ်းအင်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲခဲ့သည်။ ထိုစွမ်းအင်များက သူမခန္ဓာကိုယ်ထဲ စီးဆင်းနေပြီး သွေးကြောများကို ထပ်ခါတလဲလဲ ရိုက်ခတ်နေပါသည်။

သူမ၏ ဒန်တျန်ကော သွေးကြောများကော ခံနိုင်ရည်ကို ကျော်လွန်ပြီး ပေါက်ထွက်တော့မည့် အနေအထားကို ရောက်ရှိနေလေပြီ။

သို့သော် သူမ ထိုကန့်သတ်ချက်ကို မကျော်လွန်နိုင်လျှင် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိမည်မဟုတ်ပေ။ ထို့ကြောင့် အံကြိတ်သည်းခံရုံသာ ရှိသည်။

သူမ နားထင်ပေါ်မှ ချွေးသီးချွေးပေါက်များ စီးကျလာပြီး ဆံပင်များမှာလည်း စိုရွှဲနေခဲ့သည်။ မျက်နှာပေါ်တွင် သွေးမဲ့ဖြူရော်နေပြီး ခန္ဓာကိုယ်ကလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်လာခဲ့ပါသည်။

သူမ နှုတ်ခမ်းထောင့်မှ သွေးစများ စီးကျလာသည်။ အသက်ရှူသံများ ရှုပ်ထွေးလာကာ မျက်လုံးသူငယ်အိမ်များ မတည်မငြိမ်ဖြစ်လာပြီး မျက်ဝန်းများထဲတွင် ရူးသွပ်မှုအရိပ်အယောင်အချို့ ထင်ဟပ်လာခဲ့ပါသည်။

၎င်းတို့မှာ ချီလမ်းကြောင်း သွေဖည်ခြင်း၏ လက္ခဏာများပင်။

သို့သော် ယန်ရုန်ရုန်မှာ နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေ အနေတွင် ရောက်ရှိနေသဖြင့် ဘာကိုမှ မသိနိုင်ခဲ့ပေ။ သူမ၏ အာရုံထဲ အရှုံးပေး၍မရဟူသော အသိတစ်ခုသာ ရှိပါတော့သည်။ ဘာတွေပဲ ပေးဆပ်ရပါစေ ဝိညာဉ်အသွင်ပြောင်းလဲခြင်း အဆင့်ကို တက်လှမ်းနိုင်မှ ဖြစ်မည်။

တောင်စောင့်နတ်ကျောင်းမှ ထွက်လာပြီးနောက် ဟမ်ယဲ့ သိပ်ဝေးဝေးသို့ မသွားခဲ့ပါ။ အနီးနားရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်ရင်း ယန်ရုန်ရုန် စိတ်ပြောင်းကာ သူ့ကို လာခေါ်မည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။

စောင့်ရင်း စောင့်ရင်းနှင့် အချိန်တွေအတော်ကြာသွားသော်လည်း သူမ ပေါ်မလာခဲ့ပေ။ ဟမ်ယဲ့ အရှိတရားကို လက်ခံလိုက်ရတော့သည်။ အချိန်ကာလ၏ အဆုံးသတ်ထိ စောင့်မျှော်နေလျှင်တောင် သူမ ရောက်လာမှာ မဟုတ်ပါ။

သူ့နှလုံးသားထဲ ဝမ်းနည်းအားလျော့မှုတို့ အဆက်မပြတ် ဖြစ်ပေါ်လာနေသည်။ သူ့ကိုယ်သူ တိတ်တဆိတ်မေးမြန်းလိုက်ပါသည်။

‘ငါ လက်လျှော့လိုက်ရတော့မလား…’

အဖြေက ခပ်မြန်မြန်ပဲ ထွက်လာခဲ့သည်။

‘ဘယ်ဖြစ်ပါ့မလဲ!’

ယန်ရုန်ရုန့်ကို သူအကြိမ်ကြိမ် နမ်းရှိုက်ခဲ့ပြီးပါပြီ။ ထို့ကြောင့် သူ့ကို သူမ တာဝန်ယူရမည်။ ယောက်ျားတစ်ဦး၏အရှက်နှင့်သိက္ခာကလည်း အရေးကြီးပါသည်။

ဟမ်ယဲ့ ဆတ်ခနဲ မတ်တပ်ထရပ်လိုက်ပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပါသည်။

အမှန်ပင်။ သူမထံ ပြန်သွားပြီး ဖြေရှင်းချက်တစ်ခု တောင်းခံရမည်။ သူမနှလုံးသားထဲမှာ သူ့အတွက် တရားဝင်အဆင့် အတန်းတစ်ခု သတ်မှတ်ပေးရပါမည်။

သူ့ကို ယန်ရုန်ရုန် ယခုချက်ချင်း သဘောမကျနိုင်သေးလျှင်လည်း ကိစ္စမရှိပေ။ အနည်းဆုံးတော့ ‘အမည်’တစ်ခုကို အရင်ဆုံး ရယူရမည်။ ဒီလိုမှ နောက်ပိုင်း သူမ၏မေတ္တာကို ရရှိဖို့ သူကြိုးစားခွင့် ထပ်ရလာပါလိမ့်မည်။

ဟမ်ယဲ့ တွန့်ဆုတ်မနေတော့ဘဲ ကျောင်းတော်ထဲသို့ ဒုန်းစိုင်းပြန်ဝင်လာခဲ့သည်။

သို့သော် ယန်ရုန်ရုန့်ကို မြင်လိုက်ရသည်နှင့် သူ့မျက်နှာ ချက်ချင်းပြောင်းလဲသွားခဲ့ပါသည်။

သူမ ကုတင်ပေါ်တွင် လဲကျနေသည်။ မျက်နှာက စက္ကူပမာ ဖြူဖပ်နေပြီး အသက်ရှူသံတွေကလည်း အပ်ချည်မျှင်ပမာ ပါးလွှာနေပါသည်။

မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားပြီး သူမခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များက ခက်ထန် သောင်းကျန်းနေသည်။ သူမ၏ ဒန်တျန်နှင့် သွေးကြောများကလည်း ပေါက်ထွက်လုနီးပါး ဖြစ်နေပါပြီ။

သူမ ချီလမ်းကြောင်းသွေဖည်ခြင်းကို ခံစားနေရခြင်းဖြစ်သည်။

ယန်ရုန်ရုန့်ကို ဟမ်ယဲ့ ချက်ချင်း ပွေ့ချီလိုက်ပြီး သူ့နဖူးဖြင့် သူမနဖူးကို ဖိကပ်ကာ သူမကိုယ်အတွင်း သောင်းကျန်းနေသည့် စွမ်းအင်များကို ဖိနှိပ်ပေးဖို့ ကြိုးစားပါသည်။

သို့သော် အသုံးမဝင်ခဲ့ပေ။

ထိုစွမ်းအင်များက အမျက်ထွက်နေသည့် သားရဲများပမာ အချင်းချင်း အတင်းဆုတ်ဖြဲတိုက်ခိုက်နေကြသဖြင့် သူမခန္ဓာကိုယ်ထဲ အပေါက်များပင် ဖြစ်ပေါ်နေပါပြီ။ ဘယ်လိုပြင်ပစွမ်းအားကမှ အတွင်းဘက်သောင်းကျန်းမှုများကို ဖိနှိပ်နိုင်တော့မှာ မဟုတ်ပေ။

ဒီတိုင်းသာ ဆက်သွားလျှင် ယန်ရုန်ရုန့် ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး ကျိန်းသေပေါက် သေဆုံးရလိမ့်မည်။

ဟမ်ယဲ့ မျက်မှောင်ကြုတ်သွားပြီး သူ့မျက်ဝန်းများ မှောင်မိုက်သွားခဲ့သည်။

ယန်ရုန်ရုန့်ကို ခေတ္တငေးကြည့်ပြီးနောက် နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သကဲ့သို့ တိုးညှင်းသော အသံဖြင့် ဆိုလိုက်တော့သည်။

“အရေးပေါ် နည်းလမ်းကို ထုတ်သုံးမှ ဖြစ်တော့မယ်… တခြားရွေးချယ်စရာမရှိလို့ ဒီလိုလုပ်ရတာပါ၊ ငါတောင်းပန်ပါတယ်…”

All Chapters