← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

🌹Chapter 277

ယခုအချိန်တွင် ယန်ရုန်ရုန်ကို ကယ်တင်ပေးနိုင်သည့် တစ်ဦးတည်းသောသူဟူ၍ သူမကိုယ်တိုင်သာ ရှိတော့သည်။

သို့သော် သူမဝိညာဉ်စွမ်းအင်ပယ်လယ်က လှိုင်းထန်နေပြီး သူမဝိညာဉ်ကလည်း ထိုပင်လယ်ထဲ နက်ရှိုင်းစွာ နစ်မြုပ်နေပါသည်။ သူမကိုယ်သူမ ချီလမ်းကြောင်း သွေဖည်ခြင်းကို ခံစားနေရမှန်းပင် မသိသဖြင့် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ မဖြစ်နိုင်သလောက် ရှိသည်။

ထို့ကြောင့် သူမ၏ ဝိညာဉ်ကို ဟမ်ယဲ့ နှိုးဆွပေးဖို့ လိုအပ်သည်။

သူ့ခေါင်းထဲ ဝင်လာသည့် ပထမဆုံးနည်းလမ်းက တွဲဖက်ကျင့်ကြံခြင်းပင်။

တွဲဖက်ကျင့်ကြံနေစဉ် သူတို့နှစ်ဦး၏ ဝိညာဉ်များက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားလိမ့်မည်။ ထိုအခိုက်အတန့်ကို အခွင့်အရေးယူပြီး ယန်ရုန်ရုန့်ကို အသိစိတ်ပြန်ဝင်လာအောင် ဟမ်ယဲ့ နှိုးဆွပေးနိုင်ပါလိမ့်မည်။

သို့သော် ယခင်တစ်ခေါက် တွဲဖက်ကျင့်ကြံဖို့ ဟမ်ယဲ့ ကမ်းလှမ်းခဲ့စဉ်က ယန်ရုန်ရုန် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။ သူမ၏ ရပ်တည်ချက်က အတော်လေး ခိုင်မာပါသည်။

ဟမ်ယဲ့သာ ယခုလိုအခြေအနေမျိုးမှာ ရှေ့ဆက်တိုးလိုက်ပါက သူမ သတိရလာသည်နှင့် သူ့ကိုအခွင့်ရေးသမားဟု အပြစ်တင်ပါလိမ့်မည်။ နဂိုကတည်းက သံသယကြီးတတ်သော သူမ၏ စရိုက်အရ အကျပ်အတည်းကို အသုံးချကာ ကိုယ်ကျိုးရှာသည်ဟု ထင်သွားပြီး သူ့ကို ပို၍ပင် မုန်းတီးသွားနိုင်ပါသည်။

နောက်ဆုံးတွင် သူပြန်လည်ရရှိလိုက်မည့်အရာဟူ၍ သူမ၏ အမုန်းတရားများမှအပ အခြားမရှိနိုင်ပေ။ သူမနှလုံးသားထဲ နေရာတစ်ခုရဖို့ဟူသည်ကတော့ ပို၍ပင် ဝေးသွားနိုင်ပါသည်။

ထိုအတွေးဖြင့် ဟမ်ယဲ့နှလုံးသားများ လေးလံလာခဲ့သည်။ သူ့လက်ချောင်းများ အနည်းငယ် တုန်ယင်လာပြီး လက်ဖဝါးတွင်လည်း ချွေးစေးများ ထွက်လာသည်။

ယန်ရုန်ရုန့်အဝတ်အစားများကို ဖြည်းဖြည်းချင်း ဖယ်ရှားရင်း သူတီးတိုး ရေရွတ်လိုက်ပါသည်။

“ရုန်ရုန်… ဒီလိုလုပ်လိုက်လို့ မင်းစိတ်မချမ်းမသာဖြစ်သွားမယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ် ငါမင်းကို သေခွင့်မပေးနိုင်ဘူး၊ မင်းသတိပြန်လည်လာတဲ့အခါ ငါ့ကို ရိုက်ချင်လည်းရတယ်၊ ကျိန်ဆဲပစ်ချင်လည်းရတယ်၊ သတ်ပစ်လို့တောင်ရတယ်၊ မင်းအသက်ရှင်နေသေးသရွေ့ ငါ့ကို ကြိုက်သလိုသာ အပြစ်ပေးပါ”

သူတို့အဝတ်အစားများကို ဖယ်ရှားပြီးနောက် နဖူးချင်း ထိတွေ့လိုက်ပြီး အသက်ရှူသံများ ရောယှက်သွားခဲ့သည်။ သူမ ကိုယ်အပူချိန်က ပုံမှန်မဟုတ်ဘဲ အတက်အကျမြန်ဆန်နေသည်ကို ဟမ်ယဲ့ ခံစားမိပါသည်။ သူမ၏ ရောင်ဝါများလည်း ထိန်းမရအောင် ဗြောင်းဆန်နေသည်။

သူမမျက်နှာလေးကို လက်ဖြင့်အုပ်ကိုင်ကာ ဟမ်ယဲ့ ညင်ညင်သာသာ နမ်းရှိုက်လိုက်တော့သည်။

-

ယန်ရုန်ရုန်၏ အသိစိတ်ထဲတွင် အချိန်နှင့် နေရာများကိုပင် မေ့လျော့ပြီး မိန်းမောနေခဲ့သည်။ သူမ၏ အသားကို ဓားပေါင်း တစ်ထောင်က ထိုးစိုက်နေသကဲ့သို့ ပြင်းပြင်းထန်ထန် နာကျင်မှုကို ခံစားနေရသည်။

ဘေးပတ်လည်မှာလည်း အမှောင်ထုမှအပ ဘာမှမရှိပါ။

သေသည်ထက် ဆိုးရွားသော ဒီငရဲမှာ ထာဝရရှည်ကြာနေသကဲ့သို့ ခံစားရသည်။

ထိုစဉ် အဝေးတစ်နေရာမှ အမျိုးသားတစ်ဦး၏ ဝေဝေဝါးဝါးအသံတစ်ခု သူမနားထဲ ပဲ့တင်သံထပ်လာခဲ့သည်။

“မြင့်မြတ်တဲ့အရှင်… သက်ရှိသတ္တဝါအားလုံးအတွက် ပေးဆပ်ခဲ့တဲ့ အရှင့်ရဲ့ စွန့်လွှတ်မှုအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ရှိပါတယ်၊ လောကြီးက အရှင့်ကို ထာဝရ အမှတ်ရနေမှာပါ”

“အရှင်ဒီမှာပဲ နေရမယ် ဘယ်ကိုမှ သွားလို့မရဘူး… အရှင့်ရဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ပေးဖို့ ဒီလိုလုပ်ရတာပါ”

“နည်းနည်းနာကျင်နိုင်ပေမယ့် လောကကြီးအတွက်ဆိုရင် ဒီလောက်စတေးမှုလေးက ဘာမှမပြောပလောက်ပါဘူး”

“အရှင့်ရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် လောကသုံးပါးစလုံး ပျက်သုဉ်းသွားမှာမျိုးကို မလိုချင်ဘူးမလား”

“မမေ့ပါနဲ့ ဒါတွေအားလုံးက လူသားတွေအတွက်ပဲ…”

ထိုစကားလုံးများ သူမနားထဲသို့ တစ်လုံးပြီးတစ်လုံး တိုးဝင်လာခဲ့ရာ ယန်ရုန်ရုန် စိတ်အလွန်ရှုပ်ထွေးလာပြီး ဒေါသလည်း အလိုလို ထွက်လာခဲ့သည်။

သူမ နားမထောင်ချင်တော့ပါ။ သူမ အလွန်နာကျင်နေသဖြင့် အသက်ပင် ဆက်မရှင်ချင်တော့ပေ။ ကိုယ့်အသက်ကိုယ်ပင် အရေးမစိုက်နိုင်တော့သည့် လူတစ်ယောက်က ‘သက်ရှိသတ္တဝါအားလုံး’အတွက် အဘယ်ကြောင့် ဂရုစိုက်ပေးရမည်နည်း။

သူမနားထဲမှ အသံများကလည်း ရပ်တန့်သွားခြင်းမရှိပေ။

“လောကကြီး” ဆိုတာတွေ “လူသားအားလုံး” ဆိုတာတွေပေါ့…

နောက်ဆုံးတော့ ယန်ရုန်ရုန် သည်းမခံနိုင်တော့ဘဲ အာခေါင်ခြစ်ကာ အော်ဟစ်လိုက်တော့သည်။

“ပါးစပ်ပိတ်ထား!!!”

အသံများအားလုံး ရုတ်ခြည်းပျောက်ကွယ်သွားခဲ့သည်။

သူမ မြေပေါ်လဲကျသွားပြီး အသက်ကို အလုအယက် ရှူရှိုက်နေရသည်။ ခွန်အား ပြန်လည်ပြည့်ဝလာဖို့ အချိန်အတော်ကြာအောင် ယူလိုက်ရပါသည်။

သူမလက်များဖြင့် အားပြုကာ ခန္ဓာကိုယ်ကို ထူမ,လိုက်သည်။ ယန်ရုန်ရုန် ခေါင်းမော့ကြည့်လိုက်ရာ ၁၀ ပေခန့်အကွာတွင် လှဲလျောင်းနေသည့် အခြားလူတစ်ယောက်ကို မြင်လိုက်ရပါသည်။

ရောင်စုံဝတ်ရုံခြုံထားသည့် အမျိုးသမီးပင်…။ သူမ၏ မျက်နှာက ယန်ရုန်ရုန်နှင့် တစ်ထေရာတည်း တူညီနေပါသည်။

‘ဘာလို့ သူပဲလဲ…’

နာကျင်မှုများက ပျောက်ကွယ်မသွားသေးပါ။ ယန်ရုန်ရုန် မတ်တပ်ရပ်၍ပင် မရပေ။ ထို့ကြောင့် လေးဖက်ထောက်ကာ ရှေ့သို့ ချီတက်လာရသည်။

အားအလွန်စိုက်ပြီးခါမှ ရောင်စုံဝတ်ရုံနှင့်အမျိုးသမီးထံ သူမ ရောက်ရှိသွားခဲ့ပါသည်။

အနီးကပ် စစ်ဆေးကြည့်လိုက်သောအခါ ထိုအမျိုးသမီးက သူမနှင့် ပုံစံချင်းတူရုံတင်မကဘဲ ထပ်တူညီသော နာကျင်မှုများကိုပါ ခံစားနေရမှန်း သိလိုက်ရသည်။

မီးခိုးနက်ရောင် အခိုးအငွေ့များက ထိုအမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်နေသည်။ သူမ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး မျက်မှောင်လည်း ကြုတ်နေကာ မျက်နှာက ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေပါသည်။

သူမ ခန္ဓာကိုယ်ကို ဘောလုံးလေးတစ်လုံးလို ကွေးထားပြီး အနက်ရောင်မြူခိုးမြူငွေ့များ၏ လွှမ်းခြုံမှုကို ခံထားရကာ မလွတ်မြောက်နိုင်သည့် အိပ်မက်ဆိုးတစ်ခုထဲ ပိတ်မိနေသကဲ့သို့ ရှိနေသည်။

ယန်ရုန်ရုန် မနေနိုင်ဘဲ ထိုအမျိုးသမီး၏ ပခုံးကို ညင်ညင်သာသာ တို့ကြည့်လိုက်ပါသည်။

“ဟေ့… ရှင်အဆင်ပြေရဲ့လား…”

ရောင်စုံဝတ်ရုံနှင့် အမျိုးသမီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူမ ခန္ဓာကိုယ်က မလှုပ်ရှားသေးဘဲ ဘောလုံးလေးတစ်လုံးလို ကွေးနေဆဲဖြစ်သည်။ သူမ၏ မျက်ဝန်းများကသာ ယန်ရုန်ရုန်ရှိရာထံသို့ ရွေ့လာခဲ့ပါသည်။

သူမတို့ အကြည့်ချင်း ဆုံသွားသောအခါ အချိန်တွေရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ယန်ရုန်ရုန် အလိုလို စိတ်လှုပ်ရှားလာပြီး အက်ကွဲနေသော အသံဖြင့် မေးလိုက်ပါသည်။

“ရှင် ဘယ်သူလဲ…”

ထိုအမျိုးသမီးကို သူမ သုံးကြိမ်မြောက် မြင်ဖူးခြင်းဖြစ်သော်လည်း ယခုလို စကားပြောဖူးခြင်းကတော့ ပထမဆုံးအကြိမ် ဖြစ်သည်။

သူမဘယ်သူဘယ်ဝါဖြစ်မှန်း ယန်ရုန်ရုန် အလွန်သိချင်နေပါသည်။

‘ငါ့အိပ်မက်တွေထဲ ဘာလို့ခဏခဏ ပေါ်လာရတာလဲ… ငါနဲ့ဘာလို့ တစ်ထေရာတည်းတူညီနေရတာလဲ… ပြီးတော့ ငါတို့နှစ်ယောက်အကြား ဘယ်လိုဆက်နွယ်မှုတွေ ရှိနေတာလဲ’

ထိုအမျိုးသမီး၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီး အလွန်တိုးညှင်းလှသော စကားတစ်ခွန်းကို ဆိုလိုက်သည်။

“ကျွန်မက… ရှင်ပဲ…”

ယန်ရုန်ရုန် ကြက်သေသေသွားခဲ့သည်။ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ သူမနားတွေ အူထွက်သွားခဲ့ပါသည်။

ထို့နောက် ချက်ချင်းဆိုသလို ရောင်စုံဝတ်ရုံနှင့်အမျိုးသမီး ပျောက်ကွယ်သွားခဲ့တော့သည်။ ထိုအမျိုးသမီးကို ဝန်းရံနေခဲ့သည့် မီးခိုးနက်ရောင် အခိုးအငွေ့များက ယန်ရုန်ရုန့်ထံ ရုတ်တရက် ပျံသန်းလာခဲ့သည်။

ဓားပေါင်းတစ်ထောင်၏ ထိုးစိုက်မှုကို ခံရသလို နာကျင်မှုမျိုးကို သူမ ပြန်လည်ခံစားလိုက်ရပြီး မြေပေါ် လဲကျကာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပါသည်။

ဘာမှမရှိသည့် ဟင်းလင်းနယ်ကြီးကို သူမလက်များဖြင့် ဆုပ်ကိုင်ရင်း နာနာကျင်ကျင်အော်ဟစ်နေရသည်။

စိတ်ရှုပ်စရာကောင်းသည့် ထိုအသံများလည်း သူမအာရုံထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြန်ပါသည်။

“မင်းက ကောင်းကင်ဘုံရဲ့အမိန့်တော်နဲ့ မွေးဖွားလာတဲ့သူ၊ အဲ့တာ မင်းရဲ့တာဝန်၊ မင်းရဲ့ကံကြမ္မာပဲ”

“နာကျင်မှုဆိုတာ အရေးကြီးလို့လား၊ လူတစ်ယောက်ရဲ့ နာကျင်မှုနဲ့ တစ်လောကလုံးရဲ့ ငြိမ်းချမ်းရေးကို လဲလှယ်နိုင်မယ်ဆိုရင် တန်တာပဲ!”

“ဒီကမ္ဘာကြီးမှာ အရာအားလုံးက အပေးနဲ့အယူပဲရှိတယ်၊ ငြိမ်းချမ်းရေးကိုလိုချင်ရင် ထပ်တူညီတဲ့တန်ဖိုးကို ပြန်ပေးဆပ်ရမယ်”

ယန်ရုန်ရုန် မြေပေါ်တွင် နာနာကျင်ကျင် လူးလှိမ့်ရင်း မျက်ရည်များကျလျက် ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။

သူမနှလုံးသားထဲ ပြင်းထန်သည့် ဒေါသနှင့် နာကျည်းမှုတို့ ဖြစ်တည်လာခဲ့သည်။

‘နာကျင်မှုကို ငါတစ်ယောက်တည်း ဘာလို့ ခံစားရမှာလဲ၊ ငါတစ်ယောက်တည်း ဘာလို့ စတေးပေးရမှာလဲ! လောကကြီး ပျက်စီးသွားရင်တောာင် ငါနဲ့ ဘာဆိုင်လို့လဲ!’

သူမ၏ စိတ်ခံစားချက်အပြောင်းအလဲကို အာရုံခံမိသည့်အလား သူမကို တွယ်ကပ်နေသည့် မီးခိုးနက်ရောင် အခိုးအငွေ့များက အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။

သူမ၏ နားထဲတွင် မြည်ဟည်းနေခဲ့သည့် အသံများမှာလည်း ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်သံတစ်သံသာ ဝင်ရောက်လာခဲ့တော့သည်။

“မင်း ရူးနေပြီလား!”

မီးခိုးနက်ရောင် အခိုးအငွေ့များက ရေနွေးပမာ ပွက်ပွက်ဆူလာခဲ့သည်။ ဘေးပတ်လည်ရှိ အပူချိန်များ မြင့်တက်လာသဖြင့် ယန်ရုန်ရုန် အရေပြားတွေ လောင်ကျွမ်းနေသလို ခံစားလိုက်ရသည်။

သူမတစ်ကိုယ်လုံး အရည်ပျော်ကျလုနည်းပါး ခံစားနေရပြီး ခြေလက်များကိုလည်း လှုပ်ရှား၍ မရတော့ပေ။ သို့သော် သူမ နှုတ်ခမ်းများ ရုတ်တရက်ကွေးတက်သွားပြီး ပျော်ပျော်ရွှင်ရွှင် ရယ်မောမိလေတော့သည်။

အသက်ရှင်ရသည်မှာ နာကျင်စရာကောင်းလွန်းသည်။ သူမ ဆက်ပြီးအသက်မရှင်ချင်တော့ပေ။ သေဆုံးခြင်းကသာ တစ်ခုတည်းသော လွတ်မြောက်ခြင်းဖြစ်သည်။

ယန်ရုန်ရုန်၏ ဝိညာဉ်ပင်လယ်ထဲသို့ ဟမ်ယဲ့၏ ဝိညာဉ်ဝင်ရောက်လာသောအခါ အဆုံးမဲ့ အမှောင်ထုများကိုသာ မြင်လိုက်ရသည်။

ယန်ရုန်ရုန်က အမှောင်ထု၏ အောက်ခြေတွင် ဒူးထောက်လျက်သား ရှိနေပြီး မျက်လုံးများက အသက်မဲ့လျက် မျက်နှာပေါ်မှာလည်း မျက်ရည်များဖြင့် စိုရွှဲနေသည်။

သို့သော် သူမ နှုတ်ခမ်းပေါ်မှာတော့ မျှော်လင့်ချက်ကင်းမဲ့ပြီး ယစ်မူးနေသည့် အပြုံးတစ်ခု ရှိနေပါသည်။

သူမထံ ဟမ်ယဲ့ ချက်ချင်းပြေးသွားကာ ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။

“ရုန်ရုန်!”

ယန်ရုန်ရုန်ကတော့ သူ့စကားတွေကို ကြားပုံမပေါ်တော့ပေ။ သူမ ငိုလည်းငို ရယ်လည်းရယ်မောရင်း တိုးညှင်းစွာ ရေရွတ်နေသည်။

“ကျွန်မကိုသတ်လိုက်… ကျွန်မသေသွားရင် အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်၊ သေဆုံးခြင်းကသာ တစ်ခုတည်းသော လွတ်မြောက်ခြင်းပဲ…”

ဟမ်ယဲ့ ရင်ထဲ စူးနင့်သွားခဲ့သည်။ သူမ မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်ပြီး သူမနဖူးလေးကို နူးနူးညံ့ညံ့ နမ်းရှိုက်လိုက်ပါသည်။

သူ့အကြည့်တွင် ချစ်ခြင်းမေတ္တာများနှင့် ပြည့်နှက်နေသော်လည်း သူ့လေသံမှာမူ အာဏာသံအပြည့် ပါဝင်နေလေသည်။

“မရဘူး… ငါမင်းကို သေခွင့်မပေးနိုင်ဘူး”

🌹Chapter 278

ယန်ရုန်ရုန်ကတော့ ထပ်တူညီသော စကားလုံးများကိုသာ ရေရွတ်နေခဲ့သည်။

“သေခြင်းဆုံးခြင်းကသာ တစ်ခုတည်းသော လွတ်မြောက်ခြင်းပဲ…”

ထိုစကားများကို ဟမ်ယဲ့မကြားချင်တော့ပါ။ ထို့ကြောင့် သူခေါင်းငုံ့လိုက်ပြီး ယန်ရုန်ရုန်၏ နှုတ်ခမ်းကို အားဖြင့် ကိုက်ချလိုက်သည်။

စူးရှသည့်နာကျင်မှုကြောင့် ယန်ရုန်ရုန မျက်မှောင်ကြုတ်သွားခဲ့ပြီး နှုတ်ခမ်းများ တုန်ယင်သွားခဲ့သည်။

သို့သော် ထိုမှအပ သူမတွင် အခြားတုံ့ပြန်မှုမရှိပေ။ သူမပုံစံက ရီဝေပြီး အသက်မဲ့နေဆဲပင်။

ဟမ်ယဲ့အံကြိတ်လိုက်ပြီး သူမနားရွက်ထဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“မင်းဝိညာဉ်ပင်လယ်ထဲ ငါဘယ်လိုဝင်လာလဲသိလား၊ တွဲဖက်ကျင့်ကြံခြင်း နည်းလမ်းကို သုံးခဲ့တာ၊ အခု ငါတို့ရဲ့ ရုပ်ခန္ဓာတွေ အပြင်ဘက်မှာ တွဲဖက်ကျင့်ကြံနေကြတာ၊ မင်းသာနိုးမလာရင် ငါတို့ တစ်သက်လုံး တွဲ့ဖက်ကျင့်ကြံသွားရမှာနော်”

‘တွဲဖက်ကျင့်ကြံခြင်း’ဟူသည့် စကားလုံးများကြောင့် ယန်ရုန်ရုန် ရှော့ခ်ရသွားပုံပေါ်သည်။ သူမ မျက်လုံးများ လှုပ်ခါသွားပြီး မှောင်မိုက်အသက်မဲ့နေခဲ့သည့် သူငယ်အိမ်များထဲ မီးပွားလေးတွေ ပြန်ပေါ်လာခဲ့ပါသည်။

ဒါကိုမြင်ပြီး ဟမ်ယဲ့က အဓိပ္ပာယ်မရှိသည့် ပေါက်ကရစကားများကို နှစ်ဆတိုးကာ ဆက်ပြောလေတော့သည်။

“တွဲ့ဖက်ကျင့်ကြံနေရင်းနဲ့ ကိုယ်ဝန်ရသွားနိုင်တာကော မင်းသိလား၊ ငါတို့အချိန်အကြာကြီး တွဲဖက်ကျင့်ကြံနေမယ်ဆိုရင် မင်းကိုယ်ဝန်ရသွားနိုင်တယ်၊ မင်းနိုးလာတဲ့အချိန်ကျရင် ငါတို့ကလေးက တောက်တိုမယ်ရခိုင်းလို့ရတဲ့ အရွယ်တောင် ရောက်နေလောက်ပြီနော်!”

ယန်ရုန်ရုန် မျက်တောင်ဖြည်းညှင်းစွာ ခတ်လာခဲ့သည်။ သူမ မျက်ဝန်းများက ဟမ်ယဲ့ကို ငေးကြည့်ကာ တုန်လှုပ်မှုနှင့် သံသယများ ရောယှက်သော အသံဖြင့် မေးလိုက်သည်။

“ဘယ်သူ့… ကလေးလဲ”

ဟမ်ယဲ့ အလွန်ဝမ်းသာသွားခဲ့သည်။

“မင်းသတိရလာပြီလား!”

ယန်ရုန်ရုန် ခေါင်းတွေ အလွန်ထိုးကိုက်နေပါသည်။ ကြောက်စရာကောင်းသည့် အိပ်မက်ဆိုးများ သူမ မြင်မက်ခဲ့သည်ကို ဝေဝေဝါးဝါး သတိရနေသည်။

သို့သော် ဘာကိုမြင်ခဲ့ရမှန်း အတိအကျ မမှတ်မိပါ။ ဟမ်ယဲ့ကို သူမ တွန်းထုတ်လိုက်ပြီး အဆုံးမဲ့ အမှောင်ထုထဲ ဝေ့ကြည့်ကာ ဇဝေဇဝါမေးလိုက်သည်။

“ဒါဘယ်နေရာကြီးလဲ၊ ကျွန်မ ဘာဖြစ်သွားတာလဲ”

ဟမ်ယဲ့က အားလုံးရှင်းပြလိုက်သည်။ သူမ ကျင့်ကြံနေစဉ် ချီလမ်းကြောင်းသွေဖည်ခြင်းနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် တွဲဖက်ကျင့်ကြံခြင်းနည်းလမ်းကို အသုံးပြုပြီး သူမဝိညာဉ်ပင်လယ်ထဲ သူဝင်လာခဲ့ရကြောင်း ပြောပြခဲ့ပါသည်။

ဖြစ်ကြောင်းကုန်စင် ရှင်းပြပြီးနောက် ယန်ရုန်ရုန့်ကို ဟမ်ယဲ့ စိတ်ဖိစီးစွာ စောင့်ကြည့်ရင်း သူမ ဒေါသထွက်ကာ တုံ့ပြန်လာမည့် အချိန်ကို စောင့်နေခဲ့ပါသည်။

ယန်ရုန်ရုန်ကတော့ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပင်။

ဟမ်ယဲ့ အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်လည်း ယန်ရုန်ရုန့်ထံမှ တုံ့ပြန်မှုမရှိခဲ့ပါ။ သူ့စိတ်တွေ လေးလံလာပြီး ယန်ရုန်ရုန်ဒေါသထွက်လွန်းသဖြင့် သူ့ကို တစ်သက်လုံး စကားပြန်မပြောတော့မှာကို စိုးရိမ်သွားခဲ့ပါသည်။

ထို့ကြောင့် ဟမ်ယဲ့ သတ္တိမွေးကာ ပြောလိုက်သည်။

“ငါမင်းကို စော်ကားသလိုဖြစ်သွားခဲ့တာ မှန်ပါတယ်၊ ငါ့အမှားဆိုတာလည်း ဝန်ခံတယ်၊ ငါ့ကို ကြိုက်သလို အပြစ်ပေးလို့ရတယ်၊ ဒါပေမယ့် ငါ့ကို အဲ့လိုကြီး လျစ်လျူတော့ ရှုမထားပါနဲ့”

ယန်ရုန်ရုန် ကိုက်ခဲနေသည့် ခေါင်းကို ကိုင်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ကျွန်မကိုကယ်ဖို့အတွက် ရှင်ဒီလိုလုပ်ခဲ့ရတာပဲလေ၊ ကျွန်မဖာသာ အောင်မြင်ဖို့ စိတ်လောမိလို့ ချီလမ်းကြောင်း သွေဖည်သွားခဲ့တာ ရှင့်အပြစ်မဟုတ်ဘူး၊ ကျွန်မရှင့်ကို အပြစ်မတင်ပါဘူး”

ဟမ်ယဲ့ အံ့အားသင့်သွားပြီး မျက်လုံးများ အရောင်လက်သွားခဲ့သည်။

“တကယ်လား ငါ့ကို တကယ်အပြစ်မတင်ဘူးလား”

သူမကို ထပ်ဖက်ဖို့ ဟမ်ယဲ့ လက်လှမ်းလိုက်သော်လည်း ယန်ရုန်ရုန်က တားလိုက်ပါသည်။

သူ့ကို အပြစ်တင်ဖို့ စိတ်ကူးမရှိသည်မှာ မှန်သော်လည်း ထိုအကြောင်းပြချက်ကြောင့်နှင့် သူ့ခံစားချက်များကို လက်ခံဖို့လည်း အစီအစဉ်မရှိပါ။ အတိတ်မှ သူမတို့၏ ပတ်သတ်မှုများက ရှုပ်ထွေးလွန်းလှသည်။

သူ့အကြွေးများကို ကျေအောင်ဆပ်ပြီးလျှင်တောင် အတိတ်က သူပေးခဲ့သည့် ဒဏ်ရာများက ပျောက်ကွယ်သွားဦးမှာ မဟုတ်ပေ။

ယန်ရုန်ရုန်က သဘောထားသေးသိမ်သည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမကို နာကျင်အောင် လုပ်ခဲ့ဖူးသူများအား သူမ နှလုံးသားထဲမှာကော ဦးနှောက်ထဲမှာကော မှတ်သားထားတတ်ပြီး လုံးဝ ပြန်လှည့်မကြည့်တတ်ပါ။

ထို့အပြင် ယခု သူမမှာ လုပ်စရာတွေ အများကြီးရှိနေသေးသဖြင့် အချစ်ရေးအတွက် အချိန်ကုန်အားကုန်မခံနိုင်သေးပေ။ ထိုအတွေးများဖြင့် သူမနှုတ်မှ စကားလုံးများလည်း အလိုလို ထွက်လာခဲ့လေသည်။

“ကျွန်မရှင့်ကို အပြစ်မတင်ဘူး၊ ဒါပေမယ့် အရင်တုန်းကလိုလည်း ပြန်မနေနိုင်ဘူး၊ ကျွန်မတို့ကြားမှာ အခွင့်အရေး မရှိတော့ပါဘူး”

ဟမ်ယဲ့၏ အပြုံး အေးခဲသွားခဲ့သည်။ သူ့မျက်ဝန်းများ ချက်ချင်း နီမြန်းသွားပြီး လက်မခံစွာ မေးလိုက်ပါသည်။

“အခက်အခဲတွေကို ငါတို့အတူတူ ဒီလောက်ထိ ဖြတ််ကျော်ခဲ့ကြတာ… ငါ့အပေါ်မှာ သံယောဇဉ်နည်းနည်းလေးတောင် မရှိဘူးလား”

သူ့ကို လက်လျှော့သွားစေဖို့အတွက် ယန်ရုန်ရုန် ပြတ်ပြတ်သားသား ပြောမှဖြစ်ပါမည်။

“မရှိဘူး” ဟု ယန်ရုန်ရုန် ပြောချင်ခဲ့သော်လည်း သူမ နှုတ်မှ အမှန်တကယ်ထွက်လာသည့်စကားက:

“နည်းနည်းတော့ ရှိပါတယ်၊ ဒါပေမယ့် နည်းနည်းပဲ”

ယန်ရုန်ရုန် ကြက်သေသေသွားရလေသည်။

‘ငါပြောချင်တာ အဲ့တာမဟုတ်ဘူးလေး!’

ဟမ်ယဲ့ မျက်ရည်များအကြားမှ ချက်ချင်း ပြုံးရွှင်သွားသည်။

“ငါထင်သားပဲ! ငါ့အပေါ်မှာ မင်းဘာမှမခံစားရတာတော့ မဖြစ်နိုင်ပါဘူးလို့!”

ယန်ရုန်ရုန် ချက်ချင်းပဲ နားလည်သွားခဲ့သည်။ ဒီနေရာကြီးက သူမ၏ ဝိညာဉ်ပင်လယ်ဖြစ်ပြီး လောလောဆယ် သူမက ဝိညာဉ်အခြေအနေတွင် ရှိနေသည်။

ဝိညာဉ်ပင်လယ်ထဲရှိ ဝိညာဉ်တစ်ခုက လိမ်ညာ၍ မရပေ။

ဦးနှောက်က ဟမ်ယဲ့ကို လက်မခံသင့်ဟု ပြောနေသော်လည်း နှလုံးသားကတော့ ပျော့ညံ့သွားခဲ့သည်မှာ ကြာပါပြီ။ သူမကိုယ်သူမ သတိမထားမိခဲ့ခြင်းသာ…။

ဒါကိုနားလည်သွားပြီး ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။

“တကယ် နည်းနည်းလေးပါပဲ၊ အဲ့လို သံယောဇဉ်နည်းနည်းလေးကြောင့် ကျွန်မ ဆုံးဖြတ်ချက်က ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ ပန်းတိုင်ဆီရောက်အောင် ကျွန်မ ရှေ့ဆက်လျှောက်ရမယ်၊ အဲ့ဒီပန်းတိုင်ကို မရောက်မချင်း ဘယ်သူ့အတွက်နဲ့မှ ရပ်တန့်ပေးမှာ မဟုတ်ဘူး”

ဟမ်ယဲ့က မေးသည်။

“မင်းရဲ့ပန်းတိုင်က ဘာလဲ၊ ငါကူညီပေးမယ်လေ”

ဝိညာဉ်ပင်လယ်ထဲမှာ သူမ မလိမ်ညာနိုင်မှန်း သိသဖြင့် ယန်ရုန်ရုန် အမှန်အတိုင်း ရှင်းပြလိုက်ရသည်။

“ကျွန်မကို ဟယ့်ပျယ်ချင်း ဘာလို့ သတ်ချင်ခဲ့တာလဲဆိုတာ သိချင်တယ်၊ သူနဲ့ ရန်ငြှိုးရန်စလည်း မရှိဘူး၊ ဒါပေမယ့် ကျွန်မအသက်ကို နုတ်ယူဖို့ သူကြိုးစားခဲ့တယ်၊ ကျွန်မက ကပ်ဘေးသယ်ဆောင်သူတစ်ယောက် ဖြစ်နေလို့လား၊ သူ့မှာ အဲ့လိုဆုံးဖြတ်ပိုင်ခွင့်ဘာရှိလို့လဲ”

“ပြီးတော့ ကောင်းကင်ဘုံကပ်ဘေးတွေ၊ ချုပ်နှောင်ခံထားရတဲ့ ရှေးဟောင်းသားရဲတွေ၊ ကျွန်မအိပ်မက်ထဲမှာ ခဏခဏပေါ်လာတဲ့ ယောက်ျားနဲ့ မိန်းမ… ပြီးတော့ ရှင့်မျက်နှာ…၊ ကျွန်မ ဖြေရှင်းရမယ့် ပဟေဠိတွေ အများကြီး ရှိနေသေးတယ်”

ဟမ်ယဲ့က သူ့ပါးသူ ကိုင်ကာ မေးလိုက်သည်။

“ငါ့မျက်နှာက ဘာဖြစ်နေလို့လဲ”

ယန်ရုန်ရုန် သူ့ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။

“ရှင့်မျက်နှာက ကျွန်မ အိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့ ငွေဖြူရောင်ဆံပင်လူနဲ့ တော်တော်လေး ဆင်တူနေတယ်၊ တကယ်တော့ ရှင်တစ်ယောက်တည်းမဟုတ်ပါဘူး၊ ရှန်းဝမ်ချင်းကော၊ လင်းယွမ်ကော၊ ရှုယင်ကော… ရှင်တို့ လေးယောက်စလုံး သူနဲ့ တူကြတယ်၊ တိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုတာ ကျွန်မ သိချင်တယ်”

သူမ အိပ်မက်ထဲက လူကို ဟမ်ယဲ့တစ်ခါမှ မမြင်ဖူးပါ။ သူ့အမြင်မှာတော့ သူ့ရုပ်က အခြားသုံးယောက်နှင့် ဆင်တူမှု မရှိပေ။

‘သူတို့လေးယောက်က လူတစ်ယောက်တည်းနဲ့ ဘာလို့ တူနေမှာလဲ…’

သို့သော် ထိုမေးခွန်းကို ဟမ်ယဲ့ ထုတ်မမေးခဲ့ပါ။

“အဲ့လိုလူမျိုးတကယ်ရှိတယ်ဆိုရင် မင်းတစ်ယောက်တည်းရဲ့ ပြဿနာမဟုတ်တော့ဘူး၊ ငါလည်း သူ့အကြောင်း သိချင်တယ်”

ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။

“ရှင်ကူညီပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့၊ လက်များလေလေ အလုပ်မြန်လေလေပဲလေ”

သူမ၏ အဖြေကြောင့် ဟမ်ယဲ့ ကျေနပ်သွားပါသည်။ ထို့ကြောင့် သူမနား ချဉ်းကပ်လာပြီး ထပ်မေးလိုက်သည်။

“အဲ့ဒီ ငွေဖြူရောင်ဆံပင်နဲ့လူ နာမည်က ဘာတဲ့လဲ”

ယန်ရုန်ရုန် ခေါင်းခါလိုက်သည်။ သူမ အမှန်တကယ် မသိပါ။

“သူ့ကို… မင်းအရမ်းချစ်တာပဲလား”

သူမကို စိုက်ကြည့်ကာ ဟမ်ယဲ့ မေးလိုက်သည်။ သူမ ခေါင်း ညိတ်လိုက်မှာကို သူအလွန်စိုးရိမ်နေခဲ့ပါသည်။

ယန်ရုန်ရုန် ခေတ္တစဉ်းစားလိုက်သည်။

“ကျွန်မ မသိဘူး… အရမ်းရင်းနှီးနေသလိုပဲ ခံစားရတာ၊ ကျွန်မသူနဲ့ အချိန်အကြာကြီး ရင်းနှီးခဲ့ရတဲ့ ခံစားချက်မျိုးလေ…”

ဟမ်ယဲ့ ရှာလကာရည်များ မျိုချလိုက်ရသလို ခံစားလိုက်ရသည်။ သူ အလွန်သဝန်တိုမိပါသည်။

“ဪ… အဲ့တာဆို ငါတို့လေးယောက်နားကို မင်းခက်ခက်ခဲခဲ ချဉ်းကပ်ခဲ့ရတဲ့အကြောင်းအရင်းက ငါတို့က အဲ့ဒီလူနဲ့ တူနေလို့ပေါ့ ဟုတ်လား၊ ငါတို့ကို အဲ့ဒီလူအတွက် အစားထိုးအဖြစ် အသုံးချချင်ခဲ့တာလား”

ဟမ်ယဲ့က သူ့ကိုယ်သူ အစားထိုးအချစ်ဇာတ်လမ်းထဲမှ သနားစရာ ဇာတ်ပို့မင်းသားလေးအဖြစ် စတင်စိတ်ကူးယဉ်နေမိပါပြီ။ ပိုဆိုးသည်မှာ သူက တစ်ဦးတည်းသော အစားထိုးပင် ဟုတ်မနေပေ။

ပုံမှန်ဆို ထိုစကားမျိုးကို ယန်ရုန်ရုန် ချက်ချင်း ငြင်းဆန်ပြီး သူမက ထိုကဲ့သို့ လူယုတ်မာမျိုးမဟုတ်ကြောင်း ဆင်ခြေ ဆင်လက်များပေးလောက်သည်။

သို့သော် ယခု သူမ မလိမ်ညာနိုင်ပါ။

ယန်ရုန်ရုန် ပါးကိုကုတ်လိုက်ပြီး မျက်လုံးတွေ မတည်မငြိမ်ဖြစ်သွားခဲ့သည်။

“အဲ့လို… မဟုတ်လောက်ဘူးထင်တယ်”

“မဟုတ်လောက်ဘူးထင်တယ် ဟုတ်လား”

သူမ မျက်ဝန်းတွေထဲ ဟမ်ယဲ့ စေ့စေ့စိုက်ကြည့်လိုက်သည်။

ယန်ရုန်ရုန် လေးနက်သုန်မှုန်သွားခဲ့သည်။

“ကျွန်မပြောပြီးပြီလေ၊ သူ့ကို မှတ်တောင်မမှတ်မိပါဘူးဆို၊ ကျွန်မတို့ကြားထဲမှာ တစ်ခုခုတကယ်ရှိခဲ့ရင်လည်း အားလုံး မေ့ပျောက်ခံလိုက်ရပြီပဲ၊ ကျွန်မသူ့ကို တကယ်ချစ်တယ်ဆိုရင် သူတို့လွမ်းမိရုံနဲ့ တခြားယောက်ျားတွေနား ချဉ်းကပ်ခဲ့မှာ မဟုတ်ဘူး၊ ချစ်မိသွားရင် နှလုံးသားထဲမှာ နေရာတစ်ခုပဲရှိရမယ်၊ အဲ့တာ ကျွန်မလက်တွဲဖော်ဆီက မျှော်လင့်ထားတဲ့ အရာဖြစ်သလို ကျွန်မကိုယ်တိုင်ဆီကကျွန်မ မျှော်လင့်ထားတဲ့ရာလည်း ဟုတ်တယ်”

All Chapters