← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

🌹Chapter 279

ယန်ရုန်ရုန့် စကားများကို ကြားပြီးနောက် ဟမ်ယဲ့၏ မျက်နှာက အလွန်ထူးဆန်းလာခဲ့သည်။

“ဒါဖြင့်ရင် ငါတို့လေးယောက်စလုံးကို မင်းဘာလို့ ချဉ်းကပ်ခဲ့တာလဲ၊ ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ရှင်ယင်နဲ့ ငါ့ကို… မင်းနှလုံးသားထဲမှာ နေရာတစ်ခုပဲ တကယ်ရှိတာဆိုရင် ဘာလို့…”

ဟမ်ယဲ့ ရုတ်တရက် စကားရပ်တန့်သွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်မှုဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဧ...ဧကန္တ… ငါတို့လေးယောက်စလုံးအပေါ် မင်းဘယ် တုန်းကမှ ခံစားချက် မရှိခဲ့တာလား၊ မင်းထုတ်ပြခဲ့တဲ့ မေတ္တာတွေ ဆိုတာလည်း မင်းသေချာလုပ်ကြံဖန်တီးခဲ့တဲ့ အတုအယောင်သက်သက်လား”

ယန်ရုန်ရုန် ဘယ်လိုပြန်ဖြေရမှန်း မသိသဖြင့် အားနာပါးနာသာ ပြုံးပြလိုက်ပါသည်။

ဟမ်ယဲ့ မှင်သက်သွားခဲ့ရသည်။

“ငါတို့ကို တကယ်သဘောမကျဘဲ ဘာလို့ အဲ့လောက်ထိ ဒုက္ခခံပြီး ချဉ်းကပ်ခဲ့ရတာလဲ၊ မင်းရဲ့ ရည်ရွယ်ချက်အမှန်က ဘာလဲ”

ယန်ရုန်ရုန် လိမ်ညာ၍ မရသော်လည်း အဖြစ်မှန်အားလုံးကို ထုတ်ပြောဖို့တော့ အစီအစဉ်မရှိပါ။

ထို့ကြောင့် ချောင်းအနည်းငယ်ဟန့်ကာ ပြန်ဖြေလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်မ ပြောပြလို့မရဘူး”

ယခင်တုန်းကသာဆို ယန်ရုန်ရုန့်မေတ္တာများက အတုအ ယောင်တွေဖြစ်နေမှန်း ဟမ်ယဲ့သိခဲ့ရလျှင် အမျက်ဒေါသ အလွန် ကြီးမားသွားလောက်သည်။

သို့သော် ယခုတော့ ဒေါသထွက်ရမည့်အစား ပျော်ရွှင်စွာ ရယ်မောလိုက်မိပါသည်။

‘ငါ့တစ်ယောက်တည်းကို လှည့်စားခဲ့တာမဟုတ်ဘူးပဲ… ဟိုကောင်သုံးကောင်လည်းပါတယ်!’

ဆိုလိုသည်မှာ သူမနှလုံးသားထဲတွင် သူတို့လေးယောက်စလုံး ရှိမနေပါ။ တစ်နည်းအားဖြင့် သူမနှလုံသားထဲမှာ နေရာလွတ်တစ်ခု ရှိနေသးသည့်သဘောပင်။ ထိုနေရာလွတ်ကို ဖြည့်ဆည်းပေးနိုင်မည့်လူ ဖြစ်လာဖို့ အခွင့်အရေး ရှိနေပါသေးသည်။

ရယ်မောနေသည့် ဟမ်ယဲ့ကို ကြည့်ရင်း ယန်ရုန်ရုန် နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။

ဟမ်ယဲ့ စိတ်ရွှင်နေသဖြင့် သဘောထားကြီးစွာ ပြောလိုက်ပါသည်။

“ရပါတယ်၊ မပြောပြချင်လည်း မပြောပြနဲ့တော့၊ မင်းအဆင်သင့်ဖြစ်တဲ့အချိန်ကျမှ ပြောပါ၊ ငါစောင့်နေမယ်နော်”

ယခု ယန်ရုန်ရုန် အတော်လေး သက်သာနေပါပြီ။ နာကျင်မှုများ မရှိတော့သလို စိတ်တွေလည်း ျကြည်လင်ရှင်းလင်းနေလေပြီ။

ထို့ကြောင့် ဟမ်ယဲ့ကို သူမ လှည့်ပြောလိုက်သည်။

“ရှင်ပြန်လို့ရပြီ”

“အင်း…”

သူမမျက်နှာလေးကို ဟမ်ယဲ့ တစ်ကြိမ်နှစ်ကြိမ်လောက် ထပ်ငေးကြည့်ပြီးနောက် သူမ၏ အသိစိတ်ထဲမှ တွန့်ဆုတ်စွာ ထွက်သွားခဲ့တော့သည်။

-

ယခု ဝိညာဉ်ပင်လယ်ထဲ ယန်ရုန်ရုန် တစ်ယောက်တည်းသာ ကျန်ခဲ့ပါတော့သည်။ အဆုံးမဲ့ အမှောင်ထုကို ငေးကြည့်ရင်း အိပ်မက်ဆိုးများကို ပြန်စဉ်းစားဖို့ ကြိုးစားခဲ့သည်။

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးကို သူမ မသဲမကွဲ မှတ်မိခဲ့ပါသည်။ ကျန်တာတော့ ဘာမှ မမှတ်မိပေ။

ယန်ရုန်ရုန် တီးတိုးရေရွတ်လိုက်သည်။

“ရှင် ရှိနေသေးလား…”

သူမအသံက အဆုံးမဲ့ အမှောင်ထုထဲ လွင့်မျောသွားခဲ့သည်။ သို့သော် တုံ့ပြန်မှု မရှိခဲ့ပါ။

ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။

‘အားလုံးက တကယ်အိပ်မက်ပဲ ထင်ပါတယ်…’

ယန်ရုန်ရုန် မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ဝဝရှူကာ ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်ပါသည်။

သူမ မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ တောင်စောင့်နတ်ကျောင်းထဲရှိ ကုတင်ပေါ်ကို ပြန်လည်ရောက်ရှိနေလေပြီ။

ဟမ်ယဲ့က သူမဘေးတွင် လှဲလျောင်းနေပြီး လက်တစ်ဖက်ဖြင့် ခေါင်းထောက်ကာ သူမကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။

သူတို့နှစ်ယောက်စလုံး စောင်ခြုံထားကြသဖြင့် ရုတ်တရက်ကြည့်လျှင် ဘာမှ မထူးခြားသလို ထင်ရပါသည်။

သို့သော် တစ်ခုခုမူမမှန်သည်ကို ယန်ရုန်ရုန် ခံစားမိသည်။ သူမစောင်အောက်ကို လက်ဖြင့်စမ်းကြည့်လိုက်ရာ သူမခန္ဓာကိုယ်ပေါ် အဝတ်အစားများ ရှိမနေသည်ကို သိလိုက်ရပါသည်။

သူမဘေးက လူကို လှည့်ကြည့်လိုက်သည်။ သူမအဝတ်အ စားများကို သူချွတ်ထားခြင်းဖြစ်မှန်း ခန့်မှန်းဖို့ပင် မလိုအပ်ပေ။

အကြောင်းအရင်ကတော့ တွဲဖက်ကျင့်ကြံဖို့ပင်။

ယန်ရုန်ရုန် မျက်နှာသေဖြင့် မေးလိုက်သည်။

“ရှင်ပြောတော့ တွဲဖက်ကျင့်ကြံတာက ရုပ်ခန္ဓာထိတွေ့ဖို့မလိုအပ်ဘူးဆို”

ဟမ်ယဲ့က တည်တည်တံ့တံ့မျက်နှာဖြင့် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည်။

“အဲ့တာက နှစ်ဦးနှစ်ဖက်တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေမှလေ၊ အဲ့တာဆို ဝိညာဉ်ချင်းပေါင်းစပ်ရုံနဲ့ ရတယ်၊ ဒါပေမယ့် မင်းက ချီလမ်းကြောင်းသွေးဖည်မှုကို ခံစားနေရတာ၊ မင်းကို သတိလည်လာအောင်လည်း နှိုးလို့မရဘူး၊ အဲ့တာကြောင့် မင်းဝိညာဉ်ပင်လယ်ထဲကိုဝင်ပြီး မင်းကို နှိုးဖို့အတွက် ရုပ်ခန္ဓာချင်းထိတွေ့လိုက်ရတာပါ”

ထို့နောက် သူ့မျက်နှာက ဝမ်းနည်းသွားဟန်ဖြင့် မေးလိုက်သည်။

“မင်းပြောတော့ ငါ့ကို အပြစ်မတင်ပါဘူးဆို”

ယန်ရုန်ရုန် အေးအေးလူလူ ပြန်ဖြေလိုက်သည်။

“အင်း အပြစ်မတင်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက ပုံပြင်ကမ္ဘာတစ်ခုပဲလေ၊ အရာအားလုံးက အတုအယောင်တွေချည့်ပဲ၊ အတည်မှတ်ယူဖို့မလိုဘူး”

ထိုစကားက ဟမ်ယဲ့အတွက်လား သူမအတွက်သူမ ပြောနေခြင်းလား မသဲကွဲတော့ပါ။

ဟမ်ယဲ့က ချက်ချင်း အခွင့်အရေးယူလိုက်သည်။

“ဘာပဲဖြစ်ဖြစ် အတုအယောင်တွေပဲဆိုတော့ လက်ထပ်ကြရအောင်လေ”

ယန်ရုန်ရုန် သူ့ကို စိုက်ကြည့်ရင်း ဆွံ့အသွားခဲ့သည်။

ဟမ်ယဲ့က ဖြောင့်မတ်စွာ ရှင်းပြလိုက်ပါသည်။

“ငါတို့နှစ်ယောက် လင်မယားတွေလို တစ်ကုတင်တည်းမှာ အိပ်ပြီးသွားပြီလေ၊ အခုချိန်မှ နောက်ဆုတ်ချင်လို့ ရမလား၊ ဒါငါ့အတွက် ပထမဆုံးအကြိမ်နော်၊ ငါ့ရဲ့လူပျိုဘဝကို မင်းဆီမှာ ပေးဆပ်ခဲ့တာ၊ မင်း အပြည့်အဝတာဝန်ယူမှ ဖြစ်မှာပေါ့”

ယန်ရုန်ရုန် တစ်ခွန်းတည်းသာ ပြန်ပြောလိုက်သည်။

“ထွက်သွားလိုက်တော့”

မောင်းထုတ်ခံရသည့်အတွက် ဟမ်ယဲ့ ဒေါသမထွက်ဘဲ သူမကို ပြန်နှစ်သိမ့်ပေးလိုက်ပါသည်။

“စိတ်မဆိုးပါနဲ့၊ ငါ့ရဲ့ဆန္ဒလေးတစ်ခုကို ဖြည့်ဆည်းပေးတယ်လို့ပဲ သဘောထားလိုက်လေနော်၊ အားလုံးက အတုအယောင်တွေပဲဆိုတော့ အပြင်ကို ပြန်ရောက်တာနဲ့ ငါတို့ကြားထဲ ဘာတွေဖြစ်ခဲ့လဲ ဘယ်သူမှ သိမှာမဟုတ်ဘူး၊ မင်းနားလိုက်ပါဦး၊ ငါမင်္ဂလာပွဲအတွက် သွားစီစဉ်လိုက်ဦးမယ်”

ထို့နောက် ကုတင်ပေါ်မှ သုတ်သုတ်ပျာပျာထကာ အဝတ်အ စားများကို ပြန်ဝတ်ရင်း ယန်ရုန်ရုန် တစ်ခွန်းမှ ပြန်မပြောနိုင်ခင် လစ်ထွက်သွားခဲ့တော့သည်။

ယန်ရုန်ရုန်လည်း အိပ်ရာထဲမှ ဖြည်းညှင်းစွာထလိုက်ပြီး အဝတ်အစားများကို တစ်ခုချင်းပြန်ဝတ်ခဲ့သည်။

ထို့နောက် တင်ပလ္လင်ခွေထိုင်ကာ နတ်အာရုံဖြင့် ဒန်တျန်နှင့် ဝိညာဉ်ရင်းမြစ်တို့ကို စစ်ဆေးခဲ့ပါသည်။ သူမ ဒန်တျန်ထဲ ဒဏ်ရာအပေါက်များဖြင့် ပြည့်နှက်နေသော်လည်း ဝိညာဉ်ကတော့ တည်ငြိမ်နေသည်။

အရေးအကြီးဆုံးက သူမ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ပြန်လည်ရောက်ရှိခဲ့လေပြီ။

ဆိုလိုသည်မှာ ရွှမ်ကျီးကလောင်တံကို ထိန်းချုပ်ဖို့ စွမ်းအားလုံလောက်သွားခဲ့ပါပြီ။

သူမ ဒန်တျန်အတွင်းမှ ရွှမ်ကျီးကလောင်တံကို ဆင့်ခေါ်လိုက်သည်။ သူမရှေ့တွင်လည်း ရင်းနှီးနေသည့် စာသားများ ပေါ်လာခဲ့ပါသည်။

“မိစ္ဆာကြီးရဲ့ ဝါးမျိုမှုကို ခံရတော့မယ့်ဆဲဆဲမှာ မင်းကို တောင်စောင့်နတ်ဘုရားက ကယ်တင်ပေးသွားခဲ့တယ်၊ အဲ့ဒီအချိန်ကစပြီး မင်းက တောင်စောင့်နတ်ဘုရားရဲ့ ကျေးကျွန်ဖြစ်လာခဲ့တယ်၊ မင်းအသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရတော့ နတ်ဆရာမက မင်းကို တောင်စောင့်နတ်ကျောင်းထဲမှာပဲ နေထိုင်ပြီး တောင်စောင့်နတ်ဘုရားကို အလုပ်အကျွေးပြုဖို့ အမိန့်ပေးခဲ့တယ်၊ အဲ့တာကြောင့် တောင်စောင့်နတ်ကျောင်းထဲကနေ အပြင်ကို တစ်လှမ်းမှ ထွက်လို့မရတော့ဘူး”

ထိုစာသားများကို ယန်ရုန်ရုန် အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ နောက်ဆုံးမှာတော့ မူရင်းစာလုံးများကို တစ်လုံးမှ မပြောင်းလဲပစ်ခဲ့ဘဲ အဆုံးသတ်တွင် စာသားအသစ်တစ်ကြောင်းသာ ထပ်ဖြည့်ထည့်လိုက်ပါသည်။

“တောင်စောင့်နတ်ဘုရားက မင်းကို မျက်နှာသာပေးခဲ့တယ်၊ မင်းဘာကိုပဲ တောင်းဆိုပါစေ တောင်စောင့်နတ်ဘုရားက ဖြည့်ဆည်းပေးလိမ့်မယ်”

မကြာမီ ဟမ်ယဲ့ အထုပ်အပိုးတွေသယ်ပြီး တောင်စောင့်နတ်ကျောင်းသို့ ပြန်ရောက်လာခဲ့သည်။

မင်္ဂလာဆောင်ဖို့အတွက် လိုအပ်သည့်အရာတိုင်းကို သူယူဆောာင်လာခဲ့ပါသည်။ သေရည်ကောင်းကောင်း၊ ဖယောင်း တိုင်နီနီ၊ အိပ်ရာခင်းအသစ်၊ ခြုံပဝါ၊ သစ်သီးများ၊ မုန့်ပဲသရေစာများ စုံလင်လို့နေသည်။

အရေးအကြီးဆုံးက သတို့သမီးဝတ်စုံတစ်စုံပင်။

“ရုန်ရုန် ဒီမှာကြည့်စမ်းပါဦး၊ မလှဘူးလား”

ပြောပြောဆိုဆိုနှင့် သတို့သမီးဝတ်စုံကို ဟမ်ယဲ့ ခါထုတ်ပြလိုက်ပါသည်။

ရွှေရောင်ချည်မျှင်များနှင့် ထိုးထားပြီး ဇာမဏီငှက်သဏ္ဌာန်ရှိသည့် ကြက်သွေးရောင် သတို့သမီးဝတ်စုံက အလွန်ပင် လက်ရာမြောက်လှသည်။ ရောင်စုံကျောက်ကလေးများကိုလည်း စီခြယ်ထာားသဖြင့် တလက်လက် တောက်ပလို့ နေပါသည်။

ဟမ်ယဲ့က မျှော်လင့်တကြီး စိုက်ကြည့်နေသဖြင့် ယန်ရုန်ရုန် အနည်းငယ်ပြုံးကာ ချီးကျူးလိုက်သည်။

“အရမ်းလှပါတယ်”

ဟမ်ယဲ့ ပျော်လွန်းသဖြင့် နားရွက်များ ထောင်သွားသည်။

“ဒီသတို့သမီးဝတ်စုံလေးကို တွေ့တာနဲ့ မင်းကို အရင်ဆုံး ပြေးမြင်သွားခဲ့တာ၊ မင်းသဘောကျမယ်ဆိုတာ ငါသိနေတယ်”

သတို့သမီးဝတ်စုံကို ယန်ရုန်ရုန် လက်ဖြင့် သပ်ကြည့်လိုက်ပြီး မေးမြန်းလိုက်ပါသည်။

“ဒီလို လက်ရာမျိုးက အချိန်တိုအတွင်း ဖန်တီးလို့ရတဲ့ လက်ရာမျိုး မဟုတ်ဘူးနော်၊ ဘယ်တုန်းက မှာထားတာလဲ”

“လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက…”

ဟမ်ယဲ့ စကားကို တစ်ဝက်လောက်နှင့် ရပ်တန့်လိုက်သည်။ သူ့ပါးစပ်မှ အမှန်တရားကို လွှတ်ခနဲ ပြောလိုက်မိပါသည်။

စိတ်လှုပ်ရှားမှု လွန်ကဲပြီး လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်မိသည့်အတွက် သူ့ကိုယ်သူ ကျိန်ဆဲမိတော့သည်။

ယန်ရုန်ရုန်က အနီးနားတွင် ရှိနေသော အခြားမင်္ဂလာပစ္စည်းများကိုပါ လှည့်ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အဲ့တာတွေကလည်း အချိန်တိုအတွင်း ပြင်ဆင်လို့ရတဲ့အရာတွေ မဟုတ်ဘူး၊ ကြည့်ရတာ ဒီလိုနေ့အတွက် ရှင်ပြင်ဆင်ထားခဲ့တာ တော်တော်ကြာပြီထင်တယ်နော်”

ဟမ်ယဲ့ နားရွက်များ တွဲကျသွားပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။

“ဖုံးကွယ်ထားဖို့ ငါမရည်ရွယ်ခဲ့ပါဘူး၊ တောင်းပန်ပါတယ်”

🌹Chapter 280

ယန်ရုန်ရုန့် ခန့်မှန်းချက် မှန်ကန်ပါသည်။ ဒီလိုနေ့မျိုးအတွက် ဟမ်ယဲ့ ပြင်ဆင်ထားခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။

ယန်ရုန်ရုန် ဘယ်တုန်းကမှ လက်ထပ်ဖို့ အစီအစဉ်မရှိခဲ့မှန်း ဟမ်ယဲ့သိပါသည်။ သူ့လုပ်ရပ်များကြောင့် သူမကို စိတ်အနှောင့်အယှက် ဖြစ်သွားစေမှာကိုလည်း ကြိုသိနေခဲ့ပါသည်။

ထို့ကြောင့် သူမကို ဖွင့်မပြောရဲခဲ့ဘဲ အရာရာကိုတိတ်တ ဆိတ်သာ လုပ်ဆောင်ခဲ့သည်။

မူလကတော့ သူမဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်သွားပြီး စိတ်ရွှင်နေသည့်အချိန်ကျမှ အခွင့် ကောင်းယူကာ လက်ထပ်ခွင့်တောင်းဖို့ ဟမ်ယဲ့ ကြံရွယ်ထားခဲ့သည်။

ဒီပုံပြင်ကမ္ဘာထဲမှာ မင်္ဂလာပွဲအပါအဝင် အရာရာက အတုအ ယောင်သာဖြစ်ကြောင်း သူမကို အကြိမ်ကြိမ် သတိပေးဖို့လည်း ကြံရွယ်ထားခဲ့သည်။ ဒါမှ ယန်ရုန်ရုန့်စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးမများဘဲ ခေါင်းညိတ်နိုင်ပါလိမ့်မည်။

သို့သော် ယခုတော့ ယန်ရုန်ရုန်က သူ့အကြံအစည်များကို ဖောက်ထွင်းမြင်နိုင်ခဲ့သည်။

အကြောင်းပြချက်မပေးနိုင်တော့သဖြင့် ဟမ်ယဲ့တစ်ယောက် သနားကမား ခေါင်းငုံ့ရင်း ရိုးရိုးသားသားတောင်းပန်ရတော့ သည်။

ယန်ရုန်ရုန် သက်ပြင်းချမိပါသည်။

သူမက အနုနည်းနှင့် ပြောလျှင် လက်ခံတတ်သူဖြစ်ပြီး အတင်းအကျပ်ဖိအားပေးဖို့ ကြိုးစားလျှင်တော့ တွန်းကန်တတ်သူ ဖြစ်သည်။ သူမကို တစ်ဖက်လူက အတင်းအကျပ် ဖိအားပေးသည့်အခါ ပြန်လည်ခုခံပြီး ငြင်းဆန်မိမှာ သေချာပါသည်။

သို့သော် ဒီပုံပြင်ကမ္ဘာထဲ ရောက်ရှိလာစဉ်ကတည်းက သူမအပေါ် ဟမ်ယဲ့ အရာရာလိုက်လျောပေးခဲ့သည်။ သူမ ဘာကိုပဲ လိုချင်ပါစေ အမြန်ဆုံး ရှာဖွေပေးပြီး ဘယ်လိုအမိန့်မျိုးပဲ ပေးပါစေ မဆိုင်းမတွ နာခံတတ်သည်။

သူမအပေါ် အကြွေးတင်နေသည်များကို ဟမ်ယဲ့ ပြန်ဆပ်ပြီးခဲ့သည်မှာ ကြာပါပြီ။ ယခု သူမရှေ့တွင် ရှိနေသည့် ဟမ်ယဲ့ကို တည်ငြိမ်သည့် စိတ်နှင့် ရင်ဆိုင်နိုင်ပြီ ဖြစ်သည်။

သူမအတွက်နှင့် ဟမ်ယဲ့ကို အချိန်တွေ ပိုမဖြုန်းစေချင်သဖြင့် ယန်ရုန်ရုန် အမှန်အတိုင်း ပြောပြလိုက်ပါသည်။

“တကယ်တော့ ကျွန်မ အရင်တုန်းက လက်ထပ်ဖူးတယ်”

ဟမ်ယဲ့ တုန်လှုပ်သွားခဲ့သည်။ ဆတ်ခနဲ ခေါင်းထောင်လာပြီး မျက်လုံးများ ပြူးကျယ်ကာ ချောချောမောမော သူ့မျက်နှာပေါ် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

“ဘာ… ဘယ်လို၊ ငါဘာလို့ မသိခဲ့ရတာလဲ၊ မင်းဘယ်သူနဲ့ လက်ထပ်ခဲ့တာလဲ”

“ဖမ့်လိုင်မသေမျိုးကျွန်းမှာတုန်းက ရှန်းဝမ်ချင်းနဲ့ ကျွန်မကို ဖူရှန်းကြေးမုံက ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲ ပိတ်လှောင်ထားခဲ့တာ၊ အဲ့ဒီ ပုံရိပ်ယောင်ကမ္ဘာထဲမှာ ကျွန်မတို့ ကောင်း ကင်ဘုံနဲ့ ကမ္ဘာမြေကို တိုင်တည်ပြီး လက်ထပ်ခဲ့ကြသေးတယ်”

ဒါကိုကြားမှ ဟမ်ယဲ့ စိတ်သက်သာရာရသွားကာ သက်ပြင်းချမိပါသည်။ သူ့ကိုယ်သူလည်း နှစ်သိမ့်လိုက်သည်။

“ရပါတယ်၊ ဘာမှမဖြစ်ပါဘူး၊ ပုံရိပ်ယောင်ကမ္ဘာထဲမှာ လက်ထပ်တာပဲဥစ္စာ၊ အစစ်အမှန်လို့ ယူဆလို့မရဘူး”

ယန်ရုန်ရုန်က ချေပသည်။

“ဒါပေမယ့် ကျွန်မတို့ အခုရောက်နေတဲ့ ပုံပြင်ကမ္ဘာကလည်း ပုံရိပ်ယောင်ကမ္ဘာနဲ့ မခြားဘူးလေ”

“အဲ့တာကြောင့်မို့လို့ ကိစ္စမရှိဘူးလို့ပြောတာပေါ့”

ဟမ်ယဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

ရှန်းဝမ်ချင်းနှင့် ယန်ရုန်ရုန်တို့ လက်ထပ်ခဲ့ဖူးသည်ကို သူလုံးဝ ဂရုစိုက်ပုံမပေါ်ပါ။

“ဘာပဲဖြစ်ဖြစ် အားလုံးက အတုအယောင်တွေပဲလေ”

ယန်ရုန်ရုန် စိတ်ပျက်လက်ပျက် ရှင်းပြလိုက်ပါသည်။

“ကျွန်မ ရှန်းဝမ်ချင်းနဲ့ လက်ထပ်ခဲ့ရတယ်ဆိုတာက အခြေအနေတွေကြောင့် မဖြစ်မနေ လက်ထပ်ခဲ့ရတာ၊ ဒါပေမယ့် အခုကတော့ မတူဘူးလေ၊ ရှင့်ဆီက ခွင့်ပြုချက်တစ်ခုရတာနဲ့ ကျွန်မတို့ ဒီကမ္ဘာကြီးကနေ ထွက်သွားလို့ရပြီ၊ အဲ့လိုအပိုအလုပ်တွေ လုပ်စရာမလိုပါဘူး”

“မကြာခင် ထွက်သွားရတော့မှာမို့လို့ပဲ ငါမင်းနဲ့ လက်ထပ်ချင်တာပေါ့…၊ မင်းနဲ့လက်ထပ်ခွင့် ရဖို့ဆိုတာ ဒီလို အတုအ ယောင်ကမ္ဘာထဲမှာပဲ ဖြစ်နိုင်တာ…၊ လက်တွေ့ကမ္ဘာကို ပြန်ရောက်ရင် မင်းငါ့ကို လိုအပ်မှာ မဟုတ်တော့ဘူး၊ နောက် နောင် လက်ထပ်ဖို့မပြောနဲ့ မင်းငါ့ကို တစ်ချက်ကလေးတောင် လှည့်ကြည့်ဖို့ မသေချာတော့ဘူး”

ပြောရင်းပြောရင်းနှင့် ဟမ်ယဲ့၏ အသံက ပိုမိုတိုးညှင်းလာခဲ့သည်။ သူ့အကြည့်က ပြတ်သားခိုင်မာနေသော်လည်း တစ်ချိန်တည်းမှာပင် ဝမ်းနည်းနေပုံရသဖြင့် အတော်လေး သနားစရာကောင်းပါသည်။

ယန်ရုန်ရုန်က စိတ်ရှည်လက်ရှည်ထားပြီး သူ့ကို နှစ်သိမ့်ပေးဖို့ ကြိုးစားသည်။

“အဲ့ဒီငွေဖြူရောင်ဆံပင်နဲ့လူအကြောင်းကို စုံစမ်းဖို့ ကျွန်မကို ရှင်ကူညီပေးမယ်ဆို၊ နောက်ပိုင်း ရှင့်အကူအညီကို လိုအပ်တဲ့ ကဏ္ဍတွေ အများကြီး ရှိလာဦးမှာပဲလေ”

ဟမ်ယဲ့၏ မျက်ဝန်းများ မှေးမှိန်နေဆဲပင်။ ဒီပုံပြင်ကမ္ဘာထဲမှာသာ သူ့အပေါ် ယန်ရုန်ရုန် အပြည့်အဝ အားကိုးနိုင်ခြင်း ဖြစ်သည်။

သို့သော် သူမနှလုံးသားကတော့ ထွက်သွားဖို့ကိုသာ စိတ်အားထက်သန်နေခဲ့ပါသည်။ သူ့အတွက်နှင့် သူမခြေလှမ်းများကို ရပ်တန့်ပေးမှာ မဟုတ်ပါ။

တိတ်တဆိတ် ခေါင်းငုံ့နေသည့် ဟမ်ယဲ့ကို ကြည့်ရင်း သူ့နှလုံးသားတွေ လေးလံနေမှန်း ယန်ရုန်ရုန် သိလိုက်ပါသည်။ ဒီလိုအခြေအနေမျိုးမှာ ထွက်သွားဖို့ ဆက်တိုက်တွန်းနေလျှင် ဟမ်ယဲ့ စိတ်ရင်းအမှန်နှင့် စွန့်လွှတ်နိုင်မှာ မဟုတ်ကြောင်း ယန်ရုန်ရုန်သိသည်။

အချိန်က အရေးကြီးပါသည်။ သူမ အချိန်ထပ်မဆွဲချင်တော့ပါ။

ထို့ကြောင့် ယန်ရုန်ရုန် ကမ်းလှမ်းလိုက်သည်။

“ဒီလိုဆိုရင်ကော၊ ကျွန်မတို့ အပေးအယူတစ်ခု လုပ်ကြမယ်၊ ကျွန်မ ရှင်နဲ့လက်ထပ်ဖို့ သဘောတူတယ်၊ ဒါပေမယ့် ရှင့်ဘက်ကလည်း ကျွန်မဆန္ဒတစ်ခုကို ပြန်ဖြည့်ဆည်းပေးရမယ်”

ဟမ်ယဲ့ ဆတ်ခနဲ ခေါင်းထောင်လာပြီး တွဲကျနေသော နားရွက်များလည်း ပြန်ထောင်လာခဲ့သည်။ သူ့နောက်က အမွေးပွပွ အမြီးကြီးလည်း လေထဲမှာ လှုပ်ခါသွားခဲ့ပါသည်။

သူ့မျက်ဝန်းတွေထဲ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွား၍ လျှံကျလုနီးပါးပင် ဖြစ်နေပါပြီ။

“မင်းဘာပဲလိုချင်လိုချင် ငါဖြည့်ဆည်းပေးမယ်!”

ယန်ရုန်ရုန် ခပ်ပါးပါး ပြုံးလိုက်သည်။

“မင်္ဂလာဆောင်ပြီးရင် ကျွန်မဆန္ဒကို ပြောပြမယ်၊ ကျွန်မရှင့်ဆန္ဒကို ဖြည့်ဆည်းပေးနေတာမို့လို့ ကျွန်မဆန္ဒကိုလည်း ပြန်ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ဟမ်ယဲ့ နှစ်ခါပြန်မစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်။

“သဘောတူတယ်!”

ထို့နောက် စားပွဲပေါ်တွင် ဖယောင်းတိုင်နီများ၊ စားကောင်း သောက်ဖွယ်ရာများကို သူကိုယ်တိုင် တည်ခင်း ပြင်ဆင်ခဲ့သည်။ ပြူတင်းပေါက်များ တံခါးများပေါ်တွင်လည်း ‘ပျော်ရွှင်ခြင်း နှစ်ဆ’ဟူသည့် စာသားများကို ကပ်ခဲ့သည်။

ဇာမဏီနှင့် နဂါးတို့ ပုံဖော်ထားသည့် အိပ်ရာခင်းအသစ်ကို ကုတင်ပေါ်တွင် ခင်းကျင်းလိုက်ပြီး ရေပြင်ပေါ်ပျော်ရွှင်စွာ ဆော့ကစားနေကြသည့် အချစ်ငှက်ရုပ်ပုံကလေးများပါသည့် ခေါင်းအုံးလေးများကိုလည်း ကုတင်ပေါ်တွင် ကျကျနန တင်ထားခဲ့ပါသည်။

ထို့နောက် မျက်နှာကြက်တွင် မီးပုံးနီနီများကို ချိတ်ဆွဲလိုက်ပြီး စားပွဲနှင့် ထိုင်ခုံများပေါ် အနီရောင်ပိုးသားများဖြင့် ဖုံးအုပ်လိုက်သည်။ ပန်းအိုးများထဲတွင် နူးညံ့စိုးစွတ်နေသည့် ပျိုနီပန်းကလေးများကို ထိုးစိုက်ထားပါသည်။

ထို့နောက် တောင်စောင့်နတ်ကျောင်း၏ အပြင်ပိုင်းကိုလည်း အသစ်စက်စက်ဖြစ်သွားအောင် မိစ္ဆာစွမ်းအင်အချို့ကို အသုံးပြုကာ ဖန်တီးလိုက်သည်။ ယခင်မီးလောင်ထားသည့် အရိပ်အယောင်များ မတွေ့ရတော့ပါ။

သူကိုယ်တိုင် ပြင်ဆင်ထားသည့် နတ်ကျောင်းထဲ ဟမ်ယဲ့ မတ်တပ်ရပ်ရင်း ဘေးပတ်လည်ကို ဝေ့ကြည့်ကာ တစ်ခုခု လိုအပ်နေသလို ခံစားလိုက်ရပါသည်။

ခေတ္တစဉ်းစားပြီးနောက် သူနားလည်သွားခဲ့သည်။ ယခု လိုအပ်နေသည်မှာ လူစည်ကားသိုက်မြိုက်သည့် အငွေ့အသက်ပင်။

‘မင်္ဂလာပွဲဆိုမှတော့ ဂုဏ်ပြုပေးမယ့် ဧည့်သည်မရှိလို့ ဘယ်ဖြစ်ပါ့မလဲ’

ထို့ကြောင့် တောင်ပေါ်တွင် နေထိုင်သည့် မိစ္ဆာတိုင်း မကောင်းဆိုးဝါးတိုင်းကို ဟမ်ယဲ့ ဆင့်ခေါ်လိုက်ပါသည်။

မိစ္ဆာများက ဟမ်ယဲ့၏ အကြွင်းမဲ့စွမ်းအားကို ကြောက်ရွံ့ကြပြီး သူအမျက်ထွက်သွားမည်ကို စိုးရိမ်ကြသဖြင့် သေသေသပ်သပ် ဝတ်စားဆင်ယင်ကာ မင်္ဂလာလက်ဖွဲ့များပင် ယူဆောင်လာခဲ့ကြသည်။

သူတို့၏ ‘သိတတ်’မှုကို ဟမ်ယဲ့ အလွန်ကျေနပ်သွားပါသည်။

ရွာသူရွာသားများကိုတော့ ဟမ်ယဲ့ တစ်ယောက်မှ မဖိတ်ကြားခဲ့ပါ။ ထိုလူတွေကို ယန်ရုန်ရုန် သဘောမကျမှန်း သူသိသည်။ ယန်ရုန်ရုန်သဘောမကျသည့်အရာတိုင်းကို သူလည်း သဘောမကျပေ။

နတ်ကျောင်းတစ်ကျောင်းလုံးတွင် ဟမ်ယဲ့ကို လာရောက်ဂုဏ်ပြုကြသည့် မိစ္ဆာများဖြင့် ပြည့်နှက်သွားခဲ့ပြီး အဝေးကကြည့်လျှင် အမှန်တကယ် စည်ကားလှပါသည်။

မင်္ဂလာအချိန် ရောက်သည့်အခါ မိစ္ဆာများ တိတ်ဆိတ်သွားခဲ့ကြပြီး တံခါးထံကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

အားလုံး၏ အကြည့်အောက်တွင် အနီရောင်သတို့သမီးဝတ်စုံကို ဆင်မြန်းထားသည့် ယန်ရုန်ရုန် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ပါသည်။

ရွှေနှင့်ကျောက်စိမ်းတို့ကို ရောစပ်ထားသည့် သရဖူလေးတစ်ခုကို ဆောင်းထားပြီး ရှည်လျားသည့် ကျောက်စိမ်းပုတီးတန်းလေးများက တွဲကျနေကာ သူမမျက်နှာကို ဖုံးအုပ်ထားပါသည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ရွှေရောင် ဇာမဏီဆံထိုးလေးမျာက အနည်းငယ်ယိမ်းနွဲ့သွားပြီး တောက်ပနေခဲ့သည်။

ဟမ်ယဲ့က ရှေ့သို့ တိုးလာပြီး သူမလက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ သူ့ရွှေရောင်သားရဲမျက်ဝန်းများဖြင့် သူမကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့လေသည်။

သူအကြည့်က ဇူလိုင်မီးတောက်များသဖွယ် ပြင်းပြနေပြီး သူမ နှလုံးသားထဲအထိ ဖောက်ထွင်းမြင်နိုင်သည့်အလား ထင်မှတ်ရသည်။

ဟမ်ယဲ့၏ လက်က နွေးထွေးပြီး အနည်းငယ် စိုစွတ်နေသည်ကို ယန်ရုန်ရုန်ခံစားမိပါသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့လက်တွေ ခွေးပြန်နေမှန်းသိသာသည်။

ဟမ်ယဲ့ကို ကျောက်စိမ်းပုတီးတန်းလေးများအကြားမှ ယန်ရုန်ရုန် မော့ကြည့်လိုက်သည်။

ဟမ်ယဲ့က သူမကို ချက်ချင်းတောက်တောက်ပပ ပြုံးပြလိုက်ပါသည်။ သူ့အပြုံးမှာ ကျယ်လွန်းသဖြင့် အစွယ်ကလေး နှစ်ဖက်ပင် ပေါ်နေသေးသည်။

ယန်ရုန်ရုန် တွေးလိုက်မိသည်။ ‘ကျပ်မပြည့်တဲ့ပုံစံနဲ့…’

ဟမ်ယဲ့ကတော့ သူ့ကိုယ်သူ ကျပ်မပြည့်သည့် ပုံစံနှင့် ပြုံးနေမိမှန်း သတိထားမိပုံမပေါ်ပါ။ မင်္ဂလာအခမ်းအနား တစ်လျှောက်လုံး ထိုကျပ်မပြည့်သည့်အပြုံးကို သူထိန်းသိမ်းထားခဲ့သည်။

နောက်ဆုံးတော့ မင်္ဂလာအိပ်ခန်းဆောင်ထဲ သူတို့ ရောက်ရှိသွားခဲ့ကြပါပြီ။

ဧည့်သည်များလည်း ပြန်သွားကြပြီဖြစ်ရာ တောင်စောင့်နတ်ကျောင်းက ပြန်လည်တိတ်ဆိတ်သွားခဲ့လေပြီ။

အနီရောင်စောင်များ ခင်းထားသည့် ကုတင်ပေါ် ယန်ရုန်ရုန် ထိုင်နေသည်။ ဟမ်ယဲ့က သူမဘေးတွင် ထိုင်နေပြီး အချိန်အတော်ကြာအောင် စကားမပြောခဲ့ဘဲ တောက်လောင်နေသည့် မျက်လုံးများဖြင့်သာ ငေးကြည့်နေပါသည်။

ယန်ရုန်ရုန် စိတ်မရှည်တော့သဖြင့် ကျောက်စိမ်းပုတီးတန်းလေးများကို သူမဖာသာလှန်ဖို့ လက်ပြင်လိုက်သည်။

ဟမ်ယဲ့က သူမလက်ကို အမြန်လှမ်းကိုင်ပြီး တားလိုက်ပါသည်။

သူမကို ဟမ်ယဲ့ ခဏလောက် ထပ်ငေးကြည့်လိုက်ပြီး နောက်ဆုံးတော့ ညာဘက်လက်ကို မြှောက်ကာ သူမမျက်နှာပေါ်က ကျောက်စိမ်းပုတီးတန်းလေးများကို ဖယ်ရှားပေးလိုက်ပါသည်။

ရွှေနှင့်ကျောက်စိမ်းတို့ အချင်းချင်း ရိုက်ခတ်ပြီး မြည်သံလေးများ သာသာယာယာ ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးတော့ ယန်ရုန်ရုန်၏ လှလှပပ မျက်နှာလေးကို ဟမ်ယဲ့ အပြည့်အဝ မြင်နိုင်ခဲ့ပါပြီ။

ဟမ်ယဲ့ အသက်ရှူပင် ရပ်သွားခဲ့ရသည်။ သူ့အကြည့်တွေမှာ ပိုမိုတောက်လောင်လာသဖြင့် ယန်ရုန်ရုန် အရည်ပင် ပျော်သွားလောက်သည်။

“ရုန်ရုန်… မင်းအရမ်းလှတာပဲ”

ယန်ရုန်ရုန်ကလည်း သူမပါးလေးကို ကိုင်ပြီး ပြုံးလိုက်ပါသည်။

“အင်း… ကျွန်မသိပါတယ်”

All Chapters