← Chapters

အခန်း (၃၈၉-၃၉၀)

Vol. 25 Ch. 389-390

အခန်း (၃၈၉-၃၉၀)

Vol. 25 Ch. 389-390

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

အခန်း ၃၈၉ ။ မိသားစုထံ ပြန်လည်နှင်ထုတ်ခြင်း

ဟွေယွဲ့သည် ချက်ချင်းပင် ဒူးထောက်၍ ယဲ့ယွင်အား တွဲထူလိုက်စဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ အခြေအနေ မဟန်တော့မှန်း ရိပ်မိလိုက်သည်။

သူမသည် ချက်ချင်းပင် အော်ဟစ်လိုက်တော့သည် - "မြန်မြန်... သမားတော် ပင့်ကြပါဦး၊ သမားတော် ခေါ်ကြပါ! မယ်မယ် အခြေအနေ မကောင်းတော့ဘူး!"

"ဘာဖြစ်တာလဲ၊ ဖယ်ကြစမ်း!" နင်ချန်သည် ခန်းမဆောင်၏ အမြင့်ဆုံးနေရာမှ အပြေးအလွှား ဆင်းလာခဲ့သည်။ သူ့မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မှောင်ကျနေ၏။

အနားသို့ ရောက်ရှိချိန်တွင် ယဲ့ယွင်၏ ဂါဝန်အောက်နား၌ စိုစွတ်နေသော အစွန်းအထွင်းတစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ အနီရောင်ရင့်ရင့်...

သွေးတွေပါလား!

"သမားတော်တွေ ဘယ်ရောက်ကုန်လဲ၊ အကုန် သေကုန်ကြပြီလား! မြန်မြန် သွားခေါ်ကြစမ်း!"

တစ်ခဏချင်းမှာပင် နင်ချန်၏ဦးနှောက်မှာ ဗလာဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မည့် ဒေါသများ ပြည့်နှက်သွားသည်။ သူသည် ယဲ့ယွင်ကို ပွေ့ချီကာ ဘေးဆောင်သို့ အမြန် ပြေးထွက်သွားတော့သည်။

ယဲ့ယွင်အား ပွေ့ချီသွားပြီးနောက်၊ သူမ လဲကျခဲ့သည့် နေရာတွင် သွေးကွက်အနည်းငယ် ကျန်ရစ်ခဲ့သည်ကို မြင်ရုံနှင့် လူတိုင်း ဘာဖြစ်သည်ကို နားလည်သွားကြသည်။ လူတိုင်း ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။

အထူးသဖြင့် ရွှီရှီပင် ဖြစ်သည်။ ထိုသွေးကွက်ကို မြင်လိုက်ရချိန်တွင် သူမသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းသွားကာ နေရာမှပင် မလှုပ်ဝံ့တော့ပေ။

မယ်တော်ကြီးမှာမူ အခမ်းအနားတွင် ခန မျက်နှာပြပြီး ‘ရောဂါအနားယူရန်’ ပြန်တော့မည့်သူ ဖြစ်သော်လည်း၊ ယခုကဲ့သို့ ရုတ်တရက် အခြေအနေတွင် ရှေ့ထွက်၍ မတတ်သာစွာ အခြေအနေကို ထိန်းရတော့သည်။

"ဒီနေ့ အခြေအနေက ထူးခြားသွားပြီဆိုတော့၊ ဒီဆောင်းဦးလယ်ပွဲတော် ညစာစားပွဲကို ဆက်ကျင်းပလို့ မရတော့ဘူး။ အားလုံးပဲ ပြန်ကြပါတော့၊ တကယ်ကို အားနာရပါတယ်"

ဖိန်ဝမ်က အရင်ဆုံး ရှေ့ထွက်၍ - "မယ်တော်ကြီးကလည်း အားနာစရာ မဟုတ်ပါဘူး။ ကျောင်းရီမယ်မယ် ဘေးကင်းပါစေလို့ပဲ ဆုတောင်းပါတယ်။ ကျွန်တော်မျိုးတို့ အရင် ဆုတ်ခွာပါ့မယ်၊ ဒီမှာ နေနေလည်း ဘာမှ ကူညီလို့ မရတဲ့အပြင် အရှင်မင်းကြီးကို အာရုံနောက်စေမှာ စိုးလို့ပါ" ဟု ဆိုကာ ပြန်သွားခဲ့သည်။

အခြားသူများကလည်း တစ်ယောက်တစ်ပေါက်နှင့် ထောက်ခံကာ ပြန်ကုန်ကြသည်။ ဤကဲ့သို့သော နန်းတွင်း တိုက်ပွဲများကြားထဲ မည်သူမျှ မပါဝင်ချင်ကြပေ။

သို့သော် တစ်ဦးတည်းသောသူမှာတော့ စိုးရိမ်စိတ်ဖြင့် မပြန်ချင်ဘဲ ဖြစ်နေရှာသည်။ သူမမှာ ရွှီချိုက်ရန်၏ ဝမ်းကွဲအစ်မဖြစ်သူ ‘ခန်းဝမ်ဖေး’ ပင် ဖြစ်၏။ သို့သော် ခန်းဝမ်က ပြန်မည်ဆိုသဖြင့် သူမလည်း မတတ်သာဘဲ လိုက်သွားရတော့သည်။ သူမ၏ရင်ထဲတွင်တော့ ပူလောင်နေမိသည်။ မိမိ၏ စကားတစ်ခွန်းကြောင့် မိသားစုက မဝင်သင့်သည့် အကြံကို ဝင်မိကာ ဤကဲ့သို့သော မိန်းကလေးကို နန်းတွင်း သွင်းလိုက်မိခြင်းမှာ၊ ယခုတော့ ဧကရာဇ်၏ အမျက်တော်ကို တည့်တည့် တိုးမိပြီ မဟုတ်လား။ ‘ဂုဏ်တက်ရင် အတူတူ၊ ပျက်စီးရင် အတူတူ’ ဆိုသည့်အတိုင်း၊ ရွှီမိသားစုသာ ဒုက္ခရောက်လျှင် သူမပါ ထိခိုက်နိုင်သဖြင့် ခန်းဝမ်အိမ်တော်ကိုပါဆွဲထည့်မိမှာကို သူမ အလွန် စိုးရိမ်နေတော့သည်။

…….

နန်းပြင်မှလူများ မည်သို့ပင် စိုးရိမ်စေကာမူ နန်းတွင်းကိစ္စကိုတော့ မကူညီနိုင်ပေ။ ယခုအခါ မယ်တော်ကြီး၏ အမိန့်ဖြင့် ကိုယ်လုပ်တော် အားလုံးကို ပြန်ခွင့်မပေးဘဲ၊ သတင်းစောင့်ရန် ရှေ့ဆောင်တွင်သာ ထားရှိထားလေသည်။

ဘေးဆောင်အတွင်း၌၊ နင်ချန်သည် အလွန် စိုးရိမ်ပူပန်သော မျက်နှာဖြင့် သမားတော်ကို စောင့်နေသည်။ ဤခဏတာအတွင်းမှာပင် သူသည် ဒေါသကို မထိန်းနိုင်ဘဲ အစေခံများကို နှစ်ကြိမ်၊ သုံးကြိမ်မျှ ဆူပူကြိမ်းမောင်းပြီးပြီ ဖြစ်သည်။ လူတိုင်းမှာ အသက်ကိုပင် ပြင်းပြင်းမရှူရဲဘဲ ငြိမ်နေကြရသည်။

ရှန်ဖိန်ကျစ်မှာ ငယ်ရွယ်သူပီပီ အမြန်ပြေးလာခဲ့ရသဖြင့် နဖူးတွင် ချွေးသီးချွေးပေါက်များ ကျနေသော်လည်း၊ ဂရုမစိုက်နိုင်ဘဲ ယဲ့ယွင်၏ သွေးခုန်နှုန်းကို အရင် စစ်ဆေးလိုက်သည်။ ခနအကြာတွင် သူ့မျက်နှာမှာ လေးနက်သွားခဲ့သည်။

"အရှင်မင်းကြီး... ကျောင်းရီမယ်မယ့်မှာ ကိုယ်ဝန်ရှိနေတာ တစ်လကျော်ပဲ ရှိပါသေးတယ်။ ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာကို ဘယ်လိုလုပ် ခံနိုင်ပါ့မလဲ။ ဒါပေမဲ့ အရှင် စိတ်အေးအေးထားပါ၊ သွေးဆင်းသွားပေမဲ့ တော်ဝင်ရင်သွေးကိုတော့ ထိန်းထားလို့ရပါသေးတယ်။ ဒါပေမဲ့ ဒီဦးဆုံး သုံးလအတွင်းမှာတော့ အိပ်ရာပေါ်မှာပဲ လုံးဝ အနားယူရပါမယ်၊ နောက်ထပ် ဘာအမှားမှ အဖြစ်မခံနိုင်တော့ပါဘူး!"

တစ်ခဏချင်းမှာပင် နင်ချန်သည် ယဲ့ယွင် ကိုယ်ဝန်ရှိလာသဖြင့် ဝမ်းသာရမလား၊ ဒါမှမဟုတ် ကိုယ်ဝန် ပျက်ကျမလို ဖြစ်သွားသဖြင့် စိုးရိမ်ရမလား မဝေခွဲနိုင်ဘဲ ဖြစ်သွားသည်။ ခံစားချက်များစွာ ဖြတ်ပြေးသွားပြီးနောက်မှ သူက -

"ကောင်းပြီ... ကောင်းပြီ... မင်ကျောင်းရီရဲ့ ကိုယ်ဝန်ကို မင်းပဲ တာဝန်ယူပါ။ အစွမ်းကုန်ကြိုးစားပြီး တော်ဝင်ရင်သွေးကို ထိန်းပေးပါ။ သူတို့ သားအမိကို ဘေးကင်းအောင် လုပ်ပေးပါ!"

"အရှင် စိတ်ချပါ၊ ကျွန်တော်မျိုး အခုပဲ အပ်စိုက်ပြီး ဆေးတိုက်ပါ့မယ်။ သွေးကို ချက်ချင်း တိတ်အောင် လုပ်ပေးပါ့မယ်" ဟု ရှန်ဖိန်ကျစ်က ဆိုသည်။

နင်ချန်က ချက်ချင်း ဖယ်ပေးလိုက်သည်။ ရှန်ဖိန်ကျစ်သည် အတွေ့အကြုံရှိသူပီပီ အပ်အနည်းငယ် စိုက်လိုက်ကာ၊ ယဲ့ယွင်အား ဆေးလုံး နှစ်လုံး တိုက်လိုက်က်ရာ၊ ခဏအတွင်းမှာပင် ကိုယ်ဝန်မှာ ပြန်လည် တည်ငြိမ်သွားခဲ့သည်။ အခြားသော သမားတော်များ အပြေးအလွှား ရောက်ရှိလာချိန်တွင် အရာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်နေပေပြီ။

ထိုအချိန်တွင် ယဲ့ယွင်မှာ စိတ်ဝေဝါးနေဆဲ ဖြစ်သော်လည်း၊ မိမိတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းနှင့် ကလေး ဘေးကင်းသွားပြီဖြစ်ကြောင်းကိုတော့ သိလိုက်ရသည်။ သူမသည် ထိတ်လန့်တုန်လှုပ်မိသလို၊ ဝမ်းဗိုက်ကလည်း မအီမသာဖြစ်ကာ လူမှာ မိန်းမောနေတော့သည်။ ဤမျှအထိ လဲကျခဲ့ရရုံတင်မက၊ ရွှီရှီကဲ့သို့ လူကြီးတစ်ယောက်၏ ဖိမိခြင်းကို ခံလိုက်ရသဖြင့် သက်သောင့်သက်သာရှိရန်မှာ မဖြစ်နိုင်ပေ။

ပြန်စဉ်းစားကြည့်လျှင် ယခုတစ်ခေါက် သူမဘက်က ပေါ့ဆမှုကြောင့်လည်း ပါဝင်သည်။ ကိုယ်ဝန်ရှိနေသဖြင့် စိတ်တိုလွယ်နေခဲ့ကာ၊ ယနေ့ ဒေါသအရှိန်ဖြင့် ရွှီရှီအား ဝိုင်နှင့် ပက်ခဲ့မိသည်။ ထိုဒေါသကြောင့်ပင် ဘေးဥပဒ်ကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်ကာ၊ ရွှီရှီ၏ တမင်တိုက်ချခြင်းကို ခံလိုက်ရခြင်းဖြစ်၏။ ယဲ့ယွင်မှာ အလွန် နောင်တရနေမိသည်။ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်ခြင်း ဖြစ်ပါလျက် မိမိကိုယ်ကိုယ် သတိမထားမိခဲ့ပေ။ အကယ်၍သာ ယနေ့ ကလေး မမြဲခဲ့လျှင် သူမ တစ်ဘဝလုံး မိမိကိုယ်ကိုယ် ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

နင်ချန်သည်လည်း သူမနှင့် ထပ်တူပင် မိမိကိုယ်ကိုယ် အပြစ်တင်နေမိသည်။ ဤကဲ့သို့သော ပြဿနာရှာမည့် မိန်းကလေးကို နန်းတွင်းသွင်းမိခဲ့သဖြင့် ယဲ့ယွင် ကိုယ်ဝန် ပျက်ကျလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်လား။ သူသည် ရွှီရှီကို အလွန်အမင်း စက်ဆုပ်သွားခဲ့ပြီဖြစ်သည်။

ထိုအချိန်တွင် မယ်တော်ကြီး၏ အနီးကပ် နန်းတွင်းသူ တိုက်မောက်ရောက်လာကာ၊ ရှေ့ဆောင်ရှိ ကိုယ်လုပ်တော်များကို မည်သို့ စီစဉ်ရမလဲဟု လာရောက် မေးမြန်းသည်။ နင်ချန်သည် မျက်ဝန်းများကို မှေးစင်းလိုက်ပြီး၊ ယဲ့ယွင်၏နဖူးကို အသာအယာ ပွတ်သပ်ကာ နူးညံ့စွာ ဆိုလိုက်သည် -

"မင်း လိမ္မာလိမ္မာလေး နေနော်။ ကျန်း ဟိုဘက်က ကိစ္စတွေကို ရှင်းပြီးတာနဲ့ မင်းကို ပြန်လာပွေ့သွားမယ်။ ဝေါယာဉ်စီးရင် လမ်းဖုတာနဲ့ မင်း ထိခိုက်မှာ စိုးလို့ ကျန်း စိတ်မချဘူး"

"ဟုတ်ကဲ့... အရှင် သွားပါ" ယဲ့ယွင်၏အသံမှာ တိုးညင်းလှသည်။ သူမ တကယ်ပင် ပင်ပန်းနေခြင်း ဖြစ်၏။

နင်ချန် ခေါင်းညိတ်ပြကာ အဝတ်အစားကို ပြန်ပြင်ပြီး ရှေ့ဆောင်သို့ ထွက်လာခဲ့သည်။ သူ၏ အေးစက်လှသော မျက်နှာကို မြင်လိုက်ရချိန်တွင် ကိုယ်လုပ်တော်များမှာ ‘မင်ကျောင်းရီရဲ့ ကိုယ်ဝန် ပျက်သွားပြီလား’ ဟု ကိုယ်စီ ခန့်မှန်းနေကြတော့သည်။ ယိကျောင်းရုန်ကမူ ‘ယဲ့ယွင်သည် လူသစ်ကို မနာလို၍ ရန်စရာမှ မိမိကလေးကိုပါ သတ်မိသွားပြီ’ ဟု စိတ်ထဲတွင် လှောင်ပြောင်နေမိသည်။

"ဧကရာဇ်... မင်ကျောင်းရီ ဘယ်လိုနေသေးလဲ" နောက်ဆုံးတွင် မယ်တော်ကြီးကပင် ကိုယ်စား မေးမြန်းလိုက်သည်။

"မယ်တော်ကြီး စိတ်ချပါ။ တော်ဝင်ရင်သွေး ဘေးကင်းပါတယ်။ ကိုယ်ဝန်က တစ်လကျော်ပဲရှိသေးလို့ ကျောင်းရီကိုယ်တိုင်လည်း သတိမထားမိခဲ့တာပါ" ဟု နင်ချန်က ဆိုသည်။

မယ်တော်ကြီး သက်ပြင်းချကာ ခေါင်းညိတ်သည် - "ဒါဆိုရင်လည်း တော်သေးတာပေါ့"

ထို့နောက် သူမသည် ကိုယ်စီ အတွေးများ ရှိနေကြသော ကိုယ်လုပ်တော်များကို တစ်ချက်ကြည့်ကာ၊ ဘေးကိစ္စများတွင် ဝင်မပါတော့ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ထရပ်လိုက်ကာ - "ကျန်တဲ့ ကိစ္စတွေကိုတော့ ဧကရာဇ်ပဲ ကိုယ်တိုင် စီစဉ်လိုက်ပါတော့။ အိုက်ကျား အသက်ကြီးပြီမို့ မြန်မြန် ပင်ပန်းတတ်တယ်၊ အရင် ပြန်နားတော့မယ်"

ယခုအခါ တိုက်မောက်က သူမအား ‘ဘေးလူတွေရဲ့ အရေးထဲ ဝင်မပါရန်’ အမြဲ ဖျောင်းဖျနေသဖြင့်၊ မယ်တော်ကြီးမှာလည်း အမှန်တကယ်ပင် ထိုအသိ ဝင်လာခဲ့ပြီဖြစ်သည်။ နင်ချန်က ယွမ်ကျိုအား မယ်တော်ကြီးကို လိုက်လံပို့ဆောင်ခိုင်းလိုက်ပြီးနောက်၊ ကျန်ရှိသော ကိစ္စများကို စတင် ရှင်းလင်းတော့သည်။

ထိုညတွင် နန်ချီပြည် သမိုင်း၌ ပထမဆုံးအကြိမ်အဖြစ် ‘ကိုယ်လုပ်တော်အား မိသားစုထံ ပြန်လည်နှင်ထုတ်ခြင်း’ ဖြစ်ရပ် ပေါ်ပေါက်ခဲ့သည်။

နင်ချန်က ရွှီရှီသည် ဧကရာဇ်နှင့် တစ်ခါမှ မအိပ်စက်ဖူးသေးသဖြင့် စစ်မှန်သော ကိုယ်လုပ်တော် မဟုတ်ကြောင်း၊ ထို့ပြင် သူမသည် စိတ်နှလုံးမကောင်းဘဲ မင်ကျောင်းရီအား ကိုယ်ဝန်ပျက်ကျအောင် လုပ်ကြံခဲ့သဖြင့် နန်းတွင်း၌ ဤကဲ့သို့သော လူစားမျိုးကို လုံးဝ မထားနိုင်ကြောင်း ပြတ်သားစွာ မိန့်ကြားလိုက်သည်။

ရွှီရှီမှာမူ သူမသည် မတော်တဆ ချော်လဲခြင်းသာဖြစ်သည်ဟု ငြင်းဆန်ရန် ကြိုးစားသော်လည်း၊ သူမ၏ သရုပ်ဆောင်မှုမှာ ညံ့ဖျင်းလွန်းသဖြင့် အားလုံးက သူမ တမင်လုပ်ခဲ့ခြင်းကို မြင်နေကြရရာ၊ ချေပချက်မှာ အရာမထင်ခဲ့ပေ။

ထိုညမှာပင် နင်ချန်သည် ရွှီရှီ၏ပစ္စည်းများကို သိမ်းဆည်းစေကာ၊ သူမအား နန်းတော်ပြင်သို့ ချက်ချင်း နှင်ထုတ်၍ ကျန်းနင်မြို့ရှိ သူမ၏နေရပ်သို့ ပြန်လည် ပို့ဆောင်စေခဲ့တော့သည်။

ဤကိစ္စများကို ပြီးစီးမှသာ နင်ချန်သည် ဘေးဆောင်သို့ ပြန်လာကာ၊ ယဲ့ယွင်ကို သူ၏ ရင်ခွင်ထဲ၌ ပွေ့ချီလျက် ကျောက်ချွန်းဆောင်သို့ ကိုယ်တိုင် လိုက်လံ ပို့ဆောင်ပေးခဲ့လေသည်။

ကိုယ်လုပ်တော်များမှာမူ မနာလိုစိတ်ဖြင့် ကြိတ်မှိတ်နေကြရတော့သည်။ နှစ်ပေါင်းများစွာ မျက်နှာသာ ပေးခံရရုံတင်မက၊ ယခုအခါ ဒုတိယအကြိမ် ကိုယ်ဝန်ကိုပါ ထပ်မံရရှိခဲ့ပြီ မဟုတ်လား။ နန်းတွင်း၌ ယခုအချိန်အထိ ကလေးမရသူများ များပြားလှသော်လည်း၊ တစ်ဦးမွေးပြီးနောက် ဒုတိယတစ်ဦးကို ထပ်မံ ကိုယ်ဝန်ဆောင်နိုင်သူမှာ ယဲ့ယွင်သည် ပထမဆုံးပင် ဖြစ်သည်။

ဤကိုယ်ဝန်သည် သားဖြစ်စေ၊ သမီးဖြစ်စေ... ယဲ့ယွင်အား ‘ဖေး’ (အဆင့် ၂) အဆင့်သို့ တက်လှမ်းစေရန် သေချာပေါက် ပံ့ပိုးပေးလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

အခန်း ၃၉၀ ။ ပစ္စည်းပြန်အမ်းခြင်း

ယဲ့ယွင်သည် နောက်တစ်နေ့နံနက်ရောက်မှသာ စိတ်ကြည်လင်လာတော့သည်။ သူမ ကိုယ်ကိုအနည်းငယ် လှုပ်ရှားလိုက်သည်နှင့် အလျင်စလိုလျှောက်လာသော ခြေသံများကို ကြားလိုက်ရ၏။

ခြင်ထောင်လိုက်ကာကိုမကာ အထဲဝင်လာသူမှာ နင်ချန်ပင် ဖြစ်သည်။

"နေလို့ ကောင်းသွားပြီလား။ သမားတော် အပြင်မှာ စောင့်နေတယ်၊ ကျန်း သူ့ကို အထဲဝင်ခိုင်းပြီး စစ်ဆေးခိုင်းလိုက်မယ်လေ"

နင်ချန်၏မျက်နှာတွင် စိုးရိမ်ပူပန်မှုနှင့် ဂရုစိုက်မှုများ အပြည့်ရှိနေကာ လေသံမှာလည်း အလွန်ပင် နူးညံ့လှသည်။ စကားတစ်ခွန်း ပြင်းပြင်းပြောမိလျှင်ပင် သူမအား လန့်သွားစေမည်ကို စိုးရိမ်နေသည့်အလား။

"မအီမသာ ဖြစ်တာတွေ မရှိတော့ပါဘူး" ယဲ့ယွင်က နှုတ်ခမ်းလေး အသာတွန့်ကာ ပြုံးပြလိုက်သည်။

ဤကဲ့သို့ ဂရုစိုက်မှုအပြည့်ရှိသော မျက်ဝန်းများနှင့် ဆုံလိုက်ရသည့်အခါ သူမ၏ရင်ထဲတွင် နွေးထွေးသွားရသည်မှာ အမှန်ပင်။

"ဒါပေမဲ့ ဟွေယွဲ့တို့ကို အရင်ခေါ်ပေးပါဦး။ ချန်းချဲ့ကို မျက်နှာသစ်၊ အဝတ်လဲပေးဖို့လေ။ ဒီပုံစံကြီးနဲ့ သမားတော်နဲ့ တွေ့လို့ မဖြစ်ဘူး၊ ဆံပင်တွေလည်း ရှုပ်ပွနေတာပဲ" ယဲ့ယွင်က တိုးတိုးလေး ဆိုရင်း ကိုယ်ကို တစ်ဖက်လှည့်ကာ နင်ချန်၏လက်ဖဝါးပေါ်သို့ ပါးလေး အပ်လိုက်သည်။ ကြောင်ကလေးတစ်ကောင်ကဲ့သို့ပင်။

"ကောင်းပြီ... ကျန်း သူတို့ကို ခေါ်လိုက်မယ်" နင်ချန်၏နှလုံးသားမှာ အရည်ပျော်သွားရသည်။ သူသည် သူမ၏ ပါးပြင်ကို အသာအယာ ပွတ်သပ်ပြီးမှ လူခေါ်ရန် ထရပ်လိုက်တော့သည်။

ဟွေယွဲ့နှင့် နန်ကျစ်တို့မှာ အဆင်သင့်ရှိနေသဖြင့် အထဲဝင်လာကာ လျင်မြန်စွာပင် ယဲ့ယွင်အား မျက်နှာသစ်ပေးခြင်း၊ အဝတ်လဲပေးခြင်းနှင့် ရိုးရှင်းသော ဆံပင်ပုံစံ ထုံးပေးခြင်းတို့ကို လုပ်ဆောင်ပေးကြသည်။ အိပ်ရာပေါ်မှာပဲ အနားယူရမည်ဖြစ်သဖြင့် အပိုအပြင်အဆင်များစွာ မလိုအပ်ပေ။

……

နာရီဝက်ခန့်အကြာတွင် အပြင်၌ စောင့်နေသော ရှန်ဖိန်ကျစ်သည် ဆေးသေတ္တာကို သယ်ကာ အထဲဝင်လာခဲ့သည်။ ဂါရဝပြုပြီးနောက် ယဲ့ယွင်၏သွေးခုန်နှုန်းကို စမ်းသပ်စစ်ဆေးသည်။

"မယ်မယ် စိတ်ချပါ။ ကိုယ်ဝန်က ပြန်လည်တည်ငြိမ်သွားပါပြီ။ မယ်မယ့်ရဲ့ကျန်းမာရေးက ကောင်းသလို၊ ပုံမှန်လည်း ထိန်းသိမ်းထားလို့ ကံကောင်းသွားတာပါ။ ကျွန်တော်မျိုး ကိုယ်ဝန်မြဲဆေး ဖော်ပေးထားပါတယ်၊ မယ်မယ်အနေနဲ့ နေ့စဉ် ပုံမှန်သောက်ပေးရင် ရပါပြီ။ ဒါပေမဲ့ ကိုယ်ပေါ်က အညိုအမဲစွဲတဲ့ ဒဏ်ရာတွေကိုတော့ ဆေးလိမ်းလို့ မရပါဘူး။ ဒဏ်ရာပျောက်ဆေးတွေက သွေးလည်ပတ်မှုကောင်းစေတဲ့ အာနိသင်ရှိတာမို့ ကိုယ်ဝန်ဆောင် မယ်မယ်အတွက် လုံးဝ မထိတွေ့အပ်လို့ပါ"

ဘေးတွင် ရပ်နေသော နင်ချန်သည် ရှန်ဖိန်ကျစ်၏စကားကို ကြားပြီးနောက် စိတ်သက်သာရာ ရသွားသော်လည်း၊ တစ်ဖန်ပြန်၍ မျက်မှောင်ကြုတ်သွားပြန်သည်။

"ဒါပေမဲ့ သူမရဲ့ အသားအရေက နုနယ်တယ်လေ။ ပုံမှန် အသေးအမွှားလေး ထိမိရင်တောင် အညိုအမဲ စွဲတတ်တာ။ အခု ဒီလောက်အထိ အရှိန်နဲ့ လဲကျတာကို ဆေးမလိမ်းရင် ဘယ်တော့မှ ပျောက်မှာလဲ"

နင်ချန်သည် ယဲ့ယွင်၏ ခြေထောက်ပေါ်တွင် အညိုကွက်လေးများ တစ်ခါတစ်ရံ တွေ့ဖူးသည်။ သူမ တစ်ခုခုနှင့် အမှတ်မထင်တိုက်မိလျှင်ပင် လေးငါးရက်ကြာမှ ပျောက်တတ်သည် မဟုတ်လား။

"အရှင်မင်းကြီး စိုးရိမ်တယ်ဆိုရင်တော့ ကျွန်တော်မျိုး ပြန်သွားပြီး ထူးခြားတဲ့ ဆေးတစ်မျိုးကို စီမံပေးပါ့မယ်။ အဲဒီထဲမှာ ကိုယ်ဝန်ကိုထိခိုက်စေမယ့် ဆေးမြစ်တွေ မပါဝင်စေဘဲ ဖော်စပ်ရမှာမို့ အာနိသင်တော့ နည်းနည်း နှေးပါလိမ့်မယ်"

"ကောင်းပြီ" နင်ချန် ခေါင်းညိတ်သည်။ ထို့နောက် တစ်ခွန်း ထပ်ဖြည့်လိုက်ပြန်သည် - "မင်းမသိလို့... သူမက နာမှာလည်း အင်မတန် ကြောက်တတ်တာ။ သူမကို သက်သောင့်သက်သာ ဖြစ်အောင်ပဲ လုပ်ပေးပါ"

ဤစကားကြောင့် ယဲ့ယွင်၏မျက်နှာမှာ ရုတ်တရက် နီရဲသွားတော့သည်။

ကောင်းပါလေရော... ရှင်ကတော့ အကုန်လုံးကို အပြင်ထုတ်ပြောနေတာပဲ၊ ဘေးလူတွေကို ကိုယ့်လူတွေလို သဘောထားနေတာလား။ ကျွန်မကို ကလေးလေးတစ်ယောက်လို ပြောနေလိုက်တာ။

အမှန်ပင် နင်ချန်၏ စကားအဆုံးတွင် သမားတော်ရှန်မှအစ အစေခံ အားလုံးမှာ ခေါင်းငုံ့ကာ ပြုံးနေကြတော့သည်။ နင်ချန်ကတော့ ၎င်းကို သတိမထားမိဘဲ၊ ကိုယ်ဝန်မြဲဆေးထဲတွင် ပျားရည် ထည့်သောက်လျှင် ဖြစ်မလား၊ အချိုလေးတွေနှင့် တွဲစားလျှင် ရမလား စသည်ဖြင့် ရှန်ဖိန်ကျစ်အား အသေးစိတ် မေးမြန်းနေသေးသည်။ ယဲ့ယွင်မှာ ဆေးခါးလျှင် မသောက်ချင်သည့် အကျင့်ရှိမှန်း သူသိနေသောကြောင့် ဖြစ်၏။

ယဲ့ယွင်၏ရင်ထဲတွင် နွေးထွေးမှုများ လှိုက်တက်လာသလို၊ အရှက်သည်းစွာဖြင့်လည်း နေရခက်နေမိသည်။ သမားတော်ရှန် ပြန်သွားမှသာ နင်ချန်သည် အိပ်ရာဘေးတွင် ပြန်ထိုင်ကာ ယဲ့ယွင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

"ကျန်း စဉ်းစားတာက... မင်းအတွက် သီးသန့် မီးဖိုချောင်လေးတစ်ခု လုပ်ပေးမယ်။ မင်းရဲ့အဆောင်မှာ မီးဖိုချောင်ရှိပေမဲ့ အသုံးမပြုဘဲ တော်ဝင်စားဖိုဆောင်ကပဲ အမြဲ မှာစားနေတာ မဟုတ်လား။ အခုတော့ မင်းတစ်ယောက်တည်းအတွက်ပဲ သီးသန့်ချက်ပေးမယ့် စားတော်ကဲတစ်ယောက် ထားပေးမယ်။ နန်းတွင်းက တခြားနေရာတွေနဲ့ မရောနှောတော့ဘူးဆိုရင် ပိုပြီးတော့ ဘေးကင်းတာပေါ့"

"အရှင်နဲ့ ချန်းချဲ့ စဉ်းစားတာ တစ်ထပ်တည်းပါပဲ" ယဲ့ယွင်က ပြုံးလိုက်သည် - "ချန်းချဲ့လည်း ဒါကိုပဲ ပြောမလို့ပါ။ အရှင်က အရင် စဉ်းစားမိနေတော့လည်း၊ ချန်းချဲ့က အရှင့်ရဲ့အကာအကွယ်အောက်က နွယ်ပင်လေးတစ်ပင်လိုပဲ နေပါ့မယ်”

ဤစကားကြောင့် နင်ချန် ရယ်မောလိုက်ရကာ အခန်းတွင်းရှိ လေထုမှာလည်း တစ်ခဏချင်း ပေါ့ပါးသွားတော့သည်။

ခနအကြာတွင် ယွမ်ကျို အထဲဝင်လာကာ ‘အရာရှိငယ်လျန်’ (လျန်ချန်စစ်) နန်းတော်သို့ ရောက်ရှိနေပြီး စာကြည့်ဆောင်တွင် စောင့်ဆိုင်းနေကြောင်း တင်ပြသည်။ ၎င်းမှာ ယင်းကော်ကုန်း အိမ်တော်နှင့် ပတ်သက်သော သတင်းတစ်ခုခု ဖြစ်ပေလိမ့်မည်။ နင်ချန်မှာ တွန့်ဆုတ်နေသော်လည်း ယဲ့ယွင်က သူ့ကို တိုက်တွန်းလိုက်သည်။

"အရှင် သွားပါတော့၊ နိုင်ငံရေးကိစ္စက ပိုအရေးကြီးပါတယ်။ ဒီမှာ အစေခံတွေ အများကြီး ရှိနေတာပဲ၊ ဘာမှ မဖြစ်ပါဘူး"

"ကောင်းပြီ... ဒါဆိုရင် ကိစ္စတွေ ရှင်းပြီးတာနဲ့ မင်းဆီ ပြန်လာခဲ့မယ်" နင်ချန် ထရပ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားကာ ယွမ်ကျိုအား မှာကြားလိုက်သည် - "ဒီနှစ် လင်ရှီးဥယျာဉ်ကို အပန်းဖြေသွားဖို့ စီစဉ်ထားတာကို ဖျက်လိုက်တော့။ နောက်ပြီး မင်ကျောင်းရီ ကိုယ်ဝန်နားနေရမှာမို့ ဘယ်သူမှလာပြီး မနှောင့်ယှက်စေနဲ့"

သူသည် ယခုအခါ နန်းတွင်းရှိ အမျိုးသမီးများကို လုံးဝ မယုံကြည်တော့ပေ။ လူတိုင်းမှာ အကြံအစည်ဆိုးများ ရှိနေသကဲ့သို့ သူ မြင်နေရသည်။ အရာအားလုံးကို စီစဉ်ပြီးမှသာ သူ ထွက်ခွာသွားတော့သည်။

သူ ထွက်သွားမှသာ အခန်းထဲရှိ အစေခံများမှာ စိတ်နည်းနည်း လျော့နိုင်တော့သည်။ ဟွေယွဲ့က မှီခေါင်းအုံးကြီးကြီးတစ်လုံး ယူလာကာ ယဲ့ယွင်အား မှီ၍ ထိုင်စေလိုက်သည်။

"အရှင်မင်းကြီးက မယ်မယ့်ကို တကယ် ချစ်တာပဲနော်။ အစစအရာရာကို စေ့စေ့စပ်စပ် စီစဉ်ပေးသွားတာ"

"ပါးစပ်ကလည်း... မင်းကတော့ ငါ့ကို စနောက်ဖို့ပဲ သိတယ်" ယဲ့ယွင်က သူမအား မျက်စောင်းထိုးလိုက်ပြီးမှ လေသံကို ပြန်ထိန်းကာ - "ဒါပေမဲ့ မင်းတို့တွေလည်း ပိုပြီး သတိထားကြဦး။ အခုအချိန်မှာ ငါ့ဘက်က ဘာအမှားမှ အဖြစ်မခံနိုင်ဘူး။ အရှင်မင်းကြီး ဘယ်လောက်ပဲ စီစဉ်ပေးပါစေ၊ တကယ်တမ်း အနီးကပ် စောင့်ကြည့်ရမှာက မင်းတို့တွေပဲ" ဟု မှာကြားလိုက်သည်။

"စိတ်ချပါ မယ်မယ်။ ကျွန်တော်မျိုးမတို့က မားမားဆီကနေ သင်ယူလာခဲ့တာပါ။ ဘယ်လို ပြုစုရမလဲဆိုတာ သိပါတယ်၊ မယ်မယ်နဲ့ မင်းသားလေးကို ဘေးကင်းအောင် သေချာပေါက် ကာကွယ်ပါ့မယ်" ဟု ဟွေယွဲ့က ခိုင်ခိုင်မာမာ ဆိုသည်။

ထိုစဉ် နန်ကျစ်သည် စားစရာသေတ္တာကို ကိုင်၍ ဝင်လာသည်။ ၎င်းမှာ စားဖိုဆောင်မှ အထူးပြင်ဆင်ပေးလိုက်ခြင်း ဖြစ်၏။ မနက်စာ စားရမည့်အချိန် ကျော်လွန်သွားပြီ ဖြစ်သော်လည်း ကျောက်ချွန်းဆောင်ရှိ လူများကို မည်သူမှ မစော်ကားရဲကြပေ။ မီးဖိုငယ်လေးများဖြင့် ယဲ့ယွင်အတွက် အပူရှိန်မပျက်အောင် သီးသန့် ချန်ထားပေးခြင်းဖြစ်သည်။ ခုန်းချင်းကလည်း နန်းတွင်းရေးရာဌာနမှ အထူးပြုလုပ်ထားသော ကုတင်ပေါ်တင်စားပွဲငယ်လေးကို သယ်လာခဲ့သည်။

ယဲ့ယွင်သည် ဆန်ပြုတ် တစ်ဝက်ခန့်နှင့် ဆီးသီးမုန့် အနည်းငယ် စားလိုက်သည်။ အခုမှ နိုးကာစ ဖြစ်သဖြင့် ခံတွင်းက သိပ်မတွေ့လှပေ။ ထို့နောက်မှ သူမသည် စတုတ္ထမင်းသားလေးအကြောင်းကို မေးမြန်းလိုက်သည်။ ထိုကလေးမှာ သူမအနားမှာပဲ အမြဲကပ်နေတတ်သူ ဖြစ်ရာ၊ မတွေ့ရသည်မှာ ကြာပြီ မဟုတ်လား။

"မယ်မယ် အိပ်ပျော်နေတုန်းက မင်းသားလေး လာကြည့်သွားပါသေးတယ်။ အရှင်မင်းကြီးက ခေါ်လာတာပါ။ အခုတော့ စာသင်သွားပြီမို့ နေ့လည်ပြန်လာမှ တွေ့ရပါလိမ့်မယ်" ဟု နန်ကျစ်က တင်ပြသည်။

ယဲ့ယွင် ခေါင်းညိတ်ကာ - "သူ အဆင်ပြေရဲ့လား၊ ငိုယိုနေသေးလား" ဟု ထပ်မေးသည်။

"မငိုပါဘူး" ဟွေယွဲ့က ဝင်ပြောသည် - "တို့မင်းသားလေးက အရမ်း လိမ္မာပါတယ်။ အရှင်မင်းကြီးက သေသေချာချာ ပြောပြထားလို့ အခုဆိုရင် အခြေအနေတွေကို နားလည်နေပါပြီ"

နန်းတွင်းရှိ ကလေးများသည် ပတ်ဝန်းကျင်ကြောင့် စောစောစီးစီး သိတတ်ကြစမြဲပင်။ စတုတ္ထမင်းသားလေးမှာလည်း သာမန်ကလေးများထက် ပို၍ ပါးနပ်လှသည်။

"အင်း... သူပြန်လာရင် ငါ့ဆီကို ခေါ်လာခဲ့ပါဦး" ယဲ့ယွင် မှာကြားလိုက်သည်။ ယခုအချိန်တွင် သူမသည် ကလေး၏ အားကိုးရာ ဖြစ်နေသဖြင့်၊ သူမ ဘေးကင်းကြောင်း ကလေးအား သိစေမှသာ ကလေးအတွက် လုံခြုံမှု ရှိမည် မဟုတ်လား။

နောက်ဆုံးတွင်မှ သူမသည် တစ်စုံတစ်ခုကို သတိရကာ မေးလိုက်သည် - "ရွှီရှီကော... အရှင်မင်းကြီး သူမကို ဘယ်လို အပြစ်ပေးလိုက်လဲ"

"သူမလား... အရှင်မင်းကြီးက သူမကို မိသားစုဆီ ပြန်ပို့လိုက်ပြီလေ။ အခုဆို မြင်းရထားက အရှိန်နဲ့ သွားနေလောက်ပြီမို့၊ ကျန်းနင်မြို့က ရွှီအိမ်တော်ကို ရောက်လုနီးပါး ဖြစ်နေမှာပါ။" နန်ကျစ်က နှာခေါင်းရှုံ့ကာ ဆိုပြီးမှ ထပ်ဖြည့်ပြောသည် - "ဒါတင် မကသေးဘူး၊ သူမကို နန်းတွင်းထဲ သွင်းဖို့ ထောက်ခံခဲ့တဲ့လူတွေကိုလည်း အရှင်မင်းကြီးက အကြီးအကျယ် ဆူပူကြိမ်းမောင်းလိုက်တယ်တဲ့"

ယခုတစ်ခေါက် လူသစ်ရွေးချယ်မှုမှာ အကြီးအကျယ်မဟုတ်ဘဲ ဒေသအသီးသီးမှ ထောက်ခံတင်ပြသူများကို နင်ချန်က ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော ပြဿနာရှာမည့်သူကို ‘ပန်းလို အလှလို’ ချီးမွမ်း၍ တင်ပြခဲ့ကြသဖြင့်၊ အမတ်အချို့မှာတော့ အမျက်တော် ရှခံရတော့မည် ဖြစ်၏။

သို့သော် ယဲ့ယွင်မှာ အနည်းငယ် အံ့သြသွားရသည် - "တကယ်ပဲ ‘ပစ္စည်းပြန်အမ်း’ လိုက်တာလား"

ပစ္စည်းပြန်အမ်းခြင်း...

ဤနှိုင်းယှဉ်ချက်ကြောင့် အစေခံမလေး နှစ်ဦးမှာ ကြောင်သွားပြီးမှ တဟားဟား ရယ်မောမိကြတော့သည်။

"ဟုတ်ပါ့ မယ်မယ်ရယ်။ ပစ္စည်းမကောင်းတာကို အရှင်မင်းကြီးဆီ လာဆက်သရဲမှတော့... အရှင်မင်းကြီးကလည်း ‘ပြန်အမ်း’ လိုက်တာ မဆန်းပါဘူး" ဟု ဟွေယွဲ့ကလည်း ရယ်မောရင်း ဆိုလိုက်တော့သည်။

***

All Chapters