← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 25 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 25 Ch. 391-392

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

အခန်း ၃၉၁ ။ ရှန်ဖေး

အန္တရာယ်ကင်းသွားပြီဖြစ်၍ ကျောက်ချွန်းဆောင်အတွင်း၌ ပျော်ရွှင်အေးချမ်းနေသော်လည်း အခြားသော ကိုယ်လုပ်တော်များမှာမူ ထိုမျှအထိ အဆင်မပြေကြပေ။

ယိကျောင်းရုန်သည် ပြန်ရောက်သည်နှင့် ဒေါသတစ်ကြီး ပေါက်ကွဲတော့သည်။ ယဲ့ယွင်အတွက် ‘ဖေး’ ရာထူးမှာ လက်တစ်ကမ်းအကွာသို့ ရောက်နေပြီဖြစ်ရာ၊ သူမကတော့ ကျိုဖင်ကိုယ်လုပ်တော်စာရင်းထဲသို့ ဝင်ကာစသာ ရှိသေးသဖြင့် မနာလိုစိတ်ကြောင့် အသည်းပေါက်မတတ် ခံစားနေရခြင်းပင်။

ဤနှစ်များအတွင်း သူမအပေါ်ထားသည့် ဧကရာဇ်၏ မျက်နှာသာပေးမှုမှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့သည်။ တစ်လလျှင် ဧကရာဇ်နှင့် နှစ်ကြိမ်၊ သုံးကြိမ်သာ ဆုံရပြီး၊ ထိုအထဲမှ တစ်ကြိမ်ခန့်သာ အတူအိပ်စက်ခွင့် ရလျှင်ပင် ကံကောင်းလှပေပြီ။ သူမလည်း ကလေးထပ်ရချင်သော်လည်း ဧကရာဇ်က သူမထံ မလာလျှင် ဘာတတ်နိုင်ပါ့မလဲ။

တစ်ခုတည်းသော အားကိုးရာမှာ တတိယမင်းသား ‘ဟန်အာ’ ပင် ဖြစ်သည်။ သူသည် စာသင်ရာတွင် အလွန်ထက်မြက်သဖြင့် ဆရာများရော ဧကရာဇ်ပါ မကြာခဏ ချီးမွမ်းခြင်း ခံရသူ ဖြစ်၏။ ထိုသို့ စဉ်းစားနေစဉ်မှာပင် တတိယမင်းသား ရောက်လာကြောင်း အစေခံများက တင်ပြလာသည်။

“သားတော် အမေ့ကို ဂါရဝပြုပါတယ်” တတိယမင်းသားသည် အခန်းထဲဝင်လာကာ စနစ်တကျ ဦးညွှတ်သည်။

“နေပါစေ သားလေးရယ်... ဒီလောက် ပူတဲ့ကြားထဲ ဘာလို့ လာတာလဲ” ယိကျောင်းရုန်က သားဖြစ်သူကို အမြန်ထူပေးကာ နဖူးမှ ချွေးများကို လက်ကိုင်ပဝါဖြင့် သုတ်ပေးလိုက်သည်။

တတိယမင်းသားက ပျော်ရွှင်စွာ ပြုံးပြသည် - “ဒီနေ့ သားတော် စာအံတာကို ဆရာက ထပ်ပြီး ချီးမွမ်းတယ်လေ။ နေ့လည်က ဒုတိယအစ်ကိုနဲ့အတူ ရူယီဆောင်ကို ပြန်မလို့ပဲ၊ ဒါပေမဲ့ သယ့်ဖေးမယ်မယ်က ဒုတိယအစ်ကိုကို ထမင်းစားဖို့ ခေါ်သွားတာနဲ့ သားတော်လည်း အမေ့ဆီ ပြန်လာခဲ့တာပါ”

“ကောင်းတာပေါ့... အမေလည်း ညနေကျရင် သားလေးဆီ မုန့်သွားပို့မလို့ပဲ” ယိကျောင်းရုန်က ပြုံးလျက် ဆိုကာ၊ သားဖြစ်သူ ကြိုက်တတ်သော ဟင်းများကို ပြင်ဆင်ရန် အစေခံများအား မှာကြားလိုက်တော့သည်။

နှစ်ဦးသား ထမင်းစားပွဲတွင် ထိုင်မိမှ တတိယမင်းသားက မေးလာသည် - “အမေ... ဒီနေ့ သယ့်ဖေးမယ်မယ်ဘေးကလူတွေ ပြောတာ ကြားတယ်၊ မင်မယ်မယ်က ညီလေးတစ်ယောက် ထပ်မွေးတော့မယ်ဆို တကယ်လားဟင်”

မနေ့ညက ဆောင်းဦးလယ်ပွဲတော်တွင် ကလေးများမှာ ငယ်သေးသဖြင့် ပါဝင်ခွင့်မရခဲ့ရာ မနေ့က ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများကို သူတို့ မသိရှိကြပေ။

ယိကျောင်းရုန်၏မျက်ဝန်းများ မှောင်ကျသွားသည် - “သူမမှာ နောက်ထပ် ကိုယ်ဝန်ရှိသွားတာတော့ အမှန်ပဲ၊ ဒါပေမဲ့ သားလား၊ သမီးလားဆိုတာတော့ မသိနိုင်သေးဘူး”

မိခင်ဖြစ်သူ၏ စိတ်ဓာတ်ကျနေမှုကို ခံစားမိသဖြင့် တတိယမင်းသားလည်း အနေရခက်စွာ ခေါင်းငုံ့သွားသည် - “ခမည်းတော်က ပုံမှန်ဆိုရင် မင်မယ်မယ်ဆီပဲ သွားတာလေ။ အခု မင်မယ်မယ့်မှာ ကလေး နှစ်ယောက် ဖြစ်သွားရင် ခမည်းတော်က သူမဆီကို ပိုသွားတော့မှာပေါ့။ ဒါဆိုရင် သားတော် ခမည်းတော်နဲ့ တွေ့ခွင့်ရပါဦးမလားဟင်”

“တွေ့ရမှာပေါ့ သားလေးရဲ့” ယိကျောင်းရုန်က စိတ်ကို ချက်ချင်းပြန်ပြင်ကာ သားဖြစ်သူ၏ ခေါင်းကို ပွတ်သပ်လိုက်သည် - “သားလေးသာ စာကို ကြိုးစားသင်၊ ခမည်းတော်က သားကို ချစ်ရင် သေချာပေါက် လာတွေ့မှာပါ။ ဒါတွေကို စိတ်မပူနဲ့နော်”

တတိယမင်းသားက ချက်ချင်း ခေါင်းညိတ်သည် - “ဟုတ်ကဲ့၊ အမေ စိတ်ချပါ။ သားတော် စာကို အစွမ်းကုန် ကြိုးစားပါ့မယ်” ထို့နောက် သူက ထပ်ဖြည့်ပြောသည် - “ခမည်းတော်က အမေ့ဆီ လာဖို့ အချိန်မအားရင်တောင်၊ သားတော် ကျောင်းဆင်းရင် အမေ့ဆီ ခဏခဏ လာပါ့မယ်။ သားတော်က အမေ့အနားမှာ ရှိနေပေးမှာပါ”

“လိမ္မာတဲ့ သားလေး... သားလေး အောင်မြင်ရင် အမေ ဘာမှ မဖြစ်ပါဘူး” ယိကျောင်းရုန်က ကျေနပ်အားရစွာ ဆိုလိုက်တော့သည်။

……

ရူယီဆောင်။

မင်းသားကြီးသည် သူ့ဝင်းထဲတွင် ထိုင်နေရင်း၊ အပြင်ဘက်မှ ဆူညံသံများ ကြားသဖြင့် ထွက်ကြည့်ရာ တတိယညီလေး ပစ္စည်းအများကြီးနှင့် ပြန်လာသည်ကို တွေ့လိုက်ရသည်။

သူသည် ယခင်က ဝမ်ရှိုးယွမ် မိမိအား ဂရုစိုက်ခဲ့ပုံ၊ မယ်တော်ကြီးနှင့် မိဖုရားခေါင်ကြီးတို့ မိမိအပေါ် ကောင်းခဲ့ပုံများကို သတိရသွားမိသည်။ မိခင်ရင်း အန်းရှီအကြောင်းကိုမူ သူ လုံးဝ မမှတ်မိတော့ပေ။ နှမြောစရာကောင်းသည်မှာ ထိုလူများ အားလုံး ယခု မရှိတော့ပေ။ သူသည် ယခုအခါ မိခင်မရှိသော ကလေးတစ်ဦးအဖြစ် တစ်ကိုယ်တည်း ဖြစ်နေရှာသည်။

နင်ချန်သည် တော်ဝင်နန်းတွင်းသူ လျန်ယွီအား မင်းသားကြီးကို ပြုစုရန် စေလွှတ်ထားခဲ့သည်။ သူမအား ယခုအခါ ယွီကူးကူးဟု ခေါ်ဝေါ်ကြသည်။ လျန်ယွီမှာ ယခင်က အိမ်ထောင်ကျဖူးသော်လည်း ခင်ပွန်းဖြစ်သူမှာ အသုံးမကျဘဲ သူမအပေါ် သစ္စာဖောက်ကာ မယားငယ် နှစ်ဦး သိမ်းပိုက်ခဲ့သဖြင့်၊ သူမက ပြတ်သားစွာ ကွာရှင်းခဲ့သူဖြစ်သည်။ သူမတွင် သမီးတစ်ဦးရှိပြီး မိခင်ဘက်မှ မိသားစုထံတွင် အပ်နှံထားကာ၊ သူမကိုယ်တိုင်ကတော့ နန်းတွင်းအလုပ်၌သာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားသူ ဖြစ်၏။

“မင်းသားကြီး... ဘာတွေ ကြည့်နေတာလဲဟင်။ ဆေးသောက်ရမယ့်အချိန် ရောက်ပြီလေ”

နောက်မှ အသံကြားသဖြင့် မင်းသားကြီး လှည့်ကြည့်လိုက်ရာ မျက်နှာလေး ညိုးနေသည် - “ကူးကူး... ကျွန်တော် အမေ့ကို သတိရတယ်”

အမေက ဘယ်သူလဲ၊ သို့မဟုတ် သူ သတိရနေသည်မှာ ဝမ်ရှီလား ဆိုသည်ကို သူကိုယ်တိုင်ပင် မသိပေ။ သူသည် သူတစ်ပါးတွင် မိခင်ရှိသည်ကို အားကျနေခြင်းသာ ဖြစ်၏။ လျန်ယွီ၏ရင်ထဲတွင် သနားစိတ်များ တိုးလာသည်။ သူမ၏သမီးမှာလည်း မင်းသားကြီးနှင့် အသက်အရွယ် တူညီလှပေသည်။

“မင်းသားကြီးက လိမ္မာတယ်နော်။ ကူးကူးလည်း ရှိနေပေးသလို၊ ခမည်းတော်နဲ့ တခြား ညီအစ်ကိုတွေလည်း ရှိတာပဲလေ” လျန်ယွီက ချော့မြှူလိုက်သည်။ ဤကလေးမှာ ဝမ်ရှီ၏လက်ချက်ဖြင့် အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရသူ ဖြစ်ရာ၊ ယခုမှ ကျန်းမာရေး ပြန်ကောင်းကာစ ရှိသေးသဖြင့် စိတ်မကောင်းဖြစ်ကာ ကျန်းမာရေး ထိခိုက်မည်ကို သူမ စိုးရိမ်နေမိသည်။

မင်းသားကြီးက ခေါင်းညိတ်ကာ ဆေးရည်ကို အေးဆေးစွာ သောက်လိုက်သည်။ ငယ်စဉ်ကတည်းက ဆေးနှင့် ကြီးပြင်းလာသူပီပီ ထိုခါးသက်သော အရသာကို သူ ရင်းနှီးနေခဲ့ပြီ ဖြစ်၏။

ထိုအချိန်တွင် ဒုတိယမင်းသား ပြန်ရောက်လာသည်။ သူသည်လည်း ပစ္စည်းအများကြီး သယ်လာသော်လည်း၊ တတိယမင်းသားနှင့် မတူသည်မှာ သူက နှစ်စု ခွဲယူလာခြင်းပင်ဖြစ်၏။

“အစ်ကိုကြီး!” ဒုတိယမင်းသားက အပြေးအလွှား ရောက်လာကာ သေတ္တာနှစ်လုံးကို ညွှန်ပြသည် - “ညီတော့် မေမေက ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် တစ်ယောက် တစ်သေတ္တာစီ ပြင်ပေးလိုက်တာ။ အစ်ကိုကြီးအတွက်လည်း ပါတယ်၊ မြန်မြန် သယ်သွားခိုင်းလိုက်ပါ။ ဒီမှာ... ထန်ရှန်းကူးကူး လုပ်ပေးတဲ့ ကိတ်မုန့်ကလည်း တကယ် အရသာရှိတာနော်”

တစ်ခဏချင်းမှာပင် မင်းသားကြီး၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားကာ၊ အံ့သြဝမ်းသာစွာဖြင့် လက်ကလေးများကို ဆုပ်ထားမိသည် - “ကျေးဇူးပါ ညီလေး... သယ့်ဖေးမယ်မယ့်ကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး”

ဒုတိယမင်းသားက ပြုံးလျက် လက်ယမ်းပြကာ ပစ္စည်းများကို ချထားစေပြီး သူ့အဆောင်သို့ ပြန်သွားခဲ့သည်။ သူသည် တတိယမင်းသားအတွက်လည်း မုန့်များ ပို့ပေးရန် မမေ့ခဲ့ပေ။ တတိယမင်းသားတွင် မိခင်အရင်းရှိသဖြင့် သယ့်ဖေးက ပစ္စည်းများ ပေးပို့ရန် မလိုသော်လည်း၊ မုန့်ကဲ့သို့သော အရာများကိုမူ ညီအစ်ကို အားလုံး တန်းတူ ရရှိအောင် စီစဉ်ပေးခြင်း ဖြစ်၏။

လျန်ယွီသည် ဤအရာအားလုံးကို ကြည့်ရင်း သယ့်ဖေး၏ စေ့စပ်သေချာမှုကို အသိအမှတ်ပြုမိသော်လည်း၊ ပစ္စည်းများကိုတော့ သေသေချာချာ စစ်ဆေးပြီးမှသာ မင်းသားကြီးအား သုံးစွဲစေခဲ့သည်။ မင်းသားကြီးမှာမူ ထိုပစ္စည်းများကို အင်မတန် တန်ဖိုးထားနေရှာသည်။ သူသည် မိခင်မေတ္တာကို ငတ်မွတ်နေသူဖြစ်ရာ၊ သယ့်ဖေး၏ ဂရုစိုက်မှုက သူ့အား မိခင်ရှိနေသကဲ့သို့ ခံစားရစေသောကြောင့် ဖြစ်၏။

ဤအကြောင်းများကို လျန်ယွီက နင်ချန်အား အမှန်အတိုင်း တင်ပြခဲ့သည်။ အမှန်တကယ်ပင် ဒုတိယမင်းသား ရူယီဆောင်သို့ ပြောင်းလာပြီးကတည်းက သယ့်ဖေးသည် မင်းသားကြီးအား များစွာ ဂရုစိုက်ပေးခဲ့သည်။ ဒုတိယမင်းသား ရရှိသမျှကို မင်းသားကြီးအားလည်း တစ်စုပေးသလို၊ ပဉ္စမမင်းသားလေးအတွက်ပါ ချန်ထားပေးတတ်သည်။ ဒုတိယမင်းသားမှာလည်း စရိုက်ကောင်းသူဖြစ်ရာ မင်းသားကြီးနှင့် မကြာခဏ စကားလာပြောလေ့ရှိသဖြင့်၊ ညီအစ်ကို သုံးဦးကြားတွင် သူက ပေါင်းကူးတံတားသဖွယ် ဖြစ်နေတော့သည်။ ပဉ္စမမင်းသားမှာမူ ငယ်လွန်းသဖြင့် အတူ မဆော့နိုင်သေးပေ။

ကျင်းသယ့်ဖေးသည် နန်းတွင်းရေးရာများကို စီမံလာခဲ့သည့် နှစ်နှစ်အတွင်း လူအများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။ သူမသည် ရှူးဖေးထက် အစစအရာရာ သာလွန်သလို၊ အပြင်ပန်းတွင်လည်း အာဏာမမက်ဘဲ တည်ငြိမ်အေးဆေးသူအဖြစ် ဟန်ဆောင်နိုင်ခဲ့သည်။

“အခု နန်းတွင်းမှာ... အမှုကိစ္စတွေကို ဦးဆောင်မယ့် မယ်မယ်တစ်ယောက် လိုအပ်နေပြီ” နင်ချန်က မျက်လွှာချကာ ဆိုသည်။

ဤနှစ်များအတွင်း ရှူးဖေး၊ ကျင်းသယ့်ဖေးနှင့် ဟွေ့ကျောင်းရီ သုံးဦးအား အတူတူ စီမံခိုင်းခဲ့သော်လည်း၊ အရေးကြီးသော ကိစ္စများ ကြုံလာလျှင် မည်သူ့အား ဦးစားပေးရမည်ကို ဆုံးဖြတ်ရ ခက်ခဲနေခဲ့သည်။ ယခု ကြည့်ရသလောက်ဆိုလျှင် ကျင်းသယ့်ဖေးမှာ အရည်အချင်းရော၊ ဝါအရပါ ပြည့်စုံလှပေသည်။ သူမသည် နင်ချန်နှင့် အစောဆုံး ရှိခဲ့သူဖြစ်သလို၊ ယခင်က ရှဲ့မိဖုရားခေါင်ကြောင့် ကလေးမရနိုင်တော့သည့် အခြေအနေသို့ ရောက်ခဲ့ရသူ ဖြစ်ရာ နင်ချန်က သူမအား သနားစိတ်လည်း ရှိနေခဲ့သည်။

နင်ချန်သည် အကြာကြီး စဉ်းစားပြီးနောက်၊ ၉လပိုင်း (၉) ရက်နေ့ (ချုံယန်ပွဲ) တွင် ကျင်းသယ့်ဖေးအား ‘ရှန်ဖေး’ အဖြစ် တိုးမြှင့်ခန့်အပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ဘာကြောင့် ‘ကွေ့ဖေး’ ရာထူးကို မပေးသလဲဟူမူ၊ နင်ချန်၏ စိတ်ထဲတွင် ထိုရာထူးအတွက် ရွေးချယ်ထားသူမှာ အခြားတစ်ဦးရှိနေသောကြောင့်ဖြစ်၏။

မည်သို့ပင်ဖြစ်စေ၊ ရှန်ဖေးသည် ရှူးဖေးအား ကျော်တက်ကာ ရာထူးတက်သွားခြင်းက နှစ်ပေါင်းများစွာ ရှိခဲ့သော နန်းတွင်း ဟန်ချက်ညီမှုကို ဖြိုခွဲလိုက်သကဲ့သို့ ဖြစ်သွားရာ၊ နန်းတွင်းတစ်ခုလုံး အံ့အားသင့်သွားကြရသည်။ ရှူးဖေးမှာမူ ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့သော်လည်း၊ မင်းသမီးကြီးက တားမြစ်ထားသဖြင့်သာ လူပုံအလယ်တွင် အရှက်မကွဲခဲ့ခြင်း ဖြစ်၏။

ပွဲအပြီး ချုံချွေ့နန်းဆောင်သို့ ပြန်ရောက်သောအခါ အစေခံအားလုံးက ဒူးထောက်၍ ဂုဏ်ပြုကြသည်။ ရှန်ဖေးသည်လည်း ဝမ်းသာနေသော်လည်း အပြင်ပန်းတွင်တော့ တည်တည်ငြိမ်ငြိမ်ပင်။

၎င်းမှာ သူမအတွက် အစသာ ရှိသေးသည်။ သူမ အလိုရှိသည်မှာ ‘ရှန်ဖေး’ ရာထူးသာမက၊ အပေါ်တွင် ရှိနေသေးသည့် ကွေ့ဖေးနှင့် မိဖုရားခေါင်ကြီး ရာထူးများပင် ဖြစ်၏။ အရှင်မင်းကြီးက သူမအား ကွေ့ဖေးရာထူး မပေးခဲ့ခြင်းမှာ ဘာကြောင့်လဲဆိုသည်ကို သူမ ခန့်မှန်းမိသည်။

သို့သော် သူမသည် ထိုအမြင့်ဆုံးနေရာကိုလည်း ရယူနိုင်ရန် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ပြီး၊ မည်သူ့အားမျှ အလျှော့ပေးလိမ့်မည် မဟုတ်ပေ။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

အခန်း ၃၉၂ ။ စပ်စပ်လေး

နင်ချန်၏ စေ့စပ်လှသော အကာအကွယ်ပေးမှု၊ ကျောက်ချွန်းဆောင်တစ်ခုလုံး၏ တညီတညွတ်တည်း သတိရှိမှုတို့ကြောင့် ယဲ့ယွင်သည် ကိုယ်ဝန်တစ်လသားအရွယ်တွင် သွေးဆင်းခဲ့သော်လည်း၊ သုံးလတိုင်တိုင် အိပ်ရာပေါ်တွင် အနားယူပြီးနောက် ကျန်းမာရေး ပြန်ကောင်းလာခဲ့သည်။

သမားတော် ရှန်ဖိန်ကျစ်က သူမအား အပြင်ထွက်လှုပ်ရှားခွင့် တရားဝင် ပေးလိုက်ချိန်တွင် ၁၁လပိုင်းလလယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခုအခါ သူမ၏ကိုယ်ဝန်မှာ လေးလကျော် ရှိနေပြီ ဖြစ်၏။ ကိုယ်ဝန်မှာ သိသိသာသာ ပေါ်လာပြီ ဖြစ်သော်လည်း ဆောင်းတွင်း အဝတ်အစားများ ထူထူထဲထဲ ဝတ်ထားရသဖြင့် အပြင်ပန်းတွင်တော့ သိပ်မသိသာလှပေ။

ယခုတစ်ကြိမ်တွင် နင်ချန်က ကျန်းမာရေးစောင့်ရှောက်မည့် မားမားများကို ထပ်မံ ငှားရမ်းပေးရန် ကြံစည်သော်လည်း၊ ယဲ့ယွင်က မလိုအပ်ဟု ထင်သဖြင့် သူမ၏ဆန္ဒအတိုင်းပင် ထားလိုက်တော့သည်။ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်ခြင်း ဖြစ်သဖြင့် ကျောက်ချွန်းဆောင်ရှိ အစေခံများမှာလည်း မည်သို့ ပြုစုရမည်ကို ကောင်းကောင်း နားလည်နေကြပြီ မဟုတ်လား။

ထူးခြားသည်မှာ ယဲ့ယွင်သည် ဤကိုယ်ဝန်တွင် အစပ် အလွန်စားချင်နေခြင်းပင်။ သာမန် အစပ်ဟင်းမျိုးကို ဆိုလိုခြင်း မဟုတ်ဘဲ ‘အစပ်ချောင်း’ ကဲ့သို့သော အရာမျိုးကို အာသီသဖြစ်နေခြင်း ဖြစ်သည်။ ကိုယ်ဝန်ဆောင်သည်တစ်ဦး အရာတစ်ခုကို စွဲစွဲလန်းလန်း စားချင်လာလျှင် အလွန် ခက်ခဲလှပေသည်။ ပါးစပ်ထဲသို့ ထိုအရသာ မဝင်မချင်း ဘာစားစား အရသာ မရှိသကဲ့သို့ ခံစားရတတ်သည်။

ကျောက်ချွန်းဆောင်ရှိ သီးသန့်မီးဖိုချောင်မှ တော်ဝင်စားတော်ကဲလျိုမှာတော့ ခေါင်းခဲနေရရှာသည်။ သူသည် စီချွမ်းဟင်း နှင့် ရှန်းဟင်းမျိုးစုံကို နည်းမျိုးစုံဖြင့် ချက်ပြသော်လည်း ကျောင်းရီမယ်မယ်၏ စိတ်ကြိုက်နှင့် တစ်ခုမှ မတွေ့သေးပေ။ ယနေ့တွင် မာပိုတို့ဟူး နှင့် အစပ်ကြော်တို့ဟူး နှစ်မျိုးကိုသာ ယဲ့ယွင်က တစ်လုပ်နှစ်လုပ် မြည်းစမ်းခဲ့သည်။

အဓိကမှာ ယဲ့ယွင်ကိုယ်တိုင်လည်း မိမိစားချင်သည့်အရာမှာ မည်သို့သော ပုံစံဖြစ်ကြောင်း ရှင်းပြရန် ခက်ခဲနေသဖြင့်၊ နှစ်ဦးသား စိတ်ပင်ပန်းနေရရုံသာ ရှိတော့သည်။ ကိုယ်ဝန်မှာ အခုမှ တည်ငြိမ်ကာစ ရှိသေးသော်လည်း၊ အစားမဝင်သဖြင့် သူမမှာ အတော်လေး ပိန်သွားခဲ့ရသည်။

နင်ချန်သည်လည်း စိုးရိမ်တကြီးဖြင့် တော်ဝင်စားဖိုဆောင်သို့ အမိန့်ထုတ်ပြန်လိုက်သည် - မင်ကျောင်းရီ စားနိုင်မည့် အရာကို မည်သူမဆို ဖန်တီးနိုင်ပါက ကြီးလေးသော ဆုလာဘ် ပေးမည်ဟူ၍ပင်။ ‘ဆုလာဘ်ကြီးလျှင် လူစွမ်းကောင်း ပေါ်သည်’ ဟူသော စကားအတိုင်း လေးငါးရက်အတွင်းမှာပင် ရှန်းဟင်းချက် တတ်ကျွမ်းသော စားတော်ကဲတစ်ဦးက တစ်ခုခုကို တီထွင်နိုင်ခဲ့သည်။

သူသည် ပစ္စည်းနှစ်မျိုးဖြင့် လုပ်ဆောင်ခဲ့သည် - ဂျုံဖတ်နှင့် ပဲဖတ်တို့ ဖြစ်၏။ ငရုတ်သီးမှုန့်နှင့် အမွှေးအကြိုင် မျိုးစုံကို သုံးကာ နောက်ဘဝမှ ‘အစပ်ချောင်း’ နှင့် အလွန်ဆင်တူသော အရသာကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤအရာကို စားပွဲပေါ် တင်လိုက်သည်နှင့် ယဲ့ယွင်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားကာ၊ ဟင်းပွဲများစွာထဲမှ ထိုနှစ်ပွဲကိုသာ အာရုံစိုက်၍ ထမင်းနှစ်ပန်းကန် ကုန်အောင် စားလိုက်တော့သည်။

ယဲ့ယွင် ထမင်းစားနိုင်ပြီဟု ကြားရသောအခါ နင်ချန်သည် စာလွှာများကို ပစ်ထားခဲ့ကာ ကျောက်ချွန်းဆောင်သို့ ပြေးလာခဲ့သည်။ သူမ တူကို ချလိုက်ချိန်နှင့် အတော်ပင်။

“စားလို့ မြိန်ရဲ့လား”

“အင်း... ဒီစားတော်ကဲရဲ့လက်ရာက တကယ် ကောင်းတယ်” ယဲ့ယွင်က အာသာပြေသွားသဖြင့် စိတ်ကြည်လင်စွာ ပြုံးပြသည်။ သူမသည် ဤကိုယ်ဝန်တွင် စိတ်တိုလွယ်နေပြီး၊ တစ်ခါတရံ ဒေါသထွက်လာလျှင် နင်ချန်ကိုပင် ပြန်၍ အော်ဟစ်မိတတ်သည်။ ဒီရက်ပိုင်း အစားမဝင်သဖြင့် မျက်နှာထား တင်းနေခဲ့ရာ၊ ယခုမှပင် ပြုံးနိုင်တော့ခြင်းဖြစ်၏။

နင်ချန်လည်း သက်ပြင်းချနိုင်သွားကာ၊ ထိုစားတော်ကဲအား ရွှေစ နှစ်ဆယ် ချက်ချင်း ဆုချလိုက်သည်။ ထို့နောက် ၎င်းဟင်းချက်နည်းကို ကျောက်ချွန်းဆောင်မှ စားတော်ကဲလျိုအား သင်ပေးရန် မှာကြားလိုက်သည်။ ယဲ့ယွင်၏အစားအသောက်မှာ အမြဲ သတိထားရမည်ဖြစ်ရာ၊ တော်ဝင်စားဖိုဆောင်နှင့် မရောနှောစေချင်သောကြောင့်ဖြစ်၏။

သို့သော် ကိုယ်ဝန်ဆောင်သည်တို့၏ အာသီသမှာ ပြောင်းလဲလွယ်လှသည်ဟူသော စကားမှာ ယဲ့ယွင်အပေါ်တွင် ကွက်တိပင်။ အသည်းအသန် စားချင်ခဲ့သော အစပ်ချောင်းများကို လေးငါးရက်ခန့် စားပြီးနောက်တွင် ငြီးငွေ့သွားပြန်ကာ အခြားဟင်းများကို မက်မောလာပြန်သည်။ ကံကောင်းသည်မှာ ယခုတစ်ခေါက် စားချင်သောအရာများမှာ နန်းတွင်း၌ အတွေ့ရများသော ဟင်းလျာများဖြစ်သဖြင့် အစားအသောက် ပြန်လည် ပုံမှန်ဖြစ်သွားခြင်းကို ဆိုလိုခြင်းပင်။

၁၁လပိုင်းလ တစ်လလုံးတွင် နန်းတွင်းတစ်ခုလုံးသည် ကျောက်ချွန်းဆောင်မှ အစားအသောက်စာရင်းကို စောင့်ကြည့်နေကြရသည်။ အဓိကမှာ အရှင်မင်းကြီးက အလေးထားနေသဖြင့် အားလုံးက လိုက်ပါ အလေးထားနေကြခြင်း ဖြစ်၏။

၁၂လပိုင်းထဲ ရောက်သောအခါ၊ အခြားသော ကိစ္စတစ်ခုက လူတိုင်း၏အာရုံကို ပြောင်းလဲစေခဲ့သည်။ ရာသီဥတု အေးစက်လာသဖြင့် တောင်ပေါ်ရှိ ဓားပြအုပ်စုတစ်စုသည် လမ်းသွားလမ်းလာ ကုန်သည်များကို တိုက်ခိုက်နေရုံတင်မက၊ ရွာများထဲအထိ ဝင်ရောက်ကာ လုယက်သတ်ဖြတ်မှုများ ပြုလုပ်လာခဲ့သည်။

ဟိုကျယ်ယွီ၏ အစ်ကိုဖြစ်သူ စစ်သူကြီးဟိုသည် စစ်သည်များကို ကိုယ်တိုင်ဦးဆောင်ကာ ထိုဓားပြအုပ်စုကို နှိမ်နင်းခဲ့ရုံတင်မက၊ ငါးနှစ်ကျော်တိုင်အောင် မည်သူမှ မအောင်မြင်ခဲ့သော အခြားသော တောပုန်းစခန်းတစ်ခုကိုပါ အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သည်။ ၎င်းမှာ အလွန် ကြီးမားသော ကုသိုလ်ဖြစ်ပေသည်။

တစ်ခဏချင်းမှာပင် ချန်ရှင်းဆောင်သည် ပြန်လည် စည်ကားလာခဲ့သည်။ ဆုလာဘ်များမှာ ရေစီးသကဲ့သို့ ဝင်လာခဲ့ရာ၊ ဟိုကျယ်ယွီမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း တစ်ခါမှ ပစ်ထားခြင်း မခံရဖူးသကဲ့သို့ပင်။ သို့သော် ဆုလာဘ်မှာ ဆုလာဘ်သာ ဖြစ်ပြီး၊ နင်ချန်ကတော့ သူမထံသို့ တစ်ခေါက်သာ သွားခဲ့သည်။ သူသည် ဟိုရှီအပေါ် အမြင်မကောင်းပေ။ သူမသည် တာဝန်ယူလိုစိတ် မရှိဘဲ လုပ်ရပ်များမှာလည်း စက်ဆုပ်ဖွယ် ကောင်းလှသည်ဟု သူ ယူဆထားသည်။

သို့သော် စစ်သူကြီးဟို၏ မျက်နှာကို ထောက်ထားသောအားဖြင့် နင်ချန်သည် သူမအား ရာထူးတိုးပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် နှစ်ကုန်ပိုင်း ‘နှစ်သစ်ကူး ညစာစားပွဲ’ တွင် ဟိုကျယ်ယွီသည် ကလေးမရှိဘဲ ကျိုဖင်စာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး၊ နောင်တွင် ‘ဟိုရှိုးရုန်’ ဖြစ်လာတော့မည် ဖြစ်သည်။

ယခုနှစ်တွင် သူမအပြင် အခြားသော ရာထူးတက်သူများလည်း ရှိကြသည်။ ယိကျောင်းရုန်၊ ချန်းရှိုးရီ၊ ရှမိန်ရန်၊ ချွေ့မိန်ရန်၊ ချင်မိန်ရန်၊ လီဝမ်ရုန်နှင့် ယင်းချိုက်ရန်တို့ အားလုံး ရာထူး တစ်ဆင့်စီ တက်ခဲ့ကြသည်။ နင်ချန် မှတ်မိသမျှ လူအကုန်လုံးကို ရာထူးတိုးပေးခဲ့ခြင်း ဖြစ်၏။ ထို့ပြင် ရှူးဖေး အား ‘ရုန်’ (ဂုဏ်ကျက်သရေ) ဟူသော ဘွဲ့အမည်ကို ဆုချခဲ့သည်။ သူမအား ရာထူးမတိုးပေးသည်မှာ ကြာပြီဖြစ်သလို၊ ယခု ရှန်ဖေး၏အောက်သို့ ရောက်နေသဖြင့် တစ်ခုခုတော့ပေးရန် လိုအပ်သည် မဟုတ်လား။

မည်သို့ပင် ဆုလာဘ်များ ပေးစေကာမူ၊ ယခုနှစ်၏ နှစ်သစ်ကူးပွဲတွင် အထင်ရှားဆုံးမှာ ယဲ့ယွင် ပင် ဖြစ်သည်။ နန်းတွင်း၌ မျက်နှာသာ အပေးခံရဆုံးသူက ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်ထားခြင်းမှာ လူတိုင်းအတွက် မနာလိုစရာ အကောင်းဆုံးပင်။ ချီကျယ်ယွီသည် ယဲ့ယွင်အား အလွန်အားကျသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

ယခုတစ်ကြိမ်တွင် ယဲ့ယွင် ရာထူးမတက်ခဲ့ပေ။ နင်ချန်သည် သူမ ကလေးမွေးပြီးမှသာ အကြီးအကျယ် စီစဉ်ရန် ရည်ရွယ်ထားသောကြောင့်ဖြစ်၏။ သို့သော် ယဲ့ယွင်ကတော့ ၎င်းကို ဂရုမစိုက်ပေ။ သူမ ပျော်နေသည့် အချက်မှာ ယခုနှစ်တွင် မည်သူမှ သူမအား အလုပ်မပေးနိုင်ခြင်းကြောင့်ဖြစ်သည်။

ကိုယ်ဝန်ရှိနေသဖြင့် ဘိုးဘေးခန်းမတွင် ဒူးထောက်ရန် မလိုသလို၊ မည်သူမှလည်း သူမအား အပင်ပန်းခံ၍ စကားလာမပြောဝံ့ကြပေ။ သူမသည် ၁လပိုင်း (၁) ရက်နေ့တွင် သူမ၏ မိသားစုဝင်များနှင့် အေးအေးဆေးဆေး စကားပြောခွင့် ရခဲ့သည်။

ယခုနှစ်တွင် ယဲ့ကျယ် နှင့် ယင်းရှီတို့ ပြန်လာကြသည်။ တစ်အချက်မှာ ယဲ့ကျယ် အလုပ်ကိစ္စ တင်ပြရန်ဖြစ်ပြီး၊ အခြားတစ်ချက်မှာ သမီးဖြစ်သူကို သတိရသောကြောင့်ဖြစ်၏။ စကားပြောရင်းနှင့် သိလိုက်ရသည်မှာ - သမီးလေး ယဲ့ရှုရန်မှာ သူတို့ဇနီးမောင်နှံနှင့် မရင်းနှီးသဖြင့်၊ ပြန်ရောက်စက အပွေ့မခံသဖြင့် ယင်းရှီမှာ နှစ်ရက်တိုင်တိုင် တိတ်တဆိတ် ငိုခဲ့ရရှာသည်။ သို့သော် ၎င်းမှာ မတတ်သာသော ကိစ္စပင်။ ယဲ့ကျယ်၏အဆင့်အတန်းအရ စစ်အာဏာကို စွန့်လွှတ်ပြီး မြို့တော်သို့ ပြန်မလာသရွေ့ မိဘနှင့် သားသမီး ခွဲခွာနေရမည်မှာ မလွဲမသွေပင်ဖြစ်၏။

ယဲ့ယွင်၏အဆောင်မှာ အေးချမ်းနေသော်လည်း၊ ရှန်ဖေး၏ ချုံချွေ့နန်းဆောင်မှာမူ အလွန် စည်ကားနေသည်။ ယခုအခါ နန်းတွင်း၌ ရှန်ဖေးမှာ အာဏာအရှိဆုံးဖြစ်နေသဖြင့် ဖားယားသူများမှာ မနည်းလှပေ။ ရှန်ဖေးကတော့ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ရင်ထဲ၌ ထိုခံစားချက်ကို အလွန် သဘောကျနေမိသည်။

၁လပိုင်းတွင် နှင်း နှစ်ကြိမ် ထပ်မံ ကျဆင်းခဲ့သည်။ ဇန်နဝါရီ (၁၅) ရက် (ယွမ်ရှောင် - မီးထွန်းပွဲတော်) နေ့တွင် နန်းတော်တစ်ခုလုံး ဖြူဖွေးနေကာ အလွန် လှပလှသည်။ ယနေ့တွင် တော်ဝင်မိသားစုဝင်များသာ ဆုံတွေ့သည့် အိမ်တွင်းပွဲ ကျင်းပရာ၊ နင်ချန်နှင့် ကိုယ်လုပ်တော်များ၊ မင်းသား၊ မင်းသမီးများ တက်ရောက်ကြသည်။

ထို့ကြောင့် လူတိုင်းမှာ အထူးတလည် ပြင်ဆင်လာကြသည်။ အမြဲတမ်း စည်းကမ်းကြီးလှသော ရှန်ဖေးပင်လျှင် ယနေ့တွင် ပို၍ တင့်တယ်လှပနေသည်။ သို့သော် မည်မျှပင် ပြင်ဆင်စေကာမူ၊ အရှင်မင်းကြီး၏ မျက်လုံးထဲတွင် မည်သူ ရှိသလဲဆိုသည်ကသာ အရေးကြီးဆုံးပင်။

ဥပမာအားဖြင့် ယနေ့ညနေပွဲတွင်၊ ကိုယ်လုပ်တော်များမှာ တစ်ဦးကိုတစ်ဦး ရိပ်ဖမ်းသံဖမ်းဖြင့် - ယဲ့ယွင်သည် မောက်မာလွန်းသဖြင့် နောက်ကျနေသည်ဟု အတင်းပြောနေကြစဉ်မှာပင်၊ တံခါးဝမှ ကြေညာသံ ထွက်ပေါ်လာခဲ့သည်။

ယဲ့ယွင်သည် နင်ချန်နှင့်အတူ ရောက်လာခြင်း ဖြစ်၏။ နင်ချန်က သူမ၏လက်ကို ဂရုတစိုက် ဆုပ်ကိုင်လျက် နှစ်ဦးသား အတူတူ ခန်းမထဲသို့ ဝင်လာကြသည်။

“ချန်းချဲ့ နောက်ကျသွားလို့၊ ညီမလေးတို့ရဲ့ စကားဝိုင်းကို မမီလိုက်ဘူးပဲ။ ခုနက ‘နောက်ကျတယ်’ တို့၊ ‘ကိုယ်ကိုယ်ကို တန်ဖိုးထားလွန်းတယ်’ တို့ ဆိုတာတွေ ကြားလိုက်သလိုပဲ။ ချန်းချဲ့ကို ပြောနေတာတော့ မဟုတ်ပါဘူးနော်” ယဲ့ယွင်က လှောင်ပြုံးလေးဖြင့် ဆိုလိုက်သည်။

ဒီအမျိုးသမီးတွေက ကွယ်ရာမှာတော့ အားပါးတရ ပြောနေကြပြီး၊ သူမ ရောက်လာတော့မှ နှုတ်ပိတ်နေကြသည်။ ယဲ့ယွင်ကတော့ ထိုမျှနှင့် အလွယ်တကူ လွှတ်ပေးရန် စိတ်ကူးမရှိပေ။

ပြောရဲရင်တော့... အချေခံရမှာကိုလည်း မကြောက်နဲ့လေ။

***

All Chapters