← Chapters

အခန်း (၃၉၃-၃၉၄)

Vol. 25 Ch. 393-394

အခန်း (၃၉၃-၃၉၄)

Vol. 25 Ch. 393-394

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

အခန်း ၃၉၃ ။ တစ်ဦးတည်းသော ထူးခြားမှု

ကိုယ်လုပ်တော်များထဲတွင် မည်သူမျှ ပြန်မပြောရဲကြသဖြင့် ခနမျှ အနေရခက်သွားကြသည်။ နောက်ဆုံးတွင် ကျင်းရှန်ဖေးကပင် ရှေ့ထွက်ဖြေရှင်းပေးရသည်။

"ညီမလေး တကယ်ကို အထင်လွဲသွားတာပဲ။ တို့တွေ ဆွေးနွေးနေကြတာက ညီမလေးမှာ ကိုယ်ဝန်ရှိနေတော့ ဖြည်းဖြည်းချင်း လျှောက်တာက အကောင်းဆုံးပဲလို့ ပြောနေကြတာပါ။ နောက်ကျတာလည်း ကိစ္စမရှိပါဘူး၊ ကိုယ်ဝန်ဆောင်ဆိုတာ တန်ဖိုးထားရတာမို့ အားလုံးက နားလည်ပေးကြပါတယ်"

ယဲ့ယွင်က နှုတ်ခမ်းလေးတွန့်ကာ ပြုံးလိုက်သည် - "ချန်းချဲ့က စကားကို အကုန်မကြားလိုက်လို့ ဖြစ်မှာပါ။ ဒါပေမဲ့ ဒါကလည်း ချန်းချဲ့ရဲ့အပြစ်ပါပဲ။ ညီအစ်မတွေအားလုံးက စည်းကမ်းလည်း သိ၊ အရှက်နဲ့ အကြောက်လည်း ရှိကြတဲ့သူတွေပဲဟာ၊ ကွယ်ရာမှာ အတင်းပြောမယ့် အလုပ်မျိုး ဘယ်လုပ်ပါ့မလဲ။ အခုလို အထင်မှားမိတဲ့အတွက် ချန်းချဲ့ကပဲ တောင်းပန်ပါတယ်နော်"

ပြောပြောဆိုဆိုနှင့် ယဲ့ယွင်သည် သူမ၏ဝမ်းဗိုက်ကို အသာအယာမလျက် အနည်းငယ် ဂါရဝပြုလိုက်သည်။

"ကဲပါ... မင်းကလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တာပဲ၊ ဒါတွေကို စိတ်ထဲမထားပါနဲ့တော့။ ဒီနေ့က မိသားစုပွဲပဲ၊ မြန်မြန် ထိုင်ပါဦး" နင်ချန်က သူမကို အသာအယာ တွဲပေးလိုက်သည်။

ကိုယ်ဝန်ရှိနေသဖြင့် ယဲ့ယွင်၏စိတ်မှာ မငြိမ်မသက်ဖြစ်ကာ သူ့ကို မကြာခဏ အော်ဟစ်တတ်သည် မဟုတ်လား။ ထို့ကြောင့် ယနေ့ သူမက ကိုယ်လုပ်တော်များကို ပြန်ချေပနေသည်ကို ကြားရသည်မှာ သူ့အမြင်တွင် အဆင်မပြေစရာမရှိဟု ခံစားနေရသည်။ ဤအလှလေးကို ဘေးလူတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေရန်သာ သူ အလိုရှိတော့သည်။

ဧကရာဇ်၏ ဤကဲ့သို့သော သဘောထားကြောင့် ယဲ့ယွင်ကတော့ စိတ်မဆိုးသွားသော်လည်း၊ အခြားသူများမှာမူ ဒေါသကြောင့် ရင်ကွဲမတတ် ဖြစ်နေကြရသည်။

ယဲ့ယွင် ထိုင်လိုက်သောအခါ ရှန်ဖေးက သူမ သက်သောင့်သက်သာ ထိုင်နိုင်ရန် မှီအုံးလေးများ ယူခိုင်းလိုက်သည်။ အပြင်ပန်းတွင်တော့ သူမ၏ ပြုစုမှုမှာ အပြစ်ပြောစရာ မရှိအောင် စေ့စပ်လှပေသည်။

"မင်ကျောင်းရီက အစပ်ကြိုက်တယ်လို့ ကြားထားလို့၊ တို့က တော်ဝင်စားဖိုဆောင်ကို အစပ်ဟင်းအချို့ အထူးချက်ခိုင်းထားတယ်။ မင်းရဲ့ ခံတွင်းနဲ့ တွေ့ပါ့မလားတော့ မသိဘူးနော်" ဟု ရှန်ဖေးက ဆိုသည်။

သူမ၏ပုံစံမှာ နန်းတွင်းကို ဦးဆောင်နေသည့် မိဖုရားခေါင်ကြီးကဲ့သို့ အရှိန်အဝါမျိုး ရှိနေသည်။ ယနေ့ပွဲကို သူမ စီစဉ်ခဲ့ခြင်းဖြစ်ရာ အမှားရှာရန်တော့ ခက်လှပေသည်။

ယဲ့ယွင်က ပြုံးလျက် ခေါင်းညိတ်ပြသည် - "မယ်မယ့်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ချန်းချဲ့ အားလုံး ကြိုက်ပါတယ်"

စကားပြောနေစဉ် ယဲ့ယွင်၏အကြည့်မှာ ရှန်ဖေး၏ကိုယ်ပေါ်တွင် ခနမျှ ရပ်တန့်သွားသည်။ အခြားကြောင့် မဟုတ်၊ ယနေ့ ရှန်ဖေး ဝတ်ဆင်ထားသော ဝတ်စုံမှာ ယခင်ကထက် များစွာ ပို၍ လှပတောက်ပနေသလို၊ သူမ၏ ခေါင်းပေါ်တွင် ထိုးထားသော ခြောက်မြီးဖီးနစ်ဆံထိုးမှာ အလွန်ပင် မျက်စိကျစရာ ဖြစ်နေသောကြောင့် ဖြစ်၏။

နန်ချီ နန်းတွင်းစည်းကမ်းအရ - အဆင့် ၂ (ဖေး) အဆင့်မှာ ငါးမြီးဖီးနစ်၊ အဆင့် ၁ (ရှန်ဖေး၊ ရှူးဖေး) အဆင့်မှာ ခြောက်မြီးဖီးနစ်၊ ကွေ့ဖေး အဆင့်မှာ ခုနစ်မြီးဖီးနစ် နှင့် မိဖုရားခေါင်ကြီးမှာမူ ကိုးမြီးဖီးနစ် ဆံထိုးများကို ဆင်ယင်ခွင့်ရှိကြသည်။ ပုံမှန်အားဖြင့် ကိုယ်လုပ်တော်များမှာ ဤဆံထိုးများကို ဆင်ယင်ခွင့်ရှိသော်လည်း မည်သူမျှ မဝတ်ဆင်ဝံ့ကြပေ။ အကြောင်းကတော့ ဖီးနစ်ဆိုသည်မှာ မိဖုရားခေါင်ကြီး၏ သင်္ကေတဖြစ်သဖြင့်၊ အခြားသူများ ဝတ်ဆင်ပါက အာဏာပြသရာ ရောက်သောကြောင့် ဖြစ်၏။

အမြဲတမ်း နှိမ့်ချအေးဆေးနေတတ်သော ရှန်ဖေးအဖို့ ဤကဲ့သို့ ဝတ်ဆင်လာခြင်းမှာ မလိုက်ဖက်သလို ရှိနေသည်။ ယဲ့ယွင်၏ ပင်ကိုယ်သိစိတ်က - ရှန်ဖေးသည် အပြင်ပန်းတွင် မြင်ရသလောက် အေးဆေးသူ မဟုတ်ကြောင်း သတိပေးနေလေသည်။

"မင်ကျောင်းရီက ကိုယ်ဝန်နဲ့မို့ အစားအသောက်ကို ပိုပြီး သတိထားရမယ်။ ယွမ်ကျို ... မင်းရဲ့ အစားအသောက် မြည်းစမ်းပေးရတဲ့ မိန်းမစိုးကို ခေါ်လိုက်ပါ။ ကျောင်းရီရဲ့အပါးမှာနေပြီး ခစားခိုင်းလိုက်" ဟု ဘေးမှ နင်ချန်က ရုတ်တရက် မိန့်ကြားလိုက်သည်။

ဤစကားကြောင့် လူတိုင်းမှာ အံ့သြတုန်လှုပ်ကုန်ကြသည်။ နန်းတွင်း၌ အစားအသောက် မြည်းစမ်းသူများကို သခင်တိုင်း ထားနိုင်ကြသော်လည်း၊ ပုံမှန်အားဖြင့် ဧကရာဇ်၏အပါး၌သာ အတော်ဆုံးလူများ ရှိကြခြင်းဖြစ်၏။ ဧကရာဇ်အား ခစားနေသော လူယုံကို ယဲ့ယွင်ထံသို့ လွှဲပြောင်းပေးလိုက်ခြင်းမှာ ကြီးမားလှသော ဂုဏ်ကျေးဇူးပင် ဖြစ်တော့သည်။

ဧကရာဇ်၏ အပါးတော်မြဲ မြည်းစမ်းသူမှာ အဆိပ်ရှိ၊ မရှိ စစ်ဆေးရုံတင်မကဘဲ၊ လျှာမှာ အင်မတန် အစွမ်းထက်သဖြင့် အစားအသောက်ထဲ၌ မသင့်တော်သောအရာ တစ်စုံတစ်ရာ ပါဝင်နေပါက ချက်ချင်း သိရှိနိုင်သူ ဖြစ်သည်။ ယဲ့ယွင်သည် အပြင်တွင် စားသောက်ရသည်ကို စိုးရိမ်သဖြင့် အနည်းငယ်သာ မြည်းစမ်းပြီး ပြန်မှ စားရန် ကြံစည်ထားသော်လည်း၊ နင်ချန်၏ ဤအစီအစဉ်ကြောင့် စိတ်ချလက်ချ စားနိုင်တော့မည်ဖြစ်သည်။

သူမသည် နင်ချန်အား လှပစွာ ပြုံးပြလိုက်သည် - "အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”

ဤညစာစားပွဲတွင် ကိုယ်လုပ်တော် အများအပြားမှာ အစားအသောက်ပင် အရသာမရှိတော့ဘဲ ရင်ထဲ၌ နာကျင်နေကြရသည်။ အလှလေးများစွာ ဝိုင်းနေပါလျက်၊ နင်ချန်သည် တစ်ပွဲလုံးတွင် ကိုယ်ဝန်ဆောင် ယဲ့ယွင်ကိုသာ အာရုံစိုက်နေသဖြင့်၊ အခြားသူများမှာ အစွမ်းပြခွင့်ပင် မရလိုက်ကြပေ။

"အချဉ်ကြိုက်ရင် သား၊ အစပ်ကြိုက်ရင် သမီး ဆိုတဲ့ စကား ရှိတယ်လေ။ မင်ကျောင်းရီက ဒီလောက်အထိ အစပ်ကြိုက်နေမှတော့၊ ဒီတစ်ခေါက်တော့ သမီးလေး မွေးမှာလား မသိဘူးနော်" ဟု ယိကျောင်းရုန်က မနာလိုစွာဖြင့် ခနဲ့လိုက်သည်။

ယဲ့ယွင်ကတော့ ဂရုမစိုက်သလို ပြုံးသည် - "သမီးလေးဆိုရင် ပိုတောင် ကောင်းသေးတာပေါ့။ ချန်းချဲ့သာ သမီးလေး မွေးနိုင်ရင် သားရော သမီးပါ စုံသွားတာပေါ့။ စတုတ္ထမင်းသားက ဒုတိယမင်းသမီးလေးနောက်ကိုပဲ အမြဲ တကောက်ကောက် လိုက်နေတာလေ။ သူ့မှာ ညီမလေး တစ်ယောက်ရှိသွားရင် ဒုတိယမင်းသမီးလည်း အနားရတာပေါ့"

"ကြည့်ပါဦး... မင်းပြောတာကလည်း။ မင်းကတော့ စတုတ္ထမင်းသားက ငါ့သမီးဆီကို လာတာပဲ မြင်တာကိုး။ ငါကျတော့ ဒုတိယမင်းသမီးက စတုတ္ထမင်းသား လာမယ့်အချိန်ကိုပဲ မျှော်နေတာ မြင်ရတာပါ။ ဒီမောင်နှမ နှစ်ယောက်ကတော့ တကယ်ကို ချစ်ကြတာပဲ" ဟု ဟွေ့ကျောင်းရီက ပြုံးလျက် ဝင်ပြောသည်။

ထိုသို့ ပြောလိုက်သဖြင့် ကလေးနှစ်ယောက်လုံး ရှက်သွားကြရှာသည်။ ထိုအခါ ရှန်ဖေးက နူးညံ့စွာ ဆိုလာသည် - "ကလေးတွေ ချစ်ချစ်ခင်ခင် ရှိတာ ကောင်းပါတယ်။ မောင်နှမအရင်းတွေလိုပဲပေါ့။ ယိကျောင်းရုန်ကလည်း ဒီလို ပြောမိတာဟာ အားကျလို့ ဖြစ်မှာပါ။ သားရှိရင် သမီးလိုချင်တာဟာ လူ့သဘာဝပဲလေ။ ဒါပေမဲ့ တို့တွေထဲမှာ မင်ကျောင်းရီလို ကံကောင်းတဲ့သူ ဘယ်သူ ရှိလို့လဲ။ ကလေး နှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန်ဆောင်နိုင်တာဟာ မင်ကျောင်းရီက ပထမဆုံးပဲ မဟုတ်လား"

ဤစကားမှာ ယိကျောင်းရုန်၏ဒဏ်ရာကို ဆားပက်လိုက်သကဲ့သို့ပင်။ သူမသည် ယခင်က ကိုယ်ဝန်ရခဲ့ဖူးသော်လည်း မမွေးနိုင်ဘဲ ဆုံးရှုံးခဲ့ရသည် မဟုတ်လား။ အကယ်၍သာ ထိုကလေး ရှိနေခဲ့လျှင် သူမသည် ယဲ့ယွင်ထက်ပင် အရင် ကလေး နှစ်ယောက် ရနေလောက်ပြီဖြစ်သည်။ တွေးမိသည်နှင့် ယိကျောင်းရုန်၏ရင်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်သွားတော့သည်။

ရှန်ဖေးသည် သူမ၏စကားက ထိရောက်သွားသည်ကို မြင်သောအခါ ကျေနပ်သွားသည်။ 'တစ်ဦးတည်းသော ထူးခြားမှု' ဆိုသည်မှာ လူအများ၏ မနာလိုမှုကို ခံရလွယ်ဆုံးပင်။ အထူးသဖြင့် မိမိမှာလည်း ထိုသို့ ဖြစ်ခွင့် ရနိုင်ခဲ့ပါလျက်နှင့် ဆုံးရှုံးခဲ့ရသူများအတွက် ပို၍ ဆိုးလှပေသည်။

သို့သော် ရှန်ဖေး၏ ရန်တိုက်ပေးသော စကားကို ယဲ့ယွင်လည်း ရိပ်မိလိုက်သည်။ သူမ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားကာ ပြုံးလျက် - "ရှန်ဖေးမယ်မယ်က ကိုယ်လုပ်တော် အားလုံးရဲ့ ထိပ်ဆုံးမှာ ရှိနေတာပဲ။ ဒုတိယမင်းသားကလည်း ထက်မြက်ကျန်းမာနေတော့၊ ချန်းချဲ့တို့ အားကျရတဲ့ ကံကောင်းခြင်းတွေပါပဲ။ မယ်မယ့်အနေနဲ့ ချန်းချဲ့လို ကိုယ်လုပ်တော် သာမန်တစ်ယောက်ကို ဘာလို့ အားကျနေရမှာလဲ”

အဓိကမှာ မျက်နှာသာပေးခံရခြင်းနှင့် သားသမီးရခြင်းမှာ အပေါ်ယံသာ ဖြစ်ပြီး၊ နန်းတွင်း အမျိုးသမီးတိုင်း၏ အကြီးမားဆုံး ဆန္ဒမှာ မိမိ၏ သားအား ထို (ပလ္လင်) နေရာသို့ ပို့ဆောင်ရန်သာ ဖြစ်သည်။ ရှန်ဖေးမှာ ရာထူးအမြင့်ဆုံးဖြစ်သလို၊ သူမ၏ ဒုတိယမင်းသားမှာလည်း လက်ရှိတွင် ဂုဏ်အရှိဆုံး ဖြစ်နေသည်။ ၎င်းမှာ ယဲ့ယွင်၏ဝမ်းထဲမှ မမွေးသေးသော ကလေးထက် များစွာ ပို၍ ခြိမ်းခြောက်မှု ကြီးမားလှပေသည်။

ဤသို့ဖြင့် သူတို့နှစ်ဦးကြားတွင် သိသိသာသာ အားပြိုင်မှုများ ရှိနေခဲ့သည်။ ရှန်ဖေးသည် ယဲ့ယွင်က မိမိအား စတင်သတိထားမိနေပြီမှန်း ရိပ်မိသွားသည်။ သူမသည် နင်ချန်၏ရှေ့မှောက်တွင် အာဏာလုသူအဖြစ် မပေါ်လွင်စေရန် ဤတိုက်ပွဲကို ချက်ချင်း အဆုံးသတ်လိုက်သည်။

"ဒီနှစ်ရဲ့ မုန့်လုံးလေးတွေက တကယ် ကောင်းပါတယ်။ စားဖိုဆောင်က အချိုရော၊ အငန်ပါ နှစ်မျိုးလုံး လုပ်ထားတယ်တဲ့။ အခုပဲ ယူလာခိုင်းလိုက်မယ်လေ။ မုန့်လုံးလေးတွေ စားပြီးရင် ပြန်လည်ဆုံစည်းခြင်း နဲ့ အေးချမ်းတဲ့ နိမိတ်ပေါ့"

"ကောင်းပြီ... ယူလာခိုင်းလိုက်ပါ" နင်ချန် ခေါင်းညိတ်သည် - "တစ်နှစ်မှာ တစ်ခါပဲ စားရတာဆိုတော့၊ ကံကောင်းစေဖို့ စားကြတာပေါ့"

ခုနက ကိုယ်လုပ်တော်များကြားမှ ရန်စောင်မှုများကိုတော့ သူ မကြားချင်ယောင် ဆောင်နေလိုက်သည်။ နန်းတွင်း တိုက်ပွဲဆိုသည်မှာ သူ့လက်ထက်မှ စခဲ့ခြင်း မဟုတ်ပေ။ အတိုင်းအတာတစ်ခုအထိဆိုလျှင် သူ ဝင်မပါပေ။ အကယ်၍ ယဲ့ယွင်သာ အရှုံးပေးရလျှင်တော့ သူ တစ်မျိုး စဉ်းစားပေလိမ့်မည်။ သို့သော် ယဲ့ယွင်ကတော့ ပါးစပ်တိုက်ပွဲတွင် ဘယ်တော့မှ အရှုံးမပေးတတ်သဖြင့် သူ စိတ်ပူရန် မလိုပေ။

ညစာစားပွဲ အပြီးတွင် နင်ချန်သည် ယဲ့ယွင်နှင့်အတူ ကျောက်ချွန်းဆောင်သို့ လိုက်ပါသွားခဲ့သည်။ မိဖုရားခေါင်ကြီး မရှိတော့သဖြင့် လပြည့်ညများတွင် မည်သည့်နေရာသို့ သွားရမည်ဆိုသော စည်းကမ်းမှာလည်း အရေးမပါတော့ပေ။

ကျောက်ချွန်းဆောင်သို့ ပြန်ရောက်သောအခါ ယဲ့ယွင်မှာ အလွန် အိပ်ငိုက်နေပြီဖြစ်သည်။ သူမသည် အဝတ်အစားများကို လဲကာ အိပ်ရာပေါ်သို့ ချက်ချင်း လှဲချချင်နေတော့သည်။ သို့သော် ရေမချိုးဘဲတော့ မနေနိုင်ပေ။ နန်းတွင်းရှိ ရေချိုးခန်းမှာ ကျယ်ဝန်းသော်လည်း၊ ယခုကဲ့သို့ ဆောင်းတွင်းအချိန်တွင် ရေချိုးရသည်မှာ အလွန် အေးစက်လှပေသည်။

သူမက ခပ်တိုးတိုး ညည်းတွဲလိုက်ရာ - အစေခံများကလည်း မီးသွေးအိုးများ ပိုမို ထည့်ပေးရုံမှလွဲ၍ မတတ်နိုင်ကြပေ။

"ကျိုချန်နန်းဆောင်ကို သွားရအောင်။ အဲဒီက ရွှမ်ယန်ရေကန်က နွေးထွေးတယ်၊ မင်း အအေးပတ်မှာ စိုးလို့ပါ" ဟု နင်ချန်က ရုတ်တရက် ဆိုလိုက်လေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

အခန်း ၃၉၄ ။ အကောင်းဆုံးသောအရာ

"အခုပဲ သွားမှာလားဟင်" ယဲ့ယွင်တစ်ချက် ကြောင်သွားပြီးနောက် ချက်ချင်းပင် ခြေကုန်လက်ပန်းကျသွားသလို ခံစားလိုက်ရသည်။

သူမ၏ ပုံစံကို ကြည့်ရုံနှင့် ပျင်းရိနေမှန်း နင်ချန် သိလိုက်သည်။ သူသည် မတတ်သာသလိုရော၊ ရယ်ချင်သလိုရော ဖြစ်သွားရ၏။

"မင်းကတော့လေ... အေးတာလည်း ကြောက်၊ ပင်ပန်းတာလည်း ကြောက်နဲ့၊ တကယ်ကို နုနယ်လွန်းတာပဲ။ ကျန်း နွေးထွေးတဲ့ ဝေါယာဉ် အဆင်သင့်ပြင်ခိုင်းလိုက်မယ်၊ သွားရတာ မြန်ပါတယ်" နင်ချန်က လက်လှမ်း၍ သူမ၏နှာခေါင်းလေးကို ဆွဲလိုက်သည်။

ယဲ့ယွင်က သူ့ကို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြရင်း၊ လက်ကို လှမ်းပေးကာ နင်ချန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် လက်ချောင်းချင်း ယှက်လိုက်၏။

"အရှင်မင်းကြီးက ချန်းချဲ့အပေါ် ကောင်းတာကိုး။ ချန်းချဲ့က အခု လူနှစ်ယောက်စာ လမ်းလျှောက်နေရတာဆိုတော့ ပင်ပန်းတာ မဆန်းပါဘူး”

"ဒီနှစ်တော့ မင်းရဲ့ လက်ကလေးတွေ မအေးတော့ဘူးပဲ" နင်ချန်က လက်ဖဝါးမှတစ်ဆင့် ခံစားနေရသော အပူရှိန်ကြောင့် စကားစပ်မိ၍ ဆိုလိုက်သည်။

ဤအမျိုးသမီးသည် ဆောင်းတွင်းရောက်လျှင် လက်အမြဲ အေးစက်နေတတ်ပြီး လက်နွေးအိုးကို မချတမ်း ကိုင်ထားတတ်သူဖြစ်သော်လည်း၊ ယခုနှစ်တွင်တော့ ထူးထူးခြားခြား နွေးထွေးနေသည်။

ယဲ့ယွင်က ပြုံးလျက် ရှင်းပြသည် - "သမားတော် ရှန်က ပြောပါတယ်၊ ဒါဟာ ချန်းချဲ့မှာ ကိုယ်ဝန်ရှိနေလို့ ဖြစ်တာပါတဲ့။ ဒီကလေးကလည်း ချန်းချဲ့လိုပဲ စိတ်ကြီးတဲ့ကလေး ဖြစ်မယ်ထင်တယ်နော်"

"ဘယ်လိုပဲဖြစ်ဖြစ် ကောင်းပါတယ်။ ကျန်းနဲ့ မင်းရဲ့ကလေးဟာ သေချာပေါက် အကောင်းဆုံး ဖြစ်မှာပါ" နင်ချန်၏လေသံမှာ သတိမထားမိဘဲ နူးညံ့သွားခဲ့သည်။

"အရှင်မင်းကြီး အဲဒီလို မပြောပါနဲ့ဦး။ သူများတွေ ကြားသွားရင် ပြဿနာတွေ အများကြီး တက်လာပါဦးမယ်" ယဲ့ယွင်က သူမ၏ လက်ညှိုးလေးဖြင့် နင်ချန်၏နှုတ်ခမ်းကို အမြန် ပိတ်လိုက်ပြီး တိုးတိုးလေး ဆိုသည် - "ဒီလိုစကားမျိုးကိုတော့ အရှင်က ချန်းချဲ့ကို သီးသန့်ချော့ပြောတဲ့ အနေနဲ့ပဲ ပြောပါတော့”

နင်ချန်က ဤသို့ ပြောနိုင်သည်၊ အကြောင်းကတော့ သူက ဧကရာဇ် ဖြစ်သောကြောင့် ဖြစ်၏။ သို့သော် ယဲ့ယွင်ကတော့ ထိုသို့ လက်ခံ၍ မရပေ။ လက်ခံမိပါက မောက်မာလွန်းရာ ကျသလို၊ မလျော်ကန်သော စိတ်ရှိသည်ဟုပင် အပြစ်တင်ခံရနိုင်သည်။ အစစအရာရာ သတိထားခြင်းကသာ အကောင်းဆုံးပင်။

သူမက 'ချော့ပြောသည်' ဟူသော စကားကို သုံးလိုက်ခြင်းမှာ၊ ဤစကားကို သူမ အတည်မယူကြောင်း နင်ချန်အား သွယ်ဝိုက်၍ အသိပေးလိုက်ခြင်းဖြစ်၏။

ထိုအချိန်တွင် နင်ချန်၏စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေခဲ့သည်။ သူသည် သားသမီးအားလုံးကို တန်းတူ ဆက်ဆံရန် အမြဲ ကြိုးစားသော်လည်း၊ စတုတ္ထမင်းသားလေး အပေါ်တွင်တော့ ပို၍ အာရုံရောက်နေမိသည်ကို သူ သတိထားမိလာသည်။ မည်သည့်ကလေးကိုမျှ မွေးကတည်းက ယခုအချိန်အထိ အစစအရာရာ စေ့စေ့စပ်စပ် သူ မသိခဲ့ဖူးပေ။

ဤကဲ့သို့သော ပါဝင်ပတ်သက်မှုကြောင့် စတုတ္ထမင်းသား တစ်ဦးတည်းသာ သူ့ကလေးဟု ခံစားရပြီး၊ အခြားကလေးများနှင့်မူ အနည်းငယ် စိမ်းသက်နေသကဲ့သို့ ဖြစ်နေသည်။ ယခု ယဲ့ယွင်၏ ဝမ်းထဲမှ ကလေးသည်လည်း ထိုနည်းတူပင်။ ယခု ကိုယ်ဝန် ခြောက်လ ရှိနေပြီဖြစ်ရာ၊ ဤကိုယ်ဝန်တွင် မည်သည့်အချိန်၌ စတင်လှုပ်ရှားသလဲဆိုသည်မှာအစ သူ အကုန် သိထားသည်။

အမှန်တကယ်တော့ ၎င်းမှာ ယဲ့ယွင်၏ ရည်ရွယ်ချက်ရှိရှိ လမ်းပြမှုကြောင့် ဖြစ်၏။ ဧကရာဇ် ဖြစ်စေကာမူ ဖခင်တစ်ဦး ဖြစ်သဖြင့်၊ ကလေး ပြုစုပျိုးထောင်ရာတွင် ပါဝင်လာအောင် သူမ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကလေးတွင် ဖခင်မေတ္တာ မရှိဘဲ မနေစေချင်ရာမှ၊ နင်ချန်အား ဖခင်တစ်ဦး၏ တာဝန်သိစိတ် ပြင်းပြလာအောင် သူမ ပြောင်းလဲပေးနိုင်ခဲ့သည်။ သံယောဇဉ်ဆိုသည်မှာ ဤသို့ပင် တစ်စုံတစ်ခုကို အတူတူ လုပ်ဆောင်ရင်းမှ ပေါ်ပေါက်လာခြင်း မဟုတ်လား။

မကြာမီ နွေးထွေးသော ဝေါယာဉ် ရောက်ရှိလာသဖြင့် ယဲ့ယွင်အား တင်ဆောင်ကာ ကျိုချန်နန်းဆောင်ဆီသို့ ဦးတည် ထွက်ခွာသွားကြတော့သည်။

နန်းတွင်းရှိ ကိုယ်လုပ်တော်များမှာမူ အရှင်မင်းကြီး ကျောက်ချွန်းဆောင်မှ ထွက်လာသည်ကို မြင်သောအခါ၊ ယဲ့ယွင်က အရှင်မင်းကြီးအား စိတ်ဆိုးအောင် လုပ်လိုက်သဖြင့် အရှင်မင်းကြီး ပြန်သွားပြီဟု ထင်ခဲ့ကြသည်။ သို့သော် ခဏအကြာတွင် အရှင်မင်းကြီးက ယဲ့ယွင်အား ချမ်းမှာစိုး၍ ရွှမ်ယန်ရေကန်သို့ ခေါ်ဆောင်သွားကြောင်း ကြားလိုက်ရချိန်တွင်မူ၊ နန်းတွင်းတစ်ခုလုံးမှာ ရှာလကာရည်ပုံးကြီး (မနာလိုမှု) မှောက်ကျကုန်သကဲ့သို့ပင် ဆူညံသွားတော့သည်။

…….

ချုံချွေ့နန်းဆောင်။

ရှန်ဖေးသည် ရေချိုးပြီးကာစ ဖြစ်သည်။ သူမသည် အစေခံများဆီမှ သတင်းကို ကြားရသောအခါ မျက်နှာမှာ တစ်ချက် မှောင်ကျသွားသည်။

နျန့်ကျူးက သူမ၏ ဆံပင်များကို သုတ်ပေးရင်း တိုးတိုးလေး ဆိုသည် - "အရှင်မင်းကြီးက မင်ကျောင်းရီကို တကယ်ပဲ အစွန်းရောက်အောင် မျက်နှာသာ ပေးနေတာပဲ။ ရေပူစမ်းမှာ ရေချိုးခွင့် ပေးတာတင် မကဘူး၊ ဒီလောက် ညဉ့်နက်နေတာတောင် သူမနောက်ကို လိုက်ပြီး အလိုလိုက်နေသေးတယ်။ တကယ့်ကို မြှူဆွယ်တတ်တဲ့ မြေခွေးမပဲ၊ ကိုယ်ဝန်နဲ့တောင် မငြိမ်နိုင်ဘူး!"

"ဒါပေမဲ့ အရှင်မင်းကြီးက သူမရဲ့ အဲဒီလို ပုံစံမျိုးကိုမှ ကြိုက်နေတာလေ" ရှန်ဖေးက မျက်လွှာချလိုက်သည် - "နန်းတွင်းတစ်ခုလုံးကို ကြည့်လိုက်စမ်း... ဘယ်သူက သူမလို ရဲတင်းပြီး ကိုယ့်စိတ်အတိုင်း နေရဲလို့လဲ။ သူမရဲ့ စရိုက်မျိုးက ဘယ်သူမှ အတုခိုးလို့ မရဘူး။ နန်းတွင်းထဲမှာ သစ်သားတုံးတွေလို ငြိမ်နေတဲ့ ကိုယ်လုပ်တော်တွေကြားမှာ၊ အရှင်မင်းကြီးက အဲဒီလို ဆော့တတ်တဲ့လူကိုပဲ ပိုသဘောကျမှာပေါ့"

ထို့ပြင် ယဲ့ယွင်သည် အလကား လျှောက်ဆော့နေခြင်း မဟုတ်ပေ။ သူမ၏ ရဲတင်းမှုမှာ အတိုင်းအတာ ရှိလှပြီး၊ အခြေအနေကို ကောင်းကောင်း ထိန်းကျောင်းနိုင်သူဖြစ်သည်။ ဤကဲ့သို့ ဆွဲဆောင်မှုရှိသော အလှလေးကို မည်သည့်ယောကျာ်းက မကြိုက်ဘဲနေပါ့မလဲ။

"ဒါပေမဲ့ မိဖုရားခေါင်ကြီး... အရှင်မင်းကြီးက သူမကို ဒီလောက် ချစ်နေမှတော့၊ အခု ကိုယ်ဝန်ကသာ မင်းသားလေး ထပ်မွေးလာရင်... ကွေ့ဖေးရာထူးက..." နျန့်ကျူးက စကားကို ဆုံးအောင် မပြောဝံ့ဘဲ ရပ်လိုက်သည်။

ရှန်ဖေးက နှာခေါင်းရှုံ့လိုက်သည် - "မင်းသားလေး မွေးလာရင်တောင်၊ ရာထူးကို အဆင့်ကျော်ပြီး တိုးပေးလို့ မရပါဘူး။ ကွေ့ဖေးဆိုတာ သာမန်နေရာမှ မဟုတ်တာ။ မိဖုရားခေါင်ကြီးရဲ့ အောက်မှာဆိုရင် ကွေ့ဖေးက ဒုတိယမိဖုရားခေါင် နဲ့ အတူတူပဲ။ အရှင်မင်းကြီးက ခန့်ချင်ရင်တောင် အမတ်တွေ ဘာပြောမလဲဆိုတာ ကြည့်ရဦးမှာပဲ"

ယဲ့ယွင်သည် နှစ်ပေါင်းများစွာ မျက်နှာသာ ပေးခံရသော်လည်း၊ အမတ်များကြားတွင်တော့ နာမည်မကောင်းလှပေ။ မိမိတို့၏ သမီးပျိုများမှာ နန်းတွင်း၌ သူမ၏ ဖိနှိပ်ခြင်းကို ခံနေရသည်ဟု ယူဆကြသဖြင့်၊ မည်သူက သူမအား မြှောက်စားချင်ပါမလဲ။

သို့သော် ယခုအခါ အခြေအနေမှာ အနည်းငယ် ပြောင်းလဲလာခဲ့ပြီ။ ယဲ့ယွင်၏ ဝမ်းကွဲအစ်ကို ချူယွင်ဟွိုက်သည် မြို့တော်သို့ ပြန်လည် တာဝန်ကျလာပြီး၊ အသက်ငယ်ငယ်နှင့် ရာထူး အဆင့် ၃ အထိ ရောက်ရှိနေသူ ဖြစ်သည်။ အမတ်များကြားတွင် ယဲ့ယွင်အတွက် ပြောပေးမည့် အမျိုးသား ရှိလာပြီ ဖြစ်ရာ၊ သူမသည် ယခင်ကကဲ့သို့ အားကိုးရာမဲ့ မဟုတ်တော့ပေ။

သို့သော် ချူယွင်ဟွိုက်မှာ ငယ်ရွယ်သေးသဖြင့် အမတ်အိုကြီးများကို ယှဉ်ရန်တော့ အင်အား မလုံလောက်သေးပေ။ ထို့ကြောင့် ဧကရာဇ်အနေနှင့် ယဲ့ယွင်အား ကွေ့ဖေးရာထူးသို့ အဆင့်ကျော်၍ တိုးမြှင့်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ဤသည်မှာ ရှန်ဖေးအတွက် ကြိုတင်ပြင်ဆင်ရန် အချိန်များစွာ ရှိနေသေးကြောင်း အဓိပ္ပာယ်ရသည်။

"ကျောက်ချွန်းဆောင်မှာ ကလေးမွေးဖို့အတွက် မားမားတွေ စပြီး ရွေးနေပြီလား" ရှန်ဖေးက မေးလိုက်သည်။

ထန်ရှန်းက ခေါင်းခါသည် - "မတွေ့ရသေးပါဘူး။ ဒါပေမဲ့ စတုတ္ထမင်းသားကို မွေးတုန်းကတော့ မားမားတွေကို ယဲ့မိသားစုကပဲ ပို့ပေးခဲ့တာပါ။ အခုလည်း အဲဒီလိုပဲ လျှို့ဝှက်စီစဉ်ထားဦးမလား မသိဘူး"

"မွေးဖို့ သုံးလပဲ လိုတော့တာ၊ မပြင်ဆင်ဘဲ နေမှာ မဟုတ်ဘူး။ မင်းတို့ နန်းတွင်းရော နန်းပြင်ပါ မျက်စိဒေါက်ထောက် ကြည့်ထားကြစမ်း" ရှန်ဖေး မျက်မှောင်ကြုတ်လိုက်သည်။

သူမအနေနှင့် ယဲ့ယွင်အား နောက်ထပ် ကလေးတစ်ယောက် (အထူးသဖြင့် မင်းသားတစ်ပါး) ထပ်မွေးရန် လုံးဝ ခွင့်မပြုနိုင်ပေ။ ဤတစ်ကြိမ်တွင် သူမ သေချာပေါက် အောင်မြင်ရမည်။

…..

၃လပိုင်းအစတွင် ချီကျယ်ယွီမှာ ကိုယ်ဝန် တစ်လရှိနေပြီဖြစ်ကြောင်း သတင်းကောင်း ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ နန်းတွင်းအတွက် ထပ်မံ၍ လှုပ်ခတ်သွားစေသော သတင်းပင်။ ယဲ့ယွင်၏ ကိုယ်ဝန်ပင် မမွေးသေးမီ၊ ချီကျယ်ယွီကပါ ထပ်မံ ကိုယ်ဝန်ရရှိသွားပြန်သည်။ ကိုယ်လုပ်တော်များမှာ မနာလိုစိတ်ကြောင့် ပေါက်ကွဲလုမတတ် ဖြစ်ကြရပြန်သည်။

ချီကျယ်ယွီကိုယ်တိုင်မှာတော့ ဝမ်းသာလွန်းသဖြင့် ငိုပင်ငိုမိတော့သည်။ သူမ ဤမျှလောက် ကြာအောင် စောင့်ခဲ့ရသည် မဟုတ်လား။ နင်ချန်သည် သူမအပေါ် သံယောဇဉ်မရှိမှန်း သူမ သိထားပြီးသား ဖြစ်သဖြင့်၊ သူတို့နှစ်ဦး၏သွေးသားကိုသာ အားကိုးရာအဖြစ် မွေးဖွားလိုနေခြင်းဖြစ်၏။

တိုက်တိုက်ဆိုင်ဆိုင်ပင်၊ ထိုအတောအတွင်း၌ နန်းပြင်မှ သတင်းတစ်ခု ရောက်လာသည်။ ချီကျယ်ယွီ၏ အဘိုးဖြစ်သော ချီထိုက်ဖု (ဧကရာဇ်၏ ဆရာ) မှာ ကျန်းမာရေး အလွန်ဆိုးရွားနေပြီး လပိုင်းသာ လိုတော့ကြောင်းပင်။ ထိုက်ဖုမှာ အသက် အလွန်ကြီးနေပြီဖြစ်ရာ ၎င်းမှာ သဘာဝပင် ဖြစ်၏။

နင်ချန်သည် ချီမိသားစုအား နှစ်သိမ့်သည့်အနေဖြင့် ချီကျယ်ယွီအား ချီရှိုးရုန်အဖြစ် ရာထူး တိုးမြှင့်ပေးလိုက်သည်။ ၎င်းမှာ ကလေးမွေးပြီးလျှင် နောက်ထပ် တစ်ဆင့် ထပ်မံ တိုးဦးမည်ဟူသော အဓိပ္ပာယ်ပင်။

ယဲ့ယွင်သည်လည်း လက်ဆောင်များ ပေးပို့ခဲ့သော်လည်း၊ သူမကိုယ်တိုင်တော့ မသွားဖြစ်ပေ။ သူမ၏ ကိုယ်ဝန်မှာ ရှစ်လထဲသို့ ရောက်နေပြီဖြစ်ရာ လျှောက်မသွားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သူမသည် အစေခံများနှင့် စကားပြောဖြစ်ကြသည် - "ချီရှိုးရုန်တို့ တစ်သုတ်ထဲမှာ အခု သူမကလွဲလို့ ဘယ်သူမှ မျက်နှာသာ မပေးခံရတော့ဘူးနော်။ ဝမ်ရှီကတော့ သွားပြီ၊ လီမိန်ရန်ကတော့ အစကတည်းက စာရင်းထဲ မပါဘူး။ ဟိုရှိုးရုန်ကလည်း အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ မရှိတော့ဘူး။ ကျန်တဲ့ လေးယောက်ထဲမှာ ပဉ္စမမင်းသားကို မွေးတဲ့ ချင်ကျယ်ယွီတစ်ယောက်ပဲ တော်သေးတယ်၊ ဒါပေမဲ့ သူမလည်း မျက်နှာသာ ပေးမခံရဘူး"

ကြည့်ရတာ ထိုတစ်သုတ်မှ မိန်းကလေးများမှာ အရည်အသွေး သိပ်မမြင့်လှပေ။

"ချီရှိုးရုန် ဆိုတာလည်း တစ်လမှာ အရှင်မင်းကြီးကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ တွေ့ရတာပါ၊ တကယ်တမ်း မျက်နှာသာ ပေးခံရတယ်လို့တော့ မဆိုနိုင်ပါဘူး" ဟု နန်ကျစ်က မှတ်ချက်ပေးလိုက်တော့လေသည်။

***

All Chapters