← Chapters

အခန်း (၃၉၅-၃၉၆)

Vol. 25 Ch. 395-396

အခန်း (၃၉၅-၃၉၆)

Vol. 25 Ch. 395-396

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

အခန်း ၃၉၅ ။ ပန်းဘုရင်မ ‘မော့လီ’

“တစ်လမှာ တစ်ကြိမ်၊ နှစ်ကြိမ်ဆိုတာလည်း မနည်းပါဘူး။ အရှင်မင်းကြီးကို လုံးဝ မဖူးမြော်ရတဲ့လူတွေ ဘယ်လောက်တောင် များလဲဆိုတာ မင်းသိလား” ဟု ယဲ့ယွင်က ဆိုသည်။

ဟွေယွဲ့က ဘေးမှနေ၍ ရယ်မောကာ - “မယ်မယ်နဲ့ ယှဉ်လိုက်ရင်တော့ နည်းတာပေါ့။ အရှင်မင်းကြီးက တစ်လမှာ အနည်းဆုံး ငါးရက်၊ ခြောက်ရက်... များရင် ကိုးရက်၊ ဆယ်ရက်လောက်အထိ ကျွန်တော်မျိုးမတို့အဆောင်ကို ကြွတာပဲလေ”

တစ်ခါတရံတွင် နေ့လည်စာ အတူစားရန် သီးသန့်လာတတ်သဖြင့်၊ အရှင်မင်းကြီးအား မျက်နှာမြင်ရသည့် အကြိမ်ရေမှာ များပြားလှသည်။ သို့သော် တရားဝင် အတူအိပ်စက်ခွင့်ရသည့် ရက်များကို တွက်လျှင်လည်း ယဲ့ယွင်မှာ အများဆုံးပင် ဖြစ်၏။ ယခု သူမ ကိုယ်ဝန်ရှိနေသဖြင့် အပြုအစုမခံနိုင်သည့် လပိုင်းများအတွင်းမှာမှ အခြားသူများအတွက် အခွင့်အရေး အနည်းငယ်ရရှိခဲ့ခြင်းဖြစ်သည်။

ဤသို့ ပြောရင်းနှင့် ယဲ့ယွင်က ရုတ်တရက် မေးလိုက်သည် - “နန်းတော်ထဲ အသစ်ဝင်လာတဲ့ ‘ယင်းဝမ်ရုန်’ ကော ဘယ်လိုနေလဲ”

ကျန်းစွန်းမိသားစုမှ လာသော ကိုယ်လုပ်တော်နှင့် သူမ သေသေချာချာ မတွေ့ရသေးပေ။

နန်ကျစ်က ခနစဉ်းစားပြီးမှ - “ကြည့်ရတာ ချီရှိုးရုန်နဲ့ စရိုက်ချင်း တူမယ့်ပုံပါပဲ။ အရှင်မင်းကြီးနဲ့ ဆုံတာ သိပ်မတွေ့ရပေမဲ့၊ တစ်ခါတရံတော့ ထမင်းစားဖော်ခေါ်တာ ဒါမှမဟုတ် စာရေးကိရိယာ ပြင်ဆင်ပေးဖို့ ခေါ်တာမျိုး ရှိပါတယ်”

“ချီမိသားစုလိုပဲ ကျန်းစွန်းမိသားစုကလည်း စာပေပညာရှင် မိသားစုဆိုတော့၊ နှစ်ယောက်သား စရိုက်တူတာ မဆန်းပါဘူး” ယဲ့ယွင်က အသာအယာ ခေါင်းညိတ်သည်။

သူမသည် ယင်းဝမ်ရုန်အပေါ် မှတ်ဉာဏ်သိပ်မရှိလှပေ။ အကြောင်းကတော့ သူမ နန်းတော်ဝင်ပြီး မကြာမီမှာပင် ယဲ့ယွင်မှာ ကိုယ်ဝန်ရသွားသဖြင့် အပြင်ထွက်၍ လူမှုရေးကိစ္စများ မလုပ်ဖြစ်သောကြောင့် ဖြစ်၏။

“တကယ်တော့ ချီရှိုးရုန်ကသာ အရှင်မင်းကြီးအပေါ် တကယ် စိတ်ပါတာပါ။ ဒီကလေး ရလိုက်တာကို သူမ တကယ်ပျော်နေမှာ သေချာတယ်” ဟု ယဲ့ယွင်က အေးဆေးစွာ ဆိုသည်။

ချီရှီသည် နင်ချန်ကို ကြည့်သည့် အကြည့်များမှာ အင်မတန် နက်ရှိုင်းလှသည်။ ကြည့်ရုံနှင့်ပင် အချစ်နွံထဲ နစ်နေသူမှန်း သိသာလှပေသည်။

ဟွေယွဲ့နှင့် နန်ကျစ်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဘာမှ ပြန်မပြောဝံ့ကြပေ။ မိမိတို့ မယ်မယ်ကရော အရှင်မင်းကြီးအပေါ် စိတ်ရင်းမရှိဘူးလားဟု မေးလာလျှင် ဖြေရခက်မည် မဟုတ်လား။ အမှန်တော့ ယဲ့ယွင်သည် နင်ချန်အပေါ် သံယောဇဉ်မရှိသည်မဟုတ်၊ သူမကိုယ်သူမ သေသေချာချာ ထိန်းချုပ်ထားနိုင်ခြင်းသာဖြစ်၏။

သခင်နှင့် အစေခံများ စကားပြောနေစဉ်၊ အပ်ချုပ်ဌာနမှ မားမား ရောက်လာသည်။ ယဲ့ယွင်အတွက် အဝတ်အစားသစ်များချုပ်ရန် ကိုယ်တိုင်းလာယူခြင်းဖြစ်၏။

လွန်ခဲ့သော နှစ်အနည်းငယ်က စတုတ္ထမင်းသားကို ကိုယ်ဝန်ဆောင်စဉ်က ဝတ်ခဲ့သော အဝတ်အစားများမှာ ဟောင်းနွမ်းကုန်ပြီဖြစ်သလို၊ ယခုတစ်ကြိမ်တွင် သူမမှာ ပို၍ ဝလာသဖြင့် အဝတ်အစားများမှာ မြန်မြန်နှင့် ကျပ်ကုန်တော့သည်။

ယဲ့ယွင်က မိမိကိုယ်ကိုယ် ကျီစယ်လိုက်သည် - “ငါကတော့ အဝတ်အစား ပိတ်စတွေကို တကယ် ဖြုန်းတာပဲ။ ဒီလောက်ကောင်းတဲ့ အထည်တွေကို နှစ်ရက်လောက် ဝတ်ပြီးရင် ပြန်ဝတ်လို့ မရတော့ဘူး”

“အို... မယ်မယ်ရယ်၊ အဲဒီလို မပြောပါနဲ့ဦး။ မယ်မယ့်ရဲ့ဝမ်းထဲမှာ တော်ဝင်ရင်သွေးလေး ရှိနေတာပဲ၊ ကလေးက မြန်မြန် ကြီးလာတာ သဘာဝပါပဲ။ အရှင်မင်းကြီးက မယ်မယ့်ကို ဒီလောက် ချစ်တာ၊ ဒီလောက် ပိတ်စလေးတွေကို နှမြောပါ့မလား” ဟု ထိုမားမားက ကိုယ်တိုင်းယူရင်း ဖားယားလိုက်သည်။

ယဲ့ယွင်က သူမ၏ ဝမ်းဗိုက်ကို ငုံ့ကြည့်ကာ - “ဒီတစ်ခေါက်က အရင်ကထက် ပိုပြီး ထွက်နေသလိုပဲ။ ကလေးမွေးပြီးရင်တော့ ဝိတ်သေသေချာချာ ပြန်ချရတော့မယ်”

ကိုယ်ဝန်ဆောင်စဉ် အစားကောင်းသဖြင့် အစားများခဲ့သလို၊ ယခုနှစ် နွေဦးရာသီတွင် အအေးပြန်သဖြင့် သူမ လှုပ်လှုပ်ရှားရှား သိပ်မလုပ်ဖြစ်ရာ၊ ကိုယ်လုံးမှာ ပို၍ ပြည့်ဖြိုးလာခြင်းဖြစ်သည်။

“မယ်မယ်က အသားတက်လာတာ မဟုတ်လောက်ပါဘူး။ ကိုယ်ဝန်မှာ ‘ရှေ့ကိုယ်ဝန်’ နဲ့ ‘နောက်ကိုယ်ဝန်’ ဆိုတာ ရှိတယ်လေ။ ရှေ့ကိုယ်ဝန်ဆောင်တဲ့သူတွေက ဗိုက်က ပိုထွက်နေတတ်တာပါ။ ကျွန်တော်မျိုးမ ကြည့်ရတာတော့ မယ်မယ့်ရဲ့ လက်ခြေတွေက သိပ်မပြောင်းလဲသေးပါဘူး” ဟု မားမားက ဆိုသည်။

ယဲ့ယွင်က ထူးဆန်းသွားကာ - “ဟုတ်လား... ငါ အဲဒါကို မသိခဲ့ဘူး။ ဒါဆိုရင် ငါ့ဗိုက်က ရှေ့ကိုယ်ဝန်ပေါ့။ အဲဒါက ဘာထူးခြားလို့လဲဟင်”

“ထူးထူးခြားခြားတော့ မရှိပါဘူး။ ရှေ့ကိုယ်ဝန်ဖြစ်စေ၊ နောက်ကိုယ်ဝန်ဖြစ်စေ ကလေးရဲ့ ကျန်းမာရေးကိုတော့ မထိခိုက်ပါဘူး” ဟု မားမားက ပြန်ဖြေသည်။

ကိုယ်တိုင်းယူပြီးနောက်၊ ယဲ့ယွင်သည် ထိုမားမားအား ငွေစ ၁၀ စ ထပ်မံ ဆုချလိုက်သည်။ သူမ၏ စကားအပြောအဆို တတ်မှုကို သဘောကျသလို၊ ဗဟုသုတသစ်အချို့လည်း ရရှိခဲ့သောကြောင့် ဖြစ်၏။

နေ့လည်ခင်း၊ နေ့လည်စာ စားပြီးနောက် အိပ်ရာနိုးချိန်တွင် အလွန် ပျင်းရိနေသဖြင့် ယဲ့ယွင်သည် ညန်ကောင်းကိုခေါ်ကာ အပြင်ထွက် လမ်းလျှောက်ခဲ့သည်။

မထင်မှတ်ဘဲ၊ တော်ဝင်ဥယျာဉ်ထဲတွင် မနက်ကမှ ဆွေးနွေးခဲ့သော ယင်းဝမ်ရုန်နှင့် ဆုံတော့သည်။ သူမသည် ခရမ်းနုရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး၊ ရိုးရှင်းသန့်စင်သော အပြင်အဆင်ဖြင့် ပညာတတ် အရှိန်အဝါလေး ပေါ်လွင်နေသည်။ အမှန်တကယ်ပင် အလှလေး တစ်ဦးပင်။

“ချန်းချဲ့ယင်းဝမ်ရုန်၊ မင်ကျောင်းရီမယ်မယ့်ကို ဂါရဝပြုပါတယ်”

ယဲ့ယွင်ကို မြင်သည်နှင့် ယင်းဝမ်ရုန်က ရှေ့သို့ တိုးလာသည်။

“နေပါစေ... သီးသန့်မတွေ့ဖြစ်ကြတာ ကြာပြီ။ အခု ကြည့်လိုက်တော့ ယင်းဝမ်ရုန်ရဲ့ အရှိန်အဝါက တကယ်ကို ထူးခြားတာပဲ” ယဲ့ယွင်က နှုတ်ခမ်းလေးတွန့်ကာ ပြုံးလိုက်သည်။

၎င်းမှာ အပေါ်ယံ စကားမဟုတ်ဘဲ သူမ၏ စိတ်ရင်းပင် ဖြစ်၏။ ရုတ်တရက် အချီးမွမ်း ခံလိုက်ရသဖြင့် ယင်းဝမ်ရုန်မှာ အနည်းငယ် အံ့သြသွားဟန်ရှိသည်။

သူမသည် ခန ကြောင်သွားပြီးမှ ထပ်မံ ဂါရဝပြုသည် - “မယ်မယ့်ရဲ့ ချီးမွမ်းမှုကို ကျေးဇူးတင်ပါတယ်။ ချန်းချဲ့က မယ်မယ်နဲ့ ယှဉ်ရင်တော့ အများကြီး ကွာပါသေးတယ်။ မယ်မယ်ကသာ နတ်မိမယ်လို လှပတင့်တယ်လှတာပါ”

“‘စာပေပညာက လူကို တင့်တယ်စေသည်’ ဆိုတဲ့ စကားက မင်းအတွက် တကယ်ကို သင့်တော်ပါတယ်” ယဲ့ယွင်က ပြုံးလျက် ဆိုသည်။

သူမ ထပ်မံ၍ ယဉ်ကျေးသော စကားများ ဆိုလာဦးမည်ကို သိသဖြင့် ယဲ့ယွင်ကပင် စကားဖြတ်လိုက်သည် - “ယင်းဝမ်ရုန်က ပန်းအလှကြည့်ဖို့ လာတာလား။ မင်း ဘယ်လိုပန်းမျိုး ကြိုက်တတ်လဲဟင်”

“‘နွေဦးလေပြည်က အလွမ်းတွေကို ဖြေဖျောက်ပေးပြီး၊ စင်မြင့်ထက်မှာ တိုင်ကို မှီပြီး ငေးနေမိတယ်’ (ရှေးကဗျာကို ကိုးကားခြင်း)။ ချန်းချဲ့ ကြိုက်တဲ့ ပန်းကတော့ မပွင့်သေးပါဘူး။ ဒီနေ့ကတော့ ဒီအတိုင်း လမ်းလျှောက်ထွက်လာတာပါ” ဟု ယင်းဝမ်ရုန်က နူးညံ့စွာ ဆိုသည်။

ဤစကားတစ်ခွန်းကြောင့် ယဲ့ယွင်သည် သူမအား သေသေချာချာ ထပ်မံ ကြည့်လိုက်မိသည်။ မျက်ဝန်းထဲတွင် အံ့သြမှုများ ဖြတ်ပြေးသွားကာ -

“မင်းက ‘မော့လီ’ (ပျိုနီပန်း - ပန်းဘုရင်မ) ကို ကြိုက်တာလား”

“ဟုတ်ပါတယ်၊ ချန်းချဲ့ မော့လီပန်းကို ကြိုက်ပါတယ်” ယင်းဝမ်ရုန်က ပြုံးလျက် ဆိုသည် - “မယ်မယ်ကတော့ ချန်းချဲ့ကို နှင်းဆီ ဒါမှမဟုတ် သစ်ခွလို အေးဆေးတဲ့ ပန်းတွေကိုပဲ ကြိုက်မယ်လို့ ထင်နေမှာပေါ့နော်”

သူမသည် စာပေပညာရှင် မိသားစုမှ လာသူဖြစ်သလို၊ အပြင်အဆင်မှာလည်း အေးဆေးလှသဖြင့် လူတိုင်းက ထိုသို့ပင် ထင်မှတ်ကြသည်။ လှပတောက်ပသော မော့လီပန်းနှင့် သူမမှာ မလိုက်ဖက်ဟု ထင်ကြသော်လည်း၊ သူမကတော့ ထိုပန်းကိုသာ စွဲစွဲလန်းလန်း ကြိုက်နှစ်သက်ခြင်း ဖြစ်၏။

ယဲ့ယွင်က အကြည့်ကို ရုပ်သိမ်းကာ အခြားဘာမှ မပြောတော့ပေ။

“မော့လီပန်းက တကယ် လှပါတယ်။ ကြိုက်တာ ဘာမှ မမှားပါဘူး။ ငါကိုယ်တိုင်လည်း အေးဆေးတဲ့ ပန်းတွေကို သိပ်မကြိုက်ဘူး၊ ငါက ဟိုင်ထန်ပန်းကို ကြိုက်တာ”

ယင်းဝမ်ရုန်က မျက်လွှာချလိုက်သည် - “ဟိုင်ထန်ပန်းကလည်း တကယ်ကို လှပပါတယ်။ ချန်းချဲ့ ထွက်လာတာလည်း ကြာပြီဖြစ်သလို၊ အဝတ်အစားကလည်း ပါးတော့ နည်းနည်း အေးလာပြီမို့၊ မယ်မယ့်ရဲ့ အလှကြည့်ခြင်းကို မနှောင့်ယှက်တော့ဘဲ အရင် ပြန်ပါရစေဦး”

“မြန်မြန်ပြန်တော့၊ အအေးပတ်မှာ စိုးလို့” ယဲ့ယွင်က ခေါင်းညိတ်ပြသည်။ သူမတွင် အခက်တွေ့အောင် လုပ်လိုစိတ် မရှိပေ။

ယင်းဝမ်ရုန် ထွက်သွားမှသာ ဟွေယွဲ့က မနေနိုင်ဘဲ ပြောလာသည် - “နန်းတွင်းမှာ ‘မော့လီပန်း’ ဆိုတာ မိဖုရားခေါင်ကြီးပဲ သုံးစွဲခွင့်ရှိတဲ့ ပန်းလေ။ ယင်းဝမ်ရုန်ကတော့ လုံးဝကို မရှောင်မရှား ပြောရဲတာပဲနော်”

“ကြိုက်တာကတော့ ကြိုက်တာပဲလေ။ စကားတစ်ခွန်းတည်းနဲ့ ငါက သူမကို အပြစ်ရှာနေရင်၊ ငါ့ရဲ့ သိက္ခာကိုပဲ ထိခိုက်မှာပေါ့” ယဲ့ယွင်က အေးဆေးစွာ ဆိုလိုက်သည်။

သို့သော် ဤတစ်ကြိမ် တွေ့ဆုံမှုတွင် ယင်းဝမ်ရုန်မှာလည်း ရည်မှန်းချက် ကြီးမားသူတစ်ဦးဖြစ်မှန်း ယဲ့ယွင် သိလိုက်ရသည်။ ရည်မှန်းချက်ကြီးရုံတင်မကဘဲ မာနလည်းရှိသဖြင့်၊ ယဲ့ယွင်၏ ရှေ့မှောက်တွင်ပင် ‘မော့လီပန်း’ ကို ကြိုက်ကြောင်း ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့ခြင်း ဖြစ်၏။ ဖြစ်နိုင်သည်မှာ၊ ထိုမာနကြီးသော မိန်းကလေးသည် ယဲ့ယွင်ကိုပင် သူမ၏မျက်စိထဲ၌ ထည့်မထားခြင်း ဖြစ်နိုင်ပေသည်။

သို့သော် နန်းတော်ဝင်စ အမျိုးကလေးများမှာ ဤသို့ပင် ဖြစ်တတ်ကြသည်။ အထူးသဖြင့် မိသားစုကြီးမှ လာသော တရားဝင် သမီးပျိုများဖြစ်နေလျှင် ပို၍ ဆိုးလှသည်။ နှစ်နှစ်၊ သုံးနှစ်ခန့် နန်းတွင်း၌ ကျင်လည်ရမှသာ သူတို့၏ မာနများမှာ တဖြည်းဖြည်း ပွတ်တိုက်ခံရပြီး ပျောက်ကွယ်သွားပေလိမ့်မည်။

ကိုယ်လုပ်တော်များကြားတွင် မင်ကျောင်းရီနှင့် ယင်းဝမ်ရုန်တို့ တော်ဝင်ဥယျာဉ်၌ ဆုံတွေ့ခဲ့ကြောင်း ကြားသိရသောအခါ၊ တစ်ခုခုဖြစ်မည်ဟု ထင်ထားကြသော်လည်း ဘာမှ မဖြစ်ခဲ့သဖြင့် အတော်လေး စိတ်ပျက်သွားကြရသည်။

…….

နောက်တစ်နေ့ နံနက်တွင် ရှန်ဖိန်ကျစ် ကျန်းမာရေး စစ်ဆေးရန် ရောက်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် နင်ချန်လည်း ရောက်ရှိနေသဖြင့် ဘေးမှနေ၍ ကြည့်နေခဲ့သည်။

သွေးခုန်နှုန်းကို စမ်းသပ်နေစဉ် ရှန်ဖိန်ကျစ်၏ မျက်ခုံးများမှာ ရုတ်တရက် တွန့်ချိုးသွားခဲ့သည်။ သူသည် လက်တစ်ဖက်ကို စမ်းသပ်ပြီးနောက်၊ နောက်ထပ် လက်တစ်ဖက်ကိုပါ ထပ်မံ ပေးရန် တောင်းဆိုခဲ့သည်။

“ဘာဖြစ်လို့လဲ၊ တစ်ခုခု မှားနေလို့လား” ယဲ့ယွင်က ချက်ချင်းပင် သတိရှိစွာ မေးလိုက်သည်။

နင်ချန်သည်လည်း စိုးရိမ်တကြား ထရပ်ကာ အနားသို့ တိုးလာခဲ့သည်။

ရှန်ဖိန်ကျစ်က အဆက်မပြတ် ခေါင်းခါလျက် - “မဟုတ်ပါဘူး... မဟုတ်ပါဘူး။ မယ်မယ့်မှာ ဘာမှ မမှားပါဘူး။ ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော်မျိုး ခံစားရတဲ့ သွေးခုန်နှုန်းအရဆိုရင်... ‘အမြွှာ ကိုယ်ဝန်’ ဖြစ်နေပုံ ရပါတယ်”

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

အခန်း ၃၉၆ ။ တစ်အုပ်ကြီး

“အမြွှာ ကိုယ်ဝန်လား?”

ယဲ့ယွင်နှင့် နင်ချန်တို့က တစ်ပြိုင်နက်တည်း ထပ်မံမေးမြန်းလိုက်ကြသည်။ သို့သော် လေသံချင်းကတော့ မတူညီကြပေ။

ယဲ့ယွင်က မယုံကြည်နိုင်သလို ဖြစ်နေပြီး နင်ချန်ကတော့ ဝမ်းသာလွန်း၍ မဆံ့နိုင်အောင် ဖြစ်နေသည်။

ရှန်ဖိန်ကျစ်က ခေါင်းညိတ်ပြသည် - “ကျွန်တော်မျိုး ခံစားရတဲ့ သွေးခုန်နှုန်းအရဆိုရင် အဲဒီလိုပဲ ထင်ရပါတယ်၊ ဒါပေမဲ့ လုံးဝတော့ မသေချာသေးပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်မျိုး နန်းတော်ထဲ မဝင်ခင်က အမျိုးသမီးတွေကို သွေးစမ်းပေးရတာ နည်းခဲ့သလို၊ နန်းတော်ထဲ ရောက်ပြီးနောက်မှာလည်း အမြွှာကိုယ်ဝန်မျိုးနဲ့ မကြုံဖူးသေးပါဘူး။ အရှင်မင်းကြီးအနေနဲ့ သမားတော်ချုပ်ကျန်း ဒါမှမဟုတ် သားဖွားမီးယပ်ကျွမ်းကျင်တဲ့ သမားတော် လျိုကို ခေါ်ပြီး မယ်မယ့်ကို အတူတူ စစ်ဆေးကြည့်တာ ပိုကောင်းပါလိမ့်မယ်”

“ကောင်းပြီ၊ ကောင်းပြီ... ယွမ်ကျို မင်း ဘာရပ်လုပ်နေတာလဲ၊ အမြန်သွားခေါ်လေ!” နင်ချန်၏အပြုံးက နားရွက်နားအထိ တက်ချိတ်တော့မတတ်ပင်။

ယွမ်ကျိုက အလျင်အမြန် ခေါင်းညိတ်ကာ - “ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး အခုသွားပါ့မယ်၊ အခုသွားပါ့မယ်” ဟု ဆိုကာ ပြေးထွက်သွားတော့သည်။

ယဲ့ယွင်မှာတော့ အသိတရား ပြန်မဝင်နိုင်သေးပေ။ သူမ ဗိုက်ထဲမှာ နှစ်ယောက်တောင် ရှိနေတာလား?

ကလေးတစ်ယောက် မွေးထားပြီးပြီကို အခု နောက်ထပ် နှစ်ယောက်ဆိုတော့... တစ်အုပ်ထဲ သုံးယောက်တောင် ဖြစ်သွားပြီ။ သူမ သုံးယောက်အထိ မွေးရလိမ့်မည်ဟု သေတွင်းထဲအထိ မတွေးခဲ့ဖူးပေ။ မူလက သူမသည် ဤကိုယ်ဝန်ပြီးလျှင် နောက်ထပ် မမွေးတော့ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ၎င်းကတော့ ကောင်းလေရော၊ တစ်ခါတည်းနှင့် နှစ်ယောက် ရလိုက်သည်။

မည်သို့ပင်ဖြစ်စေ၊ ဤတစ်ခေါက် မွေးပြီးလျှင်တော့ လုံးဝ ထပ်မမွေးတော့ပြီ၊ အသက်အန္တရာယ် များလွန်းလှပေသည်။

ထိုအချိန်တွင် နင်ချန်က အခြားကိစ္စများကို စတင်စိုးရိမ်လာသည် - “သမားတော်ရှန်... ဗိုက်က ရှစ်လနီးပါး ဖြစ်နေပြီဆိုတော့မှ အမြွှာမှန်း သိရတယ်ဆိုတာက ကလေးတစ်ယောက်ရဲ့ အသက်ရှူနှုန်းက အားနည်းနေလို့ တစ်လျှောက်လုံး သတိမထားမိခဲ့တာလား?”

“အရှင် စိတ်ချပါ။ မယ်မယ့်ရဲ့ ဗိုက်ထဲက ကလေးတွေက ကျန်းမာပါတယ်။ ကိုယ်ဝန်ဆောင် သွေးခုန်နှုန်းမှာ အမြွှာနဲ့ တစ်ဦးတည်းက ဆင်တူနေတတ်ပြီး၊ ကိုယ်ဝန် နောက်ပိုင်းကာလ ရောက်မှသာ ခြားနားချက်ကို သိသာတာပါ။ ကျွန်တော်မျိုး အရင်ကတည်းက သံသယရှိခဲ့လို့ မယ်မယ် အစားအသောက်များတာကို မတားမြစ်ခဲ့တာပါ။ အခု သွေးခုန်နှုန်းက အတော်လေး ထင်ရှားလာပြီမို့ ထုတ်ပြောရဲတာပါ” ဟု ရှန်ဖိန်ကျစ်က အလေးအနက် ဖြေကြားသည်။

၎င်းမှာ သူ့အမှားမဟုတ်ပေ။ နန်းတွင်းရှိ တော်ဝင်သမားတော်များသည် လုံးဝသေချာမှုမရှိဘဲ စကား မဟရဲကြပေ၊ အထူးသဖြင့် ကိုယ်ဝန်ကိစ္စတွင် ဖြစ်၏။ အကယ်၍သာ အမြွှာမဟုတ်ခဲ့လျှင် သခင်များကို အချည်းနှီး ပျော်ရွှင်စေခဲ့သည့်အတွက် အကျိုးကျေးဇူး မရှိနိုင်ပေ။

မကြာမီမှာပင် သမားတော်ချုပ် ကျန်းနှင့် သမားတော် လျိုတို့ အတူတူ ရောက်ရှိလာကြသည်။ ရှန်ဖိန်ကျစ်က နေရာဖယ်ပေးလိုက်၏။ သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် သမားတော် သုံးဦးတို့က အမြင်ချင်း ဖလှယ်ကြပြီး နောက်ဆုံးတွင် သမားတော်ချုပ် ကျန်းက အမြွှာကိုယ်ဝန်ဖြစ်ကြောင်းနှင့် ကလေးများအားလုံး ကျန်းမာကြောင်း အတည်ပြုပေးလိုက်သည်။

“အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်၊ မယ်မယ့်ကို ဂုဏ်ပြုပါတယ်။ အမြွှာကိုယ်ဝန်ဆိုတာ အင်မတန် ရှားပါးလှပါတယ်၊ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် အလွန်ထူးခြားကောင်းမွန်တဲ့ နိမိတ်ပါပဲ!” ယွမ်ကျိုက အလျင်အမြန်ပင် ဦးဆောင်၍ ဂုဏ်ပြုစကား ဆိုလိုက်သည်။

အခန်းထဲရှိ လူအားလုံးလည်း လိုက်လံ ဂုဏ်ပြုကြတော့သည်။ နင်ချန်က လက်ယမ်းလိုက်ကာ အားလုံးကို တစ်နှစ်စာ ဆုလာဘ်များ ပေးမည်ဟုဆိုသော်လည်း ယဲ့ယွင်က တားမြစ်လိုက်သည်။

“အရှင်မင်းကြီး... အခုက မမွေးသေးဘူးလေ၊ ချန်းချဲ့က အခုအချိန်မှာ လူတိုင်း သိသွားမှာကို မလိုလားသေးပါဘူး။ ကလေးနှစ်ယောက်လုံးကို ဘေးကင်းစွာ မွေးပြီးတဲ့အခါမှ အရှင် အကြီးအကျယ် အောင်ပွဲခံလည်း မနောက်ကျပါဘူး၊ အဲဒီအချိန်ကျမှ ချန်းချဲ့က အရှင့်အပေါ် အားမနာဘဲနေပါ့မယ်”

“ဒါက အကျိုးအကြောင်း ရှိပါတယ်၊ မယ်မယ့်မှာ အမြွှာကိုယ်ဝန်ရှိနေတော့ အခြားကိုယ်ဝန်ဆောင်တွေထက် ပိုပြီး အနားယူဖို့ လိုအပ်ပါတယ်။ လူတွေ လာရောက် ဂုဏ်ပြုနေကြတာကလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်” ဟု ရှန်ဖိန်ကျစ်က ထောက်ခံပြောဆိုသည်။

သူက ယဲ့ယွင်၏ဆိုလိုရင်းကို နားလည်သည်။ တစ်စုံတစ်ယောက်က မနာလိုလွန်း၍ နောက်ကွယ်မှ လုပ်ကြံမည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်၏။ ကလေးမွေးခြင်းဆိုသည်မှာ သေမင်းနှင့်ယှဉ်ရသည့် ကိစ္စဖြစ်သဖြင့် အစစအရာရာ သတိထားရပေမည်။

သူတို့အားလုံး ဤသို့ ပြောကြသဖြင့် နင်ချန်ကလည်း နားလည်စွာ ခေါင်းညိတ်လိုက်သည် - “ကောင်းပြီ၊ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြစို့။ ကလေးမွေးပြီးမှ အောင်ပွဲခံမယ်။ သမားတော်တို့... မင်ကျောင်းရီရဲ့ အစားအသောက်နဲ့ ပတ်သက်ပြီး ဘာတွေ ထပ်သတိထားရဦးမလဲ?”

သမားတော်ချုပ် ကျန်းသည် အရှင်မင်းကြီး၏ ပျော်ရွှင်နေသော မျက်ဝန်းများကို ကြည့်ကာ မိမိကိုယ်တိုင်လည်း ပြုံးလျက် - “အရှင် စိတ်ချပါ။ မယ်မယ့်ရဲ့ အခု စားသောက်ပုံက အဆင်ပြေပါတယ်။ ဒါပေမဲ့ အမြွှာဆိုတော့ မွေးတဲ့အခါ ပိုပြီး ပင်ပန်းနိုင်ပါတယ်၊ ဒါကြောင့် အခုကစပြီး လမ်းလျှောက်တာလေးတွေ ပိုလုပ်ပေးရင် မွေးဖွားရတာ ပိုလွယ်ကူပါလိမ့်မယ်” ဟု ဖြေကြားသည်။

“ကောင်းပြီ၊ ကျန်း အားတဲ့အချိန်တိုင်း မင်းနဲ့အတူ လမ်းလျှောက်ပေးမယ်” နင်ချန်က နူးညံ့စွာ ဆိုလိုက်သည်။ သူသည် ယဲ့ယွင်၏ လက်ကို ဆုပ်ကိုင်ထားကာ မျက်ဝန်းများထဲတွင် ကြင်နာမှုများ ပြည့်နှက်နေတော့သည်။

ယဲ့ယွင်က ပြုံးလိုက်ကာ - “ကောင်းပါပြီ၊ ပုံမှန်ဆိုရင် ချန်းချဲ့က ပျင်းရိပြီး ဗိုက်လေးတယ်ဆိုပြီး အပြင်မထွက်ဖြစ်တာပါ။ အခုက ရာသီဥတုက ပူလာတော့မယ်ဆိုတော့ လမ်းလျှောက်တာ ကောင်းပါတယ်။ မွေးမယ့်အချိန်က ၅လပိုင်းဆိုတော့ ကျင့်အာရဲ့ မွေးနေ့နဲ့ မရှေးမနှောင်းပဲ ဖြစ်မှာပဲ”

ပြောရလျှင် စတုတ္ထမင်းသားလေးမှာ လစေ့မွေးခြင်း မဟုတ်သောကြောင့် ထိုအချိန်တွင် မွေးခဲ့ခြင်း ဖြစ်၏။ မဟုတ်လျှင် ပိုနောက်ကျမှ မွေးဖွားရမည်ဖြစ်သည်။

ဤစကားက နင်ချန်ကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ အရင်ကလေးတုန်းက အမှားအယွင်း ရှိခဲ့သဖြင့် ယခုကလေးတွင် ဘာမှအဖြစ်မခံနိုင်ပေ၊ ဤတစ်ခါက မိခင်နှင့် သားသမီး သုံးဦးတောင် ဖြစ်သဖြင့် ပို၍ အန္တရာယ်များလှသည်။

“ကျင့်အာတုန်းက မတော်တဆ စောမွေးခဲ့ရတာ၊ ဒီတစ်ခေါက်တော့ ကျန်း မင်းတို့သားအမိကို ထပ်ပြီး အဲဒီလို အဖြစ်မခံတော့ဘူး။ မင်းကို နှစ်လလောက် နားနေစေပြီး ခန္ဓာကိုယ်ကို သေသေချာချာ ပြန်လည် ပြုစုစေမယ်” ဟု နင်ချန်က နူးညံ့စွာ ဆိုသည်။

ထိုအခါ ယဲ့ယွင်၏မျက်နှာက ချက်ချင်း ညိုးငယ်သွားသည် - “ကိုယ်ဝန်နားရတာ ၇လပိုင်းလောက်မှ ပြီးမှာကို... နှစ်လတောင်ဆိုရင် ၇လပိုင်းအထိ ဖြစ်သွားမှာပေါ့။ အဲဒီလောက် ပူတဲ့အချိန်မှာ ခေါင်းလည်း မလျှော်ရ၊ ရေလည်း မချိုးရဘူးဆိုရင် ချန်းချဲ့တော့ သေလုမတတ် ခံစားရမှာပဲ”

ကလေးမွေးရသည်မှာ ဒုက္ခဖြစ်သလို၊ မွေးပြီးနောက် ကိုယ်ဝန်ဆောင်နားရသည့် အချိန်ကလည်း အလွန် ပင်ပန်းလှပေသည်။

ဟွေယွဲ့က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး - “မယ်မယ်က စတုတ္ထမင်းသားကို မွေးတုန်းကလည်း ရေချိုးချင်တယ်ဆိုပြီး ကျွန်တော်မျိုးမတို့ကို ခဏခဏ ချွဲခဲ့တာပဲ၊ ကလေးအတိုင်းပါပဲ။ ဒါပေမဲ့ မယ်မယ်အနေနဲ့ ဒီနှစ်လကိုတော့ သည်းခံရပါလိမ့်မယ်။ ပူတာက ခဏပါပဲ၊ ဒါပေမဲ့ ကိုယ်ဝန်နားချိန်မှာ သေသေချာချာမနေရင်တော့ ကျန်းမာရေးက နောင်ကျရင် အကြီးအကျယ် ထိခိုက်မှာပါ”

နင်ချန်က ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။ ခနမျှ တိတ်ဆိတ်သွားပြီးနောက် - “ဒါဆို လင်ရှီးဥယျာဉ်ကို သွားပြီး မွေးကြတာပေါ့။ အဲဒီမှာက အေးမြတော့ မွေးပြီးလို့ နားနေရတာလည်း ပိုပြီး သက်သောင့်သက်သာ ရှိမှာပါ။ ၉လပိုင်း၊ ၁၀လပိုင်းလောက်မှ ပြန်လာကြတာပေါ့၊ တစ်ခါတည်းနဲ့ တစ်လပြည့်မွေးနေ့ပွဲကိုပါ အဲဒီဥယျာဉ်ထဲမှာပဲ ကျင်းပလိုက်မယ်”

“အခုပဲ သွားကြမလို့လား?” ယဲ့ယွင် အံ့သြသွားသလို တွန့်ဆုတ်နေမိသည် - “အခုမှ ၃လပိုင်းပဲ ရှိသေးတာလေ။ အရှင်မင်းကြီးက ချန်းချဲ့ကို ချစ်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အမတ်တွေက ချန်းချဲ့က အရှင်မင်းကြီးကို မြှူဆွယ်ပြီး ခေါ်သွားတယ်လို့ ပြောကြဦးမယ်”

ယခင်က သူမသည် ၎င်းကို ဂရုမစိုက်သော်လည်း ယခုအခါ ကလေးသုံးယောက်၏မိခင် ဖြစ်တော့မည် ဖြစ်ရာ ပို၍ စဉ်းစားရတော့သည်။

နင်ချန်ကတော့ ဂရုမစိုက်သလို ပြုံးကာ သူမ၏လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည် - “ကိစ္စမရှိပါဘူး။ မင်း မနှစ်က မက်မွန်ပန်းတွေ ကြည့်ချင်တယ်လို့ ပြောခဲ့တာကို ကျန်း မှတ်မိနေသေးတယ်။ လင်ရှီးဥယျာဉ်ထဲမှာ မက်မွန်ပန်းတွေ လှလှပပ ပွင့်နေပြီလေ။ ဧကရာဇ်ဟောင်းလည်း သွားကြည့်ဖူးတာပဲ၊ ကျန်းလည်း သွားလို့ ရတာပေါ့”

“စကားစပ်မိလို့ပြောခဲ့တဲ့ စကားလေးကိုတောင် အရှင်မင်းကြီးက တစ်နှစ်ကျော်တိုင်အောင် မှတ်ထားပေးတာပဲ” ယဲ့ယွင်၏ရင်ထဲတွင် ချိုမြိန်သွားကာ နှုတ်ခမ်းများ ပို၍ ပြုံးလာမိသည်။ ဤအမျိုးသားသည် သူမအပေါ်တွင် အမှန်တကယ်ပင် စိတ်ရင်းထားရှိလှပေသည်။

ဘာကြောင့်လဲ မသိသော်လည်း သူတို့နှစ်ဦးမှာ ပို၍ ရင်းနှီးလာခဲ့ကြသည်။ သူမ၏ မတူညီသော စရိုက်က ဆွဲဆောင်မှုရှိသကဲ့သို့ နင်ချန်၏ ဗြောင်ကျကျ ဘက်လိုက်သော အချစ်ကလည်း သူမအား ရင်းနှီးချင်စိတ် ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ၊ ဤကိစ္စကို ဆုံးဖြတ်လိုက်ကြသည်။

……

ထိုနေ့တွင် နန်းတွင်း၌ သမားတော် သုံးဦးတို့ ကျောက်ချွန်းဆောင်သို့ တစ်ပြိုင်နက် သွားရောက်ခဲ့ကြသည်ကို မြင်သောအခါ ယဲ့ယွင်၏ ဗိုက်ထဲတွင် တစ်ခုခု မကောင်းဖြစ်နေသည်ဟု ထင်မှတ်ခဲ့ကြသည်။ အားလုံးက သူမ ကိုယ်ဝန်ပျက်ကျလျှင် အကောင်းဆုံးဟု မျှော်လင့်နေကြခြင်း ဖြစ်၏။

သို့သော် နောက်တစ်နေ့တွင် အရှင်မင်းကြီး၏ အမိန့်တော် ထွက်ပေါ်လာခဲ့သည် - လင်ရှီးဥယျာဉ်သို့ မက်မွန်ပန်း သွားရောက်ကြည့်ရှုရန် ဖြစ်ပြီး နှစ်ရက်အကြာတွင် စတင်ထွက်ခွာမည် ဖြစ်သည်။ ထို့ပြင် အတူလိုက်ပါမည့် စာရင်းထဲတွင် မင်ကျောင်းရီ လည်း ပါဝင်နေခဲ့သည်။

၎င်းမှာ ယဲ့ယွင်၏ကိုယ်ဝန်တွင် ဘာမှပြဿနာမရှိကြောင်း သက်သေပြလိုက်ခြင်းပင်။ နန်းတွင်းရှိ အမျိုးသမီးများမှာ အချည်းနှီးသာ ဝမ်းသာခဲ့ကြရသည်။ သို့သော် လင်ရှီးဥယျာဉ်သို့ အတူလိုက်ပါခွင့်ရမည့် ကိုယ်လုပ်တော်များကတော့ ဝမ်းမြောက်နေကြသည်။

ယခုတစ်ကြိမ်တွင် နင်ချန်သည် လူအများကြီး မခေါ်ချင်ပေ။ အကြောင်းကတော့ ယဲ့ယွင်သည် ဥယျာဉ်ထဲတွင် ကလေးမွေးဖွားရမည်ဖြစ်ရာ လူများလျှင် ပြဿနာများမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ နောက်ဆုံးတွင် မင်းသား၊ မင်းသမီးများနှင့် သူတို့၏ မိခင်များ၊ ထို့ပြင် ချန်းရွှင်ရုန် နှင့် ယင်းဝမ်ရုန်တို့ကိုသာ ခေါ်ဆောင်သွားရန် အတည်ပြုလိုက်တော့သည်။

***

All Chapters