အခန်း (၄၀၃-၄၀၄)
Vol. 26 Ch. 403-404
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 403
အခန်း ၄၀၃ ။ အပြောကောင်းမှ အသာစီးရမည်
"ဟန်အာ... မင်းကလည်း ကလေးရယ်။ မင်းက အစ်ကိုဖြစ်တော့ ညီလေးကို လျှော့ပေးရမယ်ဆိုပေမဲ့၊ ဒီအတိုင်း ငတုံးလေးလို ရပ်မနေဘဲ ရှောင်ရမှာပေါ့။ ညီလေး တွန်းချတာကို ဒီအတိုင်း ခံနေရလား!"
ယိကျောင်းယွမ်သည် ရောက်လာသည်နှင့် စကားကို အပိုင်ပြောတော့သည်။ သူမသည် သားဖြစ်သူကို ပွေ့ဖက်ကာ မျက်ရည်များကို သုတ်ပေးနေ၏။
ဤစကားကို ယဲ့ယွင် ကြားလိုက်ရချိန်တွင် ဒေါသက ထိပ်ဆုံးသို့ ရောက်သွားတော့သည်။ ကလေးနှစ်ယောက် ရန်ဖြစ်သည်မှာ သဘာဝပင်၊ ချော့လိုက်လျှင် ပြီးသွားမည့်ကိစ္စကို၊ အခုတော့ စတုတ္ထမင်းသားက အရင်လက်ပါသယောင် သွယ်ဝိုက်ပြောဆိုနေခြင်းမှာ တမင်ပြဿနာရှာခြင်းပင် ဖြစ်၏။
ယဲ့ယွင်သည်လည်း သူမနှင့် ပါးစပ်တိုက်ပွဲ ဆင်နွှဲရန် စိတ်မပါပေ။ အဓိကမှာ သူမ ရောက်လာကတည်းက မည်သူက အရင်စသလဲဆိုသည်ကို စုံစမ်းပြီးသား ဖြစ်သောကြောင့်ဖြစ်၏။ ယိကျောင်းယွမ်ကမှ အတင်းဖြစ်ချင်နေမှတော့၊ သူမ၏ မိမိလူဘက်က အမြဲ ဘက်လိုက်တတ်သော စရိုက်အရ အရှုံးပေးရန် စိတ်ကူးမရှိတော့ပေ။
"ပိုင်ရှု... ပြောစမ်း၊ ဘာတွေ ဖြစ်ခဲ့တာလဲ။ စတုတ္ထမင်းသားရဲ့စရိုက်က ငါ့အတိုင်း နည်းနည်း စိတ်ကြီးတယ်ဆိုပေမဲ့၊ ဘယ်တုန်းကမှ သူတစ်ပါးကို အရင်လက်ပါတတ်တဲ့သူ မဟုတ်ဘူး"
ယဲ့ယွင်၏လေသံမှာ အေးစက်နေပြီး မကျေမနပ် ဖြစ်နေမှန်း သိသာလှပေသည်။
ပိုင်ရှုက ရှေ့သို့တိုးကာ ဦးညွှတ်လိုက်သည် - "မယ်မယ့်ကို တင်ပြပါတယ်... အစကတော့ တတိယမင်းသားက စတုတ္ထမင်းသားရဲ့ ယုန်ကလေးကို ရုပ်ဆိုးတယ်လို့ ပြောပါတယ်။ ညန်ကောင်းကိုလည်း ရုပ်ဆိုးတယ်လို့ ပြောပါတယ်။ ပြီးတော့ ‘အပျော်အပါးမက်ရင် ရည်မှန်းချက် ပျောက်ဆုံးတတ်တယ်’ လို့လည်း ဆရာ့စကားတွေကို ကိုးကားပြီး ပြောပါတယ်။ စတုတ္ထမင်းသားက အဲဒီစကားရဲ့ အဓိပ္ပာယ်ကို နားမလည်လို့ ဆရာ့ဆီသွားမေးပြီးမှ... စိတ်မကောင်း ဖြစ်သွားတာပါ"
"အဲဒီနောက် တတိယမင်းသားဆီ ပြန်သွားပြီး ‘အစ်ကိုကြီးက ကျင့်အာလောက် မချောဘူး၊ ယိကျောင်းယွမ်ကလည်း မေမေ့လောက် မလှဘူး’ လို့ ပြန်ပြောလိုက်တာပါ။ အဲဒီမှာ တတိယမင်းသား စိတ်ဆိုးပြီး စတုတ္ထမင်းသားကို တွန်းချလိုက်ပါတယ်။ စတုတ္ထမင်းသား လဲကျပြီး ပြန်ထလာတော့မှ တတိယမင်းသားကို ခေါင်းနဲ့ ဝင်တိုက်လိုက်တာပါ။ အဲဒီနောက်မှာတော့ သခင်လေး နှစ်ပါးလုံး ငိုကြပါတော့တယ်"
တစ်ခဏချင်းမှာပင် ယိကျောင်းယွမ်၏မျက်နှာမှာ ပျက်သွားတော့သည်။ ခုနကတင် စတုတ္ထမင်းသားကို အပြစ်ပုံချခဲ့သော်လည်း၊ အမှန်တရားမှာ တတိယမင်းသားက အရင်စသလို အရင်လည်း လက်ပါခဲ့ခြင်း ဖြစ်နေသဖြင့် သူမ အလွန် အနေရခက်သွားရသည်။
သူမသည် နင်ချန်၏ အေးစက်လှသော မျက်နှာထားကို တစ်ချက်အကဲခတ်လိုက်ပြီးနောက်၊ အံကြိတ်ကာ တတိယမင်းသား၏ကျောကို ရိုက်တော့သည်။
"မင်းလို အသုံးမကျတဲ့ကောင်! ညီလေးကိုမှ မညှာတာရကောင်းလား။ မေမေ သင်ပေးထားတဲ့ ညီအစ်ကို ချစ်ခင်ရမယ်ဆိုတဲ့ စကားတွေကို ခွေးဗိုက်ထဲ ထည့်ထားလိုက်ပြီလား! ဒီနေ့သာ မင်းရဲ့ ညီ (၄) (စတုတ္ထမင်းသား) တစ်ခုခု ဖြစ်သွားရင် ငါ မင်းကို သတ်ပစ်မယ်!"
"ဟွေယွဲ့... မြန်မြန် သွားဆွဲလိုက်စမ်း" ယဲ့ယွင်က တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
ဤကဲ့သို့ ‘ဆုတ်ခွာခြင်းဖြင့် တိုက်စစ်ဆင်ခြင်း’၊ အတင်းအကျပ် အပြစ်ရှာခြင်း နည်းဗျူဟာများမှာ သူမရှေ့တွင်တော့ အသုံးမဝင်ပေ။ ဟွေယွဲ့ကလည်း အလိုက်သိစွာဖြင့် တတိယမင်းသားအား သူမ၏ ရင်ခွင်ထဲသို့ အမြန် ဆွဲယူလိုက်သည်။
"ယိကျောင်းယွမ်ရယ်... တတိယမင်းသားက အစ်ကိုဆိုပေမဲ့ ကလေးပဲ ရှိပါသေးတယ်။ ကလေးမှားရင် လူကြီးက သေသေချာချာ ဆုံးမရမှာပေါ့၊ တကယ် နာအောင်တော့ မရိုက်ပါနဲ့။ အရှင်မင်းကြီးလည်း စိတ်မကောင်း ဖြစ်ရပါဦးမယ်"
ဤစကားမှာ တတိယမင်းသား ဤသို့ဖြစ်ရခြင်းမှာ ယိကျောင်းယွမ် သေသေချာချာ မဆုံးမထားသောကြောင့်ဖြစ်ကြောင်း သွယ်ဝိုက်၍ အပြစ်တင်လိုက်ခြင်းပင်။ ထို့ပြင် တတိယမင်းသားမှာ သူမ မွေးထားသော်လည်း ဧကရာဇ်၏ သားတော်လည်း ဖြစ်ရာ၊ သတ်မည်၊ ဖြတ်မည် ဆိုသည်မှာ သူမ စကားတစ်ခွန်းတည်းနှင့် ဆုံးဖြတ်၍ မရကြောင်း သတိပေးလိုက်ခြင်းလည်းဖြစ်၏။
ထိုအခါမှ ယဲ့ယွင်သည် နန်ကျစ်၏လက်ကို အားပြုကာ ရှေ့သို့ တိုးလာသည်။
"ယိကျောင်းယွမ် စိတ်ချပါ။ စတုတ္ထမင်းသားက ကိုယ်လုံးတောင့်တင်းတော့ တစ်ချက်လောက် လဲရုံနဲ့ ဘာမှ မဖြစ်ပါဘူး။ ဒီကလေးကလည်း စိတ်ကြီးလွန်းလို့လေ၊ သူ့ထက် နှစ်နှစ်ကြီးတဲ့ အစ်ကိုကိုတောင် ပြန်တိုက်ရဲတာ။ တခြားကလေးဆိုရင်တော့ နှုတ်ပိတ်ပြီး ငိုနေလောက်မှာပေါ့။
ဒါပေမဲ့ စဉ်းစားကြည့်ရင်လည်း တတိယမင်းသားက လျှော့ပေးထားလို့ နေမှာပါ။ မဟုတ်ရင် စတုတ္ထမင်းသားလေး တစ်ကိုယ်စာနဲ့ ဘယ်မှာ ပြန်တိုက်နိုင်ပါ့မလဲ။ ဒီလို ကြည့်လိုက်တော့လည်း ကလေးတွေ ရန်ဖြစ်တာ ရန်ဖြစ်တာပဲ၊ ညီအစ်ကို သံယောဇဉ်ကတော့ ရှိနေတုန်းပါပဲ"
"ဒါ... ဒါပေါ့” ယိကျောင်းယွမ်က အနေရခက်စွာ ပြန်ထူးလိုက်ရသည်။
သို့သော် ဘေးမှ နင်ချန်မှာမူ ပို၍ နက်နက်နဲနဲ စဉ်းစားနေမိသည်။ စတုတ္ထမင်းသားမှာ ရဲတင်းပြီး စိတ်ကြီးသဖြင့် ပြန်တိုက်ခဲ့သည်၊ အကယ်၍ အခြားကလေးသာဆိုလျှင် အနိုင်ကျင့်ခံရပြီး ငြိမ်နေရမည် မဟုတ်လား။ ထို့ပြင် တတိယမင်းသားမှာ စတုတ္ထမင်းသားထက် နှစ်နှစ် ပိုကြီးပါလျက်၊ အရင်စ၍ စကားနာထိုးရုံတင်မက လက်ပါခဲ့ခြင်းမှာ အစ်ကိုတစ်ဦး၏အရှိန်အဝါ လုံးဝ မရှိပေ။
"ဟန်အာ... ခမည်းတော် မေးမယ်။ ‘ညီအစ်ကို အချင်းချင်း ချစ်ကြည်လေးစားခြင်း’ ဆိုတာ ဘာကို ဆိုလိုသလဲ မင်းသိလား" နင်ချန်က ရုတ်တရက် မေးလိုက်သည်။
တတိယမင်းသားမှာ မျက်နှာတွင် မျက်ရည်စများနှင့် ရှိုက်ကြီးတငင် ဖြေရှာသည် - " ခမည်းတော်... အစ်ကိုက ညီလေးကို ချစ်ခင်ရမယ်၊ ညီက အစ်ကိုကို ရိုသေရမယ်လို့ ဆိုလိုတာပါ"
"ဒါဆို မင်းရဲ့ ခုနက လုပ်ရပ်က ညီလေးကို ချစ်ခင်တာလို့ ခေါ်သလား" နင်ချန်က လေသံကို နှိမ့်၍ မေးသည်။
တတိယမင်းသားသည် အပြစ်ရှိသကဲ့သို့ ခေါင်းငုံ့သွားကာ ခေါင်းခါပြရှာသည်။
နင်ချန်က စတုတ္ထမင်းသားဘက်သို့ လှည့်ကြည့်ပြန်သည် - "ကျင့်အာ... မင်းကော အစ်ကို့အပေါ် ရိုသေသလား"
"အစ်ကို (၃)က ကျင့်အာကို မချစ်ဘူးလေ!"
စတုတ္ထမင်းသားလေးကတော့ အလျှော့မပေးပေ။ သူသည် နှုတ်ခမ်းကို စူကာ ခေါင်းကို မော့၍ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်တော့သည်။
ဤစကားကြောင့် နင်ချန်မှာ ခနမျှ ဆွံ့အသွားရသည်။ သူ စကားမဟရသေးမီမှာပင် စတုတ္ထမင်းသားလေးမှာ ‘ဒုန်း ဒုန်း ဒုန်း’ နှင့် ပြေးသွားကာ မင်းသားကြီးနှင့် ဒုတိယမင်းသားကြားတွင် သွားရပ်လိုက်သည်။
"အစ်ကိုကြီး (မင်းသားကြီး) လည်း ကောင်းတယ်။ အစ်ကို (၂)လည်း ကောင်းတယ်!"
ဤသည်မှာ နင်ချန်အား ဘာပြောရမှန်းမသိအောင် လုပ်လိုက်ခြင်းပင်။ သူတင်မက မင်းသားကြီးနှင့် ဒုတိယမင်းသားတို့မှာလည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။ သို့သော် ကလေးနှစ်ဦးမှာ စတုတ္ထညီလေးနှင့်အတူ တညီတညွတ်တည်း ရပ်နေကြပြီး နောက်သို့ ဆုတ်မသွားခဲ့ကြပေ။
ယဲ့ယွင်မှာ စိတ်ထဲတွင် သက်ပြင်းချမိတော့သည် - ဤကလေးမှာ တကယ်ကို ပါးနပ်လွန်းလှသည်။ တစ်ဖက်လူ၏ ဟာကွက်ကို ကြည့်၍ စကားပြောတတ်နေပြီ။ တကယ်ပဲ တတိယမင်းသားက အရင် မချစ်ခင်ခဲ့သည် မဟုတ်လား။
သို့သော် ဤကဲ့သို့ ပြောဆိုလိုက်ခြင်းမှာ ဖခင်ဖြစ်သူ နင်ချန်အား အကျပ်ရိုက်စေသဖြင့် သူမကပင် ကြားဝင်စေ့စပ်ပေးလိုက်ရသည်။
"ကျင့်အာ... မေမေ မေးမယ်။ သူများက အမှားလုပ်ရင် မင်းက လိုက်လုပ်လို့ ရသလား"
"မရပါဘူး" စတုတ္ထမင်းသားလေးက ညိုးငယ်စွာ ဖြေသည်။ စင်စစ် သူကိုယ်တိုင်လည်း မိမိမှာ အမှားရှိမှန်း ရိပ်မိသွားပုံရသည်။
"ဒါဆိုရင် အမှားလုပ်မိရင် ဘာလုပ်ရမလဲ" ယဲ့ယွင်က ထပ်မေးသည်။
စတုတ္ထမင်းသားလေးသည် လက်သီးလေးကို ဆုပ်ကာ၊ သူ၏ ဖီးနစ်မျက်ဝန်းလေးများဖြင့် ဖခင်ကို တစ်လှည့်၊ မိခင်ကို တစ်လှည့် ကြည့်လိုက်သည်။ ခနအကြာတွင် သူသည် တတိယမင်းသားဘက်သို့ လှည့်ကာ - "အစ်ကို (၃)... တောင်းပန်ပါတယ်" ဟု ဆိုလိုက်သည်။
အငယ်က အရင်တောင်းပန်လိုက်မှတော့ တတိယမင်းသားမှာလည်း မနေသာတော့ဘဲ ပြန်လည် တောင်းပန်လိုက်ရတော့သည်။
တစ်ခဏချင်းမှာပင် မည်သူက ပို၍ အဆင့်အတန်း မြင့်သည်မှာ သိသာသွားခဲ့သည်။ ယိကျောင်းယွမ်သည် ရောက်လာကတည်းက နည်းမျိုးစုံဖြင့် အကွက်ဆင်ခဲ့သော်လည်း ကလေးကို တောင်းပန်ခိုင်းရန် မစဉ်းစားခဲ့ပေ။ ယဲ့ယွင်မှာမူ အလျော့ပေးဟန်ဆောင်ကာ ကလေးအား စနစ်တကျ ဆုံးမတတ်ကြောင်း ပြသနိုင်ခဲ့သည်။
နင်ချန်ကတော့ ဖခင်တစ်ဦးအနေနှင့် လေးနှစ်သားလေး၏မာနကို အရေးစိုက်နေမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ၊ ဤရန်ပွဲလေးမှာတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
နင်ချန်တွင် အလုပ်များ ကျန်နေသေးသဖြင့် ကျန်းချန်ဆောင်သို့ အရင်ပြန်ခဲ့သည်။ လမ်းခရီးတွင် သူသည် ခုနက ကလေးများ၏အပြုအမူကို ပြန်လည် စဉ်းစားနေမိသည်။
"ယွမ်ကျို... ငါ့ရဲ့ မင်းသားတွေကို မင်း ဘယ်လို မြင်သလဲ" ဟု သူက ရုတ်တရက် မေးလိုက်သည်။
"အို... မင်းသားလေးတွေရဲ့ အရေးကို ကျွန်တော်မျိုးက ဘယ်မှာ ဝေဖန်ဝံ့ပါ့မလဲ။ အရှင်မင်းကြီးက ငယ်ပါသေးတယ်၊ မင်းသားလေးတွေကလည်း ငယ်သေးတာမို့ သေသေချာချာ ဆုံးမသင်ကြားဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်" ဟု ယွမ်ကျိုက အမှားအယွင်းမရှိအောင် ပြန်ဖြေသည်။
နင်ချန်က မျက်လွှာချလိုက်သည်။ သင်ကြားခြင်းဟု ဆိုလိုက်သည်နှင့် ယိကျောင်းယွမ်နှင့် ယဲ့ယွင်တို့၏ ကွဲပြားခြားနားလှသော ဆုံးမပုံများမှာ သူ့ဦးနှောက်ထဲတွင် ပြည့်နှက်သွားကာ၊ သူ၏စိတ် (ချိန်ခွင်လျှာ) မှာ တစ်ဖက်သို့ ပို၍ပင် ယိုင်စောင်းသွားရတော့လေသည်။
….
အခြားတစ်ဖက်တွင်၊ ဖူရုန်ဆောင်သို့ ပြန်ရောက်သောအခါ ယဲ့ယွင်သည် သားဖြစ်သူအား သူမ၏ ဘေးသို့ ခေါ်ယူလိုက်သည်။
"ဒီနေ့ အစ်ကို (၃)က မင်းကို တွန်းချလို့ မင်း ပြန်တိုက်ခဲ့တာက တော်ပါတယ်။ ဒါပေမဲ့ မေမေ မင်းကို တစ်ခု ပြောချင်တယ်။ ဒေါသထွက်လို့ လက်ပါရုံနဲ့ မပြီးဘူး၊ ငါတို့မှာ ‘အကျိုးအကြောင်း’ ရှိနေမှ တစ်စက်မှ အရှုံးမပေးရမှာ၊ သိလားဟင်"
စတုတ္ထမင်းသားလေးမှာ မျက်တောင်လေး ခတ်ကာ နားမလည်သလို ကြည့်နေသည်။
ယဲ့ယွင်က ဆက်ပြောသည် - "မင်းနဲ့ အစ်ကို (၃)က ယုန်ကလေးကြောင့် ရန်ဖြစ်တာ မဟုတ်လား"
"ဟုတ်ပါတယ်" စတုတ္ထမင်းသားလေးက ခေါင်းညိတ်သည် - "အစ်ကို (၃)မှာ ယုန်မရှိလို့ ကျင့်အာ့ရဲ့ ယုန်ကို ရုပ်ဆိုးတယ်လို့ ပြောတာလေ!"
"အဲဒါကို ကျင့်အာက အစကတည်းက လူကြီးတွေကို ပြောပြလိုက်ရင် လူတိုင်း သိသွားမှာပေါ့။ ဒီနေ့သာ ပိုင်ရှုက မပြောပြရင်၊ ကျင့်အာ အရင်အနိုင်ကျင့်ခံရတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူးလေ" ယဲ့ယွင်က စိတ်ရှည်စွာ လမ်းပြလိုက်သည်။
စတုတ္ထမင်းသားလေးသည် အနည်းငယ် သဘောပေါက်သွားပုံရသည်။ အားကိုးမဲ့စွာ ငြိမ်မနေဘဲ ထုတ်ပြောရမည်၊ ဝမ်းနည်းစရာရှိလျှင် လူသိအောင် ပြောပြရမည်ဟူ၍ပင်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 404
အခန်း ၄၀၄ ။ သန္ဓေသားအနေအထား မမှန်ခြင်း
အခြေအနေ တော်တော်လေး အဆင်ပြေသွားပြီဟု မြင်သောအခါ ယဲ့ယွင်သည် သားဖြစ်သူအား ထပ်မံ၍ အကျပ်မကိုင်တော့ပေ။ ကလေးကို စရိုက်ဆိုးအောင် မသင်သင့်ဘဲ လိုအပ်သော ကြင်နာသနားစိတ်ကိုတော့ ချန်ထားပေးရမည် မဟုတ်လား။
“အစ်ကို (၃)မှာ ယုန်မရှိဘူး၊ ဒါပေမဲ့ တခြားသူတွေမှာ အကုန်ရှိနေတာဆိုတော့ ကျင့်အာက အစ်ကို (၃)ကို ယုန်တစ်ကောင် လက်ဆောင်ပေးရင် မကောင်းဘူးလား။ ကျင့်အာလည်း အစ်ကို (၃)နဲ့ ခဏခဏ ရန်မဖြစ်ချင်ဘူး မဟုတ်လား”
စတုတ္ထမင်းသားလေးမှာ ညိုးငယ်စွာ ခေါင်းညိတ်ပြသည် - “ဒါပေမဲ့ ကျင့်အာ့မှာ ယုန်မရှိတော့ဘူးလေ”
ယဲ့ယွင်က ပြုံးလျက် သားဖြစ်သူ၏ ခေါင်းကို ပွတ်သပ်လိုက်သည် - “ကျင့်အာ့ရဲ့ ယုန်တွေက ဘယ်သူ့ဆီက ရတာလဲ၊ အဲဒီလူဆီမှာ သွားတောင်းပေါ့”
တစ်ခဏချင်းမှာပင် စတုတ္ထမင်းသားလေး၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည် - “ကျင့်အာ ခမည်းတော်ဆီ သွားမယ်!”
“သွားလေ” ယဲ့ယွင်က နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်ပြီး ပိုင်ရှုအား တစ်ချက် ကြည့်လိုက်သည် - “စတုတ္ထမင်းသား နောက်ကနေ သေသေချာချာ လိုက်သွားနော်။ သူက ငယ်သေးတော့ ပြောဆိုရမှာတွေက မင်းအပေါ်ပဲ မူတည်တယ်”
ပိုင်ရှုက ဆိုလိုရင်းကို နားလည်သဖြင့် ဦးညွှတ်ကာ မင်းသားလေးနောက်မှ လိုက်သွားတော့သည်။ ကလေးထွက်သွားမှ ယဲ့ယွင်သည် မောပန်းနွမ်းနယ်သော မျက်နှာဖြင့် မှီအုံးပေါ်သို့ မှီချလိုက်တော့သည်။
နန်ကျစ်က သူမအား လက်ဖက်ရည် ကမ်းပေးရင်း - “တတိယမင်းသားက အဲဒီလောက်အထိ ဆိုးတာကို မယ်မယ်က စတုတ္ထမင်းသားကို ပစ္စည်း သွားပေးခိုင်းသေးတယ်၊ တကယ်ကို ရင်ထဲမှာ အောင့်နေမိတယ်”
“ကျင့်အာ တစ်ယောက်တည်း သွားတာ မဟုတ်လောက်ပါဘူး” ယဲ့ယွင်က နားထင်ကို လက်ဖြင့် ဖိကာ နှိပ်လိုက်သည်။ သူမ စဉ်းစားမိသောအရာကို ယိကျောင်းယွမ်လည်း စဉ်းစားမိမှာ သေချာသည်။ အခုက ဘယ်သူက အရင်လက်ဦးမှု ရမလဲဆိုတာပဲ ကြည့်ရတော့မည်။
“မယ်မယ်က ကိုယ်ဝန်နဲ့ စိတ်ပင်ပန်းနေရတာ၊ ယိကျောင်းယွမ်တို့ သားအမိကတော့ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ!” ဟု ဟွေယွဲ့က စာနာစွာဖြင့် ယဲ့ယွင်၏ခြေထောက်များကို နှိပ်ပေးရင်း ဆိုသည်။
ယဲ့ယွင်၏မျက်ဝန်းများ အေးစက်သွားသည် - “သူမက အခုဆိုရင် ပိုပြီးတော့တောင် စိတ်မရှည်နိုင် ဖြစ်နေတာ။ ကိစ္စတိုင်းမှာ ငါ့ကို အသာစီးရချင်လေလေ၊ အခြေအနေက ပိုဆိုးလေလေပဲ။ တတိယမင်းသားက ယုန်တစ်ကောင်တည်းနဲ့ ဒီလောက် စိတ်ဆိုးပါ့မလား။ ကလေးဆိုတာ အများဆုံး အားကျရုံပဲ ရှိတာ။ ဒါဟာ ယိကျောင်းယွမ်က နေ့တိုင်း သူ့ကို မဟုတ်တာတွေ သွတ်သွင်းနေလို့ ဖြစ်မှာပါ”
“သူက အခုမှ ခြောက်နှစ်ပဲ ရှိသေးတာလေ၊ အဲဒီလောက်အထိတော့ မဖြစ်နိုင်လောက်ပါဘူး” ဟု နန်ကျစ်က မျက်မှောင်ကြုတ်ကာ ဆိုသည်။
“နန်းတွင်းက ကလေးတွေက စောစောစီးစီး သိတတ်ကြတာလေ။ ဒီလို ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့သူတွေကို သာမန်ကလေးတွေလို သွားတွက်လို့ မရဘူး” ယဲ့ယွင်က သက်ပြင်းချလိုက်သည်။ ကလေးတွေ ကြီးလာတာနဲ့အမျှ တိုက်ပွဲတွေကတော့ ရှောင်လွှဲလို့ မရတော့ပေ။
“ထားလိုက်ပါတော့... အနှေးနဲ့အမြန်ကြုံရမယ့် ကိစ္စပဲ။ တွေးနေလည်း အပိုပဲမို့ ငါ့ကို အခန်းထဲ တွဲပို့ပြီး နားခိုင်းပါဦး” ယဲ့ယွင်က လက်ယမ်းပြလိုက်တော့သည်။
…..
အခြားတစ်ဖက်၊ ထောင်ဟွားဆောင်တွင် ယိကျောင်းယွမ်မှာ ဒေါသထွက်နေဆဲ ဖြစ်သည်။
“အကောင်းအတိုင်းရှိနေတာကို မင်းက ဘာလို့ သူ့ကို သွားစရတာလဲ၊ လက်ပါတဲ့အထိတောင် လုပ်ရလား။ အမေ သင်ပေးထားတာတွေကို ဘယ်ရောက်ကုန်ပြီလဲ။ ဘယ်လောက်ပဲ မုန်းမုန်း အပြင်ပန်းမှာတော့ သည်းခံရမယ်လေ။ ခမည်းတော်ရဲ့မျက်စိထဲမှာ မင်းက မင်းသားတွေထဲမှာ အလိမ္မာဆုံး ဖြစ်နေရမှာပေါ့!”
“အခုတော့ ကြည့်စမ်း... ဟို ‘မျိုးမစစ်’ (စတုတ္ထမင်းသား) က အရင်ဦးအောင် တောင်းပန်လိုက်တော့၊ မင်းကပဲ အစစအရာရာ မှားတဲ့သူလို ဖြစ်သွားပြီ။ ခမည်းတော်က မင်းကို ဘယ်လို မြင်သွားမလဲ!”
တတိယမင်းသားမှာ မူလကပင် ဝမ်းနည်းနေရသည့်ကြား အမေ၏ ဆူပူမှုကိုပါ ခံရသဖြင့် ပို၍ပင် ခံစားရရှာသည်။ သူသည် မျက်ရည်များ ဝေ့သီနေသော်လည်း ခေါင်းကိုတော့ မငုံ့ဘဲ ရှိနေဆဲပင်။
“ဒါပေမဲ့ မေမေပဲ ပြောတာလေ... သားတော် စာကို သေသေချာချာ သင်ရင် ရပြီဆို”
“စာသင်တာက အရေးကြီးတာ မှန်ပေမဲ့၊ တခြားဟာတွေကိုလည်း မေ့လို့ မရဘူးလေ။ လူမှုရေးဆိုတာလည်း အရေးကြီးတယ်” ယိကျောင်းယွမ်က လေးနက်စွာ ဆိုသည်။ သူမသည် သားအရင်း ဖြစ်သဖြင့် ဒေါသထွက်ပြီးနောက် စိတ်မကောင်း ပြန်ဖြစ်သွားကာ - “ကဲ... မေမေနဲ့အတူ ကျန်းချန်ဆောင်ကို သွားရအောင်။ ခမည်းတော်ကို သေသေချာချာ တောင်းပန်လိုက်ဦး၊ မင်းက စည်းကမ်းမရှိတဲ့သူလို့ အထင်မခံရအောင်လို့ပေါ့”
ပြောပြီးသည်နှင့် သူမသည် တတိယမင်းသားအား လွန်ခဲ့သော နှစ်ရက်က ဆရာ၏ ချီးမွမ်းခြင်းခံရသော စာမူများကို ယူခိုင်းကာ နှစ်ဦးသား ကျန်းချန်ဆောင်သို့ ထွက်လာခဲ့ကြသည်။ သို့သော် လမ်းခုလတ်တွင် ဟွိုက်အန်းနှင့် ဆုံတွေ့ခဲ့သည်။
“ကျွန်တော်မျိုး ယိကျောင်းယွမ်နဲ့ တတိယမင်းသားကို ဂါရဝပြုပါတယ်” ဟွိုက်အန်းက ဝါးခြင်းတောင်းလေးတစ်လုံးကို ကိုင်ကာ စနစ်တကျ ဦးညွှတ်သည်။
ယိကျောင်းယွမ်က ပြုံးလျက် လက်ယမ်းပြကာ - “နေပါစေ... ကုန်းကုန်းက ဘယ်ကို သွားမလို့လဲ။ အရှင်မင်းကြီးရဲ့ အပါးမှာ မခစားဘူးလား”
“ကျွန်တော်မျိုးက တတိယမင်းသားအတွက် ပစ္စည်းလာပို့တာပါ” ဟွိုက်အန်းက လက်ထဲမှ ခြင်းတောင်းကို မြှောက်ပြသည် - “စတုတ္ထမင်းသားက အရှင်မင်းကြီးဆီမှာ တောင်းဆိုလို့၊ တတိယမင်းသားအတွက် ယုန်တစ်ကောင် ရှာပေးလိုက်တာပါ။ ကျွန်တော်မျိုး အမိန့်အရ လာပို့တာပါ၊ အရှင်မင်းကြီးကတော့ စတုတ္ထမင်းသားကို ဖူရုန်ဆောင်ဆီ ပြန်ပို့ပေးနေပါတယ်”
တစ်ခဏချင်းမှာပင် ယိကျောင်းယွမ်၏မျက်နှာမှာ အကြိမ်ကြိမ် ပျက်ယွင်းသွားရသည်။ သူမ၏လက်ထဲမှ ပဝါကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသော်လည်း၊ အပြင်ပန်းတွင်တော့ ပြုံးလျက် လက်ခံလိုက်ရတော့သည်။
ဟွိုက်အန်း ပစ္စည်းပို့ပြီးသည်နှင့် ဘာမှထပ်မပြောဘဲ အမြန်ထွက်ခွာသွားသည်။ တတိယမင်းသားသည် ခြင်းတောင်းထဲမှ ယုန်ဖြူလေးကို ကြည့်ကာ ယခင်ကကဲ့သို့ အားကျစိတ်များ မရှိတော့ဘဲ ရွံရှာစိတ်များသာ ပြည့်နှက်နေတော့သည်။
သူက မော့ကြည့်ကာ - “မေမေ... သားတော်တို့ သွားကြဦးမလား”
“ခမည်းတော်ကမှ မရှိတာ၊ ဘာသွားလုပ်မှာလဲ။ ပြန်မယ်” ယိကျောင်းယွမ်မှာလည်း အလွန်စိတ်တိုနေပြီ ဖြစ်၏။ ထိုယုန်ကို လွှင့်ပစ်ချင်သော်လည်း လွှင့်၍မရပေ။ တစ်ချက်မှာ ဧကရာဇ်၏လက်မှတစ်ဆင့် ရောက်လာခြင်းဖြစ်သလို၊ ဒုတိယအချက်မှာ ဤယုန်သည် ညီအစ်ကိုသံယောဇဉ်ကို ကိုယ်စားပြုနေခြင်းကြောင့် ဖြစ်၏။ အကယ်၍သာ ထိုယုန် သေဆုံးသွားလျှင် သို့မဟုတ် ကောင်းကောင်း မမွေးမြူနိုင်လျှင် တတိယမင်းသားမှာ ညီအစ်ကိုသံယောဇဉ် မရှိသူအဖြစ် ထပ်မံ အပြစ်တင်ခံရပေလိမ့်မည်။
……
အခြားတစ်ဖက်၊ ဖူရုန်ဆောင်တွင်မူ အရာအားလုံးမှာ အေးချမ်းနေသည်။ ကလေးများမှာ မေ့လွယ်ကြသလို၊ ယဲ့ယွင်ကလည်း စိတ်ထဲ မထားသဖြင့် ကိစ္စမှာ အသေးအဖွဲလေးသာ ဖြစ်သွားခဲ့သည်။ နင်ချန်မှာလည်း သူမ၏လမ်းပြမှုကြောင့် ထိုကိစ္စကို အမြန်ပင် မေ့သွားခဲ့ပြီ။
ညနေပိုင်းတွင် သမားတော်ရှန် ရောက်လာကာ ကျန်းမာရေး စစ်ဆေးပေးရင်း - ယဲ့ယွင်မှာ ဒီရက်ပိုင်း အစားအသောက် အနည်းငယ်များနေသဖြင့် ထိန်းထိန်းသိမ်းသိမ်းစားရန် တင်ပြသည်။ ထို့ပြင် ယဲ့ယွင်၏ သန္ဓေသားအနေအထားမှာ အနည်းငယ် မမှန် ဖြစ်နေသဖြင့်၊ လေ့ကျင့်ခန်းများပြုလုပ်၍ တဖြည်းဖြည်း ပြန်လည် ညှိယူရန် လိုအပ်ကြောင်း၊ မဟုတ်ပါက ကလေးမွေးချိန်တွင် အခက်တွေ့နိုင်ကြောင်း သတိပေးခဲ့သည်။
ထိုစဉ် စတုတ္ထမင်းသားနှင့်အတူ ဆော့ပေးနေသော နို့ထိန်းက ဝင်ပြောလာသည် - “ကျွန်တော်မျိုးမ ကြားဖူးပါတယ်။ တချို့သော ကလေးမွေးပေးတဲ့ မားမားတွေက အတွေ့အကြုံ များတော့၊ ဗိုက်ကို နှိပ်နယ်ပေးပြီး ကလေးအနေအထား မှန်အောင် လုပ်ပေးတတ်ကြတယ်တဲ့”
ရှန်ဖိန်ကျစ်က ခေါင်းညိတ်သည် - “မှန်ပါတယ်။ အဲဒီလို နှိပ်နယ်တဲ့ နည်းစနစ်တွေ ရှိပါတယ်။ အဲဒါမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းမှာပါ”
“ဒါဆိုရင်... နန်ကျစ်၊ မားမားတွေကို သွားမေးကြည့်လိုက်။ အဲဒီလို တတ်တဲ့သူရှိရင် ငါ့ကို လာပြီး နှိပ်ပေးခိုင်းပါဦး” ယဲ့ယွင်က မှာကြားလိုက်သည်။
နန်ကျစ်က သွားရောက် မေးမြန်းပြီးနောက် မကြာမီမှာပင် ချွီမားမားကို ခေါ်ဆောင်လာခဲ့သည်။ သူမမှာ အမှန်တကယ်ပင် တတ်ကျွမ်းသူ ဖြစ်၏။ နာရီဝက်ခန့် စနစ်တကျ နှိပ်နယ်ပေးပြီးနောက်တွင် ကလေး၏ အနေအထားမှာ ပြန်လည်မှန်ကန်သွားခဲ့သည်။
ထို့ပြင် သူမသည် ဗိုက်ကို ကိုင်ကြည့်ရုံနှင့် ယဲ့ယွင်မှာ အမြွှာကိုယ်ဝန် ရှိနေမှန်းကိုလည်း ခန့်မှန်းနိုင်ခဲ့သည်။ နင်ချန်သည် အလွန်သဘောကျသွားကာ သူမအား ငွေစ ၂၀ ချက်ချင်း ဆုချလိုက်သည်။
“သေသေချာချာ ပြုစုပါ။ မင်ကျောင်းရီ ကလေး ဘေးကင်းစွာ မွေးပြီးရင် ကျန်း ပိုပြီး ဆုချမယ်!”
“ဒါပေမဲ့ မားမား... မားမားက ဖူရုန်ဆောင်ကို ရောက်နေပြီဆိုတော့၊ ဖူရုန်ဆောင်က လူတွေလိုပဲ ပါးစပ်လုံရမယ်နော်။ ငါ့ဗိုက်ထဲမှာ ဘယ်နှစ်ယောက် ရှိတယ်ဆိုတာ အပြင်မှာ လျှောက်မပြောမိစေနဲ့” ဟု ယဲ့ယွင်က ပြုံးလျက် မှာကြားလိုက်သည်။
“မယ်မယ် စိတ်ချပါ။ ကျွန်တော်မျိုးမ ဘာမှမသိပါဘူး။ မယ်မယ်အတွက် ဗိုက်လာနှိပ်ပေးတာပဲ သိပါတယ်” ဟု ချွီမားမားက အမြန်ပင် ဦးညွှတ်ဝန်ခံရှာသည်။
ယဲ့ယွင်က သူမအား ပြန်လွှတ်လိုက်ပြီးနောက်၊ နင်ချန်က သူမ၏ဝမ်းဗိုက်ကို အသာအယာ ပွတ်သပ်လိုက်သည်။
“ဒီနှစ်ယောက်ကတော့ တော်တော် အေးတာပဲ။ ကျင့်အာတုန်းကလို အများကြီး မလှုပ်ဘူးနော်”
“ကလေး နှစ်ယောက်ဆိုတော့ ဗိုက်ထဲမှာ ကျပ်နေလို့ နေမှာပေါ့။ ဒါပေမဲ့ နောက်ထပ် ဆယ်ရက်လောက်ဆိုရင်တော့ မွေးရတော့မယ်။ ဒီနှစ်ယောက်ကို မွေးပြီးရင်တော့ ချန်းချဲ့လည်း သေသေချာချာ အသက်ရှူနိုင်တော့မှာပဲ”
ယဲ့ယွင်သည် သူမ၏ မြင့်တက်နေသော ဝမ်းဗိုက်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ကိုယ်ဝန် နောက်ပိုင်းကာလ ရောက်လာလေလေ၊ အမြွှာကိုယ်ဝန်နှင့် တစ်ဦးတည်း ကိုယ်ဝန်၏ ခြားနားချက်ကို သူမ ပိုသိသာလာလေ ဖြစ်၏။ တကယ်ပင် ပို၍ ပင်ပန်းလှပေသည်။
နင်ချန်က ယဲ့ယွင်၏လက်ကို ဆွဲယူကာ နမ်းလိုက်သည် - “ကျန်းအတွက် သားသမီးတွေ မွေးပေးရတာ မင်း တကယ် ပင်ပန်းနေပါပြီ။ ဒီကလေးတွေ မွေးပြီးရင် နေရာအသစ် ပြောင်းကြတာပေါ့။ ကျောက်ချွန်းဆောင်က အခုတော့ နည်းနည်း ကျပ်သွားပြီ မဟုတ်လား”
“ချန်းချဲ့ကတော့ စိတ်မပင်ပန်းချင်ပါဘူး။ အရှင်မင်းကြီး စီစဉ်သမျှကိုပဲ လိုက်နာပါ့မယ်” ယဲ့ယွင်က ပြုံးလျက် ဆိုသည်။
“မင်းကို မပင်ပန်းစေရပါဘူး၊ အရာအားလုံးကို ကျန်း တာဝန်ယူပါတယ်။ ကဲ... အပြင်ထွက် လမ်းလျှောက်ရအောင်။ သမားတော်က လှုပ်လှုပ်ရှားရှား လုပ်ခိုင်းထားတယ် မဟုတ်လား၊ ကျန်း လိုက်ပို့မယ်”
ယဲ့ယွင် ခေါင်းညိတ်ကာ သူ၏ လက်ကို အားပြုလျက် အပြင်သို့ ထွက်လာခဲ့သည်။ နန်းတွင်း၌ ကိုယ်ဝန်ဆောင်စဉ် ဧကရာဇ်နှင့် အများဆုံး ဆုံတွေ့ရသူမှာ သူမသာ ရှိပေလိမ့်မည်။ လင်ရှီးဥယျာဉ်ရှိ လူများမှာမူ ဧကရာဇ်သည် ကိုယ်ဝန်ဆောင် မင်ကျောင်းရီအား တွဲလျက် လမ်းလျှောက်နေသည့် မြင်ကွင်းကို ယခုအခါ ရိုးအီနေကြပြီ ဖြစ်တော့လေသည်။
***