အခန်း (၄၀၅-၄၀၆)
Vol. 26 Ch. 405-406
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 405
အခန်း ၄၀၅ ။ တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်တာကို ထိုင်ကြည့်မယ်
နောက်တစ်နေ့။
အပြင်ဘက်တွင် မိုးဖွဲလေးများ ရွာသွန်းနေသည်။ လင်ရှီးဥယျာဉ်မှာ မူလကပင် အေးမြသော်လည်း ၄လပိုင်း၏ မိုးရွာပြီးနောက် ပို၍ပင် အေးစိမ့်လာခဲ့သည်။
ယဲ့ယွင်သည် ပြတင်းပေါက်ဘေးတွင် ထိုင်၍ မိုးကြည့်နေသည်။ လေတိုက်တိုင်း သူမ၏ ဆံနွယ်လေးများ လှုပ်ခတ်နေသည်မှာ အတော်လေး အေးချမ်းလှပေသည်။
“မယ်မယ်... အပေါ်ကနေ ဝတ်ရုံလေး တစ်ထည်လောက် ထပ်ခြုံထားပါဦး။ ဒီနေ့ စတုတ္ထမင်းသားလေး စာသွားသင်တော့တောင် အတွင်းအင်္ကျီ အထူတစ်ထည် ပိုဝတ်သွားရတယ်လေ” ဟု ဟွေယွဲ့က မက်မွန်နုရောင်ခြုံထည်လေးကို ယူလာရင်း ဆိုသည်။
“ငါမအေးပါဘူး။ ဗိုက်ထဲမှာ နှစ်ယောက်တောင် ရှိနေတာဆိုတော့ ကိုယ်က နွေးနေတာပဲ” ယဲ့ယွင်က ပြုံးလျက် သူမ၏လက်ကို စမ်းကြည့်ရန် ကမ်းပေးလိုက်သည်။
ဟွေယွဲ့ စမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် နွေးထွေးနေသဖြင့် ထပ်မံ၍ မတိုက်တွန်းတော့ပေ။
နန်ကျစ်က လတ်လတ်ဆတ်ဆတ် ဆန်မုန့်ပန်းကန်ကို သယ်လာသည် - “ဆယ်လတာ ကိုယ်ဝန်ဆောင်ရတာ... အခုဆို မယ်မယ်က ကိုးလကျော်နေပြီဆိုတော့ မကြာခင် မွေးတော့မှာပဲ။ ဒီဆန်မုန့်က အခုမှ ပေါင်းဖိုထဲက ထွက်လာတာ၊ မယ်မယ် မြည်းကြည့်ပါဦး”
ယဲ့ယွင်က တစ်ခုယူ၍ စားကြည့်ရာ အမှန်ပင် အရသာရှိလှသည်။ ဆန်မုန့်မှာ နူးညံ့ပြီး မွှေးကြိုင်နေသလို၊ သကြားမထည့်ထားသဖြင့် ဆန်၏ ပင်ကိုယ်အရသာကို ပို၍ ပေါ်လွင်စေသည်။ သူမ သုံးခု ဆက်တိုက် စားလိုက်ပြီးမှ ပါးစပ်ကို သုတ်ရင်း ပြောလာသည် -
“ဆယ်လလို့ ပြောကြပေမဲ့ ကိုးလကျော်ရင် မွေးတဲ့သူက ပိုများတယ်။ အခုကစပြီး အမြဲ သတိရှိနေရမယ်”
ကိုယ်ဝန်ဆောင်ကာလတွင် ၃၇ ပတ်မှ ၄၀ ပတ်အတွင်း မွေးဖွားခြင်းမှာ ပုံမှန်ပင်ဖြစ်ရာ၊ အချိန်အားဖြင့် သုံးပတ်ခန့် (သို့မဟုတ်) ရက်ပေါင်း ၂၀ ခန့် ကွာဟချက် ရှိနေသည်။ အခြေခံအားဖြင့် ကိုးလပြည့်ပြီဆိုလျှင် မည်သည့်အချိန်မဆို မွေးနိုင်သည့် အနေအထားပင်။
“မယ်မယ် စိတ်ချပါ။ အစစအရာရာ အဆင်သင့် ပြင်ထားပြီးပါပြီ။ ကျွန်တော်မျိုးမနဲ့ နန်ကျစ်တို့ မင်းသားလေး နှစ်ပါးအတွက် အင်္ကျီနဲ့ ဖိနပ်၊ ခြေအိတ်တွေကို အများကြီး ချုပ်ထားပြီးသားပါ” ဟု ဟွေယွဲ့က ပြုံးလျက် ဆိုသည်။
ယဲ့ယွင်က သူမ၏ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ရင်ထဲတွင် နွေးထွေးသွားရသည်။ ထို့နောက် သူမ တစ်စုံတစ်ခုကို သတိရသွားသည် -
“ချွီမားမားကော... သွားပြောလိုက်ဦး။ ခဏနေရင် ငါ့ဗိုက်ကို လာစမ်းပေးဖို့လေ။ သမားတော်ရှန်ကိုလည်း တစ်ခါတည်း ခေါ်လိုက်။ မွေးခါနီးပြီဆိုတော့ နေ့တိုင်း ဂရုစိုက်နေမှဖြစ်မယ်”
ယခုခေတ်တွင် ခွဲစိတ်မွေးဖွားခြင်း မရှိသဖြင့် အကယ်၍ မွေးရခက်ခဲပါက အသက်အန္တရာယ် ရှိနိုင်သည် မဟုတ်လား။
“ကျွန်တော်မျိုးမ ခုနတင် သွားခဲ့ပါသေးတယ်။ ချွီမားမားက ဝင်းထဲမှာ မရှိပါဘူး။ အခြားသူတွေ ပြောတာကတော့ သူ ဒီမနက် နိုးလာတော့ လည်ချောင်းနာနေလို့တဲ့၊ ညက မိုးရွာလို့ အအေးပတ်သွားတာ ဖြစ်မယ်ဆိုပြီး သမားတော်ဆောင်ကို ဆေးသွားယူတာ... ခဏနေရင် ပြန်လာမှာပါ” ဟု ဟွေယွဲ့က တင်ပြသည်။
ယဲ့ယွင် ခေါင်းညိတ်ကာ ထပ်မံ၍ မမေးတော့ပေ။
……
ထိုအချိန်တွင်၊ အခြားတစ်နေရာ၌။
လင်ရှီးဥယျာဉ်ရှိ သမားတော်ဆောင် အပြင်ဘက်မှ ဝါးတောကွယ်တစ်ခုတွင် ချွီမားမားသည် နန်းတွင်းသူ တစ်ဦးနှင့် စကားပြောနေသည်။ သူမ၏လက်ထဲတွင် ဆေးထုပ်တစ်ထုပ် ပါရှိပြီး မျက်နှာမှာလည်း မအီမသာ ဖြစ်နေပုံရသည်။ ထိုနန်းတွင်းသူက နှစ်သိမ့်ဟန်ဖြင့် သူမ၏အင်္ကျီလက်ထဲမှ စက္ကူထုပ်ငယ်လေး တစ်ထုပ်ကို ထုတ်၍ ကမ်းပေးလိုက်သည်။
ဘေးပတ်ဝန်းကျင်တွင် လူမရှိသဖြင့် နှစ်ဦးသား တိတ်တဆိတ် စကားပြောပြီးနောက် ခဏအတွင်းမှာပင် လမ်းခွဲသွားကြတော့သည်။
သို့သော် ၎င်းတို့ကို တစ်စုံတစ်ယောက်က ချောင်းကြည့်နေသည်ကိုမူ သူတို့ မသိခဲ့ကြပေ။ ထိုသူမှာ နေမကောင်းသဖြင့် လမ်းကြိုလမ်းကြားမှ ဆေးလာယူသည့် နန်းတွင်းသူ လုကျန့် ပင်ဖြစ်၏။ လုကျန့်သည် ယင်းဝမ်ရုန်၏ အနီးကပ်အစေခံ ဖြစ်ရာ၊ မြင်လိုက်ရသည့် မြင်ကွင်းကို ချက်ချင်းပင် ပြန်လည် တင်ပြတော့သည်။
“မင်ကျောင်းရီ (ယဲ့ယွင်) ရဲ့ ကလေးမွေးပေးမယ့် မားမားနဲ့ ချင်ကျယ်ယွီရဲ့ အနီးကပ်နန်းတွင်းသူ လင်လန်တို့ သမားတော်ဆောင် အပြင်ဘက်မှာ တိတ်တဆိတ် စကားပြောနေကြတယ် ဟုတ်လား” ယင်းဝမ်ရုန်က မျက်မှောင်ကြုတ်လိုက်သည်။
လုကျန့်က ခေါင်းညိတ်သည် - “ဟုတ်ပါတယ်၊ ကျွန်တော်မျိုးမ အမြင်မှားမှာ စိုးလို့ အကြာကြီး စောင့်ကြည့်နေတာပါ။ အဲဒီမားမား ပြန်သွားတဲ့ ဘက်က ဖူရုန်ဆောင်ဘက်ကိုပါပဲ။ ဒီမားမားတွေ ဥယျာဉ်ထဲ ဝင်လာတုန်းကလည်း ကျွန်တော်မျိုးမ မြင်ဖူးပါတယ်၊ သေချာပေါက် မမှားပါဘူး”
ကလေးမွေးပေးမည့် မားမားနှင့် အခြား ကိုယ်လုပ်တော်၏လူတို့ အဆက်အသွယ်ရှိနေခြင်းမှာ သေးငယ်သော ကိစ္စ မဟုတ်ပေ။ အကယ်၍ မွေးဖွားချိန်တွင် သားဖွားခန်းထဲ၌ တစ်ခုခု လုပ်ဆောင်လိုက်ပါက အင်မတန် အန္တရာယ် များလှပေသည်။
အခြားအစေခံမလေး ကျူပိုင်က ချက်ချင်း ဝင်ပြောသည် - “မယ်မယ်... ကျွန်တော်မျိုးမတို့တွေ မင်ကျောင်းရီကို သွားပြောပြရမလား။ တကယ်လို့ အဲဒီမားမားမှာ ပြဿနာရှိနေရင် ကျွန်တော်မျိုးမတို့တွေက ကုသိုလ်ရမှာလေ”
“အကယ်၍ အဲဒီမားမားမှာ တကယ်ပဲ ပြဿနာရှိလို့... အမိရော သားပါ ဆုံးရှုံးသွားရင် နန်းတွင်းမှာ ပြိုင်ဘက် တစ်ယောက် လျော့သွားတာပေါ့” ယင်းဝမ်ရုန်က မျက်လွှာချကာ အေးစက်စွာ ပြုံးလိုက်သည် - “‘တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်တာကို ထိုင်ကြည့်မယ်’ ဆိုတဲ့ စကားကို မင်းတို့ သိလား”
အစေခံမလေး နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ချက်ချင်း သဘောပေါက်သွားသည်။
“ကျွန်တော်မျိုးမလည်း စကားတစ်ခွန်း သိပါတယ်... ‘ဗျိုင်းနဲ့ ခရု ရန်ဖြစ်ရင် တံငါသည်က အမြတ်ရတယ်’ ဆိုတာလေ” ဟု ကျူပိုင်က ပြုံးလျက် ဆိုသည်။
ယင်းဝမ်ရုန်သည် မျက်ဝန်းများကို မှေးစင်းကာ နံရံထောင့်မှ အပွင့်မပွင့်သေးသော ပန်းအိုးလေးကို ကြည့်ရင်း ရင်ထဲ၌ မျှော်လင့်ချက်များ ရှိလာခဲ့သည်။ သူမသည် စိတ်နှလုံး ကောင်းလွန်းသူ မဟုတ်ပေ။ မျက်နှာသာ အပေးခံရဆုံးသူကို ဖယ်ရှားနိုင်မှသာ သူမအတွက် နေရာရရန် အခွင့်အရေး ပိုရှိလာမည် မဟုတ်လား။ မင်ကျောင်းရီအား ကူညီလိုက်ရုံနှင့် ထိုသူက ကျေးဇူးတင်လိမ့်မည်ဟုလည်း သူမ မထင်ပေ။
…….
ဖူရုန်ဆောင်။
ဆေးယူပြီး ပြန်ရောက်လာသော ချွီမားမားအား ရှေ့ဆောင်သို့ ခေါ်ယူလိုက်ရာ၊ သမားတော် ရှန်ဖိန်ကျစ်က ယဲ့ယွင်အား စမ်းသပ်နေသည်ကို တွေ့ရသဖြင့် သူမသည် ဘေး၌ ငြိမ်သက်စွာ ရပ်နေခဲ့သည်။
“မယ်မယ့်ရဲ့ ကိုယ်ဝန်က အဆင်ပြေပါတယ်။ ကိုယ်ဝန်ဆောင် အနေအထားကလည်း မှန်ကန်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးက မယ်မယ့်ရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက် ထိတွေ့လို့ မရတာမို့၊ ချွီမားမားပဲ တစ်ချက်လောက် ထပ်ပြီး စစ်ပေးပါဦး” ဟု ရှန်ဖိန်ကျစ်က ဆိုသည်။
ဘေး၌ ရပ်နေသော ချွီမားမားက ရှေ့သို့ တိုးလာသည်။ သူမသည် နန်ကျစ် ကမ်းပေးသော လက်ကိုင်ပဝါဖြင့် လက်ကို သေသေချာချာ သုတ်ပြီးနောက်၊ ယဉ်ကျေးစွာ ခွင့်တောင်းကာ ယဲ့ယွင်၏ ဝမ်းဗိုက်ပေါ်မှနေ၍ အသာအယာ စမ်းသပ်လိုက်သည်။
“မယ်မယ့်ကို တင်ပြပါတယ်... အနေအထားက အရမ်းမှန်ပါတယ်၊ ဘာမှ စိတ်ပူစရာ မရှိပါဘူး။ အခု မွေးခါနီးပြီဆိုတော့ ကလေးက အောက်ကို ဆင်းနေပြီမို့ နောက်ထပ် ပြောင်းလဲဖို့ အကြောင်း မရှိတော့ပါဘူး” ဟု ချွီမားမားက ရိုသေစွာ ဆိုသည်။
ယဲ့ယွင် ခေါင်းညိတ်ကာ ရုတ်တရက် ဆိုလာသည် - “နန်ကျစ် ပြောတာ ကြားတယ်၊ မားမား ဒီမနက် လည်ချောင်း မကောင်းဘူးဆို။ သမားတော်ရှန် ဒီမှာ ရှိနေတုန်း တစ်ခါတည်း စမ်းသပ်ပေးလိုက်ပါဦး”
“အို... အဲဒီလို မလုပ်သင့်ပါဘူး။ သမားတော်ရှန်က မယ်မယ့်ကို ကြည့်ပေးဖို့ လာတာပဲဟာကို” ချွီမားမားက အမြန် ငြင်းဆိုရှာသည်။
သို့သော် ယဲ့ယွင်က ဇွတ်ခိုင်းသဖြင့် ရှန်ဖိန်ကျစ်က ရှေ့တိုး၍ စမ်းသပ်ပေးလိုက်ရသည်။ အမှန်တကယ်ပင် အအေးမိခြင်းကြောင့် လည်ချောင်းရောင်နေခြင်းဖြစ်၏။
“မားမားက ငါ့ရဲ့ကိုယ်ဝန်ကို ကြည့်ပေးရတာ ပင်ပန်းနေပါပြီ။ နေလို့မကောင်းတာရှိရင် ငါ့ကို တိုက်ရိုက် ပြောပါ၊ သမားတော် ခေါ်ပေးပါ့မယ်။ ကိုယ့်ဘာသာ အပြင်ကို ထွက်မနေပါနဲ့တော့။ အခု ငါက အချိန်မရွေး မွေးနိုင်တဲ့ အခြေအနေဆိုတော့ မားမား ငါ့အနားမှာ ရှိနေမှ စိတ်ချရမှာ”
ယဲ့ယွင်က ပြုံးလျက်ဆိုကာ ဘေးမှ ဟွေယွဲ့အား မှာကြားလိုက်သည် - “ဟွေယွဲ့... မင်း ခဏနေရင် မားမားတွေ အကုန်လုံးကို သွားပြောလိုက်။ လိုအပ်တာရှိရင် ငါ့ကိုပဲ ပြောပါ၊ ဖူရုန်ဆောင်ကနေ ခွင့်ပြုချက်မရှိဘဲ အပြင်ကို မထွက်ကြပါနဲ့လို့”
ချွီမားမားသည် ဦးညွှတ် ကျေးဇူးတင်နေသော်လည်း၊ သူမ၏မျက်ဝန်းထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှု အချို့ကို ဝှက်ထားလိုက်သည်။
လူတွေ အကုန် ထွက်သွားမှသာ ယဲ့ယွင်သည် သူမ၏ အနီးကပ်မလေး နှစ်ဦးအား မှာကြားတော့သည်။
“ဒီချွီရှီ (ချွီမားမား) ကို ငါ မွေးတဲ့အချိန်ကျရင် ဘေးကနေပဲ ကြည့်ခိုင်းလိုက်။ တကယ် မလိုအပ်ရင် ငါ့ရဲ့ ကိုယ်ကို လုံးဝ ထိခွင့် မပေးနဲ့”
ဟွေယွဲ့ စိုးရိမ်သွားကာ - “မယ်မယ်... သူမမှာ တစ်ခုခု ပြဿနာရှိနေလို့လားဟင်။ ဒါဆိုရင် သူမကိုပဲ လဲလိုက်ရင် မကောင်းဘူးလား”
ယဲ့ယွင်က ခေါင်းခါသည် - “အထောက်အထားတော့ မတွေ့သေးပါဘူး။ ဒါပေမဲ့ သူမက သန္ဓေသား အနေအထားကို မှန်အောင် လုပ်နိုင်စွမ်း ရှိသလို၊ မမှန်အောင်လည်း လုပ်နိုင်စွမ်း ရှိမှာပဲ။ သတိထားတာက အကောင်းဆုံးပဲ။ ဒါပေမဲ့ သူမကို လုံးဝ မသုံးလို့လည်း မရပြန်ဘူး။ တကယ်လို့ မွေးတဲ့အချိန်ကျမှ ကလေး အနေအထား လွဲသွားရင် သူမရဲ့ အတတ်ပညာကို လိုအပ်ဦးမှာလေ”
လင်ရှီးဥယျာဉ်ထဲတွင် အရာအားလုံး အေးချမ်းနေသော်လည်း၊ နန်းတွင်း၌ ကျန်ရစ်ခဲ့သော ချီရှိုးရုန်မှာမူ ကိုယ်ဝန် နှစ်လကျော်တွင် အစားအသောက်ပျက်ကာ ပျို့အန်နေရရှာသည်။ သမားတော်များက ၎င်းမှာ ကိုယ်ဝန်ဆောင် လက္ခဏာသာ ဖြစ်ကြောင်း၊ အချဉ်၊ အချိုလေးများ စားပေးရန် အကြံပြုကြသည်။ အစေခံများက ဆီးသီးခြောက်များ ပြင်ပေးရာ၊ ချီရှိုးရုန်မှာ အင်မတန် ခံတွင်းတွေ့သွားကာ ထိုအချိန်မှစ၍ ‘အချဉ်မရှိလျှင် မစားနိုင်’ ဖြစ်သွားတော့သည်။
နန်းတွင်း၌ ချက်ချင်းပင် သတင်းများ ပျံ့သွားတော့သည် - ချီရှိုးရုန်က အချဉ်ကြိုက်သဖြင့် သားလေး မွေးလိမ့်မည်ဟူ၍ပင်။ တစ်ဖက်တွင်လည်း ယဲ့ယွင်က အစပ်ကြိုက်သဖြင့် သမီးလေး မွေးဖွားလိမ့်မည်ဟု နှိုင်းယှဉ် ပြောဆိုနေကြသည်။
“မယ်မယ်... အပြင်မှာ ပြောနေကြတာတွေဆိုတာ တကယ်ကို တစ်ပုံစံတည်းပါပဲ။ ကျွန်တော်မျိုးမ ဒီနေ့ အပ်ချုပ်ဌာန သွားတာတောင် အဲဒီအကြောင်းတွေ အကြိမ်ကြိမ် ကြားခဲ့ရတယ်” ဟု နျန့်ကျူးက ရှန်ဖေးအား ပြန်လည် တင်ပြလိုက်လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 406
အခန်း ၄၀၆ ။ အနာဂတ်အတွက် အမြစ်ဖြတ်ခြင်း
ကျင်းရှန်ဖေးသည် ပန်းအိုးတစ်လုံးကို ပြုပြင်နေပြီး သူမ၏မျက်နှာတွင် လှိုင်းထနေသော ခံစားချက်မရှိပေ။
"သားမွေးတော့ကော ဘာထူးမှာလဲ။ ဧကရာဇ်က အရေးမစိုက်ရင် ရွှေတုံးကြီး မွေးလာလည်း အပိုပဲ"
"ဒါပေမဲ့ မယ်မယ်... ဥယျာဉ်ထဲက အမျိုးသမီးက ဘေးကင်းစွာ မွေးနိုင်ပါ့မလား မသေချာဘူးလေ။ တကယ်လို့ နန်းတော်ထဲက ဒီတစ်ယောက်ကပဲ ကလေးကို ချောချောမောမော မွေးနိုင်ခဲ့ရင်၊ ချီမိသားစုရဲ့ အရှိန်အဝါနဲ့ဆိုရင် အရှင်မင်းကြီးက ဒီကလေးကို ပိုပြီး အလေးထားလာမှာပေါ့" ဟု ထန်ရှန်းက ရွှေကတ်ကြေးလေးကို ကမ်းပေးရင်း ဆိုသည်။
ရှန်ဖေးသည် မျက်ဝန်းများကို မှေးစင်းကာ ပန်းအိုးထဲမှ ပန်းများကို ကြည့်ရင်း လေးနက်စွာ စဉ်းစားနေသည်။ အမှန်ပင်... ပွင့်နေသော ပန်းများ မရှိတော့လျှင် ဖူးတံလေးများအပေါ် မျှော်လင့်ချက် ထားရှိလာကြမည် မဟုတ်လား။ ချီမိသားစု အင်အားကြီးမားသဖြင့် သားမွေးလာပါက နောင်တွင် အနှောင့်အယှက် ဖြစ်လာနိုင်သည်။
" မယ်မယ်?" ထန်ရှန်းက သူမ စကားမပြောသဖြင့် ကတ်ကြေးကို ရှေ့သို့ အနည်းငယ် ထပ်တိုးပေးလိုက်သည်။
ရှန်ဖေး သတိပြန်ဝင်လာကာ ကတ်ကြေးကို အသာအယာ ယူလိုက်ပြီး နှုတ်ခမ်းတွန့်၍ ပြုံးလိုက်သည် - "ဟုတ်တယ်... တစ်ခါတည်းနဲ့ အကုန်လုံးကို ရှင်းပစ်လိုက်တာက ပိုကောင်းပါတယ်။ နောင်ရေးအတွက် အမြစ်ဖြတ်ထားတာပေါ့"
စကားအဆုံးတွင် သူမ၏လက်ထဲမှ ကတ်ကြေးသည် ပန်းဖူးတံလေးများအားလုံးကို တစ်ခုမကျန် ဖြတ်တောက်ပစ်လိုက်တော့သည်။
"စားဖိုဆောင်မှာ ဆီးသီးယိုကိတ်အရမ်းတော်တဲ့ စားတော်ကဲတစ်ယောက် ရှိတယ်လို့ ကြားတယ်။ ချီရှိုးရုန်က အခု အချဉ်ကြိုက်နေတာဆိုတော့... သူ့ကို သေသေချာချာ ပြုစုခိုင်းလိုက်ပါဦး"
ထန်ရှန်းက ဂါရဝပြုကာ - "ကျွန်တော်မျိုးမ နားလည်ပါပြီ"
……
လင်ရှီးဥယျာဉ်။
နှစ်ရက်၊ သုံးရက် ဆက်တိုက် ရွာခဲ့သော မိုးသည် နောက်ဆုံးတွင် စဲသွားပြီး နေပြန်သာလာခဲ့သည်။ စတုတ္ထမင်းသားလေးက အနောက်ဘက်ကန်ထဲတွင် ‘တောဘဲ’ များ ရှိသည်ဟုဆိုကာ သွားကြည့်ချင်နေသဖြင့်၊ အိမ်ထဲတွင် အောင်းနေရသည်မှာ ကြာပြီဖြစ်သော ယဲ့ယွင်လည်း အတူတူ လိုက်ပါလာခဲ့သည်။
ဖူရုန်ဆောင်နှင့် ကန်မှာ မဝေးလှသဖြင့် ခဏချင်းပင် ရောက်ရှိသွားသည်။
"ကျင့်အာ ဖြည်းဖြည်းလျှောက်။ ကန်နားကို အရမ်းမကပ်နဲ့နော်၊ ခြေချော်မှာ စိုးလို့" ယဲ့ယွင်က အဝေးမှနေ၍ နူးညံ့စွာ မှာကြားသည်။
စတုတ္ထမင်းသားနှင့် ညန်ကောင်းတို့မှာ ကန်ဘေးတွင် အလွန် ပျော်နေကြသည်။ ကလေးငယ်က ခေါင်းညိတ်ရင်း ကန်ထဲမှ အမည်းစက်လေး နှစ်ခုကို ညွှန်ပြကာ အော်ဟစ်သည် - "မေမေ... ကြည့်ပါဦး၊ ဘဲလေးတွေ!"
အသံကြောင့် လန့်သွားသည်လား မသိ၊ ဘဲတစ်ကောင်မှာ အတောင်ပံခတ်၍ ပျံတက်သွားသည်။ ညန်ကောင်းက အလွန်စိတ်လှုပ်ရှားသွားကာ လိုက်ဖမ်းချင်သဖြင့် ကန်ဘေးတွင် ပတ်ချာလည်နေတော့သည်။ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ‘ပလုံ’ ခနဲ ကန်ထဲသို့ ခုန်ချလိုက်တော့၏။
"ညန်ကောင်း... ညန်ကောင်း ရေထဲကျသွားပြီ! ပိုင်ရှု မြန်မြန် သွားကယ်ပါဦး!" စတုတ္ထမင်းသားလေးမှာ ထိတ်လန့်သွားကာ ပိုင်ရှု၏အင်္ကျီလက်ကို ဆွဲ၍ မျက်နှာလေး ရဲတက်လာသည်။
ယဲ့ယွင်က အမြန်ချော့ရသည် - "ကျင့်အာ မစိုးရိမ်နဲ့။ ညန်ကောင်းက ရေကူးတတ်ပါတယ်။ ကြည့်ပါဦး... သူ ရေကူးနေတယ် မဟုတ်လား"
ထိုအခါမှ ကလေးငယ်မှာ စိတ်အေးသွားပြီး ဖြူဖြူဝတုတ် ညန်ကောင်း ရေကူးနေသည်ကို အံ့သြတကြီး ကြည့်နေတော့သည်။ ယဲ့ယွင်လည်း ဆော့ချင်စိတ် ပေါ်လာသဖြင့် ခုန်းချင်းအား သစ်ကိုင်းတစ်ကိုင်း ချိုးခိုင်းကာ စတုတ္ထမင်းသားထံ ကမ်းပေးလိုက်သည်။
"ကန်ထဲကို ပစ်လိုက်စမ်း။ ညန်ကောင်းက သွားကောက်လာမလား ကြည့်ရအောင်"
စတုတ္ထမင်းသားက သစ်ကိုင်းကို ယူ၍ အားကုန် ပစ်လိုက်သည်။ ညန်ကောင်းက ပါးနပ်လှသဖြင့် ရေထဲတွင် ကူးခတ်ကာ သွားရောက် ကောက်ယူလာခဲ့သည်။ ကလေးနှင့် ခွေးတို့မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆော့ကစားနေကြသည်မှာ အတော်လေး ပျော်စရာကောင်းလှသည်။
ကြည့်ရတာ အချိန်အတော်ကြာဦးမည်ဖြစ်ရာ၊ ယဲ့ယွင်က လူနှစ်ဦးအား အဆောင်သို့ ပြန်ခိုင်းကာ သူမထိုင်ရန် ကုလားထိုင်တစ်လုံးနှင့် စတုတ္ထမင်းသားအတွက် ကစားစရာဘောလုံး ယူခိုင်းလိုက်သည်။
လူတွေ ထွက်သွားပြီးနောက်၊ စတုတ္ထမင်းသားက သစ်ကိုင်းကို ယူလာကာ သူမအား ကမ်းပေးသည် - "မေမေလည်း အတူတူ ဆော့ရအောင်"
"ကောင်းပြီ... မေမေလည်း တစ်ခါ ပစ်ကြည့်မယ်" ယဲ့ယွင်က ပြုံးလျက် ယူလိုက်သည်။
နန်ကျစ်၏ အကူအညီဖြင့် ကန်နားသို့ အနည်းငယ် တိုးကပ်ကာ သစ်ကိုင်းကို အားကုန် ပစ်လိုက်သည်။ ဤတစ်ကြိမ်တွင် အရှိန်အဟုန် ပြင်းပြင်းနှင့် အဝေးကြီး ရောက်သွားခဲ့သည်။ စတုတ္ထမင်းသားလေးက လက်ခုပ်တီး၍ အားပေးသလို၊ ညန်ကောင်းကလည်း ဟောင်၍ လိုက်ကောက်တော့သည်။
ယဲ့ယွင် စိတ်ကြည်လင်စွာဖြင့် ရယ်မောလိုက်သည် - "ငါတို့တွေ အရင်က အိမ်တော်မှာတုန်းက ကျောက်ခဲတွေနဲ့ ရေပေါ်မှာ ခုန်အောင် ပစ်ခဲ့ကြတာ မှတ်မိသေးလား"
"မှတ်မိတာပေါ့ မယ်မယ်ရယ်။ မယ်မယ်က အတော်ဆုံးပဲ၊ ကျွန်တော်မျိုးမနဲ့ ဟွေယွဲ့တို့ဆိုရင် တစ်ခါမှ မနိုင်ဖူးပါဘူး" ဟု နန်ကျစ်က ဆိုသည်။
မကြာမီ ညန်ကောင်းက သစ်ကိုင်းကို ကိုက်၍ ပြန်လာသည်။ စတုတ္ထမင်းသားက ယူ၍ ယဲ့ယွင်အား ထပ်ကမ်းပေးပြန်သည် - "မေမေ... နောက်တစ်ခါ ထပ်ပစ်ပါဦး"
ယဲ့ယွင်က မျက်ခုံးလေးပင့်ကာ - "သေသေချာချာ ကြည့်ထားနော်။ မေမေက အရင်တစ်ခါထက် ပိုဝေးအောင် ပစ်ပြမယ်"
စကားအဆုံးတွင် သူမသည် အားကုန် စုစည်းလိုက်သည်။ သို့သော် သစ်ကိုင်းကို ပစ်လိုက်သည်နှင့် တစ်ပြိုင်နက် ယဲ့ယွင်၏ ဗိုက်ထဲတွင် ‘ဆစ်’ ခနဲ နာကျင်သွားကာ၊ နွေးထွေးသော အရည်များ ခြေထောက်တစ်လျှောက် စီးကျလာသည်ကို ခံစားလိုက်ရသည်။
ဤစိမ်းသက်သလို ရှိသော်လည်း ရင်းနှီးနေသော ခံစားချက်ကြောင့် ယဲ့ယွင်မှာ တစ်ခဏမျှ ငိုင်သွားခဲ့သည်။
စတုတ္ထမင်းသားလေးက အရင်ဆုံး သတိပြုမိသွားသည် - "မေမေ... မေမေ့ဂါဝန်ကြီး စိုသွားပြီ!"
နန်ကျစ် ငုံ့ကြည့်လိုက်ရာ ယဲ့ယွင်၏ အဝတ်အစားများ စိုရွှဲနေသည်ကို မြင်လိုက်ရသဖြင့် မျက်နှာမှာ တစ်ခဏချင်း ပျက်သွားတော့သည်။
"ဒုက္ခပဲ... မယ်မယ် မွေးတော့မယ်! ပိုင်ရှု... မြန်မြန် လူသွားခေါ်စမ်း!"
ခုနတင် ခုန်းချင်းနှင့် ဟွေယွဲ့တို့က ပစ္စည်းသွားယူကြသဖြင့်၊ ယခုနေရာတွင် စတုတ္ထမင်းသား၏ နို့ထိန်း၊ ပိုင်ရှုနှင့် နန်ကျစ်တို့သာ ကျန်ခဲ့ခြင်းဖြစ်၏။ ပိုင်ရှုသည် အသက်ကို ဖက်၍ အဆောင်သို့ အမြန်ပြေးသွားတော့သည်။
ယဲ့ယွင်သည် ဗိုက်က အဆက်မပြတ် နာကျင်လာသဖြင့် မတ်တပ်ပင် မရပ်နိုင်တော့ပေ။ နန်ကျစ် တစ်ယောက်တည်းနှင့် မနိုင်သဖြင့် နို့ထိန်းကပါ ဝိုင်းတွဲပေးရသည်။ ထို့ကြောင့် စတုတ္ထမင်းသားလေးမှာ ဘေးတွင် တစ်ယောက်တည်း ရပ်နေခဲ့ရသည်။ သူသည် မိခင်၏ဤသို့သောပုံစံကို တစ်ခါမှ မမြင်ဖူးသဖြင့် ထိတ်လန့်လာခဲ့သည်။
ယဲ့ယွင်သည် နာကျင်မှုကို အတင်းအောင့်အီးကာ သားဖြစ်သူအား ပြုံးပြလိုက်သည် - "ကျင့်အာ မကြောက်နဲ့။ မေမေ့နားမှာပဲ နေနော်၊ လျှောက်မသွားနဲ့။ မေမေ့ဗိုက်ထဲက ညီလေး (ဒါမှမဟုတ် ညီမလေး) ထွက်လာတော့မှာမို့လို့ပါ။ ကျင့်အာက အစ်ကိုကြီး ဖြစ်တော့မှာဆိုတော့ ဒါဟာ ပျော်စရာ ကောင်းတဲ့ ကိစ္စပဲလေ"
"မယ်မယ်... လမ်းလျှောက်နိုင်ပါဦးမလား။ ကျွန်တော်မျိုးမတို့ ဖြည်းဖြည်းချင်း တွဲပို့ပေးမယ်၊ သိပ်မဝေးပါဘူး" ဟု နန်ကျစ်က စိုးရိမ်တကြီး မေးသည်။
ယဲ့ယွင် ခေါင်းညိတ်ကာ သူတို့၏အကူအညီဖြင့် ဖြည်းဖြည်းချင်း ရွေ့လျားတော့သည်။ ထိုအချိန်တွင် ပိုင်ရှု ပြန်ရောက်လာသလို၊ သူ့ရှေ့မှနေ၍ တော်ဝင်ဝတ်ရုံကိုပင် မလဲရသေးသော နင်ချန် ပြေးဝင်လာခဲ့သည်။ သူသည် အမတ်များနှင့် တွေ့ဆုံပြီးနောက် ဖူရုန်ဆောင်တွင် နေ့လည်စာအတူစားရန်လာရင်းနှင့် ဤအခြေအနေကို တိုးခြင်းဖြစ်၏။
"ဘယ်လိုနေလဲ? အရမ်းနာနေလား?" နင်ချန်သည် ယဲ့ယွင်အား သူ့ရင်ခွင်ထဲသို့ လွှဲပြောင်းယူလိုက်ကာ စိုးရိမ်တကြီး မေးရှာသည်။
ယဲ့ယွင်သည် အသက်ကို ပြင်းပြင်းရှူရင်း မျက်မှောင်ကြုတ်ကာ - "ချန်းချဲ့ မွေးတော့မယ် ထင်တယ်... ရေမြွှာပေါက်သွားပြီ"
ဤစကားကို ကြားလိုက်ရချိန်တွင် နင်ချန်၏ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားကာ၊ ဘာမှမပြောဘဲ သူမအား ပွေ့ချီလျက် အဆောင်သို့ အမြန် ပြေးထွက်သွားတော့သည်။ ပိုင်ရှုကလည်း ထိတ်လန့်နေသော စတုတ္ထမင်းသားကို ချီကာ၊ အစေခံများအား ညန်ကောင်းကို ကန်ထဲမှ ဆွဲတင်ခိုင်းပြီးနောက် အမြန် လိုက်ပါသွားကြလေသည်။
ဖူရုန်ဆောင်၏ အရှေ့ဘက်ဆောင်တွင် အရာအားလုံး စနစ်တကျ ပြင်ဆင်ပြီးဖြစ်သည်။ နင်ချန်သည် ယဲ့ယွင်အား သားဖွားခန်းထဲသို့ ပွေ့ချီသွားပြီးနောက် ပြန်ထွက်မည့် ပုံစံမရှိပေ။
"အရှင်မင်းကြီး... မယ်မယ် မွေးတော့မှာပါ။ သားဖွားခန်းဆိုတာ မသန့်ရှင်းတဲ့ နေရာမို့လို့၊ အရှင်က အပြင်မှာပဲ စောင့်နေပါတော့" ဟု ဟွေယွဲ့က လာရောက် ဖျောင်းဖျသည်။
နင်ချန်က ခေါင်းခါသည် - "မရဘူး... ကျန်း စိတ်မချဘူး။ အရင်တစ်ခါတုန်းကလည်း အန္တရာယ် ကြုံခဲ့ရသေးတာ။ ကျန်း ဒီမှာပဲ အဖော်လုပ်ပေးမယ်"
စောမွေးခဲ့ရသော ယခင်အကြိမ်ကို တွေးမိသည်နှင့် သူ အလွန် ထိတ်လန့်နေမိခြင်း ဖြစ်၏။
"အရှင်မင်းကြီး... အရှင်က ဒီမှာရှိနေရင် ချန်းချဲ့ကတော့ ကိစ္စမရှိပေမဲ့၊ အစေခံတွေက ကြောက်ပြီး လက်တုန်ခြေတုန်ဖြစ်နေရင် ချန်းချဲ့ရဲ့ ကလေးမွေးဖွားခြင်းကို နှောင့်နှေးစေနိုင်ပါတယ်။ အရှင်က အပြင်မှာ စောင့်နေပေးတာကပဲ ချန်းချဲ့ကို ပိုပြီး စိတ်အေးစေပါတယ်"
နောက်ဆုံးတွင် ယဲ့ယွင်ကိုယ်တိုင် ဖျောင်းဖျမှသာ၊ နင်ချန်သည် သူမ၏နဖူးကို အသည်းယားစွာ နမ်းရှိုက်ပြီးနောက် သားဖွားခန်းမှ ထွက်ခွာသွားတော့သည်။
မားမားများက အစစအရာရာ စတင် ပြင်ဆင်ကြတော့သည်။ ထိုအချိန်တွင် ချွီမားမား ရှေ့သို့ တိုးလာစဉ်၊ နန်ကျစ်က သူမအား တားဆီးလိုက်သည် -
"ဒီမားမား လေးယောက်က စတုတ္ထမင်းသားကို မွေးတုန်းက ကူညီခဲ့ဖူးလို့ မယ်မယ့်ရဲ့ အခြေအနေကို ပိုသိကြပါတယ်။ သူတို့ကိုပဲ အနီးကပ် ထားလိုက်မယ်။ ချွီမားမားရဲ့ အတတ်ပညာကိုတော့ လိုအပ်တဲ့ အချိန်ကျမှပဲ အသုံးပြုကြတာပေါ့"
***