အခန်း (၄၀၉-၄၁၀)
Vol. 26 Ch. 409-410
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 409
အခန်း ၄၀၉ ။ အစားထိုးခံ
“ခန်းဝမ်အိမ်တော်လား?” နင်ချန် ခနမျှ အံ့အားသင့်သွားသည်။
သတင်းလာပို့သော မိန်းမစိုးမှာ အနေရခက်စွာ ခေါင်းညိတ်ပြသည် - “မှန်ပါတယ် အရှင်မင်းကြီး။ အစကတော့ ကျွန်တော်မျိုးတို့လည်း မယုံတာနဲ့ နှိပ်စက်စစ်ဆေးတာကို ပိုတိုးလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအဘွားကြီးက ခန်းဝမ်အိမ်တော်က ကိုယ်လုပ်တော်ရှဲ့ရဲ့ စေခိုင်းချက်လို့ပဲ အခိုင်အမာ ပြောနေပါတယ်။ လိမ်နေတဲ့ပုံလည်း မပေါက်ပါဘူး”
“ကိုယ်လုပ်တော်ရှဲ့က ဥယျာဉ်ထဲမှာ ရှိနေတာလည်း မဟုတ်ဘဲ၊ သူမနဲ့ ဘယ်လို ဆက်သွယ်ခဲ့တာလဲ။ တခြား ဘာတွေ ထပ်ဝန်ခံသေးလဲ” ဟု ယွမ်ကျိုက ထပ်မံ မေးမြန်းသည်။
မိန်းမစိုးက အလျင်အမြန် ခေါင်းညိတ်သည် - “အစကတည်းက စီစဉ်ထားတာလို့ ပြောပါတယ်။ ကွေ့ဖေးမယ်မယ် (ယဲ့ယွင်) ကိုယ်ဝန် ခြောက်လလောက်မှာတင် သူမကို ရှာတွေ့ခဲ့တာပါ။ သူမမှာ တကယ် အတတ်ပညာရှိတာကြောင့် နည်းလမ်းအချို့ သုံးပြီး နန်းတွင်းထဲ ထည့်ပေးခဲ့တာပါ။ အချိန်တန်ရင် တစ်စုံတစ်ယောက်က လာရှာလိမ့်မယ်လို့ပဲ မှာထားတာပါ။ နောက်ပိုင်း သူမ သမားတော်ဆောင်ကို ဆေးသွားယူတော့မှ မသိတဲ့ နန်းတွင်းသူလေးတစ်ယောက်က ဒီဆေးထုပ်ကို ကမ်းပေးခဲ့တာပါတဲ့”
“အဲဒီ နန်းတွင်းသူကို သူမ မှတ်မိလား” ဟု နင်ချန်က မေးသည်။
မိန်းမစိုးက ခေါင်းခါသည် - “တစ်ခါပဲတွေ့ဖူးပြီး စကားအနည်းငယ်ပဲ ပြောခဲ့တာပါ။ နန်းတွင်းသူတွေက ဝတ်စားပုံချင်း တူနေတော့ ဘာထူးခြားချက်ရှိလဲ မမှတ်မိတော့ဘူးတဲ့။ ဒါပေမဲ့ လူချင်း မျက်နှာချင်းဆိုင် တွေ့ရင်တော့ မှတ်မိနိုင်ကောင်း မှတ်မိနိုင်ပါလိမ့်မယ်”
ဤစကားကြောင့် ယွမ်ကျို ခေါင်းခဲသွားရသည်။ နန်းတွင်းတွင် အစေခံပေါင်း တစ်သောင်းကျော် ရှိပြီး၊ လင်ရှီးဥယျာဉ်ထဲတွင်ပင် ငါးထောင်နီးပါး ရှိနေသည် မဟုတ်လား။ ၎င်းမှာ သမုဒ္ဒရာထဲ၌ အပ်ရှာသကဲ့သို့ပင် ခက်ခဲလှပေမည်။
သို့သော် နင်ချန်ကတော့ တစ်စက္ကန့်မျှပင် မတွန့်ဆုတ်ဘဲ တိုက်ရိုက် အမိန့်ပေးလိုက်သည် -
“ဒါဆိုရင် တစ်ယောက်ချင်းစီကို စစ်ဆေးမယ်။ ကိုယ်လုပ်တော်တွေအပါးမှာ ခစားနေတဲ့သူတွေကနေ စစစ်။ တစ်ယောက်မှ မလွတ်စေနဲ့။ အကုန်လုံးကို ခေါ်ထုတ်ပြီး ချွီရှီ (ချွီမားမား) ကို ထောက်ပြခိုင်းလိုက်စမ်း!”
“အမိန့်တော်အတိုင်းပါ!” ယွမ်ကျိုက ချက်ချင်း ထွက်သွားတော့သည်။
ထိုအချိန်တွင် မထင်မရှားသော မီးခိုးရောင် ချိုးငှက်လေး တစ်ကောင်သည် ချင်ကျယ်ယွီ နေထိုင်ရာ ဝင်းထဲမှ တောင်ပံခတ်၍ ပျံထွက်သွားခဲ့သည်။ နန်းတော်ရှိ (ရှန်ဖေးထံ) သတင်းကို တိတ်တဆိတ် ပို့ဆောင်ပြီးနောက်မှ လင်လန် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
“အကုန်အဆင်ပြေရဲ့လား” ချင်ကျယ်ယွီက သူမအား ကျောပေးထားရင်း တိုးတိုးလေး မေးသည်။
လင်လန်က ခေါင်းညိတ်သည် - “ရှန်ဖေးမယ်မယ်ဆီ သတင်းပို့ပြီးပါပြီ။ ဒါပေမဲ့ ချွီမားမား အဖမ်းခံရပြီဆိုတော့ ကျွန်တော်မျိုးမလည်း လွတ်ဖို့ မလွယ်တော့ဘူး ထင်ပါတယ်။ ကျယ်ယွီမှာ ဘယ်လို အစီအစဉ်ရှိလဲတော့ မသိဘူး၊ နန်းတော်ထဲမှာ ပဉ္စမမင်းသားရှိနေသေးတာကို ကျယ်ယွီ သတိရသင့်ပါတယ်။ ကလေးအတွက် ပိုပြီး စဉ်းစားပေးပါဦး”
ချင်ကျယ်ယွီ လှည့်ကြည့်လိုက်သည်။ သူမသည် မှောင်ရိပ်ထဲတွင် ရပ်နေသဖြင့် ပခုံးအထက်ပိုင်းမှ စ၍ သူမ၏ခံစားချက်ကို မမြင်နိုင်ပေ။ အမှန်တကယ်တွင်လည်း သူမ၏ မျက်နှာတွင် မည်သည့် အမူအရာမျှ မရှိပေ။
“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”
“ကျွန်တော်မျိုးမ မဝံ့ပါဘူး” လင်လန်က မျက်လွှာချလိုက်သော်လည်း ဆက်ပြောသည် - “ဒီကိစ္စရဲ့ အစအဆုံးကို ကျယ်ယွီ အကုန်သိနေတာပဲ။ ရှန်ဖေးမယ်မယ်နဲ့က တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြသူတွေပါ။ အခုချိန်မှာ ကျယ်ယွီကသာ ဒီဘေးဥပဒ်ကို အစားထိုး ခံယူပေးလိုက်ရင် ပဉ္စမမင်းသားကို ဘေးကင်းစွာ ကြီးပြင်းခွင့် ပေးမှာပါ။ ရှန်ဖေးမယ်မယ်ကလည်း ဒုတိယမင်းသားရဲ့ အပါးမှာ ကူညီပေးမယ့် ညီအစ်ကိုတစ်ယောက် ရှိနေစေချင်တာမို့ ပဉ္စမမင်းသားကို နစ်နာစေမှာ မဟုတ်ပါဘူး”
ချင်ကျယ်ယွီသည် ရှေ့မှ နန်းတွင်းသူကို ကြည့်ရင်း ရင်ထဲတွင် အလွန်မုန်းတီးမိသော်လည်း သူမတွင် ရွေးချယ်စရာ မရှိပေ။ သူမ ကလေးမွေးထားပြီးပြီဖြစ်ရာ ကလေး၏အနာဂတ်ကို မတွေးဘဲ မနေနိုင်သည် မဟုတ်လား။
ခနအကြာတွင် သူမသည် မှောင်ရိပ်ထဲမှ ထွက်လာခဲ့သည် - “ငါ သိပါပြီ”
သူမ၏အသံမှာ အင်မတန် တိုးညင်းလှပြီး အားအင်ကုန်ခမ်းနေသော ငှက်မွေးတစ်မျှင်ကဲ့သို့ပင်။ မိမိကိုယ်ကိုယ် မကြာခင် သေလူဖြစ်တော့မည်ဟု ခံစားနေရသည့်အလား။
လင်လန်က ထိုအခါမှ ရိုသေစွာ ဂါရဝပြုသည် - “ကျယ်ယွီ စိတ်ချပါ။ အကယ်၍ အရှင်မင်းကြီးက ဒီအဆင့်အထိ စုံစမ်းမလာခဲ့ရင် ဘာမှဖြစ်မှာ မဟုတ်ပါဘူး”
ခန်းဝမ်အိမ်တော်မှ ကိုယ်လုပ်တော်ရှဲ့ ဆိုသည့် ခေါင်းစဉ် ရှိနေသေးသည် မဟုတ်လား။ သို့သော် ဤစကားမှာ နားထောင်ကောင်းရုံသာ ဖြစ်၏။ မိမိ၏ အနီးကပ် နန်းတွင်းသူက ဤမျှအထိ လုပ်ထားသည်ကို သူမ (မယ်မယ်) မသိဘဲ နေမည်ဟု ဧကရာဇ်က ယုံကြည်ပါ့မည်လား။ ထို့ပြင် နန်းပြင်မှ ကိုယ်လုပ်တော်တစ်ဦးက နန်းတွင်းထဲ လက်လှမ်းနိုင်ရန်မှာ အတွင်းမှ ကူညီမည့်သူမရှိဘဲ မဖြစ်နိုင်ပေ။ ထို့ကြောင့် လင်လန်၏စကားမှာ မယုံကြည်နိုင်စရာပင်။ သူမသည် ယခုတစ်ကြိမ်တွင် ရှန်ဖေးအတွက် အစားထိုးခံလုပ်ရန်သာ ရှိတော့သည်။
ထိုအချိန်တွင် ကိုယ်လုပ်တော်ရှဲ့သည် နန်းပြင်၌ မရှိတော့ပေ။ သူမအား ခန်းဝမ်အိမ်တော်မှ လင်ရှီးဥယျာဉ်သို့ ဖမ်းဆီးခေါ်ဆောင်လာပြီး စစ်ဆေးနေပြီ ဖြစ်သည်။ ရှဲ့ရှီမှာမူ သေခြင်းတရားကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားပုံရသဖြင့် အရာအားလုံးကို အမြန်ပင် ဝန်ခံခဲ့သည်။
ယခင်က မိဖုရားခေါင်ကြီး ရှဲ့ရှီ ပြုတ်ကျစဉ်တွင် ရှဲ့မိသားစုတစ်ခုလုံး နယ်နှင်ဒဏ် ပေးခံခဲ့ရသော်လည်း၊ သူမမှာ အိမ်ထောင်ကျပြီးသော အမျိုးသမီးဖြစ်သလို တော်ဝင်မိသားစုဝင်နှင့် လက်ထပ်ထားသူ ဖြစ်သဖြင့် ဘေးလွတ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သူမ ကိုယ်ဝန်နှင့်ဖြစ်ပြီး မွေးဖွားရခက်ခဲနေစဉ် ချွီမားမားက မွေးပေးခဲ့သဖြင့် နှစ်ဦးသား ရင်းနှီးခဲ့ကြသည်။
မူလက မိသားစုကြီးမှ အရာရှိသမီး၊ မိဖုရားခေါင်ကြီး၏ ညီမအရင်း ဖြစ်သဖြင့် ဝမ်ဖေးနှင့် အဆင့်အတန်း မကွာလှသော်လည်း၊ ယခုအခါ ပြစ်မှုကျူးလွန်သူ၏ သမီးအဖြစ် အားကိုးရာမဲ့ ဖြစ်ခဲ့ရသည်။ သူမသည် မျက်နှာသာ အပေးခံရသူ မဟုတ်သလို၊ သမီးမွေးပြီးနောက်တွင်လည်း ဘဝမှာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ထို့ကြောင့် ဤအပြောင်းအလဲ အားလုံးအတွက် သူမသည် ယဲ့ယွင် (ယခု ကွေ့ဖေး) ပေါ်တွင် အပြစ်ပုံချလိုက်ခြင်းဖြစ်၏။
ယဲ့ယွင်ကသာ ဧကရာဇ်ကို မြှူဆွယ်ဖျားယောင်းခြင်း မပြုခဲ့လျှင်၊ မိဖုရားခေါင်ကြီးက သူမကို လုပ်ကြံရန် ကြိုးစားမည် မဟုတ်သလို၊ ရှဲ့မိသားစုလည်း ပျက်စီးမည် မဟုတ်ပေ။ ယခုအခါ ယဲ့ယွင်မှာ မျက်နှာသာ အပေးခံရမြဲဖြစ်ရုံတင်မက ဒုတိယအကြိမ်ပါ ကိုယ်ဝန်ရနေခြင်းအပေါ် သူမ အလွန်မုန်းတီးမိသည်။ ထို့ကြောင့် သူမသည် အတတ်ပညာရှိသော ချွီမားမားအား နည်းမျိုးစုံဖြင့် နန်းတွင်းထဲ သွင်းခဲ့ခြင်း ဖြစ်သည်။
သူမ၏ မူလအစီအစဉ်မှာ - ဆေးသုံး၍ ယဲ့ယွင်အား သတိမေ့စေကာ ပုံမှန်မမွေးနိုင်အောင် လုပ်ရန် ဖြစ်သည်။ ထို့နောက် ချွီမားမား၏ အတတ်ပညာဖြင့် ဗိုက်ထဲမှ ကလေးကို အနေအထား လွဲအောင် နှိပ်နယ်လိုက်ပါက ကလေးမှာ အသက်ရှူကျပ်၍ သေဆုံးမည်ဖြစ်သလို ‘အမိရော သားပါ’ ဆုံးရှုံးသွားစေရန် ဖြစ်၏။
သို့သော် သူမ မထင်မှတ်ထားသည်မှာ - ယဲ့ယွင်သည် ချွီမားမား၏ အတတ်ပညာကြောင့်ပင် သူမအား သတိထားမိကာ အနားမကပ်ခိုင်းခဲ့ခြင်း၊ ထို့ပြင် ဧကရာဇ်သည် စည်းကမ်းများကို ဂရုမစိုက်ဘဲ သမားတော်များအား သားဖွားခန်းထဲ အတင်းဝင်ခိုင်းခဲ့ခြင်းတို့ကြောင့် ယဲ့ယွင်မှာ အသက်ဘေးမှ လွတ်မြောက်သွားခဲ့ခြင်းပင်။ ဤထွက်ဆိုချက်များမှာ ချွီမားမား၏ ထွက်ဆိုချက်နှင့် တစ်ထပ်တည်း ကျနေသည်။
သို့သော် နင်ချန် စုံစမ်းချင်နေသေးသည့် အချက်မှာ - ချွီမားမားအား ဆေးပေးခဲ့သော နန်းတွင်းသူ ဖြစ်၏။ ကိုယ်လုပ်တော်ရှဲ့၏ထွက်ဆိုချက်အရ လွန်ခဲ့သော နှစ်သစ်ကူးပွဲစဉ်က နန်းတွင်းသို့ လာရောက်ချိန်တွင် ချိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုနန်းတွင်းသူ၏အမည်မှာ ‘လင်လန်’ ဖြစ်ပြီး၊ ယခု ချင်ကျယ်ယွီ၏ အပါး၌ ခစားနေသူ ဖြစ်သည်။ သူမသည် ချင်ကျယ်ယွီ၏ အနီးကပ်အစေခံနှင့် တစ်ရွာတည်းသားများ ဖြစ်ကြသည်။ ဤသဲလွန်စ ရသည်နှင့် အခြေအနေမှာ ပို၍ မြန်ဆန်သွားတော့သည်။ မကြာမီမှာပင် ချွီမားမားသည် လင်လန်အား လူအုပ်ကြားမှ မှန်ကန်စွာ ထောက်ပြ လိုက်နိုင်ခဲ့သည်။ ချင်ကျယ်ယွီ၏အဆောင်တွင်လည်း လင်လန်၏အခန်းထဲမှ မေ့ဆေးများကို ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ကြောင့် ချင်ကျယ်ယွီအား နင်ချန်၏ ရှေ့မှောက်သို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။ သူမသည် အင်မတန် တည်ငြိမ်နေသဖြင့် သူမအား ဖမ်းလာသော အစေခံများပင် အံ့သြနေကြရသည်။
“ပြောစမ်း... ဒီကိစ္စမှာ မင်း ဘယ်လောက်အထိ ပါဝင်ပတ်သက်နေလဲ”
နင်ချန်သည် လက်မှ ကျောက်စိမ်းလက်စွပ်ကို လှည့်ရင်း၊ ဖီးနစ်မျက်ဝန်းများမှာ အေးစက်မှောင်ကျနေသည်။ ချင်ကျယ်ယွီက ငြင်းဆန်လိမ့်မည်ဟု သူ ထင်ထားသော်လည်း သူမက ထိုသို့ မဟုတ်ပေ။
“ချန်းချဲ့ အကုန်သိပါတယ်။ လင်လန်ရဲ့ ထူးခြားမှုကို အစကတည်းက ရိပ်မိခဲ့သလို၊ ဒီကိစ္စမှာလည်း ပါဝင်ကူညီခဲ့ပါတယ်။ မဟုတ်ရင် အမြဲ အလုပ်လုပ်နေရတဲ့ နန်းတွင်းသူ တစ်ယောက်က ဒီလောက်အထိ လွတ်လွတ်လပ်လပ် သွားလာနိုင်ပါ့မလား”
နင်ချန် သူမအား တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် လူသတ်ချင်စိတ်များ ပို၍ ပြင်းပြလာသည် - “မင်ကွေ့ဖေး (ယဲ့ယွင်) က မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘူး။ မင်းကို တစ်ခါမှလည်း အကျပ်မကိုင်ဖူးဘူး”
“ဒါပေမဲ့ သူမ ‘ကွေ့ဖေး’ ဖြစ်နေတာကတင် လူကို ရူးသွပ်လောက်အောင် မနာလိုဖြစ်စေဖို့ လုံလောက်နေပြီလေ!” ချင်ကျယ်ယွီသည် ရုတ်တရက် ခေါင်းမော့ကာ အသံကို မြှင့်လိုက်သည် - “သူမမှာ သားတစ်ယောက် ရှိပြီးသားပဲ။ ဘာလို့ ထပ်မွေးချင်နေရတာလဲ။ ချန်းချဲ့က မျိုးရိုးလည်း နိမ့်တယ်၊ မျက်နှာသာလည်း မရဘူး။ ပဉ္စမမင်းသားကသာ အငယ်ဆုံးဖြစ်နေရင် အရှင်မင်းကြီးက သူ့ကို ပိုပြီး သတိရပေးဦးမှာပေါ့။ ဒါပေမဲ့ သူမက ထပ်မွေးပြန်ပြီ... ချန်းချဲ့ရဲ့ သားလေး မကြီးပြင်းသေးခင်မှာပဲ သူမက ထပ်မွေးလိုက်ရင် ဘယ်သူက ချန်းချဲ့ရဲ့ ကလေးကို မှတ်မိပေးတော့မှာလဲ!”
“ကျန်း မှတ်မိတယ်!” နင်ချန် ဝှစ်ခနဲ ထရပ်လိုက်သည်။ သူ့ကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် လူတိုင်း ခေါင်းမဖော်ဝံ့ကြပေ။ “နန်းတွင်းမှာ တခြားသူတွေ ရှိသေးတယ်၊ နောက်ထပ် ကလေးတွေလည်း ရှိလာဦးမှာပဲ။ မင်းက သူတို့ အကုန်လုံးကို လိုက်သတ်နေမှာလား!”
“ဟုတ်ပါတယ်။ အရှင်မင်းကြီး စောင့်ကြည့်နေလိုက်ပါ... ချန်းချဲ့ မရှိလည်း တခြားသူတွေ ရှိဦးမှာပဲ။ အမြဲတမ်း ရှိနေဦးမှာပါ!” ချင်ကျယ်ယွီသည် ယခင်က အေးဆေးလိမ္မာသော ပုံစံမျိုး မဟုတ်တော့ဘဲ၊ ယခုအခါ ရူးသွပ်နေသော မိန်းမတစ်ဦးကဲ့သို့ ဖြစ်နေလေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 410
အခန်း ၄၁၀ ။ ထပ်မမွေးတော့ဘူး
နင်ချန်သည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး - "မင်းက ပဉ္စမမင်းသားကို တစ်ချက်ကလေးတောင် မစဉ်းစားတော့ဘူးလား။ မင်းသေသွားရင် ကလေးက ဘယ်လိုလုပ်မလဲ"
"ချန်းချဲ့ မသေလည်း... သူ့မှာ မျိုးရိုးနိမ့်ပါးတဲ့ မိခင်တစ်ယောက် ရှိနေတာနဲ့တင် သူ့ဘဝက ကောင်းလာမှာ မဟုတ်ပါဘူး!" ချင်ကျယ်ယွီက အံကြိတ်၍ ဆိုသည် - "အရှင်မင်းကြီး ကျွန်တော်မျိုးမကို သတ်လိုက်ပါတော့။ ချန်းချဲ့မှာ ပြောစရာ စကားမရှိတော့ပါဘူး"
"မင်း ဒီလိုတွေ လုပ်ထားပြီးတော့ အသက်ရှင်နိုင်မယ် ထင်နေသလား" နင်ချန်က သူမအား အထက်စီးမှ ငုံ့ကြည့်နေသည်။
ချင်ကျယ်ယွီသည် ရုတ်တရက် ရယ်မောလိုက်သည်။ သူမသည် ရယ်လည်းရယ်၊ ငိုလည်းငိုရင်း ကြမ်းပြင်ပေါ်တွင် ပုံရက်သား လဲကျနေကာ ကိုယ်လုပ်တော် အရှိန်အဝါ တစ်စက်ကလေးမျှ မကျန်တော့ပေ။
"အရှင်မင်းကြီး... သူမ ကြည့်ရတာ ရူးသွားပြီ ထင်တယ်" ဟု ယွမ်ကျိုက တိုးတိုးလေး ဆိုသည်။
နင်ချန်သည် ချင်ရှီ၏မျက်လုံးများကို စိုက်ကြည့်ကာ ထပ်မံ မေးမြန်းသည် - "ဒီကိစ္စမှာ မင်းကို နောက်ကွယ်ကနေ ခိုင်းစေတဲ့သူ ရှိသေးလား"
"မရှိဘူး!" ချင်ကျယ်ယွီက ထုတ်ပြောလိုက်သည် - "ကျွန်မကိုယ်တိုင်ပဲ။ လင်လန်မှာ ထူးခြားတာကို စတွေ့ကတည်းက ဘာမှမလုပ်ဘဲ စောင့်ကြည့်ခဲ့တာ။ နောက်မှ သူမလုပ်နေတာတွေက ကွေ့ဖေး (ယဲ့ယွင်) ရဲ့ ကိုယ်ဝန်နဲ့ ပတ်သက်နေမှန်း သိတော့မှ၊ ကိုယ်လုပ်တော်ရှဲ့ရဲ့ လက်ကို အသုံးချပြီး ကွေ့ဖေးတို့ သားအမိကို ရှင်းပစ်လို့ ရမယ်လို့ တွေးမိတာ။ ဒါကြောင့် သူမ သွားလာရ လွယ်ကူအောင် နည်းမျိုးစုံနဲ့ ကူညီပေးခဲ့တာပါ"
"မင်းမှာ ကလေးရှိနေသေးတာပဲ။ ဘာလို့ မငြင်းတာလဲ။ ကျန်းက မင်းကြောင့် ပဉ္စမမင်းသားကိုပါ သတ်ပစ်မှာကို မကြောက်ဘူးလား" ဟု နင်ချန်က အတင်းမေးသည်။
၎င်းမှာ နင်ချန် သံသယရှိနေသည့် အချက်ပင်။ ချင်ရှီ၏ဝန်ခံချက်မှာ တိုက်ရိုက်ဆန်လွန်းလှပြီး၊ အကျိုးဆက်ကို သိလျက်နှင့် သေမင်းထံ တိုးဝင်နေသည့် ပုံစံမျိုး ဖြစ်နေသောကြောင့် ဖြစ်၏။
ချင်ကျယ်ယွီကမူ လှောင်ပြုံး ပြုံးလိုက်သည် - "ငြင်းရမယ်? ငြင်းလို့ရော အသုံးဝင်မှာမို့လို့လား။ လင်လန်က ချန်းချဲ့ရဲ့ အနားမှာ ရှိနေတာတောင် ကိုယ်လုပ်တော်ရှဲ့ရဲ့ သိမ်းသွင်းမှုကို ခံရတယ်ဆိုတော့၊ ချန်းချဲ့အပေါ် ဘယ်လောက်အထိ သစ္စာရှိမှာလဲ။ ချန်းချဲ့ကို ထုတ်ပြောဖို့ဆိုတာ အနှေးနဲ့အမြန်ပဲလေ။ ဝမ်းနည်းပက်လက် အော်ဟစ်နေရတာထက်စာရင် သိက္ခာရှိရှိ သေရတာကိုပဲ ပိုလိုချင်တယ်။"
စကားအဆုံးတွင် သူမသည် နင်ချန်အား တည့်တည့် စိုက်ကြည့်ကာ - "ကလေးက အပြစ်မရှိပါဘူး။ ‘ကျားကလည်း ကိုယ့်သားကို ပြန်မစားဘူး’ ဆိုတဲ့ စကားရှိတာပဲ၊ အရှင်မင်းကြီးကတော့ အဲဒီလို မလုပ်လောက်ပါဘူး"
ဤမျှအထိ ပြတ်သားနေသဖြင့် နင်ချန်လည်း ထပ်မံ၍ ဟာကွက် ရှာမတွေ့တော့ပေ။ ခနမျှ တိတ်ဆိတ်သွားပြီးနောက်၊ သူသည် ယွမ်ကျိုအား ရှေ့သို့ ခေါ်ယူလိုက်သည်။
"ကျန်း အမိန့်ကို ကြေညာစမ်း... ကျယ်ယွီ ချင်ရှီသည် ရန်သူကို အားပေးကူညီကာ၊ ကွေ့ဖေးနှင့် တော်ဝင်ရင်သွေးများကို လုပ်ကြံရန် ကြံစည်ခဲ့သည့်အတွက် ‘သာမန်လူတန်းစား’ အဖြစ် ရာထူးချလိုက်သည်။ သူမအား သေဒဏ်ပေးစေ၊ တော်ဝင်သင်္ချိုင်း၌ မြှုပ်နှံခွင့် မရှိစေရ။ ခန်းဝမ်အိမ်တော်မှ ရှဲ့ရှီသည်လည်း ဤကိစ္စ၏နောက်ကွယ်မှ အဓိက လက်သည်ဖြစ်ရာ၊ တစ်ပါတည်း သေဒဏ်ပေးစေ!"
ချင်ရှီသည် သူမ ပြောခဲ့သလိုပင် ရုန်းကန်ခြင်းလည်း မပြု၊ စကားလည်း မပြောဘဲ ရှိနေသည်။ သို့သော် သူမ၏ မျက်ရည်များမှာမူ အဆက်မပြတ် စီးကျနေဆဲပင်။ ယခုအချိန်တွင်မူ မည်သူမျှ သူမအား သနားလိမ့်မည် မဟုတ်ပေ။
ချင်ရှီအား ဖမ်းဆီးခေါ်ဆောင်သွားသည်နှင့် တစ်ပြိုင်နက်၊ ခုန်းချင်းသည် ဝမ်းသာအားရ မျက်နှာဖြင့် အထဲဝင်လာခဲ့သည်။
"အရှင်မင်းကြီး... ကွေ့ဖေးမယ်မယ် သတိရလာပါပြီ!"
နင်ချန်၏ မှောင်ကျနေသော မျက်ဝန်းများ ချက်ချင်း လက်ခနဲ ဖြစ်သွားကာ၊ ဘာမှမပြောဘဲ အပြင်သို့ အပြေးအလွှား ထွက်လာခဲ့သည် - "ဝေါယာဉ် ပြင်စမ်း! ဖူရုန်ဆောင်ကို သွားမယ်!"
ထိုအချိန်တွင် ဟွိုက်အန်းက ခန်းဝမ်နှင့် ခန်းဝမ်ဖေးတို့ ရောက်ရှိနေပြီး တွေ့ဆုံခွင့်တောင်းနေကြောင်း တင်ပြလာသည်။
"မတွေ့တော့ဘူး။ သူတို့ ဇနီးမောင်နှံကို ပြန်ခိုင်းလိုက်။ ခန်းဝမ် ဒီကိစ္စကို မသိဘူးဆိုတာ ကျန်း ယုံကြည်တယ်။ သူတို့အိမ်တော်က ကိစ္စတွေကို အရင်ရှင်းခိုင်းလိုက်စမ်း" ဟု နင်ချန်က နောက်သို့ပင် လှည့်မကြည့်ဘဲ လက်ယမ်းပြလိုက်သည်။
သူသည် ယဲ့ယွင်ကို တွေ့ရန်သာ အလောတကြီး ဖြစ်နေခြင်းပင်။ ဟွိုက်အန်းလည်း အမိန့်အတိုင်း ပြန်လည်တင်ပြလိုက်ရာ၊ ခန်းဝမ်မှာ သက်ပြင်းချနိုင်သွားခဲ့သည်။ ဤအတောအတွင်း ခန်းဝမ်မှာ စိတ်ဆင်းရဲစရာများနှင့် အတော်လေး ကြုံတွေ့ခဲ့ရသည်။ သူ့ယောက္ခမဘက်မှ လူတစ်ဦးကို နန်းတွင်း သွင်းမိရာမှ ယဲ့ယွင်အား ကိုယ်ဝန်ပျက်ကျလုနီးပါး ဖြစ်စေခဲ့သလို၊ ယခုလည်း မိမိ၏ ကိုယ်လုပ်တော်က ရဲတင်းစွာဖြင့် ယဲ့ယွင် သားအမိကို လုပ်ကြံရန် ကြံစည်ခဲ့ပြန်ပြီ။
သူသည် မူလကပင် ကျန်းမာရေးမကောင်းသူဖြစ်ရာ၊ ယခု အသက်ကြီးလာချိန်တွင် ကြင်ယာတော်၏ ပြုစုမှုကြောင့် အနည်းငယ် ပြန်ကောင်းလာကာစ ရှိသေးသော်လည်း၊ ဒီရက်ပိုင်း စိတ်ပင်ပန်းမှုကြောင့် လူမှာ အတော်လေး ပိန်ချုံးသွားခဲ့သည်။ ယနေ့ ရောက်လာချိန်တွင် သူ့မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော်နေကာ ကြည့်ရသူအဖို့ သနားစရာ ကောင်းလှပေသည်။
သို့သော် နင်ချန်တွင် ညီဖြစ်သူအား သနားနေရန် အချိန်နှင့် စိတ်မရှိပေ။ သူ့စိတ်ထဲတွင် ယဲ့ယွင် တစ်ဦးတည်းသာရှိနေသည်။
ဖူရုန်ဆောင်သို့ ရောက်သောအခါ၊ သမားတော် ရှန်ဖိန်ကျစ်မှာလည်း ရောက်ကာစပင်ဖြစ်၏။ သူသည် ဂါရဝပြုရန် ပြင်သော်လည်း နင်ချန်က လက်ယမ်းတားလိုက်သည်။
"စည်းကမ်းတွေကို ဂရုမစိုက်နဲ့တော့၊ ကွေ့ဖေးကို အရင်စမ်းသပ်ပေးပါ"
"ဟုတ်ကဲ့ပါ" ရှန်ဖိန်ကျစ်က ဦးညွှတ်ကာ ဆေးသေတ္တာမှ ပစ္စည်းများကို ထုတ်၍ ထိုင်လိုက်သည်။
ထိုအခါမှ ယဲ့ယွင်သည် နင်ချန်နှင့် စကားပြောခွင့်ရတော့သည်။ သို့သော် ခြင်ထောင်လိုက်ကာ ကွယ်ထားသဖြင့် မျက်နှာကိုတော့ မမြင်ရပေ။ နင်ချန်သည် စတုတ္ထမင်းသားကို မွေးစဉ်က အခြေအနေများကို သတိရမိသဖြင့် လိုက်ကာကို မလှန်လိုက်ပေ။ ဤအမျိုးသမီးသည် အလှအပကို အင်မတန် တန်ဖိုးထားသူမှန်း သူသိသည်၊ သူမ၏ နွမ်းလျနေသော ပုံစံကို မိမိအား အမြင်မခံချင်မှန်း သူ နားလည်သည်။
"အရှင်မင်းကြီး... ကလေးတွေကို ကြည့်ပြီးပြီလားဟင်"
လူချင်း မမြင်ရသော်လည်း၊ အက်ရှပြီး အားနည်းလှသော အသံလေးကြောင့် ကုတင်ပေါ်မှ အမျိုးသမီးလေး မည်မျှအထိ ပင်ပန်းနေသလဲဆိုသည်ကို ခံစားမိစေသည်။ နင်ချန်၏ ရင်ထဲ၌ နာကျင်မှုများ ပြည့်နှက်သွားရသည်။
"ကျန်း ကြည့်ပြီးပြီ။ ဆဌမမင်းသားရော၊ စတုတ္ထမင်းသမီးလေးပါ အဆင်ပြေပါတယ်။ သမားတော်က ကလေးတွေ ကျန်းမာတယ်လို့ ပြောတယ်၊ ကျန်း စိုးရိမ်နေတာက မင်းရဲ့ ခန္ဓာကိုယ်ပဲ"
သူသည် ဘာမှဖုံးကွယ်မထားဘဲ အမှန်အတိုင်း ပြောလိုက်ခြင်းပင်။ လိုက်ကာနောက်မှ ယဲ့ယွင်သည် နှုတ်ခမ်းလေး အသာတွန့်ကာ ပြုံးလိုက်သည် - "အရှင် စိတ်ချပါ။ ချန်းချဲ့ အခု အဆင်ပြေနေပါပြီ၊ အရာအားလုံး ကျော်ဖြတ်နိုင်ခဲ့ပါပြီ"
ရှန်ဖိန်ကျစ်သည် သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် ထရပ်လိုက်ရာ၊ မျက်နှာမှာ အနည်းငယ် လေးနက်နေသည်။
"ဘာဖြစ်လို့လဲ၊ ကွေ့ဖေးရဲ့ခန္ဓာကိုယ်မှာ တစ်ခုခုမှားနေလို့လား" နင်ချန် ချက်ချင်း စိုးရိမ်သွားသည်။
"အရှင်မင်းကြီးကို တင်ပြပါတယ်... အသက်အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်တွင်းအားက အကြီးအကျယ် ထိခိုက်သွားပါတယ်။ အားဆေးတွေနဲ့ သေသေချာချာ ပြန်လည်ပြုစုရပါမယ်။ နောက်လာမယ့် ငါးနှစ်အတွင်းမှာ မယ်မယ်ဟာ ကိုယ်ခံအား နည်းနေမှာဖြစ်သလို အအေးဒဏ်ကိုလည်း အရမ်းကြောက်နေပါလိမ့်မယ်။ ပြီးတော့... ပြီးတော့..." ရှန်ဖိန်ကျစ်သည် စကားကို ဆက်ပြောရန် တွန့်ဆုတ်နေသည်။
ယဲ့ယွင်က မျက်မှောင်ကြုတ်လိုက်ကာ - "စကားရှိရင် တည့်တည့်ပြောပါ သမားတော် ရှန်။ ငါ့ရဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုရောဂါမျိုး ကျန်ခဲ့လို့လဲ"
ရှန်ဖိန်ကျစ်က ထိုအခါမှ လျှောက်တင်သည် - "မယ်မယ်အနေနဲ့ နောင်မှာ သားသမီး ထပ်ရဖို့ အင်မတန် ခက်ခဲသွားပါလိမ့်မယ်။ ဒီတစ်ခေါက် မွေးဖွားစဉ်မှာ မယ်မယ် သတိလစ်တာ ကြာသွားသလို၊ အသက်ကို ကယ်ဖို့အတွက် သားဖွားအားပေးဆေး သောက်ခဲ့ရတာကြောင့်... ဒါဟာ သဘာဝကို ဆန့်ကျင်ပြီး မယ်မယ့်ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့ပါတယ်"
နန်းတွင်းရှိ အမျိုးသမီးများအတွက် အကြီးမားဆုံး အခက်အခဲမှာ ကလေးမရနိုင်တော့ခြင်းပင် ဖြစ်သည်။ ယဲ့ယွင်တွင် ကလေးသုံးယောက် ရှိနေပြီဆိုသော်လည်း၊ ကလေးများလေ ကံကောင်းလေဟု ယူဆကြသည့် ဤခေတ်တွင် ၎င်းမှာ သတင်းဆိုးပင်။
သို့သော် ဘေးတွင် ရပ်နေသော နင်ချန်က ထိုစကားကို ကြားရချိန်တွင် သက်ပြင်းတစ်ချက် ချလိုက်ကာ -
"မမွေးတော့ဘူး။ နောင်မှာလည်း လုံးဝ မမွေးတော့ဘူး။ မင်းက ကွေ့ဖေးရဲ့ခန္ဓာကိုယ်ကိုပဲ အကောင်းဆုံး ဖြစ်အောင် ပြုစုပေးပါ။ ခန္ဓာကိုယ်ကို မထိခိုက်စေမယ့် ကိုယ်ဝန်တားဆေးတစ်မျိုးကိုလည်း စီမံပေးပါ။ ကျန်းနဲ့ ကွေ့ဖေးမှာ သားနှစ်ယောက်၊ သမီးတစ်ယောက် ရှိနေပြီပဲ... ဒါဟာ လုံလောက်ပါပြီ"
ကလေးရခြင်းထက်၊ ယဲ့ယွင်တစ်ယောက် မိမိအနားတွင် ဘေးကင်းစွာရှိနေပေးရန်သာ သူ အလိုရှိတော့ကြောင်း ယခုအခါ သူ ပိုမို သဘောပေါက်သွားခဲ့ပြီ။
ဤစကားထွက်လာသည်နှင့် အခန်းထဲရှိ လူအားလုံး ကြောင်အမ်းသွားကြသည်။ အရှင်မင်းကြီးက ဘာပြောလိုက်တာလဲ? ကွေ့ဖေးအား ကိုယ်ဝန်တားဆေး တိုက်ခိုင်းပြီး၊ ထပ်မမွေးခိုင်းတော့ဘူးတဲ့လား?
အစေခံများသာမက ယဲ့ယွင်ပင်လျှင် ခနမျှ ကြောင်သွားရသည်။ ခဏအကြာမှ သူမ သတိပြန်ဝင်လာကာ၊ မျက်ဝန်းထဲတွင် အပြုံးများ ပြည့်နှက်သွားသည် - "ဒါဆိုရင်တော့ အရှင်မင်းကြီး စီစဉ်တဲ့အတိုင်းပါပဲ။ သမားတော်ရှန်ကိုပဲ အားကိုးရပါတော့မယ်"
"ဒီကိစ္စကို တခြားသူတွေ မသိစေနဲ့။ ပြဿနာတွေ မဖြစ်စေချင်ဘူး" ဟု နင်ချန်က ထပ်မံ မှာကြားသည်။
ရှန်ဖိန်ကျစ်က ဦးညွှတ်သည် - "ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်။ အရှင်မင်းကြီးနဲ့ မယ်မယ်တို့ စိတ်ချပါ"
သမားတော် ထွက်သွားမှသာ အစေခံများလည်း ဆုတ်ခွာသွားကြပြီး နှစ်ဦးတည်းအတွက် နေရာဖယ်ပေးလိုက်ကြသည်။ နင်ချန်သည် လိုက်ကာအပြင်ဘက်တွင် ထိုင်လိုက်စဉ်၊ ဖြူနုသော လက်ကလေးတစ်ဖက် လိုက်ကာကြားမှ ထွက်လာကာ သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်ကို တွေ့ရသည်။ သူသည် ထိုလက်ကလေးကို ရှာဖွေဆုပ်ကိုင်လိုက်သည်။
၄လပိုင်း၏ နွေဦးရာသီတွင် ရာသီဥတု ကောင်းမွန်နေသလို၊ စောင်အောက်တွင် လှဲနေသော်လည်း ယဲ့ယွင်၏လက်ကလေးမှာ အနည်းငယ် အေးစက်နေဆဲပင်။
"အရှင်မင်းကြီးရဲ့လက်က နွေးလိုက်တာ။ ချန်းချဲ့ ဆုပ်ကိုင်ထားရရင် စိတ်အေးရတယ်"
နင်ချန်သည် ထိုလက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည် - "ချင်းချင်း... ဒီတစ်ခေါက်လည်း မင်းကို ထပ်ပြီး ဒုက္ခပေးမိပြန်ပြီ။ ကျန်းက မင်းကို အမြဲကာကွယ်ပေးချင်ပေမဲ့၊ အမြဲတမ်း အမှားအယွင်းတွေ ရှိနေခဲ့တယ်"
သူ၏ လေသံထဲမှ ပြင်းထန်သော မိမိကိုယ်ကိုယ် အပြစ်တင်စိတ်ကို ကြားရသူအဖို့ သူ အမှန်တကယ် နောင်တရနေကြောင်း ခံစားမိစေသည်။ ယဲ့ယွင်က သူ့လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်သည် -
"အကြောင်းစုံကို ချန်းချဲ့ ကြားသိပြီးပါပြီ။ သူတို့က အချိန်တွေအကြာကြီး စေ့စပ်စပ် အကွက်ဆင်လာခဲ့တာလေ။ ချန်းချဲ့ကိုယ်တိုင်တောင် သတိမထားမိတာကို... အရှင်မင်းကြီးက ဘယ်လိုလုပ် သိနိုင်မှာလဲ”
"မင်း စိတ်ချပါ။ ကျန်း ရှဲ့ရှီနဲ့ ချင်ရှီတို့ကို သေဒဏ်ပေးလိုက်ပြီ။ သူတို့လို စိတ်နှလုံး ယုတ်မာတဲ့သူတွေဟာ လူလို့ ခေါ်ဖို့တောင် မထိုက်တန်ဘူး!" ဤအကြောင်းကို တွေးမိသည်နှင့် နင်ချန်၏ရင်ထဲတွင် ဒေါသများ ပြန်လည် ထွက်ပေါ်လာသည်။
သို့သော် ယဲ့ယွင်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ကာ - "ချင်ရှီကို သေဒဏ် စီရင်ပြီးပြီလားဟင်။ ချန်းချဲ့... သူမကို တစ်ခေါက်လောက် တွေ့ချင်သေးတယ်"
***