အခန်း (၄၁၅-၄၁၆)
Vol. 26 Ch. 415-416
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 415
အခန်း ၄၁၅ ။ ခမည်းတော်နဲ့ တူလို့
ကျိုးမိန်ရန်နှင့် ကျန်းဝမ်ရုန်တို့မှာ သားသမီး မွေးဖွားဖူးသူများ မဟုတ်သဖြင့် ကိုယ်ဝန်ဆောင်တို့၏ သဘာဝကို သေသေချာချာ မသိကြသော်လည်း၊ ယဲ့ယွင်မှာမူ နှစ်ကြိမ်တိုင်တိုင် မွေးဖွားဖူးသူဖြစ်ရာ ၎င်းကို ကောင်းစွာ နားလည်သည်။
နန်ကျစ်ကလည်း ထူးဆန်းသလို ခံစားရသည် - "ဟုတ်ပါ့... ကိုယ်ဝန်ဆောင်တွေဆိုတာ ပထမ နှစ်လ၊ သုံးလလောက်ပဲ အိပ်ငိုက်တတ်တာလေ၊ အဲဒီနောက်ပိုင်းကျရင်တော့ အဲဒီလို မဖြစ်တော့ပါဘူး။ ချီရှိုးရုန်က ဘာလို့ ခြောက်လထဲ ရောက်နေတာတောင် အိပ်ငိုက်နေရသေးတာလဲ"
"နွေရာသီ အပူရှိန်ကြောင့် ပင်ပန်းတာလည်း ဖြစ်နိုင်ပေမဲ့၊ ကျင်းရှန်ဖေးက နန်းတော်မှာ ကျန်ခဲ့တာဆိုတော့... ငါ့စိတ်ထဲမှာ သံသယမကင်းဖြစ်နေတယ်။ မင်း လက်ဆောင်အချို့ ပြင်ဆင်လိုက်ပါ၊ မနက်ဖြန်ကျရင် ငါ ချီရှိုးရုန်ဆီ သွားကြည့်မယ်" ယဲ့ယွင်က တိုးတိုးလေး မှာလိုက်သည်။
နန်ကျစ် ခေါင်းညိတ်ကာ စီစဉ်ရန် ထွက်သွားတော့သည်။
……
နောက်တစ်နေ့၊ ယိခွန်းနန်းဆောင်။
ကွေ့ဖေး ကြွချီလာကြောင်း ကြားရသောအခါ ချီရှိုးရုန်မှာ အံ့သြသွားကာ အလျင်အမြန်ပင် ထ၍ ကြိုဆိုရသည်။
ယဲ့ယွင်က သူမအား ချက်ချင်း တွဲထူလိုက်သည် - "မင်းမှာ ကိုယ်ဝန်နဲ့ဟာကို၊ စည်းကမ်းတွေ အများကြီး လုပ်မနေပါနဲ့တော့။ ငါက ဒီနေ့ အားဆေးတချို့နဲ့ ကလေးအတွက် အင်္ကျီချုပ်လို့ရမယ့် ပိတ်စတွေ ယူလာခဲ့တာ။ နောက်မကြာခင် မင်းလည်း သုံးရတော့မှာပဲလေ"
"မယ်မယ့်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ထိုင်ပါဦး... ယွီရှင်း၊ လက်ဖက်ရည် သွားဖျော်စမ်း" ချီရှိုးရုန်က ပြုံးလျက်ဆိုသည်။
သို့သော် ယဲ့ယွင် ကြည့်လိုက်ရာ ချီရှိုးရုန်၏မျက်နှာမှာ အတော်လေး ညိုးနွမ်းနေသည်ကို တွေ့ရသည်။ မိတ်ကပ် မလိမ်းထား၍လား၊ သို့မဟုတ် အခြားအကြောင်းကြောင့်လား မသိပေ။ ထိုင်လိုက်ပြီးနောက် သူမက သက်ပြင်းတစ်ချက် ချလိုက်သည် -
"ဆယ်လတာ ကိုယ်ဝန်ဆောင်ရတာ တကယ် ပင်ပန်းတာပဲနော်။ ငါကြည့်ရတာ မင်း တော်တော် နွမ်းလျနေသလိုပဲ။ ဗိုက်ထဲက ကလေးက ဆိုးလို့ မင်းကို နှောင့်ယှက်နေလို့လား"
ကလေးအကြောင်း ပြောလိုက်သည်နှင့် ချီရှိုးရုန်၏ မျက်ဝန်းထဲတွင် ကြင်နာမှုများ ပြည့်နှက်သွားသော်လည်း၊ တစ်ဖက်တွင်တော့ စိုးရိမ်စိတ်အချို့ ပေါ်လာခဲ့သည် - "ကလေးက ဆိုးတာ မဟုတ်ပါဘူး။ သမားတော်က ပြောတာတော့ ချန်းချဲ့ရဲ့ ကိုယ်ခံအားက အားနည်းနေလို့တဲ့။ ဒါကြောင့် အပြင်ကို သိပ်မထွက်ရဲဘဲ တစ်နေ့လုံး အခန်းထဲမှာပဲ နားနေဖြစ်တာ များပါတယ်"
ယဲ့ယွင် သဘောပေါက်သွားသည်။ ဤသည်မှာ အကျိုးအကြောင်း ဆီလျော်လှပေသည်။ ချီရှိုးရုန်မှာ ကိုယ်ဝန်ကြောင့် အိပ်ငိုက်နေခြင်း မဟုတ်ဘဲ၊ ကိုယ်ခံအားနည်း၍ ကိုယ်ဝန်မမြဲမည်စိုးသဖြင့် အခန်းထဲတွင်သာ အောင်းနေခြင်းဖြစ်၏။
စကားပြောကြည့်ရာတွင်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။ ယဲ့ယွင်၏စိတ်ထဲတွင် သံသယရှိနေဆဲ ဖြစ်သော်လည်း အပြင်ပန်းတွင်တော့ ဘာမှ မမြင်ရပေ။ သူမသည် ဆေးပညာရှင် မဟုတ်သဖြင့်၊ အခွင့်အရေးရလျှင် ရှန်ဖိန်ကျစ်အား ချီရှိုးရုန်၏ သွေးခုန်နှုန်းကို စမ်းသပ်ခိုင်းရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ယဲ့ယွင် ပြန်သွားပြီးနောက်၊ စားဖိုဆောင်မှ မုန့်များ ပို့လာသည်။ ချီရှိုးရုန် အမြဲစားတတ်သော ‘ဆီးသီးယိုကိတ်’ ပင် ဖြစ်၏။ သူမသည် အနံ့ရသည်နှင့် ခံတွင်းတွေ့သွားကာ နှစ်တုံးခန့် မြိန်ရေယှက်ရေ စားလိုက်သည်။
"ဒီနေ့ ဆီးသီးယိုကိတ်က အရသာ နည်းနည်း ထူးခြားနေသလိုပဲနော်"
ယွီစော့က အနားတိုး၍ နမ်းကြည့်သည် - "မထူးခြားပါဘူး မယ်မယ်ရယ်။ ကျွန်တော်မျိုးမ အနံ့ရတာတော့ အတူတူပါပဲ။ သခင်မ ခံတွင်းနဲ့ မတွေ့လို့လားဟင်၊ စားဖိုဆောင်ကို ပြန်လုပ်ခိုင်းလိုက်ရမလား"
"မလိုပါဘူး။ မီးအရှိန်ကြောင့် ဖြစ်မှာပါ။ ဒီနေ့ဟာက ပိုပြီး နူးညံ့နေသလိုပဲ" ဟု ဆိုကာ ချီရှိုးရုန် နောက်တစ်တုံး ထပ်စားလိုက်ပြန်သည်။
ယွီစော့က တစ်ခုသတိရသွားကာ - "သခင်မရဲ့ လျှာက တကယ်ကို စူးရှတာပဲ။ ဒီမုန့်ကို တခြားစားတော်ကဲ တစ်ယောက်က လုပ်ပေးတာပါ။ အရင်က လုပ်ပေးနေကျ စားတော်ကဲက သူ့မိခင် ကွယ်လွန်သွားလို့ နန်းတော်ကနေ ထွက်သွားပြီလေ"
ချီရှိုးရုန် ခေါင်းညိတ်သည် - "အော်... ဒါကြောင့်ကိုး။ သူက အလုပ်အကျွေး ကောင်းခဲ့တာပဲ။ မင်း နည်းလမ်းရှာပြီး သူ့မိသားစုဆီကို ငွေစ ၅၀ လောက် ပို့ပေးလိုက်ပါ။ မိခင်အတွက် သင်္ဂြိုဟ်စရိတ် အကောင်းဆုံး လုပ်နိုင်အောင်လို့ပေါ့"
"ဟုတ်ကဲ့ပါ၊ သခင်မက တကယ် စိတ်နှလုံး ကောင်းတာပဲ။ ဒါဟာ တော်ဝင်ရင်သွေးလေးအတွက် ကုသိုလ်ယူတာပါပဲ” ယွီစော့က ပြုံးလျက် ဆိုသည်။ ကလေးအကြောင်း တွေးမိသည်နှင့် ချီရှိုးရုန်မှာလည်း ပြုံးပျော်သွားကာ သူမအား ထွက်သွားရန် လက်ယမ်းပြလိုက်တော့သည်။
……
အခြားတစ်ဖက်တွင်၊ ယဲ့ယွင်သည် ကျောက်ချွန်းနန်းဆောင်သို့ ပြန်ရောက်ရောက်ချင်း ကလေးများကို အရင် သွားကြည့်သည်။ စတုတ္ထမင်းသားလေး ကျင့်အာသည်လည်း ထိုနေရာမှာ ရှိနေပြီး ပုခက်ထဲမှ ညီလေး၊ ညီမလေးတို့ကို စိုက်ကြည့်နေသည်။ ညန်ကောင်းကလည်း ဘေး၌ ရှိနေသည်။
ယဲ့ယွင် အထဲဝင်လာသဖြင့် ကျင့်အာက လှည့်ကြည့်ကာ ပြုံးလျက် ဂါရဝပြုသည် - "သားတော် မေမေ့ကို ဂါရဝပြုပါတယ်!"
ယခုအခါ ဆရာများနှင့် စနစ်တကျ သင်ယူနေရသဖြင့် အပြောအဆို၊ အမူအရာများမှာ ပို၍ စည်းကမ်း ရှိလာခဲ့ပြီ ဖြစ်သည်။
"ကျင့်အာက ညီလေးတို့ကို အကြာကြီး ကြည့်နေတာ... ဘာတွေ တွေ့လို့လဲ" ယဲ့ယွင်က သားဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ရင်း ပြုံးမေးလိုက်သည်။
စတုတ္ထမင်းသားလေးက မျက်တောင်လေး ခတ်ကာ - "ညီမလေးက ပိုလှတယ်၊ ညီမလေးက သားနဲ့ တူတယ်"
၎င်းမှာ မိမိကိုယ်ကိုယ်ပါ မြှောက်ပြောလိုက်ခြင်းဖြစ်သဖြင့် ယဲ့ယွင်မှာ ရယ်ချင်သွားရသည်။ သူမက ကျင့်အာ၏ပါးလေးကို ဆွဲကာ စနောက်လိုက်သည် - "ဒီကောင်လေး... မင်းရဲ့ ညီလေးက မေမေနဲ့ ပိုတူတာလေ။ အဲဒီတော့ မေမေက မလှဘူးလို့ ပြောချင်တာလား"
"မေမေကတော့ လှတာပေါ့၊ မေမေက အလှဆုံးပဲ" ဟု ကျင့်အာက ဖားလိုက်သည်။
ယဲ့ယွင်က အလျှော့မပေးဘဲ ထပ်စသည် - "ဒါပေမဲ့ ခုနက ကျင့်အာက ညီမလေးက ကျင့်အာနဲ့ တူလို့ ပိုလှတယ် ဆို"
ကျင့်အာမှာ အကျပ်ရိုက်သွားကာ ဘာပြောရမှန်း မသိဖြစ်နေစဉ်၊ တစ်ယောက်ယောက်ကို ရုတ်တရက် သတိရသွားပုံဖြင့် အော်ပြောလိုက်သည် - "ဆဌမညီလေးက ခမည်းတော်နဲ့ တူတာလေ! ဒါကြောင့် သူက သားတို့၊ ညီမလေးနဲ့ မေမေတို့လောက် မလှတာပေါ့!"
အသက် ငါးနှစ်ခွဲသာ ရှိသေးသော စတုတ္ထမင်းသားလေးမှာ သူကိုယ်တိုင်လည်း ဧကရာဇ်နှင့် အင်မတန် တူမှန်း မသိသေးသလို၊ အစေခံများကလည်း ဧကရာဇ် ရုပ်ဆိုးသည်ဟု မပြောဝံ့ကြသဖြင့်၊ ကလေးမှာ ဤကဲ့သို့ ရယ်စရာကောင်းသော စကားကို ပွင့်ပွင့်လင်းလင်း ပြောချလိုက်ခြင်းဖြစ်၏။
ယဲ့ယွင်မှာမူ တဟားဟား ရယ်မောမိတော့သလို၊ ဘေးမှ အစေခံများလည်း ပြုံးစိစိနှင့် ဖြစ်ကုန်ကြသည်။ နန်းတွင်းတစ်ခုလုံးတွင် စတုတ္ထမင်းသားမှာ ဧကရာဇ်နှင့် အတူဆုံးဖြစ်မှန်း အားလုံး သိကြသည် မဟုတ်လား။
….
ထိုအချိန်တွင်၊ သူ၏ သားတော်ကြီးက အကြောင်းမဲ့ အပြစ်ပုံချလိုက်ခြင်းကို ခံလိုက်ရသော နင်ချန်သည် စာကြည့်ဆောင်၌ ထိုင်နေရင်း ရုတ်တရက် နှာချေလိုက်မိသည်။
"အို... အရှင်မင်းကြီး အအေးပတ်သွားတာလား မသိဘူး။ သမားတော်ချုပ်ကျန်းကို ခေါ်ပြရမလား” ဟု ယွမ်ကျိုက အမြန်မေးရှာသည်။
နင်ချန်က လက်ယမ်းပြသည် - "မလိုပါဘူး၊ ကျန်း ဘာမှ မဖြစ်ဘူး။ အခု ယင်းကော်ကုန်း အိမ်တော်ကိစ္စက အဆုံးသတ်တော့မှာမို့လို့ ကျန်း မျက်စိဒေါက်ထောက် ကြည့်နေရမယ်"
ပြောပြီးသည်နှင့် သူသည် လျှို့ဝှက်စာတစ်စောင်ကို ပိတ်ကာ ကမ်းပေးလိုက်သည် - "ဒါကို လျန်ချန်စစ်ဆီ ပို့လိုက်။ သူ ဘာလုပ်ရမလဲဆိုတာ သိပါတယ်"
"ဟုတ်ကဲ့ပါ" ယွမ်ကျိုက ဦးညွှတ်ကာ ထွက်သွားသည်။
မကြာမီ ဟွိုက်အန်း ဝင်လာကာ - "အရှင်မင်းကြီး... ရှန်ဖေးမယ်မယ်က အရှင်မင်းကြီးကို ချုံချွေ့နန်းဆောင်မှာ ညစာ သုံးဆောင်ဖို့ ဖိတ်ကြားလိုက်ပါတယ်။ ဒီနေ့ ဒုတိယမင်းသားလည်း ကျောင်းစောစော ဆင်းမှာမို့ လာပါလိမ့်မယ်" ဟု တင်ပြသည်။
ရှန်ဖေးသည် သူ့အား ရှားရှားပါးပါး ဖိတ်ကြားခြင်းဖြစ်သလို၊ ငါးလနီးပါးခန့် သူမထံသို့ မရောက်ဖြစ်သည်မှာလည်း အမှန်ပင် ဖြစ်၏။ ထို့ကြောင့် နင်ချန်က သားဖြစ်သူ ဒုတိယမင်းသားနှင့် တွေ့ရန် သဘောတူလိုက်သည်။
……
ရှန်ဖေးထံမှ လာသော ထန်ရှန်းသည် ဝမ်းသာအားရနှင့် သတင်းပြန်ပို့ရန် ထွက်သွားပြီး နာရီဝက်ခန့်အကြာတွင်၊ ထိုအခြေအနေကို မြင်လိုက်ရသော ခုန်းချင်းသည် ကျောက်ချွန်းနန်းဆောင်သို့ ပြန်ရောက်လာကာ ယဲ့ယွင်အား သတင်းပို့တော့သည်။
ယဲ့ယွင်သည် မှန်ရှေ့တွင် အလှပြင်ပစ္စည်းများကို ချွတ်နေချိန် ဖြစ်၏။ ဆံပင်များ ဖြန့်ချလိုက်ချိန်တွင် သူမ၏အလှမှာ အင်မတန် ဆွဲဆောင်မှု ရှိလှပေသည်။ သူမသည် မှန်ထဲမှနေ၍ ခုန်းချင်းအား အေးဆေးစွာ ကြည့်ရင်း မျက်ဝန်းထဲတွင် အပြုံးအချို့ပေါ်လာခဲ့သည်။
"ဟွေယွဲ့... ငါ ရုတ်တရက် ခေါင်းနည်းနည်း မူးသလိုပဲ၊ ကိုယ်လည်း သိပ်မအီမသာ ဖြစ်နေတယ်"
"မယ်မယ်က နန်းတော်ပြန်ရောက်ကာစ ဖြစ်သလို၊ ခရီးလည်း ပန်းထားတော့ အအေးမိတာ ဖြစ်နိုင်ပါတယ်။ အတွင်းခန်းမှာ အမြန်သွားနားပါဦး။ သမားတော်ရှန်ကို ခေါ်ပြရမလား" ဟု ဟွေယွဲ့က ချက်ချင်းပင် အလိုက်သင့် ဝင်ပြောသည်။
ဘေးမှ ခုန်းချင်းလည်း မျက်ဝန်းများ လက်ခနဲဖြစ်သွားကာ သဘောပေါက်သွားသည် - "မယ်မယ် နေမကောင်းဖြစ်နေရင် ကျွန်တော်မျိုး အခုပဲ အရှင်မင်းကြီးကို သွားပင့်ပါ့မယ်"
ယဲ့ယွင်က နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်ပြီး - "အမှောင်ထဲမှာ အရမ်း မြန်မြန် မပြေးနဲ့ဦးနော်၊ ခြေချော်လဲမှာ စိုးလို့" ဟု ညင်သာစွာ မှာလိုက်သည်။
"မယ်မယ် စိတ်ချပါ၊ ကျွန်တော်မျိုး သတိထားသွားပါ့မယ်" ခုန်းချင်းက ဟက်ခနဲရယ်ရင်း ဂါရဝပြုကာ ပြေးထွက်သွားတော့သည်။
သူသည် အလောတကြီး မဟုတ်ဘဲ အချိန်ကိုက် တွက်ချက်ကာ သွားခဲ့ရာ - နင်ချန် ချုံချွေ့နန်းဆောင် တံခါးဝသို့ ရောက်ခါနီး၊ အထဲပင် မဝင်ရသေးမီ အချိန်တွင် ကွက်တိ ရောက်ရှိသွားတော့သည်။
"အရှင်မင်းကြီး... ကွေ့ဖေးမယ်မယ် ဘာဖြစ်သွားလဲ မသိပါဘူး။ အခုပဲ ရုတ်တရက် ခေါင်းတွေ အရမ်းမူးပြီး၊ ညစာတောင် မစားနိုင်ဘဲ အိပ်ရာထဲ လဲသွားပါပြီ။ ကျွန်တော်မျိုးတို့ စိုးရိမ်လွန်းလို့ အရှင်မင်းကြီးကို လာပြီး လျှောက်တင်တာပါ!"
***
ပြဇာတ်ငယ်…
ဒါကတော့ ဧကရာဇ် နင်ချန်နဲ့ ယဲ့ယွင်တို့ရဲ့ စနောက်နေတဲ့ ပုံရိပ်လေးပါ -
နင်ချန် : "ငါ ရုပ်ဆိုးတာက ငါနဲ့ တူလို့လား?"
ယဲ့ယွင် : "ရှင်နဲ့ မတူရင် ကျွန်မနဲ့ တူရမှာလား?"
နင်ချန် : "အေးပါ... ငါနဲ့ပဲ တူပါစေတော့" (မကျေနပ်လည်း ကျေနပ်ရတဲ့ ဧကရာဇ်ကြီးပါပဲ)
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
IC 416
အခန်း ၄၁၆ ။ ကလေးတွေ ကြီးလာပြီ
ကျင်းရှန်ဖေးသည် တံခါးဝသို့ လှမ်းရုံရှိသေးပြီး ဂါရဝပင်မပြုရသေးမီ ထိုစကားကို ကြားလိုက်ရသဖြင့် သူမမျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် တောင့်ခဲသွားတော့သည်။
နင်ချန်ကတော့ သူမဘက်သို့ လှည့်ပင်မကြည့်ပေ။ သူသည် ခုန်းချင်းအား စိုးရိမ်တကြီး မေးမြန်းနေတော့သည် -
"သမားတော် ရောက်ပြီလား။ ဘာဖြစ်တာလဲဆိုတာ ပြောပြလား"
"ကျွန်တော်မျိုး လာတဲ့အချိန်အထိ သမားတော် မရောက်သေးပါဘူး။ ကွေ့ဖေးက အရှင်မင်းကြီး ချုံချွေ့နန်းဆောင်ကို ကြွနေတာ သိလို့ ကျွန်တော်မျိုးကို အရှင့်ဆီ လာမပင့်ခိုင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးက မယ်မယ်တစ်ခုခုဖြစ်မှာ ကြောက်လွန်းလို့ ကိုယ့်သဘောနဲ့ကိုယ် ရဲတင်းစွာ လာလျှောက်တင်တာပါ။ အရှင်မင်းကြီး အပြစ်ပေးတာကို ခံယူပါ့မယ်"
ခုန်းချင်းသည် စကားပြောတတ်လှသည်။ အပြစ်မှန်သမျှကို မိမိခေါင်းပေါ် ပုံချလိုက်ခြင်းဖြစ်၏။ အကယ်၍ တစ်ခုခုအဆင်မပြေဖြစ်ပါကလည်း သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်ပြီး ယဲ့ယွင်နှင့် မသက်ဆိုင်ကြောင်း ပြသခြင်းပင်။
သို့သော် နင်ချန်၏အာရုံစိုက်မှုက ထိုအချက်ပေါ်တွင် မရှိပေ။ ယဲ့ယွင် ကလေးမွေးပြီးနောက် ကိုယ်ခံအား အလွန်နည်းနေသည်ကိုသာ သူ စိုးရိမ်နေမိသည်။ ထို့ကြောင့် ရှန်ဖေးဘက်မှ သဘောထားကြီးဟန်၊ ကြင်နာဟန် မပြနိုင်သေးမီမှာပင် နင်ချန်က အရင် စကားဟလိုက်သည် -
"ကွေ့ဖေးက ပုံမှန်ဆိုရင် ဒီအတိုင်း နေမကောင်းဘူးလို့ အော်ဟစ်တတ်သူ မဟုတ်ဘူး။ တကယ်ပဲ နေလို့မကောင်းလို့ ဖြစ်မှာပါ။ ဒီနေ့တော့ ကျန်း မင်းနဲ့အတူ ညစာ မစားနိုင်တော့ဘူး။ ကွေ့ဖေးဆီ သွားကြည့်လိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ... အရှင်မင်းကြီးကို လိုက်ပါပို့ဆောင်ပါတယ်" ရှန်ဖေးမှာ ဘာပြန်ပြောရမှန်းပင် မစဉ်းစားရသေးသဖြင့် ဤစကားကိုသာ ခြောက်ကပ်ကပ်ဖြင့် ဆိုလိုက်ရတော့သည်။
နင်ချန်သည် ချုံချွေ့နန်းဆောင်၏ တံခါးကိုပင် ခြေမနင်းရသေးဘဲ တံခါးဝမှပင် ပြန်လှည့်၍ ကျောက်ချွန်းနန်းဆောင်သို့ ထွက်ခွာသွားလေတော့သည်။
…..
ကျောက်ချွန်းနန်းဆောင်တွင် ရှန်ဖိန်ကျစ်သည် သွေးခုန်နှုန်း စမ်းသပ်ပြီး ထွက်လာခဲ့သည်။
နင်ချန်၏ စိုးရိမ်တကြီး မေးမြန်းမှုကို သူက မျက်နှာမပျက်ဘဲ ဖြေကြားသည် - "အရှင်မင်းကြီး စိတ်ချပါ။ မယ်မယ့်မှာ အသက်အန္တရာယ် မရှိပါဘူး။ ကလေးမွေးပြီးနောက် ကိုယ်ခံအားနည်းပြီး သွေးအားနည်းနေတာကြောင့် ခေါင်းမူးပြီး နွမ်းလျနေတာပါ"
နေမကောင်းဖြစ်ပြလျှင်လည်း အဆင့်အတန်းရှိရန် လိုအပ်သလို အကွက်စေ့ရန်လည်း လိုသည်။ ရှန်ဖေးအနေနှင့် ‘နေမကောင်း’သည်ကို အကြောင်းပြ၍ အာဏာပြန်လုရန် အခွင့်အရေး မပေးနိုင်ပေ။ ထို့ကြောင့် သွေးအားနည်း၍ ခေါင်းမူးခြင်းမှာ အကောင်းဆုံး အကြောင်းပြချက်ပင်။ ၎င်းမှာ ကိုယ်ဝန်ဆောင်နားချိန် ပြီးကာစတွင် ဖြစ်လေ့ဖြစ်ထရှိသော သဘာဝကိစ္စမျိုးလည်း ဖြစ်သည် မဟုတ်လား။
"သွေးအားနည်းတာက ပြန်ပြုစုရခက်တယ် မဟုတ်လား။ ကွေ့ဖေး ဘာဆေးတွေ သောက်ဖို့ လိုသလဲ" နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ဆေးဆိုတာ အဆိပ်နဲ့ အတူတူပါပဲ၊ အများကြီး သောက်တာက ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ မယ်မယ့်အနေနဲ့ အစားအသောက်နဲ့ပဲ ပြန်ဖြည့်တာ ပိုကောင်းပါတယ်။ ဆီးသီးနီ၊ ဂိုဂျီသီး၊ အာကျောက် နဲ့ ဇီဝဇိုးငှက်သိုက် အမျိုးအစားတွေကို ပိုစားပေးရပါမယ်" ဟု ရှန်ဖိန်ကျစ်က လျှောက်တင်သည်။
နင်ချန် ခေါင်းညိတ်ကာ ယွမ်ကျိုအား ချက်ချင်း မှာကြားတော့သည် - "အမိန့်ထုတ်လိုက်... ကွေ့ဖေးအတွက် နေ့တိုင်း သွေးငှက်သိုက်တစ်ခွက် မပြတ်စေနဲ့။ တခြား လိုအပ်တာတွေကိုလည်း အစုံအလင် ပြင်ဆင်ထားပေးစမ်း"
တခြားအရာများမှာ ရှာရမခက်သော်လည်း သွေးငှက်သိုက်မှာမူ အရှားပါးဆုံး ဖြစ်၏။ ယဲ့ယွင်မှာ ကွေ့ဖေး ဖြစ်နေသော်လည်း သူမ၏ ရိက္ခာဝေစုထဲတွင် ၎င်းမှာ အနည်းငယ်သာ ပါဝင်သည်။ နေ့တိုင်း စားသုံးနိုင်ရန်မှာ နင်ချန်၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ကို ဖွင့်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
ထိုစဉ် နန်ကျစ် အထဲမှ ထွက်လာသည် - "အရှင်မင်းကြီး... သခင်မက ညစာ သိပ်မစားချင်ဘူးလို့ ဆိုပါတယ်။ အရှင်မင်းကြီးအတွက်ပဲ တစ်ဝိုင်း သီးသန့်ပြင်ခိုင်းလိုက်ပါမယ်။ အရှင် ဘာများ သုံးဆောင်ချင်ပါသလဲ၊ ကျွန်တော်မျိုးမ စားဖိုဆောင်ကို သွားမှာကြားပေးပါ့မယ်"
"ညစာမစားလို့ ဘယ်ဖြစ်မလဲ။ မစားချင်ရင်လည်း စားဖိုဆောင်ကို ဆန်ပြုတ် လုပ်ခိုင်းလိုက်။ အပေါ့အငန်လေးတွေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းတော့ စားရမယ်" နင်ချန် မျက်မှောင်ကြုတ်ကာ နန်ကျစ်ကို ကျော်ဖြတ်၍ အတွင်းခန်းသို့ ဝင်သွားတော့သည်။
လိုက်ကာကြားမှ ကြည့်လိုက်ရာ ကုတင်ပေါ်တွင် တစ်စောင်းလှဲလျက် အပြင်ဘက်ကို ကြည့်နေသော ယဲ့ယွင်ကို တွေ့ရသည်။
"ချန်းချဲ့ ခံတွင်းမတွေ့လို့ ညစာ မစားချင်တာပါ။ အစေခံတွေက မလိမ္မာလို့ အရှင်မင်းကြီးကို သွားနှောင့်ယှက်မိပြန်ပြီ။ အရှင် ရှန်ဖေးဆီမှာပဲ ပြန်ပြီး သုံးဆောင်ပါလား”
"ကျန်း ရောက်လာမှတော့ ပြန်စရာအကြောင်းမရှိဘူး။ မင်း ခန္ဓာကိုယ်က အားနည်းနေတာဆိုတော့ အစေခံတွေ စိုးရိမ်တာက သဘာဝပါပဲ။ ကျန်း လာမကြည့်ရင် စိတ်မအေးလို့ ညစာလည်း ဝင်မှာ မဟုတ်ဘူး"
နင်ချန်က ဆိုလိုက်ရင်း လိုက်ကာကိုလှပ်ကာ ကုတင်ဘေးတွင် ထိုင်လိုက်သည်။ ယဲ့ယွင်၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေဆဲဖြစ်သည်ကို မြင်ရမှ သူ သက်ပြင်းချနိုင်တော့သည်။
"အရမ်း နေမကောင်းဖြစ်နေသေးလား"
"သိပ်ပြီးတော့ မဟုတ်ပါဘူး။ ခေါင်းနည်းနည်းမူးပြီး အားမရှိသလို ဖြစ်နေတာပါ။ သမားတော်ကလည်း သွေးအားနည်းလို့လို့ ပြောတယ်လေ၊ အကြီးအကျယ်တော့ မဟုတ်ပါဘူး" ယဲ့ယွင်က တစ်စောင်းလှဲနေရာမှ နင်ချန်၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ယဲ့ယွင်သည် အရှင်မင်းကြီး၏ အလိုလိုက်မှုကို သိသဖြင့် အလိုက်သင့် ချွဲပြလိုက်ခြင်းဖြစ်၏။ ညစာစားပွဲသို့ မသွားရအောင် တားမြစ်ခြင်းဖြင့် ရှန်ဖေးအား စိတ်အနှောင့်အယှက် ဖြစ်စေချင်ခြင်းလည်း ပါဝင်သည်။
နင်ချန်က သူမအား ကုတင်ပေါ်မှ တွဲထူကာ ရင်ခွင်ထဲ ပွေ့ဖက်လိုက်သည် - "လိမ္မာတယ်နော်... နည်းနည်းလောက်တော့ စားလိုက်ပါ။ ကျန်းကို အဖော်လုပ်ပေးတဲ့အနေနဲ့ပေါ့။ ကျန်း စားဖိုဆောင်ကို မင်းကြိုက်တဲ့ ပုစွန်ဆန်ပြုတ် လုပ်ခိုင်းထားတယ်"
နင်ချန်က ဤမျှအထိ ချော့မြူနေမှတော့ ယဲ့ယွင်လည်း တကယ်ပင် ဗိုက်ဆာနေသဖြင့် အလိုက်သင့်ပင် ညစာ သုံးဆောင်ရန် ထလာခဲ့တော့သည်။
……
အခြားတစ်ဖက်တွင်၊ ခမ်းနားလှသော ဟင်းလျာများရှေ့၌ ရှန်ဖေးသည် တူကိုပင် မကိုင်ချင်တော့ပေ။
သူမ၏ အမြင်တွင် ကျောက်ချွန်းနန်းဆောင် (ယဲ့ယွင်) က သူမအား တမင်ရည်ရွယ်ချက်ရှိရှိ စိတ်အနှောင့်အယှက် ပေးခြင်း ဖြစ်၏။ ယခင်က သူမသည် ယဲ့ယွင်နှင့် အပြင်ပန်းတွင် မည်သည့် ရန်ငြိုးမှ မရှိခဲ့ဖူးပေ။ ယနေ့ ယဲ့ယွင်၏လုပ်ရပ်မှာ ဧကရာဇ်အား သူမထံ မလာအောင် တားဆီးခြင်း ဖြစ်ရာ၊ ရှန်ဖေးအနေနှင့် သူမ၏ လှုပ်ရှားမှုများကို ယဲ့ယွင် ရိပ်မိသွားပြီဖြစ်ကြောင်း သေချာသွားခဲ့သည်။ ဤသည်မှာ ဗြောင်ကျကျ စစ်ကြေညာလိုက်ခြင်းပင်။
"မယ်တော်... ဟင်းတွေ စားပါဦး။ ခမည်းတော် မလာရင် သားတော် အဖော်လုပ်ပေးပါ့မယ်" ဒုတိယမင်းသားလေး ချွန်းအာက သိတတ်လှစွာဖြင့် ရှန်ဖေးအား ဟင်းများ ခပ်ပေးရှာသည်။
ရှန်ဖေးက ပြုံးလိုက်ကာ သားဖြစ်သူကိုလည်း ပြန်လည် ခပ်ပေးသည် - "ချွန်းအာက အလိမ္မာဆုံးပဲ။ ဒီနေ့ကိစ္စအတွက် ခမည်းတော်ကို အပြစ်မတင်နဲ့နော်။ မယ်တော်က ရုပ်ရည်လည်း မရှိတော့သလို ခမည်းတော်ရဲ့ အချစ်ကိုလည်း မရတာ ကြာပါပြီ။ ကွေ့ဖေးက နုပျိုလှပသလို ကလေး သုံးယောက်တောင် မွေးပေးထားတာဆိုတော့ အရှင်မင်းကြီး ဘက်လိုက်တာက သဘာဝပါပဲ"
"ဒါပေမဲ့ ဒီနေ့ အရှင်မင်းကြီးက ချုံချွေ့နန်းဆောင်ကို လာမယ်လို့ ကတိပေးထားတာပဲလေ။ ကွေ့ဖေးက မနာလိုလွန်းလို့ တမင် နေမကောင်းဟန်ဆောင်ပြီး အရှင့်ကို ခေါ်သွားတာ" ဟု အနီးကပ် နန်းတွင်းသူ ထန်ရှန်းက မကျေမနပ် ဝင်ပြောသည်။
ရှန်ဖေးက ချက်ချင်းပင် အော်ဟစ်တားမြစ်သည် - "ပါးစပ်ပိတ်စမ်း! ကွေ့ဖေးမယ်မယ်ကို ကွယ်ရာမှာ ကဲ့ရဲ့လို့ ဘယ်ဖြစ်မလဲ!"
ထန်ရှန်းက ခေါင်းငုံ့ကာ ငြိမ်သွားသော်လည်း၊ ခုနစ်နှစ်အရွယ် ဒုတိယမင်းသားလေးမှာမူ ထိုစကားများကို နားလည်သွားခဲ့ပြီ။
"ချွန်းအာ... ဟင်းတွေ စားပါဦး" ရှန်ဖေးက သားဖြစ်သူအား ကြင်နာစွာ ပြုံးပြသည် - "အရှင်မင်းကြီးက မင်ကွေ့ဖေးကို ပိုချစ်တာ မှန်ပေမဲ့၊ မင်းတို့ ညီအစ်ကိုတွေကိုတော့ တစ်တန်းတည်း ထားမှာပါ။ မယ်တော့်ကိစ္စကြောင့် စတုတ္ထညီလေးကို စိမ်းကားမသွားနဲ့နော်၊ သိလား"
ဒုတိယမင်းသားလေးက ခေါင်းညိတ်ပြသော်လည်း၊ ရင်ထဲတွင် အတွေးများစွာဖြင့် ထိုညစာကို စားသုံးခဲ့သည်။ အိမ်ပြန်လမ်းတွင် သူသည် ရှန်ဖေး၏စကားများကို အမြဲ ပြန်လည် ကြားယောင်နေမိသည်။
ခမည်းတော်က မင်ကွေ့ဖေးကို ပိုချစ်တယ်ဆိုရင်၊ ဆရာပြောတဲ့ ‘အချစ်ရှိရာ အကုန်ပါ’ ဆိုသလို စတုတ္ထညီ၊ ဆဌမညီနဲ့ စတုတ္ထညီမလေးကိုလည်း ပိုချစ်မှာပဲ...
ကလေးတွေ ကြီးလာလျှင် အတွေးက ပိုနက်လာတတ်သည်။ အလေးအနက် စာသင်နေရပြီဖြစ်သော ဒုတိယမင်းသားလေးသည် အိမ်ရှေ့စံအကြောင်းကို စတင် စဉ်းစားမိလာသည်။ ခမည်းတော်သည် နောင်တွင် သူတို့ ညီအစ်ကိုများထဲမှ ထူးချွန်သူကို တော်ဝင်ဆက်ခံသူအဖြစ် ရွေးချယ်လိမ့်မည်ဟု ဆရာက ဆိုထားသည်။ သို့သော် ခမည်းတော်က စတုတ္ထညီလေးကို ပိုချစ်လျှင် စတုတ္ထညီလေးကိုပဲ တိုက်ရိုက် ရွေးချယ်လိုက်မလား?
မိမိကိုယ်တိုင်လည်း ရွေးချယ်ခံရမည့်သူ တစ်ဦးဖြစ်လာချိန်တွင် မည်သူကမှ အရှုံးမပေးချင်ကြပေ။ ဒုတိယမင်းသားလေးသည်လည်း အိမ်ရှေ့စံ ဖြစ်ချင်သည်။ ယခုအချိန်တွင် သူသည် အာဏာအတွက် မဟုတ်ဘဲ အတော်ဆုံး မင်းသား ဖြစ်ချင်ရုံသာ ဖြစ်သော်လည်း၊ ခမည်းတော်၏ မတရားမှုကို စတင် သံသယဝင်လာခဲ့ပြီ။
မျိုးစေ့တစ်ခု ချလိုက်လျှင် တဖြည်းဖြည်း အမြစ်တွယ်၍ ကြီးထွားလာပေလိမ့်မည်။
……
သို့သော် ယခုအချိန်တွင် ကျောက်ချွန်းနန်းဆောင်၌မူ ထိုကဲ့သို့ လေးလံသော အတွေးများ မရှိပေ။ ရှိနေသည်မှာ အိပ်ရာဘေးမှ ချိုမြိန်သော စကားသံများသာဖြစ်၏။
နင်ချန်သည် ယဲ့ယွင်အား ‘ရာထူးတိုးမြှင့်မည့် အခမ်းအနား’ ကို ၈လပိုင်း ၆ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ထားကြောင်း၊ ၎င်းမှာ အင်မတန် ကောင်းမွန်သော နေ့ရက်ဖြစ်ကြောင်း ပြောပြခဲ့သည်။ ‘ဖေး’ အဆင့်မှ ‘ကွေ့ဖေး’ သို့ တိုးမြှင့်ခြင်းမှာ သာမန်ကိစ္စမဟုတ်သဖြင့် အလွန်ဂရုစိုက်ရသည်။
ဆောင်းဦးလယ်ပွဲတော် မတိုင်မီ ဤအခမ်းအနားကို ကျင်းပခြင်းမှာလည်း၊ နိုင်ငံတော် ညစာစားပွဲတွင် ယဲ့ယွင်အား သူ၏ ဘေး၌ အဆင့်အတန်း မြင့်မားစွာနှင့် ဂုဏ်သိက္ခာရှိရှိ ထိုင်စေချင်သောကြောင့် ဖြစ်တော့လေသည်။
***