အခန်း (၃၃၁-၃၃၂)
Vol. 34 Ch. 331-332
အပိုင်း (၃၃၁)
အဘယ်ကြောင့်ဆိုသော် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် အင်အားအရ ငရဲပြည်ထက် အနည်းငယ် သာလွန်နေသော်လည်း အမှန်တကယ်တွင် ထိုမဟာကမ္ဘာရှိလူတို့၏ စိတ်နှလုံးသည် စည်းလုံးမှုမရှိပေ။ ရှေးခေတ် မဟာဧကရာဇ်များခေတ်တွင်ပင် လူသားမျိုးနွယ်ကိုသာ စည်းလုံးနိုင်ခဲ့ခြင်း ဖြစ်သည်။ မျိုးနွယ်ခြားများသည် အဆက်မပြတ် ဆုတ်ခွာနေခဲ့ရသော်လည်း ဧကရာဇ်၏ အမိန့်များကို နာခံခြင်းမရှိခဲ့ချေ။
နတ်ဘုရားအသီးသီးတို့သည်လည်း ထိုနည်းတူပင် ဖြစ်၏။ အပေါ်ယံတွင် ရှေးဟောင်း မဟာဧကရာဇ်များနှင့် ရှေးဟောင်း ကောင်းကင်သားတော်တို့သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးကို စည်းလုံးခဲ့သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ထိုသို့မဟုတ်ခဲ့ပေ။လူသားမျိုးနွယ်ပင်လျှင် အပေါ်ယံမျှသာ စည်းလုံးကြခြင်း ဖြစ်ကာ သူတော်စင်အမျိုးမျိုး၊ နတ်ဘုရားအမျိုးမျိုး၊ မျိုးနွယ်စုကြီးများနှင့် ဂိုဏ်းကြီးများဟူ၍ အင်အားစုမြောက်မြားစွာ ကွဲပြားတည်ရှိနေလေသည်။
အမည်နာမတစ်ခုကိုသာ လိုက်နာကြကာ အမိန့်များကိုမူ နာခံမှုမရှိကြဘဲ ယုံကြည်ကိုးကွယ်မှုများနှင့် ပူဇော်သက္ကာရ ပြုလုပ်မှုများသည် ပို၍ပင် ရှုပ်ထွေးလှသည်။ အိမ်တိုင်းတွင် ပူဇော်ရမည့် နတ်ဘုရားများနှင့် ဦးညွှတ်ရမည့် ဘိုးဘေးများ ရှိနေကာ နတ်ဘုရားအမျိုးမျိုးသည် လူအများကြားတွင် မိမိတို့၏ယုံကြည်ကိုးကွယ်သူများကို အကြီးအကျယ် တိုးချဲ့နေကြလေသည်။ ယုံကြည်ကိုးကွယ်မှုများသည် အလွန်ရှုပ်ထွေးနေကာ ပြည်သူများ၏ စိတ်နှလုံးသည်လည်း စုစည်းမှုမရှိချေ။
အကယ်၍ ရှေးဟောင်း မဟာဧကရာဇ်များ လူတို့၏ စိတ်နှလုံး၊ ယုံကြည်ကိုးကွယ်မှုနှင့် မျိုးနွယ်စု တစ်သောင်လုံး၏နတ်ဘုရားများကို စည်းလုံးနိုင်ခဲ့မည်ဆိုလျှင်သာ ထိုသည်ကို မဟာကမ္ဘာလောကကြီးတစ်ခုကို အမှန်တကယ် ပေါင်းစည်းနိုင်ခဲ့ခြင်းဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။
ထိုမှသာ မဟာကမ္ဘာကြီး တစ်ခုလုံး၏ သက်ရှိအားလုံးနှင့် ကံတရားအလှည့်အပြောင်း အားလုံးကို အတူတကွ ချည်နှောင်နိုင်မည် ဖြစ်ကာ မဟာကမ္ဘာ၏ ကံတရားနှင့် မဟာကမ္ဘာ၏ စွမ်းအားများကိုပါ ထိန်းချုပ်လာနိုင်မည် ဖြစ်၏။ ဝမ်းနည်းစရာကောင်းသည်မှာ ထိုရှေးဟောင်း မဟာဧကရာဇ်များသည် မည်သူမျှ ထိုသို့ မလုပ်နိုင်ခဲ့ကြချေ။ သို့မဟုတ်ပါက ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများကို ခုခံရာတွင် လွန်စွာ အခက်အခဲတွေ့နေမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် မဟာကမ္ဘာများထဲတွင် အားနည်းလွန်းခြင်းမရှိသောကြောင့်ဖြစ်သည်။ စိတ်မကောင်းစရာမှာ ထိုမဟာကမ္ဘာရှိ သက်ရှိများသည် ယခုအချိန်ထိတိုင်အောင်ပင် စည်းလုံးနိုင်ခြင်း မရှိကြသေးဘဲ အင်အားစုအမျိုးမျိုးဖြစ်နေကာ တစ်ကွဲတစ်ပြားစီဖြစ်နေကြသည်။
ချောက်နက်မိစ္ဆာအရှင်သခင်တို့သည် ထိုအခွင့်အရေးကို အသုံးချကာ ယွီထျန်း မဟာမိတ်အဖွဲ့ ဟုခေါ်သော အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ ထိုသည်က ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏အဖြစ်အပျက်များကို သင်ခန်းစာယူလိုက်ခြင်းဟု ဆိုနိုင်သည်။ ငရဲပြည်ရှိ အင်အားစုများနှင့် ကျွမ်းကျင်သူ အားလုံးကို စည်းလုံးနိုင်ပါက ငရဲပြည်တွင် အစွမ်းအထက်ဆုံး အင်အားစုတစ်ခု ပေါ်ပေါက်လာပေလိမ့်မည်။
ထိုအချက်သည် အတိတ်တွင်ဆိုပါက လုပ်ဆောင်ရန် ခက်ခဲမည် ဖြစ်သော်လည်း ယခုအခါတွင်မူ အကောင်အထည်ဖော်ရန် အခြေခံအုတ်မြစ် အပြည့်အဝ ရှိနေလေသည်။
ယခင်က မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်ကိုကျော်လွန်အဆင့်တက်နိုင်မည့် အခွင့်အရေးကို ရှာဖွေရန်အတွက် ငရဲပြည်၌ မဟာမိတ်တပ်များကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် တားမြစ်နယ်မြေ လေးခုထဲမှ တစ်ခုဖြစ်သော ဟာမိုမိစ္ဆာ သွေးပင်လယ်ကို သန့်စင်နိုင်ခဲ့ကြသည်။ သူတို့သည် များပြားလှသော အဆင့် ၃ အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင်များကို စည်းရုံးကာ အကျိုးတူ ပူးပေါင်းမှုတစ်ခု၌ ပါဝင်လာစေရန် လှုံ့ဆော်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ယခုအခါ ထိုအင်အားစုရှိနေရုံဖြင့် အခြားသော ကျွမ်းကျင်သူများကို ပါဝင်လာရန် အလွယ်တကူ ဆွဲဆောင်နိုင်ပေလိမ့်မည်။ ယွီထျန်း မဟာမိတ်အဖွဲ့၏ အင်အားသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက မည်သည့် ကျွမ်းကျင်သူ သို့မဟုတ် အင်အားစုနှင့်မဆို ယှဉ်ပြိုင်နိုင်မည့် အရည်အချင်း ရှိလာမည် ဖြစ်၏။ ယင်းသည် ချောက်နက်မိစ္ဆာအရှင်သခင်၏ အစီအစဉ် ဖြစ်ကာ ရဲတင်းလွန်းသော်လည်း မြင့်မားသောဖြစ်နိုင်ချေရှိနေလေသည်။
သူတို့၏ ယခုလက်ရှိ မဟာမိတ်အဖွဲ့သည် စနစ်တကျသေချာဖွဲ့စည်းထားခြင်းမဟုတ်သေးသော်လည်း အရေးကြီးသော ခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ငရဲပြည်သည် အစဉ်မပြတ် ရှုပ်ထွေးကာ စည်းကမ်းမဲ့နေခဲ့သည်။ ထိုကဲ့သို့ငရဲပြည်သည် အမှန်တကယ် စည်းလုံးသွားမည်ဆိုပါက မည်ကဲ့သို့သော မီးပွားများ ပွင့်ထွက်လာမည်ကို မည်သူမျှ ခန့်မှန်းနိုင်မည် မဟုတ်ချေ။
ချောက်နက်မိစ္ဆာအရှင်သခင်၏ အကြံပြုချက်သည် အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင်များ၏ ရင်ထဲသို့ တိုက်ရိုက်ထိမှန်သွားလေသည်။ အဘယ်ကြောင့်ဆိုသော်ထိုအစီအစဉ်၏ ဖြစ်နိုင်ချေသည် အလွန်မြင့်မား၏။ သို့ဖြင့် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်တွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သော မဟာမိစ္ဆာအရှင်သခင် နှစ်ဦးဖြစ်သည့် ယမမင်းနှင့် လျန့်ယွီမိစ္ဆာဘုရင်တို့ကို ယွီထျန်းမဟာမိတ်အဖွဲ့၏ဦးဆောင်သူများအဖြစ်သတ်မှတ်ကာ
ချောက်နက်မိစ္ဆာအရှင်သခင်သည် နောက်ကွယ်မှ စစ်ဗျူဟာမှူးနှင့်အစီအစဉ်အကောင်အထည်ဖော်သူအဖြစ် တာဝန်ယူလိုက်သည်။
ထိုသို့ဖြင့် ယွီထျန်း မဟာမိတ်အဖွဲ့ကို တရားဝင် ဖွဲ့စည်းတည်ထောင်လိုက်လေသည်။
အခြားသော မဟာမိစ္ဆာအရှင်သခင်များ ဟာမိုမိစ္ဆာ သွေးပင်လယ် ရုပ်သေးရုပ်ကို စစ်ဆေးအကဲခတ်မှုပြီးဆုံးသွားသောအခါ ချောက်နက်မိစ္ဆာအရှင်သခင်တို့အဖွဲ့သည် ထိုသတင်းကို ချက်ချင်းကြေညာလိုက်ကာ သူတို့၏ ရည်ရွယ်ချက်များကို စတင်ဖြန့်ဝေကြလေသည်။ ထိုနေရာတွင် ရှိနေသူအားလုံးသည် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် ဖြစ်တည်မှုများ ဖြစ်ကြ၏။ အစပိုင်းတွင် ကိုယ်ပိုင်အကြံအစည်များ ရှိနေခဲ့သော ကျွမ်းကျင်သူများပင်လျှင် ထိုအစီအစဉ်ကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်ပါက လွတ်မြောက်ခြင်းအခွင့်အရေး ရနိုင်မည်ဟု ကြားလိုက်ရသောအခါ စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြတော့ချေ။
သူတို့သည် တက်ကြွစွာပင် သဘောတူလိုက်ကြလေသည်။ စစ်မှန်သော အကျိုးအမြတ်များရှေ့တွင် မည်သည့် ကိုယ်ပိုင်အကြံအစည်မျှ အရေးမကြီးတော့ပေ။
ထိုအချိန်တွင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင် အပြင်ဘက်၌ လွတ်မြောက်ခြင်းအရှင်သခင် ခုနစ်ပါး၏ ကိုယ်ပွားများပျောက်ကွယ်သွားသည်။
အခြေအနေများ၏ တိုးတက်ပြောင်းလဲမှုသည် သူတို့၏ ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကာ ယခုလက်ရှိ အခြေအနေသည် ကိုယ်ပွားခုနစ်ခုဖြင့် ဖြေရှင်းနိုင်မည့် အနေအထား မဟုတ်တော့ချေ။ သူတို့၏ မူလခန္ဓာကိုယ်များ ကိုယ်တိုင် ရောက်ရှိလာလျှင်ပင် ထိန်းချုပ်ပြောင်းလဲရန်တတ်နိုင်စွမ်းမရှိသည့် အခြေအနေမျိုးဖြစ်နေသည်။ ထို့အပြင် အချိန်ကိုက်ပင် သူတို့သည် ငရဲမဟာကမ္ဘာ၏ကောင်းကင်တာအိုထံမှ အစီအစဉ်သစ်များကို လက်ခံရရှိလိုက်လေသည်။
ကောင်းကင်တာအိုဆိုသည်မှာ ကမ္ဘာလောကအတွင်း၌ အရာခပ်သိမ်းကို သိမြင်နိုင်စွမ်း နှင့် အကြွင်းမဲ့အာဏာကို ချုပ်ကိုင်ထားသော တည်ရှိမှုမျိုး ဖြစ်သည်။ ယင်းသည် ကောင်းကင်နှင့်မြေကြီးအတွင်းရှိ ခပ်သိမ်းသော သက်ရှိတို့၏ လည်ပတ်မှု နိယာမတရားများကို ကိုယ်စားပြုနေကာ ကမ္ဘာလောကကြီးကို အုပ်ချုပ်ကွပ်ကဲနေသော စနစ်တစ်ခုဟုလည်း ဆိုနိုင်ပေသည်။ခံစားချက်မရှိသည့် သဘာဝအလျောက်လည်ပတ်နေသော တည်ရှိမှုတစ်ခု။
သီအိုရီအရဆိုလျှင် ကောင်းကင်တာအိုသည် အတ္တမရှိ၊ လောဘမရှိဘဲ သူ၏ လုပ်ဆောင်ချက်နှင့် နိယာမအားလုံးသည် ကောင်းကင်နှင့်မြေကြီး လည်ပတ်နိုင်ရန်အတွက်သာ ဖြစ်ကာ စကြဝဠာ၏ လည်ပတ်မှု နိယာမများကို ကိုယ်စားပြု၏။
သို့သော်လည်း ကောင်းကင်က မြင့်သည်ဆိုသော်ငြား လူတို့၏ စိတ်နှလုံးက ပို၍ မြင့်သည်ဟု ဆိုစကားရှိပေသည်။ လောကတွင် ပထမဆုံးသော ဉာဏ်ပညာအလင်းတန်း ထွက်ပေါ်လာပြီး ပထမဆုံးသော သက်ရှိသည် ကိုယ်ပိုင်အသိဉာဏ်ကို ရရှိလာခဲ့သည့် အချိန်မှစ၍ ထိုသက်ရှိများသည် မျိုးဆက်တစ်ခုပြီးတစ်ခု ကြီးထွားလာခဲ့ကြသည်။ ထိုသက်ရှိတို့သည် ကောင်းကင်တာအိုထံမှ စွမ်းအားများကို တောင်းခံခြင်းမှသည် လွတ်မြောက်ခြင်းအဆင့် ၊ ထာဝရအရှင်အဆင့် (ကောင်းကင်သက်တမ်း) နှင့် ထျန်းယွမ်အဆင့် (ကောင်းကင်မူလအဆင့်) များအထိ ဆင့်ကဲတိုးတက်လာကြသည်။
ကြီးပြင်းလာသော ကလေးငယ်များသည် မိဘများထက် သာလွန်သော စွမ်းအားများကို တဖြည်းဖြည်း ပိုင်ဆိုင်လာကြသကဲ့သို့ပင် ဖြစ်သည်။
သို့သော် ကမ္ဘာတစ်ခု၏ စွမ်းအားသည် အကန့်အသတ်ရှိ၏။ သို့ဖြစ်ရာ မဟာကမ္ဘာကြီးသည် ဟင်းလင်းပြင်အတွင်းရှိ ဖရိုဖရဲစွမ်းအင်များနှင့် လွင့်ပျံ့နေသော စွမ်းအားများကို စုပ်ယူနိုင်သည်ဆိုသော်လည်း ကျွမ်းကျင်သူများ၏ အရေအတွက်သည် အကန့်အသတ်ရှိလေသည်။ သူတို့သည် ကမ္ဘာလောက၏ ပိရမစ်အထက်ဆုံးတွင် ရှိနေကြသော တည်ရှိမှုများ ဖြစ်ကြသည်။
ခေတ်တစ်ခုတွင် သက်ရှိများကြား၌ အလွန်အမင်း ထွန်းကားသော အင်အားစုများ ပေါ်ထွက်လာပါက ကောင်းကင်တာအိုသည် ဘေးဒုက္ခများကို ဆင်းသက်စေလေ့ရှိသည်။ ထို့ကြောင့် အချို့သော ထိပ်တန်းကျွမ်းကျင်သူများ သည် အနီးနားရှိ မဟာကမ္ဘာများမှ နတ်ဘုရားများနှင့် မိစ္ဆာများ ကျူးကျော်လာခြင်းသည်ပင် ကောင်းကင်တာအို၏ အလိုဆန္ဒဖြစ်နိုင်သည်ဟု သံသယရှိကြသည်။
ထိုအချက်အပြင် လူတို့၏ စိတ်နှလုံးစွမ်းအား ဟု ခေါ်ဆိုသော အရာတစ်ခုရှိသည်။ လူသားတို့၏ စိတ်နှလုံးစွမ်းအားသည် အလွန်ရှုပ်ထွေးလှကာ ယင်း၌ ဖရိုဖရဲစွမ်းအင်ဖြင့်ပင် ထုတ်ယူ၍မရနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများ ပါဝင်နေ၏။ သူတော်စင်အဆင့် သို့မဟုတ် နတ်ဘုရားအဆင့်သို့ ရောက်ရှိပြီးနောက်တွင် လူတို့သည် စိတ်နှလုံးအတွင်း၌ ယုံကြည်ခြင်းစွမ်းအား ၊ ယဇ်ပူဇော်ခြင်းစွမ်းအားနှင့် ဆုတောင်းခြင်း စွမ်းအားများကို စုဆောင်းလာနိုင်မည် ဖြစ်သည်။
ထိုစွမ်းအားများအားလုံးသည် သူတော်စင်ဘုံ (သူတော်စင်ကမ္ဘာ) ၏ တိုးတက်မှုကို ပိုမိုတိုးမြှင့်နိုင်ကာ မြူမှုန်ကမ္ဘာအဆင့်မှ အထက်သို့ အဆင့်တက်လှမ်းစေနိုင်သဖြင့် မြောက်မြားစွာသော ကောင်းကင်တာအိုအဆင့်ရတနာများစွာထက်ပင် ပို၍ အသုံးဝင်လှသည်။ ထို့အပြင် ယဇ်ပူဇော်ခြင်းစွမ်းအားသည် သေဆုံးသွားပြီးသူများ သို့မဟုတ် တာအိုနှင့် ပေါင်းစည်းသွားကြသော ရှေးဟောင်းသူတော်စင်များနှင့် ရှေးဟောင်းနတ်ဘုရားများကိုပင် ခေတ္တခဏ ကိုယ်ထင်ပြလာစေနိုင်ပေသည်။
ယုံကြည်ခြင်းစွမ်းအားနှင့် ယဇ်ပူဇော်ခြင်းစွမ်းအားများအပြင် လူတို့၏ စိတ်နှလုံးအတွင်း၌ အခြားသော စွမ်းအားများစွာလည်း ရှိနေသေးကာ လွတ်မြောက်ခြင်းကို ရှာဖွေသည့် မလျော့သောဇွဲလုံ့လနှင့် အတွေးအခေါ်များ၊ အပျက်သဘောဆောင်သော အတွေးအမြင်များ ပါဝင်သည်။
အချုပ်အားဖြင့်ဆိုသော် တစ်စုံတစ်ဦးသည် ကမ္ဘာလောကတစ်ခုလုံးကို ပေါင်းစည်းနိုင်မည်ဆိုပါက ထိုသူသည် ထိုကမ္ဘာ၏ ကောင်းကင်တာအိုကို အစားထိုးလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ထိုအရာများသည် စိတ်ကူးယဉ်မှုမျှသာဖြစ်ကာ အစစ်အမှန် လက်တွေ့ဘဝသည် ခါးသီးလှသည်။
ယွီထျန်းမဟာမိတ်အဖွဲ့တွင် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် အရင်းအနှီးများ ရှိနေသော်လည်း လက်တွေ့တွင်မူ ခက်ခဲမှုသည် ရိုးရှင်းခြင်းမရှိချေ။ ငရဲမဟာကမ္ဘာအတွင်း၌ ပုန်းကွယ်နေသော ကျွမ်းကျင်သူများစွာရှိနေပြီး အချိန်နှင့် ခွန်အားများစွာ စိုက်ထုတ်ကာ အမျိုးမျိုးသော အကြံအစည်များဖြင့်ဆွဲဆောင်သိမ်းသွင်းရန်လိုအပ်သည်။ ယင်း၏ ခက်ခဲမှုသည် ငရဲမဟာကမ္ဘာတစ်ခုလုံးကို ပေါင်းစည်းရသည်နှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။
.....
ဟာမိုမိစ္ဆာသွေးပင်လယ်ရှိခဲ့သည့် တားမြစ်နယ်မြေ၏ အထက်တွင် မဟာမိစ္ဆာအရှင်သခင်အဆင့်ရှိ ကျွမ်းကျင်သူ ရာပေါင်းများစွာသည် လေထဲတွင် ရပ်တန့်နေကြသည်။ ထိုမဟာမိစ္ဆာအရှင်သခင်များသည် ယွီထျန်းမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်လေသည်။
"ဝုန်း"
ထူးဆန်းသော လှိုင်းဂယက်တစ်ခုသည်တားမြစ်နယ်မြေ၏ဟင်းလင်းပြင်အတွင်းရုတ်တရက်ထွက်ပေါ်လာကာ မည်သည့် ဖိနှိပ်မှုမျိုးကိုမျှ သယ်ဆောင်လာခြင်း မရှိခဲ့ဘဲ လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။
ထို့နောက် လူတိုင်း၏ ခေါင်းပေါ်၌ ဧရာမအရိပ်ကြီးတစ်ခုပေါ်လာ၏။
ဧရာမ နန်းတော်ကြီးတစ်ခု။
ထိုနန်းတော်ကြီးတွင် ရွှေရောင်ကဗျည်းပြားတစ်ခုကို ချိတ်ဆွဲထားပြီး ယင်းအပေါ်တွင် စာလုံးတစ်လုံးတည်းသာ ရေးထိုးထားသည်။
ကောင်းကင်…
ဖီးနစ်တစ်ကောင်ကခုန် ပျံသန်းနေသည့်ဟန်ဖြင့် ရေးသားထားသော ထိုစာလုံးသည် မည်သည့်ခေတ်၏ အက္ခရာစာလုံးရေးဟန်ဖြင့် ရေးထားသည်ကိုမသိနိုင်သော်လည်း ထိုနေရာရှိ မိစ္ဆာအရှင်သခင်များအားလုံးသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ကောင်းကင် ဟူသော စာလုံးဖြစ်ကြောင်း နားလည်နိုင်ကြပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုစာလုံး၏ပုံစံသည် သိမ်မွေ့နက်နဲသောဖိနှိပ်ခြင်းအရှိန်အဝါများဖြာထွက်နေသောကြောင့် ဖြစ်သည်။
မဟာမိစ္ဆာအရှင်သခင်များအားလုံး၏ မျက်နှာအမူအရာသည် လေးနက်သွား၏။
ငရဲမဟာကမ္ဘာ၏ အထွတ်အထိပ်တွင်ရပ်တည်နေသော ကျွမ်းကျင်သူများအနေဖြင့် ထိုနန်းတော်သည် လွတ်မြောက်ခြင်းအဆင့် အရှင်သခင် ခုနစ်ပါး၏ နန်းတော်ဖြစ်ကြောင်း သူတို့ သိရှိထားကြသည်။ နန်းတော်ကြီးပေါ်လာပြီး အသက်တစ်ရှိုက်အတွင်းပင် အနက်ရောင်ဝတ်ရုံခြုံထားသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်ခုနစ်ခုသည် နန်းတော်အပြင်ဘက်တွင် ရုတ်တရက် ပေါ်လာသည်။ သူတို့သည် ဓူဝံကြယ်ခုနစ်လုံး၏ ပုံသဏ္ဌာန်အတိုင်း စီတန်းနေကြကာ အနက်ရောင်ဝတ်ရုံများသည် သူတို့၏ ခန္ဓာကိုယ်များကို ဖုံးကွယ်ထားသဖြင့် အေးစက်သော အလင်းရောင်များ တောက်ပနေသည့် အေးစက်စက် မျက်လုံးအစုံများကိုသာ မြင်တွေ့ရပေသည်။
သူတို့သည် အောက်ဘက်ရှိ မဟာမိစ္ဆာအရှင်သခင်များစွာကို မောက်မာစွာ ငုံ့ကြည့်လာသည်။ လွတ်မြောက်ခြင်းအဆင့် အရှင်သခင် ခုနစ်ပါးသည် ငရဲပြည်တွင် အလွန်မြင့်မြတ်သော အဆင့်အတန်းရှိပြီး လွတ်မြောက်ခြင်းအဆင့်များဖြစ်ကာ သွေဖည်ခြင်းတာအိုလမ်းစဥ်ကို နားလည်သဘောပေါက်ထားကြသည်။ ထိုလွတ်မြောက်ခြင်းအဆင့် အရှင်သခင် ခုနစ်ပါးထဲမှ အချို့သည် ယမမင်း၊ လျန့်ယွီမိစ္ဆာအရှင်သခင်နှင့် ချောက်နက်မိစ္ဆာအရှင်သခင်တို့ကဲ့သို့သော ဝါရင့်မိစ္ဆာအရှင်သခင်များလောက်ပင် အတွေ့အကြုံမရင့်ကျက်ကြချေ။
သို့သော် သွေဖည်ခြင်းတာအိုကို နားလည်သဘောပေါက်ကာ ကောင်းကင်အရှင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သောကြောင့် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်များဖြစ်သည့် မဟာမိစ္ဆာအရှင်သခင်များ လေးစားရိုသေရသော တည်ရှိမှုများ ဖြစ်လာခဲ့ကြလေသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင်ဖြစ်စေ၊ ငရဲမဟာကမ္ဘာ၌ဖြစ်စေ ခွန်အားသည်သာ အဓိကဖြစ်ကာ အခြားသော အတွေ့အကြုံများအားလုံးသည် ဖြတ်သန်းသွားသော တိမ်တိုက်များကဲ့သို့ များစွာအရေးပါခြင်းမရှိပေ။
အပိုင်း (၃၃၂)
"အရှင်သခင် ခုနစ်ပါးကို ဂါရဝပြုပါတယ်"
ထိုအချိန်တွင် မဟာမိစ္ဆာအရှင်သခင်များသည် အချင်းချင်း အကြည့်ခြင်းဖလှယ်လိုက်ကြကာ အထက်ရှိ ပုံရိပ်ခုနစ်ခုကို လေးစားစွာ ဦးညွှတ်ဂါရဝပြုလိုက်သည်။
ဦးဆောင်နေကြသော ယမမင်းနှင့် ချောက်နက်မိစ္ဆာအရှင်သခင်တို့ပင် ခေတ္တမျှ တွေးတောပြီးနောက် ဦးညွှတ်ဂါရဝပြုလိုက်ကြ၏။
"မင်းတို့ လုပ်တာမဆိုးဘူး... ငရဲပြည်မှာ အပြောင်းအလဲကြီးတွေ ဖြစ်လာတော့မယ်... ယွီထျန်းမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီး ငရဲပြည်ရဲ့ အင်အားစုတွေကို စည်းလုံးညီညွတ်အောင် လုပ်ဖို့က မဖြစ်မနေ လိုအပ်တဲ့အရာပဲ"
"အခုချိန်ကစပြီး မင်းတို့ရဲ့လုပ်ဆောင်ချက်တွေမှာကောင်းကင်တာအိုရဲ့ ထောက်ခံမှုကို ရလာလိမ့်မယ်"
ခေါင်းဆောင်ဖြစ်သည့် အရှင်သခင်တစ်ပါးသည် လေးနက်သော အသံဖြင့်စကားဆိုလာသည်။သူရပ်နေသော နေရာသည် ကြယ်ခုနစ်လုံး၏ ထိပ်ဆုံးနေရာဖြစ်သဖြင့် သူသည် ပထမအရှင်သခင် ဖြစ်ကြောင်း ထင်ရှားပေသည်။ သူ၏အသံသည် အလွန်အမင်းသာမန်ဖြစ်နေကာ ယောင်္ကျား ၊ မိန်းမ ခွဲခြားမရသောအသံမျိုးဖြစ်သည်။ သို့သော် သူ၏ခွန်အားသည် လွတ်မြောက်ခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်ကာ ကျား၊မ ဟူသည် ထိုအဆင့်တွင် အရေးကြီးခြင်းမရှိတော့ပေ။
ထို့အပြင်သူတို့သည် မျက်တောင်တစ်ခတ်အတွင်းပင် သူတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လိင်ကို ပြောင်းလဲနိုင်စွမ်းရှိသည်။ စိတ်နှလုံးသည်သာ လွတ်မြောက်ခြင်းအဆင့်ရှိကျွမ်းကျင်သူတစ်ယောက်၏ အစစ်အမှန်ပုံသဏ္ဌာန်ဖြစ်ကာ အရာအားလုံးသည်သူတို့၏ ဆန္ဒအလျောက်ပြောင်းလဲထားခြင်းဖြစ်သည်။
ပထမအရှင်သခင်၏ စကားကို ကြားသောအခါ မဟာမိစ္ဆာအရှင်သခင်များအားလုံး တုန်လှုပ်သွားကြသည်။ ပထမအရှင်သခင်၏ စကားအဓိပ္ပာယ်အရ သူတို့ လောင်းကြေးထပ်ခဲ့သည့်အကြံအစည်သည် မှန်ကန်သွားပြီဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို ကျူးကျော်ခြင်းသည် ငရဲဘုံ၏ကောင်းကင်တာအို အလိုရှိနေသောဆန္ဒဖြစ်နေလေသည်။
လွတ်မြောက်ခြင်းအဆင့် အရှင်သခင် ခုနစ်ပါးသည် ငရဲမဟာကမ္ဘာ၏ကောင်းကင်တာအို ကိုယ်စားလှယ်များ ဖြစ်ကြသည်။ သို့ဖြစ်၍ သူတို့ပြောသောစကားများနှင့် အပြုအမူများသည် ကောင်းကင်တာအို၏ထိန်းချုပ်မှုအောက်တွင်ရှိနေကာ အရှင်သခင်ခုနစ်ပါး၏ လုပ်ဆောင်ချက်တိုင်းသည် အကြောင်းပြချက်ရှိနေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ပထမအရှင်သခင် စကားပြောပြီးနောက်တွင်အရှင်သခင် ခုနစ်ပါးသည် သူတို့ရပ်နေသည့်ခုနစ်စင်ကြယ်ပုံမှပြောင်းလဲသွားကာစက်ဝိုင်းပုံစံ စီတန်းလိုက်ကြ၏။
ထို့နောက် မဟာမိစ္ဆာအရှင်သခင်များအားလုံးသည် ရှင်းပြ၍မရနိုင်သော ကြီးမြတ်သည့် စွမ်းအားတစ်ခု ကျဆင်းလာသည်ကို ခံစားလိုက်ရလေသည်။
ထို့နောက် မူလက လူတိုင်း၏အထက်ရှိ မီးခိုးရောင်သန်းနေသော ငရဲကမ္ဘာ၏ဟင်းလင်းပြင်တွင် အက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်လာသည်။ ထိုအက်ကွဲကြောင်းအတွင်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ အဆုံးမဲ့ ဂုဏ်ကျက်သရေအရှိန်အဝါများဖြင့် တောက်ပနေသည်။ ထိုမြင်ကွင်းသည် ကြီးကျယ်ခမ်းနားသော ထူးခြားဖြစ်စဉ်မျိုး မဟုတ်ချေ။ မဟာမိစ္ဆာအရှင်သခင်များ၏ ခေါင်းပေါ်ရှိ နေရာတစ်ခုကိုသာ လွှမ်းခြုံထားခြင်း ဖြစ်သည်။
မဟာမိစ္ဆာအရှင်သခင်များအားလုံးသည် အက်ကွဲကြောင်းများထဲမှ ရွှေရောင်အလင်းတန်းများကို မြင်သောအခါ ရိုသေကိုင်းရှိုင်းစိတ်နှင့် ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။ ထို့နောက် သူတို့၏စိတ်နှလုံးအတွင်းရှိ အကျိုးအမြတ်အတွက်လိုချင် တပ်မက်မှု၊ လောဘရမ္မက်၊ မကျေမချမ်းဖြစ်မှု၊ သတ်ဖြတ်လိုစိတ် စသည့် ရှုပ်ထွေးသော စိတ်ခံစားချက်များအားလုံး ပျောက်ကွယ်သွားလေသည်။ သူတို့သည် အဆုံးမဲ့ ဂုဏ်ကျက်သရေအရှိန်အဝါများဖြင့်လင်းလက်တောက်ပနေသည့် ထိုရွှေရောင်အလင်းတန်းများအောက်တွင် ဒူးထောက် ရှိခိုးလိုက်ကြသည်။
ရွှေရောင်ယုံကြည်ခြင်းစွမ်းအားများထွက်ပေါ်လာကာ ကောင်းကင်သို့ ထိုးတက်သွားပြီး ရွှေရောင်အက်ကြောင်းများအတွင်းသို့ စီးဝင်သွားသည်။ ထိုခဏတွင် တားမြစ်နယ်မြေတစ်ခုလုံးသည် ရွှေရောင်ပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ပင်ဖြစ်သည်။ ထို့နောက် ယုံကြည်ခြင်းအလင်းတန်းများ ပျောက်ကွယ်သွားလျှင် ရွှေရောင်အက်ကွဲကြောင်းများထဲမှ ရွှေရောင်အလင်းတန်းများသည် မျက်စိကျိန်းလုနီးပါး တောက်ပလာကာ ရွှေရောင်အလင်းမိုးများ ကျဆင်းလာပြီး တားမြစ်နယ်မြေ၏လေထဲတွင် လွင့်မျောနေကြသော မဟာမိစ္ဆာအရှင်သခင်များကို လွှမ်းခြုံသွားသည်။
ရွှေရောင်အလင်းမိုးစက်များသည် ကံကြမ္မာစွမ်းအားများ ဖြစ်ကာ ဒဏ္ဍာရီလာ ကံကြမ္မာရွှေရောင်အလင်း ဖြစ်၏။
ကံကြမ္မာစွမ်းအား…
ကံကြမ္မာဆိုသည်မှာ ရှင်းပြ၍မရနိုင်သော စွမ်းအားတစ်ခုဖြစ်ကာ လူတိုင်းတွင် ကိုယ်ပိုင် ကံကြမ္မာ အသီးသီး ရှိလေသည်။
ရွှေရောင်အလင်းမိုးစက်များ မဟာမိစ္ဆာအရှင်သခင်များအပေါ်ကျဆင်းထိတွေ့သွားလျှင် သူတို့၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ သန့်စင်သော ကံကြမ္မာစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ ထိုစွမ်းအားများသည် တစ်ဦးတစ်ယောက်၏ ကံကြမ္မာကို သန်မာအားကောင်းစေနိုင်စွမ်းရှိသည်။
ဟာမိုသွေးပင်လယ်တည်ရှိခဲ့သည့် အနှီတားမြစ်နယ်မြေရှိ ထိပ်သီး မဟာမိစ္ဆာအရှင်သခင်အားလုံးသည် ကြီးကျယ်ခမ်းနားသော ကံကြမ္မာပိုင်ရှင်များဟု ခေါ်ဆိုနိုင်ပေသည်။ ထိုသို့မဟုတ်ပါက ကမ္ဘာလောကတစ်ခု၏ အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်မည် မဟုတ်ချေ။ လွတ်မြောက်ခြင်းအဆင့်အောက်တွင် သူတို့သည် အသန်မာဆုံးဖြစ်ကြကာ ငရဲပြည်အတွင်းရှိ ထိပ်သီးအင်အားစုတစ်ခုစီကို ချုပ်ကိုင်ထားကြသည်။
မဟာမိစ္ဆာအရှင်သခင်များသည် သူတို့ ထွန်းတောက်လာခဲ့သော ခေတ်ကာလများတွင် ကောင်းကင်သားတော်များ၊ ကံကြမ္မာ၏ မျက်နှာသာပေးခံရသူများဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် ယခုအခါ ဒဏ္ဍာရီလာ ကံကြမ္မာရွှေရောင်အလင်းမိုးဖြင့် သွန်းလောင်းခံရသဖြင့် သူတို့၏ ကံကြမ္မာစွမ်းအင်များသည် အဆက်မပြတ် မြင့်တက်လာလေသည်။
အထူးသဖြင့် ချောက်နက်မိစ္ဆာအရှင်သခင် ဖြစ်သည်။ သူသည် ထိုနေရာရှိ မိစ္ဆာအရှင်သခင်များအားလုံးထဲတွင် ကံကြမ္မာ အကောင်းဆုံးသူ ဖြစ်နေပြီး ရွှေရောင်ကံကြမ္မာအလင်း၏ သွန်းလောင်းမှု အောက်တွင် ကံတရားသရဖူကို ဖွဲ့စည်းနိုင်သွားလေသည်။ ယခင်က ကျုံးကျဲသည်လည်း ထိုကဲ့သို့ပင် ကံတရားသရဖူကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။
ကံတရားသရဖူပိုင်ဆိုင်သူသည် သာမန် ကံကြမ္မာသားတော်များထက် ပိုမိုအားကောင်းသော ကံကြမ္မာအဆင့်အတန်း၌ရှိသူ ဖြစ်ကာ ကံကြမ္မာဘုရင်အဆင့်ဟုပင် ခေါ်ဆိုနိုင်ပေသည်။ ရွှေရောင်ကံကြမ္မာအလင်းမိုးအောက်တွင်လွှမ်းခြုံခံရသော မဟာမိစ္ဆာအရှင်သခင်များအားလုံးထဲတွင် ချောက်နက်မိစ္ဆာအရှင်သခင် တစ်ဦးတည်းသာ ကံတရားသရဖူကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသည်က ချောက်နက်မိစ္ဆာအရှင်သခင်တွင် နက်နဲစွာ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ ရှိနေသည်မှာ ထင်ရှားလှသည်။
သူ၏အားကောင်းသော ကံကြမ္မာတစ်ခုတည်းဖြင့်ပင် ယခုနေရာ၌ရှိနေသော မိစ္ဆာအရှင်သခင်များအားလုံးထက် သာလွန်နေသည်။
ရွှေရောင်ကံကြမ္မာအလင်းမိုးသည် လျင်မြန်စွာ ရောက်လာသကဲ့သို့ လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွား၏။ သို့သော် ထိုအချိန်တိုလေးအတွင်း၌ပင် လူတိုင်း၏ ကံကြမ္မာများသည် အားကောင်းလာပြီဖြစ်သည်။ သူတို့၏ကံကြမ္မာစွမ်းအားများဖြင့် ယခုအချိန်တွင် မြေကြီးကို ပေါက်တူးဖြင့် တစ်ချက်လောက် တူးလိုက်လျှင် ထူးဆန်းသော ရတနာများ ပေါ်ထွက်လာသည်ကို ကြုံတွေ့ရနိုင်ကာ ဂူတစ်ခုထဲသို့ ကျပန်းဝင်သွားလျှင် ရှေးဟောင်းအမွေအနှစ်များကို ရှာဖွေတွေ့ရှိနိုင်နေလေသည်။
ထိုသည်ကား ကံကြမ္မာ၏ စွမ်းအားပင် ဖြစ်သည်။
"ဒီရွှေရောင်ကံကြမ္မာအလင်းက မင်းတို့အားလုံးအတွက် ကောင်းကင်တာအိုရဲ့ ဆုချီးမြှင့်မှုလို့ သတ်မှတ်နိုင်တယ်...မင်းတို့ရဲ့အစီအစဉ်ကို တွန့်ဆုတ်မှုမရှိဘဲ ရဲရဲဝံဝံအကောင်အထည်ဖော်ကြပါ"
"ဒါက ငရဲနယ်နိမိတ်အလံ တစ်သောင်းရှစ်ထောင်.... ဒီငရဲနယ်နိမိတ်အလံတစ်ခုစီတိုင်းက ဧရိယာ မိုင်တစ်သန်းပတ်လည်ကို သိမ်းပိုက်နိုင်တယ်"
"ငရဲနယ်နိမိတ်အလံကို မင်းတို့သိမ်းပိုက်ပြီးတဲ့မြေကြီးပေါ် စိုက်လိုက်ရုံနဲ့ အလံနားက မိုင်တစ်သန်းပတ်လည် ဧရိယာကို ငရဲပြည်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မယ်"
"ဒါပေမဲ့ ဒီအလံကို စိုက်ပြီးတာနဲ့ အပြည့်အဝ ပေါင်းစည်းသွားဖို့ တစ်လတိတိ သန့်စင်ဖို့ လိုအပ်တယ်... အဲဒီကာလအတွင်းမှာ မတော်တဆမှု ဒါမှမဟုတ် နှောင့်ယှက်မှု တစ်ခုခုဖြစ်ခဲ့ရင် ပေါင်းစည်းမှု ကျရှုံးသွားလိမ့်မယ်"
"ငရဲနယ်နိမိတ်အလံတိုင်းကို အောင်မြင်စွာ ပေါင်းစည်းနိုင်တာနဲ့အမျှ ကောင်းကင်တာအိုက မင်းတို့ကို ဆုလာဘ်တွေ ပေးလာလိမ့်မယ်...မင်းတို့ရဲ့ ကုသိုလ်ကံက လုံလုံလောက်လောက်ကြီးမားမယ်ဆိုရင် သွေဖည်ခြင်းတာအိုကို နားလည်သဘောပေါက်နိုင်ပြီး ကောင်းကင်အရှင် အဆင့်ကိုရောက်ဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ အရာမဟုတ်တော့ဘူး"
အရှင်သခင် ခုနစ်ပါးသည် တစ်ပြိုင်နက်တည်းနီးပါး ပြောလိုက်ကြခြင်းဖြစ်သည်။
သူတို့၏ အသံခုနစ်သံသည် အတူတကွပေါင်းစည်းသွားကာ လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားပြီး ထိပ်သီး မဟာမိစ္ဆာအရှင်သခင်များ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။
ထို့နောက် ငရဲနယ်နိမိတ်အလံ တစ်သောင်းရှစ်ထောင်ကို အောက်ဘက်ရှိ မိစ္ဆာအရှင်သခင်များထံသို့ ပစ်ချလိုက်သည်။
"ဒါနဲ့ သူက ငါတို့ခုနစ်ယောက်ရဲ့ ဆက်ခံသူပဲ... သူက ယွီထျန်း မဟာမိတ်အဖွဲ့ထဲ ဝင်ပြီး မင်းတို့နဲ့ ငါတို့ကြား ဆက်သွယ်ပေးမယ့် သူဖြစ်လာလိမ့်မယ်"
"ဟွာထျန်း... မင်း သွားလိုက်ပါ"
ကောင်းကင် ဟူသော စာလုံး ရေးထွင်းထားသည့် နန်းတော်ကဗျည်းပြားသည် ရုတ်တရက် တောက်ပလာကာ နန်းတော်၏ တံခါးမကြီး ရုတ်တရက် ပွင့်သွားသည်။ ထို့နောက် အသက် ဆယ့်ခြောက်နှစ်ခန့်အရွယ်ရှိ စာပေပညာရှင်ပုံစံ ဝတ်ဆင်ထားသော ရုပ်ရည်သန့်ပြန့်သည့် လူငယ်တစ်ဦး ဖြည်းညင်းစွာ ထွက်လာသည်။ သူ၏ မျက်နှာအမူအရာသည် လေးနက်တည်ကြည်ကာ အနည်းငယ် တောင့်တင်းနေသည်။
သူ ထွက်ပေါ်လာသည်နှင့် အရှင်သခင် ခုနစ်ပါးကို ခေါင်းညိတ်ပြလိုက်ပြီး ချောက်နက်မိစ္ဆာအရှင်သခင်၏ ဘေးသို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။ သူသည် မည်သည့်နှုတ်ဆက်စကားမျှဆိုခြင်းမရှိဘဲ အေးစက်စက် မျက်နှာထားဖြင့် ထိုနေရာတွင် ရပ်နေ၏။ သူ၏ခန္ဓာကိုယ်မှ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်နေခြင်း မရှိဘဲ သာမန် သေမျိုးလူသားတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။
ဟွာထျန်း ဟုခေါ်သော အနှီလူငယ်သည် အနည်းငယ် ရိုင်းစိုင်းပုံပေါ်သော်လည်း သူသည် အရှင်သခင် ခုနစ်ပါး၏ ကိုယ်စားလှယ်ဖြစ်သဖြင့် မဟာမိစ္ဆာအရှင်သခင်များသည် မည်သည့်ကန့်ကွက်မှုမျှ မလုပ်ရဲကြဘဲ ရိုသေလေးစားစွာဆက်ဆံလိုက်ကြလေသည်။
"ကဲပါ... မင်းတို့ ယွီထျန်း မဟာမိတ်အဖွဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို ငါတို့ခုနစ်ယောက် လုံးဝ ဝင်စွက်ဖက်မှာ မဟုတ်ဘူး"
"ငါတို့ကို ဆက်သွယ်ချင်ရင် ဟွာထျန်းကို ပြောလိုက်ရုံပဲ"
"ဒါ့အပြင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရဲ့ အပြောင်းအလဲတွေကို မင်းတို့ ဖြေရှင်းဖို့ မလိုဘူး... မျှော်စင်ထဲက အဲဒီတည်ရှိမှု မျှော်စင်ထိပ်ကို မရောက်ခင် ဒါမှမဟုတ် မျှော်စင်ထဲက မထွက်လာခင် အင်အားစုအားလုံးကို တတ်နိုင်သမျှ စည်းလုံးထားပါ...မဟုတ်ရင် ကြီးမားတဲ့ ဘေးဒုက္ခကြီး ကျရောက်လာလိမ့်မယ်"
"ပြောစရာရှိတာကတော့ ဒါပဲ...အများကြီးပြောနေလည်း အပိုပဲမို့လို့ မင်းတို့အားလုံး အမြန်ဆုံး လွတ်မြောက်ခြင်းအဆင့်ကို ရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်"
ပထမအရှင်သခင်သည် ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်သည်။
ထို့နောက်တွင်မူ လွတ် မြောက်ခြင်းအရှင်သခင်ခုနစ်ပါး၏ ပုံရိပ်ခုနစ်ခုသည် သူတို့နောက်ကျောရှိ နန်းတော်ကြီးနှင့်အတူ ရေလှိုင်းများကဲ့သို့ တုန်ခါသွားကာ တိတ်ဆိတ်စွာဖြင့် ပြန်လည်ပျောက်ကွယ်သွားကြလေတော့သည်။ ဟင်းလင်းပြင်ထဲရှိ အက်ကွဲကြောင်းများသည်လည်း ပြန်လည်ပိတ်သွား၏။
ထိပ်သီး မိစ္ဆာအရှင်သခင်တိုင်း၏ ကံကြမ္မာစွမ်းအားများသာ အားကောင်းလာခဲ့ခြင်း မရှိပါက အရှင်သခင် ခုနစ်ပါးသည် မည်သည့်အခါမျှ ပေါ်မလာခဲ့သကဲ့သို့ ထင်ရပေလိမ့်မည်။
ထိုအချိန်တွင်မှ လူတိုင်းသည် သတိပြန်ဝင်လာကြလေသည်။
ချောက်နက်မိစ္ဆာအရှင်သခင်သည် ကိုယ်ကိုလှည့်ကာ ဟွာထျန်းကို ဦးညွှတ်လိုက်သည်။
"ဟွာထျန်း သခင်လေး... ဘာများ ညွှန်ကြားစရာ ရှိပါသလဲ"
ဟွာထျန်း အမည်ရ လူငယ်သည် ခေါင်းလှည့်ကာ အေးစက်သော မျက်လုံးများဖြင့် ချောက်နက်မိစ္ဆာအရှင်သခင်ကို ကြည့်လိုက်သည်။
ထိုအခါ ချောက်နက်မိစ္ဆာအရှင်သခင်၏ စိတ်ထဲတွင် သူ၏ လျှို့ဝှက်ချက်များအားလုံးကို အကုန်အစင် ကြည့်ရှုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
"ခင်ဗျားက တော်တော်ထက်မြက်ပါတယ်..."
"ကျုပ်ကို မေးစရာမလိုဘူးထင်တာပဲ... ခင်ဗျားတို့ရဲ့ အစီအစဉ်အတိုင်းပဲ ဆက်လုပ်ပါ"
ထိုသို့ပြောပြီးသည်နှင့် ဟွာထျန်းသည် ခေါင်းလှည့်သွားကာ အေးစက်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။
ထိုသို့ဆက်ဆံခံရသော်လည်း ချောက်နက်မိစ္ဆာအရှင်သခင်သည် မည်သည့် ဒေါသထွက်မှုမျှမရှိဘဲ ဟွာထျန်းကိုသာ နောက်တစ်ကြိမ် လေးစားစွာ ဦးညွှတ်လိုက်ပြန်သည်။ သူ၏ အနောက်ဘက်တွင်ရှိသော ယမမင်းနှင့် လျန့်ယွီမိစ္ဆာအရှင်သခင်တို့သည် ချောက်နက်မိစ္ဆာအရှင်သခင်ကို တစ်လှည့်၊ ဟွာထျန်းကို တစ်လှည့်ကြည့်လိုက်ဖြင့် တစ်စုံတစ်ရာကို လေးနက်စွာ တွေးတောနေကြလေသည်။ ဟွာထျန်း၏ အစစ်အမှန်သရုပ်မှုသည် အရှင်သခင် ခုနစ်ပါး၏ ဆက်ခံသူဆိုသည်လောက် ရိုးရှင်းမည် မဟုတ်ချေ။
ချောက်နက်မိစ္ဆာအရှင်သခင်သည် မည်မျှ မာနကြီးသော ပုဂ္ဂိုလ်မျိုးနည်း။
ကောင်းကင်အရှင်၊ ထာဝရအရှင်အဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရလျှင်ပင် နှိမ့်ချလွန်းခြင်း မရှိသကဲ့သို့ မာနထောင်လွှားလွန်းခြင်းလည်း မရှိဘဲ တည်ငြိမ်စွာ နေနိုင်သူ ဖြစ်သည်။ သူတို့သည် ချောက်နက်မိစ္ဆာအရှင်သခင်တစ်ယောက် ဤမျှ ဂရုစိုက်ဖော်ရွေစွာ ပြုမူနေသည်ကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ သို့သော် ယခုအချိန်တွင် ထိုအရာကို စုံစမ်းရန် အချိန်မဟုတ်ပေ။
သူတို့တွင် ပိုမို အရေးအကြီးသည့်ကိစ္စများရှိနေ၏။ သို့နှင့် ချောက်နက်မိစ္ဆာအရှင်သခင်နှင့် ဝါရင့် မိစ္ဆာအရှင်သခင်အချို့သည် တာဝန်များကို လျင်မြန်စွာ ခွဲဝေပေးလိုက်ကာ ခဏအကြာတွင် တားမြစ်နယ်မြေ၏အထက်၌ရှိနေသော မိစ္ဆာအရှင်သခင်များအားလုံး ဟင်းလင်းပြင်ကို ဖောက်ထွင်း ပျောက်ကွယ်သွားကြသည်။ မူလနေရာတွင် ဟွာထျန်း၊ ချောက်နက်မိစ္ဆာအရှင်၊ ယမမင်း၊ ရွှံ့နွံမိစ္ဆာအရှင်သခင် စသည့် အားကောင်းသော တည်ရှိမှုအချို့သာ ကျန်ရစ်ခဲ့လေသည်။
ဟွာထျန်း ဟုခေါ်သော လူငယ်သည် ရုတ်တရက် ခေါင်းမော့လာကာ ဟင်းလင်းပြင်၏ တစ်နေရာသို့ ကြည့်လိုက်ပြီး ရုတ်တရက် ပြောလာသည်။
"ခင်ဗျားတို့ ဒီနေရာကနေ ကျုပ်ကို စောင့်နေကြ..."
"ကျုပ်မကြာခင် ပြန်လာခဲ့မယ်"
အေးစက်သော စကားသံ အဆုံးတွင် ဟွာထျန်း၏ ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါင်းစည်းပျောက်ကွယ်သွားသည်။
မူလနေရာတွင် မဟာမိစ္ဆာအရှင်သခင်အချို့သည် အချင်းချင်း ကြည့်လိုက်ကြ၏။
"ချောက်နက်မိစ္ဆာအရှင်... ဟွာထျန်းဘယ်သူဆိုတာ မင်း သိတယ်မဟုတ်လား"
ယမမင်း၏ အသံသည် ချောက်နက်မိစ္ဆာအရှင်သခင်၏ စိတ်ထဲတွင် ပေါ်လာသည်။သူတို့သည် နတ်ဘုရားအာရုံဖြင့် ဆက်သွယ်နေကြခြင်း ဖြစ်သည်။
"ငါမပြောရင်တောင် ဒီလူက ဘယ်သူလဲဆိုတာ မင်းလည်း သိသင့်တယ်"
"နှမြောစရာပဲ... အဲဒီတုန်းက နဂါးမဲ့နတ်ဘုရားဘုရင် ရုတ်တရက် ပေါ်မလာခဲ့ပဲ မင်းရဲ့သေခြင်းရှင်ခြင်းသံသရာကို ထိန်းချုပ်နိုင်စွမ်း မဆုံးရှုံးခဲ့ရဘူးဆိုရင် အခု သူ အလေးထားတာ ငါမဟုတ်ဘဲ မင်းဖြစ်နေလောက်ပြီ"
ချောက်နက်မိစ္ဆာအရှင်သခင်၏ တုံ့ပြန်မှုကို ကြားသောအခါ ယမမင်းသည် နှုတ်ဆိတ်နေရန် ဆုံးဖြတ်လိုက်သည်။ ချောက်နက်မိစ္ဆာအရှင်သခင်၏စကားများသည် သူ့ကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ထိုအချိန်၌ သူ၏စိတ်ထဲတွင် မည်သည့်အရာကို တွေးနေသနည်းဆိုသည်ကို မည်သူမျှ မသိနိုင်ချေ။