အခန်း (၃၃၃-၃၃၄)
Vol. 34 Ch. 333-334
အပိုင်း (၃၃၃)
ဟာမိုမိစ္ဆာသွေးပင်လယ်နှင့် အလွန်ဝေးကွာလှသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခု။
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်။
ကြီးမားသော အပြောင်းအလဲတစ်ခုဖြစ်ပွားပြီးနောက်တွင် လွတ်မြောက်ခြင်းအဆင့် အရှင်သခင် ခုနစ်ပါး၏ ကိုယ်ပွားများသည် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ အခြားသော ငရဲဘုံမှ ကျွမ်းကျင်သူများသည်လည်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်တည်ရှိသည့် ကိုးထပ်မြောက်ကုန်းမြေတိုက်၏ ဟင်းလင်းပြင်အထက်သို့ ချဉ်းကပ်ရန် မဝံ့မရဲ ဖြစ်နေကြလေသည်။ယခုအချိန်တွင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် ကိုင်တွယ်ရန် ခက်ခဲသော အာလူးပူတစ်လုံးကဲ့သို့ ဖြစ်နေကာ ထူးဆန်းစွာပင် တိတ်ဆိတ်ခြောက်ကပ်နေခဲ့၏။
ထိုနေရာ၌ ရုတ်တရက်ဆိုသလို ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာကာ ယင်းသည်ဟင်းလင်းပြင်မှ မွေးဖွားထွက်ပေါ်လာသကဲ့သို့ ဖြစ်သည်။ ထိုပုံရိပ်သည် ဟွာထျန်း ဖြစ်သည်။ သူ၏ မျက်နှာအမူအရာသည် ယခင်အတိုင်းပင် အေးစက်နေဆဲ ဖြစ်ကာ ဟင်းလင်းပြင်ထဲတွင် တိတ်ဆိတ်စွာ ရပ်တန့်နေပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ခေတ္တမျှ ကြည့်ရှုလေ့လာနေသည်။
သူသည် တစ်စုံတစ်ခုကို ရှာဖွေနေသည့်ဟန် ရှိ၏။ ထို့နောက် ဟွာထျန်းသည် သူ၏ခန္ဓာကိုယ်ကို ရုတ်တရက် လှုပ်ရှားလိုက်လျှင် မျှော်စင်၏ အထက်ပိုင်းသို့မြင့်တက်သွားသည့် နေရာတွင်ပြန်၍ပေါ်လာသည်။ သူသည် ခန္ဓာကိုယ်ကို ကုန်းလိုက်ပြီး လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်ကာ မျှော်စင်ကိုယ်ထည်ပေါ်သို့ ဖြည်းညှင်းစွာ ဖိချလိုက်သည်။
ထိုအခါ သူ၏လက်ဝါးသည် ရေလှိုင်းများကဲ့သို့ ကြည်လင်လာကာ ရေမျက်နှာပြင် လှုပ်ခတ်သွားသကဲ့သို့ လှိုင်းဂယက်များ ဖြာထွက်လာသည်။ ထိုလှိုင်းဂယက်များသည် တဖြည်းဖြည်း ကျယ်ပြန့်သွားကာ သူ၏ ပတ်ဝန်းကျင်ရှိ မျှော်စင်ကိုယ်ထည်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ထို့ နောက် ဟွာထျန်း၏ ခန္ဓာကိုယ်သည်လည်း မျှော်စင်အတွင်းသို့ ဖြည်းညှင်းစွာ နစ်မြုပ်သွားလေတော့သည်။
ဟွာထျန်းသည် ထူးဆန်းသောနည်းလမ်းကို အသုံးပြုကာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အတားအဆီးကို ဖောက်ထွင်းလိုက်ခြင်း ဖြစ်သည်။ ဟွာထျန်းနစ်မြုပ်သွားသည့်နေရာသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင် တစ်ခုလုံး၏ သေးငယ်သော ထောင့်စွန်းလေးတစ်ခုမျှသာ ဖြစ်သော်လည်း မျှော်စင်ထဲသို့ ဝင်ရောက်ရန်အတွက်မူ လုံလောက်ပေသည်။
ဟွာထျန်းတစ်ယောက် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းသို့ အပြည့်အဝ ဝင်ရောက်သွားသောအခါ ကျုံးရှန်တည်ရှိသည့် ဆဋ္ဌမအထပ်တစ်ထောင်ကမ္ဘာအတွင်း၌ ပေါ်လာလေသည်။ ဆဋ္ဌမအထပ်တစ်ထောင်ကမ္ဘာသည် တစ်ချက်ကြည့်လိုက်ပါက ငရဲမဟာကမ္ဘာနှင့် တစ်ပုံစံတည်း တူညီနေသည်ကို တွေ့ရမည်ဖြစ်သည်။ ငရဲမဟာကမ္ဘာ၏ တားမြစ်နယ်မြေလေးခုပင် တည်ရှိနေကာ တစ်ခုတည်းသော ကွာခြားချက်မှာ မူလတားမြစ်နယ်မြေလေးခုထက် အဆပေါင်း များစွာ သေးငယ်နေခြင်း ဖြစ်၏။
အခြားသော အလယ်အလတ်ကမ္ဘာများနှင့် ကမ္ဘာငယ်ငရဲဘုံများသည်လည်း အရွယ်အစား သေးငယ်သော ပုံတူကမ္ဘာများအဖြစ် တည်ရှိနေကြသည်။ ယင်းကို ငရဲမဟာကမ္ဘာ၏ ပုံစံငယ်ဟုပင် ခေါ်ဆိုနိုင်သည်။ ဟွာထျန်းသည် ကျူးကျော်သူတစ်ဦးကဲ့သို့ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာခြင်း ဖြစ်သည်။
သူ၏လုပ်ရပ်သည်ကျုံးရှန်ကို ဖုံးကွယ်ထားနိုင်သော်လည်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ထိန်းချုပ်မြှအချို့ကို ချုပ်ကိုင်ထားသော တက်လှမ်းခြင်းအဖိုးအိုကိုမူ ဖုံးကွယ်နိုင်ခြင်း မရှိချေ။ ဟွာထျန်း၏ ဘေးတွင် ရုတ်တရက် ဖြူဖွေးသောအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ဝတ်ရုံဖြူဝတ် အဖိုးကြီးတစ်ဦး အသွင်ပြောင်းသွားသည်။
"မင်းက တော်တော်လေး သတ္တိကောင်းတာပဲ"
"ကိုယ်ပွားတစ်ခုတည်းနဲ့ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ထဲကို ဝင်လာရဲတယ်ပေါ့"
"ငါ မင်းကို ဝါးမြိုလိုက်မှာကို မကြောက်ဘူးလား"
ထိုအဖိုးကြီးသည် တက်လှမ်းခြင်းအဖိုးအိုပင် ဖြစ်သည်။
သူ၏စကားကို ကြားသော်လည်း ဟွာထျန်းသည် အမူအရာကင်းမဲ့လျက်ရှိနေဆဲဖြစ်သည်။ သူသည် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း မရှိဘဲ အေးစက်သောလေသံဖြင့်ပြောဆိုလိုက်သည်။
"ခင်ဗျား စမ်းကြည့်နိုင်ပါတယ်"
"ဟားဟားဟား... မင်းဆိုတာလည်း တကယ်ပါပဲ"
"ဒီတစ်ခေါက် မင်းရောက်လာတာက ကောင်းကင်တာအိုခန္ဓာကို ကျင့်ကြံအောင်မြင်ထားပြီး နဂါးမဲ့ နှလုံးသားကျင့်စဉ်ကိုပါ အပြည့်အဝ ပိုင်ဆိုင်ထားတဲ့ အဲဒီကောင်လေးအတွက် မဟုတ်လား"
''ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလူမျိုးကပဲ အတိတ်တုန်းက နဂါးမဲ့ နတ်ဘုရားဘုရင်လိုမျိုး မင်းတို့ရဲ့ လွှမ်းမိုးမှုဩဇာအာဏာကို ခြိမ်းခြောက်နိုင်စွမ်းရှိတာလေ"
"မင်းသိတဲ့အတိုင်းပဲ... အဲဒီတုန်းက နဂါးမဲ့နတ်ဘုရားဘုရင်ဆိုတာ... အကန့်အသတ်မဲ့ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ပစ်ခဲ့တာမဟုတ်လား"
''မူလက အကန့်အသတ်မဲ့ကမ္ဘာကြီးရဲ့ ကောင်းကင်ဘုံ ဖြစ်လာရမယ့် ရှန်ကျိုးကုန်းမြေတိုက်ကြီးကိုတောင် သူရဲ့ အတုမရှိတဲ့ အစွမ်းတွေနဲ့ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးထဲကို ကျဆင်းသွား အောင်လုပ်ခဲ့တာပဲ"
"ပြီးတော့ ကောင်းကင်မဏ္ဍိုင် လေးခုဖြစ်လာရမယ့်... အရှေ့ဘက်မြေရိုင်းဒေသ ၊ ဟွမ်ဟိုင်းပင်လယ်ဒေသ၊ မန်ဟွမ် ဒေသနဲ့ ဟွမ်သဲကန္တာရ တို့ကိုလည်း ဝါးမျိုပြီး သန့်စင်ပစ်ခဲ့တယ်"
"အခု အဲဒီလူရဲ့ အမွေအနှစ်ကို ဆက်ခံထားတဲ့ ဒီကောင်လေး ကြီးထွားလာဖို့ဆိုရင် မင်းတို့ကို ဝါးမြိုဖို့က မလွဲမသွေဖြစ်လာမယ့်အရာပဲလေ"
တက်လှမ်းခြင်းအဖိုးအိုသည် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြစ်နေသည့် လေသံဖြင့် လျှို့ဝှက်ချက်များစွာကို ထုတ်ဖော်ပြောဆိုလိုက်သည်။
ဟွာထျန်းသည် မူလအတိုင်းပင် အေးစက်စက်ရှိနေလေသည်။ ကောင်းကင်နှင့်မြေကြီးကြားတွင် မည်သည့်အရာကမျှ သူ၏ မျက်နှာအမူအရာနှင့် စိတ်နေစိတ်ထားကို ပြောင်းလဲသွားစေနိုင်စွမ်း မရှိသကဲ့သို့ဖြစ်၏။
"မင်း မှားသွားပြီ... ဘယ်သူက မုဆိုး၊ ဘယ်သူက သားကောင်ဆိုတာ အခုထိ မသေချာသေးဘူး"
"သူက ငါ့ကို သူကြီးထွားဖို့ အထောက်အပံ့ လို့ သတ်မှတ်ထားသလို ငါကလည်း သူ့ကို ငါ့အတွက် အထောက်အပံ့လို့ ဘာလို့ မသတ်မှတ်နိုင်ရမှာလဲ"
"ကဲပါ... မင်းရဲ့ အကြံအစည်ကို ငါသိပါတယ်... မင်းက သူ့ကို အသုံးချပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို အပြည့်အဝ ထိန်းချုပ်ချင်တာပဲ... ဒါပေမဲ့ အဲဒါကလည်း ထင်သလောက်တော့ မလွယ်ကူဘူးနော်"
"ငါ ဒီနေ့ လာတာက အဲ့ကောင်လေးရဲ့အခြေအနေကိုလေ့လာကြည့်ရုံသက်သက်ပဲ... မင်းနဲ့ ဒါတွေ ငြင်းခုံနေဖို့ မဟုတ်ဘူး"
''ကောင်းကင်တာအိုတံဆိပ်တော်ဆိုတဲ့ အဖိုးကြီးကော...ဘာလို့ လာပြီး မပူးပေါင်းတာလဲ"
"သူက တစ်ချိန်က အကန့်အသတ်မဲ့ကုန်းမြေတိုက်ကြီးက ကောင်းကင်တာအိုရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ... ပြောရရင် ငါ့ရဲ့ စီနီယာတစ်ယောက်လို့တောင် ဆိုနိုင်တာပဲ"
ဟွာထျန်းက လက်ကာပြရင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"သူလား... သူကတော့ ဒီကောင်လေးကို တော်တော်လေး စိတ်ဝင်စားနေပုံပဲ... အခုဆို နောက်ဆုံးအထပ်မှာ စောင့်နေပြီလေ... အဲဒီကောင်လေးရဲ့ သိမ်းသွင်းတာကို ခံရဖို့တောင် ဖြစ်နိုင်ချေများတယ်"
"ငါ့အတွက်ကတော့ ငါ့အစီအစဉ်နဲ့ငါ ရှိပြီးသားပဲ... ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရဲ့ အထွတ်အထိပ်ကာလက တန်ခိုးအရှိန်အဝါကို မင်းလည်း သိသင့်သလောက် သိမှာပါ... အဲဒီတုန်းက အထိအခိုက် မရှိခဲ့ဘူးဆိုရင် အခုလို ငရဲဘုံထဲမှာ ရှိနေပါ့မလဲ"
"အဲဒီကောင်လေးက ကောင်းကင်တာအိုခန္ဓာကို ရအောင်ကျင့်ကြံနိုင်တယ်ဆိုကတည်းက ငါစောင့်မျှော်နေတဲ့ အခွင့်အရေး ရောက်လာပြီလို့ ပြောလို့ရတယ်"
တက်လှမ်းခြင်းအဘိုးအိုသည် တောက်ပသော မျက်လုံးများဖြင့် ပြောလိုက်သည်။
ဟွာထျန်းသည် ယခင်အတိုင်း အေးစက်စက် အမူအရာဖြင့်သာ ရှိနေဆဲဖြစ်၏။
''ကောင်းပြီ... ငါတို့ရဲ့ ရည်ရွယ်ချက်တွေက ထပ်တူကျနေမှတော့ အများကြီး ပြောနေစရာ မလိုတော့ဘူး"
သူသည် မျှော်စင်အဖိုးအိုကို သိပ်ပြီး ဂရုမစိုက်ပေ။
မျှော်စင်၏ အထွတ်အထိပ်ကာလတွင် အံ့မခန်းအရှိန်အဝါနှင့်ဇာစ်မြစ်ရှိခဲ့ပြီး အကန့်အသတ်မဲ့ကုန်းမြေတိုက်ကြီး၏ ကောင်းကင်ဘုံနှင့် ရှေးဟောင်းအဆုံးမဲ့ နည်းပညာယဉ်ကျေးမှုခေတ်၏ ဘုရားသခင်စစ်သင်္ဘောတို့နှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိကာ မရေမတွက်နိုင်သော မဟာကမ္ဘာကြီးများကို လွယ်ကူစွာ ချေမှုန်းနိုင်စွမ်း ရှိခဲ့သည်။ သို့သော်လည်း ထိုစဉ်က ဖြစ်ပွားခဲ့သော အပြောင်းအလဲကြီးတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့သဖြင့် အဓိကစွမ်းအင်အရင်းအမြစ်သည် ပြင်းထန်စွာ ပျက်စီးသွားကာ ငရဲပြည်အတွင်းသို့ ကျဆင်းလာခဲ့ရခြင်း ဖြစ်သည်။
ထို့နောက်တွင် စွမ်းအင်များကို ဖြည်းညင်းစွာ စုပ်ယူနေခဲ့ပြီး နှစ်သန်းဆယ်ချီတိုင်း တစ်ကြိမ် ပွင့်လာခဲ့၏။ မျှော်စင်တက်လှမ်းခြင်း ပြိုင်ပွဲပုံစံဖြင့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများကို ဆွဲဆောင်ကာ ကောင်းကင်တက်လှမ်းခြင်းတာအိုကို အပြည့်အဝ နားလည်သဘောပေါက်နိုင်မည့် ကျွမ်းကျင်သူကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။ ထိုသူသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ထိန်းချုပ်မည့် အရှင်သခင်ဖြစ်လာပြီး ပျက်စီး ချို့ယွင်းနေသော အဓိကစွမ်းအင်အရင်းအမြစ်ကို ပြုပြင်မွန်းမံရန် ဖြစ်သည်။
သို့မှသာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အတိတ်က ဂုဏ်ကျက်သရေကို ပြန်လည် ရရှိနိုင်မည် ဖြစ်သည်။
ကျုံးရှန်သည် နှစ်ပေါင်းများစွာအတွင်း မျှော်စင်ထိပ်သို့ တက်လှမ်းနိုင်ရန် အလားအလာ အရှိဆုံးသူ ဖြစ်နေသည်။ သို့ဖြစ်ရာ တက်လှမ်းခြင်းအဘိုးအိုသည် ကျုံးရှန်မှတစ်ဆင့် မျှော်စင်၏ ပြီးပြည့်စုံသော ထိန်းချုပ်ခွင့်ကို ရရှိရန် မျှော်လင့်နေခြင်း ဖြစ်သည်။ အခြေခံအားဖြင့် ဟွာထျန်း၏ ရည်မှန်းချက်နှင့် တက်လှမ်းခြင်းအဘိုးအို၏ ရည်မှန်းချက်သည် တူညီနေ၏။
သူတို့ နှစ်ဦးစလုံးသည် ကျုံးရှန်ထံမှ တစ်စုံတစ်ရာကို မိမိအကျိုးအတွက် အသုံးချလိုကြခြင်း ဖြစ်သည်။ ဟွာထျန်း အလိုရှိသည်မှာ ကျုံးရှန်၏ ကောင်းကင်တာအိုခန္ဓာနှင့် နဂါးမဲ့ကျင့်စဉ်ကို ကျင့်ကြံထားသော မူလအရင်းအမြစ် ဖြစ်ပြီး တက်လှမ်းခြင်းအဘိုးအို အလိုရှိသည်က မျှော်စင်ကို အပြည့်အဝထိန်းချုပ်နိုင်စွမ်းဖြစ်သည်။ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို အပြည့်အဝထိန်းချုပ်နိုင်စွမ်း ရပါက သူ၏ ထျန်းယွမ်အဆင့် ကျင့်ကြံမှုဖြင့် မျှော်စင်ကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဖြစ်ကာ ငရဲမဟာကမ္ဘာမှ ထွက်ခွာသွားနိုင်ပေမည်။
ထို့နောက် အခြားသော မဟာကမ္ဘာကြီးများသို့ သွားရောက်ကာ လိုအပ်သောစွမ်းအားနှင့် အရင်းအမြစ်များကို ဖြည်းညင်းစွာ စုဆောင်းနိုင်ပေလိမ့်မည်။
သူတို့နှစ်ဦးကြားတွင် မည်သည့်ဆန့်ကျင်ဘက်ဖြစ်မှုမျိုးမျှ မရှိသည့်အပြင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာပင် ရှိနေလေသည်။ ဟွာထျန်း၏ စကားကို ကြားသောအခါ တက်လှမ်းခြင်းအဘိုးအိုသည် နက်နဲသိမ်မွေ့သော အပြုံးတစ်ခုကို ပြုံးလိုက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားသည်။ သူသည် ဟွာထျန်းတစ်ယောက် ကျုံးရှန်အပေါ် မည်သို့သော သက်ရောက်မှုမျိုး ဖြစ်စေမည်ကို စိုးရိမ်ပူပန်ခြင်း မရှိချေ။
အဘယ်ကြောင့်ဆိုသော် ယခုရောက်ရှိလာသည့် ဟွာထျန်းသည် ကိုယ်ပွားတစ်ခုသာ ဖြစ်၏။ အကယ်၍ မူလခန္ဓာကိုယ်ဖြင့် ရောက်ရှိလာပါက ကျုံးရှန်အတွက် အမှန်တကယ် စိုးရိမ်စရာ ဖြစ်လာပေလိမ့်မည်။
ဟွာထျန်း၏ အစစ်အမှန်အထောက်အထားသည် ရှင်းလင်းစွာဖော်သွားပြီဖြစ်သည်။
သူသည် ငရဲကောင်းကင်တာအို၏ သိစိတ်ကိုယ်ပွား ဖြစ်ကာ ငရဲမဟာကမ္ဘာကြီးတစ်ခုလုံး၏ အမြင့်မားဆုံးသော စွမ်းအားနှင့် စည်းမျဉ်းနိယာမများကို ကိုယ်စားပြုနေသည်။ ကောင်းကင်တာအို ဆိုသည်မှာ စွမ်းအားကို ဖော်ပြခြင်းမျိုး မဟုတ်ဘဲ အဆင့်အတန်းတစ်ခုကို ဆိုလိုခြင်းဖြစ်သည်။
သက်ရှိအားလုံး၏ အထက်တွင် ရပ်တည်ကာ အရာအားလုံးကို အုပ်ချုပ်နိုင်သော ဖြစ်တည်မှုတစ်ခု။
သို့သော်လည်း ဟွာထျန်းအနေဖြင့် သူ၏ အစွမ်းအစအပြည့်အဝကို အသုံးပြုရန် အလွန်ခက်ခဲလှ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ လုပ်ဆောင်ချက်တိုင်းသည် ကမ္ဘာတစ်ခုလုံးအပေါ် သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် ဟွာထျန်းသည်လည်း ကျင့်ကြံသူများကဲ့သို့ပင် မိမိကိုယ်ကို အဆက်မပြတ် ပိုမိုအားကောင်းလာစေရန် လိုအပ်နေသည်။
ထို့အတွက် ကျုံးရှန်မှလွဲ၍ အကောင်းဆုံးသော စွမ်းအင်အရင်းအမြစ်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအိုပင် ဖြစ်သည်။
ကမ္ဘာကြီးနှစ်ခု၏ ကောင်းကင်တာအိုများသည် တစ်ပြိုင်နက်တည်း မွေးဖွားလာခဲ့ခြင်းဖြစ်ကာ လွန်ခဲ့သည့်နှစ်သန်းချီအတွင်းတွင် ကိုယ်ပိုင်အသိစိတ်များ နိုးကြားလာခဲ့ကြသည်။ လွန်ခဲ့သော နှစ်တစ်သန်းခန့်က ကမ္ဘာကြီး၏ သိစိတ်ဆန္ဒသည် အသွင်ပြောင်းလဲရန် အရေးအကြီးဆုံးသော အချိန်ကာလတစ်ခု ဖြစ်ခဲ့၏။ ထိုအချိန်တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ စိတ်ဆန္ဒသည် မမျှော်လင့်ထားသော အပြောင်းအလဲနှင့် ရင်ဆိုင်ခဲ့ရသည်။
ယခု မျှော်စင်အတွင်း၌ ရှိနေသော ကောင်းကင်တာအိုခန္ဓာကို ကျင့်ကြံထားကာ နဂါးမဲ့နှလုံးသားကျင့်စဉ်ကို ပိုင်နိုင်ထားသည့် လူသားကျင့်ကြံသူ၏ ကျူးကျော်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ထိုအခါ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည်လည်း ပြန်လည်ခုခံခဲ့ကာ ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ နှစ်တစ်သန်းစာ ကံကြမ္မာနှင့် အကြောင်းအကျိုးဆက်စပ်မှုများကို ပေးဆပ်၍ ကျိန်စာတိုက်ခဲ့သည်။ ထိုကျိန်စာသည် ကျုံးရှန်ကို နှစ်တစ်သန်းတိုင်တိုင် ချုပ်နှောင်ထားနိုင်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်မှုမရှိအောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း ယင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ သိစိတ်ဆန္ဒကိုယ်တိုင်အတွက်မူ အသွင်ပြောင်းလဲရန် အကောင်းဆုံးသော အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားစေခဲ့လေသည်။
ယခုအခါ ငရဲကောင်းကင်တာအိုသည် နိုးကြားနေပြီဖြစ်ကာ ဟွာထျန်းအဖြစ်ပင် အသွင်ပြောင်း၍ လောကအတွင်း လှည့်လည်နေနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအိုသိစိတ်ဆန္ဒသည် ရှုပ်ထွေးမှုများထဲသို့ နစ်မြုပ်နေဆဲဖြစ်သည်။ ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ကံကြမ္မာအကျိုးပေးသည် အလွန်တရာ ရှုပ်ထွေးနေသဖြင့် ဝါးမြိုရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်နေလေသည်။
ထိုအရာအားလုံးသည် ဟွာထျန်း၏ အနီးကပ် စောင့်ကြည့်မှုအောက်တွင်ရှိနေ၏။
အပိုင်း (၃၃၄)
အကယ်၍ ငရဲကောင်းကင်တာအိုသာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအိုကို ဝါးမြိုနိုင်ပါက ငရဲမဟာကမ္ဘာကြီးသည် ကန့်သတ်ချက်များမှ ဖောက်ထွက်သွားမည်ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး ဟူသော မဟာကမ္ဘာကြီးအတွင်းသို့ ပေါင်းစပ်သွားမည်။ ထိုအခါ ငရဲမဟာကမ္ဘာကြီးသည် နောက်ထပ်ခြေလှမ်းတစ်လှမ်းအနေဖြင့် ပိုမိုကြီးထွားကျယ်ပြန့်လာမည်ဖြစ်သည်။ ထို့နောက် အနာဂတ်တွင် လုံလောက်သော စုဆောင်းမှုများ ရှိလာပြီး များပြားလှသော မဟာကမ္ဘာကြီးများကို ဝါးမြိုလိုက်ခြင်းဖြင့် ငရဲမဟာကမ္ဘာကြီးသည် အကန့်အသတ်မဲ့ကမ္ဘာကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားရန်ပင် အခွင့်အရေးရှိလာနိုင်သည်။
ထိုရည်မှန်းချက်အားလုံးသည် စွမ်းအားဟူသော အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
ထို့ကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအိုဆန္ဒကို ဝါးမြိုခြင်းနှင့် ကျုံးရှန်၏ ကောင်းကင်တာအိုခန္ဓာ၊ နဂါးမဲ့ မူလအရင်းအမြစ်တို့ကို ဝါးမြိုခြင်းတို့သည် ဟွာထျန်း၏ အရေးအကြီးဆုံးသော အစီအစဉ်များဖြစ်နေလေသည်။
ယခုအခါ ယွီထျန်းမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို တိုက်ခိုက်မည့် အစီအစဉ်သည်လည်း ဖြည်းညင်းစွာ စတင်နေပြီ ဖြစ်သည်။
ကောင်းကင်တက်လှမ်းခြင်း မျှော်စင်အတွင်းသို့ ဟွာထျန်း ရောက်လာရခြင်းသည် ကျုံးရှန်၏ ခွန်အားကို စမ်းသပ်ရန်နှင့် အချို့သော အစီအစဉ်များကို ကြိုတင်ပြင်ဆင်ထားရန်ပင် ဖြစ်သည်။ ထိုသည်က လိုအပ်သော အခြေအနေတစ်ခုဖြစ်လေသည်။
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ ဆဌမအထပ်တစ်ထောင်ကမ္ဘာဖြစ်သည့် ငရဲငယ်သည် အစစ်အမှန်မိစ္ဆာကမ္ဘာမှ ကျူးကျော်သူ မိုကျူးမိစ္ဆာမျိုးနွယ်ကျင့်ကြံသူ၏ ဖျက်ဆီးခြင်းကို မခံရသေးသော မူရင်း အစစ်အမှန် ငရဲကုန်းမြေတိုက်ကြီးဖြစ်သည်။ တက်လှမ်းခြင်းအဘိုးအို ထွက်ခွာသွားပြီးနောက်တွင် ဟွာထျန်းသည် ခြေတစ်လှမ်းလှမ်းလိုက်ကာ ငရဲငယ်အတွင်းရှိ ငရဲကုန်းမြေတိုက်ကြီးဆီသို့ ရောက်ရှိသွားသည်။ သိသာထင်ရှားစွာပင် ဟွာထျန်းသည်လည်း ကျုံးရှန်ကဲ့သို့ပင် မျှော်စင်၏ စည်းမျဉ်းနိယာမကန့်သတ်ချက်များကို လျစ်လျူရှုနိုင်စွမ်း ရှိနေ၏။
ငရဲကုန်းမြေတိုက်ကြီး၏ ဗဟိုချက်တွင် မြင့်မားလှသော တောင်ထွတ်တစ်ခု ရှိသည်။ အရွယ်အစား သေးငယ်သွားသော ငရဲပြည်အတွင်း၌ပင်လျှင် ပေထောင်ချီ အရွယ်အစား ရှိနေခြင်းဖြစ်သဖြင့် အနှီတောင်ထွတ်သည် မူလ ငရဲကုန်းမြေတိုက်ကြီးအတွင်း၌ မည်မျှအထိ ကြီးမားလိမ့်မည်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှပေသည်။ အတိတ်က မိုကျူးမိစ္ဆာ၏ စွမ်းအားသည် ထျန်းယွမ်အဆင့်ပင်ဖြစ်နိုင်လေသည်။
ထိုသို့မဟုတ်ပါက သေးငယ်သောငရဲကမ္ဘာ၏မူလပုံစံငယ်အတွင်းရှိ ထိုတောင်ထွတ်ကိုပင် ဖျက်စီးနိုင်ခဲ့သည့်ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းမျိုး ရှိနိုင်မည် မဟုတ်ချေ။ အတိတ်က မိုကျူးမိစ္ဆာမျိုးနွယ်ဝင်သည် ငရဲကောင်းကင်တာအို၏ အာရုံစိုက်မှုကိုရရှိခဲ့ပြီး မဟာအစီအရင်တစ်ခုကိုပင် ကျဆင်းလာစေခဲ့သည်။
အတိတ်က ငရဲကောင်းကင်တာအိုသည် အသိစိတ်ဆန္ဒ မွေးဖွားလာခြင်း မရှိသေးသည်ကို သိထားရမည် ဖြစ်သည်။ မဟာအစီအရင်ကို ကျဆင်းလာစေနိုင်ခြင်းသည် မိုကျူးမိစ္ဆာ၏ ဖျက်ဆီးနိုင်စွမ်းသည် အလွန်ကြီးမားလွန်းသောကြောင့်သာ ငရဲကောင်းကင်တာအို၏ ပင်ကိုယ်အသိစိတ် ကိုတုံ့ပြန်မှု ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်လေသည်။ယင်းကိုကြည့်ခြင်းအားဖြင့် ကျုံးရှန်၏ လက်ထဲရှိ မဟာနေမင်းကောင်းကင်မိစ္ဆာစေတီသည် မဟာတာအိုအဆင့်၏ အထက်တွင်ရှိနေမည်မှာ သေချာပေသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ယင်းသည် ပျက်စီးသွားခဲ့သောကြောင့် သို့မဟုတ် ကျုံးရှန်သည် သွေးသန့်မိုကျူးမိစ္ဆာမျိုးနွယ် မဟုတ်သောကြောင့်သာ ကောင်းကင်ဝါးမြိုသားရဲနှင့်တိုက်ခိုက်ရာတွင် အစွမ်းအပြည့်ဝထုတ်မဖော်နိုင်ခြင်း ဖြစ်သည်။ ကျုံးရှန်သည် မိုကျူးမိစ္ဆာမျိုးနွယ်၏ ကျင့်စဉ်များကို ကျင့်ကြံနိုင်ပြီး မိစ္ဆာစွမ်းအားများကို ထုတ်ဖော်ကာ မဟာနေမင်းကောင်းကင်မိစ္ဆာစေတီကို အသုံးပြုနိုင်သော်လည်း သွေးသန့်သော မိုကျူးမိစ္ဆာမျိုးနွယ်များနှင့် ကွာဟချက်ရှိနေဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူမဟာနေမင်းကောင်းကင်မိစ္ဆာစေတီအတွင်း၌ ကျုံးရှန် လေ့လာစူးစမ်းသင့်သော နေရာများ ရှိနေသေးသည်။
ဟွာထျန်းသည် ငရဲငယ်အတွင်းရှိ ကုန်းမြေတိုက်ကြီး၏ တောင်ထွတ်ပေါ်သို့ ရောက်သောအခါ ညီညာသော နေရာတစ်ခုတွင် ကျပန်း ဝင်ထိုင်လိုက်သည်။ သူသည် တောင်ထွတ်ပေါ်မှနေ၍ ကမ္ဘာတစ်ခုလုံးကို တိတ်ဆိတ်စွာ ငေးကြည့်နေ၏။ သူ၏ နောက်ကျောဘက် မလှမ်းမကမ်းတွင် နေရာကူးပြောင်းခြင်းတံခါး ရှိနေသည်။
ယင်းသည် ကျုံးရှန် ဆက်လက်တက်လှမ်းရန် မဖြစ်မနေ ဖြတ်သန်းရမည့် လမ်းကြောင်း ဖြစ်သည်။
ကျန်းထိုက်ကုန်း ငါးမျှားသကဲ့သို့ ဆန္ဒရှိသူက ငါးစာကို ဟပ်လိမ့်မည် ဟူသော ဆိုရိုးစကားအတိုင်းပင် ဟွာထျန်းသည် ထိုနေရာတွင်ပင် ကျုံးရှန် ရောက်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်လေသည်။
……
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး။
ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ အခြေအနေသည် ပို၍ ရှုပ်ထွေးလာခဲ့ကာ ပြန်လည်ဆင်းသက်လာကြသော နတ်ဘုရားများနှင့် ရှေးဟောင်းသူတော်စင်များသည်လည်း ပိုမို များပြားလာသည်။ ရှေးဟောင်းနှင့် အလွန်ရှေးကျသော ကာလများကတည်းက ပျောက်ကွယ်နေခဲ့သည့် အမွေအနှစ်များသည်လည်း စတင်၍ နိုးကြားလာကြလေသည်။ မျိုးနွယ်ခြားများသည် အစပိုင်းတွင် ပြင်းထန်သော ကျူးကျော်စစ်အခြေအနေဖြင့်စတင်ခဲ့သော်လည်း စီရင်စု တစ်ခု သို့မဟုတ် နှစ်ခုကို သိမ်းပိုက်ပြီးနောက်တွင် လက်ရှိအခြေအနေကို ထိန်းသိမ်းကာ ခံစစ်အသွင်သို့ ပြောင်းလဲသွားကြသည်။
လူသားမျိုးနွယ်များ အကြားတွင်လည်း ပိုမိုကြီးမားသော အကျိုးအမြတ်များကို ရှာဖွေရန်အတွက် အချင်းချင်း တိုက်ခိုက်မှုများ စတင်ဖြစ် ပေါ်လာကြ၏။
ထ်ိုကဲ့သို့သော ဖရိုဖရဲအချိန်ကာလများတွင် လောကကြီး၌ သူရဲကောင်းများ ပေါ်ထွက်လာခြင်းမှာ ရှားပါးလှသည် မဟုတ်ချေ။ အစွမ်းထက်သူများ၏ အမွေအနှစ်များ၊ ရှေးဟောင်း မဟာဧကရာဇ်များ၏ အမွေအနှစ်များကို ရရှိထားကြသော ကံကြမ္မာ သားတော်များသည် အသီးသီး ပေါ်ထွက်လာကြလေသည်။
ထိုအချိန်တွင်
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ဝေးကွာသော အရှေ့ဘက်နယ်မြေ။
ပန်းပေါင်းသုံးထောင်ဖြင့် ဖုံးကွယ်ထားသော ရွှေရောင် ကျောင်းတော်ကြီးအတွင်း၌။
ခမ်းနားထည်ဝါသော ဗုဒ္ဓရုပ်ပွားတော်ကြီးသည် ကျမ်းစာများကို ရွတ်ဖတ်နေဆဲ ဖြစ်သည်။ သူ၏ဦးခေါင်းထက်ရှိ ရဟန္တာ ဓာတ်တော်မှ ထွက်ပေါ်နေသော အလင်းရောင်များသည် မျက်စိကျိန်းလုနီးပါး တောက်ပလာသည်။ ရွှေရောင် ကျောင်းတော်ကြီးအတွင်းတွင် ရွှေရောင် ရဟန္တာများစွာ တိုးလာခဲ့ပြီး နှစ်ဖက်စလုံးတွင် နေရာယူကာ လက်အုပ်ချီ၍ ကျမ်းစာများကို ရွတ်ဖတ်နေကြသည်။
ထိုအချိန်တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အတားအဆီး အကာအကွယ်နံရံ၏ အပြင်ဘက်၌ တောက်ပသော ဗုဒ္ဓအလင်းရောင်များ ပြည့်နှက်နေသည့် အလယ်အလတ်ကမ္ဘာကြီးတစ်ခု ဖြည်းညင်းစွာ ဖြတ်သန်းလာနေ၏။ ယင်းသည် မဟာကမ္ဘာ အကာအကွယ်နံရံ၏ တားဆီးမှုများကို ဖောက်ထွက်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းသို့ ဝင်ရောက်လိုနေခြင်း ဖြစ်သည်။ ဤသည်ကား အကန့်အသတ်မဲ့ကုန်းမြေတိုက်ကြီးတွင် ဒဏ္ဍာရီလာ အတုမရှိဗုဒ္ဓဖန်တီးခဲ့သော အလယ်အလတ်ကမ္ဘာ တစ်ဖက်ကမ်းရွှေတောင် တစ်ဖြစ်လည်း ပိအန်းရွှေတောင် ဖြစ်သည်။
ပိအန်းရွှေတောင်အတွင်းတွင် အတုမရှိ ဗုဒ္ဓဂိုဏ်း၏ နက်နဲသော အတွေးအခေါ်ကျမ်းဂန်များနှင့် အမွေအနှစ်များစွာ စုစည်းနေသည်။ဗုဒ္ဓသာသနာသည် တရားဓမ္မဖြင့် သက်ရှိများကို ကယ်တင်ခြင်း ၊ အကျွတ်တရားရစေခြင်းနှင့် သာသနာပြု ဘောင်အတွင်းသို့ ကူးပြောင်းဝင်ရောက်စေရန်သိမ်းသွင်းခြင်းတို့တွင် အလွန်ထူးချွန်လှသဖြင့် နောက်လိုက် နောက်ပါများကို လျင်မြန်စွာ တိုးပွားစေနိုင်စွမ်းရှိလေသည်။ အတိတ်က မှတ်တမ်းများအရ သူတို့သည် နဂါးမဲ့နတ်ဘုရားဘုရင်နှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ဖူးကာ နဂါးမဲ့ နှလုံးသားကျင့်စဉ်အတွင်းရှိ နက်နဲသော သဘောတရားအချို့သည်ပင် ဗုဒ္ဓဂိုဏ်း၏ ကျမ်းစာများမှ ဆင်းသက်လာခြင်း ဖြစ်သည်။
အတိတ်ကာလတစ်ခု၌ အကန့်အသတ်မဲ့ကမ္ဘာကြီး ကမောက်ကမဖြစ်ချိန်တွင် အတုမရှိဗုဒ္ဓဂိုဏ်းသည် နဂါးမဲ့ နတ်ဘုရားဘုရင်နှင့် ပူးပေါင်းခဲ့သဖြင့် အရင်းအမြစ်များစွာကို ရရှိခဲ့ကာ ပိအန်းရွှေတောင်သည်လည်း ကြီးထွားလာခဲ့သည်။ ယခုအခါ ထိုအလယ်အလတ်ကမ္ဘာကြီး၏ အခြေခံအုတ်မြစ်သည် အလွန်တရာ နက်ရှိုင်းနေပြီဖြစ်ကာ မဟာကမ္ဘာကြီးများနှင့် နှိုင်းယှဉ်လျှင်ပင် နောက်ကျကျန်ရစ်မည် မဟုတ်ချေ။ ပိအန်းရွှေတောင်သည် ဆင့်ခေါ်မှုကို ခံရပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းသို့ ဝင်ရောက်လာရန် ကြိုးပမ်းနေခြင်းသည် ကျူးကျော်ခြင်းလုပ်ရပ်တစ်ခုနှင့် ခြားနားမှု မရှိချေ။
အကယ်၍ ပိအန်းရွှေတောင်ကိုသာ ဝင်ရောက်လာခွင့် ပြုလိုက်မည်ဆိုပါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအိုအတွက် ထိန်းချုပ်ရန် ခက်ခဲသော ဖြစ်တည်မှုတစ်ခု ထပ်တိုးလာမည် ဖြစ်သည်။ ပိအန်းရွှေတောင်သည် ဗုဒ္ဓဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ဗုဒ္ဓဂိုဏ်း၏ အတုမရှိ သန့်စင်သော နယ်မြေတစ်ခုလည်း ဖြစ်သည်။ ယင်းသည် မည်သည့်ကမ္ဘာကြီးတွင် ပေါ်လာသည်ဖြစ်စေ ခမ်းနားကြီးကျယ်သော ဗုဒ္ဓအယူဝါဒထွန်းကားသည့် ခေတ်ကြီးတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိ၏။
သို့ဖြစ်ရာ ပိအန်းရွှေတောင်သာ ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်အတွင်း ဝင်ရောက်လာပါက ဗုဒ္ဓဂိုဏ်းသည် ကြီးမားလှသော တိုးတက်မှုများကို ရရှိသွားမည်ဖြစ်သည်။
ထိုအချိန်တွင် မဟာကမ္ဘာ အတားအဆီးအကာအကွယ်နံရံ၏ အခြားတစ်ဖက်။
ဗုဒ္ဓအလင်းတန်းများ ပါရှိသော ရွှေရောင်ယုံကြည်ခြင်းစွမ်းအား များသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အရှေ့ဘက်အစွန်မှ ကောင်းကင်သို့ ထိုးတက်စုစည်းသွားကြသည်။ ထို ယုံကြည်ခြင်းစွမ်းအားများသည် လခြမ်းပုံသဏ္ဌာန် တောင်ဝှေးကို ကိုင်ဆောင်ထားသည့် ခံ့ညားထည်ဝါသော တိုက်ပွဲဝင်ဗုဒ္ဓတစ်ပါးအဖြစ် အသွင်ပြောင်းသွား၏။ ထိုဗုဒ္ဓသည် လခြမ်းပုံ တောင်ဝှေးကို အသုံးပြု၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ မဟာကမ္ဘာ အကာအကွယ်တံတိုင်းကို အဆက်မပြတ် တိုက်ခိုက်လိုက်ကာ အကာအကွယ်နံရံတစ်ဖက်ရှိ ပိအန်းရွှေတောင်ကို ကူညီပေးရန် ကြိုးပမ်းလိုက်သည်။
သို့သော်လည်း ထိုအကျိုးသက်ရောက်မှုသည် အလွန်နည်းပါးလှ၏။
ယုံကြည်ခြင်းစွမ်းအားများသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းရှိ ဗုဒ္ဓဂိုဏ်းမှ ကျန်ရစ်သည့်ကျွမ်းကျင်သူများ ထုတ်လွှတ်လိုက်ခြင်း ဖြစ်ကာ ပိအန်းရွှေတောင်၏ စွမ်းအားများနှင့် နှိုင်းယှဉ်လျှင်မူ အလွန်တရာ သေးငယ်လွန်းလှလေသည်။ ထိုအချိန်တွင် ပိအန်းရွှေတောင်သည် အကာအကွယ်နံရံကို ဖောက်ထွက်ရန် ကြိုးပမ်းရာတွင် တားဆီးမှုများနှင့် ကြုံတွေ့ရသဖြင့် အလယ်အလတ်ကမ္ဘာကြီးတစ်ခုလုံးမှ အစွမ်းထက်လှသော စွမ်းအားတစ်ရပ်ကို ရုတ်တရက် ထုတ်လွှတ်လာသည်။ ထိုစွမ်းအားသည် ရွှေရောင်လက်ချောင်းတစ်ချောင်းအဖြစ် အသွင်ပြောင်းသွားပြီးစီရင်စုတစ်ခုစာမျှ ကြီးမားလှသည်။
ထို့နောက် ရွှေရောက်လက်ချောင်းကြီးသည် စက္ကူပြတင်းပေါက်ကို ထိုးဖောက်သကဲ့သို့ မဟာကမ္ဘာ အကာအကွယ်နံရံဆီသို့ ပြင်းထန်စွာ ထိုးစိုက်သွားလေသည်။
"ဖောက်"
ကြည်လင်ပြတ်သားသောအသံတစ်သံသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ဟင်းလင်းပြင်အတွင်း၌ ဟိန်းထွက်သွားရ၏။
ရွှေရောင်လက်ချောင်းသည် အကာအကွယ်တံတိုင်းကို ဖောက်ထွင်းကာ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့ခြင်းဖြစ်သည်။ရေကာတာ ကျိုးသွားသကဲ့သို့ပင် အတားအဆီး၏ ခုခံနိုင်စွမ်းသည် အဆမတန် ကျဆင်းသွားကာ အပေါက်ကြီးသည် လျင်မြန်စွာပင် ကျယ်ပြန့်လာသည်။ ထို့နောက် ဗုဒ္ဓယုံကြည်ခြင်းစွမ်းအားများဖြင့် ဖွဲ့စည်းထားသော တိုက်ပွဲဝင်ဗုဒ္ဓသည် ပိအန်းရွှေတောင်နှင့် တစ်သားတည်း ပေါင်းစပ်သွားကာ မှုန်ဝါးဝါး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်း၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းသို့ ဝင်ရောက်သွားလေသည်။
ယင်းသည် ဟင်းလင်းပြင်အက်ကွဲကြောင်းများကြားတွင် ပုန်းကွယ်နေသည့် စန်းဟွာစီ ကျောင်းတော်ကြီးနှင့် တစ်စုံတစ်ရာ ဆက်သွယ်မှု ရရှိသွားခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ခုသည် အချင်းချင်း အာရုံခံနိုင်ပြီး အပြန်အလှန် ဆင့်ခေါ်နိုင်စွမ်း ရှိကြလေသည်။
ထိုအချိန်တွင်စန်းဟွာစီကျောင်းတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်သည် ကျမ်းစာရွတ်ဖတ်ခြင်းကို ရပ်တန့်လိုက်သည်။ ရွှေရောင်အလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်ထဲမှ ထိုးဖောက်ထွက်ပေါ်လာကာ ထိုရုပ်ပွားတော်ထံသို့ ဝင်ရောက်သွား၏။ အလင်းတန်းအတွင်း၌ အတုမရှိ ဗုဒ္ဓဂိုဏ်း၏ ကျမ်းစာများနှင့် ဗုဒ္ဓတရားတော်များ၏ အနှစ်သာရများ ပါဝင်နေခဲ့ကာ ထိုအရာအားလုံးကို ဗုဒ္ဓရုပ်ပွားတော်သည် ချက်ချင်း နားလည်သဘောပေါက်သွားသည်။
ဗုဒ္ဓရုပ်ပွားတော်၏ တန်ခိုးအရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တက်လာသည်။ ထို့နောက် ဗုဒ္ဓရုပ်ပွားတော်၏အနောက်တွင်ရွှေရောင် အစေ့တစ်ခုထွက်ပေါ်လာကာ အမြစ်တွယ် အညှောက်ပေါက်လာပြီးနောက် ရာဇပလ္လင်တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။
ဗုဒ္ဓအရှင်သခင်၏ ဉာဏ်ပညာသစ်စေ့ အမြစ်တွယ် ရှင်သန်လာခြင်း။
မဟာဗုဒ္ဓအရှင်၏ ဉာဏ်ပညာအသီးအပွင့်ဖြစ်ပေါ်လာခြင်း။
ဗုဒ္ဓရုပ်ပွားတော်သည် ကောင်းကင်အရှင်အဆင့် ဗုဒ္ဓတစ်ပါးမှ ထာဝရအရှင်အဆင့်၏ အထွတ်အထိပ်အဆင့်ဖြစ်သည့် မဟာဗုဒ္ဓအရှင်မြတ်အဖြစ်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားလေသည်။
ပန်းပေါင်းသုံးထောင်သည် ပြန့်ကျဲသွားကာ ပြန်လည်ပေါင်းစည်းသွားပြီး အစိမ်းရောင်သော ဗောဓိပင်တစ်ပင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထာဝရအရှင်အဆင့် အထွတ်အထိပ် မဟာဗုဒ္ဓအဖြစ်သို့ ရောက်ရှိသွားသော ရုပ်ပွားတော်သည် ဗောဓိပင်ထက်တွင် ပျံဝဲလိုက်ကာ ခန့်ညားထည်ဝါစွာ ရပ်နေလေသည်။
ယင်းသည် မိုင်တစ်သန်းခန့် မြင့်မားသော ဧရာမ ရွှေရောင်ပုံရိပ်ယောင်ကြီးတစ်ခုကို ဖန်တီးလိုက်ကာ အရှေ့ဘက်အစွန်ဆုံးဒေသတစ်ခုလုံးကို လင်းထိန်သွားပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးကိုပင် မှိန်ပျပျ ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။
ဗုဒ္ဓဂိုဏ်း ပြန်လည် ပေါ်ထွက်လာခြင်း။
ထိုသည်ကား ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ဗုဒ္ဓဂိုဏ်း၏ အတုမရှိသော ဩဇာအာဏာအား ကြေညာလိုက်ခြင်းပင် ဖြစ်ပေသည်။
ထိုအချိန်တွင်
ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ မြောက်ပိုင်း အခြေစိုက်စခန်း။
တရားထိုင်နေသော ဖာဟိုင်၏ ကိုယ်ပွားသည် ရုတ်တရက် တရားမှတ်ခြင်းကို ရပ်တန့်လိုက်သည်။ သူသည် ခေါင်းကို ဖြည်းညင်းစွာ လှည့်ကာ အရှေ့ဘက်အစွန်ဆုံးဒေသဆီသို့ လှမ်းကြည့်လိုက်၏။ထိုအခါ အတိုင်းအဆမဲ့ ရွှေရောင်အလင်းများ တောက်ပနေသော ထိုပုံရိပ်ယောင်ခန္ဓာကို မြင်လိုက်ရလျှင် ဖာဟိုင်သည် ပထမဆုံးအကြိမ်အဖြစ် စိတ်ဝင်စားသွားသည့် အမူအရာပြလာသည်။
သူ၏ မူလခန္ဓာကိုယ်သည် ယခုအချိန်တွင် ကောင်းကင်အရှင်အဆင့် အထွတ်အထိပ် ၌သာ ရှိနေသေးသည်။ သို့သော်လည်း ဖာဟိုင်သည် ကြီးမားသော ကံကြမ္မာနှင့် အခွင့်အရေးများကို ပိုင်ဆိုင်ထားသူဖြစ်သဖြင့် သူ၏ စွမ်းအားသည် ကျုံးရှန်ကဲ့သို့ပင် ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းဖြင့် တိုင်းတာ၍ မရနိုင်ချေ။ ကောင်းကင်အရှင်အဆင့်၏ အထွတ်အထိပ်၌ရှိသော ဖာဟိုင်၏ မူလခန္ဓာကိုယ်သည် ထျန်းယွမ်အဆင့်ရှိ ရှေးဟောင်းဘီလူးကြီးများကိုပင် တိုက်ခိုက်ရင်ဆိုင်နိုင်စွမ်း ရှိလေသည်။
ထိုသို့မဟုတ်ပါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး အနီးရှိ ဟင်းလင်းပြင် မိစ္ဆာကမ္ဘာဖြစ်သည့် မဟာကမ္ဘာတစ်ခုလုံးရှိ ဟင်းလင်းပြင်နတ်ဘုရားများနှင့် မိစ္ဆာများ၏ ကျူးကျော်မှုကို သူတစ်ယောက်တည်း၏ စွမ်းအားဖြင့် ကာကွယ်တားဆီးနိုင်မည် မဟုတ်ပေ။