← Chapters

အခန်း (၃၃၅-၃၃၆)

Vol. 34 Ch. 335-336

အခန်း (၃၃၅-၃၃၆)

Vol. 34 Ch. 335-336

အပိုင်း (၃၃၅)

''ဒါက ဒီကမ္ဘာရဲ့ ဗုဒ္ဓဂိုဏ်းလား''

''စိတ်ဝင်စားစရာပဲ..."

" ဒီနိမ့်ကျတဲ့ကိုယ်တော်လည်း ဒီဗုဒ္ဓဘာသာဝင်တွေနဲ့ သွားတွေ့ကြည့်ရတာပေါ့"

ဖာဟိုင်၏ ကိုယ်ပွားသည် တရားထိုင်နေရာမှ ထရပ်လိုက်သည်။

ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်လျှင် ရွှေရောင်နဂါးကြီးတစ်ကောင် ကောင်းကင်သို့ ထိုးတက်သွားကာ ဖာဟိုင်ကိုတင်ဆောင်သွားသည်။ ရွှေနဂါးကြီးသည် ဟင်းလင်းပြင်အတွင်းသို့ တိုးဝင်သွားကာ အရှေ့ဘက်အစွန်ဆုံးဒေသဆီသို့ လျင်မြန်သောအရှိန်ဖြင့်ဦးတည်လိုက်လေသည်။ယခုအချိန်တွင် ဖာဟိုင်ကိုယ်ပွား၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်တွင် ရှိနေချေသည်။

ထို့အပြင် သူ၏ခန္ဓာကိုယ်အတွင်း၌ ဗုဒ္ဓအလင်းဓာတ်တော်တစ်ခုသည် ဒန်တျန်နေရာတွင် ဖြည်းညင်းစွာ လည်ပတ်နေ၏။ထိုဗုဒ္ဓအလင်းဓာတ်တော်သည် တစ်ခုလုံးနီးပါး ရွှေရောင်ဖြစ်နေပြီး အထဲတွင် အစိမ်းရောင်အလင်းတန်းများလည်း ရောနှောပါဝင်နေကာ အစေ့တစ်ခုအဖြစ် ပြောင်းလဲသွားတော့မည့်အသွင် ရှိနေပေသည်။ ထိုသည်က ဗုဒ္ဓဂိုဏ်း၏ အစစ်အမှန် ဗုဒ္ဓဓာတ်တော် ဖြစ်သည်။

ထို့ပြင် ထိုအစစ်အမှန် ဗုဒ္ဓဓာတ်တော်၏ အရှိန်အဝါသည် ဖာဟိုင်နှင့် တစ်ထပ်တည်းကျနေပြီး အခြားသော အစစ်အမှန်ဗုဒ္ဓများ ချန်ရစ်ခဲ့သည့် ဓာတ်တော်များမှတစ်ဆင့် ပြန်လည်သန့်စင်ထားခြင်းမျိုး မဟုတ်ဘဲ သူ၏ကိုယ်ပိုင် ဓာတ်တော်အစစ်အမှန် ဖြစ်သည်။ အစစ်အမှန် ဗုဒ္ဓဓာတ်တော်၏ အသုံးဝင်ပုံသည် အစစ်အမှန်နတ်ဘုရားတစ်ပါး၏ နတ်ဘုရားစွမ်းအင်ဗဟိုချက်နှင့် တူညီကာ ယင်းသည် အမှတ်အသားတစ်ခုဖြစ်သကဲ့သို့ သင်္ကေတတစ်ခုလည်း ဖြစ်သည်။ အစစ်အမှန် ဗုဒ္ဓဓာတ်တော်ရှိသော အစစ်အမှန်ဗုဒ္ဓနှင့် အစစ်အမှန် ဗုဒ္ဓဓာတ်တော်မရှိသော နတ်ဘုရားအဆင့် ဗုဒ္ဓဂိုဏ်းကျွမ်းကျင်သူတို့ကြားရှိ ကွာခြားချက်သည် သာမန် နတ်ဘုရားအဆင့် ကျွမ်းကျင်သူနှင့် အစစ်အမှန်နတ်ဘုရားတို့၏ ကွာခြားချက်ကဲ့သို့ပင် စွမ်းအားပိုင်းတွင် များစွာ ကွာဟချက် ရှိနေပေသည်။

ဖာဟိုင်၏ ကိုယ်ပွားသည် မည်သို့သော နည်းလမ်းကို အသုံးပြုခဲ့သည်မသိသော်လည်း မိမိ၏ကိုယ်ပိုင် စစ်မှန်သော ဗုဒ္ဓဓာတ်တော်ကို ဖွဲ့စည်းနိုင်ခဲ့လေသည်။ အနှီဗုဒ္ဓဓာတ်တော်သည် သူနှင့်သာသက်ဆိုင်သော အစစ်အမှန် ဗုဒ္ဓဓာတ်တော်ဖြစ်သည်။ ထို့အပြင် ဓာတ်တော်သည် လွတ်မြောက်ခြင်းအဆင့် ဗုဒ္ဓအရှင်သခင်၏ ဉာဏ်ပညာအသီးအပွင့်နှင့် အဆင့်အတန်းဆီသို့ ပြောင်းလဲသွားမည့် အရိပ်အယောင်များပင် ရှိနေချေသည်။

ထိုအခြေအနေအရ ဖာဟိုင်ကိုယ်ပွားသည် မကြာမီအချိန်အတွင်း လွတ်မြောက်ခြင်းအဆင့် ဗုဒ္ဓအရှင်သခင် ဖြစ်လာတော့မည် ဖြစ်ကာ မူလခန္ဓာကိုယ်နှင့် တူညီသော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်၏။ ဖာဟိုင်၏ အနှီ မဟာလွတ်မြောက်ခြင်း ရုယီကိုယ်ပွားသည် ကမ္ဘာလောကကိုပင် တုန်လှုပ်သွားစေနိုင်သည်ဟု ဆိုရပေမည်။ ယခုအချိန်တွင် ဖာဟိုင်၏ ကိုယ်ပွားသည် နဂါးခေါင်းပေါ်တွင် ရပ်နေကာ ဟင်းလင်းပြင်အတွင်းဖြတ်သန်းနေသည်။

သူ၏ အမြန်နှုန်းဖြင့်ပင်လျှင် အရှေ့ဘက်အစွန်ဆုံးဒေသသို့ ရောက်ရှိရန် ရက်အနည်းငယ် အချိန်ယူရဦးမည် ဖြစ်သည်။

ဗုဒ္ဓဂိုဏ်း ပေါ်ထွက်လာမှုသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ အင်အားစုများစွာ၏ သတိထားမှုကို ထပ်မံ မြင့်တက်လာစေခဲ့ကာ လူသားမျိုးနွယ်အပါအဝင် မျိုးနွယ်ခြားများ နှင့် ပုန်းအောင်းနေသော ဖြစ်တည်မှုများစွာသည် ဗုဒ္ဓဂိုဏ်းကို အလွန်အမင်း စိုးရွံ့နေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဂိုဏ်း၏ အနှစ်သာရသည် လောကရှိ သက်ရှိအားလုံးကို ဆုံးမသွန်သင်ရန် ဖြစ်သောကြောင့် ဖြစ်သည်။ သက်ရှိများကို အကျွတ်တရားရစေကာ ဗုဒ္ဓ၏အဆုံးအမများကို သွန်သင်ဆုံးမပေးခြင်းဖြင့် ဗုဒ္ဓဂိုဏ်း၏ အမွေအနှစ်များသည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး ယုံကြည်သူ အမြောက်အမြားကို ရရှိနိုင်ပေသည်။

ယခုအခါ ပိအန်းရွှေတောင် ပေါ်ထွက်လာပြီဖြစ်သည်။ ထိုသည်က ဗုဒ္ဓဂိုဏ်း၏ ရှေးအကျဆုံး အမွေအနှစ်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ရောက်ရှိလာခြင်းကို ကိုယ်စားပြုနေကာ အနာဂတ်တွင် ဗုဒ္ဓဂိုဏ်းသည် လောကကို စိုးမိုးရန် အင်အားကြီးမားသော ပြိုင်ဘက်တစ်ခု ဖြစ်လာမည်မှာ သေချာလှပေသည်။ ထို့အပြင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးနီးပါးသည် မုန်တိုင်းထန်နေသကဲ့သို့ ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အပြင်ဘက်ရှိ ပိုင်ရွှီနယ်မြေထဲ၌ပင် ထူးခြားသော လှုပ်ရှားမှုများဖြစ်ပေါ်နေသည်။

ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကြီးသည် ထင်ရှားစွာပင် ဆွဲဆောင်မှုရှိသော နေရာတစ်ခု ဖြစ်လာပြီး မဟာကမ္ဘာအပြင်ရှိ မရေမတွက်နိုင်သော ရှေးဟောင်းအမွေအနှစ်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေလေသည်။

အထူးသဖြင့် မူလ ရှန့်ကျိုးကုန်းမြေတိုက်ကြီး ဖြစ်သည့် အလယ်ပိုင်း သူတော်စင်ကုန်းမြေတိုက်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကံကြမ္မာများ ကျဆင်းလာသည်နှင့်အမျှ ထူးဆန်းသော လက္ခဏာရပ်မျိုးစုံ စတင် ပေါ်ထွက်လာသည်။ အထူးသဖြင့် မြင့်မားသော ရည်မှန်းချက်ရှိသည့် ပါရမီရှင်များနှင့် အင်အားကြီးကျွမ်းကျင်သူ အမြောက်အမြား ပေါ်ထွက်လာခြင်းဖြစ်သည်။ အလယ်ပိုင်း သူတော်စင်ကုန်းမြေတိုက် တစ်ခုလုံးသည် တစ်စုံတစ်ရာသော စည်းချက်တစ်ခုကို ဖန်တီးလာခဲ့ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံး၏

မြေကြောစွမ်းအားများကို ဖြည်းညင်းစွာ စုပ်ယူလာလေသည်။

ရှန့်ကျိုး၏ နှလုံးသား စတင် နိုးထလာပြီဟု ကောလဟလများပင် ထွက်ပေါ်နေ၏။

သို့သော်လည်း မရေမတွက်နိုင်သော ကျွမ်းကျင်သူများသည် မည်သို့ပင် တွက်ချက်စေကာမူ ရှန့်ကျိုးနှလုံးသား၏ သဲလွန်စကို ရှာမတွေ့ခဲ့ပေ။ သူတို့သည် ထိုစည်းချက် လှုပ်ရှားမှုကို ဆက်လက် ဖြစ်ပေါ်ခွင့်ပြုရန်သာ တတ်နိုင်ကြလေသည်။ ထိုသည်မှာ ယင်း၏ စုပ်ယူမှုနှုန်းသည်လည်း အလွန် နှေးကွေးနေဆဲ ဖြစ်သောကြောင့်ဖြစ်သည်။

ထိုအချိန်အတွင်း၌ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် မဟာဧကရာဇ်များ၏ အမွေအနှစ်များ အမြောက်အမြား ပေါ်ထွက်လာခဲ့လေသည်။ ထိုအထဲတွင် ဧကရာဇ် မိုရှု ၊ ဧကရာဇ် ယင် ၊ ဟန်ဧကရာဇ် ၊ ဧကရာဇ်စီမာတို့ အပါအဝင် ကျုံးထျန်းယွဲ့ ဆက်ခံခဲ့သော ဝမ်တာအိုဧကရာဇ်တို့လည်း ပါဝင်သည်။ ရှေးဟောင်း မဟာဧကရာဇ် ဆယ့်နှစ်ပါး၏ အမွေအနှစ်များထဲမှ ငါးပါး ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။

ထိုဧကရာဇ်ဆက်ခံသူများထဲတွင် အများစုသည် မိမိတို့၏ သက်ဆိုင်ရာနယ်မြေအတွင်း၌ အင်အားစုများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြရဆဲ ဖြစ်သော်လည်း ဧကရာဇ် ယင် နှင့် ဟန်ဧကရာဇ်တို့၏ ဆက်ခံသူများ မှာမူ ကွဲပြားလေသည်။ ထိုနှစ်ဦးသည် အစမှအဆုံးတိုင်အောင် တိုက်ခိုက်နေကြကာ မည်သည့်ဘက်ကမျှ အလျော့ပေးခြင်းမရှိဘဲ နောက်ဆုံးတွင် ယင်ထျန်းအဖွဲ့နှင့် ဟန်ယင်မင်းဆက် ဟူသော အင်အားစုနှစ်ခုကို အသီးသီး တည်ထောင်ခဲ့ကြလေသည်။ သူတို့သည် ရှေးဟောင်း မဟာဧကရာဇ်များ ချန်ထားခဲ့သော အမွေအနှစ်များနှင့် နတ်ဘုရားသင်္ချိုင်းများရှိ အစောင့်အရှောက် ကျွမ်းကျင်သူများကို အသုံးချကာ လျင်မြန်စွာ အင်အားချဲ့ထွင်နေကြ၏။

ထိုအင်အားစုနှစ်ခုသည် ယင်နှင့် ဟန် ဧကရာဇ်နှစ်ပါးကဲ့သို့ပင် ကံကြမ္မာ အကြောင်းအကျိုးအရ ရန်သူများ ဖြစ်ကြပေသည်။ အတိတ်တွင် ဧကရာဇ်ယင်ကို အနောက်ချူ စစ်ဘုရင် ရှန်းယွီ နှင့် ဟန်ဧကရာဇ် လျိုပန်း တို့ ပူးပေါင်း၍ ဖြုတ်ချခဲ့သည်။ နောက်ပိုင်းတွင် ရှန်းယွီသည် လျိုပန်းကို မယှဉ်နိုင်ခဲ့သဖြင့် မဟာဧကရာဇ်ရာထူးသည် လျိုပန်း၏ လက်ထဲသို့ ကျရောက်သွားကာ ဟန်ဧကရာဇ် ဖြစ်လာစေခဲ့လေသည်။

ယခုအခါ ထိုဧကရာဇ် နှစ်ပါး၏ ဆက်ခံသူများသည် ပြည်နယ်တစ်ခုစီကို သိမ်းပိုက်ထားပြီး အချင်းချင်း အသေအလဲ တိုက်ခိုက်နေကြသဖြင့် စစ်မီးများသည် အလွန်တရာ ပြင်းထန်လှသည်။

စစ်ဘုရင်၏ အမွေအနှစ်ကို ရရှိထားသော ကျုံးကျဲပင်လျှင် စစ်ပွဲသို့ဝင်ရောက်လိုသောစိတ်ဆန္ဒများ၏သက်ရောက်မှုများစွာ ခံနေရသည်။ အထူးသဖြင့် ကျုံးကျဲသည် စစ်ဘုရင်၏ အမွေအနှစ်ကို အပြည့်အဝ ဆက်ခံထားပြီး ဖြစ်ကာ စစ်ဘုရင်၏ ရတနာတိုက်ကိုလည်း ရရှိခဲ့ပြီးဖြစ်သည်။ ထိုအထဲမှ ယင်ယန်လောက ကြေးမုံမှန်တစ်ချပ်ကို ရှာတွေ့ခဲ့သဖြင့် မိမိတို့၏ ဘိုးဘေး ကျုံးရှန်ထံသို့ လွှဲပြောင်းပေးအပ်ရန်အတွက် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ သူပြန်လည်ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။

ကျုံးကျဲသည် ကံတရားသရဖူကို ဖွဲ့စည်းနိုင်ခဲ့သဖြင့် ကံကြမ္မာ၏ဘုရင်ဟုပင် ခေါ်ဆိုနိုင်ကာ သာမန် ကံကြမ္မာသားတော်များသည် သူ့ကို တွေ့ဆုံပါက ကံကြမ္မာပိုင်းတွင် ပြင်းထန်စွာ ဖိနှိပ်ခံရပေမည်။ ရာထူးတစ်ဆင့်ကြီးသူသည် လက်အောက်ငယ်သားကိုဖိနှိပ်သတ်ဖြတ်နိုင်သည်ဟူသော ခံစားချက်မျိုးပင် ဖြစ်၏။

အတိအကျဆိုရပါလျှင် အနောက်ချူ စစ်ဘုရင်သည် ဧကရာဇ် ယင်၊ ဟန် ဧကရာဇ်တို့နှင့် ရန်သူများ ဖြစ်သည်။အထူးသဖြင့် ဧကရာဇ် ယင် သည် စစ်ဘုရင်၏အဓိကရန်သူဖြစ်သည်။ အဘယ်‌ကြောင့်ဆိုသော် ယင်မင်းဆက်၏ ရတနာတိုက်အားလုံးကို အနောက်ချူ စစ်ဘုရင်မှ လုယက်သွားခဲ့ခြင်း‌ကြောင့်ဖြစ်သည်။

ယခု ချန်ရစ်ခဲ့သော ဧကရာဇ်ယင်၏အမွေအနှစ်ရတနာတိုက်သည် သူ၏ ကိုယ်ပိုင်သီးသန့် ရတနာတိုက်သာ ဖြစ်ချေသည်။

ကျုံးကျဲ၏ စွမ်းအားသည် လုံလောက်စွာ ပြင်းထန်ခြင်းမရှိဘဲ ကျုံးရှန်သည် စစ်ဘုရင်၏ အမှတ်အသားများအတွင်းမှ ရှန်းယွီ၏ ကံကြမ္မာ အကြွင်းအကျန်အချို့ကို စောစီးစွာ ပြောင်းလဲထားခြင်း မရှိခဲ့ပါက ယခုအချိန်တွင် ကျုံးကျဲသည် ကံကြမ္မာ၏ ဆွဲဆောင်မှုအောက်တွင် ထို ဧကရာဇ်နှစ်ဦး၏ဆက်ခံသူများအကြားရှိ စစ်ပွဲအတွင်းသို့ ရောက်ရှိသွားပေလိမ့်မည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ ယေဘုယျ အခြေအနေသည် ထိုအတိုင်းပင် ဖြစ်လေသည်။ ထို့အပြင် မျိုးနွယ်ခြားများအတွင်း၌လည်း ကောင်းကင်တာအို ကပ်ဘေးနှင့် တာအိုပေါင်းစပ်ခြင်း၏ ဆင့်ခေါ်မှုကို ရှောင်လွှဲရန် အယောင်ဆောင် သေဆုံး၍ အမွေအနှစ်ချန်ရစ်ခဲ့ကြသော ရှေးဟောင်းသူတော်စင်များနှင့် ရှေးဟောင်းနတ်ဘုရားများ ပြန်လည် ထွက်ပေါ်လာကြသည်။ သူတို့သည် မိမိတို့မျိုးနွယ်စုများတွင် အခြေစိုက်ကာ အနာဂတ် အစီအစဉ်များအတွက် ပြင်ဆင်နေကြ၏။

ထိုကဲ့သို့ မျိုးနွယ်ခြား နတ်ဘုရားများ စုစည်းလာမှုသည် မျိုးနွယ်ခြားများအားလုံး ၏ ယုံကြည်မှုနှင့် စိတ်ဓာတ်ကို အပြိုင်အဆိုင် မြင့်တက်လာစေသည်။ ယခင်က မျိုးနွယ်ခြားများ၏ ကံကြမ္မာသည် မီးတောက်ငယ်တစ်ခုမျှသာ ဖြစ်သည်ဟု ဆိုပါက ယခုအခါတွင်မူ ပြင်းထန်စွာ တောက်လောင်နေသော မီးပုံကြီးများ ဖြစ်နေချေသည်။ အလယ်ပိုင်း သူတော်စင်ကုန်းမြေတိုက်၏ ကံကြမ္မာလောက် မကြီးမားသော်လည်း ယခင်ကထက် များစွာ သာလွန်ကောင်းမွန်လာပြီ ဖြစ်သည်။

ရှေးဟောင်းဧကရာဇ်များသည် ပြန်လည် နိုးထလာနေပြီဖြစ်ကာ အချိန်ကာလသည် တဖြည်းဖြည်းဖြင့် ရှေ့သို့ ရွေ့လျားနေသည်။ ရှေးဟောင်း မဟာဧကရာဇ် ဆယ့်နှစ်ပါး၏ ဆက်ခံသူများ အားလုံး ပေါ်ထွက်လာပြီးနောက်တွင်မူ ရှေးဟောင်းကာလမှ ထိပ်သီးပုဂ္ဂိုလ်ကြီးများ ပေါ်ထွက်လာရန် အလှည့်ရောက်လာပေတော့မည်။

ထိုသတင်းများအပြင် မြောက်ပိုင်း လူရိုင်းနယ်မြေမှ မိစ္ဆာမျောက်ဝံနတ်ဘုရားနှင့် တစ်ချိန်က မြောက်ပိုင်း၏ ရက်စက်ကြမ်းကြုတ်သော ရှေးဟောင်း မိစ္ဆာဓားသူတော်စင်တို့၏လှုပ်ရှားများသည်လည်း ကြီးမားသောအရှုပ်အထွေးကိုယူဆောင်လာလေသည်။ သူတို့သည် လူရိုင်းနယ်မြေမှ အခြားမိစ္ဆာနတ်ဘုရား အများအပြားနှင့် ပူးပေါင်းကာ နန်ထျန်းပင်လယ်တွင်ရှိသော ရှေးဟောင်းကာလ၏ နံပါတ်တစ် လူသတ်နတ်ဘုရား ရှင်းရှန်ရှီ၏ ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို ချိုးဖျက်လိုက်ကြ၏။ ထိုရှင်းရှန်ရှီသည် ရှေးဟောင်းကာလ၏ မဟာအန္တရာယ်ကြီး ဖြစ်ကာ နတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် ဖြစ်တည်မှုတစ်ခု ဖြစ်ခဲ့ပြီး လွတ်မြောက်ခြင်းအဆင့်နှင့် မျဉ်းတစ်ကြောင်းသာ ကွာဝေးပေသည်။

ပြစ်ဒဏ်ခတ်နတ်ဘုရား ရှင်းရှန်ရှီ။

နတ်ဘုရားများကို ဒဏ်ခတ်မည့်သူ။

ရှင်းရှန်ရှီကို လွှတ်ပေးလိုက်သည့် တစ်ခဏအတွင်းပင် ရှေးဟောင်း မိစ္ဆာဓားသူတော်စင်၊ မိစ္ဆာမျောက်ဝံ နတ်ဘုရား အပါအဝင် မိစ္ဆာနတ်ဘုရား မြောက်မြားစွာသည် သူ၏ ဝါးမြိုခြင်းကိုခံလိုက်ရသည်။ ထို့နောက်တွင် သူသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအို အပြောင်းအလဲနှင့် ချုပ်နှောင်မှု ပြေလျော့သွားသည်ကို အခွင့်ကောင်းယူကာ လွတ်မြောက်ခြင်းအဆင့်ရှိ ကောင်းကင်အရှင်အဆင့်သို့ ထိုးဖောက် ဝင်ရောက်သွားလေသည်။

ကောင်းကင်အရှင်အဆင့်သို့တက်လှမ်းပြီး နောက်တွင် ရှင်းရှန့်ရှီသည် မျိုးနွယ်တစ်ရာ ကျို့လီမျိုးနွယ်စု၏ အရှင်သခင် မိစ္ဆာဘုရင် ချီယို၊ ကပ်ရောဂါ အရှင်သခင်၊ ဘေးဒုက္ခ အရှင်သခင်၊ ကမ္မမီးတောက် ရူးသွပ်အရှင်သခင် အစရှိသည့် ချုပ်နှောင်ဖမ်းစည်းခြင်းခံထားရသော မိစ္ဆာဖြစ်တည်မှုများကိုပါ လွှတ်ပေးလိုက်သည်။ ထိုမိစ္ဆာဖြစ်တည်မှုများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နတ်ဘုရားနယ်ပယ် ကျင့်ကြံမှုကို အလွယ်တကူ ထိုးဖောက်ကာ ကောင်းကင်အရှင်အဆင့် ဖြစ်တည်မှုများ ဖြစ်လာကြ၏။

ထိုသည်က ယနေ့ခေတ် ကောင်းကင်နှင့်မြေကြီး၏ ပတ်ဝန်းကျင် အခြေအနေနှင့် သက်ဆိုင်နေသည်။ အဘယ်ကြောင့်ဆို သော် ချုပ်နှောင်မှုများသည် ရှေးဟောင်းကာလလောက် ကြီးမားခြင်းမရှိတော့ပေ။ အနှီရှေးဟောင်းခေတ်၏ ကျွမ်းကျင်သူများသည် အလွန် နက်နဲသော အခြေခံအုတ်မြစ်များ ရှိကြသဖြင့် ရှေးဦးကာလတွင် တက်လှမ်းနိုင်ခြင်းမရှိခဲ့သော အဆင့်အတန်းများကို ယခုကဲ့သို့ ကောင်းကင်တာအို လျော့ရဲနေသည့် အချိန်တွင် ရေသောက်ရသကဲ့သို့ အလွယ်တကူ တက်လှမ်းနိုင်သွားကြခြင်း ဖြစ်သည်။

ဆိုးယုတ်သော ထိုတည်ရှိမှုများ စုစည်းကာ ရှင်းရှန်ရှီကို ခေါင်းဆောင်အဖြစ်ထား၍ နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့ကို တည်ထောင်လိုက်ကြလေသည်။ သူတို့၏ ရည်ရွယ်ချက်သည် ကျွမ်းကျင်သူများကို ဖျက်ဆီးရန်၊ သုတ်သင်ရန်နှင့် ဝါးမြိုရန်ဖြစ်သည်။

တစ်ကမ္ဘာလုံး၏ ဘုံရန်သူဖြစ်သော ဆိုးယုတ်သည့် အဖွဲ့အစည်း။

သူတို့သည်လည်း ထိုအမည်နာမဖြင့်ထိုက်တန်သည့် အရည်အချင်းစွမ်းရည်များ ရှိကြလေသည်။

အပိုင်း (၃၃၆)

ထိုရှေးဟောင်း မိစ္ဆာအိုကြီးများသာ ကောင်းကင်နှင့်မြေကြီး၏ အချုပ်အနှောင်များ ပြေလျော့မှုကို အခွင့်ကောင်းယူ၍ အဆင့်ထိုးဖောက်နိုင်ခဲ့ကြသည် မဟုတ်ချေ။ ဟင်းလင်းပြင်ထဲတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သော ရှေးဟောင်းနတ်ဘုရား အများအပြားသည်လည်း နတ်ဘုရားအဆင့်ကို ထိုးဖောက်ရန် စတင် ကြိုးစားနေကြပြီဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် ခေတ်သုံးခေတ်ကို ဖြတ်သန်းခဲ့ပြီးဖြစ်ကာ ယခုတစ်ကြိမ်သည် အစည်ကားဆုံးနှင့် အရှုပ်ထွေးဆုံး အချိန် ဖြစ်သည်။

နေရာအသီးသီးမှ ကျွမ်းကျင်သူများသည် ကောင်းကင်တာအို ရှုပ်ထွေးနေချိန်ကို အခွင့်ကောင်းယူကာ အင်အားစုဆောင်းခြင်း သို့မဟုတ် အဆင့်ထိုးဖောက်ခြင်းများကို ပြုလုပ်နေကြသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် ရှုပ်ထွေး စည်းကမ်းမဲ့မှုများ စတင်ဖြစ်ပေါ်လာတော့၏။ သို့သော် မူလက ရှုပ်ထွေးမှုနှင့် စည်းမဲ့ကမ်းမဲ့ဖြစ်ခြင်းကို ကိုယ်စားပြုသော ငရဲပြည်မှာမူ စည်းစနစ်ကျသော အုပ်ချုပ်မှုအောက်သို့ စတင် ရောက်ရှိလာသည်။

ဤအရာအားလုံးသည် ငရဲကောင်းကင်တာအိုသည် ရှုပ်ထွေးမသွားဘဲ လူသားအသွင်ဖြင့် ပေါ်ထွက်လာကာ အရာအားလုံးကို ဦးဆောင်နေသောကြောင့် ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် အလွန်တရာ ရှုပ်ထွေးနေပြီး ကမ္ဘာ့စည်းမျဉ်းများမှာလည်း အပေါက်အပြဲများစွာ ဖြစ်ပေါ်နေသည်။ ထိုသည်ကား ကောင်းကင်တာအို လုပ်ဆောင်ချက်၏ ပြယုဂ်ပင် ဖြစ်သည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် အင်အားစုအားလုံးကို နှိမ်နင်းနိုင်မည့် အတုမရှိ ကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်မလာမချင်း သို့မဟုတ် ကောင်းကင်တာအို ပြန်လည် တည်ငြိမ်မသွားမချင်း ထိုအခြေအနေသည် ဆက်လက်ဖြစ်ပေါ်နေဦးမည် ဖြစ်ကာ ကုန်းမြေတိုက်ကြီး ပျက်စီးသွားသည်အထိ ပြင်းထန်လာပေလိမ့်မည်။

ငရဲပြည်အတွင်း၌ ကောင်းကင်တာအိုသည် ဟွာထျန်းအဖြစ် အသွင်ပြောင်းကာ ငရဲပြည်တစ်ခုလုံးတွင် လှည့်လည်သွားလာနေသည်။ သူ၏ ကိုယ်ပွားတစ်ခုသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားကာ ဆဋ္ဌမမြောက် အထပ်တစ်ထောင် ကမ္ဘာအတွင်း၌ ကျုံးရှန်ကို စောင့်ဆိုင်းနေလေသည်။ ထို့အပြင်သူ၏ကျန်ရှိသော ကိုယ်ပွားများသည် ခြေတစ်လှမ်းစော၍ ငရဲပြည်ရှိ အဓိက အင်အားစုများထံသို့ သွားရောက်နေကြသည်။

ရူးသွပ်နေသော နတ်ဆိုးဧကရာဇ် ပိုင်ချန်းရှန် ပင်လျှင် ဟွာထျန်း၏ ဖျောင်းဖျမှုကို ခံရကာ ယွီထျန်းမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့၏။

ချောက်နက်မိစ္ဆာအရှင်သခင် နှင့် ယမမင်း တို့သည် ထိပ်သီး မိစ္ဆာအရှင်သခင် အမြောက်အမြားကို ဆက်သွယ်ထားခဲ့ကြသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ သွားရာလမ်းရှိ ပိတ်ဆို့မှုများကို အတူတကွ ဖောက်ထွင်းရန်နှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို ကျူးကျော်ကာ လွတ်မြောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ဟူသော အကြောင်းပြချက်ဖြင့် မဟာမိတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။ ယင်းအဖွဲ့သည် ယခုအချိန်တွင် ယွီထျန်းမဟာမိတ်အဖွဲ့အဖြစ်ဆောင်ရွက်ကာ ငရဲကမ္ဘာကြီးတစ်ခုလုံးကို စည်းလုံးညီညွတ်ရန် လုပ်ဆောင်မှုများတွင် အားကြိုးမာန်တက်တာဝန်ထမ်းဆောင်နေကြလေသည်။

ယခု ဖွဲ့စည်းထားသောယွီထျန်းမဟာမိတ်အဖွဲ့သည် ပိုမို တင်းကျပ်သော မဟာမိတ်အဖွဲ့တစ်ခု ဖြစ်လာသော်လည်း များပြားလှသော အခြေအနေများနှင့် အကြောင်းရင်းများ ပေါင်းစပ်လိုက်သောအခါ မဟာမိစ္ဆာသခင်များအတွက် ငြင်းပယ်စရာ အကြောင်းပြချက် မရှိအောင် ဖြစ်စေခဲ့ကာ ငရဲမဟာကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ဟာမိုမိစ္ဆာသွေးပင်လယ်တည်ရှိခဲ့သည့် တားမြစ်နယ်မြေကို ဗဟိုပြု၍ ဟာမိုမိစ္ဆာသွေးပင်လယ် ရုပ်သေးရုပ်ကို သန့်စင်ခဲ့ကြသော ထိုမဟာမိစ္ဆာသခင်များကို အသုံးပြုကာ ယွီထျန်းမဟာမိတ်အဖွဲ့၏အင်အားတိုးချဲ့မှုကို အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားစေလိုက်၏။ ထိုအခါ ရက်အနည်းငယ်အတွင်းပင် ငရဲပြည်ရှိ အင်အား နှစ်ဆယ် ရာခိုင်နှုန်းခန့်သည် ယွီထျန်းမဟာမိတ်အဖွဲ့အတွင်းသို့ ရောက်ရှိလာခဲ့သည်။

ထို့အပြင် အင်အားစုများ အဆက်မပြတ် တိုးပွားလာသည်နှင့်အမျှ ယွီထျန်းမဟာမိတ်အဖွဲ့၏ ဩဇာလွှမ်းမိုးမှုသည်လည်း အဆက်မပြတ် ကျယ်ပြန့်လာနေသည်။ ထိုအခြေအနေအရ တိုတောင်းလှသော တစ်နှစ်၊နှစ်နှစ်အတွင်း သို့မဟုတ် ဆယ်နှစ်အတွင်း ယွီထျန်းမဟာမိတ်အဖွဲ့သည် ငရဲပြည်ရှိ အင်အားစုများနှင့် ကျွမ်းကျင်သူများ၏ ကိုးဆယ်ရာခိုင်နှုန်းအထက်ကို ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။ ထို့နောက်တွင် စည်းစနစ်ကျသည့် စည်းလုံးညီညွတ်သော ငရဲစစ်တပ်ကြီးတစ်ခုကို ဖွဲ့စည်းနိုင်မည်ဖြစ်၏။

ထိုအခါဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အစစ်အမှန် ကပ်ဘေးဆိုးကြီး တစ်ခု ပေါ်ပေါက်လာပေလိမ့်မည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် ရှုပ်ထွေးမှုများအတွင်း နစ်မြုပ်နေသော်လည်း ငရဲမဟာကမ္ဘာသည် စည်းစနစ်ကျသော အုပ်ချုပ်မှုအောက်သို့ ရောက်ရှိလာသည်။ ထိုသည်ကား အလွန်ပင် ဟာသဆန်လှသော အပြောင်းအလဲ ဖြစ်သည်။

မဟာကမ္ဘာကြီးသည်လည်း တစ်သမတ်တည်း မပြောင်းမလဲတည်ရှိနေခြင်း မဟုတ်ကြောင်းကို သက်သေပြနေသည်။ ကောင်းကင်တာအိုသည် ထာဝရ ဖြစ်တည်မှုမဟုတ်ချေ။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအိုသည် ရှုပ်ထွေးနိုင်သကဲ့သို့ အကန့်အသတ်မဲ့ကမ္ဘာကြီး၏ ကောင်းကင်တာအိုသည်လည်း ရှုပ်ထွေးနိုင်သည်။

ထို့ကြောင့်သာ လွန်ခဲ့သောအတိတ်ကာလတွင် နဂါးမဲ့ နတ်ဘုရားဘုရင်သည် အကန့်အသတ်မဲ့ ကောင်းကင်တာအိုကို ပြောင်းပြန်လှန်နိုင်ခဲ့ကာ ကြီးမြတ်သော အောင်မြင်မှုများကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မဟာကမ္ဘာကြီးနှစ်ခုသည် ကွဲပြားသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများကို လျှောက်လှမ်းခဲ့ကြ၏။ နောက်ဆုံးတွင် သူတို့သည် ပေါင်းဆုံတိုက်မိကြမည် ဖြစ်ကာ စိတ်ကူးမရနိုင်သော ဖြစ်စဉ်များကို ပေါက်ကွဲထွက်လာစေပေလိမ့်မည်။

ထိုအရာအားလုံးကို ဖြစ်ပေါ်စေခဲ့သော တရားခံဖြစ်သည့် ကျုံးရှန်သည် ပြင်ပကမ္ဘာ၏ ကိစ္စရပ်များကို လျစ်လျူရှုထားလေသည်။ သူသည် ကောင်းကင်တာအိုခန္ဓာကို ကျင့်ကြံအောင်မြင်ထားပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အတားအဆီးများကို ထိုးဖောက်ကာ ပြင်ပသတင်းအချက်အလက်များကို အာရုံခံနိုင်နေပြီ ဖြစ်သော်ငြားလည်း ထိုသို့ မလုပ်ဆောင်ခဲ့ချေ။ သူသည် လှေကားထစ်များကိုသာ အာရုံစိုက်၍ တက်လှမ်းနေလေသည်။

အဘယ်ကြောင့်ဆိုသော် ထိုသည်မှာ သူ၏ အခွင့်အရေး၊ သူ၏ ကံကြမ္မာပင် ဖြစ်သည်။

ကျုံးရှန်သည် မျှော်စင်တက်လာသည်မှ ယခုအချိန်အထိ ကြီးမားသော အကျိုးကျေးဇူး အမြောက်အမြားကို ရရှိခဲ့၏။

ပထမဆုံးအနေဖြင့် မျှော်စင်သို့ဝင်ခါစတွင် ခေါင်းတီးယက်စ် နတ်ဘုရားနွယ်ပင်ကို ရရှိခဲ့သည်။ ထို့နောက် ပထမအထပ်တစ်ထောင်ကမ္ဘာတွင် ဝင်ရောက်လာသည့် ငရဲပြည်မှ ပါရမီရှင် အားလုံးနီးပါးကို နှိမ်နင်းခဲ့ပြီး ရွှယ်ဖုန်းအာကို လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ခဲ့သည်။ ဒုတိယအထပ်တစ်ထောင်ကမ္ဘာတွင် ရှန့်ဥ၊ လျှိုတင်းရှန့်အခွံ၊ မျက်လုံးသုံးလုံး ဖျံ အပါအဝင် ဖန်ဆင်းခြင်း သစ်စေ့၊ ခုနစ်ရောင်ခြယ်ဘူးသီးခြောက်တို့ကို ရရှိခဲ့သည်။

တတိယအထပ်တစ်ထောင်ကမ္ဘာမှဖာလွီသူတော်စင်၏ နတ်ဘုရားလက်နက်တစ်ခုဖြစ်သည့် အရာခပ်သိမ်းကျမ်းစာလိပ်၏ စိတ်ဆန္ဒနှင့် မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့ကာ လျှို့ဝှက်ချက်များစွာကို သိရှိခဲ့ရသည်။ ထို့နောက် စတုတ္ထအထပ်တစ်ထောင်ကမ္ဘာတွင် ဝိညာဉ်ဝါးမြိုခြင်း စွမ်းအားကို ရရှိခဲ့ကာ ရှေးဟောင်း ကောင်းကင်ဝါးမြိုသားရဲ ချန်ရစ်ခဲ့သော အမြုအတေအပိုင်းအစ ကိုယ်ပွားနှင့် တိုက်ခိုက်ခြင်းမှတစ်ဆင့် သူ၏မူလခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့သည်။ သူ၏ကိုယ်တွင်းရှိ စွမ်းအားအားလုံးကို တစ်သားတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့ကာ နောက်ဆုံးတွင် ကောင်းကင်တာအိုခန္ဓာကို ရရှိပိုင်ဆိုင်နိုင်ခဲ့လေသည်။

ပဥ္စမအထပ်တစ်ထောင်ကမ္ဘာတွင် သူသည် ဟင်းလင်းပြင်စွမ်းအင် အမြောက်အမြားကို ဝါးမြိုခဲ့ပြီး ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်တော် ဆယ်ခုကျော်ကို စုဆောင်းနိုင်ခဲ့ကာ ဟင်းလင်းပြင် နတ်ဘုရားအမြုအတေနှင့် ပေါင်းစပ်လိုက်နိုင်ခဲ့သည်။ သူ၏ နတ်ဘုရားဝိညာဉ် အရည်အသွေးအဆင့်သည်လည်း တစ်ဆင့်ထက်မက မြင့်တက်သွားခဲ့လေသည်။ ထို့အပြင် ဟင်းလင်းပြင်မဟာကမ္ဘာမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးနှင့် ဝေချီကစားပွဲတစ်ခုယှဉ်ပြိုင်ခဲ့ကာ ဟင်းလင်းပြင် ရတနာတစ်ခုကိုပါ ရရှိခဲ့သေးသည်။

ကောင်းကင်တက်လှမ်းခြင်း မျှော်စင်ကိုတက်လှမ်းခြင်းသည် ကျုံးရှန်အတွက်အကျိုးအမြတ် အလွန်များပြားလှသည်ဟု ဆိုရပေမည်။

ထိုကဲ့သို့သော ထူးဆန်းသည့် အခွင့်အရေးမျိုးများကို စနစ်မှနေ့စဉ်မှတ်တမ်းတင်ခြင်းဖြင့် ဆုလာဘ်ယူမည်ဆိုလျှင် မည်သည့်အချိန်အထိ စောင့်ဆိုင်းရမည်ကိုပင် သိနိုင်မည်မဟုတ်ချေ။ ယခုလက်ရှိ ကျုံးရှန်၏ စွမ်းအားတစ်ခုတည်းဖြင့်ပင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သို့ စတင်မဝင်ရောက်မီကထက် အဆပေါင်း ရာထောင်ချီ၍ ပိုမို အင်အားကြီးမားနေပြီ ဖြစ်သည်။ချင်ထျန်းတောင်ပေါ်မှ စတင်ထွက်ခွာလာချိန်တွင် သူသည် နတ်ဘုရားနယ်ပယ် အဆင့် ၂ စွမ်းအားရှိသော အာမန်ရာ၏ ကိုယ်ပွားကို ဖိနှိပ်နိုင်သည့် အဆင့်သာရှိခဲ့သည်။

သို့သော် ယခုအခါတွင်မူ အဆင့် ၃ အစစ်အမှန်နတ်ဘုရားများကိုပင် အလွယ်တကူ ဖိနှိပ်ချေမှုန်းနိုင်နေပြီ ဖြစ်ကာကောင်းကင်အရှင်အဆင့်နှင့် ထာဝရအရှင်အဆင့်ရှိ ကျွမ်းကျင်သူများပင်လျှင် သူ၏စွမ်းအားကို ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့ပေ။

ထျန်းယွမ် အဆင့် သို့မဟုတ် မဟာကမ္ဘာအဆင့်ရှိ ကျွမ်းကျင်သူများ၏စွမ်းအားများဖြင့်သာ ကျုံးရှန်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိပေတော့သည်။ ယခုမှသာ သူသည် အင်အားကြီးမားသူတစ်ဦး၏ လမ်းကြောင်းမှန်ပေါ်သို့ အမှန်တကယ် လျှောက်လှမ်းနိုင်ခြင်းဖြစ်သည်ဟု ဆိုရမည်။ နှစ်ပေါင်း တစ်သန်းတိုင်တိုင် တံခါးပိတ် ကျင့်ကြံခဲ့ရခြင်းများသည် အချည်းနှီး မဖြစ်တော့ချေ။

ထို့အပြင် ယခုလက်ရှိ ကျုံးရှန်၏ ကျင့်ကြံခြင်းအဆင့်သည် သူတော်စင်နယ်ပယ် အဆင့် ၃တွင်သာ ရှိသေး၏။ အကယ်၍ ကျုံးရှန်သာ သူတော်စင်ဘုံကို ဖွဲ့စည်းနိုင်ပြီး ယင်းကို အထပ်တစ်ထောင်ကမ္ဘာငယ် သို့မဟုတ် အလယ်အလတ်ကမ္ဘာအဖြစ်သို့ အဆက်မပြတ် ပြုစုပျိုးထောင်ကာ နတ်ဘုရားနယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည်ဆိုလျှင် သူသည် နတ်ဘုရားနယ်ပယ် အဆင့် ၁ မျှဖြင့်ပင် ကမ္ဘာလောကတစ်ခုလုံးကို မောက်မာစွာ ငုံ့ကြည့်နိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။

ထိုအချိန်ရောက်လျှင် ထျန်းယွမ်အဆင့် ကျွမ်းကျင်သူများပင် ကျုံးရှန်နှင့်ယဥ်ဆိုင်ရပါက အရှုံးဖြင့်သာ လှည့်ပြန်ရပေလိမ့်မည်။

သူ၏ လက်သီးတစ်ချက်တည်းဖြင့်ပင် မဟာကမ္ဘာကြီးကို တိုက်ရိုက် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်စွမ်း ရှိလာမည်ဖြစ်၏။ ထိုအဆင့်ရောက်မှသာ အစစ်အမှန် ပြိုင်ဘက်ကင်းသည့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဟုဆိုနိုင်မည် ဖြစ်လေသည်။

ယခုအချိန်တွင် ကျုံးရှန်သည် အေးအေးလူလူဖြင့် အထက်သို့ ဆက်လက် တက်လှမ်းနေသည်။ အထပ်ငါးထောင်အထက်ရှိ လှေကားထစ်များ၏ ဖိအားသည် သာမန် အထွတ်အထိပ် မဟာမိစ္ဆာသခင်များကိုပင် ကြောက်ရွံ့သွားစေနိုင်ပြီး မည်သို့မျှ ရှေ့ဆက်မတိုးနိုင်အောင် ပြုလုပ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ကျုံးရှန်အတွက်မူ ပန်းခြံအတွင်း လမ်းလျှောက်နေသကဲ့သို့ အလွန် ပေါ့ပါးလွတ်လပ်နေလေသည်။

ထို့အပြင် သူ့ကို ဝမ်းသာသွားစေသည့် အချက်မှာ မျှော်စင်တက်လှမ်းခြင်းမှ ရရှိသော စွမ်းအင်အမှုန်များသည် သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအတွက် မည်သို့မျှ အထောက်အကူ မပြုနိုင်တော့သော်လည်း သူ၏ ဝိညာဉ်စွမ်းအင်အရည်အသွေးကိုမူ မြှင့်တင်ပေးနိုင်ဆဲ ဖြစ်သည်။ ထိုသက်ရောက်မှုကြောင့် သူ၏ ဝိညာဉ်စွမ်းအင် အရည်အသွေးသည် မြူမှုန်အဆင့်အထွတ်အထိပ်မှ သည် ကျောက်စိုင်အဆင့်သို့ အဆင့်တက်သွားခဲ့ကာ ယခုအခါတွင် ပိုမို တည်ငြိမ်စွာ မြင့်တက်လာနေပြီး ကျောက်စိုင်အဆင့် အလွှာငါးအထက်သို့ တဖြည်းဖြည်း ရောက်ရှိလာသည်။ သူသာ မျှော်စင်အထက်သို့ဆက်လက် တက်လှမ်းနေမည်ဆိုပါက စစ်မှန်သောနဂါးအဆင့်သို့တက်ခြင်းသည်အ‌နှေးနှင့် အမြန်ပင်ဖြစ်‌သည်။

ကျုံးရှန်သည် တမင်တကာ အရှိန်မြှင့်၍ တက်လှမ်းနေခြင်း မဟုတ်သော်လည်း ခြေလှမ်းများကို ရပ်တန့်ခဲ့ခြင်းမရှိချေ။ မကြာမီ၌ပင် ဆဋ္ဌမမြောက် အထပ်တစ်ထောင်ကမ္ဘာသို့ သွားရာ နေရာကူးပြောင်းခြင်းတံခါးရှေ့သို့ ရောက်ရှိလာလေသည်။ တံခါးပေါက်ရှေ့တွင် ရပ်နေသော ကျုံးရှန်၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။

ထိုအလင်းတန်းသည် အတားအဆီးများ၊ လှည့်စားမှုများနှင့် မြူခိုးများ အားလုံးကို ထိုးဖောက်သွားကာ တံခါးပေါက်၏ အခြားတစ်ဖက်ရှိ အခြေအနေများကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရသည်။ ထိုအခါ ကျုံးရှန်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားကာ အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက်တွင် သူသည် ခြေတစ်လှမ်းလှမ်းကာ နေရာကူးပြောင်းခြင်းတံခါးအတွင်းသို့ ဝင်ရောက်သွားတော့သည်။

All Chapters