← Chapters

အခန်း (၃၃၇-၃၃၈)

Vol. 34 Ch. 337-338

အခန်း (၃၃၇-၃၃၈)

Vol. 34 Ch. 337-338

အပိုင်း (၃၃၇)

နေရာကူးပြောင်းခြင်းတံခါးအတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် ကျုံးရှန်သည် ချက်ချင်းလှုပ်ရှားခြင်းမရှိခဲ့ချေ။ သူသည် ထိုနေရာ၌ပင် မတ်တတ်ရပ်ကာ မျက်စိကိုမှိတ်ထားပြီး သူ၏ နတ်ဘုရားအာရုံနှင့် စွမ်းအားများအားလုံးကို အသုံးပြုခြင်းမှရပ်တန့်လိုက်သည်။ သူသည် သာမန်လူတစ်ယောက်ကဲ့သို့ဖြစ်သွားကာ ကောင်းကင်နှင့်မြေကြီးကြားတွင် လွင့်မျောနေသော ဖုန်မှုန့်လေးတစ်မှုန့်နှင့်ပင် တူနေလေသည်။

မည်သူမျှ သတိမထားမိနိုင်လောက်အောင်ပင် ကောင်းကင်နှင့်မြေကြီးအတွင်းသို့ လုံးဝ ပေါင်းစပ်ဝင်ရောက်သွားသကဲ့သို့ဖြစ်သည်။ထိုသည်မှာ သူ၏ကောင်းကင်တာအိုခန္ဓာသည် အရာခပ်သိမ်းကို ပြီးပြည့်စုံစွာ တုပနိုင်စွမ်းရှိခြင်းကြောင့်ဖြစ်သည်။ ကျုံးရှန်သာ အာရုံစိုက်၍ စိတ်နှစ်ပြီးလုပ်ဆောင်မည်ဆိုပါက သူ၏ အသွင်ပြောင်းတုပနိုင်စွမ်းကို မည်သူမျှ ခွဲခြားနိုင်မည် မဟုတ်ချေ။

သူသည် ထိုအတိုင်းပင် တိတ်ဆိတ်စွာမတ်တတ်ရပ်နေလိုက်လေသည်။ ထိုသို့ဖြင့် သုံးရက်နှင့်သုံးည ကြာပြီးနောက်တွင်မူ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ ထိုအခါ ခြောက်သွေ့နေသော သစ်ပင်အိုကြီး တစ်ပင် ပြန်လည် ရှင်သန်လာသကဲ့သို့ သူ၏ ခန္ဓာကိုယ်တွင် စွမ်းအင်များ ပြန်လည် နိုးကြားလာသည်။

"ငရဲငယ်လေး..."

"ကောင်းကင်တက်လှမ်းခြင်းမျှော်စင်က မဟာကမ္ဘာမြောက်မြားစွာကို ပုံတူကူးယူဖန်တီးထားတာ ဘာရည်ရွယ်ချက်နဲ့များလဲ..."

"ပြီးတော့ ဟိုတစ်ယောက်..."

ကျုံးရှန်သည် တိုးတိုးလေး ရေရွတ်လိုက်ပြီး ဆဋ္ဌမ အထပ်တစ်ထောင်ကမ္ဘာ၏ အလယ်ဗဟိုသို့ နက်ရှိုင်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ဆဌမအထပ်တစ်ထောင်ကမ္ဘာသည် ငရဲမဟာကမ္ဘာ၏ ပုံစံအတိုင်း အတိအကျ ဖန်တီးထားခြင်းဖြစ်ကာ ငရဲပြည်၏ အဓိကကုန်းမြေတိုက်ကြီး မပျက်စီးခင်အချိန်ကရှိခဲ့သည့် ရှေးဟောင်းငရဲပြည် အစစ်အမှန်၏ ပုံစံဖြစ်သည်။ ထိုနေရာတစ်ခုလုံးသည် ပုံတူကူးထားခြင်းသာ ဖြစ်သော်လည်း ငရဲမဟာကမ္ဘာ၏ အရေးကြီးသော အရာအချို့ ကိန်းအောင်းနေခြင်းသည် ထိုအချိန်ကအတိုင်းပင်ထပ်တူညီနေလေသည်။ ဥပမာအားဖြင့် တားမြစ်နယ်မြေ လေးခု၊ များပြားလှသော အထပ်တစ်ထောင်ငရဲကမ္ဘာငယ်များနှင့် အလယ်အလတ်ကမ္ဘာများပင် ဖြစ်သည်။

ထို့အပြင် အရေးအကြီးဆုံးအရာတစ်ခုဖြစ်သည့် ငရဲနှလုံးသားလည်း ရှိနေကာ ငရဲပြည်၏ အနှစ်သာရစွမ်းအားကို တူညီစွာ ပိုင်ဆိုင်ထားလေသည်။ ကျုံးရှန်သာ ထိုငရဲငယ်နှလုံးသားနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက နောင်တစ်ချိန်တွင် ကျုံးရှန်သည် ငရဲပြည်၏ မူလအနှစ်သာရကို အလွယ်တကူ ဝါးမြိုနိုင်ပေလိမ့်မည်။ ငရဲငယ်၏နှလုံးသားသည် သော့တစ်ချောင်းနှင့် တူညီပြီး ထိုသော့ကို အသုံးပြု၍ ကျုံးရှန်သည် ငရဲမဟာကမ္ဘာ၏ မူလဇစ်မြစ်ရှိရာနေရာထဲသို့ အလွန် ချောမွေ့စွာ ဝင်ရောက်နိုင်မည် ဖြစ်သည်။

ငရဲမဟာကမ္ဘာ၏ စီးဆင်းမှု အစိတ်အပိုင်းအချို့ကိုလည်း အာရုံခံနိုင်မည် ဖြစ်ကာ သူကိုယ်တိုင်သည်လည်း ငရဲမဟာကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်လာမည်။ ထိုအခါ ငရဲပြည်တစ်ခုလုံးတွင် ကျုံးရှန်အတွက် မည်သည့် အတားအဆီးမျှ ရှိတော့မည် မဟုတ်ပေ။ ထိုအရာမှလွဲ၍ အနှီငရဲငယ်တွင် ကျုံးရှန် တန်ဖိုးရှိသော အခြားအရာများ မရှိတော့ချေ။

အတုယူ ဖန်တီးထားသည့် တားမြစ်နယ်မြေ လေးခုကိုသာ အနည်းငယ် စိတ်ဝင်စားမိလေသည်။ ပြင်ပလောကတွင် တားမြစ်နယ်မြေ လေးခုသည် ငရဲပြည်၏ ကြောက်မက်ဖွယ်ရာ နယ်မြေများ ဖြစ်ကြသည်။ တားမြစ်နယ်မြေ တစ်ခုစီတိုင်းတွင် ထာဝရအရှင်အဆင့် အထွတ်အထိပ်နှင့် ထျန်းယွမ်အဆင့်နီးပါးရှိသော စွမ်းအားများ ကိန်းအောင်းနေကာ အတိုင်းအဆမဲ့ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ရှိကြသည်။

ဒဏ္ဍာရီများအရ ထိုတားမြစ်နယ်မြေ လေးခု၏ မူလဇစ်မြစ်သည် ငရဲမဟာကမ္ဘာမှ လာခြင်းမဟုတ်ဘဲ ပိုင်ရွှီနယ်မြေ၏ အပြင်ဘက် အမည်မသိကမ္ဘာတစ်ခုမှ လာခြင်းဖြစ်သည်။ ယင်းတို့သည် အင်အားကြီးပုဂ္ဂိုလ် လေးဦး ကျဆုံးပြီးနောက်တွင် သူတို့၏ အနှစ်သာရအကြွင်းအကျန်များမှ ပြောင်းလဲဖြစ်တည်လာခြင်း ဖြစ်ကာ အနာဂတ်တွင် ထိုအင်အားကြီးပုဂ္ဂိုလ် လေးဦး ပြန်လည်ရှင်သန်လာနိုင်ခြေလည်း ရှိနေပေသည်။ ချောက်နက်မိစ္ဆာသခင်သည် တားမြစ်နယ်မြေလေးခုအနက်မှ ဟာမိုမိစ္ဆာသွေးပင်လယ်ကိုပစ်မှတ်ထားကာ မဟာမိစ္ဆာသခင် ရာပေါင်းများစွာ၏ စွမ်းအားများကို စုစည်း၍ ရုပ်သေးရုပ်အဖြစ် သန့်စင်ရန် ကြိုးစားခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်မှာ သန့်စင်ခြင်းအခမ်းအနား၏အရေးအကြီးဆုံးအချိန်တွင် ကျုံးရှန်သည် သူတော်စင်နယ်ပယ်သို့ အဆင့်တက်သွားခဲ့ကာ ကမ္ဘာနှစ်ခု၏ စွမ်းအားများကို စုပ်ယူချိန်၌ ဟာမိုမိစ္ဆာသွေးပင်လယ်၏ စွမ်းအား ထက်ဝက်ကိုပါ မတော်တဆ စုပ်ယူမိသွားခဲ့သည်။ထို့ကြောင့် တားမြစ်နယ်မြေ၏ စွမ်းအား များစွာ လျော့ကျသွားခဲ့သည်။ ကျန်ရှိနေသော စွမ်းအားထက်ဝက်သည် အလွန်ပင် အားကောင်းနေသေးသော်လည်း မိစ္ဆာအရှင်သခင်များသည် ထိုစွမ်းအားကို မထိန်းချုပ်နိုင်ခဲ့ကြပေ။

သူတို့သည် မိမိတို့ အုပ်ချုပ်သော ကမ္ဘာငယ်များနှင့် အလယ်အလတ်ကမ္ဘာများမှ ယုံကြည်ခြင်းစွမ်းအားနှင့် ပူဇော်မှုစွမ်းအား အမြောက်အမြားကို အသုံးပြုခဲ့သော်လည်း နောက်ဆုံးတွင် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်၌ရှိသော ဟာမိုမိစ္ဆာသွေးပင်လယ် ရုပ်သေးရုပ် တစ်ရုပ်ကိုသာ ဖန်တီးနိုင်ခဲ့ကြသည်။ မသန့်စင်နိုင်သေးသော တားမြစ်နယ်မြေ စွမ်းအား အမြောက်အမြားသည် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်အတွင်း ကျန်ရစ်နေဆဲဖြစ်သည်။အကယ်၍ ထိုမဟာမိစ္ဆာသခင်များထဲမှ ကောင်းကင်အရှင်အဆင့်ကျွမ်းကျင်သူ ဆယ်ဂဏန်းခန့် ထွက်ပေါ်လာမည်ဆိုပါက ထိုထက်ဝက်သော စွမ်းအားကို အပြည့်အဝ သန့်စင်နိုင်ပေလိမ့်မည်။

ထိုအခါ ဟာမိုမိစ္ဆာသွေးပင်လယ် ရုပ်သေးရုပ်သည် ထာဝရအရှင်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ကာ ယင်း၏ စွမ်းအားသည် ယခုကဲ့သို့ မပြည့်စုံသော အခြေအနေနှင့် လုံးဝ နှိုင်းယှဉ်၍ ရမည် မဟုတ်ချေ။

ထိုကိစ္စများနှင့် ပတ်သက်၍ ကျုံးရှန်သည် သိရှိခြင်းမရှိခဲ့ပေ။ သူ၏ ခန္ဓာကိုယ်အတွင်း၌ ဟာမိုမိစ္ဆာသွေးပင်လယ်၏ စွမ်းအား ထက်ဝက်ခန့် ရှိနေကာ အနာဂတ်ကာလတွင် ရုပ်သေးရုပ်ကို ထာဝရအရှင်အဆင့်အထိ အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပါက ယင်းသည် ကျုံးရှန်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။ ကျုံးရှန်၏ ဝါးမြိုစုပ်ယူခြင်းကို ခံရပြီး သူ၏ ကျင့်ကြံခြင်းအရင်းအမြစ်အဖြစ်ပင် ပြောင်းလဲသွားနိုင်ချေရှိသည်။

အကယ်၍ ငရဲပြည်မှ မဟာမိစ္ဆာသခင်များသာ ထိုအချက်ကို သိရှိသွားမည်ဆိုလျှင် ဟာမိုမိစ္ဆာသွေးပင်လယ် ရုပ်သေးရုပ်ကို သန့်စင်ရန်အတွက် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ကြမည် မဟုတ်ပေ။ ကျုံးရှန်သည် ဆဌမအထပ်တစ်ထောင်ကမ္ဘာဖြစ်သည့် ငရဲငယ်လေးအတွင်းရှိ တားမြစ်နယ်မြေလေးခုကို အနည်းငယ် အာရုံခံကြည့်လိုက်ရုံဖြင့် မည်သို့ စီမံရမည်ကို အကြံရသွားလေသည်။ ထိုအကြံသည် ငရဲငယ်အတွင်းရှိ တားမြစ်နယ်မြေ လေးခုကို ရုပ်သေးရုပ်များအဖြစ် သန့်စင်ရန်ပင် ဖြစ်သည်။

ငရဲမဟာကမ္ဘာ၏တားမြစ်နယ်မြေ လေးခုမှာ ဟာမိုမိစ္ဆာသွေးပင်လယ်၊ ငရဲတွင်းမိစ္ဆာနယ်မြေ၊ သင်္ချိုင်းတစ်သောင်းတောအုပ် နှင့် ရှေးဦးစိတ်ဝိညာဉ်စင်မြင့် တို့ ဖြစ်ကြသည်။

ဟာမိုမိစ္ဆာသွေးပင်လယ်သည် ထူးဆန်းသော စွမ်းအားများ ပြည့်နှက်နေပြီး ကျွမ်းကျင်သူ အမြောက်အမြားကို ဝါးမြိုနိုင်သည့် သွေးရောင်လွှမ်းသော သမုဒ္ဒရာကြီး ဖြစ်သည်။ ငရဲတွင်းမိစ္ဆာနယ်မြေမှာမူ ထူးဆန်းသော နေရာတစ်ခုဖြစ်ကာ မည်သည့် ငရဲမိစ္ဆာမဆို ထိုနေရာသို့ ဝင်ရောက်သွားပါက စိတ်ဝိညာဉ် ပျောက်ဆုံးသွားပြီး အသက်မဲ့သော အလောင်းကောင်များ သို့မဟုတ် ဖုတ်ကောင်များ ဖြစ်သွားပေမည်။ ထို့နောက်တွင်သူတို့သည် ငရဲတွင်းမိစ္ဆာနယ်မြေအတွင်း ရည်ရွယ်ချက်မဲ့ လျှောက်သွားနေသော အလောင်းကောင်များသာဖြစ်လာပေလိမ့်မည်။

မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် မဟာမိစ္ဆာသခင်များပင်လျှင် ထိုနေရာ၏ သက်ရောက်မှုကို ခံရမည် ဖြစ်ကာ တာအိုနှလုံးသားတွင်ဒဏ်ရာရရှိနိုင်ပေသည်။ ထိုအခါ သက်ရောက်မှုကို ဖယ်ရှားရန်အတွက် အချိန်ကြာမြင့်စွာ ပြန်လည်ကျင့်ကြံကုစားရန် လိုအပ်မည်ဖြစ်၏။ ထိုသည်မှာ အဆင့်အတန်းမြင့်မားသည် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ဖြစ်ပြီးတားမြစ်စွမ်းအားတစ်ခုနှင့် ညီမျှလုနီးပါး တိုက်ခိုက်ရေးစွမ်းရည်ရှိကာကျင့်ကြံခြင်းအဆင့် မြင့်မားလေ ထိုစိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအင်အားသည် ပိုမို ပြင်းထန်လေ ဖြစ်၏။

တစ်ချိန်က အထွတ်အထိပ် မဟာမိစ္ဆာသခင်တစ်ဦးသည် ထိုနေရာသို့ ဝင်ရောက်ခဲ့ကာ စိတ်ဝိညာဉ်တိုက်ခိုက်မှုခံခဲ့ရပြီး သူ၏ တာအိုနှလုံးသားတွင်ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်ဟု ကောလာဟလများ ရှိလေသည်။ ထိုမိစ္ဆာအရှင်သခင်သည် ထိုဒဏ်ရာကို ကုသရန်အတွက် နှစ်ပေါင်း သန်းချီကြာအောင် တံခါးပိတ် ကျင့်ကြံခဲ့ကာ နှစ်ပေါင်း သန်းချီ ကြာခဲ့သည်။ ထို့ကြောင့် ငရဲတွင်းမိစ္ဆာနယ်မြေကိုဝင်ရောက်ရန်ကြိုးပမ်းမှုသည် လုံးဝ တန်ကြေးမမျှသော ကိစ္စတစ်ခုဟု ဆိုရပေမည်။

သင်္ချိုင်းတစ်သောင်းတောအုပ်သည်လည်း ထပ်တူပင် ထူးဆန်းလှကာ သေဆုံးသွားသော ကျွမ်းကျင်သူများကို ခဏတာ ပြန်လည် ရှင်သန်လာစေနိုင်သည့် ထူးဆန်းသော စွမ်းအားများ ရှိနေ၏။ ထိုနေရာသည် ရှင်ခြင်းနှင့် သေခြင်းတို့ ဆုံစည်းရာ နေရာတစ်ခုကဲ့သို့ ဝိညာဉ်ပျက်စီးသွားသော ကျွမ်းကျင်သူများပင်လျှင် ပြန်လည် ပေါ်ထွက်လာနိုင်လေသည်။

မူလတွင် ချောက်နက်မဟာမိစ္ဆာအရှင်သခင်၏ ပစ်မှတ်သည် သင်္ချိုင်းတစ်သောင်းတောအုပ် ဖြစ်သည်။ သို့သော် သူသည် ယမမင်း ၊ လျန့်ယွီမိစ္ဆာဘုရင်တို့ နှင့် ပူးပေါင်း၍ ထိုနေရာသို့ သွားရောက် စူးစမ်းသောအခါ ကြောက်မက်ဖွယ်ရာ အခြေအနေတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ သင်္ချိုင်းတစ်သောင်းတောအုပ်အတွင်း၌ သူတို့၏ ကိုယ်ပွားများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ထိုကိုယ်ပွားများသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်၊ နတ်ဘုရားစွမ်းရည်များနှင့် ထပ်တူကျနေခဲ့ကာ သူတို့သည် အမှန်တကယ် သေဆုံးသွားပြီး ထိုနေရာတွင် ပြန်လည် ရှင်သန်လာသကဲ့သို့ဖြစ်လေသည်။ သူတို့ကို ပို၍ ထိတ်လန့်စေသည့် အချက်မှာ ထိုကိုယ်ပွားများ ပေါ်လာသည်နှင့်အမျှ သူတို့သည် သေခြင်းတရားနှင့် နီးကပ်လာသကဲ့သို့ ခံစားမိလိုက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူတို့ သုံးဦးသည် သင်္ချိုင်းတစ်သောင်းတောအုပ်မှ သူတို့၏ ကိုယ်ပွား သုံးခုနှင့်

အသေအလဲတိုက်ခိုက်ရတော့မည့်အလား ခံစားခဲ့ရကာ ပြင်းထန်သော အန္တရာယ် အာရုံခံစားမှုအောက်တွင် ထိုနေရာမှ အလျင်စလို ထွက်ပြေးခဲ့ကြလေသည်။

နောက်ဆုံးတစ်ခုဖြစ်သော ရှေးဦးစိတ်ဝိညာဥ်စင်မြင့်တွင်လည်း မှန်းဆရခက်ခဲသော စွမ်းအားများ ရှိနေသည်။ ထိုတားမြစ်နယ်မြေသည် ကျင့်ကြံသူတို့၏ ကိုယ်တွင်းနတ်ဆိုးများ ပေါ်ထွက်လာအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိ၏။ ကျင့်ကြံသူတစ်ဦး၌ ကိုယ်တွင်းနတ်ဆိုး ပေါ်လာပါက မည်သို့သော နည်းလမ်းများကို အသုံးပြု၍ သုတ်သင်ဖယ်ရှားရန် ကြိုးစားစေကာမူ အမြစ်ပြတ်ချေမှုန်းရန် ခက်ခဲလှပေသည်။

ထို့အပြင် အရေးကြီးသော အခိုက်အတန့် များဖြစ်သည့် တံခါးပိတ်ကျင့်ကြံခြင်းဝင်သည့်အခါ၌လည်းကောင်း ၊ ဉာဏ်အလင်းရချိန် သို့မဟုတ် အဆင့်ထိုးဖောက်ချိန်တိုင်းတွင် လည်းကောင်း ကိုယ်တွင်းနတ်ဆိုး ပေါ်ထွက်လာမည်ဖြစ်ကာ ကြိုးစားမှုအားလုံးကို သဲထဲရေသွန် ဖြစ်သွားစေရန် ပြုလုပ်နိုင်စွမ်းရှိလေသည်။ ထိုသည်မှာ ဖုံးကွယ်နေသောအန္တရာယ်တစ်ခု ဖြစ်ကာ ဖြေရှင်းရအလွန် ခက်ခဲလှသည်။ တစ်ချိန်က ငရဲပြည်တွင် စိတ်ဝိညာဉ်စွမ်းအားကို အဓိကကျင့်ကြံသော အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင်တစ်ဦး ရှိခဲ့သည်။

ထို ဝမ်ရှင်းမဟာမိစ္ဆာအရှင်သည် ရှေးဦးစိတ်ဝိညာဉ်စင်မြင့်ကို သူ၏ အဓိကလက်နက်အဖြစ် သန့်စင်ရန် ကြိုးစားခဲ့ဖူး၏။ သန့်စင်ခြင်း အောင်မြင်သွားပါက ဝမ်ရှင်းမဟာမိစ္ဆာအရှင်၏ စွမ်းအားကို မှန်းဆ၍ပင် ရနိုင်မည်မဟုတ်တော့ချေ။ ကမ္ဘာတစ်ခုလုံးရှိ မိစ္ဆာများအားလုံး၏ စိတ်နှလုံးကို ထိန်းချုပ်နိုင်မည်သာမက ကျင့်ကြံသူတို့၏က်ိုယ်တွင်းနတ်ဆိုးများ၏စွမ်းအားကိုပါ စုစည်းနိုင်မည်ဖြစ်သည်။

ထိုအခါ ငရဲပြည်အတွင်းရှိ အင်အားကြီးပုဂ္ဂိုလ် တစ်ဦး၌ ကိုယ်တွင်းနတ်ဆိုး ဖြစ်ပေါ်လာသည်နှင့် ထိုကိုယ်တွင်းနတ်ဆိုးမှ စွမ်းအားများသည် ဝမ်ရှင်းမိစ္ဆာအရှင်သခင်ထံသို့ စီးဝင်သွားကာ သူ၏ ကျင့်ကြံခြင်းအရင်းအမြစ်အဖြစ် ပြောင်းလဲသွားပေမည်။ထို့အပြင် ဝမ်ရှင်းမဟာမိစ္ဆာအရှင်သည် လူတိုင်း၏ ကိုယ်တွင်းနတ်ဆိုးအဖြစ် အသွင်ပြောင်းနိုင်မည် ဖြစ်ကာ လူတိုင်း၏ စိတ်နှလုံး တစ်နည်း တာအို နှလုံးသားအတွင်းသို့ ခိုးဝင်နိုင်မည်ဖြစ်သည်။ ရှေးဦးစိတ်ဝိညာဉ်စင်မြင့်ကို သန့်စင်ခြင်းသာအောင်မြင်သွားပါက ဝမ်ရှင်းမိစ္ဆာအရှင်သည် နတ်ဘုရားနယ်ပယ်ကို အလွယ်တကူ ထိုးဖောက်ကာ လွတ်မြောက်ခြင်း ကောင်းကင်အရှင်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ သူသည် သန့်စင်ခြင်း၌ ကျရှုံးသွားခဲ့လေသည်။ မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် မဟာမိစ္ဆာသခင်တစ်ဦးသည် ကမ္ဘာတစ်ခုလုံးတွင် အားအကောင်းဆုံး တည်ရှိမှု ဖြစ်သော်လည်း ရှေးဦးစိတ်ဝိညာဉ်စင်မြင့်ကို တစ်ဦးတည်း သန့်စင်ရန်သည် မဖြစ်နိုင်သော ကိစ္စပင် ဖြစ်သည်။ တားမြစ်နယ်မြေ လေးခု၏စွမ်းအားသည် ထျန်းယွမ်အဆင့် ကျွမ်းကျင်သူများအောက် နိမ့်ကျခြင်းမရှိဘဲ ငရဲမဟာကမ္ဘာအတွင်း မှန်းဆရခက်သော တည်ရှိမှုများ ဖြစ်ကြသည်။

ဝမ်ရှင်း မဟာမိစ္ဆာသခင်သည် ကိုယ်တွင်း နတ်ဆိုးကို အသုံးပြုသော ကျင့်စဉ်များကို ကျင့်ကြံထားသူ ဖြစ်လင့်ကစား ရှေးဦးစိတ်ဝိညာဥ်စင်မြင့်ကို ထိန်းချုပ်ရန် ကြိုးစားခြင်းသည် အလွန်ပင်ခက်ခဲသောကိစ္စ ဖြစ်ကာ နောက်ဆုံးရလဒ်အနေဖြင့် ထိုစင်မြင့်၏ ဝါးမြိုခြင်းကိုသာ ခံလိုက်ရသည်။ ထိုအချိန်မှစ၍ သူသည် ရှေးဦးစိတ်ဝိညာဉ်စင်မြင့်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

အပိုင်း (၃၃၈)

ထိုတားမြစ်နယ် မြေဖြင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဟာမိုမိစ္ဆာသွေးပင်လယ်သည် သန့်စင်ရန် လွယ်ကူသေးသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် လုံလောက်သော စွမ်းအားများကို စုစည်းနိုင်မည်ဆိုလျှင် ဟာမိုမိစ္ဆာသွေးပင်လယ်၏ ဝါးမြိုခြင်းစွမ်းအားကို ပြီးပြည့်စုံစွာ တွန်းလှန်နိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ချောက်နက်မဟာမိစ္ဆာသခင်၊ ငရဲယမမင်း နှင့် လျန့်ယွီမိစ္ဆာဘုရင် တို့သည် ဟာမိုမိစ္ဆာသွေးပင်လယ်ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ငရဲငယ်အတွင်းရှိ တားမြစ်နယ်မြေလေးခုသည် ငရဲမဟာကမ္ဘာအတွင်းရှိ မူလ တားမြစ်နယ်မြေ လေးခုနှင့် မယှဉ်နိုင်သော်လည်း ယင်းတို့တွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိကြသည်။ ကျုံးရှန်သည် ခန္ဓာကိုယ်တစ်ချက် လှုပ်ရှားလိုက်သောအခါ တားမြစ်နယ်မြေငယ် လေးခု၏ အနီးသို့ ရောက်ရှိသွားသည်။ သူ၏ ပထမဆုံး ပစ်မှတ်သည် ဟာမိုမိစ္ဆာသွေးပင်လယ်ငယ် ဖြစ်သည်။

ထိုတားမြစ်နယ်မြေငယ် လေးခုကို ကိုယ်ပွားရုပ်သေးရုပ်များအဖြစ် အသုံးပြုရန်သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လေသည်။ အရေးအကြီးဆုံးအချက်သည် တားမြစ်နယ်မြေငယ် လေးခုတွင် ခန့်မှန်းရခက်သော စိတ်ဆန္ဒများ စတင် ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ထိုစိတ်ဆန္ဒများကို အသုံးပြု၍ ဝိညာဉ်အဖြစ် ဖွဲ့စည်းကာ တားမြစ်နယ်မြေငယ် လေးခု၏ စွမ်းအားများကိုအ‌ ခြေခံ၍ ခန္ဓာကိုယ် ဖန်တီးမည်ဆိုလျှင် အလားအလာ အလွန်ကောင်းသော ရုပ်သေးကိုယ်ပွား လေးခုကို ဖန်တီးနိုင်မည် ဖြစ်သည်။

ထို့အပြင် ကိုယ်ပွားလေးခုလုံးသည် နဂါးမဲ့ နှလုံးသားကျင့်စဉ် နှင့် ကျုံးရှန်၏ ကောင်းကင်ကို ကျော်လွှားအောင်နိုင်ခြင်း တာအိုကို ကျင့်ကြံနိုင်မည်ဖြစ်ကာ အနာဂတ်တွင်လည်း အဆက်မပြတ် အဆင့်တက်နိုင်ပေသေးသည်။ အကယ်၍ ကျုံးရှန်သာ သူ၏ ကိုယ်ပိုင် ကံကြမ္မာကို ရုပ်သေးရုပ်လေးခုနှင့် ချိတ်ဆက်ထားမည်ဆိုလျှင် အတွေးတစ်ချက်ဖြင့်ပင် မည်မျှ ဝေးကွာသောအကွာအဝေးကိုမဆို ဖြတ်ကျော်ကာ သူ၏ ဝိညာဉ်ကို လွတ်လပ်စွာ ကူးပြောင်းနိုင်မည် ဖြစ်သည်။ ထိုအခါ ကျုံးရှန်သည် အစစ်အမှန် ခန္ဓာကိုယ် လေးခုကို ထပ်မံပိုင်ဆိုင်လာပေလိမ့်မည်။

ထိုအစစ်အမှန်ကိုယ်ပွားလေးခုနှင့် သူ၏ ကောင်းကင်တာအိုခန္ဓာ၏ လွှမ်းမိုးမှုကို ပေါင်းစပ်လိုက်မည်ဆိုပါက နတ်ဘုရားများပင် မှန်းဆ၍မရနိုင်သော အပြောင်းအလဲများကို ဖန်တီးနိုင်လိမ့်မည်။ အချုပ်အားဖြင့်ဆိုရလျှင် ကိုယ်ပွား လေးခုသည် အမျိုးမျိုးသောအခြေအနေများတွင် အသုံးဝင်လှသည်။ သန့်စင်ခြင်း အောင်မြင်သွားပါက ကျုံးရှန်တစ်ယောက် လောကတစ်ခွင် လှည့်လည်သွားလာရာတွင် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

သို့ဖြစ်ရာ ငရဲငယ်အတွင်းရှိ ဟာမိုမိစ္ဆာသွေးပင်လယ်ကိုလည်း အထင်သေး၍မရပေ။ ထိုပင်လယ်သည် အရာခပ်သိမ်းကို ဝါးမြို သန့်စင်ပစ်နိုင်သည့်အလား ခံစားချက်မျိုးကို ပေးစွမ်းနေ၏။ ထိုခံစားချက်သည် ကောင်းကင်ဝါးမြို သားရဲ၏ ဝါးမြိုခြင်း စွမ်းအားနှင့် အနည်းငယ် ကွာခြားကာ ပိုမို သွေးဆာ ရက်စက်ကြမ်းကြုတ်သောခံစားချက်မျိုးဖြစ်ပြီး အလွယ်တကူစိတ်ရိုင်းဝင်စေသော စွမ်းအားတစ်မျိုးလည်း ပါဝင်နေသည်။

ကျုံးရှန်သည် ဟာမိုမိစ္ဆာသွေးပင်လယ်ငယ်၏ အထက် ကောင်းကင်ယံတွင် ရပ်နေသည်။ ထို့နောက် သူ၏ မျက်လုံးများအတွင်း၌ ထူးဆန်းသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားကာ ကောင်းကင်တာအိုခန္ဓာ၏ ထူးခြားချက်ကို အသုံးပြု၍ တွက်ချက်မှုအချို့ပြုလုပ်လိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ကျုံးရှန် သတိပြန်ဝင်လာလေသည်။

"အံ့ဩစရာပဲ... ဒါက အင်အားကြီးပုဂ္ဂိုလ်တစ်ဦးရဲ့ သွေးစက်လေးတစ်စက် ငရဲမဟာကမ္ဘာထဲ ကျသွားရာကနေပြီး ပြောင်းလဲဖြစ်တည်လာတာပဲ..."

"နှမြောစရာကောင်းတာက အဲဒီ အင်အားကြီးပုဂ္ဂိုလ်ရဲ့ အဆင့်က ထျန်းယွမ်အဆင့်ထက် ကျော်လွန်နေတော့ သူ့ရဲ့ အစစ်အမှန်ပုံစံကို ငါတွက်ချက်လို့ မရဘူးဖြစ်နေတယ်..."

"ဒါပေမဲ့ ဒါက ကမ္ဘာကြီးရဲ့ အပြင်ဘက်မှာ ပိုပြီး အံ့ဩဖို့ကောင်းတဲ့ အရာတွေ ရှိနေသေးတယ်ဆိုတာကို ပြသနေတာပဲ"

ကျုံးရှန်သည် တီးတိုးရေရွတ်လိုက်မိသည်။

ထျန်းယွမ်အဆင့်ရောက်သည်နှင့် မဟာကမ္ဘာတစ်ခု၏စွမ်းအားများကို ဆုပ်ကိုင်နိုင်မည်ဖြစ်ကာ မဟာကမ္ဘာ၏ ကောင်းကင်တာအိုပင် ထိန်းချုပ်နိုင်စွမ်းရှိတော့မည် မဟုတ်ချေ။ ထိုအဆင့်၏ အထက်တွင် ထျန်းကျယ် နှင့် ထျန်းကျစ် ဟူ၍ အဆင့်နှစ်ဆင့် ရှိသေး၏။ ထိုအရာများသည် အကန့်အသတ်မဲ့ ကမ္ဘာရှိ အဆင့်အတန်းများကို ရည်ညွှန်းခြင်းဖြစ်ကာ မဟာကမ္ဘာအတွင်း၌ ထိုကဲ့သို့သော အင်အားကြီးပုဂ္ဂိုလ်မျိုး ပေါ်ထွက်လာနိုင်စွမ်း မရှိပေ။

ဟာမိုမိစ္ဆာသွေးပင်လယ်ငယ်သည် ပြင်ပကမ္ဘာရှိ အစစ်အမှန်ဟာမိုသွေးပင်လယ်၏ ထူးခြားချက်များနှင့်အညီ ပြီးပြည့်စုံစွာ ပုံတူကူးထားခြင်းဖြစ်သည်။ ထိုအချက်သည် ကျုံးရှန်ကို ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အား သိမ်းပိုက်လိုစိတ် ပိုမို ပြင်းပြလာစေလေသည်။ သူသည် လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး စက်ဝိုင်းပုံစံတစ်ခု ဖန်တီးလိုက်ကာ ခန္ဓာကိုယ်ကို အဆက်မပြတ် နေရာရွှေ့ပြောင်းလိုက်ပြီး ဟာမိုမိစ္ဆာသွေးပင်လယ်ငယ် တစ်ခုလုံးကို သူ ဖန်တီးထားသော စက်ဝိုင်းအတွင်းသို့ စုပ်ယူလိုက်သည်။

ထို့နောက် သူ၏ လက်နှစ်ဖက်သည် ဂျုံနယ်သကဲ့သို့ ဖြည်းညင်းစွာ စတင် လှုပ်ရှားလာကာ မကြာမီတွင်အံ့ဖွယ်ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာသည်။ ဟာမိုမိစ္ဆာသွေးပင်လယ်အသေးစားသည် ကျုံးရှန်၏ လက်များအတွင်း၌ ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲနေသည်။ ကျုံးရှန်သည် သူ၏ ဝိညာဉ်စွမ်းအင်များသာမက ကောင်းကင် ကျော်လွှားအောင်နိုင်ခြင်း တာအို၊ နဂါးမဲ့ နှလုံးသားကျင့်စဉ် အစရှိသည့် နက်နဲသော အသိပညာများစွာကို ထိုပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲ နေသည့်ဟာမိုမိစ္ဆာ သွေးပင်လယ်အတွင်းသို့ အဆက်မပြတ် ထည့်သွင်းပေးနေခြင်းဖြစ်သည်။

သို့နှင့် တစ်ရက်နှင့် တစ်ညကြာအောင် သန့်စင်ခြင်း၊ နယ်ဖတ်ခြင်း၊ ပေါင်းစပ်ခြင်းများ ပြုလုပ်ပြီးနောက်တွင် ဟာမိုမိစ္ဆာသွေးပင်လယ်ငယ်သည် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော အနီရောင်ရွှံ့တုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုသည်မှာ ဟာမိုသွေးပင်လယ်ငယ်အတွင်းရှိ စွမ်းအားများအားလုံးကို အစွန်းကုန်သိပ်သည်းသွားအောင်ပြုလိုက်ခြင်း ဖြစ်သည်။ ထို့နောက်တွင် ကျုံးရှန်သည် ဟင်းလင်းပြင်အထက်၌ ထိုင်ချလိုက်ကာ အာရုံစူးစိုက်ပြီး ဂရုတစိုက်ဖြင့် အနီရောင်ရွှံ့တုံးကို စတင်ပုံဖော်တော့သည်။

အနီရောင်ရွှံ့တုံးလေးသည် သူ၏လက်ထဲတွင် ခြေ၊ လက်၊ ခေါင်းနှင့် မျက်နှာသွင်ပြင်များ တဖြည်းဖြည်း ပေါ်ထွက်လာသည်။ အံ့ဩစရာကောင်းစွာပင် ထိုရွှံ့ရုပ်လေးသည် သူနှင့် ခုနစ်ပုံရှစ်ပုံခန့် ဆင်တူနေလေ၏။ ရွှံ့ရုပ်ငယ်လေးကို ပြုလုပ်ပြီးနောက်တွင် ကျုံးရှန်၏မျက်နှာတွင် ရှားပါးစစ်မှန်သည့် အပြုံးတစ်ခု ပေါ်လာလေသည်။

ရွှံ့ရုပ်ငယ်လေးသည် သူ၏ ငယ်စဉ်ကလေးဘဝမှ ဖြူစင်သန့်ရှင်းသော ပျော်ရွှင်မှုကို ပြန်လည်သတိရစေခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် အနီရောင်ရွှံ့ရုပ်ငယ်လေးကိုကြည့်ကာ လေတစ်ချက် မှုတ်ထုတ်လိုက်သည်။ ထိုလေထဲတွင် သူ၏ စိတ်ဆန္ဒအချို့ပါဝင်နေ၏။

"ဟူး..."

ကျုံးရှန်၏စိတ်ဆန္ဒပါဝင်သော လေသည် ရွှံ့ရုပ်လေးအတွင်းသို့ ဖြည်းညှင်းစွာစိမ့်ဝင်သွားသည်။

ထို့နောက် ကျုံးရှန်သည် ရွှံ့ရုပ်လေးကို လေထဲသို့ ပစ်တင်လိုက်သောအခါ အပြောင်းအလဲအချို့ စတင်ဖြစ်ပေါ်လာသည်။ အနီရောင်ရွှံ့ရုပ်လေး၏ ကိုယ်ပေါ်ရှိ ရွှံ့သားများသည် လူတစ်ယောက်၏အသွေးအသားအဖြစ်သို့ ပြောင်းလဲလာကာ ခန္ဓာကိုယ်အရွယ်အစားသည်လည်း တဖြည်းဖြည်း ကြီးမားလာပြီး ကျုံးရှန်နှင့် အရပ်အမောင်းတူညီသော ရုပ်ရည်ချောမောသည့် လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။ ထိုလူငယ်၏ မျက်ခုံးနှစ်ခုကြားတွင် သွေးရောင်လွှမ်းနေသော သွေးစက်အမှတ်အသားတစ်ခု ရှိနေကာ သူ၏ကိုယ်ပေါ်တွင်အဝတ်အစားများ ဝတ်ဆင်ထားခြင်းမရှိချေ။

သူ၏မျက်လုံးများသည် အနည်းငယ် ဝေဝါးနေကာ အသိစိတ်သည် ဖြည်းညှင်းစွာ နိုးကြားလာနေပုံရ၏။ ကျုံးရှန်သည် လက်တစ်ချက်ဝှေ့ယမ်းလိုက်သောအခါ ချက်ချင်းဆိုသလိုပင် လူငယ်၏ကိုယ်ပေါ်၌ အဖြူရောင်ဝတ်ရုံတစ်ခု ပေါ်လာသည်။ ထို့နောက်တွင် ကျုံးရှန်သည် ထိုလူငယ်၏ ဦးခေါင်းအတွင်းသို့ဝိညာဉ်စွမ်းအင်အချို့ ပစ်လွှတ်လိုက်သည်။

ထိုအလင်းတန်းများထဲတွင် အမျိုးမျိုးသော မှတ်ဉာဏ်များ၊ အသိပညာများ ပါဝင်နေကာ မကြာမီတွင်ကိုယ်ပွားသည် အရာအားလုံးကို အပြည့်အဝ နားလည်သဘောပေါက်သွားသည်။ ထိုအခါ သူသည် ကျုံးရှန်ကို လေးစားကြည်ညိုမှုအပြည့်ဖြင့် လှည့်ကြည့်လာကာ ချက်ချင်းပင် ဒူးထောက်ချလိုက်သည်။

"ကျွန်တော့်ကို အသက်ပေးသနားတဲ့အတွက် သခင့်ကို ကျေးဇူးတင်ပါတယ်"

"ထပါ"

ကျုံးရှန်သည် ပြုံးလိုက်၏။ ထိုဟာမိုမိစ္ဆာသွေးပင်လယ်ကိုယ်ပွား၏ ရင်ထဲမှ သစ္စာရှိမှုကို သူ ကောင်းစွာ ခံစားသိရှိနိုင်လေသည်။

"မင်းက အခုမှ မွေးဖွားလာတာဆိုတော့ နာမည်မရှိသေးဘူး"

"ငါ မင်းကို နာမည်တစ်ခု ပေးမယ်... ဘယ်လိုလဲ"

ကျုံးရှန်က ရယ်မောကာ မေးလိုက်သည်။

"အရှင်သခင်ဆီက နာမည်ရရှိဖို့ဆိုတာ ကျွန်တော့်အတွက်တော့ အလွန်ကြီးမားတဲ့ ဂုဏ်ယူစရာပါပဲ"

ဟာမိုမိစ္ဆာသွေးပင်လယ်ငယ် ကိုယ်ပွား၏စကားသံကို ကြားသောအခါ ကျုံးရှန် ခေါင်းညိတ်လိုက်သည်။

"ထျန်း၊ တိ၊ ရွှမ်၊ ဟွမ် ဆိုတဲ့ စကားလိုပဲ..."

"မင်းက ပထမဆုံး မွေးဖွားလာတဲ့သူဖြစ်လို့ ငါ့ရဲ့မျိုးရိုး ကျုံးကိုယူပြီး နာမည်ကို ထျန်း လို့ ပေးမယ်"

"ဒီတော့ မင်းကို ကျုံးထျန်း လို့ ခေါ်မယ်" ကျုံးရှန်သည် ဖြည်းညင်းစွာ ပြောလိုက်သည်။

သူသည် ထျန်း၊ တိ၊ ရွှမ်၊ ဟွမ် စာလုံးလေးလုံးကို အသုံးပြု၍ တားမြစ်နယ်မြေငယ် ကိုယ်ပွားများကို နာမည်ပေးရန် စိတ်ကူးထားလေသည်။

"ကျုံးထျန်း..."

"ကျွန်တော်က ကျုံးထျန်းပဲ"

"ကျုံးထျန်းက သခင့်ကို ဂါရဝပြုပါတယ်" ကျုံးထျန်း ဟု အမည်ပေးခံလိုက်ရသော ဟာမိုမိစ္ဆာသွေးပင်လယ်ငယ် ကိုယ်ပွား၏ မျက်လုံးများ တောက်ပသွားကာ ကျုံးရှန်ကို နောက်တစ်ကြိမ် ဂါရဝပြုလိုက်ပြန်သည်။

ထိုသို့ ဂါရဝပြုအရိုအသေပေးခြင်းသည် ဟာမိုမိစ္ဆာသွေးပင်လယ်ငယ်ကို အပြည့်အဝ သန့်စင်လိုက်ပြီး ကျုံးထျန်း မွေးဖွားလာခြင်းကို ကိုယ်စားပြုသည်။ ကျုံးထျန်းမွေးဖွားလာခြင်းသည် အစပျိုးမှုတစ်ခုသာ ဖြစ်၏။ အနာဂတ်တွင် အခွင့်အရေးရှိလာပါက ကျုံးထျန်းသည် ငရဲမဟာကမ္ဘာအတွင်းရှိ ဟာမိုမိစ္ဆာသွေးပင်လယ် ရုပ်သေးရုပ်ကို ဝါးမြိုသန့်စင်ပြီး မိမိကိုယ်ကိုယ် ပိုမိုအင်အားတောင့်တင်းအောင် ပြုလုပ်နိုင်ပေလိမ့်မည်။

ထို့အပြင် ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်း၌လည်း ဟာမိုမိစ္ဆာသွေးပင်လယ်၏ စွမ်းအား ထက်ဝက်ခန့် ရှိနေသောကြောင့် ကျုံးရှန်နှင့် ကျုံးထျန်းတို့အကြားရှိ ဆက်နွယ်မှုသည် အလွန်တရာ နက်ရှိုင်းလှသည်။ သူတို့နှစ်ဦးသည် ဖခင်နှင့် သား၊ အဘိုးနှင့် မြေးကဲ့သို့ ၊ တူညီသောဇစ်မြစ်မှဆင်းသက်ဖြစ်ပေါ်လာသော သက်ရှိများကဲ့ သို့ တူညီသောစွမ်းအားမျိုး ရှိလာကြလေသည်။ ထို့ကြောင့် ကျုံးရှန်သည် ဟာမိုမိစ္ဆာသွေးပင်လယ်ငယ်ကို ပထမဆုံး သန့်စင်ပြီး ကျုံးထျန်းဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိနေသေးသော တားမြစ်နယ်မြေ သုံးခုကို သန့်စင်ပြီးစီးသွားသည့်အခါ ကျုံးထျန်းကို ခေါင်းဆောင်အဖြစ် ထားရှိမည် ဖြစ်သည်။ ကျုံးထျန်းသည် ကိုယ်ပိုင်အသိဉာဏ် ရှိသော်လည်း စနစ်တစ်ခု၏ စရိုက်လက္ခဏာအချို့ကိုလည်း ပိုင်ဆိုင်ထားသည်။ တရားမျှတခြင်း၊ ရိုးရှင်းခြင်းနှင့် ကျုံးရှန် ထည့်သွင်းထားသော စိတ်ဆန္ဒကို ဗဟိုပြုပြု၍ ကျုံးထျန်းကို တစ်ကိုယ်ကောင်းဆန်မှုမျှ လုံးဝမရှိသော သက်ရှိတစ်ဦးအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။

သူသည် အနာဂတ်တွင် ကျုံးရှန်၏ ကိုယ်ပွားအဖြစ်သာမက အရေးကြီးကိစ္စများတွင်ဆုံးဖြတ်ချက်ချမှတ်သူ တစ်ဦးအဖြစ်ပါ ကျုံးရှန်ကိုယ်စား လောကတစ်ခွင် လှည့်လည်ကာ အရာခပ်သိမ်းကို စီရင်ဆုံးဖြတ်ပေးနိုင်ပေလိမ့်မည်။

သို့သော် ထိုအရာအားလုံးသည် ကျုံးရှန်အနေဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်သို့ ပြန်လည်ရောက်ရှိပြီး ပြိုင်ဘက်ကင်း နတ်ဘုရားမင်းဆက်ကို တည်ထောင်မည့် အချိန်အထိ စောင့်ဆိုင်းရမည် ဖြစ်လေသည်။ ယခု ကျုံးရှန်လုပ်ဆောင်နေသည့် ကိစ္စမှန်သမျှ သည် အနာဂတ် ရည်မှန်းချက်များအတွက် ကြိုတင်ပြင်ဆင်မှုများသာ ဖြစ်သည်။

"ကောင်းပြီ... ကျုံးထျန်း..."

"အခု ငါ့နောက် လိုက်ခဲ့... မင်းရဲ့ တခြားညီအစ်ကို သုံးယောက်ကို ဖန်တီးဖို့ သွားကြတာပေါ့..."

ကျုံးရှန်သည် မျိုးဆက်သစ်လူငယ်တစ်ဦးကို အတွေ့အကြုံရအောင် ခေါ်ဆောင်သွားသော လူကြီးတစ်ဦးကဲ့သို့ ပြုံးလျက် ပြောလိုက်သည်။

"အရာအားလုံး သခင့်အလိုအတိုင်းပါပဲ"

ကျုံးထျန်းသည် ဦးညွတ်ကာ နောက်တစ်ကြိမ် ဂါရဝပြုလိုက်လေသည်။

ကျုံးရှန်သည် ခေါင်းတစ်ချက်ညိတ်ကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကျုံးထျန်းနှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွားသည်။

All Chapters