← Chapters

အခန်း (၃၃၉-၃၄၀)

Vol. 34 Ch. 339-340

အခန်း (၃၃၉-၃၄၀)

Vol. 34 Ch. 339-340

အပိုင်း (၃၃၉)

ထို့နောက်အသက်တစ်ရှိုက်အကြာတွင် သူတို့သည် ဒုတိယမြောက် တားမြစ်နယ်မြေငယ်၏ အထက်သို့ ရောက်ရှိသွားကြသည်။ ကျုံးရှန်သည် ဒုတိယမြောက် ပစ်မှတ်အဖြစ် သင်္ချိုင်းတစ်သောင်းတောအုပ်ကို ရွေးချယ်လိုက်သည်။ သူ၏ စိတ်ခံစားချက်များကို ဖယ်ထားလိုက်မည်ဆိုပါက သင်္ချိုင်းတစ်သောင်းတောအုပ်သည်သာ တားမြစ်နယ်မြေ လေးခု၏ အထွတ်အထိပ် ဖြစ်သည်ဟု ယူဆထားသည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ထူးဆန်းသော သေခြင်းနှင့် ရှင်ခြင်းကို အပြန်အလှန် ကူးပြောင်းပေးနိုင်သည့် စွမ်းအားများ ရှိနေကာ ငရဲမဟာကမ္ဘာ၏မူလ ပုံစံကိုအတုယူထားသည့် ငရဲငယ်အတွင်း၌ တည်ရှိနေခြင်း ဖြစ်သဖြင့် တူညီသောအချက်အလက်များစွာရှိနေသည်။ အထူးသဖြင့် ကမ္ဘာနှစ်ခုလုံး၏ မူလဇစ်မြစ် စွမ်းအားသည် တစ်ထပ်တည်းကျလုနီးပါး ဖြစ်နေလေသည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် ထိုအချက်ကို မည်သို့ ပြုလုပ်ထားသည်ကို မည်သူမျှ မသိနိုင်ပေ။

ငရဲငယ်အတွင်းရှိ တားမြစ်နယ်မြေငယ်များသည် အစစ်အမှန် တားမြစ်နယ်မြေများမှ ခွဲထုတ်ယူထားသော အစိတ်အပိုင်းများကဲ့သို့ဖြစ်သည်။ တားမြစ်နယ်မြေငယ်များသည် အစစ်အမှန်တားမြစ်နယ်မြေများ၏စွမ်းအားကို မမှီသော်လည်း ဆင်းသက်ဖြစ်ပေါ်လာသည့်မူလဇစ်မြစ်သည် အတူတူပင် ဖြစ်သည်။ ထိုအချက်သည် ကျုံးရှန်တစ်ယောက် ငရဲကမ္ဘာကိုသိမ်းပိုက်ရန်အတွက် အားကြိုးမာန်တက်ဆောင်ရွက် နေရခြင်းဖြစ်သည်။

အန္တရာယ်ရှိမှု အဆင့်အတန်းကို ဖော်ပြရမည်ဆိုလျှင် သင်္ချိုင်းတစ်သောင်းတောအုပ်သည် တားမြစ်နယ်မြေ လေးခုတွင် အဆင့်တစ် ဖြစ်၏။ သင်္ချိုင်းတစ်သောင်းတောအုပ်ငယ်ပင်လျှင် လူတစ်ဦးကို အထင်မသေးရဲအောင် ပြုလုပ်နိုင်စွမ်း ရှိကာ ထိုတားမြစ်နယ်မြေအတွင်း၌ ကိန်းအောင်းနေသော သေခြင်းနှင့် ရှင်ခြင်း စွမ်းအားများသည် အလွန်တရာ ထူးဆန်းလှပေသည်။ ကျုံးရှန်နှင့် ကျုံးထျန်းတို့ ထိုအနီးသို့ ချဉ်းကပ်သွားချိန်တွင်ပင် ထူးဆန်းသော အပြောင်းအလဲအချို့ စတင် ဖြစ်ပေါ်လာလေသည်။

အထူးသဖြင့် ကျုံးရှန်သည် ကောင်းကင်တာအိုခန္ဓာကို ကျင့်ကြံအောင်မြင်ပြီးနောက်တွင် မကောင်းဆိုးဝါးနှင့် ပတ်သက်သော အပြောင်းအလဲများကို အလွန်အကဲဆတ်စွာ ခံစားသိရှိနိုင်လာသဖြင့် ကျောပြင်၌ ဆူးစူးသွားသကဲ့သို့ခံစားလိုက်ရပြီး မှန်ချပ်တစ်ခုသည် သူ့ကို အဆက်မပြတ် ရောင်ပြန်ဟပ် ဆွဲငင်နေသည်ဟု သတိထားမိလိုက်သည်။ ထိုခံစားချက်သည် သူ၏ ခန္ဓာကိုယ်ထဲမှ အနှစ်သာရ အစိတ်အပိုင်းအချို့ကို ဆွဲထုတ် ကာ ကိုယ်ပွားတစ်ဦး ဖန်တီးနေသကဲ့သို့ ခံစားနေရခြင်းဖြစ်သည်။ တစ်စုံတစ်ဦးသည် ကျုံးရှန်၏ရှေ့မှောက်တွင်ပင် သူ၏ဆဲလ်များကို ထုတ်ယူကာ ပုံတူပွားနေသကဲ့သို့ခံစားချက်သည် အလွန် ထူးဆန်းလှသည်။

'သေခြင်းနဲ့ ရှင်ခြင်း အနှစ်သာရကို စုစည်းတဲ့ ဒီနည်းလမ်းက တကယ်ကို လူအထင်ကြီးအောင် လုပ်ထားတာပဲ'

'ဒါပေမဲ့ငါ့အတွက်တော့ အလကားပါပဲ...'

"ဖျက်ဆီးစမ်း"

ကျုံးရှန်သည် ခပ်တိုးတိုး အော်ဟစ်လိုက်ပြီး သူ၏ ညာလက်ကို ဓားကဲ့သို့ အသုံးပြုကာ ဟင်းလင်းပြင်ကို ပိုင်းဖြတ်လိုက်သည်။

သူ၏လက်သည် မည်သည့် တန်ခိုးစွမ်းအား သို့မဟုတ် သိုင်းနည်းစနစ်ကိုမျှ အသုံးပြုထားခြင်းမရှိဘဲ ဟင်းလင်းပြင်ကို ပိုင်းဖြတ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ဟင်းလင်းပြင်အတွင်းရှိ မမြင်နိုင်သော တစ်စုံတစ်ခုကို ပိုင်းဖြတ်မိသွားလေသည်။ ယင်းသည် သာမန်လူများ မမြင်နိုင်သော ဆက်နွယ်မှုတစ်ခု ဖြစ်သည့် သေခြင်းနှင့် ရှင်ခြင်း အနှစ်သာရ၏ စွမ်းအားအမျှင်တန်းတစ်ခု ဖြစ်နေသည်။

ကျုံးရှန်သည် ထိုအစွမ်းအားအမျှင်တန်းကို ဖြတ်တောက်လိုက်သောအခါ သူတို့ နှစ်ဦးစလုံးသည် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားပြီး ဝန်ထုပ်ဝန်ပိုးတစ်ခုကို ဖယ်ရှားလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထိုသည်မှာ သင်္ချိုင်းတစ်သောင်းတောအုပ်ငယ်၏ သက်ရောက်မှုသာ ရှိသေးသည်။ အကယ်၍ ပြင်ပရှိ အစစ်အမှန် သင်္ချိုင်းတစ်သောင်းတောအုပ်ဆိုပါက ထိုသေခြင်းနှင့် ရှင်ခြင်း အနှောင်အဖွဲ့များသည် ယခုထက် အဆပေါင်းများစွာ ပိုမို အားကောင်းပေလိမ့်မည်။

ထို့ကြောင့်လည်း သင်္ချိုင်းတစ်သောင်းတောအုပ်သည် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်တွင်ရှိသော မိစ္ဆာသခင်ကြီးများကိုပင် အလွယ်တကူ ထောင်ချောက်အတွင်း သက်ဆင်းစေနိုင်ခြင်း ဖြစ်သည်။ ယင်းတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိနေသည်မှာ အမှန်ပင်ဖြစ်၏။ တားမြစ်နယ်မြေ လေးခုသည် ငရဲမဟာကမ္ဘာအတွင်း၌ နှစ်ပေါင်း သန်းနှင့်ချီ၍ တည်ရှိနေနိုင်ပြီး မိစ္ဆာများကို ထိတ်လန့်စေခဲ့ခြင်းသည် အကြောင်းမဲ့ မဟုတ်ချေ။

အင်အားကြီး ပုဂ္ဂိုလ်များစွာသည်ပင် တားမြစ်နယ်မြေများသို့ သွားရောက်ကာ အတွေ့အကြုံရှာကြလေ့သည်။ မည်သည့် ရလဒ်မှ မရရှိစေကာမူ တားမြစ်နယ်မြေအတွင်းမှ အသက်ရှင်လျက် ပြန်လည် ထွက်ခွာလာနိုင်ပါက ထိုသူကို တားမြစ်နယ်မြေမှ ထွက်ပေါ်လာသော အင်အားကြီးသူ ဟု သတ်မှတ်လေသည်။ ထိုအချက်အရ တားမြစ်နယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းမှုသည် မည်မျှအထိ ရှိသည်ကို မှန်းဆနိုင်ပေသည်။

ချောက်နက်မိစ္ဆာသခင်နှင့် အခြားသူများသည်လည်း မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် မဟာမိစ္ဆာသခင် ရာနှင့်ချီ၍ ပူးပေါင်းခဲ့ကြမှသာ သွေးပင်လယ်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ဝါးမြိုခြင်းစွမ်းအားကို ဖိနှိပ်နိုင်ခဲ့ပြီး ဖြည်းညင်းစွာ သန့်စင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ဟာမိုမိစ္ဆာသွေးပင်လယ်၏ စွမ်းအားများ ထက်ဝက်ခန့် အထုတ်မခံရဘူးဆိုလျှင် သူတို့၏ တိုးတက်မှုနှုန်းအရ အရာအားလုံး အဆင်ပြေခဲ့မည်ဆိုလျှင်ပင် အနည်းဆုံး ဆယ်နှစ်ကျော်ခန့် အချိန်ပေးရပေလိမ့်မည်။ ထိုအချိန်သည် ကျင့်ကြံခြင်းနယ်ပယ်တွင် မျက်စိတစ်မှိတ်မျှသာရှိသော်လည်း လက်ရှိ ခေတ်ကာလအပိုင်းအခြားတွင် အပြောင်းအလဲသစ်များစွာ ဖြစ်ပေါ်စေရန် လုံလောက်သည်။

ယခုအချိန်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသော ခေတ်ကာလတစ်ခု ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် မျိုးနွယ်ခြားများ ထကြွလာခြင်းမှသည် ငရဲပြည်အတွင်းရှိ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ လှုပ်ရှားမှုအထိ ဖြစ်စဉ်တိုင်းသည် ကျင့်ကုခေတ်ကာလ ပြီးဆုံးသွားပြီး မဟာကမ္ဘာနှစ်ခုစလုံးသည် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်းကို ကိုယ်စားပြုနေလေသည်။ စတုတ္ထမြောက် ခေတ်ကာလသည် မဟာကမ္ဘာနှစ်ခု အားနည်းသွားပြီးနောက် အရှုပ်ထွေးဆုံး၊ စည်းမဲ့ကမ်းမဲ့အဖြစ်ဆုံးနှင့် အားနည်းရာမှ ပြန်လည် အားကောင်းလာမည့် ခေတ်ကာလတစ်ခု ဖြစ်သည်။ ထိုခေတ်ကာလသည် ကောင်းကင်တာအို မြစ်ကြောင်းရှိ မူလ အနာဂတ်လမ်းကြောင်းမှပင် သွေဖည်သွားခဲ့ပြီ ဖြစ်ကာ မည်သူမျှ မတွက်ချက်နိုင်သော အနာဂတ်ကာလ ဖြစ်သည်။

ယခုမျက်မှောက်ခေတ်သည် ကြိုတင်ခန့်မှန်းတွက်ချက်ထားခြင်းမဟုတ်သည့် အစပျိုးမှုတစ်ခု ဖြစ်သဖြင့် အနာဂတ်တွင် မည်သို့ဆက်ဖြစ်လာမည်ကို မည်သူမျှသိမြင်နိုင်ခြင်းမရှိကြချေ။ သို့ဖြစ်ရာ ယခုအချိန်သည် အန္တရာယ် အများဆုံးခေတ်ဖြစ်သကဲ့သို့ အင်အားကြီးထွားလာရန် အကောင်းဆုံး ခေတ်ကာလလည်း ဖြစ်သည်။

ထိုအချိန်တွင် ကျုံးရှန်သည် သင်္ချိုင်းတစ်သောင်းတောအုပ်ငယ်၏ သေခြင်းနှင့် ရှင်ခြင်း စွမ်းအားများကို ဖိနှိပ်လိုက်ကာ သန့်စင်ခြင်းလုပ်ငန်းစဉ်ကို စတင်လေသည်။ ပထမအကြိမ် အတွေ့အကြုံရှိထားသဖြင့် ကျုံးရှန်သည် သင်္ချိုင်းတစ်သောင်းတောအုပ်ငယ်ကို အချိန်တိုအတွင်းပင် မီးခိုးရောင်ရွှံ့တုံးတစ်ခုမှသည် လူရုပ်လေးတစ်ရုပ်အဖြစ် ပုံဖော်နိုင်လိုက်၏။ ထိုလူရုပ်လေး၏ ဦးခေါင်းကိုကတုံး ပုံစံ ပြုလုပ်လိုက်ကာ သူနှင့် ခုနစ်ပုံခန့် ဆင်တူနေသည်။

အသွင်ပုံစံပြောင်းလိုက်ခြင်းနှင့်အညီစတိုင်ပြောင်းလိုက်ခြင်း ဖြစ်သည်။ ကျုံးရှန်သည် ထုံးစံအတိုင်း လေတစ်ချက် မှုတ်ထုတ်လိုက်လျှင် သူ၏ စိတ်ဆန္ဒပါဝင်သောထိုလေသည် ရွှံ့ရုပ်လေးအတွင်းသို့ဝင်ရောက်သွားသည်။ ထိုအခါ ရွှံ့ရုပ်လေးသည် တဖြည်းဖြည်း သက်ဝင်လှုပ်ရှားလာကာ အစစ်အမှန် အသွေးအသားများရှိသော ဦးပြည်းကတုံး ကိုယ်ပွားတစ်ခု ဖြစ်လာသည်။

ထိုကိုယ်ပွားသည် ကျုံးရှန်နှင့် အနည်းငယ် ဆင်တူသော်လည်း သူ၏မျက်နှာအမူအရာသည် ပိုမို အေးစက်လှသည်။ သင်္ချိုင်းတစ်သောင်းတောအုပ်၏ ကိုယ်ပွားသည် မျက်လုံးအတွင်း၌ သူငယ်အိမ် မရှိဘဲ မီးခိုးဖြူရောင်သာ ရှိနေ၏။

"သခင့်ကို ဂါရဝပြုပါတယ်"

သူ နိုးထလာပြီးနောက်တွင် ပထမဆုံး ပြုလုပ်သည့်အရာမှာ ကျုံးရှန်ကို ဂါရဝပြုခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အနှီတားမြစ်နယ်မြေ ကိုယ်ပွားများ၏အသက်ဝိညာဥ်အတွင်းသို့ ကျုံးရှန်ထည့်သွင်းထားသော တံဆိပ်ခတ်နှိပ်မှု ဖြစ်သည်။

"ကောင်းပြီ... ထပါဦး"

"ထျန်း၊ တိ၊ ရွှမ်၊ ဟွမ် ထဲက မင်းကို တိ လို့ အမည်ပေးမယ်... မျိုးရိုးကတော့ ကျုံး ပဲ... မင်းနာမည်က ကျုံးတိ"

"နောင်ကို ငါ့ဘေးမှာရှိတဲ့ ကျုံးထျန်းက မင်းရဲ့ အစ်ကိုကြီးပဲ"

ကျုံးရှန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး အမည်တစ်ခု ပေးလိုက်သည်။

"ကျုံးတိက သခင်နဲ့ အစ်ကိုကြီးကို ဂါရဝပြုပါတယ်"

ကျုံးတိဟု အမည်ပေးခြင်းခံရသော ကိုယ်ပွားသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ဒူးထောက် ဂါရဝပြုလိုက်သည်။ ကျုံးတိ၏ပုံစံသည် အေးစက်သော်လည်း သူ၏ ခံစားချက်များသည် ရိုးသားစစ်မှန်လေသည်။

"ကောင်းပြီ...နောက်တစ်နေရာ သွားကြမယ်..."

ကျုံးရှန်သည် အချိန်ဖြုန်းရန် ဆန္ဒမရှိဘဲ ကျုံးထျန်း၊ ကျုံးတိ ညီအစ်ကိုနှစ်ယောက်ကို ခေါ်ဆောင်ကာ ရှေးဦးစိတ်ဝိညာဉ်စင်မြင့်ငယ်ဆီသို့ ချက်ချင်း နေရာကူးပြောင်းသွားသည်။

ရှေးဦးစိတ်ဝိညာဉ်စင်မြင့်၏ စွမ်းအားသည် ကျုံးရှန်၏ သတ်မှတ်ချက်အရ သင်္ချိုင်းတစ်သောင်းတောအုပ်ပြီးလျှင် ဒုတိယ ဖြစ်သည်။ ထိုနေရာသည် ကျင့်ကြံသူတို့၏ ကိုယ်တွင်းနတ်ဆိုးများ တစ်နည်း စိတ်ရိုင်းမိစ္ဆာများ မွေးဖွားရာဖြစ်သကဲ့သို့ စိတ်ဝိညာဥ်စွမ်းအားများ စုဆုံရာနေရာလည်း ဖြစ်သည်။ စိတ်ဝိညာဥ်စွမ်းအားတွင် လူသားတို့၏ စိတ်ဆန္ဒ စွမ်းအားများ ပါဝင်နေသည်။

ထိုစိတ်ဆန္ဒစွမ်းအားသည် အရှုပ်ထွေးဆုံး အရာတစ်ခု ဖြစ်ပြီး ကောင်းကင်တာအိုဖြင့်ပင်လျှင် တွက်ချက်၍ မရနိုင်ပေ။ စိတ်ဝိညာဥ်စွမ်းအားမှတစ်ဆင့် မူလ ပျက်စီးခြင်းဟင်းလင်းပြင် အတွင်း၌ မရှိသော ဝတ္ထုအမျိုးမျိုးကို ထုတ်ယူနိုင်၏။ ယုံကြည်ခြင်းစွမ်းအား၊ ဆုတောင်းခြင်းစွမ်းအားတို့သည် စိတ်ဝိညာဥ်စွမ်းအားအမျိုးအစားများသာ ဖြစ်သည်။

ယေဘုယျအားဖြင့် ဆိုရလျှင် အတွေးတစ်ခု၊ စိတ်ကူးတစ်ခုသည်ပင် စိတ်ဝိညာဥ်စွမ်းအား အမျိုးအစားများထဲတွင်ပါဝင်သည်။ စိတ်ဝိညာဥ်စွမ်းအားအမျိုးအစားများသည် ကောင်းမွန်သော အရာများ ရှိသကဲ့သို့ ဆိုးဝါးသော အရာများလည်း ရှိပြီး ကမ္ဘာပေါ်ရှိ အတွေး ၊ စိတ်ကူး ၊ စိတ်ဆန္ဒစသည့် အရာအားလုံးနီးပါး ပါဝင်နေလေသည်။ လှပသော မျှော်လင့်ချက်များ၊ စစ်မှန်သော ဆုတောင်းမေတ္တာများ ၊ ရက်စက်သော ကျိန်စာများ၊ လောဘဇောဖြင့် သတ်ဖြတ်လိုစိတ်များ စသည်တို့သည် တစ်စုံတစ်ဦး၏ စိတ်ဝိညာဉ်နှလုံးသားမှထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအားများသာဖြစ်သည်။

ယင်းသည် အရှုပ်ထွေးဆုံးသော စွမ်းအား ဖြစ်သကဲ့သို့ အရိုးရှင်းဆုံးသော စွမ်းအားလည်း ဖြစ်သည်။

အတိတ်ကာလမှ နဂါးမဲ့နတ်ဘုရားဘုရင် အင်အားကြီးထွားလာရခြင်း၏ အကြောင်းရင်းတစ်ခုသည် လူသားတို့၏ စိတ်ဝိညာဥ်နှလုံးသားကို နားလည်သဘောပေါက်ကာ ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ ကောင်းကင်သည် မြင့်မားသည်ဟု မဆိုနိုင်ဘဲ လူတို့၏ စိတ်နှလုံးသည်သာ အမြင့်မားဆုံးဖြစ်သည် ဟူသော ဆိုရိုးစကား ရှိလာခဲ့လေသည်။

ရှေးဦးစိတ်ဝိညာဉ်စင်မြင့်ငယ်သည် ကျုံးရှန်အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိချေ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင် နတ်ဘုရားအမြုတေ၊ နဂါးမဲ့နှလုံးသားကျင့်စဉ်၏ အစွမ်းနှင့် ကောင်းကင်တာအိုခန္ဓာ၏ ထောက်ပံ့မှုတို့ဖြင့် ကျုံးရှန်၏ စိတ်ဝိညာဉ်သည် မည်သည့်အရာမျှ ဖျက်ဆီး၍မရနိုင်သည့် ပြိုင်ဘက်ကင်းစိတ်ဝိညာဥ် ဖြစ်နေ၏။ သီအိုရီအရ ဆိုရလျှင် ထိုစဉ်က နဂါးမဲ့နတ်ဘုရားဘုရင်သည် လူသားတို့၏ စိတ်ဝိညာဥ်နှလုံးသားကို ပိုင်နိုင်စွာ နားလည်သဘောပေါက်ခဲ့သည့် အကြွင်းမဲ့ပုဂ္ဂိုလ်ဖြစ်သည်။

အစစ်အမှန်တားမြစ်နယ်‌မြေဖြစ်သည့် ရှေးဦးစိတ်ဝိညာဉ်စင်မြင့်သည်ပင်လျှင် သူနှင့် နှိုင်းယှဉ်ပါက အဆင့်အတန်းနိမ့်ကျသွားရလေသည်။ ထို့ကြောင့် နဂါးမဲ့နတ်ဘုရားဘုရင်၏ နဂါးမဲ့နှလုံးသားကျင့်စဉ်ကိုကျင့်ကြံထားသည့် ကျုံးရှန်သည် အနှီတားမြစ်နယ်မြေကို ကြောက်ရွံ့ခြင်းမရှိပေ။အထူးသဖြင့် သူရင်ဆိုင်နေရသည့် ရှေးဦးစိတ်ဝိညာဉ်စင်မြင့်ငယ်သည် ငရဲငယ်၏တားမြစ်နယ်မြေငယ်မျှသာဖြစ်သဖြင့် အစစ်အမှန် ရှေးဦးစိတ်ဝိညာဉ်စင်မြင့်နှင့် နှိုင်းယှဉ်ရန်ပင်မထိုက်တန်သောကြောင့်ဖြစ်သည်။

ငှက်မွှေး နှင့် ထိုက်တောင်ကိုနှိုင်းယှဉ်နေသကဲ့သို့ ဖြစ်နေ၏။

အပိုင်း (၃၄၀)

ကျုံးရှန်သည် ရှေးဦးစိတ်ဝိညာဉ်စင်မြင့်၏ မည်သည့်ဖိနှိပ် သက်ရောက်မှုမျှ မခံရပေ။ သူသည် ယခင်နည်းလမ်းကိုအသုံးပြုကာ ရှေးဦးစိတ်ဝိညာဉ်စင်မြင့်ကို စတင် သန့်စင်လိုက်သည်။ ထို့နောက်တွင် ယင်းကို သူ၏ လက်ဖဝါးအတွင်း၌ မီးခိုးရောင်ရှိသော ရွှံ့တုံးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

ထိုသည်မှာ စိတ်ဝိညာဥ်စွမ်းအား၏ အရောင် ဖြစ်သည်။ ယင်း၏ အနှစ်သာရသည် ပရမ်းပတာစွမ်းအင်နှင့် ဆင်တူသော်လည်း ပရမ်းပတာစွမ်းအင်ထက် ပင် သာလွန်သော အရာတစ်ခု ဖြစ်ကာ အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေလေသည်။ ထိုမီးခိုးရောင်ရှိသော ရွှံ့တုံးကို ကြည့်ကာ ကျုံးရှန်သည် ရုတ်တရက် အကြံတစ်ခုတွေးမိသွားသဖြင့် မိန်းကလေး ပုံစံပုံဖော်ရန်ဆုံးဖြတ်လိုက်သည်။

ယင်နှင့် ယန် မျှတစေခြင်း။

ကိုယ်ပွားအားလုံးသည် အမျိုးသားပုံစံသာ ဖြစ်နေပါက ဟန်ချက်ပျက်နေပေလိမ့်မည်။ အင်အားကြီးသူများကြားတွင် ကျား၊ မ ခွဲခြားမှုသည် ဝေဝါးနေပြီ ဖြစ်သော်လည်း မိမိ ကိုယ်တိုင်၏ ကျား၊ မ ဖြစ်တည်မှု ကို ပင်ကိုယ်သိရှိနားလည်မှုနှင့် ဆုံးဖြတ်ချက်လေသည်။ အမျိုးသမီးများ၏ လှပမှုတွင် မိန်းမသားဆန်သော အလှတရား ၊ သိမ်မွေ့ နူးညံ့မှု၏အလှတရားနှင့် မိခင်မေတ္တာ၏ အလှတရားတို့သည် ထူးခြားဆန်းကြယ်သောအရာများဖြစ်သည်။

ထို့အပြင် အမျိုးသမီးများသည် စိတ်သဘောထား နူးညံ့သိမ်မွေ့ပြီး ခံစားချက်ကို ဦးစားပေးတတ်သော စရိုက်လက္ခဏာများ ရှိကြသည်။ ထိုစရိုက်လက္ခဏာများသည် ရှေးဦးစိတ်ဝိညာဉ်စင်မြင့်နှင့် တူညီမှုအချို့ရှိနေ၏။ ထို့ကြောင့် ကျုံးရှန်သည် ရှေးဦးစိတ်ဝိညာဉ်စင်မြင့်၏ ကိုယ်ပွားကို အမျိုးသမီးပုံစံအဖြစ် ပြုလုပ်ရန် ဆုံးဖြတ်လိုက်ကာ ရွှံ့ရုပ်လေးကို ချက်ချင်းပင် စတင် ပုံဖော်တော့သည်။

မကြာမီတွင် လက်တစ်ဝါးခန့်ရှိသော ဆံပင်အရှည်ကြီးနှင့် အမျိုးသမီး ရွှံ့ရုပ်လေးတစ်ခု သူ၏ လက်ထဲတွင် ပေါ်လာသည်။ ထိုရွှံ့ရုပ်လေးသည် ကျုံးရှန်နှင့် ဆင်တူခြင်း မရှိချေ။ သို့သော်လည်း ကျုံးရှန်သည် ထိုအရုပ်လေးကိုကြည့်ကာ မျက်နှာပေါ်တွင် လွမ်းဆွတ်သော အရိပ်အယောင်အချို့ ပေါ်လာသည်။

'နိုနို...'

'ငါ မင်းကို တစ်နေ့ကျရင် ပြန်ပြီး အသက်သွင်းပေးမှာပါ'

ကျုံးရှန်သည် သူ၏ စိတ်ထဲတွင် တိုးတိတ်စွာ ပြောလိုက်မိသည်။

နိုနိုသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့ စတင်ရောက်ရှိချိန်တွင် ရရှိခဲ့သော ပထမဆုံး ဇနီးဖြစ်သလို တစ်ဦးတည်းသော ဇနီးလည်း ဖြစ်သည်။ ကျုံးချီမင်နှင့် ကျုံးချီထျန်း တို့ ညီအစ်ကိုနှစ်ယောက်သည် ကျုံးရှန်နှင့် နိုနိုတို့၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်။ ထိုစဉ်က ကျုံးရှန်သည် မဟာကမ္ဘာသို့ စတင်ရောက်ရှိချိန်တွင် စနစ်ကို ပိုင်ဆိုင်ထားသောကြောင့် အဆင့်တူ ကျင့်ကြံသူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။

ထို့အပြင် သူသည် အကြောက်အလန့်ကင်းပြီး သတ္တိကောင်းသူ တစ်ဦး ဖြစ်သည်။ နိုနိုသည် ထိုစဉ်က သူ၏ ရန်သူတစ်ဦး၏ သမီးဖြစ်သော်လည်း တိုက်ပွဲအချို့အပြီးတွင် ချစ်သူများ ဖြစ်လာကြကာ နောက်ဆုံးတွင် ဇနီးမောင်နှံ ဖြစ်ခဲ့ကြလေသည်။ သူတို့နှစ်ဦးသည် အတူတကွ ပင်ပင်ပန်းပန်းကြိုးစားကာ နှစ်ပေါင်း ထောင်ချီကြာပြီးနောက်တွင် ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။ နိုနိုသည် ကျုံးရှန်၏ ကမ္ဘာမြေအပေါ် လွမ်းဆွတ်နေမှုများကို မေ့ပျောက်စေခဲ့သူဖြစ်သည်။

ကံမကောင်းစွာဖြင့် ကျုံးရှန်တစ်ယောက် ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၏ကံတရားကျိန်စာတိုက်ခံလိုက်ရပြီးနောက်တွင် နိုနိုသည်လည်း ပြစ်ဒဏ်ခံစားခဲ့ရလေသည်။ တစ်ခါက ခရီးထွက်နေစဉ်အတွင်း မဟာကမ္ဘာအဆင့် အန္တရာယ်ရှိသည့် စကြာဝဠာ ဒီရေလှိုင်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်တွင် နိုနိုသည်သူတော်စင်အဆင့်သို့ ရောက်ရုံသာ ရှိသေးသဖြင့် သူမ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ပြာကျသွားခဲ့ကာ စိတ်ဝိညာဉ်သည်လည်း ဒီရေလှိုင်းအတွင်း လွင့်ပါး ပျောက်ကွယ်သွားခဲ့ရသည်။

သူမ၏ ကြွင်းကျန်ရစ်သည့်အသက်ဝိညာဉ်အနှစ်သာရ အချို့သည်ပင် ဒီရေလှိုင်းနှင့်အတူ မည်သည့် မဟာကမ္ဘာအတွင်းသို့ လွင့်ပါးသွားသည်ကို မည်သူမျှ မသိနိုင်တော့ချေ။ ထို့နောက်တွင် သူ၏ သားသမီးများသည်လည်း အမျိုးမျိုးသော ဘေးအန္တရာယ်များကို ခံစားခဲ့ကြရသည်။ ထို့ကြောင့်ပင် သူသည် အရေးကြီးသော အချိန်တွင် အနားယူရန် ရွေးချယ်ခဲ့ကာ အင်မော်တယ်တစ်သန်းတောင်တန်းရှိ ချင်ထျန်း တောင်ထိပ်တွင် နှစ်ပေါင်း တစ်သန်းခန့် အထီးကျန်စွာ ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။

"ဟူး..."

ထိုအကြောင်းကို တွေးမိသောအခါ ကျုံးရှန်သည် သက်ပြင်း ခပ်ဖွဖွ ချလိုက်မိသည်။ သေဆုံးသွားသော ဇနီးအပေါ် လွမ်းဆွတ်တမ်းတမှုတို့ကို လေပူတစ်ချက်အဖြစ် မီးခိုးရောင်ရှိသော ရွှံ့ရုပ်လေးဆီသို့ မှုတ်ထုတ်လိုက်သည်။ ထိုရွှံ့ရုပ်လေးသည် ထိုလေကို စုပ်ယူပြီးနောက်တွင် စတင် လှုပ်ရှားလာကာ မသေမျိုးအငွေ့အသက်များ လွင့်ပျံနေသော မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

မိန်းကလေး၏မျက်ခုံးနှင့် မျက်လုံးများထဲတွင် နိုနို၏ အရိပ်အယောင်အငွေ့အသက်အချို့ကို တွေ့မြင်နိုင်လေသည်။ သူမသည် ခါးလေးကို အနည်းငယ် ညွတ်ကာ ကျုံးရှန်ကို ဂါရဝပြုလိုက်သည်။

"ကျွန်မ... သခင့်ကို ဂါရဝပြုပါတယ်"

သူမ၏ နှုတ်ဆက်မှုကို ကျုံးရှန် ခေါင်းညိတ်အသိအမှတ်ပြုလိုက်သည်။

"ကျုံးထျန်းက အစ်ကိုကြီး၊ ကျုံးတိက ဒုတိယအစ်ကို... မင်းနာမည်ကိုတော့ ကျုံးရွှမ် လို့ ပေးမယ်... မင်းက တတိယညီမလေးပေါ့"

သူသည် ယခင် ဆုံးဖြတ်ချက်အတိုင်းပင် ရှေးဦးစိတ်ဝိညာဉ်စင်မြင့်၏ ကိုယ်ပွားကို ကျုံးရွှမ်ဟု အမည်ပေးလိုက်သည်။

ထို့နောက် ကျုံးထျန်း၊ ကျုံးတိ၊ ကျုံးရွှမ် တို့ သုံးယောက်ကို ခေါ်ဆောင်ကာ နောက်ဆုံး တားမြစ်နယ်မြေငယ်ဆီသို့ ဦးတည်လိုက်သည်။ ငရဲတွင်း မိစ္ဆာနယ်မြေသည် ကျုံးရှန်၏အမြင်တွင် အန္တရာယ်အနည်းဆုံး တားမြစ်နယ်မြေဖြစ်သည်။ ယခင် အတွေ့အကြုံများ ရှိထားသဖြင့် ယခုတစ်ကြိမ်တွင် မည်သည့် အဟန့်အတားမျှ မရှိဘဲ ငရဲတွင်း မိစ္ဆာနယ်မြေငယ်ကို သန့်စင်နိုင်ခဲ့ကာ ယင်းကို ဆံထုံးထုံးထားသော လူရုပ်လေးတစ်ရုပ်အဖြစ် ပြုလုပ်လိုက်သည်။

ထိုလူရုပ်လေးကို အသက်သွင်းပြီးနောက်တွင် ကျုံးဟွမ်ဟု အမည်ပေးလိုက်၏။ ထျန်း၊ တိ၊ ရွှမ်၊ ဟွမ် ဟူသော တားမြစ်နယ်မြေငယ် ကိုယ်ပွား လေးခုစလုံး စုံလင်သွားလေသည်။ သူ၏ဘေး၌ ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ကိုယ်ပွား လေးခု ရပ်နေကြသည်။

'ထျန်း၊ တိ၊ ရွှမ်၊ ဟွမ်... နေ့၊ ည၊ လ၊ ကြယ်... လူသားတို့ရဲ့ ကျင့်ဝတ်တွေပေါ့'

'ကိုယ်ပွားလေးခုဆိုတာ ပြီးပြည့်စုံခြင်းကို ကိုယ်စားပြုတာပဲ'

'ဒါက အရမ်း အဓိပ္ပာယ်ရှိတယ်... အနာဂတ်မှာ ပြင်ပကမ္ဘာက တားမြစ်နယ်မြေကြီး လေးခုကို ဝါးမြိုဖို့ လုံလောက်ပါတယ်‌လေ' ကျုံးရှန်သည် တိတ်ဆိတ်စွာ တွေး‌တောနေမိသည်။

တားမြစ်နယ်မြေငယ် ကိုယ်ပွားများ၏ စွမ်းအင်သည် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေသော်လည်း ကိုယ်ပိုင် ကျင့်ကြံခြင်းအဆင့် လုံးဝ မရှိသေးချေ။ သူတို့သည် ကျင့်ကြံသူများကဲ့သို့ပင် ဖြည်းဖြည်းချင်း ကျင့်ကြံပြီးသူတို့၏စွမ်းအင် အသုံးပြုလာနိုင်အောင် ပြုလုပ်ရန် လိုအပ်သည်။ ထိုသည်မှာလည်း အကောင်းဘက်က ကြည့်ပါက အနာဂတ်အတွက် အခက်အခဲအတားအဆီးများကိုလျော့ချပေးလေသည်။

အဘယ်ကြောင့်ဆိုသော် အလွယ်တကူ အောင်မြင်မှုရရှိခြင်းသည် ကောင်းမွန်သောအရာမဟုတ်ဘဲ အခြေခံ ခိုင်မာရန်သည် အလွန် အရေးကြီးလှ၏။ ဥပမာအားဖြင့် ကျုံးရှန်သည် သူတော်စင် အဆင့် ၃ ၌သာရှိသော်လည်း ထာဝရအရှင် အဆင့်ရှိ အင်အားကြီးကျွမ်းကျင်သူများနှင့် ရင်ဘောင်တန်းနိုင်ခြင်းသည် အခြေခံ ခိုင်မာမှုကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး ကိုယ်ပွား လေးဦးစလုံးကို သူ၏ ကိုယ်တွင်း ဟင်းလင်းပြင်အတွင်းသို့ သိမ်းဆည်းလိုက်ကာ အခြေခံ ကျင့်စဉ်အချို့သင်ကြားပေးလိုက်သည်။

ထို့နောက် သူ၏ အကြည့်များသည် ငရဲငယ်၏ အလယ်ဗဟိုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ငရဲငယ်၏ အဓိကတိုက်ကြီး ဖြစ်သည့် မူလ ငရဲပြည်၏ အဓိကဗဟိုချက်တည်ရှိသည်။ ထိုနေရာတွင် တစ်စုံတစ်ဦးသည် သူ့ကို စောင့်ဆိုင်းနေလေသည်။ ကျုံးရှန်သည် ကိုယ်ကိုလှည့်ကာ ထိုနေရာဆီသို့ ဦးတည်လိုက်သည်။

သူ၏ ခြေတစ်လှမ်း လှမ်းတိုင်းတွင် ကမ္ဘာငယ် တစ်ခုစာခန့်ရှိသော အကွာအဝေးကို ကျော်ဖြတ်သွားနိုင်စွမ်းရှိသဖြင့် အချိန်အနည်းငယ်အတွင်း၌ပင် ငရဲ မူလမဟာကမ္ဘာ၏ အလယ်ဗဟိုဖြစ်သည့် အဓိကတိုက်ကြီးရှိ တောင်ထိပ်တစ်ခု၏ ခြေရင်းသို့ ရောက်ရှိသွားသည်။

ကျုံးရှန်သည် ထိုတောင်၏ ခြေရင်းတွင် ရပ်လိုက်ကာ တောင်ထိပ်ဆီသို့ မော့ကြည့်လိုက်သည်။ ထိုနေရာတွင် နေ၊ လ၊ ကြယ်တို့ထက် ပိုမို တောက်ပသော မျက်ဝန်းတစ်စုံသည် အရာရာကို ဖြတ်ကျော်ကာ သူ့ကို စိုက်ကြည့်နေသကဲ့သို့ခံစားလိုက်ရသည်။ ကျုံးရှန်သည် ထိုအကြည့်ကို သူ၏ ကြောက်ရွံ့မှု မရှိဘဲကြည်လင်တောက်ပသည့် မျက်လုံးများဖြင့် ပြန်လည် စိုက်ကြည့်လိုက်သည်။

ဟင်းလင်းပြင်အတွင်း၌ လူသားတို့၏သာမန်မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည်။

"ဝုန်း"

အသံတိတ် ရိုက်ခတ်မှုသည် သူတို့ နှစ်ဦး၏ စိတ်အာရုံထဲတွင် ပဲ့တင်ထပ်သွား၏။ ကောင်းကင်နှင့် မြေကြီးသည် ရုတ်တရက် ရပ်တန့်သွားကာ စက္ကန့်အနည်းငယ်ကြာပြီးပြီးမှသာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လာသည်။

"ကောင်းတယ်... မဟာကမ္ဘာတစ်ခုရဲ့ ကောင်းကင်တာအိုဆိုတဲ့အတိုင်းပဲ... ကိုယ်ပွားတစ်ခုတည်းနဲ့တင်... ဒီလောက်အထိ အစွမ်းထက်နေတာပဲ"

"မူလခန္ဓာရဲ့ တစ်သောင်းပုံ တစ်ပုံတောင် မရှိတဲ့စွမ်းအားဆိုပေမဲ့ပေါ့"

ကျုံးရှန်သည် တိုးတိတ်စွာ ချီးကျူးလိုက်သည်။

ထို့နောက်တွင် သူသည် လက်ကို ဝှေ့ယမ်းကာ ကောင်းကင်မှ တိမ်စိုင်တစ်ခုကို ဆွဲယူလိုက်ပြီး တိမ်ပျံ စီးနင်းလျက် တောင်ထိပ်ပေါ်သို့ ပျံတက်သွားသည်။ သူသည် မြေကြောကျုံ့ခြင်း တန်ခိုးစွမ်းရည်ကို အသုံးပြုကာ မျက်စိတစ်မှိတ်အတွင်း တောင်ထိပ်ပေါ်သို့ ရောက်ရှိနိုင်သော်လည်း ထိုနေရာတွင် သူ့ကို စောင့်နေသော သူငယ်ချင်း ရှိနေလေသည်။ ထို့ကြောင့် အလောတကြီးပြုမူရန် မသင့်တော်ဘဲတည်ငြိမ်စွာ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကျုံးရှန်တစ်ယောက် တိမ်စိုင်ကို စီးနင်းကာ အထက်သို့ ပျံတက်သွားသောအခါ နတ်ဘုရားဆန်သော အငွေ့အသက်များဖြင့် လွှမ်းခြုံနေသည်။ တိမ်စီးနင်းကာ ခရီးနှင်ခြင်းသည် သာမန်လောကသားတို့၏ နတ်သမီး၊ နတ်သားများအပေါ် ဖော်ပြချက်နှင့် လုံးဝ ထပ်တူကျနေ၏။ သို့သော် ကျင့်ကြံသူများကြားတွင် ကျင့်ကြံခြင်းဆင့်သည် နိယာမနယ်ပယ်အဆင့် ၁၈ရွှေအမြုတေအဆင့် သို့ ရောက်ရှိပါက နတ်ဘုရား ဟုအမည်တပ်နိုင်လေသည်။

လက်ရှိ ကျုံးရှန်၏ ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် သူသည် လက်တစ်ချောင်းတည်းဖြင့်ပင် ထိုသို့သော ရွှေအမြုတေ အဆင့်ရှိ အင်အားကြီးသူ အမြောက်အမြားကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖိသတ်နိုင်ပေသည်။ သူသည် တိမ်တိုက်ပေါ်တွင် ရပ်ကာ အထက်သို့ ပျံသန်းနေပြီး ပတ်ဝန်းကျင်ရှိ ပြောင်းလဲနေသောရှုခင်းများကို ကြည့်ရှုခံစားနေသည်။ ကျုံးရှန်သည် တိမ်တိုက်ပေါ်တွင် စိတ်အေးလက်အေးဖြင့် ပျံသန်းနေခဲ့ကာ နာရီဝက်ခန့် ကြာပြီးနောက်မှသာတောင်ထိပ်ပေါ်သို့ ရောက်ရှိသွားသည်။

သူသည် တောင်ထိပ်ရှိကမ်းပါးစွန်းသို့ ဆင်းသက်လိုက်သည်။ ထိုနေရာတွင် ဟွာထျန်းသည် ကမ်းပါးစွန်း၌ ထိုင်နေဆဲ ဖြစ်ကာ ကျုံးရှန်ရောက်လာသည်ကိုပင် ခေါင်းလှည့်မကြည့်ချေ။

"နောက်ဆုံးတော့...မင်း ရောက်လာပြီပဲ"

"နဂါးမဲ့နတ်ဘုရားဘုရင်ရဲ့ ဆက်ခံသူ... လောကရဲ့ ဖောက်ပြန်တဲ့ ဖြစ်တည်မှု..."

ဟွာထျန်း၏ အသံသည် ကြည်လင်ပြတ်သားနေကာ ဆယ့်ငါးနှစ်ခန့်အရွယ်ရှိ စာသင်သားလေး တစ်ဦး စာဖတ်သကဲ့သို့ သိမ်မွေ့နေသည်။

"ဟားဟားဟား"

"လောကရဲ့ ဖောက်ပြန်တဲ့ ဖြစ်တည်မှု ဟုတ်လား"

"မင်းရဲ့ သီအိုရီအရဆိုရင် သက်ရှိအားလုံးက တန်းတူညီမျှဖြစ်ရမှာ မဟုတ်ဘူးလား"

"ဒါဆို ဘာလို့ ဖောက်ပြန်တဲ့ ဖြစ်တည်မှုလို့ ခေါ်ရတာလဲ"

ကျုံးရှန်သည် ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဟွာထျန်း၏ ဘေးတွင် အေးဆေး ဝင်ထိုင်လိုက်သည်။

"ငါ့ရဲ့ သီအိုရီ...ငါ့မှာ သီအိုရီ မရှိဘူး"

ဟွာထျန်းသည် မျက်နှာသေဖြင့်ခေါင်းခါလိုက်သည်။

"ငါ့ရဲ့ တာဝန်က လောကတစ်ခုလုံးရဲ့ ပြည့်စုံတဲ့ သံသရာစက်ဝိုင်းကို ထိန်းသိမ်းဖို့ပဲ"

"သက်ရှိတွေက ရယူဖို့ပဲ သိကြပြီး ပြန်ပေးဆပ်ဖို့ မသိကြဘူး... သူတို့အားလုံးက ကမ္ဘာကြီးရဲ့ စွမ်းအားကို အသုံးပြုပြီး အဆက်မပြတ် ကြီးထွားလာကြပေမဲ့ ကောင်းကင်တာအိုနဲ့ ကမ္ဘာကြီးကို ကျေးဇူးတင်ရမှန်း သိတဲ့သူ မရှိသလောက်ပဲ"

"ဒါကြောင့် ဘေးဒုက္ခတွေ ၊ ကပ်ဆိုးတွေ လိုအပ်တာပေါ့"

"အရာအားလုံးကို သန့်စင်ပစ်ဖို့အတွက်.... ကမ္ဘာကြီးတစ်ခုလုံးရဲ့အင်အားကို ပြန်လည် ဖြည့်တင်းဖို့အတွက်... မဟာကပ်ဘေးကြီး ဖန်တီးပြီး သက်ရှိအများစုကို ဖျက်ဆီးပစ်ဖို့လိုအပ်တယ်...."

ဟွာထျန်းသည် သူ၏ အတွေးအမြင် ခံယူချက်ကို တဲ့တိုးပင် ထုတ်ဖော်ပြောဆိုလိုက်လေသည်။

"မင်း မှားနေပြီ... တကယ်ကို အကြီးအကျယ် မှားနေတာပဲ"

"သက်ရှိတွေက ရယူနေတာ မဟုတ်ဘူး... သူတို့က ကောင်းကင်နဲ့မြေကြီးက မွေးဖွားလာတဲ့အရာ ၊ ကောင်းကင်တာအိုရဲ့ ကလေးတွေပဲ"

"အကယ်လို့ မင်း ဒါကို နားလည်ခဲ့ရင် မင်းရဲ့ ဖြစ်တည်မှုအလုံးစုံကို သက်ရှိအားလုံးရဲ့ ဖြစ်တည်မှု ဇစ်မြစ်အနှစ်သာရအတွင်းကို ပေါင်းစည်းနိုင်မှာပဲ"

"ကမ္ဘာကြီးဆိုတာ သက်ရှိတွေပဲ၊ သက်ရှိတွေဆိုတာ ကမ္ဘာကြီးပဲ"

"တစ်ခုတည်းကနေ အနန္တ၊ အကန့်အသတ်မရှိတဲ့ ဖြစ်တည်မှုတွေအဖြစ် ပြောင်းလဲသွားတာကို ဆိုလိုတာပဲ"

"ကောင်းကင်တာအိုနဲ့ သက်ရှိတွေကြားမှာ ပဋိပက္ခဖြစ်နေတာ မဟုတ်ဘူး" "ကောင်းကင်တာအို နဲ့ သက်ရှိတွေအကြားမှာ စိတ်ဝိညာဉ်ဆိုတဲ့ ဖြစ်တည်မှု အနှစ်သာရ တူညီချင်တူညီလိမ့်မယ်... ဒါပေမဲ့ လူသားတွေရဲ့ စိတ်နှလုံးနဲ့ အတွေးအခေါ်တွေကတော့ အကန့်အသတ်မရှိဘူး"

ကျုံးရှန်သည် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိဘဲ မိမိ၏ ခံယူချက်ကို အေးဆေးစွာ ပြန်လည်ချေပပြောဆိုလိုက်သည်။

"တကယ်ကို လောကရဲ့ ဖောက်ပြန်တဲ့ ဖြစ်တည်မှုပဲ... မင်းနဲ့ငါ့ရဲ့ ခံယူချက်ကမတူညီဘူးကိုး"

"ငါ မင်းကို နားချနိုင်မှာ မဟုတ်ဘူးထင်တယ်"

"ကြားဖူးတာတော့... လောကရဲ့ ဖောက်ပြန်တဲ့ ဖြစ်တည်မှုတိုင်းဟာ ကြီးထွားလာဖို့အတွက် စည်းမျဉ်းတွေကို အမြဲ ဖျက်ဆီးရတယ်၊ အဟန့်အတားတွေကို ကျော်ဖြတ်ရတယ်၊ မဖြစ်နိုင်တာတွေကို ဖြစ်အောင် လုပ်ရတယ်တဲ့"

"အခု မင်းအတွက်တော့... ငါက အကြီးမားဆုံးသော အဟန့်အတားပဲထင်တယ်"

ဟွာထျန်းသည် ရုတ်တရက် ထရပ်လိုက်ပြီး ကမ်းပါးစွန်းတွင် ရပ်လိုက်သည်။ သူ၏ လေသံတွင် အထီးကျန်မှုနှင့် လွမ်းဆွတ်မှုအချို့ ပါဝင်နေလေသည်။

"လာ... တိုက်ပွဲတစ်ခု ဆင်နွှဲကြတာပေါ့..."

"မင်းရဲ့ အစွမ်းအစက ဘယ်လောက်ရှိလဲဆိုတာ ငါ့ကို ပြစမ်းပါ"

"အကယ်၍ မင်းက မဟာကမ္ဘာ ကောင်းကင်တာအိုရဲ့ ကိုယ်ပွားဖြစ်တဲ့ ငါ့ကိုတောင် အနိုင်မယူနိုင်ဘူးဆိုရင် အနာဂတ်မှာ အကန့်အသတ်မဲ့ ကောင်းကင်တာအိုကို ရင်ဆိုင်ဖို့ မျှော်လင့်ချက် မရှိဘူး"

ဟွာထျန်းသည် သူ၏ အစစ်အမှန်ဖြစ်တည်မှုကို ထုတ်ဖော်လိုက်သည်။

Thank For Reading.

All Chapters