အခန်း (၁၆၇၇-၁၆၇၈)
Vol. 168 Ch. 1677-1678
အခန်း (၁၆၇၇) - စုဆောင်းသူ တွန့်ထျန်းရင်း
"ဒီအပြင်စည်းကျင့်ကြံသူရဲ့ နာမည်က ဘယ်သူလို့ မင်းပြောလိုက်တယ်"
ရှဲ့အာမန်သည် ဆိုင်ရှင်ဖြစ်သူ၏ရှေ့တွင် ရပ်ကာ တည်ငြိမ်လေးနက်သော အသံဖြင့် မေးမြန်းနေသည်။
ဂူဗိမာန်၏ အတွင်းအပြင် တစ်ခုလုံးကို တိုက်ပွဲတစ်ရာမသေမျိုး ဦးဆောင်သော အပြင်စည်းကျင့်ကြံသူများက အသေအချာ ပိတ်ဆို့ထားပြီးဖြစ်သည်။ အနီးနားရှိ ကျင့်ကြံသူအချို့မှာ ထူးခြားမှုကို သတိပြုမိသဖြင့် လာရောက်ကြည့်ရှုကြသော်လည်း အဝေးမှသာ အကဲခတ်နိုင်ကြပြီး အနားသို့ တိုးမလာရဲကြချေ။
ဆိုင်ရှင်မှာ စကားများပင် ထစ်ငေါ့နေရှာသည်
"သူ... သူက ပိုင်ဖူ လို့ ခေါ်ပါတယ်ဗျ"
"သူ့ကို နောက်ဆုံးတွေ့ခဲ့တာ ဘယ်တုန်းကလဲ"
ရှဲ့အာမန်က အေးဆေးပင် မေးလိုက်သည်။
ဆိုင်ရှင်သည် ရင်ထဲမှ ကြောက်ရွံ့မှုကို ဖိသိပ်ကာ သေချာစွာ စဉ်းစားပြီးနောက် တိုးညှင်းစွာ ဆိုသည်
"လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က ဖြစ်မယ်ထင်တယ်၊ အဲဒီတုန်းက မိတ်ဆွေပိုင်က ကျွယ်မင်ဈေးတန်းကို လာသေးတယ်"
ခဏအကြာတွင်...
"ကောင်းပြီ၊ မင်း ဒီမှာပဲ စောင့်နေ၊ ဘယ်မှ မသွားနဲ့ဦး"
ရှဲ့အာမန်သည် ဆိုင်ရှင်ကို ထားရစ်ခဲ့ပြီး ဖန့်ချန်၏အနားသို့ လျှောက်လာခဲ့သည်။ သူတို့နှစ်ဦးသည် မိစ္ဆာဘေးဒုက္ခ ကျရောက်နေသော အပြင်စည်းကျင့်ကြံသူ ပိုင်ဖူကို အတူတကွ စိုက်ကြည့်နေမိကြသည်။
"နံပါတ်ကိုး... မင်းရဲ့ကံကလည်း တကယ်ကို ကောင်းတာပဲ၊ ကျွယ်မင်ဈေးတန်းကို တစ်ခေါက်လာတာတောင် ဒီလိုကိစ္စမျိုးကို တွေ့အောင် ရှာနိုင်သေးတယ်"
ရှဲ့အာမန်က အနည်းငယ် စိတ်ပျက်သလို ရေရွတ်လိုက်သည်။
ဖန့်ချန်က သက်ပြင်းတစ်ချက်ချကာ
"ဒါကလည်း တိုက်ဆိုင်မှုပါပဲ၊ သူက စုဆောင်းသူတစ်ယောက်လို့ ကြားတာနဲ့ လာတွေ့ကြည့်တာ၊ သူက မိစ္ဆာဘေးဒုက္ခထဲ ရောက်နေလိမ့်မယ်လို့ မထင်ထားဘူး"
"စုဆောင်းသူ ဟုတ်လား"
ရှဲ့အာမန်က ဖန့်ချန်ကို တစ်ချက်စောင်းကြည့်လိုက်သည်။
"ထူးဆန်းတဲ့ အရာဝတ္ထုတွေကို စုဆောင်းရတာ ဝါသနာပါတဲ့သူကို ပြောတာပါ၊ ဥပမာ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေလိုမျိုးပေါ့"
ဖန့်ချန်က ရှင်းပြလိုက်သည်။
"မင်း အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေကို ကြိုက်တယ်လို့ ငါကြားဖူးပါတယ်၊ ဒါပေမဲ့ ဒါလေးအတွက်နဲ့ အထိပါ တကူးတက လာလိမ့်မယ်လို့တော့ မထင်ထားဘူး။ ဒါပေမဲ့လည်း ကောင်းပါတယ်၊ မင်းသာ ဒီကို မလာခဲ့ရင် တခြားသူတွေ သတိထားမိရင်တောင် ဘာဖြစ်နေလဲဆိုတာ သိမှာ မဟုတ်ဘူး"
ရှဲ့အာမန်သည် လေးနက်သော မျက်ဝန်းများဖြင့် ပိုင်ဖူကို ကြည့်နေမိသည်။
"စီနီယာအစ်မကြီး... စုံစမ်းစစ်ဆေးမှု ရလဒ်တွေ ထွက်လာဖို့ ဘယ်လောက်ကြာမလဲ"
ဖန့်ချန်က မေးလိုက်သည်။
"တော်တော်ကြာလိမ့်မယ်၊ အပြင်စည်းကျင့်ကြံသူ အရေအတွက်က အရမ်းများလွန်းတယ်။ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေ၊ အသက်ရှင်ခြင်း သေဆုံးခြင်းတွေကို တစ်ယောက်ချင်းစီ အတည်ပြုဖို့ဆိုတာ လူအင်အား၊ ပစ္စည်းအင်အား အများကြီး လိုလိမ့်မယ်"
ရှဲ့အာမန်က အေးစက်စွာ ပြုံးလိုက်ပြီး
"တစ်ဖက်လူကလည်း ဒီအချက်ကို အခွင့်ကောင်းယူပြီး အပြင်စည်းကျင့်ကြံသူတွေဆီကနေ အရင်စတင်တာ ဖြစ်နိုင်တယ်။ အကယ်၍ သူတို့သာ အမာခံတပည့်တွေကို စတင်ထိပါးခဲ့ရင် တစ်ကြိမ်တည်း ကျရှုံးတာနဲ့တင် ငါတို့ဆီ သတင်းရောက်လာမှာလေ"
"အမှန်ပါပဲ"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
အကယ်၍ မိစ္ဆာအသိစိတ် ပြန်မပွင့်ဘဲ ကျရှုံးခဲ့လျှင် အမာခံတပည့်များမှာ ဤကိစ္စကို နန်းတော်သို့ ချက်ချင်း အစီရင်ခံလိမ့်မည် ဖြစ်ရာ၊ ကျွယ်မင်နန်းတော်အနေဖြင့်လည်း တုံ့ပြန်ရန် အချိန်အလုံအလောက် ရရှိမည်ဖြစ်သည်။
အကယ်၍ ယနေ့တွင် ဖန့်ချန်သာ ဤနေရာသို့ မရောက်ခဲ့ဘဲ မိစ္ဆာဘေးဒုက္ခ ကျရောက်နေသည့် အပြင်စည်းကျင့်ကြံသူကို မတွေ့ရှိခဲ့လျှင် ကျွယ်မင်နန်းတော်အနေဖြင့် ဤလျှို့ဝှက်ချက်ကို သိရှိရန် နောက်ထပ် နှစ်ပေါင်း မည်မျှ ကြာဦးမည်နည်း။
"အခု အကြောက်ရဆုံးကတော့... သူတို့ ဒီလို လုပ်နေတာ နှစ်ပေါင်း ရာနဲ့ ချီ၊ ထောင်နဲ့ ချီ ရှိနေပြီဆိုတာပဲ"
ဖန့်ချန်က ဆိုသည်
"တကယ်လို့သာ အဲဒီလိုဆိုရင် အပြင်စည်းကျင့်ကြံသူ တော်တော်များများက သူတို့လူတွေ ဖြစ်နေလောက်ပြီ"
"နံပါတ်ကိုး... ဒီကိစ္စကို မင်း ထပ်ပြီး ပူမနေနဲ့တော့၊ ပြန်ပြီးတော့သာ အသေအချာ ပြင်ဆင်ထားပါ။ မကြာခင်မှာ ငါတို့ ထိုက်ချန်းနယ်မြေကို သွားရတော့မယ်။ အဲဒီအချိန်ကျရင်တော့ ဘယ်သူက ပိုအစွမ်းထက်လဲဆိုတာ ထိပ်တိုက်ရင်ဆိုင် ကြည့်ကြတာပေါ့"
ရှဲ့အာမန်က လေးနက်သောလေသံဖြင့် ဆိုလိုက်သည်။
"ကောင်းပါပြီ"
ဖန့်ချန်က ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်ဝန်းများက မလှမ်းမကမ်းတွင် တုန်တုန်ရင်ရင် ဖြစ်နေသော ဆိုင်ရှင်ထံသို့ ရောက်သွားသည်။
"စီနီယာအစ်မကြီး... အဲဒီဆိုင်ရှင်မှာ ပြဿနာ တစ်ခုခု ရှိနိုင်တယ်၊ သေချာလေး မေးမြန်းကြည့်သင့်တယ်။ သူ ကျွန်တော့်ကို ဒီကို ခေါ်လာတာက ရည်ရွယ်ချက် မရိုးရှင်းတာလည်း ဖြစ်နိုင်တယ်"
"အင်း... ဒီကိစ္စကို ငါ ကိုင်တွယ်လိုက်မယ်"
ရှဲ့အာမန်က ခေါင်းညိတ်ပြကာ
"မင်း နောက်ပိုင်း အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေ လိုချင်ရင် ကျွယ်မင်ဈေးတန်းကို လာနေဖို့ မလိုတော့ဘူး။ ငါမှတ်မိသလောက် တွန့်ထျန်းရင်း လို့ ခေါ်တဲ့ အမာခံတပည့် တစ်ယောက် ရှိတယ်၊ သူက ဒီလို အသေးအမွှားလေးတွေကို စုဆောင်းရတာ ဝါသနာပါတယ်။ သူ့ရဲ့ ကျင့်ကြံရေးနယ်မြေက လူသားဘိုးဘေးတောင် နဲ့ မဝေးဘူး၊ သူ့ဆီ သွားပြီး စကားပြောကြည့်လိုက်"
"တွန့်ထျန်းရင်း ဟုတ်လား"
ဖန့်ချန် စိတ်ဝင်စားသွားပြီး ထိုနာမည်ကို မှတ်သားကာ နှုတ်ဆက်၍ ထွက်ခွာလာခဲ့သည်။
လူသားဘိုးဘေးတောင်နှင့် မိုင်ပေါင်း သုံးသိန်းခန့် အကွာအဝေးတွင် အလွန်ပင် စည်ကားလှသော ကျင့်ကြံရေးနယ်မြေ တစ်ခု ရှိသည်။ စည်ကားသည်ဟု ပြောရခြင်းမှာ ဖန့်ချန်သည် ဤနေရာတွင် ကျွယ်မင်ဈေးတန်းနှင့် ဆင်တူသော ဈေးတန်းတစ်ခုကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ဤနေရာရှိ အပြင်စည်းကျင့်ကြံသူ အရေအတွက်မှာ အကြမ်းဖျင်းအားဖြင့်ပင် တစ်သိန်းခွဲခန့် ရှိနေသည်။ သာမန် အမာခံတပည့်တစ်ဦးအနေဖြင့် ဤမျှကြီးမားသော နယ်မြေချဲ့ထွင်ရေးအဖွဲ့ကို မွေးမြူထားနိုင်ရန် မဖြစ်နိုင်ချေ။
ဖန့်ချန်သည် သူ၏ အဆင့်အတန်းကို ဖုံးကွယ်မထားဘဲ နဂါးနက်လှေ ဖြင့် ရောက်ရှိလာသောအခါ လူရိပ်တစ်ခုမှာ လေဟာနယ်ကို ဖြတ်သန်း၍ ချက်ချင်း ရောက်ရှိလာသည်။
ထိုသူမှာ ဖိုသီဖတ်သီနှင့် ကိုယ်လုံးတောင့်တင်းပြီး မျက်နှာတွင် အသားပိုများ ဖုံးလွှမ်းနေသည်။ သူသည် ဖန့်ချန်၏ ပုံစံကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီးနောက် အလွန်အမင်း ဝမ်းသာအားရဖြင့် လက်အုပ်ချီ ဆိုလိုက်သည်။
"အမာခံတပည့် ဖန့်... ကျွန်တော့်ဆီကို ဘယ်လိုဖြစ်ပြီး အရောက်လှမ်းလာတာလဲဗျာ ကျွန်တော့်နာမည်က တွန့်ထျန်းရင်း ပါ။ တာ့လေ့ယင် တိုက်ပွဲတုန်းက ကျွန်တော်လည်း ပါတယ်၊ အမာခံတပည့် ဖန့် ကျွန်တော့်ကို သတိထားမိရဲ့လားတော့ မသိဘူး"
ဖန့်ချန်အနေဖြင့် ဤအဆင့် ၂ အမာခံတပည့်ကို သတိမထားမိခဲ့သည်မှာ အမှန်ပင်။ သို့သော် သူက ပြုံးလျက် လက်အုပ်ချီကာ
"တာ့လေ့ယင် တိုက်ပွဲမှာ တွန့်မိတ်ဆွေရဲ့ စွမ်းဆောင်ရည်တွေက အရမ်းကို ထူးခြားပြောင်မြောက်လှပါတယ်၊ ကျွန်တော် သေချာပေါက် သတိထားမိတာပေါ့"
တွန့်ထျန်းရင်းမှာ အတိုင်းထက်အလွန် ဝမ်းသာသွားပြီး တဟားဟား ရယ်မောလိုက်သည်။
"အမာခံတပည့် ဖန့်ကတောင် ကျွန်တော့်ကို သတိထားမိတယ်ဆိုတော့ ကျွန်တော်တို့က စိတ်ချင်း ဆက်နွှယ်နေတာ ကြာပြီပေါ့ ကဲ... အတွင်းထဲမှာပဲ အေးအေးဆေးဆေး စကားပြောကြရအောင်"
ဖန့်ချန်သည် နဂါးနက်လှေကို သိမ်းဆည်းလိုက်ပြီး တွန့်ထျန်းရင်းနှင့်အတူ ကျင့်ကြံရေးနယ်မြေအတွင်းသို့ ပျံသန်းဝင်ရောက်လာခဲ့သည်။
"တွန့်မိတ်ဆွေ... ခင်ဗျားဆီမှာ တော်တော်လေး စည်ကားတာပဲ။ ဒီအပြင်စည်းကျင့်ကြံသူတွေက..."
ဖန့်ချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
တွန့်ထျန်းရင်း၏ မျက်နှာတွင် ဂုဏ်ယူရိပ်များ ပေါ်လာသည်။
"ကျွန်တော် အမာခံတပည့် ဖြစ်တာ သိပ်မကြာသေးဘူး ဆိုပေမဲ့ အပြင်စည်းကျင့်ကြံသူတွေကြားမှာတော့ ကျွန်တော့်နာမည်က အတော်လေး ကျော်ကြားပါတယ်။ ဒီဈေးတန်းကို ကျွန်တော် ကိုယ်တိုင် တည်ထောင်ခဲ့တာပါ။
ဒီအပြင်စည်းကျင့်ကြံသူတွေက ကျွန်တော့်နာမည်ကို ကြားလို့ လာကြတာပေါ့။ သူတို့က ပုံမှန်အားဖြင့် ဒီနားမှာပဲ နေကြပြီး ကျင့်ကြံရင်း အားလပ်တဲ့အခါ တခြားကျင့်ကြံသူတွေနဲ့ အသိပညာ ဖလှယ်ကြသလို၊ ပစ္စည်းတွေလည်း အရောင်းအဝယ် လုပ်ကြတယ်"
"တွန့်မိတ်ဆွေရဲ့ စွမ်းဆောင်နိုင်ရည်က တကယ်ကို ချီးကျူးစရာပါပဲ"
ဖန့်ချန်က ချီးကျူးစကား ဆိုလိုက်သည်။
တွန့်ထျန်းရင်းက ရုတ်တရက် သိချင်စိတ်ဖြင့်
"ဒါနဲ့... အမာခံတပည့် ဖန့် ဒီကို လာရတဲ့ အကြောင်းရင်းက ဘာများလဲဗျ"
"စီနီယာအစ်မကြီးဆီကနေ ခင်ဗျားဟာ စုဆောင်းရတာ ဝါသနာပါသူတစ်ယောက်လို့ ကြားခဲ့တယ်။ ကျွန်တော်ကလည်း အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး နည်းနည်းလောက် ဝယ်ချင်နေတာနဲ့ ခင်ဗျားရဲ့ ကျော်ကြားမှုကို အမှီပြုပြီး လာခဲ့တာပါ"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
"ဘာ စီနီယာအစ်မကြီး ဟုတ်လား"
တွန့်ထျန်းရင်း၏ ကိုယ်လုံးကြီးမှာ သိသိသာသာ တုန်ခါသွားပြီး မျက်ဝန်းထဲတွင် မယုံနိုင်စရာ အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် သူက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"စီနီယာအစ်မကြီးကတောင် ကျွန်တော့်ကို သတိထားမိနေပြီပေါ့ ကြည့်ရတာ ကျွန်တော့်ရဲ့ အဆင့်အတန်းက ကျွယ်မင်အမာခံတပည့်တွေထဲမှာ နောက်ဆုံးတော့ မဟုတ်တော့ဘူးပဲ ဟားဟား"
ထို့နောက် သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဖန့်ချန်ကို မျက်လုံးများ တောက်ပစွာ ကြည့်လိုက်သည်။
"အမာခံတပည့် ဖန့်ကလည်း ဒီလို ဝါသနာတူပဲလား အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေကို ကြိုက်တာလား"
"မှန်ပါတယ်၊ ကျွန်တော် ငယ်ငယ်ကတည်းက အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေကို စုဆောင်းရတာ ဝါသနာပါတယ်"
ဖန့်ချန်က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
"ဒါဆိုရင်တော့ အမာခံတပည့် ဖန့်က ကျွန်တော့်လက်ထဲက အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေကို လိုချင်တာပေါ့လေ။ အင်း... တခြားသူသာ ဆိုရင်တော့ ကျွန်တော် လုံးဝ ရောင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ အမာခံတပည့် ဖန့်ကိုယ်တိုင် အခုလို ပြောလာမှတော့ ကျွန်တော် အမြတ်နိုးဆုံး ပစ္စည်းတွေကို စွန့်လွှတ်ပြီး အမာခံတပည့် ဖန့်ရဲ့ ဝါသနာကို ဖြည့်ဆည်းပေးရတာပေါ့ "
တွန့်ထျန်းရင်းက ပြုံးရွှင်စွာ ဆိုလိုက်သည်။
မကြာမီတွင် သူသည် ဖန့်ချန်ကို လင်းထိန်နေသော လှပသည့် အခန်းဆောင်တစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။ ဤနေရာရှိ တိုင်လုံးများမှာ နဂါးနှင့် ဟင်္သာပုံများ ထွင်းထုထားပြီး နံရံများကိုပင် ကျောက်စိမ်းများဖြင့် စီခြယ်ထားသည်။ နံရံလေးဘက်လုံးတွင် စုဆောင်းထားသည့် စင်များ ရှိနေပြီး အတွင်း၌ ထူးဆန်းထွေလာ ပစ္စည်းများစွာကို ပြသထားသည်။
ဖန့်ချန်က အပေါ်ယံမျှ ဝေ့ကြည့်လိုက်ရုံဖြင့်ပင် ထူးထူးဆန်းဆန်း သားရဲကြီးများ၏ အခြောက်လှမ်းထားသော ရုပ်ကလာပ်များကို တွေ့မြင်လိုက်ရသည်။
"အမာခံတပည့် ဖန့်... ဒီအခန်းလေးက ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာ အားထုတ်မှုတွေရဲ့ ရလဒ်ပါပဲ။ ဒီထဲက ပစ္စည်းတိုင်းဟာ တန်ဖိုးအားဖြင့် ဘယ်လောက်ရှိလဲဆိုတာထက်၊ တချို့ဆို ဝိညာဉ်ကျောက်တုံး တစ်လုံးတောင် တန်ဖိုး မရှိတာတွေ ပါပါတယ်။
ဒါပေမဲ့ သူတို့က အရမ်းကို ရှားပါးတယ်။ ဥပမာ- ဒီမြေကြီးအိုးလေးဆိုရင် ကျွန်တော် ရှေးဟောင်းတားမြစ်နယ်မြေကို ပထမဆုံးအကြိမ် ရောက်ခဲ့တုန်းက တူးလာခဲ့တာပါ။ ကျွန်တော့်အတွက်တော့ တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ အမှတ်တရပစ္စည်းပါပဲ"
တွန့်ထျန်းရင်းသည် ဖန့်ချန်ကို မြေနက်များ ထည့်ထားသော အိုးလေးတစ်လုံးရှေ့သို့ ခေါ်ဆောင်သွားကာ ဂုဏ်ယူစွာ ရှင်းပြနေသည်။ ဖန့်ချန်ကလည်း ခေါင်းညိတ်၍ အသိအမှတ်ပြုပေးလိုက်ပြီးနောက် စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်သည်။
"တွန့်မိတ်ဆွေ... ကျွန်တော့်ကို အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးလေးတွေ ပြဦးမလား "
အခန်း (၁၆၇၈) - လောကမှာ တကယ်ပဲ နတ်ဘုရားတွေ ရှိတာလား
"ရပါတယ်ဗျာ၊ အေးဆေးပါ။ အမာခံတပည့် ဖန့် ကျွန်တော့်ရဲ့ ဒီစုဆောင်းမှုတွေကို အကုန်ကြည့်ပြီးရင် ကျွန်တော့်ဆီက အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေကို ပြပါ့မယ်"
တွန့်ထျန်းရင်းက အလွန်ပင် စိတ်အားထက်သန်စွာဖြင့် ဖန့်ချန်ကို အခန်းအစမှ အဆုံးထိ လိုက်လံပြသနေတော့သည်။ စုဆောင်းထားသည့် ပစ္စည်းတစ်ခုချင်းစီ၏ နောက်ခံသမိုင်းကြောင်း၊ စုဆောင်းရသည့် အဓိပ္ပာယ်တို့ကို သူက အလွတ်ရနေသည့်အလား အသေးစိတ် ရှင်းပြနေသည်။
ဖန့်ချန်၏ မျက်နှာထက်မှ အနည်းငယ်သော စိတ်ပျက်အားလျော့မှုကိုမူ သူ မြင်ဟန်မရချေ။ ဤပစ္စည်းများကို ကြည့်ရှုရုံတင်ပင် ဖန့်ချန်အတွက် နာရီပေါင်းများစွာ အချိန်ကုန်သွားရသည်။
ဤအခန်းဆောင်ရှိ ပစ္စည်းများကို ကြည့်ရှုပြီးသွားသော်လည်း ဖန့်ချန် စကားမပြောရသေးခင်မှာပင် တွန့်ထျန်းရင်းက ဂုဏ်ယူစွာ ဆိုလိုက်ပြန်သည်။
"ဒီလို အခန်းမျိုး ကျွန်တော့်မှာ နောက်ထပ် ကိုးရာ ကိုးဆယ် ကိုးခန်း ကျန်သေးတယ်၊ အမာခံတပည့် ဖန့်... ခင်ဗျားက..."
"တွန့်မိတ်ဆွေ... ကျွန်တော် အမှန်အတိုင်းပဲ ပြောပါရစေ၊ ကျွန်တော်က အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေကိုပဲ စိတ်ဝင်စားတာပါ။ ခင်ဗျား ကျွန်တော့်ကို အဲဒါတွေပဲ သွားပြပါတော့"
ဖန့်ချန်မှာ အတော်လေး စိတ်မရှည်တော့သဖြင့် ပွင့်ပွင့်လင်းလင်းပင် တားလိုက်ရတော့သည်။
တွန့်ထျန်းရင်း ခေတ္တမျှ ကြောင်အသွားပြီး မျက်နှာတွင် အားနာရိပ်များ ပေါ်လာသည်။ သူသည် အနည်းငယ် စိတ်မကောင်းဖြစ်သွားဟန်ဖြင့် အတင်းအပြုံးတစ်ခု ဖန်တီးကာ
"ဒါဆိုရင်လည်း... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
သူက လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ ရှေ့ရှိ လေဟာနယ်မှာ ရုတ်ခြည်းပင် ဆွဲဖြဲခြင်း ခံလိုက်ရသည်။ ထိုဖောက်ထွင်းမြင်နေရသော တစ်ဖက်ခြမ်းတွင် အခန်းဆောင်အသစ်တစ်ခု ရှိနေပြီး ထိုနေရာရှိ စုဆောင်းထားသော ပစ္စည်းများမှာ ဝိညာဉ်စွမ်းအင်နှင့် မသေမျိုးစွမ်းအင်များ သိသိသာသာ ပြည့်နှက်နေသည်။
ဖန့်ချန်သည် စုဆောင်းရေးစင်တစ်ခုပေါ်တွင် အစီအရီ တင်ထားသည့် အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး အလုံးပေါင်း တစ်ရာကျော်ကို တစ်ချက်တည်းနှင့် မြင်လိုက်ရသည်။ သူသည် အနားသို့ တိုး၍ အသေးစိတ် စစ်ဆေးကြည့်ရာ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ပေါ်လာတော့သည်။
ဤကျောက်တုံးများထဲတွင် ဖန့်ထျန်းဇွန် မစုပ်ယူရသေးသော အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး (၁၆) လုံး ပါဝင်နေသည်။ အကယ်၍ ၎င်းတို့ကိုသာ စုပ်ယူနိုင်ခဲ့လျှင် မဟာကောင်းကင်ဘုရင်ဆေးကျမ်း ၏ တိုးတက်မှုနှုန်းမှာ (၅၀%) ကို ကျော်လွန်သွားနိုင်ပေလိမ့်မည်။
တွန့်ထျန်းရင်းက ဖန့်ချန်၏ အကြည့်ကို သတိပြုမိသွားပြီး စိတ်ထဲမှ တုန်လှုပ်သွားကာ ခပ်ယောင်ယောင် ပြုံးလျက် ဆိုလိုက်သည်။
"အမာခံတပည့် ဖန့်... ဒီအထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေထဲမှာ ခင်ဗျား ကြိုက်တာ ရှိလားလို့ ကြည့်ပါဦး"
သူသည် ဖန့်ချန်၏ အာရုံကို တခြားသို့ လွှဲပြောင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။
"တွန့်မိတ်ဆွေ..."
ဖန့်ချန်က ထိုကျောက်တုံး (၁၆) လုံးကို ညွှန်ပြကာ
"ဒီ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး (၁၆) လုံးကို ကျွန်တော့်ကို ရောင်းပေးလို့ ရမလား "
"တခြားဟာတွေကော မကြည့်တော့ဘူးလား တကယ်တော့ အားလုံးက အတူတူပါပဲ"
တွန့်ထျန်းရင်းက အံ့အားသင့်စွာ မေးလိုက်သည်။
"တခြားဟာတွေက ကျွန်တော့်ဆီမှာ ရှိပြီးသားမလို့ပါ"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
"အဲ..."
တွန့်ထျန်းရင်းမှာ ခေါင်းကို ကုတ်ကာ စိတ်ထဲမှ အတော်လေး ဝေခွဲမရ ဖြစ်နေရှာသည်။ သူတို့နှစ်ဦးကြားတွင် ခေတ္တမျှ အနေခက်သော တိတ်ဆိတ်မှုကြီး ဖုံးလွှမ်းသွားသည်။
အတန်ကြာမှ ဖန့်ချန်သည် ဤကျောက်တုံးများကို အမှန်တကယ် လိုချင်နေခြင်းဖြစ်ကြောင်း တွန့်ထျန်းရင်း သိမြင်သွားသဖြင့် တစ်လုံးချင်းစီကို မနှမြောဘဲ ထုတ်ယူကာ ဖန့်ချန်၏လက်ထဲသို့ လွှဲပြောင်းပေးလိုက်ရတော့သည်။
"တွန့်မိတ်ဆွေ... ဒီကျောက်တုံးတွေက ခင်ဗျား အမြတ်နိုးဆုံး ပစ္စည်းတွေဆိုတာ သိသာပါတယ်။ ကျွန်တော်က ပေါက်ဈေးထက် ပိုပေးပါ့မယ်၊ ခင်ဗျား ဈေးတစ်ချက်လောက် ပြောပါ"
ဖန့်ချန်က ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး လက်အုပ်ချီ၍ ဆိုလိုက်သည်။
"အင်း... ကျွန်တော့်အတွက်တော့ ဒါတွေက တန်ဖိုးဖြတ်လို့ မရတဲ့ အရာတွေပါ။ အကယ်၍ တကယ်ပဲ ဈေးဖြတ်ရမယ်ဆိုရင်တော့..."
တွန့်ထျန်းရင်းသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်နှာမှာ ပြန်လည် ဝင်းပလာပြီး စိတ်အားထက်သန်စွာ ဆိုသည်။
"အမာခံတပည့် ဖန့်... ခင်ဗျားဆီက မသေမျိုးကျောက်တုံးတွေ ကျွန်တော် မယူတော့ပါဘူး။ ဒါပေမဲ့ နောက်တစ်ခါ နယ်မြေချဲ့ထွင်ရေး ခရီးစဉ် ထွက်ရင် ကျွန်တော့်ကို ခင်ဗျားနဲ့အတူ လိုက်ခွင့်ပြုမယ်လို့ ကတိပေးပါ "
"ကျွန်တော်နဲ့အတူ လိုက်မယ် ဟုတ်လား"
ဖန့်ချန်၏ အမူအရာမှာ ထူးဆန်းသွားသည်
"ဘာဖြစ်လို့လဲ"
"ဘာလို့လဲဆိုတော့ ခင်ဗျားက အစီရင် မသေမျိုးအတတ်ကို သုံးနိုင်လို့ပေါ့၊ ခင်ဗျားနဲ့ လိုက်ရင် အန္တရာယ်ကင်းတယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော်က တိုက်ခိုက်ရေးမှာ လုံးဝ အစွမ်းမရှိဘူးဗျ၊ ဒီဘဝမှာ အစီရင် မသေမျိုးအတတ်ကို နားလည်ဖို့ဆိုတာလည်း မဖြစ်နိုင်လောက်တော့ဘူး။
ကျွန်တော့်ရဲ့ ဝါသနာက ဒီစုဆောင်းထားတဲ့ ပစ္စည်းတွေပဲ။ သူတို့လေးတွေ တဖြည်းဖြည်း အိုမင်းသွားတာကနေ သေဆုံးသွားတဲ့အထိ ကျွန်တော် ကြည့်ချင်တယ်။ အဲဒီကျရင် ကျွန်တော့် သားစဉ်မြေးဆက်တွေကို ဒါတွေ အကုန်လုံး ကျွန်တော့်အတွက် မီးရှို့ပေးဖို့ မှာထားမယ်၊ သေပြီးရင်တောင် ယင်လောကမှာ ဒါတွေနဲ့အတူ ရှိနေချင်လို့ပါ"
တွန့်ထျန်းရင်းက စုဆောင်းထားသည့် ပစ္စည်းများကို ကြည့်ကာ ချစ်ခင်မြတ်နိုးလှသော မျက်ဝန်းများဖြင့် ဆိုလိုက်သည်။
"ဒါဆိုလည်း ရပါတယ်၊ နောက်တစ်ခါ နယ်မြေချဲ့ထွင်ရေး သွားဖြစ်ရင် ခင်ဗျား ကျွန်တော်နဲ့ လိုက်ခဲ့လို့ ရတယ်"
ဖန့်ချန်က ခေါင်းညိတ် သဘောတူလိုက်သည်။
တွန့်ထျန်းရင်းမှာ ခုနက စုဆောင်းထားသည့် ပစ္စည်းများ ဆုံးရှုံးသွားသည်ကိုပင် မေ့သွားသကဲ့သို့ ပြန်လည် ပျော်ရွှင်သွားတော့သည်။ ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် ဖန့်ချန်သည် နှုတ်ဆက်ကာ လူသားဘိုးဘေးတောင်သို့ ပြန်လာခဲ့သည်။
ဖန့်ချန်၏ ကိုယ်ပွား (၁၁) ခုလုံးမှာ တရားထိုင် ကျင့်ကြံနေကြပြီး၊ ဖန့်ချန်က တစ်ဦးလျှင် မသေမျိုးကျောက်တုံး တစ်ထောင်စီ ပေးအပ်ခဲ့သည်။ ထို့နောက် အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးများကို ဖန့်ထျန်းဇွန်အတွက် ထားရစ်ခဲ့ပြီးမှ တုန်းရှန့် နိုင်ငံဆီသို့ ပျံသန်းလာခဲ့သည်။
" သခင်မလေးရယ်... မြန်မြန် ဆင်းလာပါတော့ဗျာ။ တစ်စုံတစ်ခု ထိခိုက်မှု ဖြစ်သွားရင် ကျွန်တော်တို့ ခေါင်းပြတ်ရပါလိမ့်မယ် "
ဝမ်နန်းတော်၏ နောက်ဖေးဥယျာဉ်တွင် ပေါ့ပါးသွက်လက်သော ပုံရိပ်လေးတစ်ခုသည် ပေတစ်ရာခန့် မြင့်သော သစ်ပင်ကြီးပေါ်၌ ဟိုခုန်သည်ခုန်ဖြင့် သွက်လက်နေသည်။
သစ်ကိုင်းများကြားမှနေ၍ အောက်ရှိ အစေခံ မိန်းကလေးများကို လျှာထုတ်ပြကာ ပြောင်ချော်ချော် လုပ်နေသေးသည်။ အောက်ရှိ အစေခံများမှာမူ စိတ်ပူလွန်းသဖြင့် ဘာမှ မလုပ်ရဲဘဲ အသည်းအသန် အသနားခံနေကြရသည်။
"နင်တို့ အားလုံး သွားကြတော့၊ ငါ့ကို လာမရှုပ်နဲ့ အဖေကသာ ငါ့ကို အပြင်ထွက်ခွင့် မပြုဘူးဆိုရင် ငါ ဒီပေါ်ကနေ ခုန်ချပြီး အဖေ့ရှေ့မှာတင် သေပြလိုက်မှာ "
ထိုသူမှာ ရုပ်ရည် အလွန်လှပ ချစ်စဖွယ်ကောင်းသော (၈) နှစ်၊ (၉) နှစ်အရွယ် မိန်းကလေးငယ်လေး ဖြစ်သည်။ သူမသည် သစ်ကိုင်းပေါ်တွင် ခါးထောက်ရပ်ကာ အောက်သို့ အော်ဟစ်လိုက်သည်။ သူမ၏ အကြည့်များကမူ အနီးနားတစ်ဝိုက်တွင် တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်။
မလှမ်းမကမ်းတွင် သက်လတ်ပိုင်းအရွယ် ဇနီးမောင်နှံ နှစ်ဦးမှာ ဤမြင်ကွင်းကို ကြည့်ပြီး စိတ်ပျက်အားလျော့နေကြသည်။
"ဝမ်ရဲ... ရှင်ကပဲ ယွီအာ ကို ငယ်ငယ်ကတည်းက အလိုလိုက်လွန်းလို့ ဒီလို ဇွတ်တရွတ်နိုင်တဲ့ စိတ်ဓာတ်မျိုး ဖြစ်လာတာ"
အမျိုးသမီးက သက်ပြင်းတစ်ချက်ချကာ သူမ၏ သမီးကို စိတ်ဆိုးတလှည့်၊ အားမလိုအားမရတလှည့် ကြည့်နေမိသည်။
အမျိုးသားကမူ တဟားဟား ရယ်မောလိုက်ပြီး
"ဒါက ဘာဖြစ်လို့လဲ၊ ငါ့သမီးပဲဟာ၊ တခြား မိန်းကလေးတွေလို သိမ်မွေ့နေဖို့မှ မလိုတာ။ ဒီလို စိတ်ဓာတ်မျိုးရှိတာကမှ ပိုအသုံးဝင်တယ်၊ အသက်ပိုရှည်တာပေါ့"
စကားအဆုံးတွင် အမျိုးသားသည် ဆယ်ပေခန့်ကို တစ်ဟုန်ထိုး ပြေးသွားပြီးနောက် အထက်သို့ ခုန်တက်ကာ မိန်းကလေးငယ်၏ လည်ပင်းနောက်ကနေ ဆွဲမပြီး ဖမ်းချလာခဲ့သည်။
"အား အဖေ လူလိမ် ဘာလို့ ကိုယ်ခံပညာ သုံးတာလဲ "
မိန်းကလေးငယ်က ဒေါသတကြီး အော်ဟစ်တော့သည်။
"မဆိုးနဲ့တော့၊ နင် အပြင်ထွက်ချင်ရင် ရတယ်၊ ငါ နင့်အတွက် ဆရာတစ်ယောက် ငှားပေးထားတယ်။ အဲဒီဆရာကသာ နင် အပြင်ထွက်လို့ရပြီလို့ ခွင့်ပြုရင် ငါလည်း လွှတ်ပေးမယ်၊ ဘယ်လိုလဲ "
အမျိုးသားက ပြုံးလျက် ဆိုသည်။
"ဆရာ ဟုတ်လား သမီး ရိုက်ထုတ်လိုက်တဲ့ ဆရာတွေ မနည်းတော့ဘူးနော်။ အဖေ့စကားကို ယုံပြီး ဒုက္ခလာခံမယ့် အလေအလွင့် ဆရာက ရှိသေးလို့လား "
မိန်းကလေးငယ် ခေတ္တမျှ ကြောင်သွားသည်။
အမျိုးသားက ဂုဏ်ယူစွာ ပြုံးလိုက်ပြီး
"ဒီဆရာက တခြားသူတွေနဲ့ မတူဘူး၊ လိုက်ခဲ့... တွေ့ကြည့်ရင် သိလိမ့်မယ်"
"တွေ့ရတာပေါ့၊ ဘယ်သူ့ကို ကြောက်ရမှာလဲ "
မကြာမီတွင် မိသားစု သုံးဦးလုံး ဧည့်ခန်းသို့ ရောက်လာကြရာ ထိုနေရာတွင် လူရိပ်တစ်ခုမှာ အေးအေးဆေးဆေး ထိုင်ရင်း လက်ဖက်ရည် သောက်နေသည်ကို မြင်လိုက်ရသည်။
"ဆရာဖန့်... ဒါက ကျွန်တော့်သမီး ရွှီယွီ ပါ"
အမျိုးသားသည် ဧည့်ခန်းသို့ ရောက်သည်နှင့် မျက်နှာတွင် ရိုသေလေးစားမှုများ ပြည့်နှက်သွားပြီး မိန်းကလေးငယ်ကို ဖန့်ချန်၏ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။
ရွှီယွီသည် အလွန်ထူးဆန်းသွားသည်။ သူမ၏ အဖေသည် မည်သူ့ကိုမျှ မကြောက်တတ်သူဖြစ်ရာ နန်းတော်ရှိ ဧကရာဇ်နှင့် တွေ့လျှင်ပင် ဤမျှ ရိုသေလွန်းသည်အထိ အားနာတတ်သူ မဟုတ်ပေ။ ယခုမူ ရှေ့မှ လူအား အလွန်အမင်း ရိုသေနေသည်မှာ သူမအတွက် စူးစမ်းချင်စရာ ဖြစ်လာခဲ့သည်။
'ငါက ဘယ်သူလဲဆိုတာ သိစေရမယ်၊ နင့်ကို ဘယ်လို ပညာပေးရမလဲဆိုတာ စောင့်ကြည့်လိုက်'
ရွှီယွီ စိတ်ထဲမှ ကြံစည်နေရင်း ဖန့်ချန်၏ရှေ့သို့ ပြေးသွားကာ စကားပြောရန် ပြင်လိုက်သော်လည်း၊ ဖန့်ချန်၏ ရုပ်သွင်ကို သေသေချာချာ မြင်လိုက်ရသောအခါ သူမမှာ နေရာတင် ကြောင်အသွားရတော့သည်။
"မင်းနာမည်က ရွှီယွီ လား "
ဖန့်ချန်က မိန်းကလေးငယ်ကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
"အဲ... ဟုတ်ကဲ့၊ သမီးနာမည် ရွှီယွီ ပါ..."
ရွှီယွီက မသိစိတ်မှနေ၍ ခေါင်းညိတ်မိလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် ဝေခွဲမရသည့် သံသယများ ပေါ်လာကာ
"သမီး ရှင့်ကို အရင်က တွေ့ဖူးသလိုပဲ ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ..."
"ယွီအာ... နောက်ဆိုရင် ဆရာဖန့်က သမီးကို စာပေနဲ့ ကိုယ်ခံပညာ သင်ပေးလိမ့်မယ်၊ ဆရာ့ကို မြန်မြန် ဦးချလိုက်ဦး"
အမျိုးသားက အလျင်အမြန် ဆိုသည်။
"ဦးချစရာ မလိုပါဘူး"
ဖန့်ချန်က ပြုံးလျက် လက်ကာပြကာ ရွှီယွီကို အကဲခတ်လိုက်သည်။
"ဒီဘဝမှာ... ငါ မင်းရဲ့ ဆရာ ဖြစ်ရတာ အဆင်ပြေရဲ့လား "
"ရပါတယ်၊ ရှင်က တခြားသူတွေထက် ကြည့်ရတာ ပိုအဆင်ပြေတယ်"
ရွှီယွီသည် အဘယ်ကြောင့်မှန်း မသိဘဲ ထိုအတိုင်းပင် သဘောတူလိုက်လေသည်။
အမျိုးသားမှာ အတိုင်းထက်အလွန် ဝမ်းသာသွားသည်။ ကိစ္စများမှာ ထိုနေရာမှာတင် အတည်ဖြစ်သွားခဲ့သည်။
အမျိုးသမီးကမူ တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားရသဖြင့် ခပ်တိုးတိုး မေးလိုက်သည်။
"ဝမ်ရဲ... ဒါက ဘယ်လိုဖြစ်တာလဲ..."
"ဆရာဖန့်... ကျွန်တော့်သမီးကို အပ်ခဲ့ပါရစေဦး၊ ကျွန်တော်တို့ ဇနီးမောင်နှံ ခေတ္တ နှုတ်ဆက်ပါတယ်ဗျာ "
အမျိုးသားသည် စကားဆုံးသည်နှင့် ဇနီးသည်ကို ဆွဲကာ ထွက်လာခဲ့ပြီး ရွှီ မိသားစု၏ ဘိုးဘေးအိမ်ဆောင် ဆီသို့ ခေါ်ဆောင်သွားတော့သည်။
"ဝမ်ရဲ"
အမျိုးသမီးမှာ အလွန်အံ့သြသွားသည်။ ဤနေရာသည် သူမအနေဖြင့် ပုံမှန်အားဖြင့် လာချင်လျှင်ပင် ဝင်ခွင့်မရှိသော နေရာဖြစ်သည်။
"မိဖုရား... ငါတို့ ရွှီမိသားစုဆီကို နတ်ဘုရားအိုကြီး ရောက်လာပြီ။ ဒါက ဘိုးဘေး ထျန်းဟွန့် ချန်ထားခဲ့တဲ့ ပုံတူပန်းချီပဲ၊ ကြည့်လိုက်ဦး"
အမျိုးသားသည် စိတ်လှုပ်ရှားစွာဖြင့် ပန်းချီကားတစ်ချပ်ကို ထုတ်ယူကာ အသာအယာ ဖြန့်ပြလိုက်သည်။
အမျိုးသမီး ကြည့်လိုက်သောအခါ တစ်ကိုယ်လုံး တုန်လှုပ်အံ့သြသွားရသည်။ ပန်းချီကားထဲရှိ လူမှာ ခုနက ဆရာဖန့်နှင့် တစ်ပုံစံတည်း ဖြစ်နေသည် မဟုတ်ပါလား။
"ဘိုးဘေးက ပြောခဲ့ဖူးတယ်၊ သူကိုယ်တိုင်လည်း ဒီလိုပဲ မမျှော်လင့်ဘဲ ဆရာဖန့်ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရလို့ တစ်ညတည်းနဲ့ မဟာဆရာကြီး အဆင့်ကို ရောက်ခဲ့တာတဲ့ အကယ်၍သာ ဒီနတ်ဘုရားအိုကြီး မရှိခဲ့ရင် ရွှီမိသားစုဟာ ဟိုတုန်းကတည်းက တစ်မျိုးနွယ်လုံး အသတ်ခံရပြီးပြီ၊ ဘယ်မှာ အခုလို အရှိန်အဝါမျိုး ရှိနိုင်ပါ့မလဲ "
အမျိုးသားသည် ဝမ်းသာအားရဖြင့် ဟိုဘက်ဒီဘက် လမ်းလျှောက်နေရင်း
"အခု အဲဒီ နတ်ဘုရားအိုကြီးက ငါတို့ ရွှီမိသားစုဆီ တစ်ခေါက် ပြန်ရောက်လာပြီ။ ဒါဟာ ငါတို့ မိသားစုရဲ့ ကံကောင်းခြင်းပဲ၊ ယွီအာရဲ့ ကံကောင်းခြင်းပဲ"
အမျိုးသမီးမှာ အလွန်အမင်း တုန်လှုပ်သွားရသည်။
လောကမှာ... တကယ်ပဲ နတ်ဘုရားတွေ ရှိတာလား