← Chapters

အခန်း (၁၆၇၉-၁၆၈၀)

Vol. 168 Ch. 1679-1680

အခန်း (၁၆၇၉-၁၆၈၀)

Vol. 168 Ch. 1679-1680

အခန်း (၁၆၇၉) - လူတစ်သက်ဆိုတာ တိုတောင်းလှပါတယ်

လူတစ်သက်ဆိုတာ တိုတောင်းလှပါတယ်၊ မိုးသောက်အလင်းနဲ့ နေဝင်ဆည်းဆာ၊ နွေဦးနဲ့ ဆောင်းဦးကာလတွေကြားမှာပဲ ကုန်ဆုံးသွားတတ်ကြတာပါ။

ပထမအစပိုင်း နှစ်အနည်းငယ်မှာ ဖန့်ချန်ဟာ ရွှီယွီကို ပုံပြင်တွေပဲ ပြောပြနေခဲ့တာပါ။ နောက်ပိုင်းနှစ်တွေမှာတော့ သူဟာ ရွှီယွီကို ရိုးရှင်းတဲ့ လက်ဝှေ့ခြေသလုံး အခြေခံကိုယ်ခံပညာ အနည်းငယ်ကိုပဲ သင်ပေးခဲ့ပါတယ်။

ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရွှီယွီဟာ အရွယ်ရောက် ပျိုမြစ်လာပြီး မြို့ထဲက အထက်တန်းစား မိသားစုအသီးသီးက သားပျိုတွေ အိမ်မက်ထဲအထိ တမ်းတရတဲ့ နတ်မိမယ်လေးတစ်ပါး ဖြစ်လာခဲ့ပါပြီ။

ရွှီယွီရဲ့ဖခင် ရွှီရဲရှို့ ကတော့ ရွှီယွီအနေနဲ့ ဖန့်ချန်ဆီမှာ အနှိုင်းမဲ့ကိုယ်ခံပညာတွေ၊ ဒါမှမဟုတ်... နတ်ဘုရားတစ်ပါးဖြစ်လာမယ့် ပညာရပ်တွေကို သင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။

ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူသတိထားမိလာတာကတော့ ရွှီယွီဟာ ကိုယ်ခံပညာလေ့ကျင့်ဖို့ အကောင်းဆုံးအသက်အရွယ်ကို ကျော်လွန်သွားခဲ့ပြီဆိုတာပါပဲ။ သူမရဲ့ ကိုယ်ခံပညာဟာ တုန်းရှန့်နိုင်ငံထဲမှာဆိုရင်တော့ ခိုးသားငနွားလေးတွေကို ဖမ်းဆီးနိုင်ရုံလောက်ပဲ ရှိပြီး၊ တကယ့် သိုင်း လောကထဲကိုသာ သွားမယ်ဆိုရင်တော့ အောက်ခြေအဆင့်မှာပဲ ရှိနေမှာပါ။

"ဟင်း..."

ရွှီရဲရှို့က သက်ပြင်းကို ခပ်လေးလေးချလိုက်ပြီး ရှေ့က လက်ဖက်ရည်ခွက်ကို သောက်မလို့ ကိုင်လိုက်၊ ပြန်ချလိုက်၊ ပြန်ကိုင်လိုက်နဲ့ ဂနာမငြိမ် ဖြစ်နေပါတယ်။

ဝမ်မိဖုရားက သူ့ဘေးမှာထိုင်ရင်း ရွှီရဲရှို့ရဲ့ အမူအရာကိုကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်ပါတယ်။

"ဝမ်ရဲ... ဒီကိစ္စကို စိတ်ထဲသိပ်မထားပါနဲ့။ အခုနှစ်တွေထဲမှာ ယွီအာဟာ ဆရာဖန့်နောက်လိုက်ပြီး လူမှုရေးနဲ့ ဘဝအသိအမြင် အများကြီး သင်ယူခဲ့ရတာပဲ၊ ဒါနဲ့တင် လုံလောက်ပါပြီ"

"ဒါနဲ့ ဘယ်လိုလုပ် လုံလောက်မှာလဲ သူက ငါ ရွှီရဲရှို့ရဲ့ တစ်ဦးတည်းသောသမီးလေ..."

ရွှီရဲရှို့က တိုးတိုးလေး ရေရွတ်လိုက်တယ်

"ငါတို့ ရွှီမိသားစုက ကိုယ်ခံပညာနဲ့ အောင်မြင်လာတာ။ ဘိုးဘေးတွေ အသက်စွန့် တိုက်ပွဲဝင်ခဲ့လို့သာ ဒီနေ့ ဒီလို ရာထူးအဆင့်အတန်းမျိုး ရခဲ့တာပါ။ ဒါပေမဲ့ ယွီအာရဲ့ အခု ကိုယ်ခံပညာက သူခိုးလေးတွေကိုပဲ နိုင်တာ။ ပညာရေးဘက်မှာကျတော့လည်း ဘာတွေသင်နေမှန်း မသိဘူး၊ ကဗျာစပ်တာ၊ လင်္ကာရွတ်တာဆိုရင်လည်း တစ်လုံးမှ မတတ်ဘူး..."

ခဏလောက် တိတ်သွားပြီးမှ ရွှီရဲရှို့က သူ့ဇနီးကို ကြည့်ကာ

"ပြောပါဦး... ဆရာဖန့်က လူလိမ်များလား"

"ဒါပေမဲ့ ဆရာဖန့်က အခုထိ အိုမင်းသွားတဲ့ အရိပ်အယောင် လုံးဝမရှိဘူးလေ။ ရှစ်နှစ်၊ ကိုးနှစ်တောင် ကုန်သွားပြီ၊ သူက အစတုန်းကအတိုင်းပဲ။ ငါတို့ကျတော့ ခေါင်းပေါ်မှာ ဆံပင်ဖြူတွေတောင် တော်တော်များနေပြီ"

ဝမ်မိဖုရားက လေသံအေးအေးနဲ့ ပြန်ပြောတယ်

"ဒါ့အပြင် ဘိုးဘေးချန်ခဲ့တဲ့ ပုံတူပန်းချီက မှားစရာ မရှိပါဘူး။ လောကမှာ ဒီလောက် တစ်ပုံစံတည်း တူတဲ့လူဆိုတာလည်း ရှိနိုင်မှာ မဟုတ်ဘူးလေ"

"ဒါဆိုရင်... ဆရာဖန့်က ယွီအာကို စမ်းသပ်နေတာများလား "

ရွှီရဲရှို့ရဲ့ မျက်ဝန်းတွေထဲမှာ မျှော်လင့်ချက်အရိပ်အယောင်လေးတွေ ပြန်ပေါ်လာတယ်

"ဟုတ်တာပေါ့... နတ်ဘုရားဖြစ်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ စမ်းသပ်မှု ပေါင်းစုံကို ကျော်ဖြတ်နိုင်မှသာ အောင်မြင်မယ့်နေ့ကို ရောက်နိုင်မှာပေါ့"

နောက်ထပ် နှစ်အနည်းငယ် ကုန်လွန်သွားပြန်ပါတယ်။

ရွှီရဲရှို့က ထပ်ပြီး အကဲခတ်ကြည့်တဲ့အခါမှာတော့ ရွှီယွီဟာ နတ်ဘုရားတွေရဲ့ အစွမ်းအစတွေကို အခုထိ မတတ်မြောက်သေးတာကို တွေ့ရပြန်လို့ ရင်ထဲမှာ မတင်မကျ ဖြစ်လာပြန်ပါတယ်။ ဒါနဲ့ပဲ တစ်နေ့မှာတော့ သူဟာ သတ္တိမွေးပြီး ဖန့်ချန်ကို ရှာကာ စိုးရိမ်တကြီး မေးလိုက်ပါတယ်။

"ဆရာဖန့်... သမီးလေးမှာ နတ်ဘုရားဖြစ်မယ့် အရည်အချင်း မရှိလို့လားဗျာ "

"နတ်ဘုရား"

ဖန့်ချန်က ရွှီရဲရှို့ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်တယ်။

"သူမမှာ နတ်ဘုရားဖြစ်မယ့် အရည်အချင်း ရှိပါတယ်။ ဒါပေမဲ့ ဒီဘဝမှာတော့ မဟုတ်ဘူး"

ရွှီရဲရှို့ဟာ ဒီကိုမလာခင်က မရေမတွက်နိုင်တဲ့ အတွေးပေါင်းစုံနဲ့ လာခဲ့တာပါ။ ဆရာဖန့်ဆီက နားလည်ရခက်တဲ့ အဖြေမျိုး ရလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ တစ်ဖက်လူက ဒီလောက်အထိ ပွင့်ပွင့်လင်းလင်း ပြောလာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ သူ ခေတ္တမျှ ကြောင်အသွားရပါတယ်။

"ဒီဘဝမှာ မဟုတ်ဘူးဆိုတော့... ဒါဆိုရင်..."

ရွှီရဲရှို့က အံ့သြဝမ်းသာစွာနဲ့

"ဆရာဖန့်... လောကမှာ တကယ်ပဲ လူပြန်ဝင်စားခြင်း ဆိုတာ ရှိတာလား "

"သေချာပေါက် ရှိတာပေါ့။ မင်းရဲ့ ဘိုးဘေး ရွှီထျန်းဟွန့်က ငါ့ပုံတူပန်းချီတစ်ခုတည်းပဲ မင်းအတွက် ချန်ထားခဲ့တာ မဟုတ်ဘူးမလား "

ဖန့်ချန်က ပြုံးလျက် ဆိုပါတယ်။

ရွှီရဲရှို့ဟာ နောက်တစ်ကြိမ် တုန်လှုပ်သွားရပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလျှို့ဝှက်ချက်ကို သူ ဘယ်သူ့ကိုမှ မပြောခဲ့ဖူးလို့ပါပဲ။

"ဆရာဖန့်က တကယ့်ကို နတ်ဘုရားအစစ်ပါပဲ"

ရွှီရဲရှို့ဟာ လုံးဝ ဥဿုံ ယုံကြည်သွားပါပြီ။

သူ့ရင်ထဲမှာလည်း လုံးဝ အေးချမ်းသွားခဲ့ပါတယ်။ ဒီဆရာဟာ နတ်ဘုရားတစ်ပါးမှန်း သေချာသွားပြီဆိုရင်တော့ သူ ပူစရာ ဘာမှမရှိတော့ပါဘူး။ ယွီအာဟာ ဒီဘဝမှာ နတ်ဘုရားဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ အနည်းဆုံးတော့ သူ့အိမ်မှာ နတ်ဘုရားတစ်ပါး နေထိုင်နေတာပဲလေ။

ရုတ်တရက်ဆိုသလို သူဟာ ဖန့်ချန်ပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရသွားပြီး တစ်ခုခုကို သေချာမသိသလို ဖြစ်သွားပါတယ်။

"ဆရာဖန့်... ခဏ... ခဏလေး စောင့်ပါဦးဗျာ"

ရွှီရဲရှို့က စကားတွေ ထစ်ငေါ့နေရင်း ချက်ချင်းလှည့်ထွက်သွားပြီး ကိုယ်ခံပညာကို သုံးကာ ရွှီမိသားစု ဘိုးဘေးအိမ်ဆောင်ဆီကို အမြန်ဆုံး အဟုန်နဲ့ ပြေးဝင်သွားပါတယ်။

သူဟာ လျှို့ဝှက်အကန့်တစ်ခုကို ဖွင့်လိုက်ပြီး အထဲကနေ နောက်ထပ် ပုံတူပန်းချီကားတစ်ချပ်ကို ထုတ်ယူလိုက်ပါတယ်။ ပန်းချီကားကို ဖြန့်ကြည့်လိုက်တဲ့အခါမှာတော့ သူဟာ နေရာတင် ကြောင်အသွားရပါတော့တယ်။

ပန်းချီကားထဲက အမျိုးသမီးဟာ သူ့သမီးနဲ့ တစ်ပုံစံတည်း တူနေတာကြောင့်ပါပဲ။

"ဘိုး... ဘိုးဘေး ပြောခဲ့ဖူးတယ်... ဒီပန်းချီထဲက အမျိုးသမီးဟာ အဲဒီတုန်းက နတ်ဘုရားရဲ့ တကယ့်တပည့်... ဒါမှမဟုတ် ပိုပြီး ရင်းနှီးတဲ့သူ ဖြစ်တယ်လို့ ဆိုတယ်... ဒါကြောင့်... ဒါကြောင့်..."

ရွှီသဲရှို့က တစ်ယောက်တည်း ရေရွတ်နေမိပါတယ်။ သူ အရာအားလုံးကို နားလည်သွားပုံရပါတယ်။

နောက်ထပ် နှစ်အနည်းငယ်ကြာတော့ ရွှီရဲရှို့ဟာ သားလေးတစ်ယောက် ထပ်မံထွန်းကားခဲ့ပါတယ်။

ဒီနေ့မှာတော့ ရွှီစံအိမ်ကြီးဟာ အလွန်ပဲ စည်ကားနေပြီး အရပ်ရပ်က အထက်တန်းစားတွေဟာ လာရောက်ဂုဏ်ပြုကြပါတယ်။ ရွှီရဲရှို့ကလည်း အရမ်းပျော်နေပြီး စားသောက်ပွဲမှာ ဝိုင်တွေကို မြိန်ရည်ယှက်ရည် သောက်နေပါတယ်။

ရွှီယွီက ရွှီရဲရှို့ရဲ့ ဘေးမှာထိုင်ရင်း မိခင်ဖြစ်သူရဲ့ ရင်ခွင်ထဲက ကလေးလေးကို ရယ်အောင် စနောက်ပေးနေပါတယ်။ ကလေးလေးကလည်း တခိခိနဲ့ ရယ်နေရှာပါတယ်။

ဒီအချိန်မှာ တခြားစားပွဲတစ်ခုမှာ ထိုင်နေတဲ့ ရုပ်ချောချော လူငယ်လေးတစ်ယောက်ဟာ သတ္တိမွေးပြီး ဒီဘက်ကို ဖြည်းဖြည်းချင်း လျှောက်လာပါတယ်။

"ဝမ်... ဝမ်ရဲ..."

သူက ရွှီရဲရှို့ကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။

"ကျန်းသိုင်းသမားလေးပါလား... အားမနာပါနဲ့။ အခု သိုင်းလောကမှာ မင်းရဲ့နာမည်က တော်တော်ကြီးနေတာပဲ။ အားလုံးက ပြောကြတယ်... မင်းဟာ နောက်ငါးနှစ်အတွင်း မဟာဆရာကြီး အဆင့်ကို တက်လှမ်းနိုင်မယ့်သူတဲ့"

ရွှီရဲရှို့က ရယ်မောရင်း ပြောလိုက်ပါတယ်။

ဘေးပတ်ဝန်းကျင်ကလူတွေဆီကလည်း ထောက်ခံသံတွေ ထွက်ပေါ်လာပါတယ်။ စားသောက်ပွဲကို လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသမီးငယ်လေးတွေကလည်း ဒီကျန်းသိုင်းသမားလေးကို ကြည့်တဲ့အခါ သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ ချစ်မြတ်နိုးမှုနဲ့ ရှက်သွေးဖြာမှုတွေ ပါဝင်နေကြပါတယ်။

ကျန်းသိုင်းသမားလေးဟာ ရွှီယွီကို တစ်ချက်ကြည့်လိုက်ပါတယ်။ ရွှီယွီကတော့ ကလေးလေးကိုပဲ အာရုံစိုက် စနောက်နေပြီး သူ့ကို လှည့်တောင်မကြည့်တာကို မြင်တဲ့အခါ သူဟာ အံကိုတင်းတင်းကြိတ်ပြီး ရွှီရဲရှို့ကို ပြောလိုက်တယ် ။

"ဝမ်ရဲ... ကျွန်တော်... ကျွန်တော် သမီးတော်ကို တောင်းရမ်းချင်ပါတယ်"

"တောင်းရမ်းမယ် ဟုတ်လား"

ရွှီရဲရှို့ ခေတ္တမျှ ကြောင်သွားပြီး ဝမ်မိဖုရားလည်း အံ့သြသွားပါတယ်။ ရွှီယွီကတော့ ကလေးလေးကိုပဲ ဆက်စနောက်နေပြီး ဒီစကားတွေကို မကြားသလိုပါပဲ။

စားသောက်ပွဲတစ်ခုလုံး ခဏလောက် တိတ်ဆိတ်သွားပြီးမှ စည်ကားတဲ့ အသံတွေ ပြန်ထွက်လာပါတယ်။

"ဝမ်ရဲရယ်... ဒါဟာ မင်္ဂလာသတင်းပဲလေ။ တကယ်လို့ ကျန်းသိုင်းသမားလေးက သမီးတော်ကို လက်ထပ်လိုက်ရင် မကြာခင်မှာ ဝမ်စံအိမ်မှာ မဟာဆရာကြီး နှစ်ယောက်တောင် ရှိလာတော့မှာပေါ့ "

တစ်ယောက်က အားရပါးရ ရယ်မောရင်း ပြောပါတယ်။

တချို့ကလည်း ရွှီရဲရှို့ရဲ့ ကံကောင်းမှုကို မနာလိုဖြစ်နေကြတာကို သူတို့စကားတွေထဲမှာ ဖုံးကွယ်လို့ မရနိုင်ပါဘူး။ အားလုံးက ရွှီရဲရှို့ ဒီလက်ထပ်မှုကို သဘောတူလိမ့်မယ်လို့ ထင်ထားကြပေမဲ့၊ သူက ခဏလောက် စဉ်းစားပြီးနောက် တည့်တည့်ပဲ ပြောလိုက်ပါတယ်။

"ကျန်းသိုင်းသမားလေး... သမီးရဲ့ လက်ထပ်ရေးကိစ္စကို ငါကိုယ်တိုင် ဆုံးဖြတ်လို့မရဘူး။ မင်း သူ့ကိုပဲ မေးကြည့်ပါ"

ဆုံးဖြတ်လို့ မရဘူး ဟုတ်လား

ရွှီရဲရှို့ဟာ ရွှီယွီကို ချစ်မှန်း အားလုံးသိကြပေမဲ့ ဒီလောက်အထိ အလိုလိုက်ထားလိမ့်မယ်လို့တော့ မထင်ထားခဲ့ကြပါဘူး။ ကျန်းသိုင်းသမားလေးက ရွှီယွီကို ချက်ချင်းကြည့်လိုက်ပြီး ယုံကြည်ချက်ရှိရှိနဲ့ ပြောလိုက်တယ်။

"ရွှီယွီ သမီးတော်... ကျွန်တော်..."

"လက်ထပ်တာတွေ ဘာတွေက အရမ်းပျင်းဖို့ကောင်းတယ်။ ငါ့မှာ အဲဒီလို အစီအစဉ် မရှိဘူး။ ကျန်းသိုင်းသမားလေး အနေနဲ့ တခြား သင့်တော်တဲ့သူကိုပဲ ရှာလိုက်ပါ"

ရွှီယွီက ခေါင်းတောင်မဖော်ဘဲ ပြောလိုက်ပါတယ်။

စားသောက်ပွဲရဲ့ အငွေ့အသက်တွေဟာ ချက်ချင်းပဲ အေးခဲသွားပါတယ်။ ကျန်းသိုင်းသမားလေးဟာ နေရာတင် ကြောင်အသွားပြီး ထိုင်ရမလို၊ ရပ်ရမလို ဖြစ်နေပါတယ်။ ဒီလောက်အထိ ပြတ်ပြတ်သားသား ငြင်းပယ်ခံရလိမ့်မယ်လို့ မထင်ထားခဲ့ပုံရပါတယ်။

"ဟာ... သွားပြီ ဒီည ဆရာက လသာတာ ကြည့်မယ်လို့ ပြောထားတာပဲ။ အဖေ၊ အမေ... သမီး သွားမှ ဖြစ်တော့မယ် "

ရွှီယွိက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး စားပွဲပေါ်က မုန့်တွေကို အထုတ်ပြင်ကာ အလျင်အမြန်ပဲ ပြေးထွက်သွားပါတော့တယ်။

ကျန်းသိုင်းသမားလေးရဲ့ ပတ်ဝန်းကျင်မှာတော့ သူမရဲ့ ကိုယ်သင်းနံ့လေး သင်းပျံ့ကျန်ရစ်နေဆဲပါ။

ဆရာ

ဘယ်လိုဆရာလဲ

"ကဲ... လာကြ၊ လာကြ၊ အားလုံးပဲ ဆက်ပြီး သောက်ကြစားကြရအောင်"

ရွှီရဲရှို့က ရုတ်တရက် အော်ဟစ်ရယ်မောလိုက်ပြီး အခြေအနေကို ပြန်လည် ထိန်းသိမ်းလိုက်ပါတယ်။

တခြားတစ်ဖက်မှာတော့ ရွှီယွိဟာ မုန့်ထုတ်ကိုကိုင်ပြီး ဖန့်ချန်ကို ရှာတွေ့သွားပါတယ်။ ဝမ်စံအိမ် နောက်ဖေးဥယျာဉ်ထဲက အမြင့်ဆုံး သစ်ပင်ကြီးရဲ့ ထိပ်ဖျားပေါ်မှာ သူတို့နှစ်ဦး အတူတူ လသာတာ ကြည့်နေကြပါတယ်။

"ဆရာ... အဖေက ဆရာ့ကို နတ်ဘုရားလို့ အမြဲပြောနေတာ ဆရာ သိမှာပေါ့နော် "

ရွှီယွီက ဖန့်ချန်ဘက်ကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ်။

"သိတာပေါ့၊ ဝမ်စံအိမ်ထဲက လူကုန်နီးပါးလည်း ကြားဖူးကြမှာပါ"

ဖန့်ချန်က ပြုံးလျက် ဆိုပါတယ်။

"သမီး အရင်ကတော့ မယုံပါဘူး။ ဒါပေမဲ့ အခုတော့ ယုံသွားပြီ။ သမီး ရောက်စတုန်းက ဒီလောက်ပဲ ရှိသေးတယ်၊ ဆရာက ဒီပုံစံအတိုင်းပဲ။ အခု သမီး ဒီလောက်ကြီးလာပြီ၊ ဆရာက ဒီပုံစံအတိုင်းပဲ"

ရွှီယွိက လက်ဟန်ခြေဟန်လေးနဲ့ ပြရင်း သိချင်စိတ်နဲ့ မေးလိုက်ပြန်တယ်။

"ဆရာ... တကယ်လို့ ဆရာက တကယ်ပဲ နတ်ဘုရားဆိုရင် ဘာဖြစ်လို့ ရွှီစံအိမ်မှာ လာနေတာလဲ ဘာဖြစ်လို့ သမီးရဲ့ ဆရာ လာလုပ်ပေးတာလဲ"

"အရင်ဘဝမှာ မင်းနဲ့ ကတိပြုခဲ့လို့လေ"

ဖန့်ချန်က ပြုံးလျက် ဆိုပါတယ်။

"တကယ်လား"

ရွှီယွိဟာ ရုတ်တရက် ပျော်သွားပါတယ်။ ငယ်ငယ်ကတည်းက ဆိုးသွမ်းတတ်တဲ့ သူမဟာ ဘာဖြစ်လို့ ဆရာနဲ့ တွေ့တဲ့အခါမှ စိတ်ငြိမ်သွားရတာလဲဆိုတာကို အခုမှ နားလည်သွားပုံရပါတယ်။

"ရွှီယွီ သမီးတော်... နင်တို့... ဒီမှာ ဘာလုပ်နေကြတာလဲ"

ရုတ်တရက်ဆိုသလို သူတို့နှစ်ဦးရဲ့ နောက်ကနေ ဒေါသအရိပ်အယောင်တွေ ပါဝင်နေတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။

အခန်း (၁၆၈၀) - တစ်သက်တာလုံး တောင်းတခဲ့ရတဲ့အရာ

ကျန်းသိုင်းသမားလေးဟာ အခုချိန်မှာ သစ်ပင်ထိပ်ဖျားပေါ်မှာ ရပ်နေပြီး ရွှီယွိနဲ့ ဖန့်ချန်ကို ဒေါသတကြီး စိုက်ကြည့်နေပါတယ်။

ရွှီယွိလို ဂုဏ်သရေရှိတဲ့ သမီးတော်တစ်ယောက်က တခြားအမျိုးသားတစ်ယောက်နဲ့ ဝမ်စံအိမ်ထဲမှာ ဗြောင်ကျကျ လာပြီး လသာတာကို အတူကြည့်နေလိမ့်မယ်လို့ သူ ဘယ်လိုမှ ထင်မထားခဲ့ပါဘူး။

'ဒါဆို ဒီလူက ဟိုပြောပြောနေကြတဲ့ ဆရာဆိုသူလား'

"ရှင်လား ဒီကို ဘာလာလုပ်တာလဲ"

ရွှီယွီက လှည့်ကြည့်လိုက်ပြီး မျက်နှာက အနည်းငယ် တင်းမာသွားပါတယ်။

"သမီးတော်... ကျွန်တော်က သမီးတော်ရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်လို့ပါ"

ကျန်းသိုင်းသမားလေးက လက်အုပ်ချီပြီး ပြောလိုက်ပါတယ်။

"ငါ့ရဲ့ ဝမ်စံအိမ်ထဲမှာ ငါရှိနေတာ ဘာအန္တရာယ်ရှိမှာလဲ ဒါထက်... ရှင်ပဲ မြန်မြန်ဆင်းသွားစမ်းပါ၊ ငါနဲ့ ဆရာ့ရဲ့ ကြည်နူးစရာ အခိုက်အတန့်ကို လာမနှောင့်ယှက်နဲ့"

ရွှီယွိက အေးအေးစက်စက်ပဲ ပြောလိုက်ပါတယ်။

ကျန်းသိုင်းသမားလေးရဲ့ မျက်နှာဟာ ဒေါသကြောင့် ပြာနှမ်းလိုက်၊ နီမြန်းလိုက် ဖြစ်သွားရပါတယ်။ သူက ဖန့်ချန်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ရင်း

"ဆရာ ဒါက ဘယ်လိုဆရာလဲ သမီးတော်တို့အိမ်မှာ ဆရာတစ်ယောက် ငှားထားတယ်လို့ ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး။ ပြီးတော့ ဆရာဆိုသူက တပည့်နဲ့ ဒီလိုနေရာမျိုးမှာ လာပြီး လသာတာ အတူကြည့်လို့ရလား ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အခုလို နှစ်ယောက်တည်း ရှိနေတာကို တခြားသူတွေ သိသွားရင် သမီးတော်ရဲ့ ဂုဏ်သရေကို ထိခိုက်ကုန်ပါလိမ့်မယ်"

"ရှင်က နည်းနည်းတော့ လွန်နေပြီ"

ရွှီယွီက တစ်ဖက်လူရဲ့ ဆိုလိုရင်းကို နားလည်သွားပုံရပြီး တည်ငြိမ်စွာပဲ ဆိုလိုက်တယ်။

"မနာလိုစိတ်က ရှင့်ရဲ့ အသိဉာဏ်ကို ကွယ်စေလိမ့်မယ်။ အခုချက်ချင်းပဲ လှည့်ပြန်သွားဖို့ ငါအကြံပေးချင်တယ်။ ဒီနေ့ဖြစ်ခဲ့တာတွေကို ငါ ဘာမှမဖြစ်ခဲ့သလို သဘောထားပေးမယ်"

"ပြန်သွားရမယ်"

ကျန်းသိုင်းသမားလေးဟာ ရွှီယွီက သူ့ကို ဒီလိုဆက်ဆံလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ သူ့ရင်ထဲက ပြင်းပြတဲ့ ချစ်မြတ်နိုးမှုတွေဟာ ရုတ်တရက်ဆိုသလို အသွင်ပြောင်းသွားပါတယ်။

သူက အေးစက်စွာ ပြောလိုက်တယ်

"အခု ကျွန်တော်သာ အသံကုန်အော်လိုက်လို့ ဝမ်ရဲက သမီးတော်နဲ့ ဒီဆရာဆိုသူတို့ ဒီမှာ လသာတာ ကြည့်နေတာကို တွေ့သွားရင် ဘယ်လောက်တောင် ဒေါသထွက်သွားမလဲဆိုတာ သိချင်မိသား"

"ငါ အခုလေးတင် အပြင်ထွက်လာတုန်းက အဖေနဲ့အမေကို ပြောခဲ့သားပဲ"

ရွှီယွီက အံ့သြသလို မေးလိုက်ပါတယ်။

ကျန်းသိုင်းသမားလေး ခေတ္တမျှ ဆွံ့အသွားရပါတယ်။ သူလည်း ဒီအချက်ကို သတိရသွားပုံရပြီး စကားထစ်သွားပေမဲ့ ချက်ချင်းပဲ စကားလမ်းကြောင်း လွှဲလိုက်တယ်။

"ဒီနေ့ ဝမ်စံအိမ်ထဲမှာ ဧည့်သည်တော်တွေ အများကြီး ရှိနေတာလေ။ သူတို့သာ မြင်သွားရင် မနက်ဖြန် မြို့ထဲမှာ ဘယ်လိုသတင်းတွေ ပြန့်သွားမလဲဆိုတာ စဉ်းစားကြည့်ပါဦး"

"အော်... ရှင်က ခြိမ်းခြောက်နေတာပေါ့။ ဒါဆိုလည်း အော်လိုက်လေ"

ရွှီယွီက အေးအေးဆေးဆေးပါပဲ။

"သမီးတော်... ကျွန်တော့်ကို အကျပ်မကိုင်ပါနဲ့"

ကျန်းသိုင်းသမားလေးရဲ့ မျက်နှာက ပိုပြီး မှောင်မှောင်မှိုင်းမှိုင်း ဖြစ်လာပါတယ်။

"မြန်မြန်အော်စမ်းပါ၊ မနက်ဖြန် မြို့ထဲမှာ ဘယ်လိုပုံပြင်တွေ ထွက်လာမလဲဆိုတာ ငါလည်း အရမ်းကြည့်ချင်နေတာ။ ဘာပဲဖြစ်ဖြစ် ငါက ဒီဘဝမှာ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိဘူးလေ၊ ငါ့အတွက် ဘာအနှောင့်အယှက် ရှိမှာလဲ "

ရွှီယွီက ရယ်မောရင်း ပြောလိုက်ပါတယ်။

ဒီစကားက ကျန်းသိုင်းသမားလေးရဲ့ ရင်ထဲက မနာလိုမီးကို အောင်မြင်စွာပဲ လောင်မြိုက်စေခဲ့ပြီး သူ့ရဲ့ ဆင်ခြင်တုံတရားတွေကို ပြာကျစေခဲ့ပါတယ်။

နောက်တစ်ခဏမှာတော့ ဝမ်စံအိမ် အတွင်းအပြင် တစ်ခုလုံးမှာ စူးရှတဲ့ အော်သံကြီးကို လူတိုင်း ကြားလိုက်ကြရပါတယ်။

မရေမတွက်နိုင်တဲ့ အစောင့်အကြပ်တွေ စုရုံးရောက်ရှိလာသလို၊ ရွှီရဲရှို့တို့ ဇနီးမောင်နှံလည်း ဧည့်ခန်းထဲကနေ ထွက်လာကြပါတယ်။ သစ်ပင်ထိပ်ဖျားက မြင်ကွင်းကို မြင်လိုက်ရတဲ့အခါ သူတို့ရဲ့ အမူအရာတွေက ထူးဆန်းသွားကြပါတယ်။

"ဟိုဟာ ကျန်းသိုင်းသမားလေး မဟုတ်လား"

"သမီးတော်လည်း ပါတယ်၊ နောက်တစ်ယောက်ကတော့..."

တချို့က ရွှီရဲရှို့ကို လှမ်းကြည့်ကြပါတယ်။ သူ့မျက်နှာပေါ်ကနေ တစ်ခုခုကို အရိပ်အကဲ သိချင်နေကြတာပါ။

"ဝမ်ရဲ... ခင်ဗျားရဲ့ သမီးတော်က သူ့ရဲ့ဆရာနဲ့ ဒီမှာ လသာတာ ကြည့်နေတာဗျ။ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အခုလိုနေတာဟာ သိက္ခာပိုင်းအရ မသင့်တော်ဘူးလို့ ထင်ပါတယ်"

ကျန်းသိုင်းသမားလေးက အမြင့်ကနေ ရွှီရဲရှို့ကို လက်အုပ်ချီရင်း လှမ်းပြောလိုက်ပါတယ်။

ဒီစကားကြားတော့ လူအုပ်ကြားမှာ တိုးတိုးတိုးတိုး ပြောသံတွေ ဆူညံသွားပါတယ်။ ရွှီရဲရှို့က မျက်မှောင်ကြုတ်လိုက်ပြီးမှ ရုတ်တရက် ပြုံးလိုက်တယ်။

"ကျန်းသိုင်းသမားလေးက တကယ်ကို စိတ်ရင်းကောင်းတာပဲ။ အရင်ဆုံး အောက်ကို ဆင်းလာခဲ့ပါဦး၊ ဒီကိစ္စကို ငါကိုယ်တိုင်ပဲ ကိုင်တွယ်ပါ့မယ်"

"ဟုတ်ကဲ့"

ကျန်းသိုင်းသမားလေးဟာ ဝမ်းသာသွားပြီး အမြင့်ကနေ ပေါ့ပေါ့ပါးပါးလေး ခုန်ဆင်းလာပါတယ်။ တခြားအမျိုးသမီးငယ်လေးတွေက ဒါကိုမြင်တော့ ပိုပြီး ချစ်မြတ်နိုးသွားကြပြန်ပါတယ်။

ကျန်းသိုင်းသမားလေးဟာ ရွှီရဲရှို့ရဲ့ ရှေ့တည့်တည့်မှာ လာရပ်ပါတယ်။ သူ စကားစပြောဖို့ ပြင်လိုက်စဉ်မှာပဲ ရွှီရဲရှို့က သူ့ရဲ့ ဦးခေါင်းထိပ် ကို လက်ဝါးနဲ့ ပြင်းထန်စွာ ရိုက်ချလိုက်ပါတော့တယ်။

ဖူး

သွေးတွေဟာ သူ့ရဲ့ ဒွါရခုနစ်ပေါက်ကနေ ပန်းထွက်လာပါတယ်။

"ဘာ... ဘာဖြစ်လို့လဲ..."

ကျန်းသိုင်းသမားလေးရဲ့ မျက်လုံးတွေက ပြူးကျယ်နေပြီး ရွှီရဲရှို့ကို စိုက်ကြည့်နေပါတယ်။ သူ့မျက်ဝန်းထဲမှာ ဝေခွဲမရခြင်း၊ သံသယဖြစ်ခြင်း၊ မကျေနပ်ခြင်းနဲ့ မေးခွန်းထုတ်ခြင်းတွေ ပြည့်နှက်နေရင်း... ချက်ချင်းပဲ အသက်ပျောက်သွားပါတော့တယ်။

ပတ်ဝန်းကျင်တစ်ခုလုံး သချိုင်းတစပြင်လို တိတ်ဆိတ်သွားပါတယ်။

ရွှီရဲရှို့က အစေခံတွေကို လှမ်းပြောလိုက်တယ်

"အပြင်ကို ထုတ်ပြီး ခွေးကျွေးလိုက်"

ကျန်းသိုင်းသမားလေးရဲ့ အလောင်းဟာ ခဏချင်းမှာပဲ အပြင်ကို ပါသွားပါတယ်။

"ယွီအာ... ဆရာနဲ့ လသာတာကြည့်နေတာကို အဖေတို့ မနှောင့်ယှက်တော့ဘူးနော်"

ရွှီရဲရှို့က သစ်ပင်ထိပ်ကို လှမ်းပြီး လက်ဝေ့ယမ်းပြလိုက်ပါတယ်။ အဲဒီနောက် ဧည့်သည်တွေကို စားသောက်ပွဲထဲ ပြန်ဝင်ဖို့ စိတ်အားထက်သန်စွာပဲ ဖိတ်ကြားလိုက်ပါတယ်။

ဒီနေ့ပြီးတဲ့နောက်မှာတော့ မြို့ထဲမှာ ကောလာဟလ ပေါင်းစုံ ပျံ့နှံ့သွားပါတော့တယ်။

အချိန်တွေက တစ်ရွေ့ရွေ့ ကုန်လွန်သွားခဲ့ပါတယ်။

"ဆရာ... ဒီနှလုံးသားကျင့်စဉ်ကို နည်းနည်း နားမလည်လို့ပါ..."

ရုပ်ချောချော လူငယ်လေးတစ်ယောက်ဟာ ဖန့်ချန်ရဲ့ရှေ့မှာ ရိုရိုသေသေ ရပ်နေပါတယ်။

ဖန့်ချန်က သူ့ရဲ့ သံသယတွေကို ရှင်းပြပေးပြီးတဲ့နောက်မှာတော့ လူငယ်လေးရဲ့ မျက်နှာမှာ ဝမ်းသာရိပ်တွေ ပေါ်လာပါတယ်။

"ကျေးဇူးတင်ပါတယ် ဆရာ"

လူငယ်လေးက အလျင်အမြန် ဦးညွှတ်နှုတ်ဆက်ပြီးနောက် မလှမ်းမကမ်းမှာရှိတဲ့ ရွှီယွီကို ကြည့်လိုက်ရာ သူ့မျက်ဝန်းထဲမှာ ကြောက်ရွံ့ရိပ်တွေ ပါဝင်နေတယ်။

"အစ်မ... ကျွန်တော် အရင်သွားပြီနော်"

"သွားလေ"

အခုချိန်မှာ ရွှီယွီဟာ အသက်သုံးဆယ်ကျော် အရွယ် ရှိနေပါပြီ။ သူမက ပြုံးလျက် ခေါင်းညိတ်လိုက်ပါတယ်။

လူငယ်လေး ထွက်သွားတော့မှ သူမက သက်ပြင်းချရင်း

"မောင်လေးရဲ့ ကိုယ်ခံပညာ အဆင့်အတန်းက အဖေ့ရဲ့ အထွတ်အထိပ် အချိန်တုန်းကထက်တောင် ကျော်လွန်သွားပုံရတယ်"

ခဏလောက် တိတ်သွားပြီးမှ သူမက ဖန့်ချန်ကို ကြည့်ကာ

"ဆရာ... ဘာလို့ သူ့ကိုကျတော့ သင်ပေးပြီး သမီးကိုကျတော့ မသင်ပေးတာလဲ "

"နားနားနေနေ နေရတာ မကောင်းဘူးလား အခု တုန်းရှန့်နိုင်ငံက အေးချမ်းသာယာနေတာပဲ၊ ကိုယ်ခံပညာ သင်လည်း ဘာမှ အသုံးမဝင်ပါဘူး"

ဖန့်ချန်က ပြုံးလျက် ဆိုတယ်

"ကိုယ်ခံပညာ မသင်မှသာ မတူညီတဲ့ ရှုခင်းတွေကို မင်း မြင်တွေ့နိုင်မှာ"

"မတူညီတဲ့ ရှုခင်းတွေလား..."

အဲဒီနှစ်မှာပဲ သူတို့နှစ်ဦး ခရီးထွက်ခဲ့ကြပါတယ်။

တစ်ခါထွက်သွားတာ နှစ်ပေါင်းနှစ်ဆယ်တောင် ကြာခဲ့ပါတယ်။

သူတို့နှစ်ဦး ရွှီစံအိမ်ကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ရွှီရဲရှို့ရဲ့ သက်တမ်းဟာ ကုန်ဆုံးလုနီးပါး ဖြစ်နေပါပြီ။ တစ်ချိန်က လူငယ်လေးဟာလည်း ရင့်ကျက်တဲ့ လူကြီးတစ်ယောက် ဖြစ်နေပါပြီ။

သူက သူတို့နှစ်ဦးကို ဖခင်ဖြစ်သူရဲ့ ခုတင်ဘေးဆီကို ရိုသေစွာ ခေါ်ဆောင်လာပါတယ်။

"ဆ... ဆရာ"

ရွှီရဲရှို့က လက်ကိုဆန့်ပြီး ဖန့်ချန်ကို ဖမ်းဆွဲဖို့ ကြိုးစားပေမဲ့ အားမရှိတော့တာကြောင့် ခုတင်ပေါ်ကိုပဲ ပြန်ကျသွားပါတယ်။

"အဖေ... သမီး ပြန်လာပြီ"

ရွှီယွိက ခုတင်နားကို တိုးသွားပြီး တိုးတိုးလေး ပြောလိုက်ပါတယ်။

"ပြန်လာတာ ကောင်းတာပေါ့... ကောင်းတာပေါ့... အဖေတော့ သံသရာထဲကို အရင်သွားရတော့မယ် ထင်တယ်..."

ရွှီရဲရှို့က ပြုံးလျက် ခေါင်းညိတ်ပြပါတယ်။ အဲဒီနောက် မကျေမနပ်ဖြစ်နေတဲ့ ပုံစံနဲ့ ဖန့်ချန်ကို ကြည့်ကာ

"ဆရာ... မ... မသေမျိုး အသက်ရှည်နည်းများ ရှိပါသလား "

ဖန့်ချန်က ပြုံးလျက် ခေါင်းကို အသာအယာ ခါယမ်းပြလိုက်ပါတယ်။

ရွှီရဲရှို့က သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပါတော့တယ်။ အသက်ရှူသံတွေလည်း ရပ်တန့်သွားခဲ့ပါပြီ။

ရွှီရဲရှို့နဲ့ ခုနစ်ပုံ ရှစ်ပုံလောက် တူတဲ့ ရွှီယွီရဲ့မောင်လေးက သက်ပြင်းချရင်း

"အဖေက နောက်ဆုံးထွက်သက်ကို အားတင်းပြီး စောင့်နေတာ... ဆရာ့ကို ဒီမေးခွန်း မေးချင်လို့ပါ"

ရွှီယွီက ရွှီရဲရှို့ရဲ့ ရုပ်အလောင်းကို ကြည့်ပြီး တိုးတိုးလေး ဆိုလိုက်တယ်။

"သေခြင်းတရားဆိုတာ အဆုံးသတ် မဟုတ်ဘူး။ အဖေက လူပြန်ဝင်စားဖို့ သွားပြီပဲ၊ မောင်လေးလည်း အရမ်း စိတ်မကောင်းမဖြစ်နဲ့"

ရွှီယွီရဲ့ မောင်လေးက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ဆရာကတော့ အရင်အတိုင်းပဲ နုပျိုနေဆဲ၊ အိုမင်းသွားတဲ့ အရိပ်အယောင် လုံးဝ မရှိတာကြောင့် အစ်မဖြစ်သူရဲ့ စကားကို သူလည်း လက်ခံလိုက်ပါတယ်။

ရွှီရဲရှို့ရဲ့ ဈာပနကို ခမ်းခမ်းနားနား ကျင်းပပေးခဲ့ပါတယ်။

ဈာပနပြီးတဲ့နောက် ဖန့်ချန်နဲ့ ရွှီယွီတို့ဟာ ရွှီစံအိမ်ကနေ ဘယ်တော့မှ ထပ်မထွက်တော့ပါဘူး။

ရွှီယွီရဲ့ တူတော်မောင်တွေ၊ တူမတော်တွေဟာ သူတို့နှစ်ဦးဆီကို ခဏခဏ လာလည်ကြပြီး စကားပြောကြပါတယ်။ တစ်ခါတလေကျရင် ဖန့်ချန်က နတ်ဘုရားလားလို့ မေးတတ်ကြပါသေးတယ်။ သူတို့တွေ အရွယ်ရောက်လာပြီး အသက်သုံးဆယ်ကျော်တဲ့အထိ မေးနေကြတုန်းဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း မမေးကြတော့ပါဘူး။

ရွှီယွီဟာ ဒီဘဝမှာ သူမ အိုမင်းသွားတာကို အေးအေးဆေးဆေးပဲ လက်ခံခဲ့ပါတယ်။ သူမကိုယ်သူမ ဒီဘဝမှာ လူသားတစ်ယောက်လို့ပဲ သတ်မှတ်ထားတာကြောင့် လူသားဆိုတာ အိုရမှာပဲလို့ သူမ ယူဆထားပါတယ်။

တစ်ခုတည်းသော စိတ်ထဲ မတင်မကျ ဖြစ်တာကတော့ ဆရာက အခုထိ အရမ်း နုပျိုနေဆဲ ဖြစ်နေတာပါပဲ။

ဝမ်စံအိမ် ဥယျာဉ်ထဲက ဇရပ်လေးထဲမှာ ရွှီယွီဟာ ဖန့်ချန်ရဲ့ ဘေးမှာ ထိုင်နေပါတယ်။ သူမရဲ့ ခေါင်းလေးကို ဖန့်ချန်ရဲ့ ပုခုံးပေါ်မှာ အသာအယာ မှီထားရင်း နေဝင်သွားတာကို ကြည့်နေကြပါတယ်။

"ဆရာ... အရင်ဘဝရဲ့ အရင်ဘဝတုန်းက သမီးက ဘယ်လိုပုံစံမျိုးလဲ "

"ငယ်ငယ်တုန်းက စကားနားထောင်တယ်၊ အသက်ကြီးလာတော့ ခေါင်းမာတယ်"

"ဒါဆို ဆရာ့ကို အတော်လေး စိတ်ဒုက္ခပေးခဲ့မှာပဲနော် "

"သိပ်ပြီးတော့တော့ မဟုတ်ပါဘူး... မင်း ပင်ပန်းနေရင် မျက်လုံးမှိတ်ပြီး နားလိုက်ပါဦး"

ဖန့်ချန်က ရွှီယွီကို ငုံ့ကြည့်လိုက်ပါတယ်။ သူမရဲ့ သက်တမ်းဟာ ကုန်ဆုံးသွားခဲ့ပါပြီ။

ရွှီယွီက မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်ရင်း တိုးတိုးလေး ရေရွတ်နေပါတယ်။ အသံက အရမ်းသေးငယ်လွန်းတာကြောင့် အနားကို ကပ်နားထောင်မှပဲ ကြားနိုင်ပါတော့တယ်။

သူမ ပြောသွားတာကတော့

"တစ်သက်တာလုံး တောင်းတခဲ့ရတဲ့အရာက... ချစ်ရတဲ့သူနဲ့ အတူရှိနေဖို့ပါပဲ..."

"ဆရာက သမီးရဲ့ ချစ်ရတဲ့သူပါ..."

All Chapters