← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

85

ယုံမြစ်ဆရာအတတ်သင် တက္ကသိုလ်တွင် ကျိုးရှူးရှန့်၏ဖုန်းမှ အထူးအကြောင်းကြားစာ အသံတစ်ခု မြည်လာသည်။ မျက်နှာတွင် ပေါင်းတင်ဆေး ကပ်လျက် လှဲလျောင်းနေသော ကျိုးရှူးရှန့်သည် ကုတင်ပေါ်မှ လူးလဲ ထထိုင်လိုက်၏။ ၎င်းမှာ သူမ အနှစ်သက်ဆုံး အနုပညာရှင် လီထျန်းယီအတွက် သီးသန့်ပေးထားသော အချက်ပေးသံ ဖြစ်သည်။ သူမ၏ ကိုကို သည် weibo ပေါ်တွင် တစ်ခုခု တင်လိုက်ပြီမှာ သေချာသည်။ ကျိုးရှူးရှန့်သည် အသေးစိတ်ကို နှိပ်ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်တော့၏။

"ဝါး၊ ကောကောက ဓာတ်ပုံ (၉) ပုံတောင် တင်ထားတာပဲ၊ Selfie (၉) ပုံ အပြည့်ပဲ"

ကျိုးရှူးရှန့်သည် သဘောတကျရယ်မောရင်း ဓာတ်ပုံတစ်ပုံချင်းစီကို သေသေချာချာ စစ်ဆေးကြည့်ရှုနေရာ သူမပါးစပ်မှာ နားရွက်ချိတ်မတတ်ပြုံးဖြဲနေတော့သည်။ မျက်နှာပေါ်မှ ပေါင်းတင်ကပ်ခွာမှာလည်း ပြုတ်ကျလုနီးပါး ဖြစ်နေ၏။ သူမကောကောမှာ ဘယ်လိုဖြစ်ပြီး ဤမျှလောက်အထိ ခန့်ညားကြည့်ကောင်းကာ ဆွဲဆောင်မှု ရှိနေရသနည်း။ ကျိုးရှူးရှန့်သည် ပထမဆုံး မှတ်ချက်ကို ပျော်ရွှင်စွာဖြင့် ရယူချင်သော်လည်း ရှေ့တန်းနေရာများကို ပရိသတ်အသင်းနှင့် အမာခံပရိသတ်ကြီးများမှ နေရာဦးထားနှင့်ပြီ ဖြစ်ကြောင်းတွေ့လိုက်ရသည်။

"လီထျန်းယီပရိသတ်အသင်း - ယီယီလေးက ဒီနေ့လည်း အမြဲလိုလို တောက်ပနေတုန်းပဲ တောင်ပံလေးတွေက အမြဲတမ်းကောကောနောက်က လိုက်နေမှာဖြစ်သလို ကိုကိုနဲ့အတူ လမင်းကို ငေးကြည့်နေမှာပါ "

"ဝေအိုက်ယီ - ကျွန်မကုန်တိုက်ကို ရောက်နေပြီ၊ မကြာခင်ကောကောကို တွေ့ရတော့မယ်၊ ပျော်ရွှင်စရာ အားလပ်ရက်ဖြစ်ပါစေ ကိုကို "

"လီထျန်းယီ တောက်ပခြင်း - လောင်ကျွမ်းခြင်းဝိညာဉ်မှတ်တမ်း ကို လက်ရှိ ထုတ်လွှင့်နေပါပြီ ဒီည (၈) နာရီမှာ နတ်ဘုရားမင်းသား ချင်းရန်နဲ့အတူ လမုန့်စားကြရအောင်"

"လီထျန်းယီ၏ ဇနီး - လီထျန်းယီ ဘေဘီက မကြာသေးခင်က အရမ်းပိန်သွားတယ်၊ အများကြီးစားနော်၊ မေမေက သားကို ချစ်တယ်နော် "

ကျိုးရှူးရှန့်၏ "ကောကောက အရမ်းခန့်တာပဲ၊ အား အားအား"

မှတ်ချက်များစွာမှာ မရေမတွက်နိုင်သော မှတ်ချက်များကြားတွင် လျင်မြန်စွာ နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။ ကျိုးရှူးရှန့်သည် လူကြိုက်များသော မှတ်ချက်တစ်ခုမှ မရလိုက်သဖြင့် စိတ်တိုနေသော်လည်း တစ်ဖက်တွင်မူ သူမကောကောမှာ ဤမျှအထိ လူကြိုက်များနေသဖြင့် ဂုဏ်ယူနေမိ၏။ သူမကောကောမှာ အမှန်တကယ်ပင် နာမည်ကြီးလွန်းလှသည်။ လီထျန်းယီမှာ weibo ပေါ်တွင်ပို့စ်တင်ပြီးနောက် ပရိသတ်များမှမှတ်ချက်များကို ထိန်းညှိပေးနေကြသလို၊ မဖိတ်ခေါ်ဘဲ ရောက်လာတတ်သည့် မနာလိုသူများလည်း အလိုလိုရောက်ရှိလာကြသည်။

"VCe - အတုအယောင်ကြီးပဲ၊ အနုပညာလောကမှာ နောက်ထပ် ဟန်ဆောင်ကောင်းတဲ့သူတစ်ယောက် ရှိနေတာ အတည်ပြုလိုက်ပြီ၊ ဓာတ်ပုံတွေကို လွန်လွန်မင်းမင်းပြင်ထားပြီးတော့မှ အစားအသောက် ဝါသနာရှင်ပါဆိုပြီး ပြောနေသေးတယ်၊ တကယ်ရွံစရာကောင်းလိုက်တာ၊ မျောက်တစ်ကောင်လို ပိန်လှီနေတာကိုကြည့်ဦး၊ ဒါတောင် လမုန့်စားပြနေသေးတယ် အော့"

"စစ်နတ်ဘုရားတံတိုင်း - ယောကျ်ားလည်းမဟုတ် မိန်းမလည်းမဟုတ်တဲ့ဟာ၊ ငါ့လက်သီးတစ်ချက်တည်းနဲ့ နင်တို့လိုကောင် နှစ်ယောက်ကို ထိုးပစ်လို့ရတယ်နော်"

"ရူးသွပ်နေတဲ့ လုလု - ရုပ်ဆိုးလိုက်တဲ့ကောင် လမုန့်ထဲကို ဆီထပ်ထည့်နေဖို့မလိုပါဘူး၊ နင်ကိုယ်ပေါ်က ဆီတွေကို ခြစ်ယူလိုက်ရင်ကို လုံလောက်နေပြီ"

လီထျန်းယီတွင် လက်ရှိလူကြိုက်များနေသော ရှန်းရှဇာတ်လမ်းတွဲတစ်ခုရှိနေပြီး ဝေဖန်မှုကောင်းများဖြင့် အရှိန်အဟုန်မြင့်တက်နေရာ ၎င်းမှာသူနှင့်ပြိုင်ဘက်ဖြစ်သော အနုပညာရှင်များ၏ ပရိသတ်များကို အနှောင့်အယှက်ဖြစ်စေသဖြင့် လီထျန်းယီအပေါ် မကောင်းသတင်းများ စတင်ဖြန့်ဝေလာကြခြင်းဖြစ်သည်။ မှတ်ချက်ပေးသည့်နေရာတွင် ပရိသတ်နှင့်မနာလိုသူတို့စစ်ပွဲမှာ ပိုမိုပြင်းထန်လာ၏။ လီထျန်းယီမှာမူ ကုန်တိုက်ရှိစင်မြင့်ပေါ်သို့ တက်ရောက်သွားပြီဖြစ်ကာ တင်ဆက်သူနှင့်စကားပြောနေသဖြင့် မှတ်ချက်များကို မမြင်နိုင်ပေ။ စင်အောက်ရှိ ကျူလီမှာမူ အွန်လိုင်းပေါ်ရှိ အခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပြီး လီထျန်းယီ၏မှတ်ချက်ပေးသည့်နေရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်မိသွား၏။

လီထျန်းယီသည် ရိုက်ကူးရေးအတွက် မကြာသေးခင်က ဝိတ်အတော်လေး ချထားသည်မှာ အမှန်ပင်။ ဝေဖန်သူ အများအပြားမှာ ထိုအချက်ကိုကိုင်စွဲကာ လီထျန်းယီကို အရိုးစုဟုခေါ်ဝေါ်ပြီး၊ သူ၏အစားရှောင်ခြင်းမှာ ဆယ်ကျော်သက်များအပေါ်မကောင်းသော သက်ရောက်မှုရှိသည်ဟု လိုက်လံပြောဆိုနေကြသည်။ ကျူလီသည် စင်အောက်ရှိ မိတ်ကပ်အိတ်ကို ကိုင်ထားသော အစ်မစန်းထံသို့ လျှောက်သွားလိုက်၏။

"အစ်မစန်း၊ စောစောက ကျွန်တော် ဓာတ်ပုံရိုက်နေတုန်းက အစ်မဗီဒီယိုရိုက်ထားသေးလား ကျွန်တော့်ကိုပို့ပေးပါဦး"

အစ်မစန်းသည် သူမရိုက်ထားသော ဗီဒီယိုကို လျင်မြန်စွာရှာတွေ့သွားသည်။ ကျူလီသည် ဓာတ်ပုံရိုက်စဉ်က မီးအလင်းအမှောင်များကို ဖွင့်ထားပေးခဲ့သလို၊ သူမကိုယ်တိုင်လည်း လီထျန်းယီကို မိတ်ကပ်ပြင်ပေးထားခဲ့သည်။ ထို့ပြင် ဗီဒီယိုမှာလှုပ်ရှားနေသဖြင့် မပြင်မဆင်ထားသော်လည်း လီထျန်းယီ၏ခန့်ညားမှုကို အနည်းငယ်မျှ လျော့နည်းသွားစေခြင်း မရှိပေ။

ကျူလီသည် လီထျန်းယီ၏အကောင့်ထဲသို့ဝင်လိုက်ပြီး လီထျန်းယီ စင်ပေါ်မှဆင်း၍ အနားယူနေချိန်တွင် ဗီဒီယိုတစ်ခုကို အမြန်တင်လိုက်သည်။ ကျူလီသည် ဗီဒီယိုကို အနည်းငယ်တည်းဖြတ်လိုက်သော်လည်း အစ်မစန်း၏တုန်ယင်နေသော လက်ကြောင့်ဖြစ်ပေါ်လာသည့် ကင်မရာအနည်းငယ် လှုပ်ခါမှုကို တမင်တကာချန်ထားခဲ့၏။ ဤသေးငယ်သော အချက်အလက်လေးအရ ဗီဒီယိုကို ပိုမိုစစ်မှန်ကာ ပေါ့ပေါ့ပါးပါး ဖြစ်စေပြီး ဟန်ဆောင်ရိုက်ထားသည့် ခံစားချက်ကို လျော့နည်းစေသည်။ အစ်မစန်းရိုက်ထားသော ဗီဒီယိုတွင် လီထျန်းယီသည် ကင်မရာကိုကြည့်မနေဘဲ လမုန့်ကို အလွန်အရသာရှိရှိစားနေသည်။ တစ်ကိုက်၊ နှစ်ကိုက်၊ သုံးကိုက်၊ တတိယအကိုက်တွင် လီထျန်းယီသည် လမုန့်မှာကုန်သွားပြီဖြစ်ကြောင်း သတိပြုမိသွား၏။ သူ၏ကြောင်အမ်းအမ်းဖြစ်သွားသော အမူအရာမှာ ခန့်ညားမှုအနည်းငယ် လျော့သွားသော်လည်း ချစ်စရာကောင်းမှုကို ပိုတိုးစေသည်။

ကျူလီမှာ ထိုဗီဒီယိုတွင်စာသားထည့်လိုက်သည်။

လီထျန်းယီ - လမုန့်တွေက တကယ်ပဲ အရသာရှိလိုက်တာ

သူတို့အိုင်ဒေါမှ ပြန်လည်တုံ့ပြန်လိုက်သည်နှင့် ပရိသတ်များ၏တိုက်ခိုက်နိုင်စွမ်းမှာ ချက်ချင်းဆိုသလို အရှိန်အဟုန် မြင့်တက်သွားတော့သည်။

"ဝေအိုက်ယီ - အို ဘုရားရေ၊ ကျွန်မ ရင်ကွဲတော့မှာပဲ၊ ကောကောက စင်ပေါ်မှာ အဲဒီလောက်ကြိုးစားနေတာ၊ စင်ပေါ်က ဆင်းလာရင် ကျွန်မတို့ရဲ့ မှတ်ချက်တွေကို မြင်ချင်မှာပဲ၊ ဒါပေမဲ့ မနာလိုသူတွေကြောင့် သူစိတ်တိုသွားပြီး ကိုယ့်ကိုကိုယ်သက်သေပြဖို့ ဗီဒီယို တင်လိုက်တာဖြစ်ရမယ်၊ မနာလိုတဲ့သူတွေ သေသင့်တယ် "

"လီထျန်းယီရဲ့ဇနီး - မနာလိုတဲ့သူတွေ မျက်လုံးကိုပြူးပြီး သေသေချာချာ ကြည့်စမ်း၊ ငါတို့ကောကောရဲ့ ဗီဒီယိုက ဓာတ်ပုံတွေထက် အများကြီးပိုကြည့်ကောင်းတယ်၊ သုံးကိုက်တည်းနဲ့ ကုန်အောင်စားနေတာတောင် ဟန်ဆောင်တယ်လို့ပြောဦးမှာလား တစ်ကိုက်တည်းနဲ့ တစ်လုံးလုံးကုန်အောင် စားပြရမှာလား "

"လီထျန်းယီရဲ့တောက်ပခြင်း - ဟဲဟဲ ဘယ်ကနာမည်မရှိတဲ့လူတွေများလာပြီး နာမည်ကြီးချင်နေတာလဲ၊ နာမည်ကြီးဖို့အတွက် လာမကပ်နဲ့၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား နာမည်ကြီးလာမှာ မဟုတ်ဘူး"

လီထျန်းယီ၏ပရိသတ်များသည် ဒီတစ်ကြိမ်တွင် မှတ်ချက်များကို အခိုင်အမာ ထိန်းချုပ်ထားနိုင်ခဲ့ပြီး မနာလိုသူများ လှုပ်ရှားရန် နေရာမပေးတော့ပေ။ မနာလိုသူများကို မောင်းထုတ်ပြီးနောက် ပရိသတ်များသည်လည်း သူတို့ကောကောကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် လမုန့်စားနေသော သူတို့ဓာတ်ပုံများကို စုပေါင်းတင်ကြတော့သည်။

ကျိုးရှူးရှန့်သည်လည်း မှတ်ချက်ပေးသည့်နေရာတွင် လီထျန်းယီ၏ပိုစတာနှင့် လမုန့်ပုံများကို တင်လိုက်ပြီးနောက် မျက်နှာပေါ်မှ ပေါင်းတင်ကပ်ခွာကိုအမြန်သွားဆေးချလိုက်သည်။ ပေါင်းတင်ကပ်ခွာရှိအစိုဓာတ်မှာ ခြောက်လုနီးပါး ဖြစ်နေပြီဖြစ်၏။ ကျိုးရှူးရှန့် မျက်နှာသစ်ပြီး ပြန်လာသောအခါ သူမဖုန်းမှာ မရပ်မနားမြည်နေသည်ကို တွေ့လိုက်ရသည်။

"ဝေအိုက်ယီ - ဝါး ညီမလေး၊ ညီမလေးရဲ့လမုန့်က ကိုကို့ရဲ့လမုန့်နဲ့ အတူတူပဲနော်၊ ဘယ်မှာဝယ်တာလဲ၊ အွန်လိုင်းက ဆိုင်တော်တော်များများမှာ ရှာကြည့်တာ ဒီလိုကြာဖက်ပုံစံလမုန့်ကို မတွေ့မိဘူး။"

"လီထျန်းယီရဲ့ဇနီး - ညီမလေး၊ ကျေးဇူးပြုပြီး Link လေး မျှဝေပေးပါဦး၊ ကောကောနဲ့ တူတာလေး ဝယ်ချင်လို့ပါ၊ လမုန့်က အရသာရှိရဲ့လားဟင် "

ကျိုးရှူးရှန့် ကြောင်အမ်းသွားပြီး သူမလမုန့်ကို အမြန်လှမ်းကြည့်လိုက်သည်။ စောစောက သူမသတိမထားမိခဲ့ပေ။ ထုပ်ပိုးမှုမှာ အနည်းငယ်ကွာခြားသော်လည်း ပုံစံမှာအတူတူပင်ဖြစ်ကာ လမုန့်များမှာလည်း ထပ်တူကျ‌နေ၏။ အမာခံပရိသတ်ကြီးတစ်ဦး၏ ပြန်လည်ဖြေကြားမှုကိုခံရသဖြင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လျက် ကျိုးရှူးရှန့် ချက်ချင်းပြန်ဖြေလိုက်၏။

"ဝူးဝူး အစ်မတို့ရေ၊ ဒီလမုန့်ကို ဒီဘက်ကနာမည်ကြီးဆိုင်တစ်ဆိုင်မှာ ဝယ်ခဲ့တာပါ၊ အွန်လိုင်းမှာတော့ ရမှာမဟုတ်ဘူး ထင်တယ်

ဟဲယဲ့တည်းခိုခန်း လိပ်စာ - ဘလာ ဘလာ"

ကျိုးရှူးရှန့်သည် ထိုလမုန့်ကိုအမှတ်မထင် ဝယ်ခဲ့ခြင်းဖြစ်သည်။ သူမ၏ အဆောင်ဖော်မှာ ချစ်သူရနေပြီး စာသင်နှစ်အစတွင် အတန်းသိပ်မရှိသဖြင့် အခန်းဖော် (၄) ဦးစလုံး စန်းကျုံးဘုရားကျောင်းသို့အတူသွားကာ ဆုတောင်းရန် သဘောတူခဲ့ကြ၏။ ချစ်သူရှိသူက အပြန်အလှန်သစ္စာရှိရန် ဆုတောင်းကြပြီး၊ ချစ်သူမရှိသူများကမူ မကြာခင် ချမ်းသာကြွယ်ဝရန် ဆုတောင်းကြသည်။

ကျိုးရှူးရှန့်၏ အဆောင်ဖော်မှာ အချစ်သစ်နယ်မြေထဲ ရောက်နေသူဖြစ်ရာ ဘုရားကျောင်းမှ ပုတီးတစ်ကုံး ရအောင်ယူမည်ဟု ဇွတ်အတင်း ပြောနေသဖြင့် သူတို့ (၄) ဦးစလုံး မနက်စောစော စန်းကျုံးဘုရားကျောင်းသို့ တန်းတန်းမတ်မတ် သွားခဲ့ကြသည်။ ကျိုးရှူးရှန့်မှ စန်းကျုံးဘုရားကျောင်း ပုတီးဝယ်ရန် နည်းလမ်းများကို ရှာဖွေနေစဉ် ဟဲယဲ့တည်းခိုခန်း၏ မုန့်ကြော်ငြာပို့စ်တစ်ခုကို တွေ့လိုက်ရသဖြင့် လမ်းကြုံဝင်ဝယ်ခဲ့ခြင်းဖြစ်၏။ လမုန့်များကို အသစ်စတင်ရောင်းချခြင်းဖြစ်ကြောင်းကြားသဖြင့် သူတို့ (၄) ဦးစလုံး ဝယ်ခဲ့ကြသည်။ ကျိုးရှူးရှန့်မှာ သူမမုန့်ကို မစားရသေးဘဲ သူမကောကောနှင့် တစ်ပုံစံတည်းတူညီသော မုန့်ကိုဝယ်မိလိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ပေ။

ဤသည်ကို တွေးမိရင်း ကျိုးရှူးရှန့်သည် ထုပ်ပိုးထားသည်ကို အမြန်ဖွင့်ကာ လမုန့်ကိုတစ်ကိုက်, ကိုက်လိုက်သည်။ ဤလမုန့်မှာ အမှန်တကယ်ပင် အရသာရှိလှ၏။ မုန့်သားမှာ ရွှေအိုရောင်သန်းကာ ကြွပ်ရွနေပြီး သင်းပျံ့သော ဆီနံ့လေးထွက်ပေါ်နေသည်။ သူမ ကိုက်လိုက်သည့်အခါ လမုန့်အစာမှာ နူးညံ့ညက်ညောကာချိုသော်လည်း မအီပေ။ ပါးစပ်ထဲတွင် အရည်ပျော်သွားရာ သူမကိုမိန်းမောသွားစေပြီး ရုန်းမထွက်နိုင်အောင်ဖြစ်စေသည်။ ကျိုးရှူးရှန့် လမုန့်အရသာကိုခံစားရင်း အမာခံပရိသတ်ကြီး၏ မက်ဆေ့ခ်ျကိုပြန်ဖြေလိုက်၏။

"တကယ် အရသာရှိတယ်၊ ကောကောလိုပဲ ချိုပေမဲ့မအီဘူး"

"လီထျန်းယီရဲ့ဇနီး - ညီမလေးကတော့ တကယ့်အရောင်းချန်ပီယံပဲ ညီမလေး၊ အစ်မအတွက် ကူဝယ်ပေးပါဦး "

"ဝေအိုက်ယီ - အို ဘုရားရေ၊ ကျွန်မလည်း ဝယ်ချင်တယ်၊ ကောကောရဲ့အပြုံးနဲ့အတူ လမုန့်အရသာကို ခံစားချင်တယ်၊ တွေးကြည့်ရုံနဲ့တင် ပျော်ဖို့ကောင်းလိုက်တာ"

ကျိုးရှူးရှန့်သည် အမာခံပရိသတ်ကြီးများ၏ လမုန့်ဝယ်ယူရန် ဆွေးနွေးသည့် Group Chat ထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရပြီး၊ ယုံမြစ်မြို့ရှိ ဒေသခံပရိသတ်များမှာမူ မနက်ဖြန် မနက်စောစော ဟဲယဲ့တည်းခိုခန်းသို့သွားကာ လမုန့်တန်းစီဝယ်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။ စုဟယ်တစ်ယောက် ဆက်တိုက်နှာချေနေတော့၏။

"ဘာဖြစ်တာလဲ ဘယ်သူ ငါ့အကြောင်း ပြောနေတာလဲ"

သူမ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် စနစ်၏ အကြောင်းကြားစာကို ကြားလိုက်ရသည်။

"ဟုန်လျန်၏ လူကြိုက်များမှုသည် စတင်ကျော်ကြားခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီ ဖြစ်သည်၊ လက်ရှိတွင် (၁၂၃,၀၀၀) / (၁၀) သန်း ဖြစ်သည်၊ ဟဲယဲ့တည်းခိုခန်းသည်လည်း လမုန့်လက်ဆောင်ဘူးများကြောင့် အကျိုးကျေးဇူး ခံစားရပြီး လူကြိုက်များမှု (၇၀,၀၀၀) / (၁၀၀,၀၀၀) သို့ ရောက်ရှိသွားပြီ ဖြစ်သည်"

"ဒီမနက် ငါဆုတောင်းခဲ့တာ တကယ်ဖြစ်လာတာလား လမုန့်လက်ဆောင်ဘူး တွေက တကယ်ပဲ မှော်ဆန်တဲ့ စွမ်းအားတွေ ပြလိုက်တာလား "

စုဟယ် မယုံနိုင်အောင် ဖြစ်နေရသော်လည်း သတင်းကောင်းများမှာ ဤတွင်တင် ရပ်တန့်မသွားခဲ့ပေ။

86

"ဆရာဝေ ရှင် အဆင့်တက်သွားပြီပဲ"

သတင်းကောင်းတွေ ဆက်တိုက်ဆိုသလို ရောက်ရှိလာလိမ့်မည်ဟု စုဟယ် မထည့်ထားမိပေ။ စနစ်၏ အကြောင်းကြားစာကိုကြည့်ရင်း သူမ ကြောင်တောင်တောင် ဖြစ်နေမိတုန်းပင်။ လီထျန်းယီ၏ Weibo ပို့စ်မှာ Trend စာရင်းထဲ မဝင်သွားသော်လည်း၊ ဟဲယဲ့တည်းခိုခန်း၏ လူကြိုက်များမှု အရှိန်အဟုန်ဖြင့် တိုးတက်လာရသည့် အကြောင်းရင်းကို သူမ လိုက်လံရှာဖွေနေခဲ့၏။ နောက်ဆုံးတွင် weibo ၏ ရေပန်းစားနေသော အကြောင်းအရာများထဲ၌ လီထျန်းယီ၏ ဗီဒီယိုနှင့် ဓာတ်ပုံများကို သူမ တွေ့ရှိသွားတော့သည်။ လီထျန်းယီသည် ချန်နန်နန်၏ ဘဏ္ဍာရေးကုမ္ပဏီမှ အရေးကြီးသော ဖောက်သည်တစ်ဦး ဖြစ်နေမှန်းလည်း သိလိုက်ရ၏။ 'အနုပညာရှင်တွေက တကယ်ကို ချမ်းသာကြတာပဲ' ဟု သူမ တွေးမိ၏။

လီထျန်းယီတင်ထားသော ဓာတ်ပုံများမှတစ်ဆင့် ပရိသတ်များသည် သဲလွန်စများကို လိုက်ရှာကြရင်း ဟဲယဲ့တည်းခိုခန်း၏မုန့်များကို ရှာတွေ့သွားကြခြင်းဖြစ်သည်။ ၎င်းမှာ အမှန်တကယ်ပင် ကောင်းကင်မှကျလာသော ကျော်ကြားမှုလက်ဆောင်တစ်ခုပင်။ ရက်ပေါင်းများစွာ ပင်ပန်းခဲ့သမျှသည် နောက်ဆုံးတွင် အသီးအပွင့်ခံစားခဲ့ရပြီ ဖြစ်၏။ စုဟယ်သည် ဤဝမ်းသာစရာကို လူတိုင်းနှင့် မျှဝေရန်ပြင်နေစဉ်မှာပင်၊ ဝေဖုန်းယီသည် ကြယ်နှစ်ပွင့် အဆင့်သို့ တက်လှမ်းသွားပြီဟူသော ပို၍ပင် ကောင်းမွန်သည့် သတင်းကို ရရှိလိုက်ပြန်သည်။

အားလပ်ရက်တွေကြောင့် ဆရာဝေ၏ ကျောင်းသားများသည် အခန်းများ ကြိုတင်မမှာယူနိုင်ခဲ့ကြဘဲ ဝေဖုန်းယီ၏ အကောင်းမွန်သောမှတ်ချက် များမှာ သိသိသာသာ တိုးတက်မှု မရှိခဲ့ပေ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယနေ့တွင် ဧည့်သည်တစ်ဦးသည် သူ၏ လေယာဉ်ခရီးစဉ်မှာ မနက်အစောပိုင်းအထိ နောက်ကျသွားသဖြင့် တည်းခိုခန်းမှ အခန်းအပ်ရမည့်အချိန် အထိ ဟဲယဲ့တည်းခိုခန်းတွင် ဆက်နေခဲ့ရသည်။ သို့သော် လေယာဉ်ထွက်ခွာရန် အချိန်အတော် လိုသေးသဖြင့် ထိုဧည့်သည်မှာ အတော်လေး စိုးရိမ်ပူပန်နေခဲ့၏။

အခန်းများအားလုံး ပြည့်နေသဖြင့် လေယာဉ်နောက်ကျသော ထိုဧည့်သည်မှာ တည်းခိုချိန် ထပ်တိုး၍ မရတော့ဘဲ သတ်မှတ်ထားသော အချိန်တွင် အခန်းအပ်ခဲ့ရသည်။ သို့သော် စုဟယ်သည် ဧည့်သည်ကို ဒီအတိုင်း ထွက်ခွာသွားစေခြင်း မပြုဘဲ၊ သူ၏ ခရီးဆောင်အိတ်များကို ဧည့်ကြိုကောင်တာတွင် အပ်နှံထားရန် အကြံပြုကာ (၆) ထပ်ရှိ ဆရာဝေ၏ လက်ရေးလှပညာ တိုက်ရိုက်ထုတ်လွှင့်မှု သင်တန်းသို့ လာရောက်နားထောင်ရန် ဖိတ်ခေါ်ခဲ့၏။ လက်ရေးလှပညာဆိုသည်မှာ အာရုံစူးစိုက်မှုနှင့် စိတ်ရှည်မှု လိုအပ်သော အနုပညာတစ်ခု ဖြစ်သည်။ စုတ်တံကို ကိုင်တွယ်ကာ မင်ကို အသုံးပြုခြင်းအားဖြင့် အာရုံစူးစိုက်မှုနှင့် ငြိမ်းချမ်းခြင်းဟူသော အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

လူတို့သည် လက်ရေးလှ ရေးကြသောအခါ သူတို့၏ အာရုံစိုက်မှုမှာ တဖြည်းဖြည်း စုစည်းလာပြီး အသက်ရှူနှုန်း မှန်ကန်လာကာ စိတ်ခံစားမှုများ တည်ငြိမ်သွားတတ်သည်။ လက်ရေးလှ ရေးဆွဲနေစဉ်အတွင်း လူတို့သည် စုတ်တံထိပ်နှင့် စက္ကူတို့၏ သိမ်မွေ့သော အပြန်အလှန် သက်ရောက်မှုကို ခံစားနိုင်ပြီး၊ မင်နှင့် စုတ်တံကြားမှ စွမ်းအားကူးပြောင်းမှုများကိုလည်း သိရှိနိုင်၏။ ထိုအရာသည် လူတို့အား ပြင်ပမှ အနှောင့်အယှက်များနှင့် စိတ်ရှုပ်ထွေးမှုများကို မေ့ပျောက်ထားစေကာ စိတ်ကို သန့်စင်လန်းဆန်းစေရန် ကူညီပေးသည်။ လက်ရေးလှပညာကို တရားထိုင်ခြင်း၏ အခြားသော ပုံစံတစ်ခုအဖြစ်လည်း သတ်မှတ်ကြ၏။

လေယာဉ်နောက်ကျသော ဧည့်သည်မှာ အချိန်ဖြုန်းရန် ရည်ရွယ်ချက်ဖြင့် (၆) ထပ်သို့ တက်သွားခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် သူသည် ပျင်းရိပျင်းတွဲ ထိုင်နေခဲ့သော်လည်း နားထောင်ရင်းနှင့် စိတ်ပါဝင်စားလာခဲ့၏။ သူသည်လည်း စက္ကူနှင့် စုတ်တံကို ယူကာ ရေးဆွဲကြည့်ရင်း သူ၏ အတွင်းစိတ်မှ ပျင်းရိမှုနှင့် စိုးရိမ်ပူပန်မှုများကို မေ့ပျောက်ထားလိုက်သည်။ သူသည် တရားထိုင်နေသည့် အခြေအနေသို့ ရောက်ရှိသွားပြီး အချိန်ကုန်သွားသည်ကိုပင် မေ့လျော့နေခဲ့၏။ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသော်လည်း ထိုဧည့်သည်မှာ ထွက်မသွားသေးဘဲ သူ၏ ဖုန်းနှိုးစက်မြည်လာသည့်အထိ ဆက်လက်လေ့ကျင့်နေခဲ့သည်။ ထိုအခါမှသာ သူသည် မင်စွန်းနေသော သူ၏ လက်ရာများကို ယူဆောင်ကာ လေဆိပ်သို့ သွားရန်အတွက် တည်းခိုခန်းမှ နှမြောတသ ထွက်ခွာသွားတော့၏။

ဧည့်သည်သည် တည်းခိုခန်း တံခါးမကြီးမှ ထွက်လာချိန်တွင် ညဦးပိုင်း ရောက်နေပြီ ဖြစ်သော်လည်း သူ၏ စိတ်အခြေအနေမှာ တက်ကြွလန်းဆန်းနေဆဲပင်။ သူသည် ကြည်နူးစရာကောင်းသော ခရီးစဉ်တစ်ခုကို ခံစားခဲ့ရပြီး လှပသော အမှတ်တရများနှင့် နက်ရှိုင်းသော အတွေ့အကြုံများကို ချန်ထားခဲ့နိုင်ခဲ့၏။

မမျှော်လင့်ထားသော ဖြစ်ရပ်အချို့ ရှိခဲ့သော်လည်း တည်းခိုခန်းတွင် လက်ရေးလှပညာ သင်ယူခွင့်ရခဲ့ခြင်းမှာ သူ့အတွက် ထူးခြားသော အတွေ့အကြုံ ဖြစ်ခဲ့ရသည်။ ခရီးစဉ်တစ်ခုမှ သူ့အား လက်ရေးလှပညာ၏ ဆွဲဆောင်မှုကို ခံစားစေခဲ့ပြီး ၎င်းမှာ မည်မျှပင် မှော်ဆန်ကြောင်း သိရှိစေခဲ့သည်။ ထိုဧည့်သည်သည် ဝေဖုန်းယီအား ကောင်းမွန်သောမှတ်ချက် ပေးခဲ့ခြင်း ဖြစ်၏။

အဆင့်တက်သွားခြင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ အချုပ်အနှောင်များကို ဖြည်ချလိုက်သကဲ့သို့ပင်။ ဝေဖုန်းယီ၏ မျက်ခုံးများမှာ ပြေလျော့သွားပြီး မျက်နှာပေါ်ရှိ အမူအရာမှာ အ

သက်ဝင်လှုပ်ရှားလာသည်။ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်ပြီး၊ အဆုတ်ထဲသို့ လေများ စီးဆင်းသွားသည့် ခံစားချက်နှင့် ခန္ဓာကိုယ်အတွင်းရှိ သိမ်မွေ့သော အာရုံခံစားမှုတိုင်းကို သိရှိခံစားရင်း၊ ထိုသဘာဝကျပြီး စိတ်အေးချမ်းသော အခြေအနေထဲတွင် လုံးလုံးလျားလျား နစ်ဝင်နေမိ၏။

ကြယ်နှစ်ပွင့် အဆင့်သို့ မြှင့်တင်ပြီးနောက် သူ့ မိသားစုဝင်များ၏ ဝေဝါးနေသော မျက်နှာများမှာ ရှင်းလင်းလာပြီး ပြတ်တောက်နေသော အမှတ်တရများမှာလည်း တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။ သူသည် သူ၏ အစ်ကိုကြီးနှင့်အတူ ရိုးရှင်းသော်လည်း နွေးထွေးခဲ့သော ကလေးဘဝကို ပြန်လည်အမှတ်ရလာသည်။ ဆောင်းညများတွင် အခန်းထဲ၌ အေးခဲစပြုနေပြီး စောင်မှာလည်း ရေခဲတမျှ အေးစက်နေတတ်၏။ သူ၏ အစ်ကိုကြီးမှာ စာအုပ်တစ်အုပ်ကို လက်ကမချနိုင်ဖြစ်နေတတ်ပြီး တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း ထိုစာအုပ်ကို အပြီးဖတ်ရန် စိတ်အားထက်သန်သူဖြစ်၏။ သူနှင့် သူ၏ အစ်ကိုကြီးသည် နွေးထွေးမှုရရန် အချင်းချင်း ပူးကပ်နေကြပြီး၊ အတူတူ စာဖတ်ရင်း ရရှိခဲ့သော ခန္ဓာကိုယ်အပူရှိန်မှာ ဘယ်တော့မှ မေ့မရနိုင်သော အရာပင်။

သူတို့ အရွယ်ရောက်လာသောအခါတွင် ကံကောင်းထောက်မစွာဖြင့် လျိုကုန်း နှင့် ဆုံတွေ့ခဲ့ရပြီး ရှောင်ရှီထန် သည် သူ၏ ဘဝမှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။ အမြဲတမ်း ဝီရိယရှိသော သူ၏ အစ်ကိုကြီးသည် အရာရှိလောကသို့ ဝင်ရောက်ခဲ့၏။ ၎င်းမှာ အလွန် ခက်ခဲသော အချိန်ကာလတစ်ခု ဖြစ်ခဲ့ပြီး သူတို့သည် အချင်းချင်း ဖေးမကူညီရင်း ဖြတ်ကျော်ခဲ့ကြသည်။ နောက်ပိုင်းတွင် သူ၏ အစ်ကိုကြီး ကွယ်လွန်သွားခဲ့ပြီး သူသည် မိသားစုကို ကာကွယ်စောင့်ရှောက်ရင်း လောကကြီးထဲတွင် ကျင်လည်ခဲ့ရသည်။ ဘဝသည် မလွယ်ကူခဲ့သော်လည်း မေတ္တာနှင့် နွေးထွေးမှုများဖြင့် ပြည့်နှက်နေဆဲပင်။ ထိုနွေးထွေးသော အမှတ်တရမှာ သူ၏ ဘဝတွင် အဖိုးတန်ဆုံး ရတနာပင် ဖြစ်၏။

ဝေဖုန်းယီသည် သူ၏ အတွေးများကို စုစည်းလိုက်ပြီး တဖြည်းဖြည်း စိတ်တည်ငြိမ်သွားသည်။ မိသားစုဆိုသည်မှာ ဝေဖုန်းယီ၏ နှလုံးသားတွင် အနုနယ်ဆုံးသော နေရာတစ်ခု ဖြစ်ခဲ့၏။ သူ ကတ်ဇာတ်ကောင် စတင် ဖြစ်လာစဉ်မှာ သူသည် ရှုပ်ထွေးမှုနှင့် ဝမ်းနည်းမှုများကို ခံစားခဲ့ရပြီး စုဟယ် စီစဉ်ပေးသမျှကို သာမန်သာ လုပ်ဆောင်ခဲ့သည်။ သူ အဆင့်တက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ အရာအားလုံးမှာ ခဏတာမျှသာဖြစ်ပြီး လူ့လောကတွင် ခေတ္တခဏ ခိုနားနေရခြင်းမျှသာဖြစ်သည်ဟု ယူဆခဲ့၏။

သို့သော် ယခုအခါ ကြယ်နှစ်ပွင့် အဆင့်သို့ တက်ပြီးနောက်တွင် သူ၏ စိတ်ထဲ၌ ပဟေဠိများကို ပြန်လည်ချိပ်ဆက်နိုင်ခဲ့ပြီး သူ ဖြတ်သန်းခဲ့ရသော အခက်အခဲများကို ပြန်လည်အမှတ်ရလာသည်။ သူ၏ မိသားစုဝင်များ၏ အပြုံးနှင့် အသံများမှာ သူ့မျက်စိရှေ့တွင် ရှိနေသကဲ့သို့ ခံစားရကာ သူ့နှလုံးသားထဲမှ ပြတ်သားတဲ့ ဆုံးဖြတ်ချက်များကို နိုးထလာစေ၏။ သူ၏ နှလုံးသားမှာ ကျေးဇူးတင်မှုနှင့် ပြတ်သားသော စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်သွားကာ၊ သူ၏ မိသားစုနှင့် မိမိကိုယ်တိုင်အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပြီး ရှေ့သို့ ဆက်လက်လှမ်းလျှောက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ သူသည် ကြယ်သုံးပွင့် အဆင့်သို့ တက်ရောက်ချိန်တွင်လည်း အံ့အားသင့်ဖွယ်ရာ အသစ်များ ရှိနေဦးမည်ဟု ယုံကြည်နေသည်။ စုဟယ်မှာမူ ဝေဖုန်းယီ၏ အတွေးများကို မခန့်မှန်းနိုင်သော်လည်း ဝေဖုန်းယီမှာ ပို၍ စိတ်ဓာတ်တက်ကြွနေသည်ကို ခံစားမိ၏။

"ဆရာဝေ၊ ဘယ်လိုလဲ ကြယ်နှစ်ပွင့် အဆင့် တက်သွားရတာ ဘယ်လိုခံစားရလဲ "

စုဟယ် ဂရုတစိုက် မေးလိုက်သည်။ ဝေဖုန်းယီမှာ နှိမ့်ချသော အပြုံးဖြင့် ပြောလိုက်၏။

"တစ်ကျော့ပြန်လည် မွေးဖွားလာရသလိုပါပဲ၊ ကျွန်တော့်မှာ အထူးအကျိုးသက်ရောက်မှု တစ်ခုလည်း ရလာတယ်"

စုဟယ်သည် စနစ်မျက်နှာပြင် ကို အမြန်ဖွင့်ကာ ဇာတ်ကောင်ကတ်ကို စစ်ဆေးလိုက်သည်။

ဇာတ်ကောင်ကတ် - ဝေဖုန်းယီ

ဇာတ်ကောင်မိတ်ဆက် - ရှောင်ရှီထန်ကျိ မှတ်တမ်း၊ ဝေမိသားစု၏ လူငယ်နှစ်ဦး - တစ်ဦးမှာ ရှူးကျိ၊ တစ်ဦးမှာ ဖုန်းယီ ဖြစ်သည်"

ရှားပါးမှုအဆင့် - အဆင့်မြင့်

လက်ရှိအဆင့် - ကြယ်နှစ်ပွင့်

ကောင်းမွန်သောမှတ်ချက်များ - (၁၀၀) / (၁၀၀၀)

လူကြိုက်များမှု - အတန်ငယ်ကျော်ကြားခြင်း၊ (၅၆၀၀၀) / (၁၀၀၀၀၀)

ထူးချွန်သောစွမ်းရည် - လူကြီးလူကောင်းတို့၏ အနုပညာခြောက်ပါး (ကျော်ကြားသော ဆရာသခင်များမှာ စာပေဗဟုသုတ ကြွယ်ဝပြီး ပါရမီရှိကြသူများဖြစ်ကာ ဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီတို့တွင် ကျွမ်းကျင်ကြသည်။)

အထူးအကျိုးသက်ရောက်မှု - နွေဦးလေပြေတွင် ရေချိုးခြင်း +၁၀% (ကဗျာဆရာတစ်ဦးမှာ ပို့ချသူတစ်ဦး ဖြစ်လာခဲ့သော်လည်း ရွှေသည် မည်သည့်နေရာတွင်မဆို တောက်ပနေဆဲဖြစ်သည်၊ မြင့်မြတ်သော စရိုက်လက္ခဏာနှင့် ဗဟုသုတရှိသူများ၏ ဟောပြောမှုများသည် လူတို့ကို အမြဲတမ်း ဆက်လက်နားထောင်ချင်စိတ် ပေါက်အောင် ပြုလုပ်ပေးနိုင်သည်။)

ကတ်၏ အဆင့်မှာ ကြယ်နှစ်ပွင့် သို့ ပြောင်းလဲသွားပြီး ဝေဖုန်းယီ၏ လူကြိုက်များမှုမှာလည်း ဒုတိယအဆင့်ဖြစ်သော "အတန်ငယ်ကျော်ကြားခြင်း" သို့ တိုက်ရိုက်ရောက်ရှိသွားသည်။ ထိုလူကြိုက်များမှု (၅၆,၀၀၀) မှာ ဝေဖုန်းယီ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ Follower အရေအတွက်ပင် ဖြစ်၏။ ဝေဖုန်းယီသည် သင်ခန်းစာများကိုသာ သင်ကြားပေးပြီး

ပစ္စည်းများ ရောင်းချခြင်း မပြုသောကြောင့် သူ၏ ပရိသတ်များမှာ အလွန် သစ္စာရှိကြသည်။ ထို့ကြောင့် သူ အဆင့်တက်သွားသည်နှင့် သူ၏ လူကြိုက်များမှုမှာ ချက်ချင်း မြင့်တက်သွားခြင်း ဖြစ်သည်။

တရားဝင် ကြယ်နှစ်ပွင့်အဆင့် ရရှိပြီးနောက်တွင် သူသည် တိုက်ရိုက်ထုတ်လွှင့်မှုများကို ဆက်လက်လုပ်ဆောင်နေသရွေ့ သူ၏ ပရိသတ်များသာမက၊ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ဝင်ရောက်ကြည့်ရှုသူများသည်လည်း သူ၏ လူကြိုက်များမှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ဆရာဝေ၏ ထူးချွန်သောစွမ်းရည်မှာ "ကဗျာသီကုံးခြင်း" မှ "လူကြီးလူကောင်းတို့၏ အနုပညာခြောက်ပါး" သို့ ပြောင်းလဲသွားသည်ကိုလည်း စုဟယ် သတိပြုမိလိုက်၏။ အထူးအကျိုးသက်ရောက်မှုနှင့် ပေါင်းစပ်ကြည့်လျှင် ဆရာဝေသည် တည်းခိုခန်း၌ အလုပ်လုပ်နေစဉ်အတွင်း ကဗျာသီကုံးခြင်းထက် လက်ရေးလှစွမ်းရည်များကို ပိုမိုအသုံးပြုခဲ့သောကြောင့် အဆင့်တက်ပြီးနောက်တွင် သူ၏ စွမ်းရည်များမှာ အနည်းငယ် ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။

All Chapters