အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
87
အော်ဒါကို အောင်မြင်စွာ ပေးပို့ပြီးနောက်တွင် စုဟယ်သည် သူမ၏ ပုံမှန်နိုးနေကျ အချိန်ဖြစ်သော မနက် (၇) နာရီတွင် အိပ်ရာမှ အေးအေးလူလူ ထလာခဲ့သည်။ သို့သော် မစ္စကျိမှာမူ စောစောထလေ့ရှိသည့် သူမ၏ အလေ့အကျင့်ကို ဆက်လက်ထိန်းသိမ်းထားပြီး နေ့စဉ် အရုဏ်တက်ချိန်တိုင်း ဟင်းသီးဟင်းရွက်စိုက်ခင်းလေးသို့ သွားကာ ကောက်ပဲသီးနှံများကို ဂရုတစိုက် ပြုစုပျိုးထောင်လေ့ရှိ၏။
စုဟယ်သည် သူမအား လက်ကိုင်ဖုန်း အသုံးပြုပုံကို သင်ကြားပေးရန် အတော်လေးကြိုးစားထားရသည်။ မစ္စကျိသည် စာမရိုက်တတ်သဖြင့် အသံဖြင့် ရှာဖွေသည့်စနစ် ကို အသုံးပြု၏။ သို့သော် အင်တာနက်ပေါ်ရှိ စုံလင်လှသော အချက်အလက်များနှင့် ထိတွေ့ရသော်လည်း သူမသည် ဖုန်းကို စွဲလမ်းခြင်း မရှိဘဲ အခြေခံ အချက်အလက်ရှာဖွေသည့် ကိရိယာတစ်ခုအဖြစ်သာ အသုံးပြုခဲ့၏။ သူမသည် ဖုန်းမှတစ်ဆင့် မြေဩဇာ အသုံးပြုပုံကို သင်ယူခဲ့သလို သီးနှံအသစ် အများအပြားကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် နေ့စဉ် စိုက်ပျိုးရေးအလုပ်တွင် အင်တိုက်အားတိုက် လုပ်ဆောင်ပြီး မည်သည့်အခါမျှ ပင်ပန်းခြင်း မရှိပေ။ အမြဲတမ်း အားအင်ပြည့်ဝနေသော သူမ၏ အမူအရာမှာ အိပ်ရေးမဝသလို ခံစားနေရသော စုဟယ်ကို အတော်လေး အံ့အားသင့်စေသည်။
ဟင်းသီးဟင်းရွက်စိုက်ခင်းကို ပြုစုပြီးနောက်တွင် မစ္စကျိသည် နေရာအနှံ့ လိုက်လံကူညီပေးတတ်သေးသည်။ တစ်ခါတစ်ရံ ကြမ်းတိုက်နေတတ်သလို၊ ခဏကြာလျှင် အခန်းများကို သန့်ရှင်းရေးလုပ်ရန် အပြေးအလွှား သွားနေတတ်ပြန်၏။ ဤသည်မှာ သူတို့၏ အလုပ်အကိုင်များကို ဆုံးရှုံးသွားမည်စိုးသော တုန်းကျင့်နှင့် မေကျဲတို့ကို ထိတ်လန့်စေခဲ့သည်။ အမှန်စင်စစ် မစ္စကျိမှာ တကယ့်ကို ထိရောက်မြန်ဆန်ပြီး၊ အင်အားအလွန်ကြီးမားကာ မောပန်းနွမ်းနယ်ခြင်း မရှိသူဟုဆိုနိုင်ပေသည်။ နောက်ဆုံးတွင် ဟုန်လျန်မှ ဦးဆောင်ပြီး မစ္စကျိအား မှန်သားပြင်နောက်ကွယ်ရှိ မီးဖိုချောင်တွင် ကူညီပေးရန်၊ ပါဝင်ပစ္စည်းများကို ဆေးကြောပေးရန်နှင့် မုန့်သားများကို လှီးဖြတ်ပေးရန် တောင်းဆိုလိုက်၏။ လုပ်စရာအလုပ် ရှိသွားသဖြင့် မစ္စကျိမှာ ပို၍ စိတ်အေးသွားကာ အလုပ်ကို အသေအချာ လုပ်ဆောင်ပြီး မည်သည့်အခါမျှ ပျင်းရိခြင်း မရှိခဲ့ပေ။
မနေ့ညမှ ဝေဖုန်းယီ ကြယ်နှစ်ပွင့်အဆင့်သို့ တက်သွားသည်ကို သိလိုက်ရပြီးနောက် စုဟယ်သည် စနစ်မျက်နှာပြင်ကို လေ့လာနေခဲ့သည်။ ယခုအခါ ဆိုင်တွင် ကြယ်နှစ်ပွင့်အဆင့်သို့ တက်သွားသည့် ဇာတ်ကောင်ကတ် နှစ်ခုရှိနေပြီဖြစ်ပြီး ရှောင်ရှီးလေး၏ ကောင်းမွန်သောမှတ်ချက်မှာလည်း တဖြည်းဖြည်း တိုးတက်လာနေ၏။ မစ္စကျိ၏ မှတ်ချက် တစ်ခုတည်းသာ (၀) မှာပင် ရှိနေသေး၏။ စုဟယ်သည် တစ်ညလုံး မစ္စကျိအတွက် အစီအစဉ်များကို စဉ်းစားနေခဲ့သည်။ နောက်ဆုံးတွင် သူမသည် အကြမ်းဖျင်း အစီအစဉ်တစ်ခု ရရှိခဲ့ပြီး စမ်းသပ်ကြည့်ရန် သင့်တော်မည့် အခွင့်အရေးကို စောင့်မျှော်ကာ အွန်လိုင်းမှ ကိရိယာအချို့ကိုပင် ဝယ်ယူထားလိုက်သည်။
ဆိုင်တွင် ဇာတ်ကောင်ကတ်များ ပိုမိုများပြားလာသည်နှင့်အမျှ စုဟယ်၏ ပခုံးပေါ်ရှိ တာဝန်များမှာလည်း ပိုမိုလေးလံလာသည်။ သူမသည် ဇာတ်ကောင်ကတ် တစ်ခုချင်းစီ၏ ထူးခြားချက်များပေါ် မူတည်၍ သင့်တော်သော အလုပ်များကို ခွဲဝေပေးကာ မတူညီသော လမ်းကြောင်းများပေါ်တွင် ထားရှိရန် စီစဉ်ရ၏။ အကယ်၍ ဇာတ်ကောင်ကတ် အများအပြားကို အလုပ်တစ်ခုတည်းတွင်သာ ထားရှိပါက စိတ်ကျေနပ်မှုနှင့် လူကြိုက်များမှုအတွက် အချင်းချင်း ငြင်းခုံရန် လွယ်ကူသဖြင့် စုဟယ်မှာ ဤသို့မဖြစ်စေချင်ပေ။ မစ္စကျိနှင့် ဟုန်လျန်တို့သည် မနက်စောစောတွင် လက်ဖက်ရည်နှင့် စားစရာမုန့်များ ပြုလုပ်ရန် မှန်သားပြင်မီးဖိုချောင်ထဲသို့ ဝင်ခဲ့ကြသည်။ မစ္စကျိမှာ မူလကပင် စကားနည်းသူဖြစ်ပြီး အလုပ်တာဝန်များ ရရှိပြီးနောက်တွင် ပို၍ပင် အာရုံစိုက်လုပ်ဆောင်သဖြင့် ဟုန်လျန်၏ မုန့်လုပ်သည့် လုပ်ငန်းစဉ်မှာ သိသိသာသာ ပိုမိုမြန်ဆန်လာခဲ့၏။
စုဟယ် နိုးလာချိန်တွင် ဟုန်လျန်နှင့် မစ္စကျိတို့မှာ မုန့်ဗူးပေါင်း ရာနှင့်ချီ၍ ပြုလုပ်ပြီးစီးနေပြီ ဖြစ်သည်။ မစ္စကျိသည် သကြားပေါင်း နွားနို့ခဲ များပေါ်တွင် တံဆိပ်ကပ်နေ၏။ ကူညီမည့်သူ ရှိလာသဖြင့် ဟုန်လျန်သည် ယနေ့တွင် သကြားပေါင်း နွားနို့ခဲကို ဒိန်ချဉ်အရသာနှင့် လတ်ဆတ်သော နွားနို့အရသာဟူ၍ နှစ်မျိုး ပြုလုပ်ထားသည်။ စုဟယ်မှာ မနေနိုင်ဘဲ ဒိန်ချဉ်အရသာရှိသော နွားနို့ခဲတစ်ခုကို ခိုးစားကြည့်လိုက်၏။ ဒိန်ချဉ်အရသာ သကြားပေါင်း နွားနို့ခဲများ အပေါ်မှ ဖြူးထားသော စပျစ်သီးခြောက်နှင့် အခွံမာသီးစေ့များအစား မက်မွန်သီးတုံးလေးများနှင့် လိမ္မော်သီးစိတ်လေးများကို အစားထိုးထားသည်။
တစ်ခုလုံး၏ အရသာမှာ ပိုမိုလတ်ဆတ်နေပြီး အချိုဓာတ်မှာ လျော့နည်းသွားသဖြင့် သီအိုရီအရဆိုလျှင် ဝိတ်ချနေသူများအတွက် ပို၍ သင့်တော်ပေလိမ့်မည်။ သို့သော် စုဟယ်အတွက်မူ ဒိန်ချဉ်၏ ချိုချဉ်အရသာမှာ သူမကို ပို၍ပင် ဗိုက်ဆာစေခဲ့သည်။
သူမသည် ထိုသူနှစ်ဦး ပြုလုပ်ထားသည့် မုန့်ဗူးပေါင်း နှစ်ရာကျော်ကို ကိုယ်တိုင်ဝန်ဆောင်မှုပေးသည့် အရောင်းစက်ထဲသို့ ထည့်လိုက်သည်။ အပြည့်ဖြစ်နေသော အရောင်းစက်ကို ကြည့်ရင်း စုဟယ်မှာ အလွန်ကျေနပ်နေမိ၏။ 'ဒီလောက်ဆိုရင် ရောင်းဖို့ လောက်မှာပါ' ဟု သူမ တွေးလိုက်သည်။ စုဟယ်သည် လ
က်တစ်ဖက်တွင် ဒိန်ချဉ်နွားနို့ခဲကို ကိုင်ကာ၊ ဇွန်းကို ပါးစပ်တွင် ကိုက်ထားလျက် ကျန်လက်တစ်ဖက်ဖြင့် ဆိုင်၏ တံခါးကို ဆွဲတင်လိုက်၏။ တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် စည်ကားလှသော လူအုပ်ကြီးကို စုဟယ် မြင်လိုက်ရသည်။ သူမ၏ ရှေ့မှောက်ရှိ လူအုပ်ကြီးကြောင့် သူမ ထိတ်လန့်သွားရ၏။ 'ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ' တန်းစီနေသည့် ပထမဆုံး ဖောက်သည်မှာ စုဟယ်ကို မြင်သည်နှင့် အလွန်စိတ်လှုပ်ရှားသွားကာ အော်ပြောလိုက်သည်။
"ဖွင့်ပြီ၊ ဖွင့်ပြီ ဝါး သူဌေးက ခိုးစားနေတာလား"
"ဘာ သူဌေးက ခိုးစားနေတာလား ဒါဆိုရင် မုန့်တစ်ဗူး လျော့သွားပြီပေါ့၊ နေပါဦး သူဌေးက ဘယ်လိုလုပ်ပြီး ခိုးစားနေရတာလဲ"
"သူဌေးက တကယ်ကို မိုက်တယ်၊ ဆိုင်မဖွင့်ခင် နေ့တိုင်း ခိုးစားနေတာပဲ"
လူတစ်စုမှာ စုဟယ်ကို စိုက်ကြည့်နေကြသည်။ စုဟယ်၏ မျက်နှာမှာ ချက်ချင်းပင် ရဲတက်သွား၏။ သူမသည် ပါးစပ်ထဲမှ ဇွန်းကို အနေခက်စွာ ပြန်ထုတ်လိုက်ပြီး ဖောက်သည်များ ဆိုင်ထဲဝင်နိုင်ရန် ဘေးသို့ ဖယ်ပေးလိုက်ရသည်။ ကောင်းကင်ကြီးသာ အသိဆုံးဖြစ်လိမ့်မည်၊ သူမ တကယ်ကို ခိုးစားနေခြင်း မဟုတ်ပါ ထုတ်ကုန်များကို စစ်ဆေးနေသည့် သူဌေးတစ်ဦးအဖို့ ဒါကို ဘယ်လိုလုပ် ခိုးစားတယ်လို့ ခေါ်နိုင်ပါမည်နည်း။
"အဟမ်း အဟမ်း အားလုံးပဲ အထဲကို မြန်မြန်ဝင်ကြပါ၊ အနီရောင်မျဉ်းအတိုင်း သုံးတန်းစီပေးပါ၊ မတွန်းကြပါနဲ့၊ မတိုးကြပါနဲ့"
စုဟယ်သည် အကြောင်းအရာကို အမြန်လွှဲပြောင်းလိုက်ရင်း ဖောက်သည်များအား တန်းစီရန် လမ်းညွှန်ပေးလိုက်သည်။ စိတ်အားထက်သန်နေသော ဖောက်သည်များ၏ မျက်လုံးများသည် တလက်လက်တောက်ပနေလျက် ကိုယ်တိုင်ဝန်ဆောင်မှုပေးသော အရောင်းစက်ဆီသို့ အပြေးအလွှား သွားကြ၏။ လုံလောက်သော ပမာဏကို မြင်လိုက်ရမှသာ သူတို့ သက်ပြင်းချနိုင်တော့သည်။ ယနေ့တွင်တော့ လက်ဖက်ရည်နှင့်စားစရာမုန့်များကို လုံလုံလောက်လောက် ဝယ်နိုင်လိမ့်မည်ဟု သူတို့ တွေးလိုက်ကြသည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်းက မုန့်ပမာဏမှာ အလွန်နည်းသော်လည်း တန်းစီသူဦးရေမှာ လျော့မသွားသဖြင့် သူတို့မှာ နေ့စဉ် ပို၍ စောစော လာခဲ့ကြရခြင်း ဖြစ်သည်။
ယနေ့ တန်းစီသူများထဲတွင် မိန်းကလေးငယ် အများအပြား ပါဝင်နေသည်။ သူတို့သည် အတူတူစုရုံးကာ အရောင်းစက်ထဲရှိ မုန့်အရေအတွက်ကို တွက်ချက်ရင်း တတွတ်တွတ် ပြောဆိုနေကြ၏။
"အစ်ကို အစ်ကိုက လမုန့် ဝယ်မှာလား၊ အကယ်၍ လမုန့် မဝယ်ဘူးဆိုရင် ကျွန်မအတွက် နှစ်ဗူးလောက် ကူဝယ်ပေးလို့ ရမလားဟင်၊ ကျွန်မ တခြားဘာမှ မဝယ်ပါဘူး၊ လမုန့်ပဲ လိုချင်လို့ပါ"
ကျိုးရှုရှန်းသည် ယနေ့ တစ်ယောက်တည်း လာခဲ့ခြင်းဖြစ်သည်။ သူမ၏အခန်းဖော်မှာ လီထျန်းယီ၏ဖန်တစ်ဦး မဟုတ်သဖြင့် ကျိုးရှုရှန်းမှာ သူမ၏အခန်းဖော်ကို ဤမျှစောစောတန်းစီရန် အဖော်ခေါ်ဖို့ အားနာနေမိ၏။ ဟဲယဲ့တည်းခိုခန်းတွင် လက်ဖက်ရည်နှင့်စားစရာမုန့် တစ်မျိုးစီအတွက်ဝယ်ယူခွင့် ပမာဏကို ကန့်သတ်ထားသည်။ လူတစ်ဦးလျှင် အမျိုးအစား တူညီသောမုန့်ကို အများဆုံး (၂) ဗူးသာ ဝယ်ယူနိုင်၏။ ဤထဲတွင် ရုယီ မုန့်မှာ ဈေးသက်သာပြီး တစ်ဗူးလျှင် (၁၀) ယွမ် သာရှိကာ၊ သကြားပေါင်း နွားနို့ခဲမှာ အသစ်ဖြစ်ပြီး တစ်ခွက်လျှင် (၁၅) ယွမ် သာရှိသဖြင့် ဈေးမကြီးလှပေ။ ဖောက်သည်အများစုမှာ ဤမုန့်နှစ်မျိုးကို ဦးစားပေး ဝယ်ယူကြလိမ့်မည်။
ဖရုံစေ့နှင့် ထင်းရှူးစေ့ပါသော လမုန့်များမှာ အသစ်ဖြစ်သော်လည်း အသုံးပြုထားသည့် ပါဝင်ပစ္စည်းများမှာ ပိုမိုကောင်းမွန်လှသည်။ အခွံမာသီးများနှင့် ထင်းရှူးစေ့များမှာ ဈေးကြီးသဖြင့် လမုန့်၏ဈေးနှုန်းမှာလည်း ပိုမိုမြင့်မား၏။ လမုန့် သုံးလုံးပါသော လက်ဆောင်ဗူးလေးမှာ ယွမ် (၁၀၀) ဖြစ်ပြီး၊ ရှစ်လုံးပါသော ဗူးကြီးမှာ ယွမ် (၂၀၀) ဖြစ်သည်။ ဖောက်သည်အများစုမှာ အများဆုံး ဗူးအသေးတစ်ဗူး ကိုသာ မြည်းစမ်းရန် ဝယ်ယူကြ၏။ ရှေ့ဆုံးမှအစ်ကိုက ခေါင်းညိတ်ပြသည်။
"ရတာပေါ့၊ ငါကရုယီမုန့်ကိုပဲ နောက်ထပ်အများကြီး ဝယ်ချင်တာ၊ မင်းနဲ့ အလဲအလှယ် လုပ်ပေးမယ်"
ကျိုးရှုရှန်းသည် ထိုနည်းအတိုင်းပင် အခြားသော အစ်ကို၊ အစ်မများနှင့် အလဲအလှယ် လုပ်လိုက်သည်။ ထိုမိန်းကလေးငယ်များသည် ကျိုးရှုရှန်း၏ နည်းလမ်းကို ကြားလိုက်ရပြီးနောက် အကြံရသွားကာ ဘေးနားရှိလူများနှင့် စတင်အလဲအလှယ်လုပ်ကြတော့၏။ အကယ်၍ တန်းစီနေသည့် မိန်းကလေးများသည် အချင်းချင်းလီထျန်းယီ၏ ပရိသတ်များအဖြစ် မှတ်မိခြင်းမရှိခဲ့ပါက၊ ရှေ့ဆုံးမှ လူတစ်ယောက်တည်းကပင် လမုန့်ဗူးကြီး (၁၂) ဗူးလုံးကို သိမ်းကျုံးယူသွားပေလိမ့်မည်။
ထောင့်တစ်နေရာတွင် သကြားပေါင်း နွားနို့ခဲကို တိတ်တဆိတ်စားနေသော စုဟယ်သည် လမုန့်များမှာ အလွန်လျင်မြန်စွာ ရောင်းထွက်နေသည်ကို သတိပြုမိသွားသည်။ သူမသည် မှန်သားပြင်မီးဖိုချောင်ထဲသို့ ချက်ချင်း ပြန်ပြေးဝင်သွားပြီး ဒုတိယမြောက်နေ့တွင် ရောင်းချရန် မူလမှပြင်ဆင်ထားသည့် လမုန့်များကို ထုတ်ယူလိုက်ရ၏။
"ဟုန်လျန်၊ ငါတို့ လမုန့်တွေကို ပိုလုပ်ရမယ် ထင်တယ်၊ ဒီအခြေအနေအရဆိုရင် လမုန့်ပွဲတော် ပြီးသွားရင်တောင် မနက်ဖြန်နဲ့ သဘက်ခါမှာ လာဝယ်မယ့်သူတွေလျော့သွားမှာ မဟုတ်ဘူး"
စုဟယ် ခန့်မှန်းပြောဆိုလိုက်သည်။ ဟုန်လျန်သည်လည်း ကြည်လင်သော မှန်သားပြင်မှတစ်ဆင့် လူအုပ်ကြီးကို မြင်လိုက်ရ၏။
"ကောင်းပြီလေ၊ ဒီနေ့ မုန့်သားတွေကို ပိုပြီး နယ်ထားမိတာ တော်သေးတာပေါ့၊ ကြည့်ရတာ တခြားမုန့်တွေလည်း လောက်မှာ မဟုတ်ဘူး"
ရုယီ မုန့်၊ ဆီးသီးနှင့် ကန်စွန်းဥမုန့် ၊ ကိတ်မုန့်နှင့် သစ်အယ်သီးမှုန့်မုန့် တို့မှာ အချဉ်ဖောက်ရန် မလိုသဖြင့် ချက်ချင်း ပြုလုပ်နိုင်ကာ ကုန်သွားသည်နှင့် တစ်ပြိုင်နက် ပြန်လည် ဖြည့်တင်းပေးနိုင်လေသည်။ စုဟယ်သည် သူမ၏ ချွေးများကို သုတ်လိုက်မိ၏။ ၎င်းမှာ တကယ်ကို ပင်ပန်းသော်လည်း ပျော်စရာကောင်းလှသည့် ဝန်ထုပ်ဝန်ပိုးတစ်ခုပင် ဖြစ်တော့သည်။
88
ခေါင်းပေါ်တွင် ကင်မရာများ တပ်ဆင်ထားသော အမျိုးသားလေးဦး ဆိုင်ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ သူတို့၏ ထူးဆန်းသော ပုံပန်းသဏ္ဌာန်မှာ (၆) ထပ်တွင် စောင်များ လှန်းနေသည့် ရှောင်ရှီးကို ချက်ချင်းပင် ဆွဲဆောင်သွားတော့၏။ ရှောင်ရှီးသည် ပြတင်းပေါက်မှ ပျံဆင်းလာပြီး ဆိုင်ရှေ့ရှိ သစ်ကိုင်းတစ်ခုပေါ်တွင် နားလျက် ထိုလူလေးဦးကို သတိကြီးစွာဖြင့် အကဲခတ်နေသည်။ ယခုဆိုလျှင် ရှောင်ရှီးသည် ကင်မရာဆိုသည်မှာ မြင်ကွင်းများကို မှတ်တမ်းတင်နိုင်ပြီး အွန်လိုင်းပေါ်သို့ တင်နိုင်မှန်း သိနေပြီဖြစ်သည်။ တည်းခိုခန်းသို့ ဓာတ်ပုံရိုက်ရန် လာသူများမှာ များပြားသော်လည်း ဤလူများကဲ့သို့ ထူးဆန်းသည့်ပုံစံမျိုးကိုမူ သူတစ်ခါမျှ မမြင်ဖူးချေ။ ရှောင်ရှီးသည် လူမမြင်နိုင်သော ထောင့်တစ်ခုမှနေ၍ သူတို့ကို စောင့်ကြည့်နေလေသည်။
ထိုအမျိုးသားလေးဦးမှာ ခေါင်းတပ်ကင်မရာများကို တပ်ဆောင်ထားကြသလို လက်ထဲတွင်လည်း မှတ်တမ်းတင်ရန် အခြားသော ကိရိယာမျိုးစုံကို ကိုင်ဆောင်ထားကြသည်။
"ဝါး အစ်ကိုအော်ရိန်း၊ ဒီမှာ လူတွေ တော်တော်များတာပဲ"
အော်ရိန်းဟု အမည်ရသူမှာ ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း သိသာလှသည်။
"ဒန်ဒန်၊ မင်းက လူရန်နဲ့ ရှောင်ကျားကို ခေါ်ပြီး ခရီးဆောင်အိတ်တွေ အရင်သွားချလိုက်ဦး၊ ငါ ဒီမှာ တန်းစီရင်းနဲ့ ရိုက်ကွင်းအချို့ ယူထားလိုက်မယ်"
ဒန်ဒန်၊ လူရန်နှင့် ရှောင်ကျားတို့သည် အိတ်များကို ဧည့်ကြိုကောင်တာတွင် အရင်သွားထားလိုက်ကြသည်။ တည်းခိုခန်းမှာ နေ့လယ် (၁၂) နာရီမှသာ အခန်းအပ်ခွင့်ပြု၏။ အကယ်၍ ဧည့်သည် စောစောထွက်သွားလျှင် နောက်ဧည့်သည်မှာ စောစောဝင်ရနိုင်သော်လည်း ယခုအချိန်တွင် အခန်းများအားလုံး ပြည့်နေသည်။ ထို့ကြောင့် အိတ်များချပြီးနောက် ဒန်ဒန်နှင့် ကျန်နှစ်ဦးမှာ လူအုပ်ကြားထဲ တိုးဝင်ကာ အစ်ကိုအော်ရိန်းကို လိုက်ရှာကြတော့၏။
"အစ်ကိုအော်ရိန်း၊ ဘာတွေဖြစ်နေတာလဲ လူတွေ ဒီလောက်တောင် များတာ "
ဒန်ဒန်သည် အရပ်ရှည်ပြီး ဗလတောင့်သူပီပီ သူ၏ကင်မရာကို မြှောက်ကာ တည်းခိုခန်းအတွင်းရှိ စည်ကားနေသော လူအုပ်ကြီးကို ရိုက်ကူးနေသည်။ အော်ရိန်းမှာ တန်းစီနေသည်မှာ ကြာပြီဖြစ်သော်လည်း လူတန်း၏ အဆုံးနားမှာပင် ရှိသေးသဖြင့် ဒန်ဒန်ကိုပါ အနောက်ဆုံးတွင် ရပ်ခိုင်းလိုက်၏။
"အားလုံးက မုန့်ဝယ်ဖို့ တန်းစီနေကြတာ၊ ငါ အခုလေးတင် ရိုက်ကွက်တချို့ ရိုက်ယူလိုက်သေးတယ်၊ ရှေ့နားက အရမ်းတက်ကြွတဲ့ အစ်မကြီးတစ်ယောက် ပြောတာတော့ ဒီတည်းခိုခန်းက ဖွင့်ထားတာ ဆယ်စုနှစ်တစ်ခုကျော်ပြီတဲ့၊ ကြည့်ဦး ဒီမှာ မုန့်လုပ်တဲ့ လုပ်ငန်းစဉ်ကိုပါ ကြည့်လို့ရတယ်"
အော်ရိန်းသည် မှန်ဘီလူးကို အနီးကပ်ဆွဲလိုက်ပြီး ကင်မရာကို ပခုံးပေါ်ထမ်းကာ ဟုန်လျန် မုန့်လုပ်နေသည့် ပုံရိပ်ကို ရိုက်ကူးလိုက်သည်။ မီးဖိုချောင်၏ အလင်းဖောက် ဖန်သားပြင်မှာ ထူးထူးခြားခြား ကြည်လင်နေသဖြင့် အော်ရိန်းရပ်နေသည့် နေရာမှပင် ဟုန်လျန်၏ မုန့်လုပ်နေသည့် မြင်ကွင်းကို ကောင်းကောင်းမှတ်တမ်းတင်နိုင်၏။ လမုန့်ဝယ်ပြီး ထွက်လာသော ကျိုးရှူးရှန့်သည် ပရော်ဖက်ရှင်နယ် ကိရိယာများ ကိုင်ထားသည့် အော်ရိန်းကို မြင်သောအခါ စပ်စုချင်စိတ်ဖြင့် အနားသို့ ကပ်သွားမိသည်။ အနီးကပ် ကြည့်လိုက်သောအခါမှ သူမ Follow လုပ်ထားသည့် ဂိမ်းဆော့ကာတင်ဆက်သည့်သူတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတော့၏။
"မင်္ဂလာပါ၊ အစ်ကိုက အော်ရိန်းမလား၊ ကျွန်မတို့ ဓာတ်ပုံတူတူရိုက်လို့ ရမလားရှင့် "
အော်ရိန်း ဗီဒီယိုရိုက်ပြီးသွားချိန်တွင် ကျိုးရှူးရှန့်မှာ ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်သည်။
"ဝါး မိုက်လိုက်တာ အော်ရိန်းကတော့ ဂိမ်းလောကရဲ့ ထိပ်တန်း တင်ဆက်သူ ပီပီ ဒီလိုနေရာမှာတောင် ပရိသတ်တွေနဲ့ ဆုံနေတာပဲ "
ဒန်ဒန် ဘေးမှ နောက်ပြောင်လိုက်သည်။ ၎င်းမှာ သူ၏ အမျိုးသမီးပရိသတ်တစ်ဦး ဖြစ်သဖြင့် စကားကို လျှော့ပြောရန်နှင့် အပိုတွေမပြောရန် သတိပေးလိုက်သည်။
"ရတာပေါ့၊ ဟုတ်ကဲ့ပါ ရပါတယ် "
အော်ရိန်းမှာ ကျိုးရှူးရှန့်နှင့် အလိုက်သင့် ဓာတ်ပုံရိုက်ပေးလိုက်ပြီးနောက် သူမလက်ထဲက အိတ်ကြီးအိတ်ငယ်များကို ကြည့်ကာ အံ့ဩတကြီး မေးလိုက်သည်။
"မုန့်တွေ အများကြီး ဝယ်ထားတာလား၊ အဲဒီလောက်တောင် စားကောင်းလို့လား၊ ဟင် အားလုံးက လမုန့်တွေလား"
ကျိုးရှူးရှန့်သည် ဆံပင်ကို သပ်ရပ်အောင် လုပ်လိုက်ပြီး ပြုံးလျက် ပြော၏။
"ဒါတွေက တခြားသူအတွက် ဝယ်ပေးတာပါ။"
သူမသည် လီထျန်းယီ၏ ပရိသတ်မဟုတ်လျှင်တောင် ဟဲယဲ့တည်းခိုခန်း၏ မုန့်များကို အလွန်အရသာရှိပြီး ညွှန်းထိုက်သည်ဟု ယူဆထားသည်။ သူမသည် အော်ရိန်းကို အရသာမှ ထုပ်ပိုးမှုအထိ တက်တက်ကြွကြွ ညွှန်းပြီးနောက် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရှက်ပြုံး ပြုံးလိုက်သည်။
"ကျွန်မ စကားတွေ အရမ်းများသွားပြီလား၊ ဪဒါနဲ့ အော်ရိန်းက တည်းခိုခန်း သုံးသပ်ချက် တွေ စရိုက်နေတာလား"
အော်ရိန်းသည် လူအုပ်နှင့်အတူ ရှေ့သို့ တိုးလာရင်း ပြော၏။
"မဟုတ်ပါဘူး၊ ကျွန်တော် ဗီဒီယို တစ်ခုလုပ်နေတာ၊ တည်းခိုခန်း ကိုဘာလို့ ထည့်ရိုက်တာလဲဆိုတာတော့ ပြန်ရောက်လို့ ကျွန်တော့်ဗီဒီယိုကို ကြည့်ရင် သိလိမ့်မယ်"
ကျိုးရှူးရှန့် ချက်ချင်းပင် ကတိပေးလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်မ အစ်ကို့ဗီဒီယိုကို Like ပေးမှာပါ၊ ကင်မရာထဲ ပါတာလည်း ပြဿနာမရှိပါဘူး "
ထို့နောက် သူမသည် အော်ရိန်း၏ ရိုက်ကူးရေးကို အနှောင့်အယှက် မဖြစ်စေရန် လမုန့်အိတ်ကြီးကို သယ်ကာ ထွက်ခွာသွားတော့သည်။ အော်ရိန်းသည် C-Station မှ ဂိမ်းတင်ဆက်သူတစ်ဦး ဖြစ်သည်။ သူသည် ယခင်က ပရော်ဖက်ရှင်နယ် e-sports ကစားသမားတစ်ဦးဖြစ်ပြီး အနားယူပြီးနောက်မှ ငွေရှာရန် တင်ဆက်သူအလုပ်ကို စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ မကြာသေးမီက C-Station ၏ ဂိမ်း နှင့် တိုက်ရိုက်ထုတ်လွင့်မှုကဏ္ဍများတွင် လူကြည့်နှုန်း လျော့နည်းလာသဖြင့် သူ၏ MCN အေဂျင်စီ အကြံပေးချက်အရ အော်ရိန်းသည် လူနေမှုဘဝ ကဏ္ဍသို့ ခြေဆန့်ရန်နှင့် ပိုမိုပေါ့ပေါ့ပါးပါးရှိသော ဗီဒီယိုများ တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
သူ၏ ပထမဆုံးမှတ်တိုင်မှာ ဘာကြောင့် ဟဲယဲ့တည်းခိုခန်း ဖြစ်လာရသနည်း ဆိုသည်မှာမူ သူ၏ သူငယ်ချင်းကောင်းကြောင့် စတင်ခဲ့ခြင်းပင်။သူ၏ သူငယ်ချင်းကောင်း ဝမ်ဟိုင်ထောင် သည် အနားယူခြင်း မရှိသေးသည့် e-sports ကစားသမားတစ်ဦး ဖြစ်သည်။ သူသည် ဂိမ်းကစားပြရုံသာမက Live လွှင့်နေစဉ်အတွင်း စိတ်ဝင်စားစရာ ဇာတ်လမ်းများကို ဝေမျှကာ ကြည့်ရှုသူများနှင့် နောက်ပြောင် ပြောဆိုလေ့ရှိ၏။ မနေ့ညက Live တွင် သူသည် ရယ်စရာကောင်းသော အဖြစ်အပျက်တစ်ခုကို ဝေမျှခဲ့ရာ ပရိသတ်များကြား အတော်လေး ရေပန်းစားသွားခဲ့သည်။
"ညီအစ်ကိုတို့ရေ၊ ငါ့ရဲ့ သိက္ခာကတော့ အသက်ကြီးမှ ပျက်ဆီးတော့မလို့ပဲ၊ ဆိုးလိုက်တာဗျာ"
ဝမ်ဟိုင်ထောင်သည် ဂိမ်းတစ်ပွဲ ဆော့ပြီးနောက် သက်ပြင်းချကာ ကိုကာကိုလာ နှစ်ဘူး သောက်လိုက်သည်။ သူသည် လေချဉ်တစ်ချက် တက်လိုက်ပြီး ပြောလိုက်၏။
"ဟန်ကျိုးမှာ အစ်ကိုချောင် နဲ့ ပွဲပြီးတော့၊ အစ်ကိုချောင်က အရမ်းစားကောင်းတဲ့ မုန့်ဆိုင်တစ်ဆိုင် တွေ့တယ်ဆိုပြီး အတင်းခေါ်လို့ ငါလည်း ယုံမြစ်မြို့ကို လိုက်သွားခဲ့တာ"
ဝမ်ဟိုင်ထောင်သည် မှတ်ချက် များထဲတွင် သူနှင့် အစ်ကိုချောင်ကို တွဲပေးထားသည့် အမည် ကို မြင်သောအခါ ကြက်သီးများ ထသွားသည်။
"ဒီ Seaweed CP ဆိုတာကြီးကို ရပ်ပေးကြပါဦး၊ မင်းတို့ ငါ့ကို ခြောက်လှန့်နေကြတာပဲ၊ မင်းတို့ကပဲ ငါ့ကို လမ်းမှားရောက်အောင် ပို့နေတာ"
သူသည် ကိုလာတစ်ငုံ သောက်ကာ ဇာတ်လမ်းကို ဆက်ပြောပြသည်။
"အစ်ကိုချောင် Booking လုပ်ထားတဲ့ ဟိုတယ်ကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ၊ တည်းခိုခန်း လို့သာ ခေါ်တယ် အဲဒီမှာ ဓာတ်လှေကားတောင် မရှိဘူး အထဲကို ခြေချလိုက်ကတည်းက ငါ ထွက်ပြေးခဲ့သင့်တာ၊ ဒါပေမဲ့ ဘယ်သူက ငါ့ကို သစ္စာရှိတဲ့သူလို့ ပြောထားလို့လဲ မသိ၊ သူငယ်ချင်းအတွက်ဆိုရင် အသက်စွန့်ရလဲ စွန့်ရပါစေ ဆိုပြီး ခရီးဆောင်အိတ်ကြီး သယ်ပြီး အပေါ်တက်ခဲ့တာ"
"အစ်ကိုချောင်က ကပ်စေးနှဲလို့ မဟုတ်ဘူးနော်၊ ဒီတည်းခိုခန်းရဲ့ ရှုကျိ နှစ်ယောက်အိပ် အခန်းခက (၆၀၀) ယွမ်ကျော်တယ်၊ ဈေးလုံးဝ မပေါဘူး၊ ဒါပေမဲ့ အခန်းရဲ့ အတွင်းပိုင်း ပြင်ဆင်မှုကတော့ တော်တော်ကောင်းတယ်၊ ဒီမှာ ဓာတ်ပုံတချို့ ပြမယ်"
ဝမ်ဟိုင်ထောင်သည် ဓာတ်ပုံများကို ထုတ်ပြလိုက်ပြီး အခန်းထဲရှိ မှန်တစ်ချပ်ကို ဝိုင်းပြလိုက်သည်။
"ဒီမှန်ကို မြင်လား ဒီမှန်က ဒီအခန်းရဲ့ အဓိက ဆွဲဆောင်မှုပဲ၊ ဒီမှန်က အခန်းထဲက မီးတွေကို ထိန်းချုပ်နိုင်တယ်၊ လိုက်ကာတွေကို ဖွင့်ပိတ်ပေးတယ်၊ ပြီးတော့ ကျန်းမာရေး စစ်ဆေးပေးပြီး ခန္ဓာကိုယ် အဆီဓာတ်ကိုပါ တိုင်းပေးတာ"
မှတ်ချက်များ တရစပ် တက်လာ၏။
"ဒါပဲလား"
ဝမ်ဟိုင်ထောင်မှာ မင်းတို့က အရမ်းနုသေးတယ် ဆိုသည့် အမူအရာဖြင့် ဆက်ပြောသည်။
"ငါလည်း အစက အဲဒီလိုပဲ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီမှန်မှာ ပိုက်ဆံပေးမှအသုံးပြုလို့ရတဲ့ လုပ်ဆောင်ချက် ရှိသေးတယ်"
ဝမ်ဟိုင်ထောင်သည် လျှို့ဝှက်ချက်ကို ဆွဲထားပြီးနောက် လက်ဆောင် နှစ်ခု ရရှိပြီးမှ ဆက်ပြောသည်။
"ဒီမှန်က မေးသမျှ မေးခွန်းတိုင်းကို ဖြေနိုင်တယ်လို့ပြောတယ်၊ ပိုက်ဆံ ပိုပေးလေ အဖြေကပိုအသေးစိပ်လေဘဲ၊ ဒါနဲ့ အစ်ကိုချောင်နဲ့ ငါလည်း မေးလို့ရသမျှ အကုန်လျှောက်မေးတော့တာပေါ့၊ အစ်ကိုချောင်ကတော့ သိတဲ့အတိုင်းပဲ လူလည်လေ၊ သူက ငါ့ကို ငါ့ရဲ့ ဖူးစာရှင်က အခု ဘယ်မှာလဲ ဆိုတာကို မေးခိုင်းတယ်"
ဇာတ်လမ်း၏ အထွတ်အထိပ်သို့ ရောက်လာရာ Live ရှိ ဖန်များမှာလည်း မှတ်ချက်များကို တရစပ် ရိုက်နေကြသည်။
"ဘာလို့ ယွမ် (၆၄၈) ဂိမ်းထဲမှာ မဖြည့်လိုက်တာလဲ"
ဝမ်ဟိုင်ထောင်မှာ ပေါင်ကို လက်ဖြင့် ရိုက်လိုက်၏။
"ငါ ပိုက်ဆံအလုံအလောက် မထည့်လိုက်လို့ပဲ၊ အဲဒီမှန်က ငါ့ကို တစ်ကြောင်းတည်း ပြန်ပြောတယ် မင်းရဲ့ ဖူးစာရှင်က မင်းအနားမှာ အမြဲရှိနေပါတယ် တဲ့"
"အဲဒီမှာတင် အစ်ကိုချောင်က ပေါက်ကွဲထွက်မတတ် ရယ်တော့တာပဲ၊ ငါ့အနားမှာ ရှိသမျှလူက ယောကျ်ားကြီးတွေချည်းပဲလေ၊ မှန်က လိမ်နေတာပေါ့၊ အဲဒါနဲ့ သူက စမတ်ကျန်းမာရေး စစ်ဆေးမှု လုပ်ပြီးတော့ မှန်မမှန် စစ်ဆေးကြည့်မယ် ဆိုပြီး လုပ်ရော"
ဝမ်ဟိုင်ထောင်သည် ထိုမြင်ကွင်းကို ပြန်ပင် မတွေးချင်တော့ပါ။
"အဲဒီမှန်က အစ်ကိုချောင်ကို ကြည့်ပြီး ပြောလိုက်တယ်၊ မင်းရဲ့ နောက်ပေါက်ကို သေသေချာချာ ဂရုစိုက်သင့်တယ် တဲ့"
မှတ်ချက်များတွင် '?' နှင့် '!' များစွာ တက်လာတော့သည်။
"ငါက အဲဒီအချိန်မှာ ငါ့ဖူးစာရှင်အကြောင်း တွေးနေတာလေ၊ အဲဒီစကားကိုလည်း ကြားရော ငါ တကယ်ကို တုန်လှုပ်သွားပြီး ကြောက်ကြောက်လန့်လန့်နဲ့ ချက်ချင်း ထွက်ပြေးခဲ့တာ၊ ငါ တကယ် ပြေးတာနော်၊ အစ်ကိုချောင်ကလည်း ခရီးဆောင်အိတ်ကြီး ဆွဲပြီး ငါ့နောက်က လိုက်ပြေးရင်း ဘာဖြစ်တာလဲဆိုပြီး တောက်လျှောက် လိုက်မေးနေတာ"
ဝမ်ဟိုင်ထောင်သည် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ကြည့်ရှုသူများမှာလည်း အလွန်အမင်း ရယ်မောနေကြသော်လည်း ဖန်အချို့ကမူ စပ်စုကြ၏။
"ဒါနဲ့ မှန်က ပြောတာ တကယ် မှန်ရဲ့လား"
ဝမ်ဟိုင်ထောင်က လျှို့ဝှက်ပြီး ကောက်ကျစ်သည့် အပြုံးဖြင့် ရယ်လိုက်သည်။
"ဟီးဟီး၊ ဟီးဟီး"
ဝမ်ဟိုင်ထောင် ဇာတ်လမ်းပြောပြသည့် ဤဗီဒီယိုကို ဖန်များက ဗီဒီယိုအတိုအဖြစ် တည်းဖြတ်လိုက်ကြသည်။ ဝမ်ဟိုင်ထောင်၏ အပြုံးမှာ တကယ်ကို ကောက်ကျစ်လွန်းသဖြင့် လူတိုင်းက ဝမ်ဟိုင်ထောင်၏ ဖူးစာရှင်က ဘယ်သူလဲဆိုသည်ကို စိတ်ဝင်စားနေကြရာ ထိုဗီဒီယိုအတိုမှာ ဂိမ်းအသိုက်အဝန်းတွင် အတော်လေး နာမည်ကြီးသွားခဲ့၏။
အော်ရိန်းလည်း ထိုဗီဒီယိုကို မြင်ခဲ့သည်။ သူသည် လူနေမှုဘဝသို့ ခြေဆန့်ပြီး တည်းခိုခန်းနှင့် အစားအစာ သုံးသပ်ချက်ဗီဒီယိုများ ရိုက်ရန် ပြင်ဆင်နေချိန်တွင်၊ ဝမ်ဟိုင်ထောင်အား ထိုလူကြိုက်များမှုအပေါ် အခွင့်ကောင်းယူပြီး ဗီဒီယိုရိုက်ချင်ကြောင်း ပြောကာ တည်းခိုခန်းလိပ်စာကို တောင်းခဲ့ခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ ဟဲယဲ့တည်းခိုခန်းရှိ အခန်းများအားလုံး ပြည့်နေသဖြင့် သူသည် လူနေမှုဘဝ ဘလော့ဂါဖြစ်သည့် ဒန်ဒန်ကို အကူအညီတောင်းခဲ့ရ၏။ ဒန်ဒန်တွင် အဆက်အသွယ် ပေါများလှပြီး သူ၏ Fan Group တွင် အကူအညီတောင်းလိုက်ရာ ရှုကျိ နှစ်ယောက်အိပ် အခန်းကို booking လုပ်ထားသည့် ဖန်များဖြစ်သော လူရန်နှင့် ရှောင်ကျားတို့ကို ရှာတွေ့သွားခဲ့သည်။
သို့ဖြစ်၍ ယနေ့တွင် အော်ရိန်းနှင့် ဒန်ဒန်တို့သည် လူရန်နှင့် ရှောင်ကျား၏ အခန်းကို ငှားရမ်းကာ ဟဲယဲ့တည်းခိုခန်းတွင် တည်းခိုခန်း သုံးသပ်သည့် ဗီဒီယို ရိုက်ကူးရန် ရောက်ရှိလာခြင်း ဖြစ်ပေတော့သည်။