← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

89

ဟဲယဲ့တည်းခိုခန်း၏ လက်ဖက်ရည်နှင့် စားစရာမုန့်များမှာ အလွန်ပင် အရသာရှိလှသဖြင့် အော်ရိန်း မှာ စားသောက်နေရင်း သူပြင်ဆင်ထားသောဇာတ်ညွှန်းများကိုပင် လုံးဝမေ့လျော့သွားပြီး ကင်မရာရှေ့တွင် သူ၏ ခံစားချက်အစစ်အမှန်များကိုသာ ပြသမိတော့သည်။ စိတ်ရင်းမှန်ဖြင့် ပြသသော ခံစားချက်များမှာ ဟန်ဆောင်ပန်ဆောင် ပြောဆိုသည့် နှုတ်ဆက်စကားများထက် အဆပေါင်းများစွာ ပို၍ ကောင်းမွန်လှပေ၏။

စားသောက်ပြသည့် ရိုက်ကူးရေးမှာ ထိရောက်မှု အလွန်ကောင်းမွန်ခဲ့ပြီး အော်ရိန်းမှာ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို ပြန်ကြည့်ရင်း တိတ်တဆိတ် အံ့အားသင့်နေမိသည်။ သူသည် အစားအသောက်တင်ဆက်သူ တစ်ယောက်ဖြစ်လာမည့် အလားအလာများ ရှိနေသလားဟုပင် တွေးမိ၏။ ထို့နောက် အဖွဲ့သားများသည် အပြင်ဘက် ရိုက်ကူးရေးအတွက် စန်းကျုံးဘုရားကျောင်း သို့ သွားရောက်ခဲ့ကြသည်။ လုရန် နှင့် ရှောင်ကျား တို့မှာ။ဟာသညဏ်ရှိသူများဖြစ်ကြပြီး သူတို့လေးဦးမှာ အလွန်ပင် အဆင်ပြေနေတော့သည်။ နေ့လယ်စာ စားပြီးနောက်မှသာ အခန်းဝင်ရန် တည်းခိုခန်းသို့ ပြန်ခဲ့ကြ၏။

နေ့လယ်ပိုင်းမှာ ခရီးသွားများ အခန်းဝင်ရန် အစည်ကားဆုံး အချိန်ဖြစ်သည်။ လီရှီမှာ ဧည့်သည်များကို စာရင်းသွင်းခြင်း၊ မှတ်ပုံတင်ကတ်ပြားများကို စစ်ဆေးပေးခြင်းများဖြင့် အတော်လေး အလုပ်များနေ၏။ သူ၏ ဘေးနားရှိ ဖုန်းမှာလည်း အဆက်မပြတ်မြည်နေသလို၊ ဧည့်သည်များ၏ မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားပေးနေရသည်။

မစ္စကျိသည် လှေကားအနီးတွင် တောင်ကြီးတစ်လုံးကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေ၏။ ဧည့်သည်တစ်ဦးမှ အခန်းကတ်ကို လက်ခံရရှိသည်ကို မြင်သည်နှင့် သူမသည် လက်နှစ်ဖက်ဖြင့် ခရီးဆောင်အိတ်၏ လက်ကိုင်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး သူမ၏ ခြေထောက်များတွင် စပရင်များ တပ်ဆင်ထားသကဲ့သို့ပင် မည်သည့်အခက်အခဲမျှ မရှိဘဲ လှေကားထစ်များကို တစ်ထစ်ချင်း အေးအေးဆေးဆေး တက်သွားပြီး ဧည့်သည်၏ ခရီးဆောင်အိတ်အားလုံးကို အခန်းတံခါးဝအထိ ပို့ဆောင်ပေးလိုက်တော့သည်။

အော်ရိန်းနှင့် အခြားသူများ အခန်းကတ်ကို ရရှိပြီးနောက်တွင် သူ လှည့်ကြည့်လိုက်ရာ မစ္စကျိသည် ခရီးဆောင်အိတ် လေးလုံးကို ကိုင်ထားသည်ကို မြင်လိုက်ရသည်။ သူ့မှာ အမြန်ရှေ့သို့ တိုးသွားကာ ပြောလိုက်၏။

"နေပါဦး၊ နေပါဦး၊ ကျွန်တော်တို့ကိုပဲ ပေးလုပ်ပါ"

သူတို့ကဲ့သို့ ယောကျ်ားလေး လေးယောက်မှာ မိန်းကလေးတစ်ယောက်ကို ခရီးဆောင်အိတ်တွေ သယ်ခိုင်းဖို့ ဖြစ်နိုင်ပါမည်နည်း။ ခန္ဓာကိုယ် ထွားကျိုင်းသော ဒန်ဒန် သည် သူ၏ ကိုယ်ကာယလေ့ကျင့်ခန်းရလဒ်များကို ပြသရန် ရှေ့သို့ တိုးသွားတော့မည် အပြုတွင်၊ မစ္စကျိသည် ခရီးဆောင်အိတ် လေးလုံးကို တည်ငြိမ်စွာ ကိုင်ဆောင်လျက် ငါးထပ်သို့ တက်သွားသည်ကို မြင်လိုက်ရလေသည်။ ဒန်ဒန် မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ သူတို့၏ အိတ်များထဲတွင် ဒရုန်းများ၊ ရိုက်ကူးရေးပစ္စည်းများနှင့် ဘက်ထရီအိုးကြီးများ ပါဝင်သဖြင့် ခရီးဆောင်အိတ်များမှာ တကယ့်ကို လေးလံလှသည်။ သူသည် အလွန်ဆုံးမှ ခရီးဆောင်အိတ် နှစ်လုံးကိုသာ အပေါ်သို့ သယ်နိုင်မည် ဖြစ်၏။ လေးလုံးကို တစ်ပြိုင်တည်း သယ်ဆောင်ရန်မှာ သူ့အတွက် လုံးဝမဖြစ်နိုင်ချေ။ မစ္စကျိအပေါ် သူ၏ အထင်သေးခဲ့သော မျက်နှာထားများမှာ ပျောက်ကွယ်သွားပြီး သူတမင်တကာ ဖောင်းကြွအောင် လုပ်ထားသော ကြွက်သားများကို တိတ်တဆိတ် ပြန်လျှော့လိုက်ကာ မစ္စကျိနောက်မှ ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ လိုက်သွားတော့သည်။

"ဧည့်သည်၊ ဒါက ရှင်တို့ရဲ့ အခန်းပါ"

မစ္စကျိသည် ခရီးဆောင်အိတ်များကို "ဘုန်း" ခနဲ မြည်အောင် ချလိုက်ပြီး ထွက်ခွာသွားသည်။ သူမသည် နောက်ထပ် ရောက်လာမည့် ဧည့်သည်များကို ဆက်လက်ကြိုဆိုရဦးမည် မဟုတ်ပါလား။ မစ္စကျိသည် ထိုတည်းခိုခန်းတွင် ရှိနေရခြင်းမှာ အလွန်ပင် ကံကောင်းလှသည်ဟု ခံစားနေရသည်။ သူမတွင် စိုက်ပျိုးရန် မြေကွက်ရှိသည်၊ မြေဆီလွှာကောင်းအောင် လုပ်ဆောင်နည်းများကို သင်ယူခွင့်ရသည်၊ နေ့တိုင်း ကောင်းကောင်းစားရပြီး နွေးနွေးထွေးထွေး ဝတ်ဆင်ရသလို အလုပ်မှာလည်း အလွန်ပင် သက်သောင့်သက်သာ ရှိလှ၏။ မစ္စကျိမှာ အားနာစိတ်ဝင်လာသဖြင့် အောက်ထပ်သို့ ပို၍ပင် မြန်မြန်ဆင်းသွားတော့သည်။ သူမသည် အလုပ်များကို ပိုမိုလုပ်ဆောင်ချင်နေမိ၏။

"ဒါက ငါတို့ရဲ့ အခန်းဖြစ်ရမယ်၊ အတော်လေး ကျယ်တာပဲ"

ဒန်ဒန်က အခန်းကို ကြည့်ရှုစစ်ဆေးလိုက်သည်။ မူလက သူသည် အော်ရိန်းနှင့်အတူ ဤအခန်းကို ငွေပိုပေးပြီး ဘိုကင်တင်ရန်နှင့် လုရန်နှင့် ရှောင်ကျားတို့အတွက် အနီးအနားရှိ ကြယ်ငါးပွင့်ဟိုတယ်တွင် အခန်းတစ်ခန်း ထပ်မံဘိုကင်လုပ်ပေးရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် လုရန်နှင့် ရှောင်ကျားတို့မှာ သူ၏ ပရိသတ်များဖြစ်ကြပြီး ငွေကို လက်မခံကြသဖြင့် ဒန်ဒန်က သူတို့ကို ရိုက်ကူးရေးတွင် ပါဝင်ရန် အကြံပြုခဲ့ခြင်း ဖြစ်၏။

"ကုတင်က အတော်ကြီးတာပဲ၊ လူလေးယောက် နေလို့ရတယ်၊ ပြဿနာမရှိဘူး"

ဒန်ဒန်မှာ ကျေနပ်နေ၏။ ဒီည အိပ်စက်ဖို့အတွက် အခက်အခဲ ရှိလိမ့်မည်မဟုတ်ပေ။ ဤနှစ်ယောက်အိပ်ခန်း သည် နွေးထွေးပြီး သက်သောင့်သက်သာရှိသော ခံစားချက်ကို ပေးစွမ်းသည်။ အခန်းမှာ သန့်ရှင်းတောက်ပနေပြီး ခေတ်မီဆန်းသစ်သော ပရိဘောဂများရှိ၏။ အဖြူရောင်နံရံများနှင့် လုံလောက်သော သဘာဝအလင်းရောင်တို့က သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးထားသဖြင့် စိတ်ကို ငြိမ်းချမ်းစေပြီး လန်းဆန်းစေသည်။ အခန်းထဲ၌ ကြီးမားပြီး နူးညံ့လှသော ကုတင်နှစ်လုံး ပါရှိပြီး၊ နေရောင်အောက်တွင် တိမ်တိုက်များကဲ့သို့ ဖွာလန်နေသော စောင်များမှာ လူကို ထိုမွေ့ရာအိအိလေးပေါ်တွင် လှဲလျောင်းနှစ်မြုပ်သွား‌စေရန် ဆွဲဆောင်နေလေသည်။

အခန်းထဲတွင် သက်သောင့်သက်သာရှိသော လက်တင်ကုလားထိုင် နှင့် လက်ဖက်ရည်သောက်စားပွဲလေး တစ်လုံးလည်း ရှိသည်။

လက်တင်ကုလားထိုင်တွင် နူးညံ့သော ခေါင်းအုံးလေး နှစ်လုံးရှိ၏။ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်လျှင် အဝါရောင်နံရံများနှင့် အနီရောင်အုတ်ကြွပ်များ ရှိသည့် စန်းကျုံးဘုရားကျောင်း၏ အလှအပကို မြင်တွေ့ရပြီး၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားသကဲ့သို့ တည်ငြိမ်အေးချမ်းမှုကို ခံစားရစေသည်။ လောကီအနှောင့်အယှက်များမှာ ဝေးကွာသွားပြီး ငြိမ်းချမ်းတည်ငြိမ်မှုသာ ကျန်ရှိတော့၏။

"အစ်ကိုအော်ရိန့်.၊ အစ်ကို Esport အသင်းမှာ ကစားတုန်းက တစ်နိုင်ငံလုံးရော၊ နိုင်ငံခြားကိုပါ ခရီးတွေ အများကြီး သွားခဲ့တာဆိုတော့ ကျွန်တော့်ထက် ဟိုတယ်တည်းတဲ့ အတွေ့အကြုံ ပိုများမှာပဲ၊ ဒီနေရာကို ဘယ်လိုမြင်လဲ"

ဒန်ဒန်မှာ အစ်ကိုအော်ရိန်းကို မေးလိုက်သည်။ သူတို့မှာ ဗီဒီယိုတစ်ခုအတွက် အတူတူလုပ်ဆောင်နေခြင်း ဖြစ်သဖြင့် အပြန်အလှန် စကားပြောဆိုမှုများမှာ ပို၍ ကောင်းမွန်သော ဗီဒီယိုတစ်ခု ဖြစ်လာစေသည်။ အတွေ့အကြုံရှိသော အော်ရိန်းသည် ဆောင့်ကြောင့်ထိုင်ကာ ကုတင်နှင့် နံရံကြားကို လက်ဖြင့် ပွတ်ဆွဲလိုက်ပြီး သူ၏လက်ချောင်းများကို ကင်မရာသို့ ပြလိုက်၏။

"အခုပဲ ငါစမ်းကြည့်လိုက်တာ၊ ငါ့လက်မှာ ဖုန်တစ်စမှ မရှိဘူး၊ ဒီဟိုတယ်က သန့်ရှင်းရေးကို အတော်လေး ကောင်းကောင်းလုပ်ထားတာပဲ၊ အဆင့်မြင့်ဟိုတယ်တွေထက် မနိမ့်ဘူး"

အော်ရိန်းမှာ အနည်းငယ် အသန့်ကြိုက်တတ်သူ ဖြစ်သဖြင့် ဟဲယဲ့တည်းခိုခန်း၏ သန့်ရှင်းရေး အခြေအနေက သူ့ကို ကျေနပ်စေခဲ့သည်။ ဟိုတယ်သုံးသပ်ချက် ရေးသားသူ တစ်ဦးအနေဖြင့် ဒန်ဒန်သည် ဟိုတယ်များစွာသို့ သွားရောက်ခဲ့ဖူးပြီး၊ သူသည်လည်း ဟဲယဲ့တည်းခိုခန်းအပေါ် အော်ရိန်း၏ ချီးကျူးစကားကို သဘောတူခဲ့၏။ ကြယ်ငါးပွင့်ဟိုတယ်များသည် များသောအားဖြင့် အလွန်ခမ်းနားထည်ဝါကြပြီး၊ ဧည့်ခန်းမ များမှာ တစ်ခုထက်တစ်ခု ပိုမိုကျယ်ဝန်းတောက်ပကာ ဆန်းပြားတင့်တယ်စွာ အလှဆင်ထားလေ့ရှိသည်။ ကြယ်ငါးပွင့်ဟိုတယ်များသည် ခမ်းနားထည်ဝါမှုကို အလေးပေးသဖြင့် ဧည့်သည်များ ဝင်လာသည်နှင့် တစ်ပြိုင်နက် မြင့်မားသော မျက်နှာကျက်မှ ဆွဲချထားသည့် လှပသော မီးဆိုင်းကြီးများ၊ တလက်လက်တောက်နေသော စကျင်ကျောက်ကြမ်းပြင်များနှင့် ဧည့်ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်တွင် စီတန်းထားသော အနုပညာလက်ရာများကို ချက်ချင်း မြင်တွေ့ရမည် ဖြစ်၏။

အချို့သော ဟိုတယ်များသည် ရောမစတိုင်လ်ကို အသုံးပြုကြပြီး၊ ဧည့်ခန်းမ၏ အလယ်တွင်ပင် အလွန်ကြီးမားသော စကျင်ကျောက်တိုင်ကြီးများကို တည်ဆောက်ထားကာ တိုင်တစ်ခုချင်းစီတွင် လက်ရာမြောက်သော ပန်းပုများ ထွင်းထုထားတတ်သည်။ ကြယ်ငါးပွင့်ဟိုတယ်များတွင် များသောအားဖြင့် စိမ်းလန်းသော မြက်ခင်းပြင်များ၊ ပွင့်လန်းနေသော ပန်းများနှင့် လှပသော ဥယျာဉ်ကြီးများလည်း ရှိတတ်၏။ လမ်းတစ်လျှောက်တွင် အမျိုးမျိုးသော ပန်းပင်များ၊ အပင်များနှင့် သစ်ပင်များကို စိုက်ပျိုးထားပြီး ကျောက်ဆောင်များ၊ ရေပန်းများနှင့် ပန်းပုရုပ်များဖြင့် ဥယျာဉ်ကို အလှဆင်ထားသည်။ မြက်ခင်းပြင်ပေါ်တွင် သက်သောင့်သက်သာရှိသော အနားယူကုလားထိုင်များကို ချထားပြီး ဥယျာဉ်၏ ထောင့်တစ်နေရာတွင် ပြင်ပစားသောက်ဆိုင်လေးတစ်ခုကိုလည်း တည်ဆောက်ထားလေ့ရှိ၏။

ဟဲယဲ့တည်းခိုခန်းတွင်တော့ အထက်ပါ အချက်များထဲမှ တစ်ခုမျှ မရှိပေ။ သို့သော် ဒန်ဒန်ကမူ ဟဲယဲ့တည်းခိုခန်းသည် အချို့သော ကြယ်ငါးပွင့်ဟိုတယ်များထက် မနိမ့်ဟု ခံစားရသည်။ ဟိုတယ်ဧည့်ခန်းမကို မည်မျှပင် ခမ်းနားစွာ အလှဆင်ထားပါစေ၊ ဧည့်သည်များသည် ဤနေရာရှိ ကြမ်းပြင်ပေါ်တွင် အိပ်စက်၍ မရနိုင်ပေ။ အထူးသဖြင့် သက်တမ်းရင့်သော ကြယ်ငါးပွင့်ဟိုတယ်အချို့မှာ အပြင်ပန်းသာ လှပပြီး အတွင်းပိုင်းမှာ ဆွေးမြည့်နေတတ်၏။ အခန်းထဲသို့ ဝင်လိုက်သည်နှင့် မှိုနံ့ကို ရရှိနိုင်ပြီး အခန်းများမှာလည်း အသံလုံမှု အလွန်ညံ့ဖျင်းလှသဖြင့် ဘေးခန်းမှ အသံအားလုံးကို ကြားနေရတတ်သည်။

ဟိုတယ်ဆိုသည်မှာ အဓိကအားဖြင့် ပင်ပန်းနွမ်းနယ်နေသော ခရီးသွားများ အနားယူရန် နေရာဖြစ်သဖြင့် သက်သောင့်သက်သာရှိမှုမှာ အရေးကြီးဆုံးဖြစ်သည်။ ဟဲယဲ့တည်းခိုခန်းရှိ အခန်းများမှာ အလွန်တိတ်ဆိတ်ပြီး လေထဲတွင် ရေမွှေးနံ့များ မရှိဘဲ နေရောင်ခြည်၏ သင်းပျံ့သောရနံ့လေးကိုသာ ရရှိသဖြင့် အိမ်ကို ရောက်နေသကဲ့သို့ ခံစားရစေ၏။ သူစောစောထခဲ့၍ ဖြစ်နိုင်သော်လည်း ယခုအခါ ဟဲယဲ့တည်းခိုခန်းရှိ နူးညံ့ပြီး သက်သောင့်သက်သာရှိသော ကုတင်ကြီးကို ကြည့်ရင်း သူသည် လှဲလျောင်းပြီး အိပ်စက်ချင်စိတ်သာ ရှိနေတော့သည်။ ဤသို့တွေးမိသည်နှင့် ဒန်ဒန်မှာ သမ်းဝေလိုက်မိ၏။

"တကယ်ကို ထူးဆန်းတယ်၊ ခုနကတော့ အားအင်တွေ ပြည့်နေတာ၊ အခု အခန်းထဲရောက်တော့ အိပ်ချင်စိတ်ပဲ ရှိတော့တယ်"

"အိပ်ချင်အောင် လုပ်ဆောင်ခြင်း" ဆိုသည့် စကားသည် အခြားနေရာများတွင် ပျင်းစရာကောင်းခြင်း သို့မဟုတ် စိတ်ဝင်စားစရာမရှိခြင်းဟူသော အဓိပ္ပာယ်အဖြစ် အသုံးပြုလေ့ရှိသော်လည်း တည်းခိုခန်းတစ်ခုအတွက်မူ ဤသည်မှာ အကောင်းဆုံးချီးကျူးစကား ဖြစ်ပေလိမ့်မည်။ သမ်းဝေခြင်းမှာ ကူးစက်တတ်သဖြင့် အော်ရိန်းမှာလည်း မနေနိုင်ဘဲ သမ်းဝေလိုက်မိသည်။ သူသည် စိတ်ကို ကြည်လင်အောင် ခေါင်းကို ခါယမ်းလိုက်ပြီး ဘေးနားတွင်ထားရှိသော စမတ်မှန်ကို ကင်မရာဖြင့် ချိန်လိုက်၏။

"ဒါက ဟိုမှော်မှန်ဖြစ်ရမယ်"

မှော်မှန်မှာ နောက်ဆုံးတွင် စကားပြောခွင့် ရရှိသွားပြီဖြစ်သည်။ အကယ်၍ ဧည့်သည်လေးဦးကို လန့်သွားမည်ကို မစိုးရိမ်ပါက ၎င်းသည် စောစောစီးစီးပင် စကားပြောနေမိမည် ဖြစ်၏။

"ကျွန်‌တော်ရဲ့ ချစ်လှစွာသော အရှင်မင်းသားတို့ခင်ဗျာ၊ ဟဲယဲ့တည်းခိုခန်းမှ ကြိုဆိုပါတယ်၊ ကျွန်‌တော်ဘာများ ကူညီပေးရမလဲခင်ဗျာ"

မှော်မှန်၏ ဆွဲဆောင်မှုရှိသော အသံမှာ ပျော်ရွှင်မှုကို ဖုံးကွယ်ထား၍ မရပေ။ ၎င်း၏အဆိုအရ ဟဲယဲ့တည်းခိုခန်းတွင် နှစ်ယောက်အိပ်ခန်းများ မရှိသင့်ပေ။ အခန်းထဲတွင် နေရာလွတ် အလွန်များပြားလှသဖြင့် ထိုစားပွဲများနှင့် ဆိုဖာများကို ဖယ်ရှားပြီး နောက်ထပ် ကုတင်နှစ်လုံး ထည့်သွင်းရန်မှာ လုံးဝပြဿနာမရှိပေ။ ထိုသို့ဆိုလျှင် ဧည့်သည် လေးဦးကို တစ်ပြိုင်တည်း လက်ခံနိုင်မည်၊ အို မဟုတ်သေးဘူး၊ လူရှစ်ယောက်အထိ လက်ခံနိုင်မည်ဖြစ်သည်။

"အရင်ဆုံး စမတ်ကျန်းမာရေးစစ်ဆေးမှုကို စမ်းကြည့်ရအောင်"

အော်ရိန်းမှာ အဆင့်လိုက် လုပ်ဆောင်ရန် စီစဉ်ထားပြီး အခမဲ့ ဝန်ဆောင်မှုများမှ စတင်ခဲ့သည်။ အော်ရိန်းနှင့် ဒန်ဒန်တို့မှာ ဤခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများ သေသေချာချာ လုပ်ဆောင်ထားပြီး အသုံးပြုရန်အတွက် ငွေများကိုလည်း အသင့်ပြင်ထားကြ၏။ ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်ချက်မှတစ်ဆင့် မှန်၏ ယုံကြည်စိတ်ချရမှုကို အတည်ပြုပြီးနောက်တွင်၊ သူတို့သည် ငွေများကို စတင်ဖြည့်သွင်းကာ တစ်ခုပြီးတစ်ခု မေးခွန်းများ မေးမြန်းကြတော့သည်။

သူတို့လေးဦးသည် မှော်မှန်နှင့်အတူ အခန်းထဲတွင် တစ်နေ့လယ်လုံး အချိန်ကုန်လွန်ခဲ့ကြသည်။ ထိုနေ့လယ်တွင် အော်ရိန်းနှင့် ဒန်ဒန်တို့မှာ ပျော်ရွှင်နေကြသည်၊ သူတို့ သိချင်သော မေးခွန်းများအတွက် အဖြေများကို ရရှိခဲ့သလို အလွန်ကောင်းမွန်သော ဗီဒီယိုအကြောင်းအရာများကို ရိုက်ကူးနိုင်ခဲ့၍ စိတ်လှုပ်ရှားနေကြ၏။ မှော်မှန်သည်လည်း ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သဖြင့် ပျော်ရွှင်နေသည်။

အကယ်၍ စုဟယ်ထံမှ မက်ဆေ့ခ်ျကို လက်မခံရရှိပါက မှော်မှန်သည် ထိုလူလေးဦး၏ ပိုက်ဆံအိတ်များကို ဆက်လက် ခြွေယူနေဦးမည် ဖြစ်သည်။ သို့သော် ၎င်းသည် အားသွင်းရန်အတွက် စုဟယ်ကို အမှီပြုနေရသည်ကို သတိရကာ မှော်မှန်မှာ မတတ်သာဘဲ ဤသို့ ပြောလိုက်တော့၏။

"ကျွန်‌တော့်ရဲ့ ချစ်လှစွာသော အရှင်မင်းသားခင်ဗျာ၊ ဒီနေ့က အရှင်မင်းသားရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်၊ ကျွန်ုပ်တို့တည်းခိုခန်းက အရှင်မင်းသားအတွက် အံ့ဩစရာတစ်ခု ပြင်ဆင်ထားပါတယ်၊ ကျေးဇူးပြုပြီး ပထမထပ်က ဧည့်ကြိုကောင်တာမှာ သွားရောက်ထုတ်ယူပေးပါခင်ဗျာ"

90

"မွေးနေ့လား ဘယ်သူ့မွေးနေ့လဲ"

ဒန်ဒန်နှင့် အစ်ကိုအော်ရိန်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး နှစ်ဦးသား၏ မျက်လုံးထဲတွင် စပ်စုလိုစိတ်များ အပြိုင်အဆိုင် ပေါ်လာကြသည်။ ထို့နောက် လူရန်နှင့် ရှောင်ကျားတို့ဘက်သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။ လူရန်မှာ ရှက်ကိုးရှက်ကန်းဖြင့် လက်ထောင်လိုက်သည်။

"ကျွန်တော့် မှတ်ပုံတင်ထဲက မွေးနေ့က တကယ်တော့ ဒီနေ့ပါပဲ "

"ဝါး၊ ဘာလို့ စောစောက မပြောတာလဲ သိရင် ငါတို့ မွေးနေ့ပွဲကျင်းပပေးရမှာပေါ့ "

ဒန်ဒန်၏ ဦးနှောက်မှာ အလုပ်စလုပ်တော့သည်။ သူ၏ခရီးဆောင်အိတ်ထဲတွင် လူရန်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးနိုင်မည့်အရာများ ပါ၊ မပါ အသည်းအသန် စဉ်းစားနေမိ၏။ ဤသည်မှာ သူ၏ ပေါ့ဆမှုကြောင့်ပင်။ အော်ရိန်းကလည်း ခေါင်းညိတ်ထောက်ခံသည်။ သူနှင့် ဒန်ဒန်သည် လူရန်နှင့် ရှောင်ကျား တို့၏အခန်းကို အသုံးပြုထားရသဖြင့် အားနာနေကြသူများ ဖြစ်၏။ ယနေ့သည် လူရန့်မွေးနေ့မှန်းလည်း သူတို့ မသိခဲ့ကြချေ။

"ဟုတ်တယ် ဟုတ်တယ်၊ ခဏနေရင် ငါတို့ အောက်ဆင်းပြီး ကိတ်မုန့်တစ်ခုသွားဝယ်ပြီး မွေးနေ့ပွဲလုပ်ပေးကြတာပေါ့ "

လူရန်မှာ လက်ကာပြလိုက်သည်။

"မလိုပါဘူးဗျာ၊ ဒီနေ့က ကျွန်တော့် မွေးနေ့အစစ်လည်း မဟုတ်ဘူး၊ ကျွန်တော်မွေးတုန်းက အမေက မှတ်ပုံတင်ထဲမှာ ရက်စွဲမှားထည့်လိုက်တာ၊ လပြက္ခဒိန်မွေးနေ့ကို နေပြက္ခဒိန်မွေးနေ့လို့ထင်ပြီး မှားမှတ်လိုက်ရာကနေ ဒီနှစ်တွေတစ်လျှောက်လုံး အဲဒီလိုပဲ ဖြစ်နေတာပါ၊ အလုပ်ရှုပ်မခံကြပါနဲ့"

အော်ရိန်း ခဏမျှ စဉ်းစားလိုက်သည်။

"ဒါဆိုရင် အောက်ဆင်းကြည့်ကြတာပေါ့"

သူနှင့် ဒန်ဒန်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အကြည့်ချင်းဖြင့် သဘောတူညီမှု ရယူလိုက်ကြသည်။ နောက်မှ လူရန်အတွက် ကိတ်မုန့်တစ်လုံး တိတ်တဆိတ် မှာပေးရန် သူတို့ ဆုံးဖြတ်လိုက်ကြ၏။ လူရန်၏ မွေးနေ့အစစ်တွင် သူတို့ အနားမှာ ရှိနေမည်မဟုတ်သဖြင့် ဤသည်မှာ မွေးနေ့ကြို ကျင်းပပေးခြင်းဟုပင် ဆိုရမည်။ သူတို့ လေးယောက်သား တစ်ဦးကိုတစ်ဦး တိုးဝှေ့ရင်း အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။ ဧည့်ကြိုကောင်တာတွင် စာရင်းတင်ထားသည့် အချက်အလက်အရ ပစ်မှတ်ကို အတည်ပြုပြီးသားဖြစ်သော စုဟယ်မှာ ရှေ့သို့တိုးလာခဲ့၏။

"မင်္ဂလာပါ၊ မစ္စတာလူ မဟုတ်လားရှင်၊ မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ ကျွန်မတို့ တည်းခိုခန်းက ရှင့်အတွက် မွေးနေ့လက်ဆောင်လေးတစ်ခု ပြင်ဆင်ထားပါတယ်ရှင် "

စုဟယ်သည် ကောင်တာပေါ်မှ ကိတ်မုန့်ကိုယူကာ ကမ်းပေးလိုက်သည်။ လီရှီသည် ဧည့်သည်များကို စာရင်းမှတ်တမ်းတင်နေစဉ် ယနေ့မှာ လူရန်၏ မွေးနေ့ဖြစ်နေသည်ကို သိလိုက်ရသဖြင့် စုဟယ်ကို အမြန် အကြောင်းကြားခဲ့ခြင်းဖြစ်၏။ စုဟယ်၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ပေါ်လာကာ အကြံရသွားသဖြင့် ဟုန်လျန်ကို ကိတ်မုန့်တစ်လုံး လုပ်ခိုင်းလိုက်ရခြင်းဖြစ်သည်။ ကိတ်မုန့်မှာ ထွေထွေထူးထူး မဟုတ်ဘဲ (၄) လက်မအရွယ် အသေးလေးသာ ဖြစ်၏။ ကိတ်သားမှာ ဖုတ်ထားသည့် ရှီဖွန်ကိတ် ဖြစ်ပြီး အလယ်တွင် ဒိန်ချဉ်သကြားလုံးနှင့် နို့ခဲလုပ်ရာမှ ကျန်ရှိသော မက်မွန်သီးနှင့် လိမ္မော်သီးစိတ်များကို ညှပ်ထားသည်။ အပြင်ဘက်ကိုတော့ အဆင်သင့်ရှိသော ခရင်မ် များဖြင့် ရိုးရိုးရှင်းရှင်းပင် သုတ်လိမ်းထား၏။ ခရင်မ်မှာ အရောင်ဆိုးထားခြင်း မရှိသော်လည်း ကိတ်မုန့်ကို ပိုမိုလှပစေရန် အပေါ်ယံတွင် ယို အချို့နှင့် အစေ့အဆန် အကြေများကို ဖြူးထားသည်။

ကိတ်မုန့်အတွက် ကိတ်မုန့်လုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများအားလုံး ရှိနေသဖြင့် မွန်းလွဲပိုင်းတွင်ပင် ကိတ်မုန့်မှာ အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်လည်း ဧည့်သည်ကို အနားယူချိန်ပေးချင်သည့်အတွက် ညနေရောက်မှသာ ဤသတင်းကို ပြောပြခြင်းဖြစ်သည်။ တစ်ဖက်မှာလည်း စုဟယ်မှာ ပို၍ ထူးခြားသည့် အံ့အားသင့်စရာ အစီအစဉ်တစ်ခု ပြင်ဆင်ထားသေး၏။

"အခမ်းအနားတစ်ခုလား"

လူရန်မှာ ဝေခွဲမရဖြစ်သွားပြီး အော်ရိန်းနှင့် ဒန်ဒန်ကို လှမ်းကြည့်လိုက်သည်။ ဒန်ဒန်သည်လည်း ဟဲယဲ့တည်းခိုခန်းက မွေးနေ့ရှင် ဧည့်သည်များအတွက် အခမ်းအနားတစ်ခု ပြင်ဆင်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ဝန်ဆောင်မှုက တကယ်ကို ကောင်းလွန်းလှသည်။ ယခင်က ကြယ်ငါးပွင့်ဟိုတယ်များထံမှ ဤလို့အခွင့်ထူးရရန်အတွက် သူသည် အခန်းဝင်သည့်နေ့တွင် မွေးနေ့ သို့မဟုတ် မင်္ဂလာဦးခရီးစဉ် ဖြစ်သည်ဟု ပြောလေ့ရှိ၏။

ဝန်ဆောင်မှု ပိုကောင်းသော ဟိုတယ်များမှာ အချိုပွဲနှင့် မန်နေဂျာ ကိုယ်တိုင်ရေးထားသည့် ကတ်လေးတစ်ခု ပေးတတ်ကြသော်လည်း၊ ကပ်စေးနှဲသော ဟိုတယ်များမှာမူ သစ်သီးဗန်း တစ်ဗန်းသာ ပေးတတ်ကြသည်။ မွေးနေ့ရှင်အတွက် အခမ်းအနား ကျင်းပပေးသည့် ဟိုတယ်မျိုးကို သူ တစ်ခါမျှ မမြင်ဖူးချေ။ XX ဟော့ပေါ့ဆိုင် (Hai Di Lao ကဲ့သို့ ဆိုင်မျိုး) ကဲ့သို့ အခမ်းအနားမျိုးများလား။

"ဘယ်လို အခမ်းအနားမျိုးလဲ"

အော်ရိန်း စပ်စုလိုက်သည်။ စုဟယ်မှာ လျှို့ဝှက်စွာ ပြုံးလိုက်၏။

"ကျွန်မတို့က ဧည့်သည်တွေရဲ့ မွေးနေ့ကို ဝိုင်းပြီး ကျင်းပပေးမှာပါ၊ မွေးနေ့မှာ ဆုတောင်းရင် ပိုပြီး ပြည့်တတ်တယ်လို့ ဆိုကြတယ်လေ၊ ကျွန်မတို့ရဲ့ အခမ်းအနားက ဧည့်သည်ရဲ့ ဆုတောင်းအတွက် အားအင်တွေ ပိုပြီး ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်၊ ဒါက ကျွန်မတို့ရဲ့ ဆုမွန်ကောင်းလေးတစ်ခုပါပဲ "

သူ၏ ဆုတောင်းမှာ အလွန်ရိုးရှင်းပါသည်။ လူရန်က တိုးတိုးလေး ရေရွတ်လိုက်၏။

"ကျွန်တော် တစ်ညတည်းနဲ့ ချမ်းသာသွားချင်တယ်"

"ဟဲ ဘယ်သူက မချမ်းသာချင်ဘဲ နေမလဲ "

အစ်ကိုအော်ရိန်းလည်း ချမ်းသာချင်တာပေါ့။ သူသည် ယခုအချိန်တွင် ဂိမ်းလောက၌ နာမည်ရနေသည့် တင်ဆက်သူတစ်ဦး ဖြစ်သော်လည်း အလုပ်မလုပ်ဘဲ အေးအေးဆေးဆေး ထိုင်စားနိုင်သည့်အထိတော့ မချမ်းသာသေးသဖြင့် ဗီဒီယိုတွေ ရိုက်ရန် ကြိုးစားနေရဆဲ ဖြစ်သည်။ ဒန်ဒန်က အကြံကောင်းတစ်ခု ရသွားသဖြင့် အစ်ကိုအော်ရိန်းကို ဘေးသို့ ဆွဲခေါ်ကာ တိုးတိုးလေး ပြောလိုက်၏။

"ငါတို့မှာ ကိတ်မုန့်ရှိနေပြီဆိုတော့ နောက်တစ်လုံး ထပ်ဝယ်ဖို့က အဆင်မပြေတော့ဘူး၊ လူရန်က တစ်ညတည်းနဲ့ ချမ်းသာချင်တယ်လို့ ပြောတယ်မလား သူ့ကို ထီလက်မှတ်တွေ တစ်အုပ်လောက် ပေးလိုက်ရင် ဘယ်လိုလဲ "

ခဲခြစ်ထီလက်မှတ်များမှာ ယခုနှစ်တွင် အလွန်ခေတ်စားနေပြီး အွန်လိုင်းတွင်လည်း ထီပေါက်ပြီး ချမ်းသာသွားသူများအကြောင်း သတင်းများစွာ ရှိနေသည်။ မကြာသေးမီကပင် တက္ကသိုလ်ကျောင်းသူလေးတစ်ဦးသည် (၄) ယွမ်ဖိုး ထီထိုးရာမှ (၅) သန်း ပေါက်သွားခဲ့ပြီး ထိုသတင်းမှာ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူကြည့်အများဆုံး သတင်းများထဲတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့၏။

"ကောင်းပြီ၊ လူနေမှုဘဝရဲ့ ထိပ်တန်းဘလော့ဂါပီပီ မင်းရဲ့ ဦးနှောက်က မြန်သားပဲ၊ ဒီနည်းလမ်းက လူရန်အတွက် ချက်ချင်းချမ်းသာနိုင်မယ့် လမ်းကြောင်းတစ်ခုကို ငါတို့က ဖွင့်ပေးလိုက်သလို ဖြစ်တာပေါ့ "

အော်ရိန်း ဒန်ဒန်ကို လက်မထောင်ပြလိုက်သည်။ သူသည် လူရန် မရိပ်မိအောင် အကြောင်းပြချက်တစ်ခု ပေးကာ အပြင်သို့ ခဏထွက်ခဲ့၏။ ဟဲယဲ့တည်းခိုခန်းမှာ မြို့ဟောင်းထဲတွင် ရှိသဖြင့် အနီးအနားတွင် ဆိုင်လေးများစွာ ရှိသည်။ အော်ရိန်းသည် ထီဆိုင်တစ်ဆိုင်ကို ရှာတွေ့ပြီး ခဲခြစ်ထီလက်မှတ် တစ်အုပ်လုံးကို ဝယ်ယူခဲ့သည်။ အော်ရိန်းသည် အမောတကောဖြင့် ပြန်ရောက်လာပြီး ဟဲယဲ့တည်းခိုခန်း၏ နောက်ဖေးဥယျာဉ်ထဲတွင် ကျန်သည့်လူများကို ရှာတွေ့ခဲ့၏။

အခမ်းအနားက မစသေးချေ။ အော်ရိန်းသည် အမောဖြေရင်း နောက်ဖေးဥယျာဉ်ကို လေ့လာကြည့်မိသည်။ ထိုနေရာမှာ ဟင်းသီးဟင်းရွက် စိုက်ခင်းတစ်ခုနှင့် တူလှ၏။ ဘယ်ဘက်ခြံကွက်တွင် သေသပ်သော ဟင်းသီးဟင်းရွက်ခင်းများ ရှိပြီး ခရမ်းသီးပင်များနှင့် ပဲတောင့်ရှည်ပင်များမှာ စိမ်းလန်းစိုပြည်နေကာ မြေဆီလွှာမှာလည်း ရေလောင်းထားသဖြင့် စိုစွတ်နေသည်မှာ ဂရုတစိုက် ပြုစုထားကြောင်း သိသာလှသည်။ ညာဘက်တွင်မူ ပန်းပင်များစွာ စိုက်ပျိုးထားသည်။ ရှားပါးမျိုးစိတ်များ မဟုတ်ဘဲ သာမန်ပန်းပင်များသာ ဖြစ်သော်လည်း ဝေဝေဆာဆာ ပွင့်လန်းနေကြ၏။ နှင်းဆီပင်အုပ်စု၏ ရှေ့တွင် သစ်သားစင်တစ်ခုကို ဆောက်ထားပြီး အမျိုးသမီးတစ်ဦးမှာ ထိုစင်ရှေ့တွင် ရပ်နေသည်။

သူမသည် ရွှေဖြင့် လုပ်ထားသည့်အလား တောက်ပသော ရွှေဝါရောင် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်။ သူမ ဝတ်ဆင်ထားသည်မှာ အနီနှင့် အနက်ရောင် ရောယှက်နေသော ဝတ်ရုံရှည်ကြီး ဖြစ်သဖြင့် ကြည့်ရသည်မှာ ခန့်ညားထည်ဝါပြီး လျှို့ဝှက်ချက်များ ပြည့်နှက်နေပုံ ရ၏။ မျက်နှာဖုံး၏ မျက်လုံးပေါက်များတွင် စိမ်းရင့်ရောင် ကျောက်မျက်များကို စီခြယ်ထားပြီး နက်ရှိုင်းလှသဖြင့် အဆုံးမရှိသော လျှို့ဝှက်ချက်များကို ဝှက်ထားသကဲ့သို့ ရှိသည်။

သူမ၏ လက်ထဲတွင် လျှို့ဝှက်သင်္ကေတများ ထွင်းထုထားသည့် ရှေးဟောင်းမှော်လက်ကိုင်တုတ် တစ်ခုကို ကိုင်ထားသည်။ သူမသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေလေ၏။ အော်ရိန်းကို မြင်လိုက်ရသည်နှင့် သူမသည် မှော်လက်ကိုင်တုတ်ကို မြေပြင်ပေါ်သို့ အရှိန်ဖြင့် ဆောင့်ချလိုက်သည်။ မှော်တံစိုး၏ ထိပ်ဖျားမှ မီးတောက်များ ရုတ်တရက် ပွင့်ထွက်လာ၏။ သူမသည် တောက်လောင်နေသော မှော်လက်ကိုင်တုတ်ကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ လေတိုးသံများ ထွက်ပေါ်လာသော်လည်း မီးတောက်မှာမူ တစ်စုံတစ်ခုသော မှော်အင်အားက ကာကွယ်ထားသကဲ့သို့ မငြိမ်းဘဲ တည်ငြိမ်နေသည်။ လူရန်မှာ ဤအံ့ဖွယ်မြင်ကွင်းကို မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေမိတော့၏။

သူမသည် မှော်လက်ကိုင်တုတ်ကို အသုံးပြု၍ သစ်သားစင်ကို မီးရှို့လိုက်သည်။ မီးလောင်သံနှင့်အတူ သစ်သားစင်မှာ မီးစွဲသွားပြီး မီးပုံကြီးတစ်ခုအဖြစ်ပြောင်းလဲသွား၏။ ထိုအမျိုးသမီးသည် တောက်လောင်နေသော မှော်လက်ကိုင်တုတ်ကို မြှောက်ကိုင်ကာ မီးပုံနှင့် လူရန်ကိုပတ်၍ ကခုန်ပါတော့၏။ မီးရောင်အောက်တွင် ထိုအမျိုးသမီး၏ပုံရိပ်မှာ ပိုမို၍လျှို့ဝှက်ဆန်းကြယ်လာပါတော့သည်။

All Chapters