← Chapters

အခန်း (၆၆၃-၆၆၄)

Vol. 67 Ch. 663-664

အခန်း (၆၆၃-၆၆၄)

Vol. 67 Ch. 663-664

အခန်း (၆၆၃) - ကောင်းကင်မီးကို ထိန်းချုပ်ခြင်း ၊တာအိုကျောင်းကို ပြန်လည်ပြုပြင်ခြင်း ၊ မြည်းသားကိတ် ၊ တာအိုဆရာ အလောင်း ထလာခြင်း

ထိုရွှမ်းကျီကောင်းကင်မီး၏ အငွေ့အသက်မှာ အလွန်ပင် ရိုင်းစိုင်းရမ်းကားလှပေသည်။

လီယန်ချူးသည်လည်း မိမိ၏ မီးနတ်ဘုရား ဂါထာတော် ကို အားကိုးရုံဖြင့် ဤမျှလွယ်လွယ်ကူကူ သိမ်းပိုက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ စိတ်ကတွေးလိုက်ရုံဖြင့် လက်ဖဝါးထဲ၌ ခုနက ရွှမ်းကျီကောင်းကင်မီးမှာ ပြန်လည်ပေါ်ထွက်လာသည်။ မည်သည့် အဟန့်အတားမျှ မရှိချေ။

သူ မချိပြုံးလေး ပြုံးလိုက်မိ၏။

"ကြည့်ရတာ ဟိုအဘိုးကြီး တာအိုဆရာက ဒီမီးကို တကယ်ပိုင်ဆိုင်တာ မဟုတ်ဘူးပဲ... တစ်ခုခုကို သုံးပြီး ခဏတဖြုတ် ခိုင်းစေနေရုံပဲ ရှိတာ"

လီယန်ချူးက တစ်ချက်ကြည့်ရုံဖြင့် ပြဿနာကို ရိပ်မိလိုက်သည်။

သူသည် ရွှမ်းကျီကောင်းကင်မီးကို လက်ဖဝါးထဲသို့ ပြန်သိမ်းလိုက်ပြီးနောက် ကျွေ့ဟွာထံသို့ လျှောက်သွားလိုက်သည်။

"ဘယ်လိုလဲ ဘာဖြစ်သွားသေးလဲ"

လီယန်ချူးက မေးလိုက်၏။

ကျွေ့ဟွာ၏ မျက်နှာမှာ ဖြူလျော့နေပြီး အသက်ရှူသံမှာလည်း အနည်းငယ် အားနည်းနေသည်။

"ငါ ဘာမှမဖြစ်ပါဘူး... ဒါပေမဲ့ တာအိုကျောင်းကြီး ပျက်စီးသွားပြီ"

သူမ၏ အမူအရာမှာ အလွန်ပင် စိတ်မကောင်းဖြစ်နေဟန် တူသည်။

လီယန်ချူးက အိမ်စောင့်ခိုင်းထားသည့် အရေးကြီးသော တာဝန်ကို ပေးအပ်ခဲ့သော်လည်း၊ ခဏအတွင်းမှာပင် တစ်ပါးသူ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား။

လီယန်ချူး ခေတ္တမှင်သက်သွားပြီးမှ ရယ်မောလိုက်ကာ

"တာအိုကျောင်း ပျက်ရင် ပြန်ဆောက်လို့ရတယ်... အသက်သာ မရှိတော့ရင် ဘာမှလုပ်လို့ မရတော့ဘူး... နောက်ခါ ဒီလို အစွမ်းထက်တဲ့ ရန်သူမျိုးနဲ့ တွေ့ရင် ထွက်ပြေးဖို့ အရင်စဉ်းစား"

သူသည် လက်ကို ကျွေ့ဟွာ၏ ပုခုံးပေါ်သို့ တင်လိုက်ရာ၊ ကြီးမားလှသော သက်စောင့်အားအင် များမှာ ကျွေ့ဟွာ၏ ပုခုံးမှတစ်ဆင့် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။

ယခုအခါ သူ၏ နတ်ဘုရားစွမ်းအားမှာ အလွန်ပင် ထူထပ်လှပြီး သက်စောင့်အားအင်မှာလည်း အတိုင်းအဆမရှိ ကြီးမားလှပေသည်။

ခဏအတွင်းမှာပင် ကျွေ့ဟွာ၏ ကိုယ်တွင်းဒဏ်ရာများကို ကုသပေးလိုက်နိုင်ရုံသာမက၊ သူမကို နှိပ်စက်နေသည့် နတ်ဘုရားမီးများကိုလည်း ဖယ်ရှားပေးလိုက်သည်။

ကျွေ့ဟွာမှာ နေသာထိုင်သာရှိသွားသဖြင့် ညည်းညူသံပင် ထွက်လုမတတ် ဖြစ်သွားရသည်။ သို့သော် လမ်းမပေါ်တွင် ဖြစ်နေသဖြင့် အတင်းအကျပ် အောင့်ထားရကာ ပါးပြင်လေးများမှာမူ နီမြန်းလာတော့သည်။

'ဟိုအဘိုးကြီးရဲ့ မီးဓာတ်အတတ်က တကယ်ကို မသေးဘူးပဲ...' လီယန်ချူးက ကျွေ့ဟွာ၏ နီမြန်းနေသော မျက်နှာကို ကြည့်ကာ လက်ဖဝါးမှတစ်ဆင့် သက်စောင့်အားအင်များကို ပိုမို ထည့်ပေးလိုက်သည်။

ကျွေ့ဟွာသည် ခုနက ချီလုံတာအိုဆရာ၏ မီးဓာတ်အတတ်ဖြင့် ချုပ်နှောင်ခြင်း ခံထားရသည်။ သူမ၏ မူလဝိညာဉ်မှာ အရည်ပျော်လုနီးပါး ဖြစ်ခဲ့ရပြီး၊ ခန္ဓာကိုယ်မှာလည်း အချိန်ပြည့် မီးလောင်မြိုက်ခံနေရသကဲ့သို့ အလွန်ပင် နာကျင်လှပေသည်။

ယခုအခါ လီယန်ချူး၏ နတ်ဘုရားစွမ်းအားများဖြင့် လောင်းထည့်ပေးလိုက်ပြီး သက်စောင့်အားအင်များ ပြည့်လျှံသွားသောအခါ ငရဲမှ နတ်ပြည်သို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

နေလို့ကောင်းလွန်းသဖြင့် ခြေထောက်များပင် ပျော့ခွေသွားကာ လီယန်ချူး၏ ကိုယ်ပေါ်သို့ အသာအယာ မှီတွယ်လိုက်မိတော့သည်။

ဤတုံ့ပြန်မှုကြောင့် လီယန်ချူး အနည်းငယ် အံ့ဩသွားရသည်။

"မဟုတ်သေးပါဘူး... ကျွေ့ဟွာ ကိုယ်ထဲက မီးတွေကို ဖယ်ထုတ်ပြီးပြီပဲ... အင်း... နတ်ဘုရားစွမ်းအားတွေ အကုန်အကျ များသွားလို့ နေမှာပါ"

သူသည် လက်ကို လှုပ်ရှားလိုက်ကာ ကျန်းထင်ရှန်း စပျစ်သီးတစ်လုံးကို ထုတ်ယူ၍ ကျွေ့ဟွာကို ကျွေးလိုက်သည်။

မကြာမီမှာပင် ရုန်းရင်းဆန်ခတ်မှုများ ငြိမ်သက်သွားတော့သည်။ ရုံးတော်မှ ဖမ်းဆီးရေးသမားများ ရောက်ရှိလာပြီး၊ ဝမ်အရာရှိ ကိုယ်တိုင် ရောက်လာခြင်းပင်။

ချင်းယွန်းကျောင်း၏ အခြေအနေကို မြင်လိုက်ရသောအခါ သူ မျက်လုံးအပြူးသား ဖြစ်သွားရသည်။

"လီတာအိုဆရာ... ဘာတွေ ဖြစ်ကုန်တာလဲ"

ဝမ်အရာရှိ က မေးလိုက်၏။

"တာအိုဆရာ နှစ်ယောက်... နေ့ခင်းကြောင်တောင် ဝေမြို့ထဲမှာ လူသတ်ဖို့ ကြံစည်ပြီး ငါ့ရဲ့ ချင်းယွန်းကျောင်းကိုပါ ဖောက်ခွဲဖျက်ဆီးပစ်လိုက်လို့... ငါ သူတို့ကို သတ်ပစ်လိုက်ပြီ"

လီယန်ချူးက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီလိုတောင် ရှိရသလား ဒီလူမိုက်တွေက တော်တော် သတ္တိကောင်းတာပဲ "

"တာအိုဆရာ... စိတ်မပူပါနဲ့၊ ဒီကိစ္စကို ကျွန်တော် သေချာပေါက် စုံစမ်းစစ်ဆေးပြီး တရားမျှတအောင် လုပ်ပေးပါ့မယ် "

ဝမ်အရာရှိက ရဲရဲဝံ့ဝံ့ ပြောဆိုလိုက်သည်။

"ကျေးဇူးပါပဲ" လီယန်ချူးက ပြုံး၍ ပြောလိုက်၏။

"ဒီတာအိုဆရာတွေ ဘယ်ကလဲဆိုတာ တာအိုဆရာ သိသလား ကျွန်တော် အထက်ကို တင်ပြပြီး သူတို့ရဲ့ တာအိုကျောင်းကို ပိတ်ပစ်ခိုင်းမယ်... ကျန်တဲ့ အပေါင်းအပါတွေကိုလည်း ကိုယ်တိုင် သွားဖမ်းပေးမယ်"

ဝမ်အရာရှိက အင်တင်တင်ဖြင့် ပြောလိုက်သည်။

"မလိုပါဘူး" လီယန်ချူးက ခေါင်းခါပြလိုက်၏။

"မရဘူးလေ လီတာအိုဆရာ... ခင်ဗျားက သဘောကောင်းလွန်းနေတယ်... ဒီလို လူမိုက်တွေကို လွှတ်ထားရင် နောက်ပိုင်း အတင့်ရဲလာကြလိမ့်မယ်... ခေတ်ပျက်မှာ ဥပဒေက ပြင်းထန်ဖို့ လိုတယ်"

ဝမ်အရာရှိ က အသံကို နှိမ့်ကာ ပြောလိုက်သည်။

ဘေးနားရှိ ရှောင်ရန်က ဝမ်အရာရှိကို လှမ်းကြည့်လိုက်မိသည်။

သူမသည် ကျင့်ကြံသူဖြစ်ရာ အာရုံခံစားမှု အလွန်ထက်မြက်သည်။ ဝမ်အရာရှိ ပြောသမျှကို အကုန် ကြားနေရသည်။

'သဘောကောင်းလွန်းတယ်'

ဥပမာ... လူတစ်ယောက်ကို ဝိညာဉ်ပါ ကြေမွသွားအောင် သတ်တာမျိုးလား ဒါမှမဟုတ် (၃) ကြိမ်တိုင်တိုင် သတ်တာမျိုးလား။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝမ်အရာရှိ ဒါပေမဲ့ သူတို့ရဲ့ ဂိုဏ်းကို လိုက်ပြီး အရေးယူဖို့ကတော့ မလိုတော့ပါဘူး"

လီယန်ချူးက ပြောလိုက်သည်။

"ဒါ ဘယ်ဖြစ်မလဲ ဒီလို မိစ္ဆာတာအိုဆရာတွေကို ခွင့်မလွှတ်နိုင်ဘူး လီတာအိုဆရာ... သူတို့က ဘယ်ကျောင်းကလဲဆိုတာပဲ ပြောပါ... ကျွန်တော် လူတွေခေါ်ပြီး သူတို့တောင်ပေါ်ကို သွားချေမှုန်းပစ်မယ်"

ဝမ်အရာရှိက ခက်ထန်စွာ ဆိုလိုက်သည်။

"သူတို့က မော်ရှန်ဂိုဏ်း က"

လီယန်ချူးက ခေတ္တစဉ်းစားပြီးမှ ဝမ်အရာရှိ ပြောတာလည်း အကျိုးရှိနိုင်သည်ဟု ယူဆကာ ပြောပြလိုက်သည်။

"......" ဝမ်အရာရှိ ဆွံ့အသွားရသည်။

မော်ရှန်ဂိုဏ်းဆိုသည်မှာ ချန်နိုင်ငံ၏ တာအိုလောကတွင် အလွန်ကြီးမားသော ဂိုဏ်းကြီး ဖြစ်သည်။ မော်ရှန်ဂိုဏ်းချုပ်၏ အဆင့်အတန်းမှာ အလွန်မြင့်မားပြီး၊ တပည့်များမှာလည်း နတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံသူများ ဖြစ်ကြသည်။

"ဘာရပ်ကြည့်နေတာလဲ ဒီမိစ္ဆာတာအိုဆရာရဲ့ အလောင်းကို ရုံးတော်ကို သယ်သွားကြစမ်း "

ဝမ်အရာရှိ က လှည့်ပြီး သူ၏ လက်အောက်ငယ်သားများကို ငေါက်ငမ်းလိုက်သည်။

ထို့နောက် လီယန်ချူးဘက်သို့ လှည့်ကာ

"လီတာအိုဆရာ... ခင်ဗျားပြောတာလည်း ဟုတ်ပါတယ်၊ ကျွန်တော့်အကူအညီ လိုရင်လည်း အချိန်မရွေး ပြောပါ" ဟု ပြုံး၍ ဆိုလိုက်သည်။

ဝမ်အရာရှိမှာ ထိုကဲ့သို့သော ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ မကြာမီမှာပင် ဖမ်းဆီးရေးသမားများကို ခေါ်ဆောင်ကာ အလျင်အမြန် ထွက်ခွာသွားပြီး၊ ဝိုင်းအုံကြည့်နေသော လူအုပ်ကိုလည်း လူစုခွဲပေးလိုက်သည်။

"ဆရာ... ကျွန်တော်တို့ ဘာလုပ်ကြမလဲ ဟိုမော်ရှန်ဆိုတဲ့ဆီကို သွားပြီး ကျန်တဲ့ တာအိုဆရာတွေကို သွားဖမ်းကြမလား"

ကိုယ်လုံးတောင့်တောင့်နှင့် ဖမ်းဆီးရေးသမား လူငယ်လေးတစ်ဦးက ကပ်မေးလိုက်သည်။

ဝမ်အရာရှိ က သူ့ကို ဆတ်ခနဲ ကန်လိုက်ပြီး

"မအေဘေး မင်း ဘယ်လောက်တောင် သောက်ထားလို့လဲ မော်ရှန်ဆိုတဲ့ နေရာက နတ်ဘုရားတွေ နေတဲ့နေရာကွ ဒီကိစ္စက ငါတို့နဲ့ ဘယ်လိုမှ မဆိုင်ဘူး "

လူငယ်လေးမှာ မြှောက်ပင့်ပြောဆိုရင်း အလွဲဖြစ်သွားသဖြင့် ဝမ်အရာရှိ ၏ နောက်မှ ခေါင်းငိုက်စိုက်ဖြင့် လိုက်သွားရတော့သည်။

လီယန်ချူးသည် အပျက်အစီးပုံ ဖြစ်သွားသော ချင်းယွန်းကျောင်းကို ကြည့်ကာ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။ ခဏလေး အပြင်ထွက်လည်လိုက်တာ... မျက်စိတစ်မှိတ်အတွင်း အိမ်မရှိတော့ဘူး။

ထိုအိမ်လေးမှာ ဟောင်းနွမ်းနေသော်လည်း အချိန်အတော်ကြာ နေထိုင်ခဲ့သည့် သံယောဇဉ် ရှိသည် မဟုတ်ပါလား။

"ဟာ... သွားပြီ ငါ့မြည်း ဘယ်မှာလဲ "

လီယန်ချူး ထိတ်ခနဲ ဖြစ်သွားကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

လေပြေတစ်ချက် ဝေ့သွားပြီးနောက်...

မည်းကြီးမှာ မြူးတူးစွာဖြင့် ပြေးဝင်လာပြီး လီယန်ချူး၏ ခြေထောက်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်တော့သည်။

"မင်း ဘာမှမဖြစ်ဘူးပဲ... မည်းကြီး တော်သေးတာပေါ့"

လီယန်ချူးက ရယ်မောလိုက်သည်။

မည်းကြီး၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာပြီး သူ၏သွားဖြူဖြူကြီးများကို ဖြဲပြလိုက်၏။

"မင်း ဘာမှမဖြစ်တာ အကောင်းဆုံးပဲ မင်းက ငါ့ဆရာ ချန်ထားရစ်ခဲ့တဲ့ အဖိုးတန် အမွေအနှစ်လေ... မင်းသာ တစ်ခုခုဖြစ်သွားရင် ဒီည ငါ မြည်းသားကိတ် ပဲ စားရတော့မှာ"

လီယန်ချူးက မည်းကြီး၏ ခေါင်းကို ပုတ်ကာ ပြုံးပျော်နေသော်လည်း၊ မည်းကြီးမှာမူ တစ်ကိုယ်လုံး တုန်တက်သွားရသည်။

ယခုအခါ လီယန်ချူးသည် ယန်ဝိညာဉ်အဆင့် ပညာရှင်ကြီး ဖြစ်နေပြီ ဖြစ်ရာ၊ ချန်အစိုးရက သူ့အတွက် နတ်ဘုရားကျောင်းများ၊ နန်းတော်များ ဆောက်လုပ်ပေးချင်မည်မှာ အသေအချာပင်။

တောင်တစ်တောင်လုံးကို ပေးမည်ဆိုလျှင်ပင် ကိစ္စမရှိပေ၊ သို့သော် လီယန်ချူးမှာ ထိုကဲ့သို့ အရာများတွင် စိတ်မဝင်စားပေ။ သို့မဟုတ်ပါက ချင်းယွန်းကျောင်းသည် ဝေမြို့တွင် အမွှေးတိုင်နံ့များဖြင့် အစည်ကားဆုံး ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။

'အရင်က တာအိုကျောင်းကို တစ်စုံတစ်ယောက်က နတ်ဘုရားအတတ်နဲ့ ဖုံးကွယ်ပေးထားတာ ဖြစ်ရမယ်... အခုတော့ အဲ့ဒီအတတ် ပျက်သွားပြီလား ဒါမှမဟုတ် ရန်ငြိုးက အရမ်းကြီးလွန်းလို့ ဖုံးမရတော့တာလား'

လီယန်ချူး၏ မျက်လုံးများတွင် တွေးတောနေဟန် ပေါ်လာသည်။

တာအိုဆရာအိုကြီးနှင့် တန်းရန်ကျိတို့ အတူရပ်နေသည်ကို မြင်ကတည်းက သူ ၇၀-၈၀ ရာခိုင်နှုန်းခန့် ရိပ်မိခဲ့သည်။ ထိုသူမှာ ဆရာဦးလေး ပြောပြဖူးသော ချီလုံတာအိုဆရာ ဖြစ်ရပေမည်။

သူသည် မိမိကိုယ်ပေါ်ရှိ ဒိုချန်ပုတီး ကို ထုတ်ကြည့်လိုက်ရာ၊ ဤဆုတောင်းပုတီးမှာ နတ်ဘုရားအလင်းတန်းများ လင်းလက်နေဆဲပင်။ ဤသည်မှာ ကုသိုလ်မှတ် တစ်သိန်းတန် ရတနာဖြစ်ပြီး သူ့အတွက် ကံကောင်းခြင်းများကို ဆောင်ကြဉ်းပေးကာ ဘေးအန္တရာယ်များကို ဖယ်ရှားပေးသည့် အရာဖြစ်သည်။ မမျှော်လင့်ဘဲ ရန်သူကတော့ လိုက်လာဆဲပင်။

သူသည် ဆိုင်ရှင်မကို ရှာကာ သက်ပြင်းချလိုက်ပြီး

"လက်သမားတွေ၊ ပန်းရံသမားတွေကို ခေါ်ပြီး တာအိုကျောင်းကို ပြန်ပြင်ပေးပါဦး" ဟု ပြောလိုက်သည်။

ဆ်ုင်ရှင်မက "ရှယ် ပြန်ဆောက်မှာလား" ဟု မေး၏။

လီယန်ချူးက ခေါင်းခါပြလိုက်ကာ

"အရင်အတိုင်းပဲ ပြန်ဖြစ်အောင် လုပ်ပေးပါ... အကြီးအသေးနဲ့ ဦးတည်ချက်ကို အရင်အတိုင်းပဲ ထားပေးပါ"

ဆိုင်ရှင်မက ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် လူတစ်ဦးနှင့် ပေါင်းသင်းရသည်မှာ အလွန်သက်သောင့်သက်သာရှိအောင် နေတတ်သည့် အမျိုးသမီးမျိုး ဖြစ်သည်။

သူသည် ထိုက်ဖင်တည်းခိုခန်းထဲသို့ ဝင်သွားလိုက်သည်။

ဒေါက် ဒေါက် ဒေါက်

ဒေါက် ဒေါက် ဒေါက်

ဝမ်အရာရှိသည် အလျင်အမြန် ပြန်ရောက်လာသည်။

"လီတာအိုဆရာ... မကောင်းတော့ဘူးအကြီးအကျယ် ဖြစ်ကုန်ပြီ "

လီယန်ချူး မျက်မှောင်ကြုတ်လိုက်ကာ

"ဘာဖြစ်လို့လဲ"

"ဟို တာအိုဆရာ လူငယ်ရဲ့ အလောင်းက... ရုတ်တရက် ထလာတယ် ပြီးတော့ ကောင်းကင်ပေါ် ပျံတက်ပြီး ပျောက်ကွယ်သွားပြီ "

ဝမ်အရာရှိက တုန်လှုပ်ချောက်ချားစွာ ပြောလိုက်တော့သည်။

အခန်း (၆၆၄) - သည်းထန်စွာရွာသွန်းသောမိုး ၊ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေ ၊အသက်ရှင်ခြင်းနှင့် သေခြင်းက ငါ့လက်ခုပ်ထဲမှာ

"တန်းရန်ကျိ အလောင်းထလာတယ် ဟုတ်လား "

လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။ တန်းရန်ကျိ၏ အလောင်းက ဘာကြောင့် ရုတ်တရက် ထလာရသနည်း။ သူ၏ မူလဝိညာဉ်ကို ရှစ်ခွင်မှန်ဖြင့် အရည်ဖျော်ပစ်ခဲ့ပြီးဖြစ်ရာ ပုံမှန်ဆိုလျှင် ယုတ်ညံ့သော အငွေ့အသက်များ ကျန်ရှိနေစရာ အကြောင်းမရှိပေ။

"မလောနဲ့ဦး... ခုနက ဘာတွေဖြစ်ခဲ့တာလဲ သေချာပြောပြပါဦး"

လီယန်ချူးက မေးလိုက်သည်။

"ခုနက ညီအစ်ကိုတွေက အဲ့ဒီတာအိုဆရာရဲ့ အလောင်းကို ရုံးတော်ကို သယ်သွားကြတာ... လမ်းမှာတင် အဲ့ဒီတာအိုဆရာက ရုတ်တရက် နိုးလာတယ် သူရယ်လိုက်တဲ့ အသံက အရမ်းကို ကြောက်ဖို့ကောင်းတယ်... ပြီးတော့ တိမ်တွေကို နင်းပြီး ကောင်းကင်ပေါ် ပျံတက်ပျောက်ကွယ်သွားတာပဲ"

ဝမ်အရာရှိမှာ အခုထိ ရင်တုန်မပြယ်သေးပေ။

ဤစကားကို ကြားလိုက်ရသောအခါ လီယန်ချူးသာမက တည်းခိုခန်းအတွင်းရှိ လူအားလုံးပါ လှည့်ကြည့်လာကြသည်။

"ဝမ်အရာရှိ... ရှင်ပြောတာ သူက ပျံသွားတာ ဟုတ်လား "

တင်းရုံ က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဟုတ်တယ် ခြေထောက်အောက်မှာ တိမ်တွေဖြစ်ပေါ်လာပြီး ကောင်းကင်ပေါ် ပျံတက်သွားတာ မြင်လိုက်ရတာ "

ဝမ်အရာရှိက ဆိုသည်။

တင်းရုံ ၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်သွားတော့သည်။

တိမ်စီးနှင်ခြင်းနှင့် မြေပြင်မှ ကြွတက်ခြင်း ဤသည်မှာ တတိယအဆင့် ကျင့်ကြံသူများသာ လုပ်ဆောင်နိုင်သည့် စွမ်းဆောင်ရည်ဖြစ်သည်။ တန်းရန်ကျိသည် တတိယအဆင့်သို့ ခြေတစ်လှမ်းအလိုသာ ရှိသေးသူဖြစ်ရာ မည်သို့ တိမ်စီးသွားနိုင်မည်နည်း။ ထို့ပြင် သူသည် သေချာပေါက် အသတ်ခံခဲ့ရပြီး ဝိညာဉ်ပါ ဖျက်ဆီးခံခဲ့ရသည် မဟုတ်ပါလား။

လီယန်ချူးသည်လည်း စဉ်းစားမရ ဖြစ်နေသည်။ ခုနက လမ်းမပေါ်တွင် တန်းရန်ကျိ၏ ရုပ်အလောင်းကို သူ ဖျက်ဆီးခြင်း မပြုခဲ့ပေ။ ဝေမြို့သားများ ရှေ့တွင် ဖြစ်နေသဖြင့် သူသည် ထိုအလောင်းကို ဘာမှဆက်မလုပ်တော့ဘဲ ရုံးတော်သို့သာ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။ ထိုကောင်က ရုတ်တရက် ထလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

"ဘယ်ဘက်ကို ဦးတည်သွားတာလဲ"

လီယန်ချူးက မေးလိုက်သည်။

"အနောက်မြောက်... အနောက်မြောက်ဘက်ကိုပါ"

ဝမ်အရာရှိက အလျင်အမြန် ဖြေသည်။

"ကောင်းပြီ... ငါသွားကြည့်လိုက်ဦးမယ် ဘာဖြစ်တာလဲဆိုတာ"

လီယန်ချူးက တည်ငြိမ်စွာ ဆိုလိုက်သည်။

"သတိထားပါဦး အလောင်းက သေရာကနေ ပြန်ရှင်လာပြီး ပျံထွက်သွားတယ်ဆိုတာ တစ်ခုခုတော့ မှားနေပြီ"

ရှောင်ရန်က သတိပေးလိုက်သည်။

လီယန်ချူးက အသာအယာ ခေါင်းငြိမ့်ပြကာ

"ငါ ချက်ချင်း ပြန်လာခဲ့မယ်"

သူသည် လက်ဖြင့် ဂါထာမန္တန်တစ်ခု ဖော်လိုက်ရာ ခန္ဓာကိုယ်မှာ အသာအယာ တုန်ခါသွားပြီးနောက် ခြေထောက်အောက်တွင် မင်္ဂလာတိမ်တိုက်များ ပေါ်ထွက်လာကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။

တန်းရန်ကျိ တိမ်စီးပြီး ထွက်ပြေးသွားသည့် ကိစ္စတွင် သူ့မှာလည်း တာဝန်ရှိသည်ဟု ခံစားရသည်။ အလောင်းကို အပိုင်းပိုင်းဖြစ်အောင် အမှုန့်လုပ်ပစ်သည့် အရင်က အလေ့အကျင့်အတိုင်း လုပ်ခဲ့သင့်သည်ဟု သူ တွေးလိုက်မိသည်။

လီယန်ချူး ထွက်ခွာသွားပြီးနောက် လူတိုင်း ဝိုင်း၍ ဆွေးနွေးကြတော့သည်။

"ဒီတန်းရန်ကျိက ဘာဖြစ်တာလဲ တကယ်ပဲ သေရာကနေ ပြန်ရှင်လာတာလား "

ရှောင်ရန်က အံ့ဩတကြီး မေးလိုက်သည်။

"မဖြစ်နိုင်တာ သူရဲ့ ဝိညာဉ်ထွက်လာတဲ့အချိန်မှာ ရှစ်ခွင်မှန်နဲ့ အရည်ဖျော်လိုက်တာ ငါတို့အားလုံး မြင်ခဲ့ကြတာပဲ... ဘယ်လိုလုပ် ပြန်ရှင်လာမှာလဲ "

တင်းရုံ က လေးနက်စွာ ဆိုသည်။

"ဝိညာဉ်ခွဲထုတ်တဲ့ အတတ်မျိုးလား"

ရှောင်ရန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"တတိယအဆင့် မရောက်ဘဲနဲ့တော့ ဝိညာဉ်ခွဲတဲ့ အတတ်ကို မသုံးနိုင်ဘူး... ဒါပေမဲ့ တန်းရန်ကျိမှာ ရတနာ တစ်ခုခုရှိနေတာလည်း ဖြစ်နိုင်တယ်"

တင်းရုံ က ခေါင်းငြိမ့်ပြသည်။

လီယန်ချူးက တန်းရန်ကျိကို သတ်လိုက်သည်မှာ အားလုံး၏ မျက်မြင်ပင်။ သို့သော် လမ်းခုလတ်တွင် သေရာက ပြန်ရှင်လာပြီး တိမ်စီးထွက်ပြေးသွားသည်မှာ အလွန်ပင် ထူးဆန်းလှသည်။

ချင်းယွန်းကျောင်းတွင် တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီး ကျောင်းတော် ပျက်စီးသွားရုံသာမက ရုံးတော်ကလည်း လူစုခွဲထားသဖြင့် တည်းခိုခန်းအတွင်း၌ အခြားဧည့်သည်များ မရှိချေ။ လှပသော အမျိုးသမီးတစ်အုပ်နှင့် ဝမ်အရာရှိသာ ရှိနေကြသည်။

ဝမ်အရာရှိသည် ဤနေရာတွင် သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်နေရသည်။

"ဟော... ကောင်းကင်ကြီးက ဘာလို့ မှောင်သွားတာလဲ"

ဝမ်အရာရှိက အပြင်သို့ လှမ်းကြည့်ကာ အံ့ဩတကြီး ပြောလိုက်သည်။

လူတိုင်း အပြင်သို့ လှမ်းကြည့်လိုက်ကြရာ ခုနက မွန်းတည့်နေပူကြီးမှာ ယခုအခါ မည်းမှောင်နေသော မိုးတိမ်များဖြင့် ဖုံးလွှမ်းသွားသည်ကို တွေ့လိုက်ရသည်။ လေထုမှာလည်း လေးလံထိုင်းမှိုင်းနေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးဖွဲဖွဲလေး စတင်ရွာကျလာတော့သည်။

မိုးမှာ တဖြည်းဖြည်း ပို၍ ပြင်းထန်လာကာ...

ဝေါခနဲ မကြာမီမှာပင် သည်းထန်စွာ ရွာသွန်းသော မိုးကြီး ဖြစ်သွားပြီး မြေပြင်ပေါ်၌ ရေငွေ့များပင် ထလာတော့သည်။

ဝမ်အရာရှိက မနေနိုင်ဘဲ ညည်းတွားလိုက်သည်

"ဒီကမ္ဘာပျက်မယ့် ရာသီဥတုကတော့... တကယ်ပဲ ပြောမရဆိုမရ ပြောင်းလဲတာပဲ"

အလှပေါင်းစုံ ပိုင်ဆိုင်ထားသည့် ဆိုင်ရှင်မသည် ဝမ်အရာရှိ၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"ငါကြည့်တာတော့ ကောင်းကင်ကြီးက သာယာနေတုန်းပဲ မဟုတ်လား"

ဝမ်အရာရှိ ဆွံ့အသွားကာ အံ့အားသင့်စွာ မေးလိုက်သည်။

"ဆိုင်ရှင်မ... ဘာဖြစ်လို့လဲ အပြင်မှာ သည်းကြီးမဲကြီး ရွာနေတာကို "

သူတို့နှစ်ဦး၏ စကားဝိုင်းကို ကြားလိုက်ရသောအခါ အခြားသူများလည်း လှည့်ကြည့်လာကြသည်။

"ဘယ်မှာ မိုးရွာလို့လဲ... ကောင်းကင်လည်း မမှောင်ဘူး၊ ခုနကအတိုင်းပဲ မဟုတ်လား "

ဆိုင်ရှင်မက ပြုံး၍ ပြောလိုက်ပြန်သည်။

ဝမ်အရာရှိ မျက်မှောင်ကြုတ်လိုက်ကာ

"ဆိုင်ရှင်မ... ခုနက ကိစ္စကြောင့် လန့်သွားလို့များလား"

မိုးသံမှာ ပိုမိုကျယ်လောင်လာပြီး ကောင်းကင်တွင် မကြာခဏ မိုးခြိမ်းသံများ ကြားနေရသည်။

ဂျိန်း ဂျိန်း

တည်းခိုခန်းအတွင်းမှာ အနည်းငယ် မှောင်ကျလာသည်။

ထိုအချိန်တွင် လျှပ်စီးလက်သည့် အလင်းတန်းမှာ ဝမ်အရာရှိ၏ မျက်နှာပေါ်သို့ ကျရောက်သွားရာ သူ၏ အမူအရာမှာ တစ်မျိုး ဖြစ်သွားသည်။ သူသည် တံခါးဝတွင် ရပ်နေပြီး ထိုမိုးကာရံကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။

ပုံမှန်ဟု ထင်ရသော မိုးကာရံကြီးမှာ ယခုအခါ တစ်မျိုးတစ်ဖုံ ထူးဆန်း လာတော့သည်။

ရှောင်ရန်က လက်ချောင်းလေးဖြင့် တစ်ချက်ခါလိုက်ရာ ဓားအလင်းတန်းတစ်ခု လေထဲသို့ ပျံထွက်သွားပြီး ပြတင်းပေါက် အပြင်ဘက်သို့ ဦးတည်သွားသည်။ သို့သော် ၎င်းသည် အပြင်သို့ ရောက်သည်နှင့် ပျောက်ကွယ်သွားပြီး တည်းခိုခန်း အပြင်ဘက်တွင် ဘာမှမတွေ့ရပေ။

ရှူး

လူတိုင်း မနေနိုင်ဘဲ အေးစိမ့်သွားကြသည်။

"ဒီမိုးက တစ်ခုခု ထူးဆန်းနေတယ်"

ရှောင်ရန်က အံ့ဩစွာ ဆိုသည်။

ဆိုင်ရှင်မက တည်ငြိမ်စွာ ပြောလိုက်သည်

"ဒီမိုးက ထူးဆန်းနေတာ မဟုတ်ဘူး... တကယ်တော့ မိုးမရွာနေတာ"

ဝမ်အရာရှိက ခပ်ပြုံးပြုံးဖြင့်

"ဆိုင်ရှင်မ ပြောတာကို ကျွန်တော် ပိုပြီး နားမလည်တော့ဘူး"

"ဝမ်အရာရှိကတော့ နားမလည်တာ မဆန်းပါဘူး... ဒါပေမဲ့ ရှင့်အနေနဲ့ကတော့ သေချာပေါက် နားလည်မှာပါ"

ဆိုင်ရှင်မက ပြုံးရွှင်စွာ ဆိုလိုက်သည်။

ဝမ်အရာရှိ မျက်မှောင်ကြုတ်ကာ

"ဒီစကားက ဘာကို ဆိုလိုတာလဲ"

ဆိုင်ရှင်မက သူ့ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ပန်းချီအတတ်လိုမျိုး ဘေးထွက်လမ်းစဉ်ကို အခုနောက်ပိုင်း ကျင့်တဲ့သူ တော်တော် ရှားသွားပြီ... ဒီလောက်အဆင့်အထိ ရောက်ဖို့ဆိုရင်တော့ ရတနာ တစ်ခုခုကို အားကိုးထားတာ ဖြစ်ရမယ်"

ဝမ်အရာရှိ၏ မျက်လုံးများ ပြောင်းလဲသွားကာ တိတ်ဆိတ်သွားတော့သည်။

တည်းခိုခန်းအတွင်းရှိ လူတိုင်း ချက်ချင်း သတိရှိသွားကြ၏။

"တော်တာပေါ့ ဆိုင်ရှင်မမှာ ဒီလောက်အထိ ထိုးထွင်းသိမြင်တဲ့ မျက်လုံးမျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး"

ဝမ်အရာရှိက ခေါင်းမော့လိုက်ရာ အလွန်တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

"ခင်ဗျား ဒါကို ဘယ်လို သိလိုက်တာလဲ "

သူ အမှန်တကယ်ပင် သိချင်နေခြင်း ဖြစ်သည်။ လီယန်ချူးကဲ့သို့ ယန်ဝိညာဉ် ကျင့်ကြံသူတောင် ဘာပြဿနာမှ မတွေ့ခဲ့သည်ကို ဤလှပသော ဆိုင်ရှင်မက မည်သို့ သိသွားရသနည်း။

"ရှင်က ဝမ်အရာရှိ မဟုတ်ဘူးလေ... ငါက တစ်ချက်ကြည့်ရုံနဲ့ သိတာပဲ၊ ဘာတွေ အားစိုက်နေစရာ လိုလို့လဲ"

ဆိုင်ရှင်မက တည်ငြိမ်စွာ ဆိုသည်။

ဆိုင်ရှင်မ၏ စကားအဆုံးတွင်...

အခန်းအတွင်းရှိ လူတိုင်း၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ဤလူက ရုံးတော်က ဝမ်အရာရှိ မဟုတ်ဘူးလား

အတုကြီးလား

ရှောင်ရန်က တာအိုလောက၏ နတ်မျက်စိ အတတ်ဖြင့် ကြည့်လိုက်သည်။ သို့သော် ဝမ်အရာရှိ၏ ကိုယ်ပေါ်တွင် အသွင်ပြောင်းအတတ် အငွေ့အသက် လုံးဝမရှိဘဲ အားလုံးမှာ သဘာဝအတိုင်းပင် ဖြစ်နေသည်။

လူတိုင်း၏ စိတ်ထဲတွင် အေးစိမ့်သော ခံစားချက်တစ်ခု ပေါ်လာသည်။ ဤလူသည် လူတိုင်းကို အသံတိတ် ထိုနေရာတွင် ပိတ်လှောင်ထားနိုင်ပြီး ရာသီဥတုကိုပင် ပြောင်းလဲနိုင်သည်လား။ ဤကဲ့သို့သော နတ်ဘုရားအတတ်မျိုးမှာ ကြောက်စရာ ကောင်းလှသည်။

"သိသွားတော့ရော ဘာဖြစ်လဲ... မင်းတို့ ငါ့ကို ယှဉ်နိုင်ဦးမှာမို့လို့လား "

ဝမ်အရာရှိ၏ မျက်နှာတွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ လေယူလေသိမ်းနှင့် အမူအရာမှာ ခုနကနှင့် လုံးဝ ခြားနားသွားရာ လူကို အေးစိမ့်သွားစေသည်။

ဘေးနားရှိ ရှောင်ရန်က လက်ချောင်းဖြင့် တစ်ချက်ခါကာ တာအိုဓားဂါထာကို ထုတ်ဖော်လိုက်သည်။ ဓားအလင်းတန်း သုံးခုမှာ လေထဲသို့ ပျံထွက်သွားပြီး အလွန်ပင် ထက်မြက်လှသည်။ သူမသည် တာအိုလောက၏ ပါရမီရှင်တစ်ဦး ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အသိအမှတ်ပြုခံထားရသူ ဖြစ်ရာ တာအိုအတတ်တွင် အလွန်ထူးချွန်သည်။

ထိုဓားအလင်းတန်းသည် မျက်စိတစ်မှိတ်အတွင်း လူ့ဦးခေါင်းကို ဖြတ်နိုင်စွမ်း ရှိသော်လည်း ဝမ်အရာရှိ၏ ရှေ့သို့ ရောက်သောအခါ ပျောက်ကွယ်သွားတော့သည်။

သူမ မျက်နှာ ပျက်သွားကာ ဝမ်အရာရှိကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။

"ဒါက ဘာဖြစ်တာလဲ"

ဝမ်အရာရှိက တည်ငြိမ်စွာ ပြောလိုက်သည်

"အပိုတွေ လုပ်မနေကြပါနဲ့တော့... ငါ့ရဲ့ ပန်းချီကားထဲကို ရောက်လာပြီဆိုမှတော့၊ အသက်ရှင်ခြင်းနဲ့ သေခြင်းက ငါ့လက်ခုပ်ထဲမှာပဲ "

ချက်ချင်းပင်

ရှောင်ရန်၊ တင်းရုံ နှင့် ကျွေ့ဟွာ သုံးဦးလုံး ဝမ်အရာရှိထံသို့ ပြေးဝင်တိုက်ခိုက်ရန် ပြင်လိုက်ကြသော်လည်း...

နောက်တစ်စက္ကန့်တွင်...

သူတို့ သတိထားကြည့်လိုက်ရာ မိမိတို့သည် မူလနေရာမှာတင် လှုပ်ရှား၍မရဘဲ တောင့်တင်းနေသည်ကို တွေ့လိုက်ရသည်။

ဤအခြေအနေက သူတို့ သုံးဦးလုံးကို တုန်လှုပ်သွားစေတော့သည်။ ရှောင်ရန်နှင့် တင်းရုံတို့မှာ တာအိုလောက၏ ပါရမီရှင်များ ဖြစ်ကြပြီး ဒုတိယအဆင့် နောက်ဆုံးပိုင်းသို့ ရောက်နေသူများ ဖြစ်သည်။ ကျွေ့ဟွာမှာလည်း ထူထပ်သော အမွှေးတိုင်နံ့သာ နတ်ဘုရားစွမ်းအားများကို လက်ခံရရှိထားသည့် တောင်စောင့်နတ် ဖြစ်ရာ ခန္ဓာကိုယ်မှာ အလွန်သန်မာလှသည်။

မမျှော်လင့်ဘဲ ထိုဝမ်အရာရှိအတု၏ ရှေ့တွင် သူတို့ သုံးဦးလုံးမှာ လှုပ်ရှား၍မရဘဲ ပိတ်လှောင်ခြင်း ခံလိုက်ရတော့သည်။

All Chapters