← Chapters

အခန်း (၆၆၇-၆၆၈)

Vol. 67 Ch. 667-668

အခန်း (၆၆၇-၆၆၈)

Vol. 67 Ch. 667-668

အခန်း (၆၆၇) - ရှန်ရှန်းနန်းဆောင်၏ နတ်အစေပါး ၊ နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင် ၊ မပြောအပ်သော ကိစ္စရပ်များ ၊ အဖြူရောင်ဝတ် လူငယ်

"နင်က ဘယ်လိုတောင် ဒီအစီရင်တွေကို ပြင်ရဲတာလဲ ဒီနတ်ဘုရားပန်းချီကားက ဘယ်လောက်တောင် တန်ဖိုးရှိတဲ့ ရတနာလဲဆိုတာ နင်သိလား နင်ပြင်လိုက်တာက..."

လျန်ယွီချင်သည် စကားကို ရုတ်တရက် ရပ်လိုက်သည်။ ဆိုင်ရှင်မ ပြင်ဆင်လိုက်သည့် အစီရင်များမှာ ပို၍ မှန်ကန်နေကြောင်း သူမ ချက်ချင်း သတိပြုမိသွားခြင်း ဖြစ်သည်။

လျန်ယွီချင်မှာ ပန်းချီလမ်းစဉ် ပါရမီရှင်တစ်ဦး ဖြစ်သည်။ ထို့ပြင် ဤနတ်ဘုရားပန်းချီကားမှာလည်း ပန်းချီလမ်းစဉ်၏ အထွတ်အထိပ် ရတနာတစ်ခု ဖြစ်၏။ ထို့ကြောင့် ပန်းချီကား၏ လည်ပတ်ပုံများကို သူမသည် တောင်ပေါ်ရှိ အဖိုးကြီးများထက်ပင် ပို၍ နားလည်သူဖြစ်သည်။

ယခုအခါ ဆိုင်ရှင်မ ရေးဆွဲလိုက်သည့် အစီရင်များကို မြင်လိုက်ရသောအခါ သူမ မအံ့ဩဘဲ မနေနိုင်တော့ချေ။

"ကဲ... အခုတော့ နင်တို့ ဘယ်နှစ်ယောက်လာကြတာလဲ၊ ဘာတွေ ကြံစည်နေကြတာလဲဆိုတာ ပြောလို့ရပြီမလား "

ဆိုင်ရှင်မက တည်ငြိမ်စွာ မေးလိုက်သည်။

လျန်ယွီချင် ခဏမျှ တိတ်ဆိတ်သွားပြီးမှ သက်ပြင်းချကာ ဆိုသည်။

"ကျမနာမည် လျန်ယွီချင်ပါ၊ ရှန်ရှန်းနန်းဆောင်က တပည့်တစ်ဦးပါပဲ၊ အခုတစ်ခေါက် တောင်အောက်ဆင်းလာတာက လင်ရွှီးနတ်ဘုရားနယ်မြေထဲက ကျိုရှောင်နတ်ဘုရားကျမ်း ကို လုယူဖို့ ဆရာ့အမိန့်နဲ့ လာခဲ့တာပါ"

တစ်ဖန် ကျိုရှောင်နတ်ဘုရားကျမ်း ပင် ဖြစ်နေပြန်ပြီ

လီယန်ချူးက လျန်ယွီချင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှဝင်မပြောပေ။

လျန်ယွီချင်က ဆက်ပြောသည်

"ဒါ့အပြင် ကျွန်မနဲ့အတူ နတ်အစေပါး တစ်ယောက်လည်း တောင်အောက်ကို လိုက်လာပါတယ်၊ သူကတော့ ဒီတာအိုဆရာ လီကို ရင်ဆိုင်ဖို့ အဓိက လက်နက်ပါပဲ"

"နတ်အစေပါး" လီယန်ချူးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ရှန်ရှန်းနန်းဆောင်ထဲမှာ နောက်ခံသမိုင်းကြောင်း နက်နဲတဲ့ ကျင့်ကြံသူကြီးအချို့ ရှိကြတယ်၊ နန်းဆောင်ထဲ ရောက်သွားရင် သူတို့က နတ်ဘုရားတွေရဲ့ အစေအပါးတွေ ဖြစ်သွားကြတာပေါ့၊ ဒါပေမဲ့ အဲ့ဒါကြောင့်ပဲ သူတို့က အဆင့်ကျော်ဖြတ်နိုင်ပြီး ယန်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ကြတာပါ"

လျန်ယွီချင်က ရှင်းပြသည်။

"ဆိုလိုတာက... နင်တို့ဆီက နတ်အစေပါးကလည်း တတိယအဆင့်ပေါ့ "

လီယန်ချူးက မေးလိုက်သည်။

လျန်ယွီချင်က ခေါင်းညိတ်ပြသည်

"ဟုတ်ပါတယ်၊ အဲ့ဒီနတ်အစေပါးက တကယ့်ကို တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်ကြီးပါ"

လီယန်ချူးနှင့် ဆိုင်ရှင်မတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

လီယန်ချူးက ပြုံးကာ

"ယန်ဝိညာဉ်အဆင့် တစ်ယောက်တည်းနဲ့တော့ ငါ့ကို မယှဉ်နိုင်ပါဘူး" ဟု ဆိုသည်။

"အဲ့ဒီနတ်အစေပါးက တတိယအဆင့် အလယ်ပိုင်းမှာ ရှိတာပါ၊ သူ့လက်ထဲမှာ နန်းဆောင်သခင်ကိုယ်တိုင် ချီးမြှင့်ထားတဲ့ အစွမ်းထက် ရတနာတစ်ခုလည်း ရှိတယ်၊ နောက်ပြီး ရှင့်ကို ရင်ဆိုင်ဖို့ ဝေမြို့တောင်ထဲမှာ နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင် ကိုလည်း ခင်းကျင်းထားပြီးပြီ"

"နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင်"

လီယန်ချူး ခဏမျှ ကြောင်သွားသည်။ ဤအစီရင်အကြောင်း သူ တစ်ခါမှ မကြားဖူးချေ။

"ဒါက ရှေးဟောင်းကျင့်ကြံသူတွေရဲ့ အစီရင်ပဲ၊ ခန္ဓာကိုယ် ကြံ့ခိုင်လွန်းတဲ့ ကျင့်ကြံသူတွေကို သတ်ဖို့ သုံးတာ၊ အရင်တုန်းက အင်အားကြီးတဲ့ မိစ္ဆာအိုကြီးတွေ အများကြီး ဒီအစီရင်ထဲမှာ သေခဲ့ဖူးတယ်"

ရှင်းဟုန်ယဲ့က ဝင်ပြောလိုက်သည်။

ထို့နောက် သူမက ထပ်လောင်းဆိုသည်

"ဒါပေမဲ့ ဒီနဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင်က တကယ့် နဂါးစစ်စစ်ရဲ့ သွေးကို အစပျိုး အဖြစ် သုံးမှ ရတာ၊ မဟုတ်ရင် ဘာအစွမ်းမှ မရှိဘူး"

လျန်ယွီချင်က ရှင်းဟုန်ယဲ့ကို တစ်ချက်ကြည့်လိုက်ကာ မအံ့ဩဘဲ မနေနိုင်တော့ချေ။ ဤတည်းခိုခန်းထဲက အမျိုးသမီးများမှာ တစ်ယောက်မှ သာမန်မဟုတ်ကြပေ။

"မင်းပြောတာ မှန်တယ်၊ နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင်က တကယ့်နဂါးသွေး လိုအပ်တာပဲ၊ ကျမတို့ ရှန်ရှန်းနန်းဆောင်မှာတော့ နဂါးသွေးအစစ် ရှိနေတယ်လေ"

လျန်ယွီချင်က တည်ငြိမ်စွာ ဆိုသည်။

"အဲ့ဒီနတ်အစေပါးက ရှန်ရှန်းနန်းဆောင်ထဲ မဝင်ခင်က ဘယ်ဂိုဏ်းကလဲဆိုတာ နင်သိလား "

လီယန်ချူးက မေးလိုက်သည်။

"မသိဘူး၊ ရှန်ရှန်းနန်းဆောင်ထဲ ရောက်တာနဲ့ အတိတ်နဲ့ အစအန ပြတ်သွားတာပဲ၊ အဲ့ဒီ အစွမ်းထက်တဲ့ နတ်အစေပါးတွေမှာ ကိုယ်ပိုင်အတတ်ပညာတွေ ရှိကြသလို နန်းဆောင်ရဲ့ အတတ်တွေကိုလည်း ပြောင်းလဲကျင့်ကြံကြတယ်၊ သာမန်အချိန်မှာတော့ ခွဲခြားလို့ မရနိုင်ဘူး"

လျန်ယွီချင်က ခေါင်းခါပြသည်။

"သူ့ဆီက ရတနာကရော ဘာလဲ"

လီယန်ချူးက ထပ်မေးသည်။

လျန်ယွီချင်က ခေါင်းခါမြဲ ခေါင်းခါလျက်

"အဲ့ဒါက နန်းဆောင်သခင် ကိုယ်တိုင်ပေးတာမလို့ ကျမလည်း မသိဘူး"

"ဒါဆို ရှန်ရှန်းနန်းဆောင်က ဘယ်နေရာမှာလဲ"

"လျှို့ဝှက်နယ်မြေ တစ်ခုထဲမှာပါ၊ ကျွန်မ ပြန်သွားမယ်ဆိုရင်လည်း နန်းဆောင်ထဲက လူတွေ လာကြိုမှ ရတာ၊ တိကျတဲ့ တည်နေရာကိုတော့ မပြောနိုင်ဘူး"

"တန်းရန်ကျိက သေပြီးမှ ဘယ်လိုပြန်ရှင်လာတာလဲ"

လီယန်ချူးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဤလျန်ယွီချင်မှာ တကယ်ပင် မသိခြင်းလော သို့မဟုတ် တမင်ဖုံးကွယ်နေခြင်းလော မသိရချေ။ အရေးကြီးသော အချက်အလက်များစွာကို သူမ မပေးနိုင်သေးပေ။

လျန်ယွီချင်သည် တန်းရန်ကျိအကြောင်း မေးသည်ကို ကြားသောအခါ ပါးစပ်ဟလိုက်ရုံရှိသေး... တစ်ကိုယ်လုံးမှာ ဘောလုံးတစ်လုံးကဲ့သို့ ဖောင်းကားလာတော့သည်။

ဝုန်း

သူမ ရုတ်တရက် ပေါက်ကွဲသွားကာ မူလဝိညာဉ်နှင့် ခန္ဓာကိုယ် သွေးသားများမှာ လုံးဝ ဥဿုံ ပျောက်ကွယ်သွားတော့သည်။

ဤပေါက်ကွဲမှုအရှိန်မှာ အလွန်ပင် ပြင်းထန်လှ၏။ သို့သော် လီယန်ချူးနှင့် ဆိုင်ရှင်မတို့ ရှေ့တွင်မူ မည်သည့်လှိုင်းမှ မထစေနိုင်ပေ။

အထူးသဖြင့် ထိုပန်းချီကားထဲက ကမ္ဘာတွင် ဆိုင်ရှင်မသည် အခွင့်အာဏာ အများစုကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်သည်နှင့်တစ်ပြိုင်နက် သူမသည် တည်နေရာကို အခြားတစ်နေရာသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ဂျိန်း

ထိုအချိန်မှသာ ကောင်းကင်ယံမှ မိုးကြိုးပစ်သံကဲ့သို့သော ပေါက်ကွဲသံကြီးက ပဲ့တင်ထပ်လာတော့သည်။

"တခြားအကြောင်းတွေ မေးတုန်းက ဘာမှမဖြစ်ဘဲနဲ့၊ တန်းရန်ကျိ သေပြီးပြန်ရှင်တဲ့အကြောင်း မေးလိုက်တာနဲ့ ပေါက်ကွဲသွားတာပဲ"

လီယန်ချူးက စဉ်းစားနေမိသည်။

"သူမကိုယ်ထဲမှာ ရှိနေတဲ့ အစီရင်က ဝိညာဉ်ပြန်ခေါ်ဂါထာ တစ်ခုတည်း မဟုတ်ဘူး၊ ပိုပြီး အစွမ်းထက်တဲ့ အချုပ်အနှောင်တစ်ခု ရှိနေသေးတယ်"

ဆိုင်ရှင်မက မျက်မှောင်ကြုတ်ကာ ဆိုသည်။

အစီရင်များ ပြင်ဆင်ပြီးသည့် ပန်းချီကားထဲက ကမ္ဘာကပင် မတားဆီးနိုင်သော အချုပ်အနှောင်မျိုးပင်။

ဝေမြို့ အပြင်ဘက်

လီယန်ချူးသည် ရှစ်ခွင်မှန် ကို ထုတ်ယူကာ သေပြီးမှ ပြန်ရှင်လာသည့် တန်းရန်ကျိ၏ နောက်ကြောင်းကို လိုက်ရှာနေသည်။ တန်းရန်ကျိမှာ မွေးရာပါ မီး ဓာတ်ပိုင်ရှင်ဖြစ်သဖြင့် သူ့ကိုယ်မှ ပြင်းထန်သော မီးအငွေ့အသက်များကို ဖမ်းဆီးရန် လွယ်ကူလှသည်။

အကယ်၍ သူက သေပြီးမှ ပြန်ရှင်လာခြင်း သို့မဟုတ် အခြားသော အရာတစ်ခုက သူ့အလောင်းကို အသုံးချနေခြင်း ဆိုပါက ပြင်းထန်သော ယင်စွမ်းအင် သို့မဟုတ် အလောင်းပုပ်နံ့များ ရှိနေမည်ဖြစ်ရာ ထိုအငွေ့အသက်များကို ဖမ်းယူရန် လွယ်ကူလှပေသည်။

သို့သော် လီယန်ချူး အနောက်မြောက်ဘက်သို့ အကြာကြီး ပျံသန်းလာသော်လည်း မည်သည့် အလောင်းကိုမျှ မတွေ့ရချေ။ ဆန့်ကျင်ဘက်အားဖြင့် လေထုထဲ၌ ပြင်းထန်လှသော မီးဓာတ်အငွေ့အသက်များက လွင့်ပျံနေ၏။ ထိုအငွေ့အသက်မှာ လီယန်ချူးအနေဖြင့် ရှစ်ခွင်မှန်ကို မသုံးဘဲ ဝိညာဉ်အာရုံတစ်ခုတည်းနှင့်ပင် ဖမ်းယူနိုင်လောက်အောင် သိသာလှသည်။

"ဒီလောက်အထိ ထင်ရှားနေတာလား"

လီယန်ချူး အနည်းငယ် မျက်မှောင်ကြုတ်မိသည်။ ခုနက သူ စိတ်မချသဖြင့် တည်းခိုခန်းထဲတွင် ဝိညာဉ်ခွဲပုံရိပ်တစ်ခု ချန်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူသည် ယန်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဝိညာဉ်ခွဲအတတ်မှာလည်း များစွာ တိုးတက်လာပြီ ဖြစ်သည်။ ထိုဝိညာဉ်ခွဲပုံရိပ်မှာ ဒုတိယအဆင့် နောက်ဆုံးပိုင်း၏ အစွမ်းရှိသည်။

ထို့ပြင် ကုသိုလ်မှတ်ဖြင့် အဆင့်မြှင့်ထားသော မိုးကြိုးငါးပါးအဆောင်၊ ကျန့်ကျောင်းဓား၊ ရွှေရောင်ဦးဆောင်း စသည့် ရတနာများကိုလည်း ထိုပုံရိပ်နှင့်အတူ ထားခဲ့သဖြင့် တည်းခိုခန်းထဲက အရေးပေါ် အခြေအနေများကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

သို့သော် ထိုဝိညာဉ်ခွဲအတတ်တွင် ပုံရိပ်နှစ်ခုကြားက မှတ်ဉာဏ်မှာ ချက်ချင်း ဆက်သွယ်၍ မရနိုင်သေးပေ။ ထိုပုံရိပ်ကို ပြန်လည် ရုပ်သိမ်းပြီးမှသာ ဘာဖြစ်ခဲ့သည်ကို သူ သိနိုင်မည်ဖြစ်သည်။

"တန်းရန်ကျိရဲ့ ဝိညာဉ်ကို ငါကိုယ်တိုင် ချေဖျက်ခဲ့တာ၊ ဒါတောင် သူ ပြန်ရှင်လာပြီး တိမ်စီးပျံသန်းနိုင်နေတာက တကယ်ကို ထူးဆန်းလွန်းတယ်"

လီယန်ချူးသည် တန်းရန်ကျိ ချန်ထားခဲ့သော မီးဓာတ်အငွေ့အသက်များကို လိုက်ရင်း ဝေမြို့တောင်တန်းများဆီသို့ ရောက်ရှိလာသည်။

တိမ်စိုင်များကို နင်းလျက် ကောင်းကင်ယံမှ ကြည့်လိုက်သောအခါ မကောင်းသော အာရုံတစ်ခု ခံစားလိုက်ရသည်။ ယန်ဝိညာဉ်အဆင့်သို့ ရောက်ပြီးနောက် သီးခြား ကျင့်စဉ်မလိုဘဲ ကောင်းကင်နှင့်လူသား အာရုံခံစားမှု ရှိနေပြီ ဖြစ်သည်။

ဝေမြို့တောင်တန်းများကြားတွင် အနီရောင်အလင်းတန်းများ လင်းလက်နေသည့် အလွန်အစွမ်းထက်သော အငွေ့အသက်တစ်ခု ရှိနေသည်။ ဤသည်မှာ ပုန်းကွယ်နေခြင်း မဟုတ်တော့ဘဲ...

"ငါ ဒီမှာရှိတယ်၊ အမြန်လာခဲ့စမ်း" ဟု မီးမောင်းထိုးပြနေသကဲ့သို့ပင်။

လီယန်ချူးသည် ဝိညာဉ်အာရုံဖြင့် ခံစားသိရှိနေသည့် ထိုအငွေ့အသက်မှာ တန်းရန်ကျိ၏ အငွေ့အသက်နှင့် ထပ်တူပင် ဖြစ်သည်။ သူသည် တိမ်စိုင်ပေါ်မှနေ၍ အဝေးသို့ လှမ်းကြည့်ကာ စဉ်းစားနေမိသည်။

တောင်များကြားတွင် လူငယ်တစ်ဦးမှာ ပုန်းကွယ်နေသည်။ ယခုအခါ သူ့ရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ရှိနေပြီး ထိုမျက်နှာပြင်ထဲ၌ တိမ်စိုင်ပေါ်မှနေ၍ အဝေးကို လှမ်းကြည့်နေသည့် လီယန်ချူး၏ ပုံရိပ် ပေါ်နေ၏။

"နည်းနည်းလောက် ထပ်တိုးလာပါဦး... နည်းနည်းလေးပဲ..."

ထိုလူငယ်က တိုးတိုးလေး ရေရွတ်နေသည်။ သို့သော် တစ်ကိုယ်လုံး အနီရောင်အလင်းတန်းများ လွှမ်းခြုံထားသည့် တန်းရန်ကျိကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"ဒါက သိသာလွန်းတယ်၊ ဒါပေမဲ့ ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်သွားနိုင်တာပဲ... ဒီတာအိုဆရာက ထောင်ချောက်မှန်း သိသိကြီးနဲ့ သူ့ကိုယ်သူ တော်တယ်ထင်ပြီး ခြေစုံပစ်ဝင်လာအောင်ပေါ့"

ထိုလူငယ်သည် စိတ်ကူးများ ယှဉ်နေမိသည်။ သူတို့ ရရှိထားသည့် သတင်းများအရ ထိုတာအိုဆရာမှာ အလွန်ပြတ်သားပြီး ထွက်ပေါ်လာကတည်းက ပြိုင်ဘက်မရှိခဲ့သူ ဖြစ်သည်။ ဤကဲ့သို့သောသူမျိုးမှာ အကွက်ချမှုများကို ဂရုမစိုက်ဘဲ အစွမ်းဖြင့်သာ တိုးဝင်တတ်ကြသည်။

နောက်ထပ် ပေအနည်းငယ်လောက်သာ ရှေ့တိုးလာလျှင် လီယန်ချူးသည် သူ့အစီရင်ထဲသို့ ဝင်လာတော့မည်...

အဖြူရောင်ဝတ် လူငယ်၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။

လီယန်ချူးသည် ဖုန်းနတ်ဘုရားလေး ကို ထုတ်ယူလိုက်ရာ ရှေးကျသော အငွေ့အသက်များ ချက်ချင်း ပျံ့လွင့်သွားတော့သည် သူက မြားတင်ကာ တန်းရန်ကျိဆီသို့ တစ်ချက်တည်း ပစ်လွှတ်လိုက်သည်။

ဝုန်း

ကောင်းကင်ယံထက်တွင် တောက်ပသော အဖြူရောင်အလင်းတန်းမှာ ကြယ်တံခွန်အလား ဖြတ်သန်းသွားကာ ပြင်းထန်လှသော စွမ်းအားများက ဟင်းလင်းပြင်ကို ဖောက်ထွက်လာတော့သည်။

တန်းရန်ကျိ မျက်လုံးဖွင့်လိုက်သည်။ ထိုမျက်လုံးများမှာ တည်ငြိမ်နေသော်လည်း အတွင်း၌ ရူးသွပ်မှုအချို့ ကိန်းအောင်းနေ၏။ တန်းရန်ကျိ၏ မူလ မာနကြီးပြီး အေးစက်သော အကြည့်မျိုး မဟုတ်တော့ချေ။

သူက လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ မီးငှက်တစ်ကောင် ပေါ်ထွက်လာပြီး ထိုနတ်မြားနှင့် ထိပ်တိုက် တိုးတိုက်လိုက်တော့သည်။

ဝုန်း

တန်းရန်ကျိ၏ အငွေ့အသက်မှာ သိသိသာသာ မြင့်တက်လာ၏ တစ်ကိုယ်လုံးကိုလည်း ပြင်းထန်လှသော မီးလျှံများက လွှမ်းခြုံထားသည်။

လီယန်ချူးမှာမူ သွေးချီစွမ်းအားများ ပြည့်လျှံလျက် တိမ်စိုင်ပေါ်မှနေ၍ အထက်စီးမှ ငုံ့ကြည့်နေတော့သည်။

အခန်း (၆၆၈) - လက်ဆယ့်နှစ်ဖက်ပါ မဟာမိစ္ဆာနတ်မင်း ၊ ရင်းနှီးနေသော အသံဗလံများ ၊ရှေးဟောင်းနတ်ဘုရားတို့၏ အငွေ့အသက်

လီယန်ချူး၏ မျက်လုံးအစုံ၌ စွမ်းအား အလင်းတန်းများ လင်းလက်သွားကာ မြေပြင်ပေါ်ရှိ တန်းရန်ကျိကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်မှောင်များမှာ တင်းတင်းကြုတ်သွား၏။

အရှိန်ဝါကြည့်အတတ် နှင့် ဝိညာဥ်မျက်စိအတတ် တို့သည် တတိယအဆင့်၏ တန်ခိုးစွမ်းအားများ ဖြစ်ကြသော်လည်း တန်းရန်ကျိ၏ အရှိန်အဝါကို ထိုးဖောက်မမြင်နိုင်ဘဲ ဖြစ်နေသည်။ တန်းရန်ကျိ၏ ကိုယ်ပေါ်တွင် ဝေဝါးနက်နဲလှသော မြူခိုးများ ဖုံးလွှမ်းနေပြီး အစအန ရှာမရအောင် ဖြစ်နေသည်။

"စိတ်ဝင်စားဖို့ကောင်းသားပဲ"

လီယန်ချူးက ခပ်အေးအေး ပြုံးလိုက်ရင်း မြားတင်ကာ လေးကို ဆွဲလိုက်သည်။ သူ၏ လက်မောင်းကြွက်သားများမှာ တင်းမာသွားပြီး သွေးချီစွမ်းအားများမှာ အဟုန်ဖြင့် စီးဆင်းလာကာ ကျောပြင်ကြွက်သားများမှာလည်း နဂါးကြီးတစ်ကောင်အလား ရုန်းကြွလာတော့သည်။

ဖုန်းနတ်ဘုရားလေး မှာ လပြည့်ဝန်းအလား ကွေးညွတ်သွားပြီး တောက်ပသော မြားအလင်းတန်းတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။ ရှေးဟောင်းဒဏ္ဍာရီလာ လေနတ်ဘုရား၏ ထိုလက်နက်ဆန်းကို လီယန်ချူးက သူ၏ သွေးချီစွမ်းအားများဖြင့် အမြင့်ဆုံးအဆင့်အထိ နှိုးဆွလိုက်ခြင်း ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် လေနှင့် မိုးကြိုးသံများ ဝန်းရံလာကာ လီယန်ချူး ဝတ်ဆင်ထားသော တာအိုဝတ်ရုံမှာလည်း တဖျပ်ဖျပ် လွင့်ခါနေတော့သည်။

ဝုန်း

ဖုန်းနတ်ဘုရားလေးပေါ်မှ မြားတံသည် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ပျံသန်းသွားတော့သည်။ ထက်မြက်လှသော လေပြင်းအဟုန်များ စုစည်းထားသည့် ထိုမြားတံမှာ တန်းရန်ကျိဆီသို့ တည့်တည့် ဦးတည်သွား၏။

အကယ်၍ ဤမြားတံကို ရင်ဆိုင်ရသူမှာ ယခင်က တတိယအဆင့်သို့ ခြေတစ်လှမ်းလှမ်းနေရဆဲ ဖြစ်သော တန်းရန်ကျိသာ ဖြစ်ပါက ချက်ချင်းပင် အသက်ပျောက်ကာ ဝိညာဉ်ပါ လွင့်စင်သွားပေလိမည်။ သို့သော် ယခုအခါ တန်းရန်ကျိသည် ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ မတ်လိုက်ပြီး ရင်ဘတ်ကို ကော့လိုက်သည်။

သူ၏ လက်အစုံက အစီရင်ဂါထာများကို ဖော်ထုတ်လိုက်ကာ ရှေ့သို့ တွန်းထုတ်လိုက်သည်။ ထိုအခါ သူ၏ နောက်ကျောဘက်တွင် ပေတစ်ထောင်ခန့် မြင့်မားသော လူသားကြီးတစ်ဦး ပေါ်ထွက်လာတော့သည်။

ထိုလူသားကြီးတွင် လက်မောင်း ဆယ့်နှစ်ဖက်ရှိပြီး ခန္ဓာကိုယ်ပေါ်၌ မျက်လုံးပေါင်း ထောင်သောင်းချီ၍ ရှိနေကာ တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေ၏။ ရှေးဟောင်းခေတ်က မိစ္ဆာနတ်ဘုရားတစ်ပါးအလားပင်။

ဂျိန်း ဝုန်း

ဖုန်းနတ်ဘုရားလေး၏ ထက်မြက်လှသော မြားတံမှာ လက်ဆယ့်နှစ်ဖက်နှင့် မျက်လုံးထောင်သောင်းရှိသော ထိုလူသားကြီး၏ တားဆီးခြင်းကို ခံလိုက်ရသည်။ လူသားကြီး၏ လက်မောင်းတစ်ဝက်ခန့်မှာ ပေါက်ကွဲပျက်စီးသွားသော်လည်း သူ၏ ပုံရိပ်မှာတော့ ရပ်တန့်မသွားပေ။

တန်းရန်ကျိ၏ မျက်လုံးထဲ၌ အံ့ဩသော အရိပ်အယောင်အချို့ ပေါ်လာပြီး အက်ရှရှအသံဖြင့် ရေရွတ်လိုက်သည်။

"မဆိုးဘူးပဲ"

သူ၏ ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ တိုးဝင်လာသည်။ သူနှင့်အတူ နောက်ကျောဘက်ရှိ ပေတစ်ထောင်မြင့်သော မိစ္ဆာနတ်မင်းကြီးမှာလည်း ခြေတစ်လှမ်း လှမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်း လီယန်ချူး၏ ရှေ့သို့ ရောက်ရှိလာတော့သည်။

လူငယ်မှာ မျက်နှာပျက်သွားရသည်။ တန်းရန်ကျိက ဤမျှအထိ တိုက်ရည်ခိုက်ရည် ကြမ်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့နောက် သူ၏ မျက်လုံးများ ပြူးကျသွားရပြန်သည်။

တန်းရန်ကျိက လက်သီးတစ်ချက် ထိုးလိုက်ရာ လေထုထဲ၌ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပေတစ်ထောင်မြင့်သော လူသားကြီးက လက်သီးဖြင့် ထိုးချလိုက်သည်မှာ တောင်ပြိုမြေပြိုသည့်အလားပင်။ ဤမျှကြီးမားသော စွမ်းအားမျိုးမှာ သာမန်တတိယအဆင့် ကျင့်ကြံသူများ ပိုင်ဆိုင်နိုင်သည့် အရာမဟုတ်ပေ။

လူငယ်၏ စိတ်ထဲ၌ တုန်လှုပ်သွားရသည်။

'နန်းဆောင်သခင်က ငါ့ကို ဒီတန်းရန်ကျိနဲ့ ပူးပေါင်းခိုင်းတာပဲ ရှိတာ၊ ဒါပေမဲ့ တန်းရန်ကျိရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုအရာမျိုး ကိန်းအောင်းနေတာလဲ ဘာလို့ အငွေ့အသက်က ဒီလောက် ကြောက်စရာကောင်းနေရတာလဲ'

အကယ်၍ 'နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင်' ကို အသုံးမပြုပါက ဤတိုက်ကွက်ကို သူကိုယ်တိုင်ပင် ရှောင်တိမ်းရမည် ဖြစ်သည်။ ဤသည်မှာ မယုံနိုင်စရာပင် သို့သော် ဆက်လက်ဖြစ်ပျက်လာသော အရာများက သူ့ကို ပို၍ပင် ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

လီယန်ချူးကလည်း လက်သီးတစ်ချက် ပြန်ထိုးလိုက်ရာ ကိုယ်တွင်းမှ သွေးချီစွမ်းအားများ ပြည့်လျှံလာပြီး အနီရောင်အလင်းတန်းများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားတော့သည်။

ဝုန်း

လီယန်ချူးသည် တိမ်စိုင်ပေါ်၌ မလှုပ်မယှက် ရပ်နေဆဲဖြစ်သော်လည်း တန်းရန်ကျိနှင့် လက်သီးချင်း တိုက်ရိုက် ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။ တန်းရန်ကျိမှာမူ နောက်သို့ ခြေတစ်လှမ်းခန့် ဆုတ်သွားရ၏။ သို့သော် သူ၏ နောက်ကျောဘက်ရှိ ပေတစ်ထောင်မြင့်သော မိစ္ဆာနတ်မင်းမှာတော့ သက်ရောက်မှု သိပ်မရှိဘဲ နောက်ထပ် လက်သီးတစ်ချက်ဖြင့် ထပ်မံ ထိုးချလိုက်ပြန်သည်။

ဂျိန်း ဝုန်း

နှစ်ယောက်သား လက်သီးချင်း ဖလှယ်နေသည့် အရှိန်မှာ မြန်လွန်းလှသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်တော့ချေ။ အဖြူရောင်ဝတ် လူငယ်မှာ ပြင်းထန်လှသော စွမ်းအားလှိုင်းများကို ခံစားမိပြီး မျက်နှာ ပျက်သွားရသည်။ ခုနက တန်းရန်ကျိ၏ ကိုယ်ထဲမှ ထွက်ပေါ်လာသော စိမ်းသက်သည့် အငွေ့အသက်မှာ သူ့ကို နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ ထိတ်လန့်စေခဲ့သည်။

သို့သော် လီယန်ချူးက ပို၍ပင် အစွမ်းထက်နေသေးသည်။ တန်းရန်ကျိနှင့် ယှဉ်ပြိုင်နေသည့် စွမ်းပကားမှာ သူ့ကို အလွန်အမင်း အံ့ဩစေသည်။ ပြင်းထန်သော စွမ်းအားများကြောင့် လေထုထဲ၌ ကြည်လင်သော လှိုင်းအဝိုင်းများ ထပ်ခါတလဲလဲ ပေါ်ထွက်နေတော့သည်။

တန်းရန်ကျိမှာ သေပြီးပြန်ရှင်လာပြီးနောက် တစ်ကိုယ်လုံး အသွင်ပြောင်းသွားသကဲ့သို့ပင်။ နောက်ကျောဘက်ရှိ လက်ဆယ့်နှစ်ဖက်ပါ မိစ္ဆာနတ်မင်းကြီးက မနားတမ်း လက်သီးများဖြင့် ထိုးချနေသည်။ လီယန်ချူး၏ နောက်ကျောဘက်တွင်လည်း သိုင်းပညာပုံရိပ် ပေါ်ထွက်လာသည်။ မြင့်မားလှသော ပုံရိပ်ကြီးမှာ လီယန်ချူး၏ လှုပ်ရှားမှုနှင့် တစ်ထပ်တည်း ကျနေပြီး ပေတစ်ထောင်မြင့်သော မိစ္ဆာနတ်မင်းနှင့် ထိပ်တိုက် ရင်ဆိုင်နေတော့သည်။

လီယန်ချူးသည် ဤပေတစ်ထောင်မြင့်သော မိစ္ဆာနတ်မင်းကြီး၏ ကိုယ်ပေါ်မှ အငွေ့အသက်မှာ တန်းရန်ကျိ ပိုင်ဆိုင်သည့်အရာ မဟုတ်ကြောင်း ထက်မြက်စွာ ခံစားမိသည်။

ဤအငွေ့အသက်မျိုးကို သူ ယခင်က တွေ့ဖူးသည်။ 'တောင်ပင်လယ် လျှို့ဝှက်နယ်မြေ' ထဲတွင် ချင့်ဝမ်၏ သားတော် အသုံးပြုခဲ့သည့် စွမ်းအားမျိုးနှင့် ဆင်တူသော်လည်း အနည်းငယ်တော့ ကွာခြားချက် ရှိနေသည်။

ဝုန်း

အနီရောင်အလင်းတန်းများကြားတွင် လက်ဆယ့်နှစ်ဖက်ပါ မိစ္ဆာနတ်မင်းကြီးမှာ လီယန်ချူး၏ လက်သီးချက်ကြောင့် လဲကျသွားရသည်။ တန်းရန်ကျိ၏ မျက်လုံးထဲ၌ အံ့ဩသော အရိပ်အယောင်များ ပေါ်လာကာ လက်နှစ်ဖက်ဖြင့် အစီရင်ဂါထာများကို အမြန်စုစည်းလိုက်ပြန်သည်။

ဂျိန်း

မိစ္ဆာနတ်မင်းကြီးမှာ ထပ်မံ တိုက်ခိုက်လာပြန်သည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း တောင်ထိပ်တစ်ခုမှာ ပြားပြားဝပ်သွားရ၏။ သူ၏ လက်သီးအစုံမှာ ကောင်းကင်ပြင်ပမှ ကျလာသည့် ကြယ်တံခွန်များအလား ဆင်းသက်လာတော့သည်။

အဖြူရောင်ဝတ် လူငယ်မှာ ဤမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်နေမိသည်။

'ဒါက နတ်ဘုရားတွေရဲ့ စွမ်းအားလား'

သူ ရှန်ရှန်းနန်းဆောင်ထဲ ရောက်နေသည်မှာ သိပ်မကြာသေးသော်လည်း နန်းဆောင်၏ လျှို့ဝှက်ချက်အချို့ကိုတော့ အနည်းငယ် သိထားသည်။ ဤအငွေ့အသက်မှာ ရှန်ရှန်းနန်းဆောင်က ကိုးကွယ်ထားသည့် ရှေးဟောင်းနတ်ဘုရား အချို့၏ အရှိန်အဝါနှင့် အလွန်တူလှသည်။

ဂျိန်း ဝုန်း

အဖြူရောင်ဝတ် လူငယ် ပုန်းကွယ်နေသည့် တောင်ကွက်မှာ ရုတ်တရက် ပေါက်ကွဲသွားတော့သည်လူငယ်မှာ မမျှော်လင့်ထားသဖြင့် ပြင်းထန်သော စွမ်းအားကြောင့် ရင်ဘတ်ကို အရှိန်ထိသွားကာ သွေးချီများ ပွက်လောရိုက်ပြီး ကိုယ်တွင်း စွမ်းအားများ ကစဉ်ကလျား ဖြစ်သွားရသည်။

"......" အဖြူရောင်ဝတ် လူငယ်မှာ ဆွံ့အသွားရ၏။

ခုနက မိစ္ဆာနတ်မင်းကြီးက လီယန်ချူးကို ထိုးလိုက်ခြင်းဖြစ်ကြောင်း သူ သေသေချာချာ မြင်လိုက်သည်။ သို့သော် ထိုကြီးမားလှသော စွမ်းအားကြီးမှာ သူရှိရာဘက်သို့ ဦးတည်လာခြင်း ဖြစ်သည်။ မမျှော်လင့်ထားသော တိုက်ခိုက်မှုကြောင့် သူ၏ ပါးစပ်နားတွင် သွေးစအချို့ ထွက်လာရသည်။

"မင်း အမေကို... ငါ့ကို ခိုးတိုက်တယ်ပေါ့ "

ထိုမိစ္ဆာနတ်မင်း၏ လက်သီးထဲတွင် ကြီးမားသော စွမ်းအားများ ပါဝင်နေသဖြင့် သူကဲ့သို့သော ထိပ်တန်းပညာရှင်ပင် ဒဏ်ရာအနည်းငယ် ရသွားခြင်းဖြစ်သည်။

သို့သော် သူ၏ ကိုယ်ပေါ်တွင် နန်းဆောင်သခင် ချီးမြှင့်ထားသော ရတနာ တစ်ခု ရှိနေသဖြင့် အရေးကြီးချိန်တွင် စွမ်းအားအများစုကို ဖယ်ရှားပေးလိုက်နိုင်သည်။ သူသည် လီယန်ချူးကို ကြည့်ရင်း ဒေါသထွက်သွားသလို တစ်ဖက်မှာလည်း အံ့ဩသွားရသည်။

"ဒီတာအိုဆရာက အစကတည်းက ငါ့ကို သတိထားမိနေတာပဲ"

လီယန်ချူးက တာအိုအတတ်ဖြစ်သော ဘေးလွှဲခြင်းအတတ်ကို သုံးပြီး မိစ္ဆာနတ်မင်း၏ တိုက်ခိုက်မှုကို သူ့ဆီသို့ လွှဲပြောင်းလိုက်ခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။

အခြားတစ်ဖက်တွင်လည်း လက်ဆယ့်နှစ်ဖက်ပါ မိစ္ဆာနတ်မင်းက လီယန်ချူးကို ထပ်မံ ထိုးနှက်လိုက်ပြန်သည်။ လီယန်ချူးကလည်း ဘေးလွှဲခြင်းအတတ်ကို ထပ်မံ အသုံးပြုကာ ထိုပြင်းထန်လှသော ထိခိုက်မှုများကို လွှဲပြောင်းပေးလိုက်ပြန်သည်။

ဂျိန်း ဝုန်း

ကောင်းကင်ယံမှ မမြင်ရသော စွမ်းအားလှိုင်းကြီးတစ်ခုက အဖြူရောင်ဝတ် လူငယ်ဆီသို့ ထပ်မံ ရောက်ရှိလာပြန်သည်။ လူငယ်မှာ မျက်နှာပျက်သွားပြီး ဆဲဆိုကာ အတတ်ပညာတစ်ခုဖြင့် အမြန်ရှောင်တိမ်းလိုက်ရသည်။

မိစ္ဆာနတ်မင်းကြီး၏ ကိုယ်ပေါ်တွင် ပို၍ကြီးမားသော အရှိန်အဝါများ ပေါ်ထွက်လာသည်။ တန်းရန်ကျိ၏ ပါးစပ်မှ ထူးဆန်းသော အသံဗလံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံမှာ လူသားတို့၏ ဘာသာစကား မဟုတ်သလို တိရစ္ဆာန်တို့၏ ဟိန်းဟောက်သံလည်း မဟုတ်ပေ။

လီယန်ချူး ဤအသံကို ယခင်က တစ်ခါ ကြားဖူးသည်။ သူ မတော်တဆ ရောက်ရှိသွားခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော တောင်ကြီးပေါ်၌ သွေးသားမိစ္ဆာကြီးနှင့် တိုက်ခိုက်စဉ်က ကြားခဲ့ရခြင်း ဖြစ်သည်။

ထိုအသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးမှာ ချုပ်နှောင်ခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ လီယန်ချူးသည် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူ၍ မရတော့ပေ။

သူ၏ ကိုယ်တွင်းရှိ သွေးချီစွမ်းအားနှင့် ပြင်းထန်သော တရားစွမ်းအားများကိုသာ အားကိုးပြီး ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ဤအသံမှာ သူ ယခင်က ကြုံခဲ့ရသည့် အမျိုးအစားနှင့် တူသော်လည်း အာနိသင်တော့ ကွဲပြားသည်။

"သိုင်းနတ်ဘုရား ... အပြင်ပန်း အတတ်တွေပဲ... သေရမယ် "

တန်းရန်ကျိ၏ ပါးစပ်မှ အေးစက်သော ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ မိုးခြိမ်းသံကဲ့သို့ပင်။

သူ၏ လက်အစုံက အစီရင်ဂါထာများကို အရှိန်ဖြင့် စုစည်းလိုက်ရာ နောက်ကျောဘက်ရှိ လက်ဆယ့်နှစ်ဖက်ပါ မိစ္ဆာနတ်မင်းကလည်း ထပ်တူ လိုက်လုပ်သည်။ ထိုမိစ္ဆာနတ်မင်း၏ ကိုယ်ထည်မှာ ပေတစ်ရာခန့်အထိ သေးငယ်သွားသော်လည်း ကိုယ်ပေါ်က အငွေ့အသက်မှာမူ ပို၍ပင် ထူထပ်သိပ်သည်းလာ၏။

ဂျိန်း ဝုန်း

သူ၏ ပတ်ဝန်းကျင်ရှိ မြေပြင်မှာ ရုတ်တရက် ပေါက်ကွဲပျက်စီးသွားပြီး အက်ကွဲကြောင်း ပေါင်းများစွာ ပေါ်ထွက်လာသည်။ ဤအရှိန်အဝါတစ်ခုတည်းနှင့်ပင် မည်သူမျှ အနားမကပ်ရဲလောက်အောင် ဖြစ်နေသည်။

ထို့ပြင် သူ၏ အရှိန်အဝါမှာ တရိပ်ရိပ် ဆက်လက် မြင့်တက်နေပြီး ရှေးဟောင်းခေတ်က အငွေ့အသက်မျိုးကြောင့် စိတ်ပျက်အားငယ်ဖွယ်ပင် ကောင်းလှသည်။ တန်းရန်ကျိ၏ မျက်လုံးထဲတွင် အနက်ရောင် အလင်းတန်းများ လင်းလက်နေပြီး တစ်ကိုယ်လုံးမှာ မြင့်မြတ်သော နတ်ဘုရားတစ်ပါးအလား ဖြစ်နေတော့သည်။

ထိုအချိန်မှာပင်

ပေတစ်ထောင်ခန့် မြင့်မားပြီး တစ်ကိုယ်လုံး မီးလျှံများ ဖုံးလွှမ်းလျက် မီးနဂါးကို နင်းထားသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါ်ထွက်လာသည်။ ခေါင်းသုံးလုံး၊ လက်မောင်းခြောက်ဖက်နှင့် အလွန်ပင် ခန့်ညားထည်ဝါလှသော ထိုပုံရိပ်ကြီးမှာ မြင့်မြတ်လှသော အရှိန်အဝါများ ပြည့်နှက်နေ၏။

သူ၏ လက်များထဲတွင် ကျောက်ထျန်းတံဆိပ် ၊ နဂါးငါးပါးစက်ဝိုင်း ၊ မီးကျီးကန်းတစ်သောင်းအိုး ၊ မီးလျှံမြှား နှင့် မီးလျှံဓား ဟူသော ရတနာကြီး ငါးပါးကို ကိုင်ဆောင်ထားသည်။

၎င်းမှာ တောင်ပိုင်းမီးနတ်ဘုရား ၏ ပုံရိပ်စစ်ပင် ဖြစ်သည်။

ထိုရှေးဟောင်းနတ်ဘုရား ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ၏ အရှိန်အဝါက လက်ဆယ့်နှစ်ဖက်ပါ မိစ္ဆာနတ်မင်းကို ချက်ချင်း ဖိနှိပ်လိုက်တော့သည်။ တန်းရန်ကျိ၏ မျက်လုံးထဲက အနက်ရောင် အလင်းတန်းများမှာလည်း အနည်းငယ် မှိန်ဖျော့သွားရသည်။

"ဘယ်သူက မိစ္ဆာလဲဆိုတာ ငါ့ကို ပြစမ်း"

မီးနတ်ဘုရားပုံရိပ်၏ အသံမှာ မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားတော့သည်။

All Chapters