အခန်း (၆၆၉-၆၇၀)
Vol. 67 Ch. 669-670
အခန်း (၆၆၉) - ရွှမ်းကျီကောင်းကင်မီး ၊နက်ရှိုင်းသော ချောက်ကမ္ဘာ ၊ အစွမ်းထက် ရတနာ ၊ချေဖျက်ခြင်း
လီယန်ချူးသည် လက်သီးတစ်ချက် ပြင်းထန်စွာ ထိုးလိုက်သည်။
ကောင်းကင်အနှံ့ လွှမ်းခြုံနေသော မီးပင်လယ်ကြီးမှာ ရေတံခွန်စီးဆင်းလာသည့်အလား ထိုလက်ဆယ့်နှစ်ဖက်ပါ မိစ္ဆာနတ်မင်းကြီးကို ဝါးမြိုပစ်တော့သည်။ ၎င်းတင်မကသေးဘဲ ထိုမီးပင်လယ်ထဲ၌ မီးကျီးကန်းများ၊ မီးနဂါးများ၊ ဓားအလင်းတန်းများနှင့် မီးလျှံမြှားများပါ ပါဝင်နေပြီး အားလုံးမှာ ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း တန်ခိုးစွမ်းအားများ ဖြစ်ကြသည်။
ဝုန်း
လက်ဆယ့်နှစ်ဖက်ပါ မိစ္ဆာနတ်မင်း၏ ကိုယ်ထည်ကြီးမှာ အရှိန်ဖြင့် နောက်သို့ လွင့်စင်သွားရသည်။ ထိုရှေးဟောင်း အသံဗလံများ၏ စွမ်းအားကို အသုံးပြုနေသော်လည်း ခန့်ညားထည်ဝါမှု အပိုင်းတွင်မူ ဤ တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်ကို အဝေးကပင် မမီချေ။
ဂျိန်း ဝုန်း
ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း စွမ်းအားများမှာ ပေတစ်ထောင်မြင့်သော မိစ္ဆာနတ်မင်းကြီး၏ ကိုယ်ပေါ်၌ အဆက်မပြတ် ပေါက်ကွဲနေတော့သည်။ ဒဏ်ရာအမျိုးမျိုးမှာလည်း မနားတမ်း ပေါ်ထွက်နေ၏။
တောင်ပိုင်းမီးနတ်ဘုရားအဖြစ် အသွင်ပြောင်းထားသော လီယန်ချူးသည် ခေါင်းသုံးလုံး လက်မောင်းခြောက်ဖက်နှင့်အတူ မီးလျှံဓား ကို ဝေ့ယမ်းလိုက်သည်။
ရှီး
မိစ္ဆာနတ်မင်းကြီး၏ လက်မောင်းနှစ်ဖက်မှာ ချက်ချင်းပင် အဖြတ်ခံလိုက်ရသည် ၎င်းအပြင် နဂါးငါးပါးစက်ဝိုင်း ကလည်း သူ၏ နောက်ထပ် လက်မောင်းတစ်ဖက်ကိုပါ ထပ်မံ ဖြတ်တောက်ပစ်လိုက်ပြန်သည်။
တန်းရန်ကျိ၏ မျက်နှာမှာ ဖြူလျော်သွားပြီး ပေတစ်ထောင်မြင့်သော မိစ္ဆာနတ်မင်းကြီးမှာလည်း နောက်သို့ ဆုတ်ခွာသွားရတော့သည်။ ထိုစူးရှလှသော အရှိန်အဝါကို တိုက်ရိုက် မရင်ဆိုင်ရဲတော့ပေ။ သူသည် လက်နှစ်ဖက်ဖြင့် အစီရင်ဂါထာများကို အရှိန်အဟုန်ဖြင့် စုစည်းနေသော်လည်း လက်မောင်းသုံးဖက် အဖြတ်ခံထားရသဖြင့် အစီရင်များမှာ ပြည့်စုံမှု မရှိတော့ချေ။
တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်၏ ကိုယ်ပေါ်တွင် မီးနဂါးများ ရစ်ပတ်နေပြီး ကြွက်သားများမှာလည်း အဖုအထစ်များဖြင့် ရုန်းကြွနေကာ အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှသည်။
ဘုန်း
နဂါးငါးပါးစက်ဝိုင်းသည် မိစ္ဆာနတ်မင်းကြီး၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ကောင်းကင်အပြည့် ရှိနေသော မီးကျီးကန်းများက မိစ္ဆာနတ်မင်းကြီးကို ဝန်းရံလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် လောင်မြိုက်ချေဖျက်နေတော့သည်။ မီးလျှံမြှား များကလည်း မိစ္ဆာနတ်မင်းကြီး၏ ကိုယ်ပေါ်သို့ မနားတမ်း ကျရောက်နေ၏။
ဂျိန်း ဝုန်း
ထိတ်လန့်ဖွယ် ပေါက်ကွဲသံကြီးများက အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ အဖြူရောင်ဝတ် လူငယ်မှာ ကြည့်ရင်းနှင့်ပင် ရင်တထိတ်ထိတ် ဖြစ်နေရသည်။
'ဒီရှေးဟောင်း မိစ္ဆာနတ်ဘုရားကတောင် တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်ကို မယှဉ်နိုင်ဘူးလား'
ထိုအချိန်မှာပင်
သူ၏ နားစည်ထဲသို့ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီး ရောက်ရှိလာသည်။
"အခုထိ မလှုပ်ရှားသေးဘဲ ဘာကို စောင့်နေတာလဲ"
တန်းရန်ကျိက ဒေါသတကြီး အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ အဖြူရောင်ဝတ် လူငယ်၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်ကွေးသွားရ၏။
'ခုနက မင်းကိုယ်တိုင် အစီအစဉ်အတိုင်း မလုပ်ဘဲ ခြေစုံပစ်ဝင်သွားတာလေ၊ အခုကျမှ ငါ့ကို လာအပြစ်တင်နေတယ် '
သို့သော် သူသည် ရှန်ရှန်းနန်းဆောင်၏ အမိန့်ကို လက်ခံထားရသူဖြစ်ပြီး နန်းဆောင်သခင်ကိုယ်တိုင် ချီးမြှင့်ထားသော ရတနာများလည်း ရှိနေသဖြင့် ယခုအချိန်မှာ အသုံးပြုရမည့် အချိန်ပင် ဖြစ်သည်။ သူသည် တွန့်ဆုတ်မနေတော့ဘဲ လက်နှစ်ဖက်ဖြင့် အစီရင်များကို စတင် စုစည်းလိုက်တော့သည်။
ဝေါင်း ဝေါင်း
နဂါးဟိန်းသံများ ထွက်ပေါ်လာပြီး ကောင်းကင်နဂါး ကိုးကောင်မှာ လီယန်ချူး၏ ပတ်ဝန်းကျင်၌ ကြောက်မက်ဖွယ်ကောင်းအောင် ဝဲပျံလာကြကာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသည့် ကြီးမားသော အစီရင်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုနဂါးကိုးကောင်မှာ ခန္ဓာကိုယ် ကြီးမားလှပြီး အကြေးခွံများမှာလည်း ရွှေရောင်အလင်းတန်းများ တဖျပ်ဖျပ် တောက်ပနေသည်။
"ငါတို့ ရှန်ရှန်းနန်းဆောင်ကို စော်ကားတဲ့အတွက် ဒီနေ့ မင်း တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်ကို ပင့်ဖိတ်ထားရင်တောင် ဒီနေရာမှာပဲ အသက်ပျောက်စေရမယ်"
အဖြူရောင်ဝတ် လူငယ်၏ အသံမှာ အိုမင်းရင့်ရော်သွားပြီး ရာစုနှစ်ပေါင်းများစွာ နေထိုင်လာသည့် မိစ္ဆာအိုကြီးတစ်ဦး၏ အသံနှင့် တူနေတော့သည်။
ခရက် ခရက်
ကောင်းကင်နှင့် မြေကြီးကြားတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်လာကာ ကျောက်ကြိတ်စက်ကြီး ကိုးခု လည်ပတ်နေသကဲ့သို့ ဖြစ်လာပြီး လီယန်ချူး၏ စွမ်းအားများကို အဆက်မပြတ် ချေဖျက်နေတော့သည်။
၎င်းမှာ နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင် ပင် ဖြစ်သည်။
လီယန်ချူး၏ ကိုယ်ပေါ်မှ ပြင်းထန်သော သွေးချီစွမ်းအားများမှာ ဖိနှိပ်ခြင်း ခံလိုက်ရပြီး ပွက်လောရိုက်နေသော သွေးများမှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားရသည်။
ဤအစီရင်မှာ ခန္ဓာကိုယ် ကြံ့ခိုင်သော ကျင့်ကြံသူများကို ဦးတည်ထားခြင်း ဖြစ်သော်လည်း လီယန်ချူး ပင့်ဖိတ်ထားသည့် နတ်ဘုရားပုံရိပ်ကိုပါ ဖိနှိပ်နိုင်စွမ်း ရှိသည်။ ဝိညာဉ်ကို ချုပ်နှောင်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်မှ စွမ်းအားများကို အသုံးမပြုနိုင်အောင် ပြုလုပ်ခြင်း ဖြစ်၏။
နဂါးကိုးကောင်မှာ ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းအောင် ဝဲပျံနေကြသည်။ လီယန်ချူး၏ ပေတစ်ထောင်မြင့်သော တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်မှာ ချက်ချင်း ဖိနှိပ်ခံလိုက်ရကာ ပေတစ်ရာခန့်အထိ သေးငယ်သွားတော့သည်။
ထိုအစီရင်မှာ ရှေးဟောင်းအစီရင်တစ်ခု ဖြစ်ပြီး တကယ့်နဂါးသွေး ကိုးစက်ကို အသုံးပြုကာ ခင်းကျင်းထားခြင်း ဖြစ်သဖြင့် စွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်။
တန်းရန်ကျိမှာမူ ဤအစီရင်အတွင်း၌ မည်သည့် သက်ရောက်မှုမှ မရှိပေ။ ဤအစီရင်မှာ လီယန်ချူး တစ်ယောက်တည်းကိုသာ ဦးတည်ထားခြင်း ဖြစ်သည်။
ဝုန်း
တန်းရန်ကျိက ခြေတစ်လှမ်း လှမ်းလိုက်ရာ နောက်ကျောဘက်ရှိ လက်ဆယ့်နှစ်ဖက်ပါ မိစ္ဆာနတ်မင်း ပုံရိပ်ကလည်း ထပ်တူ လိုက်ပါလာသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။
၎င်းမှာ အောက်ခြေမမြင်ရလောက်အောင် နက်ရှိုင်းလှသော ချောက်ကြီးတစ်ခု ဖြစ်ပြီး ထိတ်လန့်ဖွယ် အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်၏ ကိုယ်ပေါ်မှ မီးလျှံများမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ လီယန်ချူးက လက်ဝါးတစ်ချက် တွန်းထုတ်လိုက်သည်။
ဝူး
တောက်ပလှသော မီးလျှံတစ်စုမှာ တန်းရန်ကျိ၏ နောက်ကျောဘက်ရှိ မိစ္ဆာနတ်မင်းဆီသို့ ချက်ချင်း ပျံသန်းသွားသည်။ တန်းရန်ကျိသည် နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင်၏ အကူအညီဖြင့် လီယန်ချူးကို သတ်ရန် ပြင်နေသော်လည်း ထိုမီးလျှံများ အနားသို့ ရောက်လာသည်ကို မြင်သောအခါ မျက်နှာ ပျက်သွားရသည်။
ထိုမီးလျှံများက သူ၏ စွမ်းအားများကို လျင်မြန်စွာ ချေဖျက်နိုင်နေခြင်း ဖြစ်သည်။ သူ၏ ကိုယ်တွင်းစွမ်းအားများကို မည်သို့ပင် အသုံးပြုပါစေ၊ တားဆီး၍ မရနိုင်တော့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ပုံရိပ်မှာ တဖြည်းဖြည်း ပျောက်ကွယ်လာတော့သည်။
တန်းရန်ကျိ၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှလည်း ထိုမီးလျှံများ ထွက်ပေါ်လာသည်။ လူသားအရေပြားအောက်တွင် အခွံသာ ကျန်တော့သကဲ့သို့ ဖြစ်နေပြီး ထိုအရေပြားအောက်မှ မီးလျှံများမှာ အရှိန်ဖြင့် ပေါက်ကွဲထွက်လာတော့သည်။
"မဖြစ်နိုင်တာ... ဒီမီးက ဘာလို့ လူ့ပြည်မှာ ရှိနေရတာလဲ"
တန်းရန်ကျိသည် နာကျင်စွာ အော်ဟစ်လိုက်ရင်း လှည့်ထွက်ပြေးရန် ပြင်သော်လည်း ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ထိုပြင်းထန်လှသော မီးလျှံများ၏ လောင်မြိုက်ခြင်းကို ခံလိုက်ရကာ ပြာအဖြစ် ပြောင်းလဲသွားတော့သည်။ လုံးဝ ဥဿုံ ပျောက်ကွယ်သွားခြင်းပင်။
ဤမီးလျှံမှာ သူ့ကို အလွန်အမင်း ဖိနှိပ်ထားသဖြင့် လွတ်မြောက်ခြင်း အတတ်များကိုပင် အသုံးမပြုနိုင်ဘဲ ပျောက်ကွယ်သွားရခြင်း ဖြစ်သည်။ တန်းရန်ကျိ၏ ခန္ဓာကိုယ်နှင့် နောက်ကျောဘက်ရှိ မိစ္ဆာနတ်မင်းမှာ လုံးဝ ပြာကျသွားပြီး ထိုနက်ရှိုင်းသော ချောက်ကြီး၏ ပုံရိပ်မှာလည်း ပျောက်ကွယ်သွားတော့သည်။
နက်ရှိုင်းလှသော ချောက်ကမ္ဘာတစ်ခုအတွင်း၌ ရှေးဟောင်းနတ်ဘုရားတစ်ပါးမှာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မျက်လုံးပေါင်း ထောင်သောင်းချီ၍ ရှိနေကာ လက်မောင်း ဆယ့်နှစ်ဖက်နှင့်အတူ ရှေးဟောင်း အငွေ့အသက်များ ပြည့်နှက်နေသည်။
သို့သော် သူသည် ကြီးမားလှသော သံခြေချင်းများဖြင့် အချုပ်ခံထားရသည်။ ထိုသံခြေချင်းများက သူ၏ ခြေထောက်နှစ်ဖက်ကို ဖောက်ထွက်ထားပြီး ၎င်းပေါ်၌ ထူးဆန်းသော အစီရင်ဂါထာများ ရှိနေ၏။ ထိုဂါထာများမှာ ရေစီးသကဲ့သို့ အဆက်မပြတ် လည်ပတ်နေကြသည်။
"ရွှမ်းကျီကောင်းကင်မီး လူ့ပြည်မှာ ဘာလို့ ဒီလိုမီးမျိုး ရှိနေရတာလဲ "
ထိုရှေးဟောင်းနတ်ဘုရားသည် မျက်လုံးဖွင့်ပြီးနောက် နားမလည်နိုင်သကဲ့သို့ ဖြစ်နေသည်။ အတော်ကြာပြီးမှ သူသည် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
"ငါ မှီခိုထားတဲ့ ခန္ဓာကိုယ်က ပျက်စီးသွားပြီ၊ စိတ်အာရုံလည်း အသတ်ခံလိုက်ရတယ်၊ နောက်တစ်ခါ လူ့ပြည်ကို ဆင်းသက်နိုင်ဖို့က ဘယ်နှစ်၊ ဘယ်လောက် ကြာဦးမလဲ မသိတော့ဘူး"
ထိုရှေးဟောင်းနတ်ဘုရား၏ အတွေးများမှာ အလွန်ပင် နှေးကွေးနေသကဲ့သို့ ရှိသည်။ ဤချောက်ကမ္ဘာထဲ၌ သူသည် အချုပ်အနှောင် ခံထားရသဖြင့် လူ့ပြည်မှာကဲ့သို့ လွတ်လပ်စွာ မလှုပ်ရှားနိုင်ပေ။
သူသည် ခန္ဓာကိုယ်ပေါ်က မျက်လုံးအားလုံးကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး ငြိမ်သက်သွားကာ ရှေးဟောင်း ရုပ်တုတစ်ခုအဖြစ် ပြန်လည် ပြောင်းလဲသွားတော့သည်။
သို့သော် သူ၏ အငွေ့အသက်များ လုံးဝ မပျောက်ကွယ်သွားမီမှာပင် ကောင်းကင်ယံ၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ ထိုရှေးဟောင်းရုပ်တုမှာ အနည်းငယ် တုန်ခါသွားပြီး မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်သည်။
ကောင်းကင်ယံမှ ပုံရိပ်ကို သေသေချာချာ မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားရသည်။ ၎င်းမှာ တောက်ပလှပလှသော ဝတ်စုံဖြူဝတ် မိန်းကလေးတစ်ဦး ဖြစ်ပြီး ဤနက်ရှိုင်းသော ချောက်ကမ္ဘာထဲ၌ သူမ၏ ပုံရိပ်မှာ အလွန်ပင် ထူးခြားနေသည်။
ထိုမိန်းကလေးသည် နွားဝါကြီးတစ်ကောင်ကို စီးနင်းထားပြီး သူမ၏ ဘေးနား၌ ဗျိုင်းဖြူတစ်ကောင် ရှိနေသည်။ ဗျိုင်းဖြူမှာ အလွန်ပင် ခန့်ညားသော နတ်ငှက်တစ်ကောင် ဖြစ်သလို ထိုနွားဝါကြီးမှာလည်း သာမန်မျိုးစိတ် မဟုတ်ပေ။ သို့သော် ယခုအခါတွင်မူ သူတို့အားလုံးမှာ အလွန်ပင် ယဉ်ပါးနေကြသည်။
ဝတ်စုံဖြူဝတ် မိန်းကလေးမှာ တစ်စုံတစ်ခုကို သတိထားမိသွားသကဲ့သို့ အောက်သို့ ငုံ့ကြည့်လိုက်သည်။
ထိုအခါ ရှေးဟောင်းရုပ်တုမှာ အနည်းငယ် တုန်ခါသွားပြီး မျက်လုံးကို ပြန်ပိတ်ကာ ငြိမ်သက်သွားတော့သည်။ ဝတ်စုံဖြူဝတ် မိန်းကလေး၏ မျက်လုံးထဲ၌ ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
"ခုနက တစ်ယောက်ယောက် ငါ့ကို ချောင်းကြည့်နေသလို ခံစားလိုက်ရတယ် "
သူမ၏ အသံမှာ ကြည်လင်သာယာလှသည်။
သို့သော် သူမ သိပ်ပြီး ဂရုမစိုက်တော့ဘဲ တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား ထိုကမ္ဘာ၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဆက်လက် ပျံသန်းသွားတော့သည်။
ဝေမြို့ တောင်များကြားတွင်
လီယန်ချူးသည် ရွှမ်းကျီကောင်းကင်မီး ကို အသုံးပြုကာ တန်းရန်ကျိကို ပြာအဖြစ် ချေဖျက်လိုက်ပြီ ဖြစ်သည်။ အဖြူရောင်ဝတ် လူငယ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားရသည်။
'ဒီကောင်က တကယ်ကို အားမကိုးရဘူးပဲ၊ နန်းဆောင်သခင် ပေးလိုက်တဲ့ ရတနာကိုပဲ ငါ သုံးရတော့မယ်'
နန်းဆောင်သခင်၏ အလိုအရဆိုလျှင် ဤတစ်ခေါက် အခွင့်အရေးရပါက တန်းရန်ကျိ၏ ကိုယ်ထဲက အရာကိုပါ တစ်ခါတည်း ချေဖျက်ရန် ဖြစ်သည်။ အဖြူရောင်ဝတ် လူငယ်၏ ကိုယ်တွင်း စွမ်းအားများမှာ သမုဒ္ဒရာအလား ကျယ်ပြောလှပြီး သူသည် တတိယအဆင့် အလယ်ပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူသည် နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင်ကို ဦးဆောင်နေပြီး အစီရင်ထဲမှ ကောင်းကင်နဂါးများမှာလည်း အလင်းတန်းများ အဆက်မပြတ် ထုတ်လွှတ်ကာ လီယန်ချူး၏ အဆင့်အတန်းကို ဖိနှိပ်လျက် သူ၏ ကိုယ်တွင်း အသက်စွမ်းအားများကို ချေဖျက်နေတော့သည်။
အဖြူရောင်ဝတ် လူငယ်သည် ဂါထာများကို ရွတ်ဖတ်လိုက်ရာ သူ၏ ရင်ခွင်ထဲမှ အရာဝတ္ထုတစ်ခု ပျံထွက်လာသည် တစ်ခဏအတွင်းမှာပင် ကောင်းကင်တစ်ခုလုံး တိမ်မြူများ ဖုံးလွှမ်းသွားကာ ဖုန်မှုန့်များ ပြည့်နှက်သွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားလေများက ကမ္ဘာတစ်ခုလုံးကို ရစ်ပတ်ထားသည်။
လီယန်ချူးသည် ချက်ချင်းပင် မြင်ကွင်းများ ပျောက်ကွယ်သွားရသည်။
သူ၏ စိတ်ထဲ၌ မကောင်းသော အာရုံတစ်ခု ပေါ်ထွက်လာတော့သည်...
အခန်း (၆၇၀) - ဒွန့်လုံကျွမ်း ၊ ကြယ်ပျံဓားချက် ၊ကြယ်စင်မြစ်အလား ဓားချီများ ၊ မင်းကိုး
အဖြူရောင်ဝတ် လူငယ်သည် မူလကတည်းက အရှိန်အဝါ ဝေဝါးလှသဖြင့် ပစ်မှတ်ထား၍ မရနိုင်ပေ။ ထို့ပြင် ယခုအခါ နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင် အတွင်း၌ ရှိနေသဖြင့် သူ၏ တည်နေရာကို ဖမ်းဆုပ်ရန် ပို၍ပင် ခက်ခဲလှသည်။
ယခုတစ်ကြိမ် သူ၏ ရတနာကို ထုတ်သုံးလိုက်သောအခါ ကမ္ဘာလောကကြီးတွင် ထူးဆန်းသော ဖြစ်ရပ်များ ပေါ်ပေါက်လာတော့သည်။
လီယန်ချူး၏ စိတ်ထဲ၌ လေးလံသွားရပြီး သူ၏ ကိုယ်ပေါ်ရှိ အစီရင်ဝတ်စုံ မှ နတ်ဘုရားအလင်းတန်းများ လင်းလက်လာသည်။
စစ်မှန်သော ယန်ဓာတ် တာအိုဂိုဏ်း၏ မိုးကြိုးနှင့် မီးလျှံအငွေ့အသက်များမှာ သူ၏ ကိုယ်ပေါ်တွင် ထင်ဟပ်လာ၏။ တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်ထဲမှ ခရမ်းရွှေရောင် မီးနတ်ဘုရားဂါထာတော် နှင့် စိတ်ကြည်လင် ကျောက်စိမ်းပြား တို့မှာ အလင်းတန်းများ ဖြာထွက်လာကာ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို စောင့်ရှောက်လိုက်ကြသည်။
"ဒီတစ်ခါတော့ သေချာပေါက် အောင်မြင်ရမယ်"
အဖြူရောင်ဝတ် လူငယ်သည် ရတနာကို လှုံ့ဆော်လိုက်ရာ သူ၏ ကိုယ်တွင်းရှိ စွမ်းအားများမှာ အမြောက်အမြား ကုန်ဆုံးသွားရသည်။
သို့သော် သူ၏ စိတ်ထဲ၌ သက်ပြင်းချနိုင်သွား၏။ ဤတာအိုဆရာ လူငယ်ကို ဖမ်းဆီးသွားနိုင်ပါက နန်းဆောင်သခင်က သူ့ကို ကြီးကြီးမားမား ဆုလာဘ် ချီးမြှင့်ပေလိမ့်မည်။ နတ်ဘုရားဖြစ်ရန် မျှော်လင့်ချက် ရှိလာပြီ။
သူ၏ လက်ထဲရှိ အဖိုးတန် ရတနာမှာ ဒွန့်လုံကျွမ်း ဟု အမည်ရပြီး ကျင့်ကြံသူများ၏ လှုပ်ရှားမှုကို ပိတ်ပင်ကာ စွမ်းအားများကို ချုပ်နှောင်နိုင်သည့် တန်ခိုးစွမ်းအားကြီး ရှိသည်။
လီယန်ချူးသည် ယန်ဝိညာဉ်အဆင့်သို့ အခုမှ တက်လှမ်းထားသူသာ ဖြစ်ပြီး နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင် ထဲ၌လည်း ပိတ်မိနေသဖြင့် ဒွန့်လုံကျွမ်း ၏ ချုပ်နှောင်မှုကို လုံးဝ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သူ၏ လက်ထဲမှ ရွှေရောင်တဖျပ်ဖျပ် တောက်ပနေသော တိုင်ငယ်လေးမှာ လေထဲသို့ ပျံတက်သွားပြီး လီယန်ချူးကို ဖမ်းဆီးရန် ပြင်တော့သည်။
ထိုအချိန်မှာပင်
ငါးရောင်ခြည် နတ်ဘုရားအလင်းတန်းတစ်ခု ပျံသန်းလာသည်။
ဒွန့်လုံကျွမ်း သည် လူငယ်နှင့် အဆက်အသွယ် ချက်ချင်း ပြတ်တောက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ငြိမ်သက်သွားတော့သည်။
"အယ်"
အဖြူရောင်ဝတ် လူငယ်မှာ အလွန်အမင်း အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျသွားရသည်။ သူသည် စွမ်းအားများကို အမြန်စုစည်းကာ ဒွန့်လုံကျွမ်း ကို ပြန်လည် ဖမ်းယူရန် ကြိုးစားသော်လည်း ဟင်းလင်းပြင်ကိုသာ ဆုပ်ကိုင်လိုက်ရသည်။
ဒွန့်လုံကျွမ်း မှာ ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားသကဲ့သို့ပင်။
လီယန်ချူးသည် ကျောက်စိမ်းပေတံကို သုံး၍ ဒွန့်လုံကျွမ်း ကို ရိုက်ချလိုက်ပြီးနောက် အဝေးမှ ပစ္စည်းယူသည့် အတတ် ကို အသုံးပြုကာ ၎င်းကို ဖမ်းယူလိုက်ခြင်း ဖြစ်သည်။
ယခုအခါ ထိုရွှေရောင်တိုင်ငယ်လေးမှာ သူ၏ လက်ထဲ၌ ဆန်းကြယ်သော အလင်းတန်းများ လင်းလက်နေသည်။ ကမ္ဘာလောက၏ ထူးဆန်းသော မြင်ကွင်းများမှာလည်း ပျောက်ကွယ်သွားပြီး သူ၏ မြင်ကွင်းမှာ ပြန်လည် ကြည်လင်လာသည်။
အဖြူရောင်ဝတ် လူငယ်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဒီကောင်လေး အဲဒီ ဒွန့်လုံကျွမ်း ကို ငါ့ဆီ ပြန်ပေးစမ်း "
လီယန်ချူးက အေးစက်စွာ ပြုံးလိုက်ရင်း...
"ဘာ ဒွန့်လုံကျွမ်း လဲ"
ဒွန့်လုံကျွမ်း ထဲ၌ ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေသဖြင့် လောလောဆယ်တွင် သူ အသုံးမပြုနိုင်သေးပေ။ သို့သော် စကားအဆုံး၌ပင် သူသည် ထိုရတနာကို သိုလှောင်အိတ် ထဲသို့ ထည့်သိမ်းလိုက်တော့သည်။
အဖြူရောင်ဝတ် လူငယ်မှာ အကြီးအကျယ် ဒေါသထွက်သွားပြီး လက်ညှိုးကို ဓားကဲ့သို့ ပြုလုပ်ကာ ဟင်းလင်းပြင်ကို ထိုးစိုက်လိုက်သည်။
ရှပ် ရှပ် ရှပ်
ထောင်သောင်းချီသော ဓားချီများမှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာပြီး လီယန်ချူးကို ဝိုင်းရံပိတ်ဆို့လိုက်တော့သည်။
လီယန်ချူး၏ နောက်ကျောဘက်ရှိ တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်ထံမှ မီးကျီးကန်းပေါင်း များစွာ ပျံထွက်လာသည်။ ထိုမီးကျီးကန်းများမှာ မီးကျီးကန်းတစ်သောင်းအိုး ထဲမှ ထွက်လာခြင်းဖြစ်ပြီး စွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်။
ဝုန်း ဝုန်း ဝုန်း
ဓားချီနှင့် မီးကျီးကန်းများ ထိပ်တိုက်တွေ့ဆုံရာတွင် မီးကျီးကန်းများမှာ အဆက်မပြတ် အခုတ်ခံနေရသည်။ ထိုအဖြူရောင်ဝတ် လူငယ်၏ ဓားချီမှာ အလွန်ပင် ထက်မြက်လှပြီး အလွန်အမင်း ကြမ်းတမ်းလှသော တန်ခိုးစွမ်းအား တစ်ခု ဖြစ်သည်။
"ဒီရတနာ မရှိရင်တောင် ငါ မင်းကို မနှိမ်နင်းနိုင်ဘူးလို့ တကယ် ထင်နေတာလား "
အဖြူရောင်ဝတ် လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယခုအခါ သူသည် သူ၏ ကျင့်ကြံဆင့်ကို မဖုံးကွယ်တော့ဘဲ ဓားအလင်းတန်းများကို ကောင်းကင်အပြည့် လွှတ်လိုက်ရာ တောက်ပလှသော ကြယ်စင်မြစ်ကြီးအလားပင် တစ်ခဏအတွင်းမှာပင် မီးကျီးကန်းပေါင်း များစွာ အသတ်ခံလိုက်ရ၏။ မီးနဂါး ငါးကောင်မှာလည်း ထိုဓားအလင်းတန်းများကြောင့် ပျောက်ကွယ်သွားရသည်။
တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်သည် မီးလျှံဓား ကို ကိုင်စွဲကာ ပြင်းထန်စွာ ခုတ်ချလိုက်သည်။ သို့သော် ထောင်သောင်းချီသော ဓားချီများမှာ မီးလျှံဓား ပေါ်သို့ အဆက်မပြတ် ကျရောက်လာသဖြင့် တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်ပင်လျှင် ခြေတစ်လှမ်းချင်း နောက်သို့ ဆုတ်ခွာသွားရတော့သည်။
'ဒီကောင်က တကယ် အစွမ်းထက်တာပဲ'
လီယန်ချူး၏ စိတ်ထဲ၌ လေးလံသွားရသည်။ ထိုဓားချီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါမှာ ပြင်းထန်လွန်းလှသဖြင့် သူပင် မျက်မှောင်ကြုတ်မိသွား၏။ သို့သော် လီယန်ချူးမှာ နောက်မဆုတ်ဘဲ ရှေ့သို့ တိုးဝင်လိုက်သည်။
ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ပုံရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
နတ်ဘုရားခြေလှမ်းအတတ်...
သူသည် ထောင်သောင်းချီသော ဓားချီများကို ရှောင်ကွင်းကာ အဖြူရောင်ဝတ် လူငယ်၏ ရှေ့သို့ ရောက်သွားပြီး သူ၏ လက်ထဲမှ ရွှမ်းကျီကောင်းကင်မီး တစ်စုကို ထိုလူငယ်ဆီသို့ ဦးတည်ကာ ရိုက်နှက်လိုက်သည်။
အဖြူရောင်ဝတ် လူငယ်၏ မျက်လုံးများ ပြောင်းလဲသွားပြီး နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင်ကို အသုံးပြုကာ ကိုယ်ရောင်ဖျောက် လွှဲပြောင်းလိုက်သည်။
လီယန်ချူး၏ ပုံရိပ်မှာလည်း အဆက်မပြတ် ပျောက်ကွယ်သွားပြီး နတ်ဘုရားခြေလှမ်းအတတ်ကို သုံးကာ ထိုလူငယ်၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေသည်။ ဓားချီပေါင်း များစွာမှာလည်း လီယန်ချူး၏ နောက်ကွယ်မှ အသည်းအသန် လိုက်ပါနေကြ၏။
ထိုနှစ်ယောက်စလုံး၏ ပုံရိပ်များမှာ အဆက်မပြတ် ပျောက်ကွယ်နေပြီး ဓားချီများမှာလည်း ထိုအစီရင်အတွင်း၌ အဆက်မပြတ် လိုက်လံ တိုက်ခိုက်နေကြတော့သည်။
"ခွေးသား သတ္တိရှိရင် ငါ့ရဲ့ ဓားချီတွေကို ရင်ဆိုင်လေ ဘာလို့ ငါ့နောက်ကိုပဲ တကောက်ကောက် လိုက်နေတာလဲ "
အဖြူရောင်ဝတ် လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းကို သတ်လိုက်ရင် ဓားချီတွေက သူ့အလိုလို ပျောက်သွားမှာပဲ "
လီယန်ချူးက အေးစက်စွာ ပြုံးလိုက်သည်။
အဖြူရောင်ဝတ် လူငယ်၏ မျက်နှာမှာ စိမ်းဖန့်သွားရသည်။ လီယန်ချူး၏ လက်ထဲရှိ ထိုမီးလျှံမှာ ရွှမ်းကျီကောင်းကင်မီး ဖြစ်ပြီး စွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်။
'ဒီကောင်းကင်မီးက ချီလုံတာအိုဆရာ ရဲ့ လက်ထဲမှာ ရှိရမှာ မဟုတ်ဘူးလား ဘာလို့ ဒီကောင်က လုယူသွားနိုင်တာလဲ' အဖြူရောင်ဝတ် လူငယ်၏ စိတ်ထဲ၌ လေးလံသွားရသည်။
မော်ရှန်းတောင်က ချီလုံတာအိုဆရာ သည် စွမ်းအားကြီးမားပြီး စိတ်ဓာတ်ကလည်း မီးလျှံကဲ့သို့ ပြင်းထန်သူဖြစ်သည်။
သူသည် မည်သည့် ကြီးမားသော ကံထူးမှုကြောင့်မှန်းမသိ ရွှမ်းကျီကောင်းကင်မီး ၏ မီးမျိုးစေ့ကို ရှာဖွေတွေ့ရှိထားပြီး ကြီးမားသော စွမ်းအားများဖြင့် ပြုစုပျိုးထောင်ထားခြင်း ဖြစ်သည်။
သူသည်လည်း ရှန်ရှန်းနန်းဆောင်၏ ရွေးချယ်ခြင်းကို ခံထားရသူ ဖြစ်၏။
ချီလုံတာအိုဆရာသည် သတ်ဖြတ်လိုစိတ် ပြင်းထန်ပြီး အမှောင်နှင့် အလင်းကြား၌ ရှိနေသူ ဖြစ်သည်။
သူသည် ရှန်ရှန်းနန်းဆောင်၏ အရင်းအမြစ်များကို အသုံးပြုကာ ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းခဲ့ပြီး အခြားသော ပညာရှင်များနှင့်အတူ ဝေမြို့သို့ လာရောက်ကာ လီယန်ချူးကို သတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သို့သော် သူသည် အစောဆုံး တိုက်ခိုက်ခဲ့သော်လည်း အမြန်ဆုံး ကျဆုံးသွားခဲ့ရသူ ဖြစ်သွားသည်။ ရွှမ်းကျီကောင်းကင်မီး ကိုပင် မထုတ်သုံးနိုင်မီ လီယန်ချူး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
ယခုအခါ ရွှမ်းကျီကောင်းကင်မီး မှာ လီယန်ချူး၏ လက်ထဲ၌ ရှိနေပြီး ကြီးမားသော စွမ်းအားများကို ပြသနေသည်။
တန်းရန်ကျိ၏ ကိုယ်ထဲက ရှေးဟောင်း အငွေ့အသက်ကိုပင် လီယန်ချူးက ချေဖျက်ပစ်နိုင်ခဲ့သည်။ အဖြူရောင်ဝတ် လူငယ်သည် ထိုကောင်းကင်မီးကို တိုက်ရိုက် မရင်ဆိုင်ရဲသဖြင့် အဆက်မပြတ် ရှောင်တိမ်းနေရသည်။
သူ၏ စိတ်ထဲ၌ ဒေါသများ ပေါက်ကွဲလာသည်။
'ငလူးကောင် ကျင့်ဝတ်ကို လုံးဝ ဂရုမစိုက်ဘူး ဒီလို လမ်းဘေးလူမိုက်တွေ အသက်နဲ့လဲပြီး တိုက်တဲ့ နည်းလမ်းမျိုးကို သုံးနေတယ် '
သူသည် နဂါးကိုးပါး အစီရင်အတွင်းရှိ ကြီးမားသော အငွေ့အသက်များကို အသုံးပြု၍ လီယန်ချူး၏ အတတ်ပညာများကို ဖိနှိပ်လိုက်သည်။
သို့သော် လီယန်ချူး၏ ကိုယ်တွင်း စွမ်းအားများမှာ သမုဒ္ဒရာအလား ကျယ်ပြောလှသလို နတ်ဘုရားခြေလှမ်းအတတ်မှာလည်း အလွန်ပင် ဆန်းကြယ်လှသည်။
ယန်ဝိညာဉ်အဆင့်သို့ ရောက်ပြီးနောက် ဤအတတ်မှာ ပို၍ပင် အစွမ်းထက်လာခဲ့သည်။
နဂါးကိုးပါး ဝိညာဉ်ချုပ်အစီရင် က ကမ္ဘာမြေ၏ ကျောက်ကြိတ်စက်ကြီးအလား သူ၏ ကျင့်ကြံဆင့်ကို ဖိနှိပ်နေသော်လည်း သူသည် အဖြူရောင်ဝတ် လူငယ်၏ နောက်ကွယ်မှ အသည်းအသန် လိုက်ပါနေဆဲပင်။
အဖြူရောင်ဝတ် လူငယ်၏ မျက်နှာမှာ ပြောင်းလဲသွားပြီး အစီရင်အတွင်းရှိ ကောင်းကင်နဂါး တစ်ကောင်ကို လီယန်ချူးဆီသို့ စေလွှတ်လိုက်သည်။
ဝေါင်း
ထိုကောင်းကင်နဂါးသည် ခန့်ညားထည်ဝါပြီး မြင့်မြတ်လှကာ လူ့ပြည်မှ သတ္တဝါနှင့် မတူပေ။ နဂါးလက်သည်း တစ်ချက် ဝေ့ယမ်းလိုက်သောအခါ လီယန်ချူး၏ ပုံရိပ်မှာ နောက်သို့ ဆုတ်သွားရတော့သည်။
ဒေါင်
ကောင်းကင်နှင့် မြေကြီးကြား၌ ခေါင်းလောင်းသံကြီးအလား ပဲ့တင်ထပ်သွားသည်။ တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်သည် ကောင်းကင်မီးကို တားဆီးလိုက်ပြီး ကြီးမားသော နဂါးလက်သည်းကို ဖမ်းဆုပ်ကာ ထိုနဂါးနှင့် ခွန်အားချင်း ပြိုင်လိုက်တော့သည်။
ဝုန်း
ကောင်းကင်နဂါးသည် တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရကာ မြေပြင်ပေါ်သို့ ပြားပြားဝပ်သွားပြီး မလှုပ်နိုင်တော့ပေ။
ရွှမ်းကျီကောင်းကင်မီး သည် ချီလုံတာအိုဆရာ၏ လက်ထဲတွင် ရှိစဉ်က စွမ်းအား သိပ်မကြီးမားခဲ့ပေ။ မည်မျှပင် ထိတ်လန့်ဖွယ် ကောင်းသော မီးဖြစ်ပါစေ၊ တစ်ဖက်လူကို ထိမှန်ရန် လိုအပ်သည်။
ချီလုံတာအိုဆရာမှာ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းလှသဖြင့် အကယ်၍ ထိုအစီရင်ထဲတွင်သာ ရှိနေခဲ့ပါက စောစောစီးစီး အသတ်ခံလိုက်ရမည် ဖြစ်သည်။
သို့သော် ဤတာအိုဆရာ လူငယ်မှာမူ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အလွန်အမင်း ထူးကဲလှပြီး အရှိန်နှုန်းမှာလည်း အလွန်ပင် မြန်ဆန်လှသည်။ အသက်နှင့်လဲ၍ တိုက်ခိုက်နေပုံမှာ အလွန်ပင် လက်ပေါက်ကပ်လှသည်။
"အမိန့်တော်အတိုင်း"
အဖြူရောင်ဝတ် လူငယ်က အေးစက်စွာ ဟစ်ကြွေးလိုက်သည်။
သူ အသုံးပြုလိုက်သည်မှာ တာအိုဂိုဏ်း၏ စစ်မှန်သော ဓားအတတ်ပင် ဖြစ်သည်။ ထောင်သောင်းချီသော ဓားချီများ ပေါက်ကွဲထွက်လာပြီး လီယန်ချူးဆီသို့ လွှမ်းခြုံလာပြန်သည်။
လီယန်ချူးက ပါးစပ်မှ ယန်မီးလျှံ တစ်စက်ကို မှုတ်ထုတ်လိုက်ရာ ကောင်းကင်အပြည့် မီးလျှံများက ထိုတိုက်ခိုက်မှုကို ပြန်လည် ရင်ဆိုင်လိုက်ကြသည်။ တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်သည် ရတနာ ငါးပါးကို ကိုင်စွဲကာ ထိုဓားချီများကို အဆက်မပြတ် တိုက်ခိုက်နေတော့သည်။
ဂျိန်း ဝုန်း
မမျှော်လင့်ဘဲ ဓားချီပေါင်း ဆယ်ဂဏန်းခန့်မှာ လီယန်ချူး၏ မီးလျှံအတတ်ကို ထိုးဖောက်သွားကာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သို့သော် သူ၏ ကိုယ်ပေါ်ရှိ အစီရင်ဝတ်စုံ က ပြန်လည် တားဆီးလိုက်ပြန်သည်။
'ဒီကောင်က တကယ်ကို မာတာပဲ'
အဖြူရောင်ဝတ် လူငယ်က စိတ်ထဲမှ ဆဲရေးလိုက်မိသည်။
"ကြယ်ပျံဓားချက် "
သူက အေးစက်စွာ အော်ဟစ်လိုက်သည်
ထောင်သောင်းချီသော ဓားချီများမှာ ကောင်းကင်မှ ကျဆင်းလာသည်မှာ ကမ္ဘာလောကထဲသို့ ကြယ်စင်များ ကြွေကျလာသည့်အလားပင် အလွန်ပင် ထက်မြက်လှသည်။
"မင်းကိုး"
လီယန်ချူး၏ အသံမှာ မိုးခြိမ်းသံအလား ပေါက်ကွဲထွက်လာသည်။
အဖြူရောင်ဝတ် လူငယ်၏ စိတ်ထဲ၌ တုန်လှုပ်သွားရသည်။
'မကောင်းတော့ဘူး ဒီကောင်က ငါ့ရဲ့ ဓားအတတ်ကို သိနေတာပဲ'
သူ၏ စိတ်အာရုံထဲ၌ ဟာကွက်တစ်ခု ပေါ်ထွက်လာတော့သည်။
လီယန်ချူးသည် သူ၏ မျက်လုံးအစုံတွင် စွမ်းအားများကို စုစည်းကာ ထိုဓားအလင်းတန်းများကြားမှ ဟာကွက်ကို အမိအရ ကြည့်လိုက်ပြီး သူ၏ ကိုယ်ပေါ်မှ ကောင်းကင်အပြည့် မီးလျှံများကို ပေါက်ကွဲထွက်စေလိုက်သည်။
သူသည် လက်သီးတစ်ချက် ထိုးလိုက်သည်
ကောင်းကင်အပြည့် လက်သီးပုံရိပ်များ ပေါ်ထွက်လာသည်။
စွမ်းအားတစ်ချက်တည်း
တင် တင် တင်
ကောင်းကင်အပြည့် ရှိနေသော လက်သီးအရှိန်အဝါနှင့် အဖြူရောင်ဝတ် လူငယ်၏ ဓားချီများ ထိပ်တိုက် တိုးတိုက်မိကြသည်။ တစ်ချိန်တည်းမှာပင် ကြီးမားလှသော လက်ဝါးကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး အဖြူရောင်ဝတ် လူငယ်ကို ဖမ်းဆုပ်လိုက်တော့သည် သူသည် သိုင်းပညာ၏ စွမ်းအားနှင့် တောင်ပိုင်းမီးနတ်ဘုရား ပုံရိပ်၏ စွမ်းအားကို ပေါင်းစပ်လိုက်ကာ အလွန်ပင် ကြီးမားသော စွမ်းပကားကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
အဖြူရောင်ဝတ် လူငယ်မှာ ထိတ်လန့်သွားရသည်။
"လင်း-ပင်း-တောက်-ကျဲ့ "
သူသည် လေးလုံးသော ဂါထာမန္တန်ကို ရွတ်ဖတ်လိုက်ရာ ကောင်းကင်နဂါး ရှစ်ကောင်မှာ ချက်ချင်းပင် ဟိန်းဟောက်ကာ ရောက်ရှိလာကြတော့သည်။