← Chapters

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

🌹Chapter 281

ဖယောင်းတိုင်နီလေးများ တိတ်တဆိတ် လောင်ကျွမ်းနေသည်။ သတို့သမီး၏ အသားအရေက နို့နှစ်ရောင်ပမာ ဝင်းပနေပြီး နှုတ်ခမ်းလေးများက ချယ်ရီသီးလေးများလို နီမြန်းနေခဲ့သည်။

သူမ မျက်ဝန်းလေးများက ရေပြင်ပမာ ကြည်လင်တောက်ပနေပြီး မျက်တောင်ရှည်လေးများကလည်း လိပ်ပြာ တောင်ပံခတ်သည့်ပမာ လှုပ်ခါနေခဲ့ပါသည်။

ထိုမြင်ကွင်းလေးများကို ကြည့်ရင်း ဟမ်ယဲ့တစ်ယောက် တွေ‌ဝေမိန်းမောသွားခဲ့ရသည်။ ထို့နောက် သူမနားသို့ ဖြည်းဖြည်းချင်းကပ်လာကာ သူမနှုတ်ခမ်းလေးကို နမ်းရှိုက်ဖို့ ပြင်လိုက်ပါသည်။

သို့သော် ယန်ရုန်ရုန်က သူ့မျက်နှာကို အချိန်မီ လှမ်းတားလိုက်ပြီး ခက်ထန်စွာ ပြောလိုက်သည်။

“မင်္ဂလာပွဲပြီးသွားပြီ၊ ရှင့်ဆန္ဒကို ကျွန်မ ဖြည့်ဆည်းပေးပြီးသွားပြီ”

သူမလက်ကို ဟမ်ယဲ့ဆုပ်ကိုင်လိုက်သည်။ သူ့ရွှေရောင်သားရဲ မျက်ဝန်းများထဲတွင် မျှော်လင့်တောင့်တမှုများ အပြည့်ရှိနေပါသည်။

“ငါတို့…”

သူဘာကို တောင်းဆိုမလဲ ကြိုသိနေသဖြင့် ယန်ရုန်ရုန် ချက်ချင်း ငြင်းဆန်လိုက်သည်။

“မရဘူး!”

ဟမ်ယဲ့က လက်မလျှော့ချင်သေးပါ။

“ငါတို့ တစ်ခါတွဲဖက်ကျင့်ကြံခဲ့ကြပြီးပြီလေ၊ နောက်တစ်ခါထပ်လုပ်လို့ ဘာဆုတ်ယုတ်သွားမှာလဲ၊ ပြီးတော့ ဒီကမ္ဘာမှာ အားလုံးက အတုအယောင်တွေပဲ၊ အိပ်မက်တစ်ခုလို့တောင် သဘောထားလို့ရတယ်၊ အိပ်မက်တစ်ခု ပြီးဆုံးသွားရင် ဖြစ်ခဲ့တာတွေအားလုံး ပျောက်ကွယ်သွားမှာပဲဥစ္စာ”

ယန်ရုန်ရုန် လက်ကို ပြန်ဆွဲယူလိုက်သည်။ အနီရောင်သတို့သမီးဝတ်စုံလေးထဲတွင် သူမ မျက်နှာက အတော်လေး နူးညံ့သိမ်မွေ့ကာ လှပလို့နေပါသည်။

သို့သော် သူမနှုတ်မှထွက်လာသည့် စကားလုံးများကတော့ အေးစက်ကာ နှလုံးသားမဲ့လှသည်။

“မရဘူးဆို မရဘူးပဲ၊ စေတနာနဲ့ ပေးထားတဲ့ အခွင့်အရေးကို အလွန်အကျွံမယူနဲ့နော်”

ဟမ်ယဲ့ မျက်ဝန်းထဲက အလင်းရောင်များ ဖြည်းဖြည်းချင်း မှေးမှိန်သွားခဲ့သည်။ သူ့ခေါင်းပေါ်က အမွေးပွပွ နားရွက်များပင် တွဲကျသွားသဖြင့် အစွန့်ပစ်ခံလိုက်ရသော ခွေးကြီးတစ်ကောင်ပမာ သနားစရာကောင်းသွားခဲ့ပါသည်။

သို့သော် ယခုအချိန်တွင် ယန်ရုန်ရုန် ဆင်ခြင်တုံတရားကို ရှေ့ထားကာ စဉ်းစားရပါတော့မည်။ သူ့ရှေ့က သနားစရာ ‘ခွေးကြီး’ကို နည်းနည်းလေးပင် ကရုဏာမသက်အားတော့ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

“ရှင့်ဆန္ဒကို ကျွန်မဖြည့်ဆည်းပေးပြီးသွားပြီ၊ အခု ရှင့်ဘက်က ကျွန်မဆန္ဒကိုပြန် ဖြည့်ဆည်းပေးဖို့အချိန်တန်ပြီ”

သူမ တောင်းဆိုမည့်အရာကို ဟမ်ယဲ့ ရိပ်စားမိပုံရသည်။ ထိုတောင်းဆိုချက်ကို မကြားချင်သဖြင့် သူ့လက်များဖြင့် သူ့နားရွက်တို့ကို အုပ်လိုက်ပါသည်။

မကြားလျှင် မသိချင်ယောင်ဆောင်လို့ရသည်။

ယန်ရုန်ရုန် သူ့ကို ကြည့်ရင်း ရယ်ချင်သွားပါသည်။

“ကိုယ့်ကိုယ်ကိုယ် လှည့်စားနေလို့ ဘာမှမထူးဘူးနော်၊ နားအုပ်ထားရင်တောင် ကျွန်မပြောတာ ရှင်ကြားရမှန်း ကျွန်မသိတယ်”

ဟမ်ယဲ့ ကုတင်ပေါ် လှဲချပစ်လိုက်ပြီး စောင်နီကြီးကို ဆွဲယူကာ တစ်ခေါင်းလုံးကို ခြုံထားလိုက်ပါသည်။

ယန်ရုန်ရုန် လက်တစ်ဖက်မြှောက်ကာ သူ့တင်ပါးကို အားပါပါ ဖြတ်ရိုက်ပစ်လိုက်သည်။

ရုတ်ခြည်းဆန်သည့် အပြုအမူကြောင့် ဟမ်ယဲ့ကြက်သေသေသွားပြီး စောင်ကို လွှင့်ပ့စ်ကာ ငုတ်တုပ်ထထိုင်လာခဲ့သည်။ ထို့နောက် သူ့တင်ပါးကို လက်ဖြင့်ကိုင်ရင်း နီမြန်းနေသော မျက်နှာဖြင့် မေးလိုက်လေသည်။

“မိန်းကလေးတန်မဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ တင်ပါးကို အဲ့လိုထိတွေ့စရာလား!”

သူ့ကို ‘ထိတွေ့’ခြင်းမဟုတ်မဘဲ ဖြတ်ရိုက်လိုက်ခြင်းဖြစ်ကြောင်း ယန်ရုန်ရုန် ရှင်းပင် ရှင်းမပြချင်တော့ပါ။ ထို့ကြောင့် သူမ လိုရင်းကိုသာ ပြောလိုက်သည်။

“ကျွန်မရဲ့ ဆန္ဒက ဒီပုံပြင်ကမ္ဘာထဲကနေ ချက်ချင်းထွက်သွားပြီး လက်တွေ့ကမ္ဘာကို ပြန်နိုင်ဖို့ပဲ”

ဟမ်ယဲ့က သူ့နားတွေကို အမြန်အုပ်လိုက်ပြန်သည်။

“မကြားရဘူး မကြားရဘူး!”

သူကြားရမှန်း ယန်ရုန်ရုန်သိသဖြင့် ဆက်ပြောလိုက်သည်။

“ကျွန်မ ရွှမ်ကျီးကလောင်တံကို သုံးပြီး ဇာတ်သိမ်းကို ပြင်ပြီးသွားပြီ၊ ကျွန်မ ဘာရေးလိုက်လဲ ရှင်သိလား”

ဟမ်ယဲ့ နားရွက်ပေါ်မှ လက်ကိုမဖယ်သေးသော်လည်း သူမကို မျက်လုံးဖြင့် ချောင်းကြည့်လိုက်ပါသည်။

“ကျွန်မ ဘာကိုပဲတောင်းဆိုတောင်းဆို တောင်စောင့်နတ်ဘုရားဖြစ်တဲ့ ရှင်ကဖြည့်ဆည်းပေးရလိမ့်မယ်၊ အဲ့တာ ကျွန်မရေးလိုက်တဲ့ ဇာတ်သိမ်းပဲ”

ထိုသို့ပြောပြီးနောက် ဟမ်ယဲ့ကို ယန်ရုန်ရုန် တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။

ဟမ်ယဲ့ ရင်တုန်သွားခဲ့ပြီး သူ့လက်များကို ပြန်ချကာ တိုးတိုးလေး မေးလိုက်သည်။

“ငါဒီကမ္ဘာကြီးထဲကနေ ထွက်မသွားချင်မှန်း မင်းသိလျက်နဲ့ ဘာလို့အဲ့လို ရေးလိုက်ရတာလဲ၊ ငါစကားမတည်ဘဲ မင်းကို ဒီထဲမှာ တစ်သက်လုံး ပိတ်လှောင်ထားလိုက်မှာ မကြောက်ဘူးလား”

“ကျွန်မ ရှင့်ကို နောက်တစ်ခါ ထပ်ယုံကြည်ချင်သေးလို့ပေါ့”

ဟမ်ယဲ့ မှင်သက်သွားခဲ့သည်။

ယန်ရုန်ရုန် သူ့ကို လေးလေးနက်နက်ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ပူကျစ်တောင်မှာ ကျွန်မနေခဲ့တုန်းက ကျွန်မကို မိစ္ဆာကျင့်ကြံသူတွေ ဝိုင်းရံထားတဲ့အချိန် ရှင်လာကယ်မယ်လို့ ကျွန်မ ယုံကြည်ခဲ့ဖူးတယ်… ဒါပေမယ့် ကံမကောင်းစွာနဲ့ ရှင်ရောက်မလာခဲ့ဘူး…”

ဟမ်ယဲ့က အသည်းအသန် ရှင်းပြသည်။

“ငါလာခဲ့ပါတယ်! ဒါပေမယ့် နောက်ကျသွားခဲ့တာ… ငါသတင်းကြားပြီး ပူကျစ်တောင်ကို ရောက်သွားတော့ လှိုဏ်ဂူက ပျက်စီးသွားခဲ့ပြီ၊ တောင်တစ်ခုလုံးကို ငါနှံ့အောင် ရှာခဲ့ပေမယ့် မင်းရဲ့ဝတ်ရုံအစလေး တစ်ခုကိုပဲ ရှာတွေခဲ့တာ”

သူ့ရှင်းပြချက်ကို ယန်ရုန်ရုန် တိတ်တဆိတ် နားထောင်လိုက်ပြီး ပြန်ပြောလိုက်သည်။

“အဲ့ဒီတုန်းက ရှင့်အခွင့်အရေးကို တစ်ကြိမ် ဆုံးရှုံးခဲ့ရပြီးပြီ၊ ဒီတစ်ခါကော ထပ်ပြီးအဆုံးရှုံးခံဦးမှာလား”

ဟမ်ယဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ့နှုတ်ခမ်းများ စည်းတင်းသွားခဲ့ပြီး မျက်ဝန်းများ နီမြန်းလာခဲ့သည်။

အချိန်အတော်ကြာအောင် တိတ်ဆတ်သွားပြီးနောက်မှာတော့ သူအဖြေပေးလိုက်တော့သည်။

“အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် အဲ့ဒီတုန်းက ငါ့အပြစ်မကင်းတာ သေချာတယ်၊ ငါမင်းကို မကာကွယ်နိုင်ခဲ့လို့ မင်းအများကြီး နာကျင်ခံစားခဲ့ရတာ၊ အခုလို အခွင့်အရေးထပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒီတစ်ခါတော့ မင်းစိတ်မပျက်စေရတော့ဘူး”

သူနားလည်သွားပြီဖြစ်မှန်း သိလိုက်ရ၍ ယန်ရုန်ရုန် တောက်ပစွာ ပြုံလိုက်ပါသည်။

ဟမ်ယဲ့ ညာဘက်လက်ကို ဆန့်တန်းပြီး ယန်ရုန်ရုန့်နဖူးကို လက်ညှိုးဖြင့် တို့ကာ နူးညံ့သိမ်မွေ့သော်လည်း ပြတ်သားခိုင်မာသည့် လေသံဖြင့် ဆိုလိုက်တော့သည်။

“မင်းဘာပဲဆန္ဒရှိပါစေ ငါဖြည့်ဆည်းပေးမယ်”

သူမ၏ ဆန္ဒက ထွက်သွားဖို့ဆိုလျှင် သူထွက်သွားခွင့်ပေးမည်။ သူမ ဆန္ဒက လွတ်မြောက်ဖို့ဆိုလျှင် သူလွတ်မြောက်ခွင့် ပေးပါမည်။

ဖရောင်းတိုင်မီးများ ငြိမ်းသွားခဲ့ပြီး အလင်းရောင်များ မှေးမှိန်သွားခဲ့ကာ ဘေးပတ်လည်ရှိ အရာအားလုံး အရောင်တွေ လွင့်ပျယ်လာခဲ့သည်။

သို့သော် ယန်ရုန်ရုန့်ကို ငေးကြည့်နေသည့် ဟမ်ယဲ့၏ အကြည့်များမှာတော့ ပြောင်းလဲမသွားခဲ့ပေ။

သူတီးတိုး ရေရွတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်…”

‘ငါ့ကို ထပ်ယုံကြည်ပေးလို့ ကျေးဇူးတင်တယ်၊ ငါ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့လို့ ကျေးဇူးတင်တယ်…’

မင်္ဂလာပွဲက အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သော်လည်း သူ့ဘဝ၏ တန်ဖိုးအရှိဆုံးသော အိပ်မက်လေးတစ်ခုပင်။

ထိုအိပ်မက်ကလေးကို သူ့နှလုံးသားနက်နက်ရှိုင်းရှိုင်းထဲမှာ ထာဝရ တန်ဖိုးထား သိမ်းဆည်းလိုက်ပါတော့မည်။

-

ယန်ရုန်ရုန် မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ အလွန်အေးစက်မှောင်မိုက်နေသော မျက်လုံးတစ်စုံကို ပထမဆုံး မြင်လိုက်ရသည်။

ယန်ရုန်ရုန် လန့်ဖျပ်သွားပြီး ထအော်လိုက်မိပါသည်။

“အား!!!”

ထိုအခါ လောလော၊ လျို့လန်၊ မုထုန်နှင့် ငှက်ပေါက်လေးတို့အားလုံး သူမဘေးသို့ ဝန်းရံလာခဲ့ကြသည်။ ယန်ရုန်ရုန့်ကို ဝန်းရံကာ သူမအဆင်ပြေရဲ့လား၊ ထိခိုက်ဒဏ်ရာ ရထားသေးသလား စသည်ဖြင့် တတွတ်တွတ် မေးမြန်းကြလေသည်။

ယန်ရုန်ရုန် ဘယ်နေရာမှ နာကျင်မနေသဖြင့် ဘာမှမဖြစ်ကြောင်း သူတို့ကို ပြန်ပြောလိုက်သည်။ ထို့နောက် သူမကို ထိတ်လန့်သွားစေသည့် မျက်လုံးပိုင်ရှင်က ရှုယင် ဖြစ်နေမှန်း သိလိုက်ရပါသည်။

ရှုယင်က သူမဘေးတွင် ထိုင်နေပြီး ခန္ဓာကိုယ်ချင်း အလွန်နီးကပ်နေသည်။ သူ့ထံမှ ဖြာထွက်နေသည့် အေးစက်စက် ရောင်ဝါများကို သူမ ခံစားနေရသည်။

ယန်ရုန်ရုန် လက်မောင်းများကို ကြက်သီးထစွာပွတ်ရင်း အနောက်သို့ အနည်းငယ်ဆုတ်ကာ မဝံ့မရဲ မေးလိုက်ပါသည်။

“ရှင်ဒီကို ဘာလာလုပ်တာလဲ…”

ရှုယင်က သူမကို မျက်တောင်ပင် မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။ မျက်တောင်ခတ်လိုက်သည်နှင့် ယန်ရုန်ရုန် ထပ်ပျောက်ကွယ်သွားတော့မည်ဟုပင် ထင်နေပုံရသည်။

“မင်းကို လာရှာတာ”

သူတို့နှစ်ယောက်အကြား လောလောက အတင်းတိုးဝင်လာပြီး ယန်ရုန်ရုန့်ကို ရှင်းပြလိုက်ပါသည်။

“ဟော့ဒီက ရောင်းရင်းရှုယင်ရဲ့ ကျေးဇူးကြောင့် မင်းနဲ့ ဟမ်ယဲ့တို့ကို ငါတို့ ခွဲထုတ်နိုင်ခဲ့တာလေ”

ထိုအခါမှ သူမနှင့် ဟမ်ယဲ့တို့၏ ခန္ဓာကိုယ်များ ပူးကပ်မနေတော့သည်ကို ယန်ရုန်ရုန် သတိပြုမိသွားသည်။ ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ရာ လှေ၏ အခြားတစ်ဖက်စွန်းတွင် လှဲလျောင်းနေသည့် ဟမ်ယဲ့ကို သူမ မြင်လိုက်ရပါသည်။

ဟမ်ယဲ့၏ မျက်လုံးများက တင်းကျပ်စွာ မှိတ်ထားဆဲဖြစ်ပြီး မလှုပ်မယှက်နှင့် သတိလစ်နေသေးသည့်ပုံပင်။

လွမ်ဇာမဏီဆံထိုးကြောင့် သူမနှင့် ဟမ်ယဲ့တို့ ခန္ဓာကိုယ်ချင်း ပူးကပ်သွားခဲ့မှန်း ယန်ရုန်ရုန် မှတ်မိပါသည်။ ထို့ကြောင့်လည်း ဟမ်ယဲ့၏ ဝိညာဉ်ကပါ သူမနှင့်အတူ ပုံပြင်ကမ္ဘာထဲ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

လောလောပြောပုံအရဆို ထိုချုပ်နှောင်မှုကို ရှုယင်က ကူညီချိုးဖျက်ပေးခဲ့ပုံရသည်။

ယန်ရုန်ရုန် မနေနိုင်ဘဲ မေးကြည့်လိုက်ပါသည်။

“ရှင်ဘယ်လိုလုပ်လိုက်တာလဲ”

လောလောက သွားဖြီးကာ ရှင်းပြလိုက်သည်။

“ရိုးရိုးရှင်းရှင်းလေးပါ၊ မင်းတို့ထဲကတစ်ယောက် သေသွားတာနဲ့ ဆံထိုးရဲ့ အာနိသင်ပျယ်သွားတယ်လေ”

ရှုယင်ပြောပြထားသဖြင့် ထိုနည်းလမ်းကို လောလော သိနေခြင်းဖြစ်သည်။

ဟယ့်ပျယ်ချင်း၏ ဝိညာဉ်ကို ရှုယင်လေ့လာပြီးနောက် ဟယ့်ပျယ်ချင်း၏ မှတ်ဉာဏ်အားလုံးကို သူရရှိလိုက်သည်။ ထိုမှတ်ဉာဏ်များအတွင်း ဆံထိုး၏ အာနိသင်ကို ဖျက်သိမ်းဖို့နည်းလမ်းလည်း ပါဝင်ပါသည်။

ယန်ရုန်ရုန် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

“ရှင်တို့ ဟမ်ယဲ့ကို သတ်လိုက်တာတော့ မဟုတ်ပါဘူးနော်”

လောလောက အမြန်ငြင်းသည်။

“မဟုတ်ပါဘူး! ငါတို့ မင်းကို ကယ်တင်ချင်တာ မှန်ပေမယ့် သူ့ကို သတ်ပစ်ရလောက်တဲ့အထိတော့ မလုပ်ပါဘူး၊ သူခဏလောက် ‘သေသွားသလို’ဖြစ်အောင်လို့ ပညာတချို့ သုံးလိုက်တာ၊ တစ်ရက်နှစ်ရက်လောက်နေရင် သတိပြန်ရလာလိမ့်မယ်”

အမှန်တော့ မကြာသေးခင်က ဟမ်ယဲ့ကို ရှုယင် အမှန်တကယ် သတ်ပစ်ဖို့ အစီအစဉ်ရှိခဲ့ပါသည်။ သူ့အတွက် ဟမ်ယဲ့က အချစ်ပြိုင်ဘက်တစ်ဦးဖြစ်သည်။ သူ့အချစ်ပြိုင်ဘက်အားလုံးကို သေဆုံးသွားစေချင်ပါသည်။

လောလောက အသည်းအသန်တားဆီးခဲ့ခြင်းကြောင့်သာ ထိုအကြံကို ရှုယင် လက်လျှော့ခဲ့ရခြင်းပင်။

ယန်ရုန်ရုန်လည်း စိတ်အေးသွားပြီး သက်ပြင်းချမိပါသည်။

“အဲ့တာဆို တော်သေးတာပေါ့”

ရှုယင်က သူမကို စူးစူးဝါးဝါးစိုက်ကြည့်ရင်း အေးစက်စွာ မေးသည်။

“ဟမ်ယဲ့ကို မင်းအဲ့လောက် ဂရုစိုက်တာလား”

🌹Chapter 282

ယခင်တုန်းကသာဆို ရှုယင် စိတ်ကျေနပ်စေဖို့အတွက်နှင့် ယန်ရုန်ရုန် တခြားယောက်ျားများနှင့် ပတ်သတ်မှု မရှိကြောင်း အကြောင်းပြချက်မျိုးစုံပေးပြီး ငြင်းဆန်နေလောက်သည်။

သို့သော် ယခုတော့ အခြေအနေတွေက ခြားနားနေလေပြီ။ သူ့ကို စိတ်ကျေနပ်အောင် မဖားချင်တော့သည့်အပြင် သူနှင့် အဝေးဆုံးကို ရောက်အောင်ပင် ထွက်ပြေးချင်နေပါသည်။

ထို့ကြောင့် ယန်ရုန်ရုန် တောက်ပစွာ ပြုံးလိုက်ပြီး ပြတ်ပြတ်သားသား ဝန်ခံလိုက်သည်။

“ဟုတ်တယ်”

ရှုယင်၏ မျက်ဝန်းတွေထဲ သတ်ဖြတ်လိုစိတ်များ စုပြုံဝင်ရောက်လာခဲ့သည်။ ထို့နောက် ထိုင်နေရာမှ ဖြည်းညှင်းစွာ ထလိုက်ပြီး ဟမ်ယဲ့ထံသို့ လျှောက်လာခဲ့ပါသည်။

‘ထင်တဲ့အတိုင်းပဲ… အဲ့ဒီကောင်ကို အစောကတည်းက သတ်ပစ်ခဲ့သင့်တာ…’

ယန်ရုန်ရုန်ကလည်း သူ့ကို စိတ်ရှိတိုင်း လုပ်ခွင့်မပေးနိုင်ပေ။ ထို့ကြောင့် ချက်ချင်း လှမ်းတားလိုက်သည်။

“ရပ်လိုက်စမ်း!”

သူမကို ရှုယင် လျစ်လျူရှုလိုက်ပြီး ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ဘေးတွင် တစ္ဆေစွမ်းအင်များ ဝန်းရံလာပြီး အသက်တစ်ချောင်းကို အချိန်မရွေး နုတ်ယူဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။

ဟမ်ယဲ့က သတိလစ်နေဆဲဖြစ်၍ စဉ့်တီတုံးပေါ် ရောက်နေသည့် ငါးတစ်ကောင်ပမာ အကာအကွယ်မဲ့နေသည်။

ယန်ရုန်ရုန်မှာလည်း မတ်တပ်ကောင်းကောင်းရပ်ဖို့ပင် အားမရှိသေးသဖြင့် လျို့လန်ကိုသာ အမိန့်လှမ်းပေးလိုက်သည်။

“သူ့ကို တားစမ်း!”

လျို့လန် ချက်ချင်းလှုပ်ရှားခဲ့ပြီး ရှုယင်၏ လမ်းတွင် ပိတ်ရပ်လိုက်ပါသည်။

“ဟေ့! ငါ့မေမေက မင်းကို ရပ်လိုက်လို့ ပြောနေတာ မကြားဘူးလား နားပင်းနေတာလား!”

ရှုယင်ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ့ရှေ့က ကလေးကို အေးစက်စွာ ငုံ့ကြည့်ရင်း မေးလိုက်သည်။

“သူ့ကို ဘယ်လိုခေါ်လိုက်တာ”

လျို့လန်က ခါးထောက်လျက် မျက်နှာလေးကို ဂျစ်ကန်ကန်နှင့် မော့လိုက်သည်။

“သူက ငါ့မေမေလေ၊ အဲ့တာကြောင့် မေမေလို့ ‌ခေါ်တာ ဘာဖြစ်လဲ”

လျို့လန်၏ လက်ရှိအသွင်က အသက် ၇ နှစ် ၈ နှစ်အရွယ်ရှိသည့် လူသားကလေးတစ်ဦး၏ အသွင်မျိုး ဖြစ်သော်လည်း ရှုယင်တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့အသွင်အစစ်အမှန်ကို ဖောက်မြင်နိုင်ပါသည်။

ရှုယင် လှောင်ပြုံးပြုံးလိုက်သည်။

“မင်းက ကျိန်စာသားရဲတစ်ကောင်ပဲ၊ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကနေ မွေးဖွားပေးထားတာ၊ မင်းမှာ ဘယ်ကအမေ ရှိမှာလဲ၊ မဟုတ်တာတွေပြောပြီး သူ့ကိုသိက္ခာကျအောင် မလုပ်နဲ့”

လျို့လန်က ဘာမှမစဉ်းစားဘဲ ကျယ်ကျယ်လောင်လောင် ပြန်ချေပလိုက်သည်။

“ငါ့မေမေနဲ့ ငါနဲ့က အရမ်းချစ်ကြတာ! မင်းကတော့ သူစိမ်းတစ်ယောက်ပဲ၊ မေမေက မင်းကို မြင်တောင် မမြင်ချင်ဘူး၊ အဲ့တာကြောင့် မျက်စိနောက်အောင် လာမလုပ်ဘဲ ထွက်သွားစမ်းပါ! ရှူးရှူး!”

‘သူစိမ်း’ဟူသည့် စကားလုံးက ရှုယင်၏ အရှိုက်ကို လာထိသည်။

သူ့မျက်လုံးများ ပိုမိုအေးစက်လာပြီး သူ့လက်ထဲတွင်လည်း ဝိညာဉ်သန့်စင်တံခွန်တိုင် ပေါ်လာခဲ့သည်။

“ယောင်ယောင်နဲ့ ငါ့ကြားက ကိစ္စတွေကို မင်ဝင်ပြောစရာမလိုဘူး”

ရှုယင် အမှန်တကယ် သတ်ဖြတ်ဖို့ ရည်ရွယ်ထားသည်ကို ယန်ရုန်ရုန် မြင်သဖြင့် အမြန်အော်တားလိုက်သည်။

“ရှုယင်! လျို့လန်ကို မထိနဲ့နော်၊ သူက ကျွန်မလူ!”

လျို့လန်က လက်ပိုက်လျက် ရှုယင်ကို အောင်နိုင်သူတစ်ယောက်ပမာ ပြုံးပြလိုက်သည်။

“တွေ့လား၊ မေမေက ငါ့ဘက်မှာပဲ ရှိတာ”

လက်ထဲက ဝိညာဉ်သန့်စင်တံခွန်တိုင်ကို ရှုယင် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းများ စည်းတင်းသွားခဲ့သည်။ သူ့ရင်ထဲ သဝန်တိုစိတ်များ တလိမ့်လိမ့်တက်လာပြီး သတ်ဖြတ်ချင်စိတ်များလည်း တဖွားဖွား ဖြစ်ပေါ်လာခဲ့ပါသည်။

သို့သော် ယန်ရုန်ရုန့်မျက်နှာကြောင့် နောက်ဆုံးမှာတော့ သူ့ကိုယ်သူ ထိန်းချုပ်လိုက်ရသည်။

ယန်ရုန်ရုန်ကို လှည့်ကြည့်ကာ ရှုယင် လေးလံစွာ ပြောလိုက်သည်။

“မင်း ငါနဲ့ လိုက်ခဲ့ရမယ်”

ယန်ရုန်ရုန် မတ်တပ်ပင်ကောင်းကောင်း မရပ်နိုင်သဖြင့် လောလောက သူမကို ကူတွဲပေးထားရပါသည်။

သူမ သရော်ပြုံးပြုံးကာ မေးလိုက်သည်။

“ရှင်က ကျွန်မအတွက် ဘာမို့လို့လဲ၊ ရှင့်စကားကို ဘာလို့ နားထောင်ရမှာလဲ”

ယန်ရုန်ရုန့်အပြုံးကို ရှုယင် အချိန်အတော်ကြာအောင် ငေးကြည့်နေခဲ့သည်။

ယခင်တုန်းက သူနှင့်ဆုံတွေ့လိုက်တိုင်း သူမမျက်နှာပေါ်တွင် ချိုမြိန်သည့် အပြုံးများသာ ရှိနေတတ်သည်။

ယခု သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်သော်လည်း ထိုအပြုံးက လှောင်ပြောင်သရော်မှု၊ စက်ဆုပ်မှုများဖြင့်သာ ပြည့်နှက်နေခဲ့ပါသည်။

‘သူတကယ် ပြောင်းလဲသွားခဲ့ပြီပဲ…’

‘မဟုတ်သေးဘူး… ဒါကမှ သူ့ရဲ့ ပုံစံအစစ်အမှန်ဖြစ်နိုင်တယ်’

ရှုယင် ဒေါသထွက်သင့်သော်လည်း အမှန်တရားကို တည်တည်ငြိမ်ငြိမ် လက်ခံလိုက်ပါသည်။ သူမ ဘယ်လိုပုံစံပဲရှိရှိ အရေးမကြီးပါ။ အရေးကြီးသည်က သူမကို လိုလားသဖြင့် သူရအောင် ခေါ်ဆောင်သွားရပါမည်။

“မင်းကို ဟယ့်ပျယ်ချင်း ဘာလို့သတ်ဖို့ ကြိုးစားခဲ့တာလဲဆိုတာ မသိချင်ဘူးလား”

ထိုစကားတစ်ခွန်းတည်းနှင့် ယန်ရုန်ရုန့်မျက်နှာ အလွန်ပြောင်းလဲသွားခဲ့သည်။

သူမ မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်ပါသည်။

“အဲ့တာရှင်နဲ့ ဘာဆိုင်လို့လဲ”

ရှုယင်က သူ့လက်ထဲရှိ ဝိညာဉ်သန့်စင်တံခွန်တိုင်ကို လှုပ်ခါပြလိုက်ပြီး အေးတိအေးစက် ဖြေလိုက်သည်။

“ဟယ့်ပျယ်ချင်းရဲ့ဝိညာဉ်ကို ငါသန့်စင်ပြီးသွားပြီ၊ သူသိသမျှအရာအားလုံးကို ငါသိတယ်”

ဘေးတွင်ရှိနေသည့် လောလောကို ယန်ရုန်ရုန် ချက်ချင်း လှည့်ကြည့်လိုက်သည်။

ပြဿနာတွေ ဒီလိုဖြစ်လာလိမ့်မည်ဟု ထင်မထားသည့် လောလောက သူ့ကိုယ်သူ အမြန်ကာကွယ်လိုက်ပါသည်။

“လွမ်ဇာမဏီဆံထိုးရဲ့ အာနိသင်ကို ဖျက်ဖို့ သူကူညီပေးနိုင်တယ်ဆိုလို့ ဟယ့်ပျယ်ချင်းရဲ့ဝိညာဉ်ကို သူ့လက်ထဲ ထည့်ပေးခဲ့တာလေ!”

ရှုယင် အမှန်တကယ် ကူညီပေးခဲ့ပါသည်။ ထို့ကြောင့်လည်း ယန်ရုန်ရုန်နှင့် ဟမ်ယဲ့တို့၏ ခန္ဓာကိုယ်များကို ပြန်ခွဲထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဟယ့်ပျယ်ချင်း၏ ဝိညာဉ်ကို ရှုယင် အပိုင်သိမ်းသွားခဲ့သည်။

လောလောက ဈေးဆစ်ဖို့ ကြိုးစားလေသည်။

“မင်းကူညီပေးခဲ့တာကို ငါတို့အားလုံး အသိအမှတ်ပြုပါတယ်၊ မင်းမှာ တောင်းဆိုစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောလေ၊ ဒီမှာအားလုံးက မိတ်ဆွေတွေပဲ၊ စိတ်လိုက်မာန်ပါ မလုပ်ခင် အရင်ဆုံး အေးအေးဆေးဆေး စကားပြောကြရအောင်လား”

ရှုယင်က ပွင့်ပွင့်လင်းလင်း ပြောသည်။

“ယောင်ယောင်ကို ငါလိုချင်တယ်၊ သူငါနဲ့လိုက်ခဲ့မယ်ဆိုရင် ငါသိထားသမျှ အကုန်ပြောပြမယ်”

လောလော လက်မြှောက်အရှုံးပေးလိုက်သည်။

“အဲ့တာတော့ ညှိနှိုင်းလို့မရဘူး”

ထိုဆုံးဖြတ်ချက်က ယန်ရုန်ရုန်နှင့်သာ သက်ဆိုင်ပါသည်။ သူမ အချိန်အတော်ကြာအောင် တွန့်ဆုတ်သွားလိမ့်မည်ဟု လောလောထင်ထားခဲ့သော်လည်း အံ့အားသင့်ဖို့ကောင်းစွာဖြင့် ယန်ရုန်ရုန်က မဆိုင်းမတွ သဘောတူလိုက်လေသည်။

“ကောင်းပြီလေ၊ ကျွန်မလိုက်ခဲ့မယ်”

လောလော မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။

“အဲ့လောက်လွယ်လွယ် သဘောတူလိုက်တော့မှာလား!”

လောလောကို ယန်ရုန်ရုန် မျက်ခုံးပင့်ကာ မေးသည်။

“တခြားဘာလုပ်လို့ရသေးလို့လဲ၊ သူက ဟယ့်ပျယ်ချင်းဝိညာဉ်ကို သန့်စင်ပြီးသွားပြီ၊ အခုချိန်မှ ပြန်လုယူလိုက်ရင်တောင် ဘာမှအသုံးမဝင်တော့ဘူး၊ သူနဲ့လိုက်သွားဖို့ကလွဲပြီး တခြားဘာလုပ်စရာရှိသေးလို့လဲ’

လောလော လိပ်ပြာမလုံဖြစ်သွားပြီး နှာခေါင်းပွတ်လိုက်ပါသည်။ ဒီကိစ္စတွင် သူ့အပြစ်လည်း မကင်းပေ။

ဟယ့်ပျယ်ချင်း၏ အလောင်းကို သူသာ အလွယ်တကူ မပေးခဲ့လျှင် ယန်ရုန်ရုန့်အပေါ် ရှုယင် ယခုလို အကျပ်ကိုင်နိုင်မှာ မဟုတ်ပါ။

ရှုယင်ကို လောလော လှည့်ကြည့်လိုက်သည်။ ထိုကောင်လေးက ငယ်ရွယ်မည့်ပုံစံပေါက်သော်လည်း အရှိန်အဝါ အလွန်ကြီးမားပါသည်။

လောလော စိတ်ပူပန်သွားပြီး ယန်ရုန်ရုန့်ကို တီးတိုးမေးလိုက်သည်။

“သူမင်းကို အတင်းအကျပ် လက်ထပ်ခိုင်းရင် ဘယ်လိုလုပ်မလဲ”

ယန်ရုန်ရုန် အေးအေးလူလူ ပြန်ဖြေလိုက်သည်။

“အဲ့တာဆိုလည်း လက်ထပ်လိုက်တာပေါ့၊ ကျွန်မ နှစ်ခါတောင် လက်ထပ်ပြီးသွားပြီ၊ နောက်တစ်ခါ လက်ထပ်ဖို့ ဘာခက်လို့လဲ”

လောလော ဆွံ့အသွားခဲ့ရသည်။

‘လက်ထပ်တယ်ဆိုတာ ဘဝမှာ အရေးအကြီးဆုံး ကိစ္စတစ်ခုလေ! ဘာလို့အဲ့လောက်တောင် အလွယ်တကူ ဆုံးဖြတ်နိုင်ရတာလဲ’

သို့သော် ပိုအရေးကြီးသည့် အချက်ကြောင့် လောလော မျက်လုံးပြူးကျယ်သွားလေသည်။

“ဘာဖြစ်တယ်၊ မင်းဘယ်တုန်းက လက်ထပ်လိုက်တာလဲ၊ ပြီးတော့ နှစ်ခါတောင်!”

ယန်ရုန်ရုန် ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။

“အိပ်မက်ထဲမှာလေ”

သူမ အမှန်အတိုင်းပြောနေခြင်းဖြစ်သော်လည်း လောလောကတော့ မယုံကြည်ပေ။

“လာနောက်မနေနဲ့ အမှန်အတိုင်းပြောစမ်း! ငါတို့နောက်ကွယ်မှာ ဘယ်တုန်းက ယောက်ျားရသွားတာလဲ!”

သူတို့နှစ်ယောက် စကားကို တိုးတိုးလေး ပြောနေသော်လည်း လှေက သေးငယ်သဖြင့် ရှုယင် ခိုးနားထောင်ဖို့ပင် ကြိုးစားစရာမလိုပါ။

ယန်ရုန်ရုန် နှစ်ကြိမ်နှစ်ခါပင် လက်ထပ်ပြီးပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ရှုယင် နှလုံးသားထဲ မနာလို ဝန်တိုမှုများ တောက်လောင်လာခဲ့ပြန်သည်။

ထို့ကြောင့် ယန်ရုန်ရုန့်နားသို့ ချဉ်းကပ်ကာ သူမေးလိုက်သည်။

“မင်းဘယ်သူနဲ့ လက်ထပ်ခဲ့တာလဲ”

ယန်ရုန်ရုန်က သူ့ကို မဲ့ပြုံးဖြင့် ကြည့်လိုက်သည်။

“သိချင်လား၊ အဲ့တာဆို ဟယ့်ပျယ်ချင်းနဲ့ ပတ်သတ်တာတွေ အကုန်ပြောပြ၊ ရှင်ပြောပြီးရင် ကျွန်မ ပြောပြမယ်”

လောလောကလည်း မီးလောင်ရာ လေပင့်ဖို့ ကြိုးစားပြီး ရှုယင်ကို ပြောသည်။

“ဟုတ်တယ် ပြောပြလိုက်! ယန်ရုန်ရုန် ဘယ်သူတွေနဲ့ လက်ထပ်ထားတာလဲဆိုတာ ငါတို့လည်း သိချင်တယ်! ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ငါတို့တွေတောင် မသိရဘူး!”

သို့သော် ရှုယင်က ငါးစာကို လွယ်လွယ်နှင့်ဟပ်မည့်လူမျိုး မဟုတ်ပေ။

“မင်းလက်ထပ်ခဲ့တဲ့သူတွေက အဲ့ဒီသုံးကောင်ထဲက နှစ်ကောင်ပဲ နေမှာပေါ့”

ပြောပြောဆိုဆိုနှင့် သတိလစ်နေဆဲဖြစ်သည့် ဟမ်ယဲ့ကို သူ့မျက်လုံးထောင့်မှ မြင်လိုက်ရသည်။ သူ့မျက်လုံးများ ချက်ချင်းအေးစက်သွားခဲ့ပါသည်။

ယန်ရုန်ရုန်နှင့် လက်ထပ်ခဲ့သည့် နှစ်ဦးထဲမှ တစ်ဦးမှာ ဟမ်ယဲ့ဖြစ်နိုင်မှန်း သူခန့်မှန်းမိသည်။

ယန်ရုန်ရုန်လည်း စိတ်ထဲမှ သက်ပြင်းချမိပါသည်။၊ ရှုယင်က ကိုင်တွယ်ဖို့ အလွန်ခက်သည်။

ဟမ်ယဲ့ကို ရှုယင်ဒုက္ခပေးဖို့ ထပ်ကြံမည်စိုးသဖြင့် ယန်ရုန်ရုန် အမြန်ပြောလိုက်သည်။

“ဘယ်သူဖြစ်ဖြစ် ရှင်နဲ့ဘာမှမဆိုင်ဘူး၊ ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်လို့ ကတိပေးပြီးပြီလေ၊ ကျွန်မကို အေးစက်စက် ခံစားရအောင် ထပ်မလုပ်ဘဲ ရှင့်ကတိကိုရှင်တည်ပါစေနော်”

ထိုနောက်ဆုံးစကားကို သူမ အဓိပ္ပာယ်ပါပါ ပြောလိုက်ခြင်းဖြစ်သည်။

ရှုယင် မျက်ဝန်းများ အနည်းငယ် လှုပ်ခါသွားပြီး တိုးညှင်းစွာ သဘောတူလိုက်ပါသည်။

“အင်း…”

All Chapters