← Chapters

အခန်း (၂၈၃-၂၈၄)

Vol. 29 Ch. 283-284

အခန်း (၂၈၃-၂၈၄)

Vol. 29 Ch. 283-284

🌹Chapter 283

ယန်ရုန်ရုန်တို့အဖွဲ့ မုန့်ရှီးမြို့မှ ပြန်လည်ထွက်ခွာလာကြသည်။

ဟမ်ယဲ့ကို မိစ္ဆာတစ်ထောင်နန်းတော်သို့ ပြန်လည်ပို့ဆောင်ပေးဖို့ လောလောအား ယန်ရုန်ရုန် တာဝန်ပေးခဲ့သည်။ သူမကတော့ လျို့လန်၊ မုထုန်နှင့် ငှက်ပေါက်လေးတို့ကို ခေါ်ဆောင်ပြီး ရှုယင်နောက်သို့ လိုက်သွားပါမည်။

ရှုယင်က ယန်ရုန်ရုန်တစ်ဦးတည်းကိုသာ ခေါ်သွားချင်ခဲ့သော်လည်း ယန်ရုန်ရုန်က ထိုကလေးသုံးယောက်ကိုပါ ခေါ်လာမည်ဟု ခေါင်းမာနေသဖြင့် နောက်ဆုံးတွင် ရှုယင် အလျှော့ပေးခဲ့ရပါသည်။

သူတို့လူစုမခွဲခင် ယန်ရုန်ရုန်က သတိလစ်နေသေးသည့် ဟမ်ယဲ့ကို တစ်ချက်လှမ်းကြည့်လိုက်ကာ လောလောကို ညွှန်ကြားလိုက်သည်။

“သူ့ကို မိစ္ဆာတစ်ထောင်နန်းတော်ဆီ ပြန်ပို့ပြီးတာနဲ့ ကျွန်မတို့ကို ဝိညာဉ်နယ်မြေမှာ လာတွေ့၊ အဲ့ဒီရောက်ရင် ဆက်သွယ်ရေးအဆောင်တစ်ခုသုံးပြီး ကျွန်မကို ဆက်သွယ်လိုက်”

လောလောက နားလည်ကြောင်း ခေါင်းညိတ်ခဲ့ပြခဲ့သည်။ ထို့နောက် အတောင်များကိုဖြန့်လျက် ဟမ်ယဲ့ကို သူ့ကျောပေါ်မှာတင်ရင်း ကောင်းကင်ပေါ်ပျံတက်ကာ ပျောက်ကွယ်သွားတော့သည်။

သူတို့ထွက်ခွာသွားသည်ကို အချိန်အတော်ကြာအောင် ငေးကြည့်ပြီးမှ ရှုယင်ကို ယန်ရုန်ရုန် လှည့်ပြောလိုက်ပါသည်။

“သွားကြစို့”

ရှုယင် ညာဘက်လက်ကို မြှောက်လိုက်ရာ သူ့လက်ဖဝါးပေါ်တွင် အေးစက်လှသည့် တစ္ဆေစွမ်းအင်များ စုစည်းလာပြီး နောက်ဆုံးတွင် အနက်ရောင်ပုတီးစေ့လေးတစ်လုံး ဖြစ်တည်လာခဲ့သည်။

ထိုပုတီးစေ့လေးကို လေပေါ် ပစ်တင်လိုက်ရာ လူတစ်ဦးစာ ဝင်ဆံ့နိုင်သော အက်ကွဲကြောင်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ထိုအက်ကွဲကြောင်းကြီးထဲ ရှုယင် ဦးစွာ ဝင်သွားခဲ့သည်။

ယန်ရုန်ရုန်က ခေါင်းသာအရင်ဝင်လိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ အထဲတွင် အဆုံးမဲ့အမှောင်ထုများသာ ရှိနေသည်ကို မြင်လိုက်ရလေသည်။

“ဒါဘာလဲ”

ရှုယင် နောက်လှည့်ကြည့်လိုက်သည်။ သူ့ဝတ်ရုံနက်က အမှောင်ထုနှင့် ပေါင်းစပ်သွားသဖြင့် သူမျက်နှာကို ပိုမို ဖြူဖျော့သွားစေသည်။ နဂိုကတည်းက အေးစက်နေသည့် အရှိန်အဝါများနှင့် ပေါင်စပ်လိုက်သောအခါ သူ့ပုံစံက အလွန်ကြောက်စရာကောင်းနေပါသည်။

“ဒါ မရဏလမ်းပဲ၊ ဝိညာဉ်နယ်မြေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာ”

အမည်နှင့်တင် ကြောက်စရာကောင်းနေသဖြင့် ယန်ရုန်ရုန် ခြောက်ခြောက်ကပ်ကပ် မေးလိုက်သည်။

“ဝင်သွားပြီးရင် အသက်ရှင်လျက်တော့ ပြန်ထွက်လာနိုင်မှာပါနော်”

ရှုယင်၏ အကြည့်က အေးစက်နေသည်။

“မင်းအသက်ရှင်မှာပါ၊ ဒါပေမယ့် ပြန်လာနိုင်မှာမဟုတ်ဘူး”

ဆိုလိုရင်းက ရှင်းပါသည်။ ယန်ရုန်ရုန့်ကို သူ ဝိညာဉ်နယ်မြေထဲတွင် တစ်သက်လုံး ခေါ်ထားပြီး ပြန်သွားခွင့်ပေးမှာ မဟုတ်တော့ပါ။

သို့သော်လည်း ယန်ရုန်ရုန်ကတော့ စိတ်ပိုင်းဖြတ်ထားပြီးသားပင်။ သူမကို ဟယ့်ပျယ်ချင်းဘာကြောင့် သတ်ဖြတ်ဖို့ ကြံစည်ခဲ့ရကြောင်းကို သိရသည်နှင့် ဝိညာဉ်နယ်မြေအတွင်းမှ ထွက်ပြေးဖို့ နည်းလမ်းရှာပါမည်။

အက်ကွဲကြောင်းကြီးထဲ ယန်ရုန်ရုန် ညာဘက်ခြေထောက်ကို အရင်လှမ်းရင်း စမ်းသပ်ကြည့်လိုက်သည်။ အောက်တွင် အခြေခိုင်ခိုင်ရှိနေမှန်း အတည်ပြုပြီးမှ အနည်းငယ် စိတ်ချသွားပြီး ကျန်ခြေထောက်တစ်ဖက်ကိုပါ ရွှေ့လိုက်ပါသည်။

လျို့လန်၊ မုထုန်နှင့် ငှက်ပေါက်လေးတို့လည်း သူမနောက်မှ တန်းစီလိုက်လာခဲ့ကြသည်။ အားလုံး အတွင်းဘက်သို့ ရောက်သောအခါ အနောက်ဘက်မှ အက်ကွဲကြောင်းကြီး ချက်ချင်း ပြန်ပိတ်သွားခဲ့တော့သည်။

-

အလင်းမရှိတော့သည့် အမှောင်ထုထဲ ဘာကိုမှ မမြင်နိုင်ခဲ့ပေ။ ယန်ရုန်ရုန် ဘယ်သွားရမှန်းမသိသဖြင့် နေရာမှာပင် ဒီတိုင်း မတ်တပ်ရပ်နေမိခဲ့သည်။

ထိုစဉ် အေးစက်လှသည့် လက်တစ်ဖက်က သူမ၏ ညာဘက်လက်ကို ဆုပ်ကိုင်လာခဲ့သည်။

ထိုလက်ကို ယခင်က သူမ ကိုင်ခဲ့ဖူးပါသည်။ ရှုယင်၏ လက်ဖြစ်မှန်း သူမ သိသည်။ နွေးထွေးမှုကင်းမဲ့ပြီး သေဆုံးခဲ့သည်မှာ ကြာပြီဖြစ်သည့် လူသေတစ်ကောင်လို အေးစက်နေသည့် လက်မျိုး သူ့တွင်သာ ရှိသည်။

ယန်ရုန်ရုန် သူမ လက်ကို ချက်ချင်း ပြန်ဆွဲယူပြီး မေးလိုက်သည်။ “ရှင်ဘာလုပ်တာလဲ’

အမှောင်ထုထဲမှ ရှုယင်၏အသံ ထွက်ပေါ်လာသည်။ “လမ်းပြပေးမလို့”

“မလိုပါဘူး”

ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲ လက်နှိုက်လိုက်ပြီး မီးလင်းပုလဲလုံးတစ်လုံးကို ထုတ်လိုက်သည်။ ထိုပုလဲလုံးမှ မီးရောင် မှိန်မှိန်ပျပျလေး လင်းနေသဖြင့် ရှေ့ကမြေပြင်အနည်းငယ်ကို မြင်သာသွားစေခဲ့သည်။

ယန်ရုန်ရုန် မီးလင်းပုလဲလုံးကို ကိုင်ရင်း ရှုယင်ကို မေးငေါ့ပြကာ ရှေ့က ဦးဆောင်ဖို့ အချက်ပြလိုက်ပါသည်။

ရှုယင်က မီးလင်းပုလဲလုံးကို ကြည့်လိုက်ပြီး ပုလဲလုံး၏ အလင်းရောင်ကြောင့် ဖြူဝငက်းနေသည့် သူမ မျက်နှာကိုပါ ကြည့်လိုက်သည်။ ထို့နောက် ဘာမှမပြောတော့ဘဲ ရှေ့မှ တိတ်တဆိတ် ဦးဆောင်လမ်းပြပေးခဲ့ပါသည်။

အချိန်အတန်ကြာသောအခါ မြစ်တစ်စင်းထံသို့ သူတို့ ရောက်ရှိသွားခဲ့ကြသည်။

မြစ်၏ ရေပြင်က နက်ရှိုင်းပြီး မင်နက်များလို မည်းမှောင်နေသည်။ ရေမျက်နှာပြင်ပေါ်တွင် ဝိညာဉ်တစ္ဆေများက ပေါ်လာလိုက် မြုပ်သွားလိုက်နှင့် အသည်းအသန် အော်ဟစ်ရုန်းကန်နေကြရသည်။

မရဏမြစ်ဖြစ်မှန်း ခန့်မှန်းဖို့ပင် မလိုအပ်ပါ။

ယန်ရုန်ရုန်က ဘာမှမမြင်ချင်ယောင်ဆောင်ပြီး ရှေ့သို့သာ တည့်တည့်ကြည့်နေသည်။ သို့သော် ငှက်ပေါက်လေး၊ လျို့လန်နှင့် မုထုန်တို့ကတော့ စပ်စုချင်စိတ်ကို ထိန်းချုပ်မရဘဲ လည်ပင်းဆန့်ကာ မြစ်ထဲက တစ္ဆေများကို လှမ်းကြည့်လိုက်ကြပါသည်။

ထိုအခါ ဝိညာဉ်တစ္ဆေအချို့က သူတို့ကို သတိထားမိသွားပြီး ၎င်းတို့၏ သွေးစွန်းနေသော လက်ကြီးများဖြင့် ဖမ်းဆွဲဖို့ ကြိုးစားပါသည်။ ၎င်းတို့ ခံစားနေရသည့် ငရဲဒုက္ခထဲ အဖော်ခေါ်ချင်နေသည့် ပုံစံပင်။

ငှက်ပေါက်လေး ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ယန်ရုန်ရုန့်ဝတ်ရုံထဲ ဝင်ပုန်းနေလိုက်ပါသည်။ လျို့လန်ကတော့ မကြောက်သည့်အပြင် ဝိညာဉ်တစ္ဆေများကို အစွယ်ပင် ဖြဲပြလိုက်သေးသည်။

သူ့အနားကပ်လာလျှင် အားလုံးကို ဝါးမျိုပစ်ပါမည်။ တစ္ဆေများကလည်း လျို့လန်ကို သွားရှုပ်လို့ကောင်းသည့် သတ္တဝါမဟုတ်မှန်း သိသွားကြကာ ရေထဲ ပြန်ဆင်းသွားခဲ့ကြတော့သည်။

မုထုန်က လျို့လန်ကို လေးစားအားကျစွာ ချီးကျူးလိုက်သည်။

“အစ်ကိုကြီးက အရမ်းတော်တာပဲ!”

လျို့လန် ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။

“ဒါပေါ့!”

ထို့နောက် ယန်ရုန်ရုန့်ကို မှီလိုက်ပြီး ချီးကျူးခံရဖို့ စောင့်နေပါသေးသည်။

ယန်ရုန်ရုန်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း ပြုံးလိုက်လေသည်။

“လျို့လန်လေးက တော်လိုက်တာ”

လျို့လန် ပျော်လွန်းသဖြင့် မျက်နှာပင် နီမြန်းသွားသည်။

ရှုယင်၏ အာရုံက ယန်ရုန်ရုန့်ထံတွင်သာ ရှိနေခဲ့ပါသည်။ လျို့လန်နှင့် သူမအကြားက ပြောဆိုဆက်ဆံမှုတိုင်းကို တစ်ခုမကျန် မြင်နေရသည်။ မနာလိုဖြစ်မိသည်ကို ထုတ်ပြောစရာပင် မလိုပေ။

လျို့လန် ရှေ့သို့ ပြေးသွားသည့်အခါ ယန်ရုန်ရုန့်ကို သူတိုးညှင်းစွာ ပြောလိုက်သည်။

“ငါ့နားမှာနေတုန်းက မင်းအဲ့လောက်ထိ တစ်ခါမှ မပေါ့ပါးခဲ့ဖူးဘူးနော်”

သူ့လေသံက ထုံးစံအတိုင်း အေးစက်နေပြီး ခံစားချက်မဲ့နေပါသည်။ သို့သော် သေသေချာချာ နားထောင်ကြည့်လျှင် ခါးသီးမှုအချို့ကို ကြားနိုင်လိမ့်မည်။

“လျို့လန်က ကျွန်မအပေါ်မှာ အကြွင်းမဲ့ ယုံကြည်တယ်၊ ကျွန်မ အန္တရာယ်ကြုံလာရရင် တွေဝေမနေဘဲ သူချက်ချင်း ကာကွယ်ပေးမှာ၊ သူနဲ့အတူ ရှိနေရင် ဘာကိုမှစိတ်ပူစရာမလိုဘူး၊ အဲ့တာကြောင့် ကျွန်မ ပေါ့ပေါ့ပါးပါး နေနိုင်တာလေ၊ ရှင်ကတော့…”

ယန်ရုန်ရုန် စကားကိုရပ်တန့်ကာ လှောင်ရယ်ရယ်လိုက်ပါသည်။

“ရှင်ကတော့ ကျွန်မကို ရုပ်သေးတစ်ကောင်အဖြစ်ပဲ ပြောင်းလဲချင်ခဲ့တာမဟုတ်ဘူးလား၊ ကျွန်မတို့အတူတူ ရှိနေတဲ့အချိန်တိုင်း စကားတောင် မပြောခဲ့ဘူး၊ ရယ်ချင်စရာတော့ကောင်းသား၊ ကျွန်မတို့ အတူတူ ရှိခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ ရှင်ပြောခဲ့တဲ့ စကားလုံး အရေအတွက်က ကျွန်မကို ပေးခဲ့တဲ့ ဒဏ်ရာအရေအတွက်ကို မမီလောက်ဘူး”

“ရှင်ကျွန်မကို လူသားတစ်ယောက်လို ဘယ်တုန်းကမှ မဆက်ဆံခဲ့ဘူး၊ အဲ့တာကြောင့် ရှင့်နားမှာဆိုရင် အမြဲတမ်း သတိကပ်ပြီး နေခဲ့ရတာပေါ့၊ တစ်စက္ကန့်လေးတောင် သတိမဲ့သွားလို့မဖြစ်ဘူး”

ရှုယင်က သူမကို တစ္ဆေရုပ်သေးအဖြစ် အမှန်တကယ် ပြောင်းလဲပစ်ချင်ခဲ့ပါသည်။ ထိုအခါမှသာ သူ့ဘေးနားတွင် သူမကို တစ်သက်လုံး ခေါ်ထားနိုင်မှာဖြစ်သည်။

သို့သော် နောက်ဆုံးမှာတော့ သူ့ဆန္ဒများကို ချုပ်တည်းပြီး ထိုအကြံကို အကောင်အထည်မဖော်ဖြစ်ခဲ့ပါ။

ယန်ရုန်ရုန့်မျက်ဝန်းများထဲက လှောင်ပြောင်မှုတွေကို ငေးကြည့်ရင်း ရှုယင် တည်ငြိမ်စွာ ပြောလိုက်သည်။

“အခုကျတော့ ငါ့နားမှာ မင်းသတိကပ်မနေပါ့လား”

ယန်ရုန်ရုန် ထပ်ရယ်မောလိုက်သည်။ ဒီတစ်ခါတော့ ပမာမခန့်ဘဲ စိန်ခေါ်သည့် ရယ်သံမျိုးဖြစ်သည်။

“အခုကျွန်မမှာ ကိုယ့်ကိုယ့်ကိုယ် ကာကွယ်ဖို့ စွမ်းအားတွေရှိနေပြီမို့လို့လေ၊ ကျွန်မကို ထိခိုက်အောင်လုပ်ဖို့ ထပ်ကြိုးစားရင် ကျွန်မဘက်ကလည်း ငြိမ်ခံနေမှာ မဟုတ်ဘူး”

ရှုယင် ခေတ္တတိတ်ဆတ်သွားပြီး ပြန်ပြောလိုက်သည်။

“ငါတို့ပထမဆုံးအကြိမ် ဆုံခဲ့ကြတုန်းက တစ္ဆေရုပ်သေးတွေဖန်တီးဖို့ ငါ့ကို ကူညီပေးမယ်လို့ မင်းကိုယ်တိုင် ကမ်းလှမ်းခဲ့တာလေ၊ ပြီးတော့ မင်းရဲ့အသွေးနဲ့အသားက တစ္ဆေရုပ်သေးတွေဖန်တီးဖို့အတွက် အရမ်းအာနိသင်ရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေမို့လို့ ကြိုက်သလောက် အသုံးပြုနိုင်တယ်လို့ မင်းပဲ ခွင့်ပြုပေးခဲ့တာ မဟုတ်ဘူးလား”

“ဟုတ်ပါတယ်”

ယန်ရုန်ရုန် တည်ငြိမ်စွာ ဝန်ခံသည်။

“ကျွန်မအဲ့လိုတွေ ပြောခဲ့ပါတယ်”

“မင်းကိုယ်တိုင်ပဲ ငါ့ကျင့်ကြံခြင်းအတွက် ကူညီပေးမယ်လို့ ပြောခဲ့ပြီးမှ ဘာလို့အခုထိ အငြှိုးထားနေရသေးတာလဲ”

ယန်ရုန်ရုန် သူ့ကို လိမ်ညာချင်စိတ်ပင် မရှိတော့သဖြင့် တဲ့တိုးပြောလိုက်ပါသည်။

“အဲ့ဒီအချိန်တုန်းက ကျွန်မမှာ ရည်ရွယ်ချက်တစ်ခု ရှိခဲ့လို့ပဲ၊ ရှင့်နှလုံးသားကို ပိုင်ဆိုင်ပြီး ကျွန်မကို ရှင်ချစ်လာအောင် လုပ်ဖို့ လိုအပ်ခဲ့လို့၊ အဲ့ဒီတုန်းက ကျွန်မရဲ့ အသုံးဝင်မှုတွေကိုသာ ထုတ်မပြခဲ့ရင် ရှင့်ဘေးမှာ ကျွန်မကို ခေါ်ထားခဲ့ပါ့မလား”

“ဒါဆို… မင်းငါ့ကို အစကနေ အဆုံးအထိ လိမ်ညာခဲ့တာပေါ့၊ ငါ့ကို လုံးဝ မချစ်ခဲ့ဘူးပေါ့”

ယန်ရုန်ရုန် ပြတ်ပြတ်သားသား ခေါင်းညိတ်သည်။

“အမှန်ပဲ”

ရှုယင် ဒေါသအလွန်ပေါက်ကွဲသွားလိမ့်မည်ဟု ယန်ရုန်ရုန် ထင်ထားခဲ့သည်။ သို့သော် ရှုယင်က သတင်းအချက်အလက်တစ်ခု ရရှိလိုက်သည့်ပမာ ခေါင်းတညိတ်ညိတ်နှင့် တိတ်ဆိတ်သွားခဲ့ပါသည်။

ယန်ရုန်ရုန် အနည်းငယ် အံ့အားသင့်သွားပြီး မေးကြည့်လိုက်မိသည်။

“ရှင် ဒေါသမထွက်ဘူးလား”

“အဲ့ဒီတောင်ပေါ်မှာတုန်းက မင်းဝန်ခံခဲ့ပြီးသားလေ၊ ငါတို့လေးယောက်စလုံးအပေါ်မှာ ခံစားချက်အစစ်အမှန် မရှိဘဲ အသုံးချဖို့အတွက် ချဉ်းကပ်ခဲ့တာဆို၊ လှည့်စားခံခဲ့ရမှန်း သိသိချင်းတုန်းကတော့ ငါဒေါသထွက်ခဲ့မိပါတယ်၊ ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ အဲ့ဒီဒေါသတွေ ပြေပျောက်သွားခဲ့တယ်”

“မင်းငါ့ကို ချဉ်းကပ်ခဲ့တယ်ဆိုတာ ငါ့ကို အသုံးချချင်လို့မလား၊ ငါ့ဆီမှာ အသုံးချနိုင်တဲ့ အရည်အသွေးတစ်ခုခုသာ ရှိမနေခဲ့ရင် မင်းနဲ့ ဆုံတွေ့ခွင့်တောင် ရခဲ့မှာ မဟုတ်ဘူး၊ အဲ့တာကြောင့် မင်းရဲ့လှည့်စားမှုတွေကို လက်ခံပြီး မင်းရဲ့ အသုံးချခံ ဖြစ်ပေးနိုင်ပါတယ်”

🌹Chapter 284

ရှုယင်၏ ဦးနှောက်က သာမန်လူတစ်ယောက်လို အလုပ်မလုပ်မှန်း ယန်ရုန်ရုန်သိထားပြီးသား ဖြစ်သော်လည်း သူ့တွေးခေါ်ပုံကြောင့် ဆွံ့အမိဆဲပင်။

သူမ ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။

ရှုယင်ကတော့ သူ့စကားသူ မှားယွင်သည်ဟု မခံစားမိဘဲ တည်တည်ငြိမ်ငြိမ် ဆက်ပြောလိုက်ပါသည်။

“ငါ့ကို အရင်ကလိုပဲ ဆက်အသုံးချလို့ရပါတယ်”

ယန်ရုန်ရုန် နှုတ်ခမ်းတွန့်သွားသည်။

“တော်ပါပြီ၊ ကျွန်မရှင့်ကို စိတ်မဝင်စားတော့ဘူး”

“ဟယ့်ပျယ်ချင်းအကြောင်း ပြောပြတာထက် ငါပိုလုပ်ပေးနိုင်တယ်၊ ပိုင်ကျဲနတ်သားရဲကို ရှာဖို့လည်း ငါကူညီပေးနိုင်တယ်”

ထိုစကားတစ်ခွန်းတည်းကြောင့် ယန်ရုန်ရုန့်မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားရသည်။

ရှုယင်ကို ခေါင်းအစခြေအဆုံးအကဲခတ်ရင်း သူမ သံသယကြီးစွာ မေးလိုက်ပါသည်။

“ကျွန်မ ပိုင်ကျဲနတ်သားရဲကို ရှာနေမှန်း ရှင်ဘယ်လိုသိတာလဲ၊ ကျွန်မကို နောက်ယောင်ခံလိုက်နေတာလား”

“ဟမ်ယဲ့ မင်းကို မိစ္ဆာနယ်မြေထဲ ခေါ်သွားကတည်းက ငါစောင့်ကြည့်နေခဲ့တာ၊ အဲ့ဒီမှာ မင်းဘာတွေ ကြုံတွေခဲ့ရသလဲ ငါအကုန်သိတယ်”

ယန်ရုန်ရုန် နှုတ်ခမ်းများစည်းတင်းသွားပြီး တိတ်ဆတ်သွားခဲ့သည်။

ဒီလူက ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ဟမ်ယဲ့တို့နှင့် ခြားနားသည်။ ထိုသုံးယောက်က သူမရှိနေသည့် နေရာကို သိလိုက်ရသည်နှင့် ချက်ချင်းလာရှာခဲ့ကြသူများဖြစ်သည်။

သို့သော် ရှုယင်ကတော့ သူမကို အဝေးမှ စိတ်ရှည်ရှည်နှင့် စောင့်ကြည့်ပြီး သူမ၏ လှုပ်ရှားမှုတိုင်းကို အကဲခတ်ခဲ့သည်။ ယခုလို ကိုယ်ထင်ပြလိုက်သောအခါတွင်လည်း သူမ လိုချင်နေသည့်အရာများကို သူကြိုသိနေသဖြင့် သူမအပေါ် အားသာချက် ရထားခဲ့သည်။

သူမကို အတင်းအဓမ္မခေါ်လာစရာပင်မလိုဘဲ သူ့နောက်သို့ အသာတကြည် လိုလိုလားလား လိုက်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။

ကျင့်ကြံခြင်းလောက၏ ဝိညာဉ်ဧကရာဇ်ဟု ဆိုသည့်အတိုင်း သူ့စိတ်က နက်နဲလွန်းပါသည်

ယန်ရုန်ရုန်တိတ်ဆိတ်သွားသည်ကို မြင်ပြီး ရှုယင် ဖိအားဆက်မပေးခဲ့ပါ။ စိတ်ရှည်သည်းခံတတ်သည့် မုဆိုးတစ်ယောက်ပမာ စိတ်မလောဘဲ ထောင်ချောက်ထဲ သားကောင်အလိုလို ရောက်လာမည့်အချိန်ကိုသာ တိတ်တဆိတ် စောင့်နေခဲ့ပါသည်။

အချိန်အတော်ကြာပြီးနောက် ယန်ရုန်ရုန် အရှုံးပေးလိုက်သည့် ပုံစံဖြင့် သက်ပြင်းချလိုက်သည်။

“ရှင်နိုင်ပါတယ်… ကျွန်မရှင့်ကို ပြန်စိတ်ဝင်စားသွားပြီ”

ရှုယင်၏ မျက်နှာပေါ်တွင် ဘဝင်ခိုက်မှု စိုးစင်းမျှ မတွေးရဘဲ ရေခဲတမျှ အေးစက်နေဆဲပင်။ သူခေါင်းတစ်ချက်ညိတ်ကာ ပြန်ပြောလိုက်သည်။

“ဂုဏ်ယူမိပါတယ်”

ယန်ရုန်ရုန်က လိုရင်းကို မေးသည်။

“ပိုင်ကျဲနတ်သားရဲကို ရှင်တွေ့ခဲ့တာလား”

“ဟင့်အင်း”

ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်။

“အဲ့တာဆို သူဘယ်မှာရှိနေလဲ ရှင်ဘယ်လိုသိတာလဲ”

ရှုယင် အေးအေးလူလူ ရှင်းပြလိုက်သည်။

“လွန်ခဲ့တဲ့ တစ်လလောက်တုန်းက ဝိညာဉ်နယ်မြေထဲမှာ ထူးဆန်းတဲ့ လျှို့ဝှက်နယ်မြေတစ်ခု ပေါ်လာတယ်၊ ကောလဟာလတွေအရတော့ ရှေးဟောင်းနတ်သားရဲတစ်ကောင်ကြောင့် အဲ့ဒီနယ်မြေ ဖြစ်ပေါ်လာခဲ့တာတဲ့၊ အဲ့ဒီနယ်မြေထဲမှာ ကျင့်ကြံခြင်းစွမ်းအားကို အဆမတန် တိုးမြှင့်ပေးနိုင်တဲ့ ရတနာတွေအများကြီးရှိနေတယ်လို့လည်း ပြောကြတယ်၊ အဲ့တာကြောင့် ဝိညာဉ်ကျင့်ကြံသူတွေအများကြီး အဲ့ဒီနယ်မြေထဲ အလုအယက်ဝင်ရောက်ခဲ့ကြတယ်လေ”

ယန်ရုန်ရုန် ချက်ချင်း မေးလိုက်သည်။

“အဲ့တာ ပိုင်ကျဲနတ်သားရဲရဲ့ နယ်မြေလား”

ရှုယင် ခေါင်းညိတ်သည်။

“အင်း”

ယန်ရုန်ရုန် မယုံကြည်နိုင်ဖြစ်နေဆဲပင်။

“ရှင်ဘာလို့ အဲ့လောက်သေချာနေရတာလဲ”

“တကယ်တော့ ငါလည်း မသေချာပါဘူး၊ သံသယပဲရှိတာ၊ လောကကြီးမှာ ကျန်ရှိနေသေးတဲ့ ရှေးဟောင်းနတ်သားရဲတွေက သိပ်မများဘူးလေ၊ အဲ့တာကြောင့် ပိုင်ကျဲနတ်သားရဲဖြစ်နေနိုင်ချေက တော်တော်လေး မြင့်တယ်၊ သေချာအောင် အတည်ပြုချင်တယ်ဆိုရင်တော့ ငါနဲ့အတူတူ အဲ့ဒီနယ်မြေဆီ လိုက်ခဲ့ပေါ့”

ပိုင်ကျဲနတ်သားရဲကို ယန်ရုန်ရုန် အသည်းအသန် ရှာဖွေချင်နေပါသည်။ ထိုနတ်သားရဲကို ရှာတွေ့မှသာ သူမနှလုံးသားထဲက ပဟေဠိများကို ဖြေရှင်းနိုင်လိမ့်မည်။

လတ်တလောတွင် အခြားလမ်းစလည်းမရှိသဖြင့် ရှုယင်၏ အကြံကို ယန်ရုန်ရုန် ခေါင်းညိတ်သဘောတူလိုက်ရသည်။

“ဟုတ်ပြီ”

မူလက ဟယ့်ပျယ်ချင်း၏ ရည်ရွယ်ချက်ကို သိရသည်နှင့် ဝိညာဉ်နယ်မြေအတွင်းမှ ထွက်သွားဖို့ ယန်ရုန်ရုန် စီစဉ်ထားခဲ့ပါသည်။ ယခုတော့ ထိုအစီအစဉ်ပြောင်းလဲသွားခဲ့လေပြီ။

လျှို့ဝှက်နယ်မြေအတွင်းသို့ သွားရောက်ပြီး ပိုင်ကျဲနတ်သားရဲအကြောင်းကို စုံစမ်းရဦးမည်ဖြစ်၍ ဝိညာဉ်နယ်မြေထဲ ကြာကြာဆက်နေရပါဦးမည်။

သူမ သဘောတူမှာကို ရှုယင် ကြိုသိနေသည့်အလား မျက်နှာက တည်ငြိမ်အေးစက်နေဆဲပင်။ ရှုယင်က ယန်ရုန်ရုန့်ကို လေးယောက်ထဲတွင် နောက်ဆုံးမှ ရှာတွေ့သူဖြစ်သော်ငြား အကောင်းဆုံး ပြင်ဆင်ထားနိုင်သူလည်းဖြစ်ပါသည်။

သူ့ကို ယန်ရုန်ရုန် မချစ်မှန်းသိသဖြင့် အခြားတစ်ဖက်မှ ချဉ်းကပ်ခဲ့သည်။ သူ့အသုံးဝင်မှုကို ထုတ်ပြပြီး ဝိညာဉ်နယ်မြေထဲ သူမသဘောနှင့်သူမ ဆက်နေအောင် ပြုလုပ်နိုင်ခဲ့ပါသည်။

ယခင်တုန်းက သူမ လက်ထပ်ခဲ့ခြင်း လက်မထပ်ခဲ့ခြင်းကို သူထိန်းချုပ်၍ မရပါ။ သူလုပ်နိုင်သည့်အရာဟူ၍ သူမကို ဝိညာဉ်နယ်မြေမှာ ဆက်ခေါ်ထားပြီး သူမဘေးတွင် နောက်ဆုံးအချိန်ထိ ကျန်ရစ်နေမည့်သူဖြစ်လာဖို့ပင်။

-

ရှေ့တွင် အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။ ထိုအလင်းရောင်က ထွက်ပေါက်ဖြစ်နိုင်ပါသည်။

ယန်ရုန်ရုန်တို့အဖွဲ့ ထိုအလင်းရောင်ထဲ ခြေချလိုက်ရာ စက္ကန့်ပိုင်းလောက် ကမ္ဘာကြီး ဖြူဖွေးသွားသလို ခံစားလိုက်ရသည်။

ယန်ရုန်ရုန်လည်း စူးရှသည့် အလင်းရောင်ကြောင့် မျက်လုံးကို အလိုလို မှေးလိုက်မိပါသည်။ အလင်းရောင်များ ပျောက်ကွယ်သွားခါမှ သူမတို့ ‘အရိပ်နန်းတော်’ကို ရောက်ရှိလာကြပြီဖြစ်မှန်း သိလိုက်ရသည်။

အရိပ်နန်းတော်မှာ ဝိညာဉ်နယ်မြေ၏ အလယ်တည့်တည့်တွင် တည်ရှိပြီး ဝိညာဉ်ဧကရာဇ် ရှုယင် နေထိုင်ရာလည်း ဖြစ်သည်။ ဒီနန်းတော်တွင် သူနှင့်အတူ ယန်ရုန်ရုန် နှစ်ပေါင်း ၃၀ တိုင်အောင် နေထိုင်ဖူးခဲ့သဖြင့် အတော်လေး ရင်းနှီး ကျွမ်းဝင်မှု ရှိပါသည်။

အရိပ်နန်းတော်၏ တစ်ဝက်လောက်က မြေအောက်ထဲတွင် ရှိနေသည်။ ပုံမှန်ဆို ရှုယင်က မြေအောက်ခန်းတွေထဲမှာသာ နေထိုင်တတ်ပြီး အပြင်လူများနှင့် တွေ့ဆုံဖို့ လိုအပ်သည့်အချိန်မှသာ အပေါ်သို့ တက်လာတတ်ပါသည်။

မြေအောက်သို့ ဆင်းသည့် အနက်ရောင်လှေကားထစ်များကို ကြည့်ရင်း အတိတ်က မှတ်ဉာဏ်များ ပြန်လည်ဝင်ရောက်လာသဖြင့် ယန်ရုန်ရုန် မျက်မှောင်ကြုတ်မိသွားသည်။

အရိပ်နန်းတော်သို့ သူမ စတင်ရောက်ရှိလာခဲ့သည့် အချိန်ကစလို့ နှစ်ပေါင်း ၃၀ တိုင်အောင် ထိုမြေအောက်အခန်းတွေထဲမှာသာ နေထိုင်ခဲ့ရသည်။ ထိုအောက်တွင် နေရောင်ခြည်ဟူ၍ မရှိဘဲ အေးစက်မှောင်မိုက်နေခဲ့ပါသည်။

အပြင်လောက၏ သန့်ရှင်းလတ်ဆတ်သော လေကို ရှူရှိုက်၍ မရခဲ့သလို အလှအပများကိုလည်း ရှုစား၍ မရခဲ့ပါ။ ဧရာမလှောင်အိမ်ကြီးထဲ ပိတ်မိနေသလို ခံစားခဲ့ရသည်။

ထိုနေရာကြီးက သာမန်လူတစ်ယောက် ရေရှည်နေထိုင်နိုင်သည့် နေရာမျိုးမဟုတ်သော်လည်း သူမကတော့ နှစ်ပေါင်း ၃၀ တိုင်အောင် နေထိုင်ခဲ့ရသည်။ နေရောင်ခြင် ကင်းမဲ့မှုကြောင့် သူမ အသားအရေမှာ အလွန်ဖြူဆုပ်လာပြီး ခန္ဓာကိုယ်က အားနည်းပျော့ညံ့လာခဲ့သည်။

မကြာခဏ နာမကျန်းဖြစ်တတ်သဖြင့် နေ့စဉ်ရက်ဆက် ဆေးများစွာကို သောက်သုံးရင်း အသက်ဆက်ခဲ့ရပါသည်။

ဒီနေရာကြီးကို ယန်ရုန်ရုန် စက်ဆုပ်သည်။ ထို့ကြောင့် ရှုယင်ဘက်သို့လှည့်ကာ သူမပြောလိုက်သည်။

“ကျွန်မရှင်နဲ့အတူ ဝိညာဉ်နယ်မြေထဲအထိ လိုက်လာခဲ့ပြီးပြီ၊ ရှင့်ဘက်ကလည်း ကတိတည်ပြီး ဟယ့်ပျယ်ချင်းအကြောင်း ပြောမပြသင့်ဘူးလား”

သူမ၏ စက်ဆုပ်မှုကို ရှုယင် သတိထားမိပါသည်။

“ဒီနေရာကို သဘောမကျဘူးလား”

ယန်ရုန်ရုန် လှောင်ရယ်ရယ်လိုက်သည်။

“ဒီငရဲတွင်းထဲ ကျွန်မ စရောက်လာကတည်းက တစ်ရက်ကလေးမှ အေးအေးချမ်းချမ်း မနေခဲ့ရဘူး၊ ဒီလိုနေရာကို တစ္ဆေတစ်ကောင်ပဲ သဘောကျလိမ့်မယ်!”

ရှုယင် နားမလည်နိုင်တော့ပေ။

“ငါမင်းဆီက သွေးတွေထုတ်ယူခဲ့တာ ဟုတ်ပါတယ်၊ ဒါပေမယ့် မင်းဘက်က ကမ်းလှမ်းခဲ့လို့လေ၊ ငါမင်းကို ဘယ်တုန်းကမှ အတင်းအကျပ် မစေခိုင်းခဲ့ဖူးဘူး၊ ပြီးတော့ မင်းကို ဒီမှာချုပ်နှောင်ထားခဲ့တာလည်း မဟုတ်ဘူး၊ မင်းကြိုက်တဲ့နေရာကို သွားခွင့်ရှိတယ်၊ မင်းတောင်းဆိုသမျှကိုလည်း ငါဖြည့်ဆည်းပေးခဲ့တယ်၊ ဒီနေရာကို ဘာလို့ သဘောမကျရတာလဲ”

“ရှင်က ကျွန်မကို ပေါ်တင် ချုပ်နှောင်ထားတာတော့ မဟုတ်ဘူးပေါ့၊ လွတ်လပ်ခွင့်ပေးချင်ယောင်လည်း ဆောင်ခဲ့တယ်၊ ဒါပေမယ့် ကျွန်မသွေး‌တွေကို ရှင်နေ့တိုင်း ထုတ်ယူခဲ့တာလေ၊ ပြီးတော့ နေရောင်ခြည်ကိုလည်း မခံစားရလို့ ကျွန်မခန္ဓာကိုယ် အရမ်းအားနည်းလာခဲ့တယ်၊ အဲ့ဒီအချိန်တုန်းကသာ အပြင်ထွက်လိုက်ရင် အပြင်မှာ ရှိနေတဲ့ ဝိညာဉ်ကျင့်ကြံသူတွေက ကျွန်မကို တစ်စစီဆုတ်ဖြဲပစ်လိုက်ကြမှာ၊ ကျွန်မ မသေချင်လို့ မြေအောက်မှာပဲ လိမ်လိမ်မာမာနဲ့ နေပြီး ရှင်နှိပ်စက်တာတွေကို နေ့တိုင်း ခံခဲ့ရတာ မဟုတ်ဘူးလား”

သူမ ချဉ်းကပ်ခဲ့ရသည့် ယောက်ျားလေးဦးအနက် ရှုယင်က အတိတ်ဆိတ်ဆုံးနှင့် အထူးဆန်းဆုံးဖြစ်သည်။

လူအများနှင့် ပတ်သတ်ဆက်ဆံရသည်ကို သဘောမကျသဖြင့် နန်းတော်ထဲမှ ထွက်သည်က ရှားသည်။ အားလပ်ချိန်တိုင်းမှာလည်း ပြီးပြည့်စုံသည့် တစ္ဆေရုပ်သေးတစ်ကောင်ကို မည်သို့ဖန်တီးရမည်ဟူသည်ကိုသာ သုတေသနပြု လေ့လာနေတတ်သည်။

သူ၏ စဉ်းစားတွေးခေါ်ပုံကလည်း ဆန်းကြယ်ပြီး တပါးသူအပေါ် စာနာစိတ်ဟူ၍ စိုးစင်းမျှ မရှိပေ။

သူမထံမှ သွေးထုတ်ယူဖို့ ဓားကိုင်လိုက်တိုင်း သူ့မျက်နှာက အရေးကြီး သုတေသနတစ်ခုကို ဆောင်ရွက်နေရသည့် သိပ္ပံပညာရှင်တစ်ဦးပမာ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်။

နာကျင်မှုကြောင့် ယန်ရုန်ရုန် မျက်ရည်ကျသည့်အခါ သူမကို ဇဝေဇဝါအကြည့်မျိုးဖြင့်သာ ကြည့်နေတတ်သည်။ သူမ ဘာကြောင့် ငိုကြွေးနေမှန်းကိုပင် နားလည်သည့်ပုံမပေါ်ပေ။

နောက်ပိုင်း သွေးများအဆက်မပြတ်ဆုံးရှုံးမှုကြောင့် ယန်ရုန်ရုန် သေလုမျောပါး ဖြစ်နေချိန်မှာပင် ရှုယင်က သူမဆီ ရောက်လာပြီး ‘မင်း သေတော့မှာလား၊ သေသွားရင်း တစ္ဆေရုပ်သေးအဖြစ် ပြောင်းလဲလိုက်လို့ရလား’ ဟူသည့် မေးခွန်းများကိုသာ မေးခဲ့သည်။

ထိုစကားလုံးများက စိတ်မှန်သည့် လူတစ်ယောက် ပြောသင့်သည့် စကားလုံးများမဟုတ်ပေ။

ဒီလူ စိတ်ကောနှံ့ရဲ့လားဟုပင် ယန်ရုန်ရုန် တစ်ခါတလေ တွေးမိပါသည်။ စနစ်မင်ရှင်ကြောင့်သာ မဟုတ်လျှင် သူ့လက်ထဲမှ သူမ ထွက်ပြေးခဲ့သည်မှာ ကြာပါပြီ။

ရှုယင်က လေးနက်စွာ ပြန်ပြောလိုက်သည်။

“ငါမင်းကို တစ်ခါမှ မနှိပ်စက်ခဲ့ဖူးဘူး”

All Chapters